by May Thingyan Hein on Thursday, January 3, 2013 at 5:38am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၃၊ ၂၀၁၃၊ ရန်ကုန်မြို့။
အပိုင်း(၂၁)
၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (သောကြာနေ့)။ အဲဒီနေ့ မနက် ၈ နာရီမှာ ကျမနဲ့အကိုပီထွန်းတို့ ကားတစီးငှားပြီး ယင်ကျန်းမြို့ကနေ ထွက်လာခဲ့တယ်။
နေလည်ပိုင်းမှာ ရွှေလီမြို့ကို ရောက်တယ်။ရွှေလီမှာက ပီထွန်းနဲ့ သိတဲ့ ထမင်းဆိုင် တဆိုင်ရှိတယ်။ အဲဒီဆိုင်လေးမှာ ကျမ ခဏလေးနားတယ်၊ နားတုန်းက အကိုပီထွန်းက ကျမကို အဲဒီဆိုင်လေးမှာ ခဏ ထားထားခဲ့တယ်။ ဆိုင်အတွင်းထဲမှာ ကိုယ့်ရှမ်းတွေနဲ့ပဲ ပြောပြီးတော့ ကျမ အဲဒီထဲမှာပဲ နေတယ်။ ဘာဖြစ်လို့လဲဆိုတော့သိပ်ရှုပ်တယ်၊ ဗကပ ရှိတယ်။ ကျောင်းသား ရှိတယ်။ အစိုးရလူတွေ ရှိတယ်။ ကုန်သည်တွေ ရှိတယ်။တကယ့်ကို အင်မတန် ရှုပ်ထွေးနေတဲ့ နေရာလေနော်။ လူတယောက်ကို ဘယ်လိုမဆို လုပ်လို့ရတဲ့ နေရာ။
အဲဒီဆိုင်ကနေ ညနေကျတော့ အကိုက လာခေါ်တာနဲ့ လိုက်သွားတယ်၊ နောက် အိမ်တအိမ်ကို ရောက်တော့ အကိုက ရှမ်းအမျိုးသားတယောက်နဲ့မိတ်ဆက်ပေးတယ်။ အဲဒီတုန်းက ကျမက ငယ်တာပေါ့ ငယ်တော့ ဦးလေး အရွယ်လောက်ရှိတယ် ပီထွန်းမိတ်ဆက်ပေးတဲ့ သူကလေ။
အဲဒီအမျိုးသားကြီးနဲ့ အကိုနဲ့က ရှမ်းစကားတွေပြောကြနဲ့ နှုတ်ဆက်ကြနဲ့ပေါ့၊မိတ်ဆက်ပေးတော့ ဘယ်သူမှန်းလဲ မသိဘူး ကျမကလေ နောက်တော့မှ သိရတာကသူ မိတ်ဆက်ပေးခဲ့တာက SSPPက ဗိုလ်မှူးကြီး စိုင်းလိတ်။ အဲဒီအချိန်တုန်းက အဲဒီအဖွဲ့မှာ သူက အကြီးဆုံးပါပဲ။
နောက်ပီထွန်းနဲ့ ထွေရာလေးပါး စကားပြောကြတာပေါ့။ ရှမ်းတွေအကြောင်း မြန်မာပြည်အကြောင်း ရှမ်းပြည်နယ်အကြောင်း ရှမ်းအဖွဲ့အစည်းတွေ အကြောင်း အစုံပေါ့။ တော်လှန်ရေးအကြောင်း၊ အစိုးရ အကြောင်း တွေပေါ့။
သူနေတဲ့ အိမ်မှာပဲ ကျမ နေတယ်၊ ဒါဟာ ကျမအတွက် အလုံခြုံဆုံးပဲလေ။ အဲဒီမှာပဲ တည်းခိုတာပေါ့နော်။ အဲဒါ သူ့အိမ်လား ဘာလားတော့ ကျမလည်း သေချာမသိဘူး။
ဗိုလ်မှူးနဲ့ ကျမ စကားတွေလည်း ပြောဖြစ်ခဲ့တယ်။ ဗိုလ်မှူးကြီးအိမ်မှာပဲ ကျမ တလနီးပါးလောက် ကြာအောင် တည်းခိုခဲ့ပါတယ်။ အဲဒီကနေ ရှေ့ဆက်သွားဖို့ ကျမ စဉ်းစားရပြီ။
ဒီနေရာကနေ ကျမအတွက် အလုံခြုံဆုံး၊ ဘေးအကင်းဆုံး လမ်းကို ပီထွန်းနဲ့ အတူ စဉ်းစားကြတယ်။ ကျမမှာ ပတ်စပို့မရှိဘူး၊ ဖြတ်သန်းဖို့ အခက်အခဲရှိတယ်။ ကျမအကို ပီထွန်းကတော့ပတ်စပို့ရှိတော့ သူက ကျမနဲ့အတူ လျှောက်လိုက်လို့မရဘူး။ ဒါပေမဲ့ သူကလည်း ကျမကို ဘေးကင်းပြီး လုံခြုံဖို့အတွက် တော်တော်စဉ်းစားပေးတယ်။
ဒီကနေ ဖြတ်ထွက်ဖို့ ကျမအတွက် လမ်းပြပေးမဲ့ သူက အရေးကြီးနေပြီလေ။သူက စိတ်ချရတဲ့ လမ်းနဲ့ စိတ်ချရတဲ့ လမ်းပြရှာဖို့အတွက် သူလည်း တော်တော်စဉ်းစားရတယ် နောက်တော့ မန်စီမြို့ကို သွားပြီး လမ်းသွားရှာပေးတယ်။ တော်တော်ကြာတယ် သူ လမ်းရှာပေး လမ်းပြရှာတာနဲ့ ၁၀ ရက်လောက် ကြာတယ်။ နောက်တော့ သူပြန်ရောက်လာတယ်။လမ်းပြတွေ့ပြီတဲ့ လမ်းလည်းတွေ့ပြီတဲ့ ရှမ်းတယောက်ကလည်း ကူညီပေးတယ်။
သူပြန်လာတော့ ပြောတယ်။ တွေ့ပြီတဲက ဆစ်ဆောင်ပန်းနားကနေ သွားရမယ်တဲ့။ ဆစ်ဆောင်ပန်းနား ဆိုတော့ ကျမ စိတ်ဝင်စားသွားတယ်။
တကယ်တော့ ဆစ်ဆောင်ပန်းနားဆိုတာက ကျမရဲ့ အဖိုး၊ ကျမ အမေရဲ့ အဖေ ဇာတိပေါ့၊ ဟိုးရှေးရှေးတုန်းက အဖိုးက ဆစ်ဆောင်ပန်းနားကနေ ကျိုင်းတုံဘက်ကို လာတာ အဖွားနဲ့တွေ့ပြီးတော့မှ အကြောင်းပါတာတွေပေါ့။
အကိုက ဆစ်ဆောင်ပန်းနားကို သွားရမယ်ဆိုတော့ အော်…ငါ ငယ်ငယ်က သွားခဲ့ဖူးတဲ့ နေရာပဲ ရှမ်းရွာလေးပဲပေါ့နော်၊ ငယ်ငယ်တုန်းက ကြားဖူးနေတယ်လေ ဆစ်ဆောင်ပန်းနား ဆိုပြီး ရှမ်းသမိုင်းတွေမှာလည်း ရှိတယ်၊ ကျမတို့ ရှမ်းလူမျိုးကလည်းတော်တော်ကျယ်ပြန့်တာပဲ။ ကျမတို့ မသိတာတွေ အများကြီး ခုထိလည်း မသိသေးပါဘူး။ဘာပဲပြောပြော ဆစ်ဆောင်ပန်းနားကို သွားရမယ်ဆိုတော့ စိတ်ဝင်စားတယ်၊ ဟုတ်ပြီပေါ့ ပီထွန်းပေါ့ သွားမယ်ပေါ့ ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက် (ကြာသာပတေးနေ့)မှာ ပြန်ထွက်လာကြတယ်။ ကားတစင်းငှားပြီးတရုပ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှ မနက်စာစားပြီး ခရီးဆက်ခဲ့ကြပါတယ်။ ကျမနဲ့ပီထွန်းနဲ့ နှစ်ယောက်တည်းပဲ။
ရွှေလီကနေ ထွက်ပြီဆိုတော့ ယူနန်စတိတ်ကိုဖြတ်ဖို့အတွက် ရိုးရိုးနဲ့ မရတော့ဘူး၊ တလအတွင်း သွားလာခွင့်ဆိုတာ ဈေးလည်း ပိုကြီးတယ် ၊ အဲဒါနဲ့မှ ဖြတ်သန်းခွင့် ရတော့မှာ။ သိတယ်မဟုတ်လား ဈေးကြီးတယ် တရုပ်ငွေ တော်တော်ပေးရတယ် ဒါပေမဲ့ တလအတွင်း တရုပ်ယူနန်ပြည်ကြီးထဲမှာ သွားချင်တဲ့ နေရာ သွားလို့ရတယ်။ အဲဒါကို ၀ယ်ပြီး ဆစ်ဆောင်ပန်းနား ရောက်အောင်သွားကြတာ။လမ်းခရီးမှာ ၂ ညကြာတယ်။
၂ဝ.၃.၁၉၉၃ (စနေနေ့) မွန်းလွဲပိုင်း ၃ နာရီခန့်မှာ ဆစ်ဆောင်ပန်းနားကိုရောက်ရှိတယ်။ ဆစ်ဆောင်ပန်းနားက မြန်မာနယ်စပ် ကျိုင်းတုံ ဘက်နဲ့ တအားနီးသွားတယ်။ အပစ်အခတ် ရပ်ဆဲထားတဲ့ ၀တပ်တွေနဲ့ သွားနီးတယ်။
ဆစ်ဆောင်ပန်းနားကို ရောက်ပြီး ကျမကို ယိုးဒယားနိုင်ငံခေါ်ဆောင်သွားပေးမဲ့လမ်းပြ အိမ်ကိုလိုက်ရှာကြပါတယ်။ ငယ်ငယ်တုန်းက အဖွားက ကျမကို ရှမ်းလိုဘဲပြောဆိုခဲ့တဲ့အတွက် ရှမ်းစကားပြောဆိုနိုင်တာက တော်တော်ကောင်းသွားတယ်။ ဒီဆစ်ဆောင်ပန်းနားမြို့ကလေးမှာ ကျမတို့ရှမ်း နွယ်ဘွားတွေနေထိုင်တဲ့အတွက် အတော်များများဟာ ရှမ်းစကားပြောဆိုကြတယ်။ ။ကျမလမ်းပြဟာ လည်းရှမ်းလူမျိုးဖြစ်လို့ရှမ်းစကားပြောတော့ ကျမအတွက်အတော်ဘဲဆက်ဆံရေးလွယ်ကူခဲ့ပါတယ်။
သူ့ရှမ်းအမည်ကိုစိုင်းခမ်းပမ်းအနေနဲ့သိရပြီးတရုပ်အမည်တော့မမှတ်မိတော့ပါ။ ဆစ်ဆောင်ပန်းနားကနေ အနီးဆုံးနဲ့အမြန်ဆုံးခရီးတခုကကျိုင်းတုံ-တာချီလိတ်လမ်းက တဆင့်ယိုးဒယားနယ်စပ် မယ်ဆိုင်ကိုဝင် ဖို့ပါဘဲ။ ဒါပေမဲ့ဒီလမ်းအတွက် အဲ့ဒီအချိန်က စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ဝတပ်ကိုဖြတ်ရမှာဆိုတော့ကျမက ကြောက်တယ်။
ဆိုတော့ ပီထွန်းနဲ့သိကျွမ်းတဲ့ ဆစ်ဆောင်ပန်းနားမှာနေ နေတဲ့ ဝတပ်မှဗိုလ်ကြီးတဦးနဲ့(အမည်မမှတ်မိတော့ပါ။)ကျမတို့ ဝတပ်စခန်းကိုရောက်ကြတယ်။ ဟာ ၀တပ်က တော်တော်ကြီးတယ်။ တပ်စခန်းဟာရွာကြီးတရွာလောက်ကို ဖြစ်နေတာ၊ လူအင်အားတော်တော်ကောင်းတယ်။ ပြောရရင် KIA ဗဟိုဌာနချုပ်ထက်ပိုမိုကြီးမားတာတွေ့ရတယ်။ နှစ်ထပ်ပြင်ထောင်အိမ်တွေ ၊ဈေးဆိုင်လေးတွေနဲ့တော်လှန်ရေးတပ်နဲ့တောင်သိပ်မတူဘဲရွာအကြီးစားကြီးပဲ။
နောက် ကျမတို့ ယိုးဒယားနယ်စပ်ရောက်သွားဖို့ တာချီလိတ်လမ်းက ဝင်နိုင်ဖို့လမ်းကြောင်းကိုအနီးကပ်သွားကြည့်ကြတယ်။ အဲဒီလမ်းကြောင်းကို သွားကြည့်တော့ အဲဒီလမ်းကြောင်းဖြတ်ဖို့ စစ်အစိုးရဂိတ်နှစ်ခုကိုဖြတ်သန်းရမယ်။
ပြီးတော့ သူတို့ပိုင်နယ်မြေထဲကနေ မော်တော်ဆိုင်ကယ်နဲ့ သွားရမှာ ၅ နာရီလောက်ကြာမယ် ဆိုတော့ ကျမ လန့်နေပြီ။ ကျမ ဘယ်လိုမှ စစ်ဆေးခံနိုင်မှာမဟုတ်ဘူး။ အဲဒါနဲ့ပီထွန်းက စဉ်းစားဦးဆိုတော့ စဉ်းစားကြတယ်။
နောက် တော့ ကျမ ပီထွန်းနဲ့ တိုင်ပင်ပြီး လောနိုင်ငံ လမ်းကို ရွေးလိုက်မိတယ်။ ဒီလမ်းက ကျမအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်း ထင်မိခဲ့တယ်။ ပီထွန်းကတော့ တရုတ်ပြည် ဗီဇာရက်ကုန်လို့ ကျမ တယောက်တည်း ဆစ်ဆောင်ပန်းနားမှာ နေခဲ့ရတယ်။ဆိုတော့ကျမလည်း လမ်းပြအိမ်ကိုမှာပဲ တည်းခိုဘို့ရွှေ့ပြောင်းခဲ့ပါတယ်။ စိုင်းခမ်းပမ်းရဲ့ဇနီးနဲ့သူ့သား သမီးတွေသိပ်ဖော်ရွေပါတယ်။ စိုင်းခမ်းပမ်းရဲ့၂ပတ်က လက်တွေ့မှာ၃ပတ်ဖြစ်သွားတယ်။
ဒီလိုနဲ့ကျမလမ်းပြစိုင်းခမ်းပမ်းနဲ့ခရီးထွက်ခွာဖို့ပြင်ဆင်တော့တယ်။
၁၂.၄.၁၉၉၃ (တနင်္လာနေ့)မှာ ဆစ်ဆောင်ပန်းနားကနေ ကားနဲ့ ထွက်လာကြတယ်။ တရုပ်နယ်စပ်မုန်းမန်းကို ရောက်တယ်။ မုန်းမန်းမှာ ၂ ညနေခဲ့ ရတယ်။လောနိုင်ငံဝင်ခွင့်လက်မှတ်ပြုလုပ်ရတယ်။
၁၄.၄.၁၉၉၃(ဗုဒ္ဒဟူးနေ့)မှာတော့ ကျမ တရုပ်နိုင်ငံ မုန်းမန်းမှထွက်ပြီး လောနိုင်ငံ မုန်းဆင်(Muang Sing)ကိုရောက်ပြီ။
မုန်းဆင်မှာ ကျမတို့ လောဝ်နယ်ခံ ပုလိပ်အိမ်မှာဘဲတည်းခိုခဲ့ကြတယ်၊ အဲဒီက ရဲ အမျိုးသမီးကိုယ်တိုင်က ကျမရဲ့ လမ်းပြအဖြစ် လိုက်ပေးမှာပါ။
ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment