Thursday, July 12, 2012

လိုင်စင်တောင်၊ ပါဂျောင်က လာခဲ့တယ်...

”တကယ်ပါဗျာ.. ၊ အဲ့ဒါတွေ တကယ်ဖြစ်ခဲ့တာပါ.. ။ အိုး..မဟုတ်ဘူး မဟုတ်ဘူး..ဒါ ချဲ့ကား တာ”
” ကြံတောမှာ သေသူရောရှင်သူပါ ဒဏ်ရာအသေးအမွှားရတဲ့သူတောင် မရှောင် မီးလောင်တိုက်သွင်း သတ်ခဲ့တဲ့ အကောင် ၊တံတားဖြူဟာ ကားစပါယ်ရာကအစ လူတိုင်းက တံတားနီလို့ခေါ်ကြတဲ့အထိ ကျောင်းသားသွေးတွေနဲ့အိုင်သွားအောင်၊” ရိုက်၊ ရိုက်၊ အသေရိုက်” လို့
အနီးကပ် ညွှန်ကြားခဲ့တာ ဘယ်ကောင်လဲ၊ အဆိပ်ခတ်တာကအစ ဥက္ကလာက ခေါင်းဖြတ် ပွဲတွေအဆုံး အားလုံးကို ကောက်ကောက်ကျစ် ကျစ်ပက်ပက်စက်စက်လုပ်ခဲ့တဲ့ကောင်က လိမ်သမျှ၊ ယုံချင်တဲ့ကောင်ယုံ၊ ငါတော့မယုံဘူး ။ မင်းတို့ ကွာ ဆေးရုံကြီးရှေ့မှာကားကိုရပ်ပြီး သေသေချာချာ အနီးကပ်ချိန် ပစ်တာကို ကိုယ်တိုင်လည်း ခံခဲ့ဘူးတယ် ၊ အဲဒါကိုပဲ သူတို့ ရေဒီယိုက မတော်တဆ၊ အမှတ်မထင်၊
မရည်ရွယ်ပဲ၊ ချွတ်ချော်၍ ကျည်ထွက်သွားပါသည် ဆိုတော့ မင်းတို့ဘာပြောခဲ့ကြလဲ ။ မင်းတို့ခန္ဓာကိုယ်မှာ ရှိသမျှသုံးဆယ့်နှစ်ကောဋ္ဌာဿလုံး ကိုင်ပြီး ဆဲလိုက်ကြတာ၊ တချို့ဆို အားမရလို့ မအေနှစ်မ ပစ္စည်းတွေနဲ့ လိုက်ပွဲပေးပြီးတောင် ဆဲလိုက်သေးတယ်မဟုတ်လား ။
တကြိမ် မဟုတ်နှစ်ကြိမ်မဟုတ်၊ အကြိမ်ကြိမ်အလိမ်ခံရရင်၊ လိမ်တဲ့ကောင်အပြစ်ထဲမှာ မင်းတို့အသုံးမကျတာလဲတဝက်ပါတယ်။”
ကျနော့်သူငယ်ချင်းတယောက်ပြောခဲ့တာပါ။ မြောက်ပိုင်းကိစ္စ ကို ခင်ညွန့်တို့သတင်းစာရှင်းလင်းပွဲလုပ်တုံးက ပါ။ အနှစ် နှစ်ဆယ်လောက်ကြာခဲ့ပါပြီ ။
ဒါကိုဘာကြောင့် အခုလိုပြန်ရေးပြရတာလဲလို့ ဆိုရင်၊ အနှစ် နှစ်ဆယ်ငြိမ်နေပြီး၊ အခုမှဘာလို့ထွက်လာ၊ ရေးလာရတာလဲ လို့မေးခွန်းထုတ်လာ သူတွေထဲက အသက်အရွယ်အရ မသိမမီလိုက်လို့ ရိုးရိုးသားသား ခံစားမှုနဲ့စူးစမ်းကြတဲ့ ဒီကနေ့အသက် သုံးဆယ်တန်း ရောက်နေပြီဖြစ်တဲ့၊ အဲဒီအချိန်ကလူလားမမြောက်ကြသေးတဲ့ လူငယ်မေးခွန်းရှင်တွေရဲ့ အမေးကို တန်ဘိုးထားလို့၊ လေးလေးစားစားဖြေ
ကြားချင်လို့ပါ ။ အနှစ် နှစ်ဆယ်လုံးငြိမ်မနေခဲ့ကြပါဘူး၊ အခုမှထွက်လာရေးလာကြတာလည်း မဟုတ်ပါဘူး။ ခင်ညွန့်တို့သတင်းစာရှင်းလင်း
ပွဲ ကြောင့် တပြည်လုံးသိခဲ့ကြတဲ့ အချိန်က စပြီး ကိုထိန်လင်းရဲ့ ပထမဦးဆုံးစာ မထွက်မီကာလအထိရေးလာပြောလာကြတာတွေရှိခဲ့ပါတယ်
လို့သိစေချင်ပါတယ်။ အဲဒီမေးခွန်းရှင် အမျိုးအစားထဲမှာ(အထောက်အခံတစ်ခုခု၊ နောက်ခံတစ်ခုခု၊အယူအဆတစ်ခုခုကြောင့်ပဲဖြစ်ဖြစ်)မပါတဲ့
သူများကိုလည်း ကျနော့်အမြင်ကို လေးလေးစားစားတင်ပြပါတယ်။ သဘောကြိုက်ညီမှု၊ကွဲလွဲမှုအတွက်ခံစားချက် စိုးစဉ်းမျှမရှိပါ ။ ”လက်ခုပ်”
နဲ့”ဒုတ်” အပေါ် တုန်လှုပ်မှုကင်းစွာနဲ့ ဒီစာကိုရေးလိုက်ပါတယ် ခင်ဗျား ။
အပေါ်မှာပြောခဲ့တဲ့အတိုင်းပါပဲ၊ ဒီသတင်းစာရှင်းလင်းပွဲဟာ ခင်ညွန့်မြော်လင့်ထားသလိုဖြစ်မလာခဲ့ပါဘူး။ (၈၈)အရေးအခင်းကြီးကိုသူတို့ ဘယ်လိုကောက်ကျစ်ယုတ်မာတဲ့နည်းနာတွေသုံးပြီးဖြိုခွင်းခဲ့သလဲ ဆိုတာတပြည်လုံးကသိနေတော့ သူတို့ဘာပြောပြော၊ ပြည်သူက လုံးဝ
အယုံအကြည်မရှိတော့ပါဘူး။ စစ်တပ်နဲ့ပတ်သက်တာမှန်သမျှ သီချင်းတောင် ”ဒို့ပြေ(ပြည်)ကြီးကို ကာကွယ်မလေ၊ ဒို့မြေကြီးကို ကာကွယ်မလေ ကနေ ဒို့အဖေကြီးကို ကာကွယ်မလေ၊ ဒို့အဖေကြီးကို ကာကွယ်မလေ လို့ပြောင်းဆို၊ မြန်မာ့အသံက စံတော်ချိန်တီးလုံးလာတိုင်း ဗြောင်လိမ့် ဗြောင်လိမ် ဗြောင် ဗြောင်ဗြောင် လို့လိုက်ဆို ပြီး သူတို့ရဲ့မနိုင်၍အောင့်ခံရခြင်း သည်၎င်းကို
ကြိတ်ဖြေနေကြတဲ့အချိန် ၊ စစ်ထောက်လှမ်းရေး တွေဆိုပိုဆိုးတာပေါ့ ခေတ်အဆက်ဆက်ကတည်းက ရာဇဝင်မကောင်းခဲ့တဲ့အကြွေးနဲ့
လောလောလတ်လတ်ကောက်ကျစ်ယုတ်ပတ်မှု လက်ငင်း လုပ်ရပ်ပေါင်းပြီး သွေး၊ပြည်၊ချွဲ၊သလိပ် ၊မစင်ဘင်ပုတ်လို စက်ဆုတ်မှုဒီဂရီအမြင့်ဆုံးတက်နေချိန်နဲ့ တိုးနေတော့ ခင်ညွန့်မြော်လင့်ထားသလိုဖြစ်မလာတာ မဆန်းပါဘူး။ ဆန်းတာက စစ်အစိုးရ လုပ်သမျှ အချိန်ကုန်ခံပြီး စဉ်းစားစရာ၊ဆင်ခြင်စရာမလိုဘူး ဆိုတဲ့ အမြင်နဲ့အဆင်ခြင်မဲ့မုန်းတီးကြခြင်းဖြစ်တယ်။ အဲဒီအကျိုးဆက်က
အမှန်တကယ်ခံစားခဲ့ကြရသူတွေအပေါ်လုံလောက်တဲ့စာနာမှုမျိုးမပေးနိုင်ခဲ့ကြဘူး။ စာနာမှုမဲ့ခဲ့ကြသလိုဖြစ်ခဲ့တယ်။ အမှန်တကယ်အပြစ်မဲ့
စွာ၊ လူမဆန်အောင်ခံစားခဲ့ရတဲ့သူတွေအဖို့ သူတို့ဘဝနဲ့အသက်နဲ့ရင်းပြီး ချစ်ခဲံ့ရတဲ့ လူ့အဖွဲ့အစည်းကြီးက သူတို့ကိုဥပေက္ခာပြု
လိုက်သလိုဖြစ်သွားတယ်။ သူတို့အဖို့ကြေကွဲစရာအကောင်းဆုံးနစ်နာဆုံးရှုံးမှုပါ။ နှစ်ထပ်ကွမ်းဆုံးရှုံးမှုပါ။ သူတို့ရဲ့မိဘ၊မောင်ဘွားများ
ဘယ်လိုခံစားကြရမလဲ ၊ သူတို့အဖြစ်ကိုတမလွန်ကသူတို့သိခဲ့ရင်ဘယ်လောက်ကြေကွဲ ကြလေမလဲ ။ အလွယ်တကူပြောပြီး၊အလွယ်တ
ကူမေ့လေ့ရှိကြတဲ့ ကိုယ်ချင်းစာတရား နဲ့ ကိုယ့်နှလုံးသားကိုယ် တံခါးခေါက်ကြည့်ကြပါ ။ တကယ်နစ်နာသူဘယ်သူလဲ။
ဖြစ်ရပ်တစ်ခုတည်းဟာ၊ အချိန်ကာလဆိုတဲ့ ဘောင်အောက်မှာ တန်ဘိုးပြောင်းတတ်ပါတယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် က သတင်းစာထဲမှာပါခဲ့တဲ့ နှမငယ်လေးခင်ချိုဦးရဲ့ အဖြစ်ဆိုး ဟာ အနှစ် နှစ်ဆယ်ကြာပြီး အခုအချိန်မှာ တစ်ထပ်တည်း ပြန်ပေါ်လာတော့
လိမ်တဲ့သူအပြစ်ထဲ မင်းတို့အသုံးမကျတာလဲ တဝက်ပါတယ်လို့ ဆိုခဲ့သူ ကျနော့် မိတ်ဆွေ က အေးကွာ ၊ ငါက နှစ်ထပ် အလိမ်ခံလိုက်ရတာ တဲ့ ။ သူ့မျက်လုံးတွေ နီဖျင်းဖျင်းနဲ့ မေးကြောကြီးတွေတင်းလို့..

No comments:

Post a Comment