Tuesday, January 22, 2013

ABSDF ကျောင်းသူ ရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်းခရီး(၂၂)


by May Thingyan Hein on Friday, January 4, 2013 at 8:36am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၄၊ ၂၀၁၃ ရန်ကုန်မြို့။

အပိုင်း (၂၂)

အဲဒီရွာလေးမှာ လောင်ထဲကို ပြန်ဝင်ဖို့ ကျမတို့စဉ်းစားရပြီ၊ ဘာကြောင့်လဲဆိုတော့ အချိတ်အဆက်လေ။ အချိတ်အဆက်ကို ပြန်ရှာရတယ်ပေါ့။ စိုင်းခမ်းပမ်းကလည်း သူက လောဝ်က မဟုတ်ဘူးလေ။ လောဝ်နိုင်ငံ မုန်းဆင်းကိုရောက်တော့ ဘာပြောမလဲ လောဝ်ဖြတ်တဲ့ ပုလိပ်လို့ပြောမလား၊ရဲလို့ ပြောမလား သူတို့ကို ပေးရတာပေါ့နော်။ အောက်လမ်းနည်းတွေနဲ့ ပိုက်ဆံတွေ ပေးရတယ်။

ပေးထားတဲ့အတွက် ကျမမှာ နေထိုင်ခွင့်ရှိထားတယ်။ ၁၈ ရက်နေ့ထိ ကျမ မုန်းဆင်မှာပဲ နေတယ်။ အဲဒီမှာ မုန်းဆင်မှာရောက်နေတုန်း ကျမက လောဝ်က တရုတ်ပလိပ်ရှိတယ်၊ အဲဒီ အိမ်မှာပဲ နေလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပိုက်ဆံ ပေးထားတာလေ။

အဲဒီတော့ ကျမမှာ လမ်းပြက နှစ်ယောက်ဖြစ်သွားပြီ စိုင်းခမ်းပမ်းက တယောက်နဲ့ ပလိတ်အမျိုးသမီးက တယောက်ပေါ့၊ ဖြစ်ချင်တော့ ရှမ်းစကားကလည်း သွားတူနေတယ်။ ပြောရရင်တော့ အဆင်ပြေတယ်ပေါ့နော်။

အဲဒီမှာ သူတို့ တွေလမ်းရှာပြီးတော့ ကျမကို ပြောတာကတော့ ယိုးဒယားကိုသွားဖို့က ရွေးဖို့က လမ်း ၂ လမ်းရှိတယ်။ တလမ်းက အရမ်းကောင်းတယ်၊ သူက မြို့တွင်းကနေ တောက်လျှောက်ဖြတ်မှာ၊ ပြီးရင် မဲခေါင်မြစ်ကို ရောက်မယ် မဲခေါင်မြစ်ကနေ ဟိုဘက် ဆိပ်ကမ်းကို ရောက်ရင်တော့ ရပြီပေါ့။ဒါပေမဲ့ ဘာပြောလဲဆိုတော့ ကြားထဲမှာ စစ်တာတွေ အများကြီး ရှိတယ်။

ဟာ…ပြဿနာပဲပေါ့၊ ဒီအတိုင်း စစ်နေရင် ပိုက်ဆံပေးလို့ လွတ်လိုက်ရင် အရေးမကြီးဘူးပေါ့။ ပိုက်ဆံလည်း ယူ လူလည်း မလွတ်ဆိုရင်တော့ သေရချည်ရဲ့ပေါ့။ သူတို့ကလည်း လုပ်ချင်သလို လုပ်ကြတာဆိုတော့လေ ကျမ တွေးပြီး စိတ်ပူရတယ်။

နောက်တလမ်းကတော့ နည်းနည်းကြာလိမ့်မယ်၊ ဘယ်နေ့ဘယ်အချိန်ကြမှ ဒီလမ်းကိုသွားမဲ့ ကားက လာမယ်ဆိုတာကိုလည်း လမ်းပြ နှစ်ယောက်လုံးမသိဘူး ဘာကြောင့်လဲ ဆိုတော့ အင်မတန့်ကို ခေါင်တဲ့ လမ်းကလေး။

လာလို့ရှိရင်လည်း ကုန်တင်ကားတွေပဲ လာတယ်တဲ့ ဒါပေမဲ့ အဲဒီလမ်းကတော့ ဘေးကင်းမယ်ပေါ့။ အစစ်အဆေး လုံးဝ မရှိဘူးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်နည်းတယ်။ ဒီလမ်းကတော့ အစစ်ဆေးနည်းတော့ ကျမတို့လို လူမျိုးတွေကေ၇ွးကြတယ် သွားကြတယ်၊ မှောင်ခို လူတွေပေါ့ တခုခုကြောင့် အစစ်ဆေးမခံချင်တဲ့ သူတွေပေါ့နော်၊ သူတို့က လမ်း နှစ်လမ်းကို ချပြတယ်။

အဲဒါနဲ့အဲဒီလမ်းကို ရွေးလိုက်တယ်။ ကျမက စောင့်ရမယ်ဆိုရင်လည်း စောင့်မယ်ပေါ့။
ကံကောင်းချင်လို့လားတော့ မသိဘူး ၄ ရက်လောက်ပဲ စောင့်ရတယ်။ ၁၈.၄.၁၉၉၃ (တနင်္ဂနွေနေ့)မှာ ကျမ ခရီးစထွက်လို့ရတယ်။ ကားလာတယ် ကားလာတယ် ဆိုတာနဲ့ ကျတို့ ခရီးဆက်ကြတာ။

ကျမရယ်၊ လောဝ် က ရဲ နဲ့ စိုင်းခမ်းပမ်းတို့၃ ဦး မုန်းဆင်(Maung Sing)ကားနဲ့ခရီးဆက်ကြတယ်။
ပြောရဦးမယ် ကားအကြောင်းကို  ကားက တကယ့်ကိုကုန်တင်ကား၊ ကုန်တင်ကား ကလည်း တော်တော်မြင့်တယ်။ ပြီးတော့ ကုန်ကားထဲမှာလည်း ၀က်တွေ တင်ထားတယ်။ အပြည့်ကို တင်ထားတာ။လူတွေက ခေါင်မိုးပေါ်ကနေ လိုက်ရတယ်။ အဲလိုကားမျိုးတွေ ဆိုတော့ ကျမလည်း တက်ရတာပေါ့ သိတယ်မဟုတ်လား ၀က်တွေကလည်း တော်တော်နံတာ။

ဝက်တွေရဲ့ ချေးတွေ သေးတွေရောနေတဲ့ မစင်တွေနဲ့ အရမ်းကို နံတယ်။ အဲဒီကားရဲ့ အမိုးပေါ်ကိုတက်ပြီး ထိုင်လိုက်ရတယ်။ ထိုင်တာမှ ကားခေါင်မိုးရဲ့ အစွန်ဆုံးမှာ နေတယ်။ ကျမက ကားခေါင်မိုးပေါ်ကနေ ကြည့်ရတာလည်း ကြိုက်တယ်။ လူကြားထဲမှာ မနေချင်ဘူး။  လောဝ်မက ပြောတယ်နင် အစွန်ဆုံးကို မနေနဲ့တဲ့။ ကြားထဲမှာနေလို့ ပြောတယ်။ ကျမက နားမထောင်ဘဲနဲ့ မဟုတ်ဘူး ငါ အစွန်ဆုံးမှာပဲ ထိုင်မယ်ပေါ့နော်၊ ကျမ ဂျစ်ကန်ကန်နဲ့ အစွန်မှာပဲနေမယ်ဆိုပြီး ထိုင်ခဲ့တာပဲ။

လမ်းကလည်း ဘယ်လောက်တောင်ဆိုးသလဲ ဆိုရင် လမ်းက လမ်းမဟုတ်တော့သလိုကို ဖြစ်နေပြီ။ တချို့နေရာလေးတွေကိုဆိုရင် သစ်တုံးတွေကို ခုတ်ပြီးတော့  ဟိုနားခု ဒီနားခုနဲ့ အခြေအနေမကောင်းဘူးပေါ့။ အစွန်ဆုံးလည်း နေတော့ တကယ်မြှောက်တာ၊ လူက တချိန်လုံးကိုင်ထားရတာ။ လမ်းက ဆိုးတယ် ခုန်တိုင်း လူက မြောက်မြောက်တက်သွားတာ အဲဒီအချိန်မှ သိတယ် ဘာဖြစ်လို့ လူကြားထဲ ထိုင်ခိုင်းသလဲ ဆိုတာကိုလေ။

ဟာ..ရေရေလည်လည်ခံရတယ် သိလား။ တချိန်လုံး ကားတန်းတွေကို ကိုင်ထားပြီး ပြုတ်ကျမသွားအောင် မနည်းကြီး သတိထားရတာ။ ဘုရားတပြီး နေရာပြောင်းချင်လိုက်တာ၊ သစ်ခက်တွေကလည်း ရိုက်မိတယ်၊ လူကလည်း ပြုတ်မကျအောင် နေရတယ် တကယ်ပဲ။

အဲဒီမှာ တနေရာ ရောက်တော့ကားပေါ်က လူတွေဆင်းဆင်းဆိုတာနဲ့ ဆင်းရတယ်။ နေ့လည်စာ စားကြတာ။ ကျမ လည်းပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့လောဝ် ဝက်အူချောင်း၊ငရုပ်သီးထောင်းနဲ့ နေ့လည်စာစားဖြစ်တယ်။ကားသမားလည်း ဆီဖြည့်တယ်။ အဲဒီကားရပ်တဲ့ နေရာက တော်တော်ခေါင်တဲ့ရွာကလေး ။နေကတော်တော်ပူပြင်းတာဘဲ။အပူဒဏ်ကိုခံစားရတော့ တကယ်ပဲ အမြဲတမ်းအေးမြနေတဲ့ လိုင်စင်မြေကိုလွမ်းမိပြန်တယ်။ လွမ်းတော့လည်း ကိုယ့်အဖြစ်အပျက်ကိုယ် သတိပြန်ရလာတယ်။

ဒီခရီးကတော့စိတ်လှုပ်ရှားဖို့လည်း ကောင်းတယ်။ ဘ၀ရဲ့ အချိုးအကွေ့တခုလို့လည်း ပြောလို့ရတယ်။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ ဆိုတာလည်း မသိဘူး။
မှန်းလို့လည်း မရနိုင်ဘူးလေ။

ကျမ ဘ၀မှာ ငယ်တုန်းကတော့ ဂီတသမား ဖြစ်ချင်ခဲ့တာပဲ။ ၈၈ အရေးအခင်းက ကျမကို ကျမဘ၀ကို  ပြောင်းသွားစေခဲ့တယ်။ ကျမ မြန်မာပြည်အတွက် ဒီမိုကရေစီရေးအတွက် တောထဲကို လာခဲ့တယ်။ တော်လှန်ရေး လုပ်ဖို့ပါ။ မိဘဆွေမျိုးတွေ အားလုံးကို စွန့်ပြီး ထွက်ခဲ့တာနော်။

ဒါပေမဲ့ ကျမ တော်လှန်ရေး ရဲမေ ဘ၀က တိုတိုလေး။ ကျောင်းသားတပ်မတော်ရဲ့ ရဲမေ ဘ၀မှာ ကျမ ပျော်ခဲ့တယ်။ အနေဆင်းရဲ အစားအသောက်စ ဆင်းရဲပေမဲ့ ကျမ ကျေနပ်ခဲ့တယ်။ ဒါပေမဲ့ ကျမတို့ကို ထောက်လှမ်းရေးလို့စွတ်စွဲပြီး ဖမ်းဆီးခံခဲ့ရတယ်၊ လူမဆန်တဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ခံခဲ့ရတယ်။ လျှပ်စစ်ရှော့ရိုက်တဲ့ ဒဏ်တွေကြောင့် ကျမ သေသေချာချာ မမှတ်မိတော့တာတွေလည်း ရှိတယ်။

ကျမ အခံစားရဆုံးကတော့ နိုင်ငံရေး သိက္ခာ ကျခံရတာပဲ၊ သမိုင်းဖျက်ခံရတယ်။ အဲဒါကိုတော့ ကျမ တနေ့ သမိုင်းမှန် ပေါ်အောင်၊ အဖြစ်အပျက် မှန်ပေါ်အောင်လုပ်ရမယ်။ ဘယ်တော့လဲ ဘယ်အချိန်လဲ ဆိုတာ ကျမ မသိဘူး။ ပြီးတော့ မိချို၊ ကျမ သူငယ်ချင်း ခင်ချိုဦး၊ ပြီးတော့ကိုထွန်းအောင်ကျော်…ပြီးတော့ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေ သူတို့အတွက် ကျမတို့သမိုင်းမှန်ပေါ်အောင် ဖြစ်ရပ်မှန်တွေ ပေါ်အောင်လုပ်ရဦးမယ်။  လုပ်ပေးခွင့်ရအောင်လည်း ကျမ ကြိုးစားမယ်။
မလွယ်ကူဘူး ခက်မယ်မှန်းသိပါတယ်။ ဒါပေမဲ့ ကျမ ကြိုးစားမယ်။ အဲဒီစိတ်နဲ့ ကျမ ခရီးဆက်မယ်ပေါ့။

အဲဒီနေရာလေးမှာ တနာရီလောက် ခြေလက်ဆန့်ပြီးတော့ အားလုံးကားပေါ်ပြန်တက် ခရီးဆက်ကြရတယ်။
အဲဒီလို သွားရင်းနဲ့ တနေရာရောက်တော့ ရေချောင်းလေး တခု ရှိတယ်။ ရေချောင်းလေးကို တွေ့တော့ကျမက ပျော်သွားတယ်။ ကျမက ရေချောင်းကိုသိပ်သဘောကျတာ။
ရေချောင်းကိုရောက်တော့ ကားကို ရပ်ရတယ်၊ ဘာဖြစ်လိုလဲဆိုတော့ တံတား မရှိဘူး တံတား မရှိတော့ လူတွေ အကုန်ဆင်းပြီး ရေချောင်းကို လူတွေကဖြတ်။  ရေချောင်းကလည်း ရေက ဒူးဆစ်ကနေ ပေါင်လောက်ထိ ရှိတယ်။ လူတွေ အကုန်လုံးရေစိုကြတာပေါ့။

ဝက်တွေက ကားထဲမှာ ၀က်တွေနဲ့ ကားနဲ့က တအိအိနဲ့ ရေချောင်းကို ဖြတ်ကြတယ်။
အဲဒီမှာ သူတို့က တံတားလည်း မလုပ်ဘူးကွာ၊ လုပ်ကြပါလား ဒီရေချောင်းမှာ တံတားလေးတခုခုတော့ ရွာသားတွေ ဖြတ်နေတာပဲ လိုနေတာပဲ၊ဒါပေမဲ့ ဘယ်သူကမှ မလုပ်ဘူး။ သွားလို့ရရင် ပြိးတာပဲ ငါ ကျော်သွားပြီးရင် ပြီးတာပဲ ဆိုပြီး သဘောထားနေကြလား မသိဘူး။ ဘာမှ မလုပ်ထားဘူး။

အဲဒါနဲ့ ဟိုဘက်ကို ရောက်သွားရော။ အဲဒါနဲ့ ဆက်သွား၇င် တနေရာရောက်တော့ ကားသမားက ပြောတယ်။ ရှေ့မှာ စစ်တဲ့ နေရာရှိတယ်တဲ့။ ဒီနေရာမှာ ဘယ်သူ ဆင်းမလဲ လို့မေးတယ်။စစ်တဲ့ နေရာဆိုတာနဲ့  ကျမလည်း ဟာ ပြဿနာပဲ ဆိုပြီးဖြစ်သွားတယ်။ စစ်တဲ့ နေရာဆိုတာနဲ့ ဆင်းကို ဆင်းမယ်လို့ ပြောလိုက်တယ်။ ကျမ တကယ်ကို အစစ်ကို မခံနိုင်တော့တာ။ အဲဒါနဲ့ ဆင်းလိုက်ရော။ ကျမလိုပဲ ဆင်းတဲ့သူလည်း နည်းနည်းရှိတယ်။အများစုကတော့ကားနဲ့ ဆက်လိုက်ကြတယ်၊ အနည်းစုကပဲ ဆင်းလိုက်ကြတယ်။

အဲဒီ ဆင်းလိုက်တဲ့ လူတွေနဲ့ တောင်တွေကို တက်ရတယ်။ လူကလည်း ပင်ပန်းနေပြီ။ ညလည်း ညရောက်လာပြီ တောင်တွေကိုတက် …တက်..တက်ပြီးတော့ နောက် ပြန်ဆင်းပြန်ဆင်း နဲ့ ၃ နာရီလောက်တောင်အတက်အဆင်းလုပ်ရတယ်။ ည မှောင်လာတော့ အမှောင်ထဲမှာ ဒီအတိုင်းလျှောက်ကြတယ်။ မီးမသုံးကြဘူး ။ကျမက တောထဲကထွက်ခဲ့သူဆိုတော့ အလေ့အကျင့်ရှိနေလို့ အပင်ပန်းခံနိုင်တယ်လို့ ပြောရမှာပဲ။

တောထဲကနေ တိတ်တိတ်ဆိတ်ဆိတ်သွားနေရင်းနဲ့ ကိုယ်နဲ့ အတူ လျှောက်နေကြသူတွေအကြောင်း မဆီမဆိုင်စဉ်းစားမိတယ်။ ကိုယ့်လိုပဲ အစစ်ဆေးမခံနိုင်လို့ ဆင်းလမ်းလျှောက်တဲ့သူတွေကိုး သူ
တို့ကရောဘာအတွက်နဲ့စစ်ဆေးမှု့တွေရှောင်တာလည်းပေါ့ ။ဘယ်သူတွေလည်းပေါ့ ။ ရာဇဝတ်သားတွေလားပေါ့။ ကျမခြေထောက်မှာ ဓါးမြှောင် ၂ ခု ကပ်ချည်ထားတယ်။ တခုကပီထွန်းပေးထားတာ swiss made . တခုကတရုပ်မှာကျမဝယ်ထားတာ။ တခုခုဆို ကျမအတွက် အသုံးဝင်မယ် အကူအညီဖြစ်မယ်ပေါ့။
ညခရီး နားလိုက်တက်လိုက်နဲ့ ကျမ အနောက်ပိုင်းနားကလိုက်တယ်။နောက် အဆင်းလမ်းတွေကြီးဖြစ်လာတော့ ကျမ အရှေ့ဆုံးကချီတက်တော့တာဘဲ။ သူတို့တွေပြောပြီးရီကြတယ်။ သူတို့ပြောတဲ့ရှမ်းစကားတွေက ကျမတို့ ကျိုင်းတုံ ဘက်ကရှမ်းစကားနဲ့အတော် တူနေတာဆိုတော့ နားလည်တယ်။

 အဲဒါနဲ့ ရွာတရွာကိုရောက်တယ်။ ရွာလို့ တောင် ပြောလို့မရဘူး အိမ်ခြေလေး သုံးလေးငါးလုံးလောက်ရှိတယ်။ အဲဒီ ရွာလေးကို ဖြတ်ပြီး အလွန်မှာ ကားက ပြန်စောင့်ပေးထားတယ်။ အဲဒါနဲ့ ကားပေါ် ပြန်တက်ပေါ့။ အဲဒီကနေ ကားက အိပဲ့ အိပဲ့နဲ့သွားပြန်ရော။ တနေရာရောက်တော့ ကားရပ်ပြန်တယ်။
ဆင်းဆင်း ဆိုတာနဲ့ဆင်းရပြန်ရော..ပြီးတော့မှ ဒါ လမ်းဆုံးပဲတဲ့ ကားက ဆက်ကိုသွားလို့မရတော့ဘူးတဲ့။ အဲဒါမှ ပြဿနာပဲ။  မှောင်နေတုန်းပဲ။

အချိန်ကြည့်လိုက်တော့ ၂ နာရီ ခွဲ နေပြီ။ ရွာအမည်က ချိန်းကုတ် ( Chian Kok )တဲ့။ နေစရာအိမ်ကို လောဝ်ပုလိပ် မိန်းမရှာပေးတယ်။ ပစ္စည်းတွေချပြီး ရေချိုးဖို့ပြင်ဆင်ကြတယ်။ကားရပ်တဲ့နေရာ ကနေလမ်းအတိုင်း မီတာ၇ဝဝ လောက်လျှောက်လိုက်ရင် နာမည်ကျော် ကျမတို့ရဲ့ မဲခေါင်မြစ်ကိုတွေ့ရတယ် ။
သိတယ် မဟုတ်လား ကျမ ရေချိုးချင်လာတယ်။ တနေကုန်လုံး ပင်ပန်းနေတော့ ဘာပဲဖြစ်ဖြစ် ရေချိုးလိုက်ချင်တယ်။ ခက်တာက ကျမကရေမကူးတတ်ဘူး။ သူများတွေလိုဇွတ်ရွတ်မဆင်းရဲဘူးလေ ။ ရေစီးလဲကြမ်းသေးတယ်ဆိုတော့ ။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများ အားလုံးကို လေးစားချစ်ခင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)
38Unlike ·  · 
  • Ni Lar အရှုံးမပေးနဲ့ မငယ်ေ၇..
  • Re Searcher အမ သင်္ကြန်ရေ... ဇာတ်တစ်ခုတစ်ခုကလည်း နည်းနည်းတိုနေမလားလို့...ဖတ်ရတာ အားမရသလိုပဲကွာ...
  • Dennis Tun ငယ်ငယ်ကဖတ်တဲ့ တော်လှန်ရေး စွန့်စားခန်း ၀တ္ထုထက် ပိုခံစားရတယ်။
  • Canada Myanmar တခုနှင့် တခု အကြား ဖတ်ရတာ အားမရသလို နည်းနည်း တို သလိုပါ ၊ လိုက်လိုက် ရှာရတာလည်း ဖေ့ စ်ဘုတ်မသုံးတော့ ပိုခက် တယ် ဂရုအီးမေးတွေကိုလည်း ထပ်ဆင့် ဖြန့် ပေးပါတယ်...

No comments:

Post a Comment