Saturday, July 7, 2012

မိုးမခ အလွမ်း
















by Soe Lynn on Wednesday, February 22, 2012 at 2:49am ·
ထူးထူးခြားခြား

တောင်ကနေ မြောက်ကိုသွားတဲ့

မြန်မာပြည်ရဲ့ သမီးပျိုတစ်ပါးဟာ

သူမဖြစ်တယ်။



သူမရဲ့ ရင်ခွင်မှာ

မိုးမခပင်တွေဟာ

အတောင်အလက်ကဗျာ

ဝေဆာလိုက် ခြောက်သွေ့လိုက်နဲ့

ရာသီစရိုက်ကို ဖွဲ့ခဲ့ကြတယ်။



သူမရဲ့ ခြေရင်းမှာ

သဘာဝရဲ့ ရင်သွေးငယ်တွေဟာ

အိပ်မက်တွေ ထုဆစ်ပုံဖော်

သံစဉ်တွေ ရေလောင်းပေါင်းသင်

ဝေဟင်ကို ဆွဲဖွင့် ခုန်တက်

ကောင်းကင်မေမေလည်း သာခဲ့တယ်။



သူမရဲ့ ဘေးနှစ်ဖက်မှာ

မတူတဲ့ သမိုင်းနှစ်ရပ်ရှိတယ်

ရေမကွဲပေမဲ့

လေ ကွဲတယ်။



သူမရဲ့ ဒိုင်ယာရီမှာ

ရာသီလှိုင်းတွေပါတယ်

မိုးမခကိုင်းတွေပါတယ်

မြရွက်စိုတဲ့

ဘ၀တက္ကသိုလ်ပါတယ်

အနာဂတ်ရည်မှန်း

ပျံသန်းတဲ့ ငှက်တွေပါတယ်



သူမဟာ

လရောင်ကို နမ်းဖူးတယ်

မိုးမခကို ဖမ်းဖူးတယ်

သူရာရည်ကို ယစ်ဖူးတယ်

အင်္ကျီဖြူကို ချစ်ဖူးတယ်။



သူမဟာ

အရုဏ်ဦးကို ဆုံဖူးတယ်

ပဋိပက္ခကို ကြုံဖူးတယ်

နောက်ဆုံး အိပ်မက်ကို မက်ဖူးတယ်

ဟသာင်္ကိုးသောင်းဇာတ်ကို ဖတ်ဖူးတယ်။



သေချာတယ်

သူမကို

မိုးမခပင်ပျိုတွေက

မိခင်အမှတ်ချစ်တယ်

သူမဟာ

မိုးမခပင်ပျိုတွေရဲ့

ကြည့်ချင်ဇာတ်ဖြစ်တယ်။

(၆-၆-၉၆)

No comments:

Post a Comment