by May Thingyan Hein on Monday, January 7, 2013 at 8:40am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၇၊ ၂၀၁၃၊ ရန်ကုန်မြို့။
အပို်င်း(၂၄)
ကျမ ဘန်ကောက်ရောက်တော့ ABSDF ရုံးခန်းကို ရောက်သွားတယ်။ သူတို့တွေကတော့ စိုင်းထွန်းရဲ့ ညီမပေါ့ ဆိုပြီးတော့ ပြူးကြည့်ကြောင်ကြည့်တော့ ကြည့်ကြတာပေါ့။နောက် နန်းအောင်ထွေးကြည်ဆိုတာ ရောက်လာတယ်ပေါ့ ၊ကျမလည်း ခပ်တည်တည်ပဲ။အဲဒါ ဒေါက်တာ နိုင်အောင်တို့ ရုံးပေါ့။
အဲဒီတုန်းကတော့ ထောက်လှမ်းရေး ဘာညာဆိုတာတွေတော့ မပြောကြတော့ဘူး၊ ဒါပေမဲ့ အဲဒီမှာ လှဋ္ဌေးရှိနေတယ်။ ဦးစီးလှဋ္ဌေးပေါ့။ ဘန်ကောက်ကရုံးမှာ ကျမနဲ့ သူနဲ့ တွေ့တယ်။ သူက အသားမည်းမည်းနဲ့ပေါ့။ ထားလိုက်တော့ ။
နောက် ကျမ မိုးသီးတို့ရဲ့ ABSDF ရုံးဘက်ကိုလည်း ရောက်သွားတယ်။ အဲဒီအချိန်တုန်းကလည်း သူတို့က ကွဲနေတာ။ အဲဒီတုန်းက အဲဒီရုံးမှာ ဘယ်သူတွေ ရှိနေလဲဆိုတာတော့ကျမ သေချာ မမှတ်မိတော့ဘူး။
ABSDF တောင်ပိုင်းဗဟိုကိုမိုးသီးဇွန်ဘက်က ကျောင်းသားခေါင်းဆောင်ကိုကိုဦး၊ ကိုဘတိုးတို့သာပီစိုင်းထွန်းခွင့်ပြုချက်နဲ့ကျမထံလာရောက်တွေ့ဆုံခွင့်ရခဲ့တာ။ သူတို့က ကိုမိုးသီးဇွန်စေလွှတ်ထားတဲ့ သိုက်ထွန်းဦးကို တောင်ပိုင်းပြန်လည်ခေါ်ယူလိုတဲ့အတွက် ကျမဖြတ်သန်းလာတဲ့လမ်းကြောင်းခရီးစဉ်ကိုသိချင်တယ်ပြောလို့ ကျမရဲ့ဒီခရီးစဉ်ကို ကိုကိုဦး ကိုပေးခဲ့ပါတယ်။
နောက် အဲဒီတုန်းကျမ အမြဲတမ်းသွားဖြစ်တာက ခေတ်ပြိုင်ဂျာနယ်တိုက်ပဲ။ ဦးတင်မောင်ဝင်းတို့၊ နောက် ကိုမောင်မောင်ထွန်းတို့ မောင်အောင်တို့နဲ့လည်း ခင်သွားတယ်။ တော်တော်ခင်သွားတယ်။ ကျမက မောင်မောင်ထွန်းနဲ့ ပိုခင်သွားတယ်။ သူက ခင်ဖို့ကောင်းတယ်။ သူက လုပ်သားများ ကောလိပ်က။ အဲဒီအချိန်တုန်းကသူကလည်း တောင်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး အဖမ်းခံထားရတဲ့ ဆရာနေ၀င်းအောင်ကိစ္စနဲ့ပတ်သက်ပြီး တော်တော်ကို မကျေမနပ်ဖြစ်နေတဲ့ အချိန်ပေါ့။
ဆရာနေ၀င်းအောင်တို့ စိုးလင်းတို့က အဲဒီအချိန်ထိ အဖမ်းခံနေရတုန်းပဲတဲ့ မောင်မောင်ထွန်းပြောပြတော့ ဟာကနဲ စိတ်မကောင်းဖြစ်သွားတယ်။ ကျမက လွတ်မြောက်ပေမဲ့ အဖမ်းခံထားရတဲ့ သူတွေ ရှိသေးတယ်လို့ ကြားရတိုင်း စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ဘာလုပ်ပေးနိုင်မလဲ ဘာမှလည်း လုပ်မပေးနိုင်ဘူး။ အဲလို ဘာမှလည်း လုပ်မပေးနိုင်လေ ပိုပြီး ခံစားရလေပဲ။
အဲဒီမှာ ပီထွန်းကလည်း ပြောတယ်၊ မင်း သတင်းစာရှင်းလင်းပွဲ လုပ်ချင်သလား ဘာတေးလင်တာ သူခေါ်ပေးမယ်၊ ပြီးတော့ ယင်ဒီးလည်း လာထားတာ သူတို့ကိုလည်း ခေါ်ပေးမယ် လုပ်မလားပေါ့။ လတ်လတ်ဆတ်ဆတ်အချိန်ပေါ့လေ။ အဲဒီမှာ ကျမ စဉ်းစားတယ်။
မလုပ်သင့်သေးဘူးလို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမ ဒီမှာလုပ်နေတုန်းမှာ ဟိုမှာ ကျန်တဲ့ သူတွေကလည်း ကျန်နေသေးတယ်။ ပြီးတော့ကျမမှာ အချက်အလက်တွေ လိုတယ်၊ ဒီအတိုင်း ခံစားရတဲ့အတိုင်း လျှောက်ပြောလို့မရဘူး ဆိုတာ ကျမ သိတယ်။ တခုခု ကျမမှာ ရှိဖို့လိုတယ်။ ဒီအတိုင်း ပါးစပ်ကနေ လျှောက်ပြောနေလို့မရဘူး။ ကျမ သေချာတဲ့ အချက်အလက်တွေ စုရဦးမယ်။
အဲဒီအချိန်တုန်းက ၅၅ ဦးထွက်ပြေးတဲ့ သတင်းစာရှင်းလင်းပွဲကလည်း ပြည်တွင်းထဲမှာ လုပ်ပြီးသွားပြီ၊ဒါပေမဲ့ လူတွေက အဲဒါကို လက်မခံဘူး၊ ကျောင်းသား ၅၅ ဦး ထွက်ပြေးလာတယ်ဆိုတာကို အစိုးရက အကွက်ဆင်တာလို့ ထင်ကြတယ်၊ ကျောင်းသားတပ်က ဒီလိုလုပ်မှာ မဟုတ်ဘူး၊ ကျောင်းသားတပ်က ဒီလိုလုပ်တယ်ဆိုတာကို လက်မခံနိုင်ကြဘူးလေ။
ပြီးတော့ ကျမ ခံစားချက်ကလည်း ပြင်းထန်နေတုန်းကို အဲဒီအချိန်တုန်းက ဒီကိစ္စတွေကိုလည်း လုံးဝ ပြန်မပြောချင်ဘူး၊ ကျမ ခံစားချက်ကလေ တက်လိုက်ကျလိုက်ဖြစ်နေတာ၊ အခုလို ပြန်ပြောတိုင်းလည်း ပြန်ခံစားရတယ်ဆိုပေမဲ့ အဲဒီတုန်းကလိုတော့မဟုတ်တော့။ နောက်ပြီး ဗိုလ်ချုပ်ဇော်မိုင်ပြောခဲ့တယ်။ အချိန်ယူရမယ်ဆိုတာလေ သေချာခေါင်းအေးအေးနဲ့ စဉ်းစား မိငယ်ဆိုတာတွေ ကျမ နားထောင်တယ်။ နားထောင်ခဲ့တယ်။
ပီးထွန်းလို့ ကျနော့်ကို ဗိုလ်ချုပ်ဇော်မိုင် ပြောခဲ့တယ်လို့ အချိန်လေး တခုကို စောင့်လို့ ပြောခဲ့တယ်လို့ အဲဒါကို ကျနော် နားထောင်မယ်လို့ ပီထွန်းကို အဲလို ပြန်ပြောခဲ့တယ်။ပီထွန်းကလည်း အေးတဲ့။ စောင့်တဲ့။ ငါလည်း စောင့်စေချင်တယ်တဲ့ မင်းကို အချိန်တခု စောင့်ပါတဲ့ ဟောဟောဒိုင်းဒိုင်းမလုပ်စေချင်ဘူးတဲ့ နောက်တော့ မင်းဟာမင်း ဆုံးဖြတ်တဲ့ ပီထွန်းကလည်း အဲလို ပြန်ပြောတယ်။
အဲဒီတုန်းက ခေတပြိုင်က ကိုတင်မောင်ဝင်းကလည်း ရိုက်ထားချင်တယ်ဆိုတာကို ပီထွန်းက ကိုတင်မောင်ဝင်းတဲ့ ခဏလောက်စောင့်ပါတဲ့။ ကျနော့်ညီမ သူ့ကို အချိန်နည်းနည်းပေးလိုက်ပါတဲ့။ပီထွန်းက အဲလို ပြောပေးခဲ့တယ်။
အဲဒီအချိန်ကတည်းဒီကိစ္စကို ကျမ ဘယ်သူကိုမှ မပြောတော့ဘူး။ ဒါပေမဲ့ တရက်မှတော့ မမေ့ဘူး။ မိချိုကိုလည်း အိပ်မက်မက်တယ်။ မိချိုက စကားမပြောဘူး ငို နေတယ်။ ပြီးတော့ ကိုထွန်းအောင်ကျော်ပေါ့ သူက စကားမပြောဘဲနဲ့ ကြည့်နေတယ်။ အဲဒီ အိပ်မက်ကိုပဲ ခဏခဏ မက်ခဲ့တယ်။ မက်ပြီးရင် ပြန်အိပ်လို့မရတော့ဘူး။ ကျမက သူတို့အတွက် ဘာမှ လုပ်မပေးနိုင်လို့လား တော့ မသိဘူး။ ခဏ ခဏမက်တယ်။ မေ့လို့လည်း မရဘူး။
အဲဒီအချိန်တုန်းက မောင်မောင်ထွန်းတို့ကတော့ ဆရာနေ၀င်းအောင်လွတ်မြောက်ရေးတို့ ဘာတို့လုပ်ကြတာတွေ ရှိတယ်။
အဲဒီအချိန်မှာ ကျမ ဘန်ကောက်မှာပဲ ရှိနေသေးတယ်၊ ကျမက အေးအေးဆေးဆေးနေရပါတယ်။ တခြားကျောင်းသားတွေလိုတော့ ပြေးပြေးလွှားလွှားမဟုတ်ဘူးပေါ့။ တကယ်တော့ ABကျောင်းသားတွေက အရမ်း သနားဖို့ကောင်းတယ် ထိုင်းမှာ နေရတဲ့ အနေအထားကလေ၊ ပလိတ်တွေက ပိုက်ဆံလိုချင်ရင် မြန်မာ ကျောင်းသားတွေကိုပဲ လာလာပြီး ဖမ်းတာ။ ကျောင်းသားတွေက ပေးရတယ်၊ အဲဒါတွေ ဒုက္ခအရမ်းရောက်တာ။ AB ကျောင်းသားတွေ တကယ် သနားဖို့ကောင်းတယ်။ ခေါင်းဆောင်ပိုင်းတွေကသာ မဟုတ်ကြလို့ ABက ကျောင်းသားရဲဘော်တွေရဲ့ ဘ၀က သနားဖို့ ကောင်းတယ်။
ယိုးဒယားကြွက်(ပလိတ်)တွေက ငွေလိုတိုင်း လာလာဖမ်းကြတယ်။ ကျမမှာတော့ အဲဒီလို ဒုက္ခမရှိဘူး။ ပီထွန်းတို့လည်းရှိတယ်။တခြား အမျိုးတွေလည်း ရှိတော့ အေးဆေး နေရပါတယ်။
အဲလိုပဲ ဘန်ကောက်မှာ နေနေတုန်း အဖေ ဆုံးသွားတယ်။ ဟာ…သွားပြီလို့လည်း ခံစားရတယ်။ ကျမ အဖေကို ကျမ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး။ ကျမက တောခိုဖို့ ထွက်လာကတည်းက အဖေနဲ့ မတွေ့လိုက်ရတော့ဘူး။ အဖေဆုံးသွားပြီ။
နောက်အဖေဆုံးပြီးတော့မှ အမေရောက်လာတယ် ကျမ ဆီကို မေမေက ဖေဖေ ဆုံးတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေသြ၈ိုလ်တုန်းက ပုံတွေ ယူလာပေးတယ်။ အဲဒီဓါတ်ပုံတွေမှာ ဘိုဘိုတို့ကိုရဲလင်းတို့ ပုံတွေကို တွေ့ရတော့ …ဟာ ဒါ ငါ့မြောက်ပိုင်းက ကျောင်းသားတွေပါလား ဆိုပြီး ၀မ်းသာ သွားတယ်။ သိတယ်မဟုတ်လား ဘိုဘို့ကို သူ့အမေက ဒုတိယအကြိမ်သွားပြန်ခေါ်တော့ ပြန်ခွင့်ရသွားတယ်။ ကိုရဲလင်းကတော့ သူ့အင်တာဗျူးထဲမှာလည်း ပြောထားတယ်၊ သူက ထွက်ပြေးလာခဲ့တာလေ။ ဒါပေမဲ့ ကျမက အဲဒီဓါတ်ပုံတွေထဲမှာသူတို့ကို တွေ့မှ သူတို့ လွတ်ပြီဆိုတာကို သိရပြီး ၀မ်းသာသွားတယ်။
အဲဒီလိုနဲ့ဘန်ကောက်ကနေ Australia က ရှေ့နေဖြစ်သူ ဖီးလစ်စမိုက် က ကျမကိုတရားဝင်နေထိုင်ခွင့်ဖြင့် ခေါ်ယူတဲ့အတွက် UNHCR မှာ လုပ်စရာရှိတာတွေ လုပ်ရတယ်။ အဲဒါတွေကိုလည်း ခေတ်ပြိုင်ဂျာနယ်တိုက်က မောင်မောင်ထွန်း တို့နေ ကူညီပေးခဲကလို့ ၁၉၉၄ ခုနှစ် ဇွန်လလောက်မှာ ကျမ Sydney ကိုထွက်ခွာလာခဲ့တယ်။
Australia ကို ရောက်တော့ ဖီးလစ်စမိုက်က ပြောတယ် အစိုးရရဲ့ ထောက်ပံ့ကြေးရအောင် အမြန်ဆုံးလုပ်ပေးမယ်တဲ့…။ မလုပ်ပေးနဲ့လို့ ကျမ ရရာအလုပ်တခုခုကို လုပ်မှာလို့။ အစိုးရ ဆီက ငါးပြားတစေ့ဘာထောက်ပံ့ကြေးမှ ကျမ မလိုချင်ဘူးလို့၊ အဲဒီအတိုင်းပြောခဲ့တာ၊ အဲဒီအတိုင်းပဲ Australia အစိုးရဆီက ဘာထောက်ပံ့ကြေးမှ ယနေ့အချိန်ထိ မယူခဲ့ဘူး။
ကျမ သူများနိုင်ငံက အစိုးရရဲ့ ထောက်ပံ့ကြေးကို မလိုချင်ဘူး။ ကျမ ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်တည်ချင်တယ်လေ။ ရှင်းရှင်းပြောမယ် အိမ်သာဆေးတဲ့ အလုပ်ပဲဖြစ်ဖြစ် လမ်းဘေးမှာ အမှိုက်သိမ်းရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုပြီး ရှာခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်မယ်ဆိုပြီးတော့ လက်မ ထောင်ခဲ့တာလေ ကျမက။
ပြီးတော့ အဲဒီအချိန်တုန်းကလည်း ကိုယ့်ဘ၀ကိုယ်နားလည်နေပြီ။ နောက် အဲဒီတုန်းကလည်းမြန်မာပြည်ကို ကယ်တင်ချင်တယ်တွေ ဘာတွေကြီးကြီးကျယ်ကျယ်တွေ ပြောနေတဲ့သူတွေကတော့ သူတို့သည် အလုပ်ရှာလို့မရလို့ဘဲလား၊ ဘာကြောင့်လဲတော့ မသိဘူးAustralia အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ နေနေကြတာတွေလည်း ရှိတာပေါ့နော်။လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ။
ကျမကတော့ အဲလိုမျိုး အဖြစ်ကို မခံချင်ဘူး။ အစိုးရဆီကနေ လက်ဝါးဖြန့်ပြီး နေနေတဲ့ သူက ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကယ်တင်နိုင်မလဲ။ ကိုယ့်ခြေထောက်နှစ်ချောင်းပေါ်တောင် ကိုယ်မရပ်တည်နိုင်ဘူးလေ။
အဲဒါနဲ့ ရောက်ရောက်ခြင်း ရရာအလုပ်တခုကို ရှာတယ်။ ကိုယ်ကလည်း ပညာတတ်ကြီး တယောက်မဟုတ်ဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း နှိမ့်ချထားပြီးသား။ သိလား တကယ့်ကို အခြေခံအလုပ်ဆိုရင်လည်း လုပ်မှာပဲ။ ကိုယ့်ဘ၀မှာ ဒါမျိုး အလုပ်ဆိုတာ တခါမှ မလုပ်ထားဖူးဘူး။ မိဘလက်ထက်မှာ မိဘက ကိုယ့်ကို ပြည့်စုံအောင်ထားပေးခဲ့တယ် ကောင်းကောင်း ထားပေးခဲ့တယ်လေ။
အဲဒါနဲ့ကုမ္ပဏီတခုမှာ သာမန်အလုပ်ကလေးတခု ရခဲ့တယ်။ သာမန်အလုပ်သမလေး ဘ၀နဲ့ နေခဲ့တယ်။ အဲဒီလိုနေတုန်းက ၀မ်းတော့ နည်းတယ် သိလား။ ဘာကိုသွားသတိရလဲဆိုတော့ ကျမတို့ ငယ်ငယ်တုန်းကလေ ကျမက စာမကျက်ချင်တော့ အမေက အမြဲတမ်းပြောတယ် အခြေခံ လူတန်းစား အလုပ်သမလေးတွေ ထမင်းချိုင့်လေးတွေနဲ့ အလုပ်သွားနေကြတာကို တွေ့ရင် အမေက တွေ့လား ပညာမတတ်ရင် ဒါမျိုးလုပ်ရမယ်လို့ အမေက ပြောခဲ့တယ်။ အဲဒီတုန်းကတော့ ကားပေါ်ကနေ အမေ ဘယ်လောက်ပြောပြော ဂရုကိုမစိုက်တာ အမေတို့ ချမ်းသာတာလည်း သိတာကိုး။
ခုတော့ကိုယ်တိုင် သာမန်အလုပ်သမလေး ဘ၀နဲ့ စရတော့ အဲဒါကိုသွားသတိရတယ်။ ငါ အမေဟိုတုန်းက ပြောခဲ့တဲ့ ဘ၀ရောက်နေတာပဲလို့ ဒီနိုင်ငံမှာလေ။ တကယ့်စက်ရုံအလုပ်သမားလေးတယောက်။ ဒါပေမဲ့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပေါ့။ ဘာပဲပြောပြော လမ်းဘေးမှာ တံမြက်စည်းလှဲနေရတာထက်စာရင်တော့ စက်ရုံလေးတခုက အလုပ်ကလေးကတော့ မဆိုးဘူးပေါ့။ ပြီးတော့ ဒါကျမရဲ့ လုပ်အားနဲ့ကျမ ရပ်တည်တာပေါ့။အဲလိုလေး ကိုယ့်ကိုယ်ကိုလည်း ကိုယ်ပြန်ပြီး အားပေးခဲ့ရတယ်။အဲဒီအလုပ်ကလေးနဲ့ စပြီးရပ်တည်ခဲ့တယ် အဲဒီဋ္ဌာနလေးမှာ တနှစ်လောက်လုပ်ခဲ့ရတယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
ကချင်လှဌေး၊ ကိုဌေးတင့်၊ ဦးတင်ဦး (၁၉၈၉အေဘီမဲဆောက်ရုံး)
No comments:
Post a Comment