Friday, January 25, 2013

ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ရဲ့ တောင်ပိုင်းနှင့် မြောက်ပိုင်း ခရီး(၂)


by May Thingyan Hein on Friday, January 25, 2013 at 4:37am ·

အပိုင်း(၂)
အစိုးရ ဆေးရုံးမှာလည်း ခွဲခြားမှုတွေ လူတန်းစား ကွာဟမှုလေးတွေကိုလည်း မြင်လာရတာတွေ ရှိတယ်။ အဲဒီမှာ ကျနော်ဖြစ်တာက ဘာလဲဆိုတော့။ ဒီ မွန်မြတ်တဲ့အလုပ် ဆရာဝန်အလုပ်ကိုလုပ်နေတဲ့ သူတွေမှာတောင်မှ ခွဲခြားမှုတွေ ရှိနေတာကို မြင်ရတော့ စိတ်ထဲမှာ မခံစားနိုင်တာမျိုးတွေ ဖြစ်လာတယ်။

နောက်တချက်က ကိုယ့်အဖေအပါအ၀င် အားလုံးက ဆေးရုံက ပြီးတာနဲ့ ဆေးခန်းဖွင့်ကြတယ်။ အဲဒီအချိန်မှာ ဆရာဝန်တွေကလည်း မချမ်းသာပါဘူး။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ကျနော့်အမြင်မှာတော့ ဆေးခန်းဖွင့်တာက အပြင်သီးသန့်အနေနဲ့ ဆိုရင်တော့ပြဿနာ မရှိဘူး၊ ဒါပေမဲ့ ဆေးရုံနဲ့ ဆက်နေကြတယ်။ ဒီဆရာဝန်ကြီးက တင်လိုက်တဲ့ လူနာဆိုရင် ဆေးရုံမှာ ဦးစားပေးခံရတာတွေဖြစ်လာတယ်။ အဲလိုဖြစ်နေတဲ့ သူတွေကို ကြည့်လိုက်တော့လည်း ကိုယ့်ဆရာတွေချည်းပဲ။ အဲလိုမျိုးတွေပေါ့ဗျာ။

ဒီခေတ်မှာတော့ပိုဆိုးမှာပေါ့၊ ငွေကြေးနောက်တအားလိုက်ကြတဲ့ ဆရာဝန်တွေလည်း ရှိတာကိုး၊ အဲဒီခေတ်တုန်းကတော့စားဝတ်နေရေးနဲ့ သြဇာအတွက် လုပ်ကြတယ်ပေါ့ဗျာ။ အပြင်မှာ ကိုယ်ပိုင်စီးပွားရေး ကိစ္စနဲ့ အများပြည်သူပိုင်တဲ့ ဆေးရုံကိစ္စနဲ့ ဆက်စပ်လာတဲ့ အခါကျတော့ စိတ်ထဲမှာ မကောင်းဘူး။

ကျနော်ကိုယ်တိုင် ၀ါသနာမပါတဲ့ အလုပ်ဖြစ်တဲ့အဖြစ် ကိုယ့်မျက်စိတည်းမှာလည်း အချိုးမကျတာတွေမြင်လာရတယ်။ နောက်တခုက အဲဒီတုန်းက ဆရာဝန်အသိုင်းအ၀ိုင်းက ပညာတတ်အသိုင်းအ၀ိုင်းက လူတွေက ပါတီကောင်စီက လူတွေကို ကြောက်ရတယ်၊ စိုးရိမ်းရတယ်။ တရားသူကြီး အလုပ်ဝင်လုပ်ပေးရတာက အစ၊ လူကြီးလာလို့ရှိရင် ပြာပြာသလဲဖြစ်နေတာ အဆုံး အဲလိုမျိုးတွေလည်း ရှိတယ်။

ဒီနေရာမှာ ဆက်စပ်လို့ တခုပြောချင်တယ်၊ ကျနော် ငယ်ငယ်တုန်းက ပုသိမ်မှာ ၇ တန်းလောက်တုန်းက ထင်တယ်၊ လူရည်ချွန်ဖြေရတယ်၊ အဲဒီမှာ ကျနော် နောက်ဆုံးအဆင့်မှာ တိုင်းကောင်စီ ဥက္ကဋ္ဌ သားနဲ့ ကျနော်နဲ့ ယှဉ်ရတယ်။ ဒါပေမဲ့  ကျနော်မရဘူး။ အဲဒီနောက်ပိုင်းက စပြီး ကျနော် လူရည်ချွန်ဆိုတာလည်း မဖြေတော့ဘူး။

ပြောချင်တာက စနစ်ကိုက ဒါမျိုးတွေမှလုပ်မနေရင် မရှင်သန်နိုင်ဘူးဆိုတာတွေ ဖြစ်လာတယ်။ တကယ်ကို မွန်မွန်မြတ်မြတ်နဲ့ လူသားတွေကို မေတ္တာတရားနဲ့ ကုသဆောင်ရွက်ပေးရမဲ့ ဒီလိုအလုပ်တွေမှာတောင်မှ ဒါတွေကို မမြင်ရသလိုဖြစ်လာတယ်၊ အဲဒီတော့လည်း လူငယ်လည်းဖြစ်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပေါက်ကွဲတယ်ပေါ့ အဲလိုပဲ သူငယ်ချင်းတွေနဲ့ စာလေး ကဗျာလေးတွေလည်း ရေးဖြစ်ကြတယ်။

ကျနော်တို့ ရှေ့မှာလည်း မန္တလေးဆေးကျောင်းကဆိုရင် စာရေးတဲ့ သူတွေထွက်တယ်၊ ဂျူးတို့ နိုင်ဇော်တို့ ကျော်စွာထက်တို့ ကလည်း စာတွေထွက်လာကြတာ ရှိတော့ ကျနော်တို့လည်းသူတို့ကို အားကျပြီး စာလေး ကဗျာလေးတွေ လိုက်ရေးတာတွေလည်း ရှိခဲ့တယ်။

ကျနော့်မှာ တောက်လျှောက် ကောင်းတာက ၃ တန်း ၄ တန်းလောက်ကတည်းက စပြီး စာဖတ်ဖြစ်ခဲ့တာတွေ ရှိတယ်။ ကျနော့်အိမ်မှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေ တော်တော်များများ ရှိတယ်။
နောက် ကျနော်ပုသိမ်မှာ နေခဲ့တုန်းက ဘေးအိမ်မှာ ဘာသာပြန်ဝတ္ထုတွေ တော်တော်များများရှိတယ်၊ အဲဒါတွေကိုလည်း ဖတ်ဖြစ်ခဲ့တယ်။  ငယ်ကတည်းက စာဖတ်တာကိုလည်း ကြိုက်ခဲ့တော့ ကျနော့်ဘ၀တလျှောက်လုံးမှာ စာပေအကျိုးကျေးဇူးကလည်း အများကြီး ရှိပါတယ်။

အဲလို စာထဲကနေ သိရတဲ့ အသိနဲ့ သူငယ်ချင်းတွေရဲ့ ဘ၀ကို လက်တွေ့မြင်လာတဲ့အခါမှာ နောက် တွေ့လာတဲ့ မဆလခေတ်အခြေအနေနဲ့ စိတ်ထဲမှာတကယ့်ကို မခံချိမခံသာတွေဖြစ်ခဲ့တယ်။ အဲလိုကြီးနဲ့ နေနေရင်းနဲ့ပဲ ၈၈ ဖြစ်သွားတယ်လို့ပဲ ပြောရတော့မယ်။

ကျနော် ဆယ်တန်းအောင်တာက ၇၈ ခုနှစ်၊ ရ၉ မှာ ရီဂျင်နယ် တက်ရတယ်။ ၈၁၊ ၈၂ မှာ မန္တလေးဆေးတက္ကသိုလ်တက်ပြီး ၈၆ မှာ ဘွဲ့ရတယ်။ ၈၇ မှာ အလုပ်သင်ဆရာဝန်ဘ၀နဲ့ မန္တလေးမှာပဲ။ နောက် အဖေက မော်လမြိုင်ဆေးရုံကို ပြောင်းရတော့ ကျနော်ကလည်း လိုက်သွားရတယ်။

ဆေးကျောင်းတက်ခါစက ဘယ်လောက်ပဲ ဆိုးခဲ့ ဆိုးခဲ့ နောက်ပိုင်းမှာ ကျနော် စာတတ်အောင်သင်တယ်။ငါ လူနာတွေကို တကယ်ကုမယ်ဆိုရင်တော့ ငါ လူသတ်တဲ့ ဆရာဝန်တော့ဖြစ်လို့မရဘူး တကယ်တတ်မှဖြစ်မယ်ဆိုပြီး သေချာ သင်တယ်။ အလုပ်သင်ဆရာဝန် ဘ၀မှာလည်း ဆေးခန်းမှာပဲနေ့ရောညရော နေပြီး ဆေးကုပေးတယ်။ အဲဒါကြောင့် ကျောင်းတုန်းက ဆိုးတဲ့ မောင် ဆရာဝန်ဘ၀မှာ တော်တော်လိမ္မာပါလား ဆိုပြီး ဆရာတွေက အသိအမှတ်ပြုပေးဖူးတယ်။

နောက် ကျနော် တကယ် ဆရာဝန်ဖြစ်ပြီး လူနာတွေနဲ့ တွေ့ပြီး ဆေးကုလာတဲ့ အချိန်မှာ ကျနော့်မှာ လူနာအပေါ်မှာ ဘာမျှော်လင့်ချက်မှ မထားဘဲနဲ့ ဆေးကုပေးချင်တဲ့ ဆရာဝန်စိတ် ဖြစ်သွားခဲ့ပြီ။ တကယ် ဆရာဝန် စိတ်ဖြစ်သွားခဲ့ပြီ၊ အဲဒါကြောင့် ကျနော့် သဘောဆိုရင် အပြင်ဆေးခန်းထိုင်တဲ့ အလုပ် မလုပ်ချင်ဘူး။ နယ်သွားချင်တယ်၊ တကယ့်ဆရာဝန် မရှိတဲ့ နေရာတွေကို သွားချင်တယ်။

အဲလို စိတ်ဖြစ်နေတဲ့အချိန်မှာ ဘာပေါ်လာလဲဆိုတော့ အစိုးရဆရာဝန်လုပ်မယ်ဆိုရင် ရာထူးခန့်အပ်ရေး အဖွဲ့ဆိုလား ရှိတယ်။ အဲဒီအဖွဲ့က အင်တာဗျူး လုပ်တာ။ အဲဒီအင်တာဗျူးက ဘာလဲဆိုတော့ပါတီအကြောင်းတို့ ဘာတို့ မေးတဲ့ အင်တာဗျူးပေါ့ဗျာ။ ဆိုတော့ စိတ်ထဲမှာလည်း နည်းနည်းငုတ်နေတဲ့ အခံက ရှိတော့ဗျာ၊ စဉ်းစားကြည့်ဦး ကျနော်တို့ ဘွဲ့လည်း ရပြီးပြီ၊ အစမ်းသပ်လည်း ခံပြီးပြီ၊ ဆရာကြီးတွေ ကိုယ်တိုင်ကိုယ်က မင်းဆရာဝန်ဖြစ်ပါပြီလို့ ပြောထားပြီးတဲ့ အချိန်မှာ ကိုယ့်ကို အလုပ်ခန့်ဖို့အတွက် ပါတီကောင်စီက လူတွေက ဘာလို့ အင်တာဗျူးရတာလဲ ဆိုတာကို နားကိုမလည်ဘူး။

အစိုးရ၀န်ထမ်းဆရာဝန်တကယ်လုပ်ချင်တယ်။ ဒါပေမဲ့ အဲဒါမျိုးတွေကိုလည်း လက်မခံနိုင်ဘူး။ ပြီးတော့ဗျာ အဲဒီတုန်းက ဖြစ်နေတာကလည်း အလုပ်ထဲဝင် မာစတာတက် ပြီးရင် နိုင်ငံခြားမှာပညာသွားသင် ဒါက ဆရာဝန်တိုင်းက အဲလိုပဲ လုပ်ပြီး သွားနေတာပဲ။ ကျနော့်မှာ အဲဒါလုပ်ဖို့ကို အဲဒီလို ပါတီကောင်စီကလူတွေက အင်တာဗျူးမှာဆိုတာတွေက သွားခံနေတော့ အဲဒီအလုပ်ကို ဆက်လုပ်ဖို့ မလုပ်ဖို့ ဆိုတာလည်း မသေမချာဖြစ်နေတော့ အဖေနဲ့ လိုက်နေရင်းနဲ့ ဆေးခန်းလေး ဖွင့်နေရင်းနဲ့ စဉ်းစားနေတုန်းပါပဲ။

အဖေက မော်လမြိုင်ပြောင်းရတော့ ကျနော်က ကရင်ပြည်နယ်၊ ကျုံဒိုး ကော့ကရိတ်မှာ ကျနော် ဆေးခန်းဖွင့်ပြီး ဆေးကုနေခဲ့တယ်၊အဲဒီတုန်းက မှောင်ခိုလမ်းရှိတယ်၊ မော်လမြိုင်၊ ကျုံဒိုး၊ ကော့ကရိတ် အဲလိုပေါ့။

နောက် ကျနော်က အဖေနဲ့ပတ်သက်ပြီးတော့ ခံစားချက်ရှိတယ်။ ကျနော်တို့ မောင်နှမ ၃ယောက်ရှိတယ်။ ကျနော်က အကြီးဆုံးပေါ့၊ အဲဒါကြောင့် အဖေ့ရဲ့ မျှော်လင့်ချက်လည်းဖြစ်မယ်ထင်ပါတယ်။ ကျနော်ငယ်ငယ်လေးကတည်းက အတန်းထဲမှာ ပထမ၊ ဒုတိယ မရရင်အမြဲတမ်း အရိုက်ခံရတယ်။ ကျနော့်ညီမက အတန်းထဲမှာ ပထမ ဒုတိယ တတိယ မရရင်လည်း အရိုက်မခံရဘူး။အဲတော့ ကျနော့်ညီမ အလတ်နဲ့ အမြဲ ယှဉ်ကြည့်မိတယ် အဖေက သူ့သမီးတော့ ချစ်တယ် ငါ့ကိုတော့ ရိုက်တယ်ဆိုပြီးတော့ပေါ့။

အဲဒါကတော့ မိဘတွေရဲ့ Gender အမြင်ပေါ့လေ သားသမီး၃ယောက်ထဲမှာ ကျနော့်ကျတော့ သူ စာတော်မှ ရမယ်၊ သူ တခုခု ဖြစ်မှရမယ် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ ကလေးဘ၀ကတည်းက ကျနော့်စိတ်ထဲမှာ ငုတ်သွားတာက အဖေက ငါ့ကိုတော့ မချစ်ဘူး၊ သူ့သမီးပဲ ချစ်တယ်ဆိုတာက စွဲသွားခဲ့တယ်။

နောက် ကျနော့်အဖေကလည်း သူအရင်က နိုင်ငံရေးတွေ ဘာတွေ လုပ်ဖူးတယ်၊ ၁၉၆၂ နှစ်လောက်တုန်းကပေါ့ ဒါပေမဲ့ ထင်ထင်ရှားရှားတော့ မဟုတ်ဘူး။ ဦးသာဘန်းတို့နဲ့က အဖေတို့က နိုင်ငံရေးလုပ်ဖော် သူငယ်ချင်းတွေ၊ အဲဒါကြောင့် အဖေ့ရဲ့ နိုင်ငံရေး စာအုပ်တွေက အိမ်မှာ ရှိနေခဲ့တာ။

အဖေ့စိတ်ထဲမှာလည်း သူတို့ ၁၉၆၂ ခုနှစ်လောက်တုန်းက ခံခဲ့ရတဲ့ အငုံ့စိတ်ကလည်း ရှိတယ်။ ကျနော့် အဖေက မဆလ ခေတ်မှာ တော်တော်နဲ့ မဆလပါတီမ၀င်ခဲ့ဘူး၊ နောက်ဆုံး ပါတီမ၀င်ရင် ရာထူးလုံးဝ မတက်ဘူးဆိုတဲ့ အနေအထားမျိုးရောက်မှ မဖြစ်မနေ၀င်လိုက်ရတော့တာပေါ့ဗျာ။

၈၈ အရေးအခင်းဖြစ်တော့ ကျနော်က ကျုံဒိုးကနေ မော်လမြိုင်ကို တက်သွားခဲ့တယ်။  သပိတ်တွေ ဘာတွေလည်းမှောက်နေကြတော့ အဖေ ကျနော်တို့သွားကြည့်ရအောင်ပေါ့ အဲဒီတုန်းက ကျနော်က စိတ်က နည်းနည်းကြွနေပြီ သွားကြည့်မယ်ပေါ့။ အဖေပေါ့ ကျနော်တို့လည်း ၀င်လုပ်မှ ရမယ်ပေါ့။ အဖေ့ကို အဲလိုပြောတော့ အဖေက မင်းသွားမလုပ်နဲ့၊ မင်းနိုင်ငံရေးထဲ ၀င်မရှုပ်မိစေနဲ့ပေါ့ဘာညာ ဘာညာ ပြောပြီး တားခဲ့သေးတယ်။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်

မေသင်္ကြန်ဟိန်(မြစ်မခ)
ဒေါက်တာနိုင်အောင် ရိုက်ကူး- ကျော်ဇင်မန်း(မြစ်မခ)
14Unlike ·  · 

No comments:

Post a Comment