Wednesday, January 23, 2013

ပါဂျောင်လူသတ်ကုန်းမှ ပဲ့တင်သံများ (အပိုင်း - ၂)


by Maw Kun Magazine on Monday, January 21, 2013 at 9:17pm ·

ထွန်းဦးခိုင်(ရွှေဘို) ရေးသည်



အမေမျှော်တဲ့သား

          စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်လျှင် နေရာပြောင်းပြီး စစ်ကြောင်းလိုက်နေရ ပါသည်။ တစ်ခါသော် မြေနီတောင်ဘက် တွင် စစ်ကြောင်း ပြောင်းရွှေ့နေကြရပါ သည်။ ထိုအချိန်တွင် ကိုအောင်ကျော် (သောင်းညွန့် - တောင်သာ)၊ သိန်းနိုင်ချို၊ ကိုထိန်လင်း (ပန်းချီ)၊ ထွန်းထွန်းစိုး (မုံရွာ)၊ကျွန်တော်တို့စုစုပေါင်း ငါးယောက်သည် မြေနီတောင်၏ အရှေ့ဘက် ထိပ်ဂန် ဂွယ်ရန်ရွာကိုဖြတ်ပြီး တောင် အောက်သို့ ဆင်းရပါသည်။ မိုးဒါးလေး၊ မိုးဒါးကြီးဘက်ကိုမသွားဘဲ မိုးညှင်းပို့စ် ဘက်သို့ သွားပါသည်။

          ထိုနေရာတွင် အရင်ရှိနေသော ကေအိုင်အေစစ်ကြောင်းနှင့် ပေါင်းနေပါ သည်။ ထိုစစ်ကြောင်းသွားရာနောက်ကို ပြောင်းရွှေ့နေကြရပါသည်။ နောက်ထပ် ကျောင်းသား စစ်ကြောင်းလည်း လာ ရောက်ပေါင်းဆုံနေကြပါသည်။ မိုးတွင်း ခရီး သွားလျှင် အလွန်ဒုက္ခရောက်ပါသည်။ စစ် ကြောင်းနားလျှင် အိပ်ဖို့နေရာရှင်းရပါ သည်။ မိုးကာတစ်ထည်ကို အပေါ်မှမိုး၍ တစ်ထည်ကို သစ်ကိုင်းများပေါ်ခင်းကာ ကျောပိုးအိတ်ကို ခေါင်းအုံးရပါသည်။ ထမင်းချက်လျှင် ထင်းစိုနေ၍ မီးမတောက်ပါ။ ထမင်းမှာ ပျော့၊ တူး၊ မနပ်ဖြစ်တာ များပါသည်။ ကိုယ့်တပ်စိတ်နှင့်ကိုယ် ထမင်းစားရပါသည်။ နှစ်ပေလောက် ရှိ သော မိုးကာကိုခင်းပြီး ထမင်းကိုပုံပြီး စား ရပါသည်။ မိုးတွင်းရောက်လျှင် ယားနာ ပေါက်ပါသည်။ လက်ဖမိုးမှာ မြင်မကောင်း အောင် ရောင်ကိုင်းနေပါသည်။ သို့သော် သူငယ်ချင်းတွေသည် မရွံမရှာဘဲ အတူတူ ၀ိုင်းဖွဲ့စားသောက်ကြပါသည်။ ရှိအတူတူ၊ မရှိအတူတူ သူငယ်ချင်းကောင်းပီသသော သူငယ်ချင်းများပင်။ မိုးရာသီ ရောက်လျှင် ရင်ဆိုင်ကြုံတွေ့ရသော နောက်အခက်အခဲ တစ်ခုမှာ ကျွတ်ဟုခေါ်သော ကျောရိုးမဲ့ သတ္တ၀ါပင်ဖြစ်သည်။

          လူသံကြားလျှင် တထောင်ထောင် လုပ်နေပြီး ခြေသလုံးတွင် တွယ်ကပ် ပြီးပါလာပါသည်။ ခွာချ၍လည်းမရပါ။ သွေးစုပ်ပြီး သွေးဝသွားမှ သူ့အလိုလို ပြုတ်ကျသွားပါသည်။ တစ်ကောင်တလေ ဆိုလျှင် ကိစ္စမရှိ၊ မိုးရေတစွတ်စွတ်နဲ့ဆို တော့ တစ်တောလုံးတွင် ပြတ်သိပ်နေပါ သည်။ စစ်ဖိနပ်နှင့် ခြေအိတ်တွေကြားတွင် အတင်းတိုးဝင်ကြပါသည်။ စစ်ကြောင်းနား ချိန်တွင် ချောင်းစပ်ကျောက်တုံးပေါ်တွင်ထိုင်ကာ ဖိနပ်ချွတ်လိုက်လျှင် ခြေချောင်း ငယ်လေးများကြားတွင် သွေးစုပ်နေတာ ကို တွေ့ရပါသည်။ ခြေထောက်တစ်ဖက် လျှင် အနည်းဆုံး ငါးကောင်လောက် သွေး စုပ်နေတာကို တွေ့ရသည်။ ပေါင်ကြား တွေထိဆက်ပြီး သွေးစုပ်ကြပါသည်။ အောက်ခံဘောင်းဘီများအတွင်းအထိ ၀င် ပြီး သွေးစုပ်ကြပါသည်။ သန့်ရှင်းရေးလုပ်ရင်း ဘောင်းဘီချွတ်၍ ရှာလိုက်လျှင် အနည်းဆုံး ငါးကောင်၊ ခြောက်ကောင်အထိ တွေ့ရပါသည်။  

          စစ်ကြောင်းနား၍ ညအိပ်ရပြီဆို လျှင်လည်း တုတ်ချောင်းနှင့် သစ်ရွက်တွေ  ကိုဖယ်ရှားရပါသည်။ ထို့နောက် မိုးကာ ခင်း၍ အပေါ်မှလည်း မိုးကာကို တစ်ဖက် လျှောလုပ်ပြီး ခြင်ထောင်ထောင်ပြီး အိပ်ရ ပါသည်။ မိုးတွင်းကာလတွင် ဖြုတ်အလွန် ကိုက်၍ ခြင်ထောင်ထောင်ရပါသည်။ ကျွတ်မလာအောင်ကား လုပ်၍မရပါ။ ည အိပ်ပြီဆိုလျှင် ခဏခဏထပြီး ကျောပိုး အိတ်တွင် ကျွတ်ရှိ၊ မရှိ ကြည့်ပါသည်။      

          ရှေ့တန်းစစ်မြေပြင်အသီးသီးတွင် သွားလာလှုပ်ရှားနေကြရသော သူငယ် ချင်းတွေသည် တိုက်ပွဲမဖြစ်သော်လည်း သဘာဝဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကျော် လွှားကြရပါသည်။ တိုက်ပွဲပါဖြစ်ပြီဆိုလျှင် တော့ ပြောစရာမရှိတော့ပါ။ အသက်ရှင် သန်ဖို့အရေး အလွန်အားထုတ်ရပါသည်။ ဤနေရာတွင် နမ္မားသား ကိုမောင်အေးကို သွားသတိရမိသည်။ တဇွတ်ထိုးလူ၊ ဒါပေမဲ့ စိတ်ရင်းအလွန်ကောင်းသည်။ တစ်ခါတွင် သူနှင့်အတူအိပ်ရသည်။ မိုးကာ ခင်းတာ၊ မိုးကာကို အပေါ်မှာမိုးတာ၊ ခြင်ထောင် ထောင်တာ စသည့် ကိစ္စများ အားလုံးကို သူတစ်ယောက်တည်း အကုန် လုပ် သွားသည်။ ကျွန်တော့်ကို ဘာမှမလုပ် တတ်သော ညီငယ်တစ်ယောက်လို သဘောထားသည်။

          ညအိပ်တော့ ခြင်ထောင်မပြီး ခေါင်းရင်းဘက်မှာ ကျွန်တော်က တံတွေး ထွေး လိုက်သည်။ နောက်မထွေးဖို့ သူက ပြောသည်။ ဘာဖြစ်လို့လဲဆိုတော့ ခေါင်း ရင်းဘက်မှာ တံတွေးထွေးလျှင် မိမိ ကိုယ်စောင့်နတ်က သမုဒ္ဒရာဆီကို သွားပြီး ခေါင်းလျှော်ရသည်တဲ့။ အဲဒီလို ကိုယ် စောင့်နတ်က ပင်လယ်သမုဒ္ဒရာဆီကို သွားသည့်အခါ မိမိအနားမှာ မရှိသည့် အချိန်မှာ မကောင်းဆိုးဝါးတွေ နှောင့် ယှက်တတ်သည်ဟု သူငယ်ငယ်တုန်းက တည်းက သူ့အမေကပြောဖူးသည်တဲ့။     “နောက် မထွေးနဲ့နော်” ဟု ကျွန်တော့်ကို ပြောရှာသည်။

          သူ့အမေက သူပြန်အလာကို မျှော် နေတာတဲ့၊ လူကြုံ ခဏခဏမေး သည်တဲ့။ သူတို့ဘ၀က သားအမိနှစ်ယောက်ပဲ ရှိတာ။ ကိုမောင်အေးက ပန်းတိမ်ဆရာ။ ပန်းတိမ်ဖိုမှာ အလုပ်လုပ်ရင်း မိခင်အိုကို လုပ်ကျွေးပြုစုနေတာ၊ ရိုးရိုး သားသားနဲ့ သမိုင်းတာ ၀န်ကိုဝင်ပြီးထမ်းတာ၊ အမေ ကို ဖားကန့်သွားပြီး အလုပ်သွားလုပ်မယ် ဆိုပြီးထွက်လာတာ။ အမေကတော့ သား ပြောတာကိုယုံပြီး အဟုတ်မှတ်နေတာ ပေါ့။ သတင်းတမေးမေးနဲ့ သားပြန်အလာ ကိုမျှော်နေရှာတာ။ ညအိပ်ရာဝင်ခါနီး ပြောပြသော သူ့ ဘ၀ ဇာတ်ကြောင်းဖြစ် ပါသည်။

          သူနှင့် ကျွန်တော် အဲဒီညက အတူ အိပ်ပြီး နောက်တစ်နေ့မနက်တွင် သူ ခရီး ထွက် သွားပါသည်။ အဲဒီနောက် သူနှင့် ကျွန်တော် မတွေ့ရတော့။ နောက် ရှေ့တန်း တစ်နေရာ တိုက်ပွဲတစ်ခုတွင် ကိုမောင်အေး ကျဆုံးသွားသည်ဟု အတော်ကြာမှ ကျွန်တော် သိရပါသည်။ သေချာစုံစမ်း ကြည့်တော့ ကျွန်တော် စတင်ရောက်သည့် နေရာဖြစ်သော နမ္မားပို့စ်တွင် တိုက်ပွဲကျ သွားခြင်း ဖြစ်သည်။ ကျွန်တော်၏ရင်ထဲသို့ ဆူးတစ်ချောင်း စူးဝင်သွားပါသည်။ အမေ အိုက သားပြောစကားကိုယုံပြီး သားပြန် အလာကို စောင့်မျှော်နေရှာမည့် သံယော ဇဉ်ဆူးပဲဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ မသိလိုက်ရသည့် အညတရ ရဲဘော်များ၏ ဘ၀ဇာတ်ကြောင်းများ ဘယ်လောက် တောင်ရှိနေလိုက်မလဲ။ ဒီလိုဇာတ် ကြောင်းတွေ နောက်နောင် မပေါ်ပေါက် စေချင်၊ မရှိစေချင်တော့ပါ။

တိုက်ပွဲများနှင့် သံသယ

          ကျွန်တော်တို့ စစ်ကြောင်းသည် တပ်ရင်း-၅ ၀န်းကျင်တွင် သွားလာလှုပ်ရှား နေပါသည်။ စခန်းဟောင်းတွင်ကား မထိုင် ဖြစ်တော့ပါ။ တစ်နေ့တွင် ကိုအောင်ဆွေဦး ခေါင်းဆောင်သော စစ်ကြောင်းနှင့် ပေါင်း မိပါသည်။ ကိုအောင်ဆွေဦးက ၇၀၂ တပ် ရင်းအသစ် ထပ်ဖွဲ့သောအခါ တပ်ရင်းမှူး တာဝန်ဖြင့် တပ်ရင်း-၆ ဒေသ ဖားကန့်သို့ တာဝန်ကျပါသည်။ ၇၀၂ တပ်ရင်း၏ ရုံး အဖွဲ့တာဝန်ခံမှာ ကိုညီညီလွင်၊ ၀န်းသိုသား ဖြစ်ပါသည်။ သူက ရွှေဘိုကောလိပ်တွင် ကျောင်းတက်ဖူးပါသည်။ ထို့ကြောင့် ရွှေဘိုသား ကျွန်တော့်ကို ခင်နေပါသည်။ သူတို့ နှစ်ယောက်က ကျွန်တော့်ကို ၇၀၂ တပ်ရင်းသို့ ခေါ်သွားပါသည်။ အဲဒီအချိန် ကတည်းက ကိုအောင်ကျော် (သောင်း ညွန့်-တောင်သာ-ရေဆင်းတက္ကသိုလ်)နှင့် ကွဲသွားပါသည်။ ယနေ့အချိန်ထိ သတင်း အတိအကျ စုံစမ်းမရသေးပါ။ ကိုညီကျော် (မန္တလေး)ကတော့ ကိုအောင်ကျော် ကျဆုံးသွားပြီဟု ပြောပါသည်။

          ကျွန်တော်တို့စစ်ကြောင်းသည် ဆားမှော်နှင့် နေ့တစ်ဝက်လျှောက် ခရီး အကွာအဝေး တောထဲတွင် နေရာယူ ထားပါသည်။ တခြား ကေအိုင်အေစစ် ကြောင်းများလည်း လာရောက် ပေါင်းဆုံ ကြပါသည်။ ထိုအချိန်တွင် သိန်းထွန်း (ဇီးကုန်း)ကို ကေအိုင်အေမှ တိုက်ခိုက်ရေး (Point)တပ်စိတ်နှင့် တောထဲတစ်နေရာ တွင် သီးခြားတစ်ယောက်တည်းတွေ့၍ ပြန်ခေါ်လာပါသည်။ အမှန်ကတော့ ကြိုး ချည်၍ ဖမ်းလာခြင်းဖြစ်ပါသည်။ ကေအိုင် အေမှ ကျောင်းသားတပ်ဖွဲ့ သို့ ပြန်အပ်ပါ သည်။ ကျောင်းသားအဖွဲ့မှ တာဝန်ရှိသူ အချို့က သူ့ကို စစ်မေးနေတာကို ဖြတ် သွားရင်း ကျွန်တော်မြင်တွေ့ရပါသည်။ စိတ်မကောင်းတော့ဖြစ်မိပါသည်။ ကျွန် တော်တို့အဖွဲ့ကလည်း သံလမ်းကို ဖြတ် ကူးခါစအချိန်ဆိုတော့ အဆင်သင့် အနေ အထားဖြင့် ကိုယ့်တပ်စိတ်နှင့်ကိုယ် နေ ကြရပါသည်။ အဲဒီ စစ်မေးနေသော အချိန် ညမှာပင် သိန်းထွန်း (ဇီးကုန်း)ကို သတ် ပစ်လိုက်ပါသည်။ တကယ်တော့ သူ ပြန် သွားတာလား၊ ပြန်မသွားဘူးလား၊ လူကွဲ သွားတာလားဆိုတာကိုတော့ သူကိုယ် တိုင်နှင့် မေးသည့်သူများပဲ သိပါလိမ့်မည်။ အဲဒီအချိန်မှာ တိုက်ပွဲတွေဖြစ်ပြီး ရှုပ်ထွေး နေသောအချိန်၊ ရှောင်တိမ်းသော စစ် ကြောင်းက ရှောင်တိမ်းဆိုတော့ သတင်း ပေါက်ကြားလို့တော့ မရပါ။

          စစ်ဆင်ရေးကာလမဟုတ်သည့် အချိန်တို့၊ နောက်တန်းဗဟိုတို့လိုနေရာမျိုး တွေမှာဆိုလျှင်တော့ ဒီလိုပြဿနာလောက် တော့ ဖြေရှင်း၍ရမည်ထင်ပါသည်။  ယခု နေရာက ရှေ့တန်းစစ်မြေပြင်နေရာ စစ်ဆင်ရေးအချိန်ဆိုတော့ နေရာကို အတည်တကျမနေဘဲ ပြောင်းရွှေ့ပြီးသိုသို သိပ်သိပ်နေရသည့်အနေအထားဆိုတော့ ဆုံးဖြတ်ချက်တွေက မတူညီတော့ပါ။ ည နေစောင်းအချိန်တွင် ထွန်းသိန်း (မှို်င်းဝေ အစ်ကို)၊ သိန်းထွန်း (ဘူးသီး)၊ ထွန်းသိန်း (ဆေးဆရာ)နှင့် ကျွန်တော်တို့လေးယောက် ကို တပ်ရင်း-၆ ဖားကန့်ဘက်သို့ကူးမည့် ကေအိုင်အေစစ်ကြောင်းနှင့် ထည့်ပေး လိုက်ပါသည်။ ခရီးပြင်း လျှောက်ရပါသည်။ ညဘက်ရောက်တော့ လယ်ကွင်းတွေ ထဲမှာ ကျွန်တော်တို့စစ်ကြောင်းအားလုံး ၀ပ်နေ ကြရပါသည်။

          ဆားမှော်ဘူတာရုံကို မီးရောင် ကြောင့် လှမ်းမြင်နေရပါသည်။ ရပ်ကွက် လား၊ ရွာလား ကျွန်တော်တို့မသိပါ။ ဗီဒီ ယိုရုံမှ ကော်နီ၏ ကိုကိုလို့မခေါ်တော့ဘူး ဆိုသည့်သီချင်းသံကို ကျွန်တော်တို့တစ် တွေ ကြားနေရပါသည်။ လယ်ကွင်းပြင်ထဲ တွင် အကြာကြီး ငြိမ်နေကြရပါသည်။ တော်တော်ကြီးမိုးချုပ်လို့ ဘာသံမှမကြား ရတော့မှ ကေအိုင်အေစစ်ကြောင်းမှူးက သံလမ်းကို ဖြတ်မယ်၊ ခြေထောက်နဲ့ သံလမ်း မတိုက်မိစေနဲ့ဟု သတိပေးစကား ပြောပါသည်။ ဆားမှော်ဘူတာရုံမှ ၇၅ မီတာ အကွာအဝေးလောက် ရှိမည်ထင် ပါသည်။ ကျွန်တော်တို့ စစ်ကြောင်းသည် သံလမ်းကိုဖြတ်ကူးပြီး မိုးကောင်း၊ ဖားကန့်၊ ကာမိုင်းကားလမ်းကို ဖြတ်ကာ တော လမ်းခရီးအတိုင်း မနားတော့ဘဲ အပြင်းသွားကြရပါသည်။ ထို့နောက် ကျွန်တော်တို့လေးယောက်ကို ၂၅၁ တပ်နှင့် ပြောင်းပြီးထည့်ပေး၍ အတူသွား ရပါသည်။ ဒူက္ဘာလှဆိုင်းက ဦးဆောင်ပါ သည်။ တောလမ်းအတိုင်း ကျွန်တော်တို့ကို ခေါ် သွားပြီး ဆိုင်းတောင်ရွာဟောင်းသို့ သွားသည့်လမ်းကိုရောက်သောအခါ လမ်းခွဲပြီး ကျွန်တော်တို့လေးယောက် သည် ဖားကန့်သို့ ညတွင်းချင်းအရောက် သွားကြပါသည်။ အရင်ရောက်နေသော သူငယ်ချင်းများလည်း တွေ့ရပါသည်။ နောက်ရက်တွင် ဖားကန့်မှ ဆိုင်းတောင် ရွာသစ်သို့ ကျွန်တော်တို့ ပြောင်းရွှေ့ရ ပါသည်။ ဆိုင်းတောင်ရွာသစ်က အိမ် တစ်အိမ်မှာ ရက် ၂၀ခန့် နေကြရပါသည်။

          ထို့နောက် အဲဒီကမှတစ်ဆင့် ဖား ပြင်ဆိုသော ရွာလေး တစ်ရွာမှာ ကိုညီညီ လွင် (၀န်းသို)၊ အန်တီအေး (ရန်ကုန်)၊ ဆန်းဆန်း (မြစ်ကြီးနား)၊ ကျော်ကျော်ဦး (ကသာ)၊ တပ်စိတ်တစ်စိတ်တည်း နေရ ပါသည်။ တစ်ခါ တစ်ရံ ညတွေမှာ တောင် ပေါ် ရှိ မှော်တွေထဲတွင် လှည့်နေ ရပါသည်။  အောင်ကျော်ဝင်း (အင်းတော်)က ဖားကန့်မှာ ကျွန်တော့်အရင်ရောက်နေပြီး ဂျက်ကော့ခါးပတ်ကို ကျွန်တော်က တောင်း၍ လက်ဆောင်အဖြစ် ချွတ်ပေးပါ သည်။ ကျွန်တော်တို့နေသော ဖားပြင်ရွာမှ ဖားကန့်သို့ အလည်သွားရန် ကိုညီညီ လွင်က ကျွန်တော်နှင့် ကျော်ကျော်ဦးကို မုန့်ဖိုးနှစ်ရာစီ  ပေးပါသည်။

          ကျွန်တော်ကတော့ လက်ဖက်ရည် ဆိုင်ထိုင်ပြီး နှစ်ခွက် သောက်ပစ်လိုက်ပါ သည်။ မသောက်ရတာ ကြာတော့ လက်ဖက်ရည်က တော်တော် အရသာရှိ ပါသည်။ ကျောင်းဆရာ ကိုပီတာ (မန္တ လေး)၊ ကိုရန်ရှင်း (ရေဆင်းတက္က သိုလ်) တို့ကိုလည်းတွေ့ရပါသည်။ ဖားကန့်ဒေသ တွင် နယ်ပေါင်းစုံမှ အရင်း အနှီးရှိ သော လူများ၊ အရင်းအနှီးမရှိသောလူများ အားလုံးအလုပ်လာလုပ်ကြပါသည်။ ကျောက်တူးသူများသည်လည်း ကိုယ် အလုပ်လုပ်သည့်မှော်တွင် ကိုယ့်လောပန်း နှင့် ကိုယ့်အဖွဲ့လိုက် သစ္စာရှိရှိ ပူးပေါင်း အလုပ်လုပ်ကြပါသည်။ ကျောက်အောင် လျှင်တော့ ကျောက်တူးအလုပ်သမားများ သည်လည်း လောပန်းဖြစ်နိုင်ခွင့် အိပ် မက်ကိုယ်စီရှိကြပါသည်။ အရက် ဆိုင်ကလည်း ပေါမှပေါ။ ဆိုင်ကြီး၊ ဆိုင်သေး ပုံသဏ္ဌာန်အမျိုးမျိုး၊ လောင်းကစားဝိုင်း တွေကလည်း ပေါမှပေါ။ လောင်းကစား နည်းပေါင်းစုံလင်ပါ သည်။ ကိုယ်မသိသော ကိုယ် မကြားဖူးသော ကစားနည်းတွေ မျိုးစုံရှိပါသည်။

          ကျွန်တော်က ဖားကန့်တွင် နေ့ဝက် လောက်နေပြီး ညနေစောင်းတွင် ဆိုင်း တောင်သို့ ပြန်လာပါသည်။ ထိုမှတစ်ဆင့် ဖားပြင်သို့ ပြန်လာပါသည်။ ကျောက်စိမ်း ထွက်သော ဒေသတွင် ငါးလ၀န်းကျင် လောက်နေရပြီး ဗဟိုသို့ ပြန်လာကြပါ သည်။ ယခုအပြန်ခရီးတွင် ကေအိုင်အေ စစ်ကြောင်းမပါဘဲ ကိုအောင်ဆွေဦး ခေါင်းဆောင်သော ကျောင်းသားစစ် ကြောင်း သက်သက်ဖြင့် ပြန်လာပါသည်။ ဆားမှော်အနီးဝန်းကျင်တွင် သံလမ်းကို ဖြတ်မကူးနိုင်တော့ဘဲ ပိတ်မိနေပါသည်။ ကျွန်တော်တို့စစ်ကြောင်းသည် တောင် ပေါ်သို့တက်ခဲ့ကြပြီးနောက် တိုက်ပွဲဖြစ် ပါသည်။ ကျွန်တော်တို့ ကျောင်းသား စစ်ကြောင်းသည် နားမနေဘဲ အပြင်းအထန် ခရီးပြင်းနှင်ကြရပါသည်။ ထမင်း စားချိန်မှလွဲပြီး နေ့မနား ညမနား ခရီးပြင်း လျှောက်ကြရပါသည်။ လမ်းတွင် ရိက္ခာ နှင့်လဲရန်၊ လိုအပ်ပါက ဆေးအဖြစ်သုံးရန် ဘိန်းမည်းတစ်ပိဿာနှစ်ထုပ်ကို ကျွန်တော်၏ ကျောပိုးအိတ်တွင်ထည့်ပြီး သယ်ရသည် မှာ မချောင်လှပေ။ ရေရှည်ခရီးသွားသည့် အခါ ရေခွက်ကလေးတစ်ခွက်ကပင် သူ့ အလေးချိန်နှင့်သူ သိသာလှပါသည်။ ကျွန်တော့်ကို ယုံကြည်စိတ်ချသဖြင့် သယ် ခိုင်းခြင်းဖြစ်ပါသည်။ မှိုင်းခံစက္ကူဖြင့် ပတ်ထားပြီး ဂုန်နီကြိုးဖြင့် ပတ်ပတ်လည် ချည်ထားပါသည်။ မြစ်ကြီးနားအထက် ချီဗွေ-လောခေါင်လမ်းအထိ ဖောက်ထွက် ကြရပါသည်။

တစ်ခါတစ်ရံ တောလမ်းထဲက လျှောက်လိုက်၊ လမ်းမကြီးက လျှောက် လိုက်နှင့် ပူတာအိုက ရေခဲတောင်ဖွေးဖွေး ကို နေရောင်အောက်တွင် လှမ်းမြင်တွေ့ရ ပါသည်။ မြန်မာပြည်၏ မြောက်ဘက်ဖျား နှင့် အနောက်မြောက်ဘက်ဖျား တို့တွင် တောင်တန်းမြင့်ကြီးများ အလွန်ထူထပ် လှပါသည်။  မြေပြန့်ကို မတွေ့သလောက် ပင်။ တောင်မတ်မတ်တွေချည်းပဲ တက် နေရပါသည်။

          မှတ်မိနေပါသေးသည်။ မြစ်ကြီးနား အထက်နားတွင် ထင်းရှူးတောင် တစ် တောင်ရှိပါသည်။ တောင်တစ်ခုလုံး ထင်းရှူး ပင်တွေချည်းပဲ ပေါက်ပါသည်။ ၀ါးရုံပင် လည်းရှိပါသည်။ အဲဒီတောင်ပေါ်တွင် ကျွန် တော်တို့စစ်ကြောင်းသည် ရိက္ခာဆန် ပြတ်သွားပါသည်။ ဆန်ပြုတ်စရာပင် မရှိပါ။ ၀ါးပင်မှထွက်သော မျှစ်များကို လိုက်ချိုးရပါသည်။ မျှစ်များကို မီးသွေးခဲ ထည့်ပြီး အဆိပ်အတောက်ပျောက် စေရန်ပြုတ်ကြရပါသည်။ ရေသုံးခါ လောက်ငှဲ့ပြီး ဆားဖြင့်နယ်ပြီး စားကြရပါ သည်။ လေးနပ်လောက် မျှစ်ပြုတ် စားခဲ့ရ ပါသည်။ မငတ်တာကိုပင် ကျေးဇူးတင် ရမည်။

          နောက်မှ ရွာဆက် ပြန်တွေ့ပြီး ထမင်း စားရပါတော့သည်။ ကျွန်တော့်ဆီ မှာပါလာသော ဘိန်းမည်းဖြင့် ဟင်းလဲစား ရပါတော့သည်။ ပိုက်ဆံဖြင့် ၀ယ်၍မရပါ။ ဘိန်းမည်းဖြင့် လဲမှသာ ရပါတော့ သည်။ မေခမြစ်နှင့် မလိခမြစ် နှစ်ခုစလုံးကို ၀ါးဖောင်ငယ် သေးသေးဖြင့် ကူးဖြတ်ရပါ သည်။ တစ်ခေါက်ကူးမှ သုံး ယောက်သာ လိုက်ပါရပါ သည်။ မြစ်ကိုမကူးခင်မှာ ရေချိုးကြပါသည်။ မြစ်က နက်သော ကြောင့် ရေက စိမ်းကြည်နေပါသည်။ ကျောက်တုံး ကျောက်ဆောင် တွေလည်း ပေါများပါသည်။ ရေက ရေခဲကဲ့သို့ အေးသောကြောင့် အကြာ ကြီးမချိုးနိုင်ကြပါ။ ခဏချိုးပြီး ပြန်တက် ကြရသည်။ ကေအိုင်အေ၏ တပ် မဟာ-၁၊ တပ်မဟာ-၂ နှစ်တပ်စလုံးကို ဖြတ်သွား ကြရပါသည်။

တောင်ပေါ်အယူအဆနှင့် ဓလေ့

          လမ်းတွင် လီဆူးရွာများကိုလည်း တွေ့ကြရပါသည်။ နတ်ကြော့ရွာဟုခေါ် သော နတ်ကိုးကွယ်သည့်ရွာများကိုလည်း တွေ့ရပါသည်။ ကျွဲခေါင်းကြီးများ အိမ်တိုင် မှာ ကပ်ချည်ထားပြီဆိုလျှင် နတ်ကြော့ အိမ်ဖြစ်ပါသည်။ အဲဒီလိုအိမ်မျိုးမှာ တည်း လျှင် အလွန်သတိထားရပါသည်။ သူတို့ မပေးဘဲ ဘာမှမယူရပါ။ သူတို့ ကြည်ကြည် ဖြူဖြူ ပေးမှသာယူပြီးစားကြရပါသည်။ တောကြီးတောင်ကြီးထဲတွင်ဆိုတော့ လွဲ ချော်သွားမှာကို အလွန် စိုးရိမ်ကြပါသည်။ တချို့ ရွာတွေဆိုလျှင် သူတို့ရွာထဲဝင်တော့ မည်ဆိုလျှင် ၎င်းင်းတို့ရွာထိပ်တွင်ရှိသော ကျောက်တုံးကြီး တစ်တုံးပေါ်သို့ မြေကြီး ပေါ်ရှိ ကြေကျနေသော သစ်ရွက်ကို ကောက်တင်ပြီးမှဝင်ရပါသည်။ ကျွန်တော် တို့လည်း သေချာနားမလည်ပါ။ ရှေ့ကလူ က ကောက်တင်သောကြောင့် နောက်မှ လိုက်ပြီး လုပ်ဆောင်ရပါသည်။

          ထိုနေရာတွင် မှားသည်၊ မှန်သည်ဟု အယူအဆ ငြင်းခုံနေ၍မဖြစ်ပါ။ သူ့ဓလေ့၊ သူ့ဒေသအလိုက်အရိုအသေပေးလုပ် ဆောင်ရပါသည်။ တစ်ရွာလုံးမှ နတ်ကြော့ ဟုခေါ်သော နတ်ကိုးကွယ်သည့်အိမ်ဆို၍ သုံး၊ လေးအိမ်သာရှိပါသည်။ ရံဖန်ရံခါတွင် တော့ တစ်ရွာလုံးနီးပါး နတ်ကိုးကွယ်ပါ သည်။ များသောအားဖြင့် တောင်ပေါ်ဒေသ ကချင်တိုင်းရင်းသား၊ လီဆူး၊ ရ၀မ်၊ ရှမ်း လူမျိုးများသည် လူမျိုးသာကွဲနေကြသော် လည်း ကိုးကွယ်မှုအများဆုံးမှာ ခရစ် ယာန်ဘာသာကို ယုံကြည်ကိုးကွယ်မှုက များသည်။

          ကျွန်တော်တို့ စစ်ကြောင်းသည် မြန် မာပြည်၏ မြောက်ဖျားပိုင်းသို့ ရောက်လာ လေလေ တောင်တန်းတွေက မြင့်သထက် မြင့်လာလေ ဖြစ်နေပါ သည်။ မြေပြန့်ကို မတွေ့ရတော့ပါ။ တက်ပြီးရင်းတက်ရင်း ဖြစ်နေပါတော့သည်။ မနက်မိုးလင်းလို့စစ် ကြောင်း စထွက်ပြီဆိုကတည်းက တောင် ကို စပြီးတက်ရပါတော့သည်။ ရွာတွေကလည်း တောင်ကမ်းပါး ယံ၊ တောင်ထိပ်တွေမှာ ရွာတည်ထားပါ သည်။ လေကလည်း အေးလှပါ သည်။ တ ချို့ ရွာများဆိုလျှင်  တိမ်တွေက ခေါင်းပေါ် ရောက်နေကြပါသည်။ နံနက်စောစောဆိုလျှင် မြူတွေက တောင်တွေကြားတွင် ပတ်ကာ ၀ိုင်းနေကြပါသည်။ အလင်းအား မကောင်းသေးသောအချိန်ဆိုလျှင် မြစ်ရေ ပြင်ကြီးဟု မှတ်ထင်နေရပါသည်။

          တောင်များထူထပ်သောကြောင့် ကျွန်တော်တို့စစ်ကြောင်းသည် နားနားနေ နေ သွားကြပါသည်။ တချို့ ရွာကြီးဆိုလျှင် နှစ်ညလောက် အိပ်ကြရပါသည်။ စား စရာရိက္ခာဝယ်လို့ရလျှင် ညအိပ်ကြ ပါသည်။ ရှောက်ပန်းသီး အချိုပင် နိမ့်နိမ့် ကလေးတွေ အလွန်ပေါများပါသည်။ ကျွန်တော်တို့သည် ရှောက်ပန်းသီးကို ခူးပြီး ဆားနှင့်တို့ပြီး စားကြပါသည်။ ရွာ သားတွေက မစားကြပါ။ ကျွန်တော်တို့ ကျောင်းသားစစ်ကြောင်းကတော့ မစား ရတာကြာပြီဆိုတော့ ပြောင်နေအောင် ခူးပြီး စားကြပါသည်။

          တစ်ခါတုန်းက တောင်ယာတစ်ခုကို အမှတ်ရမိပါသည်။ ကျွန်တော် တို့ တပ်စိတ် နေသော ယာတဲတွင် ပိန်းဥကို ၀က်စာ ကျွေးရန်အတွက် ခြေတံအမြင့် တောင် ယာတဲတွင် တစ်နှစ်စာ လှောင်ထားပါ သည်။ ကျွန်တော်တို့က ၎င်းနေရာတွင် လေးရက်ခန့် နားနေကြရပါသည်။ အဲသည့် အချိန်တွင် ပိန်းဥကို ပြုတ်လိုက်၊ ပြာပုံ အောက်ထဲထည့်ပြီး မီးအုံးလိုက်နှင့် နေ့ ရော ညရော စားကြပါသည်။ ထမင်း မစား ကြပါ။ တောင်ယာရှင်က ပလိုင်းကို လွယ်၍ ၀က်ကျွေးရန် ပိန်းဥကိုလာသယ်ပါသည်။ ထိုအခါ သူမ၏ ပိန်းဥ တော်တော်ကြီး နည်း သွားသည်ကို တွေ့ရပြီး  ၀က်ကျွေးရန် သူမ ၏ပိန်းဥ မလောက်တော့ကြောင်း ရွာလူ ကြီးမှတစ်ဆင့် ပြောပြပါသည်။

          ထိုမှသာ ပိန်းဥကို ကျွန်တော်တို့ မစားကြတော့ပါ။ ကျွန်တော်တို့က ပိန်းဥ ကိုအလွယ်ရပြီး အပိုလှောင်ထားသည်ဟု ယူဆနေကြပါသည်။ တကယ်တော့ ပိန်းဥ ရာသီတွင် စိုက်ပျိုးပြီးနောက် တစ်နှစ်စာ ၀က်စာအတွက် သိုလှောင်ထားသည်ကို ကျွန်တော်တို့ အမှန်တကယ်မသိပါ။ တောင် ယာပိုင်ရှင်သည် လင်ယောက်ျား သေဆုံးပြီး မုဆိုးမကိုယ်တိုင် ကလေးငယ်တွေကို ဦးဆောင်ပြီး စိုက်ပျိုးထားသည်ဟု နောင် မှသိရသည့်အတွက် ပိုပြီး စိတ်မကောင်း ဖြစ်ရပါသည်။ ထိုအဖြစ်အပျက်ကို ယနေ့ အချိန်ထိ သတိရနေမိ ပါသည်။

          ကျွန်တော်တို့စစ်ကြောင်းသည် တောင်ပေါ်ဒေသရှိ တိုင်းရင်းသားရွာမျိုး စုံကို ဖြတ်သွားကြပါသည်။ ၀ိုင်းမော်မြို့ ၀န်းကျင်ရှိ ဆမား၊ ဆတုန်းရွာတွေဆိုလျှင် အလွန်ဆင်းရဲ ပင်ပန်းကြပါသည်။ စားစရာ အတွက် အလွန်ခက်ခဲပြီး ရုန်းကန်နေကြ သည်ကို တွေ့ မြင်ရ ပါသည်။

          ကျွန်တော်တို့စစ်ကြောင်းသည် မြန်မာပြည် မြောက်ဖျားပိုင်း တောင်ထူ ထပ်သောနေရာဒေသတွင် တစ်ရွာမှတစ် ရွာ ကူးပြီးသွားကြပါသည်။ ထိုသို့ ခရီးသွား ရာလမ်းတစ်လျှောက်တွင် လမ်းပြရွာသား များကို အကူအညီတောင်းပြီး သွားကြရ ပါသည်။ လမ်းပြမပါလျှင်တော့ မျက်စိ လည် သွားနိုင်ပါသည်။ ကျွန်တော်တို့ ဖြတ်သန်းသွားလာနေထိုင်သော ကချင် ပြည်နယ်၏ တောတောင်ထူ ထပ်သော နေရာများတွင် နေထိုင်သော ရွာသားများ သည် တောင်ယာခုတ်၍ စိုက်ပျိုးခြင်းဖြင့် အသက်မွေးပါသည်။ မိုးရာသီတွင်စိုက်ပျိုး ၍ရသော သီးနှံပင်များပေါ်တွင်သာ အခြေပြု၍ ဘ၀ရပ်တည် ရှင်သန်နေထိုင် ကြရပါသည်။ အလွန် ပင်ပန်းဆင်းရဲကြပါသည်။

          တောင်ယာကလည်း အကြာကြီးစိုက်ပျိုး၍ မရပါ။ လေး၊ ငါးနှစ်လောက် ရှိပြီဆိုလျှင် နောက်ထပ်တစ်နေရာကို ခုတ်ထွင် ရှင်းလင်းကြရပါသည်။ ထိုသို့ ခုတ်ထွင်ရာတွင်လည်း မသက်သာလှပါ။ သစ်ပင်များကို ဓားဖြင့် ခုတ်လှဲရပါသည်။ ပေါက်ဆိန် (ရဲတင်း) မရှိကြပါ။ ဓား နှစ်လက် သို့မဟုတ် သုံးလက်လောက်ဖြင့် သာ သစ်ပင်များကို ပင်ပင်ပန်းပန်း ခုတ်လှဲ ရပါသည်။ သစ်ပင်များကို အခြောက်ထား ပြီး မီးရှို့ကြပါသည်။ သို့မှသာ မိုးရာသီတွင် စိုက်ပျိုးနိုင်ပါမည်။ တောင်ယာခုတ်ရာတွင် အမျိုးသမီးများက ယောက်ျားများထက်ပင် ပိုပြီး အလုပ်လုပ်နိုင်ကြပါသည်။ ရွာသား များသည် မိုးလင်း သည်နှင့် တောင်ယာသို့ သွားကြပါသည်။

          တောင်ယာတွင် ခြေတံရှည် ၀ါးကြမ်းခင်း၊ ထရံကာဖြင့် တဲတစ်လုံး ဆောက်ထားပါသည်။ နေ့လယ်ခင်းအချိန် များတွင် နားနေရန်အတွက် ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် တောင်ယာတဲတွင် အိပ်ကြပါသည်။ တောင်ယာတွင် တစ်နေ့ လုံး အလုပ်လုပ်ပြီး ညနေစောင်းတော့မှ ရွာသို့ ပြန်လာကြပါသည်။  အဲဒီတော့မှ အမျိုးသမီးများက ညနေစာအတွက် ချက်ပြုတ်ကြပါတော့သည်။ အမျိုးသား များကတော့ အလုပ်မလုပ်တော့ဘဲ အိမ်ဦးခန်းတွင်ရှိသော မီးလင်းဖိုဘေး တွင် ငှက်ပျောရွက်အနုစိမ်းစိမ်းကလေး ကို ဓားနှင့် နုတ်နုတ်စင်းပြီး ဘိန်းမည်းဖြင့် ရောနယ်ပြီးလျှင် လေထွက်ပေါက်ပြုလုပ် ထားသော ၀ါးဆစ်ပိုင်းကို ရေသင့်အောင် ထည့်ကာ ဘိန်းမည်းနယ်ထားသော ငှက်ပျောရွက် အလုံးကလေးကို ၀ါးဆစ် အတက် ထိပ်ဝတွင်မီးရှို့၍ ဘိန်းမဲရှူကာ မှိန်း ကြပါတော့သည်။

          အရွယ်ရောက်ပြီး ရွာသားတိုင်း ဘိန်းမည်းရှူတာကို တွေ့မြင်ရပါသည်။ ကချင်အမျိုးသမီးများသည် မိမိ၏လင်ယောက်ျားကိုအိမ်ဦးခန်းတွင် ထားပါ သည်။ အမျိုးသားများထိုင်နေပါက မိမိထက် အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကချင်အမျိုးသမီးများ သည် ရှေ့မှဖြတ်မလျှောက်ဘဲနောက်မှ ကွေ့ဝိုက်ပြီးသွားကြသည့် အပြုအမူ လေးသည် အလွန်မြတ်နိုးစရာ ကောင်း လှပါသည်။ ကျွန်တော်တို့သည် အလွန် နက်ရှိုင်းသော တောထဲ တောင်ထဲတွင် ဖြူစင်ရိုးသားသော ကချင်လူမျိုး၊ ရှမ်းလူ မျိုး၊ လီဆူးလူမျိုး စသည့် တိုင်းရင်းသား များကို ကြုံတွေ့ ခဲ့ရပါသည်။

အပိုင်း(၃) ဆက်ရန်
14Unlike ·  · 
  • မိုး စဲ တော်တော်စိတ်ဝင်စားစရာကောင်းပါတယ် ရဲဘော်တွေရဲ့ နေထိုင်စားသောက်ရတဲ့အခက်အခဲ တွေ စစ်ရဲ့ အနိဌါရုံတွေကိုလဲ မြင်ရပါတယ်..၀ထ္ထုရှည်ကြီးတပုဒ်လို ဖတ်ချင်ပါတယ်.ဗျာ..များများ ကြာကြာရေးပါ..လို့ တိုက်တွန်းပါတယ်..
  • Htein Lin ထွန်းဦးခိုင် တို့ တယောက်ကို ကျောမှာ မိုင်း ၃လုံးစီလွယ်ပြီး သေနတ်တလက်မှ မပါပဲ ရွေ့နေတဲ့ ကေအိုင်အေ စစ်ကြောင်းနောက်ကို တောကြီးမျက်မည်းထဲ မှန်းပြီး ရမ်းလိုက်နေရတဲ့ ကာလတွေသတိရပါ့

No comments:

Post a Comment