by May Thingyan Hein on Wednesday, January 9, 2013 at 4:09am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
ဇန်န၀ါရီလ ၉၊ ၂၀၁၃ ရန်ကုန်မြို့။
အပိုင်း(၂၅)
အဲဒီ ဋ္ဌာနလေးမှာ အလုပ်သမလေးဘ၀နဲ့ အလုပ်လုပ်နေရင်း ဘ၀ကိုဖြတ်သန်းခဲ့တယ်။ တနှစ်လောက် ကာလမှာတော့ ကျမနဲ့ အဲဒီဋ္ဌာနက boss နဲ့ ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တယ်ဆိုတာကလည်း ကျမက စိတ်မထိန်းနိုင်ဘဲနဲ့ ဒေါသထွက်ပြီး ပေါက်ကွဲလို့ ဖြစ်ရတာ။ ကျမက ၀ုန်းဒိုင်းကျဲပစ်လိုက်တာ အဲလိုမျိုးတွေပေါ့။
ဒါတွေကလည်း ဒီတောထဲမှာ ဒီလိုဖမ်းခံရပြီး နှိပ်စက်ခံရတာတွေဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျမ စိတ်ကို မထိန်းနိုင်တော့ဘူး ဒေါသနဲ့ပေါက်ကွဲမှုက အရမ်းမြန်တယ်။
အဲဒါကြောင့် မေမေတို့ အစ်တို့အားလုံးက ကျမ မိသားစုက ကျမကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြတာ ခုချိန်ထိပဲ။ ပေါက်ကွဲပြီးရင် ကျမက အရမ်းစိတ်မကောင်းဖြစ်တယ်။ အရမ်းဝမ်းနည်းတယ်။ခံစားချက်တွေကို မထိန်းနိုင်ဘဲနဲ့ ဖြစ်နေတာ မကောင်းဘူးပေါ့နော်။
အဲလို မန်နေဂျာနဲ့ ပြဿနာတက်တော့ကျမ အလုပ်ဆက်လုပ်ရတာ မပျော်တော့ဘူး၊ အဲဒါနဲ့ အလုပ်ပြောင်းဖို့ ကြိုးစားရတယ်။ နောက်ထပ်အလုပ်တခုကို ရှာရပြန်ရော။
ကံကောင်းတယ်လို့ ပြောမလား၊ အခုချိန်ထိ လက်ရှိ လုပ်နေတဲ့ အလုပ်ရတယ်။ အဲဒီအလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ကျမလက်ရှိ အလုပ်မှာက၁၉၉၅ ကတည်းက စလုပ်ခဲ့တာပဲလေ၊ ခုတော့ ဘယ်နှစ်နှစ်ရှိပြီလဲ။
ဒီကြားထဲမှာ Australia မှာလည်း စီးပွားရေးကျဆင်းတာတွေ ဘာတွေရှိတယ်၊ အလုပ်ရုံတွေ စက်ရုံတွေက အလုပ်သမားတွေ လျော့ပစ်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျမ မပါခဲ့ဘူး။ ကျမတို့ ဋ္ဌာနတခုလုံး ဖြုတ်ခံရတာတွေ ရှိပေမဲ့ ကျမက အမြဲ ကျန်ခဲ့တယ်၊ အလုပ်ရှင်ကလည်း သဘောကျတယ်၊ မန်နေဂျာတွေကလည်း ကြိုးစားတယ်၊ အလုပ်ကိုလေးစားတယ် ဆိုပြီး သဘောကျတဲ့အတွက် အခု ဒီအလုပ်မှာ ၁၈ နှစ်ရှိပြီ ရာထူးလည်း တက်ခဲ့တယ်။ တကယ်တော့ ကံလည်းပါပါတယ်။
နောက် ကျမက ကိုယ့်ဘ၀ကိုယ်နားလည်တယ်။ ရတဲ့ အလုပ်ကလေးကို အရမ်းကြိုးစားပြီး လုပ်တယ်။ ကျောင်းလည်း သွားမတက်ဖူး သိလား။ အလုပ်က ကျောင်းတက်ဖို့လည်း ခွင့်ပြုတယ် ဒါပေမဲ့ ကျမက ကျောင်းစာဆိုရင် ထွက်ပြေးတဲ့ လူတယောက်၊ အလုပ်က ခွင့်ပြုရင်လည်း အလုပ်တဖက်နဲ့ ကျောင်းတက်ဖို့ဆိုတာ ဝေလာဝေးပဲ။
အမရဲ့ အမတွေ မိသားစုတွေကလည်း ပြောကြတယ်၊ ကျောင်းလည်းတက်ဖို့ပေါ့၊ သိတဲ့အတိုင်းပဲ အလုပ်ကိုပဲ ဖိလုပ်ခဲ့တယ်၊ ကျောင်းလည်း မတက်ခဲ့ဖူး။
အိမ်ကလည်း ကျောင်းတက်မယ်ဆိုရင် တက်ဖို့ ထောက်ပံ့ပေးမယ်ပြောတယ်၊ သူတို့ကို မတက်ဖူးလို့ တခွန်းမပြောဘဲနဲ့ ကျောင်းမတက်ဘဲနဲ့ အလုပ်ပဲ ပေပြီး လုပ်တာ။ သိတယ်မဟုတ်လား ကျမက ပြန်မပြောနားမထောင်လေ။အဲလိုနဲ့ နေနေရင်းနဲ့ပဲ ကျမက အလုပ်ထဲမှာ မြဲနေခဲ့တယ်။
အဲဒီတုန်းက မနက်ဆိုရင် ဘုရားကိုပုံမှန်ရှစ်ခိုးဖြစ်တယ်၊ အဖွားကိုပုံမှန် ကန်တော့ဖြစ်တယ်။ အဖွားပုံကိုလည်း အကြီးကြီး ပုံကြီးချဲ့ပြီး အိမ်မှာ ချိတ်ထားတယ်။ ကျမက အဖွားကို အရမ်းချစ်တာ။ အဖေအမေထက်တောင် အဖွားကိုချစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက အဖွားနဲ့ကြီးခဲ့တာ။ အဖွားလက်ထဲမှာ ကြီးခဲ့တာလေ။
ကျမက Australia မှာ တယောက်တည်းနေတာ၊ အဲတော့ စိတ်ခံစားချက်နဲ့ စိတ်ထွက်ပေါက်က အမေတို့ ဆီမှာသွားပုံလို့မရတော့ ပစ္စည်းတွေ ပေါ်မှာ သွားပုံတယ်။ လက်ပ်တော့ဆိုရင် ခဏ ခဏပျက်တယ်။ တခုခု ဒေါသဖြစ်လာရင် ပစ္စည်းတွေကို ချပစ်တာ။
နောက် ကျမက သစ္စာပြုခဲ့တယ် အသတ်ခံခဲ့ရတဲ့ သူတွေအပေါ် ကတိပြုခဲ့တော့ အမြဲတမ်း ဒါကလည်း ရင်ထဲမှာ စိတ်ထဲမှာ ရှိတယ်။ အမြဲတမ်း မဟုတ်တာတောင်မှ ဒီ မခင်ချိုဦးတို့ ကိုထွန်းအောင်ကျော်တို့ကိုလည်း အိပ်မက်ကို မကြာခဏမက်တာပဲ။ သူတို့ကို မက်ရင် ကျမ ဆက်အိပ်လို့မရတော့ဘူး။ တကယ်ကို ခံစားရတာနော်။
ပြောရမယ်ဆိုရင်တော့ ကျမ ခံစားရတာက ဘာမှ လုပ်မပေးနိုင်တာလည်း ပါတယ်။
ကိုယ့်ဘ၀ကိုယ်က ဘယ်လိုဖြစ်နေသလဲဆိုပြီး ခံစားရတာတွေလည်း ပါတယ်။
ကျမ အဖြစ်က အဖြစ်က အိပ်မက်ဆန်နေတယ်။ ကိုယ်ငယ်စဉ်ကဖြစ်ချင်ခဲ့တာ အမြဲစိတ်ကူးယဉ်ခဲ့တာက ဂီတအနုပညာရှင်သမားတယောက်ဘဝ၊ အရောင်ဆိုးသိမ်းသွင်းဖို့ကြိုးစားခံခဲ့ရတာက အနီရောင်နုနုလေးဘဝ၊ တကယ်လက်တွေ့ ပြုလုပ်ခဲ့တာက ABSDF-NB က တော်လှန်ရေးသမားတယောက်၊ ဒါပေမဲ့ အတင်းအဓမ္မပြုခြင်းကြောင့်ကိုယ့်ကို ကိုယ်ထွက်ဆိုခဲ့ကြရတာက NIB ဒုဗိုလ် ထလရ ပါတဲ့။ ကျမရဲ့ ထလရ ကိုယ်ပိုင်နံပတ် ၁၇၅ဝ ဆိုတာကလည်း သန်းဇော်တို့ကပြောခဲ့တယ်… ငါတို့အတိအကျရထားတာတွေနဲ့အကုန်ကိုက်ညီပါသတဲ့။
ဒုက္ခပါလားနော်။ NIB က ဗိုလ်ကြီးရာထူးယူခဲ့ရသူတဦးက သူ့ကိုယ်ပိုင်နံပတ်ကိုအမြဲမှတ်မိနေအောင် ၁ဝ တန်းခုန်နံပတ်ပေးခဲ့ပါသတဲ့။ ဖြစ်အင်တွေများတော့ငိုအားထက်ရီအားသန်တာလား ၊ ရီအားထက်ဘဲငိုအားသန်ခဲ့တာလား။ကျမတို့ အယောက် ၁ဝဝ နင့်နေအောင်ခံစားခဲ့ရတယ်။ အဲလို ဖမ်းဆီးပြီး နှိပ်စက်တဲ့ ရက်စက်မှု့ဒဏ်တွေနဲ့ ၁၄ ဦးသေခဲ့ကြရတယ်။ ၁၆ ဦး ရက်စက်စွာခေါင်းဖြတ်သတ်တာခံခဲ့ရတယ်။ ၂ ဦးသေနပ်နဲ့ပစ်သတ်တာခံခဲ့ရတယ်။ ၅၅ ဦးထွက်ပြေးတော့ ၁ ဦးလမ်းမှာ သေဆုံးခဲ့တယ်။စစ်ကြောရေးကာလတွေမှာ ၄ ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်။
၉ဦးလွတ်မြောက်ပြီး ကျောင်းသားတပ်မှာပြန်တာဝန်ထမ်းဆောင်တယ်။၉ ဦးထဲကကျမတယောက်ကတော့ KIAက ကယ်ပေးလို့ လွတ်ခဲ့တယ်။
အဲတော့ကျမက ဒီခင်ချိုဦးတို့ ကိုထွန်းအောင်ကျော်တို့ကို အိပ်မက် မက်တိုင်း ကိုယ်ကလည်း ဘာမှ မလုပ်နိုင်တော့ ပိုပြီး ခံစားရတယ်။ ကျမတို့ကလည်း သူတို့ကို သမိုင်းမှန်ပေါ်ဖို့ သူတို့ ဂုဏ်သိက္ခာအတွက်လည်း လုပ်ပေးမယ် ဖြစ်ရပ်မှန်ပေါ်စေရမယ်လို့ ပေးခဲ့တဲ့ ကတိတွေကလည်း ရှိနေတာကိုး။
အဲဒီအိပ်မက်အကြောင်း ကိုထွန်းအောင်ကျော် အမေကိုလည်း ပြောပြတယ်။ ကိုထွန်းအောင်ကျော် အမေကလည်း ပြောတယ်။ အန်တီ အမျှပေးဝေတာထက် စာရင် သမီးတို့တွေ အမျှပေးတာကို ပိုလိုချင်တယ် ထင်တယ်တဲ့ …။ မပြောတတ်တတ်ဘူး ကျမအနေနဲ့ မပြောတတ်ဘူး။
ကျမကတော့ ဒီဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့ ရောက်တိုင်း ရောက်တိုင်း သတ်သတ် လွတ်စားပေးတယ်။ တခါတလေ တပတ်ပေါ့၊ တခါတလေကျရင်တော့ ၂ ပတ်ပေါ့။ အသတ်ခံခဲ့ရတဲ့ သူတွေအတွက် ရည်စုးပြီး စားပေးတယ်။
မန်လေးမှာ ရှိနေတဲ့ ကိုညီညီကျော်တို့ကလည်း သူတို့ဟာသူတို့ တိုးတိုးတိတ်တိတ်လေးတွေ လုပ်ကြတယ်၊ သူတို့မှာလည်း ဟိုတုန်းက အကျယ်တ၀င့်လုပ်ပိုင်ခွင့်မှ မရှိခဲ့တာပဲ။ နောက် ရန်ကုန်မှာ ရှိကြတဲ့ ဘိုဘိုတို့ကိုရဲတို့ကလည်း သူတို့ အ၀န်းအ၀ိုင်းလေးနဲ့ သူတို့ ဆွမ်းကျွေးတာတို့ ဘာတို့ တိုးတိုးတိတ်တိတ်လေးတွေ လုပ်ကြတယ်ပေါ့။ နောက် ကိုထွန်းအောင်ကျော်က သူအသတ်မခံရခင်မှာ ဘိုဘိုတို့ ကိုရဲတို့လို နီးစပ်ရာ နီးစပ်ရာတွေကို မှာခဲ့တာတွေ ရှိတယ်။ ဒီဘက်ကလည်း မသေရင် ဖြစ်ရပ်မှန်ပေါ်အောင်လုပ်ပေးဖို့ ကတိတွေ ပေးခဲ့ကြတာတွေလည်း ရှိတယ်။ တယောက်နဲ့တယောက်က အပြန်အလှန်မှာခဲ့ကြတာ၊ ကျမလည်း ကျမ သေသွားရင် ဖြစ်ရပ်မှန်ဖော်ပေးဖို့ နန်းစောကို မှာခဲ့တယ်။
သေသွားတဲ့သူတွေအတွက် ကျမတို့လုပ်ကြပါတယ် နှစ်တိုင်း ကိုယ်တတ်နိုင်ရာ ကိုယ်တတ်နိုင်ရာလေးတွေပေါ့။
အဲဒီအချိန်မှာပဲ တရက်ကြတော့ ၂၀၀၈ ခုနှစ်မှာ ကျမဆီကို ဖုန်းဝင်လာတယ်။ UK မှာ ရှိနေတဲ့ ကိုထိန်လင်းက ဖုန်းဆက်ပြီးတော့ပြောတယ်၊ မငယ် ရော်နယ်အောင်နိုင် ဒီရောက်နေပြီတဲ့။ ဘီဘီစီ မြန်မာပိုင်း အစီစဉ်မှာ အလုပ်လုပ်နေတယ်တဲ့။ သူက အဲလို ပြောပြီး ဖုန်းဆက်လာတယ်။ အမတို့ စဉ်းစားတယ်။ ရော်နယ်အောင်နိုင်ကို ဒီနေရာမှာ မလုပ်သင့်တော့ဘူးလို့။
လူ့အခွင့်ရေးချိုးဖောက်ပြီး လူသတ်ခဲ့တဲ့ သူတယောက်က လေလှိုင်းကနေပြီးတော့ ဒီမိုကရေစီတွေ လူ့အခွင့်ရေးတွေအကြောင်း ပြောနေတာကို ဘယ်လိုမှ လက်ခံလို့မရတော့ဘူး။ မပြောသင့်တော့ဘူး။
တခြားလူတွေ ပြောရင်ပြောကြ…ဒီလူတွေကတော့ ပြောကို မပြောနဲ့ နားခါးလှပြီ။ လူ့အခွင့်ရေး ချိုးဖောက်တဲ့ လူတွေက ဒီလူ့အခွင့်ရေးကို ပြည်သူတွေကို ပြောမယ်ဆိုတာ ကျမတို့ ဘယ်လိုမှ လက်ခံလို့မရဘူး။ တခြားလူတွေ ပြောပါ လူ့အခွင့်ရေးတို့ ဒီမိုကရေစီ တို့ဆိုတာ အန်ချင်စရာ စကားမဟုတ်ဘူး ကျမတို့ ကြိုက်တယ်။ ဒါပေမဲ့ ဒီလို လူမျိုးတွေတော့ လာမပြောနဲ့ ပြည်သူတွေကို ဒီလိုတွေ လာမလုပ်နဲ့ လက်မခံနိုင်တော့ဘူး။
အဲဒါနဲ့ ကျမတို့အားလုံး တိုင်ပင်ပြီး ဘီဘီစီကို ကန့်ကွက်စာတင်ခဲ့ကြတယ်။ ဘီဘီစီ မှာ ရော်နယ်အောင်နိုင်က ABSDF မြောက်ပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တုန်းက ထောက်လှမ်းရေးလို့ စွတ်စွဲပြီး လူသတ်ခဲ့တဲ့ အကြောင်း ရေးတင်ကြတယ်။ ပြီးတော့ အဲဒီတုန်းကလည်း ရော်နယ်အောင်နိုင်ကိုယ်တိုင်က ထောက်လှမ်းရေးဘက်ကသူလျှိုတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သတ်ပါတယ်ဆိုပြီး ယင်ဒီးတို့ကိုလည်း သူကိုယ်တိုင် ပြောထားတာတွေရှိတော့ နေရှင်းသတင်းစာကိုလည်း ကျမတို့က တင်ပြခဲ့တယ်။
အဲဒီမှာ ရော်နယ်အောင်နိုင် ဘီဘီစီကနေ နှုတ်ထွက်သွားရတယ်။ အဲဒီမှာ ကျမတို့ သိသွားတယ်။ ဟာ… လုပ်လို့ရတယ်။ သတ်ပြတ်ခံရပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ သိမ်းထားရတဲ့ ဟာလေးက ဒီနေရာမှာ လုပ်လို့ရတာပဲ၊ ငါတို့ အမှန်တရားကို ဖော်လို့ရတာပဲ ဆိုတာ သိသွားတယ်။
ရှေ့ဆက်ငါတို့ ဘာလို့ မလုပ်နိုင်ရမှာလဲ…ဒါဟာ အမှန်တရားတွေလေ။ လုပ်လို့ရတာပဲ ငါတို့ လုပ်နိုင်တာပဲ ဆိုတာကို ကျမတို့ သိသွားပြီ လက်ခံသွားပြီ။
အရင်တုန်းကတော့ ဒီကိစ္စကြီးကို အမှန်တရားပေါ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာလည်း မသိဘူး၊ ကျမက ကတိသာပေးခဲ့ ၊ သစ္စာသာဆိုခဲ့ပေမဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတာမသိခဲ့ဖူး။ ဘယ်ကနေ စရမှန်းလည်း မသိခဲ့ဖူးလေ။ မစခဲ့နိုင်ဘူးလေ အဲဒီခံစားချက်က တော်တော်ခံစားရတယ်နော်။ ရင်ထဲမှာ နင့်ပြီး အောင့်နေအောင်ကို ခံစားရတယ်။ တကယ့်ကိုပဲ ဒါတွေကြောင့်ပဲ ကျမက အိပ်မက်တွေပဲ မက်နေခဲ့တာလား မသိဘူး။
အဲဒီ ၂၀၀၈ က စလိုက်တဲ့ ကိစ္စလေးကနေ အားတက်သွားတယ်။ နောက် ၂၀၀၉ မှာ အွန်လိုင်းကနေ ABက လူတယောက်နဲ့ အဆက်အသွယ်ရလိုက်တယ်။ အဲဒီကနေ အချိတ်အဆက်တွေ ရှာရင်း၊ အချက်အလက်တွေရှာရင်း မတရားတာတွေကို လက်မခံနိုင်တဲ့ သူတွေက ကူညီပေးခဲ့ကြတယ်။
အဲဒီကနေ စလိုက်တဲ့ဇာတ်လမ်းပါပဲ။
(မိတ်ဆွေတို့ရေ ....ဒီမှာ ရပ်လိုက်ရမလား၊ ဆက်ရေးရမလား ဆိုတာ အကြံပေးကြပါဦး၊ ကျမကို အပိုင်းလိုက်ရေးပြီး လုပ်စားနေတယ်လို့ ပြောဆိုကြတာတွေ ရှိနေတယ်၊ အခု ရေးနေတဲ့ ABSDF နှင်ပတ်သတ်သော စာတွေအတွက် ကျမ တပြားမှ မရပါ၊ မရတဲ့ အပြင် အချိန်ပေးရ၊ ပြောဆိုခံရခြင်း၊ တိုက်ခိုက်ခြင်း ခံရတာတွေနဲ့ ကြုံတွေ့ရပါတယ်။ ဒါပေမဲ့ ကျမ ကျေနပ်စွာ အလုပ်လုပ်နေပါတယ်၊ မနန်းအောင်ထွေးကြည်အကြောင်း ဆက်ရေးစေချင်ရင် ဆက်ရေးပါမယ်၊ ရပ်ပြီး အခြား တယောက်အကြောင်း ရေးစေချင်ရင် ရေးပါမယ်၊ ကျမစာတွေကို ဖတ်နေကြတဲ့ အများရဲ့ ဆန္ဒကို ကျမ လေးစားလိုက်နာပါမယ်ရှင်)
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment