Tuesday, January 15, 2013

ဆလိုင်းယောအောင်ရေးတဲ့ "အတူတူပဲလေ"


မ.က.ဒ.တ အစ ရှစ်လေးလုံးက


ကျောင်းသား တပ်မတော်ရဲဘော်များရဲ့ တောတွင်းတနေရာ ၊ ဓာတ်ပုံ- ဆလိုင်း ယောအောင်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသား တပ်မတော်) ခေါင်းဆောင် ဟောင်းများဖြစ်သည့် ကိုမိုးသီးဇွန် နှင့် ကိုနိုင်အောင်တို့ ပြည်တွင်းသို့ လေ့လာရေး သွားရောက်ပြီးနောက် မကဒတ (ကျောင်းသားတပ်မတော်) နှင့် ပတ်သက်ပြီး အဆိုးမြင် ပြောဆိုဝေဖန်မှုများ ဖေ့စ်ဘုတ် လူမှုဆက်သွယ်ရေး ကွန်ယက်၊ ပြည်တွင်း ဂျာနယ်တွေနှင့် အင်တာနက် စာမျက်နှာတွေမှာ ထွက်ပေါ်နေတာ တွေ့ရပါတယ်။

ကျနော်တို့သာ စစ်နိုင်ခဲ့ရင် ဒီလိုပြောကြမှာမဟုတ်ပါဘူး သူရဲကောင်းအဖြစ်ချီးမွန်းကြမှာပါ။

အဆိုးဆုံးကတော့ ကိုညိုအုန်းမြင့် ရဲ့ မြစ်မခနဲ့ အင်တာဗျူးဖြစ်ပါတယ်။ ကျနော်တို့လဲ ကျောချမှ ဓါးပြမှန်းသိရတဲ့ ဘ၀ဖြစ်ပါတယ်။

ဒါကြောင့် မကဒတရဲ့ မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် ပေးဆပ်မှု စွန့်လွှတ်မှုနှင့် တိုင်းပြည်အတွက် ဆောင်ရွက်ချက်တွေကို အသက်ပေးဆပ်သွားတဲ့ မကဒတ ရဲဘော်များ၊ ခန္ဓာကိုယ် အစိတ် အပိုင်း ပေးလှူလိုက်ရသော ရဲဘော်များအတွက် တာဝန်ရှိသည်ဆိုသော အသိဖြင့်၎င်း၊ မကဒတ အကြောင်း သိပြီးသားသူတွေလည်း ပိုသိအောင် မသိသေးတဲ့ မျိုးဆက်သစ်တွေလည်း ခံစားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်ရခြင်းဖြစ်ပါတယ်။

ကျနော့်အမည်က ဆလိုင်းယောအောင် ဖြစ်ပါတယ်။ ချင်းတိုင်းရင်းသား မဟုတ်ပါ၊ ဗမာလူမျိုး ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် မှ ယခုထက်ထိ မကဒတ မှာ ရဲဘော်တယောက်အဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါတယ်။

၁၉၈၇ ခုနှစ် ငွေစက္ကူ ဖျက်သိမ်းလိုက်သည့် အရေးအခင်း၊ ၁၉၈၈ ခုနှစ် မတ်လတွင်ဖြစ်ပွားခဲ့သည့် ဖုန်းမော် ကျောင်းသား လှုပ်ရှားမှု နှင့် ၁၉၈၈ ခှုနှစ် သြဂုတ်လ မြန်မာ့ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုများ တွင် လူငယ်တယောက်၊ ကျောင်းသား တယောက်အနေဖြင့် မိမိအပေါ်ကျရောက်လာသော သမိုင်းပေး တာဝန်များကို နောင်တော် ကျောင်းသားများထံမှ သမိုင်းအမွေအဖြစ် လက်ခံရယူကာ ပါဝင်ဆောင်ရွက်ခဲ့ သူဖြစ်ပါတယ်။

မိသားစု အနေဖြင့်လည်း မြန်မာ့ ဒီမိုကရေစီရေး လှူပ်ရှားမူအတွင်း ထိုက်သင့်သော ပေးဆပ်မှုများကို ပေး ဆပ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆက်လက် ပေးဆပ်ရန်လည်း သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီမိုက ရေစီအရေးဟာ ကျနော်တို့ မိသားစုအရေးနှင့် တထပ်တည်း ကျတဲ့အတွက်
ဖြစ်ပါတယ်။

လိုရင်းကိုတင်ပြပါရစေ - မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ကျောင်းသား တပ်မတော်) အင်္ဂလိပ်လို All Burma Students’ Democratic Front (ABSDF – Students’ Army) ဆိုတာ ရိုင်းရိုင်း နှင့် တည့်တည့် ပြောရရင် အုပ်ကြားမြက်ပေါက် ပေါ်လာခဲ့တဲ့ အဖွဲ့အစည်းတခု မဟုတ်ပါဘူး။

မြန်မာတင်မက ကမ္ဘာမှာပါ သမိုင်းတွင်ခဲ့တဲ့ လူထု လူတန်းစား အလွှာပေါင်းစုံ လူမျိုးပေါင်းစုံ ပါဝင်တဲ့ မြန်မာတနိုင်ငံလုံး အနှံ့အပြား လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ဒီမိုကရေစီ ဆိုတဲ့ အသံကို တသံတည်း မိုးယံထိအောင် ကျယ်လောင်စွာ တောင်းဆိုခဲ့ကြတဲ့ ရွက်လွှင့်တိုက်ပွဲဝင်ခဲ့ကြတဲ့ လူထု ဒီမိုကရေစီ အရေးတော် ပုံကြီးက မွေးဖွားပေးလိုက်တာဖြစ်ပါတယ်။

ဒါက သမိုင်းဖြစ်ပါတယ်။ သမိုင်းကို ဘယ်သူကမှ ဘယ်အဖွဲ့အစည်းကမှ ဖျောက်ဖျက် ဖုံးကွယ်ထားလို့ မရပါဘူး။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) ကို ၁၉၈၈ ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၅)ရက်နေ့အထိ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု အကူအညီနဲ့ KNU နယ်မြေ ၀မ်ခစခန်းမှာ စခန်းအသီးသီးက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ ညီလာခံကနေ ဖွဲ့စည်းတည်ထောင်လိုက်တာ ဖြစ်ပါတယ်။

မကဒတ ဟာ အောက်ပါ နိုင်ငံရေး ဦးတည်ချက်(၄)ရပ်ကို ကိုင်စွဲပြီး တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ် -

(၁) တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး

(၂) ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ရရှိရေး

(၃) ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး

(၄) ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့ ဖြစ်ပါတယ်။


ကျနော်တို့တတွေ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ပွဲဝင်ဘို့ တိုင်းရင်းသားနယ်မြေတွေကို ထွက်ခွာခဲ့ကြတာဟာ ၀ါသနာပါလွန်းလို့ သွေးဆာ နေလွန်းလို့ ကလဲ့စားချေချင်လွန်းလို့ မဟုတ်ပါဘူး။

ကိုလိုနီလက်အောက်အပါအ၀င် မြန်မာ့သမိုင်း တလျောက် မှာ ကျောင်းသားတွေဟာ လူထုနှင့် တိုင်းပြည် အတွက် ငြိမ်းချမ်းသည့် နည်းဖြင့်သာ လိုအပ်ချက်တွေကို တောင်း ဆိုတိုက်ပွဲဝင်ခဲ့တာ တွေ့ရ မှာဖြစ်ပါ တယ်။

နောက်ဆုံး ကျွန်ဘ၀က လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တော်လှန်ရေးမှတပါး အခြားမရှိတဲ့အတွက် ဗိုလ်ချူပ်အောင်ဆန်း နှင့် ရဲဘော် သုံးကျိပ်ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။

ကျနော်တို့လည်း ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်၊ သို့သော်လည်း အကြမ်းဖက် ဖြိုခွဲခြင်းခံခဲ့ရပြီး နောက်ဆုံး ရွေးချယ်စရာ လမ်းမရှိတဲ့အတွက် လက်နက်ကိုင် တော်လှန်းရေး ကို ရွေးချယ်ခဲ့ရတာ ဖြစ်ပါတယ်။

ထိုခရီးလမ်းက ကြမ်းတမ်းတယ် ပင်ပန်းတယ်၊ နောက်ဆုံးရလဒ်က သေခြင်းတရား ဆိုတာသိပါတယ်။ သို့သော်လည်း သမိုင်းတာဝန်ကျေခြင်တာကြောင့် ရွေးချယ်ခဲ့ရခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တတိုင်းပြည်လုံး အကျိုးကို ဆောင်ရွက်ခဲ့တဲ့ တပ်မတော် (၂) ခု ပေါ်ပေါက်ခဲ့တယ် ဆိုရင် မမှားနိုင်ပါဘူး။ အဲဒီ တပ်မတော်တွေကတော့ ဗိုလ်ချူပ်တည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော်နဲ့ ၁၉၈၈ လူထု အရေး တော်ပုံကြီးက ဒီမိုကရေစီရေးအတွက် မွေးဖွားပေးလိုက်တဲ့ ကျောင်းသား တပ်မတော်ပဲ ဖြစ်ပါတယ်။

ကျောင်းသားတပ်မတော်ဟာ မြန်မာ့ မြေပေါ်မှာသာမက ကမ္ဘာ့မြေပေါ်မှာပါ တကယ်ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ တကယ်ရှိခဲ့တာဖြစ်တယ် ရှိနေဆဲလည်းဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။

အဲဒီအချိန်က ဒေါ်စုကို နိုင်ငံတကာ သတင်းဌာနတွေက ကျောင်းသားတွေ တောခိုသွားတာနှင့် ပတ်သက်ပြီး အင်တာဗျူးလုပ်ခဲ့တာ အမှတ်ရနေဆဲဖြစ်ပါတယ်။ သတင်းဌာန အချိန်ကာလနှင့် စကားလုံး အတိအကျကိုတော့ မမှတ်မိတော့ပါ။

ကျနော်တို့ တော်ခိုသွားတဲ့ကိစ္စနှင့် ပတ်သက်ပြီး ဆန့်ကျင်ပြောဆိုမှု မတွေ့ရပါ။ မှတ်မိသလောက်ပြောရရင် တော ထဲရောက်သွားတဲ့ ကျောင်းသားတွေအတွက် အစိုးရမှာတာဝန်ရှိကြောင်းနှင့်အခုလို ကျောင်းသား
တွေ တော ထဲရောက်သွားရတာ အစိုးရကြောင့်ဖြစ်တယ်လို့ ပြောခဲ့တာမှတ်မိပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့မှာ စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူခဲ့ပြီးနောက်
ကျောင်းသား၊ လယ်သမား၊ အလုပ်သမား၊ ၀န်ထမ်း၊ စစ်မှုထမ်းဟောင်းနှင့် လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ စစ်သည်အချို့ဟာ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား နယ်မြေအသီးသီးကို စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်ရန် ရောက် ရှိ ခဲ့ကြပါတယ်။

အဲဒီအထဲမှာ ကျနော်က ကရင်တိုင်းရင်းသား နယ်မြေဖြစ်တဲ့ သေ့ဘောဘိုးစခန်းကို ၁၉၈၈ ခုနှစ်
အောက်တိုဘာလ (၁) ရက်နေ့မှာ ရောက်ခဲ့ပါတယ်။ ရောက်ပြီးနောက် ကရင့်တော်လှန်ရေး နှင့် ကရင် လူမျိုးများ အကြောင်း လေ့လာစဉ် ပထမဦးဆုံး ကြားလိုက်ရတဲ့ စကားလုံးက မဟာဗမာ လူမျိုးကြီးဝါဒ ဆိုတဲ့ စကားလုံး ဖြစ်ပါတယ်။

ရုတ်တရက် ဘ၀မှာ တခါမှ မကြားဘူးတဲ့ ထူးဆန်းတဲ့ စကားလုံးဖြစ်နေတာကြောင့် နားမရှင်းသလို ဖြစ်သွားရပါတယ်။ ဒါကြောင့် ထိုစကားလုံးပြောလိုက်တဲ့ ကရင်အရာရှိကို ပြန်မေးရပါတယ် အခုနက ဘာပြောလိုက်တာလဲလို့။ သူကလဲ မဟာဗမာ လူမျိုးကြီးဝါဒလို့ ပြောတာလေကွာလို့ ထပ်ပြောပါတယ်။ ကျနော်ထပ် မမေးတော့ပါ၊ အဲဒီစကားလုံး အကြောင်း စဉ်းစားရင်းနဲ့ဘဲ ညများစွာ ကုန်ဆုံးခဲ့ရပါတယ်။

အဲဒီနောက် ကေအင်ယူမှ တာဝန် ရှိသူများ၊ ရွာမှ တာဝန်ရှိသူများက အကြောင်းအရာကိစ္စ တခုခုကြောင့် အ စည်းအဝေးလုပ်တိုင်း မဆလ အစိုးရ၊ စစ်အစိုးရတို့နဲ့ ပတ်သက်ပြီး ရှင်းပြတဲ့အခါတိုင်းလိုလိုမှာ ထို စကားလုံးကို ကြားရပါတယ်။

ကျနော်တို့ ရောက်လာကြတဲ့သူ အတော်များများကလည်း ဗမာများဖြစ်ကြတော့ ဗမာကတော့ ဟုတ်ပါပြီ မဟာ ကတော့ ဘာလဲဆိုပြီး ကျနော်တို့အကြားမှာ စဉ်းစား ဆင်ခြင်စရာဖြစ်လာပါတယ်။ တာဝန်ရှိသူ အချို့နှင့် အလွတ်သဘောတွေ့တဲ့ အခါမှာတော့ ကျနော်တို့ သိခြင်တဲ့ ကရင့်နိုင်ငံရေး အတွေ့အကြုံများ အပါအ၀င် မဟာဗမာ လူမျိုးကြီးဝါဒ အကြောင်းကို မေးကြည့်မိပါတယ်။

သူတို့က ဗမာလူမျိုးများရဲ့ တိုင်းရင်းသားများအပေါ် အနိုင်ကျင့် ဖိနှိပ်စော်ကားမှု လူမျိုးကြီးဆန်မှု အရာရာကို ဗမာလူမျိုးများကသာ လွှမ်းမိုးချုပ် ကိုင်ထားမှုများကို ရှင်းပြပါတယ်။ အဲဒီအခါကျမှသာ ဗမာလူမျိုးများနဲ့ပတ်သက်ပြီး ဖြစ်လာတဲ့ မဟာဗမာ လူ မျိုးကြီးဝါဒအကြောင်း နားလည်သဘောပေါက်ခဲ့ရပါတယ်။


အဲဒီဝေါဟာရဟာ ကရင်တိုင်းရင်းသား နယ်မြေမှာတင်ကြားရတာ မဟုတ်ပါဘူး ကျနော်တို့ အခြေချတဲ့ တိုင်းရင်းသား နယ်မြေအားလုံးမှာ ကြားရတာ ဖြစ်ပါတယ်။ ဒါက ကျနော် ပထမဆုံး ကြုံတွေ့ရတဲ့ တိုင်းရင်း သားတွေရဲ့ ခံစားချက်ပါ။

အဲဒီနောက်ပိုင်းမှာတော့ စစ်အာဏာရှင်တွေရဲ့ တပ်တွေ တိုင်းရင်းသားနယ်မြေတွေကို ထိုးစစ်ဆင်တဲ့ အခါမှာ ၎င်းတို့စစ်ချီရာ လမ်းတလျောက် မှာရှိတဲ့ ကျေးရွာက အမျိုးသားတွေကို ပေါ်တာအဖြစ်ဖမ်းပါတယ်။ အမျိုးသမီးတွေကို သူတို့ရဲ့ ကာမ ဖျော်ဖြေ မှုအတွက်သုံးပါတယ် ဆန္ဒပြည့်ပြီးတဲ့အခါမှာတော့ မထင်ရင် မထင်သလို သတ်ပစ်ပါတယ်။


အချို့ ရွာသားတွေ ဆိုရင် ကိုယ့် အမေ အမ ညီမ သမီးကို စစ်သားတွေက ကိုယ်ရှေ့မှာ မတရား
ပြုကျင့်ပြီး သတ် ပြီးတော့ အိမ်ကို မီးရှို့တာတွေကြောင့် မခံနိုင်ဘဲ မိမိကိုယ်မိမိ အဆုံးစီရင် သွားတာတွေ ရူးသွပ်သွားတာတွေ ရှိပါတယ်။

အဲဒီလူ တွေ စစ်တပ်နှင့် ဗမာလူမျိုးကို ဘယ်လောက် နာကျည်း ရွံရှာကြမလဲ ဆိုတာ စဉ်းစားကြည့်စေ ချင်ပါတယ်။ ခင်ဗျားတို့သာ သူတို့ နေရာမှာဆို ဘယ်လိုနေမလဲဆိုတာ ခံစားကြည့်ပါ။ သူတို့ နားလည် လက်ခံတားတာက စစ်တပ်ကို ဗမာလို့ နားလည်ထားကြတာဖြစ်ပါတယ်။

ကျနော် ၀မ်ခ (ကော့မူးရာ ခံစစ်)တွင် တာဝန်ကျစဉ် ကရင်ရဲဘော် ၂ ယောက် တယောက်က သူ့ရဲ့ နဖူးမှာ ခွေးဗမာ ငါသတ်မည် လို့ ဆေးမှင်ဖြင့် ထိုးထားပြီး။ နောက်တယောက်ကတော့ နေ၀င်းမသေ အိမ်မပြန်လို့ လက်ဖျံမှာ ရေးထိုးထားတာ မြင်ဖူးပါတယ်။

ဒါဟာ သူတို့ရဲ့ ဗမာတွေအပေါ် နာကျည်းမူတွေကို စကားလုံးတွေနဲ့ ဖေါ်ပြထားခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ရွာတွေမှာ လူကြီးတွေက သူတို့ကလေးကို ပြောမရရင် အငိုတိတ်စေခြင်ရင် ဗမာတွေလာပြီလို့ပြောပြီး ကလေးကို ခြောက် တတ်ပါတယ် ကလေးကလဲ အဲဒီလို ပြောလိုက်ရင် အငိုတိတ်သွားလေ့ရှိပါတယ်။

ဗမာတွေကို အင်မတန် မသတီစရာ အလွန်ကြောက်စရာကောင်းတဲ့ သတ္တ၀ါအဖြစ် ပုံဖေါ်ခဲ့တာဖြစ်တယ်။ အဲဒီလို နာကျည်း သူတွေက ဗမာတွေအပေါ် တစုံတရာ နားလည် သဘောပေါက်လာအောင် ဘယ်သူ
တွေ ဆောင်ရွက်ခဲ့ကြသလဲ - ကျနော်တို့ ကျောင်းသားတပ်မတော်က ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

လူတယောက်ရဲ့ နက်နက်နဲနဲ ခံစားချက် ပြေလျော့သွားအောင် တရက် တလ တနှစ် လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ပါဘူး၊ သူတို့နဲ့ အတူနေ အတူစား အတူ တိုက်ပွဲဝင်ပြီးမှ ရလာတဲ့ ရလဒ်တွေ ဖြစ်ပါတယ်။

အဲဒီရလဒ်တွေကို ထိန်းသိမ်းထားရမှာက ကျနော်တို့ မကဒတမှာတင် တာဝန်ရှိတာ မဟုတ်ပါဘူး။ ပြည်တွင်း ပြည်ပရှိ ဗမာလူမျိုးများအားလုံးမှာ တာဝန်ရှိပါတယ်။ မီဒီယာများနှင့် ကိုညိုအုန်းမြင့်ရဲ့ ပုံဖော်မှုကြောင့် မကဒတနှင့် မြန်မာ့ ဒီမိုကရေစီရေးအတွက် ဆောင်ရွက်နေကြသည့် ဒီမိုကရက်တစ် အင်အားစုများကို မြန်မာလူထု အတော်များများက အာဏာယစ်မူးနေကြသူများဟု ထင်မှတ်နိုင်သလို လှုပ်ရှားမှု (၂၄) နှစ် တာ ကာလအတွင်းမှာ တိုင်းပြည်အတွက် ဘာတွေများ လုပ်ခဲ့ကြသလဲဆိုတာ မေးစရာဖြစ်လာပါတယ်။

မကဒတ က ဘာတွေလုပ်ခဲ့ပါသလဲ - 

၁။ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြီးကို ကမ္ဘာက သိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။

၂။ အမျိုးသား အခွင့်အရေးတိုက်ပွဲဝင်မှုများကို ကမ္ဘာက ပိုမိုသိရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။

၃။ တိုင်းပြည်အတွက် အရေးကြီးဆုံးဖြစ်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အဆင့်တဆင့် အထိ ရောက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၎။ တိုင်းပြည်အနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာကသိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၅။ လူထုအတွင်း နိုင်ငံရေးအသိ ပိုမိုမြင့်မားလာစေရန်၊ တိုင်းပြည်အတွင်း အမှန်တကယ်ဖြစ်ပျက်နေသော သတင်းများ မြန်မာ နှင့် ကမ္ဘာက သိရှိနိုင်ရန်၊ မိမိတို့ရင်ဖွင့်လိုသော အကြောင်းအရာများအား လွတ်လပ်စွာပြောဆိုနိုင်ရန် ဒီမိုကရက်တစ်မြန်မာ့အသံ ဖြစ်ပေါ်လာနိုင်ရေးအတွက် အဓိကအင်အားစု အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

 ၆။ အနာဂတ်မြန်မာပြည်အတွက် မရှိမဖြစ်လိုအပ်သည့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တိုင်းရင်းသားအင်အားစုများ နှင့် နိုင်ငံရေးအင်အားစုများ သဘောတူ လက်ခံနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၇။ တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံရေးအင်အားစုများအကြား အနာဂတ်မြန်မာပြည်အတွက် လိုအပ် သော နိုင်ငံရေးစာချူပ်များဖြစ်သည့် မာနယ်ပလောစာချူပ်နှင့် သူမွဲကလိုးစာချူပ်များ ချူပ်ဆိုရာတွင် မကဒတ ပါဝင်ခဲ့ပါတယ်။

၈။ မြန်မာ့ စစ်ရေးသမိုင်းမှာ စစ်အစိုးရ အထူးစစ်ဆင်ရေးအဖွဲ့မှူး ဗိုလ်ချူပ်မောင်လှကိုယ်တိုင် လက် မှတ် ရေးထိုးပြီး တဖတ်သတ်အပစ်အခတ်ရပ်စဲခဲ့ရတဲ့ နိုင်ငံရေးအရအလွန်အရေးပါတဲ့ မာနယ်ပ လော ကာကွယ်ရေးတိုက်ပွဲမှာ မကဒတ ပါခဲ့တယ်။

၉။ နိုင်ငံရေးအရအရေပါတဲ့ မဲသဝေါ၊ ကော့မူးရာ (၀မ်ခ)၊ ဖလူး တိုက်ပွဲတွေမှာ မကဒတ ပါခဲ့တယ်။

၁၀။ မြန်မာ့ အမျိုးသမီးများ တိုင်းပြည်နေရာအနှံ့အပြားတွင် အမျိုးသမီး အခွင့်အရေးချိုးဖောက်ခံရမှု များ၊ အဆင့်တိုင်းတွင် အမျိုးသမီးများ ပါဝင်နိုင်ရေးနှင့် မြန်မာ့ အမျိုးသးမီး လှုပ်ရှားမှု မြှင့်တင်ရေးအတွက် မြန်မာ့ အမျိုးသမီး သမဂ္ဂကို ဖွဲ့စည်းတည်ထောင်ပြီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၁၁။ ကျောင်းသားတပ်မတော်ကို တည်ထောင်ပြီး စစ်အာဏာရှင်စနစ်ကို ယနေ့ထက်ထိ တိုက်ပွဲဝင် နေ ဆဲဖြစ်တယ်။

စသည့် တခုလုံးသဘောဆောင်တဲ့ နိုင်ငံရေးအလုပ်များကို ဆောင်ရွက်ခဲ့ပါတယ်။


အဲဒီအတွက် မကဒတ (ကျောင်းသားတပ်မတော်) ရဲဘော် ၆၂၉ ယောက် အသက်ပေးခဲ့ရပြီး ၄၀၂ ယောက် ခန္ဓာကိုယ် စွန့်လွှတ်ခဲ့ ရပါတယ်။ အဲဒီရဲဘော်တွေ အတွက် အမြဲဂုဏ်ယူလျက်ရှိပြီး အဲဒီ ရဲဘော်တွေ ကို မွေးဖွား ပေးလိုက်တဲ့ မိဘတွေ အတွက်လည်း ဂုဏ်ယူမိပါတယ်။

ထို့အတူ ကျောင်းသားတပ်မတော်သား တယောက် ဖြစ်ရတဲ့အတွက် ကျနော့်ကိုယ် ကျနော် ကျေနပ်မိပါ တယ်။

မကဒတ (မြောက်ပိုင်း)မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို သေသေချာချာ ဆန်းစစ်ကြည့်ပါက စနစ်ကြောင့် ဖြစ်ခဲ့ရတဲ့ ပြဿနာဖြစ်ပါတယ်။

ကျနော်တို့က ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့နည်းနဲ့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်ကသာ ဒီမိုကရေစီ ရခဲ့ရင် ဒီအဖြစ်အပျက်တွေလည်း ဖြစ်လာနိုင်စရာမရှိပါ။ စနစ်ကိုယ်က ကျနော်တို့အကြားမှာ တဦးနှင့်တဦး သံသယဖြစ်အောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေ အုပ်စိုးခဲ့တဲ့ သမိုင်းတလျောက် ကို ပြန်ကြည့်ရင် ထောက်လှမ်းရေး သူလျှိုတွေ ကို နေရာတိုင်း လိုလိုမှာ အသုံးပြုခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။

ဥပမာ ပြရလျင် - ဦးနေ၀င်းလက်ထက် အရေးပါတဲ့ ဌာနတွေမှာ သူ့ကိုဆန့်ကျင်မှု ပြုလုပ်တာတွေကို သိရှိနိုင်ရန် အတွက် ထောက်လှမ်းရေးကို အသုံးချပြီး ဖြုတ်ထုတ်ရှင်း လုပ်ခဲ့တာတွေရှိခဲ့ပါတယ်။ လူထု အတွင်းမှာလည်း နိုင်ငံရေးစကား ပြောလို့မရအောင် မပြောရဲအောင် အကြောက်တရားဖြင့် လက်မရွံ့ အာဏာပိုင် ယန္တယားကို အသုံးပြုကာ ဖိနှိပ်အုပ်ချုပ်ခဲ့ပါတယ်။

တက္ကသိုလ်အတွင်းမှာတောင် ထောက်လှမ်းရေးများ သွတ်သွင်းပြီး ကျောင်းသူ/ သားများ အကြား ဆရာ/မ များ အကြား နိုင်ငံရေး လှူပ်ရှားမှုအခြေအနေများကို စောင့်ကြည့် သတင်းယူခဲ့တာတွေရှိခဲ့ပါတယ်။ ဂျပန်ခေတ်က ကင်ပေတိုင်တွေလို ထောက်လှမ်းရေးတွေကို အထူးလုပ်ပိုင် ခွင့်အာဏာများ ပေးခဲ့တာဖြစ်ပါတယ်။

နောက် ဥပမာတခုပေးရရင် ၈၈၈၈ လူထုအရေးတော်ပုံအတွင်းမှာပင် ထောင်ကျ ရာဇ၀တ်သားများနှင့် မရှိဆင်းရဲသားများကို ငွေပေးပြီး စိတ်ကြွဆေးများထိုးကာ လူထုကို အဆိပ်ခတ်သတ်ခဲ့ပါတယ်။ ထို လုပ်ကြံမှုကို သတိရကြမယ်ထင်ပါတယ်။

စစ်အာဏာရှင်တွေဟာ ၎င်းတို့ကို ဆန့်ကျင် တဲ့ မြေပေါ်မြေအေက် အင်အားစုအားလုံးကို မတူတဲ့နည်းနာ
တွေ အသုံးပြုပြီး ဖြိုခွဲခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

၈၈၈၈ လူထု အရေးတော်ပုံပြီးနောက် မြေပေါ်မှာ သတင်းပေးများအဖြစ်မွေးပြီး လက်နက်ကိုင် အင်အားစု များ အတွင်းကိုတော့ ၎င်းတို့ အမာခံ ထောက်လှမ်းရေးများကို နိုင်ငံရေးတက်ကြွသူများအဖြစ်၎င်း၊ စစ်တပ် မှ လက်နက်ချများအဖြစ်၎င်း၊ ပေါ်တာပြေးများအဖြစ်၎င်း၊ ထောင်ကျပေါ်တာများအဖြစ်၎င်း စသည့် နည်းလမ်း ပေါင်းစုံဖြင့် ချည်းကပ်ပြီး ဖြိုခွဲခဲ့ပါတယ်။

မကဒတကလည်း ၎င်းတို့ရဲ့ အဓိကပစ်မှတ်တခု ဖြစ်ခဲ့ပါတယ်။ မကဒတ (မြောက်ပိုင်း)ကိစ္စမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေအတွက် မိသားစုနှင့်ထပ်တူ ၀မ်းနည်းခြင်းဖြစ်ရပါတယ်။

လူသားမဆန်တဲ့ ဆောင်ရွက်မှုများအတွက် ထိုအချိန်က တာဝန်ယူခဲ့သူတွေကို ရှုတ်ချပါတယ်။ ကျနော်တို့ ရင်ထဲမှာ အမြဲရှိနေတဲ့ကိစ္စဖြစ်ပြီး တနေ့နေ့ တချိန်ချိန်မှာ ဖြေရှင်းရမယ်ဆိုတာ ခံယူထားပြီး ဖြစ်ပါတယ်။ အမှန်တရားနှင့်တရားမျှတမှု ဖေါ်ထုတ်ရေးအလုပ်အဖွဲ့ ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါတယ်။

ဒီလို မိမိအ ဖွဲ့အစည်း အတွင်း ဖြစ်ခဲ့တဲ့ကိစ္စနှင့်ပတ်သက်ပြီး တရားမျှတမှုအတွက် တာဝန်ယူဆောင်ရွက် တာ ယနေ့အထိ မြန်မာ့သမိုင်းမှာ မကဒတ (ကျောင်းသားတပ်မတော်) တခုဘဲ ရှိပါသေးတယ်။

စစ်အစိုးရတဖြစ်လဲ အရပ်ဝတ် အစိုးရအနေဖြင့် ဒီမိုကရေစီရေးကို ဖေါ်ဆောင်နေသော အစိုးရ၊ သန့်ရှင်း
သော အစိုးရ ဖြစ်ခြင်တယ်ဆိုရင် ယခင် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် တာဝန် ရှိကြောင်း တရားဝင် လူထုထံ ၀န်ချတောင်း ပန်ခြင်း သို့မဟုတ် ကျူးလွန်ခဲ့သူများကို အရေးယူမှုများ သို့မဟုတ် လွတ်လပ်သော တရားမျှတမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်မျိုး ဖွဲ့ပြီး ဆောင်ရွက်ဖို့ လိုပါတယ်။

မကဒတ (မြောက်ပိုင်း)ကိစ္စမှာ ကျဆုံးခဲ့သူ တဦးရဲ့ သမီးဖြစ်သူက မြောက်ဥက္ကလာပ ရဲစခန်းမှာ ထို အဖြစ် အပျက် ဖြစ်စဉ်က တာဝန်ရှိခဲ့တဲ့သူတွေကို တရားစွဲခဲ့ တာသိရပါတယ်။ ရဲစခန်းကလည်း ထိုအမှုကို လက်ခံခဲ့ပါတယ်။

ကောင်းပါတယ်။ ထိုကဲ့သို့ပင် နအဖလက် ထက်က ဖိနှိပ် ညှင်းပန်းမှုများကို ခံခဲကြရသူများနှင့် အသက် ဆုံးရှုံးခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားများ၊ တိုင်းရင်းသား နယ်မြေ အသီးသီးမှာ နအဖ တပ်တွေ ကျူးလွန် ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ထိုအချိန်က တာဝန်ရှိသူတွေကို တရားစွဲဆိုမည်ဆိုပါက လက်ခံပါမည်လား ဆိုတာမေးစရာရှိလာပါတယ်။

လက်ခံချင်တဲ့အမှုကို လက်ခံပြီး လက်မခံချင်တဲ့အမှုကို လက်မခံတဲ့ မျှတမှုမရှိတဲ့ အစိုးရတခုရဲ့ အုပ်ချူပ်မှု
အောက်မှာ တရားမျှတမှု မရှိတာကို သံသယဖြစ်စရာမလိုပါ။ မကဒတ (မြောက်ပိုင်း)နှင့် ပတ်သက်ပြီး မီဒီယာများက အမှန်တရား ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်ချက်များကို အသိအမှတ်ပြုပါတယ်။

ထိုသို့ဆောင်ရွက်ရာမှာ မကဒတ ရဲဘော်ဟောင်းများနှင့်တင် မလုံ လောက်သေးဟု ယူဆပါတယ်။

အမှန်တရားကို တကယ်မြတ်နိုးတယ်ဆိုရင် ထိုကိစ္စမှာ အဓိကအခန်းက ကြိုးကိုင်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူခဲ့တဲ့ ဦးခင်ညွန့်နှင့် အပေါင်းအပါများကိုလည်း မေးဘို့ တိုက်တွန်းလိုပါတယ်။


ထို့အပြင် ဦးနေ၀င်း အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်မှ ယနေ့အထိ အဆက်ဆက် တာဝန်ယူခဲ့တဲ့ စစ် အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုများကိုလည်း ဖော် ထုတ်သင့်ပါတယ်။ မကဒတ အဖြစ်အပျက်က တတိုင်းပြည်လုံးအရေးနဲ့စာရင် အစိတ်အပိုင်း တခုမျှသာ ဖြစ်ပါတယ်။ မကဒတအတွင်းမှာ အခုလို ရက်ရက် စက်စက် အနိုင်ကျင့်မှုများဖြစ်အောင် ဖန်တီးခဲ့သူဟာ စစ်အာဏာရှင်တွေ ဖြစ်ပါတယ်။

ကျနော်တို့ လူ့အဖွဲ့အစည်းကိုက တယောက်နှင့်တယောက် အဆင်မပြေမှုများ ဖြစ်လာရင် ဆွေးနွေး ညှိနှိုင်း အဖြေရှာရေးထက် လက်ရုံးအားကိုး ဖြေရှင်းရေးဖက်ကို တွန်းပို့ကြတာများပါတယ် ဆွေးနွေး ညှိနှိုင်း အဖြေ ရှာရေးကို အလျင်းလုံးဝ စဉ်းစားခြင်းမရှိပါ။

ဒါကြောင့်လဲ ပြည်တွင်းစစ် အနှစ် (၆၀) ကျော်ခဲ့တာ ဖြစ်ပါတယ်။ ကြုံတုန်း ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တဲ့ အဖြစ်အပျက်တခု တင်ပြလိုပါတယ် ကျနော် မူလတန်း ကျောင်းသား ဘ၀ကဖြစ်ပါတယ်။

ကျနော့် သူငယ်ချင်း တဦးက သူနဲ့ ရန်ဖြစ်ခဲ့တဲ့ အခြားကျောင်းသား တယောက်နဲ့ ထိုးဘို့ ကျနော့်ကို မြှောက်ပေးပါတယ်။ ကျနော်ကလည်း သူမြှောက်ပေးတာကို လက်ခံပြီး သူနဲ့ ရန်ဖြစ်ခဲ့တဲ့ သူနဲ့ထိုး ပါတယ်။ အဲဒီ ကျောင်းသားက ကျနော့်ထက် ကိုယ်လုံးထွားပြီး အရပ်မြင့်ပါတယ်။ အစ ပထမတော့ သူတပြန် ကိုယ်တပြန်ပါပဲ။ ကြာလာတဲ့အခါကျတော့ သူကအပေါ်စီးကနေ ကျနော့်ကို ထိုးပါတော့တယ်။

ကျနော့ မျက်နှာလဲ ညိုမဲနေပြီး သွေးနဲ့ဖုန် လူးနေတာကြောင့် ကြည့်လို့မကောင်းတဲ့ အခြေအနေ ရောက်နေပါတယ်။ သို့သော် ပွဲက မရပ်သေးပါ။ ကျနော်လည်း ကြံရာမရ ဖြစ်နေရင်း နောက်ဆုံးသူ့ရဲ့ ဘယ်ဖက် ရင်အုံ ကို အသားကုန် ကိုက်လိုက်ပါတော့တယ်။ အဲဒီအခါကျမှာသာ ပွဲရပ်ပြီး ကိုယ့်အိမ်ကိုယ် ပြန်ကြ ပါတော့တယ်။


ဆိုလိုချင်တာက ပွဲကြည့်ပရိသတ်ထဲမှာ ကျနော်တို့ထက် ကြီးသူတွေလည်း ပါပါတယ်။ သို့သော် မည်သူမျှ ဖြန်ဖြေ ပေးခြင်းမရှိဘဲ ထိုးဘို့သာ မြှောက်ပေးပါတယ်။ အဲဒီလိုပတ်ဝန်းကျင်မှာ ကျနော်တို့ကြီးပြင်းခဲ့ရတာ ဖြစ်တဲ့အတွက် ကျနော်တို့မှာလည်း အတုမြင်အ တတ်သင်ဖြစ်ခဲ့ပါတယ်။


ကျနော်တို့တိုင်းပြည်ဟာ ပဒေသရဇ် ခေတ်မှာ လည်း အာဏာအတွက် အပြန်အလှန် သတ်ဖြတ်ခဲ့ကြ ပါတယ်။ ၁၈၈၅ ခုနှစ်ကနေ ၁၉၄၈ ခုနှစ်အထိ ဗြိတိသျှ လက်အောက်မှာ ကိုလိုနီ လွတ်မြောက်ရေးတိုက်ပွဲ ၆၃ နှစ် စစ်ဖြစ်ခဲ့ပါတယ်။

လွတ်လပ်ရေးနှင့်အတူ ၁၉၄၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ပြည်တွင်းစစ် ၆၄ နှစ် စစ်ဖြစ်နေဆဲပါ။ စုစုပေါင်း ၁၂၇ နှစ် စစ်ဖြစ်နေဆဲ ဖြစ်ပါတယ်။ အဲဒီစစ်ကြီးက ကျနော်တို့အတွက် ဘာတွေများ အကျိုးပြုခဲ့ ပါသလဲ။ ဘယ်လိုရလဒ်ကောင်းတွေ ရခဲ့ပါသလဲ။ အကျိုးပြုခဲ့တာတွေများရှိရင် ကျနော့ကို ဖြေပေးကြပါ။

သေချာတာကတော့ အမုန်းတရားတွေ၊ နာကျည်းမှုတွေ၊ ကလဲ့စားချေလိုမှုတွေ ရစ်ပတ်တုတ် နှောင်ခဲ့ပြီး အသက် ခန္ဓာကိုယ်တွေ၊ တိုင်းပြည် သယံဇာတတွေ ဆုံး ရှုံးခဲ့တာဘဲ အဖတ်တင်ပါတယ်။

စစ်အာဏာရှင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကတော့ ချမ်းသာခဲ့ပါတယ်။ ပြည် တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ မွေးဖွားခဲ့တဲ့ လူတယောက်နဲ့ ပြည်တွင်းစစ်မရှိတဲ့ တိုင်းပြည်မှာမွေးဖွားခဲ့တဲ့ လူတယောက် စဉ်းစား
တွေးခေါ်ပုံခြင်း မတူကြပါဘူး။

ကျနော်တို့တတွေဟာ မွေးကတဲက အကြောက်တရားကို အဖေါ်လုပ်ခဲ့ရတာဖြစ်ပါတယ်။ အခု အချိန်မှာ ကျနော်တို့ မျိုးဆက်သစ်တွေကို ဘယ်လိုဖြစ်စေခြင်သလဲ ဆိုတာ စဉ်းစားကြရမဲ့ အချိန်ရောက်နေပါပြီ။

ပဋိပက္ခတွေကို အမွေအဖြစ် ဆက်ပေးခဲ့ကြမလား သို့မဟုတ် အဆုံးသတ် ကြမလား ဆိုတာ လေးလေး နက်နက် စဉ်းစားကြရမှာပါ။ ထို့ကြောင့် ကျနော်တို့ တိုင်းပြည် တကယ်ငြိမ်းချမ်းသင့်ပါပြီ။ လက်ရှိအစိုးရ အနေဖြင့် တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ချင်တယ်ဆိုရင် အရှိတရားကို လက်ခံရမှာ
ဖြစ်ပါတယ်။

အင်အားစုအားလုံးနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာဘို့ လိုပါတယ်။ နယ်မြေရှိခြင်း မရှိခြင်း၊ အင်အားရှိခြင်း မရှိခြင်း၊ လက်နက်ကိုင်ခြင်း မကိုင်ခြင်းနှင့် မဆိုင်ပါဘူး။ တိုင်းရင်းသား အင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရုံနဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရှိမခြင်း ပြဿနာတွေ ရှိနေအုံး မှာပါပဲ။

တိုင်းပြည်လဲ အဖက်ဖက်က ယိုယွင်း နေအုံးမှာပါဘဲ။

ဒါကြောင့် ကျနော်တို့ ကိုယ်တိုင် စိတ်ဓါတ်တွေကို ပြုပြင်ပြီး တဦးနှင့်တဦး အကြားမှာရှိတဲ့ ပဋိပက္ခတွေကို ဘေးဖယ်ကာ တိုင်းပြည်ကောင်းကျိုး အတွက် တွေ့ဆုံ ဆွေးနွေးကြမယ် ဆိုရင် မကဒတ (မြောက်ပိုင်း) ကဲ့သို့သော ကိစ္စရပ်များ ထပ်မံ ပေါ်ပေါက်ရန် မဖြစ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ဆလိုင်းယောအောင် (မကဒတ) 

၂၉၁၀၂၀၁၂ (၁၀၁၃)

3 COMMENTS:

ထိုကိစ္စမှာ အဓိကအခန်းက ကြိုးကိုင်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူခဲ့တဲ့ ဦးခင်ညွန့်နှင့် အပေါင်းအပါများကိုလည်း မေးဘို့ တိုက်တွန်းလိုပါတယ်။ .....

http://8888linker.blogspot.com/2012/10/absdf_31.html
http://8888linker.blogspot.com/2012/10/absdf_13.html
http://8888linker.blogspot.com/2012/10/absdf_16.html
http://8888linker.blogspot.com/2012/10/absdf_18.html
http://8888linker.blogspot.com/2012/10/absdf_25.html
ဆောင်းပါးဖတ်ရတာစုံသလိုရှိပေမဲ့ အဓိကအကြောင်းအရာ ဝေ့လည်ကြောင်ပတ်ဖြစ်နေပါတယ်။ ဆောင်းပါးသည် ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ ကိုရှင်းပြနေတာထက် ဆင်ခြေပေးတဲ့ဆောင်းပါးတစ်ခု လို့ဘဲထင်မိပါတယ်။
ဒါဟာ စနစ်တစ်ခုကြောင့်ဖြစ်တယ်ဆိုတာ ဆင်ခြေတစ်ခုလို့ဘဲ မြင်မိပါတယ်။ စစ်အစိုးရသည် တရားမျှတမှုတို့၊ လူ့အခွင့်အရေးတို့ဆိုတာကို ဂရုမစိုက်တဲ့သူတွေဆိုတာ လူတိုင်းသိပြီးသားပါ။ သူတို့ကသူတို့လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီးတာဝန်မယူတတ်တာကလည်း ခေါက်ရိုးကျိုးနေပါပြီး။ အဲလိုစစ်အစိုးရကိုတောင်ဘာမှမပြောဘဲ ငါတို့ကျတော့လာပြောတယ်ဆိုတဲ့အရေးသားမျိုးက လည်း ဆင်ခြေပေးနေတာလို့ဘဲမြင်မိပါတယ်။ မြောက်ပိုင်းမှာဖြစ်တဲ့ကိစတွေကို တာဝန်ယူရှင်းနေပြီလာ၊ ရှင်းဖို့လုပ်နေတဲ့အဆင့်လား၊ ရှင်းမယ်ဆိုဘယ်တော့လောက်စရှင်းမလဲ။ တကယ်လို့ ဒီကိစကို ပြတ်ပြတ်သားသားလုပ်ပြမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်လာမယ် ထင်တယ်။
မ က ဒ တ (မပ) အကြောင်း ထည့် သွင်း ရေး သား ချက် များ တွေ့ ရ ရင် စိတ် မကောင်း ပါ ရေး သူ တော် တော် များ များ က မပ ဖြစ် စဉ် နဲ့ စစ် အစိုး ရ လုပ် ရပ် နှိုင်း ယှဉ် လါ တာ ကို တွေ့ ရ ပါ တယ် ဒါ ဘာ လဲ ဆို တော့ စာ ရေး သူ တော် တော် များ များ က စစ် အ စိုး ရပ် လုပ် ရပ် အပေါ် မသိ စိတ် က အတု ခိုး အထင် ကြီး နေ တယ် ဆို ရင် တော် လှန် ရေး အတွက် အမှား များ ထပ် မံ ပေါ် ပေါက် လါ နိုင် ပါ တယ်အစ ထဲ က ခွေး ဆို တာ ကိုက် တတ် ပါ တယ် လူ တွေ မကိုက် တတ် ဖို့ လို ပါ တယ် ရိုင်း သွား ရင် ခွင့် လွတ် ပါ ဒီ ကနေံ အထိ စစ် အစိုး ရ အကောင်း ပြော စ ရာ တစက် မှ မရှိ ပါ မက ဒတ ဂုဏ် သိ က္ခာ ကို လေး စား တန် ဖိုး ထား သူ အား လုံးလုပ် ရပ် ခြင်း မနှိုင်း ယှဉ် ဖို့ တောင်း ဆို ပါ တယ်

No comments:

Post a Comment