-------------------------------
အရင်တုန်းကအကြောင်းတွေ စဉ်းစားမိရင်--- ပြည်ထောင်စုနေ့ကြီး နီးလာပြီဆိုရင်--- မင်းအကြောင်းတွေကို ပိုပိုသတိရမိတယ် သူငယ်ချင်း။
လူကသေးသေးမဲမဲ မျက်မှန်အ၀ိုင်းနဲ့ဆိုတော့ ငါကမင်းကို "ဂန္ဓီ" လို့ ခေါ်ခဲ့တယ်။ ခေါ်တိုင်းလည်း စိတ်မဆိုးခဲ့ဘူး။ (ရင်းနှီးမှုမရှိခင်ကတော့ ကိုမောင်မောင်ကြွယ် လို့ ခေါ်ခဲ့တယ်) အမြဲတမ်း စိတ်ရှည်တယ်၊ သီးခံမှုရှိတယ်၊ အဖွဲ့အစည်းပေါ်မှာ အနွံအနာခံတယ်။ တခါတလေ မင်းရဲ့ ဒေါသထွက်၊စိတ်ဆိုးတဲ့ပုံကို မြင်ရရင် ဂန္ဓီကြီးစိတ်ဆိုးတာ မလိုက်ဖက်ဘူးဆိုပြီ ခိုးပြီးရယ်ခဲ့ဘူးတယ်။
ကာလအတန်ကြာ ညီအစ်ကိုတွေထက်တောင် တွဲခဲ့တယ်၊ အတူနေထိုင်ခဲ့တယ်။ ခြံစောင်ထိုင်တဲ့တဲမှာ အတူနေခဲ့ဘူးတယ်။ ကားဂိုထောင်မှာ အတူအိပ်ခဲ့ဘူးတယ်။ ပိုင်ရှင်မသိဘဲ “ဖ၊ဆ၊ပ၊လ” ခေတ်က သတင်းစာတွေ ယူဖတ်လို့ ဆူခံထိဖူးတယ်။ ပိုက်ဆံမရှိလို့ ရွှေဂုံတိုင်ထိပ်က ထမင်းဆိုင်မှာ နေ့တိုင်းနီးပါး ဘဲဥဟင်းနဲ့ စားခဲ့ဘူးတယ်။
နေ့စဉ်နေ့တိုင်း အတူသွား အတူလာရင်း တနေ့တချိန်မှာ ခွဲရလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ မတွေးမိခဲ့ဘူး။ ငါတို့တွေ ခံယူချက်ချင်းတူတယ်၊ ယုံကြည်ချက်ချင်း တူတယ်၊ ပန်းတိုင်ချင်းတူတယ်။ ဒါပေမဲ့ အခြေအနေအကြောင်းကြောင်းကြောင့် လုပ်ဆောင်တဲ့ ကဏ္ဍတွေ ကွဲလွဲသွားခဲ့ကြတယ်။ အဒီအချိန်မှာ မင်းနဲ့ကွဲကွာခဲ့ရတယ်။ ခဏတာ (သို့) အချိန်အတိုင်းအတာအထိလို့ ထင်မိခဲ့တယ်။ အခုတော့ ထင်မိတာတွေ လွဲချောခဲ့တယ်။ သူငယ်ချင်း---မင်းဟာ ငါတို့နဲ့ ထာဝရ ခွဲခွါသွားခဲ့ပြီပေါ့။ (သက်ဝင်းအောင်ဟာ စစ်အာဏာရှင်တွေရဲ့ အကျဉ်းစခန်းမှာ ကျဆုံးခဲ့ရတယ်--- မင်းကတော့----မှာ ကျဆုံးခဲ့ရတယ်) မင်းတို့နှစ်ယောက်လုံးဟာ “အ၊က၊သ” ရဲ့ သမိုင်းစာမျက်နှာတွေမှာ မပါမဖြစ် မှတ်တမ်းတင်ရမဲ့ သူတွေပါ။
မင်းရဲ့လုပ်ရပ်--- မင်းရဲ့အနစ်နာခံမှု--- မင်းရဲ့စွန်လွှတ်မှုတွေကို ဂုဏ်ပြုရင်း---
(ကိုကိုလတ်)
No comments:
Post a Comment