Sunday, January 13, 2013

ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး(၉)


by May Thingyan Hein on Wednesday, October 31, 2012 at 9:04am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၃၁၊ ၂၀၁၂။

အပိုင်း(၉)

တကယ်တော့ ဒီလောက်ထိ မဖြစ်သင့်ပါဘူး။ ကျနော်တို့ ကြုံခဲ့ရတာတွေက တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့ အပိုင်းတွေ ရှိခဲ့တယ်။
ထောင်ထဲမှာ အကျဉ်းသားတွေလို နေရတဲ့ နေရာမှာတောင် နေမှုထိုင်မှု ပုံဆန်က မကောင်းဘူး။ ထောင်အကျဉ်းကျနေတဲကအတွက် မြေတူးတာ၊ ကျောက်ထုတာ၊ ထင်းခုတ်တာကစ အလုပ်ကြမ်းတွေ တပ်မှာ ရှိသမျှ အလုပ်တွေကို အကုန်လုပ်ပေးရတယ်။

အဲလိုလုပ်ပေးပြီးလို့  ညနေ အလုပ်တွေကနေပြန်လာပြီ ဆိုရင် ခဏထမင်းစားမယ် ပြီးရင် မျက်နှာတွေကို အ၀တ်စည်း၊ လက်တွေကို ကြိုးတုပ်ပြီးတော့ မှအိပ်ရတာ။ လုံခြုံရေးတွေက လိုက်စစ်တယ်။ ကြိုးလျော့ရင် ကြိုးချည်ပေးတဲ့ သူရဲ့ အပြစ်လို့ အဲလိုပုံဆန်နဲ့ အုပ်ချုပ်ထားတာ။ နောက် အိပ်ရတာကလည်း လူ ၇၀ ကျော် ၈၀လောက် တန်းစီပြီး အိပ်ရတာဆိုတော့ ဟိုဘက် ဒီဘက် လှည့်လို့မရဘူး။ နောက် ရေချိုးမရတာလည်း ကြာတော့ သန်းတွေဘာတွေကလည်း ကိုယ်ပေါ်တက်ကြတာပေါ့ သန်းတွေက တခါတလေ ရှစ်ဆယ် တစ်ရာလောက်ကို ရှိတာ အဲလို အခြေအနေမျိုးတွေနဲ့ နေနေရတယ်။

ကျနော်တို့ရဲ့ မျက်လုံးတွေ စည်းထားတယ်၊ လက်နောက်ပြန်ကြိုးတုပ်ထားတယ်၊ ထမင်း စားချိန်မှာတော့ ထထိုင်ပြီး စားရတယ်။ ကျန်တဲ့အချိန်တွေ အိပ်ချိန်တွေမှာတော့ ဟိုဘက် ဒီဘက်စောင်းတယ်ဆိုရင်တောင်မှ ထောင်အစောင့်တွေကို ခွင့်တောင်းပြီးမှ လှည့်ရ စောင်းရတယ်။

အဲလိုအခြေအနေမျိုးမှာလည်း ထောင်သားတွေထဲကနေ တယောက်ပြီး တယောက်ကို ခေါ်စစ်မေးတာတွေ လည်း ရှိခဲ့တယ်၊ ကျနော်နဲ့ ကျောချင်းကပ်ထားတဲ့ ကိုညီညီကျော်ကို တရက်မှာ ခေါ်စစ်တယ်။ စစ်ဖို့ ခေါ်သွားတယ်ဆိုတာ သိလိုက်တယ်၊ ၂ ရက်လောက်ကြာတဲ့ ထိပြန်မလာဘူး။

ပြန်မလာတော့ စိတ်ပူတယ်၊ အဲဒီမှာ ကိုမြင့်သိန်းက ကျနော့်ကို ပြောတယ်၊ ကိုညီတော့ထွက်ပြေးတာ လွတ်သွားပြီတဲ့ အဲလိုပြောတယ်။ အဲလို ပြောတော့ ကြားရတာဝမ်းသာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တယောက်လွှတ်သွားပြီပေါ့ ကံတရားက ကျနော်တို့ဘက်မှာ ရှိသေးတယ်ပေါ့။

အဲဒီအချိန်မှာ ကျနော်တို့ မျှော်လင့်တာက တယောက်လွှတ်သွားရင် တယောက်က ဒီကိစ္စတွေကို ဒီအတိုင်းနေမှာ မဟုတ်ဘူး မြို့ပေါ်က နိုင်ငံရေးအဖွဲ့အစည်းတွေကိုပဲ ဖြစ်ဖြစ် အသိပေးလိမ့်မယ်။ အသိပေးရင် ဒါမျိုး လုပ်နေတာတွေ ရပ်သွားလိမ့်မယ်ပေါ့ အဲလို မျှော်လင့်တာပဲ၊ နောက်တချက်က စိုးရိမ်တာလည်း ရှိတာပဲ၊ ဒီလိုဖြစ်သွားတယ်ဆိုရင် ငါတို့ကို ဘာများထပ်လုပ်မလဲဆိုပြီး စိတ်ပူတာပေါ့။

ကျနော်တို့ကို အဲလို ထောင်ထဲမှာ ထားရင်းနဲ့ တဖြေးဖြေးနဲ့ ထောင်သားတွေကလည်း တိုးလာတယ်၊ ကျနော်တို့လိုပဲ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းထားတဲ့ သူက  ၆၀ ကျော် ၇၀ လောက်ကို ဖြစ်လာတယ်၊

မှတ်မှတ်ရရ ၁၉၉၁ ခုနှစ် အောက်တိုဘာ လလောက်ဖြစ်မယ်။

ထောင်ထဲမှာလည်း ဖမ်းထားတဲ့ လူတွေကများလာတော့ အပေါ် အလံတိုင်ကုန်းနောက်ကို ရွေ့တယ်။ အဲလို အပေါ်အလံတိုင်ကုန်းနောက်ကို ရောက်ပြီး သိပ်မကြာပါဘူး ကျနော်တို့လိုပဲ ဗဟိုကော်မတီထဲက ဦးစိန်ကိုလည်း ၀ါးကပ်ကလေးနဲ့ လာချထားတာ တွေ့တယ်။ 

ကျနော်တို့ကတော့ ထောင်သားတွေအချုပ်သားတွေအနေနဲ့ အလုပ်တွေလုပ်ရတယ် မြေကြီးတူးတာတို့ ကျောက်တုံးထိတာတော့ ၀ါးကပ်လုပ်တာတို့ အဲလိုအလုပ်တွေ လုပ်ရတယ်၊ တနေ့ အဲလိုပဲ အလုပ်လုပ်တာ သိမ်းပြီး ပြန်လာတော့ ဦးစိန်ဆုံးပြီ ဆိုတာ သိလိုက်ရတယ်။

အဲလို လာချထားတဲ့ အနေအထားနဲ့ပဲ ဦးစိန်လည်း ၂ ရက်လောက် နေတော့ ဆုံးသွားရှာတယ်။ဦးစိန်က အိပ်ရာထဲကနေကို မထနိုင်တော့ဘူး။ စကားလည်း မပြောနိုင်ဘူး၊ ထမင်းလည်း မစားနိုင်တော့ဘူး။ ဦးစိန်ကို အကျဉ်းသားတွေကပဲ မြေမြှုပ်ပေးခဲ့ရတယ်။

အချုပ်သားတွေအကျဉ်းသားတွေကို စကတည်း ကျွေးတာက ထမင်းနဲ့ဆားပဲ။  ထမင်းနဲ့ ဆားနဲ့ပဲ စားရတော့ အာဟာရက မရှိဘူး။ မျက်နှာတွေ ခြေထောက်တွေကလည်း အာဟာရချို့တဲ့ပြီး ဖောဖောကြီးတွေပဲ။

ကျနော်တို့ အလုပ်တွေလုပ်ကြရတော့ အလုပ်လုပ်တဲ့ နေရာကနေ ခူးလာတဲ့ အရွက်ကလေးတွေ ဘာလေးတွေကိုတော့ မချို( အသတ်ခံရတဲ့ မခင်ချိုဦး)၊ မငယ်(မနန်းအောင်ထွေးကြည်)တို့နန်းစောတို့က စားလို့ရအောင် လုပ်ကျွေးတာမျိုးတွေလည်း ရှိတယ်။ သူတို့ မချိုတို့မငယ်တို့ကလည်း အကျဉ်းသမားတွေပဲ သူတို့ကတော့ ချက်ပြုတ်ရေးတာဝန်ယူပေးရတယ်။

ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ကိုတော့ ထိတ်တုံးတွေနဲ့ ထားတာ၊ အရေးကြီးတယ်ဆိုပြီး အပြင်လည်း မထွက်ခိုင်းဘူး၊ အလုပ်လည်း မခိုင်းဘူး။ ကျနော်တို့ကိုလည်း သံခြေကျဉ်းတွေနဲ့ ထားတာပဲ၊ သံခြေကျဉ်းတွေနဲ့ပဲ အလုပ်လုပ်ကြတာပဲ။ အဲလို အခြေအနေမှာလည်း သူတို့စစ်ချင်တဲ့သူကို သူတို့လာခေါ်စစ်ကြတာပဲ။ အဲလို မကြာမကြာလည်း ဖြစ်တတ်တာက မူးပြီး လာဝင်ရိုက်တဲ့ သူတွေပဲ။

မှတ်မှတ်ရရ တရက်ပေါ့ ညမှာ အောင်သန်းက ထထိုင်လို့ ပြောတာနဲ့ ကျနော်တို့အားလုံး ငုတ်တုတ်လေးတွေ ထထိုင်ရတယ်။ မျက်လုံးတွေကတော့ အမြဲစည်းထားတယ်၊ ထထိုင်တာနဲ့ ငါတို့ကို ရိုက်တော့မယ်ဆိုတာကို စိတ်က ကြိုသိနေတာပဲ၊ ထင်တဲ့အတိုင်းပဲ ရှေ့ကလူတွေရဲ့ ခေါင်းတွေကို တုတ်နဲ့ ရိုက်တဲ့အသံလည်း ကြားရတယ်၊ မကွဲမချင်းရိုက်လို့ ပြောတဲ့အသံလည်း ကြားရတယ် ကိုယ့်ခေါင်းပေါ်လည်း တုတ်က ရောက်တော့မလဲ။ သစ်သားတုတ်နဲ့ ရိုက်တဲ့အသံလည်းကြားရတယ် ခေါင်းတွေ ကွဲမယ်ဆိုတာလည်း သိတယ်။

ကျနော့်အလှည့်လည်း ရောက်ရော ကျနော့်ခေါင်းကိုလည်း ရိုက်ချလိုက်တယ်။ တအားနာပြီး လင်း ကနဲ ဖြစ်သွားပြီးတော့ ကျနော်ရိုင်ကျသွားတာ။ အဲဒီမှာ နောက်တချက် ထပ်ရိုက်ထည့်လိုက်တော့ စောတုန်းက နာတဲ့ နေရာမှာပဲ နာပြီး  နောက် ကျနော် ဘာမှ မသိတော့ဘူး ။သတိမရှိတော့ဘူး။

သွေးတွေကလည်း အခဲလိုက်ကျတယ်လို့ ပြောတယ်၊ နောက်ဆေးဆရာတယောက်က ကွဲသွားတဲ့ ခေါင်းတွေကို လာချုပ်ပေးတယ်ပြောတယ် ကျနော့်ခေါင်းလည်း ၈ ချက်လား ဘယ်လောက်လား မသိဘူး ချုပ်လိုက်ရတယ်။

ခေါင်းလည်း ချုပ်ပြီးတော့ ကျနော် အရမ်းမူးတယ်၊ ဘယ်လိုမှ မရတော့ဘူး ခေါင်းလည်း မထူနိုင်တော့ဘူး အရမ်း အမ်ချင်လာတယ်။ စားထားသမျှ ထမင်းစေ့တွေ အကုန်ပြန်ထွက်တယ်၊ ကျနော် ဘယ်လိုမှ မနိုင်တော့ ပြန်လှဲနေရတယ်။

နောက်မှ ပြန်သိရတာက အဲဒီကနေ ကျနော် သတိလစ်သွားတာ ၂ ရက်ကြာတယ်လို့ ပြောတယ်။  သတိရလာတော့ ကျနော့်ကို လူသွားလမ်း အလည်ကို ရွေ့ထားတာ သတိထားမိတယ်။ အဲဒီတုန်းက မခင်ချိုဦး အသတ်မခံရသေးဘူး။. မခင်ချိုဦးက ဆန်ပြုတ်လေး လာတိုက်ပေးတယ်။

ခါးတယ် အရမ်းခါးတယ်။ လျှာတွေက မကောင်းတော့ဘူးပြီးတော့ အရမ်းလည်း မူးသေးတယ်။ အဲဒီမှာ ဆန်ပြုတ် ၂ ဇွန်းတောင် မ၀င်လိုက်ဘူး သတိပြန်လစ်သွားတယ်။

သတိပြန်ရလာတော့ အကျဉ်းသားတွေကပဲ  ကျနော့်ကို ၀ါးကပ်ပေါ်တင်ပြီး သချိုင်းကုန်းနေရာကနေဖြတ်ပြီး ဆေးခန်းပို့တာ မှတ်မိတယ်။အဲဒီမှာ ကျနော်သတိပြန်လစ်သွားတာ  ၁ပတ် ၁၀ ရက်လောက်ကြတယ်ပြောတယ်၊ သတိပြန်ရတော့ ကေအိုင်အေ အောက်ဆေးရုံရောက်နေပြီ။ ခေါင်းကွဲတာတွေလည်း ချုပ်ရိုးတွေ ဘာတွေလည်း ကောင်းသွား ပြီ ဒါပေမဲ့ ကျနော် လမ်းမလျှောက်နိုင်တော့ဘူး။ အဲလို လမ်းမလျှောက်နိုင်ဘဲနဲ့ အိပ်ရာထဲမှာပဲ ၁ ပတ် ၁၀ ရက်လောက် ထပ်ကြာသေးတယ်။ ခြေထောက်က သံခြေကျင်းကလည်း ပါတယ်။

အဲဒီမှာ ကုတင်တိုင်လေးတွေကို ကိုင်ကိုင်ပြီးတော့ လမ်းလျှောက်ပြန်ကျင့်ရတယ်။

အဲဒီလိုနဲ့ ၁၀ ရက်လောက်ကြတော့ ကျနော့်ကို ဆေးရုံကနေပြန်လာခေါ်ပြီး အချုပ်ထောင်ထဲ ထပ်ထည့်တာပေါ့ဗျာ။ အဲဒီမှာ ကျနော်က ကိုအောင်ဖြိုးတို့နဲ့ အတူ စားရတယ်။ ကိုအောင်ဖြိုးက လက်ကို ထုရိုက်လို့ အဲဒီအချိန်မှာ လက်ဖြတ်ခံထားရပြီးပြီ။ နောက် သူ့ခြေထောက်ကိုလည်း ဒစ်တိုနီတာတွေနဲ့ လုပ်လို့ ခြေချောင်း ၃ချောင်း ပါသွားပြီးပြီ။  သူက အဲဒီအချိန်မှာ လက်တဖက်ရော ခြေထောက်လေးတွေရော  မရှိတော့ဘူး။

ကျနော်တို့ ထမင်းစားတော့ သူက ကျနော့်ကို ပြောတယ် ကိုရဲ စားလို့ အဆင်ပြေရဲ့လားတဲ့။ အဲဒီမှာ ကျနော်တို့ စားရတယ်ဆိုတာကလည်း ထမင်းပေါ်မှာ အရွက်တွေကို တာလဗောလို ဒီလိုပဲ တာလပတ်ကြီးပေါ်မှာ ပုံကျွေးထားတာကို နှိုက်စားရတာလေ။ ကျနော်က ရတယ်လေ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ခြေထောက်တွေ သူ့လက်တွေကို မသိမသာကြည့်တာပေါ့၊ အဲဒီမှာ ကျနော် စိတ်မကောင်းဖြစ်သွားတယ်၊ သူက သူ့ကို ကျနော် ရွံနေမှာ  စိုးလို့ ဖြစ်နေရှာတာ။ သူက အားနာနေတာ ကျနော်လည်း သူ့စိတ်ကိုသိပြီး ပိုပြီး စိတ်မကောင်းဖြစ်သွားတယ်။

အဲလိုနဲ့ ကျနော်ကတော့အလုပ်ကြမ်းလည်း ပြန်မလုပ်နိုင်သေးဘူး ဘိုဘိုတို့ကိုထိန်လင်းတို့ကတော့ ထရံ ယက်တဲ့ အလုပ်လုပ်နေကြပြီ။ ကျနော့်ကိုလည်း နားနားနေနေလုပ်ရတဲ့ ထရံယက်တဲ့အလုပ် လုပ်ရတယ်။

အဲဒီအချိန်မှာ ကိုထွန်းအောင်ကျော် ခြေထောက်က မီးဖုတ်ခံထားရတာက အခြေအနေတော်တော်ဆိုးတယ်။ ကိုထွန်းအောင်ကျော်ကို စစ်ကြောတုန်းက ခြေထောက်ကို မီးဖုတ်ပြီး စစ်ကြတာ။ ခြေထောက်တဖက်က ကွေးသွားတယ်။ အဲတော့ သူ့ကို လက်ဖျံလောက်တုတ်ပြီး ၂ပေ ခွဲလောက်ရှည်တဲ့ သစ်သားချောင်းတချောင်းနဲ့ ထောက်ထောက်ပြီး လျှောက်တယ်။

အစောင့်တွေ လစ်တဲ့အချိန်ကို ကိုထွန်းအောင်ကျော်က ကျနော့်နားကို ကပ်လာပြီး တုတ်လေး ထောက်ထောက်ပြီး လာပြောတယ်။
အဲဒါလေးနဲ့ ထောက်ထောက်ပြီး လျှောက်တဲ့အခါ သူ့ရဲ့ ညာဘက် ခြေထောက်က မြေကြီးနဲ့ မထိဘူး။ကွေးကွေးလေးဖြစ်နေပြီ။ ကိုထွန်းအောင်ကျော်က ကျနော်ဆေးရုံက ဆင်းလာတော့ ၀မ်းသာတယ်၊ မသေဘူးဆိုပြီး ၀မ်းသာသွားတာတဲ့။

ကိုရဲတဲ့… ဒီကောင်တွေ ငါ့ကိုတော့ ထားမှ မဟုတ်ဘူးတဲ့။ ကျနော့်ကိုလည်း ထားမှာ မဟုတ်ဘူးလို့ စိတ်ထဲကနေ တွေးမိတာပေါ့။ သူကတော့ ဆက်ပြောတယ်။ ကျနော့်ရဲ့ အသက်ကို ရှင်အောင်မွေးဖို့နဲ့ တချိန်ချိန်မှာတော့ ငါတို့ရဲ့ ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ပေးပါလို့ ပြောတယ်။

ကျနော်ကလည်း စဉ်းစားတယ်၊ ရှေ့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာလည်း မသိနိုင်တော့ သူ့ကိုလည်း ဘာပြန်ပြောရမှန်းလည်း မသိဘူး၊ ဟုတ်ကဲ့ ဆိုတဲ့သဘောနဲ့ ခေါင်းပဲညိမ့်ပြလိုက်တယ်။ အဲတော့သူလည်း ထော့နဲထော့နဲ့နဲ့ ကျနော့်နားကနေ ပြန်ခွာသွားတယ်။

ကျနော်တို့လည်း ဒီလိုနဲ့ပဲ အလုပ်တွေ လုပ်စရာရှိတာတွေ လုပ်ရင်းနေကြရင်းနဲ့ ဒီကြားထဲမှာ ကိုထွန်းအောင်ကျော်တို့ကိုချိုကြီးတို့ကို ခေါ်ထုတ်သွားတာရှိတယ်။ နောက် သိပ်မကြာဘူး အိုကေတို့ကိုလည်း ခေါ်ထုတ်သွားတယ်။ နောက် ကိုကျော်ဝေကိုလည်း ခေါ်ထုတ်သွားကြတယ်။

အဲဒါက ဇန်န၀ါရီလကုန် ဖေဖော်ဝါ၇ီလဆန်းလောက်ရောက်နေပြီ၊ အဲဒီနေ့က ကျနော်တို့ ထရံယက်နေရင်းနဲ့ လူသတ်ကုန်းပေါ်မှာ လူရိပ်တွေ တွေ့နေရတယ်။ ဘယ်သူတွေမှန်းတော့ အသေချာတော့မသိဘူးပေါ့ အချိန်က ၁ ၂နာရီခွဲ ၁ နာရီလောက်မှာ လူတွေပြန်ဆင်းလာကြတာ တွေ့ရတယ်။

အဲဒီ ဆင်းလာတဲ့ သူတွေကို ရဲဘော်တွေက ပြန်ခေါ်လာတာ ကိုထွန်းအောင်ကျော်ပါတယ်၊ ကိုချိုကြီးမှာ လက်တဖက် ပါမလာတော့ဘူး၊နောက် ကိုကျော်ဝေ ပြန်ပါမလာတော့ဘူး။
နောက် ၁ရက် ၂ရက်လောက်နေမှ ကျနော်ပြန်ကြားရတာ။ ကိုကျော်ဝေကို အဲဒီနေ့ကပဲ မျိုးဝင်း၊ သံချောင်းတို့က ခေါင်းဖြတ်ပြီး သတ်လိုက်တာလို့ သိရတယ်။

ကိုကျော်ဝေရဲ့ ခေါင်းလည်းပင်းရိုးကနေ ထွက်လာတဲ့ သွေးတွေကို ကိုထွန်းအောင်ကျော်ကို သောက်ခိုင်းတယ်၊ ပြီးတော့ ကိုချိုကြီးကို လက်ဖြတ်ပြီး ကိုချိုကြီးရဲ့ လက်ပြတ်ကို ကိုထွန်းအောင်ကျော်ကို ကိုက်ခိုင်းတယ်လို့ သူကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရတဲ့ အိုကေခေါ် ကိုအုန်းကြိုင်က ပြောပြလို့ သိရတယ်။

ဒါတွေက ကျောင်းသား ၁၅ ဦးကို အစုလိုက်မသတ်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မတိုင်ခင်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပါ။ နောက် ထောင်ထဲမှာ ဖမ်းထားတဲ့ ကာလတွေမှာလည်း သေဆုံးတာတွေ ဘာတွေလည်း ရှိခဲ့တယ်၊ စာရင်းအတိအကျအနေနဲ့လည်း ပြုစုထားကြတာတော့ရှိပါတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများ အိပ်မက်ဆိုးများကနေ လွတ်မြောက်ကြပါစေ။ မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share
  • Immortal Roulette မမမေတော့ မသိဘူး။ ကျွန်တော်တော့ ဖတ်ရင်းနဲ့ ၀မ်းနည်းလိုက်တာဗျာ။ ရင်ထဲမှာ ဆို့နေတာပဲ.... 
  • Sandy Mandalay ပြောစရာ စကားဘာမှမရှိဘူး။
  • Htar Nu Wai Yet set lite Kya tar
  • Ko Lin Wai Aung Not Ko Aung Toe, he is Ko Aung Phoe @ Aye Thet Latt.
  • Rita Lwin ဆရာမရေ သူတို့ တွေ ဘယ်လိုဘာတွေရက်ရက်လုပ်နေကြသေးတုံးဆိုတာ သိချင်သေးပေမဲ့ .. ဆက်မဖတ်ပါရစေနဲ့ တော့လား ... ဖတ်ပြီးတော့ ကျမလဲ စကားမပြောနိုင်လောက်အောင်ဖြစ်မိတယ် ... ခံပြင်းလွန်းလို့ ပါ
  • ဘရာဇီး ငှက်ရိုး အောင်သန်း(ခ)ဘဂျမ်းနှင့်ဂစ်တာတီးနေတာ ကိုသိုက်ထွန်းဦး
    http://www.facebook.com/photo.php?fbid=518605944832706&set=pb.100000499164424.-2207520000.1351730027&type=3&theater
  • U Soe Myint မင်္ဂလာပါ။ များများဖေါ်ထုပ်ပေးပါ။ ခံပြင်းလွန်းပါတယ်။ကျေးဇူးပါ။
  • Thiha Kyaw Thank you Brazil.
  • San Min တရက်တရက်စောင့်ဖတ်ရတာ မောနေပါပြီ။ မြန်မြန်တင်ပေးပါအုန်းဗျာ။
  • Dngyi Waiangel စကားလုံးတောင်ရှာလို့ မရနိုင်အောင် စက်ဆုတ်မိတယ်!!
  • Aung Naing Thu ပါဂျောင်ကိစ္စတာဝန်ရှိတဲ့လူတွေ မင်းတို့ကိုငါသေတဲ့အထိမမေ့သလိုငါ့ဆွေစဉ်မျိုး ဆက်လဲမမေ့အောင်ငါမှာခဲ့မယ်၊နိုင်ငံရေးတွေဘာအရေးတွေ လာမပြောနဲ့ ၊မင်းတို့လုပ်ခဲ့တာနိုင်ငံရေးမဟုတ်ဘူး ၊ကိုယ်ရေးပဲလုပ်ခဲ့ကြတာ ၊ဒါကြောင့်ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ငါအစ်ကိုကို မတရားလုပ်ခဲ့ ကြတဲ့ အတွက်ရယ် မြန်မာပြည်သားတယောက်ဖြစ်တဲ့ ငါအပါအ၀င်ပြည် သူတွေရဲ့မျော်လင့်ချက်ကိုရိုက်ချိုးဖျက်ဆီး ခဲ့တဲ့အတွက်ရယ် မင်းတို့ကိုငါဘယ်တော့မှမမေ့ သလိုငါ့ဆွေစဉ်မျိုးဆက်လဲဘယ်တော့မှမမေ့စေရဘူး မင်းတို့ဘက်က ဘယ်သူတွေကဘာအတွက်ကြောင့်မင်းတို့ကိုကာဗာပေးနေတယ်ဆိုတာလဲ ငါရိပ်မိတယ် မင်းတို့မပါလဲငါတို့ တိုင်းပြည်ဘာမှဖြစ်မသွားဘူးဆိုတာငါယုံတယ် သူခိုးကဂေါပကဖြစ်မှာကိုငါအပါအ၀င်ဘယ်သူကမှလပြီက်ခံမှာမဟုတ်ဘူးဆိုတာ မင်းတို့သိစေချင်တယ်၊ ကြီးကြီးကျယ်ကျယ်တွေလာမပြောနဲ့ငမိုးရိပ်ချောင်းဘေး ကျူးကျော်တဲကလေးတန်းမအောင် တဲ့အမူးသမားကိုသွားပြော ယုံလိမ့်မယ် ပါးစပ်ဖျားကစကားတွေ ခေတ်စားနေတဲ့စကားတွေငါ့ကိုလာမပြောနဲ့ ၊တိုင်းပြည် အတွက်လုပ်ချင်ရင် အရည်အချင်းမရှိရင်တောင်နှလုံးသား ကဖြူစင် ပြီး စိတ်ထားမွန်မြတ်ရတယ်ကွ ငါ့ကိုရိုင်းတယ်လို့မထင်နဲ့လူရိုင်းတွေကိုငါကလူရိုင်းစကားနဲ့ပဲပြောတတ်တယ် ဒါမှလူရိုင်းတွေကငါ့ပြောစကားကိုနားလည်မှာမဟုတ်လား၊ငါ့နာမည်ကိုမှတ်ထား သိုးထိန်း (မြန်မာပြည်သား)တဲ့
  • May Myo Thu ဒါတွေဖတ်တိုင်းကိုယ်ကိုယ်တိုင်မကြုံခဲ့ ရပေမယ့် ရင်ထဲမှာ နာနာသွားတယ်။ မျက်စိထဲမှာ နှိပ်စက်နေတဲ့ သူတွေ ၊ အနှိပ်စက်ခံနေရတဲ့သူတွေကို မြင်ယောင်မိတယ်။ Like ကို နှိပ်ရမှာ အားနာတယ်။

No comments:

Post a Comment