by May Thingyan Hein on Thursday, December 20, 2012 at 9:06am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဒီဇင်ဘာ ၂၀၊ ရန်ကုန်မြို့။
အပိုင်း(၁၇)
သက်လင်း လာခေါ်တော့ ကျမ တော်တော်လန့်သွားတယ်။ ကြောက်တာပေါ့ကွာ။ သိတဲ့ အတိုင်းပဲလေ ဟာ သွားပြီပေါ့ ပြဿနာပဲပေါ့။ ငါ့ကို သတ်တော့မလား၊ ပြီးတော့ ခေါ်တာကလည်း တယောက်တည်းကိုပဲ ခေါ်တာ ဆိုတော့ သွားပြီပေါ့။
အဲဒါက စက်တင်ဘာ ၂ ရက်နေ့ပေါ့၊ ၁၉၉၂ ခုနှစ်။ သက်လင်း လာခေါ်တဲ့ အချိန်က ညကြီး တော်တော်လည်း ညနက်နေပြီ၊ ပြီးတော့ အပြင်ထွက်လာတော့ သက်လင်းက ဘာပြောလဲ ဆိုတော့ အသံမထွက်ရဘူး၊ စကားမပြောရဘူး၊ လက်နှိပ်ဓါတ်မီး မထိုးရဘူးတဲ့ အဲလိုပြောတော့ စိတ်ထဲမှာလည်း တွေးပြီး ကြောက်တာပေါ့၊ ပြသနာပဲ ငါ့ကို ဦးဦးဖျားဖျားတော့ စွဲခုတ်ပြီပေါ့။ သတ်ပြီပေါ့ အဲလို အတွေးကတော့ တခုခုဆိုရင် ကျမတို့ တွေးမိကြတာပဲ။ ပြောရရင်တော့ ၅၅ ယောက်ထွက်ပြေးပြီးကတည်းက ကျမတို့ကို အကျယ်ချုပ်ထားတာ။ တဲထဲမှာ ၉ ယောက်ကို ထည့်ထားပြီး လုံးဝ အကျယ်ချုပ်ထားတာ။ သူတို့ အချိန်မရွေး သတ်မယ်ဆိုရင်လည်း သတ်လို့ရတယ်ပေါ့နော်။
၅၅ ယောက် ထွက်ပြေးတော့ ကျမတို့ကို သတ်ပြီပေါ့၊ ဒါပေမဲ့ သိတယ် မဟုတ်လား ကိုကြောင်၊ ကိုကျော်နိုင်ဦးက သံချောင်းနဲ့ စကားတွေ ပြောကြတယ်။ စကားပြောကြတော့ သံချောင်းက မျိုးဝင်း ပြန်လာမှ ဆိုပြီး ဖြစ်ရော၊ အဲဒီလို အချိန်မှာ မျိုးဝင်း က ရှေ့တန်းသွားနေတယ်လေ။
မျိုးဝင်း ရှေ့တန်းသွားတာ ဘယ်အချိန်က သွားတာလဲ ဆိုတာတော့ ကျမ မသိဘူး။ ဒါပေမဲ့ ၅၅ ယောက်ထွက်ပြေးတဲ့ အချိန်မှာတော့ မျိုးဝင်း မရှိတာ သိလိုက်တယ်၊ မှတ်မိတယ်။ မျိုးဝင်း မရှိတဲ့အတွက် သံချောင်း က ကျမတို့ကို သတ်ဖို့ မသတ်ဖို့ ဘာမှ မဆုံးဖြတ်တော့ဘူး၊ တကယ်လို့ မျိုးဝင်းသာ ရှိရင် ကျမ ထင်တယ်၊ ကျမတို့ သေပြီ။
နောက် အဲဒီလို အခြေအနေမှာပဲ မျိုးဝင်း ရှေ့တန်း ကျသွားတယ်။ မျိုးဝင်း ရှေ့တန်းကျသွားတော့ ကျမတို့ကို သံချောင်းနဲ့ ရော်နယ်အောင်နိုင်က ဘာလုပ်မလဲ ပေါ့။ ဆက်ထားမလား၊ ရှုပ်တယ်ကွာ ဆိုပြီး သတ်ပစ်မလားပေါ့။ အဲလို အချိန်လေ။ ခုလို ခေါ်တော့ ကြောက်တာပေါ့။
အဲတော့ သက်လင်းနဲ့ အောက်ကို ဆင်းလာလိုက်ရော၊ ဆင်းလာလိုက်တော့ သက်လင်းက တိတ်တိတ်နေတဲ့လေ၊ အဲဒီ ကလေးလေးက အာဏာတွေ အရမ်းပြတယ်။ အဲဒီမှာ ဆင်းလာလိုက်တောို့ ဆက်သွားလို့ရှိရင် လက်ချာဟောနဲ့ ရဲမေဆောင်ပေါ့ ညာဘက်ကို ကွေ့လိုက်ရင်တော့ လိုင်စင်ကိုသွားတဲ့ ဘက်ပေါ့၊ KAI ဘက်သွားတာပေါ့ ကျောင်းသားဂိတ်ပေါ့နော၊ ဘယ်ဘက်ကို ချိုးရင်တော့ အလားအလာ မကောင်းဘူး လူသတ်ကုန်းဘက်သွားမှာပဲလေ။
အဲဒီမှာ သက်လင်းက ဘယ်ဘက်မှ အချိုးဘဲနဲ့ သက်လင်းက ရပ်လိုက်ရော အလယ်ကြီးမှာလေ ရပ်လိုက်ပြီးတော့ အသံမထွက်ရဘူး တဲ့ အဲလောက်ပြောပြီး ရပ်နေရတာ ၅ မိနစ်လောက်ရှိတယ်။
အဲဒီမှာ လိုင်ဆင်ဘက် ကားတစီးက ရောက်လာရော ရောက်လာတော့ ကားပေါ်တက်တဲ့။ အဲဒီကားက KIA ကားကြီး၊ သွားပြီ ငါတော့ KIA နဲ့လည်း ညှိပြီဆိုပြီး ကြောက်တယ်။ ဘာကြောင့်လဲ ဆိုတော့ အန်တီညို ကိစ္စက ရှိနေတာကို။
ကားက နယူးကမ့်ကို မသွားဘဲနဲ့ လိုင်စင်တောင်ကုန်းပေါ်ကို တက်သွားတယ်။ ပြီးတော့ ဗိုလ်မှူးကြီး ဆန်နီအိမ်ကို သွားတယ်၊ အဲဒီမှာ ရပ်တော့ ဆင်းဆိုတာနဲ့ ဆင်းလိုက်တယ်။
ဗိုလ်မှူးကြီး ဆန်နီ အိမ်ထဲလည်း ရောက်ရော…အဲဒီမှာ သံချောင်း ရှိနေတယ်။ ဗိုလ်မှူးကြီး ဆန်နီနဲ့ အတူ သံချောင်း စောင့်နေတယ်ပေါ့။ ကျမလည်း ၀င်သွားရော ဗိုလ်မှူးကြီး ဆန်နီက မငယ် မင်း ထိုင်ဆိုတာနဲ့ ထိုင်ရတယ်။
နောက် ဘာစကားမှ လည်း မပြောဘူး ကွာ၊ အအေးတွေ ဘာတွေ တိုက်ပြီး သောက်လို့ ပြောတယ်၊ ကျမလည်း ပထမတော့ ဘယ်သောက်ရဲမလဲ၊ နောက်တော့ စပရိုက်တွေ ဘာတွေ သောက်လို့ တိုက်တာနဲ့ သောက်ရတယ်။ နောက်တော့ ကျမလည်း မနေနိုင်တော့ဘူးလေ၊ ဒီလောက်ကြီး အသံတိတ်နေတာနဲ့၊ ကျမက ဒူကဗားတို့ ဘာလဲ မသိဘူး လို့ မေးလိုက်တယ်။
မင်း မကြောက်နဲ့တဲ့ ဒါကုန်အောင်သောက်တဲ့ ဒါကုန်အောင် သောက်ပြီးမှ ငါပြောမယ်တဲ့။ အဲလို ပြောတော့ ကျမလည်း ကုန်အောင် သောက်တာပေါ့။
ပြီးတော့မှ တုန်းတိတိကြီးနဲ့ ပြောတယ်။
မင်း KIA ပြောင်းမလားတဲ့…။
ဟာ ….ဘုမသိ…ဘမသိဘဲနဲ့… တုံးတိတိကြီး ပြောချလိုက်တာ။ ကျမ အံ့သြသွားတယ်။အဲဒါနဲ့ ဗိုလ်မှူးဆန်နီကို အံ့သြပြီး မျက်လုံးပြူးပြီး ကြည့်နေတော့ သံချောင်း ကကျမကို ကြည့်နေတယ်။
ဗိုလ်မှူး ဆန်နီက ဟေ့ သံချောင်းတဲ့ …မင်း မကြည့်နဲ့တဲ့။ မင်းမကြည့်ရဘူးတဲ့။ မငယ် KIA ပြောင်းမလားတဲ့။
ကျမလည်း ဘာမှ မဖြေတော့ဘူး။ ဗိုလ်မှူးကြီး ဆန်နီကို ပေပြီးတော့ပဲ ကြည့်နေတာ။ အဲဒီမှာ သူက နေဦး ဆိုပြီးတော့ ဖုန်းသွားခေါ်တယ်။ ဗိုလ်ချုပ်ဇော်မိုင်ကို သွားခေါ်လိုက်တာ။ အဲဒီမှာ သူက ပြောတယ်၊ ငါ အခု မေးနေတာတွေက ငါက မေးတာ မဟုတ်ဘူး၊ ဗိုလ်ချုပ်ဇော်မိုင်က မေးခိုင်းတာ မေးနေတာပေါ့။
အဲဒီမှာ ဘာဖြေရမှန်း မသိဘူး၊ ဘာပြောပြောလေ ကျမနောက်မှာ ၈ ယောက်ကျန်သေးတယ်၊ ကျမတို့ အတူတူ အကျယ်ချုပ်ကျနေတဲ့ ၈ ယောက်ရှိသေးတယ်လေ။ ကျမက အမြဲတမ်း သူတို့နဲ့ တိုင်ပင်ရမယ်၊ တကိုယ်ကောင်းလည်း ဆန်လို့မရဘူး။ ကျမနဲ့ အတူ ရှိနေတာ ၈ယောက်။ ဆိုတော့ ဒီ ၈ယောက်နဲ့ မတိုင်ပင်ဘဲနဲ့ ကျမ ဘာမှ မဆုံးဖြတ်ဘူး၊
သူတို့ ဘယ်လို သဘောထားလဲ ဆိုတာသိရမယ်ဆိုတော့ ကျမတော့ ဘာမှ မဖြေဘဲနဲ့ ငြိမ်နေလိုက်တာပေါ့။
ကျန်တဲ့ သူတွေနဲ့ တိုင်ပင်ချင်တယ်၊ ဆွေးနွေးမယ်ဆိုတာလည်း စိတ်ထဲမှာပဲ ထားတယ်၊ အဲဒီမှာ ဘာတခုမှ မပြောခဲ့ဘူး။
အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က ကျမကို တရက်အချိန်ပေးပေါ့လေ၊ မနက်ဖြန်ကိုတော့ စဉ်းစားပြီး ပြန်လာခဲ့ပေါ့လေ။ မငယ်ပေါ့ မင်း စဉ်းစား မင်း ဆုံးဖြတ်တော့ မနက်ဖြန်တော့ ဒီမှာလာအဖြေပေးတဲ့ အချိန်မှာ သံချောင်းက လုံးဝ လိုက်လာခွင့်မရှိဘူး။ ဒါ ဗိုလ်ချုပ်ဇော်မိုင် အမိန့်ပေါ့လေနော်။ နောက် သံချောင်းအနေနဲ့က ကျမကို ပိတ်ပင် ပိုင်ခွင့်လည်း မရှိဘူး၊ မေးလည်း မမေးရဘူး။ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး အဲလိုကို ပြောတာ။
အဲဒါနဲ့ သံချောင်းနဲ့ ပြန်လာလိုက်ရော…ညကလည်း တော်တော်နက်နေပြီ။ အဲဒီမှာ ကျမက ပြန်ချင်တာပေါ့ ၉ ယောက်တဲ ထားတဲ့ အကျယ်ချုပ်ထားတဲ့ နေရာကို ပြန်ချင်ပြီပေါ့၊ ဒါပေမဲ့ သံချောင်းက မပြန်ရဘူး။ မငယ် ငါနဲ့ လိုက်ခဲ့တဲ့။ ကြောက်တယ်လေ နော၊ လိုက်ဆိုတော့လည်း လိုက်ရတာပေါ့၊ သူသည် ခေါင်းဆောင်ပဲ။ လိုက်ဆိုတော့ ဘာပြောရဲမှာလဲ။
အဲဒါနဲ့ လိုက်သွားလိုက်တာ သက်လင်းက မီးတွေ ဘာတွေ ဖိုပေးနဲ့ မီးလှုံနေတာ အဲဒီမှာ သံချောင်းက တခွန်းမှကို စကားမပြောတော့ဘူး။ မျက်နှာချင်းဆိုင် ထိုင်ပြီး ငြိမ်နေတယ်။ ကြာတော့ ကျမလည်း မနေနိုင်တော့ဘူး Cs လို့ဘာပြောချင်သလဲလို့ မေးလိုက်တော့ သူက မင်း….တဲ့။
မင်း… တကယ်ပြောင်းမှာလားလေ…တဲ့… ဟာကွာ…ငါ့မှာ ….ဒီလို မေးပိုင်ခွင့်တောင် မရှိတော့ပါလား လေ့…တဲ့။
အဲလို မေးတော့ ကျမက မပြောဘူး ၊ ပြောင်းမယ်လည်း မပြောဘူး မပြောင်းဘူးလဲ မပြောဘူး။ ဒီအတိုင်းပဲ ငြိမ်နေတာ။ မပြောဘူး။
အဲတော့ သံချောင်းက မင်းလူတွေနဲ့ မင်းတိုင်ပင်ချင်သလား။ ညီညီ့ကို ခေါ်လိုက်လေတဲ့။(ညီညီဆိုတာ စမားညီညီ)
သက်လင်းတဲ့ သွားတဲ့ ညီညီကို့သွားခေါ်တဲ့။ အဲလို ပြောတော့ သက်လင်းက အောက်ကို ပြေးဆင်းသွားတာ။ အဲဒီမှာ ကျမ စိတ်ထဲ ထိတ်ကနဲဖြစ်သွားတယ်။
ဘာကြောင့်လဲဆိုတော့ ကျမ ပျောက်နေတာ ကြာပြီလေ၊ ခု နောက်တယောက်ကို ပြန်ခေါ်ထုတ်မယ်ဆိုတော့…အဲဒါနဲ့ပြေးဆင်းသွားပြီးတော့ သက်လင်းနဲ့ အတူ တဲဆီကို သွားပြီး ကိုရဲတို့ကို ခေါ်လိုက်တာပေါ့။
အဲဒီမှာ ကျမလည်း တဲထဲကို ၀င်သွားရော ကျန်တဲ့ သူတွေက ပြူးပြဲပြီး ကြည့်နေကြတယ်၊ ၀ဏတို့ဘာတို့ဆိုရင်လည်း မျက်လုံးလေးတွေပြူးပြီး ကြည့်ကြတာ။ အဲဒီမှာ ကျမက ကိုညီလို့ လိုက်ခဲ့ပါလို့ ဆိုတော့ ကိုညီက ထလာတယ်။
ကိုညီညီက ကြောက်တတ်တယ်သိလား၊ပြူးတိ့ပြူးကြောင်လေးနဲ့ ကြည့်တော့ကိုယ်ကလည်း ဒီအချိန်မှာ သူတို့ကို ပြောပြလို့မရဘူးလေ အဲဒါနဲ့ သူတို့ကို အေးအေးဆေးဆေး အကြည့်နဲ့ပဲ ကြည့်လိုက်တယ်။
အဲဒါနဲ့ကိုညီကို အပေါ်ကို ခေါ်လာခဲ့တယ်၊ သံချောင်းနဲ့ တွေ့တော့သံချောင်း က ညီညီ့ကို ရှင်းပြတယ်။ မငယ်ကိုတော့ KIA က ခေါ်ပြီပေါ့၊ ကိုညီညီ ဘယ်လို သဘောရသလဲပေါ့။ အဲဒီမှာ သံချောင်းက ကျမရဲ့ သဘောကို အရမ်း သိချင်တာ။
အဲဒီမှာ ကျမနဲ့ ကိုညီနဲ့က ကပ်ထိုင်ကြတာ၊ အဲလို ကပ်ထိုင်နေကြရင်းနဲ့ ကိုညီက ဟာ…မငယ်တဲ့..ကျနော်တို့ ကျောင်းသားအဖွဲ့က ဒီလောက်စိတ်သဘောထား မြင့်မြတ်နေတာ KIA ဘာလို့ ပြောင်းမှာလဲပေါ့၊ ကျောင်းသားတပ်နဲ့ပဲ လက်တွဲကြရအောင်ပါပေါ့…ညီညီက ပါးစပ်ကနေ အဲလို ပြောရင်းနဲ့ သူ့ရဲ့ ခြေထောက်ကတော့ သူ့ရဲ့ စစ်ဖိနပ်နဲ့ အမရဲ့ ခြေထောက်ကို ဖိချေနေတာ။ သဘောက သူပြောတာကို မယုံနဲ့ပေါ့ ၊ ငါ ဘာပြောပြော မင်းမယုံနဲ့ပေါ့၊ အဲဒီသဘောနဲ့ သူလုပ်နေတာ။ ကျမကလည်း အဲဒါကို သဘောပေါက်ပါတယ်။
အင်းပါလို့ ကိုညီ ကျနော် စဉ်းစားဦးမယ်လို့ ကျောင်းသားတပ်မတော်ကိုလည်း သဘောပေါက်ပါတယ်လို့၊ KIA ကို ပြောင်းဖို့ ဆိုတာလည်း မလွယ်ပါဘူး လို့ အဲလို ပြောပြီး ကျမတို့ ပြန်ဆင်းလာခဲ့ကြတယ်။
တဲ ထည့်ရောက်တော့ တိုင်ပင်မယ် ဆိုပြီး ပြန်ဆင်းလာခဲ့ကြတာ။
ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment