Wednesday, July 18, 2012

ဇာတ်လိုက်ရဲ့သား

ဇာတ်လိုက်ရဲ့သား


by Khine Khine Saw Lwin on Monday, June 18, 2012 at 1:23am ·

ဝဏဇော် ကို ကျမ စပီးသိတော့သူငယ်တန်းတောင် မတက်ရသေးတဲ့ ကလေးလေးတစ်ယောက်။ ကျမသိတဲ့ သူ့နာမည်က ဝဏဇော်ခင်၊ ရုပ်ရှင်မင်းသား ဇော်ခင်ရဲ့သား၊ မောင်နှစ်မ (၂) ယောက်ပဲရှိတယ်။ သူ့အထက်က အမနာမည်က ရတနာဇော်ခင်တဲ့။ မောင်နှစ်မ နှစ်ယောက်စလုံး ကျမထက် အများကြီး အသက်ငယ်ကြပါတယ်။ ကျမ အလယ်တန်းကျောင်းတက်နေတုန်း သူတို့ မိသားစု သုဝဏကို ပြောင်းလာကြပါတယ်။ ရပ်ကွက်ချင်းက ကပ်ရက်။ ရုပ်ရှင်မင်းသားဇော်ခင်ရဲ့ သားသမီးတွေ ဆိုပီး လူတွေ မှတ်မှတ်ထင်ထင် အကြည့်ခံရပါတယ်။ ဝဏရဲ့ အမက နှစ်တန်းလား သုံးတန်းလား မသိပါဘူး၊ အဲဒီလောက်ပဲရှိသေးတယ်။ ကျမတို့ နေတဲ့လမ်းထိပ်က အ.မ.က (၁၆) သုဝဏ မှာကျောင်းထားတယ်။ ကျမတို့ အခေါ် မေမေ့ကျောင်းပေါ့။ အဲဒီကျောင်းမှာ အမေက ကျောင်းဆရာမ၊ အန်တီ ဒေါ်ရီရီခင်က သမီးနဲ့သားကို ကျောင်းဆင်း ကျောင်းတက် အကြို အပို့ အမြဲလုပ်တယ်။ အခုခေတ်မှာတော့ အမေက အကြိုအပို့လုပ်တာ ဆန်းသလားလို့ ထင်ကြမယ်။ အဲဒီတုန်းက သုဝဏဆိုတာ ဝန်ထမ်းမြို့၊ ဝန်ထမ်းတွေကြီးပဲနေတာ၊ ဝန်ထမ်းတွေ ရုံးဆင်းရုံးတက်က ရန်ကုန်မြီု့ထဲကို တစ်နာရီလောက်ကြာအောင် ကားစီးရပါတယ်။ မိဘတွေ အလုပ်သွားနေကြတော့ ကလေးတွေက ကိုယ့်ဘာသာကိုယ် ကျောင်းသွားကြ၊ ပြန်ကြ၊ အဖိုးအဖွားရှိလဲ ကျောင်းနဲ့ ကပ်နေတဲ့ ရပ်ကွက်က ကလေးတွေပဲ နေကြတာဆိုတော့ ဘယ်သူမှလဲ အထူးအထွေ ပို့မနေကြပါဘူး။ ကျောင်းသွားကြဆိုပီး လွှတ်လိုက်ကြတာပါပဲ။ ပြန်ရင်လဲ ကိုယ့်အိမ်နားကလူတွေစုပီး ပြန်လာကြတာပါပဲ။ ဒါ့ကြောင့် အဲဒီခေတ်ကာလ ကတည်းက ဝဏတို့ မောင်နှမကို သူ့အမေက အရိပ်တကြည့်ကြည့်နဲ့ သိပ်ကို ဂရုစိုက်တာပါ။ (ဦး) ဇော်ခင်ကတော့ အဲဒီအချိန်က ထောင်ကထွက်လာပီး ရုပ်ရှင်လဲ မရိုက်ရ၊ ဘာအလုပ်မှမလုပ်ပဲ၊ အရက်ပဲ သောက်နေတာ။ အန်တီဒေါ်ရီရီခင်က သိပ်တော်တာ။ တခါမှ စိတ်ညစ်လို့ ညည်းညူနေတာမတွေ့ရဘူး။ သူ့မျက်နှာက ထုသားပေသားကျနေတဲ့ပုံပါပဲ။ အရပ်ထောင်ထောင်မောင်းမောင်း၊ အသားဖြူဖြူ ရုတ်တရက်ကြည့်ရင် ဘိုမတစ်ယောက် ပုံစံ၊ မျက်နှာက အေးဆေးတည်ငြိမ်ပီး အေးချမ်းတယ်။ ဘယ်လောက်အပူတွေများများ ပျာယာခပ်နေတာ၊ စိုးရိမ်နေတာ သူ့မျက်နှာမှာမတွေ့ရဘူး။ (ဦး) ဇော်ခင်ကတော့ တနေကုန်သောက်လိုက်၊ မိုးလင်းမိုးချုပ်သောက်နေတာတောင် လုံးဝ ရုပ်ရည်က ပျက်မသွားဘူး။ စမတ်ကတော့ အကျပဲ။ ကောင်းဘွိုင်ဦးထုပ်နဲ့ ဂျင်းဘောင်ဘီဝတ်လို့ ရင်ဘတ်က ကျယ်သီး မတပ်ပဲ ဟပြဲဝတ်လို့ ၊ လမ်းပေါ်မှာ လျှောက်သွားနေတာ အမြဲလိုလိုပါပဲ။ တွေ့တဲ့လူက သနားပီး ပိုက်ဆံပေးလိုက်ရင် အရက်ဆိုင်သွားတော့တာပါပဲ။ အိမ်ရဲ့စားဝတ်နေရေးအတွက် တယောက်ထဲ ရုန်းကန်နေရတဲ့ အန်တီဒေါ်ရီရီခင်ဟာ သားသမီးတွေ ပညာရေးကို လုံးဝ ပစ်မထားဘူး။ ကလေးတွေကို အဖေက မကြည့်နိုင်ပဲ အရက်ထဲသာ အာရုံနစ်နေတာကို အမေတစ်ယောက်အနေနဲ့ ကြိုးစားပီး ဖြည့်ပေးရှာတယ်။ အဖေက ဂိုက်ဆိုက်ကျပီး စတိုင်ကျတဲ့ ရုပ်ရှင်မင်းသား၊ အမေကလဲ ချောချောလှလှ ဆိုတော့ ဝဏတို့ မောင်နှမနှစ်ယောက်စလုံးဟာ သိပ်ကိုချောကြပါတယ်။ ဝဏက အမေတူ ဖြူဖြူနဲ့ ဘိုဆန်တဲ့ရုပ်ကလေးနဲ့ အမကတော့ အဖေတူပီး ညိုညိုချောချော။ မောင်နှမနှစ်ယောက်က တစ်ယောက်တစ်ပုံစံစီနဲ့ချောကြတယ်။ သူတို့ကို ကြည့်လိုက်ရင်လဲ အမြဲအေးချမ်းနေတယ်။ သူတို့ အမေပုံစံမျိုးပဲ။ အဖေ အရက်သောက်နေလို့ လမ်းဘေး လျှောက်သွားနေလို့ စိတ်ညစ်နေတာမျိုး စိတ်ပျက်နေတာမျိုး မတွေ့ရဘူး။ ဘဝကို နားလည်ပီး အေးအေးချမ်းချမ်းပဲ နေကြတာ။

၁၉၈၈ခုနှစ်၊ ဇွန်လမှာ ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားတွေဆန္ဒပြတဲ့အတွက် တက္ကသိုလ်ကျာင်းတွေ ပိတ်လိုက်ပါတယ်။ အခြေခံပညာကျောင်းတွေကတော့ ဖွင့်ထားတယ်။ မပိတ်သေးဘူး။ အဲဒီမှာ ၈ရက် ၈လမှာ လူထုဆန္ဒပြပွဲလုပ်မယ်၊ တစ်နိုင်ငံလုံး ပြည်သူလူထု ဆန္ဒဖော်ထုတ်မယ်။ စသဖြင့် ကျောင်းတွေမှာ လမ်းတွေမှာ စာတွေကပ်၊ သတင်းတွေကလည်း မျိုးစုံ ထွက်နေဘီ။ ဩဂုတ်လ(၈) ရက်နေ့မှာ ကျမအမေက ကျောင်းသွားရတယ်၊ အမေက အဲဒီအချိန် ကျောင်းအုပ်ဖြစ်နေဘီ။ အိမ်နားက ကျောင်းမှာမဟုတ်တော့ဘူး။ အဲဒီတော့ ဘာဘာညာညာ အသံကြားရင် ၇တန်းတက်နေတဲ့ အငယ်ဆုံးမောင်လေးနဲ့ ၉တန်းတက်နေတဲ့ ညီမကို ကျောင်းသွားကြိုဖို့ ကျမကိုတာဝန်ပေးထားခဲ့တယ်။ ကျောင်းလွှတ်ချိန်တောင် မရောက်သေးပါဘူး။ ၁၁နာရီလောက်ပဲ၇ှိအုန်းမယ်၊ တရုန်းရုန်းနဲ့ အသံကြားလို့ လမ်းမထွက်ကြည့်တော့ မိဘတွေ အပြေးအလွှား သွားနေကြပါတယ်။ မေးကြည့်တော့ ကလေးတွေ ပါသွားကြဘီတဲ့။ ချီတက်သွားကြဘီတဲ့၊ ဘယ်ကိုလဲဆိုတော့ မသိဘူးတဲ့။ ကျမလဲ ကျောင်းအထိ မလိုက်တော့ပဲ လမ်းထိပ်ကပဲစောင့်နေလိုက်တာ တအောင့်နေတော့ ၇တန်းမောင်လေး စိုက်စိုက်နဲ့ ရောက်လာတယ်။ မဆွေကောဆိုတော့ ပါသွားဘီတဲ့။ လိုက်မနေနဲ့ မမှီနိုင်ဘူး၊ သူတောင် လိုက်သွားတာ၊ သုဝဏ လမ်းဆုံရောက်မှ ကားတွေလူတွေ ပိတ်နေလို့ ရှေ့ဆက်မတိုးတာနဲ့ ဘိုက်ဆာလို့ ပြန်လာတာတဲ့။ နောက်တချို့မိဘတွေက သူတို့သားသမီးတွေကို ငိုယိုပီးလိုက်ခေါ်နေတာ စိတ်ညစ်စရာ၊ လူသေတာကြနေတာပဲ။ အဲဒါ လမ်းဆုံမှာ ရှုပ်ယှက်ခပ်နေလို့ ပြန်လှည့်လာတာတဲ့။ သူက ငယ်လဲငယ်သေးတော့ အိမ်ပြန်ထမင်းစားတဲ့ သူ့ကိုကြည့်ပီး ရီရသေးတယ်။ အမေက ဖုန်းဆက်တော့ တစ်ယောက်တော့ လိုက်သွားဘီဆိုတော့ ဘာမှတော့ မပြောဘူး။အငယ်ကောင်ကို ဘယ်မှထပ်မထွက်စေနဲ့လို့ပဲ မှာလိုက်တယ်။ ညနေ အမေကျောင်းကဆင်းလာပီး ညီမကို လိုက်စုံစမ်းတော့ သူတို့ သမဂဖွဲ့ဖို့ လုပ်နေတယ် မအားဘူး၊ အိမ်ပြန်မလိုက်နိုင်ဘူးကြဘူးဆိုပီး အတွေ့မခံကြဘူး။ ညမိုးချုပ်တော့မှ သူတို့ အစည်းအဝေးလုပ်နေတဲ့ အိမ်ကို လိုက်သွားရတယ်။ အဲဒီအိမ်က ဆရာဦးအောင်ကျော်မိုးအိမ်( ခင်ငြိမ်းသစ်- မိုးကလျာရဲ့ ဖေဖေ) ရဲ့အိမ်လို့ နောက်မှ သိရတယ်။ အဲဒီမှာ ဝဏကို တွေ့ရတာပါပဲ။ ဝဏက အဲဒီအချိန် အထက်တန်းကျောင်းသား (။ ၉တန်း)ပဲရှိသေးတာ။ အဖြူအစိမ်းလေးနဲ့ တကယ့်ကို ငယ်ငယ်ပဲရှိသေးတာ။ ဒါပေမယ့် သူ့မျက်နှာက တက်ကြွနေတာကိုတွေ့ရတယ်။ သူမူလတန်းကျောင်းသားအရွယ်မှာ တွေ့ဘူးပီး၊ နောက်ကိုယ့်ကျောင်းကိစ္စနဲ့ ၊စာတဖက်နဲ့ မို့ သတိမထားမိပဲ အခုမှ ပြန်တွေ့မိတာ။ နောက်ပိုင်း ကျောင်းသားဆန္ဒပြပွဲတွေမှာသူပါတာ။ အကသ မှာ တက်ကြွစွာလုပ်နေတာတွေ ကြားနေရ ပီး စစ်တပ်အာဏာသိမ်းတော့ ဘယ်တွေ ရောက်သွားကြမှန်းမသိပဲ အဆက်ပြတ်ကုန်ကြပါတယ်။ သူတို့ သုဝဏကပြောင်းသွားတယ်ဆိုတာတောငိ မသိကြပါဘူး။ ကိုမောင်မောင်( ကရဝိတ်) ရဲ့ကြိုးပမ်းချက်ကြောင့် မိဘတွေဆီ စာရောက်လာတော့မှ ကျမမောင် ကိုရဲနဲ့ အတူ မြောက်ပိုင်းမှာ အဖမ်းခံထားရတယ်ဆိုတာသိရတော့တယ်။ ကျမသိသလောက် တကယ့်ကျောင်းသားစစ်စစ်၊ စိတ်ဓါတ်တက်ကြွတဲ့ ကျောင်းသားသမဂဝင် ကျောင်းသားတစ်ယောက်ပါ။ မောင်မောင်ကြွယ်ကလဲ အ.ထ.က သုဝဏကပါပဲ၊ သူတို့ မောင်မောင်ကြွယ်တို့က အထကသုဝဏကျောင်းကပါ။ တကယ့်ကို နုနယ်တဲ့ ကလေးအရွယ် ကျောင်းသားလေးတွေပါပဲ။ အသက်(၁၅)နှစ်အရွယ် ကိုးတန်းကျောင်းသားကလေးက ဘယ်လိုလုပ်ပီး စစ်ထောက်လှန်းရေး ဖြစ်နိုင်ပါ့မလဲ။

မြောက်ပိုင်းမှာ ထောက်လှန်းရေးလို့ စွပ်စွဲပီး ရိုက်နှက် နှိပ်စက်တာခံရတာတွေကြားရတော့ မောင်နှမချင်းကိုယ်ချင်းစာရသလို သူ့အမေဖြစ်တဲ့ အန်တီဒေါ်ရီရီခင်ကို မျက်စိထဲပြေးမြင်မိပါတယ်။ သူ့သားလေးတွေကို ရိုက်ဖို့နေနေသာသာ မျက်နှာထား မာမာထန်ထန်တောင် စကားပြောတာမဟုတ်တော့ ဘယ်လောက်ခံစားလိုက်ရမလဲ တွေးကြည့်မိပါတယ်။ အင်မတန်နှမြောစရာ ကောင်းလှပါတယ်။ ဝဏနဲ့ဘိုဘိုကို အန်တီဒေါ်မြင့်မြင့်ကြည်က ဒုတိယအကြိမ်ထပ်သွားခေါ်တဲ့အခါမှာ ပြန်ထဲ့ပေးလိုက်ပါတယ်။ ကိုရဲတို့ ထွက်ပြေးလို့ရအောင် အချိတ်အဆက်တွေ လုပ်ပေးထားခဲ့ပါတယ်။ ဒါပေမယ့်လွဲချော်ပီး ကိုရဲနဲ့ နောက်နှစ်ယောက်က ဗန်းမော်မှာ အဖမ်းခံနေရပါတယ်။ ဒါကို အိမ်ပြန်ရောက်လောက်ဘီထင်ပီး အန်တီဒေါ်ရီရီခင်နဲ့အတူ အိမ်ကိုရောက်လာပီး ခြံဝမှာကတည်းက ကိုရဲရေ ကိုရဲရေ လို့ တကြော်ကြော် အော်ခေါ်ပီးဝင်လာခဲ့ပါတယ်။(မြောက်ပိုင်းဒေသမှ အရိုးတွန်းသံများကြောင့်နိုးထလာသော နှလုံးသားပုံရိပ်တစ်ခု. ဆောင်းပါးမှာ ဖော်ပြထားပီး)။ ကိုရဲပြန်မရောက်သေးမှန်း သိသွားတဲ့အခါ မျက်သိမျက်နှာပျက် ပီးစိုးရိမ်သောကတွေကြားကပဲ ကျမအမေကို အားပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုသိရလို့လည်း မြောက်ပိုင်းကနေ ထွက်ပြေးလာပီဆိုတာ အိမ်ကသိရတာပါ။ ဒါ့ကြောင့်လဲ ဗန်းမော်မှာစစ်တပ်က ဖမ်းထားတာတာကို စုံစမ်းသိရပီး ကျမတို့ကလေးတွေ နှိပ်စက်ခံရလို့ ထွက်ပြေးလာတာကို ဖမ်းထားပါတယ်ဆိုပီး တင်ပြတော့မှ ( အရင်ကတည်းကလည်း မြောက်ပိုင်းကို မိဘတွေ သွားပီးခေါ်ထားတာ၊ ပြန်မထဲ့ပေးတာ တွေကို သိရှိပီးလဲ ဖြစ်တဲ့အတွက်) ပြန်လွှတ်ပေးလိုက်ပါတယ်။ အဲဒီ ၁၉၉၃ မတ်လကတည်းက မတွေ့ရတော့တဲ့ ဝဏကို ကိုရဲရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တွေ့လိုက်ရပါတယ်။နုနယ်လှပီး ရုပ်ရှင်မင်းသားတမျှ ချောမောလှတဲ့ ဝဏကို ဟုတ်ပါ့မလား၊ ဒါဝဏမှ ဟုတ်ရဲ့လားလို့၊ ထပ်ခါတလဲလဲကြည့်ရင်း သူ့ရဲ့ ငယ်ဘဝလေးကို သတိရစွာ၊ စိတ်မကောင်းခြင်းများစွာနဲ့ ရေးမိရပါတော့တယ်။

· · · Share

No comments:

Post a Comment