Monday, January 21, 2013

ကိုကြီးအတွက်ကဗျာ (တခါကညီငယ်)


သူတို့ကို ကဗျာလေး ရေးပြီး ဆဲလိုက်အုံးမယ်အစ်ကို

အခု
မကြားချင်ဆုံး ရထားတစ်စီးရဲ့ ဥသြသံကို
ကြားနေရတယ်…..။
မကြားချင်ပေမယ့် ကြားနေရတယ်….အစ်ကိုရေ……။

အစ်ကိုရေ….
ကျွန်တော်တို့တွေအပေါ်ကို နင်းခုတ်ဖဲ့ခြေ ခဲ့ ဖူးတဲ့….ရထားအိုအစုတ်အပြတ်လေးက
ဖေဖေါ်ဝါရီဆိုတဲ့ ဘူတာရုံအမည်းလေးဆီကို ဆိုက်ရောက်လာတော့မယ်အစ်ကို။
အခုဆို ကျွန်တော်သံလမ်းတွေကို ကပ်နားထောင်ကြည့်တယ်။
ရထားဘီးနင်းကြိတ်ခြေနေတဲ့ အသံတွေကိုကြားနေရတယ်…
အဲသည်ရထားခုတ်သံက ပြင်းထန်လွန်းတယ်အစ်ကိုရာ………………
ခုလည်းနားထောင်အစ်ကို…သေချာနားထောင်နော်၊
အစ်ကို့သူငယ်ချင်းတွေကိုလည်း ခေါ်နားထောင်ခိုင်းလိုက်ဦး…..
အို…….မထူးဘူး…အကိုတို့ တူတူနားထောင်ကြဗျာ။
ဟော…ကြည့် …ကြည့်…
ဘယ်သူတွေရဲ့ အ၇ိုးတွေကို ကြိတ်ချေခုတ်မောင်းနေပြန်နေပြီလဲ မသိဘူးနော်အစ်ကို…
ကျွန်တော့်ဘက်ကတော့ မမြင်ရဘူး၊
အစ်ကို့ဘက်က မြင်ရလား…တစ်ချက်လောက်လှမ်းကြည့်ပေးပါလား အစ်ကို။
ဟော…ကြားလားအစ်ကို..ကျွန်တော်ကြားနေရပြန်ပြီ။
အဲသည်ကောင်ရဲ့ ဥသြဆွဲသံကြီးကို…………………………………………..၊
ဘယ်မိဘတွေရဲ့ မျက်ရည်တွေကို ဖောက်ထုတ်အုံးမလဲ မသိဘူး။
ဘယ်မိတ်ဆွေတွေရဲ့ မျက်ဝန်းတွေကို အိုင်ထွန်း..နစ်မွန်းစေအုံးမလဲမသိဘူး။
သူ့အသံကိုနားထောင်ပြီး မှန်းဆကြည့်ရသလောက်တော့
ဇန်န၀ါရီဆိုတဲ့ ဘူတာရုံနားလောက်တော့ ရောက်နေပြီထင်ပါရဲ့။
ဘူတာစဉ်တိုင်းမှာ
သွေးစွန်းနေတဲ့အလံတွေ လွှင့်တင်ထားမယ်ဆိုတာ သေချာတယ်။
ကျွန်တော်တို့နိုင်ငံမှာ ဆယ့်နှစ်ရာသီမှာကြည့်ချင်ပွဲတွေရှိသလို
တော်လှန်ရေးတွေလည်း ရာသီမပြတ်ရှိတယ်။

ခု..ကျွန်တော်ရပ်နေတဲ့ ကုန်းမြင့်လေးကနေ
အစ်ကိုနဲ့ကျွန်တော်တို့….မြေပြင်ပေါ်ကို ထိုးထွက်နေတဲ့ အရိုးတွေကို
ညနေခင်းတစ်ခုမှာ…
တူတူကြည့်ခဲ့ကြဖူးတယ်လေ…အစ်ကို။

ကျွန်တော် BMX စက်ဘီးလေးထုတ်ပြီး…
မိုးရာသီနေ့တစ်နေ့မှာ
လမ်းတောင်ထိပ်က ကဖေးဆိုင်လေးမှာ
လက်ဖက်ရည်ဝယ်ဖို့ ထွက်လိုက်ကတည်းက
ရှစ်ဆယ့်ရှစ်ဆိုတဲ့ စက်ဝန်းကြီးထဲ နစ်ဝင်သွားတော့တာပါပဲ။

အစ်ကိုနဲ့ ကျွန်တော်စတွေ့ကြတယ်..
နံပါတ်ဝမ်းဆိုတဲ့ တောင်ထိပ်က လက်ဖက်ရည်ဆိုင်လေးမှာ။
အဲသည်တုန်းက အစ်ကို့ပုခုံးပေါ်မှာ ထမ်းပိုးလှလှလေးကို
ကျေကျေနပ်နပ် အစ်ကိုက ထမ်းထားလို့…။
အဲသည်နှစ် ဒီဇင်ဘာမှာပဲ …
အစ်ကိုက ကျွန်တော့်ကို ထမ်းပိုးလှလှလေးတစ်ခု
X.masလက်ဆောင် ပေးခဲ့တယ်။
အစ်ကိုလှမ်းကြည့်လိုက်………….
ခုထက်ထိ..အဲသည်ထမ်းပိုးလေးက
ကျွန်တော့်ပုခုံးပေါ်မှာ….ပဲ…..
မြင်ရလားအစ်ကို…
အစ်ကို့သူငယ်ချင်းတွေကိုလည်း ခေါ်ပြလိုက်အုံး အစ်ကိုရ……
လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က လက်ဆောင်ထမ်းပိုးလေးကို
လွှတ်မချသေးပဲ …
ခုထက်ထိ ဆက်ထမ်းထားသေးတဲ့ ချာတိတ်လေးတစ်ယောက်ကိုပေါ့။
အင်း………………………
ချာတိတ်….ချာတိတ်…ချာတိတ်………………..ချာတိတ်မဟုတ်တော့ဘူးးးးးးးးးးးးးးးးးးးးးးး……
အဲသည်ချာတိတ်က ဆံပင်တွေဖြူနေပြီအစ်ကိုရ..၊
လူတွေေ၇ှ့မှာတော့ ချာတိတ်မဟုတ်တော့ဘူး…
အစ်ကိုတို့ရှေ့မှာတော့ ချာတိတ်ပါပဲအစ်ကိုရာ…..ဟုတ်တယ်မလား။

အစ်ကိုနဲ့နောက်ဆုံးတွေ့တဲ့ရက်…
အောင်တော်မူထဲက အလိမ္မာစာပေရှေ့မှာ..။
ထုံးစံအတိုင်း အစ်ကိုက ပြုံးပြုံးကြီးစိုက်ကြည့်လို့..
အလိမ္မာစာပေရှေ့မှာ လိမ်လိမ်မာမာနေဖို့
ကျွန်တော့်ကို တတွတ်တွတ် မှာကြား…
နောက်အစ်ကိုက ဆိုင်ကယ်တစ်စီးပေါ်ပါသွား…
ကျွန်တော်က စက်ဘီးနဲ့ပြန်အလာ..
နိမိတ်လားမသိပါဘူးအစ်ကိုရာ…စက်ဘီးပေါက်သွားတယ်။
စက်ဘီးဖာနေတုန်း…..စက်ဘီးဆိုင်ရှေ့က
ရွှေကြာ….လက်ဖက်ရည်ဆိုင်မှာထိုင်စောင့်တာမှတ်မိသေးတယ်။
တီးဆရာ..ကိုအရှည်ကြီးက …မင်းတို့တွေ ဘာမှမဖြစ်ဖူးလား….တဲ့။
ကျွန်တော်ပြန်ဖြေလိုက်တယ်..စက်ဘီးပေါက်သွားတယ်………လို့။

အစ်ကို….
ခုအရမ်းချမ်းနေလားအစ်ကို….
ကျွန်တော်တောင်သည်မှာ အနွေးထည် နှစ်ထပ်ဝတ်ထားရတာ
အစ်ကိုတို့ဆိုပိုချမ်းရောပေါ့…၊
ဘာလို့လဲဆိုတော့…အစ်ကိုတို့က
နှင်းတွေနဲ့ပိုနီးတယ်လေ…
အစ်ကိုတို့က ကောင်းကင်မှာရောက်နေတာလေအစ်ကို……………..
အစ်ကို…………..ကိုမြတ်ကို…ကိုရောတွေ့သေးလား…၊
သူ့မှာ ဂျာကင်တစ်ထည်ပါသွားတယ်အစ်ကို..
နောက်တစ်ထည်လောက် ပိုချင်ပိုအုံးမယ်…
အဲဒါအစ်ကိုယူချင်ယူထားလိုက်။
အစ်ကို..အော်ဂင်တီးဖြစ်သေးလားအစ်ကို…………………..
အစ်ကိုသိပ်ကြိုက်တဲ့ သစ်သားအိမ်နဲ့အော်ဂင်လေး….
ကောင်းကင်ဘုံမှာရှိရဲ့လားအစ်ကို….
အစ်ကို့ရဲ့လက်တွေက …အဖြူအမည်းခလုတ်တွေပေါ်မှာ…ပြေးလွှားဆော့ကစားခဲ့ဖူးတယ်။
အစ်ကိုရဲ့ ဘ၀တစ်ခုလုံးမှာလည်း..အဖြူအမည်း ခလုတ်တွေပေါ်မှာ
ကျေကျေနပ်နပ် ပြေးလွှားခဲ့တာပဲ။
ကျွန်တော်…အစ်ကို့သူငယ်ချင်းတွေဆီ အလည်သွားသေးတယ်….
အစ်ကို့ကို သတိရလို့။
သူတို့ကတော့ ကျွန်တော့်ကို ငြိုငြင်မလားမသိဘူး…..
အရက်သမား လူဆိုးလေး..လို့ မြင်ချင်လည်းမြင်နေမယ်၊
အစ်ကိုကတော့ သိတယ်မလား..ကျွန်တော်လူဆိုးမဟုတ်ဘူး..ဆိုတာ၊
အဲသည်လို ပြုံးပြုံးကြီး မကြည့်စမ်းပါနဲ့ အစ်ကိုရာ…
ကျွန်တော်မနေတတ်ဘူးဗျ။
အစ်ကို ကျွန်တော့်ရင်ဘတ်ကိုကြည့်…
သေချာကြည့်နော်အစ်ကို…။
ဘာမြင်ရလဲ…လို့….၊
အစ်ကို မမြင်ဘူးမလား…၊ အစ်ကိုမေ့နေတယ်…၊
ဟုတ်တယ်ဟုတ်။
အစ်ကို ပျိုးခဲ့တဲ့ သီချင်းသစ်ပင်လေး
ကျွန်တော့်နှလုံးသားမှာ ရှင်သန်နေတုန်းပဲ….
တွေ့ပြီနော်အစ်ကို…။

အစ်ကို့သူငယ်ချင်းတွေရော ပြောလိုက်
အစ်ကိုတို့ကို နှလုံးသားဖြူတဲ့လူတွေက အသိအမှတ်ပြုတယ်…
တော်လှန်ရေးဆိုတဲ့ ဝေါဟာရကို စွပ်ပြီး..လုပ်ချင်တိုင်းလုပ်နေတဲ့
ပဲကြီးရေစိမ်သမားတွေ အသိအမှတ်မပြုလည်း…နေပါစေ….၊
သမိုင်းရာဇ၀င်က အသိအမှတ်ပြုတယ်..
အလေးအမြတ်ပြုတယ်။
ပဲကြီးရေစိမ်တွေကတော့ အရိုးတွေပေါ်မှာ တက်ခုန်
အစိမ်းရောင်မီးတွေကြားမှာ ဘီးလူးဆိုင်းကို နားအသားကျအောင်
ငြိမ့်ငြိမ့်လေးတီးခိုင်းပြီး ကျေနပ်နေကြတယ်။
ခွင့်လွှတ်လိုက်ပါတော့ မပြောနဲ့အစ်ကိုရာ…..
ရန်သူ့တီးလုံးနဲ့..အူနေတဲ့ ၀ံပုလွေတွေကို
ကျွန်တော်မုန်းတယ်…၊ ကြည့်မရဘူး..၊
ကျွန်တော်ဆဲချင်တယ်…ခွင့်ပြုပေးပါအစ်ကို…။
ငါ……………………..မသားတွေ။
ကျွန်တော်မကျေနပ်သေးဘူးအစ်ကို
ထုံးစံအတိုင်း အစ်ကိုကတော့ တားနေအုံးမယ်မဟုတ်လား….
အဲဒါ ကိုထွန်းအောင်ကျော် အစစ်ပဲလေ…ကိုထွန်းအောင်ကျော်အစစ်ပဲ။
အစ်ကိုသိလား….
သည်ကောင်တွေက အရိုးပွက်ပွက်အန်သေမယ့် အကောင်တွေ…။
အစ်ကိုတို့ကို ထောက်လှမ်းရေးလို့ စွပ်စွဲခဲ့တဲ့အကောင်တွေက
ရန်..ငါစည်းပျက်ပြီး ဖြစ်ချင်တိုင်းဖြစ်၊
ဖက်ချင်တိုင်းဖက်..ပွေ့ချင်းတိုင်းပွေ့..နမ်းချင်တိုင်းနမ်းပြီး
ဖြစ်ချင်တိုင်းဖြစ်နေလိုက်ကြတာ….
တော်လှန်ရေးဘေးထွက်ဆိုးကျိုး
အပျက်မတွေလုံးလုံးကိုဖြစ်လို့…
ဒါကို ငြိမ်းချမ်းရေး….လို့ပြောရင်
လမ်းဘေးက ကျောက်ခဲတွေကတောင်
တခွိခွိနဲ့…ထရယ်ကြလိမ့်မယ်။

ကျွန်တော် အစ်ကို့ကိုသတိရတိုင်း
နန်းရှေ့ ရေနီမြောင်းလမ်းဘက်ကို သွားတယ်…
ဒေသကောလိပ် အဆောက်အဦးဟောင်းတွေကို ငေးကြည့်တယ်….
အရင်လိုမဟုတ်တော့ဘူး အစ်ကိုရ…..
ရေနီမြောင်းလေးဆို..သံဇကာဝတ်စုံကို ကျကျနန၀တ်လို့။
လူတွေလည်းများလာပြီလေအစ်ကိုရာ……။
ဈေးချိုဘက်ရောက်တယ်…
စစ်သုံးပစ္စည်း အဟောင်းဆိုင်တွေမြင်ရတိုင်း
ရင်ထဲမှာဆို့တက်လာတယ်။
ဟန်းကောချိုင့်တွေ…စစ်ရေဗူးတွေ တွဲချိတ်ထားတာမြင်ရရင်
ကျွန်တော်မျက်ရည်ကျနေတုန်းပဲ….၊
ကျွန်တော်ရူးခဲ့တယ်နော်အစ်ကို…..
ကျွန်တော့်ကို အငိုမတိတ်ခိုင်းပါနဲကအစ်ကို ..ကျွန်တော်ငိုပါရစေ….။

အလိမ္မာစာပေ..ရှိသေးလား ကျွန်တော်မကြည့်ချင်တော့ဘူး၊
ရွှေကြာ..နံပါတ်ဝမ်း…ခရောင်းစက်ချုပ်ဆိုင်……
ကျွန်တော်မကြည့်ချင်တော့ဘူး….
ရှိရှိ၊မရှိရှိ။
ရှုဒေါင့်သစ် လက်ဖက်ရည်ဆိုင်နေရာဟောင်းကတော့
မန်းလေးရောက်တိုင်း မမြင်ချင်လည်း မြင်နေရတုန်းပဲ။

အစ်ကို…..
အစ်ကိုတို့သည်ကိုမလာနဲ့တော့…….။အဲသည်မှာပဲနေ…၊
အစ်ကိုတို့က ကောင်းကင်နဲ့လိုက်ဖက်တယ်..
ကောင်းကင်နဲ့လိုက်တယ်ဗျာ။
အစ်ကိုနဲ့အစ်ကို့သူငယ်ချင်းတွေ ကျွန်တော်တို့ဆီမလာနဲ့တော့
အဲသည်မှာပဲနေ…။
ကျန်ခဲ့တဲ့ အစ်ကို့သူငယ်ချင်းတွေအတွက်လည်း စိတ်မပူနဲ့….
စိတ်ချ……
သူတို့ဘာသာသူတို့
နေတတ်အောင်နေလိမ့်မယ်။
ဟော….ကြားလားအစ်ကို….
ရထားဥသြသံကြားရတာ
ဖဖော်ဝါရီဆိုတဲ့ ဘူတာရုံအမည်းလေးနား ရောက်တော့မယ်အစ်ကို။
ဘယ်သူကျေနပ်နပ်၊ မကျေနပ်နပ်..
ခွပ်ဒေါင်းတွေကတော့ ကျေနပ်လိမ့်မယ်။
ကိုထွန်းအောင်ကျော်ဟာ ကျောင်းသားအစစ်ဖြစ်တယ်၊
သူနဲ့သူရဲဘော်တွေဟာ ကျောင်းသားအစစ်တွေဖြစ်တယ်။
တော်လှန်ရေးသမားအစစ်တွေဖြစ်တယ်။
ကော်မရှင်တွေ..ကော်မတီတွေဖွဲ့ပြီး စုံစမ်းနေစရာမလိုဘူဆိုတာ
ကျွန်တော်ဆဲပြီး ပြောလိုက်အုံးမယ်။
အစ်ကို ကျွန်တော့်ကို မတားပါနဲ့…….
ငါ………………..မသားတွေ။ ။
1Like ·  · Promote · 
  • Ye Myint and မိုး စဲ like this.
  • Dracular Wadi " ခွင့်လွှတ်လိုက်ပါတော့ မပြောနဲ့အစ်ကိုရာ…..
    ရန်သူ့တီးလုံးနဲ့..အူနေတဲ့ ၀ံပုလွေတွေကို
    ကျွန်တော်မုန်းတယ်…၊ ကြည့်မရဘူး..၊ "

No comments:

Post a Comment