Tuesday, January 22, 2013
ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီးစဉ်စဆုံး
 မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၁၀၊ ၂၀၁၂၊ ရန်ကုန်မြို့။
(အစ)
ကိုဘိုဘိုရဲ့ မြောက်ပိုင်းခရီး အပိုင်း(၁) နဲ့ (၂)ကို facebook မှာ တင်ပြီးချိန်မှာတော့ ကျမရဲ့ noteကို  share  တဲ့ သူတွေထဲမှာ  Nang Aung Htwe Kyi ဆိုတဲ့ နာမည်ပါလာတာ တွေ့ရပါတယ်။နန်းအောင်ထွေးကြည်ဆိုတဲ့ နာမည်ကို တွေ့တွေ့ချင်းပဲ ကျမ စိတ်ဝင်စားလှစွာနဲ့ ကပျာကယာပဲ အကောင့်ထဲကို ၀င်ဖတ်လိုက်မိတယ်။
အဲဒီအချိန်မှာ မနန်းအောင်ထွေးကြည်ရဲ့ wall မှာ ကျမရဲ့ note ကိုရှယ်ထားတာ တွေ့ရပါတယ်၊ comment လည်း ၀င်ပေးထားတယ်။ အမရဲ့ wall မှာလျှောက်ဖတ်ရင်း အမတင်ထားတဲ့ note တွေ တွေ့ရပါတယ်။ အမက စာရေးကောင်းတယ်၊ ပြတ်ပြတ်သားသားရေးထားတာ တွေ့ရသလို အားလုံးကို ရိုးရိုးရှင်းရှင်းပဲ ရေးတယ်၊ ဖုံးထားတာ ဖိထားတာတွေ သိပ်မတွေ့ရဘူး။
အမရဲ့ စာတွေကို ဖတ်ပြီးတော့လည်း  ထုံးစံအတိုင်း စိတ်မကောင်းဖြစ်ရတယ်။
မနန်းအောင်ထွေးကြည်ကို မေးမြန်းခွင့်ရရင်သိပ်ကောင်းမှာပဲ လို့ ကျမ မျှော်လင့်ခဲ့ပေမဲ့ တော်တော်နဲ့တော့ အမကို ပြောမထွက်ခဲ့ပါဘူး။  နောက်ပိုင်း အမနဲ့ MESSAGE တွေ ပို့ရင်း ကျမ မေးချင်ကြောင်း ပြောမိပါတယ်။ အမ က message ပြန်ပို့လာတယ်။
`ညီမ တကယ်စိတ်ဝင်စားသလား ၊ အတိုက်အခိုက်ခံနိုင်ရည်ရှိသလား´ တဲ့။
အဲဒီ စကားဟာ ကျမကို ရှေ့ဆက်ဖို့ တွန်းအားပေးလိုက်တဲ့ စကားပါပဲ။ မိတ်ဆွေတယောက်ကတော့ ကျမကို တားခဲ့သေးတယ်၊ သူတားခဲ့တာက စိုးရိမ်စိတ်နဲ့ပါ၊ သူက ကျမကို မြောက်ပိုင်းကိစ္စတွေ ခုလို ဆက်ပြီး မရေးစေချင်ဘူး။ ပြဿနာများလွန်းတယ်၊ ဖိအားများလွန်းတယ်၊ ပြီးတော့ ဒီကိစ္စကို မပေါ်စေချင်တဲ့သူတွေက အများကြီး ရှိတယ်လို့ ပြောတယ်။
ကျမကတော့ ဆက်ရေးဖို့ပဲ စိတ်ပြင်းထန်ခဲ့တယ်။ ကျမကို ဒေါက်တာနိုင်အောင်ဆီကနေ ငွေ ၁၀ သိန်း ယူတယ်လို့ မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တမင်ပြောဆိုစွပ်စွဲခံရတယ်။ ကျမအနေနဲ့ သတင်းရေးသားရန်အတွက် လက်ဆောင်၊ ငွေကြေး တစုံတရာ မယူခဲ့ဖူးပါဘူး။
ဒါပေမဲ့ ကျမကို  နည်းမျိုးစုံနဲ့ စွပ်စွဲခံရ တိုက်ခိုက်ခံရပါတယ်။  နောက် ABSDF မြောက်ပိုင်းကိစ္စတွေကို မရေးဖို့ ပေါ်တင် တားမြစ်လာကြတဲ့ သူတွေရှိသလို၊ လက်သီးပုန်း  ထိုးကြတဲ့ သူတွေနဲ့ နောက်ဆုံး  ဆဲဆို တိုက်ခိုက်ခြင်းတွေကိုပါ ကြုံလာရတယ်။
အမ နန်းအောင်ထွေးကြည်ကိုလည်း ကျမကို အင်တာဗျူးပေးလို့ ဆိုပြီး ပြောဆိုကြတဲ့ သူတွေလည်း ရှိတဲ့အကြောင်း သတင်းစကားတွေကနေ ပြန်ကြားရတော့ အံ့သြမိပါသေးတယ်။ကျမက မေးမဲ့သူ၊ အမ မနန်းအောင်ထွေးကြည်က ဖြေပေးမဲ့သူ၊ အဲလို  ကျမတို့ နှစ်ယောက် အင်တာဗျူး ကြမှာကို ဘာကြောင့် မလိုလားကြတာလဲ ။ ဒါကိုလည် နားမလည်နိုင်ခဲ့ပါဘူး။
ဘာကြောင့်ပဲဖြစ်ဖြစ် အမကတော့ သူ့ရဲ့ မြောက်ပိုင်းခရီးနဲ့ပတ်သက်ပြီး ကျမကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးရှင်းရှင်းနဲ့ နာရီပေါင်းများစွာ ကြာအောင် ပြောပြခဲ့ပါတယ်။ မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ နိုင်ငံ နှစ်ခုကနေ မေးလိုက် ဖြေလိုက်၊ အသံတွေ ပြတ်တောက်လိုက်၊ အချို့ဖိုင်တွေဆိုရင် အသံတိုးတိုးလေးပဲ ကြားရလိုက်နဲ့ ကျမတို့ရဲ့ အင်တာဗျူးဟာ မျက်နှာချင်းဆိုင်တွေ့ပြီး မေးကြရတာလောက်တော့ အဆင်မပြေပါဘူး။
ဒါပေမဲ့ အသံမာပေမဲ့ ကြည်လင်တဲ့ မနန်းအောင်ထွေးကြည်ရဲ့ အသံကို နားထောင်ရင်း  အမနဲ့ အတူမြောက်ပိုင်းကို ကျမ ရောက်ခဲ့ရပါတယ်။ မိတ်ဆွေများကိုလည်း မနန်းအောင်ထွေးကြည်နဲ့အတူ မြောက်ပိုင်းကို လိုက်ကြည့်ကြရအောင်ပါ။
အပိုင်း (၁)
ကောင်းပြီ…။  မျိုးရိုးကနေ စပြောမယ်။
အဖေနာမည်က ဦးခင်မောင်ကြည်၊ အမေနာမည်က ဒေါ်ခင်နှင်းကြည်(နန်းမွေ)။  အဖေက ၁၉၆၉ ခုနှစ်မှာ အမှတ် (၂) ထောက်လှမ်းရေး တပ်မှူးဖြစ်ခဲ့တယ်။ ၁၉၇၂-၇၃ ခုနှစ်လောက်မှာ အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရတယ်ဆိုတာကလည်း အိမ်ကနေ လာခေါ်သွားတာ။  အဖေက ပျောက်သွားတယ်။ အိမ်က သေလား ရှင်လားတောင် မသိရဘဲနဲ့ ပျောက်သွားခဲ့တာ။
အဖေဟာ အသက်ရှင်နေသလား၊ အဖေ ဟာ သေပြီလား။ အဖေ့ကို ဘာလုပ်လိုက်ကြသလဲ၊ အဖေ ဘယ်ရောက်နေသလဲ ဆိုတာ အဖေ ဘယ်မှာလဲ ဆိုတာကို တမိသားစုလုံးက ဘာမှကို မသိရတော့ဘူး။ အဲဒီအချိန်မှာ အမေဟာ  သားသမီး၆ယောက်နဲ့ အမေက လောကဓံကို ခါးစည်းပြီး ခံရတယ်။
အဲဒီလိုနဲ့ ၁၉၇၄  ဦးသန့်် အရေးအခင်းတွေ ဘာတွေဖြစ်တဲ့အချိန်မှာ ကျမက ၅ တန်းရောက်နေပြီ။ အထက(၂) ကမာရွတ်မှာ တက်နေတယ်။ အဲလို ဦးသန့်အရေးအခင်း ကာလမှာ ညညတွေမှာ ဟောပြောတဲ့ နေရာတွေကို  အမေက သားသမီးတွေကို ခေါ်ခေါ်သွားတယ်။ အမေက တက်ကြွတယ်။
အဲဒီအချိန်တုန်းက အမအကြီးဆုံးက တက္ကသိုလ်တက်နေပြီ၊ chemistry မေဂျာ၊ အဲဒီတုန်းက စော်ဘွားမျိုးနွယ် သားသမီးတွေကလည်း ဦးသန့်အရေးအခင်းတွေဘာတွေမှာပါပြီးတော့ တပြုံကြီး အဖမ်းခံကြရတာတွေ ဘာတွေလည်းကြားရတယ်။
ဘာကြောင့် နိုင်ငံရေးကို စိတ်ဝင်စားသလဲဆိုတာက ကိုယ်မြင်ခဲ့ကြားခဲ့ရတာတွေကြောင့်လည်း ပါတယ်။ မတရားတာတွေကိုလည်း သိလာတယ်။
အဲဒီလိုနဲ့ ၁၉၇၇ခုနှစ်မှာ အဖေ အိမ်ပြန်ပို့ပေးတယ်။ အဖေ ပြန်ရောက်လာမှ  အဖေ့ကို ရေကြည်အိုင်ထဲမှာ သွားချုပ်ထားကြတယ် ဆိုတာ သိရတာ။ သိတဲ့အတိုင်းပဲ ထောက်လှမ်းရေး အသိုင်းအ၀ိုင်းတွေမှာ လုပ်နေကြအတိုင်းပဲ အဖေ့ကိုလည်း အမှု မရှိဘဲနဲ့ အဖမ်းခံလိုက်ရတယ်။ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတဲ့အတိုင်းပဲ အဖေလည်း အဖမ်းခံလိုက်ရတယ်။
အဲလိုနဲ့ ဖမ်းထားလိုက်တာ ၁၉၇၇ မှာ ပြန်လွှတ်ပေးခဲ့တယ်။
ပြန်လွှတ်ပေးလိုက်တော့လည်း အလုပ်မပြုတ်ခဲ့ဖူး။ ဖမ်းပြီး သူ့ကို ထောင်ချလို့လည်း မရတော့ ဖေဖေ့ကို ဒီအတိုင်း အကျယ်ချုပ်အနေနဲ့ ထိန်းသိမ်းပြီး ခေါ်ထားကြတာ။ ပြန်လွှတ်လိုက်တော့ အဖေ့ကို ထောက်လှမ်းရေး တပ်မှူးရာထူးမှာ မထားတော့ဘဲနဲ့ ခလရ ၃၅ ကို ပြောင်းလိုက်တယ်။
အဲလိုပြောင်းလိုက်ြ့ပီးတော့ အဖေက တပ်မတော်ကနေ နှုတ်ထွက်ပစ်လိုက်တယ်။ဘာကြောင့်လဲ ဆိုတော့ သူ စိတ်နာသွားတယ်၊ ဆက်ပြီး မလုပ်ချင်တော့ဘူး။ အဖေအငြိမ်းစားဖြစ်သွားပြီ။
အဲဒီအချိန်မှာ ၇ တန်းကျောင်းသူ ဆိုတော့ အဖေတို့ စကားပြောရင် နားလည်လာပြီ။ အစိုးရနဲ့ပတ်သက်ပြီး သုံးသပ်တတ်လာတယ်။ မြင်လာတယ်။ ဒါပေမဲ့ အိမ်မှာ မိသားစုထဲမှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး သိတ်လည်း မပြောခဲ့ဖူး၊ နိုင်ငံရေး စကားလည်း မပြောခဲ့ဖူး။
ပြောရရင်တော့ မောင်နှမ ၆ ယောက် မှာက  အငယ်ဆုံး။ အဲဒီမှာ ဂုဏ်ယူစရာ ပြောရရင်တော့ ၉ တန်း ၂ခါဖြေ  ၁၀ တန်း ၄ ခါဖြေ ပေါ့။ ဆယ်တန်းကို ၄ ကြိမ်ဖြေပြီးတော့မှ အောင်ခဲ့တာ။
ဆိုးတယ်။ ကောင်းကွက် မရှိ။ တာတေအောင်ဆိုးတယ်ထင်တယ်။ ပေပေတေတေ နေတယ်။ အနုပညာဝါသနာပါတယ်။ အရမ်းကို ၀ါသနာပါတာ။ ဘဝမှာအဖြစ်ချင်ဆုံး က ဂီတ အနုပညာသမားတယောက်ပဲ။ သီချင်းဆိုတာထက်ကို ဂီတ ပညာရှင်ဖြစ်ချင်တာ။
အမတို့က အရမ်းစာတော်ကြတော့ သူတို့က ကျောင်းမှာ ထိတ်တွေချည်းပဲ ဆယ်တန်းအောင်တော့လည်း ဂုဏ်ထူး လေးဘာသာ ငါးဘာသာတွေပဲ ဆိုတော့ ဒီက ဆယ်တန်းတဘုန်းဘုန်းကျဆိုတော့ အမေကလည်း ကြိုးစားစေချင်တယ်။
ရှစ်တန်းကျောင်းသူလောက်ထိ စာကြိုးစားခဲ့တယ်။ ကိုးတန်းဆယ်တန်းလောက်ကြတော့ လူက ထုံပေပေ ဖြစ်လာတယ်။ ဂစ်တာ တီးချင်ရင် သူငယ်ချင်းတွေ အိမ်မှာသွားတီးရတာတို့၊ လမ်းဘေးမှာ ဂစ်တာ တီးတာတို့ဘာတို့တွေလည်း လုပ်တော့ အမေက လုံးဝ မကြိုက်ဘူး။ ဆိုးခဲ့တာက တခြား ရည်းစားတွေဘာတွေ ထားပြီး ဆိုးခဲ့တာ မဟုတ်ဘူး။ နောက် မိန်းမလည်း သိပ်မဆန်တော့ အမေက အမြဲပြောတယ်၊ ဆိုတယ်။  အမေ မကြိုက်တာလုပ်ခဲ့တာ၊ ဘုကလန့်တွေ ပြောခဲ့တာ အဲဒါမျိုးတွေနဲ့ ဆိုးခဲ့တာ။
နောက် ငယ်ငယ်လေးကတည်းက ဂျင်းဘောင်းဘီဝတ်တယ်၊ မင်းမင်းလတ် သီချင်းတွေ နားထောင်တယ်။ စိုင်းထီးဆိုင်သီချင်းတွေကို ကြိုက်တယ်။ သူ့သီချင်းတွေနဲ့ ဂစ်တာ တီးတယ်။ ဂစ်တာနဲ့ပတ်သက်လာရင် တခါမှ မသင်ဘူးဖူး၊ စာအုပ်ဖတ်တယ်၊ စာအုပ်ဖတ်ပြီး တီးတယ်၊ပြီးတော့ အကြားနဲ့လည်း တီးတယ်။ ဘယ်သွားသွား ဂစ်တာ တလုံးနဲ့ပဲ။ ဂစ်တာမပါရင် ဂစ်တာ မကိုင်ရရင် မနေနိုင်ဘူး အဲလိုထိဖြစ်လာတာ။
ဒါပေမဲ့ အမေက မရဘူး၊ ဂစ်တာ လှမ်းကိုင်လိုက်ရင်ကို ရာဇ၀တ်မှု ကျူးလွန်လိုက်သလိုပဲ။ အမေကတော့ ပညာရေးပဲ လုပ်စေချင်တယ်။ ပညာပဲ ကြိုးစားစေချင်တာလေ။
နောက်ပြီး ပညာရေးမှာလည်း သင်ရတာတွေကလည်း ဘောဂဗေဒတွေဘာတွေ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ အဲဒါမျိုးတွေကျတော့ မကြိုက်ဘူး။ စိတ်လည်း ၀င်စားလို့မရဘူး။
အဲဒါနဲ့ ကိုးတန်းကိုတောင် ၂ ခါဖြေယူရတယ်။ ဆယ်တန်းလည်းကျတယ်။ ဆယ်တန်းကျတော့ အိမ်က ရှမ်းပြည်ကို ပို့တယ်။ အမျိုးတွေကုန်လုံးက ရှမ်းပြည်မှာ ရောက်နေကြပြီ ၊ အဲတော့ ရှမ်းပြည်ကိုပို့တော့ ရှမ်းပြည်မှာ ထပ်ဖြေတယ်။ အဲဒီမှာလည်း မောင်နှမ ၀မ်းကွဲတွေကလည်း ယောင်္ကျားလေးတွေချည်းပဲ။ အဲဒီမှာလည်း ဆယ်တန်းဖြေပေမဲ့ထပ်ကျတယ်။ မအောင်နိုင်ဘူး သမိုင်းတို့ ဘောဂဗေဒတို့နဲ့ထပ်ကျတာပဲ။ တဒိုင်းဒိုင်းကို ကျတာ။
အဲလိုနဲ့ ဆယ်တန်းကို လေးကြိမ်လောက်ဖြေပြီးမှ ၁၉၈၄-၈၅ မှာ ၁ဝတန်းအောင်ခဲ့တယ်။ ဘယ်လိုပဲပြောပြောပေါ့လေ ဆယ်တန်းတော့ အောင်သွားပါတယ်။ ဆယ်တန်းအောင်တဲ့ နှစ်မှာ သူငယ်ချင်းတွေက ဘွဲ့တောင် ရနေကြပြီ။ ငယ်ငယ်လေးကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေ ဘွဲ့ရတော့မှ ဆယ်တန်းအောင်ခဲ့တာ။
ဆယ်တန်းအောင်ပြီးတော့လည်း  စိတ်ပညာ အဓိက ယူခဲ့တယ် ။ ကျောင်းတက် ပျင်းလို့ စာပေးစာယူလိုက်တာကို အမေတို့ မသိဘူး။  စာပေစာယူယူရင်းနဲ့ အိမ်မှာဘဲနေ တယ် ။ ရှုပ်ရှုပ်ပွေပွေတော့ မနေခဲ့ပါဘူး။ ဂစ်တာပဲ တီးနေတာ၊ ဆယ်တန်းအောင်ပြီးသွားတော့ ဂစ်တာတီးတာကို အမေက သိပ်မပြောတော့ဘူး။
၁၉၈၈ခုနှစ် အရေးအခင်းဖြစ်တော့ စာပေစာယူနောက်ဆုံးနှစ်ရောက်နေပြီ၊ အရေးအခင်းဖြစ်တဲ့အချိန်မှာ လှည်းတန်းမှာ ရှိနေတယ်။
အပိုင်း(၂)
၁၉၈၈ ခုနှစ် ကျောင်းသား အရေးအခင်းဖြစ်တဲ့ အချိန်မှာ လှည်းတန်းရောက်နေခဲ့တယ်။ အဲဒီအချိန်တုန်းကလည်း နိုင်ငံရေးနဲ့ ဘာမှ ပါဝင်ပတ်သက်မှုမရှိသေးဘူး။
အဲလို လှည်းတန်းမှာ အရေးအခင်းဖြစ်နေတဲ့ အချိန်တုန်းက တကယ်တော့ လှည်းတန်းကို လက်နှိပ်စက် ရိုက်တဲ့ သင်တန်းတက်ဖို့ လာခဲ့တာ။
ကျမက စာပေစာယူနဲ့ ကျောင်းတက်နေတာဆိုတော့ အိမ်မှာလည်း ဘာအလုပ်မှ လုပ်တာ မဟုတ်ဘူး၊ ဒီအတိုင်း ဂစ်တာတီးရင်း အိမ်မှာ အချိန်တွေကုန်နေတာ အဖေနဲ့ အမေကလည်း အလုပ်လုပ်ရမယ်ဆိုပြီး ပြောလာတယ်။ အဲဒီတုန်းက ဂျပန်ကုမ၌ဏီတခုက မြန်မာပြည်မှာလာ ဖွင့်ဖို့ ရှိတယ်ဆိုတော့ အဲဒီမှာ အလုပ်လုပ်ရမယ်။  လက်နှိပ်စက်ရိုက်တတ်ဖို့ လိုတယ်ဆိုလို့ လှည်းတန်းမှာ သင်တန်းတက်ဖို့ လာခဲ့ရင်း အရေးအခင်းနဲ့ သွားကြုံလိုက်တာ။
သိတယ်မဟုတ်လား၊ သူများတွေ ရုတ်ရုတ် ဆိုရင် သွားကြည့်တယ်။ ဘာမှ နားမလည်ပေမဲ့လည်း သွားကြည့်ဖြစ်တယ်။ အဲဒီလို သွားကြည့်ရင်းနဲ့ ကျောင်းသားတွေက သွေးတွေပေနေတဲ့ အကျီာင်္သယ်လာတာတွေ့တော့ စိတ်ထဲမှာ စိတ်မကောင်းလည်း ဖြစ်တယ်။ ဒေါသလည်း ထွက်တယ်။
အဲလိုအရေးအခင်းကာလမှာ  လူတယောက်နဲ့သွားဆုံတယ်၊ အဲဒါကလည်း အရေးအခင်းဖြစ်နေတဲ့အချိန်  စကားပြောရင်းနဲ့ ဆုံသွားခဲ့တာ၊  ဘာရယ်မဟုတ်ဘူး သူနဲ့ စကားပြောမိတာ။ အဲဒီအချိန်တုန်းကလည်း လူတွေက တယောက်နဲ့တယောက်လည်း စကားပြောကြတယ်လေ အဲလိုပဲ စကားပြောလိုက်မိတာ။
အဲဒီလူက အသက်ပိုကြီးသလား ငယ်သလားတော့ မသိဘူး၊ဒါပေမဲ့ ရုပ်ကိုကြည့်ရတာကတော့ အသက်ပိုကြီးမယ်လို့ ထင်တယ်။ နောက်သူ့ကိုယ်သူ မိတ်ဆက်လာတယ်။
ကျနော့်နာမည် မင်းအောင်သူပါတဲ့။
ဟုတ်ကဲ့ပါ ကိုမင်းအောင်သူ၊ ကျမ နာမည် နန်းအောင်ထွေးကြည်ပါ ပေါ့။ အဲလို မိတ်ဆက်ကြတယ်။နောက်ခင်သွားကြတယ်၊
အဲဒါက ၁၉၈၈ ခုနှစ် ဇူလိုင်လလောက်ရှိပြီ။ အဲဒီတုန်းက သူ့ကိုယ်သူ ပြောတာကတော့ သမိုင်းအဓိက ပေါ့လေ။
အဲဒီတုန်းက ကျမက လူ့အခွင့်အရေးတို့ ဒီမိုကရေစီတို့ ဆိုတာတွေလည်း မသိဘူး  စိတ်ထဲမှာလည်း မရှိဘူး၊ စိတ်ထဲ ရှိခဲ့တာကလည်း တကယ့်မခံချင်စိတ်နဲ့ပဲ ပါခဲ့မိတာ။ အဲဒီတုန်းက ကျောင်းသားတွေ တောင်းဆိုမိတာကလည်း ကျောင်းကို ရာသက်ပန်ထုတ်လိုက်တဲ့ ကျောင်းသားရှိတယ်၊ ထောင်ကျသွားတဲ့ ကျောင်းသားတွေ ရှိတယ် အဲဒီကျောင်းသားတွေကို ပြန်ထုတ်ပေးဖို့ပဲ တောင်းဆိုကြတယ်။ဒီ မိုကရေစီရရှိရေး တွေဘာတွေလည်း မရှိဘူး။
ဒီလိုနဲ့ အရေးအခင်းတွေကို သွားဖြစ်ပေမဲ့ နေ့တိုင်းတော့ မဟုတ်ဘူးကွ၊  နေ့တိုင်းမလိုက်ဖြစ်ဘူး ကြိုကြားကြိုကြားပဲ သူတို့နဲ့ အတူသွားလိုက်ဖြစ်တာ။
နောက်တော့ ခင်လာတဲ့ အခါကျတော့သူက ဖွင့်ပြောတယ်။ တကယ်တော့ မင်းအောင်သူ ဆိုတာက သူ့နာမည် မဟုတ်ဘူး။ သူ့ကို ကိုတိုးလို့ ခေါ်တယ်တဲ့။ ကိုတိုးဆိုတာပဲသိတယ်၊ အဲဒါလည်း သူ့ရဲ့ အိမ်နာမည်ပါ။ ကျမလည်း ကိုတိုးလို့ပဲ ခေါ်လိုက်တယ်။  နောက်တော့ သူ့နာမည်ရင်းတွေ ဘာတွေကိုလည် မမေးတော့ဘူး၊
တကယ်တော့ ကျမကသာ ဘာမှ မသိတဲ့ အ..အ..လေးလေ၊ ဒီလိုအချိန်မှာ နာမည်ရင်းကို ကျမ မို့သာပြောလိုက်တာ။
သူတို့တွေကတော့ ယူဂျီတွေ၊ တကယ်လုပ်နေတဲ့ သူတွေ၊ ဆဲလ်တွေဆိုတော့ သူတို့ရဲ့ နာမည်ရင်းတွေကိုလည်း မပြောဘူး။
နာမည် ၀ှက်တွေနဲ့ပဲ သုံးနေတာ၊ အဲဒါကို ကျမက လုံးဝ မသိခဲ့ဘူး၊ တော်တော်နဲ့လည်း မသိဘူး။
သိလိုက်တဲ့ အချိန်မှာ ကြတော့ ကျမ ဘာမှ လုပ်လို့မရတော့ဘူး၊
ကျမက အဲဒီတုန်းက ကျောင်းသား သမဂ္ဂတွေဘာတွေလည်း လုံးဝ မရှိဘူး၊ဘာမှ လည်းမရှိဘူး။ နိုင်ငံရေးဆိုတာလည်း နားမလည်ဘူး။
ဒါပေမဲ့ အဲဒီအဖွဲ့တွေနဲ့ လိုက်ရင်းနဲ့ တနေ့မှာ သူတို့နဲ့ အတူလိုက်သွားတယ်၊ သူတို့က  လူကြီးတယောက်နဲ့သွားတွေ့ကြတယ်။ လက်ဖက်ရည်ဆိုင်လေး တဆိုင်မှာပေါ့။
ကျမကလည်း အဲလို လက်ဖက်ရည်ဆိုင်တွေဘာတွေဆို အရမ်းလိုက်လိုက်ထိုင်တယ်လေ။ ကျမက Tomboy ဆန်တော့လက်ဖက်ရည်ဆိုင်လည်း ထိုင်တာပဲလေ။ အဲလို လိုက်ထိုင်ရင်းနဲ့ သူတို့က ဘာအကြောင်း ပြောကြလဲ ဆိုတော့ တပြည်လုံး အင်အားဖြစ်အောင်လုပ်ရမယ် ။ အခုဖြစ်နေတာ ရန်ကုန်အင်အားလေ၊ တတိုင်းပြည်လုံး အင်အားဖြစ်လာဖို့အတွက်ကို စွမ်းဆောင် ကြရမယ် အရေးအခင်းက ဆိုပြီး အဲဒါတွေ ပြောတာနော်။ သူတို့ပြောနေတာ နားထောင်ရင်း
ဟာ နားထောင်လို့ကလည်း ကောင်းတော့ ၀င်ပြီး နားထောင်မိတာပေါ့၊ သိတယ်မဟုတ်လား နိုင်ငံရေးစကားဆိုတာက နားထောင်လို့အရမ်းကောင်းတယ်လေ။
အဲလိုတွေနဲ့ သူတို့လုပ်နေတာ နောက်ဆုံးတော့ ၁၉၈၈ ခုနှစ်ရဲ့  ရှစ်လေးလုံးကြီး ဒိုင်းဆိုပြီး ထဖြစ်သွားလိုက်တာ။ အဲဒီအချိန်ထိလည်း သူတို့ ဘယ်သူတွေ ဆိုတာကို မရိပ်မိဘူး။
တကယ့်ကိုပဲ ကျောင်းသားတွေပေါ့၊ တတိုင်းပြည်လုံး အင်အားကြီးဖြစ်သွားပြီပေါ့ အဲလိုပဲ ထင်ခဲ့တာ။
တကယ်ောတ့ အ...ခဲ့တာ၊ …အ ခဲ့တာ။ ဘယ်သူတွေက ဒီလိုဖြစ်အောင် အနောက်ကနေ control လုပ်နေသလဲ ဆိုတာကို ကျမတို့ လုံးဝ မသိခဲ့ဘူး။
လုံးဝလည်း မရိပ်မိခဲ့ဘူး။
တခု ကျန်သွားတယ် ၈ လေးလုံး မဖြစ်ခင်မှာ  စာစောင်တွေဘာတွေ ထွက်ကြသေးတယ်။ အဲဒီ စာစောင်လေးတွေကို ထုတ်နေတာက ကျမတို့ အုပ်စုလေးကနေ ထုတ်နေတာ။
အဲဒီ စာစောင်တွေထဲမှာ နာမည်တွေပါတယ်။ ဒါပေမဲ့ နာမည်က အမျိုးမျိုးနဲ့နော်။ နာမည်တွေကလည်း သူ့နာမည်က မင်းအောင်သူတဲ့ ဆိုင်းထိုးထားတော့လည်း နိုင်ငြိမ်းချမ်းတဲ့၊ နောက် စစ်သူနိုင်တို့၊ ရဲမင်းအောင်တို့ အဲလို နိုင်ငံရေး နာမည်တွေနဲ့ချည်းပဲ ထုတ်နေတာဆိုတော့ စဉ်းစားပြီလေ။
စိတ်ထဲ တမျိုးလည်း ဖြစ်သွားပြီ ဒါပေမဲ့ ကျမက ပြောင်ပြောင်နောက်နောက်နေတတ်တဲ့ သူဆိုတော့ ငါ့နာမည်ကလည်း နန်းအောင်ထွေးကြည်ဆိုတော့ နန်းကိုအောင်နိုင်ပြီးတော့ မိသားစုနဲ့ နွေးနွေးထွေးထွေး ကြည်ကြည်လင်လင် နေတတ်တဲ့သူပေါ့လို့ ဆိုပြီး နောက်လိုက်သေးတယ်။
ဒါပေမဲ့ စိတ်ထဲမှာက သံသယတော့ဖြစ်သွားတယ်။ သူတို့တွေက ဘာတွေလည်း မသိဘူး။ မဟုတ်တော့ဘူး မဟုတ်တော့ဘူး တခုခုတော့ တခုခုပဲလို့ စဉ်းစားပြီ။
နောက် သူ့ကို ပေါ်တင်မေးတာ၊ ပေါ်တင်မေးတော့ ငါတို့က ဟုတ်တယ် ဗကပ(ကွန်မြူနစ်) တွေလို့တော့ မပြောဘူးပေါ့။ တမျိုးလေး သူတို့ သုံးတာက အလံနီလည်း မဟုတ်ဘူးကွ၊ တမျိုးပဲ သူတို့သုံးတာပြန်ပြောဖို့ မေ့တောင်မေ့နေပြီ အဲဒီ အသုံးအနှုန်းကိုလေ။
အဲဒီမှာ  ဖြုံသွားတာ။ ငါတော့ သွားပြီ အမွေးခံလိုက်ရပြီ ထင်တယ်လို့ကို ဖြစ်သွားတာ။ သူတို့လုပ်တာက အဲဒါပဲလေ၊ လူငယ်တွေကို လိုက်ပြီးတော့စည်းရုံးမယ်။ သူတို့ ဘယ်သူတွေဆိုတာ မပြောဘဲနဲ့ စည်းရုံးမယ်။ စည်းရုံးပြီးတော့မှ လုပ်ငန်းကို ချဲ့သွားမယ် ကိုယ့်ကိုယ်ကို ကွန်မြူနစ် ဖြစ်မှန်းမသိ၊ သူတို့လူဖြစ်မှန်းမသိ ဖြစ်သွာြး့ပီး သူတို့ခိုင်းတာတွေ ကို လျှောက်လုပ်ပေးနေမိမယ် အဲလို လူတွေအများကြီး ရှိနေပြီ။အဲလိုတွေကို သိလိုက်တော့ အရမ်းကြောက်သွားတယ်၊ ကွန်မြူနစ်ဆိုရင်လည်း မကြိုက်ဘူး၊ ဆိုရှယ်လစ်ကိုလည်း မကြိုက်ဘူးလေ။
ဘယ်လိုပဲပြောပြောပါ  ရှစ်လေးလုံးက ကျောင်းသားထုရဲ့ အင်အားကို သုံးပြီး နောက်ကနေ ကွန်မြူနစ်တွေက ထိန်းချုပ်သွားခဲ့တယ်လို့ ကျမ မြင်မိတယ်။
ဒါပေမဲ့ အဲဒါကို အစိုးရက ပြောတုန်းက ကျမတို့ ကိုယ်တိုင် လက်မခံခဲ့ဘူး။ အခု အသက်ကြီးလာချိန်မှာ အားလုံးကို ပြန်စဉ်းစားပြီးတော့မှ အခု အသက်ကြီးလာချိန်မှာ အားလုံးကို ပြန်စဉ်းစားပြီးတော့မှဖြစ်ချင်ဖြစ်သွားမယ် ထင်တယ်လို့ စဉ်းစားမိလိုက်တာ။
ကွန်မြူနစ်တွေရဲ့ ဆဲလ်တွေ ယူဂျီတွေက  သိပ်တော်ပါတယ်။ သူတို့က စည်းရုံးနိုင်တဲ့ နေရာမှာ လူငယ်တွေဟာ ကိုယ့်ဟာကိုယ်ကွန်မြူနစ်မှန်းတောင် မသိလိုက်ဘဲနဲ့ ကွန်မြူနစ်ဖြစ်မှန်းမသိ ဖြစ်သွားကြတာ။ ကျမတို့ အဲဒါတွေ ခံလိုက်ရတာ။ တော်တော်များများပါပဲ ကျောင်းသားတွေလည်း ခံလိုက်ကြရမယ် ထင်တယ်။
အဲလို သူတို့ကစားကွက်ကို သိလိုက်လို့ နောက်ဆုတ်သွားလိုက်တာ ရှိမယ်၊ သိရဲ့သားနဲ့ နောက်မဆုတ်ဘဲ ဆက်လုပ်တဲ့သူတွေလည်း ရှိမယ်၊ သိသွားပြီးတော့မှ ကြိုက်တယ်ဆိုပြီးတော့ ၀င်သွားတဲ့ သူတွေလည်း ရှိချင်ရှိမယ်။
ကျမကတော့ ဘာခံယူချက်တွေ ညာခံယူချက်တွေ မရှိဘူးနော်၊ ရှိနေတာ တခုကတော့ ဒီအစိုးရကို ငါမကြိုက်ဘူး ဆိုတာပဲ။ ဒါပဲ ရှိတယ်၊ ငါတော်လှန်မယ်၊ သူတို့ကို မကြိုက်ဘူး။ ငါ့အဖေခံရတယ်၊ ပြည်သူတွေ ခံရတယ် အဲဒါကြောင့် မကြိုက်ဘူး ငါ တော်လှန်မယ်။ ကျောင်းသားတွေ တော်လှန်နေတယ် ငါလည်း ကျောင်းသား ကျောင်းသားဖြစ်တဲ့အတွက် ငါလည်း တော်လှန်မယ် ဒါပဲ ရှိတယ်။
အင်း...အဲဒီတုန်းက အမေက ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်နေတုန်း ကာလဆိုတော့ အမေကလည်း ဆေးရုံက အကြောင်းတွေ အိမ်မှာပြန်ပြောပြတယ်။ ပစ်မိန့်ပေးထားတဲ့အကြောင်းတွေနဲ့ ကျောင်းသားတွေ အရေးပေါ်တွေ ရောက်လတဲ့ အကြောင်းတွေ အမေက ပြောတယ်။ အမေကလည်း စိတ်တိုပြီး ပြောပြတာ။
တညနေတုန်းကလည်း အမေက အိမ်ပြန်ရောက်တော့ ဆေးရုံမှာ သူမြင်ခဲ့တာတွေ ပြောပြောပြီး ငိုတယ်။ စစ်သားတွေ ဘယ်လောက်မိုက်ရိုင်းသလဲ ဆိုတာတွေ ပြောပြီး ငိုတယ်၊ အဖေကလည်း ဒေါသတွေ ထွက်တယ်။ တအိမ်လုံး စိတ်မကောင်းကြဘူး။
နောက် အဲဒီတုန်းက အင်လျားကန်နဲ့ကန်ဘဲ့လမ်းမကြီးပေါ်က အိမ်မှာနေတော့ မဆလ ပဒုမ္မာပြခန်းရှိတဲ့ ဆူဒီယမ်ဘတ် လမ်းမကြီးပေါ်မှ ကျောင်းသားလေးတွေ အဖြူအစိမ်းလေးတွေ နဲ့  သွေးတွေ စွန်းနေတာတွေကို အဖေနဲ့ အတူ ထွက်ကြည့်ရင်းတွေ့တော့ အဖေကလည်း ခေါင်းတခါခါနဲ့မျက်နှာပျက်ပျက်နဲ့ ဆဲတယ်။
ဆဲတာ။ တော်တော်လေး ဆဲတယ်။ ငါ ရှက်တယ်၊ ငါရှက်တယ်။  ငါ ၀တ်ခဲ့တဲ့ အစိမ်းရောင်ကို ငါအရမ်း ရှက်သွားပြီ ဆိုပြီးတော့ အဖေ စိတ်ထိခိုက်သွားတယ်။
နောက်ပိုင်း အရေးအခင်းတွေမှာ ကိုယ်တိုင်ပါဝင်လာပြီး မြောက်ဥက္ကလာပစစ်ကြောင်းနဲ့ ထင်တယ် လူတွေကိုဆန္ဒပြတာကို သွားကြည့်ရင်း ကြည့်ရင်းနဲ့ လူတွေကြားထဲရောက်ပြီး ပါသွားတာ။ တကယ်ကို သွားတုန်းက သွားကြည့်တာပဲ ကြည့်ရင်း ကြည့်ရင်းနဲ့ကို စိတ်တွေပါပြီး ပါသွားတာ။
အဲလိုနဲ့ ၈ လေးလုံးပြီးသွားတော့  အဲဒါပြီးတော့ ဒေါ်အောင်ဆန်းစုကြည်တို့ဘာတို့လဲ ပါတီထောင်တယ်။ အဲဒီတုန်းက ဒေါ်စုရဲ့ပါတီရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည် အိမ်နံဘေးက ခြံထဲမှာပေါ့ ရုံးချုပ်ဖွင့်တာ။
၁၉၈၈ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းမှာ  အန်အယ်ဒီပါတီထဲကို ၀င်လိုက်တယ်။ ဘာရယ် ညာရယ်လည်း မသိဘူး ရည်မှန်းချက်တွေဘာတွေလည်း မရှိဘူး၊ ဒေါ်စုကို ချစ်တာပဲ။ ချစ်တဲ့ စိတ်နဲ့ ၀င်လိုက်တာပဲ။ အဲဒါ ပုဂ္ဂိုလ်စွဲနဲ့ ၀င်တာ ဟုတ်တယ်။ သူ့ရဲ့ ရည်တည်ချက်တွေ ဘာတွေလည်း နားမလည်ဘူး၊ သူ့ကို ချစ်လို့ကို ၀င်လိုက်တာ။ သူ့ကို ချစ်တယ်၊ လုပ်မယ် သူ့အတွက် သူ့ကို backup လုပ်မယ်ဆိုပြီး ၀င်လုပ်တာ။
NLD ရုံးက ဒေါ်စုခြံထဲမှာ။ပြီးတော့ နောက် တခြံကျော် မှာပေါ့။ လိပ်စာမမှတ်မိတော့ဘူး။ ကျမက ဒေါ်စု နဲ့ တခြံကျော်က NLD YOUTH မှာဝင်ပြီး အလုပ်လုပ်ပေးတယ်။
အဲဒီတုန်းက ကိုစိုးသိမ်း ( ထောင်ကလွတ်ပြီးသေသွားပြီ) ။ ပါကြီး (ယခု မဲဆောက်) ။ကိုငယ်(သီဟန်..ဆိုတာ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်သား) ခင်သန္တာ။စိုင်းသိင်္ဂါ တို့နဲ့လုပ်တယ် ။နောက်မှ သန်းထွန်းစိုးနဲ့ ရင်းနှီးတယ် ။သန်းထွန်းစိုး မိတ်ဆက်ပေးလို့ မခင်ချီုဦး နဲ့ ဌေးမြင့်ဝင်းနဲ့သိတယ်။
အဲလို ၀င်လိုက်ပြီးတော့မှ ကျမနောက်ကို လူတယောက်က အမြဲလိုက်နေတယ်။ အဲဒီလူက ဘယ်ကမှန်းလည်း မသိဘူး၊ ထောက်လှမ်းရေးလို့လည်း ပြောလို့မရဘူး။ ဗကပလို့လည်း မပြောနိုင်ဘူး။ ဘယ်သူ မှန်းကို မသိတာ။ ကြောက်တာတော့ တကယ်ကို ကြောက်ခဲ့တာပဲ။
အဲဒါကို ကြောက်တာ၊ ကြောက်တာနဲ့ပဲ တောခိုမယ်လို့ ဆုံးဖြတ်လိုက်မိတာ။ အဲလို စဉ်းစားတော့ သန်းထွန်းစိုးကတော့ သူမလိုက်သေးဘူးပေါ့လေ၊ စိုင်းသိင်္ဂါတို့၊ အမတို့ အရင် သွားမယ်ဆိုပြီး လုပ်တုန်းမှာ အတိုင်ခံလိုက်ရတယ်။
အိမ်ကို ရဲစခန်းက ဖုန်းဆက်တာ အဖေနဲ့ တိုးတယ်။ အဲဒီမှာ အိမ်ကလည်း ရိပ်မိသွာြး့ပီးတော့ အမေက  လုံးဝ ခရီးမထွက်ရဘူး ဆိုပြီးလုပ်ရော။
အဲလိုတွေဖြစ်ကုန်တာနဲ့ သိင်္ဂါတို့နဲ့ မလိုက်လိုက်ရဘူး။ သိင်္ဂါတို့က ထွက်သွားလိုက်ပြီးတော့ ABSDF အိန္ဒယဘက်ကို ရောက်သွားကြတယ်။
အိမ်ကမထွက်ခင်မှာ အားလုံး NLD အဖွဲ့ ကနေ နှုတ် ထွက်ခဲ့ကြတယ်။ NLD ပါတီထိခိုက်သွားမှာ စိုးလို့ပါ။ နောက်မှ ဧပြီ ၁၀ ရက်ကြတော့မှ သန်းထွန်းစိုးတို့ ၅ ယောက်နဲ့အတူ တောခိုဖို့ ထွက်ခဲ့ကြတာ။
အပိုင်း(၃)
ဧပြီလ ၁၀ရက်နေ့၊ ၁၉၈၉ ခုနှစ်မှာ တောခိုဖို့ ရန်ကုန်မှစထွက်ခဲ့တယ်။
ကျမ မခင်ချိုဦး၊ သန်းထွန်းစိုး၊ အောင်ကျော်ဦး၊ ဋ္ဌေးမြင့်ဝင်းတို့၇န်ကုန်မှအတူတူထွက်လာခဲ့တယ်။ မန္တလေးကို ရောက်တော့ ဂေါ်စဒါက ညီညီကျော်တို့ နဲ့ ချိတ်ဆက်ပြီးသွားတယ် ။ ပထမ မန္တလေးက ဘုန်းကြီးကျောင်းဝင်းမှာနေကြတယ်။ နောက်မှ မခင်ချိုဦး နဲ့ ကျမက မအမာနီ တို့အိမ်မှာ သွားပုန်းကြတယ်။
အဲဒီမှာ ABSDF မြောက်ပိုင်းကို သွားနိုင်တဲ့ လမ်း ၂ လမ်းရှိတဲ့အကြောင်း သိရတယ်၊ လမ်းကြောင်းတခုကတော့ တရုတ်ပြည်ဘက်ကနေ သွားရတဲ့လမ်းကြောင်း ပိုအဆင်ပြေတယ်၊ ပိုက်ဆံတော့ပိုကုန်တယ်၊ နောက်တလမ်းကတော့ မိုးညင်းဘက်ကနေ သွားတဲ့လမ်း သူကတော့ ငွေကြေးအကုန်အကျနည်းတယ် နည်နည်းကြမ်းတယ်။
အိမ်ကနေပိုက်ဆံလည်း ပါလာတော့ ပိုအဆင်ပြေတဲ့ လမ်းကိုပဲ ရွေးလိုက်ကြတယ်။အဲ့ဒီကနေ မူဆယ်လမ်းကနေ တရုတ်ပြည် ရွှေလီကို ၀င်ခဲ့ကြတာ။ ညီညီကျော် ( FB Name Kyaw Gyi AB ) တို့စီစဉ်တဲ့ ရွှေလီဘက်က တည်းခိုခန်းမှာ တည်းကြတယ်။ အဲ့ဒီမှာ ကျောင်းသားတပ်ရဲ့ အချိတ်အဆက်တွေရှိတယ်။
နောက်နေ့ ညထင်တယ် ။မိုးချုပ်နေပြီ ။ သန်းထွန်းစိုးကပြောတာ ကျောင်းသားတပ်ကလူတွေရောက်နေပြီပေါ့။ သံချောင်းကိုယ်တိုင်လာတာ လို့ သိရတယ်။ မှတ်မိသလောက် ပြောရရင်တော့ နောက် ရာကေး ခေါ် ကျော်မြင့် ။ကျော်ထင်ဦးတို့ပေါ့နော် သူတို့လည်း ပါတယ်။
အဲဒီကနေ ယင်ကျန်းသွားခဲ့ကြတယ်။ နောက်စီမားကို ရောက်တယ်။ စီးမားမှာ ကားရပ်ပြီး ဘာကြောင့်မှန်းမသိဘူး စီမားကနေ ပါဂျောင်စခန်းထိ လမ်းလျှောက်ပြီး တက်ခဲ့ရကြတယ်။
၁ ရက် မေလ ၁၉၈၉ မှာ ပါဂျောင်ဒေသ လိုင်စင်စခန်း ရှိ မကဒသကျောင်းသားတပ်မတော် ကချင်ပြည်နယ် ABSDF-KS ကိုရောက်တာ။
အဲဒီတုန်းက  ABSDF-KSမှာက  ဦးစီးလွှမ်းမိုး၊ ဦးစီးနေဒွန်းနဲ့ ဦးစီး လှဋ္ဌေး။ နောက် မျိုးဝင်းက KS ရဲ့ အတွင်းရေးမှူး၊ သံချောင်းက စစ်ရေးတာဝန်ခံ။ ဥက္ကဌ ကျော်ကျော် ဆိုပြီးဖွဲ့ဆည်းထားတယ် ။ ဒါပေမဲ့အဲ့ဒီအချိန်မှာမျိုးဝင်းနဲ့ သံချောင်းဘဲရှိတယ် ။ ဥက္ကဌကျော်ကျော်နဲ့ ဦးစီးလှဌေးက ABSDF တောင်ပိုင်းဗဟို ကိုထွက်ခွာတဲ့ အချိန်။
ဦးစီး လွှမ်းမိုးနဲ့ ဦးသီးနေဒွန်းလည်း ရှေတန်းရောက်နေတဲ့အချိန်။
မေလ ၃ ရက်နေ့ ၁၉၈၉ မှာ အမှတ်စဉ် ၃ စစ်သင်တန်းတက်တယ် ။ မခင်ချိုဦး၊ ဋ္ဌေးမြင့်ဝင်း၊အောင်ကျော်ဦး နဲ့ကျမတို့သင်တန်းအတူ တက်ကြတယ်။ သန်းထွန်းစိုးမပါဘူး။သူက ရန်ကုန်ပြန်ဆင်းသွားရတယ်။ ဘာကြောင့် ဆိုတာတော့ မသိဘူး၊ အတိအကျမသိရဘူး။
အမှတ်စဉ် ၃ မှာ မှတ်မိသလောက် ရန်ကုန်က ကျမ နန်းအောင်ထွေးကြည်(နောက်ပိုင်းမှာ ထောက်လှမ်းရေးလို့စွပ်စွဲပြီ်းအဖမ်းခံရတယ်) နောက် ခင်ချိုဦး(ထောက်လှမ်းရေးလို့စွပ်စွဲပြီး အသတ်ခံရ)။ ဌေးမြင့်ဝင်း (ထောက်လှမ်းရေးလို့စွပ်စွဲပြီ်း အသတ်ခံရ)။ ဝင်းနောင်(အသတ်ခံရ)။ အောင်ကျော်ဦး(ထောက်လှမ်းရေးလို့စွပ်စွဲပြီး အဖမ်းခံရ)။ .မိုးဇော်ထွန်း ( မိုးကြီး - အဖမ်းခံရ)တို့အတူ တက်ခဲ့ကြတယ်။ ရန်ကုန်ကလာတဲ့ ကိုသက်နိုင် (အသတ်ခံရ)က အမှတ်စဉ် ၂ လား ၃ လား.. မမှတ်မိတော့ဘူး။ သင်တန်းမှာ ရန်ကုန်ဆိုလို့ ဒါဘဲရှိတယ် ။ အဲ့ဒီအချိန်က ရန်ကုန်၊မန္တလေးကလာတာ သိပ်မရှိကြသေးဘူး။
အမှတ်စဉ် ၃ သင်တန်းအတွင်းမှာ သန်းထွန်းစိုး နဲ့ ကျမတို့ကို သံချောင်းနဲ့ မျိုးဝင်းတို့က ဘာကြောင့်မှန်းတော့ မသိဘူး  ဓါတ်ပုံတွေ ရိုက်ခိုင်းတယ် ။ သူတို့က ရိုက်ဆိုတော့လည်း ရိုက်ပေးလိုက်ရတာပေါ့ ဘာရယ်ညာရယ်တော့ မဟုတ်ဘူး။ဘာကြောင့်ဆိုတာ တကယ်ကို မသိရဘူး ။  နောက်သန်းထွန်းစိုး မြို့ထဲပြန်ဝင်သွားရတယ်။ ဘာကြောင့်မှန်းလည်း မသိရဘူး။
ကျမတို့ ၄ ယောက် သင်တန်းဆက်တက်တယ်။ သင်တန်းကာလမှာ ဝါးခုတ် နှီုးဖျာတွေ လုပ်ရတော့ သိတဲ့အတိုင်းပဲ ကျမတို့လို မြို့ပေါ်ကလာတဲ့ ကျောင်းသားတွေအတွက်က တော်တော်ဒုက္ခ ရောက်ရော။ အဲဒီမှာ သူတို့ကလည်း... အားမောင်ရေ ..မင်းတို့ မြို့သားတွေ ဒါလေးတောင် မလုပ်တတ်ဘူးကောညယ် ... ဆိုတာကနေစတာတော့ပဲ။
သိတယ်မလား အဲ့လိုပြောတော့လည်း မခံချင်ဘူး ။ စိတ်ထဲမှာလည်း မခံချင်၊ဟုတ်နေတော့လဲ ခံရပြန်တယ် ။ ရအောင်လုပ်တယ် . ဓါးကိုင် သိပ်မကျွမ်းကျင်တော့ နှီးဖြာရင် ပါးစပ်နဲ့ ကိုက်ခွာပြီး ရအောင်ဖြာတယ်။ ရန်ကုန်သူပဲ ရအောင်ဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ လုပ်တယ်။ ပါးစပ်နဲ့ နှီးဖြာတော့ နှီးတော့ရပါတယ်၊ ပါးစပ်တွေ နှုတ်ခမ်းတွေ လျှာတွေ ဝါးလျှပြီး ကြိမ်းစပ်နေတာပဲ။
သင်တန်းဆင်းတော့ ရဲမေ ကိုယ်ပိုင်နံပတ်က မ/ ၀၀၁၇။
အဲဒါပြီးတာနဲ့ ကျမကို မျိုးဝင်းက ခေါ်ပြီးတော့ စောမြအောင်ရယ်၊ ကိုစိန်သန်းရယ်ပေါင်းပြီး ၀ါဒဖြန့်ချီရေး အဖွဲ့ဖွဲ့တယ်။ ၁၉၈၉ ခုနှစ်ဇူလိုင်လမှာပဲ ၀ါဒဖြန့်ချီရေးအဖွဲ့ ဖွဲ့ဖြစ်ခဲ့တယ်။
အဲဒီအချိန်တုန်းက တပ်ထဲမှာ ရဲဘော်တော်တော်များများနဲ့ ရဲမေတော်တော်များများကရှေ့တန်းမှာရှေ့တန်းရောက်နေကြတဲ့အချိန်ဖြစ်တယ်။
အဲဒီအချိန်မှာ အမှတ်စဉ် ၁ သင်တန်းဆင်းရဲမေခင်မာအေးရဲ့အမ မမူက မြို့ ထဲသွားနေတယ်။ မြို့ထဲဆင်းတာကနေ အပြန် မြတ်ကိုကို ပါလာတယ်။ အဲဒါလောက်ပဲ သိလိုက်ရတယ်။ နောက် သိပ်မကြာဘူး၁၉၈၉ ခုနှစ် ဇူလိုင်လလောက်မှာ မြတ်ကိုကို ကိုသူတို့ သတ်ပစ်လိုက်ကြတယ်။
ပထမဆုံးအကြိမ် လူသတ်တာကို ကျမ ကြားလိုက်ရတာပဲ။ သိပ်အံ့သြသွားတယ်။
လူတယောက်ကို သတ်လိုက်တယ်ဆိုတာပဲ ကြားလိုက်ရတာ။ ဘာဖြစ်လို့ သတ်တာလဲ။ ဘာကြောင့် မြတ်ကိုကို ကို သတ်တာလဲ ဆိုတာ မသိရဘူး။ ဘယ်သူမှလည်း မသိကြဘူး။
ဘာကြောင့်မှန်းမသိဘဲနဲ့ လူတယောက်ကို ဒီလို လွယ်လွယ် သတ်တာလဲပေါ့၊ အဲလို စဉ်းစားတယ်။ဒီလိုလုပ်တာ ကျမ မကြိုက်ဘူး။ စိတ်ထဲမှာလည်း မကျေမနပ်ဖြစ်တယ်။
ဒါကျောင်းသားတပ်မတော်ဖြစ်တယ်။ကျောင်းသားဆိုတာလူမသတ်ရဘူး။ ဒါဘဲကျမနားလည်တယ်။ ဒီလိုဘဲ ခံယူချက်ထား ထားတယ် ။ ရှေ့တန်းတိုက်ပွဲတွေမှာက တမျိုးပေါ့။ သွေးအေးအေးနဲ့သတ်တာမျိုးတော့လက်မခံဘူးပေါ့။ ကျမတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုင်းပြည်နဲ့လူမျိုးအတွက်
ဦးတည်ပြီးဒီကျောင်းသားတပ်မတော်ကို ဖွဲ့ထားကြတာမဟုတ်လား။ အဲဒါကြောင့် ကျောင်းသားတပ်မတော်က လူသတ်တယ်ဆိုတာကို မကျေနပ်ဘူုး မကြိုက်ဘူး။
နောက်ဆုံး အဲဒါနဲ့ မျိုးဝင်းကို သွားမေးတယ်။ ပေါ်တင်ပဲ မေးလိုက်တယ်။
ဘာကြောင့် မြတ်ကိုကိုကို သတ်တာလဲလို့ မျိုးဝင်းကို မေးလိုက်တယ်။ အဲဒီတော့ မျိုးဝင်းက ကျမကို တချက်ကြည့်တယ်။ မေးတာ မဖြေဘူး။ သူကပဲကျမကိုပြန် မေးတယ်။
`နင်နဲ့…မြတ်ကိုကိုနဲ့…သိသလား၊ နင်နဲ့ မြတ်ကိုကိုနဲ့ ဆက်နွယ်မှု ရှိသလား` အဲလိုပြန်မေးတယ်။
လူတယောက်ကို သတ်လိုက်ကြတယ်ဆိုတာ ကြားရတယ်။ ဟုတ်သလား၊ မဟုတ်ဘူးလား သိချင်လို့ လာမေးတာလို့ ပြောတယ်။
မြတ်ကိုကိုနဲ့ ကျမနဲ့လည်း သိလည်း မသိဘူး ဆက်နွယ်မှုလည်း မရှိဘူး။ သိချင်လို့ လာမေးတာ လို့ ပြောလိုက်ပေမဲ့ စိတ်ထဲမှာတော့ တော်တော် မကျေမနပ်ဖြစ်သွားတယ်။
ကျမအနေနဲ့မျိုးဝင်းရဲ့သံသယမေးခွန်းတွေနဲ့သာရင်ဆိုင်ပြီးပြန်လာခဲ့ရတယ်။ ခုထိ ဘာကြောင့်ဆိုတာ ရေရေရာရာမသိဘူး။
နောက် တချက်စဉ်းစား မိသွားတာက်ခုလို သတ်လိုက်တာကလည်း ဥက္ကဋ္ဌ နဲ့ ဦးစီးမှူး လှဋ္ဌေးတို့ တောင်ပိုင်းသွားနေတဲ့အချိန်ဖြစ်တယ်။ အဲဒီတုန်းက ABSDF(KS) ရဲ့ ဥက္ကဋ္ဌက ကျော်ကျော်(ကချင်)ပါ။ သူနဲ့ ဦးစီးလှဋ္ဌေးတို့က အဲဒီအချိန်တုန်းကတောင်ပိုင်း ရောက်နေကြတယ်။ ABSDF(KS) တပ်ထဲမှာ သံချောင်းနဲ့ မျိုးဝင်းပဲ ရှိတဲ့ အချိန်မှာ မြတ်ကိုကို ကိုသူတို့သတ်ပစ်လိုက်တာ။
တကယ်တော့မြတ်ကိုကိုကလည်း ကျောင်းသားပဲ၊ ရေဆင်း တက္ကသိုလ်ကျောင်းသားပဲ။
အဲဒီအချိန်ကတည်းက သူတို့ကျောင်းသားတွေအပေါ်မှာ ရက်ရက်စက်စက် လုပ်နေတာ၊ ဘယ်သူမှလည်း မသိခဲ့ဘူး။ ဘာမှလည်း မပြောရဲခဲ့ကြဘူး။
အဲဒါနဲ့ စစ်သင်တန်း အပတ်စဉ် (၄) ကနောင်ရာပါစခန်းမှာ လုပ်တယ်။  ၁၉၈၉ အောက်တိုဘာမှာ စစ်သင်တန်းအပတ်စဉ်(၅)စတယ်။
အဲဒီ အပတ်စဉ်(၅) သင်တန်းမှာ ညီညီကျော်၊ကိုရဲလင်း၊ ဦးစိန်၊ ဘိုဘို၊မောင်မောင်ကြွယ်တို့၊ သင်းသင်းညီ၊ ကိုအောင်ကျော် ၊ကိုမြင့်ကျော်။ကျော်ခိုင်ဝင်း ။စည်သူအောင်။မောင်မောင်ကြွယ် ။သန်းထွန်းစိုး။ညီညီအောင် စသည်ဖြင့် ပါတယ်။အဲဒီအချိန်မှာ ရန်ကုန် မန္တလေးက ကျောင်းသားတွေ များလာတယ်။
သင်တန်းမှာလည်း သိတဲ့အတိုင်းပဲ မကျေနပ်တာတွေလည်း ရှိလာကြတယ်။
အဲဒီအချိန်မှာ ဦးစီးလွှမ်းမိုးကလည်း တပ်ကိုပြန်ရောက်နေတဲ့အချိန်၊ ဦးစီးလွှမ်းမိုးနဲ့ မျိုးဝင်းနဲ့ကြားမှာလည်း မတည့်တာတွေရှိတယ်။ ကျမက ဦးစီးလွှမ်းမိုးရုံးမှာ အလုပ်လုပ်နေတယ်။
အပတ်စဉ် ၅ သင်တန်းသားတွေက တပ်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ပြီး ဖွဲ့စည်းချင်တယ်။ အဲလို အခြေအနေတွေကနေ စနေကြတာ။အဲလိုနဲ့ အပတ်စဉ် ၅ သင်တန်းမှာပဲ ဆန္ဒပြတာတွေ ဘာတွေဖြစ်လာတယ်။ သူတို့တွေ ဒါဘာမှ ရှင်းကြလင်းကြတာတွေလည်း ရှိခဲ့တယ် ။မျိုးဝင်းကို အများစုက မကျေနပ်ကြဘူး။
နောက်သင်တန်းဆရာကို ဖမ်းထားတဲ့ ပြသနာတွေလည်း ရှိတော့ မျိုးဝင်းကို မကျေနပ်မှု့တွေ ရှိနေကြတယ်။
အဲ့ဒီလိုမျိုးအချိန်မှာ သံချောင်းက ရှေ့တန်းမှာ။ မျိုးဝင်းက တပ်ကိုတော်တော်လေးမထိမ်းနိုင်ဘူးဖြစ်သွားတယ်။ KIA က ဗိုလ်မှုးကြီး ပန်းအောင်ကိုယ်တိုင်လာပြီး ဒီ ရှင်းလင်းပွဲကို တက်တယ်။ ဌေးမြင့်ဝင်းနဲ့ မောင်မောင်ကြွယ်ဆို မေးခွန်းတွေအပြင်းအထန်မေးတာ။ မျိုးဝင်းဘာမှမဖြေရှင်းနိုင်ခဲ့ဘူး။ သူ တော်တော်အရှက်ကွဲခဲ့ရတဲ့ အနေအထားမျိုးဖြစ်ခဲ့တယ်။
ABSDF -KS ကို ABSDF ၇ဝ၁ တပ်ရင်းပြောင်းလဲထားပြီးပြီ။
အဲဒီအချိန်မှာ ဦးစီးလွှမ်းမိုးက ထွန်းနွယ်အောင်ကို ဖမ်းချုပ်လိုက်တယ်။ တကယ်လည်း ထွန်းနွယ်အောင်က တရုပ် ပြည်မှာ မိန်းကလေး တယောက်နဲ့ ငြိစွန်းနေတာရှိတယ်။ အဲဒီတုန်းက ABSDF ကျောင်းသား တပ်ရဲ့စည်းကမ်းနဲ့ ငြိစွန်းတဲ့ အတွက်  ဦးစီးလွှမ်းမိုးက ဖမ်းချုပ်လိုက်တာ.
ထွန်းနွယ်အောင် အကြောင်း ပြောရရင်တော့ သူကလည်း မိုးညှင်းသား ဖြစ်တယ်။ နောက်တချက်က မျိုးဝင်းရဲ့ ညာလက်ရုံးလို ဖြစ်နေတာ။
အဲလိုတွေဖြစ်နေချိန်မှာ ထွန်းနွယ်အောင်ကလည်း သူ့ကို ချုပ်တဲ့အတွက်  မကျေနပ်ဘူး။ ရှက်တာလည်းပါမှာပေါ့။ သူက တပ်ခွဲမှူးလေ။ မိုးညှင်းသားတွေအားလုံးကသူ့ကိုလေးစားကြတယ်။ ဒီထွန်းနွယ်အောင်ကို ဖမ်းချုပ်ထားတဲ့အချိန်တွေမှာဘဲ ABSDF ၁ဝ၇ ကို ဖွဲ့စည်းပုံပြောင်းလည်း
ဖို့လုပ်နေကြတဲ့အချိန်ဖြစ်တယ်။အဲလို အချိန်တွေ ဆိုတော့ အချုပ်ထောင်ဖောက်ပြေးမယ်ဆိုပြီး လုပ်တယ်။
အဲဒီတုန်းက နောက်တန်းမှူး ကိုတူးတူးက(မြစ်ကြီးနား)က အချုပ်ထောင်ဖောက်ပြေးရင် ပစ်မယ်ဆိုပြီး ပစ်မိန့်ပေးထားတာ။ အဲဒီမှာ ထွန်းနွယ်အောင်က အချုပ်ထောင်ဖောက်ပြေးတာနဲ့ အချုပ်စောင့်တဲ့ရဲဘော်လေးကတခါတည်း ပစ်ထည့်လိုက်တာ။ထွန်းနွယ်အောင် ဆီးအိတ်ကို ထိသွားတယ်။ သူ သေသွားတယ်။အဲဒါမျိုးတွေ ရှိနေတော့ ဒါကို မျိုးဝင်းကလည်း သိပ်မကျေနပ်ဘူး။ အငြိုးအတေးထားထားပုံရတယ်။
သူက ညစ်ချင်တယ်။ မျိုးဝင်းက မိုးညှင်းမြို့နယ် နမ်းမား နန့်ဆော်လောဆိုတဲ့ရွာကလာတာ။RIT ကျောင်းသား ။သူက ဒေသစွဲရှိတယ်။ လူမွေးတယ်။ ဘာလို့ကျမက မျိုးဝင်းကို အငြိုးကြီးတယ်ပြောလည်းဆိုတော့ နောက်ပိုင်းမှာ ဒီလူတွေအားလုံး မတရားအစွတ်စွဲခံရပြီး သတ်ဖြတ်တာတွေခံလိုက်ကြရလို့ဘဲ ..အဲ့လောက်ထိ အငြိုးတကြီးနဲ့ ရက်စက်တယ်။
အပိုင်း(၄)
ဦးစီးလွှမ်းမိုးက ထွန်းနွယ်အောင်ကိုဖမ်းထားတဲ့အချိန်က အမှတ်စဉ် ၅ သင်တန်းကာလလား သင်တန်းပြီးကာစလား သိပ်မမှတ်မိတော့ဘူး။ ထွန်းနွယ်အောင်မသေခင် ထွန်းနွယ်အောင်ကို ဖမ်းချုပ်ထားတဲ့ ကာလမှာဘဲ ABSDF ၇၀၁ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြောင်းဖို့ လုပ်ကြတယ်။
အဲဒီထဲမှာ ကိုရဲ(ရဲလင်း) တို့ပါတယ်။ ညီညီကျော်၊လေးစိန်(ဦးစိန်)၊သန်းထွန်းစိုးတို့လည်း ပါတယ်။
အဲလို ဖွဲ့စည်းပုံပြောင်းဖို့ကိစ္စတွေလုပ်နေကြပြီ ဆိုတော့ အဲ့ဒါ ၁၉၈၉ နိုဝင်္ဘာ - ဒီဇင်ဘာ လောက်ဖြစ်နေပြီ ။
အဲ့ဒီကာလတွေမှာ ကျမတို့ ABSDF ( ၇၀၁) ဗဟို လိုင်စင်မှာ ပြသနာတွေ အဖြစ်အပျက်တွေက ရှုပ်ရှက်ခတ်နေတာဘဲ ။
အဲဒီနောက်မှာ ထွန်းနွယ်အောင်က သေတာပါ။ အဲဒီအချိန်မှာက ကျမက ဦးစီးလွှမ်းမိုးရဲ့ ရုံးမှာ အလုပ်လုပ်တယ်။ ထွန်းနွယ်အောင်သေပြီး တော်တော်များများ ရှေ့တန်းထွက်ကုန်ကြတယ် ။ ထွန်းနွယ်အောင်သေ တော့မျိုးဝင်းတော်တော် ဒေါကန်တာ ။သူ့လူ သူသိပ်အားကိုးတဲ့လူလေ ။
တကယ်တော့ ကျမက ဦးစီးလွှမ်းမိုးနဲ့ ရင်းနှီးတာတော့မရှိဘူး။ အလုပ်လုပ်ရတဲ့ အနေအထားကလည်း သူက ကိုယ့်ရဲ့ အထက်လူကြီး ဆိုတော့ သူခိုင်းတာ လုပ်ရတဲ့ ရဲမေ ပဲလေ။
သူ့အကြောင်းလည်း ကိုယ်က မသိပါဘူး။ သူက အရပ်မြင့်မြင့် ပိန်ပိန်ပါးပါးပါပဲ။ ကျမထက်တော့ အသက်ကြီးပုံရတယ်။ ဘယ်ကလာလဲ အသက်ဘယ်လောက်ကြီးသလဲ ဆိုတာမျိုးတွေလည်း အတိအကျ မသိဘူး။နောက်ပြီးတော့ ကျမတို့လိုင်စင်ကို ရောက်တဲ့ အချိန်တုန်းကလည်း ဦးစီးလွှမ်းမိုးက ရှေ့တန်းကိုရောက်နေတာ ။
အပတ်စဉ် ၅ သင်တန်းအချိန်မှာမှ ဦးစီးလွှမ်းမိုး လိုင်စင်ကို ပြန်ရောက်လာတာ။ နောက် သူ့ရုံးမှာ အလုပ်လုပ်ပေးရတယ်။ ဒါလောက်ပဲ ရှိတယ်။တခါတလေ အမှတ်စဉ် ၅ သင်တန်းသားတွေကတော့ ဦးစီးလွှမ်းမိုးဆီကို သွားသွားပြီး ဆေးလိပ်တောင်းသောက်တာမျိုးတွေ ဘာတွေ ရှိတယ်လို့တော့ ကြားရဖူးတယ်။ ဂွင်ဖန်ကြတာပေါ့ ။
နောက်တော့ ၁၉၉ဝ ခုနှစ် မတ်လ မှာပေါ့ ။
တရက်ကြတော့ ကျမက ပုံမှန်အတိုင်းပဲ ဦးစီးလွှမ်းမိုးရုံးမှာ အလုပ်လုပ်ဖို့ သွားတော့ ဦးစီးလွမ်းမိုးရုံးမှာသန်းဇော်တို့၊ ဇော်ဇော်မင်းတို့ကို တွေ့လိုက်တယ်။ ဇော်ဇော်မင်းက ဦးစီးလွှမ်းမိုးရဲ့ ရုံးခန်းထဲမှာ ရောက်နေတယ်။ ဦးစီးရဲ့ File တွေကိုကြည့်နေကြတာ ။
အဲလိုလုပ်နေကြတာ တွေ့လိုက်တော့ ကျမက အံ့သြသွားတယ်။ ထူးခြားနေတာကိုး အဲဒီမှာ ဇော်ဇော်မင်းက ကျမကို တချက်ကြည့်ပြီး ပြောတယ် နင်အလုပ်ကို လာစရာမလိုတော့ဘူးတဲ့…။ ကျမလည်း စိတ်ထဲ တမျိုးဖြစ်သွားတယ်၊ အေး လာစရာမလိုတော့လည်း ပြီးရော ဆိုပြီး အဆောင်ပြန်လာလိုက်တယ်။ ဒါပေမဲ့ အဲဒီ တရက် နှစ်ရက်အတွင်းမှာ ဦးစီးလွှမ်းမိုးကို မတွေ့ရဘဲနဲ့ ပျောက်နေတာ သတိထားမိတယ်။
ဒီရက်ပိုင်းတွေမှာ ဦးစီးလွှမ်းမိုး ပျောက်နေတာကိုတော့ သတိထားမိပေမဲ့ သူအရင်ကလည်းရှေ့တန်းထွက်နေကြပဲဆိုတော့ဘာမှလဲစိတ်ထဲမှာတော့သိပ်မရှိဘူး။ အဲဒီအချိန်မှာ ကိုရဲတို့ ဘာတို့လည်း တပ်ထဲမှာ မရှိတော့ဘူး ။ ရှေ့တန်းထွက်ကုန်ကြပြီ၊ တော်တော်များများပဲ ရှေ့တန်းတွေရောက်ကုန်ကြပြီ ဆိုတော့ ကျမတို့နောက်တန်း ဗဟိုမှာလူနည်းသွားပြီ။
တကယ်တော့ ကျောင်းသားတပ်မတော် ဆိုတာမှာ ကျောင်းသားတွေချည်းပဲ ရှိတာ မဟုတ်ဘူး။ လယ်သမားတွေလည်း ရှိတယ်။ ကျောင်းပညာ ၄ တန်းလောက်တက်ထားပေမဲ့ တပ်ခွဲမှူး ရာထူးပေးပြီး ခန့်ထားတာတွေလည်း ရှိတယ်။ အသက်ကြီးကြီးတွေရှိတယ်။ ပညာမတတ်တဲ့ သူတွေရှိတယ်။ ပြောရရင်တော့ အောက်ခြေလူတန်းစားတွေရော အကုန်ပါတယ်ပေါ့နော်။
အဲဒီအချိန် ၁၉၉၀၊ မတ်လပိုင်း တရက်ကျတော့မှ ရဲဘော်လေးတယောက်က လာခေါ်တယ်မငယ်ကိုVcsကတွေ့ချင်တယ်တဲ့..အဲလိုပြောပြီးလာခေါ်တယ်။
ကျမတို့ကလည်း ကိုယ့်ကို လူကြီးတွေဘာတွေက တွေ့ချင်တယ်ဆိုရင် ယူနီဖောင်းတွေဘာတွေ ပြည့်ပြည့်စုံစုံဝတ်ရတယ်လေ၊ အဲတော့ကျမလည်း ယူနီဖောင်းတွေဘာတွေ သပ်သပ်ရပ်ရပ်ဝတ်ပြီး သူ့ရဲ့ တဲထဲကို သွားတယ်။
သွားလိုက်တဲ့ အခါကျတော့ ဦးစီးလွှမ်းမိုးကို အဲဒီမှာ ဖမ်းထားတာ။ ဖမ်းထားတဲ့အပြင်ကို နှိပ်စက်ထားတာ။ မျက်နှာတွေကလည်း ဖူးယောင်နေတယ်။ ကျမမြင်လိုက်ရတဲ့ အချိန်မှာတော့ ဦးစီးလွှမ်းမိုးက လက်နောက်ပြန်ကြိုးတုပ်ထားတဲ့ အနေအထားနဲ့ပဲ ငုတ်တုတ်ကလေး ထိုင်နေတယ်။ အဲဒီအခြေအနေမှာ သူတို့က သန်းထွန်းစိုးကိုပါ ဖမ်းထားပြီ။
ကျမ ရောက်သွားတော့ မျိုးဝင်းက တချက်ကြည့်ပြီး မင်းထိုင်လို့ ပြောတယ်။ ကျမကလည်း သတိ စွဲထားတဲ့ အနေအထားနဲ့ပဲ ထိုင်ရတယ်။ သတိ ကတော့ စွဲထားရတာပဲ။
အဲလို ကျမလည်း ထိုင်လိုက်ရော ဦးစီးလွှမ်းမိုးကလည်း ကျမကို လှမ်းအကြည့်မှာ မျိုးဝင်းက သူ့လက်ထဲက သေနပ်နဲ့ ဦးစီးလွှမ်းမိုးရဲ့ မျက်နှာကို ဖြတ်ရိုက်ချလိုက်တယ်။ သေနပ်ဒင်နဲ့ မျက်နှာကို ရိုက်ချလိုက်တာနော်။ အဲဒါကို မြင်လိုက်ရတော့ လန့်သွားတယ်။
ပြီးတော့ ချက်ခြင်းပဲ အဲဒီ သေနပ်နဲ့ ကျမဘက် လှည့်ပြီး နားထင်ကို ချိန်လိုက်တယ်။ ချိန်လိုက်တော့ ကျမလည်း အဲ….ဆိုပြီးတော့ ပိုပြီးလန့်သွားတယ်။
ဘာဖြစ်လို့ဖြစ်မှန်းတောင် မသိဘူး၊ အခြေအနေကိုလည်း နားမလည်ဘူးသတိစွဲထားရင်းနဲ့ကိုလန့်ဖျန့်သွားတာ။
သေနပ်နဲ့နားထင်ကို တေ့ပြီးတော့ကို ချိန်တာ ကျမလည်း ကြောက်တာပေါ့ သေနပ်ထဲမှာလည်း ကျည်က အပြည့်ပြီးတော့ ရှေ့မှာလည်း ဦးစီးလွှမ်းမိုးမျက်နှာကို ဖြတ်ရိုက်ထားတာကိုလည်း မြင်ထားရတယ်ဆိုတော့ လန့်တယ်။ အဲလို သေနပ်နဲ့ ခေါင်းကို တေ့ပြီးတော့မှ မျိုးဝင်းက မေးတယ်။
`မင်းကို ဘာတွေ ခိုင်းလဲ` လို့ မေးတယ်။ ကျမကို အဲလိုမေးတော့ လန့်နေတဲ့ကြားကပဲ ဖြေရတယ်။
`ကျမကို ခိုင်းတာကတော့ စာတွေရှိတယ်။ ခိုင်းတာတွေကို ဖိုင်တွေထဲမှာ စာတွေရေးထားတယ် အဲဒါကို သွားကြည့်လိုက်ပါ `လို့ အဲလို ဖြေလိုက်တော့။
အဲလိုဖြေလိုက်တော့ သံချောင်းကနေ ဟာ မလုပ်နဲ့ မလုပ်နဲ့… မငယ် မင်း ပြန်တော့လို့ဝင်ပြောတယ်။ အဲဒီအချိန်မှာ အခန်းထဲမှာ မျိုးဝင်းနဲ့ အတူ သံချောင်းလည်း ရှိနေတယ်။ သူက မျိုးဝင်းကို အဲလိုပြောပြီး ကျမကို ပြန်ခိုင်းတာ။
အလေးပြုပြီးတော့မှ ပြန်လာတယ်။ ပြန်လာတော့ စိတ်ထဲ တော်တော်လေး လေးနေတယ်။ စဉ်းစားစရာတွေလည်း ရှိသွားပြီ။ နောက်ပိုင်းမှ ပြန်သိရတာကတော့ အဲဒီနေ့ကတည်းက မျိုးဝင်းက ကျမကို ဖမ်းဖို့ သန်းထွန်းစိုးတို့နဲ့အတူ ကျမကိုလည်း ဖမ်းဖို့ မျိုးဝင်းက စီစဉ်နေခဲ့တာ တဲ့။
ဒါပေမဲ့ ဘာကြောင့်မှန်းတော့ မသိဘူး အဲဒီမှာ သံချောင်းက ၀င်တားလိုက်တယ် ကျမကို မဖမ်းဖြစ်ဘူး။ မသတ်ဖြစ်ဘူး။
အဆောင်ကို ပြန်ရောက်တော့လည်းစဉ်းစားနေတယ်။ သန်းထွန်းစိုးကိုလည်း ခေါ်ထားတယ်၊ ပြီးတော့ ဦးစီးလွှမ်းမိုးကိုလည်း ဖမ်းထားတယ်။ ဘာကြောင့် ဖမ်းထားတယ်ဆိုတာလည်း မသိရဘူး။ သူတို့က လူတယောက်ကို ဖမ်းချင်တဲ့ အချိန်မှာ ဖမ်းတယ်၊ ဘာကြောင့်ဖမ်းတယ်ဆိုတာလည်း သိခွင့်လည်း မပေးဘူး။ စိတ်ထဲမှာလည်း ထင့်နေတယ်။ လေးလေးပင်ပင်တွေ ဖြစ်နေတယ်။ နေလို့မကောင်းတော့ဘူး။ ဘာဖြစ်နေကြပြီလဲ ဆိုတဲ့ စိတ်လည်း ရှိပြီ။ ကျမ စိတ်ထဲမှာတော့ စဉ်းစားစရာတွေရှိသွားပြီ။
ပြီးတော့ အဲဒီကိစ္စကို ကျမက ရဲမေထဲက တယောက် .. စိုးစိုးလွင်ကို ပြောတယ်။ ပြောတော့ စိုးစိုးလွင်က ဘာပြောလဲ ဆိုတော့ ဟာ… မငယ် ကျနော့်ကို လာမပြောနဲ့ ကျနော် မပြောနဲ့ မငယ် ကျနော် မသိချင်ဘူး မသိချင်ဘူး ဘာမှ မသိချင်ဘူး လို့ ပဲပြောတယ်။ သူက အရမ်း အရမ်းကြောက်တတ်တယ်။ အဲလို ပြဿနာ တခုခုကို ပြောလိုက်တိုင်း ကျနော် မသိချင်ဘူး ကျနော် မသိချင်ဘူး ဆိုတာပဲ ပြောတယ်။ သူ က အဲလို ပြောလိုက်တော့ ကျမလည်း ဘယ်သူမှ မပြောတတ်ဘူး။ ရဲမေ အငယ်ပိုင်းကလေးတွေကိုတော့ ကျမ မပြောချင်ဘူး မပြောဘူး။
အဲဒါနဲ့ နောက် သိပ်မကြာဘူး သုံးလေးရက်လောက်ပဲ ထင်တယ်။ ခရာတွေဘာတွေ မှုတ်ပြီး တန်းစီခိုင်းတယ်။ တန်းစီတဲ့အခါမှာလည်း တန်းစီပုံ တန်းစီနည်းက အလံတိုင် ကုန်းကို မျက်နှာမူပြီးတော့ တန်းစီရတယ်။ အဲဒါက ပုံမှန်စီရတာပဲ။
အဲဒီနေ့ကျတော့ ကျမတို့ကို အလံကို မျက်နှာမူပြီးတော့ တန်းစီခိုင်းပြီးတော့ အနောက်ကို လှည့်ခိုင်းတယ်။ အနောက်ကို လှည့်လိုက်တော့ ကျမတို့က အလံတိုင်ကို ကျောပေးပြီး လူကြီးတွေ နေတဲ့ ကုန်းကို မျက်နှာမူလိုက်ရတယ်။ အဲဒီမှာ ဘာမြင်သလဲဆိုတော့ မျိုးဝင်းတို့ သံချောင်းတို့က ဦးစီးလွှမ်းမိုးကို ခေါ်ပြီး ဆင်းလာတယ်။ ဦးစီးလွှမ်းမိုးက လက်နောက်ပြန်ကြိုးတုတ်လျက်နဲ့ပဲ။
ပြီးတော့ ကျမတို့တန်းစီနေတဲ့ ရှေ့တည့်တည့်မှာ ဦးစီးလွှမ်းမိုးကို လက်နောက်ပြန် ကြိုးတုတ်လျက်ပဲ ထိုင်ခိုင်းလိုက်တယ်။ အဲလိုပဲ တဘက်ကနေ သန်းထွန်းစိုးကိုလည်း အဲလိုအနေအထားနဲ့ပဲ ခေါ်ချလာတယ်။အဲဒါတွေကိုလည်း ကျမတို့က မြင်နေရတယ်။ တန်းစီတဲ့ အနေအထားလည်းဖြစ်တော့ ဘာမှလည်း လုပ်လို့မရဘူး။ ဒီအတိုင်းပဲ ကြည့်နေရတယ်။ သူတို့ ဒီလူ ၂ဦးကို ခေါ်ပြီး ဘာလုပ်မယ်မှန်းလဲ မသိဘူး။
အဲဒီအချိန်မှာပဲ သံချောင်းတို့က မေးတယ်။ ဘာတွေမေးသလဲဆိုတာတော့ ကျမနေရာကနေ မကြားရဘူး။ ဒါပေမဲ့နောက်ဆုံးမှာ ဦးစီးလွှမ်းမိုးရဲ့ အသံကို ကြားလိုက်ရတယ်။အဲဒါဘာလဲဆိုတော့။ ဦးစီးလွှမ်းမိုးက ပြောတယ်။
`ကျနော် မ.ဆ.လ တော့မဖြစ်ပါရစေနဲ့…ဗကပ ပဲ ဖြစ်ပါရစေ.. ဗျာ…`
ကဲ…အဲလိုဖြေတဲ့ အသံကြားလိုက်တယ်။ အဲလိုအဖြေကြားတော့ သံချောင်းက ဒေါသတွေ ထွက်တယ်။ သူတို့လိုချင်တာက ကျနော် ထောက်လှမ်းရေးပါဆိုတဲ့ အဖြေကို လိုချင်ပုံရတယ်လို့ ကျမ ထင်တယ်။ အဲဒီမှာ ဦးစီးလွှမ်းမိုးက ဗကပ ဘဲ ဖြစ်ပါရစေလို့ဖြေလိုက်တော့ ဒေါပွပြီး နောက်ဆုံး သတ်ပစ်လိုက်တာပဲ။ သေနပ်နဲ့ပစ်တာ တချက်လား နှစ်ချက်လား မသိတော့ဘူး။
ကျမတို့ တွေရပ်နေတဲ့ ရှေ့မှာဘဲ..အဲ့ဒါ စစ်ရေးလေ့ကျင့်ကွင်းလို့လည်း ပြောလို့ရတယ်၊ တပ် ခလယ်မှာပဲ သံချောင်းက ပစ်သတ်လိုက်တာ။ ဦးစီးလွှမ်းမိုး လဲကျသွားတယ်။အရမ်းလန့်သွားတယ်။ ဟာ… သွားပြီ… သန်းထွန်းစိုးကိုလည်း သတ်ပြီ ဆိုပြီးတော့လည်း ပိုကြောက်သွားတယ်။
ကျောင်းသားရဲဘော် ရဲမေတို့အားလုံး တန်းစီထားတဲ့ရှေ့တည့်တည့်မှာ ပစ်သတ်လိုက်တာကို မြင်လိုက်ရတော့ အားလုံးပဲ လန့်ကုန်ကြတယ်။ ကိုယ့်မျက်စိရှေ့မှာကွာ။ တသက်နဲ့ တကိုယ်မှာကိုယ့်ရဲ့ မျက်စိရှေ့မှာ အဲဒီလို သွေးအေးအေးနဲ့ သတ်ပစ်လိုက်တာမျိုးလည်း မကြုံဘူးတော့ ဘယ်လိုမှန်းမသိဘူး ဖြစ်သွားတာ။
အဲဒီမှာ သန်းထွန်းစိုးကလည်း ငုတ်တုတ်ကလေး။ သူ့ကိုတောင် မကြည့်ရက်တော့ဘူး။ ဒါပေမဲ့ အဲဒီမှာ သန်းထွန်းစိုးကို မသတ်ဘဲနဲ့ ပြန်ခေါ်သွားကြတယ်။ ဖမ်းထားတဲ့ အနေအထားအတိုင်းပဲ အဲဒီအတိုင်း ပြန်ခေါ်သွားတာ။
အဲဒီမှာ ဦးစီးလွှမ်းမိုးကို သတ်ပစ်လိုက်ပြီးတော့ ကြောက်စရာကောင်းတဲ့ ရက်စက်တဲ့ အလုပ်ကို လုပ်ကြသေးတယ်။အဲဒါကတော့ ဦးစီးလွှမ်းမိုးရဲ့ အလောင်းကို ကျင်းတူးပြီးအဲဒီနေရာမှာပဲမြှုပ်လိုက်တယ်။ ပြီးတော့ကျမတို့ကို တန်းမဖြုတ်ခိုင်းသေးပဲနဲ့ ရှေ့ထွက် ညာထွက် ဘယ်လှည့်တွေဘာတွေ လုပ်ခိုင်းပြီးတော့မှ နောက်ဆုံးဦးစီးလွှမ်းမိုးကို မြှုပ်ထားတဲ့ မြေပုံပေါ်ကို လမ်းလျှောက်ခိုင်းတာ။
…ဆိုတော့… ဘယ်သူက လုပ်ရက်မှာလဲ။ ….ကျမ …. မလုပ်ရက်ဘူး။ ဘယ်သူမှလည်း လုပ်ရက်မယ် မထင်ဘူး။
ခုလေးတင်ကွာ ကိုယ့်အရှေ့မှာလူတယောက်ကို သတ်ပစ်လိုက်ပြီးတော့ ဒီလူရဲ့ မြေပုံပေါ်ကို လမ်းလျှောက်ခိုင်းတာ။ တော်တော်လေးကို မဟုတ်ဘူး အဲဒီ စိတ်ဓါတ်တွေက။မဟုတ်တော့ဘူး။
အဲဒီအချိန်မှာတော့ တခုပြောချင်တာက စစ်တပ်မှာ ချီတက်တဲ့အခါပဲဖြစ်ဖြစ်ပေါ့ ရှေ့ဆုံးကလူရဲ့ နောက်ကနေ နောက်ကလူတွေက လိုက်ရတယ်။ အဲဒါကို ရဲဘော်ရဲမေတိုင်း သိတယ်။
ကျမ အလှည့်ရောက်တဲ့အခါကြတော့ ကျမက မြေပုံတည့်တည့်ကြီးပေါ်ကနေ ဖြတ်နင်းမလျှောက်ဘဲနဲ့ မြေပုံဘေးနေရာကိုပဲနဲနဲလေး ကွေ့ချပြီး လျှောက်လိုက်တာ။
အဲဒီလိုလုပ်လိုက်တော့ မြေပုံပေါ်ကနေ မဟုတ်တော့ဘဲနဲ့နဲနဲပေါ့ ။ မြေပုံဘေးကဖြစ်သွားတယ်။
ကျမ ကနဲနဲစောင်းလိုက်တော့ နောက်ကလူတွေကလည်းအကုန်လိုက်ကွေ့လျှောက်ကြရတယ်။ အဲဒါတွေကက မျိုးဝင်းတို့က သေချာ ကြည့်ထားတယ်။
ကျမကတော့ မသိဘူး။ ကျမက ဒီလို မတက်နင်းချင်လို့ လုပ်လိုက်တာပဲ။ စိတ်တွေလည်း မကောင်းကြတော့ဘူး။တန်းဖြုတ်ပြီး ရဲမေဆောင်ကို ပြန်လာကြတယ်။ အဲဒီမှာ စိုးစိုးလွင်တို့ရောပေါ့။ အီးတီ ၊နန်းစော၊သင်းသင်းညီတို့ဆို အသက်တွေက ၁၅ - ၁၆ နှစ်လေးတွေလောက်ပဲ ရှိဦးမယ်။ သူတို့တွေလည်း မျက်နှာလေးတွေလည်း မကောင်းဘူး စိတ်တွေလည်း မကောင်းကြဘူး။
နောက်တော့ ဧပြီလလောက်မှာ KIAက သင်္ကြန်ပွဲလိုမျိုးလုပ်နေတဲ့ အချိန်မှာ သူတို့ သန်းထွန်းစိုးကို လွှတ်ပေးလိုက်တယ်။
ပြန်လွှတ်ပေးပြီးတော့မှ သန်းထွန်းစိုးက ကျမကို ပြောတာက…။ … သူ့ကို ဒီရွေးကောက်ပွဲကနေ နှုတ်ထွက်ခိုင်းတယ်တဲ့…။ ABSDF - NB ဖြစ်မြောက်ရေး ရွေးကောက်ပွဲပေါ့လေ။ သန်းထွန်းစိုးကလည်း သူ နှုတ်ထွက်ပေးလိုက်တယ်တဲ့။ နောက် သန်းထွန်းစိုးက သူ ဘာကြောင့် အဖမ်းခံရတာလဲ ဆိုတာကိုတော့ မပြောဘူး။ သူက ကျမကို သတိပေးတယ်။
သူက ထူးထူးခြားခြားပဲ…ပြောတာက။ နင်နဲ့ မိချို( မခင်ချိုဦး) နဲ့ ပြန်တော့တဲ့…။ အဲလို ပြောတာ။
အဲလိုပြောတော့ ကျမကလည်း ဟာ …ဘာလို့ ပြန်ရမှာလဲ၊ ငါက တော်လှန်ရေးလုပ်ဖို့ လာတာ မပြန်နိုင်ပါဘူး လို့ သူ့ကို ခံပြီး ငြင်းတယ်၊ သူ့ကို ပြန်ပြောတယ်။ နောက်တော့ မိချိုကလည်း ကျမကို ငေးကြည့်နေတော့ မိချို နင်ပြန်ချင်ပြန် နော်၊ ငါကတော့ မပြန်ဘူးလို့ သူ့ကို အပြတ်ပြောခဲ့တယ်။
အဲတော့ မိချိုကလည်း ကျမကို ပြန်ကြည့်ပြီး ပြောတယ်.`အမမှ မပြန်တာ ကျမလည်း မပြန်တော့ဘူး`တဲ့… သူက အဲလိုပြောရှာတယ်။ ကျမ မပြန်တဲ့အတွက်ကြောင့် မိချို မပြန်ဘူး၊ မိချို မပြန်တဲ့အတွက် ကျန်တဲ့ ယောင်္ကျားလေး ၃ယောက်ကလည်း မပြန်ကြတော့ဘူး။
အဲဒါကို ခုချိန်မှာ ကျမ ခံစားနေရတယ်။ အဲဒီတုန်းကများ ကျမက သန်းထွန်းစိုး သတိပေးတဲ့အချိန်တုန်းကသာ ထွက်ပြေးဖြစ်ခဲ့ရင် ပြန်ဖြစ်ခဲ့ရင်….မိချို အပါအ၀င် သူတို့ အသက်ရှင်ကြမယ်။ ကျမက မပြန်ဘူးလို့ ငြင်းလိုက်တော့ သူတို့ အကုန်လုံးကလည်း ကျမနဲ့ အတူတူပဲ နေကြမယ်ဆိုတဲ့ စိတ်နဲ့ နေခဲ့ကြတယ်။ အဲဒါကြောင့် သူတို့လည်း အသတ်ခံခဲ့ရတယ် လို့ စိတ်ထိခိုက်တယ်။ အဲဒါက စိတ်ထဲမှာ တော်တော်စွဲသွားတာ။  အဲဒီအကြောင်း စဉ်းစားရင် မျက်ရည်ကျတယ်။ အဲဒါကြီးက စိတ်ကို ထိခိုက်စေတာ….ဒီနေ့ အထိပဲ။
အပိုင်း(၅)
ဦးစီးလွှမ်းမိုးကို သတ်ပြီး မကြာခင်မှာပဲ သန်းထွန်းစိုးနဲ့အတူရန်ကုန်ကနေ ပါလာတဲ့ ကိုအောင်ကျော်ကို ခေါ်တယ်။ အဲဒီအချိန်တုန်းက ကိုအောင်ကျော်က ရှေ့တန်းရောက်နေတယ်။
ရှေ့တန်းကနေ ဘာကြောင့်ခေါ်သလဲဆိုတာကိုတော့ ကျမလည်း မသိဘူး၊ ဒါပေမဲ့ ခေါ်တယ်ဆိုတာလောက်ပဲ သိရတယ်။
ကိုအောင်ကျော် နောက်တန်းကို ပြန်ရောက်လာတယ်။ နောက်တန်းကို ပြန်ရောက်လာပြီးမကြာမီမှာပဲ မျိုးဝင်းနဲ့သံချောင်းက ကိုအောင်ကျော်ကို ဖမ်းလိုက်တယ်။
ဘာကိစ္စ ဖမ်းတာလဲ။ ထုံးစံအတိုင်းပဲ ကျမတို့ လုံးဝ မသိဘူး။
နောက် ကြားလိုက်ရတာက ကိုအောင်ကျော်ကိုတော့ KIA ရဲ့ မြေတိုက်ကျဉ်းထဲမှာ သွားပြီးတော့ ချုပ်ထားတယ်တဲ့၊ အဲလိုကြားပြီး မကြာခင်မှာပဲ ကိုအောင်ကျော်က ဆေးရုံရောက်နေပြီ။ သူတို့ကတော့ နေမကောင်းလို့ ဆေးရုံရောက်တယ်ပြောတာပေါ့လေ၊ ဒါကတော့ သူတို့ အပြောပေါ့။
ကိုအောင်ကျော် ဘာဖြစ်လို့ သေသွားတာလဲလို့ အမက ရဲဘော်အချို့ကို မေးကြည့်တော့ သူတို့က မပြောရဲဘူး၊ အမကို ကြည့်ပြီး မငယ်တဲ့ ပါးစပ်နဲ့ လည်ပင်းနဲ့ နီးတယ်တဲ့…မငယ်လည်း မသိချင်နဲ့တဲ့ အဲလိုပဲ ပြောကြတယ်။ ဒါပေမဲ့ ကိုအောင်ကျော်ဟာ ဆေးရုံရောက်ပြီးတော့မှ နောက်မကြာဘူး ကိုအောင်ကျော် သေသွားတယ်။ …အဲလိုတွေ ဖြစ်နေတော့ စိတ်ထဲမှာလည်း သိပ်မရှင်းဘူးပေါ့။
ကိုအောင်ကျော် အကြောင်းကို တကယ်သိရတာကတော့ ကိုရဲလင်းရဲ့ အင်တာဗျူးကို ဖတ်လိုက်ရမှ သိရတာ။ ကိုရဲလင်းရဲ့ မြောက်ပိုင်းခရီး အပိုင်းမှာ ကိုရဲလင်းက ခုလိုပြောထားတာကိုး။ http://maythingyanhein.blogspot.com/2012_10_14_archive.html
ABSDF ကျောင်းသားရဲဘော်ဟောင်း ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်းခရီး မှ ကောက်နှုတ်ဖော်ပြပါသည်၊
( အဲဒီမှာ ညနေလောက်ကျတော့ အပတ်စဉ် ၅ မှာပါတဲ့ ကိုအောင်ကျော်ကို ဗဟိုက ခေါ်တာဆိုပြီး ရောက်လာတယ်။  အခြေအနေကို ရိပ်မိလိုက်တယ်။ အဲဒီမှာကိုအောင်ကျော် ခင်ဗျာသွားလို့ ဖြစ်ပါ့မလားလို့ ကျနော် မေးသေးတယ်။ သူကလည်း အပတ်စဉ် ၅ တုန်းက ပြဿနာထဲမှာပါထားခဲ့တာကိုး၊ အဲဒီမှာ သူကလည်း တော်တော်ကြီး စဉ်းစားသေးတယ်၊ နောက်တော့ တက်မယ်ဆိုပြီး ဖြစ်သွားတာ။
သူတက်ရင် ဦးစီးလွှမ်းမိုးလိုပဲ ပစ်သတ်ခံရမှာလို့  ကျနော်လည်း တွေးမိတယ်။ သူကလည်း တက်မယ်တဲ့ ဆုံးဖြတ်ပြီး သလို ပြောနေတော့ကျနော်လည်း ဘာမှ မပြောတော့ဘူး။
တခုခုဖြစ်တော့မယ်၊ သေသွားနိုင်တယ်ဆိုတာလည်း သူလည်း သိတယ်။ ဦးစီးလွှမ်းမိုးလည်း သေသွားပြီ၊ သူကလည်း တက်မယ်ဆိုပြီး ကိုအောင်ကျော်က အရင်တက်သွားတယ်။
 ကျနော်က အဲဒီမှာ ငှက်ဖျားက ဖြစ်တော့အောက်ဆေးရုံမှာ  ၂ရက်လောက် ဆေးကုပြီးတော့မှ နည်းနည်း သတိရလာတော့ ကိုတင်ဋ္ဌေး အဲဒီ ဆေးရုံကိုရောက်လာတယ်။
ကိုတင်ဋ္ဌေးဆိုတာလည်း အပတ်စဉ် ၅ကပဲ ၊ တောခိုတုန်းကလည်း ကိုသန်းထွန်းစိုးတို့ကိုအောင်ကျော်တို့နဲ့ အတူတူပဲ။ အဲဒီမှာ သူက ကျနော့်ကို တွေ့တော့ လာပြောတယ်၊ ကိုအောင်ကျော် ဆေးရုံရောက်နေပြီ တဲ့… ဟိုဘက် အဆောင်မှာတဲ့။
ကျနော်လည်း အံ့သြသွားတယ်၊ ဘယ်လိုဖြစ်လဲပေါ့။ သူက ပြောတယ်။ ကိုအောင်ကျော်ကို ဖမ်းထားပြီး KIA မြေတိုက် စခန်းထဲမှာ ထည့်ထားတယ်တဲ့။ အခု ကိုအောင်ကျော် အခြေအနေမကောင်းဘူး၊ ဆေးရုံရောက်နေတယ်လို့လာပြောတယ်။
ကျနော်ကိုအောင်ကျော့်ကို တွေ့တော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်၊ သူဘာမှ မပြောတော့ဘူး။
ကိုအောင်ကျော် ဘယ်လိုလဲလို့ ကျနော်မေးတယ်။ သူ တကယ်ကို ဘာမှ မပြောတော့တာ။ နဂိုကတည်းကလည်း စကားနည်းတယ်ဆိုတော့ ခုလို အချိန်မှာ စကားကို မပြောနိုင်တော့တာ။ စကားမပြောနိုင်တော့ပေမဲ့ အသိစိတ်ကတော့ ရှိပါတယ်။
ကိုအောင်ကျော်ကို ဘယ်လို စစ်ဆေးလိုက်လဲဆိုတာကို ကျနော်လည်း စိတ်ထိခိုက်တာနဲ့ မမေးလိုက်ရဘူး။
ကိုအောင်ကျော်က အဲဒီမှာ ပြောတယ် သန်းထွန်းစိုးကိုတော့ ဒီကောင်တွေ လက်ခံမှာ မဟုတ်ဘူးတဲ့။ သန်းထွန်းစိုးက မဲရပြီးသားဆိုတာ ကျနော်တို့က သိတယ်။ အဲဒီမှာ ကိုအောင်ကျော်က ဘာပြောလဲ ဆိုတော့ စကားနည်းနည်းပဲ ထွက်တဲ့ ကြားကနေ ကိုရဲ…တဲ့။
ပြောပါလို့ ပြောတော့ သန်းထွန်းစိုး နေရာကို မင်းတာဝန်ယူလိုက်ပါတဲ့…။ သူ အဲဒါပဲ ပြောသွားတယ်။တခြား ဘာမှတော့ မပြောခဲ့ဘူး ။
အဲလို ပြောပြီးတော့ သူ စိမ်းဝါ၀ါ အရောင်တွေ အန်တယ်။ ပြီးတော့ ပြန်ပြီးမှိန်းကြသွားတယ်။  အဲလိုနဲ့ သိပ်မကြာဘူး ကိုအောင်ကျော် ဆုံးသွားတာပဲ။)
ကိုအောင်ကျော် အကြောင်းကို ကိုရဲလင်းတို့ကသာ ပိုသိနိုင်ပါတယ်။ ကျမ သိရသလောက်ကတော့ ကိုအောင်ကျော် ဆုံးတဲ့ အချိန်လား၊ ဆုံးပြီးမှလားတော့ သေချာ မမှတ်မိတော့ဘူး။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ဖွဲ့စည်းအုပ်ချုပ်ပုံပြောင်းဖို့ ရွေးကောက်ပွဲအတွက် ရှေ့တန်းကိုသွားရတဲ့ အဖွဲ့တွေလည်း နောက်တန်းကို ပြန်ရောက်လာကြတယ်။ ဒါက ABSDF(NB) မြောက်ပိုင်း ဆိုတာကို ဖွဲ့စည်းပုံအတွက်ပေါ့။
နောက် တော့ တပ်ရင်း(၄၀၁)လည်း ရောက်လာတယ် ။ကိုတိုးကြည်၊ ကိုဝဏ္ဏဇော် ၊ ခင်ရွှေလှိုင်တို့ပါလာကြတယ်။သူတို့တွေကတော့ ကျမတို့
ABSDF (KS) မှာသင်တန်းဆင်းတာမဟုတ်ဘူးပေါ့နော် ။ဒီ ကျမတို့ ABSDF - NB ဖွဲ့စည်းကာနီးမှ ရောက်လာကြတာ။
အဲလိုနဲ့ ၁၉၉၀ ခုနှစ် ဇွန်လမှာ ABSDF(NB) မြောက်ပိုင်းကို ဖွဲ့စည်းတယ်၊ အဲဒီမှာ ABSDF(NB) မြောက်ပိုင်း ဥက္ကဋ္ဌအနေနဲ့ ကိုထွန်းအောင်ကျော်ကို ရွေးလိုက်ကြတယ်။ အထွေထွေအတွင်းရေးမှူးအဖြစ် ရော်နယ်အောင်နိုင်(မန္တလေး) ၊ စစ်ရေးတာဝန်ခံအဖြစ်ကတော့ ကိုသံချောင်း၊ အဲဒီနေရာမှာ သံချောင်းအကြောင်း ပြောရရင် ရဲဘော်တိုင်းက သံချောင်းကို ချစ်တယ်။ သံချောင်းက လူကြိုက်များတယ်။ ကျမတို့ ကိုယ်တိုင်လည်း သံချောင်းကို သဘောကျတယ်။ ရှင်းရှင်းပြောရရင်တော့ သံချောင်းက ရိုးတယ်၊ ရိုးရိုးဖြောင့်ဖြောင့် လူ။ ပြီးတော့ တကယ့်စစ်သားကောင်းတယောက်ရဲ့ အရည်အချင်းရှိတယ်။ အဲလို ရှိတယ်။
သံချောင်းက လူကြိုက်များသလောက် မျိုးဝင်းကတော့ လူကြိုက်နည်းတယ်။ သူ့ကို မကြိုက်တဲ့ သူက များတယ်။ ကျမကိုယ်တိုင်လည်း သူ့ကို မကြိုက်ဘူး။ အဲဒီမှာလည်း မျိုးဝင်းရဲ့ မဲက ဗဟိုကော်မတီဝင်ဖြစ်ဖို့ မလုံလောက်ဘူး။ ဒါပေမဲ့ တယောက်က ထွက်သွားတော့ မျိုးဝင်းကို တင်လိုက်ကြတယ်။ အဲဒါနဲ့ မျိုးဝင်းက တွဲဖက်အတွင်းရေးမှူး(၁) နေရာကို ရသွားတယ်။
အဲလို မြောက်ပိုင်း ABSDF ဖွဲ့စည်းပြီးတဲ့အချိန်မှာ ယိုးဒယားနယ်စပ်မှာရှိတဲ့ တောင်ပိုင်းက ABSDF မှာ မိုးသီးဇွန်က ဥက္ကဋ္ဌ။ အဲဒီအချိန်မှာ မိုးသီးဇွန်က သူ့ရဲ့တပ်ရင်းတရင်းကို သူက ပလောင်ဘက်ကို ပို့လိုက်တာ။ အဲဒီအချိန်မှာ ပလောင်ဘက်က အခြေအနေက မကောင်းတဲ့အခါကျတော့ အဲဒီတပ်ရင်းက ကျမတို့ရဲ့ မြောက်ပိုင်း ဘက်ကို ရောက်ချလာတယ်။ အဲဒီတပ်ရင်းကို ဦးဆောင်တဲ့သူက သိုက်ထွန်းဦး (၅၀၁) တပ်ရင်း ရောက်လာတယ်။
အဲလိုတွေရောက်လာတော့ မြောက်ပိုင်းမှာ ၇၀၁ တပ်ရင်းရှိမယ်၊ ၅၀၁ တပ်ရင်း၊ ၄၀၁ တပ်ရင်း၊ နောက် ၇၀၂ တပ်ရင်းလားမသိဘူး ရှိသေးတယ်ကွ။ အဲဒီမှာ အားလုံးပေါင်းမှ ကျမတို့ကျောင်းသားရဲဘော်တွေရဲ့ကိုယ်ပိုင်နံပတ်က ၅၀၀ လောက်ပဲ ရှိတယ်။ လူအင်အားကလည်း အကြောင်းအမျိုးမျိုးကြောင့် ၄၀၀ကျော်လောက်ပဲ ရှိတယ်။ အဲဒီမှာ ဒေါက်တာနိုင်အောင်ပြောသလို ၈၀၀ ကျော်ဆိုတာ မှားတယ်။ အဲလောက်မရှိဘူး။ ဆရာနေ၀င်းအောင်ကတော့ ၃၇၂ ဦးလို့ အတိအကျပြောသွားတယ်။ သူကတော့ ပိုသိမယ်ထင်တယ်။
အဲလို ဖွဲ့စည်းပုံတွေဘာတွေအသစ်ဖြစ်ပြီးတော့ နောက်တန်းရောက်နေတဲ့ ရဲဘော်တွေ အကုန်ရှေ့တန်းကို ပြန်သွားကြရတယ်။ ကျမတို့ကလည်း နောင်ရာပါ ဘက်ကို သွားလိုက် ၀င်လိုက်သွားလိုက်ဝင်လိုက်နဲ့ပါပဲ။
ကျမတို့က ခရီးထွက်ရရင် တပ်မှာ မချိုနဲ့နောက်ရဲမေ တယောက်ပဲ ကျန်ခဲ့တာ၊ ကျန်တဲ့ ရဲမေတွေလည်း အကုန်ခရီးထွက်ရတယ်။ ကျမက စည်းရုံးရေး ခရီးတွေသွားရတဲ့ သွားရတော့ အတူသွားတဲ့ ရဲမေလေးတွေနဲ့ အတူတွဲသွားရတယ်။ ပျော်စရာကောင်းတယ်။မှတ်မှတ်ရရ အဖြစ်အပျက်တွေလည်း အများကြီးပဲ တပ်ထဲမှာက စိတ်ပျက်စရာတွေ စိတ်ညစ်စရာတွေချည်းပဲတော့ မဟုတ်ဘူး၊ သူ့ဟာနဲ့ သူ ပျော်စရာလေးတွေတော့ရှိတယ်။
တခါတုန်းက ဆိုရင် ဗျူဟာ ၂ ဘက်ကို စည်းရုံးရေးသွားတုန်းက အဖြစ်အပျက်ကို ပြောပြမယ်။ ရွာတွေကို ၀င်ပြီးတော့စည်းရုံးရေး ဆင်းရတာ။ တရွာပြီး တရွာနေ့တိုင်း ခရီးထွက်နေရတယ်။ အဲလိုထွက်နေရပေမဲ့ ကျမတို့မှာ ပိုက်ဆံလည်း မရှိဘူး၊ စားရတာလည်း အရမ်း ဆင်းရဲတော့ အလကား ရတယ်ဆိုရင် အကုန်စားတာပဲ ကြိုက်ကြိုက်မကြိုက်ကြိုက် အလကားရရင် စားတာပဲ။
အဲဒီမှာ ရွာတရွာကွာ …နာမည်ကတော့ သေချာ မမှတ်မိတော့ဘူးအဲဒီမှာ တယ်သီးပင် ရှိတယ်ကွာ သိလား။ အဲဒီတယ်သီးပင်ကို ကျမတို့က ထိုင်ကြည့်နေတာ။ အပင်ပေါ်ကနေ တယ်သီးက ဖြုတ်ဆိုပြီး ကျလာပြီဆိုရင် ပြေးရတယ်။ တကယ်ကိုပဲ ၀က်နဲ့ အပြိုင်ပြေးပြီး တယ်သီးလုရတာ။ လူနဲ့ လုရတာ မဟုတ်ဘူး။ ၀က်နဲ့ လုရတယ်။ ၀က်ကလည်း တယ်သီး ကြွေရင်ပြေးပြီး စားတယ်။ ကျမတို့ကလည်း ၀က်ထက် မြန်အောင်ပြေးပြီးတော့ ၀က်ကအနားရောက်နေရင် ၀က်ကို ခြေထောက်နဲ့ ကန်ထုတ်ပြီးတော့မှ တယ်သီးကို အလုအယက်ကို ကောက်ပြီးတော့မှ စားတာ။
နောက် စိတ်ညစ်ဖို့ကောင်းတာရှိတယ်ကွာ…၀က်နဲ့ ပြဿနာတက်တာ ရှိသေးတယ်။နောက်တမျိုး။
ဒီလိုကွာ ကျမတို့ သွားရတာက တရုတ်ရွာတွေကွာ အဲဒီမှာ ရွာတွေမှာ အိမ်သာ မရှိဘူး။ အိမ်သာ တက်ချင်ရင် တောထိုင် ထိုင်ရတာ။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ ၀က်ဆိုတဲ့ အမျိုးကလည်း သိတယ်မဟုတ်လား။ ဟား ..ဟား..သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ လူတွေကလေ တောထိုင်ဖို့သွားရင် ၀က်တွေက နောက်ကနေ တဂွီးဂွီးနဲ့ လိုက်တာ။
ဟာပြသာနာပဲ သိလား။ မိန်းကလေးတွေက အုပ်စုလိုက်သွားတာပေါ့နော်။သွားရင်လည်း ထိုင်လို့က မရဘူး။ ထိုင်ရင် ၀က်ကနေ နောက်ကနေ နှာကြီးထိုးထိုးပြီးလာတာလေ။ အဲတော့ ဘာလုပ်ရလဲဆိုရင် အုပ်စုလိုက် ၀ိုင်းကြီးပတ်ပတ်လို့လုပ်ရတယ်။ အဲလိုလုပ်ပြီး ကျောချင်းကပ်လိုက်ရတယ်။ နောက်ကနေ ၀က်က နှာနဲ့ ထိုးထည့်လိုက်မှာ ကြောက်လို့ ဟား..ဟား… ကျမတို့တွေ ကျောချင်းတွေကပ်ပြီးတော့မှ တုတ်တွေယူသွားရတယ်။
ဝက်ကပ်လာရင် ၀က်ကိုတုတ်နဲ့ခြောက်ရတာ ၀က်တွေကတအားဆိုးတာ။ အဲဒီကြားကနေ ၀က်တွေက အတင်းတိုးပြီး ၀င်တာကိုးကြောက်တာပေါ့။ ၀က်ကိုလည်းခြောက် ရီလည်း ရီနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ တုတ်တွေနဲ့ ၀က်တွေနဲ့ ဒီကြားထဲမှာ ကိစ္စကလည်း မပြီးမစီးနဲ့ တကယ်ကို ပြဿနာပဲ။ ဟား ဟား …ဟား။
သူတို့တွေက အိမ်သာလည်း မထားဘူးကွာ ရေရေလည်လည်ပဲ တရုတ်တွေက။ ၀က်တွေက တကယ့်ကို မြူနီစပါယ်အလုပ်လုပ်တာ။ ကျမတို့ အဲဒီကတည်းက ၀က်သားဆိုရင် မစားချင်တော့ဘူး။ အဲဒါမျိုးတွေကလည်း တကယ်ပဲ ကြုံရတာ အမျိုးမျိုးပဲ၊ ပြောရရင်တော့ ပျော်ဖို့လည်းကောင်းပါတယ်။
ABSDF -NB နောင်ရာပါစခန်း ပထမပုံက နောက်တန်း - လှထွန်း၊ဘိုဘို၊စောမြအောင်၊ ဦးဥတ္တမ၊ ရဲစိုး၊ရာကွတ်၊မြင့်ခိုင်။ ရှေ့တန်း - လုမိုင်၊စိုးစိုးလွင်၊နန်းအောင်ထွေးကြည်၊သင်းသင်းညီ။
အပိုင်း(၆)
၁၉၉၁ ခုနှစ် ဇန်န၀ါရီလလောက်မှာ ကျမတို့ စစ်ကြောင်းက ဗဟိုကို ပြန်ရောက်လာပြီ။ စစ်ကြောင်းထွက်တာ ရှေ့တန်းထွက်တုန်းက ၁၉၉၀ အောက်တိုဘာမှာ ထွက်တယ်၊ ပြန်ရောက်တာကတော့ ၁၉၉၁ ၊ ဇန်န၀ါရီဖြစ်သွားပြီ။
အဲလိုပြန်ရောက်လာတဲ့အချိန်မှာ ကိုထွန်းအောင်ကျော်က ကျမကို ခေါ်ပြီးတော့ပြောတာက KIA မှာ ဖွင့်တဲ့ ဘဏ္ဍာရေးသင်တန်းသွားတက်ခိုင်းတယ်။ သိတဲ့အတိုင်းပဲ ကျမကလည်း စာကျက်ဖို့ကို အသေကြောက်တော့ မတက်ဘူး မတက်ချင်ဘူးလို့ ဇွတ်အတင်းငြင်းတာ။
ကိုထွန်းအောင်ကျော်ကဘဏ္ဍာရေးသင်တန်းကို ကျမရယ် စိုးစိုးလွင်ရယ်၊ ခိုရယ်၊ စိုးမိုးရယ် ဒီလောက်ပဲ မှတ်မိတယ်။ တက်ခိုင်းတော့ ကျမကတော့ အသေငြင်းတာပေါ့။
ကိုထွန်းအောင်ကျော်က ကျမကို ဘာပြောလဲဆိုတော့ မငယ်…တဲ့။ နင် ငါ့ကို သိက္ခာမချနဲ့တဲ့…နင် ကေအိုင်အေတွေနဲ့ ယှဉ်ပြီးတော့တက်ရမယ်၊ တက်ခဲ့အခါမှာလည်း ငါတို့ကျောင်းသားတပ် သိက္ခာမကျစေနဲ့ပေါ့ ၊အဲလို ပြောတာ။
ကျမကလည်း လူပေလူတေလေ သိတယ်မဟုတ်လား။ ၁၀ တန်းကိုတောင် တ ဘုံးဘုံးကျအောင်ဖြေလာတဲ့ သူဆိုတော့ သင်တန်းလည်းမတက်ချင်ဘူး၊ စာလည်း မကျက်ချင်ဘူး။ငြင်းတာသူ့ကို။တက်ကိုတက်ရမယ်ဆိုတော့ မတတ်နိုင်ဘူး နောက်ဆုံး တက်ကို တက်ရတာပဲ။ တက်တော့လည်း ကျမ ကောင်းကောင်းအောင်ပါတယ်။ အမှတ်တွေဘာတွေလည်း ကောင်းတယ်၊ ပြောမဲ့သာပြောတာ ကျမက စာကျက်ရင်တော့ တကယ်ရတယ်လေ။နောက်ကျောင်းသားတပ် သိက္ခာကျမှ စိုးလို့ဂရုစိုက်တာလည်း ပါတာပေါ့။ ကေအိုင်အေမှာ ဆုတွေဘာတွေရပေါ့ အဲဒါမျိုး စိတ်တော့ ရှိတယ်မခံချင်တဲ့ စိတ်ပေါ့လေ။
အဲဒီမှာ တရက် ဘဏ္ဍာရေးသင်တန်းကိစ္စပြောပြီး ကိုထွန်းအောင်ကျော်က တီး ဆိုပြီး ဂစ်တာပေးတာ။ တီးစမ်း တီးစမ်း ဆိုတော့ကျမလည်း တီးပေါ့။ အဲလို တီးတော့လည်း နင်ဘယ်လို တီးနေတာလဲ ဆိုတော့ကျမကလည်း ကျနော် အကြားအမြင်နဲ့ ကျနော်တီးနေတာ နှုတ်စ်တွေဘာတွေလည်း မတတ်ဘူး အကိုကြီးလို့ ပြန်ပြောမိတယ်။
အဲဒါနဲ့ ကိုထွန်းအောင်ကျော်က ကျမရယ် ၀ါဒဖြန့်ချီရေးအဖွဲ့တဖွဲ့လုံးကို ခေါ်ပြီးတော့ နှုတ်စ်ကို သင် ပေးမယ်တဲ့။အဲဒီမှာ စောမြအောင်တို့ စိုးစိုးလွင်တို့ရောအကုန်လုံး ကိုထွန်းအောင်ကျော်ဆီမှာ ဂီတ နှုတ်စ်တွေသင်ကြတယ်။ နှုတ်စ်စာအုပ်လေးတောင်ရှိတယ်။ ပြောရရင် အခုထိတောင် အဲဒီစာအုပ်လေး ရှိသေးတယ်။
အဲလိုသင်တဲ့အခါကျတော့ ကိုထွန်းအောင်ကျော်နဲ့ ကျမတို့နဲ့က ပိုရင်းနှီးလာကြတယ်။ အရင်ကတည်းက ကိုထွန်းအောင်ကျော်က ခင်ဖို့ကောင်းတယ်ဆိုတာကို သိပေမဲ့ သိပ်မရင်းနှီးဘူးပေါ့။ တကယ်တော့ ကိုထွန်းအောင်ကျော်က တော်တော်လေးကို ခင်ဖို့ကောင်းတယ်။ စိတ်ရင်း သဘောထားလည်း အရမ်း ကောင်းတယ်။ အရမ်းသဘောကောင်းတယ်။ သူက အမြဲပြုံးပြုံးနဲ့ စကားပြောရင်လည်း အေးအေးလေးနဲ့ ပြောတတ်တယ်။အားလုံးက သူ့ကို ကိုကြီးလို့ပဲ ခေါ်ကြတယ်။ သူကလည်း အားလုံးအပေါ်ကို အကိုကြီးတယောက်လို ဆက်ဆံတယ်။
တရက်မှာ ကျမက နှုတ်ရေးနေတာ မမှန်တော့ကိုကြီးက ကျမရဲ့စာအုပ်ကို လှမ်းယူလိုက်ရင်း ကျမ လက်ကိုတွေ့သွားတယ်။ ကျမရဲ့ လက်က လက္ခဏအရ ပြောရရင် လက်ပြတ်ကြီး။ နှစ်ဖက်စလုံး လက်ပြတ်ကြီးနော်။ အဲဒီမှာ ကိုကြီးက ကျမရဲ့လက္ခဏာကို ကြည့်ပြီးတော့ နင် သူများ သတ်လို့ သေရမဲ့ ကံမပါဘူးလို့ ပြောပြီး ဟောပေးတယ်။ နင့်ကို ရှေ့တန်းထွက်ပြီး စစ်တိုက်ခိုင်းရမယ်လို့လည်း နောက်လိုက်သေးတယ်။
အဲဒီမှာ ကိုထွန်းအောင်ကျော်က ဂစ်တာတီးဆက်သင်ပေးတယ်။တကယ်တော့ သူက တကယ်တီးတာက စန္ဒယား။ ဒါပေမဲ့ သူ ဂစ်တာတီးကောင်းတယ်။ သူကတော်တော်လေးကို ချစ်ဖို့ခင်ဖို့ကောင်းတယ်။ အနုပညာသမား။ နောက်သူ့ရဲ့လက်ချောင်းလေးတွေက အရမ်းသွယ်တာ၊ တကယ့်အနုပညာသမားလက်။ ယောင်္ကျားလေး လက်တွေထဲမှာ သူ့လက်က ကြမ်းကြမ်းတမ်းတမ်းလက်မျိုးမဟုတ်ဘူး၊ သွယ်သွယ်လေးတွေ။ စကားပြောရင်လည်း ပြုံးပြုံးလေးပဲ ပြောတယ်။ သူများ ပြောတာကို နားထောင်ရင်လည်း ပြုံးပြုံးလေးပဲ။
ကျမနဲ့သူနဲ့က အသက် ၂ နှစ်ကွာတယ်။ သူက အမထက် အသက် နှစ်နှစ်ပဲ ကြီးတာ။ နောက် သူ စပ်ထားတဲ့ သီချင်းတပုဒ်ကို ဆိုပြတယ်။ ငါ စပ်ထားတဲ့ သီချင်းတပုဒ်ရှိတယ်တဲ့။ အဲဒီသီချင်းက နောက် ပရိုတင်းက ဒုတိယအခွေထွက်ရင် နင်တို့ ဆိုရမှာတဲ့။ ငါ နင်တို့ကို ပေးမယ်ဆိုပြီး သူ့ သီချင်းတပုဒ်ကို ဆိုပြတယ်။ အဲဒီတခေါက်ပဲ နားထောင်ဖူးတယ်။ ဒါက ကိုထွန်းအောင်ကျော်နဲ့ ကျမနဲ့ ရင်းနှီးမှုပေါ့နော်။ ကိုကြီးနဲ့ အကိုလို နှမလို ရင်းနှီးမှုမျိုးပေါ့။
နောက်တချက်ပြောချင်တာက ကျမတို့ ရဲမေတွေထဲမှာ အကုန်လုံးက ကျောင်းသားရဲမေတွေမဟုတ်ဘူး။ ကိုယ့်စိတ်ဓါတ်နဲ့ကိုယ်တော်လှန်ရေးလုပ်မယ်ဆိုပြီးတော့မှ လာတဲ့ ရဲမေတွေမဟုတ်တဲ့ သူတွေလည်းပါတယ်။ တချို့ရဲမေတွေဟာ ကျမတို့ကျောင်းသားရဲမေတွေကို အင်အားဖြည့်မယ်ဆိုတဲ့အနေနဲ့ KIA က ဖမ်းထားတဲ့သူတွေကို စည်းရုံးရေးဆင်းပြီး ခေါ်ယူလာတာ။ KIA ကလည်း စုဆောင်းရေး ဆွဲတယ်။ စုဆောင်းရေး ဆွဲတယ်ဆိုတာကလည်း ရွာတွေဝင်ပြီး လူဖမ်းတာပဲ။ပြီးရင် စစ်သင်တန်းပေးလိုက်တာပဲ။
အဲလို ကေအိုင်အေ သင်တန်းဆင်းရဲမေတွေကို ကျမနဲ့ စိုးစိုးလွင်နဲ့ကိုယ်တိုင် နောင်ရာပါမှာ ဆင်းပြီးတော့မှ သူတို့ကို စည်းရုံးရေးဆင်းပြီးတော့မှ ငါတို့ ကျောင်းသားတပ်ဖွဲ့နဲ့လက်တွဲပါဆိုပြီး ခေါ်လာခဲ့တဲ့ ရဲမေတွေရှိတယ်။အချို့ရဲမေတွေရဲ့ နာမည်တွေကို မှတ်မိတယ်၊ မနွယ်တို့ မသွယ်တို့နောက်မအေးတို့ပေါ့ အတိုကောက်ပဲ သိတော့တာ။နောက် သန်းသန်းဋ္ဌေးပေါ့။ သူတို့က ကေအိုင်အေ သင်တန်းဆင်းလေးတွေ။
တပ်တွင်းမှာတော့ ကိုထွန်းအောင်ကျော် ဥက္ကဋ္ဌဖြစ်သွားပြီးတဲ့နောက်မှာ သိပ်ပြီး ပြဿနာ ကြီးကြီးမားမားရယ်လို့မရှိဘူး။ အေးအေးဆေးဆေးရှိကြတယ်။
အဲဒီအချိန်မှာ တပ်တော်တော်များများက ရှေ့တန်းကနေ ပြန်လာပြီး နောက်တန်းမှာ တဖြည်းဖြည်းချင်း ပြန်စုလာကြတယ်။
အဲလို ပြန်စုလာတဲ့ အချိန်မှာ နောက်တန်းမှာလည်း မျိုးဝင်းရယ်၊ သူ့ရဲ့ ကော်မန်ဒိုအဖွဲ့ရယ်ပေါ့။ အဲဒီမှာ သူ့ရဲ့ ကော်မန်ဒိုအဖွဲ့လို့ပြောရတာက မျိုးဝင်းက ကော်မန်ဒိုအဖွဲ့ဖွဲ့တယ်။ ဘယ်သူတွေပါပြီ ဘယ်လိုတွေ ပေးလိုက်မှန်းကို ကျမတို့ မသိလိုက်ရဘူး။ သိတယ်မဟုတ်လား။ စနစ်နဲ့ ဖွဲ့တာလား သူ့ဟာ သူ လူရွေးပြီး ဖွဲ့တာလား ဆိုတာလည်း မသိရဘူး။နောက် သံချောင်းက တိုက်ပွဲမှာ လက်ထိလာတော့ မျိုးဝင်းကို ဒု စစ်ရေးတာဝန်ခံနေရာပေးလိုက်ကြတယ်။
မျိုးဝင်းကတော့ ဒု စစ်ရေးတာဝန်ခံဖြစ်သွားတယ်။ လုပ်ပိုင်ခွင့်တွေ အရမ်းများလာတယ်။ IO ရုံးကိုလည်း သူကိုင်တယ်။ နောက် ကော်မန်ဒိုကလည်း သူ့ရဲ့တပ်ဖွဲ့ပဲဖြစ်တယ်။
နောက်ပြောစရာရှိတာက အဲဒီအချိန်တုန်းက ကျောင်းသားတပ်မှာလည်း လခစားတာတွေ အခွင့်အရေးတန်းတူညီတူ မရတာတွေ ရှိတယ်။ မညီမျှတာတွေ ရှိတယ်။
ဗဟိုကော်မတီဝင်တွေက လစာတွေ ဘာတွေ ရတယ်။ ပိုက်ဆံကိုင်ရတယ်ပေါ့၊အဲဒီတုန်းက ဘဏ္ဍာရေးမှူးက အောင်ကြီး။ သူတို့လူကြီးတွေဆိုရင် နေကာမျက်မှန်တွေ ဘာတွေဝယ်တပ်၊ ဂျာကင်အကောင်းစားတွေဘာတွေ ၀တ်ပြီး နေနိုင်တယ်။
အောက်ခြေ ရဲဘော်ရဲမေတွေကတော့ ဘာဝင်ငွေမှ မရှိဘူး၊ပိုက်ဆံလည်း တပြားမှ မရှိဘူး။ ရဲဘော်ရဲမေတွေ ဘ၀က သိပ်ဆင်းရဲတာ။ ဒီလောက်အေးတဲ့နေရာမျိုးမှာ စောင်မရှိအနွေးထည်မရှိဘဲနေကြတာ။ သူတို့လူကြီးပိုင်းတွေသာ အသားဗူးတွေဘာတွေ စားနိုင်တာ၊ ရဲဘော်ရဲမေတွေကတော့ ဟိုအရွက်ခူးဒီအရွက်ခူးနဲ့ စားရတယ်။ အဲဒီအကြောင်းတွေကတော့ ဘိုဘိုပြောတဲ့ အပိုင်းတွေထဲမှာလည်း ပါတယ်။
နောက် ဗဟိုကော်မတီဝင်ဖြစ်ရင် Runner တွေဘာတွေ ထားတာကိုလည်း ကျမကတော့မကြိုက်ဘူး။ တကယ်တမ်းမှာ ဘိုဘိုတို့ဘာတို့က မျိုးဝင်းရဲ့ Runner ဖြစ်ခဲ့တာတွေဘာတွေက ဖြစ်မှ မဖြစ်သင့်တာ၊ မဖြစ်သင့်ဘူးဆိုတာက သူလည်း တော်လှန်ရေးလုပ်ဖို့ တောခိုလာတာ၊ ငါလည်း တော်လှန်ရေးလုပ်ဖို့ တောထဲလာကြတာ။ အတူတူပဲလေ။ အဲဒါကို ဗဟိုကော်မတီဝင်ဖြစ်လို့ဆိုပြီး ကိုယ့်ရဲဘော်ကိုပဲ ကိုယ်ရံတော်တွေဘာတွေနဲ့ အချင်းချင်းပြန်ခိုင်းကြတာ၊ ဒါကို ကျမက လုံးဝ မကြိုက်ဘူး သဘောလည်း မကျခဲ့ဘူး။ မဖြစ်သင့်တဲ့ကိစ္စလို့ အမကတော့ထင်တယ်။ ဒါမျိုး မညီမျှမှုတွေကတော့ ရှိတယ်။
မျိုးဝင်းကိုတော့ ကြိုက်ကို မကြိုက်တာသူ့ကို။ သံချောင်းကတော့စစ်သားကောင်းတယောက်လိုတော့ဖြစ်တယ်။ ဒါပေမဲ့ ခေါင်းဆောင်ကောင်းတယောက်တော့မဖြစ်နိုင်ဘူး။ သူက ကြမ်းတမ်းလွန်းအားကြီးတယ်။ ကျမ အမြင်ကို ပြောပြတာပါ။
အပိုင်း(၇)
၁၉၉၁ ခုနှစ် ၃ နှစ်မြောက် ၈ လေးလုံးပွဲကို ကျမတို့ ABSDF-NB ဗဟို လိုင်စင်စခန်းမှာအကြီးအကျယ်ကျင်းပဖို့ လုပ်ကြတယ်လေ။
အဲဒီ ၈ လေးလုံးပွဲ လုပ်ဖို့အချိန်မှာ အဲဒီရက်ပိုင်းမှာပဲ အလုပ်တွေရှုပ်နေတဲ့အချိန်မှာ သိုက်ထွန်းဦးရဲ့ runner စိုးမင်းအောင် ထွက်ပြေးသွားတယ် လို့ ကြားရတယ်။
နောက်ပိုင်း စိုးမင်းအောင်ကို ဗျူဟာ(၂)ကို ခေါ်ပြီး စစ်ကြတယ်။ ကျမတို့ကတော့ ဗဟိုမှာပဲ။ နောက်ရှိသေးတယ် ၈ လေးလုံးပွဲနေ့မှာ အဆိပ်ခတ်မယ်ဆိုတဲ့ သတင်းတွေလည်း ပြန့်နေတာတို့ဘာတို့ပေါ့။လုံခြုံရေးတွေယူကြတယ်။
ပွဲနေ့အတွက် စားဖိုချောင်ကိုတာဝန်ယူတော့ ကျမတို့ ရဲမေတွေပါကြတယ်။ လူတိုင်းစားဖိုဆောင်ကိုဝင်ထွက်ခွင့်မရှိဘူး။
ဒါနဲ့၈.၈.၁၉၉၁ ခုနှစ်  ။၈ လေးလုံး အခမ်းအနားပြီးတော့ မျိုးဝင်းနဲ့ကျောင်းသား IO ရုံး တို့ အဖွဲ့က လူတွေကို စဖမ်းတယ်။ နောက်ပိုင်းမှာ တောက်လျှောက် လူတွေ စဖမ်းနေပြီ။ ဒါပေမဲ့ ကျမလုံးဝ မသိဘူး။လူတွေဖမ်းနေတာ။
အဲဒီအချိန်မှာ ကျမကို ABSDF-NB ဥက္ကဌ ကိုထွန်းအောင်ကျော်ကခေါ်ပြောတယ် ။ ကျမကို ကျောင်းသားတပ်မတော် ကဖွင့်လှစ်တဲ့ ဖောက်ခွဲရေးသင်တန်း ( မိုင်းသင်တန်း) တက်ဖို့ ပြောတယ်။ ရဲမေထဲက အေးမိစံ လည်းပါတယ်။ ကျမမှတ်မိသလောက်ပေါ့နော်။မောင်မောင်ကြွယ်၊စိုးလေး၊ပါတယ်။
ဆိုတော့ သြဂုတ်လ ၁၂ ရက်နေ့ ဒီ ၁၉၉၁ ခုနှစ် ၊ ကျောင်းသားတပ်မတော်ဗဟို ဒီလိုင်စင်စခန်း မှာဖွင့်လှစ်တဲ့မိုင်းသင်တန်း စတက်နေရတယ်။အဲမှာသင်တန်းတက်နေတော့ တနေ့တနေ့ တပ်တွင်းအခြေအနေတွေနဲ့လည်း ဝေးသလိုဖြစ်သွားတယ်။ တပ်နဲ့ ဝေးသလိုဖြစ်သွားတယ်ဆိုတာက တပ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာ ကို သိပ်မသိတော့ဘူး။မိုးလင်းမိုးချုပ်ပေါ့နော်သင်တန်းမှာအချိန်ကုန်နေတာ။။
သိတဲ့အတိုင်းပဲအစဉ်အဆက် လူတွေဖမ်းရင်လည်း ဘာကြောင့်ဖမ်းတယ်ဆိုတာမျိုး သတင်းထုတ်ပြန်တာမျိုးတွေလည်း ဘယ်တုန်းကမှမရှိခဲ့တော့ တော်ရုံဆို မသိဘူး။ တကယ်တော့ မျိုးဝင်းတို့ သံချောင်းတို့က မဆလကို မကြိုက်ဘူး နအဖကို မကြိုက်ဘူး တော်လှန်မယ်သာ ပြောတာ သူတို့ လုပ်ပုံကိုင်ပုံက မဆလအစိုးရနဲ့ တထပ်တည်းကျအောင် လိုက်လုပ်တယ်။ သူတို့လက်ထဲမှာ ရှိတဲ့ အာဏာကို အဲဒီလိုပဲချုပ်ကိုင်ထားပြီး လုပ်ချင်သလို လုပ်ကြတယ်။ အဲဒီပုံဆန်အတိုင်း တထပ်တည်းကျအောင် လုပ်ကြတယ်။
သူတို့က လူတွေကို ထစ်ခနဲရှိရင် ဖမ်းတယ်။ ဘာကြောင့်ဖမ်းတာလဲ ဆိုတာ မပြောဘူး။ သတ်ချင်တဲ့ သူကို သတ်ချင်သလို သတ်တယ်။ ဘာကြောင့်လဲဆိုတာလည်း မပြောရဘူး ၊ မသိရဘူး။ အဲဒါမျိုးတွေ လုပ်တယ်။ ဖမ်းပြီးရင်လည်း လူတွေကို အပေါ်စောင်မှာ သီးသန့်ထားတယ်။ အဲတော့ သူတို့တွေ ဘယ်ကတည်းကစပြီး လူတွေကို ဖမ်းနေတာလဲဆိုတာ အောက်ခြေက ရဲဘော်တွေ ကျမတို့ သေချာကို မသိတာ။အဲ့ဒီတုန်းက ။
မှတ်မှတ်ရရဘဲ. အဲ့ဒီအချိန်တွေတုန်းက ဒီနန်းစော။ထက်ထက် ။အေးသန်းတို့။ ခင်ရွှေလှိုင် ( ၁၉၉၀ ဇွန်မှာ မှ တပ်ရင်း ၄၀၁ ကနေေ၇ာက်ရှိလာသူ) ။သင်းသင်းညီတို့ အများကြိးပေါ့နော် .. KIA ကပေးတဲ့ သူနာပြုသင်တန်း ကို သွားတက်နေကြရတော့ သူတို့တတွေ KIA နယူးကင့်မှာဘဲ သွားနေနေကြ၇တဲ့အချိန်ပေါ့။ ကျောင်းသားတပ်မှာမ နေကြရဘူး။
တနေ့ကျမက မိုင်းသင်တန်းယူအပြီး ကျမတို့ ရဲမေဆောင်အပြန် ဒီ ခန်းမဆောင်ကနေဖြတ်အလျှောက်မှာ လူတွေစုဝေးနေတာတွေ့လို့ ကြည့်
မိလိုက်တယ်။ ဗဟိုကော်မတီဝင် ကိုခင်မောင်အေး ( ကိုအားစိုက် - မှိုင်းသော်ဝေ) ကို လက်နောက်ပြန်ကြိုးတုတ် ပြီး ဇောက်ထိုး ချီဆွဲထားတာမြင်လိုက်ရတယ်။ ဟာ...ဆိုပြီး စိတ်ထဲတင်းကနဲဖြစ်သွားတယ်။ စိတ်လည်းမကောင်းဘူး။ဘာဖြစ်ပြန်ပြီလဲပေါ့။
သူ့ကို တခြားရဲဘော်တွေ ဆွမ်းကြီးလောင်းပွဲပေါ့ .. ဇောက်ထိုးအနေအထားကြိးနဲ့ကို မျက်နှာကို စစ်ဖိနပ်တွေနဲ့ ဝိုင်းကန်နေကြတာတွေ့တယ်။ တခြားရဲဘော်အချို့လည်းတွေ့တယ်။ မှတ်မှတ်ရရ ရန်အောင် ကိုတွေ့တယ် ။အားလုံးကတော့ လူရုပ်မပေါ်တော့ပါဘူး။ ဖူးယောင် စုတ်ပြတ်သတ်နေကြပြီ။ သွေးသံတွေဖြစ်နေကြပြီ ။
သူ့ကို ဘယ်ကတည်း ကစအဖမ်းခံထားကြရမှန်းကျမ အတိအကျ မသိဘူး။ဒါပေမဲ့ ခုနောက်ပိုင်းမှ သိတာကတော့ ဒီ လိုင်စင်ဗဟိုစခန်းမှာ သြဂုတ်လ ၁၀ ရက် ၁၉၉၁ မှာစ
ပြီးအဖမ်းအဆီးရှိတယ် သိရတယ်။ ကိုခင်မောင်အေး (ကိုအားစိုက် )ဆိုတာ အရင်သတင်းပြန်ကြားတုန်းကဆိုရင်
ကျမ ကို ဒီ ABSDF-KS အမှတ်စဉ် ၃ ကစပြီး ကျမတို့ ဒီ AB -KS ကကျောင်း သားတပ်မတော် အတွက် ဗွီဒီယို ရိုက်တာမှာ ကြီးကြပ်ခဲ့သူ။
ABSDF-NB ဖြစ်လာတော့ လေးစိန် (ဦးစိန် သေဆုံး) ကပါ အကြံပေး သင်ကြားပေးခဲ့ပါတယ်။ နောက် ကျမ မှတ်မိတာ နောက်ပိုင်းမှာ ဦးစောရင်ထွေး လည်း ကျမကို သင်ကြားအကြံပေး ရိုက်ကူးခဲ့တယ်။ နောက်ပိုင်း ဗွီဒီယို အစီအစဉ်မှာ ဝဏ္ဏဇော် ၊ ဘိုဘို တို့ပါ ပါဝင်ရိုက်ကူး အားဖြည့်လာတာ။
တညနေမှာ မိုင်းသင်တန်းကပြန်ရောက်လို့ရဲမေဆောင်ပြန်ရောက်တော့ မချိုကို ဖမ်းသွားပြီလို့ ရဲမေတွေကပြောနေကြတယ်။
အံ့သြသွားတယ်။  အဲ့ဒါ ဒီ သြဂုတ်လ ၂၁ ရက်နေ့ ၁၉၉၁ ခုနှစ်မှာပေါ့နော် ။
ဘာဖြစ်လို့ ခင်ချိုဦးကို ဖမ်းရတာလဲ။ ခင်ချိုဦး ပါရင် ကျမ ပါမယ်လို့ကျမ အဲ့ ဒီတုန်းက တပ်ရင်းမှူးတဦးဖြစ်တဲ့သိုက်ထွန်းဦးကိုပြောခဲ့သေးတာမှတ်မိတယ်.
သိုက်ထွန်းဦးကတောင်ပြောတယ် .. ဘာမှပူနေစရာမလိုဘူးပေါ့ ။ ဖမ်းထားတဲ့ လူတွေဟာ မဟုတ်ရင်ပြန်လွတ်မယ်ပေါ့ ။မင်းမဟုတ်ရင်ပူစရာမလိုဘူးပေါ့ ၊
အဲ့လို .. ဆိုတော့ ပူနေတာကိုကဘဲ ဟုတ်နေသယောင်ပေါ့နော် ..အဲ့တုန်းက အခြေအနေတွေက .မှန်းရခက်အောင် ရှုပ်ရှက်ခတ်နေတယ်။
နောက်တော့ ကျမတို့ ရဲမေဆောင်မှာ မချို သတင်းက တော်တော်လေး ဂယက်ရိုက်နေတယ်။
ကျမလည်း တပ်စုမှူးဂျူဂျူး(မာမာထွန်း - မိုးကောင်း..နောင်သံချောင်းနဲ့ လက်ထပ်ခဲ့တဲ့သူ)ကိုမေးပြောပြောတယ် ။
ဂျူဂျူး ၊ဆေးဆရာမတိမ့်ဆွေ ၊ စန်းစန်း၊ဆေးဆ၇ာမဘောက်မိုင်၊ စိုးစိုးလွင်၊တို့နဲ့ ပြောကြတော့ နောက်ထပ် မိန်းကလေး တယောက်ရှိသးတယ် ။
ဗျူဟာ ၂ မှာ ပထဆုံးအဖမ်းခံ အနှိပ်စက်ခံပြီးသေသွားတယ်ပြောတဲ့ စိုးမင်းအောင်ထွက်ချက်တွေမှာ လူ အယောက် ၅၀ လောက် စာရင်းပါနေတယ်ပေါ့ ၊
အဲ့လို တီးတိုးပြောကြတော့ ကျမသိလိုက်ပြီ ။
အဲ့မှာကျမပြောမိတယ် ၊ အေး အဲ့ဒီမိန်းကလေး ငါဘဲ နေမှာဘဲ လို့ ပြောလိုက်မိတယ် ။ အခြေအနေတွေကို ကျမ တွက်ဆနေကြည့်မိတယ်။
တကယ်ပါဘဲ.အဲဒီနေ့ သြဂုတ်လ ၂၃ ရက်နေ့ ညနေ ၆နာရီမှာတော့ ကျမ မိုင်းသင်တန်း ကအပြန်။ ကျမကို လာဖမ်းကြပြီ။
မျိုးဝင်းကိုယ်တိုင်ဦးဆောင်တဲ့အဖွဲ့ လာဖမ်းကြတာ။ အဲ့ဒီအချိန်မှာ ကျမက မိုင်း သင်တန်းမှာသုံးတဲ့ ဒါးနဲ့ ဝါးအဆစ်လေးတွေ နောက်နေ့ သင်တန်းမှာသုံး
ဖို့ ပြင်ဆင်နေတာပေါ့နော ။ ဆိုလိုတာက ကျမလက်ထဲမှာဓါး ရှိနေတယ်။
တချိန်တည်း စစ်ဘိနပ်သံတွေနဲ့အတူ မျိုးဝင်းရဲ့ ဂျူဂျူး လို့အော်ခေါ်သံ ကြားတော့ကျမ အခန်းထဲကနေထွက်ပြီးအကြည့် မျိုးဝင်းနဲ့ ကျမ မျက်နှာခြင်း
ဆိုင်အတွေ့ မျိုးဝင်းက ပြေးဝင်လာတယ်။နောက်ကျမလက်ထဲမှာကိုင် ထားတဲ့ဓါးမြင်တော့သူတန့်သွားတယ် ။အခြေအနေတွေက သိပ်မြန် ဆန်လွန်း တယ်။
အဲဒီမှာ သေချာသွားပြီ  ငါ့ကို ဖမ်းပြီလို့။
ဓါးကို အောက် လွှတ်ချ ပေးလိုက်တယ်။ ဓါးကိုပြစ်ချလိုက်တာနဲ့မျိုးဝင်းကကျမ ရဲ့ ပခုံး၂ဘက်ကို သူ့အားနဲ့ တွန်းပြီး ဆွဲလှည့် လိုက်တယ်။
ကျမ မျက်နှာနဲ့ဝါးနံရံနဲ့ ကပ်သွားတာပေါ့။ အဲ့ဒီမှာ ကျမရဲ့ လက်ဝဲလက်ကို ခါးစပ်ကနေ နောက်ပြန်ယူပြီး ကျောအထက်ကို ဆွဲပင့်ယူလိုက်တယ်။
 နောက် ကျမရဲ့ ညာဘက်လက်ကိုကြတော့ ခါးစပ်ကနေယူတာမဟုတ်တော့ဘူး။ ခေါင်းအပေါ်ဘက် ညာဘက် နား နားကနေပေါ့ .. ပြောရရင် ညာဘက်လက်ကို ပခုံး
အပေါ်ကနေ ဆွဲယူပြီး ကျောအနောက်ဘက်ကနေ အောက်ကို ဆွဲချတာပေါ့နော..။ ဆိုတော့ ကျမ ကျောအနောက်ဘက်မှာ လက်ဝဲလက်က ကျော အပေါ်ဘက်လှန်တင်ထားပြီး လက်ယာလက် က ညာဘက် ပုခုံးအပေါ် ကနေ ကျောအောက်ဘက်အနေအထားမှာပေါ့ ။ ပြီးတော့မှ ကျော်ထင်ဦး ( IO ရုံး) က ဘယ်ဘက်လက်မ နဲ့ ညာဘက်လက်မ ၂ဘက်ကို ဆွဲပြီး လက်ချောင်းခတ်တဲ့ လက်ထိပ်နဲ့ ခတ်တော့တာဘဲ။
တော်တော့ကို နေရခက်တဲ့ အနေအထားနဲ့ ပထမဦးဆုံးစထိတာဘဲ ။ လူရဲ့အနေအထားက
ရိုးရိုးလက်နောက်ပြန်ကြိုးတုတ်တဲ့အနေအထားမဟုတ်တော့ ..ပြီးတော့ အကြောကလည်း မပျော့ပြောင်းတော့ လက်မ ၂ ဘက်အနေအထားက ကွာလာလေလေ .. လက်မ ခတ်ထားတဲ့ လက်ထိပ်က တင်းကြပ်လာ လေလေ ပေါ့။ အဲ့ဒီအနေအထားနဲ့ ကျမကိုအပေါ် အိုင်အို ရုံးကို ခေါ်သွားကြတယ်။
ဟိုရောက်တော့လည်း မေကြီးပေါ်ကို ခြေဆင်းထိုင်ခိုင်းပြီး ခြေထောက် ကိုကြိုးတုပ်တယ်။လက်နောက်ပြန်အနေအထားကို မပြင်ပေးဘဲ အဲ့ဒီအတိုင်း
ထား ထားတယ်။တမင်ကိုလုပ်ထားတာ သိသာတယ်။မျက်လုံး ကို အဝတ်စ တခုနဲ့ လာစည်းပလိုက်တယ်။ဘာမှ မမြင်ရတော့ဘူး။ အဲ . အဲ့ဒီနေ့ကစပြီး
မျက်စိပိတ်ချည်၊ခြေထောက်ကြိုးတုတ် .လက်ပြန်တုတ် ပြီး ကြိုးအစတွေကို ဝါးနံရံမှာပြန်ချည် ပြီးနေခဲ့ကြရတာ ကျမတို့လွတ်တဲ့အထိပါပဲ ။အဲလို ပုံဆန်နဲ့ ထားခဲ့ကြတာ။
အသတ်ခံခဲ့ရသူတွေ ကိုလည်း အဲဒီပုံဆန်အတိုင်းပဲ ထားကြတာ တကယ်ကို သူတို့ အသတ်ခံရတဲ့နေ့အထိ ထားခဲ့တာ။
သိတဲ့အတိုင်းပဲ ဖမ်းထားတဲ့ သူတွေကိုတော့ နေ့နေ့ညည အရက်ကလေးတခွက်လောက်မော့ပြီး ရိုက်ချင်တဲ့သူတွေဝင်ရိုက်ကြ  ကန်ချင်သူတွေဝင်ကန်ကြ လုပ်နေကြတာ။ ၀ိုင်းဝိုင်းပြီး ဆွမ်းကြီးလောင်းကြတာ။ အင်း.လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေပါတယ်ဆိုသူတွေရဲ့ လုပ်ရပ်များ ပေါ့လေ။ တရားကျစရာပဲ...။
ဆိုတော့ အဲဒီမှာ တညလုံး ထားတယ်။ကျမကို IO ရုံး မှာ။မြေကြီးပေါ်မှာ။ ညအချိန်ကျတော့ အဲဒီမှမိန်းကလေးတယောက်ရဲ့ အော်သံကြားတယ်။ တကယ်ကို မချိမဆန့် ထွက်လာတဲ့ အသံမျိုး။ ဒါ မချိုရဲ့ အော်သံ။ ကျမ ရင်တွေခုန်လာတယ်။ စိတ်ပူတာရော…အော်သံက တော်တော်ကို ကြောက်စရာကောင်းတယ်၊ ရင်ထဲကနေ လာတဲ့ မခံချိမခံသာရင် ထွက်လာတဲ့ မချိမဆန့်အသံမျိုး။
မျက်စိကိုလည်းစည်းသွားတော့ ကိုယ်လည်းမမြင်ရတော့ အသံဘဲကြားနေရတယ်။ ဘုရားတ...လာတယ် ။ ...သူတို့ မိချိုကို ဘယ်အတိုင်းအတာအထိ လုပ်နေကြသလဲ ။ ကြားနေရတဲ့အသံကတော့ မကြားဝံ့စရာဘဲ။ မိချိုဆီကအော်ဟစ်ဲငြီးတွားသံတွေ ထွက်လာလေလေ IO ရုံးမှာ ရှိနေတဲ့သူတွေရဲ့ ရီသံတွေလှိုင်နေလေလေဘဲ။
မချိုရဲ့ မချိမဆန့်အော်သံနဲ့ သူတို့ရဲ့ ရီသံတွေက ကျမကို ပိုပြီး နာကျင်စေတယ်။
အနေအထားအရလည်း  လက်မခတ်ထားတဲ့အနေအထားနဲ့ ထားထားတုန်း။ညာဘက် လက်
ပုခုံး တခုလုံး ကိုက်ခဲနာကျင်နေပြီ။ ထုံလာတယ်။ကျော တခုလုံးပါ နာကျင်တာတွေ ပြန့်လာတယ်။လက်မ နှစ်ခုလုံးတစစ်စစ် နဲ့နာနေပြီ။
နာနေရင်းနဲ့ပဲ လူဝင်လူထွက်ခြေသံတွေကြားနေရတယ် ။ မလုပ်ပါနဲ့ကွာ ဆိုတဲ့အသံကြား
တယ်။အမြီးပေးမယ် ပြောသံကြားတယ် ။ ခဏဘဲ. ဖိနပ်သံကြားတယ်။ နောက်ရီနေကြတယ် ရီသံတွေ ထပ် ကြားရတယ်။
အဲဒီအသံကို နားထောင်နေတုန်း ဒိုင်း ကနည်း အသံကို ကြားလိုက်ရပြီး ခေါင်းတခုလုံးပြုတ်ထွက်သွားသလို ဘဲ.မျက်လုံး
စည်းထားတဲ့ကြားက အလင်းတန်းလျှက်ကနဲ တွေ့လိုက်တယ်။တကိုယ်လုံး ကျင်ထွက်သွားတယ် ။ နားတွေ အူသလိုဖြစ်သွားတယ် ။ ။ဒါ Electric
Shock ပေးလိုက်တာ ။ ကျင်စက်လေ ။ Shock ရိုက်တာ။ ဟာ…ဆိုပြီး နောက်တချက်
ထပ်လုပ်တယ် ။ တအားခံရခက်တလိယ် ။နာကျင်တယ် ဘာညာဆိုတာတွေ ထက်ပိုတယ်။ ဘယ်လို ဆိုးဝါးတဲ့ ခံစားချက်လည်း ဆိုတာ ပြောပြဖို့ ကျမမှာ စကားလုံး မရှိဘူး။
အဲလို ခေါင်းကို shock ပေးနေရင်းနဲကို  ဒါ...စစ်ကြောရေးမဟုတ်သေးဘူးတဲ့ ။ ခေါင်းမာရင် ဒီထက် ဆိုးမယ်လို့ တယောက်က ပြောတယ်။
အဲဒီ အသံရှင်ကို ကျမ သိတယ်။ ခုချိန်မှာ ကျမ မပြောချင်တော့ဘူး။ အသံရှင် က သူလည်းပဲ အသတ်ခံလိုက်ရတဲ့အထဲ ပါသွားပြီ။
ကျမကိုခွင့် လွှတ်ကြပါ. ကျမ မပြောရက်တော့လို့ပါ။ မပြောပါရစေနဲ့တော့ ။
နောက် အသံတွေကြားနေရတယ် ။ တစုံတဦးကို IO ရုံးထဲခေါ်လာတယ် ။
သူတို့ပြောဆိုနေတာကြားတယ်။ မိချိုကို ခေါ်လာတယ် ။ကျမ အဲ့ဒီအနေအထားနဲ့ ဘဲ ငြိမ်နေလိုက်တယ် ။ကျော်ထင်ဦးက ပြောနေတယ် ။ဒီကောင်မက အရာရှိတဲ့ ..။
ဘုရား…ဘုရား… ရေ။ ကျမ ဒုက္ခရောက်ပြီ ။ သိလိုက်ပြီ။အရာရှိလို့ ကျမကို  တယောက်ယောက် ပြောလိုက်ပြီ ။
သွားပြီ ။ငါတော့ ကောင်းကောင်း ခံရပြီ ဆိုတာ သိလိုက်ပြီ။
ကျမ နားမှာ ကျမကို နိုးနေလား အိပ်နေလား ဆိုပြီး ပြောဆိုနေကြတဲ့ အသံတွေလည်း ကြားရတယ်။  အိပ်ပြီးထင်တယ် လို့ တယောက်က ပြောတယ် ။ကျမ အိပ်သလို ယောင်ဆောင်နေလိုက်တယ် ။ ကျော်ထင်ဦး ...ဆက်ပြောတယ်။ NIB က  ဒုဗိုလ်တဲ့ ။ ဟာ...ဟာ..  NIB က ဒုဗိုလ်တဲ့...။
ဌာနနဲ့ ရာထူး ကျမသိအောင် ကျမနားလာပြောနေပြီ။
အဲဒီညကို ကျော်လွန်လာပြီ ။ မနက်ရောက်လာပြီ။ တညလုံးအိပ်မရ ဘူး။
တကိုယ်လုံး ကျောကနေ ပခုံးတခုလုံး ကိုက်ခဲနေပြီ ။
အဲဒီမှာ  မနက်ပိုင်းမှာ သန်းဇော် လာကြည့်တယ် ထင်တယ်၊ ကျမနောက်နားကနေ သန်းဇော် အသံကြားတယ်။ ဟာ ... ဒီအတိုင်းထားထားတာလား..တညလုံးတဲ့။
ကျမ လက်မနှစ်ဘက် ကိုခတ်ထားတဲ့လက်ထိပ်ကို ဖြုတ်ပေးတယ် ။ ချက်ချင်းတောင် ညာဘက်လက်ကို အောက် ပြန်မချနိုင်ဘူးလေ။
အဲ့ဒါသြဂုတ်လ ၂၄  ရက်နေ့ မနက်ပိုင်းပေါ့နော်။ နေ့လည်လောက်ဖြစ်မယ်ထင်တယ် ။
သင်းသင်းညီ၊အေးအေးသန်း၊စိုးစိုးလွင်။နန်းအောင်ထွေးကြည်။နောင်ရာပါစခန်း။
အပိုင်း(၈)
နောက်တနေ့ နေ့ လည်လောက်မှာပေါ့ ။ ၂၄ရက်နေ့မှာပေါ့ သံချောင်းလာစကားပြောတယ်။ခေါင်းမမာဘဲ အေးအေးဆေးဆေးဝန်ခံဖို့ပေါ့နော်။
မငယ်တဲ့…မင်း ခေါင်းမာရင် သေသွားလိမ့်မယ်ပေါ့ ။ ဟုတ်တယ်ပြောလိုက်ရင်နောက်ကို လွှတ်ပေးမယ်ပေါ့နော်။ မင်းဟုတ်တယ်မဟုတ်လား မေးတာပေါ့ ။
ကျမ ကလည်း ခေါင်းခါတယ် .. တခုခုမှားနေပြီ Cs ပေါ့နော် ။ ကိုယ်က ဟုတ်မှ မဟုတ်တာလေ။
အားမောင်ရေ ..မင်းတော့ ခံရတော့မယ်ကောညယ် .. တဲ့ ။ အဲ့ဒါ ..အဲ့ဒါ ကျမကို IO ရုံးမှာဘဲထားထား တုန်းပေါ့နော် ။သံချောင်းက လာပြောတယ် .. အဲ့လို ။
ကျမကိုစစ်ကြောရေးမဝင်ရသေးဘူးလေ .. အဲ့ဒီအချိန်အထိ။ဒါပေမဲ့ ကျမ လန့်နေပြီ .ကြောက်နေပြီ ။
ညကလေးတင်  ကျမ အမြီးဆိုတာ ခဏလေး ခံလိုက်ရတယ် .မဟုတ်လား။ မချိမဆန့် အော်သံတွေလည်းကြားနေ၇တော့..။ ဒါပေမဲ့ ကိုယ်ကမှ ဒီ ထောက်လှမ်းရေး
ဆိုတာကြီးဟုတ်မှ မဟုတ်တော့ ..မဟုတ်ဘူး ..ခေါင်းခါတာပေါ့ ။
သူတို့က ဘယ်လိုလဲ ဆိုတော့ နားလည်အောင်ပြောရရင် သေချာ ရှင်းပြမှ ရမယ်။ မိန်းကလေးထဲမှာ စဖမ်းတာက မိချိုကို စဖမ်းတယ်၊ ပြီးတော့ကျမကို ဖမ်းတယ်။ ကျမကို ဖမ်းတဲ့ အချိန်မှာ သူတို့က မိချိုကို ကျမက ထောက်လှမ်းရေး ဆိုတာကို ရအောင် စစ်တယ်။ ကျမကို ဟုတ်ပါတယ် ထောက်လှမ်းရေး အရာရှိပါ ဆိုတာကို မိချို ဆီကနေ ရအောင်ကို စစ်ကြတာ။ အဲဒါကြောင့် ကျမကို ဖမ်းတဲ့ နေ့က မိချိုကို သူတို့ အသေနွှာကြတာ။ မိချိုကလည်း တော်တော်ကို အော်တာ။ သူ့ရဲ့ အသံတွေကလည်း တကယ့်ကို မချိမဆန့် ဆိုတော့ ကြောက်တာပေါ့။ သိတယ် မဟုတ်လား။
ကျမကို သူတို့ စစ်တော့ သူတို့က ကျမကို ထောက်လှမ်းရေးက ဆိုတာကို အတင်းဘဲ မရရ ရအောင်မဟုတ်မဟတ်ဝန်ခံချက်ရအောင်စစ်တာဖြစ်သွားပြီ။ သူတို့ ၂၄ ရက်နေ့မှာ ကျမကို မစစ်သေးဘူး။ အဲ.. ၂၄ ရက်ည ဆိုတော့၂၅ ရက်နေ့အကူးပိုင်း လောက်မှာမှ နေမယ် ကျမကို စစ်တာ။ စတာ.. စစ်ကြောရေးစဝင်တာ ။
စစ်တော့ ကျမက ကိုယ်မှ ထောက်လှမ်းရေး မဟုတ်တာ မဟုတ်တဲ့ အကြောင်း ပြောတာပေါ့။ ကျမက မဟုတ်တဲ့အကြောင်း ပြောလေ ပိုပြီးတော့ တိုးလုပ်လေပဲ။ Electric Shock ပေးတာ ။ ကျင်စက်လေ ။ Shock ရိုက်တာ ။ အင်း .. IO ရုံးမှာဘဲ ပေါ့ ။ကျမကို စစ်တဲ့သူတွေကလည်း သန်းဇော်တို့ ဇော်ဇော်မင်းတို့ပဲ။ မျိုးဝင်းနဲ့ သံချောင်းက လုံးဝ လာမစစ်ဘူး ကျမကို ။ နောက်တခြားလူတွေလည်းပါ ပါတယ် ။ စစ်ကြောရေးခံရတဲ့ အကြိမ်တွေများတော့လည်း ဘယ်သူတွေ ဘာဆိုတာရောကုန်ပြီ ။
အဲလိုထောက်လှမ်းရေးဟုတ်တယ် မဟုတ်လားဆိုပြီးစစ်ကြတော့ကျမက လည်း မဟုတ်ဘူး၊ မှားနေပြီပေါ့၊ အဲလိုပြောရင်းနဲ့ ကျမ မျိုးဝင်းနဲ့ တွေ့ချင်တယ်လို့ ပြောတော့ သူတို့က အောင်မာလေး မင်းတယောက်ပဲ သတ္တိရှိရှိနဲ့ Vcs နဲ့ တွေ့ချင်တယ်လို့ ပြောရဲတယ်ပေါ့။ကျမက မဟုတ်ပါဘူး။ ကျမ ကောင်းကောင်းပဲ ပြောချင်တာပါ၊ ကိုသံချောင်းပဲ ဖြစ်ဖြစ်ပေါ့ ခေါ်ပေးပါလို့ ပြောတော့ သူတို့က သွားမခေါ်ပေးဘူး။ အဲဒီမှာ သူတို့က ထပ်နှိပ်စက်တယ်။
သူတို့က စစ်ကတည်းက မင်း ထောက်လှမ်းရေး ဟုတ်တယ် မဟုတ်လား ဆိုပြီး စစ်ကြတာလေ။ ငါတို့ အတိအကျ သိတယ်ပေါ့ ။ သေသေချာချာ စုံစမ်းထားတာပေါ့ ။ ဒါကြီးဘဲပြောပြီး အသကုန် ဝိုင်း သမနေကြတာ။
ကျမ ဆီကနေ မဟုတ်ဘူး ဆိုတာ ထွက်လေ ပိုနှိပ်စက်လေ လုပ်ကြတယ်။ Electric Shock ချည်းပဲ ပေးတာ။ အဲဒီနေ့က တရက်တည်းနဲ့ကို တော်တော်လေး ခံရတယ်။ ဘယ်လိုပြောမလဲ လူကလည်း နှုန်းပြီး ထုံနေပြီ၊ မခံနိုင်တော့ဘူး။ တော်တော်ခံစားနေရတာ။ ရိုက်တာ ထုတာတွေကလည်း ရှိသေးတယ်။လူတကိုယ်လုံး နာတာရော၊ ခံရခက်တာရော၊ ထုံနေတာရော ခံစားချက်နဲ့ ဘယ်လိုပြောရမှန်းကို မသိအောင် ခံစားရတယ်။ကိုယ်က မဟုတ်လို့သာ မဟုတ်ဘူးပြောနေရတာ။ လူကတော့ မခံနိုင်တော့ဘူး။ အရမ်း နှိပ်စက်တာ၊ မဟုတ်ဘူးပြောလေ တိုးတိုးပြီး လုပ်လေပဲ။ Electric Shock ဖိ ပေးတာချည်းပဲ။Shock ရိုက်တာတော်တော် ခံရဆိုးတယ်။ ခံစားချက်ရှင်းမပြတတ်ဘူး၊ ရှင်းပြနိုင်မဲ့ စကားလုံးလည်း ကျမမှာ မရှိဘူး၊ တကယ်ကို ခံရဖူးတဲ့သူတွေမှ သိနိုင်မဲ့ နာကျင်မှုတွေပါ။
အဲဒီမှာ ကျမကို စစ်တော့ ခဏနေတော့ မျိုးဝင်းလာစကားပြောတယ်။ ကျမကို ချော့ပြီး ပြောတာ။ နင်ခုလို ခေါင်းမမာဘဲ အေးအေးဆေးဆေးဝန်ခံဖို့ပေါ့။ ခေါင်းမာရင် သေသွားလိမ့်မယ်ပေါ့။နော် အဲလိုမျိုးတွေလာပြောပြန်တယ်။ ဟုတ်တယ်ပြောလိုက်ရင်နောက်ကို လွှတ်ပေးမယ်ပေါ့နော်။ မင်းဟုတ်တယ်မဟုတ်လား မေးတာပေါ့နော်။ ကျမ ခေါင်းခါတယ် .. တခုခုမှားနေပြီ ။ ကျမကလည်း ဟုတ်မှ မဟုတ်တာ ၀န်မခံနိုင်ဘူးလေ။ ခေါင်းခါတယ်။ တခုခုမှားနေပြီ ။V Cs ပေါ့နော် ။ ဒါပေမဲ့ အဲဒါကို သူတို့လက်မခံဘူး။ မျိုးဝင်း ကျမကိုကြည့်ပြီးခေါင်းခါတယ်..ထွက်သွားတယ်။
Electric Shock ပေးတယ်။ အဲဒါနဲ့ နောက်ဆုံး သေတော့မယ်ဆိုပြီး ကျမ ဟုတ်ပါတယ်လို့ ပြောလိုက်ရတယ်။ ဟုတ်ပါတယ်လို့ ပြောမှပဲ နှိပ်စက်တာ တွေ ရပ်တော့တယ်။ဝမ်းနည်းတာအရမ်းပါဘဲ ။ ရင်ထဲမှာ ထိထိခိုက်ခိုက်ကို ၀မ်းနည်းတယ်။
အဲလို ပြောလိုက်တော့လည်း မပြီးသေးဘူး။ သူတို့က လိုင်းတင်ထားပြီးသား။ ဟုတ်ပါတယ်လို့ ပြောလိုက်တာနဲ့ ရာထူးနဲ့ ကိုယ်ပိုင်နံပတ်တဲ့ အဲလို လိုင်းတင်ထားတာ။ ပြဿနာပဲ။အဲဒီမှာ မဟုတ်ဘူး ဟုတ်တယ်နဲ့ တခါ ကြာပြန်ရော၊ နောက်ဆုံး ကျော်ထင်ဦးပြောခဲ့တဲ့အတိုင်း NIB ကပါပေါ့။ တကယ်တော့ NIB ဆိုတာ ဘာမှန်းတောင် မသိဘူး။ တကယ်လည်း မသိခဲ့ဘူး။ အဲဒီမှာ ရာထူးကြတော့ လည်း ပြသာနာ ထပ်တက်တာပါဘဲ။
ကျမက ဘယ်လိုလုပ် ဗိုလ်လို့ လုပ်ရဲမှာလဲ၊ ဗိုလ်ဆိုရင် ပိုခံရမှာ သေမှာပဲ။ အဲဒါနဲ့ ဒုတပ်ကြပ်ဆိုတော့ မဟုတ်ပြန်ဘူး။ နင်ဘယ်လိုလုပ် ဒုတပ်ကြပ် ဖြစ်နိုင်မှာလဲ ခင်ချိုဦးတောင်မှ တပ်ကြပ်တဲ့…။ အဲတော့ ဒုတပ်ကြပ်ကနေ တပ်ကြပ်၊တပ်ကြပ်ကနေ မရဘူး။ သူတို့လက်မခံဘူး အဲဒါနဲ့ တပ်ကြပ်ပြီး ဒါကလည်း လက်မခံဘူး။ အဲဒီမှာ ဘာဆက်ပြောရမှန်းမသိတာနဲ့ နောက်ဆုံး ဒု ဗိုလ်ဆိုတာနဲ့ အဆင်ပြေသွားတာပဲ။ ဒု ဗိုလ်ဆိုတာကို သူတို့က သဘော ကျတယ်။ အဖြစ်က အဲဒီလို။နောက်ဆုံး ဒုဗိုလ်နဲ့ဈေးတည့်သွားတယ်လို့ပဲ ပြောရမယ်။ ဆိုတော့ ကျမက NIB က ဒုဗိုလ် ညတွင်းခြင်းဖြစ်တယ်ပေါ့နော်။
အဲဒီမှာ ကိုယ်ပိုင်နံပတ် မေးပြန်ရော။နင်တို့ငါ့ရဲ့ ကိုယ်ပိုင်နံပတ် သိတယ်ဆို၊ အဲဒီတော့ နင်တို့ပဲ ပြောလိုက်တော့ ဆိုတော့လည်း မဟုတ်ဘူးတဲ့။ နင့် ပါးစပ်ကနေ ကိုယ်တိုင်ပြောရမယ်တဲ့။ အဲဒါနဲ့ ကျမ သေချာ စဉ်းစားတယ်။ပါးစပ်ထဲ တွေ့ရာ နံပတ်ပြောလိုက်လို့ နောက် မေ့သွားရင်လည်း သေအောင် ခံရဦးမှာ ဆိုတော့ စဉ်းစားရတယ်။
အဲဒါနဲ့ ကျမရဲ့ ကိုယ်ပိုင် နံပတ်က က/ ၁၇၅၀ လို့ ပြောလိုက်တယ်ပေါ့ ။အဲ့ ဒါ ကျမရဲ့ ဒီ NIB ဒုဗိုလ် ကိုယ်ပိုင်နံပတ်ပေါ့ နော်။ အဲ့ နံပတ်ပြောလိုက်တာနဲ့
သန်းဇော် ပေါ့ .. ဒီလူ အခု ပြည်တွင်းမှာ ..မန္တလေးမှာ ခု ရှိနေတယ် ။
(( အခု သူက ပြည်တွင်းပါ။  လေးစိန်သေမှု့နဲ့ နိုင်ငံတော်သံမတ၊ ပြည်ထဲရေးနဲ့ ရဲချုပ် ၃ ခု
လုံးကို အကြံပေးရှေ့နေငှားပြီး တိုင်ကြားစာတင်ခဲ့လို့ SB က ကိုရဲလင်း နဲ့ ကိုကျော်နိုင်ဦး ၊ တိုင်ကြားတဲ့ လေးစိန် သမီး မစမ်းစမ်းအေး တို့ကို ခေါ်စစ်
ပြီး နောက် မှ ရဲ စခန်းကို ချပေးတော့ ရဲ တွေကအဆင့်ဆင့် ထပ်စစ်ဆေးပြီးဝိုင်းမော် ရဲစခန်း မှူးက တာဝန်ယူနေတာပေါ့နော် ။ ဒါ. အခုချိန်အထိ ပေါ့.
ခေါ်ယူစစ်ဆေးမေးမြန်းနေတာတွေ လူတွေ တော်တော်များနေပါပြီ .။လက်ရှိ အခြေ အနေ ကို သိအောင်ကြားညှပ် နည်းနည်းပြောပြတာပါ.အတိအကျတွေ ကတော့ နောက်သိရမှာပေါ့နော .။))
ဒီကိုယ်ပိုင်နံပတ် က/ ၁၇၅၀ ဆိုတာကလည်း အမြဲတန်းမှတ်မိနေအောင်ပေါ့။ ကျမရဲ့ ABSDF-NB ကရဲမေနံပတ် မ/၀၀၁၇ ကနေ ပေါ့ ။ ၁၇ ကိုယူလိုက်ပြီး
အနောက်က ၅၀ ဆိုတာက ၅၀ က ၁၀၀ ရဲ့ တဝက်လေ ။ ဆိုတော့ ကျမ NIB နံပတ် က/ ၁၇၅၀ ဖြစ်သွားတာပေါ့ ။ဒီလိုဘဲ မတရားအဖမ်းခံရသူတွေ လုပ်ကြံလျှောက်ပြောကုန်ကြရတာ။ပြောတော့လည်းယုံကြည်လောက်တဲ့ ဇာတ်လမ်းတွေ ကို ထွင်ပြီး ပုံပြင်လေးတွေလိုဘဲ ပြောကြတယ်။ရေး
ကြ လက်မှတ်တွေထိုးကြပေါ့လေ ။ ဒါနဲ့ သန်းဇော် ပေါ့ ကျမကိုယ်ပိုင် နံပတ်ရတာနဲ့ တွေ့လား ငါတို့ ရထားတာတွေ နဲ့ အတိအကျ ဘဲ ပေါ့ ..တူတယ်ပေါ့ ။အင်း .. အတိအကျ သိထား စုံစမ်းထားတာ..တဲ့ ။
အဲဒီမှာ ကျမကို ဖမ်းပြီး စစ်ပြီးတော့ သူတို့က ရပ်မသွားဘူး ။ ဆက်ဖော် ခိုင်းတာ။ သူတို့က ဒီတပ်ထဲမှာ ကျမတယောက်တည်းတော့ မဟုတ် ဘူးပေါ့။ နောက် အရာရှိပေါ့ ဆက်ဖော်ခိုင်းတာ.. ဆိုတော့ ကျမ လည်း ချက်ခြင်းခေါင်းထဲ ရောက်လာတာက တော့ ကျမတို့ အတူလာတဲ့ ထဲက သန်းထွန်းစိုးပေါ့..နော် ။သူ့ကို ပြောလိုက်တာပေါ့။
ကျမကိုယ်တိုင်ကိုယ်ကNIB ဒုဗိုလ် ဆိုတော့ ဒီသန်းထွန်းစိုး ခေါ် တိုက်ပိတ် ကို ကျမရဲ့ အထက်အရာရှိ ဗိုလ်ကြိးဖြစ်ပါတယ်ဆိုပြိး ပြောလိုက်တာပေါ့ နော် ။ ဘာလို့ သူ့ကိုပြောလိုက် လည်း ဆိုတော့ ဒီ သန်းထွန်းစိုးက ၁၉၉၁ နှစ်ဆန်းပိုင်းလောက်က ရှေ့တန်းမှာအဖမ်းခံလိုက်ရတာ ..ပြည်တွင်း မှာထောင်ကျ နေတာလေ ။ဘယ်လို အဖမ်းခံရတယ်ဆိုတာတွေ ကိုရဲလင်း က ရှေ့တန်းမှာဆိုတော့ သူပြောပြထားပြီးဖြစ်တယ်။ သန်းထွန်းစိုး အစိုးရတပ်နဲ့တိုးပြီး အစိုးရတပ်က ဖမ်းသွားတဲ့အကြောင်း ကိုရဲလင်းရဲ့ မြောက်ပိုင်း ခရီးစဉ် အပိုင်း (၅)မှာလား (၆)မှာလား သူပြောထားပါတယ်။ အဲဒီတုန်းကတော့သန်းထွန်းစိုး အစိုးရတပ်ဆီမှာ အဖမ်းခံရတယ်ဆိုတာပဲ ကြားတယ်၊ ဘယ်ပုံ ဘယ်နည်းနဲ့ အဖမ်းခံရတယ်ဆိုတာကတော့ ကိုရဲလင်းတို့ ပြောမှပဲ သိရတယ်။
ကျမလည်း အဲလို ထောက်လှမ်းရေးလို့လည်း ၀န်ခံပြီသွားရော ဒီလူကြီးကုန်းအောက်ကမတရားအဖမ်းခံထားတဲ့သူတွေ ချုပ်ထားတဲ့နေရာခေါ်သွားတယ် ။နှစ်ဆောင် ပေါ့။ဒီ ဒေါင်းမိခင်မှာက ယောကျာင်္းလေးတွေအတွက်ပေါ့။ နံဘေးက စားဖိုဆောင်မှာက မိန်းကလေးပေါ့ ။ဒါပေမဲ့ အဲဒီမှာ ကျ ဘယ်သူတွေကို သွားမြင်လိုက်လဲ ဆိုတော့ တော်တော် အံ့သြသွားတယ်။ ကျမ စိတ်ထဲမှာ ထင်တာက ခင်ချိုဦးနဲ့ ကျမနဲ့ပဲ ဖမ်းထားမယ်လို့ ထင်ထားတာ။
တကယ်တော့ သွားမြင်လိုက်တာက….။
အပိုင်း(၉)
အဲဒီမှာ ဘယ်သူ့ကို သွားမြင်လိုက်လဲ ဆိုတော့ တော်တော်အံ့သြသွားတာ။ အဲဒီမှာ မိန်းကလေး ၃ ယောက်ကို တွေ့ရတယ်ကွ။
သင်းသင်းညီနဲ့ နန်းစောနဲ့ ၊ ခင်ချိုဦးနဲ့ပေါ့။ အဲဒီမှာ ကျမ တော်တော်လေးကို တုန်လှုပ် သွားတယ်။ သူတို့တွေက ကလေးတွေလေ။ အသက် ဘယ်လောက်မှ မရှိကြရှာသေးဘူး။ အဲဒီတုန်းကမှ သူတို့အသက် ၁၅ နှစ်ကျော်ကျော်….၁၆ နှစ် အလွန်ဆုံး ရှိမှ….ပဲ ရှိဦးမယ်။ ဘယ်လိုမှ ဒါတွေမဖြစ်သင့်ဘူးပဲ။
ဒါပေမဲ့သူတို့ကိုလည်း အဲဒီအနေအထားနဲ့ တွေ့လိုက်ရတော့ တော်တော်ကို လန့်သွားတယ်။ စိတ်လည်း မကောင်းဖြစ်သွားတယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မှာလဲ။ ကိုယ်ကိုယ်တိုင်ကလည်း ခံနေရတာပဲလေ။
နောက်တော့ရက် သိပ်မကြာပါဘူး။ နန်းစောရဲ့အော်ဟစ်သံတွေကြားရတယ်။ အမ မကြားရက်ဘူး။ နောက် နန်းစောရဲ့စူးစူးဝါးဝါး အော်သံတွေ ကြားရပြီးတော့ သိပ်မကြာဘူး သင်းသင်းအသံကိုလည်း ကြားရတယ်။အဲလိုဆိုတော့…ဘယ်လိုမှ စိတ်မကောင်းဘူးကွာ။ ကြားလည်း မကြားရက်တော့ဘူး။
တကယ်ပဲတပ် စခန်းကြီးတခုလုံး ။ နေ့တိုင်းလူတွေဖမ်းနေတယ်။ နေ့နေ့ ညညမချိ မဆန့်အော်ဟစ်သံ တွေ ... တကယ့်ကိုပဲ. . ငရဲ စခန်း ကြီးပဲ။
နောက် ကျမတို့တွေက ထမင်းစားတဲ့အချိန် ခဏလေးပဲ မျက်လုံးစည်းထားတာ ဖြုတ်ပေးတာ၊ တချိန်လုံး မျက်လုံးကိုစည်းထားတာ။ စားရတော့လည်း ဘာမှ မပါဘူးကွာ။ ထမင်းနဲ့ ဆားနဲ့။ ဒါနဲ့ပဲ စားရတယ်။
ကျမတို့ကို ထားတာကလည်း အောက်မှာ မြေကြီး၊ အရမ်းအေးတဲ့ နေရာမှာ နော်။ဒီဇင်ဘာ .. ဇန္နဝါရီ လတွေဆို ရေခဲတဲ့ အထိရာသီဥတုက အေးတာ။
ပုလင်းထဲရေဖြည့်ထားရင်ပုလင်းတခုလုံးခဲသွားတဲ့အထိအေးတာ။ အဲ့လိုအချိန်ခါမျိုးမှာအောက်မှာ ဘာမှ မပါဘူး။ ပလပ်စတစ်ပိုင်းလေးပဲ ပေးတယ်။
အဲဒါကို ခင်းပြီး မြေကြီးပေါ်မှာ ဒီအတိုင်းအိပ်ရတာ။ စဉ်းသာ စဉ်းစားကြည့်တော့။
အဲတော့ လူတွေက အာဟာရလည်း မရှိဘူး၊ နေရတာလည်း မြေကိုင်ပြီး လူတွေက ဖောဖောကြီးတွေဖြစ်ကုန်ကြတာ။ ဘယ်သူ မဆို အကုန်လုံးပဲ ဘယ်သူ့ကြည့်ကြည့် ဖောဖောသွတ်သွတ်ကြီးတွေပဲ ဖြစ်ကုန်ကြတာပဲ။ ဒီမျက်စိကိုကြပ်နေအောင်စည်းထားပြီး ခြေထောက်ကြိုးတုတ်၊လက်နောက်
ပြန်ကြိုးတုတ်.. ပြီးကြိုးစတစကိုအနောက်ဘက်ကနံရံမှာပြန်ချည်ထားတယ်။အဲ့ဒီအနေအထားနဲ့ ညအိပ်ရတယ်။လွတ်တဲ့အထိ ..(၇) လလုံးလုံး ။
အဲဒီထဲမှာ သင်းသင်းညီကို မျိုးဝင်းက တန်ပြန်အနေနဲ့ ထည့်ထားတာ..တဲ့။
သင်းသင်းညီကို ဖမ်းပြီးတော့မှ မျိုးဝင်းက ပြောတယ်။ မင်းထောက်လှမ်းရေးမဟုတ်ဘူး ဆိုတာ ငါ သိတယ်..ပေါ့။ ဒါပေမဲ့ မင်းအနေနဲ့ အထဲမှာ ဘယ်သူက ထောက်လှမ်းရေးဟုတ် မဟုတ်ဆိုတာကို သိအောင်စုံစမ်း ဆိုပြီးတော့ သင်းသင်းညီကို ထည့်လိုက်တာ..တဲ့ ။ကျမတို့က အဲဒါကိုလုံးဝ မသိခဲ့ရဘူး။ အဲ့ဒီအချိန်တုန်းကလေ ။
ဒါပေမဲ့သူကလေးလည်းဘဲအနှိပ်စက်ခံရတယ်။ ကလေးလေးကလည်း ဒီတိုင်း ငြိမ်နေတယ်။ နောက်ပြီးတော့ သူက မျိုးဝင်းတို့ကို သွားပြောတယ်။ တယောက်မှ ထောက်လှမ်းရေး မဟုတ်ဘူးတဲ့။ သူ မြင်နေရတာတွေက တယောက်မှ ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ပြောတယ်။
အဲလို ပြောတော့ သူ့ကိုလည်း ဝိုင်းပြီးတော့ ကျမတို့တွေ ထောက်လှမ်းရေး တွေပါဆိုတာပြောစေဘို့ဆိုပြီးတော့ နှိပ်စက်ကြတာ။ သူ့ကိုလဲ ခဏခဏ ခေါ်ပြီးတော့ နှိပ်စက်တယ်။ သင်းသင်းက ထောက်လှမ်းရေး မဟုတ်ဘူးလို့ ပြောရင် သူတို့က နှိပ်စက်ပြီ။shock ပေးတယ်လေ.၊ စဉ်းစားတာကြည့်ပေ တော့။ ကလေးက ဂယောင်ချောက်ခြားတွေ ဖြစ်တာပေါ့။Electric Shock ပေးတာ။အဲလိုမျိုး နှိပ်စက်တယ်ဆိုတာကလည်း သေလောက်အောင် လုပ်တာ။
နောက်ဆုံးကျတော့ သူကလည်း အဲလို နှိပ်စက်တာ မခံနိုင်တော့ သူ့ကို သတ်ချင်လည်း သတ်လိုက်ပါတော့လို့ ပြောတော့မှ မျိုးဝင်းက သူ့ကို ထောင်ကနေပြန် လွှတ်ပေးလိုက်တာ။
သင်းသင်းညီကအစောကြီးကတည်းက ထောင်ကနေ လွတ်သွားတာ။ အဲဒါတွေကိုလည်း အမတို့က နောက်မှ သိရတာ။ အဲဒီအဖြစ်ပျက်တွေကို နောက်ပိုင်းမှ သိကြရတာ။ဘယ်လောက်ယုတ်မာကြလဲ ဆိုတာတွေ။
နောက်ရက်တွေမှာပေါ့နော်.. အင်း.. ၂၇ .. ၂၈ လောက်ဖြစ်မယ်ထင်ပါတယ်။ကျမနဲ့ကိုကြောင်(ကိုကျော်နိုင်ဦး)နဲ့ကိုလက်နောက်ပြန်ကြိုးတုပ်လျက်နဲ့ပဲ အပေါ်လူကြီးများကုန်းကို ခေါ်သွားတယ် ။ ပြီးတော့ တဲထဲကို ၀င်လိုက်တော့ ကိုအပ်စိုက်(ကိုခင်မောင်အေး) ကို တွေ့ရတယ်။
ကိုအပ်စိုက်ကြီးက မြေကြီးပေါ်မှာ ပက်လက်ကြီး လန်နေတယ်။ ပြီးတဲ့ အဲဒီတဲထဲမှာလည်း လူတော်တော်များတယ် အယောက် ၂၀ လောက်ရှိနေ တယ်။နောက် ကျမနဲ့ ကြောင်နဲ့ကို အားစိုက်ရဲ့ ခေါင်းရင်းမှာ ထိုင်ခိုင်းတယ်။
အဲလိုသူ့ခေါင်းရင်းမှာထိုင်လိုက်တာနဲ့တင်ကိုသူ့ဆီကအပုတ် နံ့က ရနေပြီ။ ဘယ်လောက်ထိ နှိပ်စက်ထားလဲ ဆိုတော့ လူတကိုယ်လုံး ပုတ်အောင်ကို နှိပ်စက်ထားတာ၊ အပ်စိုက် မသေသေးဘူးနော်။ အဲဒီမှာ ကျမတို့လည်း ထိုင်ပြီးရော ပြီးတော့ အားစိုက်ကို နှိပ်စက်ပြတယ်။
ကိုအားစိုက်ဆို ကျမကိုမဖမ်းခင်ကတည်းက အဖမ်းခံထားရတာ။အဲ့ဒီမှာလေ ကျမ တသက်နဲ့တကိုယ်ပေါ့ နော် ..ဒီလို ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့
မြင်ကွင်းမျိုးတခါမှမမြင်ဘူး .. မကြုံ ဖူးဘူး။သူအသက်ယဲ့ယဲ့လေးရှုနေတယ်။ အပြစ်မရှိတဲ့ လူသားတယောက်ကို .. လူအများစု ဝိုင်းပြီးစိတ်ကူးပေါက်ရာ
စိတ်ကူးရှိသလိုကွာ။
အဲလို လုပ်ကြတဲ့သူတွေက …မျိုးဝင်း၊သံချောင်း၊အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်၊
သူတို့တတွေ .. ပြီး တခြားရဲဘော်တွေ ။ပြီးသန်းဇော်၊ဇော်ဇော်မင်း တို့ IO ရုံးကအဖွဲ့သားတွေ ၊ အများကြီးကွာ ။
ကိုအားစိုက် ရဲ့ယောကျာင်္းတံဆာကိုလဲ ငါးမျှား ချိတ်လို ဟာနဲ့ဆွဲချိတ် ။ ဓါးတွေနဲ့မွှန်းထားတာလဲ ရစရာ မရှိတော့ ဘူး။တချိန်တည်း shock ရိုက်တယ်။ပြီး တွေ့ရာထင်းတုန်းတွေနဲ့ ရိုက် ထုနေကြတယ်။ အဲလို လုပ်ကြတဲ့အပြင် ကန်ချင်တဲ့သူတွေကဝင်ကန် ..တကယ့် ကိုဘဲ။
ပြီး လူ့သဘာဝနော် ။ရတဲ့အခွင့်အရေး လက်လွတ်မခံနိုင်ဘူး။ အားလုံးက ကိုအားစိုက်ကိုဘဲ အာရုံစိုက်နေကြတုန်း ကျမ ကိုကျော်နိုင်ဦး ( ကြောင် )
ကို တိုးတိုးလေး မေးလိုက်တယ်။ ကြောင် NIB ဆိုတာ ဘာလဲ .. နင်သိလား ပေါ့ ။ ကျမကလည်း စစ်တုန်းက NIB လို့ ဖြေထားတော့ NIB ဆိုတာကို သေချာလည်း မသိပဲ ဖြေလိုက်ရတော့ ရတဲ့အချိန်လေးမှာ ကို ကြောင်များ သိမလားလို့ သူ့ကို မေးကြည့်တာ သူကလည်း ကျမကို မျက်လုံးပြူးပြီးကြည့်တယ်။
 ကျမတို့တယောက်ကို တယောက်စကားပြောခွင့် မရှိဘူးလေ။ကျမရင်ထဲထိတ်ကနဲ ဖြစ်သွားတယ်.ဟာ.ဒီကောင် ချွန်လိုက်ရင် ငါသေပြီပေါ့ ။သူလည်းသိတာမဟုတ်ဘူး ။
ထောင်ထဲမှာ ကြောင်က လေးစိန် (ဦးစိန်) နားကပ်အိပ်ရတော့ သူလည်းလေးစိန်ကိုမေးရတာတဲ့ ။ အဲလို ဖြစ်နေတုန်းမှာပဲ သူတို့က အားစိုက်ကို ရက်ရက်စက်စက်တွေ ထပ်လုပ်ကြတယ်။
အဝတ်စ ပတ်ထားတဲ့ဒုတ်ကို မီးရှို့ပြီး အဲ့ဒီမီးဒုတ်နဲ့သံချောင်း က ကိုအားစိုက်ကိုအဲ့လို ပက်လက်လန်အနေ အထားမှာဘဲ ခြေထောက်ကိုလေ မီးနဲ့ရှို့တာ ..ရက်စက်တယ်ကွာ.. ကိုအားစိုက် ရယ်လေ အသံတောင် ယဲ့ယဲ့လေးဘဲထွက်နိုင် ရှာတော့တယ်။သူ့ခြေထောက်ဆို ဖောင်းကားပြီးအက်ကွဲပြီးတောင်နေတယ်။
ဝါယာစကိုပါးစပ်ထဲထဲ့ပြီး shock ရိုက်တယ်ကွာ. လုပ်ရက်ကြတယ်.မြင်နေရတာ တွေ .. ကြုံနေရတာတွေ မယုံနိုင်အောင်ဘဲ ။ကျမတို့တတွေ ဘယ်ဘဝကဝဋ်ကြွေးတွေများ သူတို့အပေါ်ပါခဲ့လို့များ ဒီလောက်အထိ ပေးဆပ်နေရ တာလားအတွေးဖြစ်မိတယ်။
တကယ့်လူတွေ..ကျောင်းသားတဲ့ ..မပြောပါနဲ့ကျောင်းသားလို့ ။ ကျောင်းသားလက်တွေဟာဖြူစင်တယ်။ လူမသတ်ဘူး။ဟုတ်တယ် မို့လား။ သူတို့တွေကို ကျောင်းသားလို့တောင် ပြောဖို့ မသင့်ပါဘူး။
ပက်ပက်စက် စက်ရက်စက်နေကြတာ ကမ်းကုန်တယ်။ ဘယ်မှာလည်း လူ့အခွင့် အရေးဆိုတာတွေ။
ပြီးသံချောင်းက ကျမတို့ကို ပြောတယ်။ မင်းတို့လူကိုမင်းတို့ဝန်ခံခိုင်းတဲ့ . ဘာကိုဝန်ခံခိုင်းနေမှန်းလဲကျမကမသိ။ ဘာမသိညာမသိနဲ့ဘဲ.ကိုအားစိုက် နာမည်လေးခေါ်တော့ .ကျမနဲ့ကြောင်က သူ့ခေါင်းရင်းမှာ လက်နောက်ပြန် ကြိုးတုတ်နဲ့ ထိုင်နေတာဆိုတော့ လေ .. သူသိတယ် သိလား။ မျက်လုံးလေးလှန်ပြီး ကျမတို့ကိုကြည့်တယ်။ ကျမ ဘယ်လိုမှ မမေ့နိုင်ဘူး။
အော်..ABSDF စစ်ကိုင်းတိုင်း ဖွဲ့ဖို့အတွက်လေးလုပ်မိခဲ့တာဒီလောက်အထိအငြိုးအတေးထားခံပြီးပေးဆပ် နေရပါလား.ပေါ့။သူ့ ဝမ်းဗိုက်ဆို ပုတ်နေတာ ခရမ်းရောင်တောင်ဖြစ်နေပြီ။
အဲလို မျိုးနှိပ်စက်တာတွေကို ကျမ တသက်နဲ့တကိုယ်တခါမှ မမြင်ဖူးဘူး။ အဲဒီလို ကိုအပ်စိုက်(ကိုခင်မောင်အေး) ကိုလုပ်ခဲ့ကြတာ။ကိုအပ်စိုက် ဒီဒဏ်
တွေနဲ့ဘဲသေသွားရတာ ။အလွန်အကျူး အနှိပ်စက်ခံရတဲ့ဒဏ်တွေနဲ့ သေသွားတာ ။
ကိုယ် ကိုတိုင်လဲ တကယ့် ကို ငရဲသားတွေလက်ထဲ ငရဲညတွေ (၇)လတိုင်တိုင် ဖြတ်သန်းခဲ့ရတာပါဘဲလေ …။
အပိုင်း(၁၀)
ကျမက ထောက်လှမ်းရေးပါလို့ဖြေခဲ့ပြီးပြီ။အဲဒီတော့ တကယ်လည်း ထောက်လှမ်းရေး မဟုတ်ပါဘူး။
နှိပ်စက်လွန်းလို့ ပြောခဲ့ရပေမဲ့ ပြောခဲ့ပြီးတဲ့နောက်မှာ ဘယ်အချိန်ပဲ မေးမေး ဟုတ်တယ်ပဲ ဖြေတော့။
မဟုတ်ဘူးလို့ သွားမဖြေနဲ့တော့။ တချို့က ဒီနေ့ ဟုတ်တယ်လို့ ၀န်ခံပြီးလို့ နောက်နေ့ ပြန်စစ်ရင် မဟုတ်ပါဘူးလို့ ဖြေတယ်။ အဲလို ဖြေရင်တော့ သေပြီပဲသေအောင်ကို နှိပ်စက်ပြီ။မဖြူစင်ဘူးဆိုပြီးတော့ပေါ့။
အဲဒီတော့ သူတို့ ဘယ်အချိန်မေးမေး ဟုတ်တယ်၊ ကျမ ထောက်လှမ်းရေးပါလို့ပဲ ဖြေရတယ်။ ဒါဆိုရင် အသက်ချမ်းသာရာရတယ်။
နောက်တချက်က သူတို့က လွယ်လွယ်မေးလို့ ဖြေရင်လည်း မကြိုက်ဘူး။ နှိပ်စက်ပြီးမေးမှ ထွက်လာတဲ့ အဖြေက အမှန်လို့ ယူဆတယ်။ ကျမ ဆိုရင် သူတို့က ကျမကို မေးခွန်းတခုမေးတယ်၊ ကိုယ်ကလည်း မသိဘူးဆိုတော့ သူတို့ကိုယ့်ကို ရိုက်ရင်း အရိုက်ခံရင်း အနှိပ်စက်ခံရင်းနဲ့ စဉ်းစားတာ။
အဲလို ရိုက်နေတာကနေ ရပ်တော့ ရပ်ပါတော့ ကျမကို စာရွက်နဲ့ ခဲတံပေးပါ လို့ ပြောရတယ်။
သူတို့ကို ကျမ ပါးစပ်နဲ့ မဖြေဘူး။ စာရွက်နဲ့ ခဲတံတောင်းပြီး အဲဒါကို ခေါင်းထဲမှာ စဉ်းစားထားတဲ့ ဇာတ်လမ်းတွေ အကုန်ချရေးတယ်။ တကယ်တော့ တကယ်လည်း ထောက်လှမ်းရေး မဟုတ်ဘူး၊ ထောက်လှမ်းရေး အလုပ်လည်း မလုပ်ခဲ့ဖူးတော့ ပါးစပ်ကနေ ဖြေနေရင်း ရှေ့စကားနဲ့ နောက်စကား မညီတာတွေ ဖြစ်တော့မယ်လေ။
အဲဒီတော့ ခဲတံနဲ့စာရွက်နဲ့ ချရေးတာက ပိုကောင်းတယ်၊ စဉ်းစားလို့လည်း ရတယ်။ အနည်းဆုံး ဇာတ်လမ်းရေးလို့ရတယ်။ အဲဒီလို ကျမ လုပ်ခဲ့တာ။
ဆိုတော့ နောက်ပိုင်းတွေမှာလည်း ကျမက ဇာတ်လမ်း လုပ်လုပ်ပြီး ပေးတယ်။ တောက်လျှောက်ပဲ ကျမ ဇာတ်လမ်းတွေချည်းရေးပေးတာ။
ဒါပေမဲ့ ကျမက ဒီတပ်ထဲက ဘယ်သူနဲ့မှ နွယ်ပြီး ဇာတ်လမ်း မလုပ်ဘူး။ စစ်အစိုးရနဲ့တိုက်ပွဲဖြစ်ပြီး အစိုးရဖမ်းသွားတဲ့ သန်းထွန်းစိုးနဲ့ပဲ ပတ်သက်ထားတယ်။ ပြီးတော့ သန်းထွန်းစိုးပေါ်ကိုပဲ အကုန်လုံး ပုံချထားတယ်။
အဲဒီဖိုင်တွေကို မျိုးဝင်းတို့ဘာတို့က ဖတ်ကြည့်လိုက်တော့မျိုးဝင်းက မကျေနပ်ဘူး။ သူက ဒီတပ်ထဲမှာ ရှိတဲ့ ကျန်တဲ့ သူတွေကိုပါ ကျမကို ဆွဲထည့်စေချင်တယ် လို့ ကျမ ထင်တယ်။ အခြားလူတွေကို စစ်တော့ လူတယောက်ကို သူတို့က ၁၀ ယောက်လောက်ထိ ဖော်အောင် စစ်ကြတယ်။ ကျမ အလှည့်ကျတော့ ကျမက ဒီတပ်ထဲက ဘယ်သူ့ကိုမှ ထပ်ပြီး မပြောဘဲနဲ့ သန်းထွန်းစိုးကိုပဲ ပြောနေတာကို သူမကြိုက်ဘူး။ နောက် သန်းထွန်းစိုးကို လုပ်ရအောင်ကလည်း သန်းထွန်းစိုးက အစိုးရလက်ထပ်မှာ အဖမ်းခံလိုက်ရတော့ မရှိဘူး။ ရှိရင်လည်း ဒီကောင် သန်းထွန်းစိုး သေမှာပဲ။
မျိုးဝင်းက နဂိုကတည်းက သန်းထွန်းစိုး(ခေါ်) တိုက်ပိတ်ကို မကြိုက်ဘူးလို့ ကျမတို့ကြားရတယ်၊ သူက ဗဟိုကော်မတီဝင်ဖြစ်ဖို့ သန်းထွန်းစိုး မဲရတော့လည်း သန်းထွန်းစိုးကို ဗဟိုကော်မတီဝင်အဖြစ်ကနေ ကန့်ကွက်တယ်လို့ သိရတယ်၊ နောက်တချက်ကလည်း သန်းထွန်းစိုးကို သူ့ရဲ့ဓားနဲ့ခုတ်မယ်ခုတ်မယ်လို့ တချိန်လုံးဓါးကြိမ်းကြိမ်းခဲ့တယ်ဆိုတာလည်း ပြန်ကြားရတာတွေ ရှိတယ်။
သူက သန်းထွန်းစိုးကို ဘာကြောင့်မှန်းမသိ ကြည့်မရဖြစ်နေခဲ့တာလို့ ကျမ ထင်တယ်။ အဲဒါကြောင့်လည်း မိချို (ခင်ချိုဦး)ကို သန်းထွန်းစိုးကို မလုပ်ရလို့ အငြိုးနဲ့ နှိပ်စက်တာ၊ သတ်ပစ်လိုက်တာလို့ ကျမ ထင်တယ်။
မိချိုကို သတ်ပစ်လောက်စရာအကြောင်း အခြား ဘာအကြောင်းမှ မရှိဘူး။ မိချိုကို အဆိပ်နဲ့သွားနွယ်ပြီး ပြသနာလုပ်တယ်၊ သူ့မှာ အခြားဘာမှ ရှိတာမဟုတ်ဘူး သိပ်သနားဖို့ ကောင်းတယ် မိချိုပါ၊ သိပ်သနားဖို့ ကောင်းတယ်။
မိချိုနဲ့ သန်းထွန်းစိုးက တောမခိုခင်ကလည်းကရုံးမှာလက်မှတ်ထိုး လက်ထပ်လာခဲ့တယ်လို့ သိရတယ်၊ တပ်ထဲရောက်တော့လည်း သူတို့ နှစ်ယောက်ကို အိမ်ထောင်သည်အခန်း မပေးဘူးပေါ့နော်။အတူမနေရဘူးပေါ့နော်။ မျိုးဝင်းက အဲလို ညစ်ပတ်တာတွေလည်းရှိတယ်။
အဲလို ကျမ ထောက်လှမ်းရေးပါလို့ ၀န်ခံပြီး၊ ဇာတ်လမ်းတွေ ရေးပေးပြီးရင် ၁ ပတ်လောက်ထိကျမကိုသိပ်မနှိပ်စက်လို့အေးအေးဆေးဆေးနေနေရသေးတယ်။ ကျမကို သူတို့ ဘာမှ လာမလုပ်ကြဘူး။ အဲလိုမှာပဲ မျိုးဝင်းက ဒီကောင်မ မဟုတ်ဘူး၊ လူမဖော်ဘူး ဒီကောင်မ ကလိမ်ကကျစ် ပေါ့ .. မဖြူစင်ဘူးဆိုပြီး ကျမကို ခေါ်ပြီး နှိပ်စက်ပြန်ရော။ လူတွေဖော်ခိုင်း ပြန်ရော ကျမကလည်း မဖော်ဘူး။ မဖော်တော့ နှိပ်စက်။ အဲလို နှိပ်စက်ရင်းနဲ့ပဲ ဘာလုပ်လာပြန်လည်း ဆိုတော့ သူတို့က နာမည်တွေ ချမေး မေးတယ် ။လိုင်းတင်မေးတာ။ သူတို့မေးပုံက သူတို့မေးတဲ့မေးခွန်းတွေမှာအဖြေတွေပါတယ်လေ.။
အဲဒီနာမည်ထဲမှာ ဘယ်သူတွေ ပါလဲဆိုတော့ စိုးစိုးလွင်၊ ခင်ရွှေလှိုင်၊ ခင်မာအေးနဲ့ အန်တီညိုနဲ့ ….။ အဲဒီ လေးယောက်ရဲ့ နာမည်တွေကို ကျမကို ရိုက်ရိုက်ပြီး မေးရင်း စစ်တယ်။ အကုန်လုံးကို မဟုတ်ဘူးလို့ ပြောတယ်။ တယောက်နာမည်ပြောလိုက် ရိုက်လိုက်မေးလိုက်နဲ့။ မဟုတ်ဘူးငြင်းရင်း ငြင်းရင်းနဲ့ မရတော့ဘူး။ အဲဒီမှာ အန်တီညို အလှည့်ကြတော့ လူက မခံနိုင်တော့လို့ ဟုတ်တယ်လို့ ပြောလိုက်ရတယ်။
အန်တီညိုကတော့ ဟုတ်ပါတယ်ပေါ့။ ဒါပေမဲ ကျမနဲ့ ဘာမှ မဆိုင်ဘူးလို့ ကျမ ပြောလိုက်တယ်။ အန်တီညိုဆိုတာ KIA က ဒူခွန်နော်ရဲ့ အမျိုးသမီးပါ။စိတ်မကောင်းဘူး ။ အရမ်းဝမ်းနည်းတယ်။ စိတ်ထဲမှာ ထိထိခိုက်ခိုက်ကို ခံစားရတယ်နော်၊ ဘယ်လိုလုပ်ပြီး KIA ကိုပါ ပတ် သက်ပြီး နွယ်တဲ့ မေးခွန်းတွေ ကျမကိုလိုင်းတင်မေးလည်းဆိုတာစဉ်းစားလို့
မရဘူး။တယောက်ယောက်တော့ ထွက်ထားပြီးဖြစ်လိမ့်မယ် ။
အဲဒီကနေ့စပြီးတော့ ကျမကို ခေါ်ခေါ်ပြီးတော့ နှိပ်စက်တယ်။ ကျမတို့ကို ကြိုးတွေနဲ့ ခြေထောက်တွေ လက်တွေကို ချည်ထားတာ၊ ကျမတို့ကို လာခေါ်တယ်ဆိုတာကလည်း ကောင်းကောင်းမွန်မွန်ခေါ်တာ မဟုတ်ဘူး။ ချည်ထားတဲ့ ကြိုးကို လာလှုပ်တယ်၊ လူကို ခြေထောက်နဲ့ ခတ်ပြီး ခေါ်တယ်။ အဲလို လုပ်ပြီး ခေါ်ကြတာ။ တညပေါ့ ။
အဲ့ဒီတည ကျမ အခံစားရဆုံးစစ်ကြောရေးဝင်တဲ့ ည၊ တသတ်လုံး မမေ့နိုင်တဲ့ ည ။
အဲ့ဒီညမှာ ကျမကို စစ်ကြောရေးဝင်ဖို့ လာခေါ်ကြတယ်။ လူကလည်းမကြာခဏ အနှိပ်စက်ခံနေရတော့ တအားကြောက်နေပြီလေ ။ ကိုယ့်ကို နှိပ်စက်ထားတာရော၊ကိုအားစိုက်တို့ ကို လုပ်ထားတာတွေရော  ခံစားထားရတယ်၊မြင်ထားရတာတွေ ရှိတယ်။ တအားကြောက်ပါတယ်။
သူတို့ခေါ်ရာလိုက်သွားတော့ ..တဲထဲဝင်သွားတော့ လှဆိုင်းကိုတွေ့တယ်။ နောက် သန်းဇော်၊ဇော်ဇော်မင်း ။အောင်စိုးမြင့်.။ကျော်ထင်ဦး တို့ IO အဖွဲ့သားတွေ  ။
လူစုံ တက်စုံ ။ အဲဒီကတည်းက သိလိုက်ပြီ ကျမ ကောင်းကောင်းကြီး ခံစားရတော့ ခံစားရတော့မယ်ဆိုတာ။
သိတဲ့အတိုင်းပဲ ထုံးစံအတိုင်းပေါ့ ။မြေကြီးပေါ်မှာ ခြေဆင်းထိုင် ရတယ်။ ပြီးခြေထောက်ကို ကြိုးသေသေချာချာ တုတ်တယ်။
ပြီး ခြေထောက် ကွေးလို့မရအောင် ကြိုးတုတ်ထားတဲ့နေရာကနေ ဒုတ်တချောင်းနဲ့ မြေကြီးမှာရိုက်သွင်းလိုက်တယ်။
ပြီးတော့လက်နောက်ပြန်ကြိုးတုတ်ထားတယ်။
နောက်သူတို့က ပြောတယ်။ ..မင်းခုထိ ညာထားတယ်။အကုန်မပြောဘူး။မင်းတို့လူတွေရှိနေတယ် လို့ ပြောတယ်။
ကျမကပြောတယ်…မသိဘူး။ ကျမ တကယ်မသိတာပါလို့ ပြောတယ်။ အဲလို ပြောလိုက်တာနဲ့ ..လာပြီ ။ shock ရိုက်ပြီ ။
မဟုတ်ဘူး မသိတော့ဘူး ။မရှိဘူး….အဲဒါကိုပဲ ပြောရင်း ဝိုင်းသမကြတယ်.အပြင်းအထန်ဘဲ ။
မခံနိုင်တဲ့အဆုံး သိတယ်သိတယ်ပြောရင် shock ရိုက်တာ၇ပ်ပေးတယ်။
ခက်တာက ကျမ ဘယ်သူကို ဘာပြောရမှန်းမသိတော့  မသိဘူး မရှိတော့ဘူး ပြန်ပြောတာနဲ့ ပိုပိုပြီးဆိုးလာတယ်။
အဲဒီမှာသူတို့က ကျမ ဘယ်ဘက်ခန္ဓာကိုယ် ဘက်ကို တုတ်နဲ့သိမ်းကြုံးရိုက်တာ …နာလိုက်တာ တအားပဲ...ဒီ.ကြားထဲမှာ shock ကလည်း ပေးနေသေးတယ် ။
သူတို့လိုချင်တာ ဘာမှမဖြေ နိုင်ခဲ့ဘူး။ဆဲလိုက် shock ကြီးဘဲပေးလိုက် ခေါင်းကနေ စပြီးတကိုယ်လုံးလွှဲရိုက်နဲ့… ဒီကောင်မ.ပေါ့နော ..တော်တော်ခေါင်းမာတယ်ဆိုပြီး နောက်ထပ်ကျင်စက် အပိုအားကူလာတယ်။ဝါယာတခုကခြေထောက်မှာ ၊ နောက်တခုကလည်စပ် မှာပေါ့နော.. ဒီ နားရွက်အနောက်မှာပေါ့။
ကျမ တုန်နေပြီ။  တကိုယ်လုံး ထိန်းလို့မရအောင်ကို တုန်နေတာ။သူတို့က ရိုက်တာနဲ့ ရှော့ပေးတာကို ၂ခကိုတပြိုင်တည်းပေးနေတယ်။တကိုယ်လုံးကျုံ့ လာတာ ..ဒါပေမဲ့ ခြေထောက်ကို မကွေးနိုင်အောင်မြေမှာတုတ်နဲ့စိုက်ထားတော့ .. မခံနိုင်တော့ဘူး။ shockကို မရပ်မနားပေးနေတယ်။ကန်တယ်။ရိုက်တယ်။
လူကလည်း အသိစိတ်တောင် ပျောက်လာတယ်။ မျက်လုံးတွေပြာလာတယ်။ နားတွေအူလာတယ်။အသက်ရှုဖို့အချိန်မရတော့ဘူး။ဟုတ်တယ်.ဟုတ်တယ်
ပြောမယ် ဆိုရင် ရပ်သွားတယ် ..တကယ်တမ်းကျမက ဘယ်သူ့ကိုမှဘာမှမဆွဲထည့်နိုင်တော့ ပိုတိုးပြီးဝိုင်းနွှာကြရော. တညလုံးနော် ..တညလုံး။
သွားပြီ .ကျမ မြေကြီးပေါ်လဲနေပြီ .. အသက်ရှုဖို့ကြိုးစားနေတယ် ။ လှဆိုင်း ကထပ်ပြီးခြေထောက်မှာ shock ပေး၊ ဇော်ဇော်မင်းက တအားလွှဲကန် ..လိုက်တာ သိလိုက်ရတယ်။ အဲဒီအချိန်မှာမျိုးဝင်း အော်သံကြားလိုက်တယ် ။
ရပ်တော့ ရပ်တော့လို့ ပါးစပ်ကနေ ပြောရင်း သူ  ..ပြေးဝင်လာတယ်။ မျိုးဝင်းက ကျမကို မြေကြီးပေါ်းကနေ ဆွဲထူတယ်.. ဒါပါဘဲ ..ကျမ ဘာမှမသိတော့ဘူး။ မျိုးဝင်း ဆွဲထူလိုက်တာကိုပဲ သိပြီး ကျန်တာ ဘာမှ မသိတော့ဘူး…တကယ့်ကို အမှောင်အတိကျသွားပြီ။......။
......သိလိုက်တဲ့ အချိန် ပြန်သတိရတဲ့ အချိန်မှာ ကြားလိုက်ရတာက .. မျိုးဝင်းအသ.ံ. .။ ကျမ မကြိုက်တဲ့ မျိုးဝင်းရဲ့ အသံ၊ သူက ကျမနာမည်ခေါ်နေတယ်။
ကျမ ကြားနေရပေမဲ့ အသက်ရှုဖို့ တအားချက်နေတယ်။ အသံကို မြန်မြန်ရှုဖို့ခက်နေတယ်။ ခေါင်းလည်း မထူနိုင်တော့ဘူး၊ တကိုယ်လုံးကလည်း ထုံပြီး ဘယ်လိုမှ မထူထားနိုင်ဘူး။ ကျမနံရံမှာမှီနေရတယ်။
မျက်လုံးအမြင်တွေကလည်း ကြည်ကြည်လင်လင် ဘာမှမမြင်နိုင်တော့ဘူး။ သံချောင်းပါရောက်လာတယ်။
ရော..ခက်ပြီကောမင်းခုထိဘာမှဘာမှမပြောဘူးကော..တဲ့ ။ အဲလို သံချောင်းရဲ့ အပြောမှာ shock ထပ်လာတယ်။ လူမိုက်ကနဲ ဖြစ်သွားတော့ .. မျိုးဝင်းက ရပ်ဖို့အော်.တယ် ။
ကျမတောင်းပန်တယ်။ ကျမကို ဆက်ပြီး မလုပ်ကြဖို့ တောင်းပန်တယ်။ လူစိတ်ပျောက်နေတဲ့ သူတို့ ကျမ ဘယ်လိုမှတောင်းပန်လို့မရဘူးဆိုတာ သိတယ်။ ဒါပေမဲ့ ရှိတဲ့ အားလေးနဲ့ ကျမ တောင်းပန်တယ်။ ကျမတကယ်ကို အားလုံးကို တောင်းပန်ပါတယ်။
ကျော်ထင်ဦးက ABSDF-NB ဖွဲ့စည်းပုံ ဇယားကိုထောက်ပြတယ် ။ အမြင်မကြည်ပေမဲ့ သိလိုက်ပြီ ။ ကျမ ခေါင်းခါတယ်။ ကြောက်တယ်ပြော တယ်။ မလုပ်ကြဖို့တောင်းပန်တယ်။
မင်းဘာမှမကြောက်နဲ့။...အားလုံးငါရထားပြီ။မင်းကြောက်ရမှာ ငါ တဲ့။
ကျမငိုတယ်...။ ....အင်အားမရှိတော့ဘူး။
တော်ကြပါတော့...။
နောက်တော့… နာမည်တွေ တသီကြီး ..ချရေးပေးထားတယ်။ ရှေ့ချပေးတယ်။ဘောပင်ပေးတယ်။ကျမ ဘောပင်တောင် မကိုင်နိုင်လောက်အောင် လက်တွေ ချိနေတယ်။
မျိုးဝင်း က ကျမလက်ကို ထိမ်းပေးတယ် ။ ချရေးပေးထားတဲ့နာမယ်တွေ ကျမဆိုင်း ထိုးပေးခဲ့လိုက်ရတယ်။ဘယ်သူတွေပါသလဲ ဆိုတာကလည်း ကျမ မသိဘူး၊ မြင်လည်း မမြင်တော့ဘူး ဒီထဲပါတဲ့ သူတွေကိုတော့ ခွင့်လွှတ်ပါ။ ခွင့်လွှတ်ဖို့ပဲ အားလုံးကို တောင်းပန်ရတယ်။ မခံစားနိုင်တော့လိုပါ။
တကယ်ပဲ ကျမကို ၊ ကျမတို့ကို မျိုးဝင်း သံချောင်းနဲ့ အပေါင်းအပါတစု ရက်ရက်စက်စက် လုပ်ခဲ့ကြတယ်။ ရည်ရွယ်ချက် ရှိရှိကို လုပ်ခဲ့ကြတယ် ။ တကယ်ကိုကြေကွဲရပါတယ်။
ကျမကိုဆွဲထူတယ်။ ထောင်ထဲ ပြန်သွင်းထားကြတယ် ။
 ကျမ ဆိုင်းထိုးပြီးထောင်ထဲ ပြန်တော့ .. ကိုရဲလင်း က ကျမကို တွေ့တယ်..တဲ့ ။ သူ့ကို စစ်ရုံး ရှေ့ဖက်ခန်းမှာချုပ်ထားတယ်။ အဲဒါကို ကျမ နောက်ပိုင်းမှ သိရပါတယ်။
ABSDF-NB မြောက်ပိုင်းဥက္ကဌ ကိုထွန်းအောင်ကျော်ကို စစ်ရုံး အခြားအခန်း မှာ ဖမ်းထားတယ်တဲ့ .. မငယ် ရဲ့ တခြားဘက်ကနေ ဦးစိန်(လေးစိန်)ကို
လည်း စစ်ပြီးခေါ်သွားတာ ကိုရဲလင်း မြင်တယ် တဲ့။ ဟုတ်တယ် ..အဲ့ဒါကိုရဲ တို့ ကိုစိုးလင်းတို့ နာမည်တွေကို  ကျမကို ဆိုင်းထိုးခိုင်းခဲ့လို့ ကျမ ဆိုင်းထိုးပေးခဲ့ရတာလို့။
ဒါတွေကြောင့် ကျမတို့က လုပ်ခဲ့တဲ့ သူတွေကို တောင်းနေတာလေ ။ အယောက် ၁၀၀ လုံးရဲ့ စစ်ချက် ထွက်ချက်တွေ ချပြပါလို့လေနော.၊ဘာမှမရှုပ်ဘူး။ရှင်းရှင်းလေးပါ။
နာမည်တခုဆို ကျမ မသိဘူး .မြင်တောင်မမြင်ဖူးဘူး။ ခုတော့ကျမ သိတာပေါ့နော် ။မမြင်ဘူးပေမဲ့ ..သူက ကိုဘိုစော။
အဲဒီတုန်းက ကိုဘိုစော ဆိုတာ သိလည်းမသိဘူး၊ ကြားလည်း မကြားဖူးခဲ့တဲ့ သူပါ။ ဒီအဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး နောက်ပိုင်းမှ ကျမ ကိုဘိုစောနဲ့ စကား
ပြောဖြစ်တယ်။
ကျမ တောင်းပန်လိုက်တယ် ။ ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့ ။ လူမဆန်အောင် နှိပ်စက်ပြိး အတင်းနာမည်ပြောပြီးမေးတဲ့ မေးခွန်းတွေကို ကျမက ဟုတ်ပါတယ်ပြောခဲ့တော့ တောင်းပန်ရမှာ ကျမပါလေ။ ကိုဘိုစောရဲ့ အပြစ်မယူတဲ့ နားလည်မှု့တွေနဲ့ ခွင့်လွှတ်တာကြားရတော့ ကျမ ပြောမပြတတ်တဲ့ ခံစားမှု့လေးရခဲ့ပါတယ်။ တကယ်ကို ကိုဘိုစော ကျမကို ခွင့်လွှတ်ပါနော်။
ဒီလိုမျိုး နှိပ်စက်တာတင် မကသေးပါဘူး။ အများကြီးပါဘဲလေ.. ကျမကို လက်ဝါးကပ်တိုင်တင်ပြီးအကြာကြီးနှိပ်စက်ခဲ့ကြသေးတယ်။ တခါအနှိပ်စက်ခံရတိုင်း ဇာတ်လမ်းတပုဒ် ရေးပေးခဲ့ ရပါတယ်။
ဒီလို နှိပ်စက်ခံခဲ့ရတဲ့ အကြောင်းတွေ ခုလို ပြန်ပြောရတဲ့နေ့တွေဆို ကျမ ညအိပ်မပျော်တော့ဘူး။
အပိုင်း(၁၁)
ငရဲညတညကို ကျော်ဖြတ်ခဲ့ရတဲ့ ကျမ အဲ့ဒီနေ့ရဲ့ဒဏ်ရာတွေက တသက်စာဖြစ်ခဲ့ရတယ်။ အဲဒီအကြောင်း ပြန်ပြောတိုင်း ပြန်ခံစားရတယ်။
အဲဒီတညကတော့ အဆိုးဆုံးပဲ တော်တော်ခံရတယ်လေ။
ကျမကိုလည်း တညလုံး နှိပ်စက်ခဲ့တာ မိုးလင်းခါနီးမှ ထောင်ထဲကိုပြန် ထည့်ပေးတယ်။ နောက်သူတို့လုပ်ချင်တိုင်းလုပ်ပြီးရင် ဆေးဆရာ မလေးတွေက လာပြီး ဆေးကုပေးတယ်။ နောက် သုံးလေးရက်လောက် နေတော့ ကျမကို ပြန်ခေါ်တယ်။ ခေါ်ပြီဆိုရင် ကျမတို့က ကြောက်ရပြီပဲ။ ဘာလုပ်မလဲဆိုပြီးတော့ကို လန့်နေရပြီ။
အဲဒီနေ့ကတော့ သံချောင်းရဲ့ တဲထဲမှာ မျိုးဝင်းမပါဘူး။ သူက ဘာပြောလဲဆိုတော့ မင်း တဲ့..ဟိုတနေ့က လက်မှတ်ထိုးထားခဲ့တဲ့ နာမည်တွေကို အကုန်ပြန်ချရေးတဲ့။ အဲလို ပြောတယ်။
ကျမကတော့ ငါးပါးတော့မှောက်ပြီ၊ သွားပြီ ကျမ လုံးဝ မမှတ်မိဘူးလေ။အဲ့ဒီညကလက်မှတ်ထိုးလိုက်ရပေမဲ့ခုလိုမျိုးပြန်ပြီးကိုယ့်လက်ရေးနဲ့ကိုပြန်ရေးခိုင်းတော့ ဘယ်လိုမှ မမှတ်မိဘူး။ လုံးဝ မမှတ်မိဘူး။ အကြပ်ရိုက်တော့ သံချောင်းကို Csလို့ ကျမရဲ့ ဖိုင်တခုလုံး ကျမကို ပေးပါလားလို့။ အဲလို ကျမက ပြောတော့နင်က ဘာဖြစ်လို့နင့်ဖိုင်ကို ပြန်လိုချင်တာလဲလို့ သံချောင်းက မေးတယ်။
အဲဒီတော့ ကျမက ကျမ ဖိုင်ကို ကျမ ပြန်စစ်ပြီးတော့မှ ကျမ မဖြေရသေးတာတွေကို ဖြေချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီလို ကျမက လှိမ့်ရတာ။ အဲဒါမှ ကျမက ပြန်စဉ်းစားပြီး ကူးချလို့ရမှာလေ။ မျိုးဝင်းဆိုရင်တော့ အဲ့လိုဆိုရင် ကျမ သေမှာ သေချာတယ်။ သံချောင်းက မျိုးဝင်းလိုမှုတ်ဘူး။သူ့ကိုအကျိုးအကြောင်းနဲ့ပြောတော့ .. အဲဒီလို ပြောတော့မှ ကျမရဲ့ ဖိုင်တဖိုင်လုံးကို ကျမ လက်ထဲကို ပြန်ထည့်ပေးတယ်။
အဲဒီအချိန်ကြမှကျမရဲ့သူတို့ချရေးပေးခဲ့တာကျမလက်မှတ်ထိုးခဲ့၇တဲ့ထွက် ချက်တွေကို ကိုယ့်ဟာကို ပြန်ကူးချရတယ်။ အဲဒီနာမည်တွေကို အဲဒီမှာ ကျမ မသိတဲ့ နာမည်လည်း ပါတယ်ထင်တယ်။ သံချောင်းက အဲဒီနေ့ညက ကျမရဲ့ထွက်ချက်တွေကိုကျမလက်ရေးနဲ့အကုန်ပြန်ရေးခိုင်းပြီးဆိုင်းထိုးခိုင်းခဲ့တယ်။
အဲလိုနဲ့ ထောင်ထဲမှာ နေနေရင်းနဲ့ အတွယ်အရိုက်ကတော့ နေ့တိုင်းနီးပါး ခံရတယ်။ တဖုန်းဖုန်းတဒိုင်းဒိုင်းနဲ့ လာလာရိုက်ကြတာ။ တော်တော် ခံရတယ်။ တပ်ခွဲမှူးတွေ အရက်တွေ မူးလာရင်လည်း စစ်ကြောရေးချိန်လည်း မဟုတ်ဘဲနဲ့ ထောင်ထဲဝင်ပြီး ဖမ်းထားတဲ့ လူတွေကို လာရိုက်ကြတယ်။ သေနပ်ဒင်တွေနဲ့ ထုကြတယ်။ အားလုံးကို မျက်လုံးတွေစည်းပိတ်ထားတော့ ကိုယ့်ကို မရိုက်ဘူး သူများကိုရိုက်ရင်လည်း အသံတွေ ကြားနေရတယ်။ နောက် ကိုယ်ကလည်းငါ့ဆီကိုလာတော့မယ်ဆိုပြီးကြောက်လန့်နေရတယ်။
ပြီးတော့ ရိုက်နှက် နှိပ်စက်ထားတဲ့ ဒဏ်တွေနဲ့ ညည်းနေကြတဲ့ အသံတွေ ကြားနေရတယ်။ တကယ်တော့ သူတို့စစ်တယ်ဆိုတာကလည်း တာဝန်ရှိရှိ မရှိရှိကြုံတဲ့သူတွေက ကြုံသလို ၀င်ဝင်စော်ကြတာ။ ကန်ချင်တဲ့သူက ကန်၊ ရိုက်ချင်တဲ့သူတွေက ရိုက်ပေါ့။အဲလိုတွေ စိတ်ထင်တိုင်း လုပ်ချင်သလိုတွေ လုပ်ကြတာ။ တယောက်တည်းလည်း မဟုတ်ဘူး ဆိုတော့ ခံရတဲ့သူက ဘယ်ခံနိုင်ကြမလဲ အဲဒီစစ်တဲ့ ဒဏ်ကြောင့် သေကုန်တဲ့သူတွေလည်း မနည်းဘူး။ စစ်ကြောရေးဝင်တာနေ့နေ့ညည ...ကြားနေရတဲ့ မချိမဆန့်အော်သံတွေ နဲ့ တကယ်ပဲ.. ကမ္ဘာပျက်နေတဲ့ အတိုင်းဘဲ။
စစ်ကြောရေးမှာ စစ်ပုံစစ်နည်းတွေကလည်းအစုံဘဲ ။ ဘောင်းဘီ ထဲ ကြွက်ထဲ့တာလည်းလုပ်ကြသေးတယ်။
အော်လိုက်စမ်း ဆိုတာလေ ။ခုနောက်ပိုင်းတော့ ကိုမြင့်သိန်းကလာမေးတယ်မငယ်တကယ်ကြောက်သလားတဲ့ ... ။။အော်ခက်ရချည်ရဲ့။
လျှောက်ကိုက်ကုန်တော့ဘယ်လိုလုပ်မလည်းလို့ ။ဒါနဲ့ တနေ့ကျတော့ ကျမကို စစ်ကြောရေးဝင်ဖို့လာခေါ်ပြန်တယ်။
တနေ့တနေ့ ကျမ စိတ်ဓါတ် တွေကျလာတယ် ။ သေလိုက်တာကမှကောင်းဦးမယ်လို့ တွေးမိခဲ့တယ်။ အဲဒီနေ့ကလည်း ကျမကို တောင်ကုန်းပေါ်ခေါ်သွားကြတယ်။
အခြေအနေမကောင်းဘူး ဆိုတာ ကျမ သိနေပြီ။ ပြီးတော့ လက်ဝါးကပ်တိုင်ကို မြင်လိုက်ရတယ်။ သိလိုက်ပြီ ငါတော့သွားပြီလို့။
 ငါဘာလုပ်ရမလဲ .. ဘာထပ် လည်ဆည်ပြီးဇာတ်လမ်းရေး  ရဦးမလဲ ပေါ့ ။ကျမကို လက်နောက်ပြန်ကြိုးတုတ်ထားတာဖြေလိုက်တယ်။
ပြီးတော့ ..ပြီးတော့ လက်ဝါးကပ်တိုင်ပေါ်တင်လိုက်တယ် ။
ကားစင်တင်ကြတာပါ၊  တခါတည်းသတ်လိုက်ရင် သေပြီးရောနော် .. ဝဋ်ကျွတ်တယ်လို့ တွေးပါတယ်။ ခုလို နှိပ်စက်လိုက် ထောင်ထဲပြန်ထည့်လိုက် လုပ်နေတာက
တမြေ့မြေ့နဲ့ အရှင်လတ်လတ် ငရဲခံနေရတာပါပဲ။
.
ကျမကိုကားစင်တင်တော့ လက်ဝါးကပ်တိုင်မှာ သွေးတွေ ၊ သွေးခြောက်တွေ... အော် .... ကျမ အရင် တယောက်ယောက်ကိုလည်း သူတို့ ဒီလိုပဲ လုပ်ခဲ့ကြလိမ့်မယ်လို့ တွေးနေတုန်း သန်းဇော်ကပြောတယ်။ ဟိုနေ့ကဘဲ ထွန်းအောင်ကျော်လက်ကို သံချောင်းနဲ့ရိုက်သွင်းထားတာတဲ့ .. ။
ဘုရား...ဘုရား...ဘုရား တကယ်ပဲ ဘုရား တမိတယ်။
ကားစင်ရဲ့အောက်မှာ  ၄-၅-လက်မ သံချောင်း တွေချထားတယ်။ ဒီသံချောင်းတွေနဲ့ပဲ ကိုထွန်းအောင်ကျော်လက်ကို ရိုက်သွင်းခဲ့တာလား။ ကျမကိုရော အဲလိုပဲ လုပ်ကြဦးမလား။
ကျမကိုတော့ ကြိုးတုတ်ပြီးကားစင်တင်ထားကြပြီ။ ရာသီဥတုကအေးတဲ့အပြင်တောင်ကုန်းပေါ်မှာ ဆိုတော့ လေကလည်းတိုက်တော့ လူက ရေခဲရိုက်သ လိုဖြစ်လာတယ်။ အေးလိုက်တာ။
အထူးသဖြင့် ကျမလက်ကို ကြိုးတုတ်ခံထားရတော့ သွေးမလျှောက်တော့ဘူး။ လက်ဖဝါးနှစ်ဘက်လုံးက ခရမ်းပုတ်ရောင်ဖြစ်နေပြီ။
ဲကားစင်ပေါ်မှာရင်ညွန့်ကိုအထိုးခံရတာရယ်..ဗိုက်ကိုအကန်ခံထားရတာ ကလည်း ကိုက်ခဲပြီး မသက်မသာဖြစ်နေတယ်။
ဒီကြားထဲ စိတ်မသက်မသာနဲ့ လှမ်းလှမ်းမြင်နေရတာကတော့လူသတ်ကုန်းဘဲ။
နောက်တော့ သန်းဇော် နဲ့ဇော်ဇော်မင်းတက်လာတယ်။ပြီးတော့ ။ဇော်ဇော်မင်းက တချက်အားကုန်ထိုး လိုက်တယ်၊ ကျမရဲ့ အရှိုက်ကိုထိုးတာလေ။
ကျမ အသက်မရှုနိုင်တော့ဘူး။ အသက်ရှုမှားတယ်ဆိုတာတကယ်ပဲ...။
နောက် သံချောင်းတက် လာတယ်။ သန်းဇော်ကအောက်မှာချထားတဲ့ ၄-၅ လက်မ အရှည်ရှိတဲ့သံကောက်ယူတယ်။ ပြီးတော့ ကျမလက်ကောက်ဝတ်ပေါ်တေ့လိုက်တယ်။
သွားပြီ ကျမလက်ကိုလည်း သံစိုက်ကြတော့မယ်။
ပြီးတော့ သန်းဇော်က သွေးအေးအေးနဲ့ ပြောတယ် ကြည့်စမ်းလက်ကလေးကသေးသေးလေးပါလား ။ အရိုးပါကြေ သွားမယ်တဲ့ ။
အား....လို့ ကျမ အားကုန်အော်လိုက်မိတယ်။ Cs  ကျမကို မလုပ်ပါနဲ့ ကျမကို ဒီလို မလုပ်ပါနဲ့လို့ ကျမတောင်းပန်ခဲ့တယ်။
သံ ချောင်းကကျမကိုပြောတယ်။ မင်းလေ ..ခုထိမဖြူစင်ဘူးဘဲတဲ့ ။ ဒါနဲ့ဘဲ.. နောက်ထပ်ဇာတ်လမ်းတပုဒ် ရေးပေးခဲ့ရပြန်တယ်။ ရေလှိုင်းစစ်ဆင်ရေးပေါ့။
ကျမကို တခါနှိပ်စက်ရင် ကျမ ဇာတ်လမ်းတပုဒ်ရေးပေးရတယ်။ တကယ်တော့ အဲဒီ ဇာတ်လမ်းတွေက ကျမတို့သွေးတွေနဲ့ ရေးခဲ့ရတာတွေ၊ ကိုယ့်အသက်မသေဖို့၊ ကိုယ့်အသားမနာဖို့ နှိပ်စက်တာကို မခံနိုင်တဲ့ အဆုံးကျမ ဇာတ်လမ်းတွေ ရေးပေးခဲ့တယ်။
အဲလို နာကျင်ဖွယ်ရာ နေ့ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်သန်းရင်းနဲ့  တရက်ကြတော့ ကျမတို့ကို အဲလိုပဲ ကြိုးလှုပ်ပြီး ခေါ်တော့ သွားရတာပေါ့။ သူတို့က ကျမတို့ကို ထားတာ ခွေးတွေလိုပါပဲ၊ ကြိုးတန်းလည်းနဲ့ပဲ။ အဲဒီနေ့ကလည်း လာခေါ်လို့ လိုက်သွားတယ်။
အဲဒီမှာ ကျမ အပြင် အခြား ထောင်သားတွေကိုလည်း ခေါ်ထုတ်ထားတာတွေ့ရတယ်။ တန်းစီပြီးတော့ အပေါ် ကုန်းပေါ်တက်သွားကြရတာ။အပေါ်ကုန်းကို ရောက်တော့ သံချောင်းရဲ့ တဲလား၊ မျိုးဝင်းရဲ့ တဲလား သေချာမမှတ်မိတော့ဘူး။ သူတို့ နှစ်ယောက်ထဲက တယောက်ရဲ့ တဲဆိုတာတော့ သိတယ်။
အဲဒီတဲရဲ့ ရှေ့က မြေကွက်လပ်မှာအားလုံးကိုဝိုင်းထိုင်ခိုင်းထားတယ်နောက်တခြားရဲဘော်တွေလည်း ရှိတယ်။အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်၊သံချောင်း၊မျိုးဝင်း တို့ရှိနေ
ကြတယ်။
ကျမတို့တွေ လူ ၂၀လောက်ရှိမယ်ထင်တယ်။သူတို့က ထိုင်ဆိုတော့လည်း ကျမတို့ကလည်း အားလုံး ငုတ်တုတ်ကလေးတွေ ထိုင်ကြရတာပေါ့ကွာ။ လုပ်ချင်တာ လုပ်တော့ ဘာမှလည်း မတတ်နိုင်တော့ဘူး ဆိုပြီး စိတ်လျော့ပြီးတော့ကို ထိုင်နေကြတာ။အားလုံးက စိတ်ဓါတ်တွေလည်း ကျနေကြပြီ။
အဲဒီ ထိုင်နေကြတဲ့ သူတွေထဲမှာ ကိုထွန်းအောင်ကျော်၊ကိုရဲလင်း၊ ညီညီကျော်၊ ကိုကြောင်၊ စမားညီည်ီ၊ ကိုချိုကြီး၊ ကိုကျော်ဝေ ၊ကိုသက်နိုင်၊ကိုသာဓု၊ကိုတူးတူး၊စသဖြင့်ပေါလေ၊ တော်တော်များပါတယ် အများကြီးပဲ ၀ိုင်းထိုင်နေကြရတာလေ။ ပြီးတော့ အားလုံးက ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ကသာ အဲဒီက လူတွေချည်းပဲ၊ ကိုတူးတူးတယောက်ပဲ မြစ်ကြီးနားပါတယ်။ကိုတူးတူးက မျိုးဝင်းရဲ့ လက်ရုံးလိုဖြစ်နေတဲ့ ထွန်းနွယ်အောင် အချုပ်ဖောက်ပြေးရင် ပစ်ဖို့ ပစ်မိန့်ပေးလိုက်တဲ့အတွက် သူတို့က ကိုတူးတူးကိုလည်း ငြိုးသွားတာ။အဲဒါကြောင့် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ခံရတဲ့ ထဲမှာ ကိုတူးတူးပါတာ။
အဲလောက်လူတွေအများကြီးကို ဒီလိုထုတ်လာတာဆိုတော့ အကြီးအကျယ်တခုခုတော့လုပ်တော့မယ်ဆိုတာကို ကျမ စိတ်ထဲက သိနေတယ်။ စိတ်ထင့်နေတယ်။အဲဒီအချိန်မှာပဲသူတို့ဘာလုပ်လည်းဆိုတော့ ထိုင်နေတဲ့ လူတွေကို တယောက်ချင်းစီကနေ အကုန်လုံးကို ယမ်းတွေ လိုက်ချည်တယ်။ ၀ါယာလေးတွေ တန်းလန်းနဲ့ ယမ်းတွေကို လိုက်ချည်တော့ ပြဿနာပဲပေါ့နော်။ သူတို့ တခုခုလုပ်တော့မယ်ပေါ့။ အဲဒီလို ၀ိုင်းထိုင်နေတဲ့ သူထဲကနေ ကိုကျော်ဝေကို သူတို့ လူရွေး ထုတ်လိုက်တယ်။
နောက်ကိုကျော်ဝေကို မလုပ်ခင်မှာ ကိုသက်နိုင်ရဲ့ နားကို သံချောင်းက သေနပ်နဲ့ပစ်ထည့်လိုက်တာ၊ ကိုသက်နိုင် နားအပေါက်ကြီးဖြစ်သွားတယ်။ အဲလိုတွေ လုပ်ကြသေးတယ်။
ပြီးတော့မှ ကိုကျော်ဝေကို မင်း အဆိပ်ထုတ် ပေးဆိုပြီးကိုကျော်ဝေကို အဆိပ်တောင်းတယ်။ကိုကျော်ဝေက ဘယ်လိုလုပ် အဆိပ်ရှိမှာလဲ၊ သူ့မှာ မရှိတော့ မပေးနိုင်ဘူးပေါ့။ အဲဒီအချိန်မှာ သူ့မှာ လက်ချောင်းတချောင်းမရှိတော့ဘူး။ နှိပ်စက်ရင်း ဖြတ်ထားတဲ့လက်ချောင်း ကို ကိုကျော်ဝေလည်ပင်းမှာပြန်ဆွဲထားပေးသေးတယ်။
အဲလို လုပ်နေရင်းနဲ့ ကိုကျော်ဝေဆီကနေအဆိပ်တောင်းတယ်ကိုကျော်ဝေမှာ ထုတ်ပေးစရာမရှိဘူး။ အဲဒီအချိန်မှာ ကိုကျော်ဝေ မျက်နှာမှာလည်း ဘာမှ မရှိတော့ဘူး။ ပေးစရာလည်း မရှိဘူး။ လုပ်သမျှ ခံရတော့မယ်ဆိုတဲ့ မျက်နှာမျိုးပဲ ရှိတော့တယ်။
အဲလို ဖြစ်နေတုန်း သူတို့ကိုလည်း ဘယ်သူမှ တားနိုင်တဲ့သူ ပြောနိုင်တဲ့သူ မရှိဘူး။ သူတို့ဟာ သူတို့လုပ်နေကြတာ လုပ်ချင်တာလုပ်တာ။အဲဒီနေ့ကလည်း ကိုကျော်ဝေကို သူတို့က ထုတ်ခိုင်း ပေမဲ့ ကိုကျော်ဝေမှာလည်း ထုတ်ပေးစရာမရှိဘူး။သူတောင်းပန်နေတယ်။
ကျမတို့အကုန်လုံးကလည်း မျက်နှာငယ်လေးတွေနဲ့ ၀ိုင်းထိုင်နေရုံအပြင် ဘာမှ မတတ်နိုင်ဘူး။ ၅ မိနစ် တဲ့..အချိန်ပေးတယ်.. ကျမတို့တတွေတ
ယောက်ကိုတယောက်အဓိပ္ပါယ်မဲ့စွာ ကြည့်နေမိကြတယ်။
တကယ်ဘဲလား။သူတို့တကယ်လုပ်ကြတော့မလားပေါ့။အချိန်စေ့သွားပြီ ။ အဆိပ်ဆိုတာကြီး မထုတ်ပေးနိုင်ဘူး။ဝါယာနှစ်ပင်ပူးလိုက်တယ်။
ဖောင်းကနဲအသံကြားရပြီးကိုကျော်ဝေရဲ့မချိမဆန့်အော်သံကြားလိုက်ရတယ်သွေးတွေလည်း ဖြာကနဲ ထွက်သွားတယ်။အဲဒီမှာ ကိုကျော်ဝေရဲ့ လက်ကို ဖြတ်ထည့်လိုက်ကြတယ်။တကယ်..တကယ် လုပ်ပလိုက်ကြပြီ .. လူသားတယောက်ကို အရှင်လတ်လတ် လက်ဖြတ်လိုက်ကြပြီ ။
အဲဒါတွေကိုလည်း မြင်ရတော့ စိတ်ဓါတ်လည်း အရမ်းကျသွားတယ်။ အကုန်လုံးပဲ ဘယ်နေ့ ငါ့အလှည့်လဲ၊ ငါတို့လည်း သေမှာပဲ မသေခင် လည်းခံကြရဦးမှာပဲ ဆိုပြီး စိတ်ဓါတ်ကျသွားတယ်။ ဒီအချိန်မှာလက်ဖြတ်ဖို့ကျမတို့အလှည့်လာတော့မယ် ဆိုတဲ့ အတွေးဆိုးကလည်း ကျမကို ခြောက်လှန့်နေတော့တယ်။
တကယ်တော့ ကျမတို့အားလုံး တော်လှန်ရေးအတွက် တောခိုလာကြတဲ့ ကျောင်းသားတွေပါ၊ ဒီလူတွေကို ရက်ရက်စက်စက် ထောက်လှမ်းရေးလို့ စွပ်စွဲပြီး မတရားနှိပ်စက်ခဲ့ကြတယ်။  စစ်ကြောရေးမှာညှင်းပမ်းနှိပ်စက်မှုတွေရဲ့ဒဏ်တွေနဲ့သေဆုံးသွားရတာက ကျောင်းသားရဲဘော် (၁၄) ဦးရှိတယ်။
အဲဒီလို လူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှု့ ဒဏ်တွေနဲ့ သေဆုံးခဲ့သူ ၁၄ ဦးရဲ့ နာမည်တွေကိုလည်း ကျမ မှတ်တမ်းတင်ထားတယ်။
(၁) ကိုစိုးမင်းအောင် ( ပထမဦးဆုံး ဖမ်းဆီးခြင်းခံရသူ )
(၂) ဦးစိန် ( ရန်ကုန် -- ယခု သမီးဖြစ်သူ မစမ်းစမ်းအေးမှ တိုင်ကြားချက် ဖွင့်ထား)
(၃) ကို ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ကိုအေးကျော် (မန္တလေး)
(၅) ကိုကျော်ဋ္ဌေး
(၆) ကိုကျော်ကျော်ဦး
(၇) ဦးအောင်ကိုး ( ဗန်းမော်)
(၈) ကိုဇော်ဝင်းချစ် (ဗန်းမော်)
(၉) ကိုတင်မောင်အေး ခေါ် အပ်စိုက် (စစ်ကိုင်း)
(၁၀) ကိုတင့်လွင် ( မြစ်ကြီးနား)
(၁၁) ကိုအောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ကိုစိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း) အဲဒီ ၁၄ ဦးက စစ်ကြောရေးက ဒဏ်တွေကြောင့် သေဆုံးခဲ့ရတယ်။ သူတို့ရဲ့ မိသားစုဝင်တွေအနေနဲ့ ဘယ်လိုခံစားရမလဲဆိုတာ ...ကျမ တွေးမကြည့်ရက်ဘူး။
တကယ်တော့ ကျမတို့ဒီ ABSDF ( မြောက်ပိုင်း) မှာဖြစ်ခဲ့တဲ့ တပ်မတော် ထောက်လှမ်းရေးသူလျှိုဆိုပြီး ဖမ်းဆီးတာ ( ၅၀၁) တပ်ရင်းမှူး သိုက်ထွန်းဦး ( ယ္ခု Australia နိုင်ငံသို့ ရောက်ရှိနေသူ) ရဲ့ runner ကျောင်းသားရဲဘော် စိုးမင်းအောင် တပ်က ထွက်ပြေးတာက စခဲ့တာပါ။ အဲဒီကနေတပ်ပြေး စိုးမင်းအောင်ကို သူတို့က တရုပ်ပြည်ဖက်ကနေ ပြန်ဖမ်းပြီးဗျူဟာ ၂ ဘက်ကိုခေါ်သွားတာ။
အဲ့ဒီမှာလူမဆန်တဲ့နည်းတွေနဲ့ညှင်းပမ်းနှိပ်စက်ပြီး တော့ထောက်လှမ်းရေးသူလျှိုဟုတ်ပါတယ်လို့မတရားဝန်ခံခိုင်းခဲ့တယ်။အဲ့ဒီညှင်းပမ်းတဲ့ဒဏ်တွေနဲ့မခံမရပ်နိုင်ဖြစ်ပြီး စိုးမင်းအောင်က ထလရ ဟုတ်တယ်လို့ ဖြေခဲ့တယ်လေ။သူ့ထွက်ချက်မှာ တောင် လူ ၄၀ - ၅၀ လောက်ကို ထလရ တွေဆိုပြီးထွက်ခဲ့တယ် ပြောတယ်။
နောက်ပြီးတော့မှ အဲ့ဒီစိုးမင်းအောင်ရဲ့ထွက်ချက်တွေကနေ နာမည်တွေကို နှိပ်စက်ပြီး မေးရင်း နဲ့အဆင့်ဆင့် နှိပ်စက်ဖမ်းဆီးတာထလရတွေ ဆိုပြီးတော့ မတရားဖမ်းဆီးခံလိုက်ရတာ ကျမအပါအ၀င်ပေါ့။ စုစုပေါင်းကျောင်းသား (၁၀၀) ဦး ရှိလာခဲ့တာ။
အဲ့ဒီတုန်းကABSDF-NB မှာကျောင်းသားအင်အား(၄၀၀)လောက်ဘဲရှိတာ မှာ ထောက်လှမ်းရေးတွေဆိုပြီးအတင်းအဓမ္မကြီးဖမ်းဆီးနှိပ်စက်ခြင်းခံရသူပေါင်း မှာ (၁၀၀) ဦးဆိုတာ ဖြစ်နိုင်မလား စဉ်းစားကြည့်ပါဦး။အံ့ပါရဲ့ ။  အဲလို ဖမ်းဆီးတဲ့အခါမှာ အဓိက တာဝန်ရှိတဲ့သူတွေရဲ့ နာမည်တွေကို ကျမ ပြောမယ်နော်။
(၁) ဗိုလ်မှူးသံချောင်း (ခ) မြင့်စိုး ( ဗဟိုစစ်ရေးတာဝန်ခံ) (( ယခု ပြည်တွင်းထောင်အတွင်း သေဒဏ် ချမှတ်ခြင်းခံထားရ ))
(၂) အတွင်းရေးမှူး အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ( ဥက္ကဋ္ဌ အဖြစ် ရာထူးတိုးမြင့်တာဝန်ယူခဲ့သည် - ယခု ချိန်းမိုင် )
(၃) ဗိုလ်ကြီး မျိုးဝင်း( တွဲဘက် အထွေအထွေ အတွင်းရေးမှူး-တစ်-၊ ဒု -စစ်ရေးတာဝန်ခံ ) မိုးညှင်း- နန်းမား မြို့နယ် နမ့်ဆော်လောရွာ ။ သေဆုံး။
(၄) ဗိုလ်ကြီးလှဆိုင်း (ယခု ABSDF-NB)
(၅) တပ်ကြပ်ကြီး သန်းဇော် ( မန္တလေး- ဗဟိုထောက်လှမ်းရေး တာဝန်ခံ - ယခု ပြည်တွင်းမန္တလေး)
(၆) တပ်ကြပ်ကြီး ဇော်ဇော်မင်း ( မိုးညှင်း- ဗဟိုထောက်လှမ်းရေး - ယခု ပြည်တွင်း မိုးညှင်း )
(၇) ဒုတပ်ကြပ် အောင်စိုးမြင့် ( မိုးညှင်း- ဗဟို ထောက်လှမ်းရေး - ယခုပြည်တွင်း မိုးညှင်း)
(၈) တပ်ကြပ်ကြီး ကျော်ထင်ဦး( မိုးညှင်း- ဗဟို ထောက်လှမ်းရေး)
(၉)ရဲဘော်မောင်ထွေး (ဗန်းမော်)
(၁၀)ရဲဘော် ဖိုးနှောင်း(ဗန်းမော်)
(၁၁) ရဲဘော် သက်လင်း ( ယခုပြည်တွင်း ဗန်းမော်) - တို့ဖြစ်တယ်။
သူတို့တွေရဲ့ ဦးဆောင်မှုနဲ့ စစ်ကြောရေး အဖွဲ့ဝင်တွေကိုလည်း ကျမ ပြောမယ်။
(၁) လှဆိုင်း ( မြစ်ကြီးနား) တွဲဘက် အထွေထွေ အတွင်းရေးမှူး -
၂ (( အာသံကုန်း ခေါင်းဖြတ်ပွဲမှာ ကိုယ်တိုင်ကိုယ်ကျ ဓါးကိုင်ပြီး သတ်ဖြတ်ခဲ့သူဖြစ်တယ်။ လှဆိုင်း ဟာ ABSDF ( မြောက်ပိုင်း) ပြန်လည်ဖွဲ့စည်းစဉ်မှာ ပါဝင်နေဆဲ))
(၂) စိန်အေး ( မိုးညှင်း- ကချင်ဒေသ ခရိုင်မှူး - ယခု ပြည်တွင်းမိုးညှင်း )
(၃) အောင်သန်း (မိုးညှင်း ( ၇၀၁)တပ်ရင်းမှူးသေဆုံး)
(၄) သက်ထွန်း(မိုးညှင်း၊ တပ်ခွဲမှူး)
(၅) စောရင်ထွေး ( ရွှေကူ ၊တပ်ခွဲမှူး)
(၆) သိုက်ထွန်းဦး ( ရန်ကုန်- ၅၀၁ တပ်ရင်းမှူး - ယခု Sydney . Australia)
(၇) ရဲလင်း ( ရန်ကုန်- ရန်ကုန်ဒေသ ခရိုင်မှူး ( ထလရ အဖြစ်အဖမ်းခံရ - ,ယခုပြည်တွင်း ရန်ကုန်)
(၈) ညီညီကျော်- ( မန္တလေး- မန္တလေး ဒေသခရိုင်မှူး) ( ထလရ အဖြစ် အဖမ်းခံရ - ယခု ပြည်တွင်း မန္တလေး)
နောက် ထောင်တာဝန်ခံတွေက
(၁) ဒုအရာခံဗိုလ် အောင်မင်း ( မိုးညှင်း) ၊ တပ်ကြပ်ကြီး ထိန်လွန် ( ဗန်းမော်) ၊
(၂) တပ်ကြပ်ကြီး အေးမောင် ( မိုးညှင်း) ၊ ရဲဘော် လက်သီး၊
(၃) တပ်ကြပ်ကြီး တာတီး ( မိုးညှင်း)၊တပ်ကြပ်ကြီးစောမြအောင်
(၄)တပ်ကြပ်ကြီးလှမျိုးအောင်(မိုးညှင်း-၅၅ဦးထောင်ဖောက်ပြေးမှု့တွင်တာဝန်ပေါ့လျော့မှုဖြင့် အောင်နိုင်နဲ့သံချောင်းက သေဒဏ်ချ သတ်ဖြတ်ခဲ့တယ်)။
သူတို့တွေက စစ်ကြောရေးမှာတင် ပက်ပက်စက်စက်လုပ်ခဲ့ကြတာ မဟုတ်ဘူး၊ ကျောင်းသားတွေကိုလည်း ထောက်လှမ်းရေးလို့စွပ်စွဲပြီး ပြည်ထောင်စုနေ့မှာ
ကျောင်းသားတွေကို  ခေါင်းဖြတ်သတ်ခဲ့တာတွေလည်း ရှိသေးတယ်။
ဝဲမှယာ - စိန်အေး ။ သံချောင်း။ သံခဲ ( လက်ရှိ ABSDF ဥက္ကဌ )။ အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်။
အပိုင်း(၁၂)
ကိုကျော်ဝေကို လက်ဖြတ်ပြီးလိုက်တာနဲ့အားလုံးလည်း စိတ်မကောင်းဖြစ်သွားကြတယ်၊ စိုးရိမ်ကြတယ်။
အဲဒီမှာ ကျမတို့အားလုံးက  တောင်းပန်းကြတယ်။ အထူးသဖြင့်ကိုထွန်းအောင်ကျော်ပေါ့နော် သူက
ခဏလေး.နေပါဦးဆိုပြီး တောင်းပန်တယ်။ အားလုံးကလည်း ၀ိုင်းပြီး တောင်းပန်ကြတယ်။
ကျနော်တို့ Cs တို့ VCs တို့လိုချင်တဲ့ပစ္စည်းတွေရအောင်လုပ်ပေးပါ့မယ် ။အချိန်ပေးပါပေါ့ ..တောင်းပန်ကြတာ၊ ။
အဲလိုမှ မလုပ်ရင်  သူတို့က တယောက်ပြီးတယောက်ဆက်တိုက်ဖြတ်ကြတော့မှာ။
ဆိုတော့ ..အဲ့လို အားလုံးက ဝိုင်းပြီးတောင်းပန်ကြတော့ အဲ့ဒီနေ့က ကျန်တဲ့ သူတွေရဲ့ လက်ကိုဆက်မဖြတ်တော့ ဘဲ ရပ်လိုက်ကြတယ်။
သူတို့က တပတ်အချိန်ပေးတယ်။ မင်းတို့ ဒီတပတ်အတွင်း ဒီအဆိပ်တွေ၊စကား ပြောစက်တွေ ရအောင်လုပ်ပေါ့ အဲလို ပြောတယ်။
ပြီးမင်းတို့အရာရှိပိုင်းတွေမှာတာဝန်ရှိတယ်.ဆွေးနွေးကြဆိုပြီး ကျမတို့ဒီအရာရှိပိုင်းမှာ လိုင်းတင်ခံထားရသူတွေအားလုံးကိုစုပြီးဆွေးနွေးခိုင်းရော.. အဲ့ဒါကတော့ ကျမတို့ ကို ဖမ်းပြီးမှ  ကျမတို့တတွေ ပထမဦးဆုံးအကြိမ် တစုတဝေးကြီးစကားပြောခွင့်ရတဲ့နေ့လို့ ပြောရမှာပဲ။
ကျမတို့တွေ တယောက်တပေါက်အဓိပါယ်မဲ့စွာဘဲ မဟုတ်တာတွေကို အဟုတ်လုပ် မရှိတာတွေကို အရှိလုပ်လျှောက်ပြောနေချိန်မှာပေါ့။ ကျမထိုင်
နေတဲ့နားကို ထွန်းအောင်ကျော်တုတ်ချောင်းလေးကိုအားပြုလျှောက်ရင်းလာတယ်။ ကိုထွန်းအောင်ကျော်ကို ကျမက ဥက္ကဌလို့ သူတို့ချရေးပေးတဲ့နာမည်
တွေကျမလက်မှတ်ထိုးပေးခဲ့ရပါတယ် .. ခွင့်လွှတ်ပါလို့ ဆိုတော့ .. မဟုတ်ဘူး..မင်းတို့သာငါ့ကိုခွင့်လွှတ်ကြပါ..တဲ့ ။
ငါ ကျောင်းသားတွေ ဒီလောက်ရက်စက်ကြလိမ့်မယ်လို့ မထင်ခဲ့ဘူးတဲ့ ။ အဲ့ဒီတုန်းက အဲ့ဒီစကားရဲ့အနက်ကို ကျမ မသိခဲ့ဘူး..။
ခုဒီနောက်ပိုင်း ကိုရဲလင်း ၊ကိုစိုးလင်းတို့နဲ့ စကားပြောဆိုဖြစ်ခဲ့ကြတော့မှ တော်တော်လေးသိလာရတော့ .. ကံကြမ္မာကို
ဘဲလက်ညှိုးထိုးရမှာလား ...။ ကိုယ်တွေ အားလုံးရဲ့ ပေးဆပ်နေရတဲ့ ဝဋ်ကြွေးပဲလားပေါ့နော်။
.. အဲဒါနဲ့ဘဲ .. တပတ်သာအချိန်ပြည့်သွားတယ်။ဘာမှ မရှိတော့ ဘယ်မှာလာ ဘာတွေပေးနိုင်မှာလဲ .။
ဆိုတော့ အဲ့ဒီကုန်းပေါ်နောက်တခေါက် ပြန်ခေါ်ပြန်ရောက်သွားတယ်။
ကျမတို့ တတွေကို ယမ်းတွေပြန် ချည်ပြန်ရော .။ပြီးပြီပေါ့။ အားလုံးအတွက်မျှော်လင့်ချက်ကင်းပြီ။
ကျမကို ယမ်းလာချည်တော့ တမင်ညာဘက် ထိုးပေးလိုက်တယ်။ ကျမ တကယ်ဆုံး ဖြတ်ချက်ချထားလိုက်ပြီလေ။
တစစ နဲ့နှိပ်စက်တာမခံတော့ဘူး။
ကျမ အသေခံတော့မယ်... ဝါယာနှဏ်ပင်ပူးတာနဲ့ မိုင်းချည်ထားတဲ့လက်ကို လည်ပင်းနားဆွဲကပ်လိုက်တော့မယ်။ ကျမ အဲဒီလို တကယ်ကို ဆုံးဖြတ်လိုက်ပြီ။
အဲ့ဒီမှာသူတို့က ကိုအောင်ဖိုးကိုေ၇ွးလိုက်တယ်။ပြီးတော့...ကိုအောင်ဖိုးကို ခြေထောက်ဖြတ်ကြတယ်။
အဲဒီလိုပဲလေ အားလုံးက ရှေ့မှာပဲ ကိုအောင်ဖိုးကို ခြေထောက်ဖြတ်လိုက်ကြတယ်။
ကိုအောင်ဖိုးကို ဖြတ်တာများ ခြေထောက်က တိကနဲပြတ်မသွားဘူး၊ ဆိုတော့တန်းလန်းကြီးဖြစ်နေတာ။
အဲဒါကိုကွာ ဓါးနဲ့ မဖြတ်ဘူး၊ လက်နဲ့ ဒီအတိုင်းဆွဲဖြတ်တာ၊ ဖြတ်ခံရတဲ့သူက နာလွန်းလို့ အော်တာပေါ့။
အဲလှိုအော်ရင်လည်း ရဲဘော်တွေက ၀ိုင်းရီကြတယ်။ ကျမတို့ကလည်း စိတ်မကောင်းရုံကလွဲလို့ ဘာမှ လည်း မလုပ်နိုင်ဘူး။
အဲဒီလိုတွေ ခြေဖြတ်ပွဲ လက်ဖြတ်ပွဲတွေ လုပ်နေတုန်း KIA က ဗိုလ်မှူးပန်းအောင်ရောက်လာတယ်။ သူက ဘာတွေဖြစ်နေလဲပေါ့။
ဘာမှဖြေနေစရာမလိုပါဘူးလေ..ဒူကမ္ဘာ့ မြင်သွားတယ် ။ ကိုအောင်ဖိုးအခြေအနေတွေကိုလေ။ဒူကမ္ဘာ့ ကအခြေအ
နေတွေကိုသုံးသပ်မိသွားတာပေါ့။ေ နာက်တော့ ကျမကိုမြင်သွားတယ်။
အဲဒီမှာ ဗိုလ်မှူးပန်းအောင်က သံချောင်းတို့ကိုပြောတယ်လေ ။ကျမနဲ့ မေးစရာရှိတယ်ပေါ့။
အဲဒါနဲ့ကျမကို တဲထဲကို ခေါ်ပြီး မေးတယ်။ပြီးသံချောင်းတို့ကိုမင်းတို့အားလုံးထွက်.တဲ့။ ငါမငယ်နဲ့ဘဲပြောမယ်တဲ့ဆိုတော့သူတို့အားလုံးတဲထဲကလည်းထွက်သွား ရော
ကျမကို မငယ် မင်းတို့ဘာတွေဖြစ်နေကြတာလဲ .. ဘာတွေဖြစ်ကုန် ပြီလဲ လို့ မေးတော့ ကျမကလည်း ပြောပြလိုက်တယ်။
သူတို့ ကျနော်တို့ ဆီကနေ အဆိပ်တွေ တောင်းတယ်၊ ကျနော်တို့မှာ ရှိလည်း မရှိတော့ ထုတ်လည်း မပေးနိုင်ဘူး။ ထုတ်မပေးနိုင်လို့ ဆိုပြီးတော့ ပြီးခဲ့တဲ့အပတ်က ကိုကျော်ဝေရဲ့ လက်ကို ဖြတ်လိုက်တယ်၊ အခုလည်းကိုအောင်ဖိုးကိုခြေထောက်ဖြတ်တယ်။ဆက်ဖြတ်နေကြတယ်…လို့`..ကျနော်တို့ကိုလည်းဖြတ်တော့မှာလို့ အဲလို ပြောပြလိုက်တယ်။ အဲတော့ ဗိုလ်မှူးပန်းက လူတွေသေသလားတဲ့။ ကျမကလည်း တော်တော်များများ သေကုန်ပြီလို့ ပြောတယ်။
သူ့အနေနဲ့ တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ မင်းတို့တွေခက်ကုန်ကြပြီကော..ပေါ့တဲ့။
ပြီးတော့ ကျမကို မင်းဘာမှမဖြစ်စေရဘူး .မင်းဘာမှမဖြစ်စေရဘူး ပြောတယ်.။
ပြီးတော့ သံချောင်းကိုခေါ်တယ်။ ဒါတွေ၇ပ်တော့လို့ပြောတယ်။သံချောင်းကလည်း ပြန်ပြောတယ်။ ဒါပေမဲ့ သူ ဘာတွေပြောတယ်ဆိုတာ ကျမဘာမှမကြားဘူး။ မျှော်လင့်ချက်ဆိုတာလည်း မရှိတော့ဘူး။
နောက်တော့ ဗိုလ်မှူး ပန်းအောင်က အဲ့ဒီမှာ ရပ်.ငါ့အမိန့်တဲ့။ဒါနဲ့ ရပ်ဖို့တားလိုက်တယ် အဲဒီမှာ ဗိုလ်မှူးပန်းအောင်လာတားတဲ့အတွက် ခြေဖြတ်ပွဲ၊ လက်ဖြတ်ပွဲက ပြီးသွားတယ်။ နောက် KIA ကကျမတို့ ထောင်သားတွေ အတွက် စရိတ်ချပေးတယ်။ KIA ဆေးရုံမှာဆေးကုသခွင့်ပေးတယ်။ KIA ရဲ့ ကျေးဇူးကြောင့် ကျမတို့ သက်သာရာ ရခဲ့ကြတယ်။
အဲဒီအဖြစ်အပျက်တွေကတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်တွေ သမိုင်းတွေပဲ။ ရင်နာစရာလည်း ကောင်းတယ်။ သွေးပျက်စရာလည်း ကောင်းတယ်။
ကျောင်းသား သမိုင်းကိုလည်း အရုပ်ဆိုးစေခဲ့တယ်။ အဲဒီလို ခြေဖြတ်ပွဲ ရပ်သွားပေမဲ့ သူတို့ရဲ့ ရက်စက်တဲ့ လုပ်ရက်တွေကတော့ ရပ်မသွားခဲ့ဘူး။ သူတို့ ဆက်လုပ်ခဲ့ကြတယ်။
ဒီနေရာမှာ ဖြတ်ပြောစရာတခုရှိတယ်။ ကျမ ရှေ့မှာ ပြောခဲ့တယ် ကျမကို လက်ဝါးကပ်တိုင် တင်ပြီး နှိပ်စက်တော့။ ကျမက ရေလှိုင်းစစ်ဆင်ရေး ဆိုတဲ့ ဇာတ်လမ်းကို ရေးပေးခဲ့ရတယ်နော်။ နောက် ငါး နှစ်စီမံကိန်း ဆိုတာ တခုရှိတယ်။ တကယ်တော့ အဲဒီ ငါးနှစ် စီမံကိန်း ဆိုတာက ကျမ လုပ်တာမဟုတ်ဘူး။
အဲဒါကို လုပ်တာက ခင်ရွှေလှိုင် လုပ်တာ။ ခင်ရွှေလှိုင်ဆိုတာက လက်ရှိ ABSDF တောင်ပိုင်း ဥက္ကဋ္ဌ သံခဲရဲ မိန်းမ။ အဲဒီ ငါးနှစ် စီမံကိန်းကို ခင်ရွှေလှိုင်က လုပ်လိုက်တာ၊ အဲဒီတုန်းကတော့ သူနဲ့ သံခဲနဲ့ မယူရသေးဘူးပေါ့။ သူက ငါးနှစ်စီမံကိန်းကို သေချာလုပ်ခဲ့တာ။
ကျမ ပြောပြမယ် သူလုပ်ပုံကို ပြောပြမယ်နော်။ တရက် …ကျမတို့ အဖမ်းမခံရခင်မှာ သူက ကျမကို လာပြီးတော့ ပြောတယ်။ သူက စာရွက်တရွက်ယူလာပြီးတော့ ဟေ့ကောင်တဲ့ မင်းရဲ့ ဆိုင်းကို ငါ မမြင်ဘူးဖူး။ မင်း ဒီမှာ ဆိုင်းထိုးပြစမ်းဆိုပြီး စာရွက်အလွတ်ယူလာပြီး လာပြောတယ်။ အဲဒီတုန်းကလည်း ကျမက ဘာမှ မစဉ်းစားဘဲနဲ့ ဒါ ငါ့ဆိုင်းပဲ ဆိုပြီး သူထိုး ခိုင်းတဲ့ နေရာမှာပဲ ထိုးပေးလိုက်တယ်။ သူက အဲဒီ စာရွက်ကြီးကို ယူသွားခဲ့တယ်ကွာ။ အဲဒီတုန်းက ကျမ ဘာမှ မစဉ်းစားခဲ့ဘူး။ ရိုးရိုးပဲ ထင်ပြီး ထိုးပေးခဲ့တာ။ ကျမ မှားခဲ့တာပေါ့။
ယူသွားပြီးတော့မှ သူက ငါးနှစ်စီမံကိန်း ဆိုတဲ့ ခေါင်းစဉ်ကို အဲဒီ စာရွက်ပေါ်မှာပဲ ရေးတယ်။ သူက ရေးတာနော် ခင်ရွှေလှိုင်ရေးတာ။ အဲဒီတုန်းက အပျော်အပျက် သူရေးတာပေါ့။ ကျမတို့ ဒီ ၅ နှစ်အတွင်း ရီးစား မထားကြေးပေါ့ ။ဘာညာတွေနော် ...အပျော်ပေါ့။
နောက်တော့ ကျမကို ထောက်လှမ်းရေးဆိုပြီး ဖမ်းတော့ ဒီ ငါးနှစ်စီမံကိန်းဆိုတာ ကျမရဲ့စီမံကိန်းဖြစ်သွား၇တယ်။ သန်းဇော်တို့ ဆီကိုလည်း အဲဒီ စာရွက်ရောက်ပြီးတော့ ကျမကို စစ်တယ်။ ငါးနှစ် စီမံကိန်းဆိုတာကို ငါတို့ကို ပြောပြစမ်းဆိုပြီး စစ်ကြတယ်။ ဟာ… ကဲ စဉ်းစားကြည့်၊ အဲဒီတုန်းကတော့ ဒါဟာ ကျမ ရေးတာ မဟုတ်ဘူးလို့ ပြောရင် ခင်ရွှေလှိုင် ထိမှာ ခင်ရွှေလှိုင်ကို ဖမ်းစစ်ကြမှာ စိုးရိမ်တော့ ကိုယ်က ထောင်ထဲမှာ အနှိပ်စက်ခံနေရတဲ့ အချိန်ဆိုတော့ကိုယ့်လို ဘယ်သူမှ မဖြစ်စေချင်တော့ဘူး။ ခင်ရွှေလှိုင်ကို ဖမ်းစစ်ကြမှာ စိုးရိမ်တော့ ဟုတ်တယ် ဒါ ကျမရဲ့ ငါးနှစ်စီမံကိန်းပဲလို့ ၀န်ခံလိုက်ရတယ်။ ဒါ ကျမ လုပ်လိုက်တာ ဒီ ငါးနှစ်အတွင်းမှာ ကျောင်းသား တပ်မတော်ကြီးကို စည်းရုံးဖို့ ကျမ လုပ်ခဲ့တာ ဆိုပြီး ဟုတ်သည်ရှိ မဟုတ်သည်ရှိဇာတ်လမ်းတွေ လျှောက်ရေးပေးရတယ်။
ကျမ ကို တခါဖမ်းပြီး နှိပ်စက်ရင် ဇာတ်လမ်းတပုဒ်ရေးလိုက်ရင်းနဲ့ အဲဒီတုန်းက ကျမ ရေးခဲ့ရတဲ့ ဇာတ်လမ်းတွေက တော်တော်များတယ်။ အားလုံးကို ကျမ မမှတ်မိဘူး။ အဲဒီထဲကမှ ရေလှိုင်းစစ်ဆင်ရေးနဲ့ ငါးနှစ် စီမံကိန်းကိုပဲ မှတ်မိတော့တယ်။အင်း ကျမတို့ရဲ့ အယောက် ၁၀၀ လုံး ရဲ့ထွက်ချက် စစ်ချက်တွေတာရရင် ပွဲကြီးပွဲကောင်းဘဲ.သိလား။ဟိုတတယောက် ဒီတယောက်ရဲ့ စစ်ချက်မလိုဘူးနော်။ ချွင်းချက်မရှိ ။ အယောက် ၁၀၀ လုံးရဲ့ ထွက်ဆိုချက် စစ်ချက်တွေကိုဘဲလိုချင်တယ်။
သိတယ်မှုတ်လား။ သူတို့ဖမ်းတုန်းသတ်တုန်းကတောင် ချွန်းချက်မရှိသတ်ခဲ့သေးတာဘဲ။ ခုလည်း ကျမတို့ အယောက် ၁၀၀ လုံးရဲ့ စစ်ချက်တွေကို ချပြရဲရမှာပေါ့။
ပြီးတော့ ကျမတို့တရားခံတွေကိုရိုက်ထားတဲ့ ဗွီဒီယိုလည်းချပြပေါ့နော။ ကျမက အတိအကျကြားတယ်။ ဗွီဒီယိုထဲမှာ ကျမတို့ဆီက ရတဲ့ အဆိပ်၊
လက်နက်၊ စကားပြောစက်တွေ ဆိုပြီး ပြထားသတဲ့။ တကယ်တရားကျပါတယ်။ တကယ်တော့ သူတို့ ကျမတို့ ဆီကနေ ဘာမှ ရတာမဟုတ်ဘူး။
နောက်တော့ အဲဒီအချိန်မှာပဲ ကျမတို့ကို အလံတိုင်ကုန်းရဲ့နောက်ကို ထောင်ရွေ့လိုက်တယ်။ ထောင်ကုန်းရောက်သွားတော့ နေရာတာက နည်းနည်းလေးတော့ပိုလွတ်လပ်သွားတယ်။ ကြားရတာကတော့ စစ်ကြောရေးတွေ ပြီးသွားပြီပေါ့။ လူတွေလည်း ထပ်မဖမ်းတော့ဘူးပေါ့။
အဲဒီနောက်တော့ အဖမ်းခံထားရတဲ့ ကျမတို့ မိန်းကလေးတွေ ဖြစ်တဲ့ ကျမရယ်၊ ခင်ချိုဦးရယ်၊
ထူးထူးရယ် ကျမတို့၎ ယောက်က ထောင်သားတွေအတွက် ထမင်းဟင်းချက်ရတယ်။
အဲဒီအချိန်မှာ ကိုထွန်းအောင်ကျော်က ရေလာလာတောင်းသောက်ရင်းနဲ့ ကျမနဲ့စကားပြောခွင့်ရတယ်။ တခွန်းစ နှစ်ခွန်းစပေါ့။
သိပ်သနားဖို့ကောင်းတယ် သူက ရေသောက်ရင်းနဲ့ စကားပြောရတာ၊ ရေတွေက ပါးစပ်ကနေ စီးကျနေတုန်းကို စကားပြောရတာ။
ခုလိုတွေ ကျောင်းသားတွေကို ဖမ်းပြီး ရက်ရက်စက်စက်လုပ်နေတာတွေကို ကိုထွန်းအောင်ကျော်က မကြိုက်ဘူး။ လက်လည်း မခံနိုင်ခဲ့ဘူး။
ကိုထွန်းအောင်ကျော်ကို မဖမ်းခင်တုန်းက ကိုထွန်းအောင်ကျော်က ပြောတယ်တဲ့၊ ထောက်လှမ်းရေး ဆိုပြီး ဖမ်းထားတဲ့ သူတွေကို စစ်ပြီးရင် ပြန်လွှတ်လိုက်ပါလို့ ပြောခဲ့တယ်လို့ ပြောတယ်။ နောက်မှသိရတာပေါ့နော်။
ကိုထွန်းအောင်ကျော်က သိပ်သနားဖို့ကောင်းတယ်၊ သူက စိတ်သဘောထားကောင်းတယ်။ ခုလို သူကိုယ်တိုင်လည်း ခံနေရတဲ့ ကြားကနေ ကျန်တဲ့သူတွေကို အားပေးတယ်။ ကျမကိုလည်း သူက ပြောတယ်။ အဲဒီနေ့က ရေသောက်ရင်းနဲ့ စကားကို ခိုးပြီး ပြောရတဲ့အနေ အထား။ဖမ်းထားတဲ့ သူတွေကို စကားပြောခွင့် မပေးဘူး။ မရှိဘူး။ ဒါပေမဲ့ ကိုကြီးက ရေသောက်ရင်း စကားလာပြောတယ်။
`ငါ့ကို ခွင့်လွှတ်ပါ…ငါ သူတို့တွေ ဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ဘူး` တဲ့..။ပြောပြန်တယ်လေ ။
ပြီးတော့ သူက ကျမကို ပြောတယ်။
`မငယ်တဲ့…မင်းလွတ်လိမ့်မယ်… မင်းလွတ်မှာပါ` တဲ့။ အဲလို ပြောတယ်။
ကျမ ဘယ်ထင်မလဲ။စိတ်ဓါတ်ကလည်း ကျနေပြီ။ လွတ်မယ်ဆိုတာကိုလည်း မယုံဘူးဖြစ်နေတယ်ပေါ့။ ကိုကြီးက ကျမကို ဆက်ပြောတယ်။
`မင်းလွတ်လိမ့်မယ်…. မင်း သစ္စာဆိုပါ`…တဲ့။
ပြီးတော့ သူက ဆက်ပြောတယ်။ မင်း မသေနိုင်ဘူးတဲ့.. မင်း .ငါတို့ရဲ့သမိုင်းကို ပြောပေးပါ…တဲ့။
သူက အဲဒီလို သေချာ မှာခဲ့တယ်။ ကျမလည်း ဟုတ်ကဲ့ပါပေါ့ ။ကတိပေါ့နော် ။ကတိပေးခဲ့ပါတယ်လေ။
တကယ်တမ်း သူက အဲလိုပြောတော့ ကျမကိုယ်တိုင်ကလည်း သေမယ် မသေဘူးဆိုတာ မသေချာဘူး။
ကျမကိုယ်တိုင်ကလည်း နန်းစောကို ပြန်မှာနေတာ။ နန်းစော ငါသေလို့ရှိရင် ဆိုပြိးတော့ ပြန်မှာနေရတာ။
အဲဒီအဖြစ်တွေများလေ...ကျမတို့ အားလုံး ဘဝတွေ ပျက်ခဲ့ကြရပါတယ်။
ဘာပဲပြောပြော ကိုကြီးက ကျမတို့ကို အဲလို အားပေးခဲ့တယ်။မင်းမသေ ပါဘူးပေါ့နော်။သူတို့သမိုင်းပြန်ပြောပေးပါလို့လည်းအခွင့်သင့်တိုင်းမှာရှာတယ်။
သူ ပြောပြီးတဲ့ နောက်မှာ ကျမ ဘုရားရှစ်ခိုးဖို့ ဆိုတာကို တွေးမိတယ်။ သန္နဗုဒ္ဒေ ဂါထာတို့၊ ဥဒေါင်းမင်းဂါထာတို့ကို ရွတ်ဖို့ သတိဝင်လာတယ်။
အဲဒီဘုရားရှစ်ခိုးနည်းတွေကို အဖေက သင်ပေးထားခဲ့တာ။အဲဒါတွေကို ရွတ်ခဲ့တယ်။စိတ်ကိုလည်း တည်ငြိမ်အောင် ထားခဲ့တယ်။ အားတော့ရှိလာသလိုပဲ။
ဒါပေမဲ့လေ တရက်ကြတော့အဲဒီနေ့က ကျမတို့ကလည်း ထမင်းချက်နေတုန်း ကိုထွန်းအောင်ကျော်တို့ကိုလာခေါ်တယ်ပေါ့နော်။
ကိုကြီးဆီကအကြည့်တချက် ကျမ ရလိုက်တယ်။ တခုခုတော့ တခုခုပဲပေါ့။
သူတို့က လူသတ်ကုန်းကို ကိုထွန်းအောင်ကျော်ရယ်၊ ကျော်ဝေရယ်၊ ကျော်ကျော်မင်းရယ်၊ကိုချိုကြီးရယ် လူသတ်ကုန်းပေါ် ပါသွားတယ်။
စိတ်ထဲမှာတော့ လုံးဝ မကောင်းဘူး၊ တခုခုတော့လုပ်ပြီလို့ အဲလို သိလိုက်တယ်။ သွားပြီလို့ သူတို့ကို လူသတ်ကုန်း ခေါ်သွားကြပြီ။
ကျမတို့ထမင်းချက်တဲ့နေရာကနေ လူသတ်ကုန်းကို လှမ်းမြင်နေရတယ်။ သူတို့လူစု တက်သွားကြတာတွေ့လိုက်တယ်။ စိတ်ထဲမှာ တကယ်ကို မကောင်းတာ။
ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူး။ ဒီအတိုင်း ငေးကြည့်နေရုံအပြင် ဘာမှလည်း လုပ်မပေးနိုင်ဘူး။
တကယ်ကိုပါဘဲလေ။ခံစားခဲ့ရတယ်။တော်တော်ကြာတယ်။ ကျမလည်း ငိုင်နေမိတယ်။ အဲဒီအချိန်မှာ ခင်ချိုဦးကပြောတယ်။ ဟိုမှာပြန်လာပြီ တဲ့။ အဲလို ပြောတော့ ကျမ စိတ်ထဲမှာ တော်ပါသေးရဲ့ သူတို့ခေါ်ပြီးတော့စစ်ဆေးပြီး ပြန်ခေါ်လာတာပဲလို့ စိတ်ထဲမှာ အဲလို ပေါ့သွားတယ်။ မသတ်ဘူးဆိုပြီး ပျော်သွားတာပေါ့။
ဒါပေမဲ့ လှမ်းကြည့်လိုက်တော့ အဲဒီအုပ်စုမှာက ကျော်ကျော်မင်းက တုန်ချိပြီးတော့ ပြန်ပါလာတာ။ ကျော်ကျော်မင်း တုန်ချိပြီး အကြောက်လွန်ပြီးတော့ပြန်ပါလာတာ တွေ့ရတယ်။ပြီးတော့ အိုကေကလည်း မျက်စိမျက်နှာပျက်ပြီး ပြန်လာတယ်။
အဲဒီနောက်က ကိုထွန်းအောင်ကျော်။ ကိုထွန်းအောင်ကျော်က အဲဒီအချိန်မှာ ခြေထောက်ကို မီးဖုတ်ခံထားရလို့ ခြေထောက်က ထောက်လို့မရတော့ဘူး တုတ်ကောက်ကလေးနဲ့ ထောက်နေရပြီ၊ပြီးတော့ နှိပ်စက်ထားလို့ ခါးကလည်း ကုန်းနေပြီ။ အဲလို တုတ်ကောက်နဲ့ခါးကုန်းကုန်းနဲ့ တုန်ချိတုန်ချိလျှောက်လာတဲ့ ကိုထွန်းအောင်ကျော်ရဲ့ မျက်နှာမှာရော၊ အကျီာင်္တွေမှာရော သွေးတွေ။ သူ့မှာ သွေးတွေပေနေတယ် ။မျက်နှာမှာ သွေးလုံးဝ မရှိတော့ဘူး အရမ်း ပျက်နေပြီ။
သူတို့ကို ကြည့်ပြီးတော့ တခုခုတော့ဖြစ်ခဲ့ပြီလို့ တွေးမိလိုက်တယ်။ အဲလိုနဲ့ ကျမလည်း စောင့်ကြည့်နေတုန်း တော်တော်ကြာမှ ကိုချိုကြီး ပြန်လာရတယ်၊
အဲဒီမှာကိုချိုကြီးမှာ လက်မပါလာတော့ဘူး။ သူတို့ ကိုချိုကြီးကို လက်ဖြတ်လိုက်ကြပြီ။နောက်… အဲဒီနေ့က ကိုကျော်ဝေ ပြန်ပါမလာတော့ဘူး။
အဲဒီနေ့က သူတို့က ကိုကျော်ဝေကို ခေါင်းဖြတ်သတ်လိုက်ပြီ။ ပြီးတော့ကိုကျော်ဝေရဲ့ ခေါင်းဖြတ်ပြီးတော့ လည်ပင်းငုတ်တိုကနေ ပန်းထွက်နေတဲ့ သွေးတွေကို ကိုထွန်းအောင်ကျော်ကို သောက်ခိုင်းတယ်။ ဟာ…။ ကျမ ထင်တောင်မထင်ထားဘူး ။ သူတို့ ဒီလိုတွေလည်း လုပ်လိမ့်မယ်လို့ ဘယ်လိုမှကို မတွေးရဲတဲ့ကိစ္စတွေ။
ပြီးတော့မှ ကိုချိုကြီးကို ကိုချိုကြီးရဲ့ လက်ကို တုံးပေါ်မှာ တင်ပြီးတော့မှ ဒါးနဲ့ ခုတ်ပြီး ဖြတ်တယ်တဲ့..။
အဲဒီလို ကိုချိုကြီးကိုလည်း လက်ဖြတ်ပြီးတော့ အဲဒီလက်ကိုလည်း ကိုထွန်းအောင်ကျော်ကို ကိုက်ခိုင်းတယ်လို့ ပြောကြတယ်။
တောအတူတူခိုလာတဲ့ ကျောင်းသားအချင်းချင်းတွေကိုပဲ သူတို့ လုပ်ခဲ့တာတွေက ဘယ်သူမှ မတွေးရဲတဲ့ ကိစ္စတွေကို သူတို့ တကယ်လုပ်ခဲ့ကြတာ။
ကိုကျော်ဝေက သူ့ကို ခေါင်းဖြတ်သတ်ခါနီးမှာ ကြွေးကြော်သွားတယ်တဲ့…။ ငါ ဓမ္မစစ်ကျာင်းသားကွ မင်းတို့သတ်လို့ငါသေပေမဲ့ ငါ့ဝိညာဉ်မသေဘူးကွ .. ကျော်ဝေ ဓမ္မစစ်ကျောင်းသားကွ .. သတ်လိုက်. ရတယ်လို့ အော်ဟစ်ဆိုပြီးတော့ ကြွေးကြော်သွားခဲ့သေးတယ် လို့ အစကနေအဆုံးမြင်ခဲ့တဲ့ သူတယောက်က ပြန်ပြောခဲ့တယ်။
ကိုကျော်ဝေကို ခုတ်သတ်ခဲ့တဲ့ ဓါးကို မျိုးဝင်းက ၀ယ်ထားပြီး အမြဲသွေးနေခဲ့တယ်။ တကယ်တော့သူက စိတ္တဇသမားပဲလေ။
သူ လုပ်ချင်သလိုလုပ်တယ် လူတွေကို သတ်ချင်သလို သတ်တယ်။ အဲဒီလိုလုပ်တဲ့ အချိန်မှာ ရော်နယ်အောင်နိုင်လည်း အနားမှာရှိတယ်၊ သူတို့ အဖွဲ့တွေ ရှိကြတယ်။
အပိုင်း(၁၃)
အဲလို ကိုကျော်ဝေကို ခေါင်းဖြတ်သတ်ပြီး၊ ကိုချိုကြီးကို လက်ဖြတ်ပြီးတော့အဲဒီရက်တွေမှာ ကိုထွန်းအောင်ကျော်က သူနဲ့ နီးစပ်တဲ့ သူတိုင်းကို သူက လိုက်မှာတယ်။ သူက မသေဘူး၊ အသတ်မခံနိုင်ဘူး လို့ ထင်တဲ့ သူတွေကို လိုက်မှာနေတာဖြစ်မယ်။ အဓိက ကတော့သမိုင်းကို ပြောပေးဖို့နဲ့ အမှန်တရားကို ဖော်ထုတ်ကြဖို့နဲ့ သူတို့ အသတ်ခံရရင် အဲဒီအကြောင်းတွေကို ပြောပေးဖို့ပါ။  ဘယ်သူက ကိုယ့်သမိုင်းစစ်စစ်ကို အဖျက်ခံရတာကျေနပ်နိုင်မှာလဲ။
တကယ်တော့ အဲဒီအချိန်တုန်းက မျိုးဝင်း၊ သံချောင်း တို့ဦးဆောင်ပြီး လုပ်နေတာက ရော်နယ်အောင်နိုင်လည်း ရှိတယ်။ ရော်နယ်အောင်နိုင်က ကိုထွန်းအောင်ကျော်ရဲ့ ရင်ဘတ်ကို ခြေထောက်တွေနဲ့ပိတ်ကန်တဲ့ ထဲမှာ ပါခဲ့တယ်။ သူတို့တွေ စိတ်ကူးပေါက်သလိုကို နှိပ်စက်ခဲ့ကြတာကိုး၊ နှိပ်စက်နည်းတွေကလည်း တော်တော်စုံပါတယ်။
စစ်ကြောရေးပြီးလို့ ဆက်ဖမ်းထားတဲ့ ကာလတွေက အရှည်ကြီး နေ့စဉ် ကျော်ဖြတ်ရတာ သိပ်ပင်ပန်းတယ်၊ သိပ်ပြီးတော့လည်း ကြောက်ဖို့ ကောင်းတယ်။ သူတို့ လုပ်ချင်တိုင်း လုပ်တယ်၊ လုပ်ချင်သလို လုပ်တယ်။ သူတို့ ဒီလို စိတ်ကူးပေါက်တိုင်း လုပ်နေကြတာကို ဘယ်သူကမှလည်း ၀င်မပြောကြဘူး၊ ကျမ ကြားဖြတ်ပြောမယ်။
ဒါက စစ်ကြော ရေးမှာမဟုတ်ဘူး။ အဖမ်းခံထားရတဲ့ သူတွေကိုမထင်ရင်မထင်သလို အ၇က်ကလေး သောက်ပြီးတိုင်း လာနှိပ်စက်ကြတဲ့အကြောင်းတွေထဲ က ကျမအတွက် မှတ်မှတ်ရရ ညတည အကြောင်း လေ။ အရင် ကျမပြောခဲ့တယ်နော် ။ ကျမတို့တတွေကို ယမ်းချည်ပြီးလက်ခြေဖြတ်တယ်ဆိုတာ
လေ။ နောက် KIA က ဒူကမ္ဘာ့ ပန်းအောင်လာတားသွားလို့ လက်ခြေ မဖြတ်တော့ဘူး ။ နောက်တော့ ထောင်နေရာကို အလံတိုင်ကုန်း အနောက်ဘက်ရွှေ့လိုက်တယ် ။ဟုတ်တယ်။
ကျမတို့ကိုအဲ့ဒီ အလံတိုင်ကုန်းအနောက်လည်းေ၇ွှ့ပြီးရော သူတို့ အခေါ် ထောင်ကုန်းပေါ့။ သိပ်မကြာပါဘူး .ဒီ ..ကိုကျော်ဝေကို ခေါင်းဖြတ်မသတ်ခင်ပေါ့ နော .။
ည ..အဲ့ဒီည .ကျမတို့တွေ အားလုံး ကို အိပ်ထားခိုင်းတဲ့ အချိန်ပေါ့ .. လူသံတွေ ဆူဆူညံညံ
ကြားပြီး တယောက်က ညစ်ညစ်ညမ်းညမ်းဆဲပြီး အားလုံးကို ထ ထ ဆိုပြီးအော်တာ . သိလိုက်ကြ ပါပြီ . အဆော်ခံ အထုခံ ထိကြတော့မယ်ဆိုတာ သိလိုက်ပြီ။ ဒါကတော့ ထုံးစံဖြစ်နေပြီကိုး။
 တကယ်ဘဲ  ထင်တဲ့အတိုင်း ၀င်ရိုက်ကြပြီ  ။ရိုက်သံ နှက်သံတွေ ကြားရတာ။ ကျမတို့ ထောင်ကျနေတဲ့သူတတွေအားလုံးကို မျက်လုံးတွေကိုစည်းထားတော့ဘယ်မြင်ရမှ
လဲ။  ဆိုတော့ ..ဘယ်သူ တွေက ဘယ်သူ့ကို ထုထောင်းနေပြီးဘယ်သူတွေ ဘယ်လောက်ခံစားနေရလည်း ကျမတို့
မမြင်နိုင်ကြဘူး။ အသံက အောင်သန်းခေါ် ဘဂျမ်းပေါ့ နော.။ တပ်ရင်းမှူးရာထူးပေးထားတယ်လေ။ တကယ်တော့ သူ့ရဲ့ ပညာအရည်အချင်း ၄ တန်းရှိတယ်။ ဒါပေမဲ့ သူ့ကို တပ်ရင်းမှူး၇ာထူးပေးထားတယ် ဆိုတော့ စဉ်းစားသာကြည့်တော့ ပညာမတတ်ဘူး ။ လုပ်သင့် မလုပ်သင့် မစဉ်းစားနိုင်ဘူးလေ။
အဲ့ဒီလူဟာ ရက်စက်ကြမ်းကြုတ်တဲ့နေရာမှာ တအားဘဲ ။ သူ့ရဲ့အော်ဟစ်ပြီး အသကုန်ထုရိုက်နေသံတွေ ။ ငြီးတွားနေသံတွေ ထောင်တခုလုံးပွက်လောရိုက်နေတာ။ ထောင်တခုလုံး ငရဲဘဲ .. အော်ဟစ်ညီးတွားသံတွေ နဲ့..။ ဘာတွေ ဘယ်လိုလုပ်ကြသလဲဆိုကျမ မသိဘူး ဒါပေမဲ့ ရက်ရက်စက်စက်တွေ လုပ်နေပြီ ဆိုတာကိုတော့ အသံတွေကြားနေရလို့ သိလိုက်ပြီ။
ကျမတို့လည်း ဘယ်အချိန်ငါတို့ ကလှည့်လည်းပေါ့နော ..ခေါင်းငုံ့ပြီးစောင့်နေကြ၇တယ် ..တကယ့်ကို ခေါင်းလေးတွေငုံ့ပြီး ငုတ်တုတ်။
သူတို့တွေလေ ..အဲ့ဒီနေ့က သိုက်ထွန်းဦးတို့ ဒီ ဘဂျမ်း (အောင်သန်း) တို့အရက်တွေ သောက်ပြီး မူးပြီးလာကြတယ်။
ဘဂျမ်းက ထောင်ကုန်းပေးတက်လာပြီး လာထုထောင်းတာ။
 ခဏနေတော့ .သိလား ။ပြေးလာတဲ့ အသံနဲ့ သူက ကျမနားကို ရောက်လာတယ်။ သူက `မင်းက ဒီထဲမှာတောင် မညှိုးပန်းလုပ်နေတုန်းပဲ` လို့ ပြောပြော ဆိုဆိုနဲ့ ကျမ မျက်နှာပူကနဲ ဖြစ်သွားတယ်။
ဟာ ...အဲဒါ မီး...မီးလို့ သိလိုက်ရတော့။ မီးလေ .. မီး ။ မီး စနဲ့ ထိုးလိုက်တာ ကျမ မျက်နှာကို မီးနဲ့ထိုးလိုက်တာ။
မျက်နှာတခုလုံး နက်နက်ရှိုင်းရှိုင်း ပူလောင်သွားတာ။ကျမ ခေါင်းအနောက်ကို လန်သွားတဲ့အချိန် နောက်ထပ်တခေါက် ထပ်ထိုးပြန်တယ်။ပူလိုက်တာ....
အဖြစ်အပျက်ကသိပ်မြန်တယ်..သိလား။အဲံဒီအချိန်မှာ တယောက်ယောက်က ဟာမလုပ်နဲ့ မလုပ်နဲ့ ဆိုပြီး ၀င်တားတဲ့ အသံကြားလိုက်ရတယ်။
ဒါပေမဲ့ သိပ်နောက်ကျသွားပြီ ။
နောက်တချက် အဲ့ဒီ မီးစွဲ နေတဲ့ ထင်းတုံးနဲ့ဘဲ ကျမ မျက်နှာကို လွှဲ ရိုက်လိုက်တာ. မျက်စိစည်းထားတဲ့ အဝတ် တောင် ပြေကျသွားတယ်။
အပူဒဏ်နဲ့ အတူ ကျမ ကမန်းကတန်း ခေါင်းငုံ့နေလိုက်တယ်။ ခုလို ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ကြားထဲ နောက်တခါထပ် မီးစနဲ့ထိုးရင် မျက်လုံးထဲမီးစ ဝင်သွားမှာစိုးလို့မျက်လုံးအစုံကို တအားပိတ်မှိတ်ထားမိတယ်။
 နှာခေါင်းထဲမှာ တစ်စို့ လာတာ .. တမျိုးဖြစ်လာတာ ..ကျမမျက်စိစည်းထားတာလဲ အဲဒီမှာ ပြေသွားတယ်။ ကျမ မြင်လိုက်ရတာက  သွေးတွေ... သွေးတွေ ကျမဆီကနေ ကျလာတဲ့ သွေးတွေ ။
ကျမ ကပျာကယာဘဲ လက်ခုံ တဘက်နဲ့ နှာခေါင်းထဲကသွေးကျလာတာကို ခံထားလိုက်တယ်။ မရတော့ဘူး။ သွေး ကျတာ တအားများ
တော့ လက်နောက်တဘက်နဲ့ အတင်း မ၇မက သွေးခံထားလိုက်တယ်။ လက်ခုံ ၂ဘက်စလုံးသွေး ကပြည့်ပြီး လျှံကျလာတယ်။
စောင်ပေါ်ကို သွေးစက်တွေ ဆက်တိုက်ဘဲ။ မျက်နှာကိုထင်းမီးစနဲ့ ထိုးထားတဲ့ ဒဏ်ရယ် ၊ ထင်းတုံးနဲ့လွှဲရိုက်တဲ့ ဒဏ်ရယ် ၊ သွေး ရယ် .. ကျမ တသက်နဲ့ တကိုယ်လေ .. ကျမခန္ဒာကိုယ်က သွေး ဒီလောက်ထွက်တာ ကျမမမြင်ဖူးဘူး။ ကျမ လက်ခုံ ၂ ဘက်ကနေ လျှံ့ကြနေတဲ့သွေးတွေ .. စောင်ပေါ်မှာ..အများကြီးပဲ အများကြီးပါပဲ။
အဲဒီအချိန်မှာ  မျိုးဝင်း အသံကြားရတယ် ။ပြီးတော့ မျိုးဝင်းက  ထောင်ထဲကို အပြေးအလွှားလာကြည့်တယ်။
အော်ဟစ်ကြိမ်းမောင်းတယ်။ ကျမတို့ကို လာနှိပ်စက်တဲ့ကောင်တွေကို အော်ဟစ်ကြိမ်းမောင်းတယ်။
 နောက် တယောက်က ရဲလင်း ရဲလင်း ဆိုတဲ့အသံကြားတယ်။ အသံတွေဆူညံနေ တယ်။ နောက်  အသံ ကြားတယ်.မျိုးဝင်းပြေးလာတယ်။ကျမအရှေ့မှာထိုင်ချတယ်။
ကျမ သူ့ကို မကြည့်ဘူး။ခေါင်းတအားငုံ့ပြီး မျက်လုံး တအားပိတ်ထားလိုက်တယ်။ မျက်စိစည်းထားတာ ကျွတ်နေပြီလေ .. ထောင်စည်းကမ်းချထားတယ်လေ. မျက်စိစည်းထား
တာပြေရင် အသကုန်အနွှာခံရတယ်လေ ။ ကျမမျက်နှာကို သူ ဆွဲမော့ကြည့်တယ် ။ ဟာ .မင်းကွာ.. ပြောတယ်။
ကျမနားကထထွက်သွားတယ် ။ ပြီး ချက်ခြင်း ပြန်ထိုင်တယ်။ ကျမလက် ခုံထဲကသွေးတွေ .. ရာသီဥတုက တအားအေးတယ် မို့လား။ သွေးတွေ ခဲပြီး ဂျယ်လီ လိုဖြစ်
နေပြီ။ မျိုးဝင်းက  ကျမ လက်ထဲကသွေးတွေ သုတ်ပေးသွားတယ်။ဆေးဆရာမတွေ လာကြတယ် ။
မျိုးဝင်း ထောင်အပြင်မှာဘဂျမ်းတို့ အုပ်စုကို တခုခုလုပ် နေသံကြားတယ်။ ကျမ ဆီ ကျမသူငယ်ချင်း ဆေးဆရာမပေါ့နော. ဘောက်မိုင်လာကြည့်
တယ်။ အဘောက် ..သိပ်ချစ်ဖို့ကောင်းတယ် .။ ရုပ်လည်းတအားချောတယ်. စိတ်ထားလည်းတအားကောင်းတယ်။
သူကမှာတယ်။ နောက်နေ့ ကို မျက်နှာရေမထိနဲ့ဦးတဲ့။ သူ KIA မှာ မငယ်အတွက် ဆေးသွားမေးပေးမယ်တဲ့ ။ တကယ်ဘဲ .. နောက်နေ့ ဘောက်မိုင်လာတယ်။
ကြက်ဥ အကာ အဖြူ နဲ့ တကယ့်ပျားရည်စစ်စစ်ပေါ့နော ..ေ၇ာစပ်ထားတာလေးနဲ့ မှန်မှန်လာလိမ်းပေးခဲ့တယ်။
မျက်နှာလုံးဝ ပျက်စီးပြီ ထင်ခဲ့တာ ..တော်တော် အခြေအနေ ကောင်းလာတယ်။
အဲ့ဒီညပေါ့နော.. နောက်မှ သိတာ ..ကိုရဲ ( ကိုရဲလင်း) ကိုလည်း KIA ဆေးရုံ တင်လိုက်ရတယ်တဲ့၊ သူ့ခေါင်းက ဘဂျမ်း(အောင်သန်း) ထုလိုက်တာဟက်တက်ကွဲသွားတာ အခြေအနေ တော်တော်ဆိုးတာ။ အထဲကိုတော်တော်နက်နက်ဝင်သွားတယ်ပြောတယ် ။ ကျမဆို သူ့ကို လက်လွှတ်ရပြီထင်နေတာ။ကံကောင်းတယ်။ ကံကောင်းကြပါတယ်လေ
..အဲ့ဒီညက လို့ဘဲ ကြံဖန်ကျေးဇူးတင်ပေးရမလားမသိဘူး။ထောင်ထဲ ဝင်ရမ်းနေတာ မျိုးဝင်းကို အကြောင်းကြား
တဲ့သူရှိပေလို့။ မဟုတ်လို့ကတော့ အောင်သန်းလက်ချက်နဲ့ ထောင်ထဲမှာအလောင်းဘယ်နှစ်လောင်းထပ်နေမလည်းဘဲ။
နောက်တော့ မျိုးဝင်းကစည်းကမ်းချက်ထုတ်လိုက်တယ်။ ထောင်ကုန်းကို ခွင့်မရှိရင်မတက်ဘူးပေါ့နော။
ဒါနဲ့ပေါ့နော. ကျမ ပြန်ဆက်ပြောမယ် ။
အဲလို ကိုချိုကြီးကို လက်ဖြတ်ပြီးတော့ ကိုချိုကြီးကို သွေးသွင်းပြီး ဆေးကုပေးတယ်။ အဲဒီတုန်းက မခင်ချိုဦးက ဆန်ပြုတ်လေးပြုတ်ပြီး ကိုချိုကြီးကို သွားတိုက်ရှာတယ်။ ခင်ချိုဦးက ကိုချိုကြီး သနားပါတယ်တဲ့… ဆန်ပြုတ်ပြုတ်ပေးရအောင်ဆိုပြီး ပြုတ်ပေးရှာတယ်။ သူ့ကိုတော့ ကျမတို့ကလည်း စပါယ်ရှယ်လုပ်ပေးကြတာပေါ့လေ မရှိ ရှိတာလေးတွေနဲ့ ဆန်ပြုတ်လေး ပြုတ်ပေးခဲ့တယ်။
နောက် သူ့နားကို သွားပြီး … အကို ထ…သောက်ပါလို့ လေ။
ကိုချိုကြီးကတော့ တအားကို စိတ်ဓါတ်ကျသွားခဲ့ပြီ။ သူတို့သေမယ် အသတ်ခံရမယ်ဆိုတာ သိနေပြီလေ၊ အဲဒီအတွက် စိတ်လည်း ပြင်ဆင်ထားပြီလို့ ကျမ ထင်တယ်။ အဲလိုဖြစ်နေတော့ ကျမက ကိုချိုကြီးကို ပြောရတယ်။
အကို..ထ ပါ သောက်ပါလို့..ကျေးဇူးပြုပြီးတော့ အကိုရယ် ကျနော်တို့စိတ်ချမ်းသာအောင် တဇွန်းလေးဖြစ်ဖြစ် ထသောက်ပါလို့ ပြောပြီး သူ့ကို ခွံကျွေးတယ်။
သူ့ကို ခွံ့ကျွေးတော့ သူက အေးတဲ့…ငါ့ညီမတွေ စိတ်ချမ်းသာအောင် ဆိုပြီး တဇွန်း နှစ်ဇွန်း ထပြီး စားပြရှာတယ်။
အဲဒါတွေ ပြီးတော့ ကျောင်းသားတွေကို အစုလိုက်အပြုံလိုက်ခေါင်းဖြတ်ပြီး သတ်တဲ့ ခေါင်းဖြတ်သတ်တာတွေဖြစ်ခဲ့တယ်။
၁၉၉၂ ခုနှစ် ဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ ဖြစ်ခဲ့တာပဲ။သိပ်ကို ရင်နာဖို့ကောင်းတယ်။ မြန်မာပြည်ရဲ့ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ဖို့အတွက် တောခိုလာတဲ့ ကျောင်းသားတွေကို ထောက်လှမ်းရေးတွေလို့ စွပ်စွဲပြီး အချင်းချင်း ခေါင်းဖြတ်သတ်ကြတဲ့ နေ့။ ကျောင်းသားတော်လှန်ရေးသမိုင်းမှာ သွေးစွန်းတဲ့ နေ့ပဲ။
အဲလို လူသတ်ပွဲကြီး မဖြစ်ခင်မှာ ထောင်သားတွေကို ကျင်းကြီးကြီး တူးခိုင်းထားတယ်။ ကျမတို့ ထောင်ကုန်းနဲ့ နီးနီးလေး မြင်နေရတယ်။
အဲဒီကျင်း အကြီးကြီးကို အားလုံးက ၀ိုင်းတူးပေးရတယ် ယောင်္ကျားလေးတွေ အကုန် လူခွဲပြီး တူးပေးရတယ်။ပြီးတော့ ပြောသေးတယ်၊ အဲဒီ ကျင်းကြီး တူးပြီးရင် မင်းတို့အားလုံး အဲဒီမှာ နေဖို့တဲ့…အဲဒီမှာ နေရမှာတဲ့…အဲလိုလည်း ပြောကြတယ်။ အဲလိုမျိုး ကျင်းတူးနေတဲ့ သူတွေကို လာလာပြောတော့ ကျမလည်း အဲဒီ ကျင်းကြီးကို ကြည့်ကြည့်ပြီး စိတ်တော်တော်ညစ်တယ်။ လန့်လည်း လန့်တယ်။ဘာမှန်းလည်း မသိဘူး၊ ဟိုက ခြိမ်းခြောက် ဒီက ခြိမ်းခြောက်နဲ့။
အဲဒီလူသတ်တဲ့နေ့ကတော့ အလုပ်တွေကို အားလုံးကို စောစောသိမ်းခိုင်းတယ်။ အခြားနေ့တွေတုန်းကထက် အလုပ်သိမ်းခိုင်းတာ အရမ်းစောနေတယ်။ နောက် ပေါက်ပြားတွေ တူးရွှင်းတွေ အကုန်လာယူသွားကြတယ်။ ပေါက်တူးတွေကိုလည်း ယူသွားကြတယ်။ ထောင်သားတွေ အလုပ်လုပ်တဲ့ ပစ္စည်းတွေကို အကုန်လာယူသွားကြတယ်။
အဲဒီမှာ ထမင်းချက်နေရင်းနဲ့ ကျမ စိတ်ထဲ တမျိုးကြီး ဖြစ်နေတယ်။ တမျိုးပဲ ၊…တခုခုကို ကြိုခံစားနေရသလိုပဲ ဖြစ်နေတယ်။ အရမ်းထူးထူးခြားခြားကြီး ဖြစ်နေတယ်။ လူသတ်ကုန်းကို ကြည့်တော့လည်း ရဲဘော်တွေက တော်တော်များများပဲ လူသတ်ကုန်းဘက်ကို တက်ကုန်ကြတယ်။နောက် အချိန် ၃နာရီလောက်ပဲ ရှိဦးမယ်။ ထောင်သားတွေ အားလုံးကို အစောကြီးအလုပ်သိမ်းလိုက်တယ်။
နောက် ကျမတို့ကို လာပြောတယ်။ ထောင်သားတွေကို ထမင်းကျွေးတော့ပေါ့။ ထမင်းကျွေးဆိုတော့လည်း ထမင်းကျွေးရတာပေါ့။ ထမင်းကျွေးတဲ့ အချိန်လည်း မဟုတ်ဘူး၊ ဒါပေမဲ ကျွေးဆိုတော့လည်း ကျွေးရတယ်။ ဒါပေမဲ့ ထောင်သားတွေကို သာ ကျွေးရတာ ကျမတို့ ထမင်းချက်တာဝန်ကျတဲ့ မိန်းကလေးတွေ မစားကြရသေးဘူး။ပြီးကျမတအားတွေးနေပြီ။ထောင်ပတ်ဝန်းကျင်မှာ ရဲဘော်တွေ လက်နက်အပြည့်နဲ့ ခါတိုင်းထက်များနေတယ်။စိတ်တွေတအားလှုပ်ရှားနေတယ်။တခုခုဘဲ .. ထူးခြားနေမှန်းသိသာနေတယ်။
ကျမတို့ထမင်းချက်တာဝန်ကျတဲ့ သူတွေကိုလည်း ထောင်ထဲ ၀င်ခိုင်းတယ်။ အဲဒီမှာ ထောင်မှူး ကျမတို့ မိန်းကလေးတွေ ထမင်းမစားရသေးဘူး လို့ ပြောတော့လည်း မရဘူး။ ထောင်ထဲ ၀င်ပေါ့။ အဲဒါနဲ့ ထမင်းမစားရသေးဘူလို့ ပြောတော့ သူက ကျမကို သေချာကြည့်ပြီးတော့ ဘာထူးလို့လဲ တဲ့။ အဲလို ပြောတယ်။အဲဒါနဲ့ ထောင်ထဲ ၀င်ခဲ့ရတယ်။
သိလိုက်ပြီ၊ ငါကတော့ သွားပြီလို့၊ ဒီနေ့တော့ လူသတ်ပြီပဲ သူတို့ လူသတ်ပြီ၊ သူတို့သတ်ပြီ ဆိုရင် ကျမကတော့ သွားမှာပဲ။ သတ်မှာပဲလေ။ ကျမ ဒါပဲ စဉ်းစားနေတာ။
ဘာတတ်နိုင်မလဲ -၀င်လိုက်တာပေါ့လေ၊ ၀င်လိုက်ပြီးတော့ ပုံဆန်နေရာယူနေကြအတိုင်း နေရာယူလိုက်တယ်။နန်းစော၊ နန်းစောဘေးမှာ ကျမ၊ နောက် ခင်ချိုဦး၊ ပြီးတော့ တူးတူးပေါ့။ဒါ ကျမတို့ အိပ်နေကျ ပုံစံလေ။
ပြီးအားလုံးပုံစံထိုင်ကြရတယ်။ မျက်လုံးတွေ လာစည်းတယ်။ ကြပ်နေအောင်တအားဆွဲစည်းတာ။ပြီးလက်နောက်ပြန်ကြိုးတုတ်။ခြေထောက်ကြိုးတုတ်ပေါ့။
လက်နောက်ပြန်တုတ်တော့လည်း ..တအားကြပ်နေအောင် တုတ်တာ . လက်ကောက်ဝတ်ဆိုနာနေရော။တုတ်ပြီးတာနဲ့
အားလုံးကို ဝါးထရံတွေဘက် မျက်နှာမူခိုင်းတယ်။သူတို့က ဘာပြောလဲ ဆိုတော့ အားလုံးကို အသံမထွက်ဖို့ ပြောတယ်။
နောက် သေးပေါက်ချင်တာ ချီးပါချင်တာ ဘာမှ မလုပ်ဖို့ ပြောတယ်။ ရေသောက်ချင်တာလည်း မရှိရဘူး။ ဘာဆို ဘာမှ လုပ်လို့မရဘူး လို့ ပြောတယ်။
ယားရင်တောင် မကုတ်ဖို့ ပြောတယ်။ အသံလုံးဝ မထွက်ရဘူး၊ လုံးဝ မလှုပ်ရဘူးလို့။
ထောင်တခုလုံးက အဲလို ပြောလိုက်ရင် လုံးဝ ငြိမ်တယ်၊ လုံးဝ အသံမထွက်၇ဲ ဘူး။မျက်စိတွေလည်း စီးထားလက်ပြန်ကြိုးတွေ တုတ်ထား၊
ခြေထောက်တွေလည်း ကြိုးချည်ထားတယ်။
လှဆိုင်းအသံကြားတယ်။ထောင်ရွှေ့မယ်ပြောတယ်။ကျမ ရင်တွေတအားခုန်လာတယ်။ သိနေပြီ ။ ဒါပါဘဲ ။နောက်ဆုံးအချိန် ပေါ့နော်။
၇င်ထဲမှာလေ ထုံကြင်မှု့ခံစားနေရတယ်။ မြင်ထားတာဘဲ ။လူသတ်ကုန်းဘက်ကို ပေါက်တူးတွေနဲ့တက်သွားကြတာ။နောက် အခု
လုပ်နေတဲ့အခြေအနေလေ.မသေချင်ဘူး။ဒီပုံစံတွေနဲ့ ။ခံစားချက်မဲ့လာတယ်။ဘာမှမျှော်
လင့်ချက်ဆိုတာမရှိတော့ဘူးပဲလို့ တွေးလိုက်မိတော့တယ်..။
နောက် လူတွေကို ဆွဲခေါ်ထုတ်သွားတဲ့အသံတွေ ကြားနေရတယ်။ ဘယ်သူတွေမှန်းတော့ မသိဘူး။ဒါပေမဲ အသံတွေက ကြားနေရတယ်။ နောက် ခြေသံက ကျမနားရောက်လာရော။ ကျမလေ ခံစားချက်တွေတအားမဲ့နေပြီ။ ကျမနားလာနေတော့ သေချာပြီ ကျမကို လာခေါ်တာပဲပေါ့။
မျှော်လင့်ချက်ကလည်း လုံးဝ မရှိတော့ဘူး။ ကျမကို လာခေါ်ပြီလေ။
ပုခုံးကို လာကိုင်တယ်၊ ပြီးတော့ လက်မောင်းကနေ ဆွဲပြီး ထူတယ်၊ ထူရတယ်။ ကိုယ့်ဟာကိုယ် ထလို့ မရဘူးလေ။
ကျမကို လာထူတာ အောင်စိုး .. ကျားလေးလို့လည်းခေါ်ကြတယ်။သူက ငြင်ငြင်သာသာပဲ မငယ်..ထတဲ့။ ဘယ်သူက ထချင်မှာလဲ။
ဒါပေမဲ့ ဘာတတ်နိုင်မှာလဲ…ဒါပေမဲ့ ထလိုက်တယ်။
အဲဒီမှာ ခံစားချက်လေ။ တအားခံစားရတယ် အဲဒီအချိန်မှာ။သွားပြီ.ငါ..ဒါဟာ နောက်ဆုံး အချိန်ပဲ ဆိုပြီး စိတ်ထဲမှာ ဟာ ထွက်သွားတာ။ ဘာမှ မရှိတော့ဘူး။ တကယ့်ကို။ခံစား
ချက်တအားမဲ့သွားပြီ .. ထုံကြင်မှု့ကအဆုံးစွန်ရောက်သွားတာပေါ့နော် ။ ဘယ်လို ရှင်းပြရမယ်တောင်မသိဘူး။ ဒီအဖြစ်မျိုးကိုယ်တိုင်ကြုံခဲ့ဘူးသူတွေဘဲခုကျမပြောတာတကယ်နားလည် ခံစားမိမှာ။
အဲ့လိုထိုင်ရာကနေ ထလိုက်တဲ့အချိန်မှာလေ အမေ.အမေ ပေါ့နော် ။ အမေ့ အပေါ်ကို သမီးပြောခဲ့ရ မှားခဲ့တာတွေသမီးကိုခွင့်လွှတ်ပါလို့ အမေ့ကို စိတ်မှန်းနဲ့ တောင်းပန်ရင်း ကန်တော့မိတယ်။ကျမက တကယ်ပဲ အမေ့အပေါ် ကန့်လန့်လုပ်ခဲ့တယ် မဟုတ်လား။
ကျမလေ ကျားလေးကိုပြောတယ်။ ငါ့ကို ဖိနပ်လေးပေးဝတ်ပါလို့။ သူခြေထောက် မှာလာစွတ်ပေးတယ်။ပြီးတိုးတိုးလေးပြောတာ။ မငယ် အသာလေးလိုက်သွားနော်တဲ့။
ကျမ သေလမ်းသွားဖို့ခြေတလှမ်း ရှေ့ထွက်ပြီးပြီ သိလား။ အဲ့အချိန်မှာ တယောက်က မဟုတ်ဘူး မဟုတ်ဘူး မငယ်မဟုတ်ဘူးတဲ့။
ဘာလဲ ..ဘာတွေလဲ.ခံစားချက်က နိမ့်လိုက်မြင့်လိုက်။ ကျမ နန်းစောနဲ့မချိုကြားပြန်ထိုင် လိုက်တယ်။ပြီး ကျမ ကြားတာက မချို ထ..တဲ့။
မိချိုကိုဆွဲထူကြတယ်။ ပြီး ခေါ်ထုတ်သွားတယ် လေ။ ဒါဘဲလေ .. ဒါ ဟာလေ မိချိုနဲ့ပက်သက်တာ ဒါဟာနောက်ဆုံးဘဲလေ . သူကျမဘေး
နားကထွက်သွားတာလေ . တကယ်နောက်ဆုံးသိလား။ သူ့ ရဲ့နောက်ဆုံးအချိန်လေ ။
တွေးမိတိုင်းကျမ နင့်နေအောင်ခံစားရတယ်။ ဒီနေ့အထိပါ ။
လူတွေဆွဲထုတ်သွားကြတာရပ်သွားတယ်။ ထောင်တခုလုံးပြန်တိတ်ဆိတ်သွားတယ်.သိလား။
နောက် နာမည်တချို့ပေါ့ .. လူစစ်တာထင်တယ်။ကျမလည်း သေသေချာချာသဲသဲကွဲကွဲ
မကြားဘူးပေါ့နော် ။
နောက်တော့လေ ..ခြေကျင်းသံလေးတွေ ကြားတယ်။ ခြေကျင်းတချွင်ချွင်နဲ့ သူတို့လှမ်း လျှောက်သွားကြတာလေ။အချိန်မတိုင်သေးဘူး အရွယ်မလင့်သေးဘူး။ အတင်းအဓမ္မ
မပြန်လမ်းကိုလေ.. ရော်နယ်အောင်နိုင်တို့ သံချောင်းတို့တတွေလေ ..ရက်ရက်စက်စက်ပို့ခဲ့ကြတယ်..။ သူတို့ တတွေ တဖြေးဖြေးခြင်း လျှောက်ထွက်သွားတဲ့ အသံ ဝေးသွားရော။
ထောင်တခုလုံးတိတ်ဆိတ်ပြီးကျန်ခဲ့တယ်။တော်တော်ကြာကြာတော့ တာ့မှ သေနပ်သံ ၂ ချက်ကြားတယ်။ နောက်တော့ ပြန်လာကြတဲ့ အသံ ခြေကျင်းတွေ
ထောင်မှာဖြုတ်ချတဲ့အသံ တွေပေါ့ ။ အဲ့ဒီမှာလှဆိုင်း ( အခု လက်ရှိ ABSDF-NB) မှာပေါ့။  သူက ဟာ...ဒီမှာ အများကြိးကျန်နေသေးတာဘဲ ဘာညာပေါ့လေ ပြောသွားသေးတယ်။
တာဝန်အရှိဆုံးကျောင်းသားခေါင်းဆောင်တွေလေ .ကျောင်းသားစစ်စစ် ၁၅ ဦးကိုသမိုင်း ဖျက်ပြီး၇က်ရက်စက်စက်သတ်ဖျက်ပလိုက်ကြတယ်လေကွာ...အဲဒီညက ပေါ့။
(မနန်းအောင်ထွေးကြည် ပြုစုထားသော စာရင်းကို ပူးတွဲဖော်ပြလိုက်ပါတယ်)
** ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရက်စက်စွာ သတ်ဖြတ်ခြင်းခံရသူ ၁၅ ဦး ။**
(၁) မခင်ချိုဦး ( ရန်ကုန်) - ABSDF ( မြောက်ပိုင်း) ရဲဘော်များအရှေ့မှာအသတ်မခံရခင် ကိုယ်တုံးလုံးချွတ်ပြီး သူမ၏တောင်းဆိုမှုအရ မျိုးဝင်းမှ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။)
(၂) ကိုဋ္ဌေးမြင့်ဝင်း( ရန်ကုန်) သေနပ်ဖြင့် ပစ်သတ်ခဲ့။ အသတ်မခံရခင် မျိုးဝင်းမှ မင်းဘာတတ်နိုင်သေးလဲ ဟု အငြိုးတကြီး ကြိမ်းမောင်းခဲ့)
(၃) ကိုမောင်မောင်ကြွယ် (ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၄) ကိုသက်နိုင် ( ရန်ကုန်) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၅) ကိုသာဓု (ရန်ကုန်) (ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၆) ရဲဘော် အောင်ဖိုး ( ရန်ကုန်)( သေဒဏ်မချခင် ခြေထောက်တွင် မိုင်းချည်ပြီး မိုင်းခွဲခြေဖြတ်ခြင်း ခံခဲ့ရ)
(၇) ကိုထွန်းအောင်ကျော် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရသည်.မျက်မြင်သက်သေတဦး
အပြောအရခေါင်းမပြတ်သဖြင့်ပြန်ထလာရာပေါက်ပြားနောက်ဖင်ဖြင့် ရိုက်ချသတ်ဖြတ်ခဲ့ သည်ဟုဆိုသည်။)
(၈) ကိုရန်အောင်( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ ။ခေါင်းဖြတ်သောအခါပြန်ထလာသဖြင့်ရင်ဘတ်အားသေနတ်ဘက်နက်ဖြင့်ထိုးသတ်ခံရ)
(၉) ကိုချိုကြီး ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ - သေဒဏ်မချခင် လက်ဖြတ်ခြင်းခံရ ။ခေါင်းဖြတ်သည့်အခါတွင်ထူးခြားတည်ငြိမ်စွာအဖြတ်ခံသွားသည်)
(၁၀) ကိုလှမြင့် ( မန္တလေး) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၁) ကိုမောင်မောင် ( ကသာ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ - လှဆိုင်းမှ ခုတ်သတ်ခဲ့ )
(၁၂) ကိုအေးမြင့်( ကသာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၃) ကိုကျော်ကျော်မင်း ( မုံရွာ ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၄) ဦးသောင်းမြင့် ( စစ်ကိုင်းတိုင်း ) ( ခေါင်းဖြတ်သတ်ခံခဲ့ရ)
(၁၅) ကိုတူးတူး ( မြစ်ကြီးနား) ( ခေါင်းဖြတ်သတ်ခံခဲ့ရ - ထွန်းနွယ်အောင် အားအချုပ်မှ
ဖေါက်လျှင် ပစ်မိန့်ပေးခဲ့သူ )
အထက်ပါ (၁၅) ဦးတွင်- မခင်ချိုဦးနှင့် ဋ္ဌေးမြင့်ဝင်းမှာ မိမိနှင့်အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် လုပ်အားပေးခဲ့ပြီး ABSDF ( ကချင်ပြည်နယ်) သို့ ရောက်ရှိခဲ့ပြီး ၁၉၈၉ ခုနှစ်၊ မေလ စစ်သင်တန်း အမှတ်စဉ် (၃) ကို တက်ရောက်ခဲ့သည်။ သူတို့နှစ်ဦး၏ တောင်းဆိုချက်အရ သေနပ်ဖြင့် ပစ်သတ်ခဲ့သည်။
ကျန် (၁၃) ဦးမှာ ရက်စက်စွာ ခေါင်းဖြတ်သတ်ခံခဲ့ရသည်။ ခေါင်းဖြတ်သတ်ခြင်းကို “ မျိုးဝင်းနှင့်လှဆိုင်း " တို့ နှစ်ဦးမှ ပြုလုပ်ခဲ့သည်။ လှဆိုင်းမှာ ယ္ခုအခါ ABSDF ( မြောက်ပိုင်း) တွင် ပြန်လည်ပါဝင်လုပ်ကိုင်နေကြောင်းသိရသည် ။
ဟု မနန်းအောင်ထွေးကြည် ပြုစုထားသော စာရင်းတွင် ဖော်ပြထားသည်ကို တွေ့ရပါတယ်။
အပိုင်း(၁၄)
ကျောင်းသား ၁၅ဦးကို အစုလိုက် သတ်ပြီးတဲ့ နောက်မှာတော့ တသုတ်ကိုတော့ သတ်ပြီးပြီ နောက်တသုတ်မှာ ငါပါပြီလား ဆိုတဲ့ ခံစားချက်တွေက အကုန်လုံးမှာ ရှိသွားကြပြီ။
ကျမတို့တွေ တယောက်ကိုတယောက်ကြည့်ကြတယ်၊ ဘာမှ မပြောနိုင်ကြဘူး။ အသံတွေလည်း တိတ်ဆိတ်လို့။ဝမ်းနည်းတယ် .. တအားဘဲ။
အဲဒီ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေ့လည်လောက်မှာ ထမင်းချက်နေတဲ့ ကျမ ဆီကို အိုင်အိုရုံးက လူတွေ ဖြုန်းခနဲရောက်ချလာကြတယ်။ အိုင်အိုရုံးက ကျော်ထင်ဦးက မငယ်တဲ့…ခဏ လိုက်ခဲ့ပါတဲ့ အဲလို ပြောတော့ ကျမစိတ်ထဲ ဟာ ငါတော့သွားပြီလို့ပဲ တွေးလိုက်မိတယ်။
ငါတော့ …သွားပြီလို့ ဒီလိုပဲ တွေးလိုက်တယ်၊ မနေ့ကထက် တရက်တော့ပိုအသက်ရှင်သွားတယ်ပေါ့ ဒါပေမဲ့ ဒီနေ့တော့ သွားပြီပေါ့။
အဲဒါနဲ့ နန်းစောကို တချက်ကြည့်လိုက်တယ်။ နန်းစောကလည်း တချက်ပြန်ကြည့်ပြီး ခေါင်းငုံ့သွားတယ်။ နန်းစောနဲ့ တူးတူးနဲ့ တချက်ကြည့်ပြီး ခေါင်းတွေ ပြန်ငုံ့သွားကြတယ်။
အဲဒီမှာ ကျမကို ခေါ်သွားကြတယ်၊ ပြီးတော့ စမားညီညီကိုခေါ်လာတယ်။ နောက်တိုးကြည်၊ နောက် ကျော်နိုင်ဦး၊ နောက်ဂျိုဖြူ…ငါးယောက်ပေါ့။ ကျမတို့ ၅ ယောက်ကို တန်းစီထားတယ်။ဘာတခွန်းမှ မပြောဘူး။
အဲဒီမှာကျမတို့ကို ညာဘက်ကို ခေါ်သွားရင် ကလူသတ်ကုန်းပ၊ဲ ဘယ်ဘက်ကို ခေါ်သွားရင်တော့ တပ်ပေါ့။ အဲဒီမှာ ကျမတို့ကို ဘယ်ဘက်ကို ချိုးလိုက်တယ်။ပြီးတော့မှ ၅ ယောက်ကို တန်းစီပြီး ခေါ်သွားတယ်။စိတ်ထဲ သက်သာသွားတယ်။ ဒါပေမဲ့ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ စိုးရွံ့နေတုန်းပဲ။ကျမတို့ကို သူတို့ ဒီ သံချောင်းလား၊ မျိုးဝင်းလား တယောက်ယောက်တဲဘဲ .. အဲ့ဒီကိုခေါ်သွားတာ။
တောင်ကုန်းမှာ လူတွေကလည်း များနေတယ်၊ သေချာကြည့်လိုက်တော့ နိုင်ငံခြားသားတွေပဲ။ အဲဒီနေ့က ကျမတို့ ၅ယောက်ကို ယင်ဒီးအပါအ၀င် နိုင်ငံခြားသား သတင်းထောက်တွေနဲ့ တွေ့ပေးတဲ့ နေ့ပေါ့။
ယိုးဒယား သတင်းထောက် ယင်ဒီးရယ်၊မလေးရှားသတင်းထောက်၊ ဂျပန်က သတင်းထောက်ရယ်၊ အဲဒီ ၃ဦးနဲ့ ပေးတွေ့တာ။တွေ့ပြီးတော့မှ သူတို့နဲ့ အမေးအဖြေ လုပ်ခိုင်းတယ်။ အမေးအဖြေလုပ်ခိုင်းတော့ရော ဘာထူးလဲ။
ယင်ဒီးကမေးတယ် နင်တို့ ထောက်လှမ်းရေးလားတဲ့ ဟုတ်တယ်ပေါ့။ ဘယ်ကလဲ ဆိုတော့NIB ကပေါ့။ အားလုံးက စစ်ကြောရေးမှာ ထွက်ခဲ့တဲ့အတိုင်းပဲ အကုန်ဖြေရတာပဲ။ အကုန်လုံးက ထွက်ချက်ပေးခဲ့ တိုင်းအတိုင်း ရွတ်နေကြရတာပဲ။
အဲဒီမှာ ယင်ဒီးကို ကိုအောင်နိုင်က ဘာပြောလဲဆိုတော့ စပိုင် ၁၅ ဦးကို အဲ့ီးအချိန်က ABSDF -NB ဗဟိုကော်မတီဝင်တွေ ဆုံးဖြတ်ချက် နဲ့ခုတ်သတ်လိုက်တယ်လို့ ပြောခဲ့တယ်။ နောက်ပြီး သူက ပြောတယ် သူတို့တွေက မနှိပ်စက်ရင် မဖြေဘူး၊ ခေါင်းမာကြတယ်တဲ့။ အဲလို ပြောခဲ့တယ်။
ပြီးတော့ ယင်းဒီကိုရှင်းပြနေတာက ကျမတို့တွေဝန်ခံအောင် electric shock တွေ ပေးရတယ်ပေါ့။ရိုက်တယ်ပေါ့။အဲ့ဒါတွေကို The Nation သတင်းစာထဲမှာ ယင်ဒီး အတိအလင်းရေးထားပါတယ်။
နောက်တော့ သတင်းထောက်တွေက ကျမတို့ကို ဓါတ်ပုံတွေရိုက်၊ ဗီဒီယိုတွေ ရိုက်ပေါ့၊ အဲဒါတွေလည်း လုပ်ကြတာပေါ့။ အဲလိုပဲတကယ်ထောက်လှမ်းရေးလည်း မဟုတ်ကြဘဲနဲ့ ထောက်လှမ်းရေးမ ဟုတ်ပါဘူးလို့ ပြောလိုက်ရင် သေပြီ ဆိုတာ သိနေတော့ ကိုယ့်အသက် ကိုယ် ရှည်အောင် မွေးရတော့တာပဲ။
နောက်ထောင်ကုန်းကိုပြန်လာကြတော့ ကျမကိုလည်း မြင်လိုက်ရော နန်းစောနဲ့ တူးတူး မျက်နှာလေးက ၀င်းသွားတယ်။ သူတို့ စိတ်ပူခဲ့တယ်၊ အခု ကျမကို မသတ်သေးဘူး မြင်လိုက်ရတော့ ၀မ်းသာ သွားတာပေါ့။တကယ်ပါ ။
ကျမတို့ရဲ့ ဘ၀က ထောင်ထဲမှာ အမြဲ စိုးတထိတ်ထိတ်နဲ့နေနေရတဲ့ဘဝကလေ .. ဘာနဲ့မှမတူဘူး။ ကျမတို့ရဲ့အသက်အာမခံဆိုတာဘယ်မှာလဲ ။
သူတို့စိတ်ထင်တာ သူတို့လုပ်နေကြတာမဟုတ်လား။
နောက်တော့ဖေဖော်ဝါရီလ ၁၉ ရက်နေ့ညမှာ ကျမတို့ကို တခါ လာခေါ်ပြန်တယ်။ ထုံးစံအတိုင်း ခေါ်တယ်ဆိုရင် လန့်ကြပြီပဲ။
သူတို့က လာခေါ်တော့လည်း သွားရတာပဲ ဘာတတ်နိုင်မှာလဲ။
ကျမရယ်၊ စမားညီညီ၊ ဘိုဘို၊ကိုကြောင်၊ ကိုရဲလင်း၊၀ဏဇော်၊ညီညီအောင် တို့ကို သူတို့က မိဘတွေဆီကို စာရေးခိုင်းတယ်။ ဘယ်သူနဲ့ပေးလိုက်မယ် ဘာညာဆိုပြီးတော့ မပြောဘူးနော်၊ စာရေးခိုင်းရုံတင် ရေးခိုင်းတာ။
စာရေးတဲ့အခါမှာလည်း ကိုယ်က ထောက်လှမ်းရေး ဆိုတာကို ရေးရမယ်ပေါ့၊ ပြီးတော့ လာတွေ့ခိုင်းတယ်ပေါ့။ အဲဒီမှာ မျိုးဝင်းက ကျမကို ပြောတယ်။ မငယ်တဲ့…အဖေလာတွေ့ခိုင်းမှာလားတဲ့။ ဆိုတော့ ကျမ စဉ်းစားမိပြီ။ ဒီကောင် ငါ့အဖေကို ခေါ်ချင်တာပဲပေါ့။ ဒုက္ခတော့ ရောက်ြ့ပီပေါ့။ ကျမ အဖေကလည်း ၁၉၆၉ ခုနှစ်က ထောက်လှမ်းရေး တပ်မှူးဟောင်း ဆိုတာကို ကျမ ပြောခဲ့ပြီးသားနော်။
အဲဒါနဲ့ သူ့ကို ကြည့်ပြီးတော့ ကျမ ပြောလိုက်တယ် လာမယ်ထင် တယ်လို့လေ။ ကျမလည်း ခပ်တည်တည်ပဲ လာမှာပေါ့လို့၊ လာရမှာပေါ့လို့ ဆိုပြီးတော့မှ ကျမစာရေးတဲ့ အခါကျမှာ ရေးလိုက်တာ ကျမက အမေဆိုတဲ့ အသုံးအနှုန်းကို စာထဲမှာ များများထည့်ရေးလိုက်တယ်။
စာစရေးကတည်းက အမေနဲ့ အဖေ ဆိုပြီး ရေးတာ။ နောက်သေချာ စဉ်းစားပြီး အမေကို များများ ဖိရေးနေတာ။ အဲလို ကျမတို့ တွေ စာရေးနေတုန်း စိတ်မကောင်းစရာကိစ္စကလည်း ဖြစ်ခဲ့သေးတယ် သိလား။
အဲလို ကျမတို့နဲ့ မျိုးဝင်းတို့ ၊အောင်နိုင်တို့အတူရှိပြီး စာရေးနေတုန်းမှာ ရဲဘော်တရုတ်ကြီးက လာသတင်းပို့တယ်။မျိုးဝင်း ဆီကိုလေ။
သူက KIA ဆေးရုံက သတင်းပို့တယ်တဲ့ ရဲဘော် စိုးသန်းဝင်း ပျောက်သွားပြီတဲ့။ အဲလို လာပြောတော့ မျိုးဝင်းက စိတ်တိုသွားပြီး သူ့ရဲ့ လက်ဆွဲတော် ဓါးကို ဆွဲထုတ်ပြီး ဒီဒါးနဲ့ အပြတ်ရှင်းလို့ ပေးလိုက်တယ်၊ ပြီးတော့ ရဲဘော်တွေကို ၂ သုတ်ခွဲပြီး လိုက်ခိုင်းတယ်။ တသုတ်က KIA ဆေးရုံကို ဘယ်ကနေ ဘယ်လိုဖြစ်လဲဆိုတာကို အကျိုးအကြောင်း သွားမေးဖို့ လိုက်ခိုင်းတယ်၊ နောက်တသုတ်ကတော့ ပျောက်သွားတဲ့ စိုးသန်းဝင်းကို လိုက်ရှာခိုင်းတယ်။
အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တကယ်တော့ မျိုးဝင်းတို့ ထင်သလို စိုးသန်းဝင်းက ပျောက်သွားတယ်ဆိုတာ ထွက်ပြေးသွားတာ မဟုတ်ဘူး၊ သူေ၇ာဂါပျောက်သွားလို့ KIA က ကျောင်းသား ရဲဘော်ကို လာခေါ်ဖို့ လှမ်းပြီး ရဲဘော်စိုးသန်းဝင်း ပျောက်ပြီ ဆိုပြီး သတင်းပေးတာ၊ ဒါကိုသတင်းလက်ခံတဲ့ သူက ရှင်းရှင်းလင်းလင်း မမေးဘဲနဲ့ သတင်းမှားပြီး ပေးတာပါ။
စိုးသန်းဝင်းက ဆေးရုံရှေ့မှာ ငုတ်တုတ်လေး ထိုင်စောင့်နေတယ်တဲ့။ အဲဒါကို သတင်းပို့တယ် ပေါ့နော။
အဲဒီတော့ မျိုးဝင်းက ဘာပြောတယ် မှတ်သလဲ၊ သူ့ရဲ့ဓါးက ဆွဲထုတ်ပြီးရင် သွေးသောက်ရမှတဲ့ အဲဒါကြောင့် ထွက်သွားတဲ့ သူကို ပြန်ခေါ်မလာ နဲ့တော့ ။တခါတည်း ရှင်းပြစ်ခဲ့လို့ အမိန့်ပေးခဲ့တယ်။ အဲဒါနဲ့ အဲ့ဒီမျိုးဝင်း ဓါးနဲ့ပဲ စိုးသန်းဝင်းကို ရှင်းပစ်လိုက်ကြတယ် ညတွင်းချင်းပဲနော်။
တကယ်ပါဘဲ ။လူ့အသက်တချေုာင်းကို လွယ်လွယ်ကူကူပါဘဲ ။ ရူးနေတယ်၊ဒီလူရူးနေတယ် ။စိတ္တဇကောင်ဘဲ ..။
အဲ့ဒီဓါး နဲ့ဘဲ ၁၂ ရက်နေ့ကကိုထွန်းအောင်ကျော် တို့ကိုခုတ်သတ်ထားတာလေ။ ကျောင်းသားတွေကို သတ်ခဲ့တဲ့ ဓါးပဲ၊ အဲဒီ ဓါးကိုပဲ သန်းဇော် က စိုးဝင်းသန်းကို ခေါင်းဖြတ်သတ်
လာတဲ့ဓါးကိုရေဆေးပြီး မျိုးဝင်းကိုပြန်လာပေးတယ်။
ပြီး တော့ ကျမတို့ ၇ ဦး စာရေးနေတုန်းလာပြောသေးတယ်။ ဒီကောင် ( စိုးဝင်းသန်း ကိုရည် ညွန်းသည်) ကွာ ..တော်တော်မလွယ်တာ ။
သတ်ခါနီး ကျောင်းသားကွ .. ငါကျောင်းသားကွ .အော်သွားသေးတယ်..တဲ့ အဲလို ကို လို့ သူက ရယ်မောပြီး လာပြောနေလိုက်တာ။
အော် ...လူ့အသက်တချောင်းကို လွယ်လွယ်လေးနဲ့ သတ်ရက်လိုက်တာ။
အဲ့ဒီအချိန်က ABSDF-NB ဥက္ကဌ နေရာရယူထား တဲ့ အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ကလည်းမသတ်ဖို့ တခွန်းမဟဘူး။
တကယ်ဆိုသူ ဥက္ကဌဘဲ .ပြောပါလား ။
မသတ် ပါနဲ့ကွာ..ဘာညာပေါ့ ။ သူပြောသင့်တယ်လို့ ကျမ ထင်တယ်။ သူ ပြောရမယ် သူတို့ တွေ အားလုံးလူသတ်မှု့တွေမှာအလိုတူ
အလိုပါတွေကြီးဘဲ ။
အဲဒါကို ကျမက ဒီလို မှတ်တမ်းတင်ထားခဲ့တယ်။
** ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (  ၃ )  ဦး ။**
(၁) ကိုကျော်ဝေ ( မန္တလေး )။
စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။
(၂) ကိုစိုးဝင်းသန်း (မန္တလေး )။
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။ မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။
(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)
(၃) ကိုဝင်းနောင် (ရန်ကုန်)   ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်။ ဟု မနန်းအောင်ထွေးကြည်က မှတ်တမ်းထားခဲ့ပြီး
၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ တွင် ကျောင်းသား ၁၅ ဦးအား သတ်ဖြတ်ရန်
သေဒဏ်ချမှတ်ရာတွင် အဓိက တာဝန်ရှိသူ များမှာ
၁။ အောင်နိုင်ခေါ် ရော်နယ်အောင်နိုင် (ချိန်းမိုင်)
၂။သံချောင်း( ထောင်တွင်း)
၃။စိန်အေး( ယခု မိုးညှင်း)
၎။လှဆိုင်း ( ယခု ABSDF-NB)
၅။ကျော်ကျော်( ယခု ABSDF-NB)
၆။အောင်ကြီး ( ယခု SSA)
ရ။နေဒွန်း ( ယခု USA)
၈။ မျိုးဝင်း (သေဆုံး)
၉ ။ နိုင်အောင် ( DNA) ABSDF-NB ၏ ကျောင်းသားသတ်ဖြတ်မှု့အား တာဝန်ခံ ပါသည်ဟု ကြေညာချက် ထုန်ပြန်ခဲ့သည် ။ ဟုလည်း မှတ်တမ်းပြုစုထားခဲ့သည်ကို ပြန်လည် ဖော်ပြအပ်ပါတယ်။
အပိုင်း(၁၅)
အမေတို့ ဆီကို စာေ၇းပေးပြီး တလကြာတော့ အမေတို့ေ၇ာက်လာတယ်။ မတ်လ ၁၉ ၇က်နေ့မှာ အမေတို့ေ၇ာက်တယ် absdf မြောက်ပိုင်း ပါဂျောင်ကိုလေ။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ စာရေးပေးလိုက်တာ၊ အဲဒီနေ့မှာပဲ ကိုစိုးဝင်းသန်းကို သတ်ပစ်လိုက်ကြတာ၊ အဲဒီနေ့ကလည်း မှတ်မှတ်ရရပဲ။
အဲဒီမှာ မိဘဆီကို စာေ၇းပေးလိုက်တာက ကျမ နန်းအောင်ထွေးကြည်ရယ်၊ ညီညီအောင်၊ ဘိုဘို၊ ကျော်နိုင်ဦး၊ ကိုရဲလင်း၊ ၀ဏဇော်ရယ်၊စမားညီညီရယ်တို့ တွေက ရေးပေးလိုက်တယ်။
နောက်မှ သိရတာက စမားညီညီရဲ့ အကို ကိုမောင်မောင်က ယူသွားပေးတယ်၊ မိဘတွေကို ခေါ်လာပေးတယ်ဆိုတာ နောက်မှ သိရတာ။
အမေတို့ ရောက်လာတော့ ကျမက ၀မ်းသာဝမ်းနည်း ခံစားရတယ်။ ၀မ်းသာတာကတော့ အမေနဲ့ တွေ့ရမှာကို ၀မ်းသာတယ်။ ၀မ်းနည်းပြီးတော့ စိတ်ပူတာက အမေ့အတွက်ကို စိတ်ပူတယ်။ အဲလိုမှာ အမေတို့ ရောက်လာကြတယ်။
အမေတို့ ရောက်ရောက်ခြင်း ကျမတို့နဲ့ မတွေ့ရဘူး။ နောက် ကျမတို့ ၇ ဦးစလုံး မိဘတွေနဲ့ တပြိုင်တည်း တွေ့ရတာ မဟုတ်ဘူး။ တွေ့ရတဲ့ နေ့တွေကလည်း မတူကြဘူး။ ကျမ ဆိုရင် မေမေနဲ့ မတ်လ ၂၀ ရက်နေ့မှာ တွေ့ရတာ။ ကျမတို့ ထောင်ထဲမှာရှိနေတုန်းဘဲပေါ့ ။
တကယ်တော့ကျမက ထင်ထားတာ မေမေနဲ့ တွေ့ရင် မေမေက ကျမကို ပြေးပြီးတော့ ဆီးဖက်ပြီး ကြိုမယ်လို့ ထင်ထားခဲ့တာ။ တကယ်တမ်းမှာတော့ အဲလို မဟုတ်ဘူး။ ကျမ အမေ့ ဆီကို သွားတော့ အမေက ကျမကို စိမ်းစိမ်းကြီး ကြည့်တယ်။ အမေက။
အဲဒီမှာ ကျမက အမေ့နားကို ကပ်သွားပြီး အမေလို့ ခေါ်ရင်း အမေ့လက်ကို ကိုင်လိုက်တယ်။ အမေက ကျမ လက်ကို မသိမသာ တွန်းထုတ်ပြီး ခပ်စိမ်းစိမ်းပဲ ကြည့်တယ်။ အမေ အဲလို ကြည့်လိုက်တော့ ကျမ ၀မ်းနည်းပြီး ငိုချင်သွားတယ်။
နောက် အမေက ပြောတယ်။ ဒါ သူ့သမီး မဟုတ်ဘူးတဲ့။ အဲလို ကြားလိုက်ရတော့ ရင်ထဲမှာလည်း ဘယ်လိုမှန်းမသိဘူး။ အဲဒီအချိန်မှာ အမေနဲ့ တွေ့တဲ့ အချိန်မှာ ကျမ မျက်နှာကို မီးနဲ့ထိုးကြတုန်းက ကျန်ခဲ့တဲ့ မီးလောင်ဒဏ်ရာတွေ ရှိသေးတယ်လေ၊ မျက်နှာမှာလည်း ။ ပြီးတော့ ထောင်ထဲမှာ နေပြီး အာဟာရ ကောင်းကောင်း မပြည့်တော့ လူကလည်း ဖောဖောကြီး ဖြစ်နေတာကိုး၊ အဲလို ဒဏ်ရာတွေနဲ့ ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့သူ့ သမီးကို တွေ့တော့ အမေက ဘယ်မှတ်မိပါ့မလဲ။ အဲဒီမှာ အမေက ငိုတယ်။ ပြီးတော့ သူ့သမီး မဟုတ်ဘူး လို့ ပြောတယ်။
အမေ ငိုတာကို ကျမ သိတယ်။ ယူကျုံးမရ ဖြစ်ပြီး ငိုတာ။ သူ့သမီးကို ဒီလိုအနေအထားနဲ့ တွေ့ရလို့ ငိုတာ။ အဲဒါနဲ့ ကျမက မဟုတ်ဘူး အမေ သမီးပါ၊ အမေ့ သမီးပါလို့ ပြောရတယ်။ နောက် ရှမ်းလို ပြောလိုက်တယ်။
ကျမ အဲလို ရှမ်းလို ပြောလိုက်တော့ အမေက ငိုနေရင်းနဲ့ တွေသွားရှာတယ်။ နောက် ကျမရဲ့ဒီ ခါး နောက်ကျောမှာ အမှတ်ရှိတယ် ။အဲဒါကို အမေကြည့်ပြီးတော့မှ ကျမကို သူ့သမီးလို့ သူ လက်ခံသွားတယ်။ နောက်ယုံသွားတယ်။
ဒီလောက်ကြီး ကျမ ဖြစ်ပျက်နေလိမ့်မယ် ရုပ်ပျက်ဆင်းပျက် ဒဏ်ရာတွေနဲ့ တွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားဘူးလေ။ အမေ စိတ်ထိခိုက်တာကို တွေ့ရတော့ ကျမလည်း ငိုချင်လိုက်တာ၊ အမေ က ကျမ မျက်နှာကို ကြည့်လိုက် ကျမကို ကြည့်လိုက်နဲ့ သူ ဘာလုပ်ရမှန်းမသိဘူး။ ကျမလည်း ရင်ထဲမှာ စို့နင့်နေတာနဲ့ ဘာပြောရမှန်းမသိဘူး။ သန်းဇော်တို့ အောင်နိုင်တို့ကလည်း ၀ိုင်းကြည့်နေကြတယ်။
နောက်တော့ ကျမကို သန်းဇော်တို့ အောင်နိုင်တို့ ရှေ့မှာပဲ သမီးတဲ့ ပြန်လိုက်ခဲ့တော့ တဲ့ အဲလို ခေါ်ရှာတယ်။ ကျမကလည်း အမေ လို့… သမီး ပြန်လိုက်ခဲ့မယ် လို့… သမီးတို့ ပြန်လိုက်ခဲ့မယ်လို့ အဲလို ပြောတာပေါ့နော်။ ပြီးတော့ ပျော်တာပေါ့။ အမေနဲ့ ပြန်လိုက်ရမယ်ထင်ပြီးတော့ ပျော်တယ်။
သိတယ်မဟုတ်လား အမေတွေက တကယ်ပဲရောက်လာကြပြီ ကျမတို့လည်း ပြန်ရတော့မယ်ပေါ့၊ ကျမတို့ပြန်ရင် နောက်တသုတ်ရဲ့ စာတွေကို ယူသွားရမယ်လို့သူတို့ပဲ ဒီ ABSDF-NB ကကျောင်းသားခေါင်း ဆောင်တွေက ကျမတို့ကို ပြောထားခဲ့တာလေ။ အဲဒီနေ့က ကျမ အရမ်း ပျော်တယ်။ဒါသူတို့ပေးထားခဲ့တဲ့ကတိလေ ။
နောက် ကျမတို့ကို အမေနဲ့ တွြေ့ပီးတော့ ထောင်ထဲကို ပြန်ထည့်တယ်၊ ထောင်ထဲမှာလည်း ထောင်သားအချင်းချင်းပြောကြတာပေါ့၊ သူတို့ကလည်း ပျော်တာပေါ့ ကျမတို့ပြန်သွားရင် သူတို့ မိဘတွေဆီကို စာရေးပေးလိုက်မယ်ပေါ့။ အဲဒီအခါ သူတို့ အိမ်ကလည်း သူတို့ကို လာခေါ်မယ်၊ သူတို့လည်း လွတ်တော့မယ်ဆိုပြီး ပျော်ကြတာပေါ့နော်။ အားလုံးရဲ့ မျက်နှာလေးတွေကလည်း ၀င်းပြီးတော့ ပျော်ကြတာပေါ့။
နောက်တော့ ကျမတို့ကို သူတို့က ခေါ်ပြန်ရော၊ ခေါ်တော့လည်း သွားရတာပေါ့၊ အဲဒီမှာ မျိုးဝင်းနဲ့တော့ မတွေ့ဘူး( မျိုးဝင်းက အဲဒီအချိန်တုန်းက မရှိဘူးထင်တယ်) သံချောင်းနဲ့ တွေ့တယ်။ သံချောင်းက ပြောတယ်။ မင်းတို့ ဘာလို့ ပြန်လိုက်မှာလဲ တဲ့။ မပြန်ရဘူးတဲ့။
ကျမကလည်း ပြန်လိုက်သွားတော့မယ်လို့ ပြောလိုက်တယ်။ သံချောင်းက မင်းပြန်ရင် မင်းမှာ အပြစ်ရှိတော့တဲ့ မင်းပြစ်ဒဏ်ခံရမှာပဲတဲ့…ကျမက ခံရရင်လည်း နေပါစေလို့ ပြန်တော့မှာပဲ ဆိုတော့ သူက မင်း ပြန်လေတဲ့။ မင်းပြန်ပါတဲ့။ မင်းပြန်ရင်တော့ မင်း အမေကို ခေါ်ထားလိုက်တော့မယ်တဲ့..အဲလို ပြောတာ သံချောင်းက။
သံချောင်းက အေးအေး ဆေးဆေးပဲ၊ ကျမက သူ့ကို တချက်ကြည့်လိုက်တယ်။ ဘာဖြစ်လို့ ခေါ်မှာလဲ့ ကျမ အမေကိုလို့ ဆိုတော့။ မင်းတို့ ပြန်သွားလိုက်လေ ၊ မင်းတို့ပြန်သွားတာနဲ့ မင်းတို့ အမေကို ဒီမှာ ခေါ်ထားလိုက်မယ်တဲ့။ အဲလို ပြောတယ်။ ဘယ်သူက ဘယ်သားသမီးတွေက အမေကို ဒီလိုနေရာမှာ ထားခဲ့မလဲ။
နောက် အမေက နေကောင်းတာ မဟုတ်ဘူး၊ ကျမ အမေက အဲဒီအချိန်တုန်းက တအားဖြစ်နေတာ၊ သမီး စိတ်နဲ့ တောထဲထိ လိုက်လာပေမဲ့အမေ့ ကျန်းမာရေးက တော်တော်ဆိုးနေတဲ့အချိန်ကြီး။
ကျမက ဟာ မရဘူး လို့ အမေ့ကို မခေါ်ထားရဘူး လို့ ။ သံချောင်းက ဒါဆို မင်းတို့ မပြန်ရဘူးတဲ့။
တကယ်တော့ သူတို့ ညစ်ကြတာ။ အမေတို့ဆီကို စာရေး ဖို့ ပြောတုန်းက အမေတို့လာခေါ်ရင် ပြန်ရမယ်လို့ ပြောကြတယ်၊ ပြီးတော့ သူတို့ ကတိမတည်ဘူး။ ပြီးတော့ မိဘတွေနဲ့ လှည့်ပြီး အကြပ်ကိုင်လာကြတယ်။
အဲဒီမှာ အမေ့ကိုတော့ မခေါ်ထားပါနဲ့ လို့ အမေက နေလည်း သိပ်မကောင်းဘူးလို့။ သံချောင်းက ဒါဆို မင်း နေရမယ်တဲ့။ ဘယ်တတ်နိုင်မှာလဲလို့ ဒါဆို နေရတော့မှာပေါ့လို့။ စိတ်ထဲမှာတော့ တော်တော်ကို ထိခိုက်သွားတယ်။ ပျော်တာတွေ မျှော်လင့်တာတွေ အားလုံး ရိုက်ချိုးခံလိုက်ရသလိုပါပဲ။ နောက် ကျမကို ထောင်ထဲပြန်ထည့်တယ်။
ကျမ မျက်ရည်ကျတယ်။ ကျမ ဟန်မဆောင်နိုင်လောက်အောင် မျက်စိပျက် မျက်နှာပျက်ဖြစ်ခဲ့၇တယ်။ အောင်နိုင်တို့ သံချောင်းတို့ ပေးထားတဲ့ကတိ ဖျက်တဲ့ အပေါ်မှာလည်း ကျမတို့ နာကျင်စွာ ခံစားကြရပါတယ်။ကျမလိုပဲ ထောင်ထဲကလူတွေကလည်း အကုန်လုံးက မျက်နှာ မကောင်း၊ စိတ်မကောင်းကြတော့ဘူး။
အဲဒီမှာ ကျမတို့လိုပဲ စွပ်စွဲပြီး အဖမ်းခံနေရတဲ့ ကိုစိုးလေးနဲ့ ကိုမြင့်သိန်း က ဘယ်လိုလဲ မငယ်တဲ့။ကျမတို့ ထမင်းချက်တဲ့ နေရာမှာလာပြီး
အဲလို မေးတော့ ငါတို့ကို မပြန်ခိုင်းတော့ဘူးလို့ ပြောပြလိုက်တယ်။ငါတို့ မိဘတွေကိုတော့ငါတို့ အထိ မခံဘူးလို့။ ငါတို့ မိဘတွေကို ထိမယ်ဆိုရင်တော့ ငါတို့ သေချင်သေပါစေ ပေါ့နော် ..ကိုမြင့်သိန်းတို့ က အဲ့လို ကတိပေး အားပေးစကားပြောတယ်။
အားလုံးကလည်း မိဘတွေကိုတော့ အထိမခံဘူး။ မိဘတွေကို ထိလို့ကတော့ အားလုံးက ပြန်ချမှာပဲ။ အားလုံးကသူလည်း ကျောင်းသား ကိုယ်လည်း ကျောင်းသား ဆိုပြီး နေနေကြတာ၊ မိဘကို ထိပြီ ဆိုလို့ကတော့ ချပြီပဲ။ အဲလိုပဲ အားလုံးက ဆုံးဖြတ်ထားကြတာ။
အဲဒါနဲ့ ည ကျတော့ ကျမတို့ကို ပြန်ခေါ်ပြန်ရော။ ပြန်ခေါ်ပြီးတော့ အမေ့ကို ကျမတို့ကို ပြောခိုင်းတယ်။ ကျမတို့က ပြောရတော့တာပေါ့။ အမေတို့ ပြန်တော့ ကျမတို့ ဒီမှာပဲ နေတော့မယ်လို့ ပြောရတယ်။
အမေတို့ကလည်း ကျမတို့ မျက်နှာတွေကြည့်ပြီးတော့ မယုံဘူး။ ဘယ်သူက ယုံမှာလဲ သိတယ် မဟုတ်လား။ အရမ်း ၀မ်းနည်းဖို့ ကောင်းတယ် သိလား။ အမေက ငိုတာပေါ့။ ကျမတို့ကလည်း အမေတို့ပြန်တော့လို့ သမီးတို့ ဒီမှာပဲ နေခဲ့တော့မယ်လို့။ ဇွတ်ပြောရတာပေါ့။ အမေတို့က မျက်ရည်တွေကျပြီး ငိုတယ်။အမေက
ကျမကိုဖက်ပြီး နား နားမှာတိုးတိုးလေးမေးတယ်။ အကြပ်ကိုင်နေတယ်မို့ လားပေါ့ ။ ကျမရဲ့ အကြည့်ကိုအမေ နားလည်တယ်။
ကျမရင်ထဲ နင့်နေ ရောဘဲလေ ။ ကျမ ... အမေ့ရဲ့ အငို မျက်နှာကိုလည် မကြည့်ရက်၊ ကျမကိုယ် ကျမလည်း မယိုင်လဲရအောင် မနည်းအားတင်းနေခဲ့ရတယ်။
နောက်တော့ ကျမတို့ကို ထောင်ထဲ ပြန်ပို့တယ်ပေါ့ ။ကျမတို့တတွေ အားလုံးစိတ်ဓါတ်ကျ ခဲ့ကြတယ်။ ဘယ်မလဲ ကျမတို့အတွက်လွတ်မြောက်
ရေး ။သူတို့ပြောသလို တသုတ်ပြီးတသုတ် ဆိုတာက တွေးလိုက်တိုင်းရင်ထဲမှာ တဆစ်ဆစ်နဲ့ ကျမတို့ တော့သွားပြီ လို့ အားလုံးပဲ မျှော်လင့်ချက် မဲ့ကုန်ကြပြီ။
ခုကျမတို့ ပထမဦး ဆုံး အသုတ်ကို ကတိဖျက်ပြီဆိုတော့ အားလုံးရဲ့လွတ်မြောက်ရေးက ဘယ်မှာလည်း။ ဘာလည်း ပေါ့ ။အားလုံး တွေးမိကြတာပေါ့။
အမေတို့ မိဘ ၇ ဦးကလည်း မကျေနပ်ကြဘူးပေါ့ ။စိတ်ဆိုးကြတာပေါ့။ သားသမီးမပါရင်မပြန်ဘူး.. ထမင်းလည်းမစားကြတော့ဘူးဖြစ်ကုန်ကြတယ်။
နောက်တော့  တာဝန်ရှိ ကျောင်းသားခေါင်းဆောင်ပိုင်းတွေနဲ့ မိဘတွေနဲ့ ညှိကြတယ်။ နောက်ကျမအမေက KIA နဲ့ တွေ့ နိုင်ဖို့ ကိုမောင်မောင်
တို့နဲ့တိုင်ပင်ကြတယ်ပေါ့နော။ ဒါတွေတော့ အမေကနောက်ပိုင်းမှပြန်ပြော ပြတာပေါ့ ။ ကိုမောင်မောင် ( ရွှေက၇ဝိတ်)ရေးတဲ့ ခေတ်သစ်ဟင်္သာကိုး
သောင်း ထဲမှာ မိဘတွေဘက်ကအခြေအနေတွေ ရေးထားတယ် ။ ကျမ တို့ကတော့ ထောင်ထဲမှာဆိုတော့ မိဘတွေဘယ်လောက်ထိ ကျမတို့ ၇ ဦး
လွတ်မြောက်ရေးအတွက် ဘာတွေ အခက်အခဲကြားက အပြင်းအထန် ဆောင်ရွက်ခဲ့ကြလည်းဆိုတာ ဘယ်လိုသိနိုင်မှာလဲ။
သူတို့က အမေတို့ကို ကျမတို့ကို ခုပြန်မလွတ်နိုင်သေးဘူး.. အပြစ်ဒဏ်ချရဦးမယ်ပြောတော့ ကျမ အမေ က ဥက္ကဌရော်နယ်အောင်နိုင်ခေါ် အောင်နိုင် ( ယခု ချိန်းမိုင်) ကို ဒူးထောက်ထိုင်ချပြီး တောင်းပန်ကြတယ်.တဲ့။...ကျန် မိဘတွေလည်း ဝိုင်းတောင်းပန်ကြတယ် . သူတို့ ရဲ့ သားသမီးတွေကိုထောင်ကနေလွှတ်
ပေးဖို့ ..အပြစ်ဒဏ် မချဖို့ ပေါ့ ။ ကျမရင်တွေ နာလိုက်တာ။
အဲဒါနဲ့ပဲ ၂၄ .၃.၁၉၉၂ ခုနှစ် မှာ ကျမတို့ ၇ ဦး ဖြစ်တဲ့ ကိုရဲလင်း ။ ကိုကျော်နိုင်ဦး ။ ကိုညီ
ညီအောင် ( ဒိုဇာ) ။ ကိုညီညီ (စမား) ။ ကိုဝဏ္ဏဇော် ။ ကိုဘိုဘို နဲ့ ကျမကို ABSDF-NB အကျဉ်းထောင်ကနေ လွတ်ပေးခဲ့ပါတယ်။
နောက် ကျမတို့ မိခင်တွေဆီကနေ ကျမတို့ဟာ ထလရ တွေဖြစ်ပါတယ်ဆိုတဲ့ သဘောတူ ခံ ဝန်ချက်တွေထိုးခိုင်းလို့ မိဘ ၇ ဦးစလုံး လက်မှတ်ထိုးပေးခဲ့ကြရတယ်။
ကျမ ရင်နာတယ်။ အရမ်းကို နာကျင်ရပါတယ်။ ကျမတို့တွေကိုတင်  အတင်းအဓ္ဓမလက်မှတ်ထိုးခဲ့ကြရတာမဟုတ်ဘူး။ ကျမတို့ရဲ့ မိဘတွေကိုလည်း လက်မှတ်ထိုးခိုင်းခဲ့ကြတယ်။
၂၅.၃.၁၉၉၂ မှာ ကျမတို့အတွက် တော့ ဒုတိယအကြိမ်မြောက် ကျောင်းသား တပ်မတော် အလံ ကိုင်ပြီး သစ္စာပြန်ဆိုရတယ်လေ ။ ကျောင်းသား ရဲဘော် ရဲမေ ပြန်လည်ခံယူခဲ့ကြတာပေါ့ ။ ကျမ နဲ့ ဘိုဘို ကို ဝါဒဖြန့် ချီရေးမှာပြန်တာဝန်ပေးတယ်။အဲ့ဒီညမှာ ဒီ ကျမတို့ အကျဉ်းထောင်သားတွေ အားနဲ့ ဆောက်ထားတဲ့ ဒေါင်းမိခင်ခန်းမ ဖွင့်ပွဲ လုပ်ခဲ့တယ်ပေါ့ နော။ ကျမ နဲ့ ဘိုဘိုကို အမေတို့ နဲ့ အိပ်ခွင့် ပေးတယ် ။ ကျမအမေနဲ့ ဘိုဘိုအ
မေ ( ဒေါ်မြင့်မြင့်ကြည် ) က အခန်းတူတူ ရှယ်လုပ်နေတယ်ပေါ့ ။ညကြ တော့ ကျမ အမေ့ ကို အမေတို့ မြန်မြန်ပြန်ကြဖို့ တိုးတိုးလေးပြောရတယ်။အမေက ကျန်းမာရေးမကောင်းဘူး ။အဲ့ဒီတုန်းက ကျမဇောနဲ့ တောထဲအထိရောက်လာတာ။ ဗိုက်ခွဲ ဖို့ ရှိနေတယ်။ ခွဲစိတ်ဖို့ ရက်ရွှေ့ပြိးကျမ ကိုအိမ်ပြန်ဖို့ လာခေါ်တာလေ ။
ကျမတို့ ၇ ဦး ထောင်ကလွတ်တော့ ထောင်ထဲမှာ ၅၅ ဦး ကျန်နေသေး တယ်။ သူတို့တတွေရဲ့ လွတ်မြောက်ရေး ဘယ်လို စခန်းသွားမယ် ဆိုတာကျမ မသိဘူး။
ကျမတို့တောင် ကံကောင်းလို့လို့ ပြောရမလား မိဘတွေရဲ့ ကြိုးပမ်းမှုကြောင့်လို့ ပြောရမလား  ထောင်ကတော့ လွတ်ခဲ့ကြတယ်။
ဒါပေမဲ့  အမေတွေ ကျမတို့ မပါဘဲ ပြန်ကြရတော့မယ်။ အမေတို့ရော ကျမတို့ရော  ဝမ်းနည်းကြတယ်။ အဲ့ဒီနေ့ က ၅.၄.၁၉၉၂ ပေါ့ ။ ကျမတို့ ကို မိဘတွေနဲ့ နေ့လည်စာ စား
ခွင့်ပေးတယ်။ ဘယ်စားနိုင်မှာလည်း ။အားလုံး ရင်ထဲမှာကြေကွဲ ကြတာပေါ့။ ဒါပါဘဲလေ။ အမေတို့လည်းအချိန်တန်တော့ အိမ်ပြန်ကြရတာပေါ့
ကားလာကြိုတယ်။ ကျမတို့ အားလုံး အမေတွေကို လမ်းမပေါ်မှာ နောက်
ဆုံး အနေနဲ့ ထိုင် ကန်တော့ာကတယ်။ မိခင်တွေ မျက်ရည်ကျပြီ ။ ဆုတောင်းပေးရင်း ငိုနေကြပြီ ။ ကျမ မငိုမိအောင် တအားတင်းထားရတယ်။  အမေ့ကို တင်းကြပ်နေအောင်ဖက်ပြီးနှုတ်ဆက်လိုက်တယ်။... ကျမ... အသံ မထွက်နိုင်တော့ဘူး ရင်ထဲမှာ စို့နေပြီ။
အမေတွေကားပေါ်တက်ကြတယ်။ နောက်တော့ ... ဒါဘဲလေ .။ကားလေး ထွက်သွားတာကို  ကျမတို့ ၇ ဦး မျက်စိတဆုံးကြည့်ပြီး ငေးကျန်ခဲ့ကြတယ်။
ပြီးတော့ ကျမတို့တွေ တယောက် မျက်နှာတယောက်ကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေကြတာ အကြာကြီး ။ စကားမပြောနိုင်ကြတော့ဘူး။
နောက်ဆုံးတော့လည်း ကျမ ရဲမေဆောင်ဘက် ကို ပြန်လာခဲ့လိုက်တယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။
အပိုင်း(၁၆)
၁၉၉၂ ခုနှစ်မတ်လ ၂၄ ရက်နေ့မှာ ကျမတို့ ထောင်တွေထဲက နေပြီးတော့လည်း လွှတ်ပေးလိုက်ပြီ၊ ကျမတို့ရဲ့ မိဘတွေကလည်း ပြန်သွားပြီ၊
ကျမနဲ့ ဘိုဘို ကိုတော့ဆက်ပြီးတော့ ၀ါဒဖြန့်ချိရေးမှာပဲ တာဝန်ပေးထားလို့ ဆက်လုပ်နေရတယ်။ ကျမတို့ ၇ ဦးအပြင် မျိုးဝင်းအမိန့်နဲ့ လွှတ်ပေးလိုက်တဲ့ ၂ ဦး ဆိုတော့ စုစုပေါင်း ၉ ဦးပေါ့။
အဲဒီ ၉ ဦးရဲ့ အမည်တွေကတော့ ကျမရယ်၊ ကိုကျော်နိုင်ဦး(ကိုကြောင်)၊ကိုရဲလင်း၊ ကိုညီညီ(စမား) ၊ ကိုညီညီအောင်(ဒိုဇာ) ၊ ၀ဏဇော်၊ ဘိုဘို၊ ကိုခင်မောင်ဇော် (ခို) ၊ ကိုမိုးဇော်ထွန်း ( မိုးကြီး) တို့ပါပဲ။ဆိုတော့ ကျမတို့ အဲဒီ ၉ ဦးကိုတော့ ရဲဘော်အနေနဲ့ပြန်ထားပေးတယ်၊
အမေတို့ပြန်သွားပြီးတော့ မကြာဘူး ၁၉၉၂ ခုနှစ် ဧပြီလ ၁၉ ရက်မှာဘဲ ဒီ ကျမရဲ့အသက် ဘေးကိုစိုးရိမ်လို့ ဆိုပြီး အကိုတော်တဲ့ ပီထွန်း က ABSDF ဗဟို တောင်ပိုင်း ဥက္ကဌ ဒေါက်တာနိုင်အောင် နဲ့အတူ ABSDF-NB ကို လာခဲ့တယ်။
ကျမမေမေလာတုန်းကလဲ KIO အထွေထွေအရေးမှုးဦးဇောင်းဂရား(ယခုKIO ဥက္ကဌ) နဲ့တွေ့ဆုံပြီးကျမတို့အားလုံးရဲ့လွတ်မြောက်ရေးအတွက် အကူအ ညီတောင်းခဲ့ပါတယ်။
အဲ့ဒီတုန်းကလည်းဦးဇောင်းဂရားကကျနော်တို့တော် လှန်ရေးသက်တမ်းတလျှောက်မှာဒီလောက် များတဲ့ထောက်လှမ်းရေး တခါမှ မရရှိခဲ့ပါဘူးလို့မေမေ့ မေးခွန်းကိုဖြေခဲ့ပါတယ်။ ခုဒီအချိန်မှာ ကျနော်တို့ရဲ့ ဗိုလ်ချုပ်ဇော်မိုင် လဲ အိန္ဒယဘက်ခရီးထွက်ခွာနေပါတယ်။ကျောင်းသား တပ်မတော်ဟာ ကျနော်တို့နဲ့မဟာမိတ်ဖြစ်နေတာကြောင့် ဝင်ရောက် စွက်ဘက်လို့ မရနိုင်ဘူးပေါ့၊အကူအညီလိုရင်တော့ပေး နိုင်တယ်ပေါ့နော် ။ဗိုလ်ချုပ်ဇော်မိုင်ပြန်လာရင် အသိပေးလိုက်ပါ့မဲ့အကြောင်း ပြောခဲ့တယ်ပေါ့နော် ။
အခုလဲ ပီထွန်းက ကျမ လွတ်မြောက်ရေးအတွက် KIO/ KIA တို့နှင့် ထပ်ပြောပေးမယ်လို့ မှာခဲ့တယ်။ နောက်တော့ ပီထွန်း ရက်အနည်းငယ်ပဲ နေပြီးပြန်သွားပါတယ်။
ဒီအချိန်အခါတွေမှာ ထောင်ထဲမှာ ကျောင်းသား ၅၅ ဦး ကျန်ရှိနေပါသေးတယ်။ ကျမတို့ပထမအသုတ်ကမိဘတွေနဲ့အတူ မလိုက်သွားကြရဘဲနဲ့ AB-NB မှာဘဲ သောင်တင်နေကြရတော့ ထောင်အတွင်းကျန်ရှိနေတဲ့ ၅၅ ဦးအနေနဲ့က ဘယ်မှာလာပြီး ခိုင်လုံတဲ့အသက်အာမခံ ချက်ရှိမှာလဲ ဆိုတာ သူတို့တွေအားလုံးတွေး မိကြမှာပေါ့။
ကျမတို့အနေနဲ့လည်း ဘယ်သူ့ကိုမှ အာမခံချက်မပေးနိုင် တာအမှန်ပါလေ။ေ ထာင်အတွင်းကျန်ရှိနေတဲ့ကျောင်းသား ၅၅ ဦးကတော့ ထုံးစံအတိုင်း တတပ်လုံးရဲ့ အလုပ်တွေလုပ်ပေးနေရတာပေါ့။
မေလ ပိုင်းအတွင်းကရက်တစ်ရက်မှာ ကျမတို့ရဲမေဆောင်ကို ကိုမြင့်သိန်းနဲ့ ကိုစိုးလေးတို့အဖွဲ့ အလုပ်လာလုပ်ပေးကြပါတယ်။ ထောင်တွင်းမှ ကျောင်းသား များ ရဲမေဆောင်မှာအလုပ်လာလုပ်တိုင်း ကျမအဝေး ကိုရှောင်ထွက်သွားနေ ကြပါ။ ဒါပေမဲ့ အဲ့ဒီနေ့ကတပ်စုမှုးမာမာထွန်း(ဂျူဂျူး) က မငယ်သူ တို့ကိုထမင်းသွားကျွေးလိုက်ပါလို့ပြောပါတယ်။ ကျမကလဲ ဖြစ်ပါ့မလား ဂျူဂျူးရေ … တော်ကြာမကောင်းဘူးလေ … ငါလဲအခုမှထောင်ကထွက်တာ လို့ပြောတော့ သူက ရတယ် သွားကျွေးလိုက်ပါ လို့ဆိုတာနဲ့ကျမလဲ သွားလိုက် ပါတယ်။
ကျမကိုလဲ သူတို့ ( စိုးလေးနဲ့မြင့်သိန်း) ကတွေ့ရော ဘေးဘီကြည့်ပြီး သွက်သွက်လေးပြောလိုက်တာကတော့ .. “ မငယ် ..ကျနော်တို့နှုတ် ဆက်တယ်နော် “ တဲ့ ။လမ်းမလျှောက်နိုင်တော့တဲ့ သူတွေကိုလ ည်း အပါခေါ်သွားမှာ။ လုပ်ပေါ့။ ကျမလဲ မင်းတို့လုပ်စရာရှိတာသာ လုပ်သွား ပါတော့ .. ငါတို့ကိုမငဲ့နဲ့တော့ ..လို့ပြန်ပြောပြီး မြန်မြန် အဆောင်ထဲ ဝင်လိုက်တယ်။
အဲလိုပြောလိုက်ရပေမဲ့ ရင်တအားခုန်လာတယ်။ တစုံတရာချို့ယွင်း မှားယွင်းခဲ့ရင် သူတို့တတွေ အားလုံး အသေဆိုးနဲ့သေကြရမှာကိုသိနေတယ်လေ။
သူတို့လဲနေမထူး ရှင်မထူး အခြေအနေ မဟုတ်လား။ ထောင်ကုန်းဘေးနားမှာ ထောင်သားတွေကိုတူးခိုင်းထားတဲ့ မြေကျင်းအကြီးကြီးက ဘာအတွက်လဲ။စဉ်းစားနေကြတာပေါ့။
ဒီတော့ဘာလုပ်မလဲ။သေရင်မြေကြီး ရှင်ရင်ရွှေထီးပေါ့။ဟုတ်တယ် မဟုတ်လား။
တဘက်ကပြန်စဉ်းစားကြည့်မိတယ်။သူတို့ထွက်ပြေး လွတ်မြောက်သွားရင် ကျန်ခဲ့တဲ့ကျမတို့ (ရ) ယောက်ဘယ်လိုစခန်း ဘယ်လိုအခြေအနေ ရောက်မလဲ ..လို့ပေါ့လေ ။
ဘုရားတမိတယ်။ရင်တွေခုန်လာတယ်လေ ။ကျမတို့ အသတ်ခံရ မှာ ။ သတ်မှာ ။မတတ်နိုင်ဘူး ကျမတို့ ၉ ဦးနဲ့ ၅၅ ယောက်လဲကြတာပေါ့လို့။ အနည်းနဲ့ အများလေ ကျမတို့ အများကိုပဲ ကြည့်ရမယ်လေ။တကယ်တော့ သူတို့ ပြေးလို့ လွတ်သွားရင်လည်း ၉ ဦးနဲ့ ၅၅ ဦးလဲရတာ တန်တယ်လို့ ကျမ အဲလိုပဲ တွက်တော့တယ်။
ဘာတတ်နိုင်မလဲ။ အနည်းနဲ့ အများ ၊တွေးကြည့်ပေါ့။အများစုစံစား ဖို့အနည်းစု ခံစားလိုက်ယုံပေါ့။ ဟန်မပျက်အောင်နေတယ်။ သန်းဇော်တို့နားမှာဘဲ အမြဲအ ချိန်လိုက်ဖြုန်းနေလိုက်တယ်။ သူတို့ရဲ့အစီအစဉ်တွေ အစဉ်ပြေချောမွေ့ပါစေ ညတိုင်းဆုတောင်းမိတယ် ။ ထောင်ထဲမှာ မိန်းကလေး ၂ ယောက်ကျန်နေသေးတယ်လေ။ နန်းစောနဲ့ တူးတူးနဲ့ လေ ။ သူတို့ ပြေးတော့မယ်ဆိုတာ သိထားတော့ စိတ်ထဲမှာ ဘယ်လိုမှလည်း နေလို့မရဘူး စိတ်လှုပ်ရှားတယ်၊ ကိုရဲတို့ ဘာတို့နဲ့လည်း သွားမတွေ့ဘူး၊
သိပ်မကြာဘူး။၁၉၉၂ ခုနှစ် မေလ ၂၁ ရက်ပေါ့နော ။ ည ကြီးမှာ အိပ်နေတုန်း ဆူညံ အသံတွေ ကြားရတယ်။ အော်ဟစ်သံတွေရောပေါ့ အဲဒါနဲ့ ကျမ သိလိုက်ပြီ သူတို့ ပြေးပြီလို့ အဲဒီမှာ ..ကျမက တပ်စုမှူး ဂျူးဂျူး(မာမာထွန်း) ကို အသံပေးလိုက်တယ်၊ ငါဒီမှာရှိနေတယ်နောလို့ အသံပေးလိုက်တော့ သူက ရတယ် ပေါ့နော် ။
တတပ်လုံး မီးတွေ လင်းလာတယ်။ သိလိုက်ပြီ၊သေချာပြီ။ သွားပြီ။ ငါတို့တွေတော့ခံစားရပါပြီပေါ့နော် ။ဂျူဂျူး ကျမနားရောက်လာပြီး မငယ်ကျော်ထင်ဦးလာခေါ်နေတယ်တဲ့။
ဘုရား တရားမှတ်ပြီး ကျော်ထင်ဦးခေါ်ရာလိုက်သွားတယ်။ပြီးဘိုဘို ၊ ဝဏ္ဏတို့ကိုဝင်ခေါ်တယ်။ ဘုရားစာတွေ တချိန်လုံးရွတ်တော့တာပဲ။
ကျမတို့ကို ကျောင်းသား IO ရုံးထဲခေါ်သွားတယ်။ကိုခင်မောင်ဇော်(ခို) နဲ့ ကိုမိုးဇော်ထွန်း(မိုးကြီး)မျက်နှာငယ်လေးတွေနဲ့ထိုင်နေတာတွေ့ရပြီး ခဏနေတော့ ကိုရဲတို့ ကိုညီနဲ့ ကိုကျော်နိုင်ဦး၊ ညီညီအောင် အားလုံးစိုးရိမ်တဲ့ မျက်နှာအထင်းသားတွေနဲ့ ရောက်လာကြတယ် ။
အဲ့ဒီအချိန်မှာ မျိုးဝင်းမရှိဘူး။ရှေ့တန်းမှာနောက်တန်းမှာကနောက်တန်းမှုးအနေနဲ့သိုက်ထွန်းဦး ထင်တာပဲ ။နောက်အောင်နိုင် ခေါ် ရော်နယ်အောင်နိုင် ၊သံချောင်း ရှိနေတယ်။
အားလုံးအလုပ်ရှုပ်နေကြတယ်။ကျမတို့အားလုံးကတော့မျက်နှာငယ်လေးတွေနဲ့ အတွေးကိုယ်စီနဲ့ပေါ့နော ၊ငြိမ်သက်စွာထိုင်နေကြတယ်။ တကယ်တော့ ကျမတို့အားလုံးမှာ တူညီသော အတွေး တွေပေါ့။ ကျမတို့ရဲ့ရှေ့ရေးပေါ့။ပြီးထွက်ပြေးနေတဲ့သူတွေရဲ့ ရှေ့ရေးပေါ့။ သူတို့တတွေလွတ်မြောက်သွားကြပါစေလို့အားလုံးတိတ်တိတ်လေး ဆုတောင်းနေမိတယ်။ပြန်မိလို့ကတော့မစဉ်းစားဝံ့ဘူး။ ရက်ရက်စက်စက်သတ်ကြမှာ။ သံချောင်းကစကားတွေလာပြောနေတယ်။
မကြားတချက် ကြားတချက်ပါဘဲ။မှတ်မိတာကတော့ ပြန်ဖမ်းမိရင် ကျမတို့ကတာဝန်ယူရမယ်၊ ကျမက နန်းစော နဲ့တူးတူးကိုတာဝန် ယူရမယ်..တဲ့။
တာဝန်ယူဆိုတာ သတ်ခိုင်းတာကိုပြောနေတာ..။ဘုရား..ဘုရား.. ဘုရား ။ တကယ့်ကို ဘုရားတလိုက်တယ်။လွတ်ကြပါစေ..။
ဒါနဲ့ဘဲမိုးစင်စင် လင်းလာ တယ်။နေ့လည် ..မွန်းလွဲပိုင်းလောက်ဖြစ်မယ် ထင်တယ်.. အဲဒီမှာ နေ့လည်လောက်ကြတော့ တရုတ်ရဲကနေ ကျောင်းသားတွေ ဖမ်းလာပြီ ဆိုပြိး လာပို့တော့ ဟာ သွားပြီ ဆိုပြီး စိတ်ပူသွားတာ၊ ဘယ်ဟုတ်မလဲ သူတို့က ထွက်ပြေးသွားတဲ့ ကျောင်းသားတွေနောက်ကို လိုက်ဖမ်းတဲ့ သူတွေကို တရုတ်က မိပြီး KIA ကို ပြန်လာပို့ပေးတာ။ ထွက်ပြေးသွားတဲ့ သူတွေကိုတော့ မမိဘူးပေါ့။
သွားဖမ်းတဲ့အဖွဲ့ပြန်ရောက်လာကြတယ်။တရားဝင်ကြေငြာလိုက်ပါတယ်.. ၅၅ ဦး အောင်မြင်စွာထွက်ပြေးလွတ်မြောက်သွားကြပါပြီ..တဲ့။
သူတို့အတွက်ရင်ထဲကပူပန်မှု့တွေကင်းဝေးသွားတယ်။ ကျမတို့အားလုံး တယောက် ကိုတယောက်မသိမသာကြည့်မိကြတယ်။ အားလုံးရဲ့မျက်လုံးတွေမှာ အပျော်ရိပ်တွေ တွေ့နေရတယ်။ ပြီးတော့မှ တပြိုင်နက်ထဲမှာဘဲစဉ်းစားမိတယ် ။
နောက်တွေးမိတယ် ၅၅ဦးတော့ လွတ်မြောက် သွားကြပါပြီ။ကိုယ့်အနာဂတ်အ တွက်ကိုယ်စဉ်းစားမိတယ်။တယောက်နဲ့တယောက်စကားမပြောဖြစ်ဘူး။
အနားမှာ လူတွေရှိနေတယ်။သံချောင်းကပြောလာတယ်။
ကျမတို့အားလုံးကို တအိမ်ထဲစုထား မယ်ပေါ့သူတို့စီစဉ်ပေးတဲ့နေရာမှာအားလုံးတစုတဝေးထဲစ နေကြရတာပေါ့။
နေရာကတော့ကျောင်းသားတပ်မတော်ထောက်လှမ်းရေး IO ရုံး ပေါ့။ မကြာသေးတဲ့တချိန်ကအဲ့ဒီနေရာမှာမတရားအနှိပ်စက်ခံခဲ့ကြရတယ်လေ ။
ခုကျမတို့ကို အဲ့ဒီတဲထဲမှာစုထားပြီ ။ သိနေကြတယ် ။ သံချောင်းတော့ ကျမ တို့ကို သတ်တော့မယ်ဆိုတာ ။ အဲ့ဒီမှာ ကျော်နိုင်ဦး(ကြောင်) သူအားလုံးကို
ကယ်လိုက်တာ ။ သံချောင်းကို သူညှိတယ်။ စကားတွေပြောတယ် ။သံချောင်းကလက်ခံပါတယ်။
ခုတော့ကျမတို့ (၉)ယောက်အတူတူ နေနေကြရတယ်။အကျယ်ချုပ်ပေါ့။
ညဆိုကင်းပတ်ပတ်လည်ချထားတယ်။ကျမတို့တဲကိုခွင့်မပါဘဲ ဘယ်သူမှ ဝင်ထွက်သွားလာခွင့်မရှိဘူပေါ့နော ။၅၅ ဦးထွက်ပြေးသွားလို့ ဆိုပြီးတာဝန်ရှိ သူတွေကို အပြစ်ဒဏ်ချတယ်။သန်းဇော် ။ ထွန်းဦး ။ ယောစောက် တို့ကိုတယောက်ကို ကြိမ်ဒဏ်အချက် (၃ဝ) စီပေးတယ်။ကြိမ်ဒဏ် ၃၀ အရိုက်ခံ ရပြီးတဲ့တော့ လမ်းတောင်မလျှောက်နိုင်ကြတော့ဘူး။တွဲပြီးခေါ်ယူရတာ။
အဲ့ဒီအချိန်မှာတာဝန်ရှိတဲ့ ထောင်မှုးလှမျိုးအောင်နဲ့ညကင်းစောင့် နာဂအောင်နိုင် ခေါ်အောင်နိုင်ကိုတော့ ရော်နယ်အောင်နိုင်ခေါ်အောင်နိုင်နဲ့ သံချောင်းတို့ကသေဒဏ်ပေးလိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်း သတ်လိုက်တယ်။
ဒါတွေနဲ့ မရှေးမနှောင်းမှာဘဲမျိုးဝင်းတိုက်ပွဲမှာသေဆုံးသွားတယ်လို့ကြားရတယ်။
ကျမတို့၉ဦးကတော့အကျယ်ချုပ်အနေနဲ့ ဒီတဲကျင်းကျင်းလေးမှာအတူတူ နေကြရတာပေါ့နော ။
ကျမတို့ ၉ ဦးဆိုတာ ဘိုဘို၊ ဝဏ္ဏဇော် ၊ ကိုညီညီ(စမား) ၊ ကိုရဲလင်း ၊ ကိုညီညီအောင်(ဒိုဇာ)၊ကိုကျော်နိုင်ဦး(ကြောင်) ၊ ကိုခင်မောင်ဇော်(ခို) ၊ ကိုမိုးဇော်ထွန်း(မိုးကြီး) နဲ့ ကျမ ပေါ့နော ။
ဒီလိုနဲ့ ကျမတို့ တွေ ဘာမှ မယ်မယ်ရရလုပ်စရာမရှိ .. အကျယ်ချုပ်နဲ့ နေနေတုန်း တညပေါ့နော် ။ ၅၅ ဦး ထွက်ပြေးပြီး ၄ လအကြာမှာ။
၁၉၉၂ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ ည ကြီးမှာပေါ့ ။ သက်လင်းက ကျမကိုလာခေါ်တယ် .. မငယ် လိုက်ခဲ့ပါပေါ့..လေ ။ ကျမ လေ ..ဘာ
ပြောရမှန်းတောင်မသိတော့ဘူး။ ညကြီးနော် ။ လာခေါ်တော့လည်း  လိုက်ရတာပါပဲ။
အပိုင်း(၁၇)
သက်လင်း လာခေါ်တော့ ကျမ တော်တော်လန့်သွားတယ်။ ကြောက်တာပေါ့ကွာ။ သိတဲ့ အတိုင်းပဲလေ ဟာ သွားပြီပေါ့ ပြဿနာပဲပေါ့။ ငါ့ကို သတ်တော့မလား၊ ပြီးတော့ ခေါ်တာကလည်း တယောက်တည်းကိုပဲ ခေါ်တာ ဆိုတော့ သွားပြီပေါ့။
အဲဒါက စက်တင်ဘာ ၂ ရက်နေ့ပေါ့၊ ၁၉၉၂ ခုနှစ်။ သက်လင်း လာခေါ်တဲ့ အချိန်က ညကြီး တော်တော်လည်း ညနက်နေပြီ၊ ပြီးတော့ အပြင်ထွက်လာတော့ သက်လင်းက ဘာပြောလဲ ဆိုတော့ အသံမထွက်ရဘူး၊ စကားမပြောရဘူး၊ လက်နှိပ်ဓါတ်မီး မထိုးရဘူးတဲ့ အဲလိုပြောတော့ စိတ်ထဲမှာလည်း တွေးပြီး ကြောက်တာပေါ့၊ ပြသနာပဲ ငါ့ကို ဦးဦးဖျားဖျားတော့ စွဲခုတ်ပြီပေါ့။ သတ်ပြီပေါ့ အဲလို အတွေးကတော့ တခုခုဆိုရင် ကျမတို့ တွေးမိကြတာပဲ။ ပြောရရင်တော့ ၅၅ ယောက်ထွက်ပြေးပြီးကတည်းက ကျမတို့ကို  အကျယ်ချုပ်ထားတာ။ တဲထဲမှာ ၉ ယောက်ကို ထည့်ထားပြီး လုံးဝ အကျယ်ချုပ်ထားတာ။ သူတို့ အချိန်မရွေး သတ်မယ်ဆိုရင်လည်း သတ်လို့ရတယ်ပေါ့နော်။
၅၅ ယောက် ထွက်ပြေးတော့ ကျမတို့ကို သတ်ပြီပေါ့၊ ဒါပေမဲ့ သိတယ် မဟုတ်လား ကိုကြောင်၊ ကိုကျော်နိုင်ဦးက သံချောင်းနဲ့ စကားတွေ ပြောကြတယ်။  စကားပြောကြတော့ သံချောင်းက မျိုးဝင်း ပြန်လာမှ ဆိုပြီး ဖြစ်ရော၊ အဲဒီလို အချိန်မှာ မျိုးဝင်း က ရှေ့တန်းသွားနေတယ်လေ။
မျိုးဝင်း ရှေ့တန်းသွားတာ ဘယ်အချိန်က သွားတာလဲ ဆိုတာတော့ ကျမ မသိဘူး။ ဒါပေမဲ့ ၅၅ ယောက်ထွက်ပြေးတဲ့ အချိန်မှာတော့ မျိုးဝင်း မရှိတာ သိလိုက်တယ်၊ မှတ်မိတယ်။ မျိုးဝင်း မရှိတဲ့အတွက် သံချောင်း က ကျမတို့ကို သတ်ဖို့ မသတ်ဖို့ ဘာမှ မဆုံးဖြတ်တော့ဘူး၊ တကယ်လို့ မျိုးဝင်းသာ ရှိရင် ကျမ ထင်တယ်၊ ကျမတို့ သေပြီ။
နောက် အဲဒီလို အခြေအနေမှာပဲ မျိုးဝင်း ရှေ့တန်း ကျသွားတယ်။ မျိုးဝင်း ရှေ့တန်းကျသွားတော့ ကျမတို့ကို သံချောင်းနဲ့ ရော်နယ်အောင်နိုင်က ဘာလုပ်မလဲ ပေါ့။ ဆက်ထားမလား၊ ရှုပ်တယ်ကွာ ဆိုပြီး သတ်ပစ်မလားပေါ့။ အဲလို အချိန်လေ။ ခုလို ခေါ်တော့ ကြောက်တာပေါ့။
အဲတော့ သက်လင်းနဲ့ အောက်ကို ဆင်းလာလိုက်ရော၊ ဆင်းလာလိုက်တော့ သက်လင်းက တိတ်တိတ်နေတဲ့လေ၊ အဲဒီ ကလေးလေးက အာဏာတွေ အရမ်းပြတယ်။ အဲဒီမှာ ဆင်းလာလိုက်တောို့ ဆက်သွားလို့ရှိရင် လက်ချာဟောနဲ့ ရဲမေဆောင်ပေါ့ ညာဘက်ကို ကွေ့လိုက်ရင်တော့ လိုင်စင်ကိုသွားတဲ့ ဘက်ပေါ့၊ KAI ဘက်သွားတာပေါ့ ကျောင်းသားဂိတ်ပေါ့နော၊ ဘယ်ဘက်ကို ချိုးရင်တော့ အလားအလာ မကောင်းဘူး လူသတ်ကုန်းဘက်သွားမှာပဲလေ။
အဲဒီမှာ သက်လင်းက ဘယ်ဘက်မှ အချိုးဘဲနဲ့ သက်လင်းက ရပ်လိုက်ရော အလယ်ကြီးမှာလေ ရပ်လိုက်ပြီးတော့ အသံမထွက်ရဘူး တဲ့ အဲလောက်ပြောပြီး ရပ်နေရတာ ၅ မိနစ်လောက်ရှိတယ်။
အဲဒီမှာ လိုင်ဆင်ဘက် ကားတစီးက ရောက်လာရော ရောက်လာတော့ ကားပေါ်တက်တဲ့။  အဲဒီကားက KIA ကားကြီး၊ သွားပြီ ငါတော့ KIA နဲ့လည်း ညှိပြီဆိုပြီး ကြောက်တယ်။ ဘာကြောင့်လဲ ဆိုတော့ အန်တီညို ကိစ္စက ရှိနေတာကို။
ကားက နယူးကမ့်ကို မသွားဘဲနဲ့ လိုင်စင်တောင်ကုန်းပေါ်ကို တက်သွားတယ်။ ပြီးတော့ ဗိုလ်မှူးကြီး ဆန်နီအိမ်ကို သွားတယ်၊ အဲဒီမှာ ရပ်တော့ ဆင်းဆိုတာနဲ့ ဆင်းလိုက်တယ်။
ဗိုလ်မှူးကြီး ဆန်နီ အိမ်ထဲလည်း ရောက်ရော…အဲဒီမှာ သံချောင်း ရှိနေတယ်။ ဗိုလ်မှူးကြီး ဆန်နီနဲ့ အတူ သံချောင်း  စောင့်နေတယ်ပေါ့။ ကျမလည်း ၀င်သွားရော ဗိုလ်မှူးကြီး ဆန်နီက မငယ် မင်း ထိုင်ဆိုတာနဲ့ ထိုင်ရတယ်။
နောက် ဘာစကားမှ လည်း မပြောဘူး ကွာ၊ အအေးတွေ ဘာတွေ တိုက်ပြီး သောက်လို့ ပြောတယ်၊ ကျမလည်း ပထမတော့ ဘယ်သောက်ရဲမလဲ၊ နောက်တော့ စပရိုက်တွေ ဘာတွေ သောက်လို့ တိုက်တာနဲ့ သောက်ရတယ်။ နောက်တော့ ကျမလည်း မနေနိုင်တော့ဘူးလေ၊ ဒီလောက်ကြီး အသံတိတ်နေတာနဲ့၊ ကျမက ဒူကဗားတို့ ဘာလဲ မသိဘူး လို့ မေးလိုက်တယ်။
မင်း မကြောက်နဲ့တဲ့ ဒါကုန်အောင်သောက်တဲ့ ဒါကုန်အောင် သောက်ပြီးမှ ငါပြောမယ်တဲ့။ အဲလို ပြောတော့ ကျမလည်း ကုန်အောင် သောက်တာပေါ့။
ပြီးတော့မှ တုန်းတိတိကြီးနဲ့ ပြောတယ်။
မင်း KIA ပြောင်းမလားတဲ့…။
ဟာ ….ဘုမသိ…ဘမသိဘဲနဲ့… တုံးတိတိကြီး ပြောချလိုက်တာ။ ကျမ အံ့သြသွားတယ်။အဲဒါနဲ့ ဗိုလ်မှူးဆန်နီကို အံ့သြပြီး မျက်လုံးပြူးပြီး ကြည့်နေတော့ သံချောင်း ကကျမကို ကြည့်နေတယ်။
ဗိုလ်မှူး ဆန်နီက ဟေ့ သံချောင်းတဲ့ …မင်း မကြည့်နဲ့တဲ့။ မင်းမကြည့်ရဘူးတဲ့။ မငယ် KIA ပြောင်းမလားတဲ့။
ကျမလည်း ဘာမှ မဖြေတော့ဘူး။  ဗိုလ်မှူးကြီး ဆန်နီကို ပေပြီးတော့ပဲ ကြည့်နေတာ။ အဲဒီမှာ သူက နေဦး ဆိုပြီးတော့ ဖုန်းသွားခေါ်တယ်။ ဗိုလ်ချုပ်ဇော်မိုင်ကို သွားခေါ်လိုက်တာ။ အဲဒီမှာ သူက ပြောတယ်၊ ငါ အခု မေးနေတာတွေက ငါက မေးတာ မဟုတ်ဘူး၊ ဗိုလ်ချုပ်ဇော်မိုင်က မေးခိုင်းတာ မေးနေတာပေါ့။
အဲဒီမှာ ဘာဖြေရမှန်း မသိဘူး၊ ဘာပြောပြောလေ ကျမနောက်မှာ ၈ ယောက်ကျန်သေးတယ်၊ ကျမတို့ အတူတူ အကျယ်ချုပ်ကျနေတဲ့ ၈ ယောက်ရှိသေးတယ်လေ။ ကျမက အမြဲတမ်း သူတို့နဲ့ တိုင်ပင်ရမယ်၊ တကိုယ်ကောင်းလည်း ဆန်လို့မရဘူး။ ကျမနဲ့ အတူ ရှိနေတာ ၈ယောက်။ ဆိုတော့ ဒီ ၈ယောက်နဲ့ မတိုင်ပင်ဘဲနဲ့ ကျမ ဘာမှ မဆုံးဖြတ်ဘူး၊
သူတို့ ဘယ်လို သဘောထားလဲ ဆိုတာသိရမယ်ဆိုတော့ ကျမတော့ ဘာမှ မဖြေဘဲနဲ့ ငြိမ်နေလိုက်တာပေါ့။
ကျန်တဲ့ သူတွေနဲ့ တိုင်ပင်ချင်တယ်၊ ဆွေးနွေးမယ်ဆိုတာလည်း  စိတ်ထဲမှာပဲ ထားတယ်၊ အဲဒီမှာ ဘာတခုမှ မပြောခဲ့ဘူး။
အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က ကျမကို တရက်အချိန်ပေးပေါ့လေ၊ မနက်ဖြန်ကိုတော့ စဉ်းစားပြီး ပြန်လာခဲ့ပေါ့လေ။ မငယ်ပေါ့ မင်း စဉ်းစား မင်း ဆုံးဖြတ်တော့ မနက်ဖြန်တော့ ဒီမှာလာအဖြေပေးတဲ့ အချိန်မှာ သံချောင်းက လုံးဝ လိုက်လာခွင့်မရှိဘူး။ ဒါ ဗိုလ်ချုပ်ဇော်မိုင် အမိန့်ပေါ့လေနော်။ နောက် သံချောင်းအနေနဲ့က ကျမကို ပိတ်ပင် ပိုင်ခွင့်လည်း မရှိဘူး၊ မေးလည်း မမေးရဘူး။ ဘာမှ လုပ်ပိုင်ခွင့် မရှိဘူး အဲလိုကို ပြောတာ။
အဲဒါနဲ့ သံချောင်းနဲ့ ပြန်လာလိုက်ရော…ညကလည်း တော်တော်နက်နေပြီ။ အဲဒီမှာ ကျမက ပြန်ချင်တာပေါ့ ၉ ယောက်တဲ ထားတဲ့ အကျယ်ချုပ်ထားတဲ့ နေရာကို ပြန်ချင်ပြီပေါ့၊ ဒါပေမဲ့ သံချောင်းက မပြန်ရဘူး။ မငယ် ငါနဲ့ လိုက်ခဲ့တဲ့။ ကြောက်တယ်လေ နော၊ လိုက်ဆိုတော့လည်း လိုက်ရတာပေါ့၊ သူသည် ခေါင်းဆောင်ပဲ။ လိုက်ဆိုတော့ ဘာပြောရဲမှာလဲ။
အဲဒါနဲ့ လိုက်သွားလိုက်တာ သက်လင်းက မီးတွေ ဘာတွေ ဖိုပေးနဲ့ မီးလှုံနေတာ အဲဒီမှာ သံချောင်းက တခွန်းမှကို စကားမပြောတော့ဘူး။ မျက်နှာချင်းဆိုင် ထိုင်ပြီး ငြိမ်နေတယ်။ ကြာတော့ ကျမလည်း မနေနိုင်တော့ဘူး Cs လို့ဘာပြောချင်သလဲလို့ မေးလိုက်တော့ သူက မင်း….တဲ့။
မင်း… တကယ်ပြောင်းမှာလားလေ…တဲ့… ဟာကွာ…ငါ့မှာ ….ဒီလို မေးပိုင်ခွင့်တောင် မရှိတော့ပါလား လေ့…တဲ့။
အဲလို မေးတော့ ကျမက မပြောဘူး ၊ ပြောင်းမယ်လည်း မပြောဘူး မပြောင်းဘူးလဲ မပြောဘူး။ ဒီအတိုင်းပဲ ငြိမ်နေတာ။ မပြောဘူး။
အဲတော့ သံချောင်းက မင်းလူတွေနဲ့ မင်းတိုင်ပင်ချင်သလား။ ညီညီ့ကို ခေါ်လိုက်လေတဲ့။(ညီညီဆိုတာ စမားညီညီ)
သက်လင်းတဲ့ သွားတဲ့ ညီညီကို့သွားခေါ်တဲ့။ အဲလို ပြောတော့ သက်လင်းက အောက်ကို ပြေးဆင်းသွားတာ။ အဲဒီမှာ ကျမ စိတ်ထဲ ထိတ်ကနဲဖြစ်သွားတယ်။
ဘာကြောင့်လဲဆိုတော့ ကျမ ပျောက်နေတာ ကြာပြီလေ၊ ခု နောက်တယောက်ကို ပြန်ခေါ်ထုတ်မယ်ဆိုတော့…အဲဒါနဲ့ပြေးဆင်းသွားပြီးတော့ သက်လင်းနဲ့ အတူ တဲဆီကို သွားပြီး ကိုရဲတို့ကို ခေါ်လိုက်တာပေါ့။
အဲဒီမှာ ကျမလည်း တဲထဲကို ၀င်သွားရော ကျန်တဲ့ သူတွေက ပြူးပြဲပြီး ကြည့်နေကြတယ်၊ ၀ဏတို့ဘာတို့ဆိုရင်လည်း မျက်လုံးလေးတွေပြူးပြီး ကြည့်ကြတာ။ အဲဒီမှာ ကျမက ကိုညီလို့ လိုက်ခဲ့ပါလို့ ဆိုတော့ ကိုညီက ထလာတယ်။
ကိုညီညီက ကြောက်တတ်တယ်သိလား၊ပြူးတိ့ပြူးကြောင်လေးနဲ့ ကြည့်တော့ကိုယ်ကလည်း ဒီအချိန်မှာ သူတို့ကို ပြောပြလို့မရဘူးလေ အဲဒါနဲ့ သူတို့ကို အေးအေးဆေးဆေး အကြည့်နဲ့ပဲ ကြည့်လိုက်တယ်။
အဲဒါနဲ့ကိုညီကို အပေါ်ကို ခေါ်လာခဲ့တယ်၊ သံချောင်းနဲ့ တွေ့တော့သံချောင်း က ညီညီ့ကို ရှင်းပြတယ်။ မငယ်ကိုတော့ KIA က ခေါ်ပြီပေါ့၊ ကိုညီညီ ဘယ်လို သဘောရသလဲပေါ့။ အဲဒီမှာ သံချောင်းက ကျမရဲ့ သဘောကို အရမ်း သိချင်တာ။
အဲဒီမှာ ကျမနဲ့ ကိုညီနဲ့က ကပ်ထိုင်ကြတာ၊ အဲလို ကပ်ထိုင်နေကြရင်းနဲ့ ကိုညီက ဟာ…မငယ်တဲ့..ကျနော်တို့ ကျောင်းသားအဖွဲ့က ဒီလောက်စိတ်သဘောထား မြင့်မြတ်နေတာ KIA ဘာလို့ ပြောင်းမှာလဲပေါ့၊  ကျောင်းသားတပ်နဲ့ပဲ လက်တွဲကြရအောင်ပါပေါ့…ညီညီက ပါးစပ်ကနေ အဲလို ပြောရင်းနဲ့ သူ့ရဲ့ ခြေထောက်ကတော့ သူ့ရဲ့ စစ်ဖိနပ်နဲ့ အမရဲ့ ခြေထောက်ကို ဖိချေနေတာ။ သဘောက သူပြောတာကို မယုံနဲ့ပေါ့ ၊ ငါ ဘာပြောပြော မင်းမယုံနဲ့ပေါ့၊ အဲဒီသဘောနဲ့ သူလုပ်နေတာ။ ကျမကလည်း အဲဒါကို သဘောပေါက်ပါတယ်။
အင်းပါလို့ ကိုညီ ကျနော် စဉ်းစားဦးမယ်လို့ ကျောင်းသားတပ်မတော်ကိုလည်း သဘောပေါက်ပါတယ်လို့၊ KIA ကို ပြောင်းဖို့ ဆိုတာလည်း မလွယ်ပါဘူး လို့ အဲလို ပြောပြီး ကျမတို့ ပြန်ဆင်းလာခဲ့ကြတယ်။
တဲ ထည့်ရောက်တော့ တိုင်ပင်မယ် ဆိုပြီး ပြန်ဆင်းလာခဲ့ကြတာ။
အပိုင်း(၁၈)
တဲဆီကို ရောက်ပြီး အားလုံး ၀ိုင်းတိုင်ပင်ကြတော့ အားလုံးက ပြောင်းပါလို့ပဲ ပြောတယ်။  အားလုံးက ခုလို ကျမ ပြောင်းတာက အားလုံးအတွက် ပိုကောင်းလာလိမ့်မယ်လို့လည်း မျှော်လင့်တဲ့ အကြောင်း ပြောကြပြီးတော့ နောက်ဆုံး မငယ်ပြောင်းပါလို့ ဆုံးဖြတ်ကြတယ်။
ဒါပေမဲ့ ကျမ တညလုံး အိပ်မပျော်ဘူး။ အားလုံးကတော့ KIA ကို ပြောင်း ဖို့ သဘောတူနေပြီ ပြောင်းလိုက်ပြီးရင် ဘာဖြစ်မလဲပေါ့။ နောက် KIA ဆိုတာက ကိုယ်နဲ့တော့မစိမ်းဘူး။ ကိုယ်နဲ့လည်းရင်းနှီးနေပေမဲ့…ကိုလာတာက ကျောင်းသားတပ်မတော်ကိုး။  တောခိုကတည်းက ကျောင်းသားတပ်မတော်အနေနဲ့ပဲ တော်လှန်ရေးလုပ်မယ်ဆိုပြီးလာခဲ့တာလေ…ခုလို
ကိုယ့်ကို ကျောင်းသားတပ်မတော်က ခေါင်းဆောင်တွေက သတ်နေလို့သာ ကိုယ်က KIA ကို ပြောင်းရမလား လို့ စဉ်းစားမိတာ။
တကယ်တော့ ဘာလုပ်ရမှန်းမသိဘူး။ အဲဒီမှာ စဉ်းစားမိပါတယ်။ ၅၅ ယောက် က ပြည်တွင်းကို ပြန်ထွက်ပြေးကြရတာလည်း သူတို့ကို သတ်မှာကို ကြောက်လို့ ထွက်ပြေးကြရတာလေ။ ဒီလိုပဲ အဖမ်းခံပြီး နေရတဲ့ အချိန်မှာ ဘယ်နေ့မှာ ကိုယ့်ကိုသတ်မလဲ ဆိုတာ နေ့တိုင်း တွေးပြီး ပူပြီး ကြောက်နေရတာ။ အဲဒီအဖြစ်ကနေ လွတ်မြောက်အောင် ထွက်ပြေးကြရတာ။ အဲဒါဟာ အစိုးရ ဆီမှာ အလင်းဝင်တာ မဟုတ်ဘူး။ တကယ်လို့များ သူတို့၅၅ ဦးကို အဲလို အချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုခုကသာ ခေါ်ကြည့် တောင်းကြည့် သူတို့ ပြည်တွင်းကို ပြန်ဝင်ဖြစ်တော့မှာ မဟုတ်ဘူး။ အားလုံးက တော်လှန်ရေး ဆက်လုပ်ဖြစ်ကြမှာပဲ။ သူတို့ကို ဘယ်သူကမှ မခေါ်ဘူး၊ ဒီဘက်ကလည်း အသတ်အန္တရာယ်ရှိနေတယ်။ အဲဒါကြောင့် သူတို့က ပြည်တွင်းကို ထွက်ပြေးသွားကြတာ။ အဲဒီ အဓိပါယ်နဲ့ လက်နက်ချ အလင်းဝင်တယ်ဆိုတာ မတူဘူး။
နောက် ကျမတို့ အကျယ်ချုပ်နေရတယ် ဆိုတဲ့ ဘ၀က သိပ်ကို  သိမ်ငယ်လှတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ၉ ဦးက တဲတခုတည်းမှာ အတူတူနေရတယ်၊ ကျမတို့ တခြား ရဲဘော်တွေ အလုပ်လုပ်နေတဲ့ အချိန်မှာ အလုပ်မလုပ်ရဘဲ ဒီအတိုင်း နေနေရတယ်။ ကျမတို့တွေက တဲရှေ့က ကျောက်တုန်းလေးကနေ ဟိုကြည့် ဒီကြည့်နဲ့ နေနေရတယ်။ တခြား ရဲဘော်တွေကလည်းကျမတို့နဲ့ စကားမပြောရဲဘူး ဒီအတိုင်းကြီးပဲ သိတယ်မဟုတ်လား ဒီလိုပဲ နေလာရတော့ စိတ်ထဲမှာ သူတို့နဲ့ မတူဘူး ဆိုတဲ့ သိမ်ငယ်စိတ်တွေက ၀င်လာတယ်။ စိတ်ထဲမှာ အရမ်း သိမ်ငယ်တယ်လေ။
အဲလို အနေအထားတခု အခြေအနေတခုကနေ ကိုယ့်ကို KIAက ခေါ်တော့ ကျန်တဲ့ ၉ ဦးကလည်း ပြောင်းသင့်တယ်လိုပဲ သဘောတူကြတယ်။ ကျမအနေနဲ့ကလည်း အဲလို ပြောင်းခြင်းအားဖြင့် တခုခုတော့ ထူးခြားမှု ရှိမယ်။ကောင်းချင်လည်း ကောင်းသွားမယ် ဆိုးချင်လည်း ဆိုးသွားမယ်ပေါ့၊ တခုခုတော့ လုပ်ရတော့မယ်ပေါ့။ ကျမလည်း အဲလို စဉ်းစားလိုက်တာလေ အဲဒါကြောင့် ငါပြောင်းမယ်လို့ ဆုံးဖြတ်ခဲ့တာ။
နောက်တနေ့ မနက်ကြတော့ သံချောင်းက ရောက်လာတယ်၊ ပြီးတော့ကိုရဲတို့ ဘာတို့ကို အကုန်ရှင်းပြတယ်၊ ပြီးတော့ ကျမကို မေးတယ်။  နင်ပြောင်းမှာလား ပေါ့။
အဲဒီမှာ ကျမက သူ့ကို ပြောတယ်။ စဉ်းစားလိုက်ဦးမယ်ပေါ့လေ။
အဲဒီမှာပဲ KIA က ကားလာခေါ်တယ်။ ကားလာခေါ်တော့ အမ လိုက်သွားတယ်။ ဗိုလ်မှူးကြီး ဆန်နီ ဆီကိုပေါ့လေ။ နောက် ကျမ ပြောင်းမယ် သဘောတူတယ်ဆိုတာကို ပြောလိုက်တယ်။
အဲလိုပြောလိုက်တော့ ဗိုလ်မှူးကြီး ဆန်နီက ချက်ခြင်း ဗိုလ်ချုပ် ဇော်မိုင် ဆီကို ဖုန်းဆက်တယ်။ အဲတော့ ဗိုလ်ချုပ်ဇော်မိုင်က သူ့ကို ပြန်မလွှတ်နဲ့ ဒီအတိုင်း ထားထား၊ တရားဝင် လွဲပြီးမှ ပြန်ခိုင်း လို့ ပြောတယ်။ အဲတော့ အဲဒီနေ့မှာပဲ အပြောင်းအလွှဲအကုန်လုပ်ကြတယ်။
အပြောင်းအလွှဲကိစ္စ တွေအကုန်လုပ်ပြီးမှ ဗိုလ်ချုပ်ဇော်မိုင်က ကျမကို ဖုန်းခေါ်တယ်။ အခု ဒီ အချိန်က စပြီးတော့မင်းနဲ့ ကျောင်းသားတပ်မတော်ဖြစ်တဲ့ ABSDF –NB နဲ့ ဘာမှ မဆိုင်တော့ဘူးပေါ့။ မင်းက KIA ဖြစ်သွားပြီပေါ့..တာဝန် ၀တ္တရားက စ သူပြောတာပေါ့လေ။
စိတ်ထဲမှာတော့ အရမ်း -၀မ်းနည်းတယ်လေ.. သိတယ်မဟုတ်လား ..ဘယ်လို ပြောရမလဲ၊ အရမ်းလည်း ခံစားရတယ်၊ ကိုယ်က ကျောင်းသား စိတ်လေ၊ ကျောင်းသားတပ်မတော်လေ…အဲဒါကို ခုလို ကျောင်းသား တပ်က မဟုတ်တော့ဘူး ဆိုတာက ခံစားရတယ်။ ပြောသလောက် မလွယ်ဘူး။  ငါတကယ်ပဲ ပြောင်းရတော့မှာပဲ ဆိုတာ သိသွားတော့ စိတ်ထဲမှာ တမျိုးကြီးနဲ့ မခံစားနိုင်ဘူး။ စိတ် ထိခိုက်ရတယ်။
ကျောင်းသား တပ်နဲ့မင်းနဲ့ ဘာမှ မဆိုင်တော့ဘူး ….ဆိုတာကို ကြားလိုက်ရတာ ပိုပြီး ခံစားရတယ်။
တကယ်လည်း ဟုတ်တယ်လေ အဲဒီအချိန်က စပြိး မဆိုင်တော့ဘူး၊ တရားဝင် လွှဲလိုက်ပြီ။
အဲဒါက စက်တင်ဘာလ ၃ ရက်နေ့ပေါ့။ အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က မင်း တပ်ကို ပြန်ပါတဲ့…ဒီနေ့ ညတော့ ကျောင်းသားတပ်မှာ မင်းရဲဘော်တွေနဲ့ နေလိုက်ပါပေါ့။၊ မနက်ဖြန် ကျရင်တော့ KIA က မင်းကို လာခေါ်မယ်ဆိုပြီးတော့ ကျမကို တည ကျောင်းသား တပ်မှာ ပေးနေခဲ့တယ်။
အဲဒါနဲ့ ကျမက ၉ ဦးတဲ လေးဆီကိုပဲ ပြန်သွားလိုက်တယ်။ ပြန်သွားလိုက်တော့ ဟိုမှာ ကိုရဲတို့က ပြူးပြာပြီး အကုန်ကြည့်နေကြတာပေါ့။ ငါ ပြောင်းလိုက်ပြီလို့ ပြောလိုက်တော့ အားလုံးက ၀မ်းသာ သလိုလို ၊ ၀မ်းနည်းသလိုလို ဖြစ်တာပေါ့။ အဲဒီမှာလေ။
အပိုင်း (၁၉)
ကိုယ်ကလည်း KIA ကို ပြောင်းပြီ ဆိုတော့ ၀မ်းနည်းသလိုလို ဘာလိုလိုဖြစ်တာပေါ့ အဲဒီမှာ ကျန်တဲ့ ၈ ဦးကနေ ကျမကို ၀ိုင်းပြီး အားပေးကြတာပေါ့၊ စမားညီညီတို့ ဘာတို့ကလည်း အားပေးတယ်။ ဒါ အကောင်းဘက်ကို ဖြစ်တာပေါ့လေနော်၊ ထူးခြားပါလိမ့်မယ်လို့ ၀ိုင်းပြီး ပြောကြတယ်။
ကျမစိတ်ထဲမှာက ဗိုလ်ချုပ်ဇော်မိုင်ကနေပြီးတော့ တရားဝင် ဖုန်းထဲမှာ ပြောလိုက်တဲ့ မင်းနဲ့ ဒီကျောင်းသား တပ်မတော်နဲ့ ဘာမှ မဆိုင်တော့ဘူး ၊ မင်းရဲ့ တာဝန်ထမ်းဆောင်ခြင်း ဘာဘာညာညာ အကုန်လုံးကို ဒီ KIA က အကုန် တာဝန်ယူ ဖြေရှင်းသွားတော့မယ်၊ မင်းက KIA ရဲမေ ဖြစ်သွားပြီ ဆိုကတည်းက ခံစားလိုက်ရတာ။ ကျမ တောထဲကို လာခဲ့တာ KIA အတွက် လာခဲ့တာ မဟုတ်ဘူးလေ၊ ကျောင်းသား တပ်မတော်ဆိုပြီး လာခဲ့တာ။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကျမတို့ အခြေအနေအရသာ ဒီလိုတွေဖြစ်ခဲ့ကြတာ ကျမတို့ရဲ့ ရင်ထဲမှာ ABSDF-NB ဆိုတာ ရှိတယ်။ အားလုံး ရင်ထဲမှာ ရှိတယ်။ သံယောဇဉ်ဆိုတာ ရှိတယ်၊ ပြီးတော့ ဒီအဖွဲ့အစည်းကို ကျမတို့ အားလုံး ချစ်တယ်။ ဆိုတော့ ကျောင်းသား တပ်ကို တည အိပ်ဖို့ ပြန်ရောက်လာတော့ ခံစားရတာ…ဘယ်လို ပြောရမှန်းမသိဘူး၊ ခံစားချက်ကလေ တော်တော်ပြင်းတယ်။ ကြေကြေ ကွဲကွဲ ပဲ..သိလား။
ကျမ ကိုရဲတို့နဲ့ ၉ ယောက်ထားတဲ့ တဲထဲမှာပဲ ဘာဖြစ်ကြမလဲ ဆိုပြီးတော့ နေနေတာ၊ အားလုံးကတော့ သိတယ် မဟုတ်လား ငြိမ်သွားကြတာပေါ့။ ကျမကလည်း ဘယ်မှလည်း မသွားဘူး။ အဲဒီအချိန်မှာ သံချောင်းက ကျမကို ခေါ်တယ်။ မငယ်တဲ့… တွေ့ချင်တယ် ဆိုတော့ ကျမ တက်တွေ့လိုက်တယ်။
တက်တွေ့လိုက်တော့ သံချောင်းက မင်းပြောင်းပြီပေါ့…တဲ့။ သူက အဲလိုလေး မေးတယ်။ ဟုတ်တယ် Cs လို့ ကျမ ပြောင်းပြီလို့ ပြောပြီး ဒါအကောင်းဆုံးဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်လို့ ပြောလိုက်တယ်။ သံချောင်းက အကောင်းဆုံးဖြစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်တဲ့.. သူက အဲလိုပြောတယ်။ တကယ်လည်း သူနဲ့ ဘာမှ မဆိုင်တော့ဘူးလေ။ အဲဒီတော့ သူက စောမြအောင်ကို ခေါ် လိုက်တယ်။ စောမြအောင်ဆိုတာ ကျမတို့ ၀ါဒဖြန့်ချိရေးက တာဝန်ခံ။ စောမြအောင်ရောက်လာတော့ သူက မငယ်က KIA ကို ပြောင်းတော့မယ်လို့ ပြောပြတယ်။
အဲဒီမှာ စောမြအောင်ရဲ့ မျက်နှာက အရမ်း အံ့သြသွားတယ်။ စောမြအောင်က ကျမနဲ့ အပတ်စဉ် ၃ တူတူတက်ခဲ့တာ။ နောက် ၀ါဒဖြန့်ချိရေးကို စဖွဲ့တော့လည်း အတူတူပဲ။ စောမြအောင်က နင်သွားပြီလား ဆိုပြီး အံ့သြနေတာ၊ ကျမက အေး …ဒါ အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ပြောပြတယ်၊ သံချောင်းက စောမြအောင်ကို လှမ်းပြောတယ်။ မငယ်ကို ဂစ်တာ တလုံးပေးလိုက်ပါတဲ့…ကျောင်းသား တပ်ရဲ့ နောက်ဆုံး လက်ဆောင်တဲ့…။ ကြိုက်တဲ့ ဂစ်တာ တလုံး ယူပါစေ တဲ့…။ သံချောင်းက အဲလို ပြောပြီး နှုတ်ဆက်တယ်။
အဲဒါနဲ့ ကျမ ပရိုတင်းတဲကို ရောက်သွားတယ်။ ၀ါဒဖြန့်ချိရေးမှာ ကျမ အမြဲတမ်း တီးနေတဲ့ ကျမရဲ့ အကြိုက်ဆုံး ဂစ်တာလေး တလက်ကို ယူလိုက်တယ်။ စောမြအောင်က နာမည်လေး ရေးပေးတယ်။ ဂစ်တာလေး ပိုက်ပြီး ပြန်လာခဲ့တယ်။
တဲထဲမှာလည်း အားလုံးက ငြိမ်နေတယ်၊ ပြောင်းပြီ ဆိုတော့ ဘယ်လိုဖြစ်သွားမှန်းကိုမသိတာ၊ နောက်တချက်က အဲလို မပြောင်းလို့လည်း မရဘူး၊ အကျယ်ချုပ်နေရတဲ့ အချိန်တုန်းက အရမ်း သိမ်ငယ်တယ်။ ကိုယ်လည်း ကိုယ့်စိတ်ဓါတ်နဲ့ကိုယ် တောခိုလာတာပဲ၊ ဒါပေမဲ့ တခြား လူတွေနဲ့ ရဲဘော်တွေနဲ့ကို သပ်သပ်ဖြစ်သွားတာ၊ ကျမတို့ကို အဲလိုခွဲခြားထားလိုက်တော့ ခံစားရတယ်၊ သိမ်ငယ်လာတာပေါ့။ ကိုယ့်ဟာကိုယ်ပဲ တဲထဲမှာ နေကြတော့တယ်။
ပြီးတော့ သံချောင်းတို့ အောင်နိုင်တို့ကလည်း ကျမတို့ တွေကို ဘာလုပ်ရမှန်း မသိဘူး၊ အမေတွေ လာခေါ်တုန်းကလည်း ပြန်မလွှတ်ဘူး၊ တချိန်ချိန်မှာ ခုတ်သတ်လိုက်ဆိုရင် ဘယ်လိုလုပ်မလဲ။ သတ်ဖို့ကလည်း လုပ်ထားပြိးပြီ၊ ၅၅ ဦး ထွက်ပြေးတာနဲ့ သတ်ဖို့ဆိုပြီး လုပ်ထားပြီးပြီ၊ ဆိုတော့ အကျယ်ချုပ်ထားပေမဲ့ စိုးတထိတ်ထိတ်နေနေရတဲ့ ဘ၀။ အဲဒါကြောင့် KIA ပြောင်းရင်တော့ တခုခုတော့ ထူးခြားမယ်ဆိုပြီး ပြောင်းခဲ့လိုက်တာ။
နောက်တနေ့ မနက်ပေါ့၊စက်တင်ဘာလ ၄ ရက်နေ့မှာတော့ KIAက လာခေါ်ပြီ။ အထုတ်အပိုးတွေနဲ့ပဲ ဗိုလ်ချုပ်ဇော်မိုင်က ချက်ချင်းလိုက်ခဲ့ပါဆိုတာနဲ့ ဗိုလ်ချုပ်ဇော်မိုင်ကို သွားတွေ့လိုက်တယ်။
သွားတွေ့လိုက်တော့ အားလားလား တကယ်ကြောက်သွားတယ်။ ဗိုလ်ချုပ်ဇော်မိုင်နဲ့ KIA ရော KIO ကရော လူကြီးတွေ အရာရှိပိုင်းတွေပေါ့ ၀ိုင်းထိုင်နေကြတာ။ KIA ထောက်လှမ်းရေးက လူတွေလည်း ပါတယ်။ ဟာ …ငါတော့ သွားပြီလို့ အဲလိုကို ဖြစ်သွားတာ။
ကျမကို ထိုငခိုင်းလိုက်တဲ့ နေရာကလည်း အဲဒီလူကြီးတွေရဲ့ အလယ်ခေါင်မှာ ခွေးခြေခုံလေးတလုံးချထားပြီး အဲဒီမှာ ထိုင်ခိုင်းတာ၊ သွားပြီလို့ ပြဿနာပဲပေါ့။ အဲလိုဖြစ်သွားတာ။သိတယ် မဟုတ်လား တရားရုံးတွေမှာ အလယ်မှာ ထိုင်ပြီး အစစ်ခံရသလိုကို ဖြစ်နေတာ၊ ထိုင်နေတဲ့အနေအထားကလည်း ဒူသိန်းဆွေ ဒူခွန်မော်နဲ့ အခြားKIA ကထောက်လှမ်းရေးအရာရှိတွေကို  မျက်နှာခြင်းဆိုင်ပြီး ထိုင်နေရတာ ။ ပြီးတော့ဒူသိန်းဆွေက ကျမ ကျောင်းသားတပ်မှာထွက်ဆိုထားတဲ့စစ်ချက် ဖိုင်ကို ကြည့်ပြီး မေးခွန်းတွေ မေးတယ်။
ကျမလည်း ပြောရတာပေါ့ နန်းအောင်ထွေးကြည်ပေါ့၊ ထောက်လှမ်းရေးပါပေါ့ ကိုယ်ပိုင်နံပတ် ဘယ်လောက်ပေါ့။ ကျောင်းသားတပ်ကို ဖြိုခွဲဖို့ လာတာပေါ့၊ ရေလှိုင်း စစ်ဆင်ရေးပေါ့ အဲဒါတွေကို အစအဆုံးပြန်ရွတ်ပြရတာ။အဲဒါတွေ အစအဆုံး၇ွတ်ပြပြီးတော့မှ ရာထူးက ပြန်ပြောတဲ့။ ဟာ ပြသနာပဲပေါ့။ နောက် ကိုယ်ပိုင် နံပတ်တဲ့။ ကိုယ်ပိုင်နံပတ်ပြောတာ၊ အဲဒီ ကိုယ်ပိုင် နံပတ်က တကယ်ပဲလား တဲ့…အဲလို မေးတယ်။ ကျမကလည်း ဟုတ်တယ်ပေါ့။ အဲဒီမှာ ရယ်ကြတယ်၊ တယောက်တပေါက်တွေ ရယ်ကုန်ကြရော။
မင်း ကိုယ်ပိုင်နံပတ်က ဘယ်လောက်လဲ လို့ ထပ်မေးတယ်၊ ကျမက ကိုယ်ပိုင်နံပါတ်က  က/၁၇၅ဝ ဖြစ်တယ်လို့ ဖြေတော့၊ KIA မှအရာရှိ ကြီးတဦးကတော့ပြောပါတယ် .. မင်းဘာလို့ ဒုဗိုလ်ဖြစ်လဲ.. ဗိုလ်ချုပ်ကြီးအဆင့်ဖြစ်ရမှာပေါ့တဲ့။
အဲဒီတော့ မင်းကို ငါမေးမယ်တဲ့… ခင်ညွှန့်ရဲ့ ကိုယ်ပိုင်နံပတ် သိလားတဲ့။ ကျမကလည်း မသိဘူးပေါ့။ ခင်ညွှန့်ရဲ့ ကိုယ်ပိုင်နံပတ်ကတဲ့ ၅ လုံး ရှိတယ်တဲ့၊အဲလိုပြောပြီးတော့ မင်းအဖေရဲ့ ကိုယ်ပိုင် နံပတ်ကို ပြောတယ်၊ ပြောတော့ ၆လုံး၊ မင်း ကိုယ်ပိုင်နံပတ်က ၄ လုံးဆိုတော့ဆိုပြီး ပြောပြီးတော့ ရယ်တယ်၊ ကျမကတော့ ဟာ …ငါတော့ သေပြီ။ ငါ ညာတာတွေတော့ ပေါ်ပြီပေါ့နော်၊ ငါ့ကိုတော့ ဖြုတ်ပြီလို့ အဲလိုတွေးနေတာ။
အဲဒါနဲ့ ကျမက ထောက်လှမ်းရေးပါဆိုတာကို ထွက်တုန်း ကြောက်တာလေ သေမှာ ကြောက်တာနဲ့ မဟုတ်ဘူး ကျမ ထောက်လှမ်းရေးပါလို့ ပြောနေတုန်းပဲ။
အဲဒီမှာ ဗိုလ်ချုပ်ဇော်မိုင်က တော်လိုက်တော့တဲ့…မင်း ဒါတွေကို မေ့လိုက်တော့တဲ့..။ မင်း ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ ငါ သိတယ်တဲ့…။ မင်းတို့တွေ မှားကုန်ကြပြီတဲ့…။
အဲဒီမှာ ကျမ ငိုတော့တာပဲ…တအားကို ငိုတော့တာ။ ပြီးတော့ ဘာကြောင့် ဒီအတိုင်းနေနေကြတာလဲလို့ ကျမ မေးလိုက်တယ် ဗိုလ်ချုပ်ဇော်မိုင်ကို။
အဲဒီတော့ ဗိုလ်ချုပ်ဇော်မိုင်က …ငါမရှိဘူးတဲ့။ အဲလိုဖြစ်တဲ့ အချိန်မှာ ဗိုလ်ချုပ်ဇော်မိုင်က အိန္ဒိယ ဘက်ကိုလား မသိဘူး ရောက်နေတယ်။ KIA တပ်ထဲမှာ မရှိဘူး။
နောက် အခု KIO ဥက္ကဋ္ဌကလည်း ၀င်ပြောတယ်၊ ကျနော်တို့ တားပါတယ်တဲ့ ကျောင်းသား တပ်ကို ၊ ကျနော်တို့ ပြောနိုင်သလောက် ပြောခဲ့တယ်တဲ့။  နောက် ကျောင်းသားတပ်မတော်က KIA ရဲ့ လက်အောက်ခံ တပ်မဟုတ်ဘူးတဲ့၊ အဲဒါကြောင့် ငါတို့ တားချင်တိုင်းလည်း ၀င်တားလို့မရဘူး ဆိုတာကို ရှင်းပြတယ်။
နောက်မေးတယ် တပ်ထဲမှာ ဘယ်နှစ်ယောက် ကျန်သလဲတဲ့…။ ၈ ယောက်ကျန်တယ်လို့ ကျမ ဖြေတယ်ပြီးတော့ အဲဒီ ၈ယောက်စလုံးကို ခေါ်ပေးပါလို့ ပြောတော့ ငါတို့က ခေါ်ချင်တိုင်း ခေါ်လို့မရဘူးတဲ့။ အချိန်ယူရလိမ့်မယ်လို့ ပြောခဲ့တယ်။
အဲဒါနဲ့ KIA မှာ ရဲမေအနေနဲ့ တာဝန်ထမ်းတယ်။  အဲဒီမှာ တရက်ကြတော့ သံချောင်းက ရောက်ချလာရော။ အဲဒါ ဘာလာလုပ်လဲ ဆိုတော့ ကျမကို ဗိုလ်ချုပ်ဇော်မိုင် ဆီကနေ ပြန်လာတောင်းတာ။  ဘာလို့လဲ ဆိုတော့ ကျောင်းသားတပ်ထဲမှာ ဘုန်းကြီး တပါး ဖမ်းထားတယ်တဲ့။အဲဒီ ဘုန်ကြီးကို ထောက်လှမ်းရေးလားဆိုပြီးတော့  ဘုန်းကြီးကို သတ်ရမယ်တဲ့…ပြီးတော့ အဲဒီ ဘုန်းကြီးက ကျမနဲ့ ဆက်စပ်မှု ရှိရမယ်ဆိုပြီးတော့ ကျမကို KIA ကနေ ပြန်လာတောင်းတယ်။ ဗိုလ်ချုပ်ဇော်မိုင်က မပေးဘူး။
ဗိုလ်ချုပ်ဇော်မိုင်က ကျမကို သံချောင်းလာပြန်တောင်းတဲ့ အကြောင်း ပြောပြရင်း မေးတယ်။
အး ခုမင်းဘယ်လိုထင်လဲ .. တဲ့ကျမကိုမေးလာ ။  ကျမက ဗိုလ်ချုပ်ဇော်မိုင်ကို ပြောလိုက်တယ်။ ဒူကမ္ဘာCS ကျမ ဒီမှာ ဆက်မနေချင်တော့ဘူး။အိမ်ပြန်ချင်ပြီ ။ပြန် ခွင့်ပေးပါလို့ခွင့်တောင်းလိုက်တယ်။ KIA မှာဆက်ပြီးတာဝန်ထမ်းဆောင်ချင်ပေမဲ့ ခုလိုမျိုးဆိုရင်တော့ ရှေ့ဆက်မနေတာ အကောင်း  ဆုံးပါလို့ CS ဇော်မိုင်ကို ပြောခဲ့ပါတယ်။
တကယ်ကိုဘဲ အမေ့အိမ်ပြန်ချင်ပြီ ၊ အမေ့ကိုလည်း အရမ်း လွမ်းနေပြီ၊ တကယ်ပြန်ချင်ပြီလို့ ပြောတော့ ဗိုလ်ချုပ်ဇော်မိုင်က ပြန်ခွင့်ပေးပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ဇော်မိုင်က ပြောတယ်။ မင်း စဉ်းစားပါတဲ့။  အိမ် မပြန်နဲ့တဲ့။ အိမ်ပြန်တာထက် မင်းအကိုနဲ့လိုက်သွားတာ ပိုအဆင်ပြေမယ်ထင်တယ်လို့ ငါထင် တယ်.လို့ ဗိုလ်ချုပ်ဇော်မိုင်က အကြံပေးတယ်။ အေးအေး ဆေးဆေး ခေါင်းအေးအေးထားပြီး စဉ်းစား ဆုံးဖြတ်လို့လည်း ပြောတယ်။ စဉ်းစားတော့ ဟုတ်တယ်၊ အဲဒါနဲ့ ဗိုလ်ချုပ်ပြောတာ ဟုတ်တယ်ဆိုပြီးတော့။ နောက်တနေ့တော့ ဒူကမ္ဘာ CS ဇော်မိုင်ကို ကျမ အကိုတော်စပ်သူပီစိုင်းထွန်း ဆီသွားဖို့ ဆုံးဖြတ်တဲ့အကြောင်း ပြောပြတယ်။ အဲ့ဒါနဲ့ ဒူကမ္ဘာ CS က ကျမအတွက် ဘန်ကောက်သွားဖို့ စီစဉ်ပေးခဲ့တယ်။ပြီးတော့ အကို့ဆီကိုလည်း လှမ်းပြီး အကြောင်းကြားပေးခဲ့တယ်။ ဒီလိုနဲ့ မြောက်ပိုင်းကနေ ထွက်ခွာဖို့ ဖြစ်လာတော့တာပဲ။
KIA တပ်ထဲမှာ ရဲမေအဖြစ်နဲ့ နေတုန်း တညမှာ ဖြုန်းခနဲ ကျမ အိပ်မက် မက်တယ်။
ကျမ အိပ်မက်ထဲမှာ မချိုကို တွေ့တယ်။ သူ ငိုနေတယ်၊  ငိုနေတယ်၊ ပြီးတော့ ကိုကြီး…ကိုထွန်းအောင်ကျော် လို့ သိရတဲ့ သူ တယောက်ကိုလည်း တွေ့လိုက်တယ်။
မချိုနဲ့ ကိုကြီး အသတ်ခံရပြီး သေပြီလို့ သိလိုက်တော့ ကျမ လန့်သွားတယ်။ အိပ်မက်ပဲလို့ သိပြီး လန့်နိုးလာတော့ အိပ်ရာကနေ ၀ုန်းကနဲ ထလိုက်မိတာ။ ရဲမေ တယောက်က မငယ် ဘာဖြစ်တာလဲလို့ မေးတယ်။ ဘာမှ မဟုတ်ဘူး အိမ်မက် မက်တာလို့ ကျမ ပြောလိုက်ပေမဲ့ ရင်ခုန် မပြေသေးဘူး။
ကြောက်တာရော…။ စိတ်ထိ ခိုက်တာရေ…။ ကျမ ပြန်မအိပ်နိုင်တော့ဘူး။ အဲဒီညမှာ စပြီး ကျမ သတိရသွားတယ်။ ကိုကြီး ကျမကို မှာခဲ့တယ်လေ။ သမိုင်းမှန်ကို ဖော်ပေးဖို့ အဖြစ်မှန်တွေကို ပြည်သူကို အသိပေးဖို့ ပြီးတော့ သမိုင်းမှန်ကို ဖော်ပေးပါလို့ ကျမကို ရေသောက်ရင်းနဲ့ လာလာ မှာခဲ့တဲ့ ကိုကြီးကို ကျမ မှတ်မိလာတယ်။
ကိုထွန်းအောင်ကျော် အဲလို မှာတော့ ကျမ စိတ်ထဲမှာ ကျမကိုယ်တိုင်လည်း ဘယ်နေ့ အသတ်ခံရမလဲ ဆိုတာကို မသိတဲ့ အခြေအနေဖြစ်နေခဲ့တယ်။ ဒါပေမဲ့ သူ ကျမကို သေချာ မှာခဲ့တယ်။
အဲဒါကို ကျမ KIA မှာ ရဲမေအဖြစ်ရောက်တော့မှ ပြန်သတိရမိတယ်။ ဒါပေမဲ့သိတဲ့အတိုင်းပဲ ကျမအနေနဲ့ ဘာမှ ပြန်လုပ်မပေးနိုင်ဘူး။ ကျောင်းသားတပ်မှာ ကျန်ခဲ့တဲ့ကိုရဲတို့ အတွက်လည်း ကျမ ဘာမှ လုပ်မပေးနိုင်တဲ့ အခြေအနေပေါ့နော်။ စိတ်ဆင်းရဲ ရတယ်။ စိတ်ထိခိုက်ရတယ်။ သမိုင်းမှန်ကိုတော့ ပေါ်စေချင်ပါတယ်။
အဲဒီနောက်တော့ ကျမက  KIA မှ ဗိုလ်ချုပ်ဇော်မိုင်ကို အကိုတော်စပ်သူပီစိုင်းထွန်း ဆီသွားဘို့ဆုံးဖြတ်ချက်ကို ပြောပြခဲ့တယ်။
ကျမအနေနဲ့ KIA တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုပေမဲ့ ကျမအတွက်မနေသင့်တဲ့ အကြောင်းတရားတွေ ရှိလာပြီလေ။
ဗိုလ်ချုပ်ဇော်မိုင်က ပီထွန်းဆီအကြောင်းကြားပါတယ်။ ပါဂျောင်ဒေသ KIA တပ်ကို ကျမရဲ့ အကို တော်တဲ့ ပီထွန်း ရောက်လာတယ် ။ ဒါပေမဲ့ သူက  ၂ ရက်ခန့်ပဲ နေခဲ့ပါတယ်။
အဲဒီမှာ ကျမရဲ့ မှတ်မှတ်ရရ ဖြစ်တာတွေကို ပြောချင်တယ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့လေ အဲဒီနေ့က စနေနေ့။ ၁၉၉၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ( စနေနေ့) ။
 ဒီရက်တွေ လတွေဟာ ကျမဘဝအတွက် ထူးခြားမှု ရှိတယ်လို့ကျမ မကြာခဏတွေးတောမိခဲ့တယ်။
၁၂.၂.၁၉၉၂ ခုနှစ် မှာ ကိုထွန်းအောင်ကျော် အပါအဝင်ကျောင်းသား ၁၅ ဦးကို ABSDF-NB မြောက်ပိုင်းက ကျောင်းသားခေါင်းဆောင်တွေက ရက်စက်စွာ ၊ လူမဆန်စွာခေါင်းဖြတ်
သတ်ခဲ့ကြတယ်။ တနှစ်တိတိပြည့်ခဲ့တဲ့နေ့ ၁၂.၂.၁၉၉၃ ခုနှစ်မှာကျမက ပါဂျောင်ဒေသ နယူးကင့် KIA တပ်မတော်မှာ နောက်ဆုံးညအဖြစ်ဖြတ်သန်းခဲ့ရတယ်။
၁၃.၂.၁၉၉၂ ခုနှစ်မှာ ယိုးဒယား သတင်းထောက် ယင်ဒီအ ပါအဝင် မလေးရှား ၊ ဂျပန် တို့မှသတင်းမှတ်တမ်းတင်သူတို့နဲ့ကျမအပါအဝင် ၅ ဦး ကိုကျော်နိုင်ဦး(ကြောင်)။ကိုတိုးကြည်။ ကိုညီညီ(စမား)။ ဂျိုးဖြူတို့ကိုတွေ့ဆုံစေခဲ့ပါတယ်။
အဲဒီကနေ တနှစ်တိတိပြည့်ခဲ့တဲ့ ၁၃.၂.၁၉၉၃ ခုနှစ် မှာတော့ကျမပါဂျောင်ဒေသလိုင်စင်စခန်းမှ ထာဝရထွက်ခွာလာခဲ့တယ်။
ကျမ မထွက်ခွာခင်မှာ  KIA စစ်ရုံးချုပ်ရဲမေဆောင်ကနေ ၁၅ ဦး အသတ်ခံခဲ့ရတဲ့ကျောင်းသားတပ်နယ်မြေအတွင်းရှိ အာဆံကုန်း ဘဲခေါ်ခေါ် ဆိုင်းရော်ကုန်းဘဲဆိုဆို ၁၅ ဦးကုန်းလို့အမည်သစ်တွင်ခဲ့တဲ့ လူသတ်ကုန်းရှိရာကိုမှန်းပြီး  ကျမ ပေးထား ခဲ့တဲ့ဂတိကိုတည်စေပါ့မယ်လို့ ကျမ သစ္စာဆိုခဲ့ သစ္စာပြုခဲ့လိုက်တယ်။
အဲဒီနေ့က ကျမ ပေးခဲ့တဲ့ကတိပြုခဲ့တဲ့သစ္စာကိုတနေ့အကောင်အထည်ဖော်ဆောင်ရမယ် ဆိုတာကို အသွေးအသားထဲမှာနစ်နေအောင်ကို သိမ်းဆည်းထားတာ။ အချင်းချင်းသတ်လို့သေခဲ့ကြရတဲ့ABSDF-NB ကျောင်းသားတပ်မတော်ရဲ့ သမိုင်းကိုပြန်လည်ဖော်ဆောင်ရေးဟာ ခက်ခဲမှု့ရှိနေမယ်ဆိုတာကို အဲဒီကတည်း ကျမယုံကြည်ခဲ့ပါတယ်။
အဲဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ၁၉၉၃ ခုနှစ်မနက်ခင်းမှာပဲ ကျမကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဗိုလ်ချုပ်ဇော်မိုင်၊ ပီထွန်းနဲ့ကျမတို့ နောက် ဆုံးအကြိမ်မနက်စာစားဖြစ်ခဲ့ပါတယ်။
အချိန်တန်တော့သွားရတော့မှာမို့ဗိုလ်ချုပ်ဇော်မိုင်ကို ဘာသာရေးကွဲပြားပေမဲ့လည်း ဂါရဝပြုချင်တဲ့ အတွက် ပဆစ်တုတ်ထိုင်ပြီးထိခြင်း ၅ ပါးနဲ့ရှိခိုးဦးချကံတော့ခဲ့ပါတယ်။
ဗိုလ်ချုပ်က ကျမကို လေးလေးနက်နက် စဉ်းစားဖို့ အကြံပေးခဲ့ပါသေးတယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး။
ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ပြီး အသတ်ခံခဲ့ရသူတွေနဲ့ ဖမ်းဆီးပြီး နိုင်ငံရေးသိက္ခာဖျက်ခံရတဲ့  ကျမတို့ အယောက် ၁၀၀ အတွက်ကို တနေ့ သမိုင်းမှန်ပေါ်အောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကျမရဲ့ ကတိကို အချိန်အတိုင်းအတာတခုထိ စောင့်ပါ ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ စကားတခွန်းပါပဲ။
အဲဒီတုန်းကလည်း  ရိုးရိုးသားသား ပြောရရင် ကျမအနေနဲ့ ဘယ်လောက်ထိ အချိန်စောင့်ရမလဲ
ဆိုတာ တကယ်ကို မသိခဲ့ပါဘူး။
ဒီလိုနဲ့ဘဲမနက် ၉ နာရီခန့်မှာဘဲ KIA မှကားနဲ့  ပါဂျောင်ဒေသ ။ ထိုလိုင်စင်စခန်းအဝင်ဂိတ်မှဖြတ်ကျော်လျှင် ABSDF-NB စခန်းသို့ရောက်ပါတယ်။
 ကျမရဲ့ညာဘက်က ကျောင်းသားတပ်တည်ရာလမ်းကိုငေးကြည့်မိပြီး  နင့်နင့်သည်းသည်း ခံစားရတယ်။ ပြောရရင် နင့်နေအောင်ခံစားရတယ်။ စိတ်ထိခိုက်ရတယ်။
ကျမ တောထဲကို ထွက်လာတုန်းက တိုင်းပြည်နဲ့လူမျိုးအတွက် ဘဝကိုစွန့်လွှတ်မယ်ဆိုတဲ့ စိတ်နဲ့ ထွက်ခဲ့တယ်၊ မိသားစုကိုတောင် စွန့်ပြီး ထွက်လာခဲ့ကြတာပါ။
ဒါပေမဲ့ ကျမတို့ကို ထောက်လှမ်းရေးလို့ စွတ်စွဲပြီး ဖမ်းဆီးနှိပ်စက်ကြတယ်။ ကျမဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးသက်တမ်းဟာ အင်မတန်တိုတောင်းခဲ့တယ်။
တိုင်းပြည်နဲ့လူမျိုးအတွက်  ငါ…ဟာ သဲပွင့်လေးတပွင့်အနေနဲ့ပေးအပ်တဲ့တာဝန်ထမ်းဆောင်ဖို့အတွက်  ကျမ အရာရာကို ပေးဆပ်စွန့်လွှတ်ခဲ့ရပေမဲ့ ကျမရဲ့ စွန့်လွှတ်ခဲ့မှု့တွေဟာ ဘာတခုမှအရာမရောက်ခဲ့ဘူး။
ဒီလို  ကျမရဲ့ တိုတောင်းတဲ့တော်လှန်ရေးသက်တမ်းကာလမှာပဲ အရာရာကိုအရှုံးများစွာနဲ့သိက္ခာအချခံ သမိုင်းအဖျက်ခံခဲ့ရတယ်။
နောက်ဆုံးတော့လည်း ပြောရမယ်ဆိုရင်တော့ရှင်  ဆုံးရှုံးမှု့များစွာနဲ့ တော်လှန်ရေးနယ်မြေမှခေါင်းငုံ့ထွက်ခွာလာခဲ့ရတယ်လို့ပဲ ပြောရမှာပဲ အဲလို တွေးမိတိုင်းလည်း ကိုယ့်ကိုကိုယ်လည်းရှက်မိတယ်။
 ကျမတို့မိနစ် ၃၀ လောက် အတွင်းမှာဘဲ တရုပ်ပြည်အတွင်း ရှိရှားဟော့ပါဆိုတဲ့ရွာအရောက်မှာတော့ပီထွန်းဆီခွင့်တောင်းပါတယ်။ ကျမတို့ချစ်ခင်လေးစားခဲ့တဲ့ အမနှင်းမေကိုနှုတ်ဆက်ကံတော့ချင်လို့ ခွင့်တောင်း ပါတယ်။
ကျမကို တွေ့တော့ မနှင်းမေကတော့မျက်ရည်
တွေဝဲနေတယ်၊ ပြီးတော့ မနှင်းမေက မင်းတို့ဘာတွေဖြစ်ကုန်ကြတာလဲ မအောင်.. ငါနားမလည်နိုင်တော့ဘူးလို့ ပြောပြီး ကျမလက်အစုံကို လှုပ်ကိုင်ပြီး တတွတ်တွတ်နဲ့မေးနေလို့ကျမ မျက်ရည်ကျခဲ့ရသေးတယ်။ အားလုံးအတွက်ငါစိတ်မကောင်းဘူး..တဲ့။
မချိုအတွက်ငါဝမ်းနည်းတယ်..တဲ့။
အဲ့ဒီအချိန်ကာလမှာကျမဘာပြောနိုင်မှာလဲ။ ကျမငိုကြွေးမိပြီးတနေ့တော့အမနားလည်လာမှာပါ အမရယ်လို့ပဲ ပြောနိုင်တော့တယ်။
ကျမ မနှင်းမေကို ခင်တယ်။ ကျမကို မအောင် လို့ခေါ်တာအမနှင်း မေ တဦးဘဲရှိတယ်။
အရင်ကဆိုကျမကို မအောင်လို့ခေါ်ပြီးတိုင်း အားမောင်ရေ..မင်းကို မအောင် ခေါ်တိုင်း ငါတော့ဆင်ကြီးဘဲပြေးမြင်ပြီကောညယ် .. လို့ စတတ်နောက်တတ်တာလေး တွေရှိတယ်။
နောက်တော့ကျမ အမနှင်းမေကိုနှုတ်ဆက်ခဲ့ပြီးခရီးဆက်ခဲ့တယ်။ မိနစ်ပိုင်းအတွင်းမှာဘဲ ဆီမားခေါ်တဲ့တရုပ်မြို့လေးဆီကို ရောက်တယ်။
မုန်းဆင်မှာ ကျမတို့ လောဝ်နယ်ခံ ပုလိပ်အိမ်မှာဘဲတည်းခိုခဲ့ကြတယ်၊ အဲဒီက ရဲ အမျိုးသမီးကိုယ်တိုင်က ကျမရဲ့ လမ်းပြအဖြစ် လိုက်ပေးမှာပါ။
အပိုင်း(၂၁)
၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (သောကြာနေ့)။ အဲဒီနေ့ မနက် ၈ နာရီမှာ ကျမနဲ့အကိုပီထွန်းတို့ ကားတစီးငှားပြီး ယင်ကျန်းမြို့ကနေ ထွက်လာခဲ့တယ်။
နေလည်ပိုင်းမှာ ရွှေလီမြို့ကို ရောက်တယ်။ရွှေလီမှာက ပီထွန်းနဲ့ သိတဲ့ ထမင်းဆိုင် တဆိုင်ရှိတယ်။ အဲဒီဆိုင်လေးမှာ ကျမ ခဏလေးနားတယ်၊ နားတုန်းက အကိုပီထွန်းက ကျမကို အဲဒီဆိုင်လေးမှာ ခဏ ထားထားခဲ့တယ်။ ဆိုင်အတွင်းထဲမှာ ကိုယ့်ရှမ်းတွေနဲ့ပဲ ပြောပြီးတော့ ကျမ အဲဒီထဲမှာပဲ နေတယ်။ ဘာဖြစ်လို့လဲဆိုတော့သိပ်ရှုပ်တယ်၊ ဗကပ ရှိတယ်။ ကျောင်းသား ရှိတယ်။ အစိုးရလူတွေ ရှိတယ်။ ကုန်သည်တွေ ရှိတယ်။တကယ့်ကို အင်မတန် ရှုပ်ထွေးနေတဲ့ နေရာလေနော်။ လူတယောက်ကို ဘယ်လိုမဆို လုပ်လို့ရတဲ့ နေရာ။
အဲဒီဆိုင်ကနေ ညနေကျတော့ အကိုက လာခေါ်တာနဲ့ လိုက်သွားတယ်၊ နောက် အိမ်တအိမ်ကို ရောက်တော့ အကိုက ရှမ်းအမျိုးသားတယောက်နဲ့မိတ်ဆက်ပေးတယ်။ အဲဒီတုန်းက ကျမက ငယ်တာပေါ့ ငယ်တော့ ဦးလေး အရွယ်လောက်ရှိတယ် ပီထွန်းမိတ်ဆက်ပေးတဲ့ သူကလေ။
 အဲဒီအမျိုးသားကြီးနဲ့ အကိုနဲ့က ရှမ်းစကားတွေပြောကြနဲ့ နှုတ်ဆက်ကြနဲ့ပေါ့၊မိတ်ဆက်ပေးတော့ ဘယ်သူမှန်းလဲ မသိဘူး ကျမကလေ နောက်တော့မှ သိရတာကသူ မိတ်ဆက်ပေးခဲ့တာက SSPPက ဗိုလ်မှူးကြီး စိုင်းလိတ်။ အဲဒီအချိန်တုန်းက အဲဒီအဖွဲ့မှာ သူက အကြီးဆုံးပါပဲ။
နောက်ပီထွန်းနဲ့ ထွေရာလေးပါး စကားပြောကြတာပေါ့။ ရှမ်းတွေအကြောင်း မြန်မာပြည်အကြောင်း ရှမ်းပြည်နယ်အကြောင်း ရှမ်းအဖွဲ့အစည်းတွေ အကြောင်း အစုံပေါ့။ တော်လှန်ရေးအကြောင်း၊ အစိုးရ အကြောင်း တွေပေါ့။
သူနေတဲ့ အိမ်မှာပဲ ကျမ နေတယ်၊ ဒါဟာ ကျမအတွက် အလုံခြုံဆုံးပဲလေ။ အဲဒီမှာပဲ တည်းခိုတာပေါ့နော်။ အဲဒါ သူ့အိမ်လား ဘာလားတော့ ကျမလည်း သေချာမသိဘူး။
ဗိုလ်မှူးနဲ့ ကျမ စကားတွေလည်း ပြောဖြစ်ခဲ့တယ်။ ဗိုလ်မှူးကြီးအိမ်မှာပဲ ကျမ တလနီးပါးလောက် ကြာအောင် တည်းခိုခဲ့ပါတယ်။ အဲဒီကနေ ရှေ့ဆက်သွားဖို့ ကျမ စဉ်းစားရပြီ။
ဒီနေရာကနေ ကျမအတွက် အလုံခြုံဆုံး၊ ဘေးအကင်းဆုံး လမ်းကို ပီထွန်းနဲ့ အတူ စဉ်းစားကြတယ်။ ကျမမှာ ပတ်စပို့မရှိဘူး၊ ဖြတ်သန်းဖို့ အခက်အခဲရှိတယ်။ ကျမအကို ပီထွန်းကတော့ပတ်စပို့ရှိတော့ သူက ကျမနဲ့အတူ လျှောက်လိုက်လို့မရဘူး။ ဒါပေမဲ့ သူကလည်း ကျမကို ဘေးကင်းပြီး လုံခြုံဖို့အတွက် တော်တော်စဉ်းစားပေးတယ်။
ဒီကနေ ဖြတ်ထွက်ဖို့ ကျမအတွက် လမ်းပြပေးမဲ့ သူက အရေးကြီးနေပြီလေ။သူက စိတ်ချရတဲ့ လမ်းနဲ့ စိတ်ချရတဲ့ လမ်းပြရှာဖို့အတွက် သူလည်း တော်တော်စဉ်းစားရတယ် နောက်တော့ မန်စီမြို့ကို သွားပြီး  လမ်းသွားရှာပေးတယ်။ တော်တော်ကြာတယ် သူ လမ်းရှာပေး လမ်းပြရှာတာနဲ့ ၁၀ ရက်လောက် ကြာတယ်။ နောက်တော့ သူပြန်ရောက်လာတယ်။လမ်းပြတွေ့ပြီတဲ့ လမ်းလည်းတွေ့ပြီတဲ့ ရှမ်းတယောက်ကလည်း ကူညီပေးတယ်။
သူပြန်လာတော့ ပြောတယ်။ တွေ့ပြီတဲက ဆစ်ဆောင်ပန်းနားကနေ သွားရမယ်တဲ့။ ဆစ်ဆောင်ပန်းနား ဆိုတော့ ကျမ စိတ်ဝင်စားသွားတယ်။
တကယ်တော့ ဆစ်ဆောင်ပန်းနားဆိုတာက ကျမရဲ့ အဖိုး၊ ကျမ အမေရဲ့ အဖေ ဇာတိပေါ့၊ ဟိုးရှေးရှေးတုန်းက အဖိုးက ဆစ်ဆောင်ပန်းနားကနေ ကျိုင်းတုံဘက်ကို လာတာ အဖွားနဲ့တွေ့ပြီးတော့မှ အကြောင်းပါတာတွေပေါ့။
အကိုက ဆစ်ဆောင်ပန်းနားကို သွားရမယ်ဆိုတော့ အော်…ငါ ငယ်ငယ်က သွားခဲ့ဖူးတဲ့ နေရာပဲ ရှမ်းရွာလေးပဲပေါ့နော်၊ ငယ်ငယ်တုန်းက ကြားဖူးနေတယ်လေ ဆစ်ဆောင်ပန်းနား ဆိုပြီး ရှမ်းသမိုင်းတွေမှာလည်း ရှိတယ်၊ ကျမတို့ ရှမ်းလူမျိုးကလည်းတော်တော်ကျယ်ပြန့်တာပဲ။  ကျမတို့ မသိတာတွေ အများကြီး ခုထိလည်း မသိသေးပါဘူး။ဘာပဲပြောပြော ဆစ်ဆောင်ပန်းနားကို သွားရမယ်ဆိုတော့ စိတ်ဝင်စားတယ်၊ ဟုတ်ပြီပေါ့ ပီထွန်းပေါ့ သွားမယ်ပေါ့ ဆိုပြီး ဆုံးဖြတ်လိုက်တယ်။
၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက် (ကြာသာပတေးနေ့)မှာ ပြန်ထွက်လာကြတယ်။ ကားတစင်းငှားပြီးတရုပ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှ မနက်စာစားပြီး ခရီးဆက်ခဲ့ကြပါတယ်။ ကျမနဲ့ပီထွန်းနဲ့ နှစ်ယောက်တည်းပဲ။
ရွှေလီကနေ ထွက်ပြီဆိုတော့ ယူနန်စတိတ်ကိုဖြတ်ဖို့အတွက် ရိုးရိုးနဲ့ မရတော့ဘူး၊ တလအတွင်း သွားလာခွင့်ဆိုတာ ဈေးလည်း ပိုကြီးတယ် ၊ အဲဒါနဲ့မှ ဖြတ်သန်းခွင့် ရတော့မှာ။  သိတယ်မဟုတ်လား ဈေးကြီးတယ် တရုပ်ငွေ  တော်တော်ပေးရတယ် ဒါပေမဲ့ တလအတွင်း တရုပ်ယူနန်ပြည်ကြီးထဲမှာ သွားချင်တဲ့ နေရာ သွားလို့ရတယ်။ အဲဒါကို ၀ယ်ပြီး ဆစ်ဆောင်ပန်းနား ရောက်အောင်သွားကြတာ။လမ်းခရီးမှာ ၂ ညကြာတယ်။
၂ဝ.၃.၁၉၉၃ (စနေနေ့) မွန်းလွဲပိုင်း ၃ နာရီခန့်မှာ ဆစ်ဆောင်ပန်းနားကိုရောက်ရှိတယ်။ ဆစ်ဆောင်ပန်းနားက မြန်မာနယ်စပ် ကျိုင်းတုံ ဘက်နဲ့ တအားနီးသွားတယ်။ အပစ်အခတ် ရပ်ဆဲထားတဲ့ ၀တပ်တွေနဲ့ သွားနီးတယ်။
ဆစ်ဆောင်ပန်းနားကို ရောက်ပြီး ကျမကို ယိုးဒယားနိုင်ငံခေါ်ဆောင်သွားပေးမဲ့လမ်းပြ အိမ်ကိုလိုက်ရှာကြပါတယ်။ ငယ်ငယ်တုန်းက အဖွားက ကျမကို ရှမ်းလိုဘဲပြောဆိုခဲ့တဲ့အတွက် ရှမ်းစကားပြောဆိုနိုင်တာက တော်တော်ကောင်းသွားတယ်။ ဒီဆစ်ဆောင်ပန်းနားမြို့ကလေးမှာ ကျမတို့ရှမ်း နွယ်ဘွားတွေနေထိုင်တဲ့အတွက် အတော်များများဟာ ရှမ်းစကားပြောဆိုကြတယ်။ ။ကျမလမ်းပြဟာ လည်းရှမ်းလူမျိုးဖြစ်လို့ရှမ်းစကားပြောတော့ ကျမအတွက်အတော်ဘဲဆက်ဆံရေးလွယ်ကူခဲ့ပါတယ်။
သူ့ရှမ်းအမည်ကိုစိုင်းခမ်းပမ်းအနေနဲ့သိရပြီးတရုပ်အမည်တော့မမှတ်မိတော့ပါ။ ဆစ်ဆောင်ပန်းနားကနေ အနီးဆုံးနဲ့အမြန်ဆုံးခရီးတခုကကျိုင်းတုံ-တာချီလိတ်လမ်းက တဆင့်ယိုးဒယားနယ်စပ် မယ်ဆိုင်ကိုဝင် ဖို့ပါဘဲ။ ဒါပေမဲ့ဒီလမ်းအတွက် အဲ့ဒီအချိန်က စစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ဝတပ်ကိုဖြတ်ရမှာဆိုတော့ကျမက ကြောက်တယ်။
ဆိုတော့ ပီထွန်းနဲ့သိကျွမ်းတဲ့ ဆစ်ဆောင်ပန်းနားမှာနေ နေတဲ့  ဝတပ်မှဗိုလ်ကြီးတဦးနဲ့(အမည်မမှတ်မိတော့ပါ။)ကျမတို့ ဝတပ်စခန်းကိုရောက်ကြတယ်။ ဟာ ၀တပ်က တော်တော်ကြီးတယ်။ တပ်စခန်းဟာရွာကြီးတရွာလောက်ကို ဖြစ်နေတာ၊ လူအင်အားတော်တော်ကောင်းတယ်။ ပြောရရင် KIA ဗဟိုဌာနချုပ်ထက်ပိုမိုကြီးမားတာတွေ့ရတယ်။ နှစ်ထပ်ပြင်ထောင်အိမ်တွေ ၊ဈေးဆိုင်လေးတွေနဲ့တော်လှန်ရေးတပ်နဲ့တောင်သိပ်မတူဘဲရွာအကြီးစားကြီးပဲ။
နောက် ကျမတို့ ယိုးဒယားနယ်စပ်ရောက်သွားဖို့ တာချီလိတ်လမ်းက ဝင်နိုင်ဖို့လမ်းကြောင်းကိုအနီးကပ်သွားကြည့်ကြတယ်။ အဲဒီလမ်းကြောင်းကို သွားကြည့်တော့ အဲဒီလမ်းကြောင်းဖြတ်ဖို့ စစ်အစိုးရဂိတ်နှစ်ခုကိုဖြတ်သန်းရမယ်။
ပြီးတော့ သူတို့ပိုင်နယ်မြေထဲကနေ မော်တော်ဆိုင်ကယ်နဲ့ သွားရမှာ ၅ နာရီလောက်ကြာမယ် ဆိုတော့ ကျမ လန့်နေပြီ။ ကျမ ဘယ်လိုမှ စစ်ဆေးခံနိုင်မှာမဟုတ်ဘူး။ အဲဒါနဲ့ပီထွန်းက စဉ်းစားဦးဆိုတော့ စဉ်းစားကြတယ်။
နောက် တော့ ကျမ ပီထွန်းနဲ့ တိုင်ပင်ပြီး လောနိုင်ငံ လမ်းကို ရွေးလိုက်မိတယ်။ ဒီလမ်းက ကျမအတွက် အကောင်းဆုံးဖြစ်လိမ့်မယ်လို့လည်း ထင်မိခဲ့တယ်။ ပီထွန်းကတော့ တရုတ်ပြည် ဗီဇာရက်ကုန်လို့ ကျမ တယောက်တည်း ဆစ်ဆောင်ပန်းနားမှာ နေခဲ့ရတယ်။ဆိုတော့ကျမလည်း လမ်းပြအိမ်ကိုမှာပဲ တည်းခိုဘို့ရွှေ့ပြောင်းခဲ့ပါတယ်။ စိုင်းခမ်းပမ်းရဲ့ဇနီးနဲ့သူ့သား သမီးတွေသိပ်ဖော်ရွေပါတယ်။ စိုင်းခမ်းပမ်းရဲ့၂ပတ်က လက်တွေ့မှာ၃ပတ်ဖြစ်သွားတယ်။
ဒီလိုနဲ့ကျမလမ်းပြစိုင်းခမ်းပမ်းနဲ့ခရီးထွက်ခွာဖို့ပြင်ဆင်တော့တယ်။
 ၁၂.၄.၁၉၉၃ (တနင်္လာနေ့)မှာ ဆစ်ဆောင်ပန်းနားကနေ ကားနဲ့ ထွက်လာကြတယ်။ တရုပ်နယ်စပ်မုန်းမန်းကို ရောက်တယ်။ မုန်းမန်းမှာ ၂ ညနေခဲ့ ရတယ်။လောနိုင်ငံဝင်ခွင့်လက်မှတ်ပြုလုပ်ရတယ်။
 ၁၄.၄.၁၉၉၃(ဗုဒ္ဒဟူးနေ့)မှာတော့ ကျမ  တရုပ်နိုင်ငံ မုန်းမန်းမှထွက်ပြီး လောနိုင်ငံ မုန်းဆင်(Muang Sing)ကိုရောက်ပြီ။
အပိုင်း (၂၂)
အဲဒီရွာလေးမှာ လောင်ထဲကို ပြန်ဝင်ဖို့ ကျမတို့စဉ်းစားရပြီ၊ ဘာကြောင့်လဲဆိုတော့ အချိတ်အဆက်လေ။ အချိတ်အဆက်ကို ပြန်ရှာရတယ်ပေါ့။ စိုင်းခမ်းပမ်းကလည်း သူက လောဝ်က မဟုတ်ဘူးလေ။ လောဝ်နိုင်ငံ မုန်းဆင်းကိုရောက်တော့ ဘာပြောမလဲ လောဝ်ဖြတ်တဲ့ ပုလိပ်လို့ပြောမလား၊ရဲလို့ ပြောမလား သူတို့ကို ပေးရတာပေါ့နော်။ အောက်လမ်းနည်းတွေနဲ့ ပိုက်ဆံတွေ ပေးရတယ်။
ပေးထားတဲ့အတွက် ကျမမှာ နေထိုင်ခွင့်ရှိထားတယ်။ ၁၈ ရက်နေ့ထိ ကျမ မုန်းဆင်မှာပဲ နေတယ်။ အဲဒီမှာ မုန်းဆင်မှာရောက်နေတုန်း ကျမက လောဝ်က တရုတ်ပလိပ်ရှိတယ်၊ အဲဒီ အိမ်မှာပဲ နေလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကို ပိုက်ဆံ ပေးထားတာလေ။
အဲဒီတော့ ကျမမှာ လမ်းပြက နှစ်ယောက်ဖြစ်သွားပြီ စိုင်းခမ်းပမ်းက တယောက်နဲ့ ပလိတ်အမျိုးသမီးက တယောက်ပေါ့၊ ဖြစ်ချင်တော့ ရှမ်းစကားကလည်း သွားတူနေတယ်။ ပြောရရင်တော့ အဆင်ပြေတယ်ပေါ့နော်။
အဲဒီမှာ သူတို့ တွေလမ်းရှာပြီးတော့ ကျမကို ပြောတာကတော့ ယိုးဒယားကိုသွားဖို့က ရွေးဖို့က လမ်း ၂ လမ်းရှိတယ်။ တလမ်းက အရမ်းကောင်းတယ်၊ သူက မြို့တွင်းကနေ တောက်လျှောက်ဖြတ်မှာ၊ ပြီးရင် မဲခေါင်မြစ်ကို ရောက်မယ် မဲခေါင်မြစ်ကနေ ဟိုဘက် ဆိပ်ကမ်းကို ရောက်ရင်တော့ ရပြီပေါ့။ဒါပေမဲ့ ဘာပြောလဲဆိုတော့ ကြားထဲမှာ စစ်တာတွေ အများကြီး ရှိတယ်။
ဟာ…ပြဿနာပဲပေါ့၊ ဒီအတိုင်း စစ်နေရင် ပိုက်ဆံပေးလို့ လွတ်လိုက်ရင် အရေးမကြီးဘူးပေါ့။ ပိုက်ဆံလည်း ယူ လူလည်း မလွတ်ဆိုရင်တော့ သေရချည်ရဲ့ပေါ့။ သူတို့ကလည်း လုပ်ချင်သလို လုပ်ကြတာဆိုတော့လေ ကျမ တွေးပြီး စိတ်ပူရတယ်။
နောက်တလမ်းကတော့ နည်းနည်းကြာလိမ့်မယ်၊ ဘယ်နေ့ဘယ်အချိန်ကြမှ ဒီလမ်းကိုသွားမဲ့ ကားက လာမယ်ဆိုတာကိုလည်း လမ်းပြ နှစ်ယောက်လုံးမသိဘူး ဘာကြောင့်လဲ ဆိုတော့ အင်မတန့်ကို ခေါင်တဲ့ လမ်းကလေး။
လာလို့ရှိရင်လည်း ကုန်တင်ကားတွေပဲ လာတယ်တဲ့ ဒါပေမဲ့ အဲဒီလမ်းကတော့ ဘေးကင်းမယ်ပေါ့။ အစစ်အဆေး လုံးဝ မရှိဘူးတော့ မဟုတ်ဘူး။ ဒါပေမဲ့ သိပ်နည်းတယ်။ ဒီလမ်းကတော့ အစစ်ဆေးနည်းတော့ ကျမတို့လို လူမျိုးတွေကေ၇ွးကြတယ် သွားကြတယ်၊ မှောင်ခို လူတွေပေါ့ တခုခုကြောင့် အစစ်ဆေးမခံချင်တဲ့ သူတွေပေါ့နော်၊ သူတို့က လမ်း နှစ်လမ်းကို ချပြတယ်။
အဲဒါနဲ့အဲဒီလမ်းကို ရွေးလိုက်တယ်။ ကျမက စောင့်ရမယ်ဆိုရင်လည်း စောင့်မယ်ပေါ့။
ကံကောင်းချင်လို့လားတော့ မသိဘူး ၄ ရက်လောက်ပဲ စောင့်ရတယ်။ ၁၈.၄.၁၉၉၃ (တနင်္ဂနွေနေ့)မှာ ကျမ ခရီးစထွက်လို့ရတယ်။ ကားလာတယ် ကားလာတယ် ဆိုတာနဲ့ ကျတို့ ခရီးဆက်ကြတာ။
ကျမရယ်၊ လောဝ် က ရဲ နဲ့ စိုင်းခမ်းပမ်းတို့၃ ဦး မုန်းဆင်(Maung Sing)ကားနဲ့ခရီးဆက်ကြတယ်။
ပြောရဦးမယ် ကားအကြောင်းကို  ကားက တကယ့်ကိုကုန်တင်ကား၊ ကုန်တင်ကား ကလည်း တော်တော်မြင့်တယ်။ ပြီးတော့ ကုန်ကားထဲမှာလည်း ၀က်တွေ တင်ထားတယ်။ အပြည့်ကို တင်ထားတာ။လူတွေက ခေါင်မိုးပေါ်ကနေ လိုက်ရတယ်။ အဲလိုကားမျိုးတွေ ဆိုတော့ ကျမလည်း တက်ရတာပေါ့ သိတယ်မဟုတ်လား ၀က်တွေကလည်း တော်တော်နံတာ။
ဝက်တွေရဲ့ ချေးတွေ သေးတွေရောနေတဲ့ မစင်တွေနဲ့ အရမ်းကို နံတယ်။ အဲဒီကားရဲ့ အမိုးပေါ်ကိုတက်ပြီး ထိုင်လိုက်ရတယ်။ ထိုင်တာမှ ကားခေါင်မိုးရဲ့ အစွန်ဆုံးမှာ နေတယ်။ ကျမက ကားခေါင်မိုးပေါ်ကနေ ကြည့်ရတာလည်း ကြိုက်တယ်။ လူကြားထဲမှာ မနေချင်ဘူး။  လောဝ်မက ပြောတယ်နင် အစွန်ဆုံးကို မနေနဲ့တဲ့။ ကြားထဲမှာနေလို့ ပြောတယ်။ ကျမက နားမထောင်ဘဲနဲ့ မဟုတ်ဘူး ငါ အစွန်ဆုံးမှာပဲ ထိုင်မယ်ပေါ့နော်၊ ကျမ ဂျစ်ကန်ကန်နဲ့ အစွန်မှာပဲနေမယ်ဆိုပြီး ထိုင်ခဲ့တာပဲ။
လမ်းကလည်း ဘယ်လောက်တောင်ဆိုးသလဲ ဆိုရင် လမ်းက လမ်းမဟုတ်တော့သလိုကို ဖြစ်နေပြီ။ တချို့နေရာလေးတွေကိုဆိုရင် သစ်တုံးတွေကို ခုတ်ပြီးတော့  ဟိုနားခု ဒီနားခုနဲ့ အခြေအနေမကောင်းဘူးပေါ့။ အစွန်ဆုံးလည်း နေတော့ တကယ်မြှောက်တာ၊ လူက တချိန်လုံးကိုင်ထားရတာ။ လမ်းက ဆိုးတယ် ခုန်တိုင်း လူက မြောက်မြောက်တက်သွားတာ အဲဒီအချိန်မှ သိတယ် ဘာဖြစ်လို့ လူကြားထဲ ထိုင်ခိုင်းသလဲ ဆိုတာကိုလေ။
ဟာ..ရေရေလည်လည်ခံရတယ် သိလား။ တချိန်လုံး ကားတန်းတွေကို ကိုင်ထားပြီး ပြုတ်ကျမသွားအောင် မနည်းကြီး သတိထားရတာ။ ဘုရားတပြီး နေရာပြောင်းချင်လိုက်တာ၊ သစ်ခက်တွေကလည်း ရိုက်မိတယ်၊ လူကလည်း ပြုတ်မကျအောင် နေရတယ် တကယ်ပဲ။
အဲဒီမှာ တနေရာ ရောက်တော့ကားပေါ်က လူတွေဆင်းဆင်းဆိုတာနဲ့ ဆင်းရတယ်။ နေ့လည်စာ စားကြတာ။ ကျမ လည်းပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့လောဝ် ဝက်အူချောင်း၊ငရုပ်သီးထောင်းနဲ့ နေ့လည်စာစားဖြစ်တယ်။ကားသမားလည်း ဆီဖြည့်တယ်။ အဲဒီကားရပ်တဲ့ နေရာက တော်တော်ခေါင်တဲ့ရွာကလေး ။နေကတော်တော်ပူပြင်းတာဘဲ။အပူဒဏ်ကိုခံစားရတော့ တကယ်ပဲ အမြဲတမ်းအေးမြနေတဲ့ လိုင်စင်မြေကိုလွမ်းမိပြန်တယ်။ လွမ်းတော့လည်း ကိုယ့်အဖြစ်အပျက်ကိုယ် သတိပြန်ရလာတယ်။
ဒီခရီးကတော့စိတ်လှုပ်ရှားဖို့လည်း ကောင်းတယ်။ ဘ၀ရဲ့ အချိုးအကွေ့တခုလို့လည်း ပြောလို့ရတယ်။ ရှေ့ဆက်ဘာတွေ ဖြစ်ဦးမလဲ ဆိုတာလည်း မသိဘူး။
မှန်းလို့လည်း မရနိုင်ဘူးလေ။
ကျမ ဘ၀မှာ ငယ်တုန်းကတော့ ဂီတသမား ဖြစ်ချင်ခဲ့တာပဲ။ ၈၈ အရေးအခင်းက ကျမကို ကျမဘ၀ကို  ပြောင်းသွားစေခဲ့တယ်။ ကျမ မြန်မာပြည်အတွက် ဒီမိုကရေစီရေးအတွက် တောထဲကို လာခဲ့တယ်။ တော်လှန်ရေး လုပ်ဖို့ပါ။ မိဘဆွေမျိုးတွေ အားလုံးကို စွန့်ပြီး ထွက်ခဲ့တာနော်။
ဒါပေမဲ့ ကျမ တော်လှန်ရေး ရဲမေ ဘ၀က တိုတိုလေး။ ကျောင်းသားတပ်မတော်ရဲ့ ရဲမေ ဘ၀မှာ ကျမ ပျော်ခဲ့တယ်။ အနေဆင်းရဲ အစားအသောက်စ ဆင်းရဲပေမဲ့ ကျမ ကျေနပ်ခဲ့တယ်။ ဒါပေမဲ့ ကျမတို့ကို ထောက်လှမ်းရေးလို့စွတ်စွဲပြီး ဖမ်းဆီးခံခဲ့ရတယ်၊ လူမဆန်တဲ့ နည်းလမ်းတွေနဲ့ နှိပ်စက်ခံခဲ့ရတယ်။ လျှပ်စစ်ရှော့ရိုက်တဲ့ ဒဏ်တွေကြောင့် ကျမ သေသေချာချာ မမှတ်မိတော့တာတွေလည်း ရှိတယ်။
ကျမ အခံစားရဆုံးကတော့ နိုင်ငံရေး သိက္ခာ ကျခံရတာပဲ၊ သမိုင်းဖျက်ခံရတယ်။ အဲဒါကိုတော့ ကျမ တနေ့ သမိုင်းမှန် ပေါ်အောင်၊ အဖြစ်အပျက် မှန်ပေါ်အောင်လုပ်ရမယ်။ ဘယ်တော့လဲ ဘယ်အချိန်လဲ ဆိုတာ ကျမ မသိဘူး။ ပြီးတော့ မိချို၊ ကျမ သူငယ်ချင်း ခင်ချိုဦး၊ ပြီးတော့ကိုထွန်းအောင်ကျော်…ပြီးတော့ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေ သူတို့အတွက် ကျမတို့သမိုင်းမှန်ပေါ်အောင် ဖြစ်ရပ်မှန်တွေ ပေါ်အောင်လုပ်ရဦးမယ်။  လုပ်ပေးခွင့်ရအောင်လည်း ကျမ ကြိုးစားမယ်။
မလွယ်ကူဘူး ခက်မယ်မှန်းသိပါတယ်။ ဒါပေမဲ့ ကျမ ကြိုးစားမယ်။ အဲဒီစိတ်နဲ့ ကျမ ခရီးဆက်မယ်ပေါ့။
အဲဒီနေရာလေးမှာ တနာရီလောက် ခြေလက်ဆန့်ပြီးတော့ အားလုံးကားပေါ်ပြန်တက် ခရီးဆက်ကြရတယ်။
အဲဒီလို သွားရင်းနဲ့ တနေရာရောက်တော့ ရေချောင်းလေး တခု ရှိတယ်။ ရေချောင်းလေးကို တွေ့တော့ကျမက ပျော်သွားတယ်။ ကျမက ရေချောင်းကိုသိပ်သဘောကျတာ။
ရေချောင်းကိုရောက်တော့ ကားကို ရပ်ရတယ်၊ ဘာဖြစ်လိုလဲဆိုတော့ တံတား မရှိဘူး တံတား မရှိတော့ လူတွေ အကုန်ဆင်းပြီး ရေချောင်းကို လူတွေကဖြတ်။  ရေချောင်းကလည်း ရေက ဒူးဆစ်ကနေ ပေါင်လောက်ထိ ရှိတယ်။ လူတွေ အကုန်လုံးရေစိုကြတာပေါ့။
ဝက်တွေက ကားထဲမှာ ၀က်တွေနဲ့ ကားနဲ့က တအိအိနဲ့ ရေချောင်းကို ဖြတ်ကြတယ်။
အဲဒီမှာ သူတို့က တံတားလည်း မလုပ်ဘူးကွာ၊ လုပ်ကြပါလား ဒီရေချောင်းမှာ တံတားလေးတခုခုတော့ ရွာသားတွေ ဖြတ်နေတာပဲ လိုနေတာပဲ၊ဒါပေမဲ့ ဘယ်သူကမှ မလုပ်ဘူး။ သွားလို့ရရင် ပြိးတာပဲ ငါ ကျော်သွားပြီးရင် ပြီးတာပဲ ဆိုပြီး သဘောထားနေကြလား မသိဘူး။ ဘာမှ မလုပ်ထားဘူး။
အဲဒါနဲ့ ဟိုဘက်ကို ရောက်သွားရော။ အဲဒါနဲ့ ဆက်သွား၇င် တနေရာရောက်တော့ ကားသမားက ပြောတယ်။ ရှေ့မှာ စစ်တဲ့ နေရာရှိတယ်တဲ့။ ဒီနေရာမှာ ဘယ်သူ ဆင်းမလဲ လို့မေးတယ်။စစ်တဲ့ နေရာဆိုတာနဲ့  ကျမလည်း ဟာ ပြဿနာပဲ ဆိုပြီးဖြစ်သွားတယ်။ စစ်တဲ့ နေရာဆိုတာနဲ့ ဆင်းကို ဆင်းမယ်လို့ ပြောလိုက်တယ်။ ကျမ တကယ်ကို အစစ်ကို မခံနိုင်တော့တာ။ အဲဒါနဲ့ ဆင်းလိုက်ရော။ ကျမလိုပဲ ဆင်းတဲ့သူလည်း နည်းနည်းရှိတယ်။အများစုကတော့ကားနဲ့ ဆက်လိုက်ကြတယ်၊ အနည်းစုကပဲ ဆင်းလိုက်ကြတယ်။
အဲဒီ ဆင်းလိုက်တဲ့ လူတွေနဲ့ တောင်တွေကို တက်ရတယ်။ လူကလည်း ပင်ပန်းနေပြီ။ ညလည်း ညရောက်လာပြီ တောင်တွေကိုတက် …တက်..တက်ပြီးတော့ နောက် ပြန်ဆင်းပြန်ဆင်း နဲ့ ၃ နာရီလောက်တောင်အတက်အဆင်းလုပ်ရတယ်။ ည မှောင်လာတော့ အမှောင်ထဲမှာ ဒီအတိုင်းလျှောက်ကြတယ်။ မီးမသုံးကြဘူး ။ကျမက တောထဲကထွက်ခဲ့သူဆိုတော့ အလေ့အကျင့်ရှိနေလို့ အပင်ပန်းခံနိုင်တယ်လို့ ပြောရမှာပဲ။
တောထဲကနေ တိတ်တိတ်ဆိတ်ဆိတ်သွားနေရင်းနဲ့ ကိုယ်နဲ့ အတူ လျှောက်နေကြသူတွေအကြောင်း မဆီမဆိုင်စဉ်းစားမိတယ်။ ကိုယ့်လိုပဲ အစစ်ဆေးမခံနိုင်လို့ ဆင်းလမ်းလျှောက်တဲ့သူတွေကိုး သူ
တို့ကရောဘာအတွက်နဲ့စစ်ဆေးမှု့တွေရှောင်တာလည်းပေါ့ ။ဘယ်သူတွေလည်းပေါ့ ။ ရာဇဝတ်သားတွေလားပေါ့။ ကျမခြေထောက်မှာ ဓါးမြှောင် ၂ ခု ကပ်ချည်ထားတယ်။ တခုကပီထွန်းပေးထားတာ swiss made . တခုကတရုပ်မှာကျမဝယ်ထားတာ။ တခုခုဆို ကျမအတွက် အသုံးဝင်မယ် အကူအညီဖြစ်မယ်ပေါ့။
ညခရီး နားလိုက်တက်လိုက်နဲ့ ကျမ အနောက်ပိုင်းနားကလိုက်တယ်။နောက် အဆင်းလမ်းတွေကြီးဖြစ်လာတော့ ကျမ အရှေ့ဆုံးကချီတက်တော့တာဘဲ။ သူတို့တွေပြောပြီးရီကြတယ်။ သူတို့ပြောတဲ့ရှမ်းစကားတွေက ကျမတို့ ကျိုင်းတုံ ဘက်ကရှမ်းစကားနဲ့အတော် တူနေတာဆိုတော့ နားလည်တယ်။
 အဲဒါနဲ့ ရွာတရွာကိုရောက်တယ်။ ရွာလို့ တောင် ပြောလို့မရဘူး အိမ်ခြေလေး သုံးလေးငါးလုံးလောက်ရှိတယ်။ အဲဒီ ရွာလေးကို ဖြတ်ပြီး အလွန်မှာ ကားက ပြန်စောင့်ပေးထားတယ်။ အဲဒါနဲ့ ကားပေါ် ပြန်တက်ပေါ့။ အဲဒီကနေ ကားက အိပဲ့ အိပဲ့နဲ့သွားပြန်ရော။ တနေရာရောက်တော့ ကားရပ်ပြန်တယ်။
ဆင်းဆင်း ဆိုတာနဲ့ဆင်းရပြန်ရော..ပြီးတော့မှ ဒါ လမ်းဆုံးပဲတဲ့ ကားက ဆက်ကိုသွားလို့မရတော့ဘူးတဲ့။ အဲဒါမှ ပြဿနာပဲ။  မှောင်နေတုန်းပဲ။
အချိန်ကြည့်လိုက်တော့ ၂ နာရီ ခွဲ နေပြီ။ ရွာအမည်က ချိန်းကုတ် ( Chian Kok )တဲ့။ နေစရာအိမ်ကို လောဝ်ပုလိပ် မိန်းမရှာပေးတယ်။ ပစ္စည်းတွေချပြီး ရေချိုးဖို့ပြင်ဆင်ကြတယ်။ကားရပ်တဲ့နေရာ ကနေလမ်းအတိုင်း မီတာ၇ဝဝ လောက်လျှောက်လိုက်ရင် နာမည်ကျော် ကျမတို့ရဲ့ မဲခေါင်မြစ်ကိုတွေ့ရတယ် ။
သိတယ် မဟုတ်လား ကျမ ရေချိုးချင်လာတယ်။ တနေကုန်လုံး ပင်ပန်းနေတော့ ဘာပဲဖြစ်ဖြစ် ရေချိုးလိုက်ချင်တယ်။ ခက်တာက ကျမကရေမကူးတတ်ဘူး။ သူများတွေလိုဇွတ်ရွတ်မဆင်းရဲဘူးလေ ။ ရေစီးလဲကြမ်းသေးတယ်ဆိုတော့ ။
အပိုင်း(၂၃)
အချိန်ကလည်း ၂နာရီ၊ လူတကိုယ်လုံးလည်း ဖုန်တွေနဲ့ ပင်ပန်းလည်း ပင်ပန်းနေပြီ အဲလို ဆိုတော့ ရေက ချိုးချင်နေပြီ။ အဲဒါနဲ့ ငါရေချိုးချင်တယ် ဆိုတော့ ရေစီးကလည်း ကြမ်းတယ်၊ ကျမက ရေမကူးတတ်ဘူး ဆိုတော့ မြစ်ဘေးနားမှာပဲ ပုံးလေးနဲ့ ရေခပ်ပြီး ပုံးထဲက ရေကို ခပ်ခပ်ပြီးတော့ လောင်းချိုးတယ်။ မြင်လည်း မမြင်ရဘူး။
ရေလည်း ချိုးပြီးရော မိုးလည်း လင်းချင်နေပြီ။အဲဒီက ရွာတရွာမှာပဲ ခဏ တည်းလိုက်ကြတယ်။ အိမ်ကလေးရဲ့ အဖီလေးထဲမှာပဲ အိပ်လိုက်ကြတယ်။
မိုးလင်းခါနီးမှာမှ အိပ်ယာဝင်ကြတော့ မနက် ၁၀ နာရီ လောက်မှာ ကျမ အိပ်ရာနိုးတယ်။ နိုးလိုက်တော့လည်း ရေပြန်သွားချိုးတယ်၊ အိပ်ရာထ ရေမချိုးရရင်လည်း မနေနိုင်ဘူးလေ။ အဲဒီတော့မှေ၇ကို ကြည့်လိုက်တယ် အား လားလား ရေက တော်တော်နောက်တာ ညတုန်းကတော့ မှောင်နေလို့ မမြင်ဘူး။ ဟာ ပြဿနာပဲ ငါကတော့ ဒီရေကို ချိုးခဲ့လိုက်ပြီ ဆိုပြီးတော့ တကယ်ကို စိတ်မသန့်တော့တာ။
ရေကလည်း အနံ့လည်း ရှိတယ်။ ဘာအနံ့လည်း မသိဘူး တော်တော်နောက်ပြီး ရွံ့ရေတွေလို ဖြစ်နေတာပြီးတော့  ကိုယ်ချိုးခဲ့တဲ့ နေရာကလည်း တကယ်ကို စိတ်မသက်သာစရာကြီး၊ အဲဒါနဲ့ ရေသန့်မဲ့ နေရာလေးကို မနည်းရှာပြီး ကျောက်တုံးလေး ကြားကနေ ခပ်ချိုးခဲ့တယ်။
အဲဒီအချိန်မှာ လမ်းပြ ၂ဦးကတော့ ရွာထဲမှာရှေ့ခရီးစဉ်အတွက် သွားစုံစမ်းနေကြတယ်။ မကြာပါဘူး နှစ်ယောက်သား အပြေးအလွှားပြန်လာကြပြီးသဗ္မာန်ရောက်နေပြီ ။ခရီးဆက်ထွက်ကြမယ်ဆိုတာနဲ့ ကျမလည်း ကျောပိုးအိတ်ဆွဲပြီး မဲခေါင်မြစ်ဘက်ကို ပြေးဆင်းလာခဲ့တယ်။
ပြေးဆင်းလာပြီး ကိုယ်စီးရမဲ့ သဗ္မာန်ကို ကြည့်လိုက်တော့လည်း ဟာ…လာပြန်ပါပြီ နောက်တခေါက် .. တိရိစ္ဆာန်တင်တဲ့ သဗ္မာန်တစင်းပဲ။ နွားနဲ့ဝက်တွေအပြည့်တင်ထားပါတယ်။ ဟာ ငါ တလမ်းလုံး တိရိစ္ဆာန်အနံ့တွေ နံပြီးတော့ လာတာ ခုလည်း ကြည့်ပါဦး ဒါကြီးနဲ့ သွားရဦးမယ်ပေါ့။ စိတ်ညစ်သွားတယ်။
ခရီးသည်ဆိုလို့ ကျမနဲ့ လမ်းပြ ၂ ဦးနဲ့ဘဲရှိတယ်။ ၀က်တွေနဲ့ နွားတွေနဲ့ ကြားမှာ အိပ်ဖို့ နေရာလည်း မရှိဘူး၊ လူလည်းမပါဘူး တကယ်ကို ကုန်ကူးတဲ့ သဗ္မာမန်ပဲ။ ကျန်တာတွေက သဗ္မာန်အလုပ်သမားတွေပါတယ်။ သူတို့ကို တချက်လှမ်းကြည့်လိုက်တော့လည်း အသွင်အပြင်တွေက ကြောက်စရာတွေ။ ကြမ်တမ်းတဲ့ဘဝတွေနဲ့ကြီးပြင်းခဲ့လို့နဲ့တူပါတယ်။ သူတို့ကလည်း ကျမကို လှမ်းကြည့်ကြတယ်၊ ဒီက ဒေသခံနဲ့ မတူဘူးဆိုတာလည်း သူတို့ သတိထားမိပုံရတယ်။
သူတို့က ကြည့်လာတော့လည်း ကြောက်တယ်၊ ဒါပေမဲ့ ဒီလှေကြီါ်ကိုမှ မစီးရင်လည်း မဖြစ်တော့ဘူး၊ မထူးပါဘူးလေ ငါ့ဘ၀ကလည်း ဆိုပြီး ဒီလှေနဲ့ပဲ သွားတော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ရေကလည်း မကူးတတ်တော့ ပလပ်စတစ်ရေဗူးးတွေလည်း လမ်းပြက ကျမအတွက် ယူလာပေးတယ်၊ အဲဒီရေဗူးတွေလည်းပါတယ်။
အဲဒီရွာကလေးကနေ နည်းနည်းလေး ထွက်လိုက်တာနဲ့ ဟာ…ဘယ်လိုပြောမလဲ လှလိုက်တာ မဲခေါင်မြစ်လေ …။ မြစ်ကြောင်းက သာယာလိုက်တာ။ အရမ်းကို လှတယ်၊ သာယာတာလည်း မပြောနဲ့တော့ ဘယ်လို ပြောရမှန်းတောင် မသိဘူး။
ကျမမှာ ကင်မရာလည်း မရှိဘူး၊ ဒီတိရိစ္ဆာန်တွေ နွားတွေကြားနေပြီးတော့လေ ထိုင်ပြီး မြစ်ကြောင်းကို တစိမ့်စိမ့်ကြည့်ပြီး လိုက်လာခဲ့တာ။
နောက်တော့ဟိုကြည့်ဒီကြည့်ရင်းနဲ့ ၂ နာရီလောက်ခရီး ဆက်တော့ ထမင်းစားဖို့ လာခေါ်တယ်။ ကောက်ညှင်း၊ ငရုပ်သီးထောင်း နဲ့ငါးကင်ပေါ့။ ဟာ ငါးကင်ကလည်း သိပ်ကောင်းတယ်။ ကျမတသက်မမေ့နိုင်ဘူး။ လတ်လတ်ဆတ်ဆတ် မို့လား၊ မနက်ကတည်းက ဘာမှမစားရသေးလို့လားမသိဘူး။ အရမ်းကောင်းတယ်။
 စားပြီးတော့မှ သဗ္မာန်သမားတွေနဲ့ရင်းနှီးမှု့ရလာတော့ သဗ္မာန်အရှေ့ဘက်မှာထွက်ထိုင်ဖြစ်ပြီး သဘာဝအလှတွေ ခံစားရင်း လိုက်လာတာ လက်ရှိ ဘ၀နဲ့ အခြေအနေကိုတောင် မေ့သွားတယ်၊ တကယ်ကို မေ့သွားခဲ့တာ။
တကယ်တော့ ကျမ ဘ၀က မေ့လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျမ KIAကနေ ထွက်မလာခင်တုန်းကလည်း သစ္စာဆိုခဲ့တာတွေ ရှိတယ်။ ကိုထွန်းအောင်ကျော်ကို ကတိပေးထားခဲ့တာတွေ ရှိတယ်။ အသတ်ခံခဲ့ရတဲ့ သူတွေအတွက် မသေပဲ ကျန်ခဲ့တဲ့ သူတွေက  ဖြစ်ရပ်မှန်ပေါ်ဖို့ တာဝန်ယူရမှာပဲ။
ကျမအနေနဲ့ ခုလို အဆင့်ဆင့်လွတ်မြောက်လာပြီး ခုမဲခေါင်မြစ်တလျှောက်ခရီးဆက်နေတယ်ဆိုပေမဲ့ စိတ်မကောင်းဘူး။ ခုချိန်မှာ ကတိအတွက်ရော သစ္စာအတွက်ရော ကျမ ဘာမှ မလုပ်နိုင်သေးဘူးလေ။
ကြည့်ရင်းရင်းနဲ့ မြစ်ရေက ရေးစီးကြမ်းလာတယ်။ တချို့နေရာတွေမှာတော့ မြစ်က ကျဉ်းမြောင်းပြီး ကျောက်ဆောင်ကျောက်တုန်းတွေများတယ်။ ကျောက်ဆောင်တွေကြားမှာ ကွေ့ဝှက်ပြီး သွားနေလိုက်တာ လှေမောင်းတဲ့ သူတွေ တော်လိုက်တာလို့ စိတ်ထဲကနေ ချီးကျူးနေမိတယ်။ သူတို့ရဲ့ ကျွမ်းကျင်မှုက မြစ်ထဲမှာ လုံခြုံစေတယ်လေ။ မြစ်ကလည်း အချို့နေရာတွေမှာမြစ်ကျယ်ပြီး ရေစီး ငြင်သာလိုက်တာ ဂီတသံလေး ကျနေတာပဲ။
ကျမကမြို့ပြ လူနေထူထပ်တဲ့နေရာထက် တိတ်ဆိတ်တဲ့ တောတောင်သဘာဝကိုပိုနှစ်သက်တယ်။
ဒီလိုနဲ့ည ၈ နာရီလောက်ဖြစ်မယ်ထင်တယ် ။ကျိန်းလောဆိုတဲ့ရွာလေးကိုရောက်လာခဲ့တယ်။ တညအိပ်စခန်းချရတာပေါ့.။ ဒေသခံလူတွေသိပ်ရိုးသားကြတာဘဲ။ ကျမတို့ကို တည်းခိုခွင့်ပေးပြီးရှိတာလေးတွေ ချက်ပြုတ်ကျွေးကြတယ်။ ကျမသတိထားမိတယ်။ လောဝ် မှာကျမဖြတ်သန်းခဲ့တဲ့တောက်လျှောက် ထမင်းထက် ကောက်ညှင်းချက်စားကြတာများတယ်။ ကောက်ညှင်းနဲ့လေဝ် ဝက်အူချောင်းနဲ့ငရုပ်သီးထောင်းနဲ့ ကအရမ်းလိုက်ဘက်ညီတယ်။
၂ဝ. ၄ . ၁၉၉၃ ( အင်္ဂါနေ့) မနက်စောစောကျိန်းလောမှ ကျမတို့ဆက်ထွက်ခဲ့ကြတယ်။ မဲခေါင်မြစ်တလျှောက်သဘာဝရဲ့သာယာမှု့တွေကိုငေးမောနေရင်း ဖြစ်ပျက်ခဲ့တာတွေ စဉ်းစားကြည့်ရင်း မယုံကြည်နိုင်ခဲ့ဘူး။ ဘဝမှာတခါမှ စိတ်ကူးထဲမထဲ့ခဲ့တာတွေ ကြံဖန်ဖြစ်ခဲ့တာတွေ..။ မဲခေါင်မြစ်တလျှောက် ရှုခင်းတွေတအားလှတာဘဲ ။ သမ္ဗာန် သမားတယောက် ကျမနားလာထိုင်ပြီး စကားပြောတယ် ။
သူကလည်း ရှမ်းစကားပြောပေမဲ့ လေယူလေသိမ်းကွာတော့ ဒေသခံမဟုတ်မှန်းသိတယ်လေ။ ကျမနဲ့ သူနဲ့ စကားပြောဖြစ်ကြတယ် တော်တော်များများကို ပြောဖြစ်ကြတယ်။ ကျမက ကျမ အကြောင်း သူ့ကို ပြောပြတယ်။ သူကလည်း သူ့ဖြစ်စဉ်တွေကို ပြောပြတယ်။
သူက ကမ္ဘောဒီးယားကဖြစ်နေတယ် ။ သူကလည်း သူ့ဘ၀မှာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေကနေ လွတ်မြောက်လာကြတာခြင်း တူတယ်။  ကျမနဲ့ သူနဲ့ အခြေအနေခြင်း တော့ကွာခြားတာပေါ့လေ ။ သူကလည်း သူ့ဘ၀ကို သူ ပြန်တည်ဆောက်နေခဲ့ချိန်ပဲ။
လမ်းတဝက်မှာ သမ္ဗာန်ဆိုက်ပြီးခဏနားကြတယ်။ မဲခေါင် မြစ်ရေက နောက်ပေမဲ့ အဲ့ဒီချောင်းရေက ကြည်လင်နေရော။ မြစ်၂ ခု ဆုံတဲ့နေရာမှာနားကြတယ်။
အဲဒီမှာ သမ္ဗာန်သမားတွေကတော့ အကျီာင်္တွေ ချွတ်ပြီး ရေထဲကို ဒိုင်ဗင်ထိုးပြီး ချိုးကြတယ်။
ကျမလည်း ရေချိုးချင်လိုက်တာ။ ရေမကူးတတ်ဘူးလေ။ ကြည့်တော့လည်း ရေက တော်တော် နက်တယ်။
နောက်မှ လမ်းပြနဲ့ကျမ ချောင်းတောက်လျှောက်လိုက်ကြည့်မှာ တနေရာမှာကျောက်ဖျာ အစွန်းတခုတွေ့မှ ကျမအတွက်ရေချိုးဖို့နေရာကို တွေ့လိုက်တာပဲ။ ပျော်သွားတယ်။ အဲဒီနေရာမှာ ရေချိုးခဲ့တယ်။
 နောက်ကျမတို့ ခရီးဆက်ကြတော့ မြန်မာပြည်နယ်စပ်ဘက်ကို ရောက်တယ်။  သိလား တချို့နေရာ မြစ်ရဲ့တဘက်တချက်မှာ တဲတလုံးစ နှစ်လုံးစတွေ့တာပေါ့နော်။ ဟိုဘက်က မြန်မာပြည် ဒီဘက်ကလောဝ် ပေါ့လေ။ မြန်မာပြည်ဘက် အဲ့ဒီအချိန်က အဲ့ဒီ ရှမ်းရွာတွေဘက်မှာ ဘုန်းကြီးတပါးနာမည်ကြီးနေတယ် .။ စေဝ်ဝန်းစွန့် ဆိုလားဘဲ ..အဲ့ဒီဘက်ပိုင်းက လူတွေ
တော်တော်သွားဖူးကြတယ်လို့ သမ္ဗာန်သမားကရှင်းပြနေသေးတယ်။ နောက်တော့ ညနေပိုင်း ၆ နာရီ လောက်မှာဒီလောဝ် ဘက်က မုမ်းမမ်း(Muangmom)ဆိုတဲ့ရွာကို ရောက်တယ် ။ ဒါကျမရဲ့ လောဝ် ခရီးဆုံးတဲ့ ရွာလေးပါဘဲ ။ဒါပါဘဲ ။နာမည်ကျော် ရွှေတြိဂံ နယ်မြေ ။  မြန်မာ ယိုးဒယား လောဝ် ၃ နိုင်ငံ မဲခေါင်မြစ်မှာ ဆုံတဲ့နေရာပေါ့ ။ သိပ်ကို လှပါတယ်။ အေးအေးချမ်းချမ်းလည်း ရှိတယ်။ အဲဒီ မဲခေါင်မြစ်ကို ဖြတ်သန်းခွင့်ရခဲ့တဲ့ အတွေ့အကြုံကို အရမ်းကျေနပ်တယ်။ ဒီလိုလေး သွားနိုင်ဖို့ ဆိုတာ လွယ်မှ မလွယ်တော့တာနော်။ ဘ၀မှာ ထပ်မတွေ့ရတော့တဲ့ အတွေ့အကြုံပဲ။
နောက် အဲဒီမှာ ကျမ ရောက်နေတဲ့ လောဝ်ရွာ မုမ်းမမ်း(Muangmom) ရဲ့ မျက်နှာချင်းဆိုင်ကတော့ မြန်မာပြည် မုမ်းလင်း(Monglin) ရွာလေးပေါ့ ။ မြန်မာနိုင်ငံတော်အလံလွှင့်ထူထားတာမြင်ရတော့ စိတ်ထဲ ခံစားချက်တခုဖြစ်တာအမှန်ဘဲ ။ ဒါ…ငါတို့ တိုင်းပြည်ပေါ့။ အဲဒီအလံကို ကြည့်ပြီးတော့လည်း ငိုချင်သလိုလိုနဲ့ တခုခုကို နင့်နင့်သည်းသည်း ခံစားရတာပဲ။  ဘာမှန်းတော့လဲ မဖေါ်ပြနိုင်ဘူး။
လောဝ်ကလမ်းပြအမျိုးသမီးရယ် ၊ တရုပ်ကလမ်းပြ စိုင်းခမ်းပန်းရယ် ၊ ကျမ ရယ် လောဝ်ပိုင် မုမ်းမမ်းရွာလေးမှာနေ ဖို့အိမ် သမ္ဗာန်သမားကရှာပေးတယ်။ကျမတို့ သမ္ဗာန်ဆိုက်တဲ့နေရာက မနက်ဆိုဈေး ပေါ့နော်။ ဒါနဲ့ အဲ့ဒီည ရွာခံအိမ်တအိမ်မှာတည်းခိုခဲ့ကြရတယ်။ နောက် ကျမ ဟိုဘက်ကို ကူးဖို့ စဉ်းစားကြတယ်။
 နောက်တနေ့ မနက်မိုးလင်းကျမတို့ဈေးဘက်လျှောက်လာကြတော့ မြန်မာကမ်းဘက်က ရဲဘော်တချို့ လောဝ်ဘက်မှာဈေးလာဝယ်ကြတာတွေ့တယ်။ ကျမနဲ့စိုင်းခမ်းပန်း နဲ့ မော်တော်တစင်းငှားပြီး ယိုးဒယား နိုင်ငံ ချိန်းဆိုင်(Chiang Sane)ကိုသွားကြတယ်။ချိန်းဆိုင် ရဲ့မျက်နှာချင်းဆိုင်က လောဝ် ရွာပေါ့ ။ ကမ္ဘာလှည့်ခရီးသည် အများအပြားကိုတွေ့ရတယ်။ အဲ့ဒီတုန်းက မြန်မာနိုင်ငံဘက်မှာParadise Resort တောင်မရှိသေးပါဘူး။
 ဆိုတော့ ကျမ ချိန်းမိုင် မှာကျမကိုစောင့်နေတဲ့ ပီစိုင်းထွန်းဆီ ဆက်သွယ်တော့ ကျမကို အကိုက ဘယ်ရောက်နေလဲတဲ့။ ကျမက ရွှေတြိဂံ နယ်မြေမှာ ဆိုတော့ အကိုက အံ့သြသွားတယ်။ ပြီးတော့ သူက ပြောတယ်။  ယိုးဒယား နိုင်ငံ မယ်ဆိုင်မြို့ မှာစောင့်နေဖို့ ပြောတယ်။ မယ်ဆိုင်မှာ ကျမတို့ အမျိုးတွေ ရှိတယ်လေ၊ အကိုကတော့ ချင်းမိုင်မှာပဲ။
တကယ်တော့ ချိန်းဆိုင်ကနေ ကျမက တာချီလိတ်ကို သွားတာ မဟုတ်ဘူး။ အဲဒီအခြေအနေတုန်းက ယိုးဒယားပလိတ်တွေက တအားစစ်တယ်။ ဟိုဘက်က မြန်မာဘက်ကို ကြည့်လိုက်တော့လည်း မြန်မာ စစ်သားတွေက စစ်တယ်။ သိတယ်အတိုင်းပဲ ကျမက အစစ်ဆေးကို မခံနိုင်တော့တာလေ။
အဲဒီမှာ တခါ ဆုံးဖြတ်ရပြန်ပြီ လမ်းပြ စိုင်းခမ်းပမ်းကို ပြောလိုက်တယ် ငါ့ကို လောဝ်င်နာမည်တခုပေးပါ။ ဒီမြန်မာဂိတ်ဘက်နေ ဖြတ်မယ်လို့ ပြောလိုက်တယ်။ ဒီမြန်မာရွာကနေ တာချီလိတ်ကို ဘယ်လောက်ကြာကြာသွားရမလဲ မော်တော်ဆိုင်ကယ်ငှားပြီး သွားမယ်ရင်  နာရီဝက်ပဲတဲ့။ အဲဒါနဲ့ ကျမ ဆုံးဖြတ်လိုက်တယ် အဲဒီလမ်းကပဲ ဖြတ်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
အဲဒီမှာ တခုပြောချင်တယ်၊ တကယ်တော့ ကျမမှာ ယူနီဖောင်းတစုံကို ထည့်ပြီး ယူလာခဲ့တယ်။ ကျောင်းသားတပ်ရဲ့ ယူနီဖောင်း အဲဒါလေးကိုသိမ်းထားတာ။ အဲဒါကို ယူလာခဲ့တယ်။ ဒီရောက်တော့ မြန်မာဂိတ်ကနေ ဖြတ်ရမယ်ဆိုတော့ ဒါလေးကို ဆက်သယ်သွားဖို့ မဖြစ်နိုင်တော့ဘူး လို့ စဉ်းစားပြီး ထားခဲ့ရတယ်။အဲလို ထားခဲ့ရတာကို တွေးမိရင် စိတ်မကောင်းဘူး။
အဲဒီမှာ စိုင်းခမ်းပန်းက လောဝ်နာမည်တခု ပေးတယ်၊ လောဝ်အ၀တ်အစားတွေ ၀ယ်ဝတ်တယ်။ ဒါနဲ့ ကျမက စိုင်းခမ်းပန်း ငါ လောဝ်နဲ့ တူလား ဆိုတော့ သူက သေချာကြည့်ပြီး ပြောတယ်၊ အ၀တ်အစားကတော့ တူတယ်တဲ့ ရုပ်ကတော့ မတူဘူးတဲ့။ ကဲ…။
မတတ်နိုင်ဘူး မတူလည်း ငါကတော့ ၀င်သွားတော့မှာပဲလို့ ဒါပေမဲ့ ငါကတော့ စကားတခွန်းမပြောဘူးနော်လို့ စိုင်းခမ်းပန်းကပဲ အားလုံး ပြောရမယ်ဆိုပြီးတော့ စကားတခွန်းမှ မပြောဘဲ ဂိတ်ကို ဖြတ်မယ်ပေါ့။
အဲဒါတဲ့ လှေလေးနဲ့  ဟိုဘက်ကမ်းကို ကူးကြပြီးတော့ ဂိတ်ကို ဖြတ်ဖို့ ဂိတ်ရှိတဲ့ နေရာကနည်းနည်းမြင့်တယ် မြေကြီးလှေကားအထစ်ထစ်လေးတွေကနေ တက်သွားတယ်။ အလံတွေကလည်း တထူထူနဲ့ပေါ့။ အဲဒါနဲ့ လောဝ်၀တ်စုံဝတ်ပြီး စစ်သားတွေကြားထဲမှာ ဂိတ်ဖြတ်ဖို့ လုပ်ရတယ်။ စိုင်းခမ်းပန်းက မယ်ဆိုင်ကိုသွားမယ်ပေါ့။ စိုင်းခမ်းပန်းကလည်း ဗမာစကားမတတ်တော့ ရှမ်း ဆိုက်ကယ်သမားတွေကို ငှားသွားတယ်။ အဲဒီရှမ်းတွေက တာချီလိတ်ရှမ်းတွေကမှ ကျမတို့ ရှမ်းတွေ၊ သူတို့ ပြောတာတွေ နားလည်တယ်၊ ဒါပေမဲ့ တခွန်းမှ ၀င်မပြောဘူး။
ကျမက အသာပဲ ကြည့်နေတယ် စကားတခွန်းမှ မပြောဘူး။ ဆိုက်ကယ်သမားတွေနဲ့လည်း မပြောဘူး ၊ အားလုံးကို စိုင်းခမ်းပန်းကပဲ ပြောတယ်။
ဂိတ်ကို ဖြတ်ကြတော့ သူတို့ကတဆင့် စစ်သားတွေကို စကားပြောရတယ်။ နယ်ဖြတ်ခွင့်အတွက်ပေါ့။ ဒီတာချီလိတ်မြို့ကလေးကို ဖြတ်ခွင့်ပေးပါပေါ့။ အဲဒီမှာ ရုံးထဲကို ၀င်သွားပြီး နယ်စပ်ဖြတ်ခွင့် တံဆိပ်ထုတာကိုစောင့်ယူခဲ့ကြတယ်။
အဲဒါနဲ့ ဆိုက်ကယ်နဲ့ တာချီလိတ်ကို ရောက်တယ်၊ နောက် ၂၂.၄.၁၉၉၃ မှာ ကျမ မုမ်းမမ်း ကနေ ထွက်ပြီး မယ်ဆိုင်ကို ရောက်ရှိခဲ့တယ်။ မယ်ဆိုင်မှာလည်း သိပ်ကြာကြာမနေတော့ဘူး။ တရက်နေပြီး နောက်တနေ့ ၂၃ ရက်နေ့မှာ ပီစိုင်းထွန်း အကြိုလွှတ်လိုက် တဲ့သူနဲ့ ချိန်းမိုင်ကိုရောက်တယ်။
အဲဒီကနေ ညမှာဘဲ ပီထွန်းနဲ့ အတူ ချိန်းမိုင်လေဆိပ်မှ ဘန်ကောက်မြို့ ကိုရောက်တယ်။ ကျမ ဘန်ကောက်မြီု့မှာရှိနေစဉ် အကိုတော်စပ်သူ ပီစိုင်းထွန်းအိမ်မှပဲနေခဲ့တယ်။ ဘန်ကောက်မှာတုန်းက ခေတ်ပြိုင်ဂျာနယ်တိုက်ကို ခဏခဏသွားခဲ့တယ်။
နောက် ဘန်ကောက်က ABSDF ရုံးခန်းကို ရောက်ခဲ့သေးတယ်။ အဲဒီတုန်းကလည်း …။
အပို်င်း(၂၄)
ကျမ ဘန်ကောက်ရောက်တော့ ABSDF ရုံးခန်းကို ရောက်သွားတယ်။ သူတို့တွေကတော့ စိုင်းထွန်းရဲ့ ညီမပေါ့ ဆိုပြီးတော့ ပြူးကြည့်ကြောင်ကြည့်တော့ ကြည့်ကြတာပေါ့။နောက် နန်းအောင်ထွေးကြည်ဆိုတာ ရောက်လာတယ်ပေါ့ ၊ကျမလည်း ခပ်တည်တည်ပဲ။အဲဒါ ဒေါက်တာ နိုင်အောင်တို့ ရုံးပေါ့။
အဲဒီတုန်းကတော့ ထောက်လှမ်းရေး ဘာညာဆိုတာတွေတော့ မပြောကြတော့ဘူး၊ ဒါပေမဲ့ အဲဒီမှာ လှဋ္ဌေးရှိနေတယ်။ ဦးစီးလှဋ္ဌေးပေါ့။ ဘန်ကောက်ကရုံးမှာ ကျမနဲ့ သူနဲ့ တွေ့တယ်။ သူက အသားမည်းမည်းနဲ့ပေါ့။ ထားလိုက်တော့ ။
နောက် ကျမ မိုးသီးတို့ရဲ့ ABSDF ရုံးဘက်ကိုလည်း ရောက်သွားတယ်။ အဲဒီအချိန်တုန်းကလည်း သူတို့က ကွဲနေတာ။ အဲဒီတုန်းက အဲဒီရုံးမှာ ဘယ်သူတွေ ရှိနေလဲဆိုတာတော့ကျမ သေချာ မမှတ်မိတော့ဘူး။
နောက် အဲဒီတုန်းကျမ အမြဲတမ်းသွားဖြစ်တာက ခေတ်ပြိုင်ဂျာနယ်တိုက်ပဲ။ ဦးတင်မောင်ဝင်းတို့၊ နောက် ကိုမောင်မောင်ထွန်းတို့ မောင်အောင်တို့နဲ့လည်း ခင်သွားတယ်။ တော်တော်ခင်သွားတယ်။ ကျမက မောင်မောင်ထွန်းနဲ့ ပိုခင်သွားတယ်။ သူက ခင်ဖို့ကောင်းတယ်။  သူက လုပ်သားများ ကောလိပ်က။ အဲဒီအချိန်တုန်းကသူကလည်း တောင်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွတ်စွဲပြီး အဖမ်းခံထားရတဲ့ ဆရာနေ၀င်းအောင်ကိစ္စနဲ့ပတ်သက်ပြီး တော်တော်ကို မကျေမနပ်ဖြစ်နေတဲ့ အချိန်ပေါ့။
ဆရာနေ၀င်းအောင်တို့ စိုးလင်းတို့က အဲဒီအချိန်ထိ အဖမ်းခံနေရတုန်းပဲတဲ့ မောင်မောင်ထွန်းပြောပြတော့ ဟာကနဲ စိတ်မကောင်းဖြစ်သွားတယ်။ ကျမက လွတ်မြောက်ပေမဲ့ အဖမ်းခံထားရတဲ့ သူတွေ ရှိသေးတယ်လို့ ကြားရတိုင်း စိတ်မကောင်းဖြစ်တယ်။ ဒါပေမဲ့ ဘာလုပ်ပေးနိုင်မလဲ ဘာမှလည်း လုပ်မပေးနိုင်ဘူး။ အဲလို ဘာမှလည်း လုပ်မပေးနိုင်လေ ပိုပြီး ခံစားရလေပဲ။
အဲဒီမှာ ပီထွန်းကလည်း ပြောတယ်၊ မင်း သတင်းစာရှင်းလင်းပွဲ လုပ်ချင်သလား ဘာတေးလင်တာ သူခေါ်ပေးမယ်၊ ပြီးတော့ ယင်ဒီးလည်း လာထားတာ သူတို့ကိုလည်း ခေါ်ပေးမယ် လုပ်မလားပေါ့။ လတ်လတ်ဆတ်ဆတ်အချိန်ပေါ့လေ။ အဲဒီမှာ ကျမ စဉ်းစားတယ်။
မလုပ်သင့်သေးဘူးလို့ ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျမ ဒီမှာလုပ်နေတုန်းမှာ ဟိုမှာ ကျန်တဲ့ သူတွေကလည်း ကျန်နေသေးတယ်။ ပြီးတော့ကျမမှာ အချက်အလက်တွေ လိုတယ်၊ ဒီအတိုင်း ခံစားရတဲ့အတိုင်း လျှောက်ပြောလို့မရဘူး ဆိုတာ ကျမ သိတယ်။ တခုခု ကျမမှာ ရှိဖို့လိုတယ်။ ဒီအတိုင်း ပါးစပ်ကနေ လျှောက်ပြောနေလို့မရဘူး။ ကျမ သေချာတဲ့ အချက်အလက်တွေ စုရဦးမယ်။
အဲဒီအချိန်တုန်းက ၅၅ ဦးထွက်ပြေးတဲ့ သတင်းစာရှင်းလင်းပွဲကလည်း ပြည်တွင်းထဲမှာ လုပ်ပြီးသွားပြီ၊ဒါပေမဲ့ လူတွေက အဲဒါကို လက်မခံဘူး၊ ကျောင်းသား ၅၅ ဦး ထွက်ပြေးလာတယ်ဆိုတာကို အစိုးရက အကွက်ဆင်တာလို့ ထင်ကြတယ်၊ ကျောင်းသားတပ်က  ဒီလိုလုပ်မှာ မဟုတ်ဘူး၊ ကျောင်းသားတပ်က ဒီလိုလုပ်တယ်ဆိုတာကို လက်မခံနိုင်ကြဘူးလေ။
 ပြီးတော့ ကျမ ခံစားချက်ကလည်း ပြင်းထန်နေတုန်းကို အဲဒီအချိန်တုန်းက ဒီကိစ္စတွေကိုလည်း လုံးဝ ပြန်မပြောချင်ဘူး၊ ကျမ ခံစားချက်ကလေ တက်လိုက်ကျလိုက်ဖြစ်နေတာ၊ အခုလို ပြန်ပြောတိုင်းလည်း ပြန်ခံစားရတယ်ဆိုပေမဲ့ အဲဒီတုန်းကလိုတော့မဟုတ်တော့။ နောက်ပြီး ဗိုလ်ချုပ်ဇော်မိုင်ပြောခဲ့တယ်။ အချိန်ယူရမယ်ဆိုတာလေ သေချာခေါင်းအေးအေးနဲ့ စဉ်းစား မိငယ်ဆိုတာတွေ ကျမ နားထောင်တယ်။ နားထောင်ခဲ့တယ်။
ပီးထွန်းလို့ ကျနော့်ကို ဗိုလ်ချုပ်ဇော်မိုင် ပြောခဲ့တယ်လို့ အချိန်လေး တခုကို စောင့်လို့ ပြောခဲ့တယ်လို့ အဲဒါကို  ကျနော် နားထောင်မယ်လို့ ပီထွန်းကို အဲလို ပြန်ပြောခဲ့တယ်။ပီထွန်းကလည်း အေးတဲ့။ စောင့်တဲ့။ ငါလည်း စောင့်စေချင်တယ်တဲ့ မင်းကို အချိန်တခု စောင့်ပါတဲ့ ဟောဟောဒိုင်းဒိုင်းမလုပ်စေချင်ဘူးတဲ့ နောက်တော့ မင်းဟာမင်း ဆုံးဖြတ်တဲ့ ပီထွန်းကလည်း အဲလို ပြန်ပြောတယ်။
အဲဒီတုန်းက ခေတပြိုင်က ကိုတင်မောင်ဝင်းကလည်း ရိုက်ထားချင်တယ်ဆိုတာကို ပီထွန်းက ကိုတင်မောင်ဝင်းတဲ့ ခဏလောက်စောင့်ပါတဲ့။ ကျနော့်ညီမ သူ့ကို အချိန်နည်းနည်းပေးလိုက်ပါတဲ့။ပီထွန်းက အဲလို ပြောပေးခဲ့တယ်။
အဲဒီအချိန်ကတည်းဒီကိစ္စကို ကျမ ဘယ်သူကိုမှ မပြောတော့ဘူး။ ဒါပေမဲ့ တရက်မှတော့ မမေ့ဘူး။ မိချိုကိုလည်း အိပ်မက်မက်တယ်။ မိချိုက စကားမပြောဘူး ငို နေတယ်။ ပြီးတော့ ကိုထွန်းအောင်ကျော်ပေါ့ သူက စကားမပြောဘဲနဲ့ ကြည့်နေတယ်။ အဲဒီ အိပ်မက်ကိုပဲ ခဏခဏ မက်ခဲ့တယ်။ မက်ပြီးရင် ပြန်အိပ်လို့မရတော့ဘူး။ ကျမက သူတို့အတွက် ဘာမှ လုပ်မပေးနိုင်လို့လား တော့ မသိဘူး။ ခဏ ခဏမက်တယ်။ မေ့လို့လည်း မရဘူး။
အဲဒီအချိန်တုန်းက မောင်မောင်ထွန်းတို့ကတော့ ဆရာနေ၀င်းအောင်လွတ်မြောက်ရေးတို့ ဘာတို့လုပ်ကြတာတွေ ရှိတယ်။
အဲဒီအချိန်မှာ ကျမ ဘန်ကောက်မှာပဲ ရှိနေသေးတယ်၊  ကျမက အေးအေးဆေးဆေးနေရပါတယ်။ တခြားကျောင်းသားတွေလိုတော့ ပြေးပြေးလွှားလွှားမဟုတ်ဘူးပေါ့။ တကယ်တော့ ABကျောင်းသားတွေက အရမ်း သနားဖို့ကောင်းတယ် ထိုင်းမှာ နေရတဲ့ အနေအထားကလေ၊ ပလိတ်တွေက ပိုက်ဆံလိုချင်ရင် မြန်မာ ကျောင်းသားတွေကိုပဲ လာလာပြီး ဖမ်းတာ။ ကျောင်းသားတွေက ပေးရတယ်၊ အဲဒါတွေ ဒုက္ခအရမ်းရောက်တာ။ AB ကျောင်းသားတွေ တကယ် သနားဖို့ကောင်းတယ်။ ခေါင်းဆောင်ပိုင်းတွေကသာ မဟုတ်ကြလို့ ABက ကျောင်းသားရဲဘော်တွေရဲ့ ဘ၀က သနားဖို့ ကောင်းတယ်။
ယိုးဒယားကြွက်(ပလိတ်)တွေက ငွေလိုတိုင်း လာလာဖမ်းကြတယ်။ ကျမမှာတော့ အဲဒီလို ဒုက္ခမရှိဘူး။ ပီထွန်းတို့လည်းရှိတယ်။တခြား အမျိုးတွေလည်း ရှိတော့ အေးဆေး နေရပါတယ်။
အဲလိုပဲ ဘန်ကောက်မှာ နေနေတုန်း အဖေ ဆုံးသွားတယ်။ ဟာ…သွားပြီလို့လည်း ခံစားရတယ်။ ကျမ အဖေကို ကျမ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့ဘူး။ ကျမက တောခိုဖို့ ထွက်လာကတည်းက အဖေနဲ့ မတွေ့လိုက်ရတော့ဘူး။ အဖေဆုံးသွားပြီ။
 နောက်အဖေဆုံးပြီးတော့မှ အမေရောက်လာတယ် ကျမ ဆီကို မေမေက ဖေဖေ ဆုံးတုန်းက ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေသြ၈ိုလ်တုန်းက ပုံတွေ ယူလာပေးတယ်။ အဲဒီဓါတ်ပုံတွေမှာ ဘိုဘိုတို့ကိုရဲလင်းတို့ ပုံတွေကို တွေ့ရတော့ …ဟာ ဒါ ငါ့မြောက်ပိုင်းက ကျောင်းသားတွေပါလား ဆိုပြီး ၀မ်းသာ သွားတယ်။ သိတယ်မဟုတ်လား ဘိုဘို့ကို သူ့အမေက ဒုတိယအကြိမ်သွားပြန်ခေါ်တော့  ပြန်ခွင့်ရသွားတယ်။ ကိုရဲလင်းကတော့ သူ့အင်တာဗျူးထဲမှာလည်း ပြောထားတယ်၊ သူက ထွက်ပြေးလာခဲ့တာလေ။ ဒါပေမဲ့ ကျမက အဲဒီဓါတ်ပုံတွေထဲမှာသူတို့ကို တွေ့မှ သူတို့ လွတ်ပြီဆိုတာကို သိရပြီး ၀မ်းသာသွားတယ်။
အဲဒီလိုနဲ့ဘန်ကောက်ကနေ Australia က ရှေ့နေဖြစ်သူ ဖီးလစ်စမိုက် က ကျမကိုတရားဝင်နေထိုင်ခွင့်ဖြင့် ခေါ်ယူတဲ့အတွက် UNHCR မှာ လုပ်စရာရှိတာတွေ လုပ်ရတယ်။ အဲဒါတွေကိုလည်း ခေတ်ပြိုင်ဂျာနယ်တိုက်က  မောင်မောင်ထွန်း တို့နေ ကူညီပေးခဲကလို့ ၁၉၉၄ ခုနှစ် ဇွန်လလောက်မှာ ကျမ Sydney ကိုထွက်ခွာလာခဲ့တယ်။
Australia ကို ရောက်တော့ ဖီးလစ်စမိုက်က ပြောတယ် အစိုးရရဲ့ ထောက်ပံ့ကြေးရအောင် အမြန်ဆုံးလုပ်ပေးမယ်တဲ့…။ မလုပ်ပေးနဲ့လို့ ကျမ ရရာအလုပ်တခုခုကို လုပ်မှာလို့။ အစိုးရ ဆီက ငါးပြားတစေ့ဘာထောက်ပံ့ကြေးမှ ကျမ မလိုချင်ဘူးလို့၊ အဲဒီအတိုင်းပြောခဲ့တာ၊ အဲဒီအတိုင်းပဲ Australia အစိုးရဆီက ဘာထောက်ပံ့ကြေးမှ ယနေ့အချိန်ထိ မယူခဲ့ဘူး။
ကျမ သူများနိုင်ငံက အစိုးရရဲ့ ထောက်ပံ့ကြေးကို မလိုချင်ဘူး။ ကျမ ကိုယ့်ခြေထောက်ပေါ်ပဲ ကိုယ်ရပ်တည်ချင်တယ်လေ။ ရှင်းရှင်းပြောမယ် အိမ်သာဆေးတဲ့ အလုပ်ပဲဖြစ်ဖြစ် လမ်းဘေးမှာ အမှိုက်သိမ်းရတဲ့ အလုပ်ပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုပြီး ရှာခဲ့တယ်၊ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်မယ်ဆိုပြီးတော့ လက်မ ထောင်ခဲ့တာလေ ကျမက။
ပြီးတော့ အဲဒီအချိန်တုန်းကလည်း ကိုယ့်ဘ၀ကိုယ်နားလည်နေပြီ။ နောက် အဲဒီတုန်းကလည်းမြန်မာပြည်ကို ကယ်တင်ချင်တယ်တွေ ဘာတွေကြီးကြီးကျယ်ကျယ်တွေ ပြောနေတဲ့သူတွေကတော့ သူတို့သည် အလုပ်ရှာလို့မရလို့ဘဲလား၊ ဘာကြောင့်လဲတော့ မသိဘူးAustralia အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ နေနေကြတာတွေလည်း ရှိတာပေါ့နော်။လူအမျိုးမျိုး စိတ်အထွေထွေပေါ့လေ။
ကျမကတော့ အဲလိုမျိုး အဖြစ်ကို မခံချင်ဘူး။ အစိုးရဆီကနေ လက်ဝါးဖြန့်ပြီး နေနေတဲ့ သူက ကိုယ့်တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ကယ်တင်နိုင်မလဲ။ ကိုယ့်ခြေထောက်နှစ်ချောင်းပေါ်တောင် ကိုယ်မရပ်တည်နိုင်ဘူးလေ။
အဲဒါနဲ့ ရောက်ရောက်ခြင်း ရရာအလုပ်တခုကို ရှာတယ်။ ကိုယ်ကလည်း ပညာတတ်ကြီး တယောက်မဟုတ်ဘူး။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း နှိမ့်ချထားပြီးသား။ သိလား တကယ့်ကို အခြေခံအလုပ်ဆိုရင်လည်း လုပ်မှာပဲ။ ကိုယ့်ဘ၀မှာ ဒါမျိုး အလုပ်ဆိုတာ တခါမှ မလုပ်ထားဖူးဘူး။ မိဘလက်ထက်မှာ မိဘက ကိုယ့်ကို ပြည့်စုံအောင်ထားပေးခဲ့တယ် ကောင်းကောင်း ထားပေးခဲ့တယ်လေ။
အဲဒါနဲ့ကုမ္ပဏီတခုမှာ သာမန်အလုပ်ကလေးတခု ရခဲ့တယ်။ သာမန်အလုပ်သမလေး ဘ၀နဲ့ နေခဲ့တယ်။ အဲဒီလိုနေတုန်းက ၀မ်းတော့ နည်းတယ် သိလား။ ဘာကိုသွားသတိရလဲဆိုတော့ ကျမတို့ ငယ်ငယ်တုန်းကလေ ကျမက စာမကျက်ချင်တော့ အမေက အမြဲတမ်းပြောတယ် အခြေခံ လူတန်းစား အလုပ်သမလေးတွေ ထမင်းချိုင့်လေးတွေနဲ့ အလုပ်သွားနေကြတာကို တွေ့ရင် အမေက တွေ့လား ပညာမတတ်ရင် ဒါမျိုးလုပ်ရမယ်လို့ အမေက ပြောခဲ့တယ်။ အဲဒီတုန်းကတော့ ကားပေါ်ကနေ အမေ ဘယ်လောက်ပြောပြော ဂရုကိုမစိုက်တာ အမေတို့ ချမ်းသာတာလည်း သိတာကိုး။
ခုတော့ကိုယ်တိုင် သာမန်အလုပ်သမလေး ဘ၀နဲ့ စရတော့ အဲဒါကိုသွားသတိရတယ်။ ငါ အမေဟိုတုန်းက ပြောခဲ့တဲ့ ဘ၀ရောက်နေတာပဲလို့ ဒီနိုင်ငံမှာလေ။ တကယ့်စက်ရုံအလုပ်သမားလေးတယောက်။ ဒါပေမဲ့ အလုပ်ဟူသမျှ ဂုဏ်ရှိစွပေါ့။ ဘာပဲပြောပြော လမ်းဘေးမှာ တံမြက်စည်းလှဲနေရတာထက်စာရင်တော့ စက်ရုံလေးတခုက အလုပ်ကလေးကတော့ မဆိုးဘူးပေါ့။ ပြီးတော့ ဒါကျမရဲ့ လုပ်အားနဲ့ကျမ ရပ်တည်တာပေါ့။အဲလိုလေး ကိုယ့်ကိုယ်ကိုလည်း ကိုယ်ပြန်ပြီး အားပေးခဲ့ရတယ်။အဲဒီအလုပ်ကလေးနဲ့ စပြီးရပ်တည်ခဲ့တယ် အဲဒီဋ္ဌာနလေးမှာ တနှစ်လောက်လုပ်ခဲ့ရတယ်။
အပိုင်း(၂၅)
အဲဒီ ဋ္ဌာနလေးမှာ အလုပ်သမလေးဘ၀နဲ့ အလုပ်လုပ်နေရင်း ဘ၀ကိုဖြတ်သန်းခဲ့တယ်။ တနှစ်လောက် ကာလမှာတော့ ကျမနဲ့ အဲဒီဋ္ဌာနက boss နဲ့ ပြဿနာဖြစ်တယ်။ ပြဿနာဖြစ်တယ်ဆိုတာကလည်း ကျမက စိတ်မထိန်းနိုင်ဘဲနဲ့ ဒေါသထွက်ပြီး ပေါက်ကွဲလို့ ဖြစ်ရတာ။ ကျမက ၀ုန်းဒိုင်းကျဲပစ်လိုက်တာ အဲလိုမျိုးတွေပေါ့။
ဒါတွေကလည်း ဒီတောထဲမှာ ဒီလိုဖမ်းခံရပြီး နှိပ်စက်ခံရတာတွေဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ကျမ စိတ်ကို မထိန်းနိုင်တော့ဘူး ဒေါသနဲ့ပေါက်ကွဲမှုက အရမ်းမြန်တယ်။
အဲဒါကြောင့် မေမေတို့ အစ်တို့အားလုံးက ကျမ မိသားစုက ကျမကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေကြတာ ခုချိန်ထိပဲ။ ပေါက်ကွဲပြီးရင် ကျမက အရမ်းစိတ်မကောင်းဖြစ်တယ်။ အရမ်းဝမ်းနည်းတယ်။ခံစားချက်တွေကို မထိန်းနိုင်ဘဲနဲ့ ဖြစ်နေတာ မကောင်းဘူးပေါ့နော်။
အဲလို မန်နေဂျာနဲ့ ပြဿနာတက်တော့ကျမ အလုပ်ဆက်လုပ်ရတာ မပျော်တော့ဘူး၊ အဲဒါနဲ့ အလုပ်ပြောင်းဖို့ ကြိုးစားရတယ်။ နောက်ထပ်အလုပ်တခုကို ရှာရပြန်ရော။
ကံကောင်းတယ်လို့ ပြောမလား၊ အခုချိန်ထိ လက်ရှိ လုပ်နေတဲ့ အလုပ်ရတယ်။ အဲဒီအလုပ်ကို ကြိုးကြိုးစားစား လုပ်ခဲ့တယ်။ ကျမလက်ရှိ အလုပ်မှာက၁၉၉၅ ကတည်းက စလုပ်ခဲ့တာပဲလေ၊ ခုတော့ ဘယ်နှစ်နှစ်ရှိပြီလဲ။
ဒီကြားထဲမှာ Australia မှာလည်း စီးပွားရေးကျဆင်းတာတွေ ဘာတွေရှိတယ်၊ အလုပ်ရုံတွေ စက်ရုံတွေက အလုပ်သမားတွေ လျော့ပစ်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျမ မပါခဲ့ဘူး။ ကျမတို့ ဋ္ဌာနတခုလုံး ဖြုတ်ခံရတာတွေ ရှိပေမဲ့ ကျမက အမြဲ ကျန်ခဲ့တယ်၊ အလုပ်ရှင်ကလည်း သဘောကျတယ်၊ မန်နေဂျာတွေကလည်း ကြိုးစားတယ်၊ အလုပ်ကိုလေးစားတယ် ဆိုပြီး သဘောကျတဲ့အတွက် အခု ဒီအလုပ်မှာ ၁၈ နှစ်ရှိပြီ ရာထူးလည်း တက်ခဲ့တယ်။ တကယ်တော့ ကံလည်းပါပါတယ်။
နောက် ကျမက ကိုယ့်ဘ၀ကိုယ်နားလည်တယ်။ ရတဲ့ အလုပ်ကလေးကို အရမ်းကြိုးစားပြီး လုပ်တယ်။ ကျောင်းလည်း သွားမတက်ဖူး သိလား။ အလုပ်က ကျောင်းတက်ဖို့လည်း ခွင့်ပြုတယ် ဒါပေမဲ့ ကျမက ကျောင်းစာဆိုရင် ထွက်ပြေးတဲ့ လူတယောက်၊ အလုပ်က ခွင့်ပြုရင်လည်း အလုပ်တဖက်နဲ့ ကျောင်းတက်ဖို့ဆိုတာ ဝေလာဝေးပဲ။
အမရဲ့ အမတွေ မိသားစုတွေကလည်း ပြောကြတယ်၊ ကျောင်းလည်းတက်ဖို့ပေါ့၊ သိတဲ့အတိုင်းပဲ အလုပ်ကိုပဲ ဖိလုပ်ခဲ့တယ်၊ ကျောင်းလည်း မတက်ခဲ့ဖူး။
အိမ်ကလည်း ကျောင်းတက်မယ်ဆိုရင် တက်ဖို့ ထောက်ပံ့ပေးမယ်ပြောတယ်၊ သူတို့ကို မတက်ဖူးလို့ တခွန်းမပြောဘဲနဲ့ ကျောင်းမတက်ဘဲနဲ့ အလုပ်ပဲ ပေပြီး လုပ်တာ။ သိတယ်မဟုတ်လား ကျမက ပြန်မပြောနားမထောင်လေ။အဲလိုနဲ့ နေနေရင်းနဲ့ပဲ ကျမက အလုပ်ထဲမှာ မြဲနေခဲ့တယ်။
အဲဒီတုန်းက မနက်ဆိုရင် ဘုရားကိုပုံမှန်ရှစ်ခိုးဖြစ်တယ်၊ အဖွားကိုပုံမှန် ကန်တော့ဖြစ်တယ်။ အဖွားပုံကိုလည်း အကြီးကြီး ပုံကြီးချဲ့ပြီး အိမ်မှာ ချိတ်ထားတယ်။ ကျမက အဖွားကို အရမ်းချစ်တာ။ အဖေအမေထက်တောင် အဖွားကိုချစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက အဖွားနဲ့ကြီးခဲ့တာ။ အဖွားလက်ထဲမှာ ကြီးခဲ့တာလေ။
ကျမက Australia မှာ တယောက်တည်းနေတာ၊ အဲတော့ စိတ်ခံစားချက်နဲ့ စိတ်ထွက်ပေါက်က အမေတို့ ဆီမှာသွားပုံလို့မရတော့ ပစ္စည်းတွေ ပေါ်မှာ သွားပုံတယ်။ လက်ပ်တော့ဆိုရင် ခဏ ခဏပျက်တယ်။ တခုခု ဒေါသဖြစ်လာရင် ပစ္စည်းတွေကို ချပစ်တာ။
နောက် ကျမက သစ္စာပြုခဲ့တယ် အသတ်ခံခဲ့ရတဲ့ သူတွေအပေါ် ကတိပြုခဲ့တော့ အမြဲတမ်း ဒါကလည်း ရင်ထဲမှာ စိတ်ထဲမှာ ရှိတယ်။ အမြဲတမ်း မဟုတ်တာတောင်မှ ဒီ မခင်ချိုဦးတို့ ကိုထွန်းအောင်ကျော်တို့ကိုလည်း အိပ်မက်ကို မကြာခဏမက်တာပဲ။ သူတို့ကို မက်ရင် ကျမ ဆက်အိပ်လို့မရတော့ဘူး။ တကယ်ကို ခံစားရတာနော်။
ပြောရမယ်ဆိုရင်တော့ ကျမ ခံစားရတာက ဘာမှ လုပ်မပေးနိုင်တာလည်း ပါတယ်။
ကိုယ့်ဘ၀ကိုယ်က ဘယ်လိုဖြစ်နေသလဲဆိုပြီး ခံစားရတာတွေလည်း ပါတယ်။
ကျမ အဖြစ်က အဖြစ်က အိပ်မက်ဆန်နေတယ်။ ကိုယ်ငယ်စဉ်ကဖြစ်ချင်ခဲ့တာ အမြဲစိတ်ကူးယဉ်ခဲ့တာက ဂီတအနုပညာရှင်သမားတယောက်ဘဝ၊ အရောင်ဆိုးသိမ်းသွင်းဖို့ကြိုးစားခံခဲ့ရတာက အနီရောင်နုနုလေးဘဝ၊ တကယ်လက်တွေ့ ပြုလုပ်ခဲ့တာက ABSDF-NB က တော်လှန်ရေးသမားတယောက်၊ ဒါပေမဲ့ အတင်းအဓမ္မပြုခြင်းကြောင့်ကိုယ့်ကို ကိုယ်ထွက်ဆိုခဲ့ကြရတာက NIB ဒုဗိုလ် ထလရ ပါတဲ့။ ကျမရဲ့ ထလရ ကိုယ်ပိုင်နံပတ် ၁၇၅ဝ ဆိုတာကလည်း သန်းဇော်တို့ကပြောခဲ့တယ်… ငါတို့အတိအကျရထားတာတွေနဲ့အကုန်ကိုက်ညီပါသတဲ့။
ဒုက္ခပါလားနော်။ NIB က ဗိုလ်ကြီးရာထူးယူခဲ့ရသူတဦးက သူ့ကိုယ်ပိုင်နံပတ်ကိုအမြဲမှတ်မိနေအောင် ၁ဝ တန်းခုန်နံပတ်ပေးခဲ့ပါသတဲ့။ ဖြစ်အင်တွေများတော့ငိုအားထက်ရီအားသန်တာလား ၊ ရီအားထက်ဘဲငိုအားသန်ခဲ့တာလား။ကျမတို့ အယောက် ၁ဝဝ နင့်နေအောင်ခံစားခဲ့ရတယ်။ အဲလို ဖမ်းဆီးပြီး နှိပ်စက်တဲ့ ရက်စက်မှု့ဒဏ်တွေနဲ့ ၁၄ ဦးသေခဲ့ကြရတယ်။ ၁၆ ဦး ရက်စက်စွာခေါင်းဖြတ်သတ်တာခံခဲ့ရတယ်။ ၂ ဦးသေနပ်နဲ့ပစ်သတ်တာခံခဲ့ရတယ်။ ၅၅ ဦးထွက်ပြေးတော့ ၁ ဦးလမ်းမှာ သေဆုံးခဲ့တယ်။စစ်ကြောရေးကာလတွေမှာ ၄ ဦးထွက်ပြေးလွတ်မြောက်ခဲ့တယ်။
၉ဦးလွတ်မြောက်ပြီး ကျောင်းသားတပ်မှာပြန်တာဝန်ထမ်းဆောင်တယ်။၉ ဦးထဲကကျမတယောက်ကတော့ KIAက ကယ်ပေးလို့ လွတ်ခဲ့တယ်။
အဲတော့ကျမက ဒီခင်ချိုဦးတို့ ကိုထွန်းအောင်ကျော်တို့ကို အိပ်မက် မက်တိုင်း ကိုယ်ကလည်း ဘာမှ မလုပ်နိုင်တော့ ပိုပြီး ခံစားရတယ်။ ကျမတို့ကလည်း သူတို့ကို သမိုင်းမှန်ပေါ်ဖို့ သူတို့ ဂုဏ်သိက္ခာအတွက်လည်း လုပ်ပေးမယ် ဖြစ်ရပ်မှန်ပေါ်စေရမယ်လို့ ပေးခဲ့တဲ့ ကတိတွေကလည်း ရှိနေတာကိုး။
အဲဒီအိပ်မက်အကြောင်း ကိုထွန်းအောင်ကျော် အမေကိုလည်း ပြောပြတယ်။ ကိုထွန်းအောင်ကျော် အမေကလည်း ပြောတယ်။ အန်တီ အမျှပေးဝေတာထက် စာရင် သမီးတို့တွေ အမျှပေးတာကို ပိုလိုချင်တယ် ထင်တယ်တဲ့ …။ မပြောတတ်တတ်ဘူး ကျမအနေနဲ့ မပြောတတ်ဘူး။
ကျမကတော့ ဒီဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့ ရောက်တိုင်း ရောက်တိုင်း သတ်သတ် လွတ်စားပေးတယ်။ တခါတလေ တပတ်ပေါ့၊ တခါတလေကျရင်တော့ ၂ ပတ်ပေါ့။ အသတ်ခံခဲ့ရတဲ့ သူတွေအတွက် ရည်စုးပြီး စားပေးတယ်။
မန်လေးမှာ ရှိနေတဲ့ ကိုညီညီကျော်တို့ကလည်း သူတို့ဟာသူတို့ တိုးတိုးတိတ်တိတ်လေးတွေ လုပ်ကြတယ်၊ သူတို့မှာလည်း ဟိုတုန်းက အကျယ်တ၀င့်လုပ်ပိုင်ခွင့်မှ မရှိခဲ့တာပဲ။ နောက် ရန်ကုန်မှာ ရှိကြတဲ့ ဘိုဘိုတို့ကိုရဲတို့ကလည်း သူတို့ အ၀န်းအ၀ိုင်းလေးနဲ့ သူတို့ ဆွမ်းကျွေးတာတို့ ဘာတို့ တိုးတိုးတိတ်တိတ်လေးတွေ လုပ်ကြတယ်ပေါ့။ နောက် ကိုထွန်းအောင်ကျော်က သူအသတ်မခံရခင်မှာ ဘိုဘိုတို့ ကိုရဲတို့လို နီးစပ်ရာ နီးစပ်ရာတွေကို မှာခဲ့တာတွေ ရှိတယ်။ ဒီဘက်ကလည်း မသေရင် ဖြစ်ရပ်မှန်ပေါ်အောင်လုပ်ပေးဖို့ ကတိတွေ ပေးခဲ့ကြတာတွေလည်း ရှိတယ်။ တယောက်နဲ့တယောက်က အပြန်အလှန်မှာခဲ့ကြတာ၊ ကျမလည်း ကျမ သေသွားရင် ဖြစ်ရပ်မှန်ဖော်ပေးဖို့ နန်းစောကို မှာခဲ့တယ်။
သေသွားတဲ့သူတွေအတွက် ကျမတို့လုပ်ကြပါတယ် နှစ်တိုင်း ကိုယ်တတ်နိုင်ရာ ကိုယ်တတ်နိုင်ရာလေးတွေပေါ့။
အဲဒီအချိန်မှာပဲ တရက်ကြတော့ ၂၀၀၈ ခုနှစ်မှာ ကျမဆီကို ဖုန်းဝင်လာတယ်။ UK မှာ ရှိနေတဲ့ ကိုထိန်လင်းက ဖုန်းဆက်ပြီးတော့ပြောတယ်၊ မငယ် ရော်နယ်အောင်နိုင် ဒီရောက်နေပြီတဲ့။ ဘီဘီစီ မြန်မာပိုင်း အစီစဉ်မှာ အလုပ်လုပ်နေတယ်တဲ့။ သူက အဲလို ပြောပြီး ဖုန်းဆက်လာတယ်။ အမတို့ စဉ်းစားတယ်။ ရော်နယ်အောင်နိုင်ကို ဒီနေရာမှာ မလုပ်သင့်တော့ဘူးလို့။
လူ့အခွင့်ရေးချိုးဖောက်ပြီး လူသတ်ခဲ့တဲ့ သူတယောက်က လေလှိုင်းကနေပြီးတော့ ဒီမိုကရေစီတွေ လူ့အခွင့်ရေးတွေအကြောင်း ပြောနေတာကို ဘယ်လိုမှ လက်ခံလို့မရတော့ဘူး။ မပြောသင့်တော့ဘူး။
တခြားလူတွေ ပြောရင်ပြောကြ…ဒီလူတွေကတော့ ပြောကို မပြောနဲ့ နားခါးလှပြီ။ လူ့အခွင့်ရေး ချိုးဖောက်တဲ့ လူတွေက ဒီလူ့အခွင့်ရေးကို ပြည်သူတွေကို ပြောမယ်ဆိုတာ ကျမတို့ ဘယ်လိုမှ လက်ခံလို့မရဘူး။ တခြားလူတွေ ပြောပါ လူ့အခွင့်ရေးတို့ ဒီမိုကရေစီ တို့ဆိုတာ အန်ချင်စရာ စကားမဟုတ်ဘူး ကျမတို့ ကြိုက်တယ်။ ဒါပေမဲ့ ဒီလို လူမျိုးတွေတော့ လာမပြောနဲ့ ပြည်သူတွေကို ဒီလိုတွေ လာမလုပ်နဲ့ လက်မခံနိုင်တော့ဘူး။
အဲဒါနဲ့ ကျမတို့အားလုံး တိုင်ပင်ပြီး ဘီဘီစီကို ကန့်ကွက်စာတင်ခဲ့ကြတယ်။ ဘီဘီစီ မှာ ရော်နယ်အောင်နိုင်က ABSDF မြောက်ပိုင်းမှာတာဝန်ထမ်းဆောင်ခဲ့တုန်းက ထောက်လှမ်းရေးလို့ စွတ်စွဲပြီး လူသတ်ခဲ့တဲ့ အကြောင်း ရေးတင်ကြတယ်။ ပြီးတော့ အဲဒီတုန်းကလည်း ရော်နယ်အောင်နိုင်ကိုယ်တိုင်က ထောက်လှမ်းရေးဘက်ကသူလျှိုတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ သတ်ပါတယ်ဆိုပြီး ယင်ဒီးတို့ကိုလည်း သူကိုယ်တိုင် ပြောထားတာတွေရှိတော့ နေရှင်းသတင်းစာကိုလည်း ကျမတို့က တင်ပြခဲ့တယ်။
အဲဒီမှာ ရော်နယ်အောင်နိုင် ဘီဘီစီကနေ နှုတ်ထွက်သွားရတယ်။ အဲဒီမှာ ကျမတို့ သိသွားတယ်။ ဟာ… လုပ်လို့ရတယ်။ သတ်ပြတ်ခံရပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ သိမ်းထားရတဲ့ ဟာလေးက ဒီနေရာမှာ လုပ်လို့ရတာပဲ၊ ငါတို့ အမှန်တရားကို ဖော်လို့ရတာပဲ ဆိုတာ သိသွားတယ်။
ရှေ့ဆက်ငါတို့ ဘာလို့ မလုပ်နိုင်ရမှာလဲ…ဒါဟာ အမှန်တရားတွေလေ။ လုပ်လို့ရတာပဲ ငါတို့ လုပ်နိုင်တာပဲ ဆိုတာကို ကျမတƞ