by May Thingyan Hein on Friday, December 21, 2012 at 8:28pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဒီဇင်ဘာ ၂၂၊ ရန်ကုန်မြို့။
အပိုင်း(၁၈)
တဲဆီကို ရောက်ပြီး အားလုံး ၀ိုင်းတိုင်ပင်ကြတော့ အားလုံးက ပြောင်းပါလို့ပဲ ပြောတယ်။ အားလုံးက ခုလို ကျမ ပြောင်းတာက အားလုံးအတွက် ပိုကောင်းလာလိမ့်မယ်လို့လည်း မျှော်လင့်တဲ့ အကြောင်း ပြောကြပြီးတော့ နောက်ဆုံး မငယ်ပြောင်းပါလို့ ဆုံးဖြတ်ကြတယ်။
ဒါပေမဲ့ ကျမ တညလုံး အိပ်မပျော်ဘူး။ အားလုံးကတော့ KIA ကို ပြောင်း ဖို့ သဘောတူနေပြီ ပြောင်းလိုက်ပြီးရင် ဘာဖြစ်မလဲပေါ့။ နောက် KIA ဆိုတာက ကိုယ်နဲ့တော့မစိမ်းဘူး။ ကိုယ်နဲ့လည်းရင်းနှီးနေပေမဲ့…ကိုလာတာက ကျောင်းသားတပ်မတော်ကိုး။ တောခိုကတည်းက ကျောင်းသားတပ်မတော်အနေနဲ့ပဲ တော်လှန်ရေးလုပ်မယ်ဆိုပြီးလာခဲ့တာလေ…ခုလို
ကိုယ့်ကို ကျောင်းသားတပ်မတော်က ခေါင်းဆောင်တွေက သတ်နေလို့သာ ကိုယ်က KIA ကို ပြောင်းရမလား လို့ စဉ်းစားမိတာ။
တကယ်တော့ ဘာလုပ်ရမှန်းမသိဘူး။ အဲဒီမှာ စဉ်းစားမိပါတယ်။ ၅၅ ယောက် က ပြည်တွင်းကို ပြန်ထွက်ပြေးကြရတာလည်း သူတို့ကို သတ်မှာကို ကြောက်လို့ ထွက်ပြေးကြရတာလေ။ ဒီလိုပဲ အဖမ်းခံပြီး နေရတဲ့ အချိန်မှာ ဘယ်နေ့မှာ ကိုယ့်ကိုသတ်မလဲ ဆိုတာ နေ့တိုင်း တွေးပြီး ပူပြီး ကြောက်နေရတာ။ အဲဒီအဖြစ်ကနေ လွတ်မြောက်အောင် ထွက်ပြေးကြရတာ။ အဲဒါဟာ အစိုးရ ဆီမှာ အလင်းဝင်တာ မဟုတ်ဘူး။ တကယ်လို့များ သူတို့၅၅ ဦးကို အဲလို အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုခုကသာ ခေါ်ကြည့် တောင်းကြည့် သူတို့ ပြည်တွင်းကို ပြန်ဝင်ဖြစ်တော့မှာ မဟုတ်ဘူး။ အားလုံးက တော်လှန်ရေး ဆက်လုပ်ဖြစ်ကြမှာပဲ။ သူတို့ကို ဘယ်သူကမှ မခေါ်ဘူး၊ ဒီဘက်ကလည်း အသတ်အန္တရာယ်ရှိနေတယ်။ အဲဒါကြောင့် သူတို့က ပြည်တွင်းကို ထွက်ပြေးသွားကြတာ။ အဲဒီ အဓိပါယ်နဲ့ လက်နက်ချ အလင်းဝင်တယ်ဆိုတာ မတူဘူး။
နောက် ကျမတို့ အကျယ်ချုပ်နေရတယ် ဆိုတဲ့ ဘ၀က သိပ်ကို သိမ်ငယ်လှတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ၉ ဦးက တဲတခုတည်းမှာ အတူတူနေရတယ်၊ ကျမတို့ တခြား ရဲဘော်တွေ အလုပ်လုပ်နေတဲ့ အချိန်မှာ အလုပ်မလုပ်ရဘဲ ဒီအတိုင်း နေနေရတယ်။ ကျမတို့တွေက တဲရှေ့က ကျောက်တုန်းလေးကနေ ဟိုကြည့် ဒီကြည့်နဲ့ နေနေရတယ်။ တခြား ရဲဘော်တွေကလည်းကျမတို့နဲ့ စကားမပြောရဲဘူး ဒီအတိုင်းကြီးပဲ သိတယ်မဟုတ်လား ဒီလိုပဲ နေလာရတော့ စိတ်ထဲမှာ သူတို့နဲ့ မတူဘူး ဆိုတဲ့ သိမ်ငယ်စိတ်တွေက ၀င်လာတယ်။ စိတ်ထဲမှာ အရမ်း သိမ်ငယ်တယ်လေ။
အဲလို အနေအထားတခု အခြေအနေတခုကနေ ကိုယ့်ကို KIAက ခေါ်တော့ ကျန်တဲ့ ၉ ဦးကလည်း ပြောင်းသင့်တယ်လိုပဲ သဘောတူကြတယ်။ ကျမအနေနဲ့ကလည်း အဲလို ပြောင်းခြင်းအားဖြင့် တခုခုတော့ ထူးခြားမှု ရှိမယ်။ကောင်းချင်လည်း ကောင်းသွားမယ် ဆိုးချင်လည်း ဆိုးသွားမယ်ပေါ့၊ တခုခုတော့ လုပ်ရတော့မယ်ပေါ့။ ကျမလည်း အဲလို စဉ်းစားလိုက်တာလေ အဲဒါကြောင့် ငါပြောင်းမယ်လို့ ဆုံးဖြတ်ခဲ့တာ။
နောက်တနေ့ မနက်ကြတော့ သံချောင်းက ရောက်လာတယ်၊ ပြီးတော့ကိုရဲတို့ ဘာတို့ကို အကုန်ရှင်းပြတယ်၊ ပြီးတော့ ကျမကို မေးတယ်။ နင်ပြောင်းမှာလား ပေါ့။
အဲဒီမှာ ကျမက သူ့ကို ပြောတယ်။ စဉ်းစားလိုက်ဦးမယ်ပေါ့လေ။
အဲဒီမှာပဲ KIA က ကားလာခေါ်တယ်။ ကားလာခေါ်တော့ အမ လိုက်သွားတယ်။ ဗိုလ်မှူးကြီး ဆန်နီ ဆီကိုပေါ့လေ။ နောက် ကျမ ပြောင်းမယ် သဘောတူတယ်ဆိုတာကို ပြောလိုက်တယ်။
အဲလိုပြောလိုက်တော့ ဗိုလ်မှူးကြီး ဆန်နီက ချက်ခြင်း ဗိုလ်ချုပ် ဇော်မိုင် ဆီကို ဖုန်းဆက်တယ်။ အဲတော့ ဗိုလ်ချုပ်ဇော်မိုင်က သူ့ကို ပြန်မလွှတ်နဲ့ ဒီအတိုင်း ထားထား၊ တရားဝင် လွဲပြီးမှ ပြန်ခိုင်း လို့ ပြောတယ်။ အဲတော့ အဲဒီနေ့မှာပဲ အပြောင်းအလွှဲအကုန်လုပ်ကြတယ်။
အပြောင်းအလွှဲကိစ္စ တွေအကုန်လုပ်ပြီးမှ ဗိုလ်ချုပ်ဇော်မိုင်က ကျမကို ဖုန်းခေါ်တယ်။ အခု ဒီ အချိန်က စပြီးတော့မင်းနဲ့ ကျောင်းသားတပ်မတော်ဖြစ်တဲ့ ABSDF –NB နဲ့ ဘာမှ မဆိုင်တော့ဘူးပေါ့။ မင်းက KIA ဖြစ်သွားပြီပေါ့..တာဝန် ၀တ္တရားက စ သူပြောတာပေါ့လေ။
စိတ်ထဲမှာတော့ အရမ်း -၀မ်းနည်းတယ်လေ.. သိတယ်မဟုတ်လား ..ဘယ်လို ပြောရမလဲ၊ အရမ်းလည်း ခံစားရတယ်၊ ကိုယ်က ကျောင်းသား စိတ်လေ၊ ကျောင်းသားတပ်မတော်လေ…အဲဒါကို ခုလို ကျောင်းသား တပ်က မဟုတ်တော့ဘူး ဆိုတာက ခံစားရတယ်။ ပြောသလောက် မလွယ်ဘူး။ ငါတကယ်ပဲ ပြောင်းရတော့မှာပဲ ဆိုတာ သိသွားတော့ စိတ်ထဲမှာ တမျိုးကြီးနဲ့ မခံစားနိုင်ဘူး။ စိတ် ထိခိုက်ရတယ်။
ကျောင်းသား တပ်နဲ့မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး ….ဆိုတာကို ကြားလိုက်ရတာ ပိုပြီး ခံစားရတယ်။
တကယ်လည်း ဟုတ်တယ်လေ အဲဒီအချိန်က စပြိး မဆိုင်တော့ဘူး၊ တရားဝင် လွှဲလိုက်ပြီ။
အဲဒါက စက်တင်ဘာလ ၃ ရက်နေ့ပေါ့။ အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က မင်း တပ်ကို ပြန်ပါတဲ့…ဒီနေ့ ညတော့ ကျောင်းသားတပ်မှာ မင်းရဲဘော်တွေနဲ့ နေလိုက်ပါပေါ့။၊ မနက်ဖြန် ကျရင်တော့ KIA က မင်းကို လာခေါ်မယ်ဆိုပြီးတော့ ကျမကို တည ကျောင်းသား တပ်မှာ ပေးနေခဲ့တယ်။
အဲဒါနဲ့ ကျမက ၉ ဦးတဲ လေးဆီကိုပဲ ပြန်သွားလိုက်တယ်။ ပြန်သွားလိုက်တော့ ဟိုမှာ ကိုရဲတို့က ပြူးပြာပြီး အကုန်ကြည့်နေကြတာပေါ့။ ငါ ပြောင်းလိုက်ပြီလို့ ပြောလိုက်တော့ အားလုံးက ၀မ်းသာ သလိုလို ၊ ၀မ်းနည်းသလိုလို ဖြစ်တာပေါ့။ အဲဒီမှာလေ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment