Tuesday, January 15, 2013

ABSDF ကျောင်းသားရဲဘော် ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်းခရီး(၁၂)


by May Thingyan Hein on Tuesday, November 6, 2012 at 8:56am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၆၊ ရန်ကုန်မြို့။

အပိုင်း(၁၂)

နောက် ကျနော်တို့ကို အမေတွေနဲ့ ပြန်မထည့်ပေးလိုက်ကြဘူး၊ အဲဒါကလည်း ဗဟိုကခွင့်ပြုချက်မရလို့ဆိုပြီး ငြင်းကြတယ်။ အဲဒါနဲ့ မိဘတွေကလည်း စိတ်ဓါတ်ကျပြီး ပြန်သွားကြရတယ်။

မိဘတွေနဲ့ပြန်မထည့်လိုက်ပေမဲ့မိဘတွေနဲ့ အားလုံးက ၀ိုင်းပြီး တောင်းပန်တဲ့အတွက် ကျနော်တို့ မိဘလာတဲ့ ၇ ဦးကို ထောင်ထဲမှာတော့ မထားတော့ဘူး၊ သံခြေကျဉ်းတွေဘာတွေနဲ့လည်း မဟုတ်တော့ဘူး။ ယူနီဖောင်းတွေဘာတွေပြန်ထုတ်ပေးပြီး ယာယီတဲကြီးထဲမှာ ပြောင်းနေရတယ်။ ပြောရရင်တော့ ရဲဘော်လို ပြန်ထားတယ်ပေါ့လေ။

နောက် ကျနော်တို့ ၇ ယောက်ရယ်ပြီးတော့ မိုးဇော်ထွန်းနဲ့ခင်မောင်ဇော်ရယ် အရင် လွှတ်ပေးလိုက်တဲ့ ၂ယောက်ပေါ့၊ သူတို့နဲ့ပေါင်းပြီး အဲဒီတဲကြီးထဲမှာ ၇ ယောက်ထားကြတယ်။

ကျနော်တို့လည်း ဒီလိုပဲ နေရတာပေါ့။ အဲဒါပေမဲ့ တရက်ကြတော့ မေလ ၂၀ ရက်နေ့လောက်ထင်တယ်၊ ကျနော်တို့လည်း ၀ါးတွေဘာတွေ ခုတ်နေတုန်း မြင့်သိန်းက ပြောတယ်။ သူတို့ ပြေးကြတော့မယ်တဲ့။

သူက ပြောတာ အားလုံး ပြေးမယ်တဲ့ ထောင်ထဲမှာ လုံးဝ မထနိုင်တဲ့ သူတွေလည်း ရှိတယ်။ အဲဒီ လူတွေပါ အကုန်ပါအောင်ခေါ်သွားမယ်၊ ရအောင်ခေါ်သွားမယ်တဲ့… ကျနော့်ကို အဲလို လာပြောတယ်။ အဲလိုမြင့်သိန်းလာပြောတော့ လုံခြုံရေးယူတဲ့ ရဲဘော်တွေ အနားရောက်လာလို့ စကားက ပြတ်သွားတယ်။

အဲဒီနေ့ ကျနော် တဲပြန်ရောက်တော့ ကျန်တဲ့ သူတွေကို ပြောတယ်။ သူတို့ ပြေးတော့မယ်တဲ့။ သူတို့ ပြေးရင် ကျနော်တို့က သေမှာကိုး။ သူတို့ ထွက်ပြေးတယ်ဆိုရင် သေချာတယ် ကျနော်တို့ကိုတော့ အရှင် မထားလောက်ဘူးပေါ့။

နောက်တချက်က လုံးဝ မထနိုင်တော့တဲ့ သူတွေ၊ ကျန်းမာရေး မကောင်းတဲ့ သူတွေလည်း ရှိတော့ ပြေးမယ်ဆိုတာ မလွယ်ဘူးဆိုတာ သိတယ်။ အဲဒါနဲ့ နောက်နေ့ တောထဲသွားပြီး ပြန်တိုင်ပင်မယ်ဆိုပြီး အဲဒီနေ့ည အိပ်လိုက်ကြတယ်။ ပြောရရင် အိပ်လို့လည်းကောင်းကောင်း မပျော်ပါဘူး။

အဲဒါနဲ့ ခဏနေကြတော့ ထောက်လှမ်းရေး အဖွဲ့က ကျော်ထင်ဦးတို့ ရောက်ချလာပြီးတော့ ကျနော်တို့ကို ထခိုင်းတယ်၊ ပြဿနာတော့ တက်ပြီးပေါ့ ထောင်ထဲက လူတွေအကုန်ပြေးသွားတာကိုး စုစုပေါင်း ၅၅ ယောက်ပြေးကြတာလေ။

သံချောင်းကလည်း ဒေါသထွက်ပြီး အကုန်သတ်ပေါ့၊ အဖွဲ့ ၂ ဖွဲ့ခွဲလိုက်ပြီး သတ်ခိုင်းတယ်။ သေနပ်ဒင်တွေ ဖြတ်ြ ပီး လိုက်ခိုင်းတယ်။ တရုတ်ပြည်ထဲကနေ လိုက်မဲ့ အဖွဲ့တွေက သေနပ်တွေ ဖွက်ယူပြီး လိုက်ကြပေါ့။ သံချောင်က အကုန်လိုက်ခိုင်းတာ။ လက်ပစ်ဗုံးတွေ ဘာတွေလည်း ယူသွားပြီး တွေ့တဲ့ နေရာမှာ ပစ်ခိုင်းတယ်။ ပြီးတော့ ကေအိုင်အေကိုလည်း ဖုန်းဆက်ပြီးတော့ ဗျူဟာ ၂ ဘက်ကနေ ပိတ်ခိုင်းထားတယ်။

အဲ အောင်နိုင်တို့ သံချောင်းတို့ကလည်း ကြောက်လန့်တကြားဖြစ်နေတာပေါ့ မိုးကလည်း မလင်းသေးဘူး။ အမှောင်ထဲမှာဆိုတော့ အမှောင်ထဲကနေ ထွက်လာပြီးတော့များ ပြန်လုပ်မလားဆိုပြီးတော့ ပေါ့။ အောင်နိုင်ဆိုရင်လည်း အမ် ၂၀ လေးကိုင်ပြီးတော့ အမှောင်ဘက်ကို ဟိုးဘက် ထိုးချိန် ဒီဘက် ထိုးချိန်လိုက် လုပ်ပြီး ဂနာမငြိမ်ဖြစ်နေတာ။

နောက် သန်းဇော်က တောင်ထိပ်ကနေပြီးတော့ ဟာ ဟိုဘက်က မီးရောင်တွေမြင်တယ် သူတို့ လူတွေကို လာကြိုတာ ဖြစ်မယ် ဆိုပြီးတော့ ပြောကြတော့ ကျနော့် စိတ်ထဲမှာ ဒီကောင်တွေကတော့ ပြဿနာရှာပြီ လို့။ဘာဖြစ်လို့လဲ ဆိုတော့ ပြေးတဲ့ သူတွေကလည်း ဒီအတိုင်း အလွတ်ပြေးကြရှာတာ၊ ဟိုဘက်ကပဲ အချိတ်အဆက်နဲ့ လာခေါ်လို့ ပြေးသလိုမျိုး သူတို့က လုပ်ချင်သေးတာ။

ကျနော်တို့မှာလည်း စိတ်ထဲကနေ ဆုတောင်းနေတာ ပြေးတဲ့အဖွဲ့ လွတ်စေချင်တယ်။ ကျနော်တို့က ၉ ယောက်နဲ့ ၅၅ ယောက် လဲမယ်ဆိုရင်လည်း လဲပျော်တယ်လေ။ နို့မို့ရင် သူတို့လည်း သေ ကျနော်တို့လည်း သေမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် လွတ်ပါစေပေါ့။

အဲလိုနဲ့ မနက် ၁၀ နာရီ ၁၁ နာရီလောက်ထင်တယ် ပြန်မိလာပြီ ပြန်မိလာပြီ ဆိုတဲ့ သတင်းတွေကြားတော့ စိတ်ထဲ မကောင်းဘူး။ ဒီကောင်တွေကတော့ ကြိုးတွေရှာဘာတွေရှာပြီး အေအိုင်အေ ဘက်ကို သွားပြန်ဖမ်းကြတယ်။

ဘယ်ဟုတ် မလဲ ပြန်မိလာတယ်ဆိုတာက နောက်ကနေ လိုက်ဖမ်းတဲ့အဖွဲ့ကို တရုတ်ရဲက တွေ့လို့ပြန်ဖမ်းပြီး ပြန်ပို့ပေးတာ။ 
ကျနော်တို့လည်း စိတ်ထဲ သက်ပြင်းချနိုင်တယ်။ သူတို့ကို လွတ်စေချင်ပါတယ်။ ပြန်မိတယ်ဆိုရင် သူတို့လည်း မစားသာဘူး ကျနော်တို့လည်း ကောင်းကောင်းဒုက္ခရောက်ပြီလေ၊ တော်ပါသေးရဲ့လို့ သက်ပြင်းချနိုင်တယ်။

နောက် တကယ်သူတို့ လွတ်သွားတော့မှ စိတ်ထဲ ပျော်သွားတယ်။ နောက်သူတို့ အစိုးရနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြ ဆိုကြတဲ့ အသံတွေ ကြားရတယ်။
ဟာ…ဒီအသံကတော့ အိုကေ ပြောနေတာ။ ဒါကတော့ တိုးကြည် ပြောနေတဲ့ အသံ…။ အဲလို လေးတွေ ဖြစ်ရတယ်။ အမှန်တရားတော့ ပေါ်ပြီဟေ့ ဆိုပြီးတော့ ၀မ်းသာကြတယ်။ ပြီးတော့သူတို့ အသံလေးတွေ ကြားရတော့ တော်တော်လည်း ၀မ်းသာကြတယ်၊ ဒါပေမဲ့ ကျနော်တို့ရဲ့ အခြေအနေကတော့ ဘာဆက်ဖြစ်မယ်ဆိုတာ မသိဘူး။
ကျနော်တို့ ၉ ယောက်ကို အကျဉ်းချုပ်ပြန်ထားတယ်။  နောက် အဲဒီနေ့က ၅၅ ဦးလွတ်သွားတဲ့ အတွက် ကြိုးတုပ်ခံခဲ့ရတဲ့ တာဝန်ကျ ကင်းသမားရယ်၊ တာဝန်မှူးလှမျိုးအောင်ရယ်ကို သူတို့ သေဒဏ်ပေးကြတယ်။

သေဒဏ်ပေးတဲ့ အသံတွေလည်း ကျနော်တို့ ကြားနေကြရတယ်။ နောက် သန်းဇော်တို့ အဖွဲ့ သန်းဇော်အပါအ၀င် ၃ ဦးကို ကြိမ်ဒဏ်၊ အချက် ၃၀ စီပေးသံကြားရတယ်။ အဲဒါ ကျနော်တို့ တဲထဲကနေ မြင်ရတာပေါ့လေနော်။သေဒဏ်ပေးလိုက်ပြီးတော့ ကြိမ်ဒဏ်ပေးပြီးတော့မှ ကင်းသမားကို အာသံကုန်းဘက်ကို တရွေ့ရွေ့နဲ့ ခေါ်သွားတယ် နောက်လှမျိုးအောင်ကိုလည်း တရွေ့ရွေ့နဲ့ ခေါ်သွားတာတွေ့ရတယ်။ သူတို နှစ်ယောက်စလုံး လမ်းတောင် မလျှောက်နိုင်တော့ဘူး။

သူတို့ နှစ်ယောက်ကို တယောက်တလှည့် ကုန်းပေါ် ခေါ်သွားတာ တွေ့ရတယ်၊ တရွေ့ရွေ့နဲ့ပဲ ပြီးတော့ သေနပ်သံတချက် ကြားရတယ်။ ဒါက ကျနော်တို့ မျက်စိနဲ့ မြင်တွေ့ခဲ့ရတာပဲလေ။အဲလိုနဲ့ ကျနော်တို့လည်း စိတ်လှုပ်ရှားစွာနဲ့ပဲ နေခဲ့ရတယ်။

တရက်ပြီး တရက်နေရင်းနဲ့ ဇူလိုင်လ လောက်မှာတော့ မျိုးဝင်းက တိုက်ပွဲကျသွားတယ်။
၁၉၉၂ခုနှစ်၊ ဇွန်လိုင်လ ဆားမော်ဘက်မှာ အစိုးရတပ်နဲ့ တိုက်တဲ့ တိုက်ပွဲမှာကျသွားတယ်လို့ ကျနော်တို့လည်း ကြားရတာပဲ။ အချို့ကလည်း မျိုးဝင်းက နောက်ကျည်မှန်တာလို့လည်း ပြောကြတယ်၊ ကျနော်ကတော့ အဲဒါကို သေချာ မပြောနိုင်ဘူး။ ပြောတာကတော့ ပြောကြတယ်။ သက်သေ အထောက်အထားရှိလား ဆိုတာလည်း မပြောနိုင်ဘူး။

အဲဒီလိုနဲ့ စက်တင်ဘာလလောက်မှာတော့ မငယ်(မနန်းအောင်ထွေးကြည်)ကို ကေအိုင်အေက ခေါ်လို့ မငယ်က ကေအိုင်အေဘက်ကို ရဲမေ တယောက်အနေနဲ့ ရောက်သွားတယ်။ နောက် လပိုင်းလောက်နေတော့ ကိုညီညီကိုလည်း အရာရှိငယ်တွေကို အင်္ဂလိပ်စာ သင်ပေးဖို့ ဆိုပြီးတော့  ခေါ်ရင်းနဲ့ သူလည်း အဲဒီဘက်ကို ရောက်သွားတယ်။

ကျနော်တို့ ၇ ဦးကျန်တယ်။ အဲဒီ ၇ဦးမှာကလည်း အလုပ်ကလေးတွေလည်း လုပ်ရတယ်၊ နေ့ကင်းညကင်းနဲ့လည်း ထားတယ်။ အလုပ်ပြန်ခိုင်းတာလည်း ရှိတယ်။ ကျနော်ကတော့ ၃ လေး ရက်လောက် လုပ်ပြီးတော့ သွားမလုပ်တော့ဘူး၊ မင်းတို့ ငါတို့ကို လုပ်ချင်တာသာ လုပ်ကြတော့ ဆိုပြီး နေလိုက်တယ်။ သွားကို မသွားတော့ဘူး သူတို့ခိုင်းတာကို လုပ်ပေးဖို့လည်း စိတ်မပါတော့ဘူး။

အဲလိုအချိန်မှာပဲ ကျနော်နဲ့ကိုကျော်နိုင်ဦး(ကိုကြောင်)ကို ဒုတပ်ကြပ်ဆိုပြီးတော့ ရာထူးတွေဘာတွေ တိုးပေးပြီး ပြန်ခိုင်းဖို့ ကြိုးစားသေးတယ်။ အဲဒီလို ကျနော်တို့ကို ဘယ်လိုလုပ်ရမလဲဆိုတာကို သူတို့ ဝေခွဲမရဖြစ်နေတယ်လို့ ကျနော် ခန့်မှန်းမိတယ်။ ကျနော်ကတော့ အလုပ်ကို လုပ်မပေးတော့တာ။
အဲလိုနဲ့ နေလာရင်းနဲ့ ၁၉၉၃ ၊ မတ်လမှာ ဘိုဘိုတို့ မိဘတွေပြန်ရောက်လာတယ်။ ဘို့ဘို့ အမေနဲ့ ညီညီအောင်ရဲ့ အမေ ရောက်လာကြတယ်။
အရင်တုန်းက နောက်တခေါက်လာရင်ပြန်ထည့်မယ်လို့ ပြောထားတဲ့အတွက် ပြန်လာတယ်ဆိုပြီး အမေ ၂ယောက်က ပြောကြတယ်။

အဲဒီအချိန်မှာ အောင်နိုင်က ဥက္ကဋ္ဌဖြစ်ပြီးနေပြီ၊ သူကလည်း ပြန်တော့ မထည့်ချင်ဘူး နေပါဦး ကိုသံချောင်းလည်း မရှိဘူး ခရီးသွားနေလို့ လုပ်နေတုန်းပဲ သံချောင်း ခရီးကနေ ပြန်ရောက်လာပြီး ဒီကလေးတွေကို အမေတွေနဲ့ ပြန်ထည့်ပေးမယ်ဆိုပြီး ဖြစ်သွားတာ။

 ဘိုဘို၊ ၀ဏဇော်နဲ့ ညီညီအောင်တို့ကို ပြန်ထည့်လိုက်တော့ကျနော်တို့ ၄ ဦးပဲ ကျန်တော့တယ်။ ဘိုဘိုက သူမသွားခင်မှာသူ့အမေနဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့လက်ထဲကို ပိုက်ဆံထည့်ပေးခဲ့တယ်။ ပြေးခဲ့ဖို့လည်း အတန်တန်မှာတယ်။

ကျနော်ကလည်း အေးကွာ ပြေးခဲ့မယ်လို့ ပြောလိုက်တယ်၊ ကိုကြောင်ကတော့ မလိုက်ချင်သေးဘူးနေဦးမယ်လို့ လုပ်နေသေးတာ။
ဘိုဘိုတို့အမေဆီက ပေးခဲ့တဲ့ ပိုက်ဆံတွေရယ် ပြီးတော့ ဘိုဘို့အမေက ရင်ကျန်ဆိုတဲ့မြို့ကလေးမှာ ကူညီနိုင်တဲ့ ဆိုင်ကလေးတွေကို မှာထားခဲ့မယ်လို့ သေချာမှာထားခဲ့တာကိုး။

အဲလိုနဲ့ နေတုန်းမှာ ဘုန်းကြီးတပါးက မစိုးစိုးလွင်တို့အမေနဲ့ပါလာတာ ရှိတယ်။ အဲဒီဘုန်းကြီးတပါးကို သူတို့က အရပ်ဝတ်လဲပြီးတော့ စစ်တယ်။ အဲဒီတော့ကျနော်တို့ကလည်း အခြေအနေမကောင်းတာကို သိပြီး ပြေးချင်တယ်။

အဲလိုနဲ့ ကျနော်တို့လည်း မြန်မြန်ပြေးကြမယ်လို့ တိုင်ပင်ပြီးတော့ ဧပြီလ ၈ ရက်နေ့ညမှာ ပြေးဖို့ဆုံးဖြတ်လိုက်ကြတယ်။ကိုကျော်နိုင်ဦးကိုတော့ မပြောတော့ဘူး၊ သူက မလိုက်ချင်ဘူး ဆိုတော့ သူ့ကို ထားခဲ့တာပေါ့။

၁၉၉၃ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့ ည ၂နာရီမှာ ABSDF မြောက်ပိုင်းကနေ ကျနော်တို့ ပြေးတယ်။ အဲဒီအချိန်မှာ တပ်မှာလည်း လူနည်းနေတော့ ကင်းတွေ မရှိတော့ဘူး တဲထဲက ထွက်တာကို မမိရင်တော့ ကျနော်တို့ လွှတ်မယ်ပေါ့ အဲလိုလည်း ကြိုလေ့လာထားကြတယ်လေ။

တပ်အလယ်ခေါင်ကနေ မှောင်ရိပ်ခိုပြီးတော့ထွက်တယ်၊ ကျောင်းသား ဂိတ်ကို ရှောင်တယ်၊ ပြီးတော့ ကေအိုင်အေ ဂိတ်ကို ရှောင်ပြီးတော့ လျှိုတွေထဲကနေ ထွက်ကြတယ်။ တရုတ်ရွာလေး တရွာကိုဖြတ်ဆင်းပြီး တရုတ်ပြည်ထဲရောက်သွားကြတယ်။

စမားမြို့လေးကို လမ်းအတိုင်း သွားခဲ့ကြတယ်။ အဲဒီကနေ မြို့ပြင်လေးထိ ရောက်ပြီး မနက် ၅နာရီကားနဲ့ ရင်ကျန်မြို့ကို ကားနဲ့လိုက်သွားတယ်။ ရင်ကျန်ကိုရောက်တော့ စောစောက ပြောခဲ့တဲ့ ဘိုဘိုတို့ အမေပြောပေးခဲ့တဲ့ ဆိုင်လေးကို သွားတယ်။
အဲဒီ ဆိုင်ကလည်း ဘယ်သူမှ မကူညီရဲဘူး။အရင်တခါတုန်းကလည်း ဒီနားက ရာကွတ်ပိုင်ဆိုတဲ့ကုလားကို ကျောင်းသားတပ်က ခေါ်စစ်လိုက်တာ သေသွားတယ်ပေါ့လေ၊ အဲဒါကြောင့် မကူညီရဲပါဘူး ဆိုပြီး ဖြစ်နေကြတယ်။

နောက် ရင်ကျန်မှာ ဖွင့်ထားတဲ့ ကျောင်းသားတပ်က ဆိုင်က မောင်ညွှန့်နဲ့လည်း လမ်းမှာတွေ့တယ်၊ သူကတော့ အခြေအနေကို မသိတော့ ဆိုင်ကိုလိုက်ခဲ့လေ လို့ခေါ်နေသေးတယ်။ ကျနော်တို့ကတော့ ဒီကနေ အမြန်ထွက်မှကို ဖြစ်တော့မှာလို့ သိလိုက်တယ်။

ရင်ကျန်မြို့ကကျော်ရင် ဂိတ်ကြီး တဂိတ်ရှိတယ်၊ အဲဒီဂိတ်ကြီးက လူစီးကားတွေဆိုရင် စစ်တယ်၊ တရုတ်ပတ်စပို့မပါရင် ဖမ်းပြီး ကျနော်တို့ကို တပ်ကို ပြန်ပို့နိုင်တယ်၊ ကေအိုင်အေဘက် ပြန်ရောက်သွားနိုင်တယ် ဆိုတော့ကျနော်တို့က အဲဒီဂိတ်ကို ဒီအတိုင်းမဖြတ်ရဲဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်ထဲ ပြန်ရောက်လို့ မဖြစ်ဘူးဆိုတာ သိတယ်။

အဲလိုနဲ့ ကျနော်တို့ဆက်လျှောက်ရင်း ရွှေလီဘက်ထွက်တဲ့ဘက် ထောလာဂျီစီးပြီး ဆက်ထွက်သွားကြတာ။နောက်မှ ကုန်ကားကြီး တစီးနဲ့ အဲဒီဂိတ်ကို ဖြတ်ခွင့်ရခဲ့တာ။ ကုန်ကားတွေကိုတော့ ဂိတ်ကြီးတွေက မစစ်ဘူးလေ။ အဲဒါနဲ့ ဖြတ်နိုင်ခဲ့တာ။
အဲလိုနဲ့ ညနေ ၃ နာရီမှာ ကျန်ဟောင်ကို ရောက်သွားတာ ရွှေလီတက်မယ်လို့ စဉ်းစားပေမဲ့ ပိုက်ဆံကလည်း မရှိတော့ဘူး၊ အဲဒီမှာ လွယ်ကြယ်လွယ်ကြယ်လို့ ဗမာလို ပီပီသသ အော်တဲ့ အသံကြားရတော့ အရမ်းဝမ်းသာသွားကြတယ်။

အဲဒါနဲ့ အဲဒီ ကားနဲ့တက်လိုက်သွားကြတာ၊ ၁၀ မိနစ်တောင် မမောင်းရပါဘူးရောက်သွားတယ်။ အဲဒီမှာ ဘုရားပွဲလိုပဲ စည်ကားနေလိုက်တာ။ နောက် အစိုးရတပ်ရှိတယ်ဆိုတော့ ငါတို့တော့ လွတ်ပြီပေါ့။ စိတ်ထဲမှာလည်း အေးသွားတယ်။ ရွှေရင်အေးလေး ဘာလေး ၀ယ်သောက်ကြသေးတယ်။
အဲဒီမှာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ဖို့ ပြောတယ်၊ အစိုးရတပ်လည်း ရှိတယ် အဲဒီမှာ အလင်းဝင်မလား၊ တရုပ်ပြည်ထဲမှာပဲ လုပ်စားမလား၊ ဒါမှ မဟုတ် တောင်ပိုင်းကို သွားမလား ကြိုက်တာရွေး ကိုယ့်ဟာကို ဆုံးဖြတ်။

တရုတ်ပြည်ထဲမှာ လုပ်စားရင် ကျောင်းသားတပ်နဲ့ ကေအိုင်အေက အချိန်မရွေးလာဖမ်းသွားနိုင်တယ်။ တောင်ပိုင်းသွားရင်လည်း ဒီလို မကြုံဘူးလို့လည်း မပြောနိုင်ဘူး၊ တောင်ပိုင်းသွားဖို့ ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ နောက်ဆုံး သွားစ၇ာတလမ်းပဲ ရှိတော့တယ်။ အဲဒါနဲ့ အစိုးရ တပ်ရှိတဲ့ ဆီကိုပဲ ၀င်ခဲ့ရတယ်။
အဲဒီမှာ ခလရ ၂၃၇ လွယ်ကြယ်ကို ရောက်သွားတယ်။ အဲဒီမှာ ဗိုလ်မှူးမောင်မောင်ဋ္ဌေးဆိုတဲ့ နာမည်ကို မှတ်မိတယ်ပေါ့လေ၊ အဲဒီကနေ ဧပြီ ၁၀ ရက်နေ့မှ ကျနော်တို့ကို ဗန်းမော်ကို ပို့ပေးခဲ့တယ်။

ဗန်းမော် ခလရ ၄၇ ကို ရောက်သွားတယ်။ ဗန်းမောင် ဗျူဟာကိုရောက်သွားတယ်၊ အဲဒီမှာလည်း လိုက်ပို့တဲ့ တပ်ကြပ်ကြီးနဲ့ လွဲတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိဘူး လက်ခံတဲ့ သူက ကျနော်တို့ကို အချုပ်ထဲ ထည့်ထားလိုက်တယ်။ အဲဒီအချုပ်ထဲမှာ ကျောင်းသားတပ်သင်တန်းကပြေးလာတဲ့၂ယောက်၊KIA ကလက်ပစ်ဗုံးတလုံးနဲ့ အလင်းဝင်လာတဲ့ တယောက်၊ ဦးမထူးနော်တပ်က တယောက်၊ အဲဒီလူ ၄ယာက်နဲ့ ကျနော်တို့ ၃ ယောက်ပေါင်းပြီး ၇ယောက်။ နောက် တပ်ပြေးတွေဘာတွေကလည်း အဲဒီထဲမှာ ၇ယောက်လောက်ရှိသေးတယ်။

အဲဒီမှာ ၁၀ ရက်လောက်ကြတော့ ရဲကို လွဲမှာ တရားရုံးတင်မှာ ဆိုတော့ အဲဒါဆိုရင် မဖြစ်ဘူးဆိုပြီးတော့ အိမ်ကို ဆက်သွယ်ခွင့်ရဖို့ ကြိုးစားရတယ်။ နောက် အိမ်ကို အကြောင်းကြားလို့ရတယ်။နောက်တရားရုံးတင် ရမန်ခေါ်ပြီးတော့ ကျနော်တို့ကို ဗန်းမော်ထောင်ထဲ ထည့်ထားခံရတယ်။ ကျနော်တို့ အလုပ်တွေဘာတွေလည်း လုပ်ရတယ်ဗျာ။
အဖေတို့ကလည်း ကျနော်တို့ABSDF ကနေ ထွက်ပြေးလာတာကို ဖမ်းဆီြး့ပီး ထောင်ထဲထည့်တာနဲ့ပတ်သက်ပြီး အထက်ကို စာတင်ထားတယ်ဆိုတာကို အဖေက ကျနော့်ဆီကို စာရေးလိုက်တယ်။ အဲဒီတုန်းက ထောင်ထဲမှာ အိမ်က စာလာရင် လာပေးတော့ ကျနော် ဖတ်ရတယ်။

အဲဒါနဲ့ ထောက်လှမ်းရေးကလည်း လာစစ်သေးတယ်၊ ထောက်လှမ်းရေးကိုလည်း ရောက်တယ်၊ အဲဒီနေ့ပဲ ဗိုလ်ချုပ်ခင်ညွှန့်လာမှာ ဒီကောင်တွေကို တနေရာသွားထားမှ ဖြစ်မယ်ဆိုပြီး ကျနော်တို့ကို ရဲစခန်းထဲ သွားထည့်ထားပြန်ရော။

အဲဒီလိုနဲ့ ရဲစခန်းထဲမှာ ၃ ရက်ကြတယ်။ ၃ရက်ပြီးတော့ ထောင်ထဲပြန်ထည့်တယ်။ ထောင်ထဲမှာ အလုပ်တွေ ဘာတွေပြန်လုပ်ပေါ့ဗျာ။ အဲလိုနဲ့ နေရင်းနဲ့ နောက်ကြတော့မှ ထောက်လှမ်းရေးက တခါပြန်လာထုတ်တယ်။

အဲဒီလို လာထုတ်မှ ကျနော်တို့ တကယ်ထွက်ရတာဗျ။ ကျနော်တို့ကို သဘောင်္နဲ့ တင်ပြီး ပြန်ပို့ပေးတယ်။ အဲလိုနဲ့ပဲ ကျနော် အိမ်ပြန်ရောက်ခဲ့ရတာပါပဲ။
………
မိတ်ဆွေများ အားလုံး အိမ်မက်ဆိုးများကနေ လွတ်မြောက်နိုင်ကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
33Unlike ·  · 
  • Aung Naing Thu ပါဂျောင်ကိစ္စတာဝန်ရှိတဲ့လူတွေ မင်းတို့ကိုငါသေတဲ့အထိမမေ့သလိုငါ့ဆွေစဉ်မျိုး ဆက်လဲမမေ့အောင်ငါမှာခဲ့မယ်၊နိုင်ငံရေးတွေဘာအရေးတွေ လာမပြောနဲ့ ၊မင်းတို့လုပ်ခဲ့တာနိုင်ငံရေးမဟုတ်ဘူး ၊ကိုယ်ရေးပဲလုပ်ခဲ့ကြတာ ၊ဒါကြောင့်ငါ့ရဲ့ ကိုယ်ရေးကိုယ်တာဖြစ်တဲ့ငါအစ်ကိုကို မတရားလုပ...See More
  • Ko Lin Wai Aung ၅၅ ယောက်ပြေးပြီးမှ မိုးဇော်ထွန်း+ခင်မောင်ဇော် တို့ပါပေါင်းပြီး ၉ယောက်ဖြစ်သွားပါတယ်...မတိုတိုးလွင်အစားမစိုးစိုးလွင်ဟုပြင်ဖတ်ပေးပါ...
  • Ko Lin Wai Aung သံချောင်းတို့မျိုးဝင်းတို့အစား.....သံချောင်းတို့ အောင်နိုင်တို့ဖြစ်ပါတယ်... မျိုးဝင်းမရှိပါ...ရှေ့တန်းမှာပါ...
  • Ko Lin Wai Aung အဲဒီတော့ကိုယ်တော်ကလည်း အခြေအနေမကောင်းတာကို သိပြီး ပြေးချင်တယ်...အစား(အဲဒီတော့ကျနော်တို့ကလည်း အခြေအနေမကောင်းတာကိုသိပြီး ပြေးချင်တယ် ဟုဖတ်ပေးပါ....)
  • Ko Lin Wai Aung အဲဒီအချုပ်ထဲမှာပဲ လက်ပစ်ဗုံးတလုံးနဲ့အလင်းဝင်လာတဲ့ တယောက်၊ ဦးမထူးနော်တပ်က တယောက်၊ နောက် ကေအိုင်အေက ၁ယောက်လား မသိဘူး။ အဲဒီလူ ၃ယောက်နဲ့ ကျနော်တို့ ၄ ယောက်ပေါင်းပြီး ရယောက်။ နောက် တပ်ပြေးတွေဘာတွေကလည်း အဲဒီထဲမှာ ၇ယောက်လောက်ရှိသေးတယ်။........အစား(အဲဒီအချုပ...See More
  • Min Naing Aung အပိုင်း ၅ ရှာမတွေပါ ဘယ်မှာရှာဖတ်ရမလည်း.
  • May Thingyan Hein ကိုရဲရေ အမှားတွေကို ထောက်ပြတဲ့အတွက် ကျေးဇူးပါ ကျမ ပြင်လိုက်ပါပြီ။

No comments:

Post a Comment