by Tamar Khin on Monday, January 28, 2013 at 5:17pm ·
(၄)
မြောက်ပိုင်းအဖြစ်အပျက်တွေ ပြန်ဖော်တဲ့အခါမှာလည်း သူ့ကိုလုပ်မဲ့ဟန်နဲ့ ခြိမ်းခြောက်ခဲ့တာ ကလွဲလို့ အမှန်တကယ် အနှိပ်စက်ခံ ခဲ့ရတာသိပ်မရှိခဲ့ သူ့ဘာသာသူ ထွက်ဆိုခဲ့တာတွေပဲ ဖြစ်တော့ ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့သူတွေ ဘယ်လိုပုံစံမျိုးတွေနဲ့ နှိပ်စက်ခံခဲ့ရ တဲ့အကြောင်းတွေကို သာ ထပ်ခါတလဲလဲ ရေပက်မဝင်အောင် အသုံးချပြော (သူဘယ်တုန်းကမှ အရေးစိုက်ဆက်ဆံ ခြင်းမျိုး တောင်မရှိခဲ့တဲ့ မခင်ချိုဉီးတို့လိုလူမျိုးတွေ) ဟုတ်တာရော မဟုတ်တာတွေရော ပြောတဲ့အချိန်မှာ ဇာတ်နာသွားအောင် သိသိချည်း နဲ့ကို တမင်ထည့်ပြော လက်ညိုးတွေ တထိုးထဲထိုး ပြပြီး ထောက်လှန်းရေးဖြစ်ခဲ့ကြရင်တောင် အဲဒါတွေက အရေးမပါတော့တဲ့ အဆင့်မျိုးထိရောက်အောင် တွန်းပို့သွားပါတယ်။
ဘယ်လိုလူသားမျိုးရဲ့ နှလုံးသားကမှ လက်မခံနိုင်တဲ့ပွိုင့်ကိုကိုင်ပြီး ဖြစ်ခဲ့တဲ့အကြောင်းအရင်း အမှန်ထိမရောက်အောင် ကြိုပြီး ပိတ်ပင်တားဆီးလိုက်ခြင်းမျိုးလည်း ဖြစ်နေပါတယ်။
နန်းအောင်ထွေးကြည်ပြောခဲ့တဲ့ ဒီခွဲထားတဲ့လိုင်းတွေကို အမှန်တကယ် ယုံကြည်သွားခဲ့ကြတဲ့ အတွက်ကြောင့်လည်း ကိုသံချောင်း က အဖမ်းခံထားရတဲ့ ကြောင်(ခ) ကိုကျော်နိုင်ဉီး (သာယာဝတီ) ကို” မင်းငါတို့နဲ့ အတူနေပြီး ငါတို့ကို ထမင်းချက်ကျွေးနေတာပဲ ဘာကြောင့် အဆိပ်ခပ် မသတ်ခဲ့တာလဲ”လို့ မေးခဲ့တာလည်း ဖြစ်ပါတယ်။ ကိုကျော်နိုင်ဉီးဆိုတာ အဖမ်းမခံခဲ့ရသေးတဲ့ အချိန်ထိ လူကြီးတွေရဲ့ အနီးအနားမှာပဲ နေထိုင်ခဲ့ရသူတယောက်ဖြစ်သလို လူကြီးတွေရဲ့ စိတ်နေသဘောထားတွေကိုလည်း သိရှိနားလည် နေတတ်သူတယောက် ဖြစ်ခဲ့တဲ့အပြင် တခါတလေ အောက်ခြေက ရဲဘော်ရဲမေတွေ မသိတဲ့ကိစ္စမျိုးတွေကိုတောင် သိနေတတ်တဲ့ သူတယောက် လည်း ဖြစ်ပါတယ်။ (၁၉၉၅) မှာမှ ကျောင်းသားတပ်ကနေ နောက်ဆုံးလွတ်မြောက်သွားခဲ့သူ တယောက်လည်း ဖြစ်ခဲ့သလို လက်ရှိ သာယာဝတီထောင်မှာကျနေတဲ့ ကိုသံချောင်းကိုလည်း အပြင်ကနေ လိုအပ်တာတွေ ကူညီပေးနေသူ တယောက်လည်း ဖြစ်ပါတယ်။
ကိုသံချောင်းဆိုတာ (အဲဒီအချိန်က) အဖမ်းခံခဲ့ရတဲ့ ရဲဘော်ရဲမေတွေအပါအဝင် ရဲဘော်အများစုရဲ့ချစ်ခင်ခြင်းကို ခံခဲ့ရတဲ့ စကား ပြောရင် အကွေ့အကောက်မရှိ နည်းပရိယာယ်မသုံးတတ် စိတ်ထဲရှိတဲ့အတိုင်း တဲ့တိုးပြောတတ်လုပ်တတ်တဲ့ ရဲဘော်ရဲမေတွေကို လည်း ချစ်ခင်တွယ်တာတဲ့ အင်မတန်ရိုးသားတက်ကြွတဲ့ ကျောင်းသားရဲဘော်တဉီးပါ။ နန်းအောင်ထွေးကြည်ရဲ့ အဆိုအရ အဖမ်းခံ ထားရတဲ့သူတွေထဲမှာတောင် “သံချောင်းချစ်သူများအဖွဲ့”ရှိသေးတယ် ဆိုပါ တယ်။
နန်းအောင်ထွေးကြည် အစပိုင်းအင်တာဗျူးတွေမှာ ပြောခဲ့တဲ့စကားတွေ လိုက်နင်းပြီး ပုံဖော်နေကြသလို သွေးဆာနေတဲ့ သရဲသဘက် ဘီလူးကြီး မဟုတ်ပါ။ (မေသင်္ကြန်ဟိန်းရေးတဲ့စာ ထဲမှာတော့ ကိုသံချောင်းက ရိုးတာတော့ တော်တော်ရိုးတယ် ပြန်ဖြစ်သွားပြန်တယ်။ ကျမအမြင် အရဆို ရိုးရုံတင်မကဘူး။ ကြားစကားတွေကို အလွယ်တကူယုံကြည် လက်ခံသွား တတ်တဲ့ အထိ တုံးနေအောင်ကို “အ” ခဲ့တာ။) “ငါ နန်းအောင်ထွေးကြည်နဲ့ပဲ စကား ပြောချင်တယ်။ သံချောင်းမင်းနေခဲ့”လို့ ကျောင်းသား ရဲဘော်တွေရဲ့အဖေတယောက်ပမာ ဖြစ်နေတဲ့ ဗိုလ်မှူး ပန်းအောင်ရဲ့စကားကိုတောင် လွန်ဆန်ရဲခဲ့သူတဉီးမဟုတ် ချန်နေခဲ့ပေးရ သူပါ။
ဘယ်သူ့စကားမှ နားမထောင်ခဲ့ရင်တောင် ဗိုလ်မှူးပန်းအောင်ရဲ့စကားကိုတော့ မည်သည့်ကျောင်းသားရဲဘော်ကမှ မလွန်ဆန်ရဲပါ။ ကြောက်၍ မဟုတ်ပါ။ ဗိုလ်မှူးပန်းအောင်ကို ကျောင်းသားရဲဘော်တွေအားလုံးက အဖေတယောက်ပမာ ချစ်ခင်လေးစားကြရတဲ့ အတွက် ဖြစ်ပါတယ်။ မြောက်ပိုင်းတပ်ကို တိုက်ရည်ခိုက်ရည်ကောင်းလာအောင် ကျောင်းသားကွန်မန်ဒိုတွေကို လေ့ကျင့်မွေးထုတ် ပေးခဲ့တာလည်း ဗိုလ်မှူးပန်းအောင်ပါပဲ။ ကျောင်းသားထောက်လှမ်းရေးတွေ မွေးထုတ်ပေးခဲ့တာလည်း ဗိုလ်မှူးပန်းအောင်ပါပဲ။ ဒီဖြစ်စဉ် တလျှောက်လုံးမှာ ဗိုလ်မှူးပန်းအောင်လည်း ရှိနေခဲ့ပါတယ်။
ကိုထွန်းအောင်ကျော်အပါအဝင် (၁၅)ယောက်ကိုမသတ်ခင် အစောပိုင်းကတည်းက နန်းအောင်ထွေးကြည်တယောက်တည်းကို ကျောင်းသားရဲဘော်တွေမပါပဲ ဗိုလ်မှူးပန်းအောင် အဲဒီလို ခေါ် ထုတ်မေးမြန်းခဲ့ချိန်က “ကျမတို့ အားလုံးက မဟုတ်ပါဘူး။ ဒါကို တားမြစ်ပေးပါ”လို့ နန်းအောင်ထွေးကြည် အဲဒီအချိန်ကဘာကြောင့် ဗိုလ်မှူးပန်းအောင်ကို မတောင်းဆိုခဲ့တာပါလဲ။
မဟာမိတ်တွေမို့ ဝင်စွပ်ခွင့်မရှိဘူးဆိုတဲ့အကြောင်းပြချက်က နန်းအောင်ထွေးကြည်၊ ကိုညီညီ ဆမား၊ ကိုမောင်မောင်တို့ သူတို့ ဘာသာ သူတို့ပေးထားတဲ့ ရှောင်ကွန်နရီနည်းတွေထဲက တခု ပါ။ ဒီဖြစ်စဉ်အတွင်းမှာ ကေအိုင်အေဘက်က ထောက်လှမ်းရေး အရာရှိတွေလည်း ကျောင်းသားတပ်မှာ ဝင်လိုက်ထွက်လိုက် ရှိနေခဲ့တယ်ဆိုတာ မသိခဲ့ကြ မမြင်ခဲ့ကြစရာ မရှိပါဘူး။ အဲဒီလို ဝင်ရထွက်ရခြင်း နောက်တကြောင်းကလည်း ကျောင်းသားထောက်လှမ်းရေးတွေက ကေအိုင်အေက မွေးထုတ်ပေးပြီးကာစ လက်သစ်လေးတွေ ဖြစ်နေခဲ့တာကလည်းတကြောင်း အပါအဝင် ဖြစ်ပါတယ်။ ပွဲကြီးပွဲကောင်း တွေ့သွားခဲ့ရသလိုမျိုးပါ၊
(၁၉၉၀-၁၉၉၁) တပ်မဟာ(၄)နယ်မြေ ကေအိုင်အေကနေ ဉီးမထုနော်တို့အဖွဲ့ ခွဲထွက်ပြီး အပစ် အခတ် ရပ်ဆဲရေးလုပ်တဲ့အချိန်က အဲဒီနယ်မြေမှာရှိတဲ့ (၄၀၁)ကျောင်းသားတပ်ရင်း ( ကျမနဲ့ ရဲဘော်(၆)ယောက်က ပါဂျောင်မှာ ရောက်နေလို့သာ ပါမသွားခဲ့ရ) ဗဟိုကော်မတီ ကိုသံလွင် (လားရှိုး)၊ ကိုဝင်းသိန်း (လာရှိုး)၊ တပ်ရင်းမှူးကိုဇော်နော်တို့ အပါအဝင် တပ်ရင်း တရင်းလုံး ဗဟိုရောက် အောင် ဖောက်ထွက်နိုင်ဖို့ ကြိုးစားခဲ့ကြတဲ့ကြားက ရိက္ခာတွေပြတ် လက်နက်တွေ အသိမ်းခံခဲ့ရတယ်။ (၄၀၁) တပ်ရင်းတရင်းလုံး “လက်နက်ချ အလင်းဝင်တွေ”အဖြစ်နဲ့ ရန်သူ့ လက်ထဲ ထိုးအပ်ခံခဲ့ကြရတယ်။ ခေါင်းမာတဲ့ တပ်ရင်းမှူးကိုဇော်နော် ထောင်ထဲ ရောက်သွားတယ်။ မဟုတ်မခံစိတ် ပြင်းထန်တော့ တော်တော်လေး အနှိပ်အစက်ခံလိုက်ရတယ်။
(၁၉၉၁-၁၉၉၂) မြောက်ပိုင်းမှာ ဒီအဖြစ်အပျက်တွေ ဖြစ်လာခဲ့တယ်။
(၁၉၉၃-၉၄) ကေအိုအေအပစ်အခတ်ရပ်ဆဲရေးလုပ်တဲ့အချိန်က ကျောင်းသားရဲဘော်တွေကို ပါဂျောင်ဗဟိုမှာ နေခွင့်မပေးတော့ပဲ နောင်ရာဘာနားက နောက်တန်းစခန်းတခုမှာ တစုတည်း ပြန်စုထားခဲ့ပါတယ်။ ရှေ့မှာရှိထားပြီးသား သင်ခန်းစာအရ” ငါတို့ဆီက လက်နက်တွေသိမ်းပြီး ငါတို့ကိုကော ရန်သူ့လက်ထဲ ထိုးအပ်အုံးမှာလား”ဆိုတဲ့သံသယနဲ့ မြောက်ပိုင်းကျောင်းသား ရဲဘော်တွေ စိတ်ဓါတ်ကျ လက်မှိုင်ချနေကြမယ် ထင်ပါသလား။ ငါတို့ဆီက လက်နက်တွေ သိမ်းပြီး ငါတို့ကို ရန်သူ့လက်ထဲ ထိုးအပ်လို့ကတော့ ကေအိုင်အေဖြစ်ဖြစ် ဘာဖြစ်ဖြစ် မခံဘူး။ အသေခံပြီး ပြန်ချမယ်ဆိုပြီး ကျောပိုးအိပ်တွေကိုယ်စီ သေနတ်တွေရယ်ဒီနဲ့ နေ့ရောညပါ စခန်း တခုလုံး လှုပ်လှုပ်ရွရွ နဲ့ စတန်းဘိုင်ဖြစ်နေခဲ့ပုံတွေကို ပြန်မြင်ယောင်မိပါသေးတယ်။
အဲဒီလို မဖြစ်ခဲ့ပေမဲ့ တောထဲမှာ ကိုယ့်ယုံကြည်ချက်အတွက် ရန်သူကိုတိုက်ဖို့ မဟုတ်တော့ပဲ တတောင်တက် တတောင်ဆင်း ထင်းခွေလိုက် ရေခပ်လိုက် တွေ့တဲ့အသီးအရွက်တွေ လျှောက် ကောက် ချက်စားလိုက် ဘယ်သူ ဘယ်လောက်ကြာကြာ နေနိုင် ပါသလဲ။ မိဘအရိပ်အောက် ပညာရှာရမဲ့အရွယ်တွေမှာ ဘာအတွက် မိဝေးဘဝေး တောထဲတောင်ထဲမှာ ဆင်းရဲဒုက္ခခံ အငတ်ပြတ်ခံ နေခဲ့ကြပါသလဲ။
(၁၉၉၆-၉၇) လက်နက်တွေကို လုံခြုံတဲ့နေရာတခုမှာ ဖွက်ထားပြီး လူတွေကို တစုပြီးတစု မသိမသာနဲ့ ပြောင်းရွေ့လိုက်ခြင်း အားဖြင့် တပ်တခုလုံး တရုတ်နယ်စပ်မြို့ဖြစ်တဲ့ ရွေလီကို ရောက်လာခဲ့ တပ်ဖျောက်ခဲ့ကြတယ်။ အဲဒီမှာမှ ရှမ်းပြည်တောင်ပိုင်း တော်လှန်ရေးတပ်နဲ့ ချိပ်ပြီး လိုက်ချင်တဲ့သူ လိုက်နိုင်တယ်၊ နေချင်တဲ့သူ နေကျန်ခဲ့နိုင်တယ်၊ အိမ်ပြန်ချင်တဲ့သူပြန်နိုင်တယ်။ ဘက်တံဆိပ်တော့ ပြောင်းတပ်ရမယ်ဆိုပြီး ကိုသံချောင်းဉီးဆောင်ပြီး ဆက်လက်တိုက်ပွဲဝင်ချင်တဲ့ ရဲဘော်တစု ရှမ်းတော်လှန်ရေး ဘက်တံဆိပ်ကို ပြောင်းတပ်ပြီး ရှမ်းပြည်တောင်ပိုင်းကို ရောက်သွားခဲ့ကြတယ်။ တချို့ အိမ်ပြန်သွာကြတယ်။ ဘက်တံဆိပ် ပြောင်းမတပ်လိုတဲ့ ရဲဘော် တွေ ချန်နေခဲ့ကြတယ်။ အမေ့အိမ်မှာ မင်းသားလုပ် ဗိုလ်ကျခဲ့ကြတဲ့ သားလိမ္မာလေးတွေ တရုတ်ပြည် နယ်စပ်တလျှောက် အိပ်မက်ထဲတောင် ထည့်မမက်ခဲ့ဖူးတဲ့ ကြုံရာကျပန်း လယ်ကူ လီ ယာကူလီ ပန်းရံ အလုပ်ကြမ်းတွေကို ဆင်းဆင်းရဲရဲ ပင်ပင်ပန်းပန်း ကုန်ရုန်းရှာဖွေ လုပ်ကိုင်ကြရင်း ဘဝကို “ဇီးရိုး”က ပြန်စ ရပ်တည်ခဲ့ကြရတယ်။
ပြောရင် လွယ်ပါတယ်။ မင်းတို့က ဘာလုပ်နိုင်ခဲ့လို့လဲ။ ဘာတွေများ လုပ်ခဲ့ကြလို့လဲ။ လေသံနားထောင်ကြည့်ရုံနဲ့ ယုံကြည်ရာ ဗလပွနဲ့ ဘာတခုကိုမှ တစိုက်မတ်မတ် လုပ်ခဲ့ဖူးမဲ့ လူမျိုးတွေ မဟုတ်မှန်းလည်း သိနိုင်ပါတယ်။ “ကျမတို့လက်ထက်မှာ မအောင်မြင်ပဲ သေသွားကြလည်း အကြောင်းမရှိပါဘူး။ ကိုယ်ယုံကြည်ရာ လုပ်သင့်လုပ်ထိုက်ရာကို လုပ်နေကြဖို့သာ အဓိက” ခံယူထားတဲ့ ကျမအတွက်တော့ ဆွဲဆောင်မှု့စိန်ခေါ်မှု့တွေကို ကျော်လွားဖြတ်သန်း ပြီး ဇွဲမလျှော့တမ်း တစိုက်မတ်မတ်
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လုပ်နေကြတဲ့ ရဲဘော်တွေရဲ့ တန်ဘိုးကို နားလည်တယ်။ ဂုဏ်ယူလေးစားတယ်။
ကျမတို့ရဲဘော်တွေရဲ့တန်ဘိုးကို ”ဇီးရိုး”ပဲ သတ်မှတ်ခဲ့အုံး။ မြန်မာပြည်ရဲ့ အမြို့မြို့၊ အနယ်နယ်တိုင်းမှာ ကျမတို့ရဲဘော်”ဝ”တွေ ရေတွက်လို့ ရနိုင်မည်မထင်ပါ။ ကျမအထင် ကျမတို့ရဲဘော် ”ဝ” တွေ မရှိတဲ့မြို့ရယ်လို့ တမြို့မှတောင် ရှိလိမ့်မည်မထင်ပါ။ ပြည်ပနိုင်ငံ တွေမှာလည်း ကျမတို့ရဲဘော်”ဝ”တွေက နိုင်ငံအနှံ့အပြား ။ တိုင်းပြည်က လိုအပ်လာလို့ ဒီရဲဘော်”ဝ”တွေကို နေရာတကျ အသုံးပြုတတ်ခဲ့ရင် အသုံးပြုနိုင်သူရဲ့ ကိန်းဂဏန်းနောက်မှာ ဒီ”ဝ”တွေက ထောင်လည်းဟုတ်၊ သိန်းလည်းဟုတ်၊ သန်းလည်းဟုတ်တဲ့ တန်ဘိုးတွေအဖြစ် မိဘပြည်သူတွေအတွက် ပြောင်းလဲလာကြပါလိမ့်မယ် ။
ကျမအမြင်အရတော့ ဒီအဖြစ်အပျက်ကြီးတခုလုံးအတွက် အမှန်တကယ် နစ်နာဆုံးရှုံးမှူ့ဖြစ်ခဲ့ရတာ ဘယ်ဘက်ကပါလဲ။ ဘယ်သူတွေပါလဲ။ ပုဂ္ဂိုလ်ရေးတွေကို ရှေ့တန်းမတင်ပဲ တခုလုံးကို ခြုံပြီး စဉ်းစားကြည့်ကြစေချင်ပါတယ်။ တော်လှန်ရေးဘက်က၊ ကျောင်းသားတပ်ဘက်က၊ ကျောင်းသားရဲဘော်ရဲမေတွေ အင်အားတွေကို ဆုံးရှုံးခဲ့ကြရတဲ့အဖြစ်ပါ။
အမှန်တရားကို ဖော်ထုတ်ဖို့ထက် ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တဲ့နည်းကို အခါခါသုံးနေတဲ့အတွက် ထွက်လာမဲ့အမြတ်က သေသွားခဲ့တဲ့သူတွေအတွက်ထက် သေသွားကြရတဲ့သူတွေကို အသုံးချပြီးနွဲနေတဲ့ စစ်အစိုးရဘက်ကပွဲ ဖြစ်နေတဲ့သဘောမျိုးတွေ ကိုလည်း တွေ့မြင်နေရပါတယ်။
(၅)
No comments:
Post a Comment