Friday, January 18, 2013

မနောမြေမှကျောင်းသားတပ်မတော် အပိုင်း (၇) .. ဘန်ကောက်သို့ ခရီးစဉ်


by Nang Aung Htwe Kyi on Saturday, November 24, 2012 at 9:37am ·

အခုရေးတဲ့ ခရီးစဉ်မှာ ကျမရဲ့ မှတ်စုတို တချို့ ပျောက်ဆုံးသွားပါသဖြင့် ဖြတ်သန်းခဲ့ရတဲ့ ရွာအမည်အားလုံးကို
မမှတ်မိတော့ပါ.. ထို့အတွက်တောင်းပန်ပါသည် ။မြို့ရွာအမည်များကိုလည်း မြန်မာအသံထွက်ဖြင့်ရေးသားရ
မည်ဖြစ်သဖြင့်အနည်းငယ်တိမ်းစောင်းမှု့ရှိနိုင်ပါသည်။
( နန်းအောင်ထွေးကြည်)။


၁၄.၄.၁၉၉၃(ဗုဒ္ဒဟူးနေ့)
တရုပ်နိုင်ငံ မုန်းမန်းမှထွက်ခွာပြီး လောနိုင်ငံ မုန်းဆင်(Muang Sing)ကိုရောက်ရှိခဲ့တယ်။မုန်းဆင်မှာ ကျမ
တို့ လောဝ်နယ်ခံပုလိပ်အိမ်မှာဘဲတည်းခိုခဲ့ကြပါတယ်။ပုလိပ် မိန်းမကိုယ်တိုင်လမ်းပြအဖြစ်လိုက်ပါမှာဖြစ်
ပါတယ်။

၁၈.၄.၁၉၉၃ (တနင်္ဂနွေနေ့)
ကျမရယ် လောဝ် ကပုလိပ်မိန်းမ နှင့် စိုင်းခမ်းပမ်းတို့၃ ဦး မုန်းဆင်(Maung Sing)မှကားဖြင့်ခရီးဆက်
ခဲ့ကြပါတယ်။ကုန်တင်ကားကြီးဖြစ်ပြီးဝက်တွေအပြည့်တင်ထားပါတယ်။ဆိုတော့ထိုကားနဲ့လိုက်ပါတဲ့
လူများကကားခေါင်မိုးပေါ်မှစီးနင်းလိုက်ပါကြရပါတယ်။တလမ်းလုံး ဝက်အော်သံ ဝက်မစင်နံ့များဖြင့်
ကားခေါင်မိုးပေါ်မှာကလူတွေပြွတ်သီးနေပြီးဂျိုင့်ခွက်ထဲရောက်သွားလျှင် ကျမတို့အားလုံးလူတကိုယ်လုံး
မြှောက်တက်လိုက်စောင့်ကြလိုက်နဲ့ဇီးဖြူသီးကိုပုလင်းထဲ လှုပ်ခါနေသလိုဖြစ်နေတယ်။တသက်နဲ့တကိုယ်
ဒီလိုကားမျိုးစီးပြီးခရီးမထွက်ဘူးလို့အတွေ့အကြုံတမျိုးပေပါ့လို့။နေကလည်းပူပြင်း ၊ ကိုယ်တွေကခေါင်
မိုးပေါ်မှာဆိုတော့အရိပ်အကာမရှိ။ချွေးတဒီးဒီးကျ ဖုံတွေကကပ် ။လမ်းတွေကဆိုး ။ဖုံတထောင်းထောင်းနဲ့
ကိုယ့်ကိုကိုယ်တော့မမြင်ရ ၊ဘေးကလူတိုင်းကြည့်ရ မြင်ရတာတော့ မျောက်ဖြူတွေနှင့်တူနေပြီ။ဝက်တွေက
အမိုးအကာအောက်မှာဆိုတော့ပူပြင်းနေဒဏ်မခံစားရတော့မတွေးစဘူးတွေးမိတယ် ။ ဝက်ကခုချိန်မှာကိုယ့်
ထက်ကံကောင်းတယ်လို့ ။တော်တော်ခေါင်တဲ့လမ်း၊ လမ်းတောက်လျှောက်ကျမတို့ကားတစင်းဘဲရှိ
တယ်။လမ်းတွေကလည်း လမ်းလို့ဆိုရရုံပါဘဲ။မနက်စောစောကတည်းကထွက်တာ၆ နာရီလောက်ကြာ
အောင်ဖြေးနှေးစွာခရီးနှင်ပြီးမှရွာလေးတရွာရောက်ပါတယ်။ရွာသာဆိုတယ် အိမ်ခြေ ၅ လုံးခန့်သာရှိတယ် ။ 

အားလုံးကားခေါင်မိုးပေါ်ကဆင်းကြ ခြေဆန့်လက်ဆန့်လုပ်ကြတယ်။ကျမတို့လည်းပါလာတဲ့ကောက်
ညှင်းပေါင်းနဲ့လောဝ် ဝက်အူချောင်း၊ငရုပ်သီးထောင်းနဲ့ နေ့လည်စာစားဖြစ်ခဲ့ကြတယ်။ကားသမားလည်း
ဆီဖြည့်တယ်။တော်တော်ခေါင်တဲ့ရွာကလေး ။နေကတော်တော်ပူပြင်းတာဘဲ။အပူဒဏ်ကိုခံစားရင်း အမြဲ
တမ်းအေးမြနေတဲ့လိုင်စင်မြေကိုလွမ်းမိပြန်ရော။တကယ်တော့လောဝ် မြို့တွင်းလမ်းဖြစ်တဲ့ HOUAYXAY
မြို့လမ်းအတိုင်းဆိုရင်လမ်းကောင်းတယ် ၊ အချိန်တိုတိုနဲ့ရောက်တယ်။ မဲခေါင်မြစ်ဖြတ်တာနဲ့ ယိုးဒယား
နိုင်ငံ ချိန်းဟောင်(Chianghong) ကိုရောက်တယ်။ဒါပေမဲ့ ကားလမ်းတောက်လျှောက် အစစ်အဆေးတွေ
ရှိတယ်ဆိုတော့ ဒီလမ်းအသုံးပြုတာအကောင်းဆုံးလို့ဒေသခံတွေပြောတာနဲ့ ကျမဒီလမ်းရွေးချယ်ခဲ့တာ။

တနာရီလောက် ခြေလက်ဆန့်ပြီးတော့ အားလုံးကားပေါ်ပြန်တက် ခရီးဆက်ကြရပြန်တယ်။ဒူးဆစ်လောက်
အနက်ရှိတဲ့ ရေချောင်းရောက်တော့ အားလုံးကားပေါ်ကဆင်းကြ၇တယ်။ တံတားမရှိဘူးဆိုတော့ ကားနဲ့
ဝက်နဲ့ဘဲ ရေချောင်းထဲ မောင်းချသွားတာ။လူတွေကတော့ ရေအဆိုခံပြိးရေချောင်းကူးကြရပြန်တယ်။ကား
လမ်းဆိုးတော့ ဖြေးဖြေးဘဲမောင်းကြတာ။တနေရာရောက်တော့ ကားရပ်ပေးတယ် ။ ဆက်သွားရင် အရှေ့
မှာ ဂိတ်စစ်ဆေးတယ်ဆိုတော့ ကျမနဲ့ လမ်းပြ ရယ် အချို့ ခရီးသည်တွေရယ် တောလမ်းအတိုင်းလမ်းလျှောက်
ကြတယ် ။ တောင်တက်လမ်းပေါ့။ ၃ နာရီလောက်တောင်အတက်အဆင်းလုပ်ရတယ်။ ည မှောင်လာတော့
မီးမသုံးကြဘူး ။ကျမက တောထဲကထွက်ခဲ့သူဆိုတော့ အလေ့အကျင့်ရှိနေလို့ အပင်ပန်းခံနိုင်ခဲ့တယ်။ တောထဲ
တိတ်ဆိတ်စွာဖြတ်သန်းနေရင်း ကိုယ်နဲ့ အတူ လျှောက်နေကြသူတွေအကြောင်းမဆီမဆိုင်စဉ်းစားမိတယ်။သူ
တို့ကရောဘာအတွက်နဲ့စစ်ဆေးမှု့တွေရှောင်တာလည်းပေါ့ ။ဘယ်သူတွေလည်းပေါ့ ။ရာဇဝတ်သားတွေလားပေါ့။
ကျမခြေထောက်မှာ ဓါးမြှောင် ၂ ခု ကပ်ချည်ထားတယ်။ တခုကပီထွန်းပေးထားတာ swiss made . တခုကတရုပ်
မှာကျမဝယ်ထားတာ။ ညခရီး နားလိုက်တက်လိုက်နဲ့ ကျမ အနောက်ပိုင်းနားကလိုက်တယ်။နောက် အဆင်းလမ်း
တွေကြီးဖြစ်လာတော့ ကျမ အရှေ့ဆုံးကချီတက်တော့တာဘဲ။သူတို့တွေပြောပြီးရီကြတယ်။ သူတို့ပြောတဲ့ရှမ်း
စကားတွေက ကျမတို့ ကျိုင်းတုံ ဘက်ကရှမ်းစကားနဲ့အတော် တူနေတာဆိုတော့ နားလည်တယ် ။အဲ့ဒီမှာမှကျမ
သိလိုက်ရတာက ကျမတို့ရှမ်းတိုင်းရင်းသားတွေ တရုပ်၊လောဝ် ဘက်တွေမှာပါ ပြန့်နှံ့ နေတာကိုဘဲ ။ ငယ်ငယ်
ကစာဖတ်အားနည်းတော့ ကျမဘာမှ မသိဘူးလေ။ ခုကြီးလာတော့လည်း နည်းတာပါဘဲ ။ ရှက်ရှက်နဲ့ အရိုးသား
ဆုံးပြောတာပါ။

တောင်ကုန်းအဆင်းအပြီး လမ်းပြေပြေလေးလျှောက်တော့ အိမ်ခြေ ၇ လုံးလောက်ရှိတဲ့ ရွာ အနောက်ဖက်ကို
ရောက်တယ်။ကား ကကျမတို့ကိုစောင့်နေကြတယ်။ ကျမတို့ ကားပေါ်တက်ပြီးခရီးဆက်ကြတယ်။ နောက်
ရွာတရွာကိုရောက်တော့ အားလုံးဆင်းကြတယ်။ ဒါပါဘဲ ။ဒီရွာမှာ ကားလမ်းခရီးဆုံးတာဘဲ။မှောင်နေစဲဘဲ ။
အချိန်ကြည့်လိုက်တော့ ၂ နာရီ ခွဲ နေပြီ။ ရွာအမည်က ချိန်းကုတ် ( Chian Kok )တဲ့။ နေစရာအိမ်ကို လောဝ်
ပုလိပ် မိန်းမရှာပေးတယ်။ပစ္စည်းတွေချပြီး ရေချိုးဖို့ပြင်ဆင်ကြတယ်။ကားရပ်တဲ့နေရာ ကနေလမ်းအတိုင်း မီတာ
၇ဝဝ လောက်လျှောက်လိုက်ရင် နာမည်ကျော် မဲခေါင်မြစ်ကိုတွေ့ရပါတယ် ။ဒါ ကျမရဲ့ထိုင်းနိုင်ငံကိုရောက်အောင်
ခရီးဆက်ရမဲ့လမ်းဖြစ်ပါတယ်။မနက်လင်းခါနီး ၃ နာရီလောက်မှာမှ မဲခေါင်မြစ်ရေချိုး၇ပါတယ်။ခက်တာက ကျမက
ရေမကူးတတ်တော့သူများတွေလိုဇွတ်ရွတ်မဆင်းရဲဘူးလေ ။ေ၇စီးလဲကြမ်းသေးတယ်ဆိုတော့ ။

၁၉.၄.၁၉၉၃ ( တနင်္လာနေ့)
မိုးလင်းခါနီးမှာမှအိပ်ယာဝင်ကြတော့ မနက် ၁၀ နာရီ လောက်မှာမှ အိပ်ယာထဖြစ်တယ်။ လမ်းပြ ၂ဦးကတော့
ရွာထဲမှာရှေ့ခရီးစဉ်အတွက် သွားစုံစမ်းနေကြတယ်။မကြာပါဘူး နှစ်ယောက်သားအပြေးအလွှားပြန်လာကြပြီး
သဗ္မာန်ရောက်နေပြီ ။ခရီးဆက်ထွက်ကြမယ်ဆိုတာနဲ့ ကျောပိုးအိတ်ဆွဲ ပြီးမဲခေါင်မြစ်ဘက်ပြေးကြပါတယ်။ 
လာပြန်ပါပြီနောက်တခေါက် .. တိရိစ္ဆာန်တင်တဲ့ သဗ္မာန်တစင်းကမ်းပါးမှာစောင့်နေပါတယ်။နွားနဲ့ဝက်တွေ
အပြည့်တင်ထားပါတယ်။ခရီးသည်ဆိုလို့ ကျမနဲ့ လမ်းပြ ၂ ဦးနဲ့ဘဲရှိတယ်။ကျန်တာတွေကသဗ္မာန်အလုပ်
သမားတွေပါ ။ ကြမ်းတမ်းတဲ့ဘဝတွေနဲ့ကြီးပြင်းခဲ့လို့နဲ့တူပါတယ်။အသွင်အပြင်တွေက ကြောက်စရာတွေ။
စိတ်ထားတွေကြပြန်တော့ရိုးသားဖြူစင်ကြတယ်။ချိန်းကုတ် (Chian Kok) ကထွက်ပြီး၂ နာရီလောက်ခရီး
ဆက်တော့ သဗ္မာန်သမားတွေကျွေးတာစားကြတာဘဲ။ကောက်ညှင်းနဲ့ငရုပ်သီးထောင်း ၊ငါးကင် ကျမတ
သက်မမေ့နိုင်ဘူး။လတ်လတ်ဆတ်ဆတ် မို့လား၊ မနက်ကတည်းကဘာမှမစားရသေးလို့လားမသိဘူး။
စားကောင်းတယ်။ စားပြီးတော့မှ သဗ္မာန်သမားတွေနဲ့ရင်းနှီးမှု့ရလာတော့ သဗ္မာန်အရှေ့ဘက်မှာထွက်ထိုင်
ဖြစ်ပြီး သဘာဝအလှတွေ ခံစားမိတယ်။

မဲခေါင်မြစ်အကြောင်း သင်ခဲ့ဖတ်ခဲ့ဘူးတယ်။ခုတော့ကိုယ်တိုင်ကိုယ်ကျမြစ်တလျှောက်ခရီးနှင်နေတဲ့ကိုယ့်
အဖြစ်က အိပ်မက်ဆန်နေတယ်။ကိုယ်ငယ်စဉ်ကဖြစ်ခြင်ခဲ့တာ အမြဲစိတ်ကူးယဉ်ခဲ့တာက ဂီတအနုပညာရှင်သ
မားတယောက်ဘဝ၊အရောင်ဆိုးသိမ်းသွင်းဖို့ကြိုးစားခံခဲ့ရတာက အနီရောင်နုနုလေးဘဝ၊တကယ်လက်တွေ့
ပြုလုပ်ခဲ့တာက ABSDF-NB က တော်လှန်ရေးသမားတယောက်၊ ဒါပေမဲ့ အတင်းအဓမ္မပြုခြင်းကြောင့်ကိုယ့်
ကိုကိုယ်ထွက်ဆိုခဲ့ကြရတာက NIB ဒုဗိုလ် ထလရ ပါတဲ့။ကျမရဲ့ ထလရ ကိုယ်ပိုင်နံပတ် ၁၇၅ဝ ဆိုတာက
လည်းသန်းဇော်တို့ကပြောခဲ့တယ်..ငါတို့အတိအကျရထားတာတွေနဲ့အကုန်ကိုက်ညီပါသတဲ့။ဒုက္ခပါလား
နော်။ NIB က ဗိုလ်ကြီးရာထူးယူခဲ့ရသူတဦးကသူ့ကိုယ်ပိုင်နံပတ်ကိုအမြဲမှတ်မိနေအောင် ၁ဝ တန်းခုန်နံ
ပတ်ပေးခဲ့ပါသတဲ့။ဖြစ်အင်တွေများတော့ငိုအားထက်ရီအားသန်တာလား ၊ ရီအားထက်ဘဲငိုအားသန်ခဲ့တာ
လား။ကျမတို့ အယောက် ၁ဝဝ နင့်နေအောင်ခံစားခဲ့ရတယ်။ရက်စက်မှု့ဒဏ်တွေနဲ့ ၁၄ ဦးသေခဲ့ကြရတယ်။
၁၆ ဦး ရက်စက်စွာခေါင်းဖြတ်သတ်တာခံခဲ့ရတယ်။ ၂ ဦးသေနပ်နဲ့ပစ်သတ်တာခံခဲ့ရတယ်။ ၅၅ ဦးထွက်ပြေး
တော့ ၁ ဦးလမ်းမှာသေဆုံးခဲ့တယ်။စစ်ကြောရေးကာလတွေမှာ ၄ ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်။
၉ ဦးလွတ်မြောက်ပြီး ကျောင်းသားတပ်မှာပြန်တာဝန်ထမ်းဆောင်တယ်။၉ ဦးထဲကကျမတယောက်ကတော့
အဆင့်ဆင့်လွတ်မြောက်လာပြီး ခုမဲခေါင်မြစ်တလျှောက်ခရီးဆက်နေတယ်ဆိုပေမဲ့ကိုယ်လွတ်ရုန်းထွက်လာ
ခဲ့ရတာစိတ်မကောင်းဘူး။ကျန်ခဲ့သူတွေနားလည်ကြပါစေလို့ဘဲမျှော်လင့်ခဲ့တယ်။

မဲခေါင်မြစ်ကရေစီးကြမ်းတယ်။တချို့နေရာတွေမှာကျဉ်းမြောင်းပြီးကျောက်ဆောင်ကျောက်တုန်းတွေများတယ်။
တချို့နေရာတွေကြပြန်တော့မြစ်ကကျယ်ပြီးေ၇စီးညင်သာသလိုထင်ရတယ်။ကျမကမြို့ပြလူနေထူထပ်တဲ့နေရာ
ထက်တိတ်ဆိတ်တဲ့တောတောင်သဘာဝကိုပိုနှစ်သက်တယ်။ဒီလိုနဲ့ည ၈ နာရီလောက်ဖြစ်မယ်ထင်တယ် ။
ကျိန်းလောဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ တညအိပ်စခန်းချရတာပေါ့.။ ဒေသခံလူတွေသိပ်ရိုးသားကြတာ
ဘဲ။ကျမတို့ကိုတည်းခိုခွင့်ပေးပြီးရှိတာလေးတွေချက်ပြုတ်ကျွေးကြတယ်။ကျမသတိထားမိတယ်။ လောဝ် မှာ
ကျမဖြတ်သန်းခဲ့တဲ့တောက်လျှောက် ထမင်းထက် ကောက်ညှင်းချက်စားကြတာများတယ်။ကောက်ညှင်းနဲ့
လေဝ် ဝက်အူချောင်းနဲ့ငရုပ်သီးထောင်းနဲ့ ကအရမ်းလိုက်ဘက်ညီတယ်။

၂ဝ. ၄ . ၁၉၉၃ ( အင်္ဂါနေ့)
မနက်စောစောကျိန်းလောမှ ထွက်ခွာခဲ့ကြတယ်။ မဲခေါင်မြစ်တလျှောက် သဘာဝရဲ့ သာယာမှု့တွေကိုငေးမော
နေရင်း ဖြစ်ပျက်ခဲ့တာတွေစဉ်းစားကြည့်ရင်း မယုံကြည်နိုင်ခဲ့ဘူး။ဘဝမှာတခါမှ စိတ်ကူးထဲမထဲ့ခဲ့တာတွေ ကြံဖန်
ဖြစ်ခဲ့တာတွေ..။ မဲခေါင်မြစ်တလျှောက် ရှုခင်းတွေတအားလှတာဘဲ ။ သမ္ဗာန် သမားတယောက် ကျမနားလာ
ထိုင်ပြီးစကားပြောတယ် ။ ရှမ်းစကားပြောပေမဲ့ လေယူလေသိမ်းကွာတော့ ဒေသခံမဟုတ်မှန်းသိတယ်လေ။
ကျမလည်းဖြစ်အင်လေးကို အတိုချုပ်ပြောပြခဲ့လိုက်တယ်။သူစိတ်ဝင်တစားနားထောင်ပြီးသူ့ဘဝအကြောင်းပါ
ပြောလာခဲ့တော့မှ သူလည်းဒေသခံအစစ်မဟုတ်ဘူးပေါ့နော်။ကမ္ဘောဒီးယားကဖြစ်နေတယ် ။သူကလည်း သူ့
ဘဝတစိတ်တဒေသရင်ဖွင့်ခဲ့တယ်။ ရက်ရက်စက်စက် သတ်ဖြတ်မှု့တွေက လွတ်မြောက်ခဲ့ကြတာခြင်းတော့တူ
ပါတယ်.။ အခြေအနေခြင်း တော့ကွာခြားတာပေါ့လေ ။လမ်းတဝက်မှာ သမ္ဗာန်ဆိုက်ပြီးခဏနားကြတယ်။မဲခေါင်
မြစ်ရေကနောက်ပေမဲ့ အဲ့ဒီချောင်းရေက ကြည်လင်နေရော။သူတို့ ၂ ခု ဆုံတဲ့နေရာမှာနားကြတယ်။သမ္ဗာန်သ
မားတွေကတော့ ချောင်းထဲ ရေကူးပေမဲ့ အခက်ကြုံတာက ကျမ ။ ရေမကူးတတ်ဘူးလေ။ ချောင်းက နက်တယ်။
နောက်မှ လမ်းပြနဲ့ကျမ ချောင်းတောက်လျှောက်လိုက်ကြည့်မှာ တနေရာမှာကျောက်ဖျာ အစွန်းတခုတွေ့မှ
ကျမအတွက်ရေချိုးဖို့အစဉ်ပြေသွားတော့တယ်။ 

နောက်ကျမတို့ ခရီးဆက်ကြတယ် ။ တချို့နေရာ မြစ်ရဲ့တဘက်တချက်မှာ တဲတလုံးစ နှစ်လုံးစတွေ့တာပေါ့နော်။
နောက်သူတို့ပြောပြတာက ဟိုဘက်က မြန်မာပြည် ဒီဘက်ကလောဝ် ပေါ့လေ။ မြန်မာပြည်ဘက် အဲ့ဒီအချိန်က
အဲ့ဒီ ရှမ်းရွာတွေဘက်မှာ ဘုန်းကြီးတပါးနာမည်ကြီးနေတယ် .။ စေဝ်ဝန်းစွန့် ဆိုလားဘဲ ..အဲ့ဒီဘက်ပိုင်းက လူတွေ
တော်တော်သွားဖူးကြတယ်လို့ သမ္ဗာန်သမားကရှင်းပြနေသေးတယ်။ နောက်တော့ ညနေပိုင်း ၆ နာရီ လောက်မှာဒီ
လောဝ် ဘက်က မုမ်းမမ်း(Muangmom)ဆိုတဲ့ရွာကို ရောက်တယ် ။ ဒါကျမရဲ့ လောဝ် ခရီးဆုံးတဲ့ ရွာလေးပါဘဲ ။
ဒါပါဘဲ ။နာမည်ကျော် ရွှေတြိဂံ နယ်မြေ ။  မြန်မာ ယိုးဒယား လောဝ် ၃ နိုင်ငံ မဲခေါင်မြစ်မှာ ဆုံတဲ့နေရာပေါ့ ။


ကျမ ရောက်နေတဲ့ လောဝ်ရွာ မုမ်းမမ်း(Muangmom) ရဲ့ မျက်နှာချင်းဆိုင်ကတော့ မြန်မာပြည် မုမ်းလင်း(Monglin)
ရွာလေးပေါ့ ။ မြန်မာနိုင်ငံတော်အလံလွှင့်ထူထားတာမြင်ရတော့ စိတ်ထဲ ခံစားချက်တခုဖြစ်တာအမှန်ဘဲ ။ ဘာ
မှန်းတော့လဲ မဖေါ်ပြနိုင်ဘူး။လောဝ်ကလမ်းပြအမျိုးသမီးရယ် ၊ တရုပ်ကလမ်းပြ စိုင်းခမ်းပန်းရယ် ၊ ကျမ ရယ် 
လောဝ်ပိုင် မုမ်းမမ်းရွာလေးမှာနေ ဖို့အိမ် သမ္ဗာန်သမားကရှာပေးတယ်။ကျမတို့ သမ္ဗာန်ဆိုက်တဲ့နေရာက
မနက်ဆိုဈေး ပေါ့နော်။ ဒါနဲ့ အဲ့ဒီည ရွာခံအိမ်တအိမ်မှာတည်းခိုခဲ့ကြရတယ်။

၂၁. ၄. ၁၉၉၃ ( ဗုဒ္ဓဟူး )
မနက်မိုးလင်းကျမတို့ဈေးဘက်လျှောက်လာကြတော့ မြန်မာကမ်းဘက်က ရဲဘော်တချို့ လောဝ်ဘက်မှာဈေးလာ
ဝယ်ကြတာတွေ့တယ်။ ကျမနဲ့စိုင်းခမ်းပန်း နဲ့ မော်တော်တစင်းငှားပြီး ယိုးဒယား နိုင်ငံ ချိန်းဆိုင်(Chiang Sane)
ကိုသွားကြတယ်။ချိန်းဆိုင် ရဲ့မျက်နှာချင်းဆိုင်က လောဝ် ရွာပေါ့ ။ ကမ္ဘာလှည့်ခရီးသည် အများအပြားကိုတွေ့ရ
တယ်။ အဲ့ဒီတုန်းက မြန်မာနိုင်ငံဘက်မှာParadise Resort တောင်မရှိသေးပါဘူး။

ဆိုတော့ ကျမ ချိန်းမိုင် မှာကျမကိုစောင့်နေတဲ့ ပီစိုင်းထွန်းဆီ ဆက်သွယ်တော့ ကျမကို ဒီ မြန်မာပြည်တာချီလိတ်
တဘက်ကမ်း ယိုးဒယား နိုင်ငံ မယ်ဆိုင်မြို့ မှာစောင့်နေဖို့ ပြောတယ်။ဒါနဲ့ ၂၂.၄.၁၉၉၃ မှာ ကျမ မုမ်းမမ်း ကနေ 
ထွက်ပြီး မယ်ဆိုင်ကို ရောက်ရှိခဲ့တယ်။ မယ်ဆိုင်မှာ တရက်နေပြီး နောက်တနေ့ ၂၃ ရက်နေ့မှာပီစိုင်းထွန်း အကြို
လွှတ်လိုက် တဲ့သူနဲ့ ချိန်းမိုင်ကိုရောက်ရှိခဲ့ပြီး ညမှာဘဲ ပီထွန်းနဲ့ အတူ ချိန်းမိုင်လေဆိပ်မှ ဘန်ကောက်မြို့
ကိုရောက်ရှိခဲ့ပါတယ်။

ကျမ ဘန်ကောက်မြီု့မှာရှိနေစဉ် အကိုတော်စပ်သူ ပီစိုင်းထွန်းအိမ်မှာဘဲ Australia ထွက်ခွာလာသည်အထိနေထိုင်
ခဲ့ပါတယ်။ပီထွန်းရဲ့မိတ်ဆက်ပေးမှု့ကြောင့် ခေတ်ပြိုင်ဂျာနယ်ကိုတော့ တခါတရံသွားတတ်ပါတယ်။ KIA မှ မထွက်
ခွာခင်ဗိုလ်ချုပ်ဇော်မိုင်မှာကြားခဲ့တဲ့အတိုင်း အချိန်ကာလတခုစောင့်ခဲ့ပါတယ်။

ပီစိုင်းထွန်းရဲ့ခွင့်ပြုချက်မရရှိဘဲမည်သူတဦးတယောက်ကမှကျမကို ဒီမြောက်ပိုင်းသတ်ဖြတ်မှု့ကိုတွေ့ဆုံမေးမြန်းနိုင်ခွင့်မရှိပါ။

ABSDF တောင်ပိုင်းဗဟိုကိုမိုးသီးဇွန်ဘက်မှ ကျောင်းသားခေါင်းဆောင်ကိုကိုဦးနှင့်ကိုဘတိုးတို့သာပီစိုင်းထွန်း
ခွင့်ပြုချက်နဲ့ကျမထံလာရောက်တွေ့ဆုံခဲ့ပါတယ်သူတို့ကကိုမိုးသီးဇွန်စေလွှတ်ထားတဲ့သိုက်ထွန်းဦးကိုတောင်
ပိုင်းပြန်လည်ခေါ်ယူလိုတဲ့အတွက်ကျမဖြတ်သန်းလာတဲ့လမ်းကြောင်းခရီးစဉ်ကိုသိလိုကြောင်း ပြောကြားလို့
ကျမရဲ့ဒီခရီးစဉ်ကို ကိုကိုဦး ကိုပေးခဲ့ပါတယ်။

မှတ်မှတ်ရရ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ကျမတို့ကို ရက်ရက်စက်စက်ပြုလုပ်ခဲ့သူတွေထဲက တဦးဖြစ်တဲ့
ABSDF-NB ဥက္ကဌ အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ထံမှ ဖုန်းဖြင့်ကျမထံဆက်သွယ်လာပါတယ်။သူချိန်းမိုင်ရောက်နေ
ကြောင်းပြောပါတယ်။

ကျမက အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ( RAN) ကို ဖြစ်သွားတာတွေအားလုံးမှားကြောင်း။ တာဝန်ယူဖြေရှင်းဖို့လို
ကြောင်းပြောခဲ့တယ်။ ABSDF-NB မှာကျန်ရစ်ခဲ့သူတွေ ကိုဘာမှဆက်မလုပ်ဖို့။မသတ်ဖို့အတန်တန်ပြောခဲ့တယ်။အောင်နိုင်
ABSDF-NB ကို ပြန်သွားတော့ ကျမနှင့်ပြောကြားခဲ့တာတွေကို ကိုကျော်နိုင်ဦး (ကြောင်) နဲ့ အလံတိုင်ကုန်းအနောက်က
ဘားတိုက်မှာပြန်ပြောပြခဲ့ပါတယ် လို့ ကြောင်က ခုကျမကို ပြန်လည်ပြောဆိုခဲ့တယ်။ 

Australia မှ ရှေ့နေဖြစ်သူ ဖီးလစ်စမိုက် မှကျမကိုတရားဝင်နေထိုင်ခွင့်ဖြင့် ခေါ်ယူတဲ့အတွက် UNHCR မှာ လုပ်နည်းများကို
ခေတ်ပြိုင်ဂျာနယ်တိုက်မှ မောင်မောင်ထွန်း တို့မှ ကူညီလုပ်ဆောင်ပေးခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ Sydney ကိုထွက်ခွာလာခဲ့ပါတယ်။

ကျေးဇူးတင်ပါတယ် ။
နန်းအောင်ထွေးကြည်
၂၅.၁၁.၂၀၁၂





16Unlike ·  · 

No comments:

Post a Comment