by Maw Kun Magazine on Tuesday, January 22, 2013 at 3:50am ·
အသက်ရှူလိုက်လျှင် ပလတ်စတစ်က နှာခေါင်းပေါက်ကို လာကပ်ပြီး လေပေါက် ပိတ်သွားပါသည်။ ပလတ်စတစ်ကို ခေါင်းမှာစွပ်ပြီး ၀ိုင်းကန်ကြပါသည်။ ကျွန်တော် တော်တော် အနေခက်ပါသည်။ ပလတ်စတစ်အိတ်ကို ကျွန်တော့်ခေါင်းမှ ဆွဲချွတ်လိုက်ပြီး သောကြာက ဓားမြှောင် ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပါသည်။
ထွန်းဦးခိုင်(ရွှေဘို) ရေးသည်
ထင်မထားသော ကံကြမ္မာ
ကျွန်တော်တို့စစ်ကြောင်းသည် ဆား မှော်မြို့ဝန်းကျင်မှ မထင်မှတ်ဘဲ မြစ်ကြီးနား မြို့အထက်ဘက်မြန်မာနိုင်ငံ၏ မြောက် ပိုင်းဒေသများထိ ရောက်သွားည်။ မေခ မြစ်နှင့် မလိခမြစ်တို့ကို ဖြတ်ကူးပြီး တောင်ထူထပ်သော နယ်မြေများနှင့် တပ်ရင်း-၃ ကိုကျော်ဖြတ်ကာ တရုတ် ပြည်နယ်စပ်အနီးမှ ဌာနချုပ်တည်ရှိရာ လိုင်ဇာသို့ ညနေစောင်းတွင် ရောက်ရှိ ပါသည်။ ဤနေရာသို့ လွန်ခဲ့သော နှစ်နှစ် နီးပါးခန့်ကလည်း တစ်ခေါက် ရောက်ဖူးပါ သည်။ သို့သော် ဘယ်နေရာ ဘာရှိသည်၊ ဈေးနေ့က ဘယ်နေရာ၊ အမျိုးသမီးရဲမေ များနေသော ဘားတိုက် (အဆောင်)က ဘယ်နေရာဆိုတာတွေကို သေချာမသိပါ။ ကျွန်တော်မှတ်မိတာ တစ်ခုရှိပါသည်။ မနက်အိပ်ရာထအချိန် တဲအတွင်းမှ အပြင်ထွက်လိုက်တော့ ရေခဲနှင်းပြင် ကြီးကို တွေ့လိုက်ရသည်။ အရင်က တစ်ခါ မှ မတွေ့ဖူးပါ။ ရုပ်ရှင်ဇာတ်လမ်းတွေ ထဲမှာသာတွေ့ဖူးပြီး အပြင်မှာမတွေ့ ဖူးပါ။ ယခုမှတွေ့ရတော့ အထူးအဆန်း ဖြစ်နေပြီး နှင်းထုအပေါ်မှာ လမ်းလျှောက်ကြည့်ပါ သည်။ နှင်းထုအောက်ကို လက်နှိုက်ကြည့် တော့ လက်တစ်ထွာလောက် ထု ရှိပါသည်။
မှတ်မိတာဆို၍ ဆီးနှင်းကျတာရယ်၊ နှင်းထုပေါ်မှာ လမ်းလျှောက်တာရယ် ဒါပဲ သတိရပါသည်။ ယခုခရီးက ဗဟို လိုင်ဇာသို့ ဒုတိယအကြိမ် ရောက်ရှိခြင်းဖြစ်ပါသည်။ ကေအိုင်အေတပ်ကလည်း ဒီဒေသမှာပဲ ဌာနချုပ် လုပ်ထားပါသည်။ သို့သော် ကျောင်းသားတွေနှင့် ရောပြီးမနေပါ။ သီး ခြားတစ်နေရာစီ နေပါသည်။ ကျွန်တော် တို့စစ်ကြောင်း ဗဟိုဌာနချုပ်သို့ရောက် သောညတွင် တီးဝိုင်းဖြင့် ကြိုဆိုပွဲပြုလုပ်ပါ သည်။ စိတ်ထဲမှာ ပျော်ရွှင်မိပါသည်။ ကျွန် တော်လည်း သီချင်းသွားပြီးနားထောင်ပါ သည်။ ကျောင်းသားသူငယ်ချင်းတွေလည်း တက်ပြီး သီချင်းဆိုကြပါသည်။
ကိုယ်မသိသည့်လူက များပါသည်။ တီးဝိုင်းပြီးတော့ သူငယ်ချင်းတွေနှင့် ရော ပြီး ပြန်ပါသည်။ ခက်တာက ရောက်တာဆို ၍ ညနေတစ်ပိုင်းအချိန်ပဲ ရှိသေးတော့ ကိုယ်နေတဲ့တဲကိုပင် မမှတ်မိပါ။ ကိုယ်နဲ့ အတူတူအိပ်တဲ့သူတွေကိုလည်း ယခုအချိန်ထိ ဘယ်သူဘယ်ဝါဆိုပြီး သတိမရ ပါ။ စဉ်းစားကြည့်လို့လည်း မရပါ။
နောက်တစ်နေ့ နံနက်ကျတော့ မှတ် မိတာက သူငယ်ချင်း နှစ်ယောက်လား၊ သုံးယောက်လားမသိ၊ သူတို့နဲ့အတူ တခြားနေရာသို့ လျှောက်သွားပါသည်။ မနက်ခင်းပိုင်းလောက်ပဲ ဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ ပြန်လာကြပါ သည်။ တံတားလေးတစ်ခုကိုတော့ ဖြတ် ရပါသည်။ ချောင်းလားတော့ မပြောတတ် ပါ။ အဲဒီ ဘေးမှာ ကျွန်တော်တို့အိပ်သော တဲရှိပါသည်။ ကျွန်တော်တို့တစ်တွေ ပြန် လာတော့ တဲရှေ့မှာစောင့်နေတဲ့ ရဲဘော် လေး၊ ငါးယောက် ရှိမည်ထင်ပါသည်။
မင်းတို့ထဲမှာ ထွန်းဦးခိုင်က ဘယ်သူ လဲဟု မေးပါသည်။ ကျွန်တော်ပါဟု ပြန် ပြောလိုက်ပါသည်။ ထိုအခါ ကျွန်တော့်ကို အေးအေးဆေးဆေးလိုက်ခဲ့ပါဟု ပြောပြီး လက်ကို နောက်ပြန်ကြိုးတုပ်ပါသည်။ ကျွန်တော်ကလည်း ဇဝေဇ၀ါနှင့် ဘာဖြစ် တာပါလိမ့်၊ နောက်မှကြည့်ပြီး အကျိုး အကြောင်းရှင်းပြမယ်၊ ငါ မဟုတ်တာ ဘာတစ်ခုမှ လုပ်မထားဘူး၊ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုအပြည့်ရှိသည်။ ရှင်းရှင်း ပြောရင် ဗြှီင်္ မှာ ရန်တောင်မဖြစ်ဖူး ဘူး။ ဖြေရှင်း၍ရသည့်ကိစ္စဟုပင် ကျွန်တော် က ထင်နေသည်။ ဘာဆို ဘာမှ မသိ။
ကျွန်တော်နှင့် တစ်ချိန်တည်းမှာ စိုးဝင်းသန်း(မန်း)၊ ကျော်ကျော်ဦး (ကသာ) ၊ ဟန်ဝင်းအောင် (ဇီးကုန်း)၊ ညီညီနိုင်၊ ကျွန်တော်တို့အားလုံးကို ဖမ်းပြီးခေါ်သွား သည်။ တောင်ကုန်း အစောင်းလေးမှာရှိ သော တဲတစ်ခုကို ခေါ်သွားသည်။ ဘာ အတွက် အသုံးပြုသည့်နေရာဆိုသည်ကို ကျွန်တော် မသိပါ။
ရောက်တာတောင် နှစ်ရက်မပြည့် သေး။ တစ်ညပဲ အိပ်ရသေးသည်။ ရှင်းရှင်း ပြောရလျှင် ကျွန်တော်မသိသည့် သူငယ် ချင်းတွေ အများကြီးရှိပါသေးသည်။ ကျွန် တော်တို့ တစ်တွေ တဲအတွင်းရောက်တော့ တခြားအရင် ရောက်နေသော သူငယ်ချင်း တွေလည်း ရှိနေသည်။ မြေကြီးပေါ်မှာ ထိုင်ခိုင်းပြီး မျက်လုံးနှစ်ဖက်ကို မမြင်ရ အောင် အ၀တ်စနဲ့ စည်းရပါသည်။ ဒါပေမဲ့ ကျွန်တော် မြင်နေရ ပါသည်။
ကျွန်တော်တို့ကို ထောက်လှမ်းရေး သူလျှိုဖြစ်ကြောင်း ၀န်ခံရန်အတွက် အတင်းရိုက် မေးပါသည်။ တယ်လီဖုန်းကို ၀ါယာနှစ်စထုတ်၍ လက်ဖြင့်လှည့်လိုက် လျှင် ရှော့ခ်တိုက်ပြီးသားဖြစ်အောင် လုပ်ထားသည်။ ကျွန်တော်တို့၏ ချိုင်းကြား တွင် ညှပ်ခိုင်းထားပြီး လှည့်လိုက်လျှင် တစ်ကိုယ်လုံးကျဉ်လာပြီး ရှော့ခ် တိုက်ခံရ ပါသည်။
ကျွန်တော်တို့၏ အော်ဟစ်သံသည် ကျောင်းသားစခန်းတစ်ခုလုံး ဆူညံနေပါ သည်။ တချို့ သူငယ်ချင်းတွေက ထောက် လှမ်းရေး ဟုတ်ပါတယ်လို့ ပြောကြပါသည်။ ကျွန်တော်တို့မျက်နှာတွေလည်း ကွဲပြဲနေ ကြပါသည်။ သွေးတွေကလည်းထွက်လို့ တစ်ကိုယ်လုံး နာကျင်နေပါသည်။ ကျွန် တော်က ဘာပြောရမှန်းလည်း မသိတော့။ “ငါ ထောက်လှမ်းရေးမဟုတ်ဘူး၊ ကျောင်း သား၊ တပ်ကို စရောက်လာကတည်းက တပ်ရင်း - ၅ မှာ ရောက်ကတည်းက တပ် ရင်းမှူး အောင်ဆွေဦး သိတယ်၊ ယခု တပ် ရင်း ၇၀၂ ဖွဲ့တော့လည်း သူက တပ်ရင်းမှူး တာဝန်ယူတယ်။ အောင်ဆွေဦးကို မေးကြည့်၊ ကျွန်တော့်အကြောင်း သူကောင်း ကောင်းသိတယ်”ဟု ဇွတ်ပြောလိုက်သည်။
ထောက်လှမ်းရေးဟု ၀န်မခံလေ ရိုက်လေပင်။ ထောက်လှမ်းရေးဝန်ခံလျှင် မရိုက်တော့ပါ။ ထို့ကြောင့် တချို့ သူငယ် ချင်းများက ရိုက်တာကို မခံနိုင်၍ ဟုတ် တယ်ဟု ညာပြောကြသည်။ ကျွန်တော်က တော့ မဟုတ်ဘူးဟု ဇွတ်ပဲ ငြင်းသည်။
အဲဒီတော့ ပိုနာသည်။ အဲဒီအချိန် မှာ ဖမ်းထားတဲ့လူတွေက များနေသော ကြောင့် ကျွန်တော်နှင့် သုံး၊လေးယောက်ကို ထားရန်အတွက် သီးသန့်ဆောက်ထား သော ကုန်းပေါ်သို့ခေါ်လာပြီး ထား လိုက်သည်။
ကျွန်တော်တို့ကို ထိပ်တုံးခတ်လိုက် ကြသည်။ ဖမ်းထားသော ကျောင်းသားသူ ငယ်ချင်းတွေက အများကြီး။ ခုနစ်ဆယ် ၀န်းကျင်ခန့်ရှိသည်။ ကျန်တဲ့သူတွေကို ခြေထောက်နှစ်ဖက်စလုံးကို သံကြိုးနှင့် ချည်ထားသည်။ သံကြိုးတွေကိုဖြုတ် မရအောင် သော့နှင့်ခတ်ထားတာ တွေ့ရ သည်။ ထိပ်တုံးခတ်ထားသော သူငယ်ချင်း တွေလည်းများသည်။ ဘယ်သူဘယ်ဝါ မသိရပါ။ မျက်လုံးနှစ်ဖက်ကို မမြင်ရ အောင် အ၀တ်စနှင့် တင်းနေအောင် အချည်ခံရ သည်။ ဘာမှ မမြင်ရ၊ စကား မပြောရပါ။ မျက်နှာကို အောက်ကိုပဲ ငုံ့ထားရသည်။ ဘေးဝဲယာသို့ ငေးမကြည့် ရ။ စည်းကမ်းကို တင်းတင်းကျပ်ကျပ်ထားသည်။ စည်းကမ်း ဖောက်လို့ကတော့ သေပြီ သာမှတ်။
ထမင်းစားချိန်ရောက်မှ မျက်နှာ တွင် စည်းထားသည့်အ၀တ်စကို ဖြေရ သည်။ ကျွေးတာပေးတာပဲ စားရသည်။ ခြေတစ်ဖက်ကတော့ ထိပ်တုံးထဲမှာ ခတ်ထားသည်။ ထမင်းစားပြီးတော့ မျက်နှာကို အ၀တ်ပြန်ပြီး စည်းရသည်။ ကျွန်တော့်ကို မစစ်ဘဲ သုံးရက်လောက် ထားလိုက်ကြသည်။ ကျန်သည့်သူငယ်ချင်း များကို စစ်မေးဖို့ ညရောက်လျှင် လာပြီး ခေါ်သွားသည်။
ကျွန်တော့်ကို လာမခေါ်သေး၍ အချိန်ရနေသေးသည်။ အဲဒီအချိန်များတွင် စိတ်ထဲကနေ ပရိတ်၊ ဂါထာတွေကို အမြဲ တမ်း ရွတ်နေရသည်။ ရတနာသုံးပါးကို အာရုံပြုနေရသည်။ အရင်ကတည်းက ကျွန်တော်က ဘုရားသွားပြီး ပုတီးစိပ် သည့် ဂါထာရွတ်သည့် အလေ့ အထရှိ သောကြောင့် ယခုလို အကျဉ်းထဲ အကျပ် ထဲရောက်နေတဲ့အချိန်တွင် အမြဲတမ်း လိုလို စိတ်ထဲမှာ ရွတ်ဖြစ်နေသည်။ ၎င်းအချိန်များတွင် ကျွန်တော့်သူငယ်ချင်း ကျော်ကျော်မင်းတစ်ယောက် ဘယ်ဆီ ရောက်၍ ဘာတွေလုပ်နေသည်မသိ၊ အဆက်အသွယ်မရ။
တစ်နေ့ညနေစောင်း ထမင်းစားချိန် မှာ ထင်လင်းအောင် (ငကောက်)က ထမင်းစားနေတုန်း မြန်မြန်ဖတ်ဆိုပြီး စာ ရွက် အပိုင်းသေးသေးလေးတစ်ခုကို ထမင်းပုံဘေးမှာ ချပေးသည်။ လက်ရေးက လည်း လူမသိအောင် အမြန်ရေးထား၍ သိပ်မပီ၊ ဖတ်ရတာလည်း အဆက်အစပ် မရှိ။ အဲဒီတော့ ကျွန်တော် အဓိပ္ပာယ် မပေါက်။ စာဖတ်ပြီးလျှင် မျိုချရန်ပြော၍ ပါးစပ်ထဲ ၀ါးပြီး မျိုချလိုက်ရသည်။
နောက်ထပ် စာရွက်တစ်ပိုင်း ချပေး သည်။ ကျွန်တော်ဖတ်ကြည့်သည်။ အဲဒီ တော့မှ အဓိပ္ပာယ်ပေါက်တော့သည်။ ဒါပေ မဲ့ လွန်သွားပြီ၊ ဘယ်လိုမှ အစားထိုးလို့ မရ၊ စဉ်းစားလို့လည်း မရတော့။ ပထမ ဖတ်သည့် စာရွက်၏ အဓိပ္ပာယ်ကို မမှတ်မိ။ နောက်တစ်ရွက်ဖတ်တော့မှ ဆက်စပ်မိ သည်။ စာရွက်က ရှေ့နောက်မှားနေတာ ကိုး။ စာရေးပေးသည့်သူက ဇီးကုန်းသား ၀င်းမြင့်က ရေးပေးခြင်းဖြစ်သည်။ ငကောက်က ကျွန်တော်နဲ့ ထမင်းအတူတူ ၀ိုင်းပြီးစားရတဲ့သူဆိုတော့ စာကို အသာ ကပ်ပြီး ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ကံ ကောင်းတာက ကျွန်တော့်ကို စစ်မေးဖို့ လာမခေါ်သေးပါ။ အဲဒီညက ကျော်ကျော် ဦး (ကသာ)ကို လာခေါ်သွားသည်။ သူ့ကို ပြန်မပို့ကြတော့။ စစ်မေးရင်း ကျဆုံးသွား သည် ထင်သည်။
ဟုတ်ဟုတ်မဟုတ်ဟုတ် စပိုင်လုပ်
နောက်တစ်နေ့မနက်မှာ သံခြေချင်း ခတ်ထားသည့် ကျွန်တော်တို့တစ်တွေကို အပေါ့အပါးသွားရန်အတွက် တန်းစီးလုပ် နေသော ၀င်းမြင့် (ဇီးကုန်း)က ဦးဆောင် ပြီး ခေါ်သွားသည်။ နောက်ဖေးသွားတဲ့ နေရာရောက်တော့ ကျွန်တော့်ကို ပြော သည်။ “ကိုထွန်းဦးခိုင်၊ ခင်ဗျားကို ထောက် လှမ်းရေး စပိုင်လားလို့ ခေါ်စစ်လို့ရှိရင် ဟုတ်ပါတယ်လို့ ပြောလိုက်ပါ”ဟု သင်ပေးပါသည်။ “ငါမှ ထောက်လှမ်း ရေးစပိုင်မှ မဟုတ်တာ ၀န်မခံနိုင်ပါဘူး”ဟု ပြန်ပြောလိုက်ပါသည်။ ကျွန်တော် လည်း ထောက်လှမ်းရေးစပိုင် မဟုတ်၊ ကျန်တဲ့သူတွေလည်း ထောက်လှမ်းရေး စပိုင်မဟုတ်၊ ထောက်လှမ်းရေးစပိုင်လို့ ၀န်ခံလိုက်လျှင် သူတို့က မရိုက်တော့ဘဲ အချုပ်ထဲလာပို့မည်။ ၀န်မခံသေးလျှင် စပိုင်ဟုတ်ကြောင်း မပြောမချင်း ရိုက်ပြီး စစ်မေးမည်။ ဒီလိုနှင့် လက်လွန်ပြီး သေဆုံး သွားသူတွေ အများကြီးပဲဟု တန်းစီးဝင်း မြင့်က ကျွန်တော့်ကို ရှင်းပြ ပါသည်။
“ကဲ...ဟုတ်ပါပြီလို့ ၀န်ခံလိုက်မယ် ဆိုလျှင် ငါက ဘယ်လိုပြောရမယ်ဆိုတာမှ မသိတာ” ဟုပြောတော့ သူက “ကျွန် တော် ရှင်းပြမယ်၊ ကိုထွန်းဦးခိုင်နဲ့ ကျော် ကျော်မင်း (ကန့်ဘလူ)က သူငယ်ချင်းတွေ ဟုတ်လား။ ကျော်ကျော်မင်းက ကျွန်တော့် ကို ပြောထားတယ်၊ သူ့ရဲ့ ထွက်ဆိုချက်ထဲ မှာ ကိုထွန်းဦးခိုင်ကို ဆွဲထည့်ထားတယ်။ မတွေ့ရတာကြာတော့ ကိုထွန်းဦးခိုင် ပြန်သွားပြီထင်လို့ ကိုကျော် ကျော်မင်းက ဆွဲထည့်လိုက်တာ” ဟု ရှင်း ပြပါသည်။
“ကိုထွန်းဦးခိုင်ကို ထောက်လှမ်း ရေးစပိုင် ဟုတ်သလားလို့ စစ်မေးလို့ရှိရင် ဟုတ်ပါတယ်လို့ ၀န်ခံလိုက်၊ ရွှေဘိုစစ်တပ် က လွှတ်လိုက်တာလို့ပြော၊ ဘာအဆင့် လည်းလို့မေးလို့ရှိရင် တပ်သားအဆင့်ပါ လို့ပြော” ဟု သင်ပေးလိုက်ပါသည်။ ငြင်းနေလျှင် စစ်မေးနေရင်း လက်လွန်ပြီး သေသွားလိမ့်မယ်ဟု ထပ်ပြီး သတိပေးလိုက်ပါ သည်။ ကျွန်တော်နှင့်အတူ အပေါ့သွားရန် ပါလာသော သူငယ်ချင်းများကလည်း ထောက်လှမ်းရေးစပိုင် ဟုတ်ကြောင်း ၀န်ခံရန် ၀ိုင်းပြီးပြောကြပါသည်။
ကျွန်တော်တို့အားလုံးကို အချုပ် ပြုလုပ်ထားသော ဘားတိုက်ထဲတွင် ပြန် ထားပြီး ထိပ်တုံးခတ်လိုက်ပါသည်။ ကျွန်တော့်ကိုဖမ်းထားသော အချုပ်တွင် လုံ ခြုံရေးတပ်စိတ် အမြဲတမ်းရှိပါသည်။ သူတို့ရှေ့တွင် ဖြတ်လျှောက်သွားလျှင် အလွန်သတိ ထားရသည်။ သတိမထား၍ မရပါ။ သူတို့ စိတ်ထဲ မထင်လျှင် မထင် သလို ရိုက်ကြပါ သည်။
လုံခြုံရေးတပ်စိတ်အောက်တွင် အဖမ်းခံထားရသော ကျောင်းသားထဲမှ လေးယောက်ကို တန်းစီးအဖြစ် ပြန်ပြီး ခန့် ထားပါသည်။ ကိုစိုးလေး (ရန်ကုန်)၊ ကိုမြင့်သိန်း (ကသာ)၊ ကိုဝင်းမြင့် (ဇီး ကုန်း)၊ ကိုမျိုးဇော်အောင် (ကန့်ဘလူ)တို့ ဖြစ်ပါသည်။ အဖမ်းခံရသော ကျောင်းသူ မိန်းကလေးများလည်း ရှိပါသည်။ နန်းအောင်ထွေးကြည် (ရန်ကုန်)၊ မခင်ချိုဦး (ရန် ကုန်)၊ နန်းစော၊ မတူးတူး (ဗန်းမော်)တို့ ဖြစ်ပါ သည်။
ညနေစောင်း အလုပ်သိမ်းချိန်ကြမှ အလုပ်သွားလုပ်သော သူငယ်ချင်းများ ပြန်လာပါသည်။ ကျွန်တော်၏ မျက်နှာချင်း ဆိုင်တွင် ကျော်ကျော်မင်းကို တွေ့ရသည်။ ကျွန်တော်၏ရှေ့က ဖြတ်လျှောက်နေချိန် တွင် “မင်း ငါ့ကို ဆွဲထည့်ထားတယ်” ဟု ပြောလိုက်ပါသည်။
“မင်းမရှိတော့ဘူးထင်လို့ မင်းနာ မည်ပြောလိုက်တာ” ဟု သူကပြန်ပြောပါ သည်။ ဒီထက်လည်းပိုပြီး စကားပြောခွင့် မသာပါ။ ဒီတစ်ကြိမ် သူငယ်ချင်းနှစ် ယောက် ပြန်ဆုံရသည်မှာ ပျော်စရာ မကောင်းပါ။ စိတ်တက်ကြွမှု မရှိတော့ပါ။ ယုံကြည်ချက်များ ပျောက်ဆုံးကုန်ပါပြီ။ ရေခဲပါသည်ဆိုသော ပါဂျောင်လိုင်ဇာ စခန်း၏ အအေးဓာတ်သည် ကျွန်တော်တို့ ရင်ထဲက အပူကို မအေးချမ်းစေပါ။ သူက ခြေထောက်သံကြိုးတန်းလန်းနှင့် တစ်နေ ကုန် အလုပ်လုပ်ပြီး ညနေစောင်းမှ ပြန် လာချိန်တွင် ကျွန်တော်က ထိပ်တုံးထဲမှာ ပက်လက်အနေအထားဖြင့် သူငယ်ချင်း နှစ်ယောက်၏ တွေ့ဆုံမှုသည် ကြေကွဲစရာ ကောင်းလှပါသည်။
သူ့မှာလည်း သူ့ခံစားချက်နှင့်သူ၊ ကျွန်တော့်မှာလည်း ကျွန်တော့်ခံစားချက် နှင့်ကျွန်တော်။ ရှေ့ခရီးက မရေရာတော့ပါ။ ခံယူချက်တွေ မယိမ်းယိုင်အောင် အား တင်းထားပြီး ယုံကြည်ချက်ပန်းတိုင် အရောက်သွားမည်ဟု ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်သည်လည်း လေထဲတွင် ပျောက်ကွယ်သွားတော့သည်။
ညခုနစ်နာရီလောက်တွင် ကျွန် တော့်ကို စစ်မေးဖို့ ကြိုးတုပ်ပြီး အချုပ်ထဲ မှခေါ် ထုတ်သွားပါသည်။ ပထမဆုံး အစစ် ခံရသော နေရာဖြစ်ပါသည်။ ကျွန်တော့်ကို မြေကြီးပေါ်တွင် ခြေထောက်ဆင်းပြီး ထိုင် ခိုင်းပါသည်။ လက်နှစ်ဖက်ကို နောက်ပြန် ကြိုးတုပ်ထားပါသည်။ မင်း ထောက်လှမ်း ရေးစပိုင်ဟုတ်တယ်မို့လားဟုစပြီး မေးပါ သည်။ ကျွန်တော်က မဟုတ်ဘူးဟု ငြင်း ပါသည်။
ထိုအချိန်မှစပြီး ကျွန်တော့်ကို စစ်ဖိ နပ်တွေနဲ့ ၀ိုင်းပြီးကန်ပါတော့သည်။ “ကျွန် တော်က ရွှေဘိုမြို့ ကျောင်းသားသမဂ္ဂမှာ အလုပ်လုပ်ခဲ့တဲ့ ကျောင်းသားစစ်စစ် တစ် ယောက်ပါ။ ခင်ဗျားတို့မယုံရင် လှမ်းပြီး စုံ စမ်းလို့ရပါတယ်” ဟု ထပ်ပြီး ပြောလိုက်ပါသည်။
ဘာပြောကောင်းမလဲ၊ ၀ိုင်းပြီး ထိုး ကြပါတော့သည်။ ကျွန်တော့်ကို ၀ိုင်းရိုက် သူများကတော့ သောကြာ၊ သန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်၊ နာမည်မေ့နေ သော အခြားလေးယောက်လောက် ရှိပါ သေးသည်။ ကျွန်တော်မသိသောသူတွေ လည်း ပါပါသည်။ ဒီတစ်ကြိမ်စစ်မေးတော့ ကျွန်တော့်မျက်နှာကို အ၀တ်မစည်းတော့ ပါ။ အောက်က မြေကြီးကလည်း ညပိုင်း ရောက်လေ ပိုပြီး အေးလေပါပဲ။ သူတို့ က ကျွန်တော့်ကို ခေါင်းမာသည်ဟုပြောပါသည်။
တကယ်တော့ ကျွန်တော် ခေါင်းမာ ခြင်းမဟုတ်ပါ။ ပြောစရာအချက်အလက် က နည်းနေတော့ တခြားသူတွေကိုပါ ထပ် ပြီး အထည့်ခံရမှာ စိုးရိမ်ပြီး မိမိအသားကို အနာခံ၍ အချိန်ဆွဲနေခြင်းဖြစ်ပါသည်။ သူ တို့စိတ်ကြိုက် အဖြေမရလေ၊ ညှဉ်းဆဲလေ လုပ်နေပါသည်။ ကျွန်တော်ရှေ့တွင်ရှိသော မီးဖိုမှ ထင်းချောင်းဖြင့် ဘယ်ဘက်နဖူး အပေါ်ကို ရိုက်လိုက်ရာ သွေးများ ပါးပေါ် သို့ စီးကျလာပါသည်။ နောက်ထပ် ထင်းချောင်းဖြင့် ဦးခေါင်းဘယ်ဘက်ခြမ်း ပေါ်သို့ သုံး၊ လေးကြိမ်လောက် ရိုက်လိုက်ရာ ကျွန်တော်၏မျက်နှာပေါ်တွင် သွေးခြင်း ခြင်းရဲပါတော့သည်။
ကျွန်တော်က ထောက်လှမ်းရေး ဟုတ်ကြောင်း ၀န်မခံလေ သူတို့တစ်တွေ စိတ်ဆိုးလေ ဖြစ်နေပါသည်။ ကျွန်တော်၏ ချိုင်းကြားသို့ ၀ါယာပင်နှစ်စ ညှပ်ပြီး ရှော့ခ်တိုက်ပါသည်။ တစ်ကိုယ်လုံး စူး ကျဉ်လာပြီး မခံနိုင်၍ အော်နေရပါသည်။
ကျွန်တော်၏အသံသည် တိတ်ဆိတ် ငြိမ်သက်နေသော ပါဂျောင်ကို နှင်းမှုန်တွေ ကြားမှာ လှုပ်နှိုးလိုက်ပါတော့သည်။ ကျွန် တော့်ကို ရိုက်လိုက်၊ မေးလိုက် တစ်လှည့်စီ လုပ်နေပါသည်။ ထိုအချိန်တွင် ကျွန်တော့် ကို စစ်ဆေးနေသော တဲဘေးမှနာရီ သံချောင်းခေါက်သံ ပေါ်လာပါသည်။ ညလည်း တော်တော်နက်လာပါသည်။ အအေးဓာတ်လည်း လွန်ကဲလာပါတော့ သည်။ သူတို့လည်း စိတ်ရှည်ပုံမပေါ်တော့။
“ဒီကောင် တော်တော် ခေါင်းမာ တာပဲ” ဟု ပြောပြီး သောကြာက ကြွပ် ကြွပ်အိတ် (ပလတ်စတစ်အိတ်)အကြီးနှင့် ကျွန်တော်၏ ခေါင်းကို စွပ်လိုက်ပါသည်။ အသက်ရှူလိုက်လျှင် ပလတ်စတစ်က နှာခေါင်းပေါက်ကို လာကပ်ပြီး လေပေါက် ပိတ်သွားပါသည်။ ပလတ်စတစ်ကို ခေါင်းမှာစွပ်ပြီး ၀ိုင်းကန်ကြပါသည်။ ကျွန်တော် တော်တော် အနေခက်ပါသည်။ ပလတ်စတစ်အိတ်ကို ကျွန်တော့်ခေါင်းမှ ဆွဲချွတ်လိုက်ပြီး သောကြာက ဓားမြှောင် ကို ဓားအိမ်မှ ဆွဲထုတ်လိုက်ပါသည်။ ကျွန်တော်လည်း လန့်သွားပါသည်။ လက် လွန်သွားမှာကို ကြောက်ပါသည်။ ဓားချွန် ဖြင့် ကျွန်တော်၏လက်မောင်းကို ကြိမ်ဖန် များစွာခြစ်ပါသည်။ ညာလက်မောင်း အင်္ကျီစများ စုတ်ပြတ်သွားပါသည်။ ထို့ နောက် ဓားမြှောင်ကို မီးကင်ပြီး ကျွန်တော် ၏ ဘယ်ဘက်ရင်အုံကို ကြယ်သီးဖြုတ်ပြီး ကပ်လိုက်ပါသည်။ ကျွန်တော်လည်း မခံ နိုင်၍ အော်နေရပါ သည်။
ကျွန်တော့်ကိုယ်ခန္ဓာတစ်ခုလုံး မခံနိုင်လောက်အောင် နာကျင်နေပါသည်။ ဆုံးဖြတ်ချက်ချလိုက်ပါသည်။ ကျွန်တော် ထောက်လှမ်းရေးစပိုင်ဟု ပြောလိုက်ပါ သည်။ ထိုအခါကျမှ သူတို့စိတ်ကျေနပ် သွားကြပြီး ကျွန်တော့်ကို မရိုက်တော့ပါ။
“မင်းက အသားအနာခံပြီး တော်တော် ခေါင်းမာတာပဲ။ နောက်ဆုံးတော့ ၀န်ခံရ တာပဲမဟုတ်လား” ဟု သူတို့က ပြောပါ သည်။ “မင်းကို ဘယ်တပ်က စပိုင်လုပ်ဖို့ လွှတ်လိုက်တာလဲ” ဟု စမေးပါသည်။
“ရွှေဘိုစစ်တပ်ကလွှတ်တာပါ”
“မင်းက ဘယ် အဆင့်လဲ”
“ကျွန်တော်က ရိုးရိုးတပ် သားပါ”
“မင်းဆရာက ဘယ်သူလဲ”
“ဆရာကြီးမြင့်ဦး”
“ဘယ်နှယောက်လွှတ်လိုက်တာလဲ”
“ကျွန်တော် တစ်ယောက်တည်း လွှတ်လိုက်တာ ပါ”
တကယ်တော့ ဒီအကြောင်း အရာတွေကို ထွက်ဆိုဖို့တန်းစီးလုပ်သည့် ၀င်းမြင့်(ဇီးကုန်း)က သင်ပေးလိုက်ခြင်း သာဖြစ်ပါသည်။ သူသာ အချိန်မီ မပြောနိုင် ခဲ့လျှင် ကျွန်တော့်မှာ ပြောစရာစကားမရှိ၍ စစ်မေးနေရင်း လက်လွန်ပြီး အသက် သေဆုံးနိုင်ပါသည်။ နောက်ဆုံး ကျွန်တော် ၏ လက်ဗွေရာများကို ကျွန်တော့် ထွက်ဆို ချက်တွင် နှိပ်ပြီး လက်မှတ်ထိုးခဲ့ရပါသည်။ ကျွန်တော့်ကို အချုပ်ထဲပြန်ပို့ရန်အတွက် နှစ်ယောက်မပြီး ဆွဲထူရပါသည်။ ခြေ ထောက်တွေလည်း ထုံကျဉ်နေပါသည်။ လမ်းလျှောက်ရတာ တရွတ်တိုက်နေပါသည်။
စစ်မေးသည့် တဲအပြင်ရောက်တော့ နာရီခေါက်သံမှာ ညတစ်နာရီဖြစ်နေပါ သည်။ တဲအပြင်သို့ရောက်သောအခါ အအေးဓာတ်က ဆီးကြိုနေပါသည်။ ဆီး နှင်းများကျပြီး လေကတိုက်သောအခါ ခိုက်ခိုက်တုန်အောင် ချမ်းပါသည်။ စစ်ယူ နီဖောင်း ရှပ်အင်္ကျီနှစ်ထည်သာ ၀တ်ထား သော ကျွန်တော်သည် ရေခဲတောင်ဒေသ ၏ ညသန်းခေါင်ယံ အအေးဓာတ်ကို အလူးအလဲ ခံရပါသည်။
ခြေထောက်မှာလည်း ဖိနပ်မပါ သောကြောင့် ခြေဖျားများ ထုံကျဉ်နေပြီး အချုပ်ဘားတိုက် နေရာသို့ရောက်အောင် တရွတ်တိုက်ပြီး သွားနေရပါသည်။ အချုပ် ဆောင်နေရာတွင် လုံခြုံရေးတာဝန်ယူရ သော တပ်စိတ်မှူးက ကျွန်တော့်ကိုမြင် ပြီး စိတ်မကောင်းဖြစ်နေပုံရပါသည်။ ကျွန် တော့်ကို မီးပုံဘေးတွင် မီးလှုံခိုင်းပြီး လက် တွင်ချည်ထားသော ကြိုးများကို ဖြေခိုင်း ကာ ရေနွေးကြမ်းတိုက်ပါသည်။ ဆယ့်ငါး မိနစ်ခန့် မီးလှုံ၍ အချမ်းပြေသောအခါ ထိပ်တုံးထဲတွင် ခတ်လိုက်ပါသည်။ သူနှင့် ကျွန်တော်သည် တပ်ရင်း - ၅ ကတည်းက သိကျွမ်းခဲ့သူဖြစ်ပါသည်။
အပိုင်း(၄) ဆက်ရန်
No comments:
Post a Comment