Tuesday, January 15, 2013

ABSDF ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်းခရီး (၅)


by May Thingyan Hein on Sunday, November 11, 2012 at 5:35am ·

မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာလ ၁၁ ရက်၊ ၂၀၁၂၊ ရန်ကုန်မြို့။

အပိုင်း(၅)

ဦးစီးလွှမ်းမိုးကို သတ်ပြီး မကြာခင်မှာပဲ သန်းထွန်းစိုးနဲ့အတူရန်ကုန်ကနေ ပါလာတဲ့ ကိုအောင်ကျော်ကို ခေါ်တယ်။ အဲဒီအချိန်တုန်းက ကိုအောင်ကျော်က ရှေ့တန်းရောက်နေတယ်။
ရှေ့တန်းကနေ ဘာကြောင့်ခေါ်သလဲဆိုတာကိုတော့ ကျမလည်း မသိဘူး၊ ဒါပေမဲ့ ခေါ်တယ်ဆိုတာလောက်ပဲ သိရတယ်။

ကိုအောင်ကျော် နောက်တန်းကို ပြန်ရောက်လာတယ်။ နောက်တန်းကို ပြန်ရောက်လာပြီးမကြာမီမှာပဲ မျိုးဝင်းနဲ့သံချောင်းက ကိုအောင်ကျော်ကို ဖမ်းလိုက်တယ်။
ဘာကိစ္စ ဖမ်းတာလဲ။ ထုံးစံအတိုင်းပဲ ကျမတို့ လုံးဝ မသိဘူး။

နောက် ကြားလိုက်ရတာက ကိုအောင်ကျော်ကိုတော့ KIA ရဲ့ မြေတိုက်ကျဉ်းထဲမှာ သွားပြီးတော့ ချုပ်ထားတယ်တဲ့၊ အဲလိုကြားပြီး မကြာခင်မှာပဲ ကိုအောင်ကျော်က ဆေးရုံရောက်နေပြီ။ သူတို့ကတော့ နေမကောင်းလို့ ဆေးရုံရောက်တယ်ပြောတာပေါ့လေ၊ ဒါကတော့ သူတို့ အပြောပေါ့။

ကိုအောင်ကျော် ဘာဖြစ်လို့ သေသွားတာလဲလို့ အမက ရဲဘော်အချို့ကို မေးကြည့်တော့ သူတို့က မပြောရဲဘူး၊ အမကို ကြည့်ပြီး မငယ်တဲ့ ပါးစပ်နဲ့ လည်ပင်းနဲ့ နီးတယ်တဲ့…မငယ်လည်း မသိချင်နဲ့တဲ့ အဲလိုပဲ ပြောကြတယ်။ ဒါပေမဲ့ ကိုအောင်ကျော်ဟာ ဆေးရုံရောက်ပြီးတော့မှ နောက်မကြာဘူး ကိုအောင်ကျော် သေသွားတယ်။ …အဲလိုတွေ ဖြစ်နေတော့ စိတ်ထဲမှာလည်း သိပ်မရှင်းဘူးပေါ့။

ကိုအောင်ကျော် အကြောင်းကို တကယ်သိရတာကတော့ ကိုရဲလင်းရဲ့ အင်တာဗျူးကို ဖတ်လိုက်ရမှ သိရတာ။ ကိုရဲလင်းရဲ့ မြောက်ပိုင်းခရီး အပိုင်းမှာ ကိုရဲလင်းက ခုလိုပြောထားတာကိုး။http://maythingyanhein.blogspot.com/2012_10_14_archive.html

ABSDF ကျောင်းသားရဲဘော်ဟောင်း ဗဟိုကော်မတီဝင်ဟောင်း ရဲလင်းရဲ့ မြောက်ပိုင်းခရီး မှ ကောက်နှုတ်ဖော်ပြပါသည်၊
( အဲဒီမှာ ညနေလောက်ကျတော့ အပတ်စဉ် ၅ မှာပါတဲ့ ကိုအောင်ကျော်ကို ဗဟိုက ခေါ်တာဆိုပြီး ရောက်လာတယ်။  အခြေအနေကို ရိပ်မိလိုက်တယ်။ အဲဒီမှာကိုအောင်ကျော် ခင်ဗျာသွားလို့ ဖြစ်ပါ့မလားလို့ ကျနော် မေးသေးတယ်။ သူကလည်း အပတ်စဉ် ၅ တုန်းက ပြဿနာထဲမှာပါထားခဲ့တာကိုး၊ အဲဒီမှာ သူကလည်း တော်တော်ကြီး စဉ်းစားသေးတယ်၊ နောက်တော့ တက်မယ်ဆိုပြီး ဖြစ်သွားတာ။

သူတက်ရင် ဦးစီးလွှမ်းမိုးလိုပဲ ပစ်သတ်ခံရမှာလို့  ကျနော်လည်း တွေးမိတယ်။ သူကလည်း တက်မယ်တဲ့ ဆုံးဖြတ်ပြီး သလို ပြောနေတော့ကျနော်လည်း ဘာမှ မပြောတော့ဘူး။
တခုခုဖြစ်တော့မယ်၊ သေသွားနိုင်တယ်ဆိုတာလည်း သူလည်း သိတယ်။ ဦးစီးလွှမ်းမိုးလည်း သေသွားပြီ၊ သူကလည်း တက်မယ်ဆိုပြီး ကိုအောင်ကျော်က အရင်တက်သွားတယ်။
 ကျနော်က အဲဒီမှာ ငှက်ဖျားက ဖြစ်တော့အောက်ဆေးရုံမှာ  ၂ရက်လောက် ဆေးကုပြီးတော့မှ နည်းနည်း သတိရလာတော့ ကိုတင်ဋ္ဌေး အဲဒီ ဆေးရုံကိုရောက်လာတယ်။

ကိုတင်ဋ္ဌေးဆိုတာလည်း အပတ်စဉ် ၅ကပဲ ၊ တောခိုတုန်းကလည်း ကိုသန်းထွန်းစိုးတို့ကိုအောင်ကျော်တို့နဲ့ အတူတူပဲ။ အဲဒီမှာ သူက ကျနော့်ကို တွေ့တော့ လာပြောတယ်၊ ကိုအောင်ကျော် ဆေးရုံရောက်နေပြီ တဲ့… ဟိုဘက် အဆောင်မှာတဲ့။

ကျနော်လည်း အံ့သြသွားတယ်၊ ဘယ်လိုဖြစ်လဲပေါ့။ သူက ပြောတယ်။ ကိုအောင်ကျော်ကို ဖမ်းထားပြီး KIA မြေတိုက် စခန်းထဲမှာ ထည့်ထားတယ်တဲ့။ အခု ကိုအောင်ကျော် အခြေအနေမကောင်းဘူး၊ ဆေးရုံရောက်နေတယ်လို့လာပြောတယ်။

ကျနော်ကိုအောင်ကျော့်ကို တွေ့တော့ တော်တော်စိတ်မကောင်းဖြစ်သွားတယ်၊ သူဘာမှ မပြောတော့ဘူး။
ကိုအောင်ကျော် ဘယ်လိုလဲလို့ ကျနော်မေးတယ်။ သူ တကယ်ကို ဘာမှ မပြောတော့တာ။ နဂိုကတည်းကလည်း စကားနည်းတယ်ဆိုတော့ ခုလို အချိန်မှာ စကားကို မပြောနိုင်တော့တာ။ စကားမပြောနိုင်တော့ပေမဲ့ အသိစိတ်ကတော့ ရှိပါတယ်။

ကိုအောင်ကျော်ကို ဘယ်လို စစ်ဆေးလိုက်လဲဆိုတာကို ကျနော်လည်း စိတ်ထိခိုက်တာနဲ့ မမေးလိုက်ရဘူး။
ကိုအောင်ကျော်က အဲဒီမှာ ပြောတယ် သန်းထွန်းစိုးကိုတော့ ဒီကောင်တွေ လက်ခံမှာ မဟုတ်ဘူးတဲ့။ သန်းထွန်းစိုးက မဲရပြီးသားဆိုတာ ကျနော်တို့က သိတယ်။ အဲဒီမှာ ကိုအောင်ကျော်က ဘာပြောလဲ ဆိုတော့ စကားနည်းနည်းပဲ ထွက်တဲ့ ကြားကနေ ကိုရဲ…တဲ့။

ပြောပါလို့ ပြောတော့ သန်းထွန်းစိုး နေရာကို မင်းတာဝန်ယူလိုက်ပါတဲ့…။ သူ အဲဒါပဲ ပြောသွားတယ်။တခြား ဘာမှတော့ မပြောခဲ့ဘူး ။

အဲလို ပြောပြီးတော့ သူ စိမ်းဝါ၀ါ အရောင်တွေ အန်တယ်။ ပြီးတော့ ပြန်ပြီးမှိန်းကြသွားတယ်။  အဲလိုနဲ့ သိပ်မကြာဘူး ကိုအောင်ကျော် ဆုံးသွားတာပဲ။)

ကိုအောင်ကျော် အကြောင်းကို ကိုရဲလင်းတို့ကသာ ပိုသိနိုင်ပါတယ်။ ကျမ သိရသလောက်ကတော့ ကိုအောင်ကျော် ဆုံးတဲ့ အချိန်လား၊ ဆုံးပြီးမှလားတော့ သေချာ မမှတ်မိတော့ဘူး။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ဖွဲ့စည်းအုပ်ချုပ်ပုံပြောင်းဖို့ ရွေးကောက်ပွဲအတွက် ရှေ့တန်းကိုသွားရတဲ့ အဖွဲ့တွေလည်း နောက်တန်းကို ပြန်ရောက်လာကြတယ်။ ဒါက ABSDF(NB) မြောက်ပိုင်း ဆိုတာကို ဖွဲ့စည်းပုံအတွက်ပေါ့။

နောက် တော့ တပ်ရင်း(၄၀၁)လည်း ရောက်လာတယ် ။ကိုတိုးကြည်၊ ကိုဝဏ္ဏဇော် ၊ ခင်ရွှေလှိုင်တို့ပါလာကြတယ်။သူတို့တွေကတော့ ကျမတို့
ABSDF (KS) မှာသင်တန်းဆင်းတာမဟုတ်ဘူးပေါ့နော် ။ဒီ ကျမတို့ ABSDF - NB ဖွဲ့စည်းကာနီးမှ ရောက်လာကြတာ။


အဲလိုနဲ့ ၁၉၉၀ ခုနှစ် ဇွန်လမှာ ABSDF(NB) မြောက်ပိုင်းကို ဖွဲ့စည်းတယ်၊ အဲဒီမှာ ABSDF(NB) မြောက်ပိုင်း ဥက္ကဋ္ဌအနေနဲ့ ကိုထွန်းအောင်ကျော်ကို ရွေးလိုက်ကြတယ်။ အထွေထွေအတွင်းရေးမှူးအဖြစ် ရော်နယ်အောင်နိုင်(မန္တလေး) ၊ စစ်ရေးတာဝန်ခံအဖြစ်ကတော့ ကိုသံချောင်း၊ အဲဒီနေရာမှာ သံချောင်းအကြောင်း ပြောရရင် ရဲဘော်တိုင်းက သံချောင်းကို ချစ်တယ်။ သံချောင်းက လူကြိုက်များတယ်။ ကျမတို့ ကိုယ်တိုင်လည်း သံချောင်းကို သဘောကျတယ်။ ရှင်းရှင်းပြောရရင်တော့ သံချောင်းက ရိုးတယ်၊ ရိုးရိုးဖြောင့်ဖြောင့် လူ။ ပြီးတော့ တကယ့်စစ်သားကောင်းတယောက်ရဲ့ အရည်အချင်းရှိတယ်။ အဲလို ရှိတယ်။

သံချောင်းက လူကြိုက်များသလောက် မျိုးဝင်းကတော့ လူကြိုက်နည်းတယ်။ သူ့ကို မကြိုက်တဲ့ သူက များတယ်။ ကျမကိုယ်တိုင်လည်း သူ့ကို မကြိုက်ဘူး။ အဲဒီမှာလည်း မျိုးဝင်းရဲ့ မဲက ဗဟိုကော်မတီဝင်ဖြစ်ဖို့ မလုံလောက်ဘူး။ ဒါပေမဲ့ တယောက်က ထွက်သွားတော့ မျိုးဝင်းကို တင်လိုက်ကြတယ်။ အဲဒါနဲ့ မျိုးဝင်းက တွဲဖက်အတွင်းရေးမှူး(၁) နေရာကို ရသွားတယ်။

အဲလို မြောက်ပိုင်း ABSDF ဖွဲ့စည်းပြီးတဲ့အချိန်မှာ ယိုးဒယားနယ်စပ်မှာရှိတဲ့ တောင်ပိုင်းက ABSDF မှာ မိုးသီးဇွန်က ဥက္ကဋ္ဌ။ အဲဒီအချိန်မှာ မိုးသီးဇွန်က သူ့ရဲ့တပ်ရင်းတရင်းကို သူက ပလောင်ဘက်ကို ပို့လိုက်တာ။ အဲဒီအချိန်မှာ ပလောင်ဘက်က အခြေအနေက မကောင်းတဲ့အခါကျတော့ အဲဒီတပ်ရင်းက ကျမတို့ရဲ့ မြောက်ပိုင်း ဘက်ကို ရောက်ချလာတယ်။ အဲဒီတပ်ရင်းကို ဦးဆောင်တဲ့သူက သိုက်ထွန်းဦး (၅၀၁) တပ်ရင်း ရောက်လာတယ်။

အဲလိုတွေရောက်လာတော့ မြောက်ပိုင်းမှာ ၇၀၁ တပ်ရင်းရှိမယ်၊ ၅၀၁ တပ်ရင်း၊ ၄၀၁ တပ်ရင်း၊ နောက် ၇၀၂ တပ်ရင်းလားမသိဘူး ရှိသေးတယ်ကွ။ အဲဒီမှာ အားလုံးပေါင်းမှ ကျမတို့ကျောင်းသားရဲဘော်တွေရဲ့ကိုယ်ပိုင်နံပတ်က ၅၀၀ လောက်ပဲ ရှိတယ်။ လူအင်အားကလည်း အကြောင်းအမျိုးမျိုးကြောင့် ၄၀၀ကျော်လောက်ပဲ ရှိတယ်။ အဲဒီမှာ ဒေါက်တာနိုင်အောင်ပြောသလို ၈၀၀ ကျော်ဆိုတာ မှားတယ်။ အဲလောက်မရှိဘူး။ ဆရာနေ၀င်းအောင်ကတော့ ၃၇၂ ဦးလို့ အတိအကျပြောသွားတယ်။ သူကတော့ ပိုသိမယ်ထင်တယ်။

အဲလို ဖွဲ့စည်းပုံတွေဘာတွေအသစ်ဖြစ်ပြီးတော့ နောက်တန်းရောက်နေတဲ့ ရဲဘော်တွေ အကုန်ရှေ့တန်းကို ပြန်သွားကြရတယ်။ ကျမတို့ကလည်း နောင်ရာပါ ဘက်ကို သွားလိုက် ၀င်လိုက်သွားလိုက်ဝင်လိုက်နဲ့ပါပဲ။

ကျမတို့က ခရီးထွက်ရရင် တပ်မှာ မချိုနဲ့နောက်ရဲမေ တယောက်ပဲ ကျန်ခဲ့တာ၊ ကျန်တဲ့ ရဲမေတွေလည်း အကုန်ခရီးထွက်ရတယ်။ ကျမက စည်းရုံးရေး ခရီးတွေသွားရတဲ့ သွားရတော့ အတူသွားတဲ့ ရဲမေလေးတွေနဲ့ အတူတွဲသွားရတယ်။ ပျော်စရာကောင်းတယ်။မှတ်မှတ်ရရ အဖြစ်အပျက်တွေလည်း အများကြီးပဲ တပ်ထဲမှာက စိတ်ပျက်စရာတွေ စိတ်ညစ်စရာတွေချည်းပဲတော့ မဟုတ်ဘူး၊ သူ့ဟာနဲ့ သူ ပျော်စရာလေးတွေတော့ရှိတယ်။

တခါတုန်းက ဆိုရင် ဗျူဟာ ၂ ဘက်ကို စည်းရုံးရေးသွားတုန်းက အဖြစ်အပျက်ကို ပြောပြမယ်။ ရွာတွေကို ၀င်ပြီးတော့စည်းရုံးရေး ဆင်းရတာ။ တရွာပြီး တရွာနေ့တိုင်း ခရီးထွက်နေရတယ်။ အဲလိုထွက်နေရပေမဲ့ ကျမတို့မှာ ပိုက်ဆံလည်း မရှိဘူး၊ စားရတာလည်း အရမ်း ဆင်းရဲတော့ အလကား ရတယ်ဆိုရင် အကုန်စားတာပဲ ကြိုက်ကြိုက်မကြိုက်ကြိုက် အလကားရရင် စားတာပဲ။

အဲဒီမှာ ရွာတရွာကွာ …နာမည်ကတော့ သေချာ မမှတ်မိတော့ဘူးအဲဒီမှာ တယ်သီးပင် ရှိတယ်ကွာ သိလား။ အဲဒီတယ်သီးပင်ကို ကျမတို့က ထိုင်ကြည့်နေတာ။ အပင်ပေါ်ကနေ တယ်သီးက ဖြုတ်ဆိုပြီး ကျလာပြီဆိုရင် ပြေးရတယ်။ တကယ်ကိုပဲ ၀က်နဲ့ အပြိုင်ပြေးပြီး တယ်သီးလုရတာ။ လူနဲ့ လုရတာ မဟုတ်ဘူး။ ၀က်နဲ့ လုရတယ်။ ၀က်ကလည်း တယ်သီး ကြွေရင်ပြေးပြီး စားတယ်။ ကျမတို့ကလည်း ၀က်ထက် မြန်အောင်ပြေးပြီးတော့ ၀က်ကအနားရောက်နေရင် ၀က်ကို ခြေထောက်နဲ့ ကန်ထုတ်ပြီးတော့မှ တယ်သီးကို အလုအယက်ကို ကောက်ပြီးတော့မှ စားတာ။

နောက် စိတ်ညစ်ဖို့ကောင်းတာရှိတယ်ကွာ…၀က်နဲ့ ပြဿနာတက်တာ ရှိသေးတယ်။နောက်တမျိုး။
ဒီလိုကွာ ကျမတို့ သွားရတာက တရုတ်ရွာတွေကွာ အဲဒီမှာ ရွာတွေမှာ အိမ်သာ မရှိဘူး။ အိမ်သာ တက်ချင်ရင် တောထိုင် ထိုင်ရတာ။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ ၀က်ဆိုတဲ့ အမျိုးကလည်း သိတယ်မဟုတ်လား။ ဟား ..ဟား..သိပ်စိတ်ညစ်ဖို့ကောင်းတယ်။ လူတွေကလေ တောထိုင်ဖို့သွားရင် ၀က်တွေက နောက်ကနေ တဂွီးဂွီးနဲ့ လိုက်တာ။

ဟာပြသာနာပဲ သိလား။ မိန်းကလေးတွေက အုပ်စုလိုက်သွားတာပေါ့နော်။သွားရင်လည်း ထိုင်လို့က မရဘူး။ ထိုင်ရင် ၀က်ကနေ နောက်ကနေ နှာကြီးထိုးထိုးပြီးလာတာလေ။ အဲတော့ ဘာလုပ်ရလဲဆိုရင် အုပ်စုလိုက် ၀ိုင်းကြီးပတ်ပတ်လို့လုပ်ရတယ်။ အဲလိုလုပ်ပြီး ကျောချင်းကပ်လိုက်ရတယ်။ နောက်ကနေ ၀က်က နှာနဲ့ ထိုးထည့်လိုက်မှာ ကြောက်လို့ ဟား..ဟား… ကျမတို့တွေ ကျောချင်းတွေကပ်ပြီးတော့မှ တုတ်တွေယူသွားရတယ်။

ဝက်ကပ်လာရင် ၀က်ကိုတုတ်နဲ့ခြောက်ရတာ ၀က်တွေကတအားဆိုးတာ။ အဲဒီကြားကနေ ၀က်တွေက အတင်းတိုးပြီး ၀င်တာကိုးကြောက်တာပေါ့။ ၀က်ကိုလည်းခြောက် ရီလည်း ရီနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ တုတ်တွေနဲ့ ၀က်တွေနဲ့ ဒီကြားထဲမှာ ကိစ္စကလည်း မပြီးမစီးနဲ့ တကယ်ကို ပြဿနာပဲ။ ဟား ဟား …ဟား။

သူတို့တွေက အိမ်သာလည်း မထားဘူးကွာ ရေရေလည်လည်ပဲ တရုတ်တွေက။ ၀က်တွေက တကယ့်ကို မြူနီစပါယ်အလုပ်လုပ်တာ။ ကျမတို့ အဲဒီကတည်းက ၀က်သားဆိုရင် မစားချင်တော့ဘူး။ အဲဒါမျိုးတွေကလည်း တကယ်ပဲ ကြုံရတာ အမျိုးမျိုးပဲ၊ ပြောရရင်တော့ ပျော်ဖို့လည်းကောင်းပါတယ်။

ရှေ့ဆက်ဖော်ပြပါမည်။
မေသင်္ကြန်ဟိန် (မြစ်မခ)

ABSDF -NB နောင်ရာပါစခန်း ပထမပုံက နောက်တန်း - လှထွန်း၊ဘိုဘို၊စောမြအောင်၊ ဦးဥတ္တမ၊ ရဲစိုး၊ရာကွတ်၊မြင့်ခိုင်။ ရှေ့တန်း - လုမိုင်၊စိုးစိုးလွင်၊နန်းအောင်ထွေးကြည်၊သင်းသင်းညီ။
56Unlike ·  · 
  • Shwelatyar Daw ကိုတင်ဌေးက ပဲခူးကကိုတင်ဌေးလားမသိဘူးနော်...
  • Koko Lay ကျွန်တော် အကုန်မဖတ်နိုင်တော့ဘူးဗျာ မဖတ်ချင်တော့ဘူး ဒါပေမဲ့ အဲဒီ ABSDF ဆိုတာ ဗပက လား စစ်တပ်ကကြိုတင်ဖန်တီးထားတဲ့ အဖွဲလား သိချင်ပါတယ်
  • KO MG MG ဘုန်းကြီးကျောင်းမှာ ဆရာတော်ကိုနှိပ်ပေးနေတာလေ မနက်ဖြန် ည၈ျူတီလေ အေးဆေးမို့ 
  • Nang Aung Htwe Kyi ကျေးဇူးပြုပြီး ABSDF အားလုံးကိုတော့အဲ့လို မပြော မထင်ပါနဲ့နော် ။ ABSDF-NB မှာတောင် ခေါင်းဆောင်ပိုင်းအချို့ ဘဲ ဦးဆောင်လုပ်သွားတာပါ ။ ကျောင်းသားတိုင်းလုပ်တာမဟုတ်ပါဘူး။ မျိုးဝင်း။သံချောင်း။ကျော်ကျော်။လှဆိုင်း။စိန်အေး။နေဒွန်း။အောင်ကြီး။အောင်နိုင်ခေါ်ရော်နယ်အောင်နိုင်။လှဌေး တို့ဟာABSDF-NB မှာ အဓိကတာဝန်ရှိသူတွေပါ။ABSDF တောင်ပိုင်းဗဟိုမှာလည်း ဥက္ကဌ တွေ တာဝန်ရှိကြပါတယ်။
  • ဗမာ့သား ရဲ့ သားဗမာ ဆက်လက်မျှော်လင့်နေပါတယ်...အပိုင်း ၆ ကို...
  • Koku Indaw ၀က်ကလည်း တယ်သီး ကြွေရင်ပြေးပြီး စားတယ်။ ကျမတို့ကလည်း ၀က်ထက် မြန်အောင်ပြေးပြီးတော့ ၀က်ကအနားရောက်နေရင် ၀က်ကို ခြေထောက်နဲ့ ကန်ထုတ်ပြီးတော့မှ တယ်သီးကို အလုအယက်ကို ကောက်ပြီးတော့မှ စားတာ။
  • San Dar ဒီအကြောင်းတွေဖတ်ရတာ ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့ ပါပီမဇာတ်ကားကိုသတိသွားယတယ်.. ပါပီမ ဇာတ်ကားထဲကကျောင်းသား/သူဘဝတွေတောင်ဒီလောက်မဆိုးဝါးဘူး.. အခုတော့ယုံကြည်ချက်ကိုရှေ့တန်းတင်ပြီးတော်လှန်နေကြသူအချင်းချင်းကိုရက်ရက်စက်စက်လုက်ရက်လိုက်ကြတာ..လူသတ်တာကို ပုရွက်ဆိတ်သတ်သလိုသတ်နေလိုက်ကြတာ..လူတွေမှဟုတ်ရဲ့လားတောင်တွေမိတယ်။
  • Sobig Cycloneအဲဒီဖြစ်ရပ်တွေဖြစ်ပွားခဲ့တဲ့၁၉၉၂ခုနှစ်မှာကျွန်တော်ဟာနှစ်တန်းကျောင်းသားဘ၀ပဲရှိပါသေးတယ်...ဘာမှနားမလည်သေးတဲ့ကလေးပေါ့....အရွယ်ရောက်ပြီးလူကြီးဖြစ်လာတာကတစ်ကြောင်း..ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်စာအုပ်နဲ့အင်တာနက်စာမျက်နှာပေါ်ကကျောင်းသားတပ်မတော်ရဲ့အဖြစ်အပျက်တွေကိုဖတ်ရတာကတစ်ကြောင်းကြောင့်အဲဒီအချိန်ကကျောင်းသားတွေတောထဲတောင်ထဲမှာဒုက္ခဆင်းရဲကြုံတွေ့ရတာတွေ....အစွပ်စွဲခံရပြီးအမျိုးမျိုးညှင်းပန်းနှိပ်စက်ခံရပြီးရက်ရက်စက်စက်အသတ်ခံရတာတွေကိုကိုယ်ချင်းစာမိတယ်...သနားလဲသနားမိတယ်....ကိုယ့်အဖွဲ့အစည်းအတွက်ကျရာနေရာကနေအစွမ်းရှိသရွေ့ပေးဆပ်ခဲ့ကြ.......ဒုက္ခသုက္ခတွေကိုရင်စည်းခံခဲ့ကြပေမယ့်.......သူတို့တစ်တွေအတွက်ပြန်ရခဲ့ကြတာက........သစ္စာဖောက်ဆိုတဲ့စွပ်စွဲမှု........အစဉ်းစားအဆင်ခြင်နည်းပြီးအသိဥာဏ်ကင်းမဲ့တဲ့တောတွင်းအာဏာရုးတစ်စုကြောင့်....ကိုယ့်ရဲ့တက်လမ်း...ကိုယ့်ရဲ့အနာဂတ်....ကိုယ့်မိသားစုကိုစွန့်လွှတ်...ယုံကြည်ချက်တစ်ခုတည်းအတွက်....ဘယ်အချိန်ဘယ်နေရာမှာဘယ်လိုဖြစ်သွားမလဲဆိုတာကြိုမသိနိုင်တဲ့ဘ၀မျိုးကိုသတ္တိရှိရှိရွေးချယ်ခဲ့တဲ့ကျောင်းသားတွေရဲ့သွေးမြေကျခဲ့ရတယ်..........အသက်သေခဲ့ရတဲ့ကျောင်းသားတွေအတွက်လူသေသွားပေမဲ့သူတို့တစ်တွေရဲ့ဂုဏ်သိက္ခာမသေစေဖို့ကျန်ရစ်ခဲ့ကြတဲ့မြောက်ပိုင်းပြန်ကျောင်းသားကျောင်းသူတွေအနေနဲ့အမှန်တရားကိုဝိုင်းဝန်းဖော်ထုတ်ကြပါလို့........တိုက်တွန်းချင်ပါတယ်ဗျာ..........
  • Do Gyi NB ကိုတင်ဌေးကပဲခူးမင်းရွာသားရေဇင်းက
    ကျောင်းသားပါကျွန်တော် ကိုတင်ဌေး 
    ကိုအောင်ကျော်တို့ဟာကိုတိုက်ပိတ်နဲ့အတူပါဂျောင်ကိုတော်လှန်ရေးအတွက်ရောက်ခဲ့တဲ့သူတွေပါ
  • Ko Lin Wai Aung Shwelatyar Daw ပဲခူးက ကိုတင်ဋ္ဌေးဟုတ်ပါတယ်....
  • Shwelatyar Daw ပါပီမဇာတ်ကား က ..မြောက်ပိုင်းမှာဖြစ်နေတာကိုတောင်ပိုင်းမှာဖြစ်သယောင်ယောင်ရောမွှေပြီးရိုက်သွားတာ...။ ကျွန်တော်တို့အကြိုက်ဆုံးသီချင်း..သဘာဝရဲ့ရင်သွေးငယ်...ဆိုတဲ့သီချင်းတောင်..၀င်ခုတ်သွားတာ..စစ်ထောက်လှမ်းရေးက။ ဆယ်လမွန်ငါးတို့အပြန်..သီချင်းလည်း ကြံ့ဖွံ့ဇာတ်ကားတစ်ကားမှာထပ်ခုတ်သွားပြန်တယ်။ ခုဒေါ်အောင်ဆန်းစုကြည်ဘေးမှာပင်နီဝတ်လက်သီးလက်မောင်းတန်းနေတဲ့ အနုပညာသမားတချို့ အဲသည်တုန်းက စစ်အာဏာရှင်ဘက်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။
  • Kotoe NB မငယ်..ABSDF NB မှာကျနော်တို့အပေါ်
    နားလည်ကြသူ တွေရှိသလို တချို့လည်း
    နားမလည်ချင်ရောင်ဆောင်ကြပါတယ်
    ဒါပေမဲ့ဒီဖြစ်စဉ်တခုလုံးမှာNBတစ်ခုလုံးနဲ့
    မဆိုင်ဘူးဆိုတာရယ် ABSDFတစ်ခုလုံး

    နဲ့ရောပေါ့ တကယ်တာဝန်ရှိသူတွေကိုတေ့..
    နောက်ထပ်ပြောပေးပါ
    ကိုညီ့စာအုပ်ထဲကတချို့အကြာင်းတွေ
    ကျနော်ခုမှသိရတယ် ဖတ်နေရင်နဲ့
    ရင်ထဲစို့လာတယ် ဒါတွေဟာ
    ပြန်ပြောကြဘို့ကောင်းတဲ့အကြောင်း
    တွေမဟုတ်ပေမဲ့ ကျနော်တို့ပြောကြရ
    မယ် ရေးကြရမယ် ကျနော်တို့မသေခင်
    အချိန်ထိအဖြစ်မှန်တွေကိုပြောနေရမှာပါ
    ခုချိန်မှာအပြင်ရုပ်ဘယ်လိုကောင်းတယ်
    ပြောပြော အတိတ်ဒဏ်တွေကြောင့်
    မကောင်းတော့ဘူးအမငယ်ရေ
  • Rita Lwin ကျမမရှင်းတာက ... ဒေါက်တာနိုင်အောင် နဲ့ေ၇ာ်နော်အောင်နိုင် ဆိုတာ တစ်ယောက်ထဲလား ဆိုတာ သိချင်ပါတယ် ...
  • Zaw Myo Htet မတူဘူးခင်ဗျ ရော်နယ်အောင်နိုင်ကလည်းဆေးကျောင်းသားပါပဲfinal.part I အထိရောက်ခဲ့တယ် ဒေါက်တာနိုင်အောင်ကတော့ကျောင်းပီးလို့ဘွဲ့ရခဲ့ပါတယ် ပီးတော့ရော်နယ်အောင်နိုင်ကမြောက်ပိုင်း ဒေါက်တာနိုင်အောင်ကတောင်ပိုင်းကပါ
  • Aung Kyaw San ရော်နယ်အောင်နိုင်ရဲ့အမေနဲ့အဖေကလည်းနာမည်ကြီးဆရာဝန်တွေပါ
    မန္တလေးမှာနေတာပါ
  • Rita Lwin ကျေးဇူးပါ Zaw Myo Htet and Aung Kyaw San.
  • Aung Myint Han မနန်းတို့ ကချင်ဘက်က ဝက်တွေမျိုး
    ကယန်းပြည်သစ်ပါတီရှိတဲ့ ကယားပြည်နယ်ဘက်မှာလည်းရှိတယ်

    ဘီးလင်းဘက်မှာပေါ့ ကျွဲကောပင်က အသီးတွေပြွတ်လို့ ပိုင်ရှင်တွေက စားပါ့လားမပြောဘူး မနေနိုင်လို့တောင်းစားတော့ ဝက်စာမို့တဲ့
    အားနာဘို့အစက မကြွေးတာတဲ့
  • Aung Kyaw San မနန်းကယူနီဖောင်းနဲ့ မိတယ်နော်
  • Maw Gyi ABSDF ကျောင်းသူရဲမေဟောင်း မနန်းအောင်ထွေးကြည်ရဲ့
    မြောက်ပိုင်းခရီး အပိုင်း ( ၆ ) က ဘာလို့ ကြာနေတာလဲဗျ ...
    ကိုဘိုဘို ၊ ကိုဋ္ဌေးနိုင် မိသားစု ၊ ကိုရဲလင်း တို့ရဲ့ အင်တာဗျူးတွေကတော့ ဖတ်ခွင့်ရတာ 
    မြန်သလိုဘဲ ...

No comments:

Post a Comment