ABSDF -ကျောင်းသားရဲဘော်-ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်း ခရီး(၁၁)
by May Thingyan Hein on Monday, November 5, 2012 at 6:49am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၅ ၊ရန်ကုန်မြို့။
အပိုင်း(၁၁)
၁၉၉၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ရက်နေ့ ကျောင်းသား ၁၅ ဦးကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီးတော့ သတ်လိုက်ပြီ၊ ကျောင်းသား သတ်ပွဲဖြစ်ပြီးသွားတော့ အားလုံးရဲ့ စိတ်ထဲမှာလည်း ငါတို့လည်း တနေ့တော့ဒီလိုပဲ ငါတို့အလှည့်ဘယ်တော့ရောက်မလဲဆိုတာ ဖြစ်ကုန်ကြတယ်။စိတ်ဓါတ်တွေလည်း ကျကုန်ကြတယ်။
နောက်နေ့မှာတော့ ကျနော်တို့လည်း ပုံမှန်ပြန်ပြီး အလုပ်ဆင်းရတယ်၊ အားလုံးရဲ့ မျက်နှာတွေကလည်း မကောင်းကြဘူး၊ စိတ်လည်း မကောင်းကြဘူး။ အဲဒီအချိန်မှာ ကျနော်တို့ကိုကြောင်(ကိုကျော်နိုင်ဦး) နဲ့ ထရံယက်နေကြတုန်း ကိုကြောင့်ကို လာခေါ်သွားကြတယ်။
ကိုကြောင်ကို ဘာကြောင့်ခေါ်သွားသလဲ ဆိုတာကို ကျနော် နောက်မှ ပြန်သိရတယ်။ ကိုကြောင်ရယ်၊ မငယ်(နန်းအောင်ထွေးကြည်)ရယ်၊ ကိုညီညီ(ခ) စမားညီညီရယ်၊ ဂျိုးဖြူခေါ် နိုင်ဝင်းအောင်ရယ်၊ ကိုတိုးကြည်ရယ် အဲဒီလို စုစုပေါင်း ၅ ဦးကို သတင်းထောက်တွေနဲ့ တွေ့ပေးဖို့ ခေါ်သွားတာ။ သတင်းထောက်တွေနဲ့ တွေ့ပေးတယ်၊ ဓါတ်ပုံတွေ ဗီဒီယိုတွေရိုက်ကြတယ်ပေါ့၊ ဟိုမှာက သတင်းထောက်တွေက မေးရင် ဟုတ်ပါတယ် ထောက်လှမ်းရေးပါလို့ပဲ ဖြေရတယ်၊ ထောက်လှမ်းရေးလို့ပဲ ၀န်ခံထားပြီးတော့ ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ဖြေလို့မရဘူး၊ အဲလို ဖြေလိုက်ရင် အသတ်ခံရမှာပဲ။
အဲလိုကိစ္စတွေပြီးတော့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ညပိုင်းမှာ ကျနော်တို့ကို လာခေါ်ပြန်တယ်။ မျိုးဝင်းတဲကိုပေါ့။ ထောင်လာခေါ်တာကတော့ သန်းဇော်တို့အဖွဲ့ပဲလို့ ကျနော်ထင်တယ်။
လာခေါ်တာက ကျနော်ရယ်၊ နန်းအောင်ထွေးကြည်ရယ်၊ကိုညီညီ၊စမားညီညီ၊ ဘိုဘိုရယ်၊ ၀ဏဇော်ရယ်၊ကိုကျော်နိုင်ဦး(ကိုကြောင်)၊ ပဲခူး ညီညီအောင် ၊ ကျနော်တို့ ၇ ဦးကိုလာခေါ်တယ်။လာခေါ်တော့ ကျနော်တို့မလဲ တခုခုတော့ဖြစ်ပြန်ပြီပေါ့ စိတ်ပူခဲ့ကြတယ်၊ နောက်ဆုံ မတတ်နိုင်ဘူး ဆိုပြီး ထလိုက်လာခဲ့ကြတာ။
မျိုးဝင်းတဲကို ရောက်တော့ မျိုးဝင်းက မင်းတို့ မိဘတွေဆီကိုစာရေးပါ၊ မင်းတို့ မိဘတွေကမင်းတို့တွေကို လာပြီး အာမခံရင် မင်းတို့ကို ပြန်လွှတ်ပေးမယ်…တဲ့။ သူက အဲလို ပြောတာ။ သူက မသတ်ဘူးလို့ ပြောတာ မဟုတ်ဘူးနော် ပြန်လွှတ်ပေးမယ်လို့ ပြောတာ။
နောက်စာရေးတဲ့အခါမှာလည်း မင်းတို့က ထောက်လှမ်းရေးဖြစ်တဲ့အတွက် မိဘတွေက လာပြီး အာမခံပေးပါ၊ ဒါဆိုရင်တော့ ငါလွှတ်ပေးမယ်လို့ သူက ပြောတယ်။
ဒီလိုအချိန်မှာ ဒါမျိုးကြားရတာကို အံ့သြတယ်၊ တကယ်ရော ဟုတ်လားပေါ့ အမျိုးမျိုးလည်း တွေးကြည့်တယ်။ နောက်ဆုံး ကောက်ရိုးတမျှင်ပဲဖြစ်ဖြစ် ဆိုပြီး ရေးပေးလိုက်တယ်။
ဒါပေမဲ့ ကျနော့်အနေနဲ့ အိမ်ကို အမေ ကျနော်က ထောက်လှမ်းရေးအလုပ်လုပ်လို့ ကျောင်းသားတပ်မှာ အဖမ်းခံထားရပါတယ်၊ လာခေါ်ပါလို့ ရေးရလိမ့်မယ်လို့လည်း တခါမှ ထင်မထားခဲ့ဘူးဖူး။ ဒီလို ဘ၀မျိုးရောက်ရမယ်လို့လည်း တခါမှကို မတွေးဖူးဘူးဗျာ၊ အဲလို ရေးရတာကို အရမ်းရှက်တယ်။
ကျနော်က ရည်၇ွယ်ချက်နဲ့ အလုပ်လုပ်ခဲ့ကြတာ မဖြစ်မနေ ဒီလို ဘ၀မျိုးရောက်ပြီုးတော့ ခုလို အိမ်ကိုမိဘကို လာပြီးတော့ အာမခံပါ အမေတို့ အဖေတို့လို့ စာရေးရတာကို ရှက်တယ်။ ကျနော်လေ ဘ၀မှာ ဒီလို ဘ၀မျိုးရောက်လိမ့်မယ်လို့ကို ထင်မထားဘူး။
နောက် သူဘယ်လို အကြံစည်မျိုးနဲ့ ကျနော်တို့ မိဘတွေကို ခေါ်ခိုင်းသလဲဆိုတာလည်း မပြောနိုင်ဘူး၊ သူဘာတွေကြံစည်နေသလဲ ဆိုတာလည်း မသိဘူး။ ဘာပဲဖြစ်ြဖစ် ကျနောတို့အားလုံး ကိုယ့်အိမ်ကို ကိုယ် စာရေးပေးလိုက်ကြရတယ်။ ဒီစာကို ဘယ်သူက ဘယ်လို သယ်သွားမယ်ဆိုတာလည်း မသိရပါဘူး။
အဲလိုမိဘတွေကို စာရေးလို့ မပြီးခင်အချိန်မှာပဲ ကျနော်တို့တွေလည်း ရှိနေတုန်းမှာ တရုတ်ကြီးက ကိုမျိုးဝင်းကိုလာပြီး သတင်းပို့တယ်။ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။
စိုးသန်းဝင်းဆိုတာက ကေအိုင်အေ ဆေးရုံမှာ ဆေးကုပေးဖို့ တင်ထားတဲ့ ရဲဘော်ပေါ့၊ အဲဒါပျောက်သွားတယ်ဆိုတော့ ထွက်ပြေးသွားတယ်ပေါ့ အဲတော့ မျိုးဝင်းက သူ့ဓါးကို ထုတ်ပေးလိုက်တယ်။ ရအောင်ရှာ တွေ့ရင်သတ်ပစ်လိုက်ပေါ့။
မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့တာ။ တကယ်တော့ စိုးဝင်းသန်း ကလူုပျောက်သွားတာ မဟုတ်ဘူး၊ ရောဂါပျောက်သွားလို့ ဆေးရုံကလည်း ကျောင်သားတပ်ကလည်း လာမခေါ်လို့ စိုးသန်းဝင်း ပျောက်သွားပြီ လာခေါ်ပါလို့ သတင်းပေးတာ။ အဲဒါကို သတင်းယူတဲ့ သူကလည်း မျိုးဝင်းကို ဟာ စိုးသန်းဝင်းပျောက်သွားပြီ ဆိုပြီး သတင်းပေးတာ။ အဲဒီမှာ စိုးသန်းဝင်းကလည်း စောင့်နေတာကို ခေါ်ခဲ့တယ်။ ဒါပေမဲ့ မျိုးဝင်းက “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့လို့ ပြောခဲ့တာ။အဲဒီမှာ သန်းဇော် တို့အုပ်စုက မျိုးဝင်းရဲ့ အမိန့်နဲ့ “ စိုးဝင်းသန်း” ကို သတ်လိုက်ကြတယ်။
အဲလိုတွေလည်း မြင်နေကြားနေရတော့ ကျနော်တို့ စိတ်ထဲမှာလည်း ဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ နေနေရတာ။ စာကတော့ ရေးပေးလိုက်ကြတယ်။
အဲလို စာရေးပြီးတဲ့ အချိန်မှာ ကိုကျော်ကျော်(ကချင်) ရောက်လာတယ်။ အဲဒီမှာ ကျနော်ကြားတာရှိတယ် ကြားတာကို ပြောရရင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မတိုင်ခင် ကတည်းက တောင်ပိုင်းကနေ ၂ ယောက် ရောက်လာတယ်လို့ ကြားတာ ဒေါက်တာနိုင်အောင်နဲ့ကိုကျော်ကျော်(ကချင်) တို့ ရောက်လာကြတယ်လို့ ကြားတာ။ ဒါက ကျနော်က ကြားတာ ကို ပြောတာနော်။
တကယ်တော့ ဒေါက်တာနိုင်အောင်ဆိုတာ ကျနော်တို့ရဲ့ ABSSF ရဲ့ ဥက္ကဋ္ဌလေ၊ သူက ကျနော်တို့ကို အကောင်းဆုံး တခုတော့ လုပ်ပေးနိုင်မလား ဆိုပြီး သူ့အပေါ်မှာလည်း မျှော်လင့်စိတ်တော့ထားခဲ့ကြတာပဲ၊ စိတ်အတွေးထဲမှာတော့ သူတခုခု လုပ်ပေးနိုင်မှာပဲလို့လည်း ရှိခဲ့ကြတာပဲ။ ဒါ့အပြင် လူတွေဘာတွေ မသတ်ခင်မှာ ကျနော်တို့ရဲ့ ဒီဗဟိုကနေ ဒီအဖြစ်အပျက်ကို ကြားခဲ့ သိခဲ့ရင် မျိုါ်ဝင်းတို့ သံချောင်းတို့ အောင်နိုင်တို့ထက်တော့ တွေးခေါ်မြော်မြင်နိုင်မှာပဲလို့ ပြီးတော့ ဗဟိုမှာက ဒေါက်တာနိုင်အောင်တို့အပြင် မိုးသီးဇွန်တို့ဘာတို့လည်း ရှိတော့ ကျနော်တို့ကို တခုခုတော့ လုပ်ပေးနိုင်မှာပဲလို့ လည်း မျှော်လင့်မိကြတာပဲဗျ။နောက် သူတို့ဗဟိုကလူတွေ ရောက်လာတယ်လို့ ကြားတော့ မျှော်လင့်မိကြတာပဲ။
ကိုကျော်ကျောနဲ့ အတူတူ ဒေါက်တာနိုင်အောင်ပါ ရောက်နေတယ်လို့ ကျနော် ကြားခဲ့ရတယ်။ အဲဒီနေ့ကတော့ ကိုကျော်ကျော်က သူ့စိတ်ထဲ ဘာတွေ ဘယ်လို ခံစားနေရသလဲတော့ မသိဘူး ကိုကျော်ကျော်က မျက်ရည်တွေဘာတွေ ကျပြီး ကျနော်တို့ကိုလည်း လက်ဆွဲနှုတ်ဆက်သွားတယ်။သူတို့ ဖေဖော်ဝါရီ ၁၂ ရက်မတိုင်ခင်ကတည်းက ရောက်တယ်လို့ ကြားတာနော်။
အဲလိုနဲ့ ကျနော်တို့လည်း စာလည်း ရေးပေးပြီးတော့ စိတ်ထဲမှာလည်း အိမ်က အမေလာရင် ဘာဖြစ်မလဲဆိုတာကိုလည်းတွေးပူတာပဲ။ ဒီကြားထဲမှာ ထောင်ထဲမှာ သေကြတာတွေလည်း ရှိတယ်။
ထောင်မှူးလှမျိုးအောင်တို့ဘာတို့က နံချပ်ကူ စမ်းတာ လမိုင်းတင်တာဆိုပြီးတော့ ကိုထိန်းလင်း၊ ပန်းချီဆရာထိန်းလင်း မဟုတ်ပါဘူး၊ အဲဒီကိုထိန်းလင်းကို နောက်လှည့်ခိုင်းပြီး ရိုက်တော့ အဆုတ်ကွာပြီး သေသွားတယ်။ ဒါမျိုး အဖြစ်အပျက်တွေလည်း ထောင်တွေထဲမှာ ရှိတယ်။ နောက် အာဟာရမရှိ၊ နေထိုင်မကောင်းနဲ့ စိတ်ဓါတ်ကျတာလည်းပါမယ်ထင်တယ် ဆုံးသွားတာ။ အဲလိုမျိုးတွေလည်း ရှိတယ်။ နောက် အားမရှိလို့ ဖြစ်တာတွေ သေတာတွေလည်း ရှိတယ်။
ကျနော် မှတ်မိသလောက်ပြောရရင် သတ်ပစ်တာက ၁၅ ဦးတင် မကဘူး ၊ထောင်ထဲမှာ ဆုံးတာနဲ့ သူတို့သတ်လို့ ဆုံးတာနဲ့ဆို တော်တော်များပါတယ်။ မနန်းအောင်ထွေးကြည်တို့ဘာတို့ကတော့ မှတ်မိသလောက်မှတ်တမ်းတင်ကြတာတွေလည်း ရှိပါတယ်။
-------------------------------------------------------------------
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် သတ်ပစ်ခဲ့သော ကျောင်းသား ၁၅ ဦးအပြင်
(မနန်းအောင်ထွေးကြည်၏ မှတ်တမ်းမှ ထုတ်နုတ်ဖော်ပြပါသည် -
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် သတ်ပစ်ခဲ့သော ကျောင်းသား ၁၅ ဦးအပြင် ကြေငြာခြင်းမရှိပဲ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသူ (၅) ဦး။
(၁) ကိုကျော်ဝေ ( မန္တလေး) –စစ်ကြောရေးကာလတွင် အဆိပ်နှင့်လက်နက်များထုတ်မပေးနိုင်သောကြောင့် လက်ကို မိုင်းခွဲဖြတ်ခြင်းခံခဲ့ရသည်။ ဒုတိယအကြိမ် အဆိပ်ထုတ်မပေးနိုင်သဖြင့် ဦးခေါင်းကို ထင်းတုံးပေါ်တင်ပြီး “မျိုးဝင်း” မှ ခေါင်းဖြတ်သတ်ခဲ့သည်။
(၂) စိုးဝင်းသန်း ( မန္တလေး)
၁၉၉၂ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ညတွင် တပ်သား တရုတ်ကြီး ၏ လွဲမှားသော သတင်းပေးမှုကြောင့် သတ်ဖြတ်ခြင်းခံရသည်။ ဖြစ်ရပ်မှာ စိုးဝင်းသန်း မှာ နာမကျန်းဖြစ်ပြီး KIA ဆေးရုံတွင် ဆေးကုသခံယူရသည်။ KIA မှ စိုးဝင်းသန်း နာမကျန်းမှု ပျောက်ကင်းပြီဖြစ်ကြောင်း ဆက်သွယ်ရေးဆက်နှင့်အကြောင်းကြားမှု ကို သတင်းလက်ခံသော တရုတ်ကြီးမှာ “ စိုးဝင်းသန်း ပျောက်ဆုံးနေသည်ဟု သန်းဇော်မှ တဆင့် မျိုးဝင်းထံ သတင်းပို့ခဲ့သည်။
မျိုးဝင်းတို့က အုပ်စု (၂) စုခွဲကာ တွေ့သည့်နေရာ ခုတ်သတ်ဖို့ အမိန့်ပေးခဲ့သည်။ အုပ်စု တစုမှာ တရုပ်ပြည်လမ်းကြောင်းကို သွားပြီး၊ တစုမှာ KIA ဆေးရုံသို့သွားကာ မည်သို့မည်ပုံ စိုးဝင်းသန်းပျောက်ဆုံးကြောင်း သတင်းရယူသည်။ သို့သော် စိုးဝင်းသန်း မှာ ထွက်ပြေးခြင်းမဟုတ်ပဲ ရောဂါပျောက်ကင်းသဖြင့် ABSDF ကျောင်းသားများလာခေါ်မည်ကို စောင့်ဆိုင်းနေသည်။ သို့သော်လည်း မျိုးဝင်းမှ “ ငါသေဒဏ်ချခဲ့ပြီး ဖြစ်တဲ့အတွက် တခါတည်း လူသတ်ကုန်းပေါ် ခုတ်သတ်လိုက်တော့ ဟု ပြောရာ၊ ထိုအမိန့်ကို နာခံပြီး၊ သန်းဇော် တို့အုပ်စုက “ စိုးဝင်းသန်း” ကို သတ်ဖြတ်ခဲ့သည်။
(ထိုဖြစ်စဉ်ကို မိမိတို့ အတိအကျ သိရှိနေရခြင်းမှာ ထိုနေ့ည ( ဖေဖေါ်ဝါရီ ၁၉) ရက်နေ့ တွင် မျိုးဝင်းနှင့်အောင်နိုင် တို့မှ မိမိအပါအဝင်၊ ဘိုဘို ( ရန်ကုန်)၊ ဝဏဇော် ( ရန်ကုန်)၊ ရဲလင်း ( ရန်ကုန်)၊ ညီညီအောင် ( ပဲခူး)၊ ကျော်နိုင်ဦး (သာယာဝတီ)၊ ကိုညီညီ ( မန္တလေး)၊ စုစုပေါင်း (၇) ဦးအား မိဘများထံ မိမိတို့မှာ ထောက်လှမ်းရေးသူလျှိုများဖြစ်ပြီး ကျောင်းသားတပ်မတော်၏ ဖမ်းဆီးခြင်းခံနေရပါသည်။ သို့သော် မိမိတို့အား လာရောက်ခေါ်ဆောင်ပါက ကျောင်းသားတပ်မတော်မှ သဘောထားကြီးစွာဖြင့် မိမိတို့အား အချုပ်မှ လွတ်မြောက်ပြီး အိမ်သို့ ပြန်လည် ထွက်ခွာခွင့်ပြုမည်ဟု ကတိပေးသဖြင့် မိမိတို့ (၇) ဦး၊ မိဘများထံ စာရေးဆက်သွယ်ရသော နေ့၊ အချိန်ဖြစ်နေပါသည်။)
(၃) ဝင်းနောင် ( ရန်ကုန်) ၁၉၉၂ ဧပြီလဆန်းပိုင်းခန့်က ဗန်းမော်ခရိုင်တွင် သတ်ဖြတ်ခံခဲ့ရသည်
(၄) ရန်ရှင်း ( ရက်စက်စွာ နှိပ်စက်ပြီး ခုတ်ထစ် သတ်ဖြတ်ခြင်းခံခဲ့ရသည်)
(၅) ဦးကျော်ကျော်အုန်း ( ခရိုင်မှူး) ( ရှေ့တန်းတွင် လူမဆန်စွာ ညှင်းပမ်းနှိပ်ဆက်ခံခဲ့ရသည်)
-------------------------------------------------------------------------------------
လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ဦး။
(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန် ( ရန်ကုန်)
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း) တို့ဖြစ်သည်)
--------------------------------------
အဲလိုနဲ့ မတ်လထဲရောက်သွားပြီးတော့ မတ်လ ၁၉၊ ၂၀ လောက်မှာ ကျနော်တို့ရ ဦးရဲ့ မိဘတွေရောက်လာကြတယ်။ မိဘတွေရောက်ရောက်ခြင်းတော့
မတွေ့ရသေးဘူး။ နောက်တော့လည်း တွေ့ရပါတယ်။ ကျနော့် အမေလာတွေ့တယ် ကျနော့်ကို။
ကျနော်တို့ရဲ့ စာတွေကို ကိုညီညီရဲ့ အကိုက ယူသွားပေးတယ်။ မိဘတွေနဲ့လည်း ပေးတွေ့တယ်။ မိဘတွေကလည်း ဒီကလေးတွေကို သူတို့နဲ့ ပြန်ထည့်ပေးဖို့ ပြောတဲ့အခါမှာ ပြန်မထည့်ပေးနိုင်ဘူး လို့ ငြင်းကြတယ်ဗျ။
အောင်နိုင်တို့၊ နေဒွန်းတို့အဲဒီတုန်းက ရှိနေတဲ့ သူတွေ အားလုံးကပြန်မထည့်ပေးနိုင်ဘူးလို့ ငြင်းကြတယ်ဗျ။
နောက်သူတို့ ပြောတာက ဒီကိစ္စကို ဗဟိုကိုလည်း အကြောင်းကြားရဦးမယ် ဗဟိုက အမိန့်မရဘဲနဲ့ ကျနော်တို့ ဘာမှ လုပ်လို့မရဘူးလို့ ပြောတယ်။
အဲလိုပြောတော့ ကျောင်းသားတွေကို သတ်တဲ့အချိန်မှာ ဗဟိုကအမိန့်ပါမပါ ဆိုတာကတော့ သူတို့တွေပဲ သိမယ်ဗျ၊ ဗဟိုက လူတွေနဲ့ မျိုးဝင်း၊ သံချောင်းနဲ့ အောင်နိုင်တို့ သိလိမ့်မယ်။
ကျနော်ကြားတာကတော့ ၁၅ဦးကို မသတ်ခင်ကတည်းက ကျော်ကျော်က ရောက်နေပြီလေ၊ စာရွက်စာတမ်းတွေအရလည်း သူက ဇန်န၀ါ၇ီလောက်ကတည်းက ရောက်နေခဲ့တာ။ ဒါတွေက ဆက်စပ်မှု တွေရှိပါတယ်။ ဒါတွေက ခုလို နှစ် ၂၀ ကျော်ကြာပြီမှ ကျနော်တို့ ပြန်သိရတဲ့ ကိစ္စ။ နောက်တချက်က ဒေါက်တာနိုင်အောင်ရဲ့ ၁၉၉၂ ၊ မေ ၃၁ ရက်နေ့ ဒေါက်တာနိုင်အောင်ရဲ့ ကြေငြာချက်ပေါ့၊ အဲဒီကြေငြာချက်မှာ သူမြောက်ပိုင်းက ပြန်လာတော့ အစိုးရရဲ့ ရေလှိုင်းစစ်ဆင်ရေးကိစ္စတွေ လုပ်ရပ်တွေကို မြင်ခဲ့ရတယ်၊ ပြီးတော့ အဲဒီလုပ်ရပ်တွေအပေါ်မှာလည်း တာဝန်ယူပါတယ် ဆိုပြီး လက်မှတ်ထိုးထားခဲ့တယ်။ နောက် ၁၅ ယောက်ဆီကနေ လက်နက် တွေနဲ့မိတယ် ကွပ်မျက်စီရင်လိုက်ပါတယ် ဆိုတဲ့ မတ်လ ၁ ရက်နေ့ ထုတ် ကြေငြာချက်ရယ်ကို ကျနော်တို့ အခုလို အနှစ် ၂၀ ကျော်ကြာမှ တွေ့ရ ဖတ်ရပါတယ်။
အနှစ် ၂၀ ကျော်ကြာမှ ဒီကိစ္စတွေကို သိရတာ့ စောတုန်းက ကျနော်ပြောခဲ့သလို ငါတို့ ABSDF ဗဟိုတောင်းပိုင်းကို မျှော်လင့်တကြီးတွေ ထားခဲ့ကြတာ။ သူတို့ကတော့ ငါတို့အပေါ်မှာ ဒီလိုတွေ တုန့်ပြန်ခဲ့ကြတာပဲ ဆိုပြီး သိလာရတာ။
နောက် သူတို့ဗဟိုကနေ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်ကြတာ။ ဒေါက်တာနိုင်အောင်တို့ကလည်း မရိုးမသားလုပ်ခဲ့ကြတယ်၊ ဒေါက်တာနိုင်အောင်နဲ့ မိုးသီးဇွန်တို့ရဲ့ ဘက်နှစ်ဘက်အားပြိုင်မှုတွေမှာလည်း မိုးသီးဇွန်ကလည်း ညီလာခံထဲမှာ တမင်တကာကို ဖောက်ခွဲခဲ့တယ်၊ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ ရောက်နေပြီ ဆိုပြီး ညီလာခံမှာ တမင်တကာဖော်ခွဲခဲ့တယ်။ သူ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်ခဲ့တာပဲ။
နောက် ဒေါက်တာနိုင်အောင်ကလည်း ဖေဖော်ဝါရီ ၁၂ ရက်နေ့ မတိုင်မီကရော ပြီးတဲ့ အခါမှာရော ကျော်ကျော်တို့ လှဋ္ဌေးတို့ မျိုးဝင်း သံချောင်းတို့ဘက်က ပင်းတယ်။ နောက် သူကိုယ်တိုင်းမြောက်ပိုင်းကို လာခဲ့တာက ဖေဖော်ဝါရီ မတိုင်ခင်ရောက်တာလား ဖေဖော်ဝါရီ ၁၂ ရက်ပြီးမှ ရောက်တာလား ဘာပဲပြောပြော ABမြောက်ပိုင်းကိုတော့ ရောက်ခဲ့တယ်၊ သူရောက်ခဲ့တဲ့ အချိန်မှာ လည်း ၅၀၁ က လူတွေကို စစ်ဆေးပြီး ရိုက်နှက်သွားတာပဲ။ သူ စီးတဲ့ ဖိနပ်နဲ့ ချွတ်ရိုက်သွားခဲ့တာဗျာ။ နားကန်းတဲ့ သူတွေလည်း ကန်းကုန်တယ်။ သှူု့ရဲ့ ရပ်တည်မှုက မမှန်ကန်ခဲ့ဘူး။ သူ့ရဲ့ မရိုးသားမှုလို့ ကျနော် ယူဆပါတယ်။
နောက် ကျနော်တို့ကို အမေတွေနဲ့ ပြန်မထည့်ပေးလိုက်ကြဘူး၊ အဲဒါကလည်း ဗဟိုကခွင့်ပြုချက်မရလို့ဆိုပြီး ငြင်းကြတယ်။ အဲဒါနဲ့ မိဘတွေကလည်း စိတ်ဓါတ်ကျပြီး ပြန်သွားကြရတယ်။
အမှားပြင်ဆင်ချက်။ ။ ဗဟိုကော်မတီဝင်ကိုခင်မောင်အေးအစား(ကိုတင်မောင်အေး(ခ)ကိုအားဆိုက်)၊ ဦးကျော်ကျော်အုန်း(စစ်ကိုင်းဒေသတာဝန်ခံ-ဗဟိုကော်မတီဝင်)၊ရဲဘော်စိုးကြီး(ခ) ကိုခင်မောင်စိုး၊ ဟုပြင်ဆင်ဖတ်ရှု့ပေးပါရန်။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများ အိမ်မက်ဆိုးများမှ ကင်းဝေးကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment