Showing posts with label မခင်ရွှေလှိုင်. Show all posts
Showing posts with label မခင်ရွှေလှိုင်. Show all posts

Monday, February 4, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁၁)


by Tamar Khin on Monday, February 4, 2013 at 9:54pm ·

သက်ဆိုင်သူများသို့

အမှန်တရားကို ဉီးဆောင်ဖော်ထုတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့  ကိုထွန်းအောင်ကျော် (အမေရိက) ကလည်း  တော်လှန်ရေးဘက်ကနေကြည့်ရင် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှူ့ ဖြစ်စဉ်ကြီး တခုကို ထောင့်စေ့အောင် မလေ့လာရသေးပဲနဲ့ နန်းအောင်ထွေးကြည်ရဲ့ တရားကိုသာနာပြီး ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမဲ့အစား တောထဲမှာ လက်နက် ကလေးတွေ လက်ထဲမှာရှိလာတော့ “အာဏာရူးပြီး” ဖြစ်ခဲ့ကြတာလို့ လူပြိန်းအကြိုက် အလွယ်အတွေးမျိုးနဲ့ တဘက်သတ်ကြီး ဆိုနေပါလား။

ကာကွယ်စောင့်ရှောက်စရာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးတွေကော ရှိနေပြီလား။ ကိုထွန်းအောင်ကျော်ကိုယ်တိုင်တောင် အမေရိကရောက်မှ အဲဒီအရသာ စပြီးခံစားခဲ့ရတာ မေ့သွားလို့ဖြစ်ရမယ်။ ၽ

မြောက်ပိုင်းအကြောင်းကို ပြန်ပြောရင် နေရာနဲ့အချိန်ကာလကိုလည်း ထည့်တွက်ဖို့ လိုပါ တယ်။ အသက်တွေက ဆယ်ကျော်သက်နှစ်ဆယ်ကျော်ပတ်ဝန်းကျင်၊ အမှန်တရားနဲ့ တရား မျှတမှု့အတွက် မိဘတွေရဲ့ခံစားမှု့ကို  လစ်လျူရှူ့နိုင်ကြ ရုံတင်မက ကိုယ့်အသက်တောင် ကိုယ်မနှမျှောကြတဲ့ စိတ်အနေအထား။ အမှန်အတိုင်းဝန်ခံရရင် အဲဒီအချိန် ကျမကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအကြောင်းလာမေးရင်  ဖတ်ခဲ့ဖူးတဲ့စာအုပ်ထဲကစာတွေ သူများ အထင်ကြီး လိုကြီးငြား ပြန်ရွတ်ပြရုံကလွဲရင် (ဒါမှမဟုတ်) သူများစကားကို ကိုယ့်စကားလုပ်ပြီး ပြန်ပြောပြ တတ်ရုံကလွဲလို့   မြောက်ပိုင်းရဲဘော်အများစုဟာ ကာကွယ်ဖို့ စောင့်ရှောက်ဖို့ အသာထားအုံး  ယနေ့ချိန်ထိ ဒီမိုကရေစီတို့ လူ့အခွင့်အရေးတို့ဆိုတာ  ချိုသလား ငန်သလား မပြောနဲ့ ဉက္ကဌ ဟောင်းကြီးဖြစ်ခဲ့တဲ့ ကိုထွန်းအောင်ကျော်လို မြည်းကြည့်ခွင့်လေးတောင် မရခဲ့ကြသေးပါဘူး။

စော်ကားတာတော့ မဟုတ်ပါဘူး အမှန်တကယ် သိချင်လို့မေးကြည့်တာပါ။ ကိုထွန်းအောင် ကျော် နိုင်ငံခြားကို ဘယ်နှစ်ခုနှစ်က ရောက်သွားခဲ့တာပါလဲ။ ရှေ့တန်းစစ်မြေပြင် ဘယ်နှစ်ခါ ရောက်ဖူးခဲ့ပါသလဲ။ မျက်စေ့ရှေ့မှာတင် ကျဆုံးသွားတဲ့ ရဲဘော် ဘယ်နှစ်ယောက်လောက်ကို မြင်တွေ့ဖူးခဲ့ပါသလဲ။ ဆန်ဂိုဒေါင်တွေ ရန်သူ့လက်ထဲရောက်သွားလို့ အားအင်ကုန်ခမ်းငတ်ပြတ် ဖျားနာပြီး ဗဟိုတောင် ပြန်မရောက်တော့ပဲ လမ်းခရီးစခန်းမှာတင် ရဲဘော်တွေ တယောက်ပြီး တယောက်ချခဲ့ရတဲ့ အသုဘမျိုးကော ကြုံခဲ့ဖူးပါသလား။

အခုတာဝန်ရှိလို့ပါ ပြောနေတဲ့သူတွေရဲ့အသံတွေ အဖွဲ့အစည်းရော ရဲဘော်တွေပါ အခက်အခဲတွေ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရုန်းကန်နေခဲ့ရချိန်က ချောင်းဟပ်သံလေးတောင် ရဲဘော်တွေ မကြားခဲ့ကြရတာ အဲဒီအချိန်က အိပ်ပျော်နေခဲ့ကြပါသလား။ ဘယ်လိုပဲဖြစ်ဖြစ် ဖြတ်သန်းခဲ့တဲ့ အောက်ခြေက ရဲဘော်တွေကတော့ တာဝန်ရှိပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများကို မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ ဘဝတသက်တာလုံးအတွက်ကို အမှတ်တရရှိနေကြပါလိမ့်မယ်ဆိုတာတော့ ယုံပါ။ ။ ကျမက အေဘီဉက္ကဌလည်း မဖြစ်ခဲ့ဘူးသလို ဘယ်ဉက္ကဌကိုမှလည်း မဲမပေးခဲ့ဘူးတဲ့အပြင် ဉက္ကဌကတော်ဘဝနဲ့လည်း  ဘယ်လိုပွဲမျိုးကိုမှ မတက်ရောက်ခဲ့ပါ။ မခံစားတတ်လို့ပါ။

ရဲမေဘဝနဲ့တော့ ကိုထွန်းအောင်ကျော်ကို မေးခဲ့တဲ့အရာတွေ အကုန်လုံးကို ကျမကြုံခဲ့ဖူး ပါတယ်။ ကျမရေးခဲ့တဲ့ဆောင်းပါးတွေထဲမှာ ရေးရင်းနဲ့ပတ်သက်ခဲ့တဲ့သူတချို့ကို ကျဆုံးဆိုပြီး ကွင်းစကွင်းပိတ်တွေနဲ့ ပြထားတာကိုပဲ ရေတွက်ကြည့်ပါ။ ဒါရေးနေတဲ့အကြောင်းနဲ့ တိုက်ဆိုင် လို့ ထည့်သုံးခဲ့တဲ့နာမည်တွေပဲ ရှိပါသေးတယ်။

မြန်မာနိုင်ငံဆိုတာ ဒါမျိုးဟေ့ဆိုပြီး လက်တွေ့သက်သေပြနေတဲ့ ရခိုင်အရေးအခင်းကကော အောက်ခြေမှာ ဘာအာဏာ ဘာစည်းစိမ်မှမရှိပဲ ခံပြီးရင်းခံနေရတဲ့ ဆင်းရဲဒုက္ခရောက်နေသူ ဘဝတူအချင်းချင်း အဲဒီလောက် ရက်ရက်စက်စက် အပြန်အလှန် သတ်ဖြတ်နေကြတာ အာဏာရူးနေကြတာလို့ သတ်မှတ်လို့ ဖြစ်ပါ့မလား။ တကယ်တမ်း အာဏာရူးနေကြတာက ဘယ်သူတွေပါလဲ။

မြောက်ပိုင်းက ခေါင်းဆောင်တွေက အာဏာရူးဖို့နေနေသာသာ ကိုထွန်းအောင်ကျော်လို နိုင်ငံခြားမပြောနဲ့ ဗဟိုမှာတောင် ကြာကြာဇိမ်နဲ့ နပ်နေကြတာ မဟုတ်ပါဘူး။ အမြဲတမ်း ရှေ့တန်းစစ်မြေပြင်မှာ ရန်သူနဲ့ နှပမ်းလုံးနေခဲ့ကြတာ။ အဲဒီလောက်တိုတောင်းတဲ့ ကာလလေး တခုအတွင်းမှာကို ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့ တိုက်ပွဲပေါင်း ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါ နွဲခဲ့ကြသလဲဆိုတာပဲ စာရင်းကောက်ကြည့်လိုက်ပါ။ အချောင်သမားတွေ မဟုတ်ခဲ့ကြသလို နာမည်ခံရုံသက်သက် လုပ်ခဲ့တဲ့သူတွေ မဟုတ်ခဲ့ကြတာကတော့ အသေအချာပါပဲ ။

ဘာမှမလုပ်ခဲ့သူတွေအတွက်  ဘာအမှားမှ မရှိခဲ့ကြလည်း ဂုဏ်ယူစရာတော့ ဟုတ်မယ်မထင်ပါဘူး။ ကျမ သိသလောက်တော့ အာဏာရူး ဆိုတာမျိုးက “ဘယ်သူသေသေ ငတေမာ ရင်ပြီး ရော” အသက်စွန့်လုပ်ဖို့ ဝေးလာဝေး။ သူတို့စည်းစိမ်ကိုတောင် သူတို့စွန့်ရဲ လုပ်ရဲကြတာမျိုး မဟုတ်ပါဘူး။ ကျမ သိတာမှားနေရင် ပြင်ပေးပါ။

ဒါတွေကို အစအဆုံးသိပြီး တာဝန်ခံခဲ့တဲ့ မေးမြန်းလာတဲ့သူတွေရှိရင် သက်သေပြနိုင်ဖို့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုကျော်နိုင်ဉီး၊ ကိုခင်မောင်ဇော် ၊ ကိုရဲလင်း၊ ကိုမိုးကြီးတို့ကို မသတ်ပဲ ချန်ထားခဲ့တဲ့ ကိုမျိုးဝင်းကလည်း ကံကောင်းတာလား ကံဆိုးတာလားမသိ (အဲဒီလိုမဖြေရှင်းနိုင်တော့အောင်ကို) ရှေ့တန်းတိုက်ပွဲမှာ ကျည်ဆံက (နှလုံးသားတဲ့တဲ့ကိုမှ) မှန်သွားခဲ့တာ။ ရှေ့တန်းမှာ ကျဆုံးသွားခဲ့ရလို့ ပြန်လည် ဖြေရှင်းခွင့်မရ၊

ကိုသံချောင်းကလည်း မျက်လုံးတဘက်၊ လက်တဘက်ပေးခဲ့ရတဲ့အပြင် ထောင်ထဲမှာ သေဒဏ် ငါးထပ်ကွမ်းနဲ့  ရဲဘော်တွေ အခေါ်  “ပဲလှော်၊ ပဲကြော်”ဆိုတဲ့ ချစ်စရာ သမီးငယ် လေးနှစ်ဉီးရဲ့ ဖခင် လူထဲကလူတဉီးဆိုရင်လည်း မမှားပါဘူး။ နောက်ထပ်သေဒဏ်တထပ် ထပ်တိုးလည်း ဘာမှ ထူးနေမှာမဟုတ် အသက်က တချောင်းပဲ ရှိတာ။ လူတယောက်ရဲ့ ယျေဘူယျအသက်က ရှိနိုင်ရင် ( ၆၅-ရဝ ) ပေါ့။ (၁၀)နှစ်က ကလေးဘဝ၊ နောက်ထပ်(၁၀)နှစ်က ကျောင်းသားဘဝ၊ (၁၈)နှစ်က သူပုန်ဘဝ၊ (၇)နှစ်က ထောင်နန်းစံဘဝ လူ့သက်တမ်းရဲ့ သုံးပုံနှစ်ပုံလေးပဲ ကုန်သေးတာ နောက်ထပ် ထောင်ထဲဆက်နေဖို့နှစ်တွေ အများကြီးပဲ ကျန်ပါသေးတယ် ။ ပြန်မခံလိုက်ရမှာ စိုးရိမ်ပူပန်နေကြသူများ စိတ်ပူနေစရာကို မလိုတော့တဲ့  ကြည်နူးနှစ်သိမ့်ဖွယ်ရာ ဘဝမျိုးလေးနဲ့ ပါ။

လွတ်လွတ်လပ်လပ် ဖြေရှင်းခွင့်မရတဲ့  ဘဝတူရဲဘော်တွေဆီကနေ ဒီအပြင် နောက်ထပ် ဘာတွေများ ထပ်လိုချင်နေကြတာပါလိမ့်။ ဒါ အမှန်တရားကို ဖော်ထုတ်နေကြတာလား။ ဒါလား တရားမျှတမှု့နဲ့ တရားဉပဒေ စိုးမိုးရေး။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့သာ အသက်ရှင်လျှက် လွတ်လွတ်လပ်လပ် ပြန်လည်ခုခံခြေပနိုင်တဲ့ အနေအထားမျိုးမှာ ရှိနေခဲ့ရင် ကျမ ဒီစာတွေ ရေးနေစရာအကြောင်း မရှိဘူး။ သူတို့အမှားအတွက် အမှန်တကယ်တရားမျှတတဲ့ တရားရုံးအဆုံးအဖြတ်နဲ့ (စစ်အစိုးရအောက်က မတရားရုံးကို မဆိုလို) သူတို့ ကြိုးစင်တက်ကြရင်တောင် အသေအချာ ကျမ သွားကြည့်အုံးမှာ။ (ကိုအောင်နိုင် ဘာကြောင့် မတားမြစ်ခဲ့တာလဲ၊ ဒါတွေကို သူဘာကြောင့် ယုံကြည်လက်ခံခဲ့လဲဆိုတဲ့ကိစ္စက အသက်ရှင်လျှက်ရှိ နေဆဲ ကိုအောင်နိုင် ဖြေရှင်းရမဲ့ကိစ္စ။)

အခုဟာက ကျဆုံးသွားလို့ ခုခံခြေပခွင့်မရတဲ့ သူအပေါ် ၊ လွတ်လွတ်လပ်လပ်ခြေပခွင့်မရတဲ့ ရန်သူ့လက်ထဲထောင်ကျနေတဲ့ သူအပေါ် သွေးဆာနေတဲ့ ဘီလူးကြီးတွေ သရဲသဘက်ကြီးတွေ အာဏာရူးကြီးတွေအဖြစ် နန်းအောင်ထွေးကြည်ရဲ့လေသံကို နင်းပြီး  ပုံဖော် ပြောနေ  ရေးနေ ကြတာတွေကို လုံးဝလက်မခံနိုင်သလို  ဒီအတွက် မြောက်ပိုင်းဗဟိုကော်မတီသာမက မြောက်ပိုင်းရဲဘော်ရဲမေအားလုံးမှာ တာဝန်ကိုယ်စီရှိတယ်လို့ပဲ ရိုးရိုးနဲ့ရှင်းရှင်း ကျမမြင်တယ်။ ကျမတို့ မြောက်ပိုင်းရဲဘော်ရဲမေ တွေအားလုံး မဖြစ်မနေ မျက်နှာချင်းဆိုင်ကိုစုဆုံ ဖြေရှင်းနိုင်မှသာ  တကယ့်အမှန်တရားကို ရှာတွေ့နိုင်မဲ့ကိစ္စတခုလည်း ဖြစ်ပါတယ်။ (ထောင်ထဲမှာရှိနေတဲ့ ကိုသံချောင်းကလည်း မျက်နှာချင်းဆိုင်စုစုံရှင်းဖြေရှင်းနိုင်ဖို့ တောင်းဆိုခဲ့ပေမဲ့ တောင်းဆိုလို့ မရဘူးလို့ ကြားရပါတယ်။)

ကိုအောင်မိုးဝင်းရေးခဲ့တာက ခံရသူတွေဘက်က ဖြေရှင်းမယ်ပြောနေတာပဲ ခေါင်းဆောင်ကြီးများက ထွက်မှ မလာရဲတာတဲ့။
ကဲ ခေါင်းဆောင်ကြီးများအပါအဝင် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး တယောက်မကျန် တာဝန်ကိုယ်စီ ရှိကြတယ်။ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ဖြေရှင်းကြမဲ့ နေရာလေးတွေကို ရွေးကြရအောင်။

စာတွေအပြန်အလှန်ရေးပြီး ဖေ့ဘုတ်ပေါ်ကနေ  ဗွီလိင်အပြောတွေနဲ့ တဘက်နဲ့ တဘက် ရန်ဖြစ်ပြီး ရှင်းကြမလား။ တပြည်လုံးကြားအောင် လေလှိုင်းပေါ်ကကနေ သံပြိုင် အော်ဟစ် ရှင်းကြမလား။ အယောက်စေ့တိုင်း အင်တာဗျူးလုပ်ပြီး ရှင်းကြမလား။ ကိုယ့်သမိုင်းနဲ့ ကိုယ့်ကဏ္ဍ ဆိုပြီး စာစီစာကုံးလေးတွေ တယောက်ချင်း ရေးရှင်းကြမလား။ တဘက်နဲ့တဘက် သတင်းစာရှင်းလင်းပွဲတွေ ချိန့်ချိန့်သဲကျင်းပပြီး အပြန်အလှန် စွပ်စွဲ အပုတ်ချရင်း  ရှင်းကြ မလား။ ဒါမှမဟုတ်၊

အထဲကလူတွေ အကုန်ထွက်လာကြပြီး ကိုအောင်နိုင်ရှိတဲ့ထိုင်းနယ်စပ်မှာ ရှင်းကြမလား။  အပြင်မှာရှိနေတဲ့လူတွေအားလုံး အထဲပြန်ဝင်ပြီး ကိုသံချောင်းရှိတဲ့ သာယာဝတီထောင်မှာ သွားရှင်းကြမလား။  ကိုလှဆိုင်းရှိတဲ့ စစ်ဖြစ်နေတဲ့ မြောက်ပိုင်းကချင်မှာပဲ ပြန်စုံ ရှင်းကြမလား။ ဒါမှမဟုတ် ကိုထွန်းအောင်ကျော်တို့ ကိုမျိုးဝင်းတို့ရှိတဲ့ မြောက်ပိုင်း တောထဲက မြေပုံလေးတွေ မှာ  တိုင်တည်ကြရင်းနဲ့ပဲ ဖြေရှင်းကြမလား။

ဘယ်သူတွေက အဆုံးအဖြတ်ပေးတဲ့ တရားသူကြီး လုပ်ကြမှာလဲ။ ဘယ်သူ့ရှေ့မှာ သွားရှင်း ကြရမှာပါလဲ။ အဆုံးအဖြတ်ပေးမဲ့ တရားသူကြီးက စစ်အစိုးရပဲလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးဖြတ်ပေးနိုင်တဲ့ တရားသူကြီးတွေလို့ ထင်မှတ်ပြီး ထင်ကြီးတလုံးနဲ့ လုပ်နေပြောနေကြ သူတွေ ရှေ့မှာပဲ ရှင်းကြရမှာလား။ ဒါမှမဟုတ် မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံး နိုင်ငံခြားကို ရောက်ဖူးသွားတယ်ရှိအောင် လေယာဉ်ပျံကြီးစီးပြီး နိုင်ငံတကာခုံရုံးမှာပဲ သွားရှင်းကြမလား။

ကဲ ရွေးကြပါ ဖြေရှင်းပုံ ဖြေရှင်းနည်းနဲ့ ပါဝင်ခဲ့တဲ့ မြောက်ပိုင်းရဲဘော်ရဲမေအားလုံး မျက်နှာချင်းဆိုင်စုဆုံဖြေရှင်းနိုင်မဲ့ နေရာလေးတွေကို။

ပါဝင်ခဲ့ကြသူတွေအားလုံး မျက်နှာချင်းဆိုင်ကို စုဆုံပြီး ပြည်သူလူထုရှေ့မှာ ဖြေရှင်းကြမှ ရနိုင်ဖြစ်နိုင်မဲ့ ကိစ္စကြီးတခုပါလို့ ကျမ အကြိမ်ကြိမ် ရေးခဲ့ပြီးပြီ။ အဲဒီအတွက် လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ အနေအထားတခု မရှိမဖြစ် လိုအပ်ပါတယ်။ ထောင်ကျနေတဲ့ ကိုသံချောင်း၊ စစ်ထောက်လှမ်းရေးတွေရဲ့ ကာကွယ်စောင့်ရှောက်မှု့အောက်မှာ ရောက်နေတဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကရော ဒီလိုအခြေအနေအောက်မှာ ထွက်ရှင်းခဲ့ရင်တောင် ဘာသံတွေပဲ ထွက်လာနိုင်သလဲ စောင့်သာ နားထောင် ကြည့်ကြပါ ။ ဖက်စစ်တွေကို ပြည်သူ လူထုတရပ်လုံးက တွန်းလှန်တော်လှန်ခဲ့တဲ့ လူထုတော်လှန်ရေးနေ့တောင် တပ်မတော်နေ့ ဖြစ်သွားရသေးတာပဲ။ ဒီလောက်ကတော့ စစ်အစိုးရအတွက် ပျင်းတောင်ပျင်းသေးတယ်။

အုံနဲ့ကျင်းနဲ့ဖြစ်ခဲ့တဲ့ကိစ္စတခု။ တယောက်တည်း နှစ်ယောက်တည်း လုပ်ခဲ့ကြတဲ့ကိစ္စတွေလည်းမဟုတ်ဘူး။ တယောက်တည်း နှစ်ယောက်တည်း တစုတည်း တဖွဲ့တည်း ဖြေရှင်းနိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ခဲ့ဘူး။ ဖြေရှင်းလို့လည်း မရနိုင်ဘူး။ ကိုယ့်အမြင် သူ့အမြင် ပါဝင်ခဲ့တဲ့ ကိုယ့်ကဏ္ဍ သူ့ကဏ္ဍတွေကို ဖလှယ်ကြရုံကလွဲပြီး ဘယ်သူမှ အလုံးစုံသိနေတာ မဟုတ်ဘူး။ အဲဒါကို အတင်းကြီး ဇွတ်ထွက်ရှင်းခိုင်းနေသလို ဖြစ်နေတယ်။

အဲဒီလို တယောက်စီ ထွက်ရှင်းနေလို့ကော ဝိုင်းတိုက်ခိုက်တတ်ရုံကလွဲပြီး ဘယ်သူ ဘာလဲ ဘာဖြစ်လို့ ဖြစ်သွားခဲ့ကြတာလဲ အဖြစ်မှန်ကို သိနိုင်ကြပါ့မလား။ အခုကိုပဲကြည့်ပါ သူ့အမြင် ကိုယ့်အမြင်နဲ့ အပြန်အလှန် ပုတ်ခတ်စွပ်စွဲ မဆုံးနိုင်တဲ့အဖြေတွေနဲ့ အဖွဲ့အစည်း သွားနေတဲ့ လမ်းကြောင်းတလျှောက် ဒီကိစ္စကြီး တကိုင်ကိုင်လုပ်ပြီး တိုက်ခိုက်နေတာကလွဲရင် ဘာအဖြေများ ထွက်လာနိုင်မှာပါလဲ။ ဒါ ဘာကြောင့် အကြာကြီး ရေငုံနုတ်ပိတ်နေခဲ့ရပါသလဲဆိုတဲ့ ကျမကို မေးခဲ့တဲ့ မေးခွန်းရဲ့အဖြေပါပဲ။

(၁၉၉၂) အဖမ်းခံရတဲ့ ရဲဘော်တွေ အထဲပြန်ရောက်သွားကြချိန်၊ (၂၀ဝ၆ ) ကိုသံချောင်းနဲ့ ရဲဘော်တွေ အဖမ်းခံခဲ့ရချိန်ကတည်းက အကြိမ်ကြိမ်အခါခါ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး သတင်းစာတွေထဲကရော တီဗွီတွေထဲမှာပါ ပြည်သူလူထုကို ချပြထားခဲ့ကြ ပြီးသားပါ။ အထဲက ဒီမိုကရေစီခေါင်းဆောင်တွေ ကျောင်းသားခေါင်းဆောင်တွေ ထောင်ထဲရောက်နေတဲ့သူတွေပါ မကျန်  သိနေပြီးသားကိစ္စတွေလည်း ဖြစ်ပါတယ် ။ ကျမတို့ထက် ပိုသိ ပိုနားလည်နေတဲ့ သူတွေလည်းရှိနေကြပါတယ်၊ ဘယ်လိုနည်းနဲ့မှ စုဆုံဖြေရှင်းနိုင်ကြတဲ့ အခြေအနေမရှိသေးတဲ့အပြင် ရှေ့ဆက်လုပ်ရမဲ့ အလုပ်တွေကို ဉီးစားပေးလုပ်ရမဲ့အချိန် ဖြစ်နေခဲ့ရလို့သာ အားလုံးက လုပ်ချိန် ဖြေရှင်းချိန် မတန်သေးဘူးလို့ သဘောထားခဲ့ကြတာပါ။

ဒါကို လူတတ် လူသိကြီးတွေက ထလုပ်ကြတော့ ဘယ်မှာလဲ အမှန်တရား  နိုင်ငံရေးအရ  ဒါကို အမြတ်ထုတ်အသုံးချသွားတာပဲ အဖတ်တင်ပါတယ်။ ဒါတောင် အသက်နှစ်ဆယ်အရွယ် မဟုတ်တော့ဘူး။ တစုံတရာဖြတ်သန်းမှု့ အတွေ့အကြုံရှိနေပါပြီဆိုတဲ့ လေးဆယ်ကျော်၊ ငါးဆယ်ကျော်အရွယ်တွေပါ ။ စစ်အစိုးရတော်နေလို့ မဟုတ်ပါဘူး၊ စစ်အစိုးရဲ့ အားနည်းချက်တွေကို ၀ိုင်းဝန်း ရှာဖွေထောက်ပြကြရမဲ့အချိန်မျိုးမှာတောင် ကျမတို့ကိုကပဲ ငါသိ ငါတတ် ကြီးတွေသာ လုပ်ချင်နေတဲ့စိတ်တွေနဲ့ အချင်းချင်း အပြန်အလှန် လက်ညိုးထိုးတတ်ကြတဲ့နေရာမှာ သိပ်ကိုတော်နေကြလို့ပါ ။  လုပ်စရာမရှိကြတဲ့ လူတွေ လုပ်ရိုးလုပ်စဉ် လုပ်တတ် ကြတဲ့အတိုင်း ရှုပ်နေတဲ့ချည်ကင်  ပြန်ရှာဖြည်ရှင်း ပြန်လုံးပြန်ရစ်နေကြတဲ့အလုပ်မျိုးတွေနဲ့ အချိန်ဖြုန်းနေခဲ့ကြတာတွေကလည်း ခပ်များများ ဖြစ်နေခဲ့တဲ့အတွက်တွေကြောင့်လည်း ပါပါတယ်။

နှစ်နှစ်ဆယ်ကျော်တာတောင် ဖြေရှင်းချိန်မရောက်သေးဘူးလားလို့ ပြန်မေးခဲ့မယ်ဆိုရင်လည်း။ ဟုတ်ကဲ့ ဒီပြည်တွင်းစစ်ကြီး မချုပ်ငြိမ်း မရပ်တန့်သေးမချင်း သိလို့ပြောကြတာနဲ့ မသိလို့ မပြောကြတာပဲ ကွာပါတယ်။ ကျမတို့မမွေးခင်ကတည်း စခဲ့တဲ့ ပြည်တွင်းစစ်ကြီးတလျှောက် တနိုင်ငံလုံးနေရာအနှံ့အပြားမှာ နှစ်ဉီးနှစ်ဘက်ကြားက အဲဒီလိုသံသယတွေကြောင့် အခုချိန်ထိ ဖြေရှင်းခွင့်မရကြပဲ သေသွားခဲ့ရသူတွေ သေနေဆဲလူတွေ သေအုံးမဲ့လူတွေ တပုံကြီး အများကြီး ရှိနေခဲ့ ရှိနေဆဲ ရှိနေအုံးမဲ့ အခြေအနေတွေ ဆက်ရှိနေသမျှ လွတ်လွတ်လပ်လပ် မျက်နှာချင်းဆိုင် မတွေ့ဆုံမဖြေရှင်းနိုင်ကြသေးသ၍ပါပဲလို့  ပြန်ဖြေချင်ပါတယ်။

အာဏာရူးတဲ့သူက လက်ထဲ လက်နက်လေးရှိနေမှ မဟုတ်ပါဘူး ။ လက်နက်မရှိလည်း ရူးချင်တဲ့သူက နည်းအမျိုးမျိုးနဲ့ ရူးနေနိုင်ပါတယ် ။ လူမသတ်ရင်တောင် တယောက်နဲ့ တယောက် အပြိုင်အဆိုင် အပုတ်ချစွပ်စွဲရင်း ပြည်သူတွေ နိုင်ငံရေးသမားဆိုရင် စိတ်ကုန် စိတ်ပျက်သွားအောင်၊ နောက်မျိုးဆက်တွေ တော်လှန်ရေးဆိုရင် ဝေးဝေးက ရှောင်အောင် လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကြီးအောက်မှာ ကိုယ်နာမည်ကောင်းရချင်ရင် ပြည်သူတွေ လိုအပ်တာကို ပိုလုပ်ကြရမဲ့အစား အလုပ်ထက် အပြောနဲ့ တယောက်နာမည်ကိုတယောက် စကားလုံးတွေနဲ့  လိုက်သတ်နင်းချေနေကြတာလေ။

တခြားလူတယောက်က တခြားလူတယောက်ကို ကောင်းတဲ့အမြင်နဲ့ပဲဖြစ်ဖြစ် ဆိုးတဲ့အမြင် နဲ့ပဲဖြစ်ဖြစ် မနာလိုမရှူ့စိမ့် ဖြစ်နေတဲ့ အမြင်မျိုးနဲ့ပဲဖြစ်ဖြစ် ကိုယ့်လူကိုယ် ရိုးတင်ပေးချင်တာ ဖြစ်ဖြစ် ရိုးချချင်လို့ပဲဖြစ်ဖြစ် ကန်ထုတ်ချင်လို့ပဲဖြစ်ဖြစ် ဘယ်လိုရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ်ပါ တံဆိပ်အမှားတွေ လာတပ်ပေးနေလို့ရတဲ့အမျိုး မဟုတ်ပါဘူး။

နာမည်ကောင်းလိုချင်ရင် ကိုယ့်သမိုင်းကိုယ်ရေးနိုင်တဲ့ တခြားနည်းလမ်းရှာပါ။ ကျေးဇူးပြုပြီး တော်လှန်ရေးအတွက်  အသက်ပေးသွားခဲ့ကြတဲ့ ရဲဘော်တွေရဲ့ မြေပုံပေါ်  တက်မရပ်ကြပါနဲ့။

တောထဲမှာ ထောက်လှန်းရေးလို့ သတ်မှတ်ခံခဲ့ရတဲ့ ကိုရာပြည့် (စစ်အစိုးရအကျဉ်းထောင်တွင်း ကျဆုံး) ၊ ကိုရဲလင်း၊ ဘိုဘို ၊ ကိုထိန်လင်း တို့ဟာ မိမိကိုယ်မိမိသာအသိဆုံးဆိုတဲ့ အသိနဲ့ပဲ  ကိုယ်ယုံကြည်ရာ လမ်းကို ဆက်လျှောက်ခဲ့ကြတယ်။ ထောင်ကျခံခဲ့ကြရတယ်။ ငါတို့ဘယ်လို လူမျိုးတွေပါဆိုတာကို သက်သေပြခဲ့ကြတယ်။ မြောက်ပိုင်းမှာ ဆက်လက်တိုက်ပွဲဝင်နေဆဲ ရဲဘော်တွေကလည်း ကျနော်တို့တော့ စာလည်း မရေးပြတတ်ဘူး၊ စကားလုံးတွေနဲ့လည်း ပြောမနေချင်တော့ဘူး၊ မြောက်ပိုင်းကျောင်းသားတပ်အတွက် အလုပ်နဲ့ပဲ သက်သေပြတော့မယ်ဗျာတဲ့။

ဒီနိုင်ငံမှာ လူဖြစ်လာကြတာကိုက ကျောင်းသားလူငယ်ဘဝတွေ ဆုံးရှုံးပြီးသားပါ။  အရှူံးထဲက အမြတ်ကတော့ ကျမတို့အားလုံး မျက်နှာချင်းဆိုင်စုစုံဖြေရှင်းနိုင်မဲ့အချိန်ကို စောင့်ကြိုရင်း ကျမတို့အားလုံး လိုလားတောင့်တခဲ့တဲ့အရာကို မရသေးမချင်း ရည်ရွယ်ရာ ရှေ့ဆက်ရမဲ့ ခြေလှမ်းတွေကိုသာ မျက်ခြေမပြတ်အောင် တည့်တည့်လျှောက်ကြရင်း ကိုယ့်မှာရှိနေပြီးသား တန်ဘိုးကိုယ်စီကို မြဲမြံစွာ ဆုပ်ကိုင်ထားခြင်းသာ ဖြစ်မယ်ထင်ပါတယ် နစ်နာခဲ့ကြရတဲ့ ရဲဘော်အပေါင်းတို့ ။

ခင်ရွေလှိုင်
မပ-ဝ၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
  • 2 people like this.
  • Kyi Kyi Khin ဒီအဖြစ်အပျက်တွေပေါ်မှာ တက်ရပ်ပြီး နာမည်ယူချင်သူတွေ။ ဘာမှမတွေးတောပဲ မဆင်ခြင်ပဲ ကိုယ်နာမည်ရဖို့သာ အဓိကလုပ်။ ကိုယ်နဲ့ မတူ ကိုယ့်ရန်သူဆိုပြီး လက်နက်မပါတဲ့ ဖဘပေါ်တောင် ဖြုတ်ထုတ်သတ်လုပ်နေသူတွေ ။ အုပ်စုဖွဲ့ ရမ်းကားချင်သူတွေ ... ဒီအဖြစ်အပျက်ကြီး တခုလုံးမှာ ထောက်လှမ်းရေး မပါဘူး လို့ မြင်နေသူတွေ..... သေချာ တွေးတောပါ စဉ်းစားနိုင်ကြပါစေလို့ပဲ တောင်းပန်ချင်ပါတယ်။

Sunday, February 3, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်း စစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၁၀)


by Tamar Khin on Sunday, February 3, 2013 at 5:01pm ·

သက်ဆိုင်သူများသို့

ရဲဘော်ရဲမေတွေ ပုံစံကျအောင်လုပ်ယူရာမှာ စစ်သင်တန်းကိုအခြေခံထားပြီးမှ ပြဌာန်းတွေကို အသုံးပြုခဲ့ကြတာပါ။ လူကြီးတွေနဲ့ ဆက်ဆံတဲ့အခါ မတ်တပ်ရပ်  သတိဆွဲ အလေးပြုကိစ္စ တွေက ဉက္ကဌကိုထွန်းအောင်ကျော် ဉီးဆောင်တဲ့မြောက်ပိုင်းဗဟိုဖွဲ့ပြီးမှ စနစ်တကျဖြစ်အောင် မဟာမိတ်ကို အတုယူပြီးထုတ်ခဲ့တဲ့ ပြဌာန်းပါ။  ရဲဘော်တွေ အလွယ်တကူ လိုက်နာကြပေမဲ့ ကျမတို့ရဲမေ တွေကတော့ အရင်က လက်ဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက် သူငယ်ချင်းအချင်း ချင်း အလေးမပြုချင်လို့ အပြင်ထွက်ရင် ဉီးထုပ်မဆောင်းပဲ ထွက်ကြတယ်။ ဉီးထုပ်မပါရင် အလေးပြုစရာမလိုဘူးလေ။ ဒါကိုရိပ်မိတော့ အပြင်ထွက်ရင် ဝတ်စုံပြည့် ဝတ်ရမယ်လို့ ပြဌာန်း ထပ်ထုတ်ပြန်ရော။ အဲဒီတော့ ကျမတို့ရဲမေတွေက လူကြီးတွေလာတာ ခပ်လှန်းလှန်းကတွေ့ တာနဲ့ အလေးပြုနေရမှာစိုးလို့ မဆုံဖြစ်အောင် တောင်အောက်ဆင်းရင်ဆင်း တောင်ပေါ်တက် ရင်တက် လမ်းလွဲပြီး သွားတတ်ကြတယ်။  ရဲမေတွေ ဂိတ်ကင်း ညကင်း စောင့်ရတဲ့ အချိန်၊ အလုပ်ကိစ္စတွေ တင်ပြပြောဆိုရတဲ့ အချိန်မှာတော့ ကျမတို့ ရှောင်လို့မရတော့ဘူး။

ဒါပေမဲ့ ကျမတို့အလှည့်ဆိုတာလည်း ရှိတာပါပဲ။ ရဲမေထက်ထက် ဂိတ်မှာ ညကင်းစောင့်တဲ့ အချိန်။ အတွင်းရေးမှူးကိုအောင်နိုင်နဲ့ သူ့အရံရဲဘော် မဟာမိတ်ဘက်က ပြန်လာတာ မိုးချုပ် သွားတော့ ကျောင်းသားတပ်ရဲ့ ဂန်ကွယ်(စကားဝှက်)မသိဘူး။ ရဲမေထက်ထက်လည်း သိတာပဲ ဒါအတွင်းရေးမှူးကိုအောင်နိုင်ဆိုတာ။ ဒါပေမဲ့ သူတို့ထုတ်ထားတဲ့ တပ်ရဲ့စည်းကမ်းအတိုင်းပဲလေ။” ရပ်”ဆို ရောက်တဲ့နေရာမှာ” ရပ်”ပေါ့။ “ဂန်ကွယ်ပြော”ဆိုတော့ “မသိဘူး”တဲ့။ “မသိရင် လေးဘက်ထောက်တက်ခဲ့”ဆိုတော့ တက်ရတာပဲ။ အပြန်အလှန်ပေါ့။

လူကြီးတွေ အရံရဲဘော်ထားတယ်ဆိုတာလည်း မဟာမိတ်တွေနဲ့ အပြန်အလှန် ဆက်ဆံသွားလာကြရတဲ့ အခါမျိုးမှာ လိုအပ်လို့ လုပ်တာမျိုးပါ။ မလုပ်ချင်တဲ့သူကို ဘယ်သူမှ အတင်းအကြပ် အမိန့်နဲ့ လုပ်ခိုင်းခဲ့တာမျိုးလည်း မဟုတ်ပါဘူး။ ရဲဘော်တွေ ကိုယ်နိုက်က လုပ်ချင်တဲ့ ဆန္ဒရှိလို့ ကျေနပ်လို့ လုပ်ကြတဲ့ကိစ္စပါ။ အဲဒီအချိန်က တချို့ရဲဘော်တွေဆို လူကြီးတွေ အဆိုအရိုက်ခံရ ရင်တောင် ဂုဏ်ယူစရာလို ဖြစ်နေခဲ့ကြတဲ့ကာလပါ။  ဘယ်ရဲဘော်ကမှလည်း သေးကအစ ချီးကအစ ခိုင်းဖက်သဘောမျိုး အောက်ခြေသိမ်း လိုက်လုပ်ပေးနေတာမျိုးလည်း မဟုတ်ပါဘူး။ ကိုအောင်နိုင်ရဲ့ အရံရဲဘော် လုပ်ခဲ့ဖူးတဲ့ ကိုကျော်နိုင်ဉီး (သာယာဝတီ)ကို မေးကြည့်နိုင်သလို အရံရဲဘော် ထားခဲ့ဖူးတဲ့ ကိုစိုးလင်း(ဗဟိုကော်မတီ၊မန္တလေး)ကိုလည်း မေးကြည့်နိုင်ပါတယ်။

လူကြီးတွေအနေနဲ့လည်း တခါတရံဝိုင်းနဲ့တိုးပြီး မူးလာတဲ့သူ့ရဲဘော်ကို အိပ်ယာထဲတွဲပို့ စောင်ခြုံပေး၊ ဖျားနာရင်ပြန် ပြုစုပေးရ တာတွေ၊ အမြင်မတော်ရင် ကောက်လျှော်ကောက်သိမ်း ပေးရတာမျိုးတွေလည်း ရှိပါတယ်။ သူ့ကျေနပ်မှု့နဲ့သူ ကိုယ့်ကျေနပ်မှု့နဲ့ကိုယ် အပြန်အလှန်နေကြ ဆက်ဆံကြတဲ့သဘောမျိုးလောက်ပါ။ ဘယ်လိုအာဏာရူးကြတာလဲ။ ဘယ်လိုအခွင့် ထူးခံကြ စည်းစိမ်ရစ်ကြတာလဲဆိုတဲ့မေးခွန်းအတွက် တခြားထောက်ပြစရာကလည်းမရှိတော့  မရှိရှိတာရှာကြံပြီး ဒါတွေကိုထောက်ပြ မရအရ အတင်းကောက်ချက်ဆွဲချနေတော့ အတူနေဖူးခဲ့တဲ့ လူတွေအတွက်တော့ ရယ်စရာကြီးပါ။

အတွင်းရေးမှူးကိုအောင်နိုင် ဉီးဆောင်ပြီး ရှေ့တန်းထွက်တဲ့အချိန်က ရှေ့တန်းတောင် မရောက်သေးဘူး စားစရာရိက္ခာတွေပြတ် ၊ အချိုဓါတ်အဖြစ် အားထားအသုံးပြု ခပ်ရတဲ့ ဟင်းချိုမှုန့်တောင် မရှိ၊သောက်စရာ ဆေးပေါ့လိပ်လည်းပြတ်ဆိုတော့ ရဲဘော်တွေ စိတ်တိုကုန် ကြတယ်။ ရွာတရွာမှာ ခဏနားတော့ ကိုအောင်နိုင်တည်းတဲ့ အိမ်ကို ရဲဘော်တွေလိုက်သွားကြ တယ်။ ကိုအောင်နိုင်က ရွာသူကြီးနဲ့ စကားသွားပြောနေတော့ အဲဒီအိမ်မှာ မရှိဘူး။ သူ့ရဲ့အရံရဲဘော်ပဲ ရှိတယ်။ သူ့အရံရဲဘော်က ဟန်ကောနဲ့ ရေနွေးတည် နေတယ်။ ဘေးမှာ ရေနွေးဆူရင် ထည့်ဖို့ မုန်ညှင်းရွက်တွေအသင့်ချိုးထားတယ်။ ရဲဘော်တွေ ဝင်သွားပြီး “ဘာဟင်းချက်သလဲ “မေးတော့ “မြင်တဲ့အတိုင်းပဲ”လို့မေးငေါ့ပြတယ်။ ရဲဘော်တွေ ဘာမှ ဆက်မပြောနိုင်ပဲ လှည့်ပြန်သွားတယ်။ အဲဒီအချိန် ကြက်သား ကိုက်နေတဲ့ လူကြီးတွေ့လို့ကတော့ အဲဒီလူကြီး ဂိန်ပြီသာမှတ်။

စစ်ကြောင်းထွက်ချိန် ရွာတွေမှာအသီးအရွက် တောင်းစားခွင့်ရှိတယ်။ ရွာသားတွေပိုင်တဲ့ ကြက်တွေဘာတွေ ခိုးစားခွင့်မရှိဘူး။ ခိုးစားလို့ ရွာကတိုင်ရင် အဲဒီအတွက် ရွာကိုလျှော်ကြေး အဖွဲ့ကပေးပေးပြီး ခိုးစားတဲ့ရဲဘော် အပြစ်ပေးခံရတယ်။ ရွာသားတွေက ကျောင်းသားရဲဘော် တွေ  လာတည်းရင် ပျော်တယ်။ ဘာကြောင့်လည်းဆိုတော့ အရေးတကြီး ခရီးနှင်ရတာမျိုး မဟုတ်ဘူးဆိုရင် တည်းတဲ့အိမ်အတွက် ရေခပ်ပေးတာတွေ ထင်းခွေပေးတာတွေ လုပ်ထား ပေးခဲ့ကြလို့။ ကိုယ့်အစုနဲ့ကိုယ် ရှိတာရောင်းထုတ် ရှာကြံဖန်တီးထားတဲ့ ပိုက်ဆံလေးတွေနဲ့ ရွာသားတွေဆီက ဆပ်ပြီလေးတွေ(ခေါင်ရည်) ဘာလေးတွေ ဝယ်သောက်ကြတော့ ရွာသား တွေလည်း ပိုက်ဆံရလို့။

ရှေ့တန်းမှာ လုပ်ငန်းသဘောအရ အမိန့်နာခံကြရတယ်။ စစ်ကြောင်းပြီးလို့ နောက်တန်း ရောက်တာနဲ့ဆွေးနွေးပွဲတွေ ပြန်လုပ်တယ်။ စစ်ဆင်ရေးတလျှောက် အကောင်း-အဆိုး ၊ အားနည်းချက်-အားသာချက်၊ လုပ်သင့်တာ-မလုပ်သင့်တာ၊ ဖြစ်သင့်တာ-မဖြစ်သင့်တာတွေ ရဲဘော်ရဲမေတွေ အားလုံး ဝိုင်းဆွေးနွေးကြ ထောက်ပြကြတယ်။ ရှေ့တန်းမှာ မလုပ်သင့် မလုပ်ထိုက်တာတွေကို လုပ်ခဲ့မိတဲ့လူကြီးဆိုရင် နောက်တန်းရောက်တာနဲ့ ခေါင်းမဖော်နိုင် အောင် ရဲဘော်တွေ ဝိုင်းကျွေးတာခံရပြီသာ မှတ်တော့။

ထောက်လှမ်ရေးကိစ္စတွေကလွဲရင် ကိုယ်မဟုတ်တာ မလုပ်ဖူးဆိုရင် လူကြီးမို့ ကြောက်ပြီး မပြောရဲမဆိုရဲစရာမျိုးလည်း မရှိပါဘူး။ တပ်ပုံစံကျအောင် နေထိုင်ကြတာကလွဲလို့ လိုအပ်ရင် ရဲဘော်ရဲမေတွေအနေနဲ့လည်း  ပြောဆိုစရာ တစုံတရာအကြောင်းရှိရင် ဘယ်လူကြီး အိမ်ကို မဆို အချိန်မရွေးသွားပြီး ပြောဆို တင်ပြ ဆွေးနွေးနိုင်ပါတယ်။ လုပ်ငန်းသဘာဝအရ အပြန်အလှန် နားလည်အလေးပြုမှု့တွေနဲ့ ဆက်ဆံကြတာပဲရှိတယ်။ အာဏာရူးလို့လုပ်နေ ကြတာတွေ၊ ကြောက်နေရလို့ လုပ်နေကြရတာတွေ မဟုတ်ဘူးဆိုတာ ဗဟိုကော်မတီဝင်တွေ ဖြစ်ခဲ့ကြတဲ့ ကိုစိုးလင်း၊ ကိုညီညီကျော်၊ ကိုရဲလင်းတို့လည်း သိနေနိုင်သလို မြောက်ပိုင်းနေဖူး ခဲ့ကြတဲ့ ရဲဘော်ရဲမေတွေကိုယ်တိုင်လည်း သိပါလိမ့်မယ်။

နောက်ပိုင်းမှာ ရဲမေအချင်းချင်းကြား ညီအမဆက်ဆံရေးသဘောမျိုးသာ နေလာခဲ့တဲ့ ကျမတို့ရဲမေတွေတောင် ရှေ့တန်းထွက်ခါနီး အစည်းအဝေးထိုင်ကြတယ်။ မဟာမိတ်တွေနဲ့ လက်တွဲသွားရမှာမို့ မဟာမိတ်တွေကြား တယောက်နဲ့တယောက် ဆက်ဆံတဲ့အခါ အပြန်အလှန်နားလည်မှု့နဲ့ လေးစားမှု့ရှိဖို့၊ နာမည်တွေအစား စုမှူး၊ စိပ်မှူး စသဖြင့် တာဝန်ယူထားရတဲ့အနေအထားအတိုင်း ပြောင်းခေါ်ဖို့၊ တခြားအချိန်မှာ ညီအမတွေလိုပဲ ပြောဆိုဆက်ဆံကြမယ်။ ဒါပေမဲ့ အလုပ်ကိစ္စတွေနဲ့ပြောဆိုကြတဲ့အခါ တယောက်နဲ့တယောက် အပြန်အလှန်အလေးပြုသတိဆွဲ ပြောဆိုကြဖို့ အားလုံးသဘောတူဆုံးဖြတ်ခဲ့တယ်။ ဘယ်လူကြီးကမှ ကျမတို့ကို ဒီလိုလုပ်ပါ မခိုင်းခဲ့ပါ။ ကျမတို့ဘာသာ ကျမတို့သဘောတူ လုပ်ခဲ့ကြတာပါ။ ဒါတွေကြောင့် အာဏာရူးနေကြတာလို့ ဘယ်လိုများ ဆွဲတွေးယူပြီးပြောဆို ရေးသားခဲ့ကြပါသလဲ။ နားမလည်နိုင်ပါ။

မြို့ပြကလူတွေ တောအလုပ်တောင်အလုပ် မလုပ်တတ်တာကို ဘလိုင်းကြီးအပြစ်တင်တဲ့အထိ  ဒေသခံရဲဘော်တွေက ကလေးလည်းမဟုတ်၊ ကုလားလည်းမဟုတ်  ကြပ်မပြည့်တဲ့သူတွေ လည်း မဟုတ်ပါ ။ ကျမတောထဲ ရောက်ခါစက ဓါးကိုတောင် စောင်းခုတ်ရမှန်း မသိခဲ့။ တိုင်လုံး လောက်ရှိတဲ့ ခုတ်လှဲပြီးသား သစ်ပင်ခြောက်ကြီးကို တည့်တည့်မတ်မတ် အကြိမ်ကြိမ်အခါခါ ခုတ်ရင်း ထင်းဖြတ်ဖို့ ကြိုးစားနေတဲ့ကျမကို ဖြတ်သွားတဲ့ အက်အက်အေ ရှမ်းရဲဘော် တယောက်ကတွေ့သွားပြီး ရပ်ကြည့်ရင်း ရယ်ပါတယ်။ ဗမာစကားမတတ်တော့ ကျမဆီက ဓါးကို လှမ်းယူပြီး ဘယ်တလှည့် ညာတလှည့်စောင်းခုတ်ရင်း ပတ်ပတ်လည်ခုတ်ပြသွားတယ်။ တပတ်ပြည့် သွားပြီး အလယ်မှာတည်းတည်းလေး ကျန်တော့မှ တည့်တည့်ခုတ်ဖြတ်လိုက် တယ်။ အဲဒီတော့မှ ထင်းဖြတ်တဲ့အခါ ဓါးကို စောင်းခုတ်ရတယ်ဆိုတာ ပထမဉီးဆုံး  စတင်သိခဲ့ ရတဲ့အထိ ကျမ အမှန်တကယ် တုံးခဲ့ဖူးပါတယ်။

မြောက်ပိုင်းမှာ လက်တဘက်စာရှိတဲ့အပင်ကြီးတွေကို ကြိုးတွေ လွှတွေသုံးပြီး ရဲဘော်တွေ အကူအညီနဲ့ အပင်လှဲချတယ်။ ပြီးရင် ရဲမေတွေ ထမ်းနိုင်တဲ့အရွယ်လောက် နှစ်ယောက် တလှည့် လွှနဲ့ဖြတ် ထမ်းတဲ့အခါထမ်း တောင်ပေါ်က လိမ့်ချတဲ့ အခါလိမ့်ချနဲ့ အဆောင် အရောက် အခေါက်ခေါက်အခါခါ သယ်ကြတယ်။ အဆောင်ဘေးမှာ အဲဒီထင်းတုံးကြီးတွေကို ပုဆိန်နဲ့ ပေါက် ခွဲခြမ်းစိပ်ဖြာတဲ့နေရာမှာ အကျွမ်းကျင်ဆုံး မြို့ပြကရဲမေ နှစ်ယောက်က ရဲမေစန်းစန်းနဲ့ ရဲမေထက်ထက်။ ဒေသခံရဲမေတွေကတော့ ဆိုဖွယ်မရှိပေါ့။

တခါတလေကျတော့ လက်မောင်းလောက် ပေါင်လောက်ရှိတဲ့ ထင်းခြောက်တွေရှာဖြတ်တယ်။ ထင်းစိုထင်းခြောက်ခွဲတတ်ဖို့လည်း လိုပါသေးတယ်။ ဖြတ်ပြီးသားထင်းတွေကို နှီးဖြာပြီး ခိုင်အောင်ရစ်ပတ် ချည်ပြီး ထမ်းကြတယ်။ ဒေသခံရဲမေတွေက အလယ်မှာ ထင်းတချောင်းကို ထမ်းပိုးလိုလုပ်ပြီး ရှေ့တစည်းနောက်တစည်းနှစ်စည်း ရှမ်းထမ်းထမ်းကြချိန်မှာ နှီးမဖြာတတ် ခိုင်အောင်မချည်တတ် သူတို့လိုလည်းရှမ်းထမ်းမထမ်းတတ်တဲ့ ကျမအတွက် ပုခုန်းပေါ်ထမ်းဖို့ ထင်းစည်းပေးတတ်တယ်။ သူတို့လောက် အလေးအပင်ထမ်းပြီး တောင်မတက်နိုင်တဲ့ ကျမ အတွက် နည်းနည်းလေးပဲ စည်းပေးလေ့ရှိတာမို့ ငါ့ခနြွာကိုယ်ကြီးနဲ့ နည်းနည်းလေးထမ်းရမှာ ရှက်စရာကြီး  ထပ်ထည့်ပေးအုံးလို့ ပြောယူရတတ်ပါတယ်။  သူတို့တွေ နားလည်ကိုယ်ချင်းစာ တတ်ကြပါတယ်။

စားရတဲ့အသီးအရွက် မစားရတဲ့အသီးအရွက် ဆင်တူရိုးမားရှိတတ်တာကို ခွဲခြားပြီး ခူးတတ်စားတတ်အောင် ဒေသခံရဲဘော်ရဲမေတွေပဲ ညွန်ပြခဲ့ကြတာပါ။ ပြုတ်ပြီးသားမျှစ်ကို အမေကြော်ကျွေးတာပဲ စားဖူးတဲ့ကျမအတွက် ဒေသခံရဲမေတွေ မျှစ်တွေတဖြောင်းဖြောင်း လိုက်ချိုးတော့ သူတို့နည်းတူကိုယ်လည်းလိုက်ချိုး ဓါးနဲ့အကာတွေ ခြစ်ချလိုက်လုပ်ခဲ့ပေမဲ့ ဘယ်လိုချက်စားရမှန်း မသိပါ။ ကိုယ်တတ်နိုင်တာလုပ်ဖို့ ဆန်ကြိုးလေးလည်ပင်းဆွဲ ဟန်ကောချိုင့်လေးလုံးလောက်လက်ကဆွဲရင်း စမ်းချောင်းဘက်ဆင်းခဲ့တယ်။ ဟန်ကောချိုင့် ဆေး၊ ဆန်ဆေး၊ ရေထည့် ထမင်းတည်ချိန်။ ဆား၊ ဟင်းချိုမှုံ့၊ ဆန်လှော်မှုန့်၊ ဆန်အစိမ်းမှုန့် ရှိတဲ့အရာလေးတွေကိုသုံးပြီး  အရင်ထည့် နောက်မှထည့် တခါတည်းရောနယ်ထည့်ပဲ ကွာတယ် ။ ဒေသခံရဲမေတွေ ဘယ်လို လှည့်ပတ်ချက်လိုက်သလဲမသိ၊ အရသာမတူ ကွဲပြားခြားနားတဲ့ မျှစ်စိမ်းချက်၊ မျှစ်စိမ့်ချက်၊ မျှစ်ဆန်လှော်၊ မျှစ်ပြွန်း၊ မျှစ်ပိန်ချက်၊ မျှစ်သုတ် ၊ မျှစ်တာလဘော စတဲ့ မျှစ်ဟင်းကို အမျိုးစုံသွားအောင် စားခဲ့ဖူးတယ်။ ရဲမေမငွေ၊ မနွယ်၊ မသွယ်၊ မအေး၊ မမူတို့က မရှိရှိတာကို စားကောင်းအောင်လုပ်တဲ့နေရာမှာ တော်ကြတယ် ။ မလုပ်တတ်တာကို မည်သူမှ မပြောပါ ကိုယ်နိုင်တဲ့အပိုင်းက မလုပ်ချင်တာမျိုးကိုတော့ ပြောရင်ပြောနိုင်ပါတယ်။

ပါဂျောင်ဗဟိုမှာရှိတဲ့ ဝါးက အလုံးသေး အခေါင်းမပါ အသားအပြည့် လူအရပ်နှစ်ပြန်ကျော် ရှည်တယ်။ ထရံယက်ဖို့ ခွဲခြမ်းစိတ်ဖြာရင် ကျွမ်းကျင်တဲ့သူက သူ့အရှည်အတိုင်း ကျိုးပျက်ခြင်း မရှိ (၁၆)ခုလောက် ခွဲဖြာနိုင်ရင် ကျမတို့လို မကျွမ်းကျင်တဲ့သူတွေက အကျိုးအပျက်တွေနဲ့ အနည်းဆုံး (၈)ခုလောက်တော့ ရအောင်ခွဲဖြာနိုင်ပါတယ်။ ဘယ်အရာမဆို သင်ယူလို့ရပါ တယ်။ ကျမတို့တတွေ ဒေသခံရဲဘော်ရဲမေတွေဆီက သင်ယူခဲ့ကြတာတွေ အများကြီးရှိပါတယ်။

ဗဟိုမှာရှိတဲ့ စစ်ရေးပြကွင်း၊ လက်ချာဟောတင်မက၊ ရုံးတွေ ၊အဆောင်တွေ၊ အဆောက်အဉီး မှန်သမျှ ဒေသခံရဲဘော်အများစု ရှေ့တန်းထွက်နေချိန် နောက်တန်းဗဟိုမှာ ကျန်ရှိတဲ့အများစု သော မြို့ပြရဲဘော်ရဲမေတွေအားလုံး စုပေါင်းမြေပေါက်ဆောက် လုပ်ထားတာတွေပါ။ မနက်တိုင်း တန်းစီအလေးပြု လူစစ်ပြီးတာနဲ့ ဆေးတပ်ဖွဲ့၊ စက်တပ်ဖွဲ့၊ ဝါဒဖြန့်ချီရေး၊ ကော်မတီရုံး၊ စစ်ရုံး၊ စခန်းရုံး၊ ဂိတ်စောင့်ကင်းစောင့်၊ ရဲမေဆောင်၊ရိက္ခာအဖွဲ့ စသဖြင့် အစုအဖွဲ့လိုက် အလှည့်ကျ ဆေးဆရာမ၊ ရုံး ၊ ဂိတ်စောင့်၊ကင်းစောင့် တာဝန်ရှိသူတွေ ချန်ထားပြီး ကျန်တဲ့သူအားလုံး ဒီအလုပ်တွေကို စုပေါင်းလုပ်ကြရတာပါ။

ဒေသခံရဲဘော်တွေချည်း ဖောက်ထားဆောက်ထားတာမဟုတ်ပါ။ ကိုထိန်လင်း အင်တာဗျူးထဲ မှာပါတဲ့ ငါတို့ဖောက်ထားတဲ့ကွင်း ငါတို့ဆောက်ထားတဲ့ အဆောက်အဉီးတွေမှာ မင်းတို့က အခန့်သား ဘောကြော့လာနေကြတယ်လို့ ဒေသခံရဲဘော်တွေက ပြောတယ်ဆိုတဲ့စကားက ပြောစရာမရှိ ရှာကြံပြောတာမျိုး မဟုတ်ဘူးဆိုရင် ကျမအတွက်တော့ စဉ်းစားရကြပ်စရာပါ။
နောက်ပြီး အခုမှ ရင်း(၅)ဘက်ကနေ လူသစ်အဖြစ်နဲ့ ဗဟိုကိုရောက်လာခဲ့တဲ့ ကိုထိန်လင်းက ဘယ်လိုလုပ်သိနေလို့ သူတို့က သူတို့အိမ်တွေကို ပြန်ပို့တာတွေလည်းရှိတယ်လို့ (နန်းအောင် ထွေးကြည်လေသံအတိုင်း) ဖြေဆိုထားရပါသလဲ။ ကိုသံချောင်းတို့မိသားစုက နဂိုကတည်းက ကျောက်တွင်းပိုင်၊ ကျောက်လုပ်ငန်းတွေလုပ်နေတဲ့ တောသူဌေးတွေ၊ ကိုမျိုးဝင်းတို့မိသားစု ကိုမျိုးဝင်းပို့ထားလို့ ဘယ်လောက်ထိချမ်းသာနေကြတယ်ဆိုတာ ကိုထိန်လင်းသွားကြည့်ခဲ့ မြင်ခဲ့ရလို့လား။

တပ်စိပ်တိုင်းမှာ ကိုယ့်အစုနဲ့ကိုယ် ဝိုင်းလုပ်ဝိုင်းရှာဝိုင်းစား နေထိုင်စားသောက်ရတဲ့သဘောအရ  သူများပင်ပင်ပန်းပန်း ရှာဖွေချက်ပြုတ်ထားတာကို စားသာစားချင်မလုပ်ချင် လက်ကြော မတင်း အချောင်ခိုချင်တဲ့သဘောရှိတဲ့ လူမျိုးကိုတော့ ပင်ပင်ပန်းပန်းလုပ်ရတဲ့ တပ်စိပ်ထဲက ရဲဘော်က ပြောတာမျိုးတော့ ခံရနိုင်ပါတယ်။ ဒါတွေနဲ့ ဖြစ်ခဲ့တဲ့ ပြသနာတွေနဲ့က ဘာမှမဆိုင်ပါ အဝေးကြီးပါ။

(၁၁)

Saturday, February 2, 2013

နန်းအောင်ထွေးကြည်ရဲ့ နာမည်ကျော်ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၉)



by Tamar Khin on Saturday, February 2, 2013 at 6:42pm ·

သက်ဆိုင်သူများသို့

ဘာကြောင့်လည်းဆိုတော့ အပတ်စဉ်(၅)ဆန္ဒပြတာနဲ့ ပတ်သက်ပြီး “ခင်ဗျာ့တယောက်လုံးရှိရဲ့ နဲ့ ဒီလိုဖြစ်ရသလားဗျာ လို့”ကိုရဲလင်းကို အပြစ်ဆိုချင်ဟန်နဲ့ တောထဲရောက်လာခါစမှာပဲ ပြောခဲ့တဲ့ ကိုထွန်းအောင်ကျော် (ကိုရဲလင်းမှတ်တမ်းအရ)၊ ဆန္ဒပြပွဲမှာလည်းမပါ ဗဟိုကော်မတီ ဖြစ်မြောက်ရေးမှာလည်း မပါခဲ့တဲ့ ရဲဘော်ဟောင်းတွေက နာမည်နဲ့လူနဲ့တောင် တွဲမသိခဲ့လို့ လူသစ်တွေလို့ ပြောပြောနေတဲ့ ဒါတွေဖြစ်ခါနီးအလိုမှာမှ တောထဲရောက်လာတဲ့ ကိုချိုကြီး၊ ကိုအောင်မင်း၊ ကိုကျော်ဝေ၊ ကိုကျော်ဌေး၊ အောင်ဖိုးတို့ရော ၊ ဆန္ဒပြရာမှာမပါ ရွေးကောက်ပွဲ ပြီးမှ အားဖြည့်ဖို့ရောက်လာခဲ့တဲ့  (၄၀၁)တပ်ရင်း၊ (၅၀၁)တပ်ရင်းကရဲဘော်တွေ ဖမ်းဆီးနှိပ်စက် အသတ်ခံခဲ့ရတာတွေက ဘာစွပ်စွဲချက်တွေနဲ့လဲဆိုတာ သိဖို့လိုလို့ပါ။

ရန်အောင်ကိုဖမ်းတဲ့အချိန် “ရန်အောင်က ဟုတ်တယ် မြို့မှာကတည်းက ငါတို့နောက်ကိုလိုက်ရင် သူဘယ်လောက် ဘယ်လောက်ရ တယ်”လို့ ကျမကိုပြောခဲ့တဲ့ ဗဟိုကော်မတီဝင် ကိုညီညီကျော်(ခ) ကျော်ကြီး (အေဘီ၊မန္တလေး)က  အရိုက်အနှက်မခံရပါပဲနဲ့ ဘာကြောင့် အဲဒီအချိန်က အဲဒီလိုပြောခဲ့ရသလဲဆိုတဲ့ ကျမမေးခွန်းကို မဖြေသေးဘူး။

အစောကြီးကိုယ်လွတ်ရုန်းပြေးပြီး ရန်အောင်အပါအဝင် တခြားလူတွေဟာ ဘယ်လိုညှင်းဆဲပြီး ဘယ်လိုအသတ်ခံခဲ့ရတယ် ဆိုတာတွေကို ကိုယ်တိုင်မမြင်တွေ့ခဲ့ရဘဲနဲ့တောင် မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုအခွေ လက်ထဲမှာရှိနေသလိုပဲ တဆင့်ပြီးတဆင့် ခရေစေ့တွင်းကျ ရေးပြနေပုံများ ဖတ်တဲ့သူတောင် မဖတ်ရဲလောက်အောင်ပါပဲ။ အဲဒါတွေကို အဲဒီအချိန်မှာ မျက်မြင်ကိုယ်တွေ့ မှတ်တမ်းလိုက်ယူခဲ့တဲ့သူ ရှိခဲ့ရင်တောင် ဘယ်လောက်သတ္တိ ကောင်းကောင်း အဲဒီလိုအနိဌာရုံ မျိုးတွေကို  ကိုညီညီကျော် ရေးပြနေသလိုထိ တဆင့်ပြီးတဆင့် အသေးစိတ် လိုက်ကြည့်ရဲ မှတ်ရဲမယ် မထင်ပါဘူး။

ခေါင်းမာတဲ့ ရန်အောင်ခေါင်းက ဘယ်လို ဘယ်လိုဆိုတာ ကိုညီညီကျော် ရေးပြနေတာနဲ့ “ရန်အောင်က မယုံရဘူး။ အကုန်ဖွင့်ပြောရင် သူ့ကို မသတ်ဘူးထင်ပြီး ကိုသန်းဇော်တို့ပေးတဲ့ စီးကရက်လေး တဖွာဖွာသောက်ရင်း အကုန်ဖွင့်ပြောတာ ၊ ငါတောင် ခင်ချိုဉီးကို ရန်အောင်က မယုံရဘူး သတိပေးရသေးတယ်။ ဟိုရောက်တော့ သူ့ပါသတ်မဲ့အထဲ ပါတယ်ဆိုတာလည်း သိရော ရန်အောင်ငိုတယ်” လို့နန်းအောင်ထွေးကြည် ပြောပြဖူးတာနဲ့လည်း ကွဲလွဲနေလို့ပါ။

ကိုညီညီကျော်ရော၊  နန်းအောင်ထွေးကြည် ပါသမျှ  လုံးဝါးမျိုချပြီး  အပြာပြော အပြာရေးမျိုးနဲ့ အပျက်မကိုသာ ယူထားပုံရတဲ့ အပြာကျမ်းတတ် ဗလချာ အောင်မိုးဝင်းရော၊ မျက်စိနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာမဟုတ်ပဲ တဉီးစီတဉီးစီအကြောင်းကို အဲဒီလောက် အသေးစိတ် ရေးနိုင်အောင် ပြန်ပြောပြခဲ့တဲ့ ရဲဘော်တွေရဲ့နာမည် အတိအကျလေးတွေကိုလည်း ဖော်ပြပေးစေလိုပါတယ်။

အဲဒီရဲဘော်တွေအနေနဲ့လည်း ဘယ်သူ့ကို ဘယ်သူက ဘယ်လိုလုပ်တာဆိုပြီး လုပ်ခဲ့ကြသူတွေရဲ့ နာမည်အတိအကျလေးတွေ  ဖြစ်စဉ်တခုချင်းအလိုက် ရေးပေးစေလိုပါတယ်။ တရားရုံးမှာ အမှု့ရင်ဆိုင်တဲ့အခါ  အဲဒီလူတွေကမှ မျက်မြင်သက်သေ စစ်စစ် တွေပါ။ မှတ်တမ်းတင်ထားဖို့လည်းလိုသလို ပြောသူရောရေးသူပါ  ပြောခဲ့ရေးခဲ့တဲ့အပေါ်မှာ တာဝန်ခံကြဖို့လည်းလိုပါတယ်။

(ကျော်ခိုင်ဝင်းက စစ်ဆေးမေးမြန်းခဲ့သူလည်း မဟုတ်ပါ၊ အပြင်မှာ တခါတလေမှသာ အစောင့် တာဝန်ကျခဲ့တဲ့ ဝါဒဖြန့်ချီရေး ရဲဘော်သာ ဖြစ်ပါတယ်။ ရေးထားခဲ့ကြတဲ့ လူအယောက်စေ့တိုင်းအတွက် စစ်ဆေးမေးမြန်းမှု့တိုင်းမှာ ကျော်ခိုင်ဝင်းချည်း အစောင့်တာဝန်ကျနေတာမျိုးလည်း မဟုတ်ခဲ့ပါ။ အလှည့်ကျနဲ့ စောင့်ရတာမျိုးပါ။ ဒါတွေအားလုံးကို ကျော်ခိုင်ဝင်းတယောက် တည်းက တွေ့မြင်ခဲ့ရပါတယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ ဟုတ်တယ်ဆိုရင်တော့ ကျော်ခိုင်ဝင်းက သက်သေစစ်စစ်တယောက် ဖြစ်ပါလိမ့်မယ်။

သင်းသင်းညီက မစဉ်းစားတတ်သေးတဲ့ ကလေးသာသာ အရွယ်လေးပါ။ ဒါ့အပြင် နန်းအောင်ထွေးကြည် မှာထားပြောထားသမျှ ဘာမဆိုလိုက်ပြောလိုက်လုပ်မဲ့ ငယ်ကြောက်တယောက်လိုလည်း ဖြစ်နေသူပါ။ ဖြစ်ခဲ့တာကို အမှန်အတိုင်း ပြောရင်သာပြောမယ် ။ မဟုတ်တာကိုတော့ လုပ်ကြံ မပြောတတ်တဲ့ လက်ရှိနယ်စပ်မှာရှိနေတဲ့ အဖမ်းခံခဲ့ရတဲ့ နန်းစောကို နန်းအောင်ထွေးကြည် လုံးဝ မသုံးရဲပါ။

ဒီနေရာမှာ  ကြုံတုန်းလေး သင်းသင်းကိုလည်း မေးကြည့်ချင်ပါတယ်။ သင်းသင်း အင်တာဗျူးထဲမှာ ပြောခဲ့သလို “သူတို့တတွေက ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ ကျမက ပြောတော့ ကျမကို ထပ်နှိပ်စက်ခဲ့ကြပါတယ်”ဆိုတာလေးပါ။ သတင်းယူပေးဖို့ ထောင်ထဲ တမင်ထည့်ထားခဲ့တဲ့ ကလေးသာသာအရွယ် ကိုယ့်ကျောင်းသားရဲမေကို အဲဒီလိုပြောလို့ ထပ်နှိပ်စက်ခဲ့သူက ဘယ်သူလဲ သင်းသင်း။ ကိုမျိုးဝင်းကိုယ်တိုင်ပဲလား၊ ကိုသံချောင်းလား၊ ကိုသန်းဇော်လား၊ ဇော်ဇော်မင်းလား၊ အောင်စိုးမြင့်လား၊ နာမည်လေး အတိအကျလေးနဲ့ ပြန်ပြောပြပေးပါ။

တယောက်ရဲ့စိတ်နေသဘောထားတွေကို တယောက်ကသိနေကြပြီးသားဖြစ်တဲ့ မြောက်ပိုင်းရဲဘော်ရဲမေတွေအနေနဲ့ အထူးသဖြင့် အငယ်ဆုံးမို့ လူကြီးတွေရော ရဲဘော်ရဲမေတွေရော အားလုံးက ဝိုင်းချစ်ခံခဲ့ရတဲ့ သင်းသင်းကိုမှ အဲဒီလို ထပ်နှိပ်စက်ခဲ့တာတွေ လုပ်ခဲ့တယ်ဆိုတော့  ယုံရခက်နေလို့ကို နာမည်သိချင်နေတာပါ။

နန်းအောင်ထွေးကြည်ကိုတောင် ရိုက်တော့မယ်လုပ်တိုင်း ကြောက်ပြီး တွန့်တွန့်သွားလို့ သနားသွားပြီး မလုပ်ရက်ဘူးဆိုတဲ့ စကားတွေ ကိုသန်းဇော်တို့ပြောပြတာ အဲဒီအချိန်က အဖမ်းမခံရသေးတဲ့ ကိုညီညီကျော်၊ ကိုရဲလင်းတို့ ကြားကြသိကြမှာပါ။ သင်းသင်းဆိုရင် အဲဒီလိုလုပ်ဖို့ကတော့ ပိုပြီးတောင် ဝေးလာဝေးနေပါသေးတယ် ။ အခုချိန်မှာ သင်းသင်းလည်း မငယ်တော့ဘူး၊ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဘာသာကိုယ် တာဝန်ယူဖြေရှင်းရမယ်ဆိုတာလောက်တော့ သိသင့်ပြီ ထင်တာပဲ။ သိတဲ့အတိုင်း မှန်တဲ့အတိုင်း ပြောလို့ရတယ် မမှန်တာတွေကိုတော့ ဘယ်သူ့အတွက်ကြောင့်မှ နောက်ထပ် မပြောမိစေချင်လို့ပါ။

ကျမကတော့ ညှင်းဆဲတာရာ သတ်တာရော မျက်မြင်ကိုယ်တွေ့ မမြင်ခဲ့ရတော့ သေမှု့သေခင်း နဲ့ တရားစွဲတာမျိုးမှာ မျက်မြင် သက်သေမဖြစ်နိုင်ပါဘူး။ နောက်ကွယ်ကနေ ဒါတွေကို ဘယ်သူတွေက အစီစဉ်တကျလုပ်သွားတာလဲဆိုတဲ့ တကယ့်အရင်းအမြစ် ကျတဲ့ အမှန်တရားကို ဖော်ထုတ်ရာမှာသာ ကျမက သက်သေဖြစ်နိုင်တာလေ။ ထားတော့။

“နန်းအောင်ထွေးကြည်က မပြောနဲ့လို့ တားထားလို့သာ အန်တီဒေါ်သောင်းလှ အသတ်ခံခဲ့ ရတဲ့ ကိစ္စ---“ဆိုပြီး ကိုမောင်မောင်(ရွေကရဝိတ်) ပြောခဲ့တာလည်း တပိုင်းတစ ဖတ်လိုက်ရ ပါသေးတယ်။ ဘာတွေလဲဟလို့တောင် အော်ချင်လာတယ်။ တချို့ ရဲဘော်တွေတောင် အန်တီ ဒေါ်သောင်းလှကို မသိမှီလိုက်ကြပါဘူး။ ညီအတွက် စိုးရိမ်စိတ်နဲ့ တောထဲရောက်လာပါတယ် ဆိုတဲ့ ကိုမောင်မောင်က ဘယ်လိုလုပ် အန်တီဒေါ်သောင်းလှကို သိနေခဲ့ရတာပါလဲ။  အမျိုးတော်နေလို့လား။ အန်တီဒေါ်သောင်းလှက ဒါတွေ မဖြစ်ခင် အစောကြီးကတည်းက ဖျားပြီး ဆုံးသွားတာပါ။

သူမဖျားခင် တပတ်လောက်ထိ ကျမနဲ့ တခြင်ထောင်ထဲ အတူအိပ်ခဲ့တာပါ ။ ကျမ ဆေးလိပ်သောက်ရင်း အိပ်ပျော်သွားတော့ သူ့ခြင်ထောင် မီးလောင်သွားလို့ ကျမကို သူ့အခန်းထဲကနေ မောင်းထုတ်လိုက်တယ်။ ဆေးဆရာမ အန်ရမ်တီးကတောင် သေခါနီး လူတွေက သူတို့ကိုယ် သူတို့သိတယ် သူကိုသံယောဇဉ်တွယ်ပြီး ကျန်မနေရစ်အောင် နင့်ကို သူ့အခန်းထဲကနေ မောင်းထုတ် လိုက်တာပဲလို့ ပြောခဲ့သေးတယ်။ ကေအိုင်အေဆေးရုံမှာ ကျမတို့ကိုယ်တိုင် သွားပြုစုခဲ့ကြတာပါ။ ဘာတွေများ ကြားထားပြန်လို့လဲ။

မျှော်လင့်ထားသလိုပါပဲ အမှန်တဝက် အမှားတဝက် လိမ်ယှက်ရောနှော မြက်ခင်းသစ်ရဲ့မူ အတိုင်း ရေးသားတင်ပြထားတဲ့ ကိုမောင်မောင်(ရွေကရဝိတ်)ရဲ့စာအုပ်ထဲက မှတ်သားစရာလေး တခုတော့ ရလိုက်ပါတယ်။

ဘာတဲ့ ပေါတာအဆွဲခံရတဲ့ အညိုရောင်၊ အမဲရောင်နယ်မြေက လယ်သမားယာသမားသားသမီး ကျောင်းသားရဲဘော်တွေ တော်လှန်ရေးလုပ်တာ ဘာမှ စွန့်လွတ်ရတာ မဟုတ်ပါဘူး ရွာပြောင်းတဲ့သဘောလောက်ပါတဲ့။  ပညာလည်းမတတ်၊ နှီးဖြာတောင်းယက်တတ်တာကိုပဲ အဟုတ်ကြီးထင်ပြီး ဂုဏ်ယူနေသေးတယ်။ ဝတ်စရာ စားစရာ ကုန်းကောက်စရာမရှိလောက် အောင် ဆင်းရဲငတ်ပြတ်နေကြတဲ့ဘဝက လာကြတာမို့  စွန့်လွတ်စရာရယ်လို့ ဘာမှမရှိကြတဲ့အပြင် ငတ်နေပြတ်နေကြလို့ပဲ တော်လှန်ရေးလုပ်နေကြသယောင် ချိုးချိုးဖဲ့ဖဲ့ရေးသားထားတာလေးကိုပါ။

ကျမတို့နိုင်ငံရဲ့မြေပုံလေးက အဖြူရောင်နယ်မြေ၊ အညိုရောင်နယ်မြေ၊ အမဲရောင်နယ်မြေ ဆိုတဲ့ အင်မတန်လှပတဲ့
ကာလာလေးတွေနဲ့ ချစ်စရာလေး မဟုတ်လား။ ဒီစကားက တိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေကို ထည့်သွင်းမစဉ်းစားပဲ အဲဒီလူတွေကပဲ ပေါတာအဆွဲခံ ရချင်လို့ အဲဒီနယ်မြေတွေမှာ နေနေကြရသလို အညိုရောင်၊ အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ကိုယ့်ကိုယ်ပိုင်ဒေသမှာ ကိုယ့်လူမျိုးရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက်  တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ဒေသခံတိုင်းရင်းသား အဖွဲ့အစည်းအားလုံးကိုပါ သွယ်ဝိုက် စော်ကားလိုက်တာပါ။

အမေငတ်နေကြတဲ့ တောထဲကရဲဘော်ရဲမေတွေက ရောက်လာကြတဲ့မိဘတွေကို ကိုယ့်မိဘတွေလို သဘောထားပြီး
ကျမတို့တတွေ စားနေရသလို စားနိုင်ကြမှာ မဟုတ်မှန်းသိလို့ အဖွဲ့က ဧည့်စရိတ် ထုတ်ပေးပြီး ရဲဘော်ရဲမေတွေကို တာဝန်ယူချက်ပြုတ်ကျွေးမွေး ခိုင်းခဲ့တာပါ။ ဒါကိုပဲ ကိုမောင်မောင်(ရွေကရဝိတ်)က ထောက်လှမ်းရေးရဲဘော်တွေကို တခြားရဲဘော်တွေက ကြောက်ရသယောင် အထူးသဖြင့် ဝါဒဖြန့်ချီရေးရဲဘော်တွေက အဲဒီလိုကြောက်ကြရတော့ သူတို့ရှိတဲ့ပိုက်ဆံလေးတွေ ဘာလေးတွေ ဆက်ကြေးသဘောလာပေးကြတော့ ထောက်လှမ်းရေးတဲမှာ ဟင်းနည်းနည်း ကောင်းကောင်း စားရတယ်ပေါ့။ တချို့ရဲဘော်တွေကလည်း ဟင်းကောင်းတော့ လာစားကြတယ်။ သူတို့အခေါ် ”ခွင်တွေ့ပြီ”ပေါ့။ အထူးသဖြင့် ရင်းမှူး သိုက်ထွန်းဉီးလို လူမျိုးဆိုပြီး ရေးထည့်ထားတယ်။ အရေးအသားထဲက ဇာတိပြဆိုသလို စိတ်ဓါတ်အဆင့်အတန်းနေရာမှာ ရင်းမှူးသိုက်ထွန်းဉီးရဲ့ ခြေဖျားအောက်က မြေမှုန့်လေးတမှုန် စာလောက်တောင် မရှိပါဘူးဆိုတာ ပြလိုက်တာပါပဲ ကိုမောင်မောင်။

ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ကို ရဲဘော်တွေက တရိုတသေလုပ်တာတော့ ကြောက်ရလို့ လုပ်ကြရတယ်ဆိုတဲ့သဘောမျိုး။ ရင်းမှူးသိုက်ထွန်းဉီးကို ရဲဘော်တွေက အဲဒီလို လုပ်စရာမလိုတာကိုတော့ သူ့ကိုလည်း ဘယ်သူမှ မလေးစားကြပါဘူးဆိုပဲ။ တော်တော် အဓိပ္ပါယ်ကောက်တော်တဲ့ လူပဲ။ ဒီလိုမှန်းသိရင် ကေအိုင်အေဘက် ခဏခဏရောက်တယ်ဆိုတုန်းက ရင်းမှူး သိုက်ထွန်ဉီးရဲ့ (၇၀၂) တပ်ရင်းကုန်းကို အလည်ခေါ်လိုက်ပါတယ်။ သူ့ရဲဘော်တွေနဲ့ သူဘယ်လို နေထိုင် ဆက်ဆံတယ်။ သူ့ရဲဘော်တွေကော သူ့လုပ်ဖော်ကိုင်ဘက်တွေရော သူ့အပေါ်ဘယ်လို သဘောထားဆက်ဆံကြတယ် ချစ်ခင်ကြတယ်ဆိုတာ လေးတွေ တွေ့မြင်သွားအောင်ပါ။ သေချာတာကတော့ ရင်မှူးသိုက်ထွန်းဉီးက ကလိမ်ကကျစ် အပြောမျိုးတွေ အရေးမျိုးတွေ မလုပ်တတ်ဘူး။ ခင်ဗျာ့တို့ ညီအကိုနှစ်ယောက်ထက် အများကြီး ရိုးသားတယ်ဆိုတာ မြောက်ပိုင်းရဲဘော်ရဲမေတွေအားလုံးက အသိမှတ်ပြုထားတယ်။

ရဲဘော်ရဲမေတွေရဲ့ ခွဲတန်းထဲကနေ ရဲဘော်တွေ အသင့်ချက်ကျွေးတာလည်း အခန့်သား ထိုင်စားသေးတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ကျွေးခဲ့တာလည်း မဟုတ်ပါပဲနဲ့တောင် အဖွဲ့က ရဲဘော်တွေကို စော်ကားလိုက်သေးတယ်။ ကျနော်တို့တောင် ဒီလိုစားရရင် ထောင်ထဲက ကလေးတွေ ဘယ်လိုစားရမလဲပေါ့ အင်မတန် ကိုယ်ချင်းစာနာစိတ်ရှိတဲ့ အတုအယောင် သူတော်ကောင်း အသံလေး ကလည်း ဟစ်လိုက်ချင်သေးတယ်။ ကျန်တဲ့ ရဲဘော်ရဲမေတွေကရော ဘာတွေကို စားနေကြရပါသလဲ ။ ထောင်ထဲကကလေးတွေ ထောင်ထဲ မရောက်ခင်ကရော ဘာတွေကို စားနေခဲ့ကြရသလဲ ပြန်မေးကြည့်ပါဉီး။

တော်တော်လေး ကိုယ်ချင်းစာတရား ကြီးမားလှပါပေတယ်။ ဒါတောင် ခဏလာနေတဲ့ ဧည့်သည်မို့ အသင့်ဝယ်ချက်ကျွေးတာစား နေရတဲ့ အနေအထားမျိုးနဲ့တောင် ဒီလိုစကားမျိုး ထွက်ခဲ့ရင် ရဲဘော်ရဲမေတွေလိုများ နှစ်ရှည်လများနေရရင် ဒီလို အောက်တန်းကျ တဲ့ အတွေးမျိုး ၊ စိတ်ဓါတ်မျိုးနဲ့ဆို ခိုးစား ဝှက်စား အဆင့်လောက်ပဲ ရှိတယ်။

တောထဲမှာ မိဘဆွေမျိုးမရှိ ၊ သွားစရာမရှိ အလုပ်တာဝန်ပြီးတာနဲ့ ဒီရှိတဲ့အဝန်းအဝိုင်းလေး မှာပဲ  တတဲပြီးတတဲ လှည့်ပတ်သွားကြ ရောက်တဲ့တဲမှာ ကူစရာရှိကူ၊ စားစရာရှိ ရင်စား ၊ ဂစ်တာတီးကြ ၊ ဝိုင်းဖွဲ့သီချင်းဆိုကြ ၊ ရောက်တက်ရာရာပြောကြ ဒီလိုပဲ ကျမတို့ အားလုံး နေလာခဲ့ကြရတာပါ။ အဖွဲ့ကထုတ်ပေးတဲ့ ယူနီဖောင်းကလွဲရင် အရာအားလုံးဟာ ရဲဘော်ရဲမေ အားလုံးနဲ့ သက်ဆိုင်တဲ့ အရာတွေချည်းပါ ။ ဘယ်သူ့ ဘယ်သူမှ ဘာမှ မပိုင်ဘူး။ စားစရာနဲ့ ကြုံရင် “ဟာ-ခွင်ပဲ”လို့ ဟာသသဘော ပြောကြတာ။ တခါတလေ ကျမတို့ရဲမေတွေ တောထဲ ဟင်းရှာလည်းမသွားချင် ချက်လည်းမချက်ချင်ကြရင် ဒီနေ့ ရဲမေဆောင် တဆောင်လုံး မီးခိုး တိတ်ဆိုပြီး လေးငါးယောက်စီအုပ်စုခွဲ ကိုယ်ခင်ရာမင်ရာတဲမှာ သွားပြီး ချက်ပြုတ်စားသောက် ကြ ဒီလိုပဲ ရှာကြံပျော်နေခဲ့ကြ ရတာပါ။ ရဲဘော်ရဲမေတွေရဲ့ ခွဲတန်းထဲက ယူစားထားတဲ့ ထမင်းတွေ ဟင်းတွေ ပြန်မအန်ထွက်ပါစေနဲ့လို့ပဲ ဆုတောင်းပေးလိုက် ပါတယ်။

တက်လာသမျှလူတွေကို အကုန်ခုတ်ထစ်သတ်ဖြတ်နေတဲ့ အဖွဲ့လည်းမဟုတ်တော့ ကိုယ့်ကိုယ် ကို ဂျိမ်းစဘွန်းစတိုင်နဲ့ မင်းသားနေရာက ထားရေးပေမဲ့ ရဲဘော်ရဲမေတွေဖြစ်တဲ့ ကျမတို့အတွက် တော့ ဂျိန်းစဘွန်းငပေါကြီး လိုပါပဲ။ ကျမတောင် ဟာသ ပြောခဲ့ဖူးတယ်။ ”တောထဲမှာ ကား တိုက်ခံရလို့ ငါ သေသွားတယ်ဆိုရင် ငါ့အိမ်က ယုံကြမှာ မဟုတ်ဘူး။ တောထဲမှာ ဘယ်က ကားက ဝင်တိုက်သွားတာပါလိမ့် ဖြစ်နေကြမှာလို့” လေ။ ဒါက “သူပုန်”ဆိုတာကို အစိုးရဝါဒ ဖြန့်ထားတာလောက်သာသိပြီး ကြိုကြောက်နေတဲ့ မြို့ပြကလူတွေကို အစိုးရနည်းတူ သူ့အခြေအနေက စိတ်မထင်ရင်မထင်သလို အချိန်မရွေး ခုတ်သတ်ခံရနိုင် တာတောင် သူသတ္တိရှိတယ်ပေါ့ ခပ်ဖိန့်ဖိန့်လေးလိမ့်နေတာပါ။

သူပုန်စခန်းသွားရတာ သိတဲ့လူတွေအတွက်တော့ ငှက်ပျောသီးအခွံခွာရတာကမှ ခက်နေပါအုံးမယ်။ ဒါကြောင့်လည်း ကိုညီညီဆမား ကေအိုင်အေကဗိုလ်မှူးပန်းအောင်နားနေတဲ့ အချိန်တုန်းက  ကိုမောင်မောင် ခဏခဏရောက်ခဲ့တယ်လို့ ပြောခဲ့တာပေါ့။ ဒါပေမဲ့ အစစ်လေးတော့ပါလိုက်သေးတယ် ” ကျွန်တော်က သိပ်ကြောက်တတ်တဲ့သူ မဟုတ်တော့” တဲ့။ သူရေးခဲ့ သလို  အမှန်တကယ် ကြောက်နေရတဲ့ အနေအထားမျိုးနဲ့ စိတ်မထင်ရင် မထင်သလို ခုတ်သတ်တတ်တဲ့ သူတွေသာ အမှန်ဖြစ်ခဲ့ရင်  ဒီလူလား ခဏခဏ တက်လာရဲဖို့ နေနေသာသာ ကိုမောင်မောင် (ရွေကရက်ဝိတ်) ခရီးသွားဆောင်ပါးတောင် ရေးချိန်ရလိုက်မှာ မဟုတ်ဘူး။ တမြို့တည်းသား ကိုအောင်နိုင်နဲ့ ဆက်ဆံရတာကျတော့ အဆင်မပြေဘူးတဲ့။ လူမိုက်လူကြမ်း ကြီးအဖြစ် ဝိုင်းပြောဆိုခံနေရတဲ့ ကိုမျိုးဝင်းနဲ့ ဆက်ဆံရတာ ပိုပြီး အဆင်ပြေတယ်ဆိုပါလား။ ကြည့်ရတာ ကိုမျိုးဝင်းက ကိုအောင်နိုင်ထက် ပိုပြီး ယဉ်မွန်ပုံရတယ်။

ငါ့ညီခံရလို့ ငါရေးတာ၊ အသားအနာမခံနိုင်လို့ ထွက်ဆိုခဲ့ရတာပါမှန်ရင် ကိုညီညီဆမားရခဲ့ပါတယ်ဆိုတဲ့ ဒဏ်ရာဒဏ်ချက် အနာရွတ်လေးတွေ အများကြည့်မြင်နိုင်အောင် သက်သေပြ ကြည့်လေ။ တကယ်တန်း ခံခဲ့ကြရတဲ့သူတွေက ကိုညီညီဆမားလည်း မဟုတ်ဘူး၊ နန်းအောင်ထွေးကြည်လည်း မဟုတ်ဘူး။ သူတို့ ပြန်လက်ညိုးထိုးပြနေကြတဲ့ နှိပ်စက်ညှင်းပမ်း အသတ်ခံလိုက်ရတဲ့ သူတွေသာ ဖြစ်တယ်။ အဲဒီလူတွေအတွက် အမှန်တရားကိုပဲ ကျမလိုချင်တယ်။

နန်းအောင်ထွေးကြည် နေထိုင်ခဲ့တဲ့အိမ်ကြီးရဲ့ ကြီးကျယ်ခန်းနား အဆင့်အတန်းမြင့်မားလှပုံ အင်မတန်မှ ချမ်းသာကြွယ်ဝလှပုံ တွေကြောင့် သွားရည်တမြားမြားကျခဲ့ရပြီး အဲဒီအရာတွေကို စွန့်ပြီး မြို့ပြကလာခဲ့တဲ့ နန်းအောင်ထွေးကြည်ရဲ့ စွန့်လွတ်မှု့ကမှ အင်မတန်ကြီးကျယ် မြင့်မြတ်တာမို့ အလေးပြုလိုက်ရပါတယ်ဆိုတဲ့အကြောင်း အဖြူအမဲ ကွဲပြားသွားအောင် နိုင်းယှဉ်ခွဲခြား ပြခဲ့တဲ့ ကိုမောင်မောင်(ရွေကရိတ်)လို လူမျိုးကိုတော့ သနားလွန်းလို့ “ကျွတ်ကျွတ်ကျွတ်”လို့ စုတ်တောင် သပ်လိုက်မိတယ်။ မြို့ပြက ပညာတတ်ကြီးရဲ့ မှတ်သားစရာ ဖီလိုဆိုဖီတခု အဖြစ်လေ။

အညိုရောင် အနက်ရောင်နယ်မြေတွေမှာ ကျွဲနှစ်ကောင်ခတ်တဲ့ကြား မြေဇာပင်ဘဝနဲ့ အဲဒီလို ဆင်းရဲ ငတ်ပြတ် စုတ်ပြတ်နေတဲ့ ကြားက  ကုန်းရုန်းလယ်လုပ်ပြီး သူတို့ရဲ့သားတွေကို စက်မှု့တက္ကသိုလ် ပဉ္စမနှစ်ရောက်အောင်ပို့ခဲ့ကြတဲ့ (ကျဆုံးသွားခဲ့ကြတဲ့) ကိုဝင်းဖေ (နမ္မား၊ ရှေ့တန်းမှာကျဆုံး) ၊ ကိုမျိုးဝင်း (နမ္မား၊ရှေ့တန်းမှာကျဆုံး) တို့လို တဲစုတ်ကလေးမှာနေတဲ့ လယ်သမား ယာသမား မိဘတွေအတွက်တော့ သူတို့ရဲ့ သားတွေကို ဆုံးရှုံးခဲ့ရသည့်တိုင် ဒါက ဘာမှကြီးကြီးမားမား စွန့်လွတ်လိုက်ရတာမျိုး မဟုတ်ဘူးပေါ့လေ။ အမှန်ပြောရရင် ဒီစာအုပ် မဖတ်ခင်အထိ ဒီလောက်အဆင့်လို့ ထင်မထားမိခဲ့ဘူး။

ပြီးတော့ မေးခွန်းထုတ်လိုက်သေးတယ်။ အဲဒီလို အဆင့်အတန်းမျိုးနဲ့ နေထိုင်ခဲ့တဲ့ နန်းအောင်ထွေးကြည်ဟာ ဘယ်လိုလုပ် ထောက်လှန်းရေး ဖြစ်နိုင်ပါ့မလဲတဲ့။ ဒီစကားအရဆို ပိုက်ဆံမရှိ ဆင်းရဲတဲ့သူတွေသာ ထောက်လှန်းရေး လုပ်ကြတယ် ဆိုတဲ့သဘော။ ဒီစကားအတိုင်းဆို နန်းအောင်ထွေးကြည်အဖေ ထောက်လှန်းရေး စလုပ်တဲ့အချိန်တုန်းက ဒီလိုမျိုးချမ်းသာကြွယ်ဝ မှု့မျိုး မရှိသေးလို့ပဲ ထောက်လှမ်းရေး လုပ်ခဲ့ရသလို ဖြစ်နေတယ်။ အဲဒီလို ဆိုလိုချင်တာလား။

နောက်ထပ် ထင်မြင်ယူဆချက်တခုကိုလည်း တွေ့ရသေးတယ်။ ကချင်ဒေသမှာ လှုပ်ရှားခွင့်မရှိ တဲ့လူမျိုးတမျိုးက ကျောင်းသားတပ်ထဲမှာ နေရာအာဏာရအောင်ယူနိုင်ဖို့ ကိုထွန်းအောင်ကျော်တို့လို မြို့က နိုင်ငံရေးသိနားလည်တဲ့သူတွေကို ရှင်းပစ်တာမျိုးလည်း ဖြစ်နိုင်တယ်တဲ့။

ဘာကြောင့်လည်းဆိုတော့ ကိုမျိုးဝင်း၊ ကိုသံချောင်းတို့က ရှမ်းနီလူမျိုးတွေ ဖြစ်နေလို့လေ။ အဲဒီထင်မြင်ယူဆချက်အတိုင်းသာဆိုရင် ကေအိုင်အေက ဉက္ကဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး တို့ကို ကယ်ထုတ်ပြီး ကိုမျိုးဝင်း ၊ကိုသံချောင်းတို့လို ရှမ်းနီတွေကိုသာ တနည်းနည်းနဲ့ ရှင်းထုတ် ပစ်မှာပေါ့။ ကျမတို့ မမွေးခင်ကတည်းက တော်လှန်ရေးလုပ်လာတဲ့ အဖွဲ့အစည်းကြီး တခုက လူတွေကို ငါတို့လောက်တောင် သိမှာမဟုတ်တဲ့ ငတုံးငအတွေလို့များ ကိုမောင်မောင် (ရွေကရဝိတ်) ထင်မြင်ယူဆနေသလားမသိ။ ဒါမှမဟုတ်----။

ကျောင်းသားရဲဘော်တွေက ကေအိုင်အေက လူကြီးတွေဆို တုန်နေအောင် ကြောက်ရတယ်ဆိုတဲ့ သဘောလည်းပါရဲ့၊ မဟာမိတ်မို့ ဝင်စွပ်ခွင့်မရှိဘူးဆိုတာလည်းပါရဲ့။ ဝင်စွပ်ခွင့် အမှန် တကယ်မရှိရင် နန်းအောင်ထွေးကြည်နဲ့ကိုညီညီဆမားက ဘယ်လိုအကြောင်း ကြောင့် ကေအိုင်အေအဖွဲ့ထဲ ရောက်သွားခဲ့ရတာလဲ။ ငါတို့ တော်လှန်ရေးသက်တမ်း ဒီလောက် အကြာကြီးမှာတောင် ဒီလောက် များတဲ့ထောက်လှန်းရေးမျိုး မကြုံဖူးဘူးဆိုတဲ့ ဖြတ်သန်းမှု့ အတွေ့အကြုံ အသိတွေရှိပါလျက် ဘာအကြောင်းကြောင့် နှစ်ချောင်းတည်းသောအသက်ကိုမှ ရွေးကယ်ခဲ့ရတာလဲ။

နန်းအောင်ထွေးကြည်အမေက ဗိုလ်ချုပ်ဇော်မိုင်မိန်းမနဲ့ အမျိုးတော်လို့ ထားပါတော့ (ဒါ တောင် ဒီကိစ္စတွေပေါ်လာမှ အမျိုးဆိုပြီးသတင်းထွက်လာတာ အရင်က ဘယ်သူမှတောင် ကြားဖူးခဲ့ကြတာ မဟုတ်ပါဘူး။) အခုမှ အသစ်ရောက်စ ယူဂျီအုပ်စုထဲက ကေအိုင်အေ အတွက်ယူဂျီလုပ်ပေးခဲ့တဲ့ ယူဂျီတာဝန်ခံ ကိုချိုကြီးကိုကျ မခေါ်ထုတ်ပဲ အဖမ်းခံခဲ့ရတဲ့ ညတွင်းချင်းမှာပဲ ဘယ်လိုလုပ်သိနေလို့ ဘာအကြောင်းကြောင့် ကိုညီညီဆမား(ယူဂျီ) တယောက်တည်းကိုမှ ရွေးခေါ်ထုတ်သွားပြီး ကေအိုင်အေရဲ့ဧည့်ခန်းဆောင်မှာ ထားခဲ့ရတာလဲ။ ပြီးတော့ ကျောင်းသားတပ်က ပြန်ဖမ်းခဲ့တယ်။ ရိုက်နှက်စစ်ဆေးမေးမြန်းနေစရာ မလိုပဲ ထွက်ဆိုချက်တွေပေးခဲ့တယ်။  ပြီးတော့ ကေအိုင်အေက ပြန်ခေါ်ထုတ် သွားခဲ့တယ်။ တမျိုးတော့ တမျိုးကြီး ဖြစ်နေပါတယ်။

(၁၀)

  • Nweni Tun တကယ်တန်း ခံခဲ့ကြရတဲ့သူတွေက ကိုညီညီဆမားလည်း မဟုတ်ဘူး၊ နန်းအောင်ထွေးကြည်လည်း မဟုတ်ဘူး။ သူတို့ ပြန်လက်ညိုးထိုးပြနေကြတဲ့ နှိပ်စက်ညှင်းပမ်း အသတ်ခံလိုက်ရတဲ့ သူတွေသာ ဖြစ်တယ်။ အဲဒီလူတွေအတွက် အမှန်တရားကိုပဲ ကျမလိုချင်တယ်။
  • Hmone Shwe Yiငါ.ညီခံရလို.ငါရေးတာအသားအနာမခံနိုင်လို.ထွက်ဆိုခဲ.ရတာပါ-မှန်ရင်ကိုညီညီဆမားရခဲ.ပါတယ်ဆိုတဲ.ဒဏ်ရာဒဏ်ချက်တွေအနာရွတ်လေးတွေအများကြည်.နိုင်အောင်သက်သေပြကြည်.လေ-တကယ်တန်းခံခဲ.ကြရတဲ.သူတွေကကိုညီညီဆမာလဲမဟုတ်ဘူးနန်းအောင်ထွေးကြည်လဲမဟုတ်ဘူးသူတို.ပြန်လက်ညီုးထိုးပြခဲကြလို..နှိပ်ဆက်ညှင်ပမ်းအသတ်ခံလိုက်ရတဲ.သူတွေသာဖြစ်တယ်-အဲဒီလူတွေအတွက်အမှန်တရားကိုဘဲကျမလိုချင်တယ်-

Thursday, January 31, 2013

နာမည်ကျော် ရေလှိုင်းစစ်ဆင်ရေး (သို့မဟုတ်) မေးခွန်းထုတ်စရာများ (၇)



by Tamar Khin on Thursday, January 31, 2013 at 5:41pm ·

“ငါ့ရှေ့ကို ဗဟိုကော်မတီ စာရင်းလစ်ကြီးလာချပေးတယ်။ ငါတော့ သေသာသေလိုက်ချင် တယ်။ ဒါပေမဲ့ ကိုစိုးလင်းက လောလောဆဲ ဒီမှာမရှိတော့ တောင်ပိုင်းမှာ ဒါမျိုးတွေတော့ ရှိမှာမဟုတ်ဘူး တွေးမိပြီး ကိုစိုးလင်းကို ဆွဲထည့်ဖြေလိုက်ရတယ်။ စိတ်တော့ မကောင်းဘူး။”

ဒါကိုတော့ ကျမ လက်ခံနားလည်ပေးနိုင်ပါတယ်။ အရေးကြုံလာရင် လူတိုင်းဉနှောက်ကို ထည့်သုံးရတော့တာပဲ။
ဒါပေမဲ့ ကျမရေးတဲ့စာ အပိုင်း(၂)တင်ပြီးတဲ့ နောက်မှာ ဖုန်းဆက်ခဲ့တယ်။“မင်းရေးချင်ရင်လည်း မင်းမြင်ရတဲ့ အတိုင်းပဲရေး (သူသိပါတယ် အဖမ်းခံကြရတယ်ဆိုတာကလွဲလို့ ကျမမြင်တာ ဘာမှ မရှိဘူးဆိုတာ။) ငါ့ဘက်ကလူတွေက ငါ့နာမည်ပါနေလို့ ဒီကောင်မကြီးကို ဝိုင်းဆော်လိုက် ရ မလား လုပ်နေကြတယ်။”လို့ (ကြောက်မယ်ထင်ပြီး မသိမသာခြိမ်းခြောက်လိုက်ရင်း၊ ရေးချင် ရင်တောင် သူ့နာမည်မပါအောင်ရေးဆိုတဲ့သဘော)။ “မင်းနဲ့ ငါ သွေးသောက်ထားတယ်” ဆိုတာလည်း ငါသူတို့ကို ပြောပြထားတယ်”(ကျမကို သူ့လူဖြစ်ဖို့ သတိပေးလိုက်ရင်း) “ရေလှိုင်းစစ်ဆင်ရေးဆိုတာလေ အဲဒါ ငါလုပ်ထားတာ ငါသံချောင်းကို ဝတ္ထုတပုဒ်ရေးပေးလိုက် တာ။ ကိုထွန်းအောင်ကျော်၊ ကိုရဲလင်း၊ ကိုညီညီကျော်၊ ကိုစိုးလင်း၊မမညို၊မမနှင်းမေ တို့ကို လည်း ငါပဲဆွဲထည့်ခဲ့တာ ”လို့ ထုတ်ပြောလာပြန်ပါတယ်။

ကျမဆောင်းပါးတွေ တင်တဲ့အချိန်ကြမှ ကျမမမေးပဲ တကူးတက ဖုန်းဆက်ပြီး ဘာကြောင့် ဒါတွေကို သူလာပြောနေရ လာပြီး ဖွင့်ဟဝန်ခံချက်တွေ ပေးနေခဲ့ရတာပါလဲ။

သူနဲ့သွေးသောက်ထားတဲ့သူမို့ (ဒါလည်း သွေးသောက်ပြီး သစ္စာဆိုချင်တယ်လို့ သူပဲစပြော လာလို့ သူ့ဆန္ဒကိုလိုက်လျောခဲ့ပေမဲ့  မှန်တာကိုပြောရမယ်၊ မှန်တာကိုလုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်ဆိုတဲ့ ကျမလုပ်နိုင်တာကိုပဲ ကျမသစ္စာဆိုခဲ့တာပါ။ ဒါမျိုးတွေ ကြောင့်လည်း ကျမတို့နှစ်ယောက် သွေးသောက်တဲ့အချိန်တုန်းက “မှန်တဲ့အတိုင်းပြောရမယ်” ဆိုတဲ့အချက်ကို သူလက်မခံပဲ ချန်ထားခိုင်းခဲ့တာ ဖြစ်ရမယ်။)ကျမကို သူ့လူအဖြစ် သတ်မှတ်ပြီး သူ့နဲ့ပတ်သက်တာတွေတော့ ရေးမှာမဟုတ်ဘူးလို့ သူထင်ခဲ့သလား။

ဒါမှမဟုတ် ကိုယ်ချင်းစာနာမှု့နဲ့ အားလုံးရဲ့ဝိုင်းဝန်းထောက်ခံမှု့ရနေတဲ့ ငါ့လိုလူမျိုးကို ဘယ်သူမှ လာထိရဲ ရေးရဲမှာ မဟုတ်ဘူးလို့ ယူဆမိလို့လား။

ဝိုင်းဝန်းထောက်ခံကြတဲ့ အင်းအားတွေအပေါ် ငါ့အနေအထားကတော့ တစုံတရာ ခိုင်မာ သွားပြီလို့ သူ့ကိုယ်သူ ယုံကြည်ယူဆပြီး တခြားလူတွေအပေါ် တခြားအကြောင်းအရာတွေ အပေါ် အတွေးမချဲ့ဖြစ်အောင် လမ်းပိတ်ချင်တာလား။ သတင်းအမှားကို ပေးချင်တာလား။ တစုံတရာကို လမ်းလွဲချင်နေတာလား။
သို့မဟုတ် မျက်မြင်သက်သေအဖြစ် ချန်ထားတဲ့ကျမကို ဒီလိုကြိုအသိပေးထားလိုက်ရင် သူရိုးသားတယ်ဆိုတာကို ယုံကြည်စေဖို့လား။

လူမှားတယောက်က သူ့ကိုယ်သူ လူမှန်အဖြစ် အများကယုံကြည်လက်ခံလာဖို့ဆိုရင် မေးလာ တဲ့မေးခွန်းမှန်သမျှ ရှောင်လို့မရတော့သလို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းနဲ့ အမှန်အတိုင်း ဖြေဖို့ရာကလည်း မရှိမဖြစ် လိုအပ်ချက်ဖြစ်လာပါတယ်။ ကိုယ်က တကယ်လူမှန် မဟုတ်ခဲ့ရင် တော့ အဲဒီမှာပဲ အမှန်တဝက် အမှားတဝက်နဲ့ လုံးခြာလိုက်ပြီ ကိုယ်ချည်နဲ့ပဲ ကိုယ့်ကို ပြန်ရစ် သွားမှာကတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

အရင်တုန်းက ကျမရေးထားတဲ့စာထဲမှာ ဉက္ကဌကိုထွန်းအောင်ကျော်ကို နာမည်တပ်ပြီး ရိုက်စစ် မေးခဲ့တဲ့သူတွေက ဘယ်သူတွေလဲ။ ကိုမျိုးဝင်းကိုယ်တိုင် မေးခဲ့တာလား။ ကိုသံချောင်းလား။ ကိုသန်းဇော်လား။ ဇော်ဇော်မင်းလား။ အသားအနာမခံနိုင်လို့ ဆွဲထည့်ခဲ့ရတဲ့ သူတွေက ဘယ်သူတွေလဲဆိုပြီး မေးထားတာရှိပါတယ်။

အဲဒီလူတွေ နာမည်တပ်မမေးခဲ့တာကတော့ သေချာသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ အဲဒီမေးခွန်းတွေအတွက် ဝိနည်းလွတ်အောင် ဖြေထားတဲ့အဖြေက-----။

အခုနောက်ဆုံး နန်းအောင်ထွေးကြည်ပြောတာတွေကို မေသင်္ကြန်ဟိန်းရေးထားတဲ့စာ ထဲမှာတော့ ဒီလိုဆိုထားပြန်တယ်။ “သူတို့ ချပေးထားတဲ့နာမည်တွေ ကျမ လက်မှတ်ထိုးပေး ခဲ့ရပါတယ်။ ခွင့်လွတ်ပါ”လို့ နန်းအောင်ထွေးကြည်ကပြောတော့ ကိုထွန်းအောင်ကျော်က ”မဟုတ်ဘူး၊ မင်းတို့သာ ငါ့ကို ခွင့်လွတ်ကြပါ။ ငါကျောင်းသားတွေ ဒီလောက်ရက်စက်ကြ လိမ့်မယ်လို့ မထင်ခဲ့ဘူး”တဲ့။ အဲဒီတုန်းက အဲဒီစကားရဲ့အနက်ကို ကျမ မသိဘူး။ အခုနောက်ပိုင်း ကိုရဲလင်း၊ ကိုစိုးလင်းတို့နဲ့ စကားပြောဆိုဖြစ်ခဲ့ကြတော့မှ တော်တော်လေး သိလာရတာ ကံကြမ္မာကိုဘဲ လက်ညိုးထိုးရမှာလားတဲ့။

အင်း ကြည့်ရတာ ( ပြန်မဖြေရှင်းနိုင်တော့တဲ့ သေသွားတဲ့နောက်တယောက် ) ဉက္ကဌကိုထွန်းအောင်ကျော်ကိုတောင် ပြန်လက်ညိုး ထိုးပြချင်သလိုလို။ အရိုက်အနှက် မခံရအောင် ဇာတ်လမ်းတွေ အများကြီးရေးခဲ့ရတော့ မမှတ်မိတော့ဘူးပြောလိုက်။ ကျမတို့က တခါဖြေထားပြီးသားပဲ မလွဲအောင် ထပ်ခါထပ်ခါ ပြန်ဖြေရတယ်ဆိုလိုက်။ ရှေ့နောက်မညီတဲ့ ကမောက်ကမတွေရွတ်ဆိုနေတဲ့သူက ရိုက်နှက်မဲ့သူမရှိတော့တာတောင် ဆက်ရန်ဇာတ်လမ်း လေးတွေနဲ့ ဝင်္ကဘာပတ်လာနေပါပြီ။

ကိုမျိုးဝင်း၊ ကိုသံချောင်းတို့ ချရေးထားပြီးသား ကိုထွန်းအောင်ကျော်အပါအဝင် ဗဟိုကော်မတီ ဝင်နာမည်တွေရဲ့အောက်က သူက ဆိုင်းပဲ ထိုးပေးလိုက်ရတာပါ။ ဆိုလိုရင်းက  ကိုထွန်းအောင် ကျော်နဲ့ ဗဟိုကော်တီတချို့ကို သူဆွဲထည့်ခဲ့တာ မှန်ပေမဲ့  သူက ဆွဲထည့်ချင်လို့ထည့်ခဲ့တာမျိုး မဟုတ်တော့ပဲ ကိုမျိုးဝင်း၊ကိုသံချောင်းတို့ကိုယ်တိုင် ဆွဲထည့်ခဲ့ပါတယ်ဆိုတဲ့သဘောမျိုး။

နန်းအောင်ထွေးကြည် ပြောတဲ့အတိုင်းသာ တကယ်မှန်ခဲ့ရင် ကိုမျိုးဝင်း ၊ ကိုသံချောင်းတို့က သူတို့ကိုယ်တိုင် ဆွဲထည့်ထားပြီး ထောက်လှန်းရေးတွေ မဟုတ်မှန်းလည်းသိနေပါလျှက် ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ကိုကျော်ဝေ၊အောင်ဖိုးတို့ကို လက်နက်တွေ၊ ဆက်သွယ်ရေး စက်တွေ၊ အဆိပ်တွေ ထုတ်မပေးမချင်း နန်းအောင်ထွေးကြည်ပြောခဲ့သလိုဆို ရိုးရိုးရိုက်စစ်ခဲ့ ကြတာမျိုးတောင် မဟုတ်ဘူး။ လက်ဝါကပ်တိုင်တင် သံရိုက်စစ်၊  မိုင်းတွေကပ် လက်တွေဖြတ်၊ ခြေထောက်တွေဖြတ် နည်းမျိုးစုံနဲ့ကို သဲကြီးမဲကြီး ရက်ရက်စက်စက်နှိပ်စက် ညှမ်းပမ်းစစ်ဆေး မေးမြန်းခဲ့ကြပါတယ်ဆိုတာမျိုးတွေ လုပ်ခဲ့ကြစရာ လိုအပ်ခဲ့ပါသလား။ လုပ်ဖို့ လိုအပ်နေသေး လို့လား။

နန်းအောင်ထွေးကြည်ပြောခဲ့သလိုဆို အာဏာရူးလို့ အာဏာလုတာများ မိုင်းကပ်လက်ဖြတ်၊ ခြေဖြတ်တွေလုပ်ပြီးမှပဲ လုယူလို့ရနေတာမျိုးလား။ တခြားနည်းလမ်းတွေ မရှိတော့လို့လား။ ကျမတို့နိုင်ငံက ရာစုနှစ်ထက်ဝက်ကျော် စစ်အာဏာရှင်အဆက်ဆက် ကြီးစိုးခဲ့တဲ့နိုင်ငံလေ။

”cs  ,  vs  တို့ လိုချင်တဲ့ပစ္စည်းတွေ ရအောင်လုပ်ပေးပါ့မယ်။ အချိန်ပေးပါပေါ့ “ ကိုထွန်းအောင်ကျော် အပါအဝင် အားလုံးဝိုင်းတောင်းပန်ကြတာ။ အဲဒီမှာ ကျမတို့ချည်းပဲ ဝိုင်းဆွေးနွေးကြဆိုပြီး လွတ်လွတ်လပ်လပ် ဆွေးနွေးခိုင်းခဲ့ပါတယ်။”ဆိုတာတွေကကော  နှစ်ဘက်စလုံးက  မဟုတ်ကို အဟုတ်လုပ်ပြီး အကယ်ဒမီရဖို့ အပြန်အလှန်သရုပ်ဆောင် လေ့ကျင့်နေခဲ့ကြတာတွေလား။

ကိုမျိုးဝင်းတို့ကိုသံချောင်းတို့ အဲဒီလောက်တောင် ရက်ရက်စက်စက် နှိပ်စက်မေးမြန်းစစ်ဆေး ခဲ့ကြပါတယ်ဆိုတာတွေကိုက ဉက္ကဌကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဉီးစိန်တို့လို လူမျိုးတွေကို သူတို့ကိုယ်တိုင် မဟုတ်မှန်းသိရဲ့နဲ့ ထည့်ထားခဲ့တာမဟုတ်လို့ ထောက်လှမ်းရေးတွေဆိုပြီး အမှန်တကယ်ယုံကြည်ခဲ့လို့ လုပ်ခဲ့ကြတယ်ဆိုတာကိုညွန်ပြနေသလို ခံရသူတွေထဲကပဲ ဆွဲထည့်ခဲ့ကြ၊ လက်ညိုးထိုးပြခဲ့ကြ ၊ အသတ်ခံခဲ့ရအောင်လုပ်ခဲ့ကြပါတယ်ဆိုတာကိုပါ ပြန်လည် လက်ညိုးထိုးပြနေခြင်းပဲ ဖြစ်ပါတယ် ။ ရှင်းရှင်းလေးနဲ့ ရိုးရိုးလေးပါ။

ဒီသဘောအရယူကြည့်ရင် ကိုမျိုးဝင်း၊ကိုသံချောင်းတို့ ချရေးထားပြီးသား ကိုထွန်းအောင်ကျော် အပါအဝင် ဗဟိုကော်မတီတွေကို သူကဆိုင်းပဲ ထိုးပေးလိုက်ရပါတယ်ဆိုတာက ဖြစ်နိုင်သလား။
ဉက္ကဌကိုထွန်းအောင်ကျော်အပါအဝင် ဗဟိုကော်မတီတွေကို နန်းအောင်ထွေးကြည်ကိုယ်တိုင် ဆွဲထည့်ခဲ့တာက  ဖြစ်နိုင်သလား။ စာဖတ်သူတွေပဲ စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။

နန်းအောင်ထွေးကြည်လိုပဲ ဉီးစိန်၊ ဉီးသောင်းမြင့်၊ ဉီးအောင်ကိုး၊ ဉီးဇော်ဝင်းချစ် တို့ကို ဆွဲထည့်ဖြေခဲ့သူ နောက်တယောက် သေချာပေါက် ရှိနေပါအုံးမယ်။ ဘာကြောင့်လဲဆိုရင် ဒီလူတွေက နီးစပ်ရာဆွဲထည့်ရမဲ့ မနူးမနပ် ကျောင်းသားအရွယ် ရဲဘော်အငယ်တွေထဲက မဟုတ်ပါဘူး။ သူတို့ဘာလဲ ဘယ်သူတွေလဲ အတိအကျမသိပေမဲ့ အဖေအရွယ်လောက် ရှိနေကြတဲ့ ဗဟိုကော်မတီဝင် ရဲဘော်ကြီးတွေ။ အစီစဉ်ရှိရှိ ရည်ရွယ်ချက်ရှိရှိကို ဖြစ်သွားခဲ့တဲ့ ကိစ္စတွေပါ။

ကိုအောင်နိုင်ကို ဆွဲမထည့်ပဲ တမင်ချန်ထားခဲ့တာလည်း ရှိသမျှအပြစ်အားလုံးကို လွဲချနိုင်ဖို့ ဆင်ထားတဲ့ အကွက်တွေကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စကတည်းက နန်းအောင်ထွေးကြည်  ကိုအောင်မိုးဝင်း အကူအညီ နဲ့ ကျယ်ကျယ်လောင်လောင် စအော်ခဲ့တဲ့ နာမည် ထပ်ခါထပ်ခါ အော်နေတဲ့နာမည်က ဒါတွေကို အမှန်တကယ်ဉီးဆောင်လုပ်ခဲ့တဲ့ ကျဆုံးသွားတဲ့ ကိုမျိုးဝင်း၊ ထောင်ကျနေတဲ့ ကိုသံချောင်းမဟုတ်ဘူး။  “ရောနယ်အောင်နိုင်” နာမည်နဲ့ပဲ လိုင်းတင်ထားပြီး စခဲ့တာ။

ကိုထွန်းအောင်ကျော် သေရွာက ထကြည့်နိုင်လို့များ သိခဲ့ရင် “ခံရပုံခံရနည်းပဲ ကွာတာပါ အောင်နိုင်ရာ။ နောက်ဆုံးတော့ မင်းရော ငါရော နှစ်ယောက်စလုံး ခံလိုက်ရတာပါပဲ။ ငါကလူသေ၊ မင်းကနာမည် သေ“လို့များ ပြုံးပြုံးကြီး ပြောနေမလားမသိ။

ကျမ မြောက်ပိုင်း ဆောင်းပါးတွေ မတင်ခင် နန်းအောင်ထွေးကြည်နဲ့ ဖုံးပြောချိန်က “နေစမ်းပါအုံး ။ ကိုအောင်နိုင်က နင်နဲ့လည်း ပါစင်နယ်အရ ပြသနာမဖြစ်ဖူးဘူး။ လုပ်စရာ လူမရှိတော့လို့ ဉက္ကဌတက်လုပ်တာကလွဲရင်  ဘယ်သူ့ကိုမှလည်း ရိုက်နှက်စစ်ဆေးမေးမြန်း ခဲ့တာ မဟုတ်ဘူး။ ခေါင်းဆောင်အနေနဲ့တာဝန်ရှိတာကလွဲရင် ဘယ်သူ့ကိုမှလည်း ကိုယ်ထိလက်ရောက်သတ်ခဲ့တာ မဟုတ်ဘူး။သူတယောက်တည်း လုပ်ခဲ့တဲ့ကိစ္စလည်း မဟုတ်ဘူး။ မြောက်ပိုင်းဗဟိုကော်မတီတခုလုံးမှာ တာဝန်ရှိတာကို  ဘာကြောင့် “ရောနယ်အောင်နိုင်ပဲ” အတင်းအော်နေရတာလဲ။ နင်အော်ချင်ရင် နင့်ကိုရိုက်နှက်မေးမြန်းခဲ့ တဲ့ ကိုသန်းဇော်တို့ ဇော်ဇော်မင်းတို့ကို အော်ပါလား”ဆိုတော့။

“အဲဒါ အထဲက လူတွေရဲ့ကိစ္စ ငါကအပြင်မှာနေတာ အပြင်ကလူက ငါ့ကိစ္စ”တဲ့။ ဒါပေမဲ့ အထဲကလူတွေကလည်း ရောနယ်အောင်နိုင်ပဲ တသံတည်းထွက်နေတာ ထူးဆန်းတယ်။ (အထူးသဖြင့်  ကိုအောင်နိုင်ကို လွဲချအပြစ်ပုံတဲ့နေရာမှာရော ကိုမျိုးဝင်းက ထောက်လှန်းရေး မဖြစ်နိုင်ဘူးလားလို့ လိုင်းတင်ပြီး ကျမကို မေးခဲ့ကြပုံချင်းကအစ နန်းအောင်ထွေးကြည်နဲ့ တလေသံတည်းထွက်နေတဲ့ ကိုညီညီဆမား)

မိဘဆင်ထားတဲ့ ဆွဲကြိုးတွေ ဆိုင်ကယ်တွေရောင်းပြီး တောထဲသွားဖို့ လမ်းစရိတ်မရှိတဲ့သူတွေ ကို ထောက်ပံ့ခဲ့တဲ့ “ရောနယ်အောင်နိုင်”၊ သားမိုက်ရဲ့လုပ်ရပ်ကြောင့် အထူးကုဆရာဝန်ကြီး တွေဖြစ်တဲ့ မိဘ နှစ်ပါး ဆေးရုံဝင်းနေအိမ်က နှင်ထုတ်အလုပ်ဖြုတ်ခံရတဲ့ထိ သားလိမ္မာလုပ်ခဲ့တဲ့ “ရောနယ်အောင်နိုင်”၊ သူ့ယူဂျီတွေ အားလုံး ရက်ရက်စက်စက်ဖမ်းဆီးနှိပ်စက်ညှင်းပမ်းခံရ နှစ်ရှည်ထောင်ဒဏ်တွေကျခဲ့လို့ ယိုတဲ့အပေါက်ကိုရှာရင်း ဝမ်းနည်းကြေကွဲ ယူကြုံးမရ ခံစားခဲ့ ရတဲ့ “ရောနယ်အောင်နိုင်”၊  သူ့ရဲ့ပါစင်နယ်ခံစားမှု့တွေကို ကိုထွန်းအောင်ကျော်ကလွဲရင် ဘယ်သူ့ကိုမှ ဖွင့်ဟမပြောခဲ့တဲ့ထိ ကိုထွန်းအောင်ကျော်ကို အကိုတယောက်ပမာ ခင်တွယ်ခဲ့တဲ့ “ရောနယ်အောင်နိုင်”။ ၈၈ကနေ -ယနေ့ အချိန်ထိ တလျှောက်လုံး စစ်အစိုးရဆန့်ကျင်ရေး ကိုသာ ကိုယ်လုပ်နိုင်တဲ့ဘက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ”ရောနယ်အောင်နိုင် “။

လက်တွဲလုပ်ခဲ့သူတယောက်ကို ရန်သူ့သူလျိုအဖြစ် ဘယ်လိုအကြောင်း တရားတွေရဲ့ တွန်းပို့ပေးမှု့နဲ့ လက်ခံယုံကြည်ခဲ့ပါသလဲ။ မှန်ရင်စံစရာမရှိပေမဲ့ မှားရင်ဝိုင်းပြီး ဆွမ်းကြီးလောင်း ခံရဖို့သာရှိတဲ့ ခေါင်းဆောင်တယောက် လုပ်ခဲ့မိတဲ့အရသာလေး ချိုသလား ခါးသလားဆိုတာ လက်တွေ့သာ ပြလိုက်ပေတော့ ရောနယ်အောင်နိုင်”ရေ။

အင်း--ကြည့်ရတာ တော်လှန်ရေးနယ်မြေမှာ လက်ရှိလုပ်ကိုင်နေသူတွေကိုပဲ ဆော်ဖို့ အဓိက ပစ်မှတ်ထား ထားပုံရတယ်။ စစ်အစိုးရ စောင့်ရှောက်ထားတဲ့ အမှန်တကယ်လက်တွေ့ ဆော်ခဲ့ နှက်ခဲ့ကြတဲ့ ကိုသန်းဇော်တို့ ဇော်ဇော်မင်းတို့ အောင်စိုးမြင့်တို့ကိုတော့ လက်ရှိ တော်လှန်ရေး ဘက်မှာ ရှိမနေပဲ ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထားလို့ ထင်ပါရဲ့ အမှန်တရား အတွက်အော်နေသူတွေ တို့တောင် မတို့ရဲကြပဲနဲ့များ ကိုအောင်နိုင်သာမက ကျမကိုပါ ငါနဲ့မတူ ငါ့ရန်သူသဘောနဲ့ မန္တလေး ပြန်ရဲရင် ပြန်ကြည့်လေတဲ့။

နန်းအောင်ထွေးကြည်တို့  ခြိမ်းခြောက်နေလိုက်ပုံက။ ကြောက်နေရပါလား။ ကြည့်ရတာ ပြန်ရင် မင်းတို့လည်း ထောက်လှမ်းရေးတွေရဲ့ အကာအကွယ်ယူဖို့တော့ လိုတယ်လို့ ပြောချင်တာများလား မသိ။

(၁၉၉၆-၉၇)က ကျမပြန်ခဲ့တာ သူမေ့နေပုံရတယ်။ တချို့လူတွေ ဖြစ်နိုင်တယ်ပြောလို့ ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေက လာရောက်လည်ပတ်တဲ့ ရဲဘော်တီးချန်ကိုးနဲ့တောင် အိမ်တိုင်ရာရောက် အဆဲပါးလိုက်သေးတယ်။ အင်း--ပြောတော့ လူ့အခွင့်အရေးအတွက် ကိုယ့်အခွင့်အရေးနဲ့ကိုယ် ကိုယ့်အမြင် ကိုယ့်အယူအဆ တင်ပြတာလေ။

အမှန်တရား တကယ်ရှာမယ်ဆိုရင် “ မကွယ်ဝှက်ကြစတမ်း” မင်းက ဒီလိုမြင်တယ်၊ ငါကတော့ ဒီလိုမြင်တာ ပိုတာထုတ် လိုတာဖြည့် တကယ်ဖြစ်သွားခဲ့တဲ့ အနေအထားတွေအရ ဖြစ်နိုင်ခြေရှိ တဲ့ အနီးစပ်ဆုံးအရာကို လူမှန်ရဲဘော်တွေ အတူတကွလက်တွဲ ဝိုင်းဝန်းဖော်ထုတ်ယူကြရမှာ မဟုတ်လား။
အခုကျ ကိုယ်လုပ်ခဲ့မိတဲ့အမှားတွေကိုတော့ ကိုယ်မဖော်ကြမရေးကြ။ ဖြစ်ပျက်ခဲ့ပုံတွေကို အတွင်းကျကျအသိဆုံး အတိအကျ ပြန်ပြောပြ ရှင်းပြနိုင်တဲ့ စစ်ထောက်လှန်းရေးက ကာကွယ်စောင့်ရှောက်ထားတဲ့ ကျောင်းသားထောက်လှန်းရေးတွေဖြစ်ခဲ့တဲ့ ကိုသန်းဇော်၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ကို  အသံထွက်လာအောင် ဝိုင်းလုပ်နိုင်ခဲ့ရင် အဖြစ်မှန်ကို ရှင်းရှင်းလင်းလင်း အားလုံးသိရှိနားလည်နိုင်ကြပါလျှက်နဲ့----။

ဘာမှ ပြန်မပြောနိုင်တော့တဲ့ ရှေ့တန်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ကိုမျိုးဝင်းကပဲ ထောက်လှမ်းရေးလိုလို (ကိုမျိုးဝင်းကို “ဒီကောင်က လူရိုး၊ လူအ၊ တောသား၊ အဆောင်မှာ ငါနဲ့ တအိပ်ယာတည်း အတူအိပ်ခဲ့တာ”လို့ ကိုစိုးလင်း(မန္တလေး) ကျမကို ပြောပြဖူးတယ်။ ကိုစိုးလင်းကို မေးကြည့်ပါလား။) အာဏာရူးလိုလို အညှိုးနဲ့ပဲ လုပ်ခဲ့သလိုလို  ရှိသမျှအပြစ် အားလုံးကို မဖြေရှင်းနိုင်တော့တဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့သူအပေါ် အကုန်လွဲချ ။ တရားကျစရာ။

ဘယ်သူ့ကိုမှ မမြင်ဖူးမဆက်ဆံဖူးခဲ့ကြပါပဲ စာနာစိတ်နဲ့ လေ့လာစမ်းစစ်နေတဲ့သူတွေက လေဖမ်းဒန်းစီးပြီး ယုန်ထင်ကြောင်ထင်။
ဂျာအေး သူ့အမေရိုက်တဲ့ ဇာတ်လမ်းမျိုးတွေ တမင်ထပ်ဆင်ပြီး ---------။

ကိုမျိုးဝင်းမရှိတော့ပေမဲ့ စစ်ဆေးမေးမြန်းမှု့တိုင်းကို ဉီးဆောင်တာဝန်ယူရပြီး စစ်ဆေးတွေ့ရှိချက် တွေကို အစီရင်ခံစာရေးသားခဲ့တဲ့ နန်းအောင်ထွေးကြည်၊ ကိုညီညီ၊ ကိုညီညီကျော်တို့အပါ အဝင် အားလုံးကို လက်တွေ့ ရိုက်နှက်စစ်ဆေးမေးမြန်းခဲ့ကြတဲ့ ကျောင်းသားထောက်လှန်းရေး တာဝန်ခံ ကိုသန်းဇော် (မန္တလေး)၊ ဇော်ဇော်မင်း၊ အောင်စိုးမြင့်တို့ ဖြေရှင်းကြဖို့ တာဝန်ရှိ နေသေးတယ်ဆိုတာ အဖွဲ့ကိုတိုက်ခိုက်ဖို့မဟုတ် လုပ်ခဲ့တဲ့သူတွေကို နာမည်တပ်ပြီး အမှန်တရားဖော်ထုတ်ဖို့ဆိုသူတွေ မေ့ချင်ယောင်ဆောင် ရွာလွန်ရွက်တိုက်လုပ်နေကြပေမဲ့  ကိုမျိုးဝင်းပြီးရင် အားလုံးကို အတွင်းကျကျသိနေတဲ့  အဓိကတာဝန်ရှိသူတွေအဖြစ်   အမှန်တရားတကယ်ရှာလိုတဲ့ ကျမကတော့ မေ့ချန်မထားနိုင်ပါ။

သူလျှိုတယောက်မှ မပါဘူး၊ အာဏာရူးပြီး ကျောင်းသားက ကျောင်သားမှန်းသိသိကြီးနဲ့ သတ်ခဲ့တာ။ ငါတို့တင်ထားပြီးသား လိုင်းအတိုင်း လက်ခံရင်လက်ခံ လက်မခံတဲ့သူ ငါတို့ရန်သူ (သို့) ကိုနိုင်အောင်၊ ကိုအောင်နိုင်တို့ “လူ” ဆိုတဲ့ အပေါက်မျိုး။ ခက်ခက်ရချည်း။ မွေးထား ခဲ့ကြတဲ့ မိဘတွေအတွက်တောင် “လူ” မလုပ်ခဲ့ကြတဲ့ သူတွေကိုများ။

ဒီလောက်တောင် အာဏာရူးနေတဲ့ ခေါင်းဆောင်တွေရဲ့အောက်မှာ ကျန်ရဲဘော်တွေကရော အသက်ပေးပြီး ဆက်လက် တိုက်ပွဲဝင်နေကြစရာကော ဘာအကြောင်းများ ရှိနေပါသေးလဲ။ (မြောက်ပိုင်းအေဘီဟာ ကေအိုင်အေအပစ်ရပ်ပြီး (၁၉၉၆-၉၇)အထိ ဆက်လက်တည်ရှိခဲ့သလို အခုချိန်မှာလည်း ကေအိုင်အေနဲ့အတူတွဲပြီး တိုက်ပွဲပြန်ဝင်နေဆဲ။)

တောထဲမှာ လက်တွေ့ဆောင်ရွက်ရမှု့ အနေအထားနဲ့တာဝန်အရ ယူထားရတဲ့ အာဏာတို့ နေရာတို့ဆိုတာ တောထဲမှာတင် အချိန်မရွေးသေသွားနိုင်ကြသလို ကိုယ့်မြို့ကိုယ့်ရွာ ပြန်ရောက်ရင်လည်း “ဇီးရိုး”ပဲဆိုတာ နိုင်ငံရေးကို လုပ်စားဖို့ လုပ်နေတဲ့သူမဟုတ်ရင် လုပ်သင့်လုပ်ထိုက်လို့ လုပ်နေကြတဲ့သူတိုင်း နားလည်နိုင်ပါတယ်။

နောက်ကွယ်က လက်မဲကြီးတွေသာ တကယ်မပါခဲ့ရင် ဒီလောက်ညီညွတ် တက်ကြွနေကြတဲ့ အချိန်မှာ ဒါတွေ ဖြစ်လာစရာ ဘာအကြောင်းမှကို မရှိခဲ့ဘူး။ ဉက္ကဌတယောက်လုံး ထောက်လှန်းရေးအဖြစ် အသတ်ခံလိုက်ရတဲ့ကိစ္စ။ ယူဂျီလမ်းကြောင်းတခုလုံး ဖျက်စီးခံလိုက်ရ တဲ့ကိစ္စ၊ အသားအနာမခံနိုင်လို့ နီးစပ်ရာလူကို ဆွဲထည့်ဖြေလိုက်ရပါတယ်ဆိုတဲ့ ဆင်ခြေမျိုးနဲ့ ဖုံးကာထားဖို့ မလုံလောက်သလို ကိုမျိုးဝင်း၊ကိုသံချောင်းတို့အပေါ် အပြစ်အားလုံးပုံချရုံနဲ့ ပြီးနိုင်တဲ့ကိစ္စမျိုးလည်း မဟုတ်ပါ။

နိုင်ငံခြားမှာ နေထိုင်ခွင့်ပြုတ်ရင် ဘာဖြစ်မလဲဆိုတာ သိတယ်နော်တဲ့။ ခြိမ်းခြောက်စရာလူမရှိ တော့လို့ ထင်ပါရဲ့၊ ရှာကျန်ပြီး ရင်းမှူးသိုက်ထွန်းဉီးလို လူမျိုးကိုမှ ရွေးပြီး ချိန်းခြောက်နေလိုက် ပုံများ။ ရင်းမှူးသိုက်ထွန်းဉီးလောက် ရဲဘော်ရဲမေတွေနဲ့ တန်းတူရည်တူနေထိုင်ခဲ့သူ၊ ရိုးသား ဖြောင့်မတ်သူ၊  ကိုယ်ချင်းစာနာ နားလည်တတ်သူ မရှိဘူး။ အဖမ်းမခံရခင်ရော၊ အဖမ်းခံနေ ရချိန်ကရော အခုချိန်ထိ ဘယ်လိုသံယောဇဉ်မျိုးနဲ့ ရင်းမှူး ဘယ်လိုကောင်းခဲ့ဖူးတယ်ဆိုတာ မင်းအသိဆုံးပဲ ဖြစ်လိမ့်မယ် နန်းအောင်ထွေးကြည်။  အတူထွက်ပြေးဖို့ ရင်းမှူးကို မင်းတောင် ခေါ်ခဲ့သေးတယ် မဟုတ်လား။ “ငါ မိန်းမ တယောက်အတွက်နဲ့ လူမလုပ်ဖူး”လို့ ရင်းမှူး ပြောခဲ့တယ်လေ။

အဖမ်းခံရမှာတွေ သေမှာတွေ တွေးကြောက်နေခဲ့သူတွေတော့ မဟုတ်ပါဘူး။

(၈)
  • Hmone Shwe Yi and 5 others like this.
  • Hmone Shwe Yi 'အခုကြတော.ကိုယ်လုပ်မိတဲ.အမှားတွေကြတော.ကိုယ်တိုင်မဖေါကြမရေးကြ-ဖြစ်ပျက်ခဲ.ပုံတွေကိုအတွင်းကျကျအသိဆုံးအတိအကျပြန်ပြောပြနိုင်တဲ.ရှင်းပြနိုင်တဲ.စစ်ထောက်လှမ်းရေးကကာကွယ်စောင်.ရှောက်ထားတဲ.ကျောင်းသားထောက်လှမ်းရေးတွေဖြစ်ခဲ.တဲ.ကိုသန်းဇော်-ဇော်ဇော်မင်း-အောင်စိုးမြင်.တို.ကိုအသံထွက်လာအောင်ဝိုင်းလုပ်နိုင်ခဲ.ရင်အဖြစ်မှန်ကိုသိနိုင်ပါလှက်နဲ.