Tuesday, January 22, 2013

ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီးစဉ်စဆုံး



မေသင်္ကြန်ဟိန်(မြစ်မခ)
 နိုဝင်ဘာ ၆၊ ၂၀၁၂၊ ရန်ကုန်မြို့။
(အဖွင့်)

အသားဖြူဖြူ၊ ကိုယ်ဟန် ပိန်ပိန်ပါးပါး နဲ့ စကားပြောရင် ပြုံးပြီး ရယ်မောပြီး ပြောတတ်တဲ့ ကိုရဲလင်းက ခင်မင်ဖွယ်ကောင်းသူ တယောက်ပါ။

စိတ်ထားကောင်းသူတွေမှာတွေ့ရတတ်တဲ့ မျက်လုံးနဲ့ မျက်နှာ ကြည်လင်မှုမျိုးရှိပါတယ်။ စကားကိုလည်း လေးလေးနက်နက်နဲ့ တလုံးချင်း ပြောပါတယ်။

တောင်ဒဂုံ၊ တောင်မြောက်လမ်းဆုံနားက အောင်ဇေယျ အိမ်ရာမှာ အထက်တန်းပြ ကျောင်းဆရာမ ဇနီးသည်နဲ့ ၄ နှစ်အရွယ် သားလေးတို့နဲ့ အတူ နေထိုင်ပါတယ်။အနေအထိုင် ရိုးရှင်းတယ်လို့ ပြောလို့ရသလို စကားပြောရာမှာ လည်း ရိုးရိုး ရှင်းရှင်းပဲ ပြောတတ်ပုံရတယ်။

အခြား ကျောင်းသားရဲဘော်တွေဆီကနေ မကြားခဲ့ရတဲ့ အချစ်ဇာတ်လမ်းနဲ့ သစ္စာ တရားကိုလည်း ကိုရဲလင်း ဆီကနေ စိတ်ဝင်စားဖွယ် ကြားခဲ့ရပါတယ်။

(၁)

ကျနော်က သုဝဏ သား။
နာမည်ရင်းက ရဲလင်း၊ နိုင်ငံရေး လောကထဲရောက်မှ  ကိုရဲလို့ဖြစ်သွားတာ။
ဝန်ထမ်း မိသားစုဘ၀ကတည်း ကြီးပြင်းလာတာဖြစ်တဲ့အတွက် အစစအရာရာ ချို့ချို့တဲ့တဲ့နဲ့ ဖြတ်သန်းခဲ့ရတာပါပဲ။ မောင်နှမကတော့ ဆယ်ယောက်ပေါ့။

ကိုးတန်း ဆယ်တန်းရောက်လာတော့ စာတွေ ဘာတွေ ဖတ်လာတာပေါ့ ငြိမ်းကျော်တို့ မောင်စိန်ဝင်း ပုတီးကုန်းတို့ တက္ကသိုလ်ဘုန်းနိုင်တို့၊ စစ်ဝတ္ထုတွေဆိုရင်တော့ တင်သန်းဦးတို့ပေါ့။ နောက် ဘာသာပြန်ကောင်းကောင်းလေးတွေ ရှာဖတ်တယ်။

ဆယ်တန်းကို ၂ နှစ်ဖြေပြီးတော့ အောင်တယ်။ ၁၉၈၅-၈၆ မှာ ပထမနှစ်သင်္ချာကို ဗိုလ်တထောင်နယ်မြေမှာ တက်တယ်။ အဲဒီတုန်းက အာစီ 1 ခေါ်တယ်။ အာစီတူးက လှိုင်ပေါ့နော်။
ကျောင်းတက်တဲ့အချိန်မှာပဲ ကျနော်က အလုပ်လုပ်ရတယ်။ ကြေးမုံသတင်းစာတိုက်မှာ ညဘက်အလုပ်လုပ်ပြီးတော့နေ့ဘက်ကို ကျောင်းတက်ရတာ။  အဲလို ကျောင်းတက်ရင်း အလုပ်လုပ်နေတော့ အဖေက မင်း ပင်ပန်းလိုက်တာကွာဆိုပြီးတော့ အလုပ်ပြောင်းတော့ ဘဏ်တွင်း စာရင်း စစ်ဋ္ဌာနကို ရောက်သွားတယ်။

ဘဏ်တွင်း စာရင်း စစ်ဋ္ဌာနမှာ အငယ်တန်း စာရေးဝင်လုပ်တယ်။ ဒုတိယနှစ်အတန်းကို ဗိုလ်တထောင်မှာပဲ လုပ်သားများကောလိပ်ဆိုတာ ရှိတယ်၊ အဲဒီမှာ ကျနော် ဒုတိယနှစ်တက်တယ်။ အဲဒါက ၈၆-၈၇ လောက်ဖြစ်သွားပြီပေါ့။

သာမာန်လူငယ်အနေနဲ့ ဘ၀ကိုဖြတ်သန်းတာပဲ နိုင်ငံရေးဆိုတာကိုလည်း ထဲထဲဝင်ဝင် မသိပါဘူး။ ဒါပေမဲ့ အဖေ့ဆီမှာ စွယ်စုံကျမ်းတွေက အတွဲလိုက်အစုံရှိတယ်။ စာအုပ်အထူကြီးတွေပဲ သိကြမှာပါ။ အဲဒီစာအုပ်က ဗဟုသုတအရမ်း စုံတယ်။ ကမ္ဘာ့နိုင်ငံရေး။ မြန်မာ့နိုင်ငံရေး အစုံပါပဲ။ အဲဒါတွေ ဖတ်ခဲ့ရတော့ နိုင်ငံရေးကို သိမြင်တာမဟုတ်ပေမဲ့ အစိမ်းဖူးပေါ့။

အဲလိုနဲ့ လုပ်သားကောလိပ်တက်နေရင်းနဲ့ ရည်စားလည်းရပြီ မှတ်မှတ်ရရကတော့ ၁၉၈၇ လောက်မှာ ငွေစက္ကူသိမ်းတယ်။

အဲဒီမှာ ကျနော့်အတွက် ပြဿနာစတက်တာပဲ။ ပြောရရင် မှတ်မှတ်ရရလည်း ဖြစ်တယ်၊ ရယ်ဖို့လည်း ကောင်းတယ်ပေါ့လေ။ငွေစက္ကူသိမ်းတဲ့ နေ့က ကျနော်က အိမ်မှာ အိပ်နေတာ၊ ငွေ ၂၅ကျပ်တန် လေးကိုင်ပြီး နေ့လည်ပိုင်းမှာ ကောင်မလေး(ရည်းစား)နဲ့ ချိန်းထားတယ်ပေါ့၊ ငွေ ၂၅ ကျပ်လောက် ရှိတော့ ကောင်းကောင်းသွားလည်မယ်ဆိုပြီး အိမ်မှာအိပ်နေတာ တရေးနိုးရင်ပေါ့။
အဲဒီမှာ တရေးလည်း နိုးရော အိမ်က အမကပြောရော ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တွေ သိမ်းလိုက်ပြီလို့ ကြေငြာသွားတယ်တဲ့။…ဟာ …သွားပါပြီ။

ငါ ဘယ်လိုလုပ်ရတော့မလဲ ပေါ့လေ။ ဒီ အစိတ်တန် တရွက်နဲ့သွားလည်မယ်လို့စဉ်းစားထားတာ ဒုက္ခတော့ ရောက်ပြီပေါ့။ အဲဒီမှာ ငွေအကြွေနဲ့ပဲ သွားရတော့တယ်ပေါ့ဗျာ။ ငွေစက္ကူသိမ်းတော့ အဲလိုကျနော်လည်း ဒုက္ခရောက်ခဲ့တာပေါ့။…ဒါမှတ်မှတ်ရရ ပေါ့နော်။

အဲဒါတခုပေါ့ ကျောင်းသားတွေကတော့ စာမေးပွဲဖြေတုန်း ပိုက်ဆံသိမ်းလို့ မကျေမနပ်ဖြစ်ကြတယ်ပေါ့။ အင်းစိန်ဘက်မှာ ပြဿနာတွေ ဖြစ်ကြတာလည်းကြားတယ်ပေါ့။ကိုယ်လည်း ကျောင်းသားဆိုတော့စိတ်ထဲမှာတမျိုးဖြစ်ခဲ့တာပေါ့။
အဲဒီတုန်းက ကျနော်ကလည်း ၀န်ထမ်းဆိုတော့ ပုံမှန်တော့ အလုပ်လုပ်နေရတာပေါ့လေ မနက်ပိုင်းမှာ အလုပ်လုပ် ညပိုင်းမှာလုပ်သားကောလိပ်တက်ပေါ့ အဲလိုပါပဲ။

နောက်တခု မှတ်မှတ်ရရက ၁၉၈၈ မတ်လမှာ ဖြစ်တာပေါ့နော်။ အဲဒီတုန်းကလည်း သတင်းတွေကြားရတယ်၊ ကျောင်းထဲမှာ ဆန္ဒပြတယ်ပေါ့၊ မတ်လ ၁၆ ရက်နေ့တံတားဖြူမှာလည်း ကျောင်းသားတွေ ရိုက်နှက်ခံရတယ်ပေါ့ အဲလိုကြားရတော့ စိတ်ထဲမှာ ကျောင်းသားစိတ်ပေါ့ ငါတို့ကျောင်းသားတွေ ဒီလိုခံရတယ်ပေါ့။

မတ်လ ၁၆ ရက်နေ့ပြီးတော့ ကျောင်းပိတ်လိုက်တယ်ဗျ မတ်လ ၁၇ ရက်နေ့မှာ ကျောင်းသားတွေက မြို့ထဲကို ၀င်လာကြတယ်၊ ကျောင်းသားတွေနဲ့ အရပ်သားတွေ ရောသွား ပြီပေါ့နော်။ကျနော်တို့ရုံးက ဘဏ်လမ်းမှာ ရှိတော့ ကျောင်းသားတွေမြို့ထဲရောက်ပြီဆိုတာနဲ့ ကျနော်လည်း ဆင်းကြည့်တာပေါ့ဗျာ။ ကျောင်းသားတွေပါတဲ့ လူအုပ်က ပန်းဆိုးတန်းပွိုင့်နဲ့ ကုန်သည်လမ်းပေါ်မှာ ဒီဘက်မှာက အမေရိကန် သံရုံး၊ ဟိုဘက်က အိန္ဒယ သံရုံး၊ ကျနော်က အဲဒီနားက ထမင်းပေါင်းဆိုင်တွေ ရှိတဲ့ လမ်းကြားလေးထဲကနေ ကြည့်နေတာ။

ဒီဘက်က လုံထိန်းတွေကလည်း နှစ်တန်း သုံးတန်းတွေ စီပြီး အသင့်စောင့်နေတယ်။ ရာဘာတုတ် မကိုင်ဘူး သစ်သားတုတ်တွေနဲ့။ သူတို့နောက်မှာ သူတို့ကို လုံခြုံရေးထပ်ပေးထားတဲ့ M-16 ကိုင်ထားတာတွေကလည်း နောက်မှာ ရှိနေတယ်။

အဲတော့ လူအုပ်နဲ့ သူတို့နဲ့ကလည်း ထိပ်တိုက်တွေ ဖြစ်နေတယ်။ ကျနော်ကလည်း လမ်းကြားထဲကနေ ထွက်ကြည့်တာဆိုတော့ ကြားထဲရောက်နေတာပေါ့။အဲဒီအချိန်မှာ  ကျောင်းသားနဲ့ စစ်တပ်ကို ပထမဆုံး မြင်ရတဲ့ မြင်ကွင်းပဲ။ကျောင်းသားဘက်မှာ ကျောင်းသားနဲ့ လူထုတွေ ရှိနေတယ်၊ ဒီဘက်ကမှာ လူစုခွဲဖို့ ဖြိုခွဲဖို့အတွက် အသင့်ရှိနေတယ်ပေါ့။

အဲလိုအချိန်မှာ ပန်းဆိုးတန်းလူအုပ်ထဲကနေ အကျီာင်္အဖြူရောင်ဝတ်ထားတဲက အမျိုးသားတယောက်က ရှေ့ကို ထပ်ပြီး တက်လာတယ်၊ ကျနော့်နားကို ရောက်လာတယ်။
သူက ရုပ်ကတော့ ကုလားဆင်၊လည်ကုတုံးအကျီာင်္အဖြူရောင်ဝတ်ထားတယ်၊ ညာဘက်လက်က လက်ညှိုးလေးကို တရမ်းရမ်း နဲ့ရှေ့ကို တက်တက်လာပြီး လုံထိန်းတွေဆီကို တည့်တည့်လျှောက်သွားတယ်။

အသင့်အနေအထားစောင့်နေတဲ့ လုံထိန်းတွေနဲ့ ခြေလှမ်း လေးငါးလှမ်းလောက်လည်း ရောက်ရော လုံထိန်းထဲကတယောက်အမိန့်ပေးလိုက်တော့လုံထိန်းတယောက်ကရှေ့ကို ခြေလှမ်း နှစ်လမ်းလောက်တက်ပြီး သစ်သားတုတ်နဲ့ အဲဒီလူကို ရိုက်ချလိုက်တယ်။ခွပ်…ကနဲပဲ….သူ ထိုင်လျက် ပြုတ်ကျသွားတယ်။

အဲဒါကို မြင်တော့ လူအုပ်ထဲက တယောက်ထပ်ထွက်လာတယ်၊ ထွက်လာတဲ့သူကိုလည်း ခုနလိုပဲ ထပ်ရိုက်ချလိုက်တယ်။သူလည်းပဲ ခွေကနဲ ကျသွားပြန်တယ်။

အဲလိုဖြစ်နေတာ မြင်ရတော့ ကျနော်စိတ်ထဲမှာ မခံနိုင်လည်း ဖြစ်တယ်၊ စိတ်လည်း တိုတယ်ပြီးတော့ ၀မ်းလည်း ၀မ်းနည်းလာတယ်။ ပန်းဆိုးတန်း ဘက်က လူအုပ်ကြီးကလည်း လုံထိန်းတွေ ဘက်ကို အုတ်ခဲတွေ တုတ်တွေနဲ့ လှမ်းပစ်ကြတယ်။

လုံထိန်းတွေက ရှေ့တက်ပြီး လူတွေနောက်ကို လိုက်တော့ ၀ရုန်းသုန်းကားတွေဖြစ်ပေါ့ ကျနော်လည်း နီးရာအုတ်ခဲပေါ့။ အဲဒီမှာ ပါလာတဲ့ သူငယ်ချင်းက စိတ်ပူပြီး အတင်းဆွဲခေါ်လာတာနဲ့ ရုံးပေါ်ပြန်ရောက်ခဲ့တယ်။

ရုံးကလည်း ခုလို ပြဿနာတွေဖြစ်နေပြီ ဆိုတော့ ရုံးစောစော ဆင်းပေးလိုက်တယ်ပေါ့ ကျနော်တို့ကို။ ကျနော်လည်း ရုံး          ဆင်းပြီး ကျောင်းသားတွေသွားတယ်လို့ ကြားတဲ့ ဘက်တွေလိုက်ကြည့်တာပေါ့နော်။ မတွေ့ဘူး။ နောက်တော့ မတွေ့တာနဲ့ ဆက်မလိုက်တော့ဘဲ ကျနော်လည်းကိုယ့်အိမ်ပဲ ကိုယ်ပြန်ခဲ့တာပေါ့နော်။ ခြေချင်ပဲ ပြန်ခဲ့တာပေါ့။

အဲဒီမြင်ကွင်းက ကျနော့်စိတ်ထဲ တနုံ့နုံ့နဲ့ဗျ ဒါက လူတယောက် မတရားလုပ်ခံရတာလို့ ပဲမြင်နေတယ် အဲဒီတုန်းကလေ၊ အဲဒီတုန်းက ကိုယ်မြင်တာက ဒါက ပထမဆုံး ကျနော့်အတွက်မြင်ကွင်းပေါ့ဗျာ။
နောက် နေ့ကျောင်းတက်နေတဲ့ သူငယ်ချင်း သုံးလေး ဦးလောက်လည်း ပါသွားကြတယ်လို့ ကြားတော့  စိတ်ထဲမခံချင်ဘူးပေါ့ဗျာ။နိုင်ငံရေးတွေဘာတွေလည်းနားလည်သေးတာမဟုတ်ဘူး။ ကျောင်းသား စိတ်ရှိရုံသပ်သပ်ပါပဲ။အဲလိုနဲ့ သိတဲ့အတိုင်းပဲ ကျောင်းတွေကလည်း ပိတ်သွားရောပေါ၊ ကျနော်တို့ကတော့ အလုပ်တွေပြန်ဆင်းရတယ်။

နောက် ဇွန်မှာ ကျောင်းတွေပြန်ဖွင့်တယ်။

ကျောင်းဖွင့်ဖွင့်ချင်းမှာပဲ ကျောင်းသားတွေ ပြန်စုနေကြပြီ ဆိုတာတွေလည်း ဖြစ်နေကြပြီလေ။ ကျနော်တို့ကလည်း စနေ၊ တနင်္ဂနွေမှ ပရယ်တီကယ်သွားလုပ်ရတယ်။
အဲဒီအချိန်တုန်းက ကျနော်က ရည်းစားနဲ့ အဆင်မပြေဖြစ်နေတာ၊ ကျောင်းလည်း မသွားဘူး၊ ပရယ်တီကယ်တွေလည်း မလုပ်တော့ ကျနော့်ရည်စားက ကျောင်းကိုပုံမှန်လာပြီး ပရယ်တီကယ်လုပ်ပါဦးလို့ ပြောတယ်။

အဲဒါနဲ့ ဇွန် ၁၈ ရက်လား ၁၉ ရက်လားတော့ မမှတ်မိဘူးကျောင်းကို ရည်းစားစကားနားထောင်ပြီး ပရယ်တီကယ်လုပ်ဖို့သွားတယ်။ အဲဒီနေ့က ကျောင်းကို Day ကျောင်းသားတွေက လာပြီးစည်းရုံးကြတယ်ပေါ့။

မှတ်မှတ်ရရ အဲဒီနေ့က ကျောင်းကိုလာတဲ့ ကျောင်းသားတွေက ဒဂုံဆောင်က ကျောင်းသားတွေပေါ့။ အဲဒီမှာသူတို့က ကျနော်တို့ လုပ်သားကောလိပ်က ကျောင်းသားတွေကိုလာပြီးတော့ မင်းတို့ ဘာမှ မလုပ်ကြဘူးလားဆိုတာကို လာပြောကြတာလေ။

သူတို့က ဘယ်လိုတွေ ပြောလဲ ဆိုတော့ မင်းတို့ လုပ်သားကောလိပ်က ကောင်တွေ ထမီဝတ်ထားတို့ ဘာတို့ အဲလိုတွေ ပြောတာ။ အဲလိုတွေပဲ လိုက်အော်နေတယ်ဗျာ။ပွင့်ပွင့်လင်းလင်း အရိုးခံအတိုင်းပြောရမယ်ဆိုရင်တော့ သူတို့ စည်းရုံးရေး ဆင်းလာတာက အဲလို ပုံဆန်မျိုးတွေ  ပြောဆိုတာတွေ မလုပ်သင့်ဘူး လို့ ပြောတော့ သူနဲ့ကျနော်နဲ့က စကားအခြေအတင်ဖြစ်ကြရော။

အဲဒီမှာ ခင်ဗျားတို့ရော ဘာလုပ်လို့လဲ ခင်ဗျားတို့ လုပ်သလောက်တော့ ကျနော်တို့လည်း လုပ်နိုင်တယ်ပေါ့..အဲလိုတွေ တကယ်ဖြစ်ခဲ့ ပြောခဲ့တာပဲ။
အဲဒီနေ့ကတော့ စကားများနေတာနဲ့ ဘာမှ မလုပ်ဖြစ်လိုက်ဘူး၊ နောက်နေ့ ပြန်ချိန်းကြတယ်ပေါ့လေ…အဲဒီကစပြီး ဒီကျောင်းသားတွေနဲ့ပဲ ကျနော် ပေါင်းမိသွားတယ်။

အပိုင်း(၂)

တကယ်တော့ အဲဒီတုန်းက ကျနော်က နိုင်ငံရေးဆိုတာလည်း မသိဘူး၊ ဒီမိုကရေစီဆိုတာလည်း မသိပါဘူး။

ဒါပေမဲ့ တပါတီစနစ်ရဲ့ မကောင်းမှုတွေကိုတော့ ကျနော်တို့ ခံရတယ်လေ။ မွေးဆပ်ပြာတတုံးရဖို့ သမဆိုင်သွားရတာတို့…၊ ရေနံစည် တပုလင်းတို့…အ၀တ်စကောင်းကောင်းလေးတွေဆိုရင် မဲနှိုက်ရတာတို့ ဘာတို့ အဲလိုမျိုးတွေလည်း ရှိတယ်။

 နောက် ကားတွေ၊ လမ်းတွေဆိုတာလည်း စုတ်ပြတ်သတ်နေတာပဲ ဒါတွေက မသိမသာကြုံတွေ့လာရတဲ့ ကိစ္စတွေပေါ့။ တပါတီ စနစ်အောက်မှာ နေရတဲ့ ဘ၀တွေအကြောင်းကိုတော့ သိတာပေါ့ တခြား နိုင်ငံရေး စနစ်တွေဘာတွေကိုတော့ ထဲထဲဝင်ဝင် မသိခဲ့ပါဘူး။ မခံချင်စိတ်လေးနဲ့ လုပ်ကြတယ်ပေါ့ လုပ်ရင်း လုပ်ရင်းနဲ့မှ လုပ်သင့်တယ်ပေါ့။ 

လုပ်ကောင်းတယ်ဆိုတာကို မြင်လာကြတာလေ။
အဲဒီနေ့ ၁၉၈၈၊ ဇွန်လ ၁၈ ရက်နေ့ကနေ စသွားလိုက်တာ ဇွန်လ ၁၉ ရက်နေ့တွေမှာ တောက်လျှောက် ဆက်သွားတယ်။ ဇွန် ၂၀ ရက်နေ့က ကျောင်းဖွင့်ရက်ဖြစ်တော့ကျောင်းသား လှုပ်ရှားမှုက ပိုပြီးတော့ စည်သွားတာပေါ့။

အဲဒီမှာ ကိုကိုဦးတို့ မောင်မောင်ကျော်တို့က ဦးဆောင်ပြီး လုပ်ကြတဲ့ သူတွေပေါ့လေ။ ကျနော်နဲ့ကတော့ လက်ပွန်းတတီးလက်တွဲပြီး လုပ်ခဲ့တာတော့ မရှိပါဘူး။ ကျနော်ကတော့ အောက်ခြေမှာပဲ ကြုံသလိုပဲ ကြုံတဲ့သူနဲ့ လက်တွဲင်္ပြီး လုပ်လိုက်တာပါပဲ။ မှတ်မှတ်ရရ ကိုမင်းသူတို့ဘာတို့လည်းပါတယ်ပေါ့လေ လုပ်ကြတာ။

နောက် S-3 မှာ အစည်းဝေးတွေ ဘာတွေ ထိုင်ကြတယ်ပေါ့။ အဲဒီမှာ မှတ်မှတ်ရရ ကိုအောင်ဇော်မင်း( ချိုတူးဇော်) နဲ့ တွဲမိပြီ။ သူက s3 က အစည်းဝေးမှာ တင်တာတခုရှိတယ်။ သူက ဘာတင်လဲဆိုတော့ ကျောင်းသားတွေ ကျောင်းထဲမှာပဲ မလုပ်သင့်ဘူး၊ ပြည်သူကြားထဲထိ ထွက်ပြီး လုပ်သင့်တယ်၊ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တောင်းဆိုတိုက်ပွဲ ၀င်သင့်တယ်ဆိုတာမျိုးကို သူတင်ခဲ့တယ်။

အဲလို အစည်းအဝေးတွေ ပြီးရင်တော့ သူရယ်၊ ကျနော်ရယ် ကျန်တဲ့ ကျောင်းသားအချို့ရယ် သူ့အိမ်မှာပဲ စုမိကြပါတယ်။ အဲဒီအုပ်စုလေးထဲမှာ day ကျောင်းသားတွေပါတယ်၊ လုပ်သားကောလိပ်က အချို့ ကျောင်းသားတွေပါတယ်။ ရည်ရွယ်ချက်တခုနဲ့ စုလိုက်ကြတယ်ပေါ့လေ။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်အပါအ၀င် အဲဒီအစုလေးက လက်နက်ကိုင်တော်လှန်ရေးကို အားသန်တယ်။ စိတ်ကူးယဉ်တယ်ပြောပြော ဘာပြောပြော ကျနော်တို့ တကယ် အားသန်ခဲ့တယ်။
အမှန်အတိုင်းပြောရရင်တော့ဗျာကျနော်တို့ ထိုင်းနယ်စပ်လိုနေရာမျိုးကို ထွက်ဖို့ ကြိုးစားတယ်၊ ထိုင်းနယ်စပ်လို နေရာမျိုးကို မထွက်နိုင်ရင်တောင်မှ ဘန်ကောက်လို နေရာမျိုးမှာ အခြေကျပြီးတော့  တော်လှန်ရေး တခုခု လုပ်နိုင်မလားပေါ့လေ။ ဒါမျိုးတွေ စဉ်းစားပြီးတော့ စခဲ့ကြတာပဲ။

အဲဒီမှာ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံး ကို အဲဒီကတည်းက စပြီး ဖွဲ့ခဲ့ကြတာ။
အဲလိုဖွဲ့ခဲ့ကြပြီးတော့ ကျနော်တို့အဖွဲ့ထဲမှာ မြိတ်(ဘိတ်)ကကျောင်းသားတွေလည်း ပါတယ်၊ ကိုဝင်းချိုဆိုတဲ့ မြိတ်က ကျောင်းသားနဲ့ ကျနော်အပါအ၀င် ၄ ဦး မြိတ်ဘက်ကို ဆင်းသွားခဲ့ကြတယ်။
 အဲဒီမှာ အညိုရောင်နယ်မြေနဲ့ နီးတဲ့ရွာတွေကိုရောက်တော့ လက်နက်ကိုင်နေတဲက KNU ဆိုတာတွေ ရှိတယ်၊ မွန်တွေရှိတယ်၊ နောက်ဆုံး ဗကပ တွေလည်း ရှိတယ်ဆိုတာကို ကျနော်တို့ ထဲထဲဝင်ဝင် သိလာရတယ်ပေါ့လေ။

အဲဒီတော့ကျနော်တို့ လုပ်ချင်တဲ့ တော်လှန်ရေးအတွက် ဒီလက်နက်ကိုင်နေတဲ့ အဖွဲ့တွေကလည်း ထည့်စဉ်းစားရမဲ့ အချက်တွေဆိုတာကို ထဲထဲဝင်ဝင်သိလာရတာပေါ့လေ။
အဲဒီမှာ ဇူလိုင်လလောက်မှာ အထက်တန်းကျောင်းသားတွေကလည်း ကျို့ကြား ကျို့ကြား ဆန္ဒပြတာတွေ ဘာတွေလည်း ရှိနေပြီ။

၁၉၈၈ ခုနှစ် ၈ ရက် ၈လ မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့လုပ်ကြမယ်ဆိုပြီးတော့ ရန်ကုန်က ကျောင်းသားတွေက လှုံ့ဆော်ကြတယ်။ အဲဒီမှာ ကျနော်တို့ကလည်း ၈ ရက်နေ့ အမီ ဘိတ်မြို့ပေါ်ကို အရောက်သွားတယ်။ အဲဒီမှာ ကိုအောင်ဇော်မင်း(ချိုတူးဇော်)၊ ကျနော်နဲ့ကိုတင်ကိုအောင် ၃ ယောက်က တည်းတဲ့ အိမ်လေးမှာ နေရင်းနဲ့ အခြေအနေကို စောင့်ကြည့်ကြတာပေါ့။
၈ ရက်နေ့မှာ တကယ်တမ်း စလိုက်တာကတော့  မြိတ်က အထက်တန်းကျောင်းသားတွေကနေ စလိုက်ကြတာ။ စလိုက်ကြပြီးတော့ လူအုပ်တွေဘာတွေ ပါလာပြီးတော့ ရဲစခန်းကို ၀ိုင်းကြတာတွေဘာတွေဖြစ်တယ်။ ဖြစ်တော့ ရဲက ပစ်တယ်။

အဲဒီမှာ ကိုကိုဦးနဲ့ ညီညီလွင်…တဲ့ သူတို့ ကျသွားတယ်။ ကျောင်းသားနှစ်ယောက် ကျသွားတယ်။ ၈ ရက် ၈ လ ၈၈ပေါ့။စလုပ်တာက အကယ့်ကို အထက်တန်းကျောင်းသား လူငယ်လေးတွေ စလုပ်ခဲ့ကြတာ။ အဲဒီမှာ ကျနော်တို့ကလည်း ရန်ကုန်ကလာတဲ့ ကျောင်းသားတွေပါ မြိတ်က ကျောင်းသားတွေနဲ့ ပေါင်းပြီး အလုပ်လုပ်ဖြစ်ကြတယ်။

အဲတော့ အထက (၁)မှာ သပိတ်စခန်းဖွင့်ကြတာပေါ့။  အစပိုင်းမှာတော့ ကျသွားတဲ့ ကျောင်းသားတွေရဲ့ အလောင်းတွေကို သယ်ပြီးတော့ ဆန္ဒပြတာတွေ ဘာတွေလုပ်ကြသေးတယ်၊ နောက်တော့မှ ကောင်းမွန်စွာ သဂြိုလ်ရအောင်ဆိုပြီး မိဘလက်ထဲ ပြန်အပ်လိုက်ကြတယ်။ ပြီးတော့ ကောင်းကောင်းမွန်မွန် သဂြိုလ်မေးလိုက်ကြတယ်။

ပထမတုန်းကတော့ ဟောပြောတာတွေဘာတွေလုပ်တယ်ပေါ့ သပိတ်စခန်းမှာ ကြာလာတဲ့ အခါကျတော့ ဒုတ်ဓါးကိုင်တဲ့ အဆင့်တွေဘာတွေ ရှိလာတယ်။  အဲဒီမှာ မြို့ခံတွေကလည်း ကျနော်တို့ကို ဂန်သားပေါ့၊ ဂန်သားဆိုတာက သူတို့က မုန်းတာလို့လည်း ပြောလို့ရမဘူး ဒါပေမဲ့ သူတို့မှာ အစွဲရှိတယ်၊ မြို့ခံ မဟုတ်တဲ့ ရန်ကုန်ကလိုလာတဲ့ သူတွေဆိုရင် သူတို့က ဂန်သား တွေ ဂန်သားတွေ ဟိုဘက်ကနေ လာတဲ့ သူတွေ  သူတို့နဲ့ တသားတည်း မဟုတ်ဘူး ဆိုပြီး ခွဲခြားတဲ့ သဘောတရားလေးလည်း ရှိတယ်။

အဲဒီမှာ ရန်ကုန်ကလာတဲ့ ကျနော်တို့ အပေါ်ကို ဂန်သားတွေ ဆိုပြီး သံသယတွေ ဖြစ်ကြတယ်။ နောက်ဆုံးဗျာ သပိတ်ကာလတွေမှာ ဖြစ်တတ်တဲ့ အတိုင်းပဲ ထောက်လှမ်းရေးတို့ သူလျှိုလား ဆိုတာမျိုးကနေ စတယ်ဗျ။

အဲဒီမှာ ဒုတ်ဓါးတွေ ဖြစ်မှာဆိုးတာနဲ့ သပိတ်စခန်းကိုလည်း ပိတ်ပေးလိုက်ကြတယ်၊ အဲဒီအချိန်မှာပဲ ရန်ကုန်ကနေ ပြန်လာတဲ့ မြို့ခံကျောင်းသားတွေကလည်း မြို့တွေကို ပြန်ရောက်လာကြပြီ။  ရန်ကုန်မှာက ကျောင်းသားသမဂ္ဂတွေ ဘာတွေ ဖွဲ့ကြပြီဆိုတော့ ဒီမှာလည်း ဖွဲ့ကြမယ်ဆိုပြီးတော့ ဖွဲ့တာပေါ့နော်။

ဒီမှာ ရှိတဲ့ အထက်တန်းကျောင်းသားတွေရော ကျောင်းသားတွေအားလုံး ပါဝင်ပြီး ဖွဲ့ကြတာပေါ့ အဲဒီမှာ သပိတ်မှာပါခဲ့တဲ့ အောက်ခြေလူတန်းစား လူငယ်တွေ ရွာကနေ ဒုတ်တွေကိုင်ပြီး တက်လာခဲ့ကြတဲ့ သူတွေလည်း ရှိတော့ ကျောင်းသားသမဂ္ဂမှာ ကျောင်းသားပဲ ပါရမယ်ဆိုတာကိုတော့ အဲလိုအောက်ခြေက လူငယ်တွေက ကျနော်တို့က ဘာဆက်လုပ်ရမှာလဲ ဆိုပြီး ကျနော်တို့ ဆီကိုရောက်လာကြတယ်။
ကျနော်တို့ကလည်း သပိတ်ထဲပါခဲ့တဲ့ လူတွေဆိုတော့ အဲဒီလို အောက်ခြေက ကလေးတွေက ကျနော်တို့ဆီရောက်လာပြီး လာကြတယ်၊ အဲဒီမှာ ကျနော်တို့က ဟာ ဒါဆိုရင် အခြားနာမည်တခုနဲ့ ဖွဲ့မယ်ဆိုပြီး ဖြစ်သွားတယ်။

အဲဒီမှာ ဗမာ့မျိုးချစ်လူငယ်များ အစည်းအရုံးဆိုပြီး ဖြစ်သွားတယ်။ သပိတ်စခန်းတွေဘာတွေ ဖွင့်ပြီးတရားတွေ ဘာတွေ ဟောကြတယ်ပေါ့၊ အဲလိုလုပ်ရင်းနဲ့မှ ကျနော်က ထားဝယ်ကို ဆက်ထွက်ခဲ့တယ်။ အာဏာမသိမ်းခင်ပေါ့။

ကိုအောင်ဇော်မင်း(ကိုချိုတူးဇော်)က ရန်ကုန်က ကျောင်းသားတွေနဲ့ ဆက်သွယ်မယ်ဆိုပြီး တက်သွားတယ်၊ ဘိတ်မှာ ကိုချိုက ကျန်ခဲ့တယ်၊ ကျနော်ကလည်း ထားဝယ်ဘက်ကို ဆင်းတယ်။
ထားဝယ်မှာလည်း ဗမာ့မျိုးချစ်လူငယ်များ အစည်းအရုံးဆိုပြီး လုပ်ဖြစ်တယ်ပေါ့။ အဲဒီမှာ ထားဝယ်မှာလည်း သံသယတွေက ဖြစ်တယ်။ ဒီကောင်က ဘယ်က ကောင်လဲပေါ့၊ ထားဝယ်ကို ဘာလာလုပ်တာလဲပေါ့့။

ကျနော် အဓိက ပြောချင်တာက သံသယတွေ ဆိုတာကို အဓိက ပြောချင်တာ။
ဘယ်လောက်ထိ ဖြစ်လာလဲဆိုတော့ ကျနော် တဲတဲ့ အိမ်ကိုပါ မီးရှို့ပါမယ်ဆိုပြီး ဖြစ်လာတယ်။ အဲတော့ ကျနော်က မြို့မိမြို့ဖတွေဆီကိုသွားရှင်းပြတယ်။ သခင်ဗသိန်းတင်ရဲ့ သမီးတွေ ဖြစ်တဲ့ ဒေါ်တင်ထွေးမူတို့ လည်းပါတယ်။ ကျနော်တို့က ရန်ကုန်က ကျောင်းသားတွေပါ၊ ကျနော်တို့မှာ ရည်ရွယ်ချက်လည်း ရှိတော့ လူအင်အားစုစောင်းတဲ့ သဘောလုပ်တာပါ၊ ကျနော်ရန်ကုန်က ကျောင်းသားပါ ဆိုပြီး သေချာရှင်းပြရတယ်။ အဲလို သံသယတွေကို ဖြေရှင်းရတာမျိုးတွေလည်း ရှိတယ်။

အဲလိုနဲ့ စက်တင်ဘာ ၁၈ အာဏာသိမ်းလိုက်တော့ ကျနော်တို့အဖွဲ့တွေကလည်း ကျောင်းသားစိတ်ဆိုတော့ အမျိုးသားတွေချည် လူ ၅၀ လောက်စုပြီးတော့ ၁၉ ရက်နေ့မှာ အာဏာသိမ်းတာကို လက်မခံကြောင်း ပြကြမယ်ပေါ့။
အဲလိုနဲ့ ယောကျာ်းလေးတွေချည်း ၅၀၊ ၆၀လောက် ကျနော်တို့ ထွက်ခဲ့ပြီး ဆန္ဒပြခဲ့ကြတယ်။  အဲဒီမှာ ထားဝယ်မြို့ခံလူအုပ်ကြီးကလည်း တဖက်မှာ ကျနော်တို့ကလည်း သပိတ်စခန်းကနေ ဖြတ်အထွက်မှာ ကျနော်တို့တွေ အပစ်ခံရတယ်။အတွဲလိုက်ပစ်တယ်။ ပစ်ပြီး ဖြိုခွဲခဲ့တယ်။

ပစ်ပြီဆိုတော့လည်း မြောင်းထဲကျတဲ့သူက ကျပေါ့၊ နီးစပ်ရာအိမ်တွေထဲ ၀င်ပြေးတဲ့သူက ပြေးနဲ့ အဲဒီမှာ ၅ ယောက် ကျသွားတယ်။

ဆရာ ၂ ယောက်နဲ့ ကျောင်းသား လူငယ် ၃ယောက်ပေါ့။

အဲလို ကျသွားတော့ စိတ်လည်း မကောင်းဘူး၊ မတရားမှုလို့လည်း မြင်ကြတယ်၊ ခံစားကြရတယ်ပေါ့။
ကျနော်အဲဒီတုန်းက ထားဝယ်မှာ ဘိတ်မှာလည်း အဲလိုဖြစ်ကြတော့ ကိုမျိုးတဲ့ သူက ဘိတ်မှာ ကျသွားတယ်။၁၉ ရက်နေ့မှာပဲ ကျသွားတာ။

နောက် အဲဒီမှာ ၁၉ ရက်နေ့ညနေ ၂၀ ရက်နေ့လောက်မှာ ထားဝယ်ကနေ လှေကလေးနဲ့ ကူးသွားရင်ရောက်တဲ့ လောင်းလုံဘက်မှာ ကျောင်းသားတွေ သွားစုကြတယ်။ ရှောင်ချင်တဲ့ သူတွေလည်း ပါမယ်၊ တောထဲသွားပြီး လက်နက်ကိုင်ပြီး ပြန်တော်လှန်မယ်ဆိုတဲ့ သူတွေလည်း ပါတယ်။ အဲဒီ လောင်လုံအပိုင် ဟိုဘက် ကမ်းလေးမှာ လူ ၃၀၀လောက်စုမိကြတယ်။

ဘုန်းကြီးကျောင်းတွေကနေ ထမင်းတွေ ဟင်းတွေကြွေးကပါတယ်။ ကျနော်အပါအ၀င် ကျနော်တို့ အဖွဲ့က ၅ယောက်လောက်လဲ အဲဒီကို ရောက်သွားကြတယ်။
အဲဒီမှာ ရွာတွေကနေ ရွာသားတွေရဲ့ လက်ဆင့်ကမ်းပို့ဆောင်မှုနဲ့အတူ ဆက်ထွက်ကြတယ်၊ မိုးလင်းခါနီးမှာ သရက်ချောင်းဘက်ကို ပြန်ကူးကြတယ်။ မိုးလင်းတော့ ထားဝယ်အောက်ဘက် ၇ မိုင်လောက်အကွာ၊ ရှင်မုထ္ထီးအောက်ဘက်ပိုင်းလောက်ကို ရောက်သွားကြပြီ။
အဲဒီမှာ မိန်းကလေးတွေလည်း ပါတော့ မြို့က မိဘတွေကလည်း လိုက်ခေါ်ကြတယ်။ အချို့လည်း ပြန်ကြတယ်။ အဲဒီမှာ တောခိုဖို့ လာကြိုတာတွေက ကွန်မြူနစ် အဆက်တွေဗျ။

အဲဒီမှာ ကျနော် စဉ်းစားတယ်။ ကျနော် ဆက်လိုက်သွားမလား၊ လှည့်ပြန်မလား ဘာလုပ်မလဲ ပေါ့လေ။

အဲဒီမှာ ဒီမြို့ခံတွေက ကျနော့်အပေါ်မှာ ဂန်သားဆိုပြီး သံသယတွေလည်း ရှိထားကြတယ်။ သူတို့နဲ့ ဆက်လိုက်သွားဖို့ မဖြစ်ဘူးထင်တယ်ပေါ့။ အဲဒီမှာ ကျနော့်သူငယ်ချင်း ကိုကျော်သက်ကလည်း အကြံပေးတယ်။
အဲဒီမှာ ကျနော်တို့သူငယ်ချင်း ၅ ယောက် ဆက်မလိုက်တော့ဘဲနဲ့ ထားဝယ်မြို့ပေါ်ကို ပြန်လာကြတယ်။ အဲမှာပဲကိုအောင်ဇော်မင်း(ချိုတူးဇော်)ကို ထားဝယ်ကဆင်းဆင်းခြင်းမှဲာ့ စစ်တပ်က ဖမ်းလိုက်ပြီ ဆိုတာ ကြားရတယ်။

အဲလိုနဲ့ ကျနော်လည်း မြို့ပေါ်ကို ပြန်ရောက်လာတယ်။ ထားဝယ်ကနေ ရေးကို သွားတယ်၊ ရေးကနေ မော်လမြိုင်ကနေ ရန်ကုန်ကို ပြန်ဝင်တယ်။
ရန်ကုန်ပြန်ရောက်ပြီးတော့မှ သူငယ်ချင်းတွေနဲ့ ပြန်ဆုံပြီးတော့ ဗမာ့မျိုးချစ်လူငယ်အစည်းအရုံးဆိုတဲ့ နာမည်နဲ့ပဲ တရားဝင်ပါတီ ဖွင့်ကြတယ်ပေါ့လေ။ ကိုချိုတူးဇော်အိမ်မှာပဲ အခြေစိုက်ကြတယ်ပေါ့ဗျာ။
လူစုံအောင်လာကြပါတယ်။ NLD တိုင်းရုံးတို့ လူ့ဘောင်သစ်တို့ ဘာတို့ကတော့ လူပိုစည်တာပေါ့လေ။ ကျနော်လည်း ပါတီအနေနဲ့ ဘိတ်၊ ထားဝယ်မှာ ရုံးခန်းတွေ ပြန်ဖွင့်ပေါ့။

အဲဒီမှာ ပြောစရာရှိတာက ပါတီတွေကို ၀င်ဝင်ပြီးတော့ ဒေသ အာဏာပိုင်တွေက ကြမ်းတာတွေ ရှိတယ်။ သူတို့က ပါတီရုံးတခုကို ၀င်ပြီးတော့မှ ကြမ်းတာတွေ တရားလက်လွတ်ပြောတာတွေ ရှိတော့ ကျနော်တို့ ကျောင်းသားလူငယ်တွေအများစုပါဝင်တဲ့ ပါတီတွေကနေ တိုင်ပင်ပြီးတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ကို စာတင်ကြတယ်။

နိုင်ငံရေးပါတီတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတခု ပြဋ္ဌာန်းပေးဖို့ စာတင်ကြတယ်။ အဲလိုမှ မကာကွယ်ပေးဘူးဆိုရင် ကျနော်တို့ ကျောင်းသားလူငယ်တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို လိုက်ရုံကလွဲလို့ အခြားဘာမှ မရှိတော့ဘူးဆိုတာမျိုးတွေပေါ့လေ။ အဲလို စာတင်ခဲ့ကြတယ်။
အဲလို ထုတ်ပြန်ခဲ့တာတွေ စာတင်ခဲ့တာတွေ ရှိတယ်။ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်)နဲ့ ဦးဝင်းတင်တို့ ဘိတ်ကိုလာတော့လည်းကျနော် တွေ့ပြီး ပြောပြခဲ့ဖူးတယ်။

အန်တီကတော့ လက်နက်ကိုင်တော်လှန်ရေးကို အားမပေးဘူး။ စိတ်လိုက်မာန်ပါ မဖြေရှင်းကြဖို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ ပြောခဲ့တာမျိုးတွေရှိတယ်။
အဲဒီမှာ ၁၉၈၉ မှာ ၈ လေးလုံး ၈ လပြည့်လုပ်တော့ ခေါင်းဆောင်ပိုင်းတွေမှာ ထောင်တွေကျတာတွေ ဘာတွေဖြစ်ကုန်တယ်။

အပိုင်း(၃)

အဲဒီလိုဖြစ်နေတဲ့အချိန်မှာ မန္တလေးကနေ ကိုရော်နိုင်အောင်နိုင်ကလည်း ABSDF ကျောင်းသား တပ်ရင်း(၄၀၁)နဲ့ ချိတ်ဆက်ပြီး လုပ်နေတာ ကိုစိုးလင်းတို့နဲ့ အတူတူပဲ လုပ်နေကြတာ။  ကျနော်ကလည်း သူတို့နဲ့အတူတူလုပ်နေတာပဲ၊ ကျောင်းသားတပ်ရင်း (၄၀၁) ကိုလည်း လူငယ် လေး ငါးယောက်လောက် ရောက်သွားခဲ့ပြီးပြီ။

ကျနော်ကိုယ်တိုင်ကလည်း လက်နက်ကိုင်ဖို့ တောထဲ သွားချင်တယ်။ အဲဒီလိုအချိန်မှာ န၀တကလည်း လာမေးတာ လာ စစ်တာတွေကို သည်းမခံချင်တော့ဘူး။ အဲဒီလို အချိန်ကာလမှာပဲ အာဇာနည်နေ့ ပန်းခွေချတဲ့ ကိစ္စတွေကလည်း ဖြစ်လာတယ်၊ နောက် ထောက်လှမ်းရေးလို့ ယူဆလို့ရတဲ့ သူအချို့ကလည်း ကျနော့်နောက်ကို လိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားတယ်လို့ ယူဆမိတယ်။
အဲဒါနဲ့ ကျနော် အချုပ်အနှောင်မခံချင်တာလည်း ပါတယ်၊ တောခိုဖို့ စဉ်းစားလိုက်တယ်။
ကျနော့်မှာ ရည်းစားရှိတယ်၊ ချစ်သူ ရှိပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျနော့်အတွက် အရေးကြီးဆုံးက နိုင်ငံရေး ဖြစ်သွားတယ်။

နိုင်ငံရေးကို မသိခင်တုန်းက ပတ်သက်မှု မရှိခင်တုန်းကတော့ ကျနော့်အတွက် သူက အရေးကြီးဆုံးပဲ၊ နောက်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လာတော့ ကျနော့်အတွက်က သူ့ကို သတိမရဘူး မဟုတ်ဘူး၊ သတိရတယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်ရမယ်ဆိုတဲ့ အသိက ဦးစားပေးဖြစ်နေတယ်။
အဲဒါကြောင့် ကျနော် ထွက်လာတော့ သူ့အတွက် စာတစောင်ရေးပေးခဲ့တယ်။ သွားပြီပေါ့လေ တချိန်ချိန် ပြန်ဆုံကြမယ်ဆိုပြီး စာရေးပေးခဲ့တယ်။ အဲဒီစာက ကိုတိတ်ဆီမှာ ထားခဲ့တယ် သွားပေးပေးပါပေါ့။

အဲဒီမှာ တကယ်တော့ ကျနော်က တကယ်သွားချင်တာက ရှမ်းပြည်ဘက်ကို သွားချင်တာဗျ၊ ဒေသခံလက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တွဲနေတဲ့  ၄၀၁ ကိုသွားချင်တာ၊ အဲဒီဘက်မှာက လူအင်အားလည်း နည်းတယ်ပေါ့။ ကျောင်းသား အင်အားလည်း နည်းတော့ ကျနော် ဦးတည်တာက ၄၀၁ ကိုပါ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက ၄၀၁ က အခြေအနေမကောင်းဘူး။ အဲဒါနဲ့တကယ်တမ်း ထွက်ဖြစ်တော့ မြောက်ပိုင်းဖြစ်သွားတာပေါ့။

ကျနော်နဲ့ ဘိုဘိုနဲ့ အတူတူ ထွက်ဖြစ်ကြတယ်။ ကျနော်တို့ လားရှိုးကို ရောက်တယ်။ မူဆယ်- တရုတ်ပြည်- ရွှေလီပေါ့။ရွှေလီကနေ ရင်ကျန်မြို့လေးကို ရောက်တယ်၊ အဲဒီကမှာ တညအိပ်ပြီးတော့မှ ဆက်ထွက်ဖြစ်တယ်။ တရုတ်ပြည်အပိုင်ထဲမှာ KIA မိသားစုတွေ နေကြတဲ့ ရွာလေးတွေကို ဖြတ်ရတယ်။
နောက် KIA ဆေးရုံရှိတဲ့ နေရာကိုဖြတ်တယ်၊ အဲဒီတုန်းက အဲဒီမှာ ကျောင်းသားတယောက်ဆေးရုံတက်နေရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပေါင်မှာ ဆေးထိုးမှားပြီး ဆေးက ခဲသွားတာ။ ခဲပြီးတော့ ပြည်တည်လှိုက်စားပြီး ၄ ရက်လောက်ကြာတော့ ဆုံးသွားတယ်လို့ ကြားတယ်။

အဲဒီကနေ ဆက်တက်တော့ နယ်ခြားကျောက်တိုင်လေး ကျော်လိုက်တာနဲ့ KIA ဂိတ်ကို စတွေ့ရတယ်။ ဆက်သွားတော့ ကျောင်းသားတပ်ကို ရောက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကျောင်းသားတပ်ကို ရောက်တယ်ဆိုတော့ ပျော်တာပေါ့။ အဲဒါက ၁၉၈၉ ခုနှစ် ဇူလိုင်လထဲမှာပါ။
အဲလိုရောက်သွားတဲ့အချိန်တုန်းက ကျောင်သားတပ် ABSDF ရဲ့ ဥက္ကဋ္ဌ က ကျော်ကျော်၊ အတွင်းရေးမှူးက မျိုးဝင်း၊ ဘဏ္ဍာရေးမှူးက ကိုအောင်ကြီး၊ ဦးစီးလွှမ်းမိုး၊ ဦးစီး လှဋ္ဌေး၊ နောက် ဦးစီးနေဒွန်းပေါ့။

ရောက်ရောက်ချင်း တွေ့ရတာက ကိုမျိုးဝင်းပဲ။ သူက မြို့ပေါ်က အခြေအနေတွေကိုမေးကြတယ်ပေါ့လေ။
ကိုမျိုးဝင်းက ဆံပင်ထူထူ ခေါင်းကြီးကြီးနဲ့ မျက်နှာပေါက်ကလည်း ရှုသိုးသိုးမှိန်တေတေနဲ့ နားထင်ချိုင့်ချိုင့်ပေါ့။ လူတယောက်ကို ဟက်ဟက်ပက်ပက်ပြောတာ ဆိုတာမျိုးလည်း မရှိဘူး။  သူ သိချင်တာကို သူမေးမယ်၊ သူပြောချင်တာကို ပြောမယ်၊ အဲလောက်ပဲ စကားလည့်း သိပ်အများကြီး မပြောဘူး။

အင်း …ကိုထွန်းအောင်ကျော်နဲ့တော့ မတူတာ အမှန်ပဲ။ ကိုထွန်းအောင်ကျော်က ကျနော် တောထဲမသွင်းခင် ရန်ကုန်လာသေးတယ်။ ကိုထွန်းအောင်ကျော်က ပြုံးပြုံးနဲ့ အေးအေးဆေးဆေးပဲ၊ စကားကိုလည်း လေးလေးနက်နက်ပြောတယ်၊ လေးလးနက်နက် နားထောင်ပေးတယ်။ ပြောရရင်တော့ဗျာ မြင်မြင်ချင်း အကိုတယောက်ကို အားကိုးချင်တဲ့စိတ်ဝင်လာတတ်တဲ့ ပုံမျိုးပါ။

ကျနော်တို့က ကိုထွန်းအောင်ကျော်တို့ ကိုရော်နယ်အောင်နိုင်တို့ကိုစိုးလင်းတို့ထက် အရင်တောထဲ ထွက်ခဲ့တာကို၊ကိုထွန်းအောင်ကျော်ကို အရင်မြင်ခဲဖူးပြီးမှ ကိုမျိုးဝင်းကို မြင်ခဲ့ရတာ။
အဲတော့ ရောက်ရောက်ချင်းတော့ ဗဟိုကော်မတီကုန်းမှာပဲ တရက် နှစ်ရက်လောက် နေရသေးတယ်၊ စားတာသောက်တာလည်း သူတို့နဲ့ အတူ ရောစားခဲ့ရသေးတယ်။
ကျနော် စရောက်တဲ့အချိန်တုန်းက ဗဟိုမှာ လူသိပ်မရှိဘူး၊ ရှေ့တန်းတွေ ရောက်နေကြလို့ ရဲမေတွေလည်း သိပ်မရှိဘူး။ အကုန်လုံးလိုလိုက ရှေ့တန်းရောက်နေကြတယ်။

ဗဟိုမှာက ကော်မတီရုံးရှိမယ်၊ အတွင်းရေးမှူးတဲတို့ စစ်ရုံးတို့၊ စခန်းမှူးတဲတို့ မိန်းကလေးဆောင်တို့ ရိက္ခာထုတ်ရတဲ့ နေရာတို့…ဒါတွေပဲ ရှိတယ်။ အဲတုန်းက ဗဟိုမှာက အဲလောက်ပဲ။
ကျနော်တို့ကလည်း သင်တန်းတက်ဖို့ရှိတော့စခန်းမှူးတဲနားက ဘားတိုက်ကြီးနား ဆင်းနေကြရတယ်။ လေးငါးရက်လောက် ထိနောက်လူတွေကို စောင့်ရတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဘက်က တက်လာတဲ့ လူတွေကို စောင့်ရတာပေါ့။

 အဲဒီမှာ ကျနော်တို့နဲ့ အပတ်စဉ် (၅) သင်တန်းတက်ဖို့ အတူရှိနေတာက ကိုညီညီကျော်၊ကိုမြင့်ကျော်၊ ကိုရန်ရှင်း၊ ကိုအောင်ကျော်၊ ကိုသန်းထွန်းစိုး တို့ပေါ့ အဲဒီမှာ သင်တန်းတက်ဖို့ စောင့်ရင်းနဲ့ လူကလည်း ၂၀ လောက်ဖြစ်လာတယ်။

အဲလို စောင့်ရင်းနဲ့မှ တပ်အကြောင်းကိုနည်းနည်း သိလာရတယ်၊ စားစရာမရှိဘူးပေါ့၊ မျှင်ငါးပိလေးနဲ့ ဟိုအရွက် ဒီအရွက်လေးတွေ ရှာပြီးတော့ စားရတာမျိုးပေါ့ ၊ ရဲဘော်၊ ရဲမေတွေက အစားဆင်းရဲတယ်။ သေချာ ကျကျနန ရိက္ခာဖြည့်ဝေတယ်ဆိုတဲ့ စနစ် မတွေ့ရဘူး။
ရဲဘော်၊ ရဲမေတွေနဲ့ ကိုမျိုးဝင်းတို့လို တာဝန်ခံတွေ အစားအသောက်တွေကလည်း ကွာတယ်။  အနေအထားတွေလည်း ကွာတယ်။ ခရိုင်မှူးတွေဘာတွေလည်း တရုတ်ပြည်ထဲသွားပြီး ပိုက်ဆံသုံးကြတာ သုံးနိုင်တာမျိုးတွေ ရှိတယ်၊ ရဲဘော်ရဲမေတွေလက်ထဲမှာ တပြားမှ မရှိဘူး၊ စားစရာလည်း တကယ်ကို မရှိခဲ့ဘူး။

ဒါမျိုးတွေအပြင် ရန်ကုန်မန္တလေးကလာတဲ့ သူတွေအနေနဲ့ ဒီထဲမှာ အရမ်းကြီး တပ်ပုံစံ ဖိစီးတာကို မကြိုက်ကြဘူး။ ဒီမိုကရေစီ ကျောင်းသားတပ်လို့ ပြောတဲ့အတိုင်း လွပ်လပ်ခွင့်ရှိစေချငတယ်။ ပြောခွင့်ရှိစေချင်တယ်။
လက်နက်ကိုင်တော်လှန်ရေးလုပ်နေတော့ တပ်ပုံစံသွားရမှာ မှန်ပေမဲ့ တကယ့်တသွေးတသံတမိန့်ပုံဆံမျိုးတွေ သွားနေတယ်လို့မြင်တယ်။
အဲဒီကတည်းက သင်တန်းဆရာတယောက်က သူ တက်လာတာကို သတိမဆွဲလို့ ဆိုပြီး ပဲခူးကိုတင်ဋ္ဌေးဆိုတဲ့ တယောက်ကို ပါးရိုက်ပစ်လိုက်တယ်။ ကျနော်တို့ အားလုံး…မြင်နေရတော့ စိတ်မကောင်းဘူး၊ စိတ်လည်း တိုကြတယ်။ ဒါမျိုးတွေပေါ့။

နောက် ကျနော်တို့ မရောက်ခင်မှာပဲ မြတ်ကိုကို ဆိုတဲ့ ကျောင်းသားတယောက်ကို အာသံကုန်းမှာ သတ်ပစ်လိုက်တယ်။ အဲဒီ အာသံကုန်းကို အချို့ရဲမေတွေက အာသံကုန်းလို့ မခေါ်ကြတော့ဘူး မြတ်ကို ကုန်းလို့ ခေါ်ကြတယ်။

ကျနော်က ဘာဖြစ်လို့လဲလို့ တိုးတိုးတိတ်တိတ်မေးကြည့်တော့…ကျနော်တို့ မရောက်ခင် လပိုင်းတုန်းကပဲ ထောက်လှမ်းရေးဆိုပြီးတော့ ကျောင်းသားတယောက်ကို သတ်ပစ်လိုက်တယ်တဲ့။မြတ်ကိုကိုက ရေဆင်းတက္ကသိုလ်က ကျောင်းသားတဲ့။

အဲဒါမျိုးတွေလည်း ကြားရတော့ စိတ်မကောင်းဘူး။ စိတ်ထဲမှာလည်း တမျိုးချည်းဖြစ်တယ်။
တသွေးတသံတမိန့်သွားတယ်၊ လွတ်လပ်မှု မရှိဘူး၊ ဒီမိုကရေစီ မရှိဘူး၊ အထက်နဲ့အောက် အစားအသောက်တွေ အနေအထားတွေ ကွာကြတယ်။ ဒါတွေက ဒီမိုကရေစီတပ်လို့ ပြောရင် မဖြစ်သင့်ဘူးလို့  ကျနော်မြင်တယ်လေ။

ကျောင်းသားတယောက်ကို ဒီလို လက်လွတ်စပယ်သတ်လိုက်တယ်ဆိုတာကိုလည်း လက်ခံလို့ မရကြဘူး။

အဲဒီမှာ အပတ်စဉ်(၅) သင်တန်းက ၁၉၈၉ခုနှစ်အောက်တိုဘာလထဲမှာစဖွင့်ပြီ။ သင်တန်း ဆိုတာကလည်း ထုံးစံအတိုင်းပေါ့ မနက် ပီတီပြေးပေါ့။ အစားဆင်းရဲ အနေဆင်းရဲနဲ့ အရမ်းအေးတဲ့ အချိန်တွေရောက်လာတော့လည်း တော်လှန်ရေးဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ကြတာပါပဲ။

သင်တန်းတက်လို့ လပိုင်းလောက်ပဲ ကြာတယ်၊ အဲဒီသင်တန်းမှာလည်း ဘာဖြစ်လဲဆိုတော့ ကိုမျိုးဝင်းတို့ဘာတို့က လူမွေးတယ်ဗျ။ သန်းဇော်တို့ ဘာတို့ကို ခေါ်ခေါ်တွေ့တယ် လူမွေးတယ်။အဲဒါတွေကိုလည်း သင်တန်းသားတွေက မကြိုက်ခဲ့ကြဘူး။

အဲဒီတုန်းက ကျနော်တို့တွေက လူငယ်တွေပါပဲ၊ ကျနော့်အသက် ၂၁ နှစ်လောက်နဲ့ တောထဲရောက်သွားတာကို၊ အဲဒီအရွယ်ဆိုတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးနိုင်ဘူး၊ နိုင်ငံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မသိဘူး၊ဒါပေမဲ့ ကျနော်တို့ အားလုံးက တိုင်းပြည်အတွက် ဒီမိုကရေစီအတွက်ဆိုပြီး တောထဲကို ထွက်ခဲ့ကြတာတော့ အမှန်ဘဲလေ။
ရှေ့ဆက်ဖော်ပြပေးပါမည်။


အပိုင်း(၄)

အပတ်စဉ်(၅)သင်တန်းမှာ တလလောက်ကြာလာတော့ အဆင်မပြေတာတွေလည်း ပိုများလာတယ်၊ မကျေလည်တာတွေလည်း ပိုများလာတယ်။
အဲဒီမှာ ပြဿနာဖြစ်သွားတာက သင်တန်းဆရာ မင်းဋ္ဌေးရယ်၊ စခန်းမှူး ဒု အရာခံဗိုလ် အောင်ရဲစိုးကို ကိုမျိုးဝင်းတို့က ဖမ်းချုပ်လိုက်ကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ထဲကို ခွင့်ပြုချက် မရဘဲနဲ့ သွားတဲ့အမှုနဲ့လို့ ပြောတယ်။

အဲဒီအချိန်တုန်းကတော့ ရဲဘော်တွေက မကြာမကြာ သွားကြတာရှိတယ်၊ အချို့ကလည်း ခိုးသွာတယ်၊ အချို့ကလည်း ခွင့်ပြုချက်ယူပြီးမှ သွားတယ်ပေါ့။
သင်တန်းသားတွေက ကိုရဲစိုးကိုလည်း တော်တော်လေးစားတယ်၊ ဆရာမင်းဋ္ဌေးကိုလည်း လေးစားကြတယ်။ သူက ရိုးရိုးပဲ ပြောတယ် ဆိုတော့ သင်တန်းသားတွေက ချစ်တယ်။ အဲလိုအခြေအနေမှာ သင်တန်းဆရာကို ဖမ်းချုပ်လိုက်တယ်ဆိုတော့ သင်တန်းသားတွေက ပေါက်ကွဲကုန်ကြတယ်။ မှတ်မှတ်ရရပါပဲ ကျနော်တို့ တပ်စိတ်မှူးတွေ တိုင်ပင်ကြတယ်၊ လူကြီးပိုင်းတွေ တိုင်ပင်ကြတယ် ဘယ်လို ဆက်လုပ်ကြမလဲပေါ့။ ဒီနှစ်ဦးကို ပြန်မလွှတ်ရင်တော့ သင်တန်းမတက်ကြတော့ဘူးဆိုပြီး ဖြစ်ကုန်ကြတယ်။
အဲဒီတုန်းက သင်တန်းမှူးက လှဆိုင်း၊ လက်ရှိ မြောက်ပိုင်းဥက္ကဋ္ဌဖြစ်နေတဲ့ လှဆိုင်းပါ။ သူက လာတယ်။ ဘယ်လိုဖြစ်နေလဲပေါ့။ ကျနော်တို့က စစ်သီချင်းတွေဆိုတယ်၊ ဘယ်ညာနင်းတယ်ပေါ့။

အဲဒီမှာ ကိုရန်ရှင်းက ဒီကိစ္စ မပြေလည်ဘူး ဆရာမင်းဋ္ဌေးတို့ကို အမြန်လွတ်ပေးပါ။ ပြီးတော့ တပ်ထဲမှာ မပြေလည်မှုတွေ အရမ်းများနေတယ် အဲဒါတွေကိုလည်း ပြောချင်တယ်။ အဲတော့ ဒါဘာခေါ်ပေးပါဆိုပြီးတော့ ပြောခဲ့ကြတယ်။ အဲလိုပြောခဲ့လိုပဲ  ကိုရန်ရှင်းကို နောက်ပိုင်းမှာ ဖားကန့်မှာ လိုက်သတ်တာ ခံလိုက်ရတယ်။

အဲလိုပြောပြီး သင်တန်းဆက်မတက်ကြတော့ဘူး။ နောက်နေ့ကြတော့ KIAက ဗိုလ်မှူးပန်းအောင်ပါတယ်၊ ဦးစီး လွှမ်းမိုးပါတယ်။ မျိုးဝင်းပါတယ်။ အောင်ကြီးပါတယ်။ ဒါဘာပွဲ လုပ်ပေးတယ်၊ ဒါဘာပွဲလုပ်ပေးတော့ သင်တန်းသားတွေရော ရဲဘော်တွေရော မကျေလည်တာတွေ မေးခွန်းတွေ မေးကြတယ်။

အဲဒီမှာ ကိုရန်ရှင်းနဲ့ အချို့ရဲဘော်တွေက ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းပေးဖို့ ပြောခဲ့ကြတယ်။ အဲဒီ ဒါဘာမှာ ပြင်ဆင်ရေးနဲ့ ပတ်သက်တာတွေ မကျေလည်တာတွေနဲ့ပတ်သက်တာတွေကို တက်တက်ကြွကြွ ပြောခဲ့ကြတာက မောင်မောင်ကြွယ်၊ ရန်အောင်၊ကိုသက်နိုင်၊ ကိုဋ္ဌေးမြင့်ဝင်း၊ကိုရန်ရှင်းတို့ပေါ့။ အဲဒါကို မျိုးဝင်းတို့က အငြိုးအတေးတွေ လုပ်ထားခဲ့တယ်။

အဲဒီလို မောင်မောင်ကြွယ်တို့ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ပြည်ထောင်စုနေ့မှာ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်ခါနီးမှာ မျိုးဝင်းက မင်းတို့အပတ်စဉ်(၅)သင်တန်းတုန်းကလို ဒါဘာတုန်းကလို ငါ့ကို လုပ်နိုင်သေးရဲ့လားလို့ မေးခဲ့တယ်တဲ့။ အဲလို မေးခဲ့တာကို ကုန်းပေါ်မှာ ရှိတဲ့ ကျန်တဲ့ ရဲဘော်တွေ ကြားခဲ့ရတာပဲ။
အဲဒီပေါ်မှာသူ့အမြင်က သူတို့တွေကို ရန်သူတွေလို့မြင်ကောင်းမြင်ခဲ့လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြောက်ပိုင်း ဖမ်းဆီးမှုတွေ မဖြစ်ခင်မှာ မျိုးဝင်းနဲ့ နီးနီးကပ်ကပ်နေခဲ့တဲ့ ရဲဘော်တယောက်က ကျနော့်ကို ပြောဖူးတယ်။

“အပတ်စဉ် ၅ ကိစ္စက ငါ့ဘ၀မှာ ပထမဆုံး မျက်ရည်ကျခဲ့ရတဲ့ နေ့၊ ယူကျုံးမရဖြစ်ရတဲ့ နေ့၊ အဲဒီနေ့ကို ငါ ဘယ်တော့မှ မမေ့ဘူး“လို့ မျိုးဝင်းက ပြောတယ်လို့သူက ကျနော့်ကို ပြောခဲ့ဖူးတယ်။

တကယ်တော့ ကိုမျိုးဝင်းကို ရဲဘော်တွေ မကျေလည်တာက ကျနော်တို့ မရောက်ခင်ကတည်းက ရှိခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့ ရောက်ပြီး အပတ်စဉ် (၅) သင်တန်းကျမှ ပြဿနာက စဖြစ်တာလို့လည်း ပြောလို့တော့ရတယ်၊ သူ ဘယ်အချိန်ကတည်းက ငြိုးထားခဲ့သလဲဆိုတာကတော့ ပြောရခက်တယ်။
 နဂိုကတည်းက ကိုမျိုးဝင်းကို အတိုက်အခံလုပ်ပြီး ပြောပြောနေတဲ့ ကိုဋ္ဌေးမြင့်ဝင်းတို့၊နောက်ကိုမောင်မောင်ကြွယ်တို့၊ ကိုသက်နိုင်တို့ကလည်း ကိုမျိုးဝင်းကိုအမြဲတမ်း အတိုက်အခံလုပ်ပြီး ပြောနေကြတဲ့ သူတွေ သူတို့တွေကလည်း ပြောကြတယ်။

အဲဒီတုန်းကလည်း  စစ်ကိုင်းတိုင်းကလူတွေကလည်း စစ်ကိုင်းတိုင်းကော်မတီဖွဲ့စည်းရေးဆိုပြီး လုပ်နေတာတွေလည်း ရှိတယ်။ အဲလို ပြဿနာတွေလည်း ရှိတယ်။
ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က စစ်ကိုင်းတိုင်း ကော်မတီ မဖြစ်သင့်ဘူးဆိုပြီး တောက်လျှောက်လိုက်ပိတ်နေတာတွေလည်း ရှိတယ်။ သူတို့လိုက်ပိတ်တဲ့ သူတို့ရဲ့ အတွင်းစိတ်ကို ကျနော် မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ သူတို့က ဗဟိုကော်မတီ တခုတည်းပဲ ရှိရမယ်ဆိုတဲ့ ပုံဆန်မျိုးကိုသွားချင်တာ။ သူတို့ပဲ ဦးဆောင်မယ်ဆိုတဲ့ ဟာမျိုးပေါ့လေ။
ပြီးတော့ သူတို့ကလည်း အရင်ရောက်နေတယ်၊ ဒီတပ်ကိုလည်း သူတို့လက် သူတို့ခြေနဲ့ အကုန်လုံးစခဲ့သလိုလည်း ဖြစ်တာကို၊ အဲဒီတော့ စစ်ကိုင်းတိုင်းက ဦးကျော်ကျော်အုန်းတို့ ဦးရန်နောင်စိုးတို့ဆိုတာ ဒီကိစ္စတွေကို လုပ်တော့ သူတို့နဲ့က ကိုမျိုးဝင်းတို့နဲ့ အမြဲထိပ်တိုက်တွေဖြစ်နေတာ။

နောက်ပိုင်းမှာလည်း ဦးရန်နောင်စိုးကတော့ ထွက်ပြေးလို့ လွတ်သွားတယ်၊ ဦးကျော်ကျော်အုန်းကတော့ လိုက်သတ်တဲ့ ထဲမှာ ပါသွားတယ်။ ကျနော့်အမြင်မှာတော့ ဒါတွေဟာ အဲဒီလို အငြိုးအတေးတွေနဲ့ လုပ်ခဲ့ကြတာပဲ။

အဲလို အပတ်စဉ်(၅) ပြဿနာတွေ ဘာတွေပြီးတော့မှ ကိုရော်နယ်အောင်နိုင်တို့ ကိုထွန်းအောင်ကျော်တို့က မြောက်ပိုင်းကို ရောက်လာကြတာ။
အဲဒီနေ့က ကိုထွန်းအောင်ကျော်နဲ့ ကိုအောင်နိုင်နဲ့ ပထမဆုံးရောက်လာတဲ့နေ့မှာပဲ ဘားတိုက်ထဲကိုလာတွေ့ကြတာ။

ကျနော့်ကိုတွေ့တော့ ကိုထွန်းအောင်ကျော်က ပြောတယ်။ “ဟာဗျာ…မောင်ရင် ကျုပ်ကိုတောင် မစောင့်ဘနဲ့ လစ်သွားတယ်“ လို့ကျနော့်ကို နောက်သေးတယ်။
ကိုအောင်နိုင်ကတော့ “ကိုရဲ ခင်ဗျားရှိရဲ့သားနဲ့ ဘယ်လိုဖြစ်တာလဲ“လို့ မေးတယ်။

သူအဲလိုမေးတော့ ကျနော်သိလိုက်တယ်။ သူက အပတ်စဉ်၅ မှာ ဆန္ဒပြကြတဲ့ ကိစ္စကို ပြောလိုက်တာပဲ။

ကျနော်က ကိုအောင်နိုင်ကို ခပ်အေးအေးပဲ ပြောလိုက်ပါတယ်။
“ဒီမှာ နည်းနည်းလေး ကြာအောင်နေကြည့်လိုက်ပါဦး၊ ဒီမှာ ဖြစ်ပျက်နေတာတွေ သိလာမှာပေါ့“ လို့ ပြောလိုက်တယ်။
အဲဒီအခြေအနေကို ကျနော် သုံးသပ်မိလိုက်တာက မျိုးဝင်းတို့က ကိုအောင်နိုင်တို့က ဒီက အပတ်စဉ် ၅က အခြေအနေကို တခုခု ပြောထားတယ်လို့ ကျနော် သိလိုက်တယ်လေ။ ကျနော်တို့ သင်တန်းသားတွေဘက်က လွန်ထားတယ်ဆိုတဲ့ အနေအထားကို ပြောထားတယ်ပေါ့လေ။

အဲလိုနဲ့ ကျနော်တို့လည်း အပတ်စဉ် ၅ သင်တန်းဆင်းသွားတယ်။ သင်တန်း ဆင်းပွဲတွေ ဘာတွေ လုပ်တယ်ပေါ့လေ။ သင်တန်းဆင်းပြီး ၂ ရက်လောက်ပဲ ဖြစ်မယ်။ ဦးစီး လွှမ်းမိုးအမိန်နဲ့ ပြန်တမ်း ထုတ်တယ်။

ဘာပြန်တမ်းလည်း ဆိုတော့ မြောက်ပိုင်းဗဟိုကော်မတီဖြစ်မြောက်ရေး ကော်မရှင်ဆိုပြီး သူ့အမိန်နဲ့ ထုတ်ပေးလိုက်တယ်။ ဒါကို နောက်ပိုင်းမှ သိရတာက ဦးစီးလွှမ်းမိုးက မြောက်ပိုင်းဗဟိုကော်မတီလည်း ဖြစ်သင့်တယ်၊  စစ်ကိုင်းတိုင်း ကော်မတီအနေနဲ့လည်း ဖြစ်သင့်တယ်လို့ သဘောထားတယ်လေ။ အဲဒါကိုလည်း ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က မကြိုက်ဘူး။ သူတို့သဘောထား မပါဘူးပေါ့။

အဲဒီမှာပါတာက ဦးဥတ္တမ ၊ ဦးကျော်ကျော်၊ ဦးရန်နောင်စိုး၊မန္တလေးက ကိုညီညီကျော်၊ ကျနော်ပါတယ်၊ကိုမြင့်ကျော် ပါတယ်။ ဦးသောင်းမြင့်ပါတယ်။ ဦးစိန်ပါတယ်။ အားလုံး ၈ ယောက်ပါ။ အဲဒီကော်မရှင်ထဲမှာ ပါတာ။

အဲဒီမြောက်ပိုင်း ဗဟိုကော်မတီဖြစ်မြောက်ရေး ကော်မရှင်ကနေပြီးတော့ ဖွဲ့စည်းပုံ ဆွဲတယ်။ ဖွဲ့စည်းပုံကို ၁  လအတွင်းပြီးအောင်ဆွဲတယ်၊ ဖွဲ့စည်းပုံ ဆွဲပြီးတော့မှ မြောက်ပိုင်း ဗဟိုကော်မတီဖြစ်မြောက်ဖို့အတွက်ဆိုပြီးတော့ မဲတွေ လိုက်ယူရတယ်။ ရှေ့တန်းတွေ ထိသွားယူခဲ့ကြတယ်။


အပိုင်း(၅)
ကျနော်တို့ အဲဒီမှာ မဲတွေယူပြီး ဗဟိုမှာ မဲတွေပြန်ပေါင်းကြတာပေါ့နော်။ ကျနော်တို့က မဲတွေယူပြီးတော့ ဗဟိုကိုမရောက်ခင်မှာ နောင်ရာပါ စခန်းကိုရောက်တယ်။ နောင်ရာပါကို ရောက်တဲ့အခါမှာ ဗဟိုမှာတော့ ကိုသံချောင်း ပြန်ရောက်နေပြီ ဆိုတာကို ကြားရတယ်ဗျ။ပြသနာတွေ ရှိတာလည်း ကြားရတယ်

အဲဒီမှာ ကိုသန်းထွန်းစိုးနဲ့ ဦးစီးလွှမ်းမိုးကို ဗဟိုမှာ မတည်မငြိမ်ဖြစ်အောင်လုပ်တယ်ဆိုပြီး စွပ်စွဲပြီးတော့မှ ဖမ်းလိုက်တယ်။ ဦးစီးလွှမ်းမိုးကို စစ်တိုင်းအလည်ခေါင်မှာသေနပ်နဲ့ ပစ်သတ်လိုက်တယ်လို့ ကြားရတယ်။အဲလိုကြားရတော့ စိတ်လည်း မကောင်းဘူး၊ အခြေအနေကိုလည်း မကောင်းဘူးလို့ ပြောရမှာပဲ ကျနော်မကြိုက်ဘူး။

အဲဒီမှာ ညနေလောက်ကျတော့ အပတ်စဉ် ၅ မှာပါတဲ့ ကိုအောင်ကျော်ကို ဗဟိုက ခေါ်တာဆိုပြီး ရောက်လာတယ်။  အခြေအနေကို ရိပ်မိလိုက်တယ်။ အဲဒီမှာကိုအောင်ကျော် ခင်ဗျာသွားလို့ ဖြစ်ပါ့မလားလို့ ကျနော် မေးသေးတယ်။ သူကလည်း အပတ်စဉ် ၅ တုန်းက ပြဿနာထဲမှာပါထားခဲ့တာကိုး၊ အဲဒီမှာ သူကလည်း တော်တော်ကြီး စဉ်းစားသေးတယ်၊ နောက်တော့ တက်မယ်ဆိုပြီး ဖြစ်သွားတာ။

သူတက်ရင် ဦးစီးလွှမ်းမိုးလိုပဲ ပစ်သတ်ခံရမှာလို့  ကျနော်လည်း တွေးမိတယ်။ သူကလည်း တက်မယ်တဲ့ ဆုံးဖြတ်ပြီး သလို ပြောနေတော့ကျနော်လည်း ဘာမှ မပြောတော့ဘူး။
တခုခုဖြစ်တော့မယ်၊ သေသွားနိုင်တယ်ဆိုတာလည်း သူလည်း သိတယ်။ ဦးစီးလွှမ်းမိုးလည်း သေသွားပြီ၊ သူကလည်း တက်မယ်ဆိုပြီး ကိုအောင်ကျော်က အရင်တက်သွားတယ်။
 ကျနော်က အဲဒီမှာ ငှက်ဖျားက ဖြစ်တော့အောက်ဆေးရုံမှာ  ၂ရက်လောက် ဆေးကုပြီးတော့မှ နည်းနည်း သတိရလာတော့ ကိုတင်ဋ္ဌေး အဲဒီ ဆေးရုံကိုရောက်လာတယ်။

ကိုတင်ဋ္ဌေးဆိုတာလည်း အပတ်စဉ် ၅ကပဲ ၊ တောခိုတုန်းကလည်း ကိုသန်းထွန်းစိုးတို့ကိုအောင်ကျော်တို့နဲ့ အတူတူပဲ။ အဲဒီမှာ သူက ကျနော့်ကို တွေ့တော့ လာပြောတယ်၊ ကိုအောင်ကျော် ဆေးရုံရောက်နေပြီ တဲ့… ဟိုဘက် အဆောင်မှာတဲ့။

ကျနော်လည်း အံ့သြသွားတယ်၊ ဘယ်လိုဖြစ်လဲပေါ့။ သူက ပြောတယ်။ ကိုအောင်ကျော်ကို ဖမ်းထားပြီး KIA မြေတိုက် စခန်းထဲမှာ ထည့်ထားတယ်တဲ့။ အခု ကိုအောင်ကျော် အခြေအနေမကောင်းဘူး၊ ဆေးရုံရောက်နေတယ်လို့လာပြောတယ်။

ကျနော်ကိုအောင်ကျော့်ကို တွေ့တော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်၊ သူဘာမှ မပြောတော့ဘူး။
ကိုအောင်ကျော် ဘယ်လိုလဲလို့ ကျနော်မေးတယ်။ သူ တကယ်ကို ဘာမှ မပြောတော့တာ။ နဂိုကတည်းကလည်း စကားနည်းတယ်ဆိုတော့ ခုလို အချိန်မှာ စကားကို မပြောနိုင်တော့တာ။ စကားမပြောနိုင်တော့ပေမဲ့ အသိစိတ်ကတော့ ရှိပါတယ်။

ကိုအောင်ကျော်ကို ဘယ်လို စစ်ဆေးလိုက်လဲဆိုတာကို ကျနော်လည်း စိတ်ထိခိုက်တာနဲ့ မမေးလိုက်ရဘူး။
ကိုအောင်ကျော်က အဲဒီမှာ ပြောတယ် သန်းထွန်းစိုးကိုတော့ ဒီကောင်တွေ လက်ခံမှာ မဟုတ်ဘူးတဲ့။ သန်းထွန်းစိုးက မဲရပြီးသားဆိုတာ ကျနော်တို့က သိတယ်။ အဲဒီမှာ ကိုအောင်ကျော်က ဘာပြောလဲ ဆိုတော့ စကားနည်းနည်းပဲ ထွက်တဲ့ ကြားကနေ ကိုရဲ…တဲ့။

ပြောပါလို့ ပြောတော့ သန်းထွန်းစိုး နေရာကို မင်းတာဝန်ယူလိုက်ပါတဲ့…။ သူ အဲဒါပဲ ပြောသွားတယ်။တခြား ဘာမှတော့ မပြောခဲ့ဘူး ။

အဲလို ပြောပြီးတော့ သူ စိမ်းဝါ၀ါ အရောင်တွေ အန်တယ်။ ပြီးတော့ ပြန်ပြီးမှိန်းကြသွားတယ်။  အဲလိုနဲ့ သိပ်မကြာဘူး ကိုအောင်ကျော် ဆုံးသွားတာပဲ။
ကျနော့် စိတ်ထဲမှာ သန်းထွန်းစိုးကို မျိုးဝင်းက မကြိုက်တာက မယုံတာတွေလည်းပါတယ်၊ သူ့စိတ်ထဲမှာ သန်းထွန်းစိုးကို ခင်မင်ကြတာတွေလည်း တွေ့ရတော့ မကြိုက်တာတွေ မျက်စိနောင်နေတာလည်း ပါမယ်ထင်တယ် ကျနော် ထင်တာလေ။

အဲလိုနဲ့ ကျနော်လည်း ဗဟိုကြို့ပန်တက်ခဲ့ပြီးတော့ မဲတွေပေါင်းဖို့ လုပ်ကြတယ်။ အဲဒီတုန်းက ရွေးကောက်တဲ့ပုံဆန်က ရန်ကုန်၊ မန္တလေး ၊ စစ်ကိုင်း၊ ကချင် ဆိုပြီး ဒေသလေးခုကို အခြေခံတာ ဖြစ်တဲ့အတွက် ဒေသတခုဆီကနေ ၂ ဦးဆီကို ရွေးပြီး တင်ရတယ်။

ရန်ကုန်က ဆိုရင် ရန်ကုန်က လူတွေကအားလုံးထဲကန ကြိုက်တဲ့ သူကို ရွေးပြီးတော့တင်၊ မန္တလေးက ဆိုရင်လည်း မန္တလေးက လူတွေအားလုံးထဲက ၂ယောက်ကိုတင် စစ်ကိုင်းတို့ ကချင်တို့ကလည်း အဲလိုပဲ ၂ ဦးဆီတင်တယ်။ အဲလိုနဲ့ ၈ ယောက်၊ ဖွဲ့စည်းပုံမှာက အားလုံး ၁၅ ယောက်ဖြစ်တာ။ ကျန်တဲ့ ၇ ဦးကတော့ ဘယ်ဒေသ ဘယ်ကပဲဖြစ်ဖြစ် တင်ရင်ရတယ် အဲဒီ ၇ဦး အတွက်ကပေါ့နော်။အဲဒီ၇ ဦးကို မဲနဲ့ ရွေးတယ် မဲအများဆုံး ၇ ဦးကို ရွေးပေးလိုက်တယ်ပေါ့နော်။

အဲဒီမှာ တင်ကြတာက ရန်ကုန်က ၂ ဦးက ဦးစိန်နဲ့ ကိုသန်းထွန်းစိုးကို တင်ကြတယ်။
မန္တလေးက ကိုညီညီကျော်နဲ့ ကိုစိုးလင်းကိုတင်တယ်၊ စစ်ကိုင်းကလည်း ဦးရန်နောင်စိုးနဲ့ ဦးကျော်ကျော်အုန်းတို့ပေါ့နော်။  ကချင်က ကိုစိန်အေးနဲ့ ကိုမြင့်ကျော်ကို တင်တယ်။ နောက်ထပ် ကျန်တဲ့ ၈ ဦးကိုတော့ မဲအနည်းအများပေါ်မှာ ဆုံးဖြတ်ပြီးတော့ တင်ကြတော့အဲဒီတုန်းက မဲအများဆုံးရတာက ကိုသံချောင်း၊၊ကိုလှဆိုင်း၊ထွန်းအောင်ကျော်၊ ကိုအောင်နိုင်၊ကိုခင်မောင်အေး၊ ကိုအောင်သန်း၊ စခန်းမှူးအောင်ရဲစိုး၊ ဦးသောင်းမြင့်၊ ကိုမျိုးဝင်းပေါ့။

မဲများဆီတော့ ဖွဲ့စည်းပုံမှာ စစ်ရေးတာဝန်ခံက ဒုဥက္ကဋ္ဌ(၁)ဖြစ်ရမယ်ဆိုတော့ ကိုသံချောင်းက ဒုဥက္ကဋ္ဌ (၁) ဖြစ်တယ်။ နောက်ကိုအောင်သန်းတို့ကိုရဲစိုးတို့ကလည်းတပ်မှာပဲ လုပ်မယ်ဆိုတော့ သူတို့ကို ကော်မတီ စာရင်းကနေ ဖယ်လိုက်ရတယ်။ အဲဒီမှာ မဲအနည်းအများဆီထားတာ ၈ ယောက်မြောက်က ကိုမျိုးဝင်း ၊ အဲဒီမှာ ကိုစိုးလင်းတို့နဲ့ ညှိုနှိုင်းကြတယ်လို့ ကြားတယ်၊ ကျနော်ကတော့ အဲဒါကို သေချာ မသိဘူး၊ အဲဒီမှာ ဦးသောင်းမြင့်က သူမလုပ်နိုင်တော့ဘူးလို့ ပြောတော့ ကိုမျိုးဝင်းက တက်လာတယ်။ဦးသောင်းမြင့် ဘာကြောင့်နှုတ်ထွက်တယ်ဆိုတာကို ခုချိန်ထိ ကျနော် တကယ်မသိဘူး။

အဲဒီမှာသန်းထွန်းစိုး(တိုက်ပိတ်)ကို ကိုမျိုးဝင်းက လက်မခံဘူးလို့ ကန့်ကွက်တော့ သန်းထွန်းစိုး နေရာမှာ တယောက်က လိုသွားပြီ၊ အဲဒီမှာ ပြဿနာလည်း မဖြစ်အောင်ဆိုပြီး ကိုစိုးလင်းက သန်းထွန်းစိုး နေရာမှာ ကျနော့်ကို ထည့်လိုက်ကြတာ။ ကျနော်က အဲဒီနည်းနဲ့ ဗဟိုကော်မတီဝင် ဖြစ်လာခဲ့တာ။

အဲဒီမှာ ကျနော် ပြောစရာတခုရှိတယ် ကိုမျိုးဝင်း လုပ်တာကိုင်တာ သူ့ရဲ့ စိတ်နေစိတ်ထားက စ ကျနော် မနှစ်သက်ဘူး။ သူ့ကို ဆန့်ကျင်တဲ့ ထဲမှာ ကျနော်လည်း ပါခဲ့ဖူးတယ်။ အဲဒါကို ကိုမျိုးဝင်းက ကျနော့်ကို မသတ်ခဲ့ဘူး၊ အဲဒါကိုတော့ နားမလည်ဘူးပေါ့နော်။ ပြည်ထောင်စုနေ့ ၁၅ ဦး သတ်စာရင်းထဲ ကျနော့်ကို ဘာကြောင့် မထည့်ခဲ့တာလဲ။ အဲဒါကိုလည်း ဒီနေ့ထိ ကျနော်နားမလည်ဘူး။ အချို့က ထင်ကောင်းထင်လိမ့်မယ် အပေးအယူရှိလို့တို့ ဘာတို့လေ။ဘာအပေးအယူမှလည်း မရှိခဲ့သလို၊ ဘာအလဲအထပ်မှလည်း မရှိခဲ့ဘဲနဲ့ ပါ။

အဲဒီတုန်းက ကိုသန်းထွန်းစိုးနေရာကို ကျနော် တာဝန်ယူမယ်ဆိုတော့လည်း သူက ကျနော့်ကို မကန့်ကွက်ခဲ့ဘူး။

အဲလို စုံညီအစည်းအဝေးလုပ်ပြီးတော့မှ ကော်မတီဝင် ၁၇ ဦးကနေ ဥက္ကဋ္ဌ ဘယ်သူ ဖြစ်သင့်တယ်၊ အထွေအထွေအတွင်းရေးမှူးဘယ်သူ ဖြစ်သင့်တယ်ဆိုပြီး  အဲဒီအစည်းအဝေးမှာ သတ်မှတ်ခဲ့ကြတယ်။ အဲဒီမှာ ထူးခြားမှု ဖြစ်စဉ်ကတော့ ရှမ်းက ကိုသံလွင်ကို ကော်မတီဝင်တွေ ဆုံးဖြတ်ချက်နဲ့ ဒုက္ကဋ္ဌ ၃ ရာထူးပေးလိုက်ကြတယ်။ ရွေးကောက်တာတွေ ဘာတွေ မပါဘဲနဲ့ ပေးခဲ့ကြတာ။ နောက်တောင်ပိုင်းမှာ ရောက်နေတဲ့ အရင် ဥက္ကဋ္ဌ  ကိုကျော်ကျော်ကို မဲစနစ်တွေဘာတွေ မပါဘဲနဲ့ လိုအပ်ချက်အရ ဆိုပြီးတော့ ဒုက္ကဋ္ဌ ၂ တာဝန်ပေးခဲ့တယ်။

အဲဒီမှာ ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌ ဖြစ်လာတယ်၊ ကိုသံချောင်းက ဒုဥက္ကဋ္ဌဖြစ်တယ်၊ ကိုကျော်ကျော်က ဒုဥက္ကဋ္ဌ ၂ ၊ ကိုသံလွင်က ဒုက္ကဋ္ဌ ၃ ရာထူးပေးလိုက်ကြတယ်။နောက် အထွေထွေအတွင်းရေးမှူး အောင်နိုင်၊ တွဲဖက်အတွင်းရေးမှူး၁ မျိုးဝင်း၊ တွဲဖက် အတွင်းရေးမှူး ၂ လှဆိုင်းဖြစ်လာတယ်။
၁၉၉၀ ခုနှစ် ဇွန်လ ၁ ရက်မှာ ABSDF ကချင်ကနေ လွဲပြောင်းပေးတယ် ABSDF(NB) ဖြစ်လာတယ်။


အပိုင်း(၆)
ABSDF(NB) လည်းဖွဲ့ပြီးကြတယ်။ အဲဒီမှာ အခုအသစ်ဖွဲ့တဲ့ထဲမှာ မပါတဲ့ ကော်မတီဟောင်းတွေ ရှိတယ် ၊ အသစ်ဖွဲ့တဲ့ ထဲမှာပြန်မပါလာတဲ့ သူတို့ကိုလည်း ကိုထွန်းအောင်ကျော်တို့ ကိုအောင်နိုင်တို့က ကိုသံချောင်းတို့က တပ်ကြပ်ကြီး အဆင့်တွေနဲ့ ပြန်တမ်းထုတ်ပြီးတော့ တာဝန်ထမ်းဖို့ပြန်ပေးတာလည်း ရှိတယ်၊ ဒါတွေက သမိုင်းမှန်တွေပဲ။

အဲဒီလို ကော်မတီတွေ ဖွဲ့ပြီးကြတော့ ကျနော်တို့ကဗဟိုမှာက လုပ်စရာအလုပ်က မရှိဘူး။ တကယ်လိုတာက ခရိုင်တွေမှာပေါ့။  ကျနော်တို့ကတော့ ရှေ့ဆက်ပြီး အလုပ်လုပ်ဖို့ပဲ စဉ်းစားကြတယ်။

ခရိုင်တွေမှာ နိုင်ငံရေးလုပ်မဲ့သူက မရှိဘူးဆိုတော့ ကျနော်တို့ ခရိုင်ဆင်းရတယ်၊ ကိုညီညီကျော်က ဗန်းမော်ခရိုင်၊ ကိုစိန်အေးက မိုးညှင်းခရိုင်၊ ကျနော်က ရွှေကူခရိုင်ကို ခရိုင်မှူးအနေနဲ့ ဆင်းရတယ်။

ရွှေကူခရိုင်က အထိုင်မဟုတ်ဘူး၊ သူက လှုပ်ရှားနေရတာ၊ KIA တပ်ရင်း ၁၂ နယ်မြေပေါ့။ အဲဒီမှာ ခရိုင်မှူး တာဝန်နဲ့ နေနေရတယ်။
အဲလို ကာလတွေမှာ စစ်ဆင်ရေးတွေ အကြီးအကျယ်ထိုးတဲ့အခါကျတော့ မှဗဟိုပြန်တက်ရတယ်။ ကျနော် ရွှေကူခရိုင်မှာ ရှိနေစဉ် ဗဟိုမှာဖြစ်ကြတာတွေကိုတော့ ကျနော်သေချာလည်း မသိနိုင်ဘူး၊ပြောလည်း မပြောနိုင်ဘူးပေါ့။

အချို့ခြေလျင်တွေက တောလမ်းကနေ ပြန်တက်တယ်၊ အချို့ကလည်း တရုတ်ပြည်ပ နေ တက်တယ်။ လမ်းကြောင်းတွေ ရှိတယ်ပေါ့။
အဲလို ဗဟိုပြန်ရောက်တာက ၁၉၉၀ ခုနှစ် ၈ လပိုင်း ဖြစ်နေပြီ။ အဲဒီတုန်းက ဦးစိန်က မြစ်ကြီးနားဘက်ကို ခဏသွားနေတာ ဆိုတော့ ဦးစိန်တို့လည်း ဗဟိုပြန်ရောက်နေပြီ။
ကိုမျိုးဝင်းက သူက အစောပိုင်းကတည်းက AB မှာရောက်ထားတဲ့အတွက် စီနီယာလည်း ဖြစ်တော့ သူက သူလုပ်ချင်တာ လုပ်တဲ့ အပိုင်းတွေ ရှိတယ်။ ကွန်မန်ဒိုဖွဲ့တာတို့ ထောက်လှမ်းရေးဖွဲ့တာတို့ကို သူလုပ်ချင်သလို လုပ်သွားတာ။

အဲလိုဗဟိုမှာ နေပြီးတော့ ၁၀ လပိုင်းလောက်ကြတော့ ကျနော်ကတော့ ရှေ့တန်းကို ပြန်ထွှက်ကြတယ်၊ တော်တော်များများလည်း ထွက်ကြတယ်၊ အဲလိုနဲ့ ၁၉၉၁၊လဆန်းပိုင်းမှာ စစ်ဆင်ရေးတွေ အရမ်းထိုးနေတဲ့ အချိန်ပေါ့နော်။ ကျနော်ခန့်မှန်းတာက ဇန်န၀ါရီ ဖေဖော်ဝါရီလောက်ဖြစ်ပါမယ်။

တပ်ရင်း ၁၁ နဲ့ရ တပ်ရင်း ၅ကို ပြိုင်တူ စစ်ကြောင်းတွေ ထိုးနေတဲ့ အချိန်ပေါ့၊အဲဒီအချိန်တုန်းက ကျနော်က တပ်ရင်း ၁၁ မှာ ၊ တပ်ရင်း ၁၁ အထိုင်ကနေ ခွာပြီး တောထဲ ရောက်နေတဲ့ အချိန်မှာ အဲဒီကို ကိုသန်းထွန်းစိုး က တပ်ရင်း (၅) ကနေ ရောက်လာတယ်။

ဗဟိုကို ကိုမျိုးဝင်းက ပြန်လွှတ်လိုက်တာတဲ့ စာတွေလည်း ရေးပေးလိုက်တယ်တဲ့…။ ကျနော့်ကိုလည်း မင်း ဗဟိုမှာပဲ ပြန်နေပါကွာလို့ မှာလိုက်တယ်တဲ့ စာလည်း ပေးလိုက်တယ်လို့ ပြောတယ်။ (အဲဒီအချိန်မှာ ကိုမျိုးဝင်းကလည်း ရှေ့တန်းမှာ)

ကျနော်တို့ ရောက်နေတဲ့ နေရာက ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပေါ့နော် သူ့ကို ဗဟိုရောက်ဖို့အတွက်ဆိုရင် အဆင့်ဆင့်ပို့ရမှာ ဟိုဘက်ကမ်းကိုလည်း ကူးရမယ်။ စစ်ဆင်ရေးတွေလည်း ရှိနေတော့ ကျနော့်အနေနဲ့ သူ့ကို လုံခြုံရေး မပေးနိုင်လို့ KIA ဒု တပ်ရင်းမှူးကို အကူအညီတောင်းပြီးတော့ ကျနော်တို့ လူတွေ ဗဟိုကို ပို့ဖို့ရှိတယ် အရေးကြီးတယ် စာရွက်စာတမ်းတွေလည်း ပါတယ် အကူအညီပေးပါလို့ပြောပြီး အကူအညီတောင်းတယ်။

သူတို့ကလည်း စစ်ဆင်ရေးအချိန်ဖြစ်နေတော့ လုံခြုံရေးတော့ မပေးနိုင်ဘူး၊ KIA ရွာခံရွာခံ တွေရှိတယ်၊ ပြောရရင် UG တွေပေါ့။ UG ကိုလှဦးနဲ့ ထည့်ပေးလိုက်မယ်၊  ကိုလှဦးက ဟိုဘက် ကမ်း ရောက်တဲ့ ထိ သူပို့ပေးလိမ့်မယ်လို့ ပြောတော့ ကျနော်လည်း စိတ်ချလက်ချထည့်လိုက်တာပေါ့။အဲဒီမှာ ကျန်းမာရေးမကောင်းပဲ ဖြစ်နေတဲ့ ရဲဘော်မောင်မောင်ကိုလည်း နောင်ရာပါမှာ ဆေးကုဖို့ ထည့်ပေးလိုက်တယ်။

အဲဒီနေ့က KIA ကလည်း အရပ်ဝတ်တွေနဲ့ ပလိုင်းတွေနဲ့ ရွာသားတွေပုံစံပေါ့ဗျာ သွားကြတယ်။ ရွာစဉ်ရွာစဉ်တွေက သူ့လူနဲ့သူ ယူဂျီတွေရှိတယ်။
နောက်ရက်ကြတော့ ကျနော့်ကို KIA က ခေါ်ပြောတယ် စိတ်မကောင်းဘူးတဲ့ ဆင်ဘိုက ထွက်လာတဲ့အချိန် လယ်ကွင်းထဲမှာ သတင်းရလို့ ဆိုပြီး ၀င်ဖမ်းတယ်တဲ့။ ယူဂျီ လှဦးကတော့ တဲပေါ်ကနေ ကုန်ချပြီး ပြေးလို့ လွတ်သွားတယ်တဲ့…ခါးမှာတော့ သေနတ်မှန်သွားတယ်။ မင်းတို့လူနှစ်ယောက် သန်းထွန်းစိုးနဲ့ ရဲဘော်တို့ကတော့ အဖမ်းခံလိုက်ရတယ်၊ ကြိုးတုတ်ပြီး ခေါ်သွားကြတယ်လို့ ပြောတယ်။

ကျနော်လည်း စိတ်မကောင်းဖြစ်သွားတယ်၊ ဗဟိုကို အကြောင်းကြားမှ ဖြစ်မယ်ဆိုပြီး ဗဟိုကိုလည်း လှမ်းပြီး အကြောင်းကြားတယ်။
အဲဒီမှာ ကိုသန်းထွန်းစိုးနဲ့ကိုမောင်မောင်နဲ့ကို အစိုးရတပ်က အဖမ်းခံရပြီး နောက်ပိုင်း ထောင်ကျသွားတယ်။

အဲလိုဖြစ်တာကိုတောင် သန်းထွန်းစိုးကို တမင်တကာ အဖမ်းခံပြတယ် ထောင်တောင် အကျခံလိုက်သေးတယ်လို့ မတရားသဖြင့် ပြောတဲ့ သူတွေလည်း ရှိတယ်၊ အဲလိုတွေ လုပ်ကြ ပြောကြတာတော့ မကောင်းဘူးပေါ့။ တကယ်ဝင်ဖမ်းလို့ ပါသွားတယ်ဆိုတာ ကျနော်တို့ သိလိုက်ရတာပဲ။
အဲဒီမှာ KIA ယူဂျီလှဦးကလည်း ခါးက သေနပ်ဒဏ်ရာကိုတောင် ကျနော့်ကို ပြတယ်။ သူတို့နဲ့အသွား ကျနော်တို့ လူ ၂ယောက် အစိုးရတပ်အဖမ်းခံလိုက်ရတဲ့ အတွက် ပြတာပါ။
အဲလိုနဲ့ ၁၉၉၁ခုနှစ် သြဂုတ်လဆန်းပိုင်းလောက်မှာ ကျနော်တို့ ဗဟိုပြန်တကိဖို့ စီစဉ်ကြတယ်။

အဲလို ဗဟိုပြန်တက်တော့ နောင်ရာပါ ရောက်တော့ ရေကြီးပြီးတော့ KIA တဲတွေရော ကျောင်းသားတပ်စခန်းတွေရောပါသွားတယ်။ မြင်ရတာ စိတ်မကောင်းဘူး။ နောင်ရာပါ ရေးကြီးတော့ ကျောင်းသား ၁၁ ဦး ရေထဲပါသွားပြီးတော့ kia ကလည်း ရဲဘော် အရောက် ၃၀ လောက်ပါသွားတယ်။
အဲလိုနဲ့ စိတ်မကောင်းစွာနဲ့ပဲ ဗဟိုကို ဆက်တက်ခဲ့ကြတယ်။  ဗဟိုကို  ပြန်ရောက်သွားပြီ။ဦးစိန်တို့လည်း ပြန်ရောက်နေကြပြီ၊လူတော်တော်စုံနေပြီ။ ကျနော်ရောက်တဲ့အချိန်က ၁၉၉၁ ခုနှစ်သြဂုတ်လဆန်းပိုင်းပဲ။

အဲဒီမှာ ၈ လပိုင်း ၈ လေးလုံး နှစ်ပတ်လည်ပွဲ လုပ်ဖို့ ရှိတယ်။  ၃ နှစ်ပြည့်ပွဲ လုပ်မယ်ဆိုပြီး ပြင်ဆင်နေကြပြီ။

ဗဟိုမှာက အဲဒီအချိန်မှာ အသံမျိုးစုံကြားနေရပြီ၊ မျိုးဝင်းဖွဲ့ထားပေးတဲ့ ထောက်လှမ်းရေးအဖွဲ့တွေနဲ့ ကိုရော်နယ်အောင်နိုင်တို့ကလည်း ပြောကြတာတွေ ရှိတယ်။ ပွဲနေ့မှာ ဒီပွဲကို ဖျက်လိုဖျက်ဆီးလုပ်မဲ့ သူတွေရှိကြောင်း အသံတွေ ကြားရတယ်။ ထမင်းဟင်းကျွေးတဲ့ နေရာမှာလည်း အဆိပ်ခတ် လိမ့်မယ် ဘာညာဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။
အဲသတင်းကို ဘယ်သူတွေကနေ စပြောလဲဆိုတော့ ထောက်လှမ်းရေးအဖွဲ့ဝင်တွေဖြစ်တဲ့ သန်းဇော်တို့ဇော်ဇော်မင်းတို့ကနေ စပြောတာ ကြားရတယ်။နောက် ရော်နယ်အောင်နိုင်တို့က ဒီစကားတွေကို ယုံပြီးတော့မှ လုံခြုံရေး ဂရုစိုက်ဖို့ပြောနေတာတွေလည်း ကြားရတယ်။

အဲဒီမှာ သတိထားမိတာက ဗဟိုမှာ ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့ထားတာ မကြာသေးဘူး၊ သန်းဇော်တို့ ဇော်ဇော်မင်းတို့၊ ကျော်ထင်ဦးတို့၊ သက်လင်းတို့ အဲလိုတွေနဲ့ မျိုးဝင်းက ဖွဲ့ထားတယ်။ အဲဒီထောက်လှမ်းရေးအဖွဲ့ မတိုင်ခင် မျိုးဝင်းက ကွန်မန်ဒိုအဖွဲ့ကိုလည်း သူ့လူတွေရွေးချယ်ပြီးတော့ သူ ဖွဲ့လိုက်တာတွေ ရှိတယ်။

နောက် သူ ဒု စစ်ရေးတာဝန်ခံရသွားတဲ့ကိစ္စမှာလည်း ကျနော်က နောက်ပိုင်းမှ သိရတာဆိုတော့ ဗဟိုရောက်တော့ အဲဒီကိစ္စကိုလည်း ကျနော်က မရှင်းလို့ မေးတယ်၊ စစ်ရေးတာဝန်ခံ သံချောင်းလိုမျိုး မျိုးဝင်းက မဟုတ်ဘူး၊ ရှေ့တန်းတွေ ဘာတွေသွားပြီး တိုက်ပွဲတွေ တိုက်ခိုက်ရေးအတွေ့အကြုံလည်းမရှိတော့ စစ်ရေးတာဝန်ခံဖြစ်တယ်ဆိုတာက မေးစရာမေးခွန်းတခုလို့ မြင်တယ်၊
နောက် ကိုသံချောင်း ဒဏ်ရာ ရချိန်မှာ ခံမယ်ဆိုရင်လည်း တခြားတိုက်ရည်ခိုက်ရည်လည်း ကောင်းတဲ့ တိုက်ခိုက်ရေးအတွေ့အကြုံလည်း ရှိတဲ့ ကိုသာဓုတို့ ဘာတို့ကိုလည်း ရှိတယ်၊ ကိုအောင်ဆွေဦးတို့လည်း ရှိတယ်လေ။

ဒါပေမဲ့ ဒီလိုမျိုးဝင်းလုပ်နေတာတွေကို ကိုထွန်းအောင်ကျော်က အန္တရာယ်လို့ မမြင်ခဲ့တာလား၊ ရိုးရိုးပဲ တွေးခဲ့သလားတော့ ကျနော်မသိဘူး။ ကျနော့်အမြင်မှာတော့ ကိုမျိုးဝင်းက မြင်းဂျိုတပ်သလိုပဲ လုပ်နေတာတွေရှိတယ်။ စိတ်ထဲ တမျိုးလည်း ဖြစ်တယ်။ ရိုးရိုးသားသားပြောရရင် မကြိုက်ဘူး။

ကိုထွန်းအောင်ကျော်ကတော့ မျိုးဝင်းကို ဘယ်လိုမှ သဘောထားပုံရတာ မတွေ့ရဘူး။
နောက်ကိုမျိုးဝင်းက ကွန်မန်ဒိုဖွဲ့တာတို့ရ၊ ထောက်လှမ်းရေးဖွဲ့တာတို့ စစ်ရေးတာဝန်ခံပေးတာတို့က ဗဟိုမှာ ကျန်ခဲကတဲ့ စီအီးစီတွေအနေနဲ့ ဆုံးဖြတ်ြ ပီးမှ ပေးတာလားဆိုတာလည်း ကျနော့်အနေနဲ့တိတိကျကျ မသိခဲ့ရဘူး။

မျိုးဝင်းက သူလုပ်ချင်တာလုပ်ချင်တာလို့ ပြောလို့ရတယ်၊ သူက ကိုထွန်းအောင်ကျော်ကို ကျော်ပြီး လုပ်ချင်တာလုပ်တတ်တဲ့သဘောလည်း ရှိတယ်။
ဒါပေမဲ့ မျိုးဝင်းကို Vcs ခန့်တဲ့ကိစ္စမှာတော့ ကိုထွန်းအောင်ကျော်ကို ကျနော်မေးတော့ ကိုထွန်းအောင်ကျော်က လိုအပ်လို့တာဝန်ပေးခဲ့တာလို့ ဖြေခဲ့တယ်။
သူလုပ်ချင်တာလုပ်ချင်တာလို့ ပြောလို့ရတယ်၊ သူက ကိုထွန်းအောင်ကျော်ကို ကျော်ပြီး လုပ်ချင်တာလုပ်တတ်တဲ့သဘောလည်း ရှိတယ်။

နောက်သူက ကိုထွန်းအောင်ကျော်ထက် အရင် သူက ရောက်ပြီးသား စီနီယာကျတော့ တပ်ထဲမှာ မျိုးဝင်းက သူ့လက်သူ့ခြေလုပ်တာတွေ ရှိတယ်၊ နောက် မျိုးဝင်းက မြတ်ကိုကိုတို့ကိုလည်း ပစ်သတ်ပြထားတာတွေရှိတော့ တော်ရုံဆိုရင် ကြောက်တာ မဟုတ်ပေမဲ့ သိပ်မပြောကြတာတွေလည်း ရှိမယ်။

ကျနော်လည်း ရောက်ခါစ ဆိုတော့ အဲလောက်အခြေအနေပဲ သိရတယ်။အဲဒီအချိန်မှာ ကျနော့် တာဝန်က ဘာလဲဆိုတော့ ကိုထွန်းအောင်ကျော်တို့ ကိုအောင်နိုင်တို့ တာဝန်ပေးတဲ့ လက်နက်နဲ့ အာဏာတည်ဆောက်ရေး လမ်းညွှန်ဆိုတဲ့ စာတမ်းကို ပွဲနေ့မှာ တင်သွင်းဖို့အတွက်  အပိုင်းလောက် ရေးရတယ်။ ဗဟို ကော်မတီဝင်တွေ ရေးကြရတယ်ပေါ့၊ အဲဒီမှာ ကျနော်က ကုန်ဘောင်ခေတ်က အပိုင်းကို ရေးရတယ်။

၈လေးလုံးပွဲ မစခင်တရက်မှာကိုသိုက်ထွန်းဦးနဲ့ အတူနေတဲ့ ရဲဘော်စိုးမင်းအောင်ကို ကိုသိုက်ထွန်းဦးက ကျောက်တုံးတွေ မတုန်းက ကျနော့်ကို အပ်ထားတဲ့ နာရီလေးကို ပေးလိုက်တယ်။

နောက်နေ့ကျနော့် စိုးမင်းအောင်က ထွက်ပြေးသွားတယ်၊ နာရီကိုလည်း ခရိုင်ရွာတရွာမှာဝင်ပြီး ရောင်းသွားတယ်လို့ သတင်းကြားရတယ်၊ ကျနော်ကတော့ ရဲဘော်ပြေးတာ  ပြေးတယ်ပေါ့ အဲလိုပဲ သဘောထားလိုက်မိတယ်။

နောက် အဲဒီပွဲ မတိုင်ခင်မှာကိုထွန်းအောင်ကျော်က KIA ကို ကျနော်တို့ကို တနှစ်စာ ဘတ်ဂျက်ဘယ်လောက်ဆိုပြီး သတ်မှတ်ပြီး ပုံသေပေးပါလို့ တောင်းဆိုခဲ့တယ်။နောက် နှောင်ကြိုးမဲ့ အကူအညီဆိုတာကိုလည်း တောင်းဆိုခဲ့တယ်၊ နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စပေါ့ အဲဒါကိုလည်း ကိုထွန်းအောင်ကျော်က တောင်းဆိုပေးခဲ့တယ်။

အဲဒါတွေကတော့  ကိုထွန်းအောင်ကျော် လုပ်နိုင်ခဲ့တာတွေပေါ့။ နောက် ၈ လေးလုံး အခန်းအနားကိုလည်း မဟာမိတ်အဖွဲ့အစည်းတွေအများကြီး လာတက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ခဲ့တယ် အောင်အောင်မြင်မြင်နဲ့ ပြီးသွားခဲ့တယ်။

အဲဒီမှာ အစိုးရရဲ့ ထောက်လှမ်းရေးတွေ သူလျှိုတွေလို့ စွပ်စွဲပြီး စဖမ်းတာက ဘယ်အချိန်က စခဲ့တာလဲ ဆိုတော့၊ ကျနော်သိရသလောက်မှာတော့ ရန်အောင်တို့ ကိုကျော်ဝေတို့ ကိုကျော်ဋ္ဌေးတို့ကို စဖမ်းခဲ့တာ အချိန်းကလဲ ဆိုတာကို ကျနော် တိတိကျကျ မသိလိုက်ဘူး။ ကျနော်သိရတော့ သြဂုတ်လ ၁၀ ရက်လောက်ဖြစ်နေပြီ။ ဘာကြောင့်လဲဆိုတော့
စဖမ်းကတည်းက ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့ စဖမ်းခဲ့တာ မဟုတ်ဘူး။

ဗန်းမော်မှာလည်း စိုးမင်းအောင်ကို ဖမ်းပြီ ဆိုတာက ကြားရတယ်။ စစ်တယ်ဆေးတယ်လည်း ကြားရတယ်။
 အဲဒီမှာ စိုးမင်းအောင် တပ်က ပြေးရင် ဖမ်းပြီးတော့ ကြိမ်ဒဏ်ပေးမယ်၊ ထင်းပုံ ထင်းတစ်ကား အဲလို အပြစ်ပေးလိမ့်မယ်လို့ပဲ ကျနော် တွေးထားတာ၊

အဲဒီကိစ္စတွေကိုကိုမျိုးဝင်း၊ ကိုလှဆိုင်း၊ ကိုရော်နယ်အောင်နိုင်တို့က လျှို့ဝှက်ဆိုပြီးတော့ လုပ်ခဲ့ကြတာ၊ ဘယ်သူ့ကိုဖ မ်းပြီး သွားပြီ ဘယ်သူ့ကို ဖမ်းပြီးပြီဆိုတာကို ဖမ်းပြီးမှ ကျနော်တို့က သိရတာ။အဲလို အနေအထားကမှ စပြီး ကျနော်က သိခဲ့ရတာ။ ဒါပေမဲ့ ဆက်ဖမ်းလာကြတယ်။  ၅ ဦးလောက်ထိ ဖြစ်လာတယ်။

၁၀ ရက်လောက်ထိဆက်တိုက် စဖမ်းတယ်။
 ရဲမေ ဆောင်ကိုဝင်ပြီး ခင်ချိုဦးတို့၊ နန်းအောင်ထွေးကြည်တို့ကိုလည်း ၀င်ဖမ်းတာတွေ့ရတယ်။ အဲဒီတုန်းက ကျနော်က ခရိုင်မှူးလည်း ဟုတ်တယ်၊ ဗဟိုကော်မတီဝင်လည်း ဟုတ်တယ်။ ဒါပေမဲ့ ဘာမှ မသိရဘူး။ ဒီလို ဖမ်းဆီးနေတာတွေကို ဥက္ကဋ္ဌဖြစ်တဲ့ ကိုထွန်းအောင်ကျော် သိမသိ ကျနော် သေချာမသိဘူး။

ခုလိုဖမ်းနေတာလည်း ဥက္ကဋ္ဌ ဆုံးဖြတ်ချက် ပါမပါ ကျနော် သေချာမပြောနိုင်ဘူး။ ဒါပေမဲ့ ဖမ်းနေတာတွေကိုတွေ့တော့ သူလည်း ဘာမှ မပြောနိုင်ဘူး၊ အံ့သြသလိုကြည့်နေတာပဲ တွေ့ရတယ်။

အဲလိုကနေ ၇ ဦး ၈ ဦးလောက်ထိ ဆက်ဖြစ်လာတယ်။ စစ်တာ ဆေးတာတွေလည်း ဘယ်သူမှ အနားမကပ်ကြရဘူး။ အဲလိုနဲ့ ၁၀ ဦးလောက်ထိ ဖြစ်လာတော့ ကျနော်တို့ ကိုစိန်အေးတို့ ကိုညီကျော်တို့က အခြေအနေကြည့်ပြီးတော့ ဖမ်းထားတဲ့ လူတွေကို သွားကြည့်တယ်။ ကျနော်တို့ကလည်း အခြေအနေကြည့်ပြီးတော့ ၀င်ကြည့်ရတယ်။

အဲလိုအနေအထားကနေ တရက် ကိုမျိုးဝင်း၊ တဲမှာပေါ့ဗျာ၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်၊ကိုလှဆိုင်း ၊သန်းဇော်၊ ဇော်ဇော်မင်းတို့ က ကိုစိုးမင်းအောင်ရဲ့ ထွက်ချက်စာရွက်တွေ ဆိုပြီး ကျနော့်ကိုလည်း ပြတယ်၊ အဲဒီထဲမှာ စိုးမင်းအောင်က ထောက်လှမ်းရေးပါလို့ နာမည်ထွက်ချက်တွေ ပေးထားတာ ၄၀ လောက်ပါတယ်။ အဲဒီ အယောက် ၄၀ ထဲမှာ ...။


အပိုင်း(၇)

ကျနော် စစ်ပေးမယ်လို့ ပြောလိုက်တော့ စစ်ရမဲ့ သူက ၀င်းမြင့်တဲ့ ။ သူက  နအဖရဲ့ ထောက်လှမ်းရေးပါလို့ ပထမဆုံး ၀န်ခံတဲ့ ကောင်လေးလို့ ပြောတယ်။ စဖမ်းကတည်းက ၈ ယောက်မြောက်လောက်မှာ ဒီဝင်းမြင့်ကို ဖမ်းတာ၊ ဖမ်းပြီးတော့ သူက သူ့ကိုယ်သူ ထောက်လှမ်းရေးပါလို့ ပထမဆုံး ၀န်ခံတာလို့လည်း ပြောတယ်။
ပြီးတော့ သူ့ရဲ့ ထွက်ချက်စာရွက် ပြတယ်။ ထွက်ချက်က A4 စာရွက်တရွက်စာလောက်ပဲ ရှိတယ်။

ဖတ်ကြည့်လိုက်တော့ သူက ထန်းတပင် ဇီးကုန်းက၊  သူ့ကို ရဲတပ်ကြပ်ကြီး တယောက်က ထောက်လှမ်းရေး လုပ်ခိုင်းလို့လာရပါတယ်ပေါ့။ အဲလို လုပ်ပေးတဲ့အတွက် အိမ်မှာ မီတာတလုံးတပ်ပေးတယ်ဆိုတာမျိုး ထွက်ချက်ရေးထားတာ။ အဲဒါကို ကျနော် ကောင်းကောင်းမှတ်မိနေသေးတယ်။

ကျနော့်ကို အောင်နိုင်က KIA တွေလာရင် သူ့ကို စစ်မေးပေးဖို့ ပြောတယ်။ ဟုတ်ကဲ့ပေါ့၊ ကျနော်ကတော့ ဒါကို သိချင်တယ် မေးချင်တယ်။ မေးမယ်ပေါ့၊ ဒါပေမဲ့ ကျနော်တို့ မေးတာကို KIA က ၀င်မေးတာမျနိုး ၀င်ရောက်စွတ်ဖက်တာမျိုးကိုလည်း မကြိုက်ဘူး၊ နောက်ဆုံး လက်နဲ့တို့တာကစ ကျနော် မကြိုက်ဘူး၊ ကျနောပဲ မေးမယ်ပေါ့၊ အဲလို စိတ်ထားပြီး မေးတာ။

ကျနော်တို့ကလည်း သစ်တုံးလေးတွေပေါ်မှာ ထိုင်၊ သူ့ကိုလည်း ထိုင်ခိုင်းပြီးတော့ မေးတယ်။
ကျနော်ကလည်း စစ်ကြောရေး အတွေ့အကြုံတွေဘာတွေ မရှိတော့ နာမည်ဘယ်လိုခေါ်လဲကစ မေးတော့ သူကလည်း အဲဒီထွက်ချက်ထဲက အတိုင်းပဲ ဖြေတယ်။ ၀င်းမြင့်ပါ၊ ထန်းတပင်က ရဲတပ်ကြပ်ကြီးက ခိုင်းလို့လုပ်ရတာပါပေါ့၊ မြို့ပေါ်မှာ ဘာလုပ်ခဲ့လဲ ဆိုတာမျိုးတွေလည်း မပါဘူးဗျ၊

 နောက် ကျနော်တို့ ခရိုင်မှူးတွေ နိုင်ငံရေးမှူးတွေက စစ်တာမေးမြန်းတာမှာလဲ တပ်နဲ့ မတူဘူး ယဉ်ယဉ်ကျေးကျေးပဲ မေးခဲ့ကြတာ၊ ဆူဆဲ ရိုက်နှက်တာမျိုးလည်း မလုပ်ခဲ့ဘူးပေါ့။ ကျနော့်စိတ်ထဲမှာလည်း ဝေေ၀ ၀ါးဝါးပဲ သူ ထောက်လှမ်းရေး ဟုတ်သလားမဟုတ်ဘူးလားဆိုတဲ့ကောက်ချက်လည်း မပေးနိုင်ခဲ့ဘူး။
KIA ကလည်း ဒီလိုပဲ နားထောင်ပြီးတော့ မေးလည်း မမေးဘူး၊ ဘာမှလည်း ၀င်မပြောဘူး၊ ဒီအတိုင်းကြည့်ပြီး ပြန်သွားခဲ့ကြတယ်။  ၀င်းမြင့်ကလည်း သူ့ထွက်ချက်ထဲက အတိုင်းပဲ  ဖြေသွားတယ်၊ အဲလို ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ ကြာတယ် ပြီးသွားတယ်။

ကျနော်ကလည်း သူ့အပေါ်မှာ ဆုံးဖြတ်ချက်မပေးနိုင်ဘူး၊ သူကလည်း ကျနော့်ဆီမရောက်ခင် ကတည်းက ထောက်လှမ်းရေးပါလို့ ၀န်ခံပြီး ထွက်ချက်ပေးခဲ့တဲ့သူ။ ဒါပေမဲ့ ကျနော့်စိတ်ထဲမှာ သူက ထောက်လှမ်းရေးပဲလို့ မထင်ခဲ့ဘူး။ စိတ်ထဲမှာတော့ သူ့ကို သနားတယ်။

ဇော်ဇော်မင်းတို့သန်းဇော်တို့က ဒီကိစ္စတွေကို လုံခြုံရေးလို့ ပြောပြီးသီးခြား တဲတခုမှာ စစ်ဆေးတာတွေ လုပ်တော့ သူတို့ ဘယ်လိုတွေ စစ်ဆေးပြီး ၀န်ခံခိုင်းတာလဲ ဆိုတာတော့ အပြင်လူတွေ တော်တော်များများလည်း မသိနိုင်ဘူး ၊ ကျနော်လည်း သေချာ မသိဘူး။

အဲဒီမှာ ကိုမျိုးဝင်း၊ ကိုလှဆိုင်းတို့ ဦးဆောင်ပြီးတော့ ဖမ်းဆီးတာတွေ စစ်ဆေးတာတွေကို တောက်လျှောက်လုပ်ခဲ့တာ။ အဲလိုနဲ့ တပ်ထဲမှာတာ့ ဆက်ဖမ်းလာကြတယ်၊  ဖမ်းတဲ့သူက ၁၅ ဦးကျော် ၂၀ ၀န်းကျင်လောက်ဖြစ်လာတယ်။ စိုးမင်းအောင်ကို ဖမ်းတာကနေ ၂ယောက် ၃ယောက်လောကို ဆက်ဖမ်းရင်းနဲ့ ပွားသွားတာ ၂၀ လောက်ဖြစ်လာတယ်။ ၁၅ဦးလောက်ရှိကတည်းက ကျနော့် စိတ်ထဲမှ သိပ်မဟုတ်တော့ဘူး။ ဒွိဟတွေဖြစ်နေတယ်။

အဲဒီအချိန်တုန်းက ကိုထွန်းအောင်ကျော်က ထင်နေတာ မေးစရာရှိတာမေးပြီးရင် ပြန်လွှတ်လိမ့်မယ်လို့ ထင်နေခဲ့တာ။
ကျနော်သေသေချာချာကို မှတ်မိခဲ့တယ် ကိုထွန်းအောင်ကျော်က ဒီလူတွေကို ဖမ်းပြီးပြီဆိုတော့ သူပြောခဲ့တာက စစ်စရာရှိတာ စစ်၊ မေးစရာရှိတာမေး ပြီးရင် ထောက်လှမ်းရေး ဟုတ်ခဲ့တယ်ဆိုရင်တောင် ပြန်လွှတ်လိုက်ပေါ့။ထောက်လှမ်းရေးဆိုတာ သေချာရင်လည်း ပြန်လွှတ်လိုက်၊ အကုန်ပြန်လွှတ်လိုက်လို့ သူပြောခဲ့တာ။

ဒါပေမဲ့လှဆိုင်းတို့ကတော့ စစ်ဆေးတဲ့ နေရာမှာလည်း ရက်ရက်စက်စက်တွေ လုပ်ခဲ့ကြတဲ့ အနေအထားကို ဥက္ကဋ္ဌ တယောက်အနေနဲ့ ထဲထဲဝင်ဝင် မသိခဲ့တာတွေလည်း ရှိတယ်။ သူ ဥက္ကဋ္ဌ တယောက်အနေနဲ့ ထိန်းဖို့ ကြိုးစားခဲ့သေးတယ်။

အဲဒီအချိန်မှာ ကိုချိုကြီးတို့ စမားညီညီတို့လည်း ဗဟိုကိုရောက်လာကြတယ်။ သူတို့ကလည်း ကိုထွန်းအောင်ကျော်နဲ့ မြို့ပေါ်မှာ တွဲလုပ်ခဲ့ကြတဲ့ သူတွေဆိုတော့ ကိုထွန်းအောင်ကျော်ကိုသတိပေးလာ တာတွေ ရှိတယ်။

သြဂုတ်လ ၂၀ ရက်နေ့လောက်မှာ ထင်တယ် ကျနော်ရယ်၊ ကိုညီညီကျော်ရယ်၊ ကိုစိန်အေးရယ် တပ်ထဲမှာ ဖမ်းဆီးတာတွေနဲ့ စိတ်ရှုပ်ထွေးလို့ ပါရျောင်ချောင်းဘက်ကို လမ်းလျှောက်ထွက်ပြီး ပြန်လာကြတော့ ဥက္ကဋ္ဌ တွေ့ချင်တယ်လို့ ပြောတော့ ဥက္ကဋ္ဌ တဲကို ကျနော်တို့ တက်သွားကြတယ်။
အဲဒီမှာ ကိုထွန်းအောင်ကျော်က ကျနော်တို့ကို မောင်ရင်တို့ စိတ်ထဲမှာ သံသယတွေ ဖြစ်မှာစိုးလို့ ခေါ်ပြောတာလို့ ပြောတယ်။

ငါ့ကိုကွာတဲ့လှဆိုင်းတို့က လာတင်ပြတယ်တဲ့။ ။ ဦးစိန်နဲ့ ကိုတင်မောင်အေးကို ဖမ်းစစ်ရမယ်လို့ ပြောတယ်ကွာ ။ ထွက်ချက်တွေအရပေါ့ကွာတဲ့။ အဲဒါငါ့ကို ခွင့်ပြုပေးဖို့ လာပြောကြတယ်တဲ့။ ငါလည်း ခွင့်ပြုပေးလိုက်ရတယ်ကွာတဲ့…။

သူ့ကို လာပြီး လှဆိုင်းတို့က လာတင်ပြတယ်ဆိုတာကလည်း သူ့ကိုလာပြီး အသိပေးတဲ့ သဘောလောက်ပဲ ရှိတာလို့ ကျနော်ကတော့ နားလည်လိုက်တယ်။
နောက် ဦးစိန်တို့ကို ဖမ်းပြီး စစ်ရုံးထဲမှာ ချုပ်ထားတယ်။ ကိုကျော်နိုင်ဦးတို့ ဘာတို့နဲ့ အဲဒါကိုတောင် ကျနော်တို့ သွားကြည့်လိုက်သေးတယ်။ ၀င်ကြည့်တယ်၊ စကား တခွန်း နှစ်ခွန်း သွားပြောတယ်။

ဦးစိန်ကို ဖမ်းပြီး လေးငါးရက်လောက်အကြာမှာ ဥက္ကဋ္ဌရဲ့ လက်ထောက် ကိုစိုးကြီးခေါ် ကိုခင်မေင်စိုးကို စဖမ်းတယ်လို့ ကြားလိုက်တယ်။
နေ့ခင်းလောက်ကျတော့ ကျနော် ကိုထွန်းအောင်ကျော်ဆီကို တက်သွားတယ်၊ကိုထွန်းအောင်ကျော် ထိုင်နေတယ် ကိုစိုးလေးနဲ့ အတူတူပေါ့။ ကိုစိုးလေးက ကိုစိုးကြီးနဲ့ သူငယ်ချင်းတွေ အတူတူပဲ အပတ်စဉ် ၆ သင်တန်း တက်ခဲ့ကြတဲ့သူတွေ။

အဲဒီမှာကိုစိုးလေးကလည်း ကိုစိုးကြီးကို ဖမ်းလို့ကိုထွန်းအောင်ကျော်ကို လာပြောတာ၊ ကိုထွန်းအောင်ကျော်က ပြောတယ်။ စိုးကြီးကို ဖမ်းရမယ်လို့ ငါ့ကို လာပြောတယ်၊ ငါခွင့်ပြုပေးလိုက်တယ်တဲ့။

ကိုစိုးကြီးက ကိုထွန်းအောင်ကျော်ရဲ့ လက်ထောက် ၊ သေနပ်ကိုင်ခွင့်ရတယ်၊ ဖမ်းမယ်ဆိုတော့ သေနပ်ပါ သိမ်းခဲ့ကြတယ်ပေါ့။ အဲဒါက တကယ့်အမှန်ပါပဲ။ ကျနော် ဘယ်သူ့ဘက်ကမှ ကာမပြောဘူး၊ ကြားထဲကနေ မြင်တာ ကြားတာကိုပဲ ပြောမယ်။

ကိုထွန်းအောင်ကျော်ကို ကျနော်လေးစားတယ်။ အထူးသဖြင့် သူ့စိတ်ဓါတ်ကို ပိုလေးစားတယ်။
အဲဒီမှာကိုထွန်းအောင်ကျော်က ဆက်ပြောတယ်။ သူတို့ စစ်စရာရှိတာစစ် မေးစရာရှိတာ မေးတာ ပြီးသွားမှာပါတဲ့။ အဲဒီအချိန်တုန်းက သူက ထိန်းထိန်းသိမ်းသိမ်း လုပ်လို့ရလိမ့်မယ်လို့ ထင်နေပုံရတယ်။

ဒါပေမဲ့ သံချောင်း၊ မျိုးဝင်း၊ လှဆိုင်းနဲ့ အောင်နိုင်တို့ကတော့ ဒီကိစ္စကို ဇွတ်တွန်းပြီး လုပ်နေတာ။ ဖိဖိစီးစီးနဲ့ တဘက်စောင်းနင်းကြီး လုပ်လာကြတယ်။ အဲဒီအချိန်မှာတော့ ဥက္ကဋ္ဌ ထွန်းအောင်ကျော်ဘက် အားနည်းတယ်လို့ ထင်တဲ့ သူတွေလည်း ရှိခဲ့တယ်။

ကျနော့်အမြင်ကတော့ ဥက္ကဋ္ဌ  ကိုထွန်းအောင်ကျော်က ထိန်းဖို့ ကြိုးစားတယ်၊ သူ့ရဲ့ ပင်ကိုယ်စိတ်ရင်းကလည်း အနုပညာသမား၊ ဒါမျိုးတွေလုပ်တာကိုလည်း မကြိုက်ဘူး။
အဲဒီအချိန်တုန်းက ကျနော်တို့ကိုညီညီကျော်တို့က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဗဟိုကော်မတီအစည်းဝေးခေါ်ပေးဖို့ ပြောခဲ့ကြတယ်၊ဒါပေမဲ့ လှဆိုင်းတို့ မျိုးဝင်းတို့က မလိုဘူး ဒီကိစ္စတွေ မလိုဘူးလို့ ပြောတယ်။

သူတို့ကလည်း ဖမ်းလိုက် စစ်မေးလိုက် ဖမ်းသမျှ  စစ်မေးသမျှကလည်း ၀န်ခံကြတော့ သူတို့လည်း တော်တော်တက်ကြွလာတယ်။ သူတို့လုပ်တာ အောင်မြင်တယ်ဆိုတဲ့ အားရ၀မ်းသာတွေ ဖြစ်နေကြတယ်။

အဲဒီအချိန်မျာ ဗဟိုကော်မတီအစည်းဝေး ခေါ်ဖို့ မလိုဘူးဆိုတာ ဥက္ကဋ္ဌ ပြောတာ မဟုတ်ဘူးနော်၊ မျိုးဝင်းတို့ အောင်နိုင်တို့ လှဆိုင်း တို့က ပြောခဲ့တာ။ အဲလို အနေအထားကိုလည်း ကျနော်တို့က မကြိုက်ဘူး မကြိုက်တော့ ကိုညီညီကျော်က ဗန်းမော်ခရိုင်ပြန်တော့မယ် ဆိုတော့ ပြန်ခွင့်မပေးတာတွေ ရှိလာတယ်။
အဲဒီအချိန်မှာ ကိုမျိုးဝင်းတို့က ကျနော်တို့ ခရိုင်မှူးတွေကိုလည်း မေးခွန်းတွေ မေးပေးဖို့ ပြောလာတယ်။ ခရိုင်မူးတွကိုလည်း ပေးစစ်ခိုင်းပါလို့ မျိုးဝင်းက ပြောတယ်။ပြီးတော့  ကျနော်တို့ကို အပေါ်တဲမှာ လာနေဆိုပြီးတော့ ခေါ်ထားလိုက်တဲ့အချိန်ပေါ့။

ကျနော် အနေနဲ့ကလည်း မေးချင်တယ်၊ စစ်ချင်တယ်၊ ဗဟိုကော်မတီဝင် လည်း ဖြစ်တယ်လေ၊မေးသင့်တယ်လို့လည်း ထင်တယ်လေ။ အဲဒါနဲ့ အဲဒီမှာ စစ်ရတာမှာ မှတ်မိနေတာက နန်းစော။

မနန်းစောကို ကျနော် စစ်ရတယ်။ အဲဒီတုန်းက ကျနော်နဲ့အတူ စစ်ရတာက တင်ထွန်းဦး၊ ဇော်ဇော်မင်း ပါတယ်။
ကျနော် သူ့ရဲ့ အရင်ဝန်ခံထားတဲ့ ထွက်ချက်တွေကို ဖတ်လည်း ဖတ်မကြည့်တော့ဘူး။ သူ့ကို အရင်စမေးတာက ထောက်လှမ်းရေးတွေနဲ့ ရင်းရင်းနှီးနှီးနေခဲ့သလား ဆိုတာကို
စမေးတယ်။  ကျနော်စဉ်းစားတာက ထောက်လှမ်းရေးတွေနဲ့ နီးစပ်ရင်းနှီးလို့ပဲ ဒီက လူတွေက ထောက်လှမ်းရေးလို့သံသယတွေ ဘာတွေဖြစ်ပြီး ဖမ်းသလားလို့စဉ်းစားမိတာ။ဘာကြောင့် သူတို့ကို ဖမ်းတယ်ဆိုတာလည်း ကျနော်က အတိအကျ မသိဘူးလေ။

နန်းစောကလည်း စစ်ယူနီဖောင်းလေးနဲ့ပါပဲ၊ သူမှာ  ဖြေစရာမရှိတဲ့ မျက်လုံး တွေနဲ့ကြည့်တယ်။ သူ့မှာ ခေါင်းညိမ့်ရမလို ခေါင်းခါရမယ်လို ဖြစ်နေတယ်၊ သူ့မှာ အံ့သြတယ် တုန်လှုပ်တယ်၊ သူ ဘာမှ မသိတဲ့ နားမလည်နိုင်တဲ့ မျက်နှာမျိုးဖြစ်နေပြီ။ သူမှာ ပြောစရာလည်း မရှိဘူး၊ ဖြေစရာ အဖြေလည်း မရှိတဲ့ အခါကျတော့ ကြောင်နေတယ်။
အဲလို ကျနော် မေးနေတုန်း နန်းစောကို အတင်း ၀င်ပြီး ကျွဲရိုက် နွားရိုက် -၀င်ရိုက်ကြတာမျိုး တွေ လုပ်လာတယ်။ ၀ါးလုံးတွေနဲ့ ၀င်ရိုက်ကြတယ်။ အဲလိုတွေ လုပ်ကြတယ်။ တော်တော် ဆိုးဆိုး ၀ါးဝါးကို ၀င်ရိုက်ကြတာ။ တင်စိုးဦးတို့ ဇော်ဇော်မင်းတို့ပေါ့။

ကျနော်ကတော့ လူတယောက်ကို အဲလို ရက်ရက်စက်စက်လုပ်တာမျိုးကို လက်မခံချင်ဘူး။ အတွင်းစိတ်ကလည်း လက်မခံနိုင်ဘူး ဒါနဲ့ ၀င်တားတယ်။
အဲလို တားရင်းနဲ့ တော်ပြီရပ်မယ် စစ်ဆေးချက်ကို ရပ်လိုက်တယ်။ ကျနော့်အနေနဲ့ ဆက်ပြီးတော့လည်း မစစ်နိုင်တော့ဘူး။
ကျနော့်အနေနဲ့က ဘယ်သူ့ကိုမှလည်း ညင်းပန်းနှိပ်စက်တာမျိုးလည်း မလုပ်ခဲ့ဘူး၊ လုပ်လည်း မလုပ်ချင်ဘူးလေ။

နောက်တယောက် စံမျိုးအောင်ကို မေးတဲ့အခါမှာလည်း ကျနော်တို့ကတော့ စကားပြောကြည့်မယ်၊ ရှေ့မှာ သူ့ထွက်ချက်ကတော့ ၀န်ခံထားတာရှိပေမဲ့ ကျနော့်အနေနဲ့ အဲဒီပေါ်မှာ မှတ်ချက်မပေးချင်ဘူး။  ကျနော့်အနေနဲ့ မေးကြည့်မယ် စကားပြော ကြည့်မယ်။

စံမျိုးအောင်ကို မေးပေးပါဆိုလို့ အဲဒီနေ့က ဆေးခန်းထဲမှာပဲ ကျနော်ရယ်၊ ဇော်ဇော်မင်းရယ် မေးကြတယ်။ အဲလို မေးတဲ့အခြေအနေတွေမှ နာမည်တော့ မပြောချင်တော့ဘူး ဗဟိုကော်မတီဝင်ထဲကပဲ မူးပြီးတော့ ၀င်လာပြီးတော့ ရိုက်ကြတယ်၊ ဗဟိုကော်မတီဝင်တယောက်နဲ့ ရဲဘော်တယောက်ပေါ့ ၀င်ရိုက်ကြတာ။ အဲလို အနေအထားတွေ ဖြစ်လာတော့ ကျနော့်အနေနဲ့ အလုပ် ဆက်လုပ်လို့မရဘူး။

နောက်ရက်ကျတော့လည်း ၀င်းနိုင်စိုးခေါ် ကုလား ဆိုတဲ့ ကလေးကို စစ်ပေးရတယ်။ ဒီကောင်လေးတွေကလည်း အရင် အရှေ့က လူတွေ စစ်ပြီးသားတွေပါပဲ၊ သူတို့ရဲ့ စစ်ချက် ထွက်ချက်တွေရှိတယ်။ ကျနော်နဲ့ ကိုအောင်ရဲစိုးနဲ့အတူ စစ်ကြတယ်။ စခန်းမှူးတဲမှာ စစ်ကြတယ်။

စစ်တဲ့အခါကျတော့ သူက ရှေ့က ထွက်ချက်မှာက သူ့ကို အဆိပ်ပေးထားတယ် ဆိုတာ ဟုတ်ပါတယ်လို့ ၀န်ခံထားတယ်၊ အဲဒီအဆိပ်က ဘယ်မှာလဲ့ လို့ မေးတော့ သူ့မှာလည်း ပေးစရာမရှိဘူးထင်တယ်၊ မပေးထားဘူးလို့ ဖြေထားတာ ရေးထားတာ တွေ့တယ်။

ကျနော်က သူ့ကို မေးတော့ မပေးထားပါဘူးလို့ဖြေတယ်။ အဲဒီမှာ ကျနော်က ခြောက်လှန့်ပြီးတော့ မေးတော့ သူက ပေးခဲ့ပါတယ် လို့ ပြန်ဖြေပြန်ရော။ အဲလိုသူ့ အဖြေက အမျိုါ်မျိုးဖြစ်နေတယ်။ နောက်ပြီးတော့ သူတို့ရဲ့ မျက်လုံးတွေမှာ သူတို့ပါးစပ်တွေမှာလည်း ဆက်ဖြေ စရာမရှိတော့ဘူး။
အဲဒီမှာ ဘေးကနေ ၀ိုင်းတီးတာတွေလည်း ရှိတယ်။

ကိုအောင်ရဲစိုးကို ကျနော်ပြောတယ်၊ကိုအောင်ရဲစိုး ဆက်မမေးနဲ့တော့ ထားလိုက်တော့ ဒီလိုဆက်လုပ်နေရင် သူ့အတွက် အခြေအနေမကောင်းဘူး သေသွားလိမ့်မယ်။ တခုခုဖြစ်သွားလိမ့်မယ် ရပ်လိုက်ရအောင် ဆိုပြီးတော့ ရပ်လိုက်တယ်။

အဲဒီမှာ ကျနော်က ၀င်းနိုင်စိုးခေါ် ကုလား ဟာ ထောက်လှမ်းရေး တယောက်မဖြစ်နိုင်ပါဘူး…၊ ရဲလင်း ခရိုင်မှူး ဆိုပြီးတော့ မှတ်ချက်ပေးခဲ့တယ်။
ကျနော် မေးခဲ့တဲ့ သူတွေထဲမှာ သူ့တယောက်ကိုပဲ ကျနော် မှတ်ချက်ပေးခဲ့ဖူးတယ်။

အဲဒီမှာ နောက်ရက်စပြီးတော့ မျိုးဝင်းက မင်းတို့ ခရိုင်မှူးတွေ မေးတာက ပျော့တယ်၊ မလုပ်တတ်ဘူး ဆိုပြီးတော့ ကျနော့်ကို ဘယ်သူ့ကိုမှ မစစ်ခိုင်းတော့ဘူး။
အဲလို မစစ်ခိုင်းတော့ဘဲနဲ့ နှစ်ရက်လောက် အကြာမှာတော့ စက်တင်ဘာလ ၁၀ရက်နေ့ကျတော့ ကျနော်ကိုယ်တိုင် အဖမ်းခံရပြီး အစစ်ခံရတဲ့ဘ၀ကို ရောက်တော့တာပါပဲ။


အပိုင်း(၈)
စက်တင်ဘာ ၁၀ ရက်နေ့၊ ၁၉၉၁
ကျနော့်ကို စဖမ်းတဲ့ နေ့က ဖမ်းမယ်လို့လည်း မသိဘူး၊ ဖမ်းလိမ့်မယ်လို့လည်း ထင်မထား။

ညကလည်း အပေါ့်ကုန်းပေါ်မှာတော့ ကျနော်နဲ့ကိုညီညီကျော်နဲ့ တကုတင်တည်းမှာ နှစ်ယောက် အိပ်နေကြတာ။ ညဘက်ကြီး လူသံကြားလို့ ထကြည့်တော့မှ ထောက်လှမ်းရေး အဖွဲ့က ကျော်ထင်ဦးဖြစ်နေတယ်။ သူ့နောက်မှာ ရဲဘော် နှစ်ယောက်ပါတယ်။ ရဲဘော် နှစ်ယောက်ကတော့ M 21  G 3 ကိုင်ထားတာပေါ့ ကျော်ထင်ဦးကတော့ M 20 နဲ့  ကျနော့် မျက်နှာကို ချိန်းထားတယ်။

ကျနော့်ကို ဖမ်းပြီ ဆိုတာကို အဲဒီအချိန်မှ ကျနော် သိလိုက်ပြီ၊ ဖမ်းမယ်ဆိုတော့လည်း ဖမ်းပေါ့ ဘာတတ်နိုင်မှာလည်း သူတို့က ကျနော့်ကို လက်နောက်ပြန်ကြိုးတုပ်နေတုန်း ကိုညီညီကျော်ကလည်း ငါရော ပါလားလို့ ထမေးတယ်။ အဲတော့ ကျော်ထင်ဦးက ခင်ဗျားလည်း ပါတယ်ဆိုပြီး သူ့ကိုပါ ဖမ်းလိုက်တာပဲ။တဲအပေါက်ဝမှာတော့ လှဆိုင်းရှိနေတယ်၊ သူက ဦးဆောင်ပြီးတော့ကျနော်တို့ကို ဖမ်းတဲ့ သဘောပါပဲ။

ကျနော်တို့တဲကနေ ဆင်းဆိုပြီး အပေါ်ကုန်းကနေ အောက်ကို ဆင်းရတာပေါ့ အဲလို ဆင်းနေတုန်း ဥက္ကဋ္ဌ တဲဘက်ကနေ ကိုထွန်းအောင်ကျော် အပါအ၀င် မန္တလေးက ရောက်နေတဲ့ ယူဂျီတွေကိုပါ ကြိုးတွေတုပ်ပြီး ဖမ်းပြီး ဆင်းလာကြတာ တွေ့လိုက်ရတယ်။ ဟာ ဒီကောင်တွေ ဥက္ကဋ္ဌကိုပါ ဖမ်းလိုက်ကြတာ။

နောက်ပိုင်းမှ ပြန်သိရတာက အဲဒီ ကျနော်တို့ကို ဖမ်းတဲ့ နေ့မှာပဲ လူ ၂၂ ဦးကို တခါတည်း ဖမ်းလိုက်တာလို့ သိရတယ်။ ကိုထွန်းအောင်ကျော်ကိုလည်း အဲဒီနေ့မှာပဲ တခါတည်း ဖမ်းလိုက်တာပြီးတော့ လူ ၂၀ ကျော်ကို တခါတည်း ဖမ်းတာဆိုတော့ ကျနော့်အနေနဲ့ကတော့ ဒါဟာ ကြံစည်မှု တခုပဲလို့ ကောက်ချက်ချပါတယ်။
သူတို့ ဒါတွေကို ကြိုတင်ကြံစည်မှုနဲ့ လုပ်တယ်လို့ ကျနော် သတ်မှတ်ပါတယ်။

အောက်ရောက်တော့ ကျနော်တို့ကို စစ်ရုံးထဲမှာပဲ ထည့်လိုက်တယ်၊ ကိုထွန်းအောင်ကျော်ကိုလည်း ညာဘက်က အခန်းလေးထဲမှာပဲ ထားတယ်။ အဲဒီမှာ ကျနော်တို့ကို လှဆိုင်းလာကြည့်တယ်။ ကြည့်တော့ ကျနော်က ပေါက်ကွဲနေပြီ ဟေ့ကောင်မင်း သတ်ချင်လည်း သတ်ပစ်လိုက်ပေါ့။ အဲလိုတွေ ပြောနေပြီ။

သူက ဘာမှ မပြောဘူး ခေါင်းတညိမ့်ညိမ့်နဲ့ပဲ ပြန်ထွက်သွားတယ်။ နောက် ၅ မိနစ်လောက်ကြာတော့ အောင်နိုင်လာကြည့်တယ်။ သူက လာကြည့်ပြီးတော့ မင်း လည်ပင်းက
ကျနော့်ကို မင်းလည်ပင်းမှာ ဆွဲထားတဲ့ အဆိပ်ထုတ်လေးက ဘယ်မှာလဲ လို့ မေးတယ်။ အဲလို မေးတော့ ကျနော်ကပိုပြီး ဒေါသထွက်တယ်။

ဘာကြောင့်လဲ ဆိုတော့ ရော်နယ်အောင်နိုင်တို့ ကျနော်တို့က  မြို့ပေါ်မှာကတည်းက နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေလေ။ အလုပ်အတူတူလုပ်ခဲ့ကြတဲ့ သူတွေ အရေးအခင်းတုန်းက အာဏာသိမ်းပြီးခါစ တုန်းက အဆောင်လေးတွေ အသီးသီး ဆွဲကြတာပေါ့လေ။ အဲဒီ အဆောင်လေးက ကိုအောင်ဇော်မင်းက ပေးခဲ့တာလေး ဘာရယ်လို့ မဟုတ်ဘူး အန္တရာယ်ကင်းတယ်ဆိုလို့ ဆွဲခဲ့ကြတာပါ။

အဲဒါလေးက ကျနော်နဲ့အတူ တောထဲထိ ပါလာတာ။ ဒါကို သူက အဆိပ်ထုတ်ပါ၊ ဘာညာ ဆိုပြီးတော့လုပ်ပြီးတော့ တောင်းတယ်။ သူတောင်းတဲ့ အချိန်မှာ မရှိတော့ဘူး ကျနော်ရှေ့တန်းမှာ ပြုတ်ကျန်ခဲ့ပြီ၊ သူက တောင်းတော့စိတ်တိုတာနဲ့ ပျောက်သွားပြီလို့ ပြောလိုက်တယ်။ သူကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ ပြန်ထွက်သွားတာပေါ့လေ။ အဲလိုမျိုး။
နောက်ကိုမျိုးဝင်းလည်း လာကြည့်တယ် ပြီးတော့ြ့ပန်ထွက်သွားတယ်။ အဲလိုနဲ့ နောက်နေ့ကျတော့ကျနော့်ကို ခေါ်စစ်တယ်။ ထောက်လှမ်းရေး တဲထဲမှာပဲ စစ်တယ်၊ ထုံးစံအတိုင်းပဲ ခင်ဗျား ထောက်လှမ်းရေး ဟုတ်တယ် မဟုတ်လားပဲ မေးတယ်၊ ကျန်တာ ဘာမှ မမေးဘူး။

ကျော်ထင်ဦးရယ်၊ လှဆိုင်းရယ် နောက် လက်သီးပါမယ်၊ နောက် ကျော်ကျော်မင်း ပါတယ် ထင်တယ်။ စစ်တာကတော့ မဟုတ်ဘူး မဟုတ်ပါဘူး လို့ ဖြေရင် ကောင်းကောင်း ရိုက်တော့တာပဲ။ ရိုက်တယ် ပြီးတော့ ကျနော့်ရဲ့ ညှို့သဂျီးပေါ်ကို ဘီးလုံးနဲ့ လှိမ့်တယ်။ အဲဒါကိုတောင် တောင့်ခံနိုင်တယ်ဆိုရင် လူပါ တပ်ရပ်ပြီးတော့ လှိမ့်တယ်ဗျာ။ နှိပ်စက်ပြီး စစ်ပုံကတော့ တော်တော်ကို နည်းလမ်း စုံပါတယ်။ ခေါင်းကို ကြွပ်ကြွပ်အိတ် စွပ်တယ်။ နောက် ခေါင်းတွေ ခြေထောက်တွေကို ဘက်ထရီ ရှော့တိုက်တယ်။

အဲဒီမှာ သူတို့ ဘယ်လို စစ်သလဲ ဆိုတာကို ကျနော်သိတော့တာပဲ၊ အရင်တုန်းက လူတွေကိုလည်း သူတို့ ဒီလိုပဲ စစ်ခဲ့မှာပဲလို့ တွေးမိတယ်။
ကျနော်လည်း ထောက်လှမ်းေ၇း မဟုတ်တော့ မဟုတ်ပါဘူး လို့ချည်း ဖြေတာပဲ အဲတာ မရဘူး ပိုပိုပြီး တိုးပြီး နှိပ်စက်လာတယ်၊ ပိုရိုက်လာတယ်။ ခေါင်းကို ကြွပ်ကြွ့ပ်အိတ် စွပ်ထားတဲ့အပြင် ဘက်ထရီကလည်း ရှော့တိုက်သေးတယ်၊ အဲလို နှစ်မျိုးသုံးမျိုးလုပ်ပြီး စစ်တာဆိုတော့ လူကလည်း သိပ်မခံနိုင်တော့ဘူး။ တော်တော်လေးလည်း နာကျင်နေတဲ့အပြင် မခံနိုင်တော့ဘူး။

ကျနော်က တမျိုးချင်း လုပ်တုန်းက တောင့်ခံထားသေးတယ်၊ တောင့်ခံပြီး မဟုတ်ဘူးပေါ့ အဲလိုတွေဖြစ်နေတော့ နှစ်မျိုးသုံးမျိုးတွဲလုပ်တော့တာပဲ အဲလိုစစ်ရင်း  ၂နာရီလောက်လည်း ကြာတော့ကျနော် ဘယ်လိုမှ မခံနိုင်တော့ဘူး၊ နောက်ဆုံး အသက်မသေအောင် လည်း ပါတယ်ပေါ့ ဒီပုံအတိုင်းဆို သေတော့မှာကိုး အဲဒါနဲ့ ဟုတ်တယ်ကွာ လို့ပဲ ဖြေလိုက်ရတော့တာပဲ။

အဲလို ဖြေရသွားတော့  ကျေနပ်သွားတယ်၊ နှိပ်စက်တာ ရပ်သွားတယ်၊ ပြီးတော့ ထောက်လှမ်းရေး ဖြစ်စဉ်တွေ မေးတယ်။
အဲဒီမှာ ကျနော်ပိုပြီး သဘောပေါက်သွားတယ်၊ တကယ်တော့ ဒီလိုလုပ်တယ်ဆိုတာ ဘာကြောင့်မှ မဟုတ်ဘူး သူတို့ လုပ်ချင်လို့ လုပ်တဲ့ ကိစ္စပဲ ဆိုတာ ကျနော် မြင်သွားတယ်။
အဲဒီမှာ ကျနော်ကလည်း ပါးစပ်ကနေ မပြောတတ်တော့ ဖြစ်စဉ်တွေအကုန်ရေးပေးမယ်ဆိုပြီး စောရွက်တောင်းပြီး ဖတ်ခဲ့ဖူးတဲ့ ၀တ္ထုတွေထဲက အတိုင်း ဇာတ်လမ်းတပုဒ်ရေးရတော့တာပဲ။ ဒါကတော့ စာဖတ်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။

အဲဒီတုန်းက ကျနော်ရေးပေးခဲ့တာကို ပြောရရင်တော့ဗျာ ကျနော်က ဆယ်တန်းအောင်ပြီးတော့ ဗိုလ်သင်တန်းသွားတက်တယ်ပေါ့ဗျာ။ လုပ်သားကောလိပ်တက်တော့လည်း အထက်က တာဝန်ပေးလို့ပေါ့လေ။  လုပ်သားကောလိပ်မှာ ကွန်မြူနစ်တွေ ရှိတယ်၊ အဲဒါကြောင့် စုံစမ်းရအောင် ကျောင်းသားသွားလုပ်ရတာပေါ့ အဲလိုတွေ ရေးရတယ်။ပြီးတော့ ပါတီလုပ်တော့လည်း နိုင်ငံရေးပါတီတွေ ဘာတွေ လုပ်တယ်ဆိုတာသိရအောင် စုံစမ်းဖို့အတွက် လုပ်ရတာပါပေါ့လေ၊ အဲလိုတွေ ဇာတ်လမ်းတွေ ရေးပေးလိုက်တယ်။ပြောတာနဲ့ ရေးတာမှာလည်း သဘာဝကျအောင်လုပ်ရတယ် နို့မို့ရင် လွဲနေရင် ပြန်မေးပြန်စစ်နဲ့ ဒုက္ခရောက်တယ်။

နောက် absf ကို မြောက်ပိုင်းကိုေ၇ာက်အောင် သွားနေရရအောင်လုပ်ပေါ့ ပြီးတော့ ကျောင်းသားလေးတွေကို စည်းရုံးပြီး ခေါ်သွားပေါ့ အဲလိုလုပ်လိုက်တော့ ကိုယ်နဲ့အတူ တောခိုလာကြတဲ့ ကျောင်းသားတွေကိုလည်းထိခိုက်မှာ  စိုးတော့ အဲဒီ ကလေးတွေကတော့ ဘာမှ မသိပါဘူးပေါ့၊ သူတို့ကို ကျနော်က စည်းရုံး ရတာပေါ့ တကယ့်ကျောင်းသားတွေပါပေါ့ အဲလိုတွေလည်း လုပ်ရသေးတယ်။

ရှောင်ပြောရတာတွေလည်း ရှိတယ်၊ကိုယ့်ကိုလည်း ပြန်ပြီး ဆက်ပြီး ဒုက္ခမရောက်အောင်လည်း လုပ်နေရတယ်။ အဓိကကတော့ အဲဒီအချိန်မှာ ကိုယ့်အသက်ကိုယ်မွေးဖို့ စဉ်းစားရတာပဲ ။ ကိုယ့်အသက်ကိုယ်မွေးရမယ်ဆိုပြီး လုပ်ပေမဲ့ အချင်းချင်းတွေအပေါ်မှာသစ္စာ မဖောက်ခဲ့ဖူး။ပြီးတော့ ကိုယ့်ကြောင့် တခြားလူတွေ ထိခိုက်အောင်လည်း မပြောခဲ့ဘူး မလုပ်ခဲ့ဖူး။ ဘယ်သူ့ကိုမှလည်း စွဲ မထည့်ခဲ့ဘူး၊ အဲဒါ ကျနော့် သမိုင်းပဲ။ ကိုယ်တယောက်တည်းပဲ လမ်းကြောင်း တခုကို ရှာပြီးတော့ ဖောက်ပြီးတော့ သွားခဲ့ရတာပေါ့လေ။ကျနော့်ထွက်ချက်တွေ သူတို့ ဆီမှာ ရှိတယ်။

အဲဒီမှာ သူတို့က ဘာဆက်ပြီး လုပ်လာလဲ ဆိုတော့ ကျနော်တို့က သူတို့ဆိမှာ ထွက်ချက်အရ ထောက်လှမ်းရေး အရာရှိတွေ ပေါ့လေ၊ ထောက်လှမ်းရေး အရာရှိတွေဆိုတော့  ကျနော်တို့နဲ့အတူ ဆက်သွယ်ရေး ဆက်တွေ ဘာတွေပါလာမယ် အဲဒါတွေကို အချင်းချင်းတိုင်ပင်ပြီးတော့ ဖော်ထုတ်ကြဆြို့ပီး လုပ်လာပြန်ရော။

အဲဒီမှာ ကျနော်တို့ကလည်း တကယ့်ထောက်လှမ်းရေးတွေ မဟုတ်ဘူး၊ ကျနော်တို့ ဆီမှာလည်း ဘာစက်မှ မရှိဘူးဆိုတော့ အချင်းချင်းလက်တို့ပြီးတော့ ဟိုပြော ဒီပြောပေါ့နော် လျှောက်ပြောရပြန်ရော။

ကိုထွန်းအောင်ကျော်ကိုလည်း ဆက်သွယ်ရေး စက်တွေဘာတွေတောင်းတော့ သူကလည်း ဟုတ်မှ မဟုတ်တာ သူ့မှာလည်း ပေးစရာမရှိဘူး။ ဒါပေမဲ့ သူကလည်း KIA ကလည်း မြင်အောင်ဆိုပြီးတော့ သူက KIA စခန်းဘက်မှာ ဖွက်ထားပါတယ်ဆိုပြီးတော့ အဲဒီဘက်ကို လှည့်ခေါ်ခဲ့သေးတယ်။  အဓိကကတော့ မျိုးဝင်းတို့ ဒီလိုလုပ်နေတာတွေကို KIA ကို မြင်စေ သိစေချင်တာလည်း ပါတာပေါ့၊ သူလည်း ကြိုးစားပမ်းစားလုပ်ခဲ့ကြသေးတယ်။

KIAက ထိပ်ပိုင်းက လူကြီးတွေ သိမသိတော့ ကျနော်လည်း မသိဘူး။ ဗိုလ်မှူးပန်းအောင် အဆင့်ထိတော့ သိတယ်ဗျ။  ခြေဖြတ် လက်ဖြတ် လုပ်နေတာတွေကိုတောင် ဗိုလ်မှူးပန်းအောင်လာပြီး တားသေးတာပဲ။

ကျနော်တို့အနေနဲ့ကလည်း သံခြေကျင်းတွေနဲ့ မျက်နှာကိုလည်း အ၀တ်တွေစည်းထားတော့ ဘာတွေ ဘယ်လိုဆိုတာ သေချာ မသိရပေမဲ့ နားကတော့ ကြားရတာပေါ့ဗျာ။
ကိုသက်နိုင်ကို စစ်တာ ဆေးတာကို ကြားခဲ့ရတာတွေလည်း ရှိတယ်။ ကိုသက်နိုင်က ရန်ကုန်ကလေ။ သူကို့ ချောင်းထဲမှာ ရေနှစ်ပြီးတော့ စစ်တာ။ ၀န်မခံ မချင်းကို ရေထဲ နှစ်လိုက် ဆယ်လိုက် လုပ်ပြီး စစ်နေတာ ကြားနေရတာပဲ။ နောက်ပြီးတော့ ကိုထိန်လင်း ကိုလည်း စစ်နေတဲ့ အသံတွေ ကြားနေရတာပဲ ကိုထိန်လင်းကလည်း အော်ဟစ်နေရတာ။ သူ့ကိုလည်း မတရားကြီး နှိပ်စက်နေကြတာကိုး။

အော်သံတွေကလည်း တကယ့်ကို မချိမဆန့်အော်သံတွေပါ။ သာမန်ကြောက်လို့ အော်တဲ့ အသံမျိုး မဟုတ်ဘူး။ ခံစားရလို့ မချိမဆန့်ထွက်လာတဲ့ အသံမျိုးတွေ။
အဲလိုတွေ နှိပ်စက်ရုံနဲ့ မပြီးသေးဘူး ဆက်ပြီးတော့ ထပ်တိုးလာကြတယ်၊ တရက်ကျတော့ ကျနော်အပါအ၀င် လူ ၂၀ ကျော်လောက်ကို သံချောင်းတို့မျိုးဝင်းတို့က အပေါ်ကုန်းဘက်ကို ခေါ်ပြီးတော့မှ လက်တွေကို မိုင်းမှာသုံးတဲ့ ဒစ်တိုနီတာတွေ ချည်ထားပြီးတော့ လုပ်တယ်။ဒီဒစ်တိုနီတာဆိုတာက ၀ါယာရှော့ဝင်သွားရင် ထကွဲတာကို ထကွဲတော့မှ မိုင်းက ကွဲတာလေ၊ အဲလို ဒစ်တိုနီတာမျိုးပေါ့။

အဲဒါတွေကို ၀ါယာကြိုးနဲ့ ကျနော်တို့ အယောက် ၂၀ ကျော်လောက်ရဲ့ လက်တွေမှာပတ်ထားတယ်။ ပထမဆုံးကတော့ ကိုကျော်ဝေ ဆိုတဲ့ သူရဲ့ ညာဘက်လက်ကို ချီထားတယ် နာရီ တလုံးလည်း ချထားတယ်။

ပြီးတော့ ၅ မိနစ် အချိန်ပေးမယ် လို့ ကိုကျော်ဝေကို ပြောတယ်။ ကျနော်တို့ကလည်း အကုန်လုံး ကြည့်နေရတာ။ ကိုကျော်ဝေကို ကျနော်တို့ရဲ့ အလယ်ခေါင်မှာ ထိုင်ခိုင်းထားပြီးတော့  စက်တွေပေးပေါ့။ သူ့ဘေးမှာ စဉ့်နီတုံးတွေ ဓါးမတွေလည်း ချထားတယ်။ ၅ မိနစ်အတွင်း ဖော်ပေါ့ မဖော်ရင် ခုတ်မယ်ပေါ့။
အဲလိုလုပ်တော့ ကျနော်တို့ အားလုံးလည်း စိတ်ချောက်ခြားနေပြီ။ မြင်နေရတယ် အားလုံးရဲ့ လက်တွေမှာလည်း ၀ါယာကြိုးတွေပတ်ထားပြီးပြီ။

ကိုကျော်ဝေ ခမျာ ပေးစရာလည်း မရှိဘူးဖြေစရာ အဖြေလည်း မရှိရှာဘူး အဲတော့ ခွဲချလိုက်တယ်။  ချက်ခြင်းပဲ သွေးတွေ ဖြာကနည်း ထွက်သွားတယ်၊လက်က အရိုးရော ဘာရော ပါသွားတာ လက်မရှိတော့ဘူး။ အဲလိုတွေ လုပ်တာ၊။ ကျနော်တို့ကိုလည်း အဲလို နှိပ်စက်တာကို ဒီအတိုင်း ထိုင်ကြည့်ခိုင်းထားတာ။

ကျနော်တို့မှာ စိတ်ကလည်း မကောင်းဘူး၊ စိတ်တွေလည်း ခြောက်ခြားတယ်။ ကိုကျော်ဝေကိုလုပ်ပြီးတော့ နောက် ၅ ရက် တပတ်လောက်ကြာတော့ အဲလိုပဲ ကိုအောင်ဖိုးကို ဆက်လုပ်တာ။ အဲလို ကိုအောင်ဖိုးကို မလုပ်ခင် သက်နိုင်ကိုလည်း သူဖြေတာ သံချောင်းက အလိုမကျလို့ ဆိုပြီး နားနားကို သေနပ်နဲ့ ပစ်ထည့်လိုက်တာ နားရွက်ကို ဖောက်ထွက်သွားတယ်။ နားမှာ အပေါက်ဖြစ်သွားတယ်။ အဲဒီအပေါက်ကို သစ်ကိုင်းခြောက်လား ဘာလား ထိုးထည့်တာလေး မှတ်မိပါသေးတယ်။ အဲဒါလည်း ကျနော်တို့ရှေ့ လူ ၂၀ ကျော်ရှေ့မှာပဲ လုပ်တာ။

ကိုအောင်ဖိုးကိုလည်း ၅ မိန်အချိန်ပေးမယ် ပစ္စည်းတွေပေးဆိုပြီး လုပ်တာ၊  ကိုအောင်ဖိုးကလည်း ပေးစရာလည်း မရှိဘူး နောက်ဆုံး အံကြိတ်ခံတယ်။ နောက်ဆုံး ပေးစရာမရှိဘူးဆိုတော့ ခွဲချပစ်လိုက်တယ်။ ခွဲတော့ သွေးတွေ ဖြာဆင်းသွားတာပဲ။ ကျနော့် မျက်စိရှေ့တင် မြင်ရတာတွေပဲ။ အသေးစိတ်ပြောရရင် စိတ်မကောင်းစရာတွေချည်းပဲ။အော့နှလုံး နာစရာတွေ ချည်းပဲ။

ရက်စက်တယ်။

တော်တော်ကို ရက်စက်လွန်းအားကြီးတယ်၊ အဲလောက်ထိ ရက်စက်တာက မကောင်းတော့ဘူး။ ကျနော်တို့က ကျောင်းသား တပ်မတော်ကို တိုက်ခိုက်တာ မဟုတ်ဘူး။ လူတစုရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ပြောတာ။ ဒါဟာ သမိုင်းပါပဲ။

နောက် ခုလို ရက်ရက်စက်စက်လုပ်ကြ ကိုင်ကြတဲ့ နေရာတွေမှာ လုပ်ကြတာလည်း ရှိသလို ချုပ်ထားတုန်းမှာလည်း ၀င်လုပ်ကြတာတွေလည်း ရှိတယ်၊ ရိုက်ကြ နှိပ်ကြတယ်၊ ခေါင်းကို သေနပ်ဒင်နဲ့ ထုတယ်၊ မေးစေ့ကို သေနပ်ပြောင်းတွေနဲ့ ထိုးတယ်။ နည်းမျိုးစုံပေါ့လေ ပါးစပ်ကလည်း မင်းငါ့ကို ကြောက်လား ဆိုတာမျိုးတွေလည်း မေးကြတယ်။

ကျနော်တို့မှာက မျက်နှာကို အ၀တ်စည်းထားတယ်၊ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြားက အဆော်ခံကြရတာ။ ထောက်လှမ်းရေးတွေလို့ ပြောတာ ဆဲတာက တမျိုး အရင်တုန်းက ခရိုင်မှူးလုပ်ခဲ့တုန်းကတော့ ဒီလို မဟုတ်ပါဘူးဆိုတာမျိုးတွေနဲ့ ပြောကြဆိုကြတာလည်း တမျိုး၊ အမြင်ကတ်လို့ ကြုံလို့ ၀င်ဆော်တာတွေလည်း ရှိတယ်။ အဲလို လက်လွတ်စပယ် ၀င်လုပ်ကြတာလည်း ရှိတော့ရ တခါဆိုရင် ခေါင်းတွေရော မေးစေ့တွေရော လက်တွေရော ခြေထောက်တွေရော ရိုက်တာ ၁၀ နေရာလောက်ထိ နာပြီး ကွဲတယ်။ ၆ နေရာလောက် ချုပ်ရတယ်။ တခါတုန်းကဆိုရင် ၃ချက်လောက် ချုပ်ရတယ်။ အဲလိုပဲ ကွဲကြတာပဲ။

တခါတုန်းက ကျနော်ကြုံရတာက မှတ်မှတ်ရရပဲ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး  သံနဲ့ ရိုက်ခဲ့ကြတုန်းက ကျနော်တို့ကို ထမ်းပို့ရမယ် ထမ်းပို့ရမယ်ဆိုပြီး လိုက်သွားကြတယ်။

ကိုထွန်းအောင်ကျော်ကို ပစ္စည်းတွေ တောင်းတော့ ပေးစရာမရှိဘူးဆိုတော့ သံနဲ့ ရိုက်ကွာဆိုလို့ ကိုထွန်းအောင်ကျော်ကို  လက်ဝါးကပ်တိုင်ပေါ် တင်ပြီး လက်ဖ၀ါးထဲကို လေးလက်မ သံ ရိုက်ထည့်တယ်၊ အဲဒါတွေကိုလည်း ကျနော်တို့က ထိုင်ကြည့်ရတယ်။ ကျနော်တို့ ရှေ့မှာတင် ရက်ရက်စက်စက် လုပ်ခဲ့ကြတယ်။

လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ကြတယ်။ ရက်စက်ကြမ်းကြုတ်တာတွေ ရှိခဲ့တယ်။ ဒါတွေအားလုံး ဟာ မှတ်မှတ်ရရ တွေချည်းပဲ ကျနော်တယောက်တည်း မြင်ခဲ့ တွေ့ခဲ့ရတာတွေ မဟုတ်ဘူး။  ကျနော်အပြင် ဘိုဘိုနဲ့ အခြား ၂ယောက် ၃ ယောက်လည်း ကိုထွန်းအောင်ကျော်တို့ကို လုပ်ခဲ့တာတွေကို မြင်ခဲ့ရတယ်။
အဲဒါထက် ဆိုးတာကိုလည်း သူတို့ ဆက်လုပ်ခဲ့ကြတာပဲ။ ကိုထွန်းအောင်ကျော်ကို နှိပ်စက်တာလဲ အဲလောက်နဲ့တင် ပြီး မသွားသေးဘူး။


အပိုင်း(၉)

တကယ်တော့ ဒီလောက်ထိ မဖြစ်သင့်ပါဘူး။ ကျနော်တို့ ကြုံခဲ့ရတာတွေက တော်တော်ကို ရက်စက်ကြမ်းကြုတ်တဲ့ အပိုင်းတွေ ရှိခဲ့တယ်။
ထောင်ထဲမှာ အကျဉ်းသားတွေလို နေရတဲ့ နေရာမှာတောင် နေမှုထိုင်မှု ပုံဆန်က မကောင်းဘူး။ ထောင်အကျဉ်းကျနေတဲကအတွက် မြေတူးတာ၊ ကျောက်ထုတာ၊ ထင်းခုတ်တာကစ အလုပ်ကြမ်းတွေ တပ်မှာ ရှိသမျှ အလုပ်တွေကို အကုန်လုပ်ပေးရတယ်။

အဲလိုလုပ်ပေးပြီးလို့  ညနေ အလုပ်တွေကနေပြန်လာပြီ ဆိုရင် ခဏထမင်းစားမယ် ပြီးရင် မျက်နှာတွေကို အ၀တ်စည်း၊ လက်တွေကို ကြိုးတုပ်ပြီးတော့ မှအိပ်ရတာ။ လုံခြုံရေးတွေက လိုက်စစ်တယ်။ ကြိုးလျော့ရင် ကြိုးချည်ပေးတဲ့ သူရဲ့ အပြစ်လို့ အဲလိုပုံဆန်နဲ့ အုပ်ချုပ်ထားတာ။ နောက် အိပ်ရတာကလည်း လူ ၇၀ ကျော် ၈၀လောက် တန်းစီပြီး အိပ်ရတာဆိုတော့ ဟိုဘက် ဒီဘက် လှည့်လို့မရဘူး။ နောက် ရေချိုးမရတာလည်း ကြာတော့ သန်းတွေဘာတွေကလည်း ကိုယ်ပေါ်တက်ကြတာပေါ့ သန်းတွေက တခါတလေ ရှစ်ဆယ် တစ်ရာလောက်ကို ရှိတာ အဲလို အခြေအနေမျိုးတွေနဲ့ နေနေရတယ်။

ကျနော်တို့ရဲ့ မျက်လုံးတွေ စည်းထားတယ်၊ လက်နောက်ပြန်ကြိုးတုပ်ထားတယ်၊ ထမင်း စားချိန်မှာတော့ ထထိုင်ပြီး စားရတယ်။ ကျန်တဲ့အချိန်တွေ အိပ်ချိန်တွေမှာတော့ ဟိုဘက် ဒီဘက်စောင်းတယ်ဆိုရင်တောင်မှ ထောင်အစောင့်တွေကို ခွင့်တောင်းပြီးမှ လှည့်ရ စောင်းရတယ်။

အဲလိုအခြေအနေမျိုးမှာလည်း ထောင်သားတွေထဲကနေ တယောက်ပြီး တယောက်ကို ခေါ်စစ်မေးတာတွေ လည်း ရှိခဲ့တယ်၊ ကျနော်နဲ့ ကျောချင်းကပ်ထားတဲ့ ကိုညီညီကျော်ကို တရက်မှာ ခေါ်စစ်တယ်။ စစ်ဖို့ ခေါ်သွားတယ်ဆိုတာ သိလိုက်တယ်၊ ၂ ရက်လောက်ကြာတဲ့ ထိပြန်မလာဘူး။

ပြန်မလာတော့ စိတ်ပူတယ်၊ အဲဒီမှာ ကိုမြင့်သိန်းက ကျနော့်ကို ပြောတယ်၊ ကိုညီတော့ထွက်ပြေးတာ လွတ်သွားပြီတဲ့ အဲလိုပြောတယ်။ အဲလို ပြောတော့ ကြားရတာဝမ်းသာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တယောက်လွှတ်သွားပြီပေါ့ ကံတရားက ကျနော်တို့ဘက်မှာ ရှိသေးတယ်ပေါ့။

အဲဒီအချိန်မှာ ကျနော်တို့ မျှော်လင့်တာက တယောက်လွှတ်သွားရင် တယောက်က ဒီကိစ္စတွေကို ဒီအတိုင်းနေမှာ မဟုတ်ဘူး မြို့ပေါ်က နိုင်ငံရေးအဖွဲ့အစည်းတွေကိုပဲ ဖြစ်ဖြစ် အသိပေးလိမ့်မယ်။ အသိပေးရင် ဒါမျိုး လုပ်နေတာတွေ ရပ်သွားလိမ့်မယ်ပေါ့ အဲလို မျှော်လင့်တာပဲ၊ နောက်တချက်က စိုးရိမ်တာလည်း ရှိတာပဲ၊ ဒီလိုဖြစ်သွားတယ်ဆိုရင် ငါတို့ကို ဘာများထပ်လုပ်မလဲဆိုပြီး စိတ်ပူတာပေါ့။

ကျနော်တို့ကို အဲလို ထောင်ထဲမှာ ထားရင်းနဲ့ တဖြေးဖြေးနဲ့ ထောင်သားတွေကလည်း တိုးလာတယ်၊ ကျနော်တို့လိုပဲ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းထားတဲ့ သူက  ၆၀ ကျော် ၇၀ လောက်ကို ဖြစ်လာတယ်၊

မှတ်မှတ်ရရ ၁၉၉၁ ခုနှစ် အောက်တိုဘာ လလောက်ဖြစ်မယ်။

ထောင်ထဲမှာလည်း ဖမ်းထားတဲ့ လူတွေကများလာတော့ အပေါ် အလံတိုင်ကုန်းနောက်ကို ရွေ့တယ်။ အဲလို အပေါ်အလံတိုင်ကုန်းနောက်ကို ရောက်ပြီး သိပ်မကြာပါဘူး ကျနော်တို့လိုပဲ ဗဟိုကော်မတီထဲက ဦးစိန်ကိုလည်း ၀ါးကပ်ကလေးနဲ့ လာချထားတာ တွေ့တယ်။

ကျနော်တို့ကတော့ ထောင်သားတွေအချုပ်သားတွေအနေနဲ့ အလုပ်တွေလုပ်ရတယ် မြေကြီးတူးတာတို့ ကျောက်တုံးထိတာတော့ ၀ါးကပ်လုပ်တာတို့ အဲလိုအလုပ်တွေ လုပ်ရတယ်၊ တနေ့ အဲလိုပဲ အလုပ်လုပ်တာ သိမ်းပြီး ပြန်လာတော့ ဦးစိန်ဆုံးပြီ ဆိုတာ သိလိုက်ရတယ်။

အဲလို လာချထားတဲ့ အနေအထားနဲ့ပဲ ဦးစိန်လည်း ၂ ရက်လောက် နေတော့ ဆုံးသွားရှာတယ်။ဦးစိန်က အိပ်ရာထဲကနေကို မထနိုင်တော့ဘူး။ စကားလည်း မပြောနိုင်ဘူး၊ ထမင်းလည်း မစားနိုင်တော့ဘူး။ ဦးစိန်ကို အကျဉ်းသားတွေကပဲ မြေမြှုပ်ပေးခဲ့ရတယ်။

အချုပ်သားတွေအကျဉ်းသားတွေကို စကတည်း ကျွေးတာက ထမင်းနဲ့ဆားပဲ။  ထမင်းနဲ့ ဆားနဲ့ပဲ စားရတော့ အာဟာရက မရှိဘူး။ မျက်နှာတွေ ခြေထောက်တွေကလည်း အာဟာရချို့တဲ့ပြီး ဖောဖောကြီးတွေပဲ။

ကျနော်တို့ အလုပ်တွေလုပ်ကြရတော့ အလုပ်လုပ်တဲ့ နေရာကနေ ခူးလာတဲ့ အရွက်ကလေးတွေ ဘာလေးတွေကိုတော့ မချို( အသတ်ခံရတဲ့ မခင်ချိုဦး)၊ မငယ်(မနန်းအောင်ထွေးကြည်)တို့နန်းစောတို့က စားလို့ရအောင် လုပ်ကျွေးတာမျိုးတွေလည်း ရှိတယ်။ သူတို့ မချိုတို့မငယ်တို့ကလည်း အကျဉ်းသမားတွေပဲ သူတို့ကတော့ ချက်ပြုတ်ရေးတာဝန်ယူပေးရတယ်။

ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ကိုတော့ ထိတ်တုံးတွေနဲ့ ထားတာ၊ အရေးကြီးတယ်ဆိုပြီး အပြင်လည်း မထွက်ခိုင်းဘူး၊ အလုပ်လည်း မခိုင်းဘူး။ ကျနော်တို့ကိုလည်း သံခြေကျဉ်းတွေနဲ့ ထားတာပဲ၊ သံခြေကျဉ်းတွေနဲ့ပဲ အလုပ်လုပ်ကြတာပဲ။ အဲလို အခြေအနေမှာလည်း သူတို့စစ်ချင်တဲ့သူကို သူတို့လာခေါ်စစ်ကြတာပဲ။ အဲလို မကြာမကြာလည်း ဖြစ်တတ်တာက မူးပြီး လာဝင်ရိုက်တဲ့ သူတွေပဲ။

မှတ်မှတ်ရရ တရက်ပေါ့ ညမှာ အောင်သန်းက ထထိုင်လို့ ပြောတာနဲ့ ကျနော်တို့အားလုံး ငုတ်တုတ်လေးတွေ ထထိုင်ရတယ်။ မျက်လုံးတွေကတော့ အမြဲစည်းထားတယ်၊ ထထိုင်တာနဲ့ ငါတို့ကို ရိုက်တော့မယ်ဆိုတာကို စိတ်က ကြိုသိနေတာပဲ၊ ထင်တဲ့အတိုင်းပဲ ရှေ့ကလူတွေရဲ့ ခေါင်းတွေကို တုတ်နဲ့ ရိုက်တဲ့အသံလည်း ကြားရတယ်၊ မကွဲမချင်းရိုက်လို့ ပြောတဲ့အသံလည်း ကြားရတယ် ကိုယ့်ခေါင်းပေါ်လည်း တုတ်က ရောက်တော့မလဲ။ သစ်သားတုတ်နဲ့ ရိုက်တဲ့အသံလည်းကြားရတယ် ခေါင်းတွေ ကွဲမယ်ဆိုတာလည်း သိတယ်။

ကျနော့်အလှည့်လည်း ရောက်ရော ကျနော့်ခေါင်းကိုလည်း ရိုက်ချလိုက်တယ်။ တအားနာပြီး လင်း ကနဲ ဖြစ်သွားပြီးတော့ ကျနော်ရိုင်ကျသွားတာ။ အဲဒီမှာ နောက်တချက် ထပ်ရိုက်ထည့်လိုက်တော့ စောတုန်းက နာတဲ့ နေရာမှာပဲ နာပြီး  နောက် ကျနော် ဘာမှ မသိတော့ဘူး ။သတိမရှိတော့ဘူး။

သွေးတွေကလည်း အခဲလိုက်ကျတယ်လို့ ပြောတယ်၊ နောက်ဆေးဆရာတယောက်က ကွဲသွားတဲ့ ခေါင်းတွေကို လာချုပ်ပေးတယ်ပြောတယ် ကျနော့်ခေါင်းလည်း ၈ ချက်လား ဘယ်လောက်လား မသိဘူး ချုပ်လိုက်ရတယ်။

ခေါင်းလည်း ချုပ်ပြီးတော့ ကျနော် အရမ်းမူးတယ်၊ ဘယ်လိုမှ မရတော့ဘူး ခေါင်းလည်း မထူနိုင်တော့ဘူး အရမ်း အမ်ချင်လာတယ်။ စားထားသမျှ ထမင်းစေ့တွေ အကုန်ပြန်ထွက်တယ်၊ ကျနော် ဘယ်လိုမှ မနိုင်တော့ ပြန်လှဲနေရတယ်။

နောက်မှ ပြန်သိရတာက အဲဒီကနေ ကျနော် သတိလစ်သွားတာ ၂ ရက်ကြာတယ်လို့ ပြောတယ်။  သတိရလာတော့ ကျနော့်ကို လူသွားလမ်း အလည်ကို ရွေ့ထားတာ သတိထားမိတယ်။ အဲဒီတုန်းက မခင်ချိုဦး အသတ်မခံရသေးဘူး။. မခင်ချိုဦးက ဆန်ပြုတ်လေး လာတိုက်ပေးတယ်။

ခါးတယ် အရမ်းခါးတယ်။ လျှာတွေက မကောင်းတော့ဘူးပြီးတော့ အရမ်းလည်း မူးသေးတယ်။ အဲဒီမှာ ဆန်ပြုတ် ၂ ဇွန်းတောင် မ၀င်လိုက်ဘူး သတိပြန်လစ်သွားတယ်။

သတိပြန်ရလာတော့ အကျဉ်းသားတွေကပဲ  ကျနော့်ကို ၀ါးကပ်ပေါ်တင်ပြီး သချိုင်းကုန်းနေရာကနေဖြတ်ပြီး ဆေးခန်းပို့တာ မှတ်မိတယ်။အဲဒီမှာ ကျနော်သတိပြန်လစ်သွားတာ  ၁ပတ် ၁၀ ရက်လောက်ကြတယ်ပြောတယ်၊ သတိပြန်ရတော့ ကေအိုင်အေ အောက်ဆေးရုံရောက်နေပြီ။ ခေါင်းကွဲတာတွေလည်း ချုပ်ရိုးတွေ ဘာတွေလည်း ကောင်းသွား ပြီ ဒါပေမဲ့ ကျနော် လမ်းမလျှောက်နိုင်တော့ဘူး။ အဲလို လမ်းမလျှောက်နိုင်ဘဲနဲ့ အိပ်ရာထဲမှာပဲ ၁ ပတ် ၁၀ ရက်လောက် ထပ်ကြာသေးတယ်။ ခြေထောက်က သံခြေကျင်းကလည်း ပါတယ်။

အဲဒီမှာ ကုတင်တိုင်လေးတွေကို ကိုင်ကိုင်ပြီးတော့ လမ်းလျှောက်ပြန်ကျင့်ရတယ်။

အဲဒီလိုနဲ့ ၁၀ ရက်လောက်ကြတော့ ကျနော့်ကို ဆေးရုံကနေပြန်လာခေါ်ပြီး အချုပ်ထောင်ထဲ ထပ်ထည့်တာပေါ့ဗျာ။ အဲဒီမှာ ကျနော်က ကိုအောင်ဖြိုးတို့နဲ့ အတူ စားရတယ်။ ကိုအောင်ဖြိုးက လက်ကို ထုရိုက်လို့ အဲဒီအချိန်မှာ လက်ဖြတ်ခံထားရပြီးပြီ။ နောက် သူ့ခြေထောက်ကိုလည်း ဒစ်တိုနီတာတွေနဲ့ လုပ်လို့ ခြေချောင်း ၃ချောင်း ပါသွားပြီးပြီ။  သူက အဲဒီအချိန်မှာ လက်တဖက်ရော ခြေထောက်လေးတွေရော  မရှိတော့ဘူး။

ကျနော်တို့ ထမင်းစားတော့ သူက ကျနော့်ကို ပြောတယ် ကိုရဲ စားလို့ အဆင်ပြေရဲ့လားတဲ့။ အဲဒီမှာ ကျနော်တို့ စားရတယ်ဆိုတာကလည်း ထမင်းပေါ်မှာ အရွက်တွေကို တာလဗောလို ဒီလိုပဲ တာလပတ်ကြီးပေါ်မှာ ပုံကျွေးထားတာကို နှိုက်စားရတာလေ။ ကျနော်က ရတယ်လေ ဘာဖြစ်လို့လဲ ဆိုတော့ သူက သူ့ခြေထောက်တွေ သူ့လက်တွေကို မသိမသာကြည့်တာပေါ့၊ အဲဒီမှာ ကျနော် စိတ်မကောင်းဖြစ်သွားတယ်၊ သူက သူ့ကို ကျနော် ရွံနေမှာ  စိုးလို့ ဖြစ်နေရှာတာ။ သူက အားနာနေတာ ကျနော်လည်း သူ့စိတ်ကိုသိပြီး ပိုပြီး စိတ်မကောင်းဖြစ်သွားတယ်။

အဲလိုနဲ့ ကျနော်ကတော့အလုပ်ကြမ်းလည်း ပြန်မလုပ်နိုင်သေးဘူး ဘိုဘိုတို့ကိုထိန်လင်းတို့ကတော့ ထရံ ယက်တဲ့ အလုပ်လုပ်နေကြပြီ။ ကျနော့်ကိုလည်း နားနားနေနေလုပ်ရတဲ့ ထရံယက်တဲ့အလုပ် လုပ်ရတယ်။

အဲဒီအချိန်မှာ ကိုထွန်းအောင်ကျော် ခြေထောက်က မီးဖုတ်ခံထားရတာက အခြေအနေတော်တော်ဆိုးတယ်။ ကိုထွန်းအောင်ကျော်ကို စစ်ကြောတုန်းက ခြေထောက်ကို မီးဖုတ်ပြီး စစ်ကြတာ။ ခြေထောက်တဖက်က ကွေးသွားတယ်။ အဲတော့ သူ့ကို လက်ဖျံလောက်တုတ်ပြီး ၂ပေ ခွဲလောက်ရှည်တဲ့ သစ်သားချောင်းတချောင်းနဲ့ ထောက်ထောက်ပြီး လျှောက်တယ်။

အစောင့်တွေ လစ်တဲ့အချိန်ကို ကိုထွန်းအောင်ကျော်က ကျနော့်နားကို ကပ်လာပြီး တုတ်လေး ထောက်ထောက်ပြီး လာပြောတယ်။
အဲဒါလေးနဲ့ ထောက်ထောက်ပြီး လျှောက်တဲ့အခါ သူ့ရဲ့ ညာဘက် ခြေထောက်က မြေကြီးနဲ့ မထိဘူး။ကွေးကွေးလေးဖြစ်နေပြီ။ ကိုထွန်းအောင်ကျော်က ကျနော်ဆေးရုံက ဆင်းလာတော့ ၀မ်းသာတယ်၊ မသေဘူးဆိုပြီး ၀မ်းသာသွားတာတဲ့။

ကိုရဲတဲ့… ဒီကောင်တွေ ငါ့ကိုတော့ ထားမှ မဟုတ်ဘူးတဲ့။ ကျနော့်ကိုလည်း ထားမှာ မဟုတ်ဘူးလို့ စိတ်ထဲကနေ တွေးမိတာပေါ့။ သူကတော့ ဆက်ပြောတယ်။ ကျနော့်ရဲ့ အသက်ကို ရှင်အောင်မွေးဖို့နဲ့ တချိန်ချိန်မှာတော့ ငါတို့ရဲ့ ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ပေးပါလို့ ပြောတယ်။

ကျနော်ကလည်း စဉ်းစားတယ်၊ ရှေ့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာလည်း မသိနိုင်တော့ သူ့ကိုလည်း ဘာပြန်ပြောရမှန်းလည်း မသိဘူး၊ ဟုတ်ကဲ့ ဆိုတဲ့သဘောနဲ့ ခေါင်းပဲညိမ့်ပြလိုက်တယ်။ အဲတော့သူလည်း ထော့နဲထော့နဲ့နဲ့ ကျနော့်နားကနေ ပြန်ခွာသွားတယ်။

ကျနော်တို့လည်း ဒီလိုနဲ့ပဲ အလုပ်တွေ လုပ်စရာရှိတာတွေ လုပ်ရင်းနေကြရင်းနဲ့ ဒီကြားထဲမှာ ကိုထွန်းအောင်ကျော်တို့ကိုချိုကြီးတို့ကို ခေါ်ထုတ်သွားတာရှိတယ်။ နောက် သိပ်မကြာဘူး အိုကေတို့ကိုလည်း ခေါ်ထုတ်သွားတယ်။ နောက် ကိုကျော်ဝေကိုလည်း ခေါ်ထုတ်သွားကြတယ်။

အဲဒါက ဇန်န၀ါရီလကုန် ဖေဖော်ဝါ၇ီလဆန်းလောက်ရောက်နေပြီ၊ အဲဒီနေ့က ကျနော်တို့ ထရံယက်နေရင်းနဲ့ လူသတ်ကုန်းပေါ်မှာ လူရိပ်တွေ တွေ့နေရတယ်။ ဘယ်သူတွေမှန်းတော့ အသေချာတော့မသိဘူးပေါ့ အချိန်က ၁ ၂နာရီခွဲ ၁ နာရီလောက်မှာ လူတွေပြန်ဆင်းလာကြတာ တွေ့ရတယ်။

အဲဒီ ဆင်းလာတဲ့ သူတွေကို ရဲဘော်တွေက ပြန်ခေါ်လာတာ ကိုထွန်းအောင်ကျော်ပါတယ်၊ ကိုချိုကြီးမှာ လက်တဖက် ပါမလာတော့ဘူး၊နောက် ကိုကျော်ဝေ ပြန်ပါမလာတော့ဘူး။
နောက် ၁ရက် ၂ရက်လောက်နေမှ ကျနော်ပြန်ကြားရတာ။ ကိုကျော်ဝေကို အဲဒီနေ့ကပဲ မျိုးဝင်း၊ သံချောင်းတို့က ခေါင်းဖြတ်ပြီး သတ်လိုက်တာလို့ သိရတယ်။

ကိုကျော်ဝေရဲ့ ခေါင်းလည်းပင်းရိုးကနေ ထွက်လာတဲ့ သွေးတွေကို ကိုထွန်းအောင်ကျော်ကို သောက်ခိုင်းတယ်၊ ပြီးတော့ ကိုချိုကြီးကို လက်ဖြတ်ပြီး ကိုချိုကြီးရဲ့ လက်ပြတ်ကို ကိုထွန်းအောင်ကျော်ကို ကိုက်ခိုင်းတယ်လို့ သူကိုယ်တိုင်မျက်စိနဲ့မြင်ခဲ့ရတဲ့ အိုကေခေါ် ကိုအုန်းကြိုင်က ပြောပြလို့ သိရတယ်။

ဒါတွေက ကျောင်းသား ၁၅ ဦးကို အစုလိုက်မသတ်ခင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မတိုင်ခင်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပါ။ နောက် ထောင်ထဲမှာ ဖမ်းထားတဲ့ ကာလတွေမှာလည်း သေဆုံးတာတွေ ဘာတွေလည်း ရှိခဲ့တယ်၊ စာရင်းအတိအကျအနေနဲ့လည်း ပြုစုထားကြတာတော့ရှိပါတယ်။


အပိုင်း(၁၀)

ထောင်ထဲမှာ စားရတာကလည်း အဟာရ မရှိတော့ ကျနော်တို့ အကျဉ်းကျခံနေရတဲ့ သူတွေမှာ အဟာရ တွေပြတ်ကြတယ်။ကျနော်တို့ကို ထားတဲ့ နေရာမှာလည်း  ၇၀ကျော် ၈၀ လောက်ကိုပဲ ဒီအတိုင်း ထားထားတဲ့ အနေအထားတွေလည်း ရှိတော့ ကျန်းမာရေးတွေလည်း ဆိုးဆိုးဝါးဝါး ထိခိုက်ကြတာတွေလည်းရှိတယ်။

အဲလိုအနေအထားမျိုးနဲ့ နေနေတုန်း တရက်မှာတော့ ကျနော်တို့ကို ညနေ  ၃နာရီလောက်ပဲ ရှိသေးတယ် အလုပ်စောစောသိမ်းခိုင်းတယ်။ ကျနော်ရယ် ဘိုဘိုရယ် ကိုကျော်နိုင်ဦးတို့ရယ်က တဖွဲ့ပေါ့၊ နောက်ကိုယ်စီကိုယ်စီ အလုပ်သွားလုပ်ကြရတဲ့ သူတွေကလည်း တဖွဲဖွဲပြန်ရောက်လာကြတာပေါ့။

အဲဒီလိုအချိန်မှာပဲ ရဲဘော် ၃ ယောက်က ပေါက်တူးတွေ ဂေါ်ပြားတွေ လာယူတယ်။ ရှိတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေ ယူသွားရုံနဲ့တင် မလောက်သေးဘူး ဆိုတော့ ဟာ ကျနော့် စိတ်ထဲ တခုခုပဲပေါ့ ထင့်သွားတယ်။

ရဲဘော်တွေကတော့ ထင်းခွဲတဲ့ နေရာတွေ မငယ်တို့ မခင်ချိုဦးတို့ ထမင်းချက်နဲ့ နေရာတွေမှာပါ ၀င်ရှာ ပြီးတော့ အားလုံး ယူသွားကြတယ်။
အဲဒီအချိန်မှာ အကုန်လုံးကို ထုံးစံအတိုင်း မျက်နှာတွေစည်း၊ နံရံဘက်ကိုလည့်ပြီးတော့ လက်နောက်ပြန်ကြိုးတုတ်ပေါ့လေ။ အဲဒီနေ့က လက်ပြန်ကြိုးတုတ်တာလည်း တော်တော်နာတယ်။ မခံနိုင်အောင်ကို တင်းကြပ်နေအောင်ကို ချည်ထားတာ။ ခါတိုင်းနေ့နဲ့ကို မတူဘူး။
ကျနော့် စိတ်ထဲမှာလည်း တခုခုတော့ဖြစ်နေပြီ ငါတို့ကို တခုခုတော့ လုပ်တော့မှာပဲ ဆိုပြီး အတွေးကလည်း ၀င်နေပြီ။ နားကလည်း စွင့်ထားတော့ ကုန်းပေါ်ကလည်း ၀ီစီမှုတ်သံတွေ လူစုတဲ့ အသံတွေ ကြားနေရတယ်ပေါ့လေ။

နောက် ညနေ ၄ နာရီကျော် ၅ နာရီဝန်းကျင်လောက်ရှိမယ်ထင်တယ်၊ ကျနော်တို့ ဆီကို လူ ၁၀ ဦးကျော်လောက် လာတဲ့ အသံတွေကို ကြားနေရတယ်။ လှဆိုင်းက ထောင်ပြောင်းမယ်ဟေ့လို့ ပြောပြီး ၀င်လာတာ။ နာမည်ခေါ်တဲ့ သူတွေ ထ ဆိုပြီးတော့ပြောပြီး နာမည်ခေါ်တယ်။

ကျနော်တို့မှာကလည်း မျက်နှာကလည်း စည်းထားတယ်၊ လက်ကိုလည်း တင်းကြပ်နေအောင်နောက်ပြန်ကြိုးတုပ်ပြီး ချည်ထားတယ်၊ ခြေထောက်မှာလည်း သံခြေကျင်းတွေနဲ့ ဆိုတော့ ဘာပဲ လုပ်လုပ် လွယ်တာက မလွယ်ဘူး၊ ထဆိုရင်လည်း မလွယ်ဘူး၊ လှဲရ ပြုရတာကလည်း တကယ်ကို မလွယ်ပါဘူး။

အဲဒီမှာ ကျနော့်နားကို တယောက်ယောက်လာပြီးတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြိုးကို လာဖြည်တယ်။ ကျနော့်စိတ်ထဲ လှစ်ခနဲ ၀မ်းသာသွားမိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်လက်တွေ အရမ်းနာနေပြီ။ လက်ကို ကြိုးဖြေပေးလိုက်တဲ့ အချိန်မှာ အနာလေး နည်းနည်းသက်သာသွားလို့ ကျနော် ၀မ်းသာသွားတယ်။

ကျနော်တို့ကို တကယ်ကို ကောင်းတဲ့ နေရာပြောင်းပေးမယ်လို့ ရိုးရိုးသားသား ထင်နေခဲ့တာ၊ အဲဒီအချိန်မှာပဲ နောက်ထပ် ရဲဘော်တယောက်အနားရောက်လာပြီး ဟာ သူ မပါဘူး။ သူမပါဘူး လို့ လာပြောတယ်။

အဲဒါနဲ့ ကျနော့်လက်ကို ကြိုးပြန်ချည်ကြတယ်။ မျက်နှာကိုလည်း စည်းလိုက်တော့ ခေါ်သွားတဲ့ သူတွေ ရဲ့ ခြေသံကိုပဲ ကြားလိုက်ရတယ်။ ခြေသံတွေအရတော့ တော်တော်များပါတယ်။နောက် နားအာရုံကနေ သံခြေကျင်းဝတ်ထားတဲ့ သူတွေကိုလည်း အပြင်မှာ သံခြေကျင်းတွေ ဖြုတ်ကျနေတယ်ဆိုတဲ့ အသံတွေကြားနေရတယ်။

အဲလိုအနေအထားနဲ့ပဲ ည နေ ၆နာရီခွဲကျော်ကျော်လောက်ထိ ထားထားတယ်။ အားလုံးရဲ့ စိတ်ထဲမှာလည်း အတွေးကိုယ်စီနဲ့ပဲ၊ ဘယ်ကို ခေါ်သွားတာလဲ၊ ဘာလုပ်မှာလဲ၊ ဘယ်သူတွေ ပါသွားသလဲ ။ အဲလို အတွေးတွေပေါ့လေ။ စိတ်တွေးတွေထဲမှာလည်း ဘယ်သူမှ ကောင်းမှာ မဟုတ်ဘူး။

အဲဒီမှာ သေနပ်သံ ၂ ချက် ကြားလိုက်ရတယ်။

ဟာ ၂ယောက်လောက်တော့ သေသွားပြီပေါ့၊ သေနပ်သံကြားလိုက်ရတော့ သွားပြီပေါ့။ အဲလို ကြားပြီး မကြာခင်မှာပဲ လှဆိုင်းနဲ့ ရဲဘော်အချို့ ပြန်ဆင်းလာတဲ့ အသံတွေလည်း ကြားလိုက်ရတယ်။

အဲဒီမှာ လှဆိုင်းက ဟာ ဒီမှာ လူတွေအများကြီး ကျန်သေးတာပဲ လို့ အကျယ်ကြီး ပြောတယ်။ နောက်ရဲဘော်တယောက်က ရိက္ခာများများ ပိုစားရတာပေါ့ လို့ပြောတယ်။
သူတို့ ဘာအဓိပါယ်တွေနဲ့ ပြောနေကြသလဲ ဆိုတာကို အဲဒီအချိန်တုန်းက လုံးဝ မသိခဲ့ ဘူး။ အဲလိုပြောပြီး ဆက်ထွက်သွားကြတာ။ သူတို့ ခဏလာပြီး ၀င်ကြည့်တဲ့ သဘောပါပဲ။

အဲဒီနေ့က ပြောရရင်တော့ ၁၉၉၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ပြည်ထောင်စု နေ့ပေါ့ဗျာ မှတ်မှတ်ရရပါပဲ။ ပြောရရင် တောခိုလာတဲ့ ကျောင်းသား ၁၅ ဦးတိတိကို ကုန်းပေါ်မှာ အစုလိုက်အပြုံလိုက်သတ်တဲ့ နေ့ပေါ့။

ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းထားတဲ့ ကျောင်းသား ၈၀ ထဲကနေ ၁၅ ဦးကို ရွေးထုတ်ခေါ်သွားပြီး သတ်လိုက်တာပဲ။ ခေါင်းဖြတ်သတ်တဲ့ သူတွေကိုလည်း သတ်တယ်၊ ၂ ဦးလောက်ကိုလည်း သေနပ်နဲ့ ပစ်သတ်တယ်လို့ ကြားရတယ်။ သေနတ်သံလည်း ၂ ချက်လောက်ကြားရတာကိုး။

နောက် စိတ်ထဲမှာလည်းလေ သူတို့ ရက်ရက်စက်စက်လုပ်လိမ့်မယ်လို့ ဘယ်တုန်းကမှလည်း တွေးမထားဘူး၊ ထင်လည်း မထင်ထားခဲ့ဘူး။ ပြီးတော့ အားလုံးက ကျောင်းသားတွေပဲလေ တောခိုလာကြတာလည်း တကယ့်ကို တိုင်းပြည်အတွက် တော်လှန်ရေးလုပ်မယ်ဆိုတဲ့ စိတ်တွေနဲ့ လုပ်လာကြတာဆိုတော့ သူတို့တွေ ရက်စက်လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ မထင်ခဲ့ဘူး။

နောက်နေ့ ကျနော်တို့ သစ်ခုတ်ဝါးခုတ်သွားတဲ့ နေရာကနေဘယ်ဘက်ကို ထောင်တက်သွားရင် အာသံကုန်းလို့ ခေါ်တဲ့ လူသတ်ကုန်းပဲ။ ညာဘက်ကို သွားမှ ကျနော်တို့  သစ်ခုတ်ဝါခုတ်လုပ်နေရတဲ့ နေရာကို ရောက်တာလေ။

မိုးလင်းကတည်းက ရဲဘော်တွေကနေ ပြောနေတာတွေ ကြားရတာက မနေ့ညက ၁၅ ယောက်ကို သတ်ပစ်လိုက်ပြီတဲ့။

ဒီ ၁၅ယောက်ကို သတ်တာကလည်း အာဏာ အားပြိုင်မှုတွေ၊ အမုန်းတရားတွေ ပါတယ်။ နောက် ၁၅ ဦးက ကိုသက်နိုင်၊ မောင်မောင်ကြွယ်၊ ရန်အောင်တို့ ဋ္ဌေးမြင့်ဝင်းတို့ဆိုတာက ရန်ကုန်က ကျောင်းသားတွေ၊ နောက် မန္တလေးက ကျောင်းသားတွေနဲ့ စစ်ကိုင်းက ကျောင်းသားတွေ ပြီးတော့ အားလုံးက တက်တက်ကြွကြွနဲ့ မမှန်ရင် ပြောရဲ ဆိုရဲရှိခဲ့တဲ့ သူတွေ။ အပတ်စဉ် ၅ ဆန္ဒပြပွဲတွေမှာ ပါခဲ့တဲ့ သူတွေ၊ ဗဟိုကော်မတီဖွဲ့စည်းဖို့ တက်တက်ကြွကြွ ဆောင်ရွက်ခဲ့တဲ့ သူတွေပဲ။

ဒီလူတွေ တကယ်ထောက်လှမ်းရေးဖြစ်ခြင်း မဖြစ်ခြင်း အပေါ်မှာ သူတို့ဘယ်လောက်ယုံကြည်သလဲဆိုတာ မသိဘူး၊ အဲဒီ ၁၅ ဦးအပြင် ကိုရန်ရှင်းတို့ ဘာတို့ဆိုရင်လည်း လိုက်သတ်တာခံကြရတယ်။ နောက် စစ်ရင်းနဲ့ သေသွားတဲ့ သူတွေထဲမှာလည်း အပတ်စဉ် ၅ ကလူတွေနဲ့ စစ်ကိုင်းတိုင်းတို့ ဗဟိုကော်မတီဖွဲ့စည်းရေးတို့မှာ ပါခဲ့တဲ့ သူတွေချည်းပဲ။

နောက် ကိုသာဓုဆိုရင်လည်း သူက ရန်ကုန်က စိတ်ဓါတ်လည်း ကောင်းတယ်၊ တိုက်ခိုက်ရေးလည်း ကောင်းတယ်။ ဒါပေမဲ့ သတ်ဖို့ ၁၅ ဦးထဲပါသွားတာက တိုက်ရဲခိုက်ရဲ လို့ သူတို့ကိုလည်း ပြန်လှန်နိုင်တယ် လုပ်ရဲ လို့လို့ ကျနော်မြင်တယ်။

နောက် ၁၅ ဦးတည်းမှာ အမျိုးသမီးတယောက်ဖြစ်တဲ့ မခင်ချိုဦးကိုတော့ ကိုသန်းထွန်းစိုးနဲ့ ပတ်သက်ပြီးတော့ ကိုသန်းထွန်းစိုးကို မရလိုက်လို့ အငြိုးတရားနဲ့ ခင်ချိုဦးကို သတ်ပစ်လိုက်တယ်လို့ ကျနော်ထင်တယ်။ မခင်ချိုဦးက စိတ်ထားကောင်းတယ်။ သတ်ပစ်လောက်တဲ့ အပြစ်မျိုးတွေဘာတွေလည်း မရှိပါဘူး။

(၁၉၉၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့တွင် သေဒဏ်ချပြီး ရက်စက်စွာ သတ်ဖြတ်ခံရသည့် (၁၅) ဦး၏ အမည်စာရင်း( မနန်းအောင်ထွေးကြည်ထံမှ ဖော်ပြပါသည်)


(၁) ရဲမေ ခင်ချိုဦး ( ရန်ကုန်) - အသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး ABSDF ( မြောက်ပိုင်း) ရဲဘော်များအား ဖျော်ဖြေခဲ့ရ- သူမ၏တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။


(၂) တပ်ကြပ် ဋ္ဌေးမြင့်ဝင်း( ရန်ကုန်)( တောင်းဆိုမှုအရ သံချောင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)

(၃) ရဲဘော်မောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၄) ရဲဘော်သက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၅) ဗိုလ်သာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)


(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်) ( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)

(၇) ဥက္ကဋ္ဌ ထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၈) ရဲဘော်ရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၁) ရဲဘော်မောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၂) ရဲဘော် အေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

၁၃) ရဲဘော် ကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၄) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

(၁၅) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)

အဲဒီလို သတ်ပြီးတဲ့ နောက်နေ့မှာပဲ အဖွဲ့ထဲကနေ ၅ ဦးကို ရွေးထုတ်ပြီး မီဒီယာနဲ့ အင်တာဗျူးလုပ်ခိုင်းတယ်။ ကျနော် သိရသလောက်မှာတော့ မငယ်(နန်းအောင်ထွေးကြည်)၊ ကိုကြောင်(ကိုကျော်နိုင်ဦး)၊ ဂျိုးဖြူ ခေါ် နိုင်ဝင်းအောင်၊ ကိုညီညီ(ခ) စမားညီညီ၊ ကိုးတိုးကြည်တို့ကို ယင်ဒီးတို့နဲ့ တွေ့ပြီး အင်တာဗျူးလုပ်ခိုင်းတာပါ။

အဲလိုဖြစ်သွားပြီးတဲ့နောက်မှာတော့ ကျနော်တို့အပါအ၀င်း အဖမ်းခံထားရတဲ့ ကျောင်းသားတွေကုန်လုံးနီးပါးစိတ်ဓါတ်ကျကုန်ကြတယ်။ ပူပင်တာရောပေါ့၊ ငါတို့အလှည့်လည်း ဘယ်တော့လာမလဲ ဆိုတဲ့ စိတ်ကြောင့်ကြတာတွေလည်း ဖြစ်ကုန်ကြတယ်။  အစားအသောက်ဆင်းရဲတဲ့အပြင်၊ အလုပ်တွေလည်း လုပ်ရတော့ပင်ပန်းတာရော၊ စိတ်ဓါတ်တွေလည်း ကျကုန်တော့ ကျနော်တို့ ဖြတ်သန်းရတာလည်း ပင်ပန်းတယ်။

အဲလိုနဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့လောက်မှာ ကျနော်တို့ကို တခါခေါ်ပြန်တယ်။ ကျနော်တို့မှာ သူတို့ ခေါ်ပြီ ဆိုရင်ကို စိတ်ထဲမှာ တထင့်ထင့်နဲ့ တခုခုတော့ တခုခုပဲပေါ့။ သန်းဇော်တို့ အဖွဲ့က မျိုးဝင်းတဲကို ခေါ်သွားခဲ့တယ်။

အပိုင်း(၁၁)

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ကျောင်းသား ၁၅ ဦးကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီးတော့ သတ်လိုက်ပြီ၊ ကျောင်းသား သတ်ပွဲဖြစ်ပြီးသွားတော့ အားလုံးရဲ့ စိတ်ထဲမှာလည်း ငါတို့လည်း တနေ့တော့ဒီလိုပဲ ငါတို့အလှည့်ဘယ်တော့ရောက်မလဲဆိုတာ ဖြစ်ကုန်ကြတယ်။စိတ်ဓါတ်တွေလည်း ကျကုန်ကြတယ်။

နောက်နေ့မှာတော့  ကျနော်တို့လည်း ပုံမှန်ပြန်ပြီး အလုပ်ဆင်းရတယ်၊ အားလုံးရဲ့ မျက်နှာတွေကလည်း မကောင်းကြဘူး၊ စိတ်လည်း မကောင်းကြဘူး။ အဲဒီအချိန်မှာ ကျနော်တို့ကိုကြောင်(ကိုကျော်နိုင်ဦး) နဲ့ ထရံယက်နေကြတုန်း ကိုကြောင့်ကို လာခေါ်သွားကြတယ်။

ကိုကြောင်ကို ဘာကြောင့်ခေါ်သွားသလဲ ဆိုတာကို ကျနော် နောက်မှ ပြန်သိရတယ်။ ကိုကြောင်ရယ်၊ မငယ်(နန်းအောင်ထွေးကြည်)ရယ်၊ ကိုညီညီ(ခ) စမားညီညီရယ်၊ ဂျိုးဖြူခေါ် နိုင်ဝင်းအောင်ရယ်၊ ကိုတိုးကြည်ရယ် အဲဒီလို စုစုပေါင်း ၅ ဦးကို သတင်းထောက်တွေနဲ့ တွေ့ပေးဖို့ ခေါ်သွားတာ။ သတင်းထောက်တွေနဲ့ တွေ့ပေးတယ်၊ ဓါတ်ပုံတွေ ဗီဒီယိုတွေရိုက်ကြတယ်ပေါ့၊ ဟိုမှာက သတင်းထောက်တွေက မေးရင် ဟုတ်ပါတယ် ထောက်လှမ်းရေးပါလို့ပဲ ဖြေရတယ်၊ ထောက်လှမ်းရေးလို့ပဲ ၀န်ခံထားပြီးတော့ ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ဖြေလို့မရဘူး၊ အဲလို ဖြေလိုက်ရင် အသတ်ခံရမှာပဲ။

အဲလိုကိစ္စတွေပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ညပိုင်းမှာ  ကျနော်တို့ကို လာခေါ်ပြန်တယ်။ မျိုးဝင်းတဲကိုပေါ့။ ထောင်လာခေါ်တာကတော့ သန်းဇော်တို့အဖွဲ့ပဲလို့ ကျနော်ထင်တယ်။

လာခေါ်တာက ကျနော်ရယ်၊ နန်းအောင်ထွေးကြည်ရယ်၊ကိုညီညီ၊စမားညီညီ၊ ဘိုဘိုရယ်၊ ၀ဏဇော်ရယ်၊ကိုကျော်နိုင်ဦး(ကိုကြောင်)၊ ပဲခူး ညီညီအောင် ၊ ကျနော်တို့ ၇ ဦးကိုလာခေါ်တယ်။လာခေါ်တော့ ကျနော်တို့မလဲ တခုခုတော့ဖြစ်ပြန်ပြီပေါ့ စိတ်ပူခဲ့ကြတယ်၊ နောက်ဆုံ မတတ်နိုင်ဘူး ဆိုပြီး ထလိုက်လာခဲ့ကြတာ။

မျိုးဝင်းတဲကို ရောက်တော့ မျိုးဝင်းက မင်းတို့ မိဘတွေဆီကိုစာရေးပါ၊ မင်းတို့ မိဘတွေကမင်းတို့တွေကို လာပြီး အာမခံရင် မင်းတို့ကို ပြန်လွှတ်ပေးမယ်…တဲ့။ သူက အဲလို ပြောတာ။ သူက မသတ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော် ပြန်လွှတ်ပေးမယ်လို့ ပြောတာ။

နောက်စာရေးတဲ့အခါမှာလည်း မင်းတို့က ထောက်လှမ်းရေးဖြစ်တဲ့အတွက် မိဘတွေက လာပြီး အာမခံပေးပါ၊ ဒါဆိုရင်တော့ ငါလွှတ်ပေးမယ်လို့ သူက ပြောတယ်။
ဒီလိုအချိန်မှာ ဒါမျိုးကြားရတာကို အံ့သြတယ်၊ တကယ်ရော ဟုတ်လားပေါ့ အမျိုးမျိုးလည်း တွေးကြည့်တယ်။ နောက်ဆုံး ကောက်ရိုးတမျှင်ပဲဖြစ်ဖြစ် ဆိုပြီး ရေးပေးလိုက်တယ်။
ဒါပေမဲ့ ကျနော့်အနေနဲ့ အိမ်ကို အမေ ကျနော်က ထောက်လှမ်းရေးအလုပ်လုပ်လို့ ကျောင်းသားတပ်မှာ အဖမ်းခံထားရပါတယ်၊ လာခေါ်ပါလို့ ရေးရလိမ့်မယ်လို့လည်း တခါမှ ထင်မထားခဲ့ဘူးဖူး။ ဒီလို ဘ၀မျိုးရောက်ရမယ်လို့လည်း တခါမှကို မတွေးဖူးဘူးဗျာ၊ အဲလို ရေးရတာကို အရမ်းရှက်တယ်။

 ကျနော်က ရည်၇ွယ်ချက်နဲ့ အလုပ်လုပ်ခဲ့ကြတာ မဖြစ်မနေ ဒီလို ဘ၀မျိုးရောက်ပြီုးတော့ ခုလို အိမ်ကိုမိဘကို လာပြီးတော့ အာမခံပါ အမေတို့ အဖေတို့လို့ စာရေးရတာကို ရှက်တယ်။ ကျနော်လေ ဘ၀မှာ ဒီလို ဘ၀မျိုးရောက်လိမ့်မယ်လို့ကို ထင်မထားဘူး။

နောက် သူဘယ်လို အကြံစည်မျိုးနဲ့  ကျနော်တို့ မိဘတွေကို ခေါ်ခိုင်းသလဲဆိုတာလည်း မပြောနိုင်ဘူး၊ သူဘာတွေကြံစည်နေသလဲ ဆိုတာလည်း မသိဘူး။ ဘာပဲဖြစ်ြဖစ် ကျနောတို့အားလုံး ကိုယ့်အိမ်ကို ကိုယ် စာရေးပေးလိုက်ကြရတယ်။ ဒီစာကို ဘယ်သူက ဘယ်လို သယ်သွားမယ်ဆိုတာလည်း မသိရပါဘူး။
အဲလိုမိဘတွေကို စာရေးလို့ မပြီးခင်အချိန်မှာပဲ ကျနော်တို့တွေလည်း ရှိနေတုန်းမှာ တရုတ်ကြီးက ကိုမျိုးဝင်းကိုလာပြီး သတင်းပို့တယ်။ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။

စိုးသန်းဝင်းဆိုတာက ကေအိုင်အေ ဆေးရုံမှာ ဆေးကုပေးဖို့ တင်ထားတဲ့ ရဲဘော်ပေါ့၊ အဲဒါပျောက်သွားတယ်ဆိုတော့ ထွက်ပြေးသွားတယ်ပေါ့ အဲတော့ မျိုးဝင်းက သူ့ဓါးကို ထုတ်ပေးလိုက်တယ်။ ရအောင်ရှာ တွေ့ရင်သတ်ပစ်လိုက်ပေါ့။


မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့တာ။ တကယ်တော့ စိုးဝင်းသန်း ကလူုပျောက်သွားတာ မဟုတ်ဘူး၊ ရောဂါပျောက်သွားလို့ ဆေးရုံကလည်း ကျောင်သားတပ်ကလည်း လာမခေါ်လို့ စိုးသန်းဝင်း ပျောက်သွားပြီ လာခေါ်ပါလို့ သတင်းပေးတာ။ အဲဒါကို သတင်းယူတဲ့ သူကလည်း မျိုးဝင်းကို ဟာ စိုးသန်းဝင်းပျောက်သွားပြီ ဆိုပြီး သတင်းပေးတာ။ အဲဒီမှာ စိုးသန်းဝင်းကလည်း စောင့်နေတာကို ခေါ်ခဲ့တယ်။ ဒါပေမဲ့ မျိုးဝင်းက  “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့လို့  ပြောခဲ့တာ။အဲဒီမှာ သန်းဇော် တို့အုပ်စုက မျိုးဝင်းရဲ့ အမိန့်နဲ့  “ စိုးဝင်းသန်း” ကို သတ်လိုက်ကြတယ်။

အဲလိုတွေလည်း မြင်နေကြားနေရတော့ ကျနော်တို့ စိတ်ထဲမှာလည်း ဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ နေနေရတာ။ စာကတော့ ရေးပေးလိုက်ကြတယ်။
အဲလို စာရေးပြီးတဲ့ အချိန်မှာ ကိုကျော်ကျော်(ကချင်) ရောက်လာတယ်။ အဲဒီမှာ ကျနော်ကြားတာရှိတယ် ကြားတာကို ပြောရရင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မတိုင်ခင် ကတည်းက တောင်ပိုင်းကနေ ၂ ယောက် ရောက်လာတယ်လို့ ကြားတာ ဒေါက်တာနိုင်အောင်နဲ့ကိုကျော်ကျော်(ကချင်) တို့ ရောက်လာကြတယ်လို့ ကြားတာ။ ဒါက ကျနော်က ကြားတာ ကို ပြောတာနော်။

တကယ်တော့ ဒေါက်တာနိုင်အောင်ဆိုတာ ကျနော်တို့ရဲ့ ABSSF ရဲ့ ဥက္ကဋ္ဌလေ၊ သူက ကျနော်တို့ကို အကောင်းဆုံး တခုတော့ လုပ်ပေးနိုင်မလား ဆိုပြီး သူ့အပေါ်မှာလည်း မျှော်လင့်စိတ်တော့ထားခဲ့ကြတာပဲ၊ စိတ်အတွေးထဲမှာတော့ သူတခုခု လုပ်ပေးနိုင်မှာပဲလို့လည်း ရှိခဲ့ကြတာပဲ။ ဒါ့အပြင် လူတွေဘာတွေ မသတ်ခင်မှာ ကျနော်တို့ရဲ့ ဒီဗဟိုကနေ ဒီအဖြစ်အပျက်ကို ကြားခဲ့ သိခဲ့ရင်  မျိုါ်ဝင်းတို့ သံချောင်းတို့ အောင်နိုင်တို့ထက်တော့ တွေးခေါ်မြော်မြင်နိုင်မှာပဲလို့ ပြီးတော့ ဗဟိုမှာက ဒေါက်တာနိုင်အောင်တို့အပြင် မိုးသီးဇွန်တို့ဘာတို့လည်း ရှိတော့ ကျနော်တို့ကို တခုခုတော့ လုပ်ပေးနိုင်မှာပဲလို့ လည်း မျှော်လင့်မိကြတာပဲဗျ။နောက် သူတို့ဗဟိုကလူတွေ ရောက်လာတယ်လို့ ကြားတော့ မျှော်လင့်မိကြတာပဲ။

ကိုကျော်ကျောနဲ့ အတူတူ ဒေါက်တာနိုင်အောင်ပါ ရောက်နေတယ်လို့ ကျနော် ကြားခဲ့ရတယ်။ အဲဒီနေ့ကတော့  ကိုကျော်ကျော်က သူ့စိတ်ထဲ ဘာတွေ ဘယ်လို ခံစားနေရသလဲတော့ မသိဘူး ကိုကျော်ကျော်က မျက်ရည်တွေဘာတွေ ကျပြီး ကျနော်တို့ကိုလည်း လက်ဆွဲနှုတ်ဆက်သွားတယ်။သူတို့ ဖေဖော်ဝါရီ ၁၂ ရက်မတိုင်ခင်ကတည်းက ရောက်တယ်လို့ ကြားတာနော်။

အဲလိုနဲ့ ကျနော်တို့လည်း စာလည်း ရေးပေးပြီးတော့ စိတ်ထဲမှာလည်း အိမ်က အမေလာရင် ဘာဖြစ်မလဲဆိုတာကိုလည်းတွေးပူတာပဲ။ ဒီကြားထဲမှာ ထောင်ထဲမှာ သေကြတာတွေလည်း ရှိတယ်။

ထောင်မှူးလှမျိုးအောင်တို့ဘာတို့က နံချပ်ကူ စမ်းတာ လမိုင်းတင်တာဆိုပြီးတော့ ကိုထိန်းလင်း၊ ပန်းချီဆရာထိန်းလင်း မဟုတ်ပါဘူး၊ အဲဒီကိုထိန်းလင်းကို နောက်လှည့်ခိုင်းပြီး ရိုက်တော့ အဆုတ်ကွာပြီး သေသွားတယ်။ ဒါမျိုး အဖြစ်အပျက်တွေလည်း ထောင်တွေထဲမှာ ရှိတယ်။ နောက် အာဟာရမရှိ၊ နေထိုင်မကောင်းနဲ့ စိတ်ဓါတ်ကျတာလည်းပါမယ်ထင်တယ် ဆုံးသွားတာ။ အဲလိုမျိုးတွေလည်း ရှိတယ်။ နောက် အားမရှိလို့ ဖြစ်တာတွေ သေတာတွေလည်း ရှိတယ်။

ကျနော် မှတ်မိသလောက်ပြောရရင် သတ်ပစ်တာက ၁၅ ဦးတင် မကဘူး ၊ထောင်ထဲမှာ ဆုံးတာနဲ့ သူတို့သတ်လို့ ဆုံးတာနဲ့ဆို တော်တော်များပါတယ်။  မနန်းအောင်ထွေးကြည်တို့ဘာတို့ကတော့ မှတ်မိသလောက်မှတ်တမ်းတင်ကြတာတွေလည်း ရှိပါတယ်။
-------------------------------------------------------------------
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် သတ်ပစ်ခဲ့သော ကျောင်းသား ၁၅ ဦးအပြင်

(မနန်းအောင်ထွေးကြည်၏ မှတ်တမ်းမှ ထုတ်နုတ်ဖော်ပြပါသည် -
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် သတ်ပစ်ခဲ့သော ကျောင်းသား ၁၅ ဦးအပြင် ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး။

(၁) ကိုကျော်ဝေ ( မန္တလေး) –စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။

(၂) စိုးဝင်းသန်း ( မန္တလေး)
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။
မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။

(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)

(၃) ဝင်းနောင် ( ရန်ကုန်) ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်

(၄) ရန်ရှင်း ( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)


(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်ဆက်ခံခဲ့ရသည်)
-------------------------------------------------------------------------------------
လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး။

(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း) တို့ဖြစ်သည်)
--------------------------------------
အဲလိုနဲ့ မတ်လထဲရောက်သွားပြီးတော့ မတ်လ ၁၉၊ ၂၀ လောက်မှာ ကျနော်တို့ရ ဦးရဲ့ မိဘတွေရောက်လာကြတယ်။ မိဘတွေရောက်ရောက်ခြင်းတော့
မတွေ့ရသေးဘူး။ နောက်တော့လည်း တွေ့ရပါတယ်။ ကျနော့် အမေလာတွေ့တယ် ကျနော့်ကို။
ကျနော်တို့ရဲ့ စာတွေကို ကိုညီညီရဲ့ အကိုက ယူသွားပေးတယ်။ မိဘတွေနဲ့လည်း ပေးတွေ့တယ်။ မိဘတွေကလည်း ဒီကလေးတွေကို သူတို့နဲ့ ပြန်ထည့်ပေးဖို့ ပြောတဲ့အခါမှာ ပြန်မထည့်ပေးနိုင်ဘူး လို့ ငြင်းကြတယ်ဗျ။
အောင်နိုင်တို့၊ နေဒွန်းတို့အဲဒီတုန်းက ရှိနေတဲ့ သူတွေ အားလုံးကပြန်မထည့်ပေးနိုင်ဘူးလို့ ငြင်းကြတယ်ဗျ။

နောက်သူတို့ ပြောတာက ဒီကိစ္စကို ဗဟိုကိုလည်း အကြောင်းကြားရဦးမယ် ဗဟိုက အမိန့်မရဘဲနဲ့ ကျနော်တို့ ဘာမှ လုပ်လို့မရဘူးလို့ ပြောတယ်။
အဲလိုပြောတော့ ကျောင်းသားတွေကို သတ်တဲ့အချိန်မှာ ဗဟိုကအမိန့်ပါမပါ ဆိုတာကတော့ သူတို့တွေပဲ သိမယ်ဗျ၊ ဗဟိုက လူတွေနဲ့ မျိုးဝင်း၊ သံချောင်းနဲ့ အောင်နိုင်တို့ သိလိမ့်မယ်။

ကျနော်ကြားတာကတော့ ၁၅ဦးကို မသတ်ခင်ကတည်းက ကျော်ကျော်က ရောက်နေပြီလေ၊  စာရွက်စာတမ်းတွေအရလည်း သူက ဇန်န၀ါ၇ီလောက်ကတည်းက ရောက်နေခဲ့တာ။ ဒါတွေက ဆက်စပ်မှု တွေရှိပါတယ်။ ဒါတွေက ခုလို နှစ် ၂၀ ကျော်ကြာပြီမှ ကျနော်တို့ ပြန်သိရတဲ့ ကိစ္စ။ နောက်တချက်က ဒေါက်တာနိုင်အောင်ရဲ့ ၁၉၉၂ ၊ မေ ၃၁ ရက်နေ့ ဒေါက်တာနိုင်အောင်ရဲ့ ကြေငြာချက်ပေါ့၊ အဲဒီကြေငြာချက်မှာ သူမြောက်ပိုင်းက ပြန်လာတော့ အစိုးရရဲ့ ရေလှိုင်းစစ်ဆင်ရေးကိစ္စတွေ လုပ်ရပ်တွေကို မြင်ခဲ့ရတယ်၊ ပြီးတော့ အဲဒီလုပ်ရပ်တွေအပေါ်မှာလည်း တာဝန်ယူပါတယ် ဆိုပြီး လက်မှတ်ထိုးထားခဲ့တယ်။ နောက် ၁၅ ယောက်ဆီကနေ လက်နက် တွေနဲ့မိတယ် ကွပ်မျက်စီရင်လိုက်ပါတယ် ဆိုတဲ့ မတ်လ ၁ ရက်နေ့ ထုတ် ကြေငြာချက်ရယ်ကို ကျနော်တို့ အခုလို အနှစ် ၂၀ ကျော်ကြာမှ တွေ့ရ ဖတ်ရပါတယ်။

အနှစ် ၂၀ ကျော်ကြာမှ ဒီကိစ္စတွေကို သိရတာ့ စောတုန်းက ကျနော်ပြောခဲ့သလို ငါတို့ ABSDF ဗဟိုတောင်းပိုင်းကို မျှော်လင့်တကြီးတွေ ထားခဲ့ကြတာ။ သူတို့ကတော့ ငါတို့အပေါ်မှာ ဒီလိုတွေ တုန့်ပြန်ခဲ့ကြတာပဲ ဆိုပြီး သိလာရတာ။

နောက် သူတို့ဗဟိုကနေ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်ကြတာ။ ဒေါက်တာနိုင်အောင်တို့ကလည်း မရိုးမသားလုပ်ခဲ့ကြတယ်၊ ဒေါက်တာနိုင်အောင်နဲ့ မိုးသီးဇွန်တို့ရဲ့ ဘက်နှစ်ဘက်အားပြိုင်မှုတွေမှာလည်း မိုးသီးဇွန်ကလည်း ညီလာခံထဲမှာ တမင်တကာကို ဖောက်ခွဲခဲ့တယ်၊ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ ရောက်နေပြီ ဆိုပြီး ညီလာခံမှာ တမင်တကာဖော်ခွဲခဲ့တယ်။ သူ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ခဲ့တာပဲ။

နောက် ဒေါက်တာနိုင်အောင်ကလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ မတိုင်မီကရော ပြီးတဲ့ အခါမှာရော ကျော်ကျော်တို့ လှဋ္ဌေးတို့ မျိုးဝင်း သံချောင်းတို့ဘက်က ပင်းတယ်။ နောက် သူကိုယ်တိုင်းမြောက်ပိုင်းကို လာခဲ့တာက ဖေဖော်ဝါရီ မတိုင်ခင်ရောက်တာလား ဖေဖော်ဝါရီ ၁၂ ရက်ပြီးမှ ရောက်တာလား ဘာပဲပြောပြော ABမြောက်ပိုင်းကိုတော့ ရောက်ခဲ့တယ်၊ သူရောက်ခဲ့တဲ့ အချိန်မှာ လည်း ၅၀၁ က လူတွေကို စစ်ဆေးပြီး ရိုက်နှက်သွားတာပဲ။ သူ စီးတဲ့ ဖိနပ်နဲ့ ချွတ်ရိုက်သွားခဲ့တာဗျာ။ နားကန်းတဲ့ သူတွေလည်း ကန်းကုန်တယ်။ သှူု့ရဲ့ ရပ်တည်မှုက မမှန်ကန်ခဲ့ဘူး။ သူ့ရဲ့ မရိုးသားမှုလို့ ကျနော် ယူဆပါတယ်။

နောက် ကျနော်တို့ကို အမေတွေနဲ့ ပြန်မထည့်ပေးလိုက်ကြဘူး၊ အဲဒါကလည်း ဗဟိုကခွင့်ပြုချက်မရလို့ဆိုပြီး ငြင်းကြတယ်။ အဲဒါနဲ့ မိဘတွေကလည်း စိတ်ဓါတ်ကျပြီး ပြန်သွားကြရတယ်။

အမှားပြင်ဆင်ချက်။ ။ ဗဟိုကော်မတီဝင်ကိုခင်မောင်အေးအစား(ကိုတင်မောင်အေး(ခ)ကိုအားဆိုက်)၊ ဦးကျော်ကျော်အုန်း(စစ်ကိုင်းဒေသတာဝန်ခံ-ဗဟိုကော်မတီဝင်)၊ရဲဘော်စိုးကြီး(ခ) ကိုခင်မောင်စိုး၊ ဟုပြင်ဆင်ဖတ်ရှု့ပေးပါရန်။

အပိုင်း(၁၂)

နောက် ကျနော်တို့ကို အမေတွေနဲ့ ပြန်မထည့်ပေးလိုက်ကြဘူး၊ အဲဒါကလည်း ဗဟိုကခွင့်ပြုချက်မရလို့ဆိုပြီး ငြင်းကြတယ်။ အဲဒါနဲ့ မိဘတွေကလည်း စိတ်ဓါတ်ကျပြီး ပြန်သွားကြရတယ်။

မိဘတွေနဲ့ပြန်မထည့်လိုက်ပေမဲ့မိဘတွေနဲ့ အားလုံးက ၀ိုင်းပြီး တောင်းပန်တဲ့အတွက် ကျနော်တို့ မိဘလာတဲ့ ၇ ဦးကို ထောင်ထဲမှာတော့ မထားတော့ဘူး၊ သံခြေကျဉ်းတွေဘာတွေနဲ့လည်း မဟုတ်တော့ဘူး။ ယူနီဖောင်းတွေဘာတွေပြန်ထုတ်ပေးပြီး ယာယီတဲကြီးထဲမှာ ပြောင်းနေရတယ်။ ပြောရရင်တော့ ရဲဘော်လို ပြန်ထားတယ်ပေါ့လေ။

နောက် ကျနော်တို့ ၇ ယောက်ရယ်ပြီးတော့ မိုးဇော်ထွန်းနဲ့ခင်မောင်ဇော်ရယ် အရင် လွှတ်ပေးလိုက်တဲ့ ၂ယောက်ပေါ့၊ သူတို့နဲ့ပေါင်းပြီး အဲဒီတဲကြီးထဲမှာ ၇ ယောက်ထားကြတယ်။

ကျနော်တို့လည်း ဒီလိုပဲ နေရတာပေါ့။ အဲဒါပေမဲ့ တရက်ကြတော့ မေလ ၂၀ ရက်နေ့လောက်ထင်တယ်၊ ကျနော်တို့လည်း ၀ါးတွေဘာတွေ ခုတ်နေတုန်း မြင့်သိန်းက ပြောတယ်။ သူတို့ ပြေးကြတော့မယ်တဲ့။

သူက ပြောတာ အားလုံး ပြေးမယ်တဲ့ ထောင်ထဲမှာ လုံးဝ မထနိုင်တဲ့ သူတွေလည်း ရှိတယ်။ အဲဒီ လူတွေပါ အကုန်ပါအောင်ခေါ်သွားမယ်၊ ရအောင်ခေါ်သွားမယ်တဲ့… ကျနော့်ကို အဲလို လာပြောတယ်။ အဲလိုမြင့်သိန်းလာပြောတော့ လုံခြုံရေးယူတဲ့ ရဲဘော်တွေ အနားရောက်လာလို့ စကားက ပြတ်သွားတယ်။

အဲဒီနေ့ ကျနော် တဲပြန်ရောက်တော့ ကျန်တဲ့ သူတွေကို ပြောတယ်။ သူတို့ ပြေးတော့မယ်တဲ့။ သူတို့ ပြေးရင် ကျနော်တို့က သေမှာကိုး။ သူတို့ ထွက်ပြေးတယ်ဆိုရင် သေချာတယ် ကျနော်တို့ကိုတော့ အရှင် မထားလောက်ဘူးပေါ့။

နောက်တချက်က လုံးဝ မထနိုင်တော့တဲ့ သူတွေ၊ ကျန်းမာရေး မကောင်းတဲ့ သူတွေလည်း ရှိတော့ ပြေးမယ်ဆိုတာ မလွယ်ဘူးဆိုတာ သိတယ်။ အဲဒါနဲ့ နောက်နေ့ တောထဲသွားပြီး ပြန်တိုင်ပင်မယ်ဆိုပြီး အဲဒီနေ့ည အိပ်လိုက်ကြတယ်။ ပြောရရင် အိပ်လို့လည်းကောင်းကောင်း မပျော်ပါဘူး။

အဲဒါနဲ့ ခဏနေကြတော့ ထောက်လှမ်းရေး အဖွဲ့က ကျော်ထင်ဦးတို့ ရောက်ချလာပြီးတော့ ကျနော်တို့ကို ထခိုင်းတယ်၊ ပြဿနာတော့ တက်ပြီးပေါ့ ထောင်ထဲက လူတွေအကုန်ပြေးသွားတာကိုး စုစုပေါင်း ၅၅ ယောက်ပြေးကြတာလေ။

သံချောင်းကလည်း ဒေါသထွက်ပြီး အကုန်သတ်ပေါ့၊ အဖွဲ့ ၂ ဖွဲ့ခွဲလိုက်ပြီး သတ်ခိုင်းတယ်။ သေနပ်ဒင်တွေ ဖြတ်ြ ပီး လိုက်ခိုင်းတယ်။ တရုတ်ပြည်ထဲကနေ လိုက်မဲ့ အဖွဲ့တွေက သေနပ်တွေ ဖွက်ယူပြီး လိုက်ကြပေါ့။ သံချောင်က အကုန်လိုက်ခိုင်းတာ။ လက်ပစ်ဗုံးတွေ ဘာတွေလည်း ယူသွားပြီး တွေ့တဲ့ နေရာမှာ ပစ်ခိုင်းတယ်။ ပြီးတော့ ကေအိုင်အေကိုလည်း ဖုန်းဆက်ပြီးတော့ ဗျူဟာ ၂ ဘက်ကနေ ပိတ်ခိုင်းထားတယ်။

အဲ အောင်နိုင်တို့ သံချောင်းတို့ကလည်း ကြောက်လန့်တကြားဖြစ်နေတာပေါ့ မိုးကလည်း မလင်းသေးဘူး။ အမှောင်ထဲမှာဆိုတော့ အမှောင်ထဲကနေ ထွက်လာပြီးတော့များ ပြန်လုပ်မလားဆိုပြီးတော့ ပေါ့။ အောင်နိုင်ဆိုရင်လည်း အမ် ၂၀ လေးကိုင်ပြီးတော့ အမှောင်ဘက်ကို ဟိုးဘက် ထိုးချိန် ဒီဘက် ထိုးချိန်လိုက် လုပ်ပြီး ဂနာမငြိမ်ဖြစ်နေတာ။

နောက် သန်းဇော်က တောင်ထိပ်ကနေပြီးတော့ ဟာ ဟိုဘက်က မီးရောင်တွေမြင်တယ် သူတို့ လူတွေကို လာကြိုတာ ဖြစ်မယ် ဆိုပြီးတော့ ပြောကြတော့ ကျနော့် စိတ်ထဲမှာ ဒီကောင်တွေကတော့ ပြဿနာရှာပြီ လို့။ဘာဖြစ်လို့လဲ ဆိုတော့ ပြေးတဲ့ သူတွေကလည်း ဒီအတိုင်း အလွတ်ပြေးကြရှာတာ၊ ဟိုဘက်ကပဲ အချိတ်အဆက်နဲ့ လာခေါ်လို့ ပြေးသလိုမျိုး သူတို့က လုပ်ချင်သေးတာ။

ကျနော်တို့မှာလည်း စိတ်ထဲကနေ ဆုတောင်းနေတာ ပြေးတဲ့အဖွဲ့ လွတ်စေချင်တယ်။ ကျနော်တို့က ၉ ယောက်နဲ့ ၅၅ ယောက် လဲမယ်ဆိုရင်လည်း လဲပျော်တယ်လေ။ နို့မို့ရင် သူတို့လည်း သေ ကျနော်တို့လည်း သေမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် လွတ်ပါစေပေါ့။

အဲလိုနဲ့ မနက် ၁၀ နာရီ ၁၁ နာရီလောက်ထင်တယ် ပြန်မိလာပြီ ပြန်မိလာပြီ ဆိုတဲ့ သတင်းတွေကြားတော့ စိတ်ထဲ မကောင်းဘူး။ ဒီကောင်တွေကတော့ ကြိုးတွေရှာဘာတွေရှာပြီး အေအိုင်အေ ဘက်ကို သွားပြန်ဖမ်းကြတယ်။

ဘယ်ဟုတ် မလဲ ပြန်မိလာတယ်ဆိုတာက နောက်ကနေ လိုက်ဖမ်းတဲ့အဖွဲ့ကို တရုတ်ရဲက တွေ့လို့ပြန်ဖမ်းပြီး ပြန်ပို့ပေးတာ။
ကျနော်တို့လည်း စိတ်ထဲ သက်ပြင်းချနိုင်တယ်။ သူတို့ကို လွတ်စေချင်ပါတယ်။ ပြန်မိတယ်ဆိုရင် သူတို့လည်း မစားသာဘူး ကျနော်တို့လည်း ကောင်းကောင်းဒုက္ခရောက်ပြီလေ၊ တော်ပါသေးရဲ့လို့ သက်ပြင်းချနိုင်တယ်။

နောက် တကယ်သူတို့ လွတ်သွားတော့မှ စိတ်ထဲ ပျော်သွားတယ်။ နောက်သူတို့ အစိုးရနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြ ဆိုကြတဲ့ အသံတွေ ကြားရတယ်။
ဟာ…ဒီအသံကတော့ အိုကေ ပြောနေတာ။ ဒါကတော့ တိုးကြည် ပြောနေတဲ့ အသံ…။ အဲလို လေးတွေ ဖြစ်ရတယ်။ အမှန်တရားတော့ ပေါ်ပြီဟေ့ ဆိုပြီးတော့ ၀မ်းသာကြတယ်။ ပြီးတော့သူတို့ အသံလေးတွေ ကြားရတော့ တော်တော်လည်း ၀မ်းသာကြတယ်၊ ဒါပေမဲ့ ကျနော်တို့ရဲ့ အခြေအနေကတော့ ဘာဆက်ဖြစ်မယ်ဆိုတာ မသိဘူး။
ကျနော်တို့ ၉ ယောက်ကို အကျဉ်းချုပ်ပြန်ထားတယ်။  နောက် အဲဒီနေ့က ၅၅ ဦးလွတ်သွားတဲ့ အတွက် ကြိုးတုပ်ခံခဲ့ရတဲ့ တာဝန်ကျ ကင်းသမားရယ်၊ တာဝန်မှူးလှမျိုးအောင်ရယ်ကို သူတို့ သေဒဏ်ပေးကြတယ်။

သေဒဏ်ပေးတဲ့ အသံတွေလည်း ကျနော်တို့ ကြားနေကြရတယ်။ နောက် သန်းဇော်တို့ အဖွဲ့ သန်းဇော်အပါအ၀င် ၃ ဦးကို ကြိမ်ဒဏ်၊ အချက် ၃၀ စီပေးသံကြားရတယ်။ အဲဒါ ကျနော်တို့ တဲထဲကနေ မြင်ရတာပေါ့လေနော်။သေဒဏ်ပေးလိုက်ပြီးတော့ ကြိမ်ဒဏ်ပေးပြီးတော့မှ ကင်းသမားကို အာသံကုန်းဘက်ကို တရွေ့ရွေ့နဲ့ ခေါ်သွားတယ် နောက်လှမျိုးအောင်ကိုလည်း တရွေ့ရွေ့နဲ့ ခေါ်သွားတာတွေ့ရတယ်။ သူတို နှစ်ယောက်စလုံး လမ်းတောင် မလျှောက်နိုင်တော့ဘူး။

သူတို့ နှစ်ယောက်ကို တယောက်တလှည့် ကုန်းပေါ် ခေါ်သွားတာ တွေ့ရတယ်၊ တရွေ့ရွေ့နဲ့ပဲ ပြီးတော့ သေနပ်သံတချက် ကြားရတယ်။ ဒါက ကျနော်တို့ မျက်စိနဲ့ မြင်တွေ့ခဲ့ရတာပဲလေ။အဲလိုနဲ့ ကျနော်တို့လည်း စိတ်လှုပ်ရှားစွာနဲ့ပဲ နေခဲ့ရတယ်။

တရက်ပြီး တရက်နေရင်းနဲ့ ဇူလိုင်လ လောက်မှာတော့ မျိုးဝင်းက တိုက်ပွဲကျသွားတယ်။
၁၉၉၂ခုနှစ်၊ ဇွန်လိုင်လ ဆားမော်ဘက်မှာ အစိုးရတပ်နဲ့ တိုက်တဲ့ တိုက်ပွဲမှာကျသွားတယ်လို့ ကျနော်တို့လည်း ကြားရတာပဲ။ အချို့ကလည်း မျိုးဝင်းက နောက်ကျည်မှန်တာလို့လည်း ပြောကြတယ်၊ ကျနော်ကတော့ အဲဒါကို သေချာ မပြောနိုင်ဘူး။ ပြောတာကတော့ ပြောကြတယ်။ သက်သေ အထောက်အထားရှိလား ဆိုတာလည်း မပြောနိုင်ဘူး။

အဲဒီလိုနဲ့ စက်တင်ဘာလလောက်မှာတော့ မငယ်(မနန်းအောင်ထွေးကြည်)ကို ကေအိုင်အေက ခေါ်လို့ မငယ်က ကေအိုင်အေဘက်ကို ရဲမေ တယောက်အနေနဲ့ ရောက်သွားတယ်။ နောက် လပိုင်းလောက်နေတော့ ကိုညီညီကိုလည်း အရာရှိငယ်တွေကို အင်္ဂလိပ်စာ သင်ပေးဖို့ ဆိုပြီးတော့  ခေါ်ရင်းနဲ့ သူလည်း အဲဒီဘက်ကို ရောက်သွားတယ်။

ကျနော်တို့ ၇ ဦးကျန်တယ်။ အဲဒီ ၇ဦးမှာကလည်း အလုပ်ကလေးတွေလည်း လုပ်ရတယ်၊ နေ့ကင်းညကင်းနဲ့လည်း ထားတယ်။ အလုပ်ပြန်ခိုင်းတာလည်း ရှိတယ်။ ကျနော်ကတော့ ၃ လေး ရက်လောက် လုပ်ပြီးတော့ သွားမလုပ်တော့ဘူး၊ မင်းတို့ ငါတို့ကို လုပ်ချင်တာသာ လုပ်ကြတော့ ဆိုပြီး နေလိုက်တယ်။ သွားကို မသွားတော့ဘူး သူတို့ခိုင်းတာကို လုပ်ပေးဖို့လည်း စိတ်မပါတော့ဘူး။

အဲလိုအချိန်မှာပဲ ကျနော်နဲ့ကိုကျော်နိုင်ဦး(ကိုကြောင်)ကို ဒုတပ်ကြပ်ဆိုပြီးတော့ ရာထူးတွေဘာတွေ တိုးပေးပြီး ပြန်ခိုင်းဖို့ ကြိုးစားသေးတယ်။ အဲဒီလို ကျနော်တို့ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့ ဝေခွဲမရဖြစ်နေတယ်လို့ ကျနော် ခန့်မှန်းမိတယ်။ ကျနော်ကတော့ အလုပ်ကို လုပ်မပေးတော့တာ။
အဲလိုနဲ့ နေလာရင်းနဲ့ ၁၉၉၃ ၊ မတ်လမှာ ဘိုဘိုတို့ မိဘတွေပြန်ရောက်လာတယ်။ ဘို့ဘို့ အမေနဲ့ ညီညီအောင်ရဲ့ အမေ ရောက်လာကြတယ်။
အရင်တုန်းက နောက်တခေါက်လာရင်ပြန်ထည့်မယ်လို့ ပြောထားတဲ့အတွက် ပြန်လာတယ်ဆိုပြီး အမေ ၂ယောက်က ပြောကြတယ်။

အဲဒီအချိန်မှာ အောင်နိုင်က ဥက္ကဋ္ဌဖြစ်ပြီးနေပြီ၊ သူကလည်း ပြန်တော့ မထည့်ချင်ဘူး နေပါဦး ကိုသံချောင်းလည်း မရှိဘူး ခရီးသွားနေလို့ လုပ်နေတုန်းပဲ သံချောင်း ခရီးကနေ ပြန်ရောက်လာပြီး ဒီကလေးတွေကို အမေတွေနဲ့ ပြန်ထည့်ပေးမယ်ဆိုပြီး ဖြစ်သွားတာ။

 ဘိုဘို၊ ၀ဏဇော်နဲ့ ညီညီအောင်တို့ကို ပြန်ထည့်လိုက်တော့ကျနော်တို့ ၄ ဦးပဲ ကျန်တော့တယ်။ ဘိုဘိုက သူမသွားခင်မှာသူ့အမေနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့လက်ထဲကို ပိုက်ဆံထည့်ပေးခဲ့တယ်။ ပြေးခဲ့ဖို့လည်း အတန်တန်မှာတယ်။

ကျနော်ကလည်း အေးကွာ ပြေးခဲ့မယ်လို့ ပြောလိုက်တယ်၊ ကိုကြောင်ကတော့ မလိုက်ချင်သေးဘူးနေဦးမယ်လို့ လုပ်နေသေးတာ။
ဘိုဘိုတို့အမေဆီက ပေးခဲ့တဲ့ ပိုက်ဆံတွေရယ် ပြီးတော့ ဘိုဘို့အမေက ရင်ကျန်ဆိုတဲ့မြို့ကလေးမှာ ကူညီနိုင်တဲ့ ဆိုင်ကလေးတွေကို မှာထားခဲ့မယ်လို့ သေချာမှာထားခဲ့တာကိုး။

အဲလိုနဲ့ နေတုန်းမှာ ဘုန်းကြီးတပါးက မစိုးစိုးလွင်တို့အမေနဲ့ပါလာတာ ရှိတယ်။ အဲဒီဘုန်းကြီးတပါးကို သူတို့က အရပ်ဝတ်လဲပြီးတော့ စစ်တယ်။ အဲဒီတော့ကျနော်တို့ကလည်း အခြေအနေမကောင်းတာကို သိပြီး ပြေးချင်တယ်။

အဲလိုနဲ့ ကျနော်တို့လည်း မြန်မြန်ပြေးကြမယ်လို့ တိုင်ပင်ပြီးတော့ ဧပြီလ ၈ ရက်နေ့ညမှာ ပြေးဖို့ဆုံးဖြတ်လိုက်ကြတယ်။ကိုကျော်နိုင်ဦးကိုတော့ မပြောတော့ဘူး၊ သူက မလိုက်ချင်ဘူး ဆိုတော့ သူ့ကို ထားခဲ့တာပေါ့။

၁၉၉၃ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ည ၂နာရီမှာ ABSDF မြောက်ပိုင်းကနေ ကျနော်တို့ ပြေးတယ်။ အဲဒီအချိန်မှာ တပ်မှာလည်း လူနည်းနေတော့ ကင်းတွေ မရှိတော့ဘူး တဲထဲက ထွက်တာကို မမိရင်တော့ ကျနော်တို့ လွှတ်မယ်ပေါ့ အဲလိုလည်း ကြိုလေ့လာထားကြတယ်လေ။

တပ်အလယ်ခေါင်ကနေ မှောင်ရိပ်ခိုပြီးတော့ထွက်တယ်၊ ကျောင်းသား ဂိတ်ကို ရှောင်တယ်၊ ပြီးတော့ ကေအိုင်အေ ဂိတ်ကို ရှောင်ပြီးတော့ လျှိုတွေထဲကနေ ထွက်ကြတယ်။ တရုတ်ရွာလေး တရွာကိုဖြတ်ဆင်းပြီး တရုတ်ပြည်ထဲရောက်သွားကြတယ်။

စမားမြို့လေးကို လမ်းအတိုင်း သွားခဲ့ကြတယ်။ အဲဒီကနေ မြို့ပြင်လေးထိ ရောက်ပြီး မနက် ၅နာရီကားနဲ့ ရင်ကျန်မြို့ကို ကားနဲ့လိုက်သွားတယ်။ ရင်ကျန်ကိုရောက်တော့ စောစောက ပြောခဲ့တဲ့ ဘိုဘိုတို့ အမေပြောပေးခဲ့တဲ့ ဆိုင်လေးကို သွားတယ်။
အဲဒီ ဆိုင်ကလည်း ဘယ်သူမှ မကူညီရဲဘူး။အရင်တခါတုန်းကလည်း ဒီနားက ရာကွတ်ပိုင်ဆိုတဲ့ကုလားကို ကျောင်းသားတပ်က ခေါ်စစ်လိုက်တာ သေသွားတယ်ပေါ့လေ၊ အဲဒါကြောင့် မကူညီရဲပါဘူး ဆိုပြီး ဖြစ်နေကြတယ်။

နောက် ရင်ကျန်မှာ ဖွင့်ထားတဲ့ ကျောင်းသားတပ်က ဆိုင်က မောင်ညွှန့်နဲ့လည်း လမ်းမှာတွေ့တယ်၊ သူကတော့ အခြေအနေကို မသိတော့ ဆိုင်ကိုလိုက်ခဲ့လေ လို့ခေါ်နေသေးတယ်။ ကျနော်တို့ကတော့ ဒီကနေ အမြန်ထွက်မှကို ဖြစ်တော့မှာလို့ သိလိုက်တယ်။

ရင်ကျန်မြို့ကကျော်ရင် ဂိတ်ကြီး တဂိတ်ရှိတယ်၊ အဲဒီဂိတ်ကြီးက လူစီးကားတွေဆိုရင် စစ်တယ်၊ တရုတ်ပတ်စပို့မပါရင် ဖမ်းပြီး ကျနော်တို့ကို တပ်ကို ပြန်ပို့နိုင်တယ်၊ ကေအိုင်အေဘက် ပြန်ရောက်သွားနိုင်တယ် ဆိုတော့ကျနော်တို့က အဲဒီဂိတ်ကို ဒီအတိုင်းမဖြတ်ရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်ထဲ ပြန်ရောက်လို့ မဖြစ်ဘူးဆိုတာ သိတယ်။

အဲလိုနဲ့ ကျနော်တို့ဆက်လျှောက်ရင်း ရွှေလီဘက်ထွက်တဲ့ဘက် ထောလာဂျီစီးပြီး ဆက်ထွက်သွားကြတာ။နောက်မှ ကုန်ကားကြီး တစီးနဲ့ အဲဒီဂိတ်ကို ဖြတ်ခွင့်ရခဲ့တာ။ ကုန်ကားတွေကိုတော့ ဂိတ်ကြီးတွေက မစစ်ဘူးလေ။ အဲဒါနဲ့ ဖြတ်နိုင်ခဲ့တာ။
အဲလိုနဲ့ ညနေ ၃ နာရီမှာ ကျန်ဟောင်ကို ရောက်သွားတာ ရွှေလီတက်မယ်လို့ စဉ်းစားပေမဲ့ ပိုက်ဆံကလည်း မရှိတော့ဘူး၊ အဲဒီမှာ လွယ်ကြယ်လွယ်ကြယ်လို့ ဗမာလို ပီပီသသ အော်တဲ့ အသံကြားရတော့ အရမ်းဝမ်းသာသွားကြတယ်။

အဲဒါနဲ့ အဲဒီ ကားနဲ့တက်လိုက်သွားကြတာ၊ ၁၀ မိနစ်တောင် မမောင်းရပါဘူးရောက်သွားတယ်။ အဲဒီမှာ ဘုရားပွဲလိုပဲ စည်ကားနေလိုက်တာ။ နောက် အစိုးရတပ်ရှိတယ်ဆိုတော့ ငါတို့တော့ လွတ်ပြီပေါ့။ စိတ်ထဲမှာလည်း အေးသွားတယ်။ ရွှေရင်အေးလေး ဘာလေး ၀ယ်သောက်ကြသေးတယ်။
အဲဒီမှာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ဖို့ ပြောတယ်၊ အစိုးရတပ်လည်း ရှိတယ် အဲဒီမှာ အလင်းဝင်မလား၊ တရုပ်ပြည်ထဲမှာပဲ လုပ်စားမလား၊ ဒါမှ မဟုတ် တောင်ပိုင်းကို သွားမလား ကြိုက်တာရွေး ကိုယ့်ဟာကို ဆုံးဖြတ်။

တရုတ်ပြည်ထဲမှာ လုပ်စားရင် ကျောင်းသားတပ်နဲ့ ကေအိုင်အေက အချိန်မရွေးလာဖမ်းသွားနိုင်တယ်။ တောင်ပိုင်းသွားရင်လည်း ဒီလို မကြုံဘူးလို့လည်း မပြောနိုင်ဘူး၊ တောင်ပိုင်းသွားဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံး သွားစ၇ာတလမ်းပဲ ရှိတော့တယ်။ အဲဒါနဲ့ အစိုးရ တပ်ရှိတဲ့ ဆီကိုပဲ ၀င်ခဲ့ရတယ်။
အဲဒီမှာ ခလရ ၂၃၇ လွယ်ကြယ်ကို ရောက်သွားတယ်။ အဲဒီမှာ ဗိုလ်မှူးမောင်မောင်ဋ္ဌေးဆိုတဲ့ နာမည်ကို မှတ်မိတယ်ပေါ့လေ၊ အဲဒီကနေ ဧပြီ ၁၀ ရက်နေ့မှ ကျနော်တို့ကို ဗန်းမော်ကို ပို့ပေးခဲ့တယ်။

ဗန်းမော် ခလရ ၄၇ ကို ရောက်သွားတယ်။ ဗန်းမောင် ဗျူဟာကိုရောက်သွားတယ်၊ အဲဒီမှာလည်း လိုက်ပို့တဲ့ တပ်ကြပ်ကြီးနဲ့ လွဲတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိဘူး လက်ခံတဲ့ သူက ကျနော်တို့ကို အချုပ်ထဲ ထည့်ထားလိုက်တယ်။ အဲဒီအချုပ်ထဲမှာ ကျောင်းသားတပ်သင်တန်းကပြေးလာတဲ့၂ယောက်၊KIA ကလက်ပစ်ဗုံးတလုံးနဲ့ အလင်းဝင်လာတဲ့ တယောက်၊ ဦးမထူးနော်တပ်က တယောက်၊ အဲဒီလူ ၄ယာက်နဲ့ ကျနော်တို့ ၃ ယောက်ပေါင်းပြီး ၇ယောက်။ နောက် တပ်ပြေးတွေဘာတွေကလည်း အဲဒီထဲမှာ ၇ယောက်လောက်ရှိသေးတယ်။

အဲဒီမှာ ၁၀ ရက်လောက်ကြတော့ ရဲကို လွဲမှာ တရားရုံးတင်မှာ ဆိုတော့ အဲဒါဆိုရင် မဖြစ်ဘူးဆိုပြီးတော့ အိမ်ကို ဆက်သွယ်ခွင့်ရဖို့ ကြိုးစားရတယ်။ နောက် အိမ်ကို အကြောင်းကြားလို့ရတယ်။နောက်တရားရုံးတင် ရမန်ခေါ်ပြီးတော့ ကျနော်တို့ကို ဗန်းမော်ထောင်ထဲ ထည့်ထားခံရတယ်။ ကျနော်တို့ အလုပ်တွေဘာတွေလည်း လုပ်ရတယ်ဗျာ။
အဖေတို့ကလည်း ကျနော်တို့ABSDF ကနေ ထွက်ပြေးလာတာကို ဖမ်းဆီြး့ပီး ထောင်ထဲထည့်တာနဲ့ပတ်သက်ပြီး အထက်ကို စာတင်ထားတယ်ဆိုတာကို အဖေက ကျနော့်ဆီကို စာရေးလိုက်တယ်။ အဲဒီတုန်းက ထောင်ထဲမှာ အိမ်က စာလာရင် လာပေးတော့ ကျနော် ဖတ်ရတယ်။

အဲဒါနဲ့ ထောက်လှမ်းရေးကလည်း လာစစ်သေးတယ်၊ ထောက်လှမ်းရေးကိုလည်း ရောက်တယ်၊ အဲဒီနေ့ပဲ ဗိုလ်ချုပ်ခင်ညွှန့်လာမှာ ဒီကောင်တွေကို တနေရာသွားထားမှ ဖြစ်မယ်ဆိုပြီး ကျနော်တို့ကို ရဲစခန်းထဲ သွားထည့်ထားပြန်ရော။

အဲဒီလိုနဲ့ ရဲစခန်းထဲမှာ ၃ ရက်ကြတယ်။ ၃ရက်ပြီးတော့ ထောင်ထဲပြန်ထည့်တယ်။ ထောင်ထဲမှာ အလုပ်တွေ ဘာတွေပြန်လုပ်ပေါ့ဗျာ။ အဲလိုနဲ့ နေရင်းနဲ့ နောက်ကြတော့မှ ထောက်လှမ်းရေးက တခါပြန်လာထုတ်တယ်။

အဲဒီလို လာထုတ်မှ ကျနော်တို့ တကယ်ထွက်ရတာဗျ။ ကျနော်တို့ကို သဘောင်္နဲ့ တင်ပြီး ပြန်ပို့ပေးတယ်။ အဲလိုနဲ့ပဲ ကျနော် အိမ်ပြန်ရောက်ခဲ့ရတာပါပဲ။
………
မိတ်ဆွေများ အားလုံး အိမ်မက်ဆိုးများကနေ လွတ်မြောက်နိုင်ကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)



                             အသတ်ခံခဲ့ရသော ဥက္ကဋ္ဌ ထွန်းအောင်ကျော်နှင့် ရဲလင်း







မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment