Tuesday, January 15, 2013

မေ့ပျောက်ခံ မျိုးဆက်တစ်ခုဖြစ်သွားပြီလား

ဒီနေ့ နိုဝင်ဘာလ ၁ ရက်နေ့ဟာ ABSDF (All Burma Student’s Democratic Front) ခေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးရဲ့ (၂၄) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ပြောမယ်ဆိုရင် တက္ကသိုလ်နယ်မြေက ကျောင်းသားတွေ၊ အဖြူအစိမ်းဝတ် ကျောင်းသားတွေ၊ ဆရာဝန်၊ ရှေ့နေ၊ ကျောင်းဆရာ၊ ဈေးသည်၊ လယ်သမား အပါအဝင် လုပ်ငန်းခွင် အသီးသီးက တက်ကြွတဲ့ ပြည်သူတွေ ထောင်-သောင်းချီပြီး တောခိုခဲ့တဲ့ နေ့၊ သူတို့ဘဝ အတွက် အရေးပါဆုံး နေ့တစ်နေ့ပါ။

အဲဒီအရေးတော်ပုံမှာ ပါဝင်ခဲ့သူ တချို့ဟာ ဒီလို အရေးကြီး လှတဲ့ အထောက်အထားတွေ၊ မှတ်တမ်း မှတ်ရာတွေကို ရှာဖွေ ဖော်ထုတ် အရေးယူဖို့ ပျက်ကွက် ခဲ့ပေမယ့် သူတို့ရဲ့ ရဲဘော်ရဲဘက် တောခို ကျောင်းသားတွေကြားမှာ ဖြစ်ပွား ခဲ့တဲ့ ၁၉၉၂ ဝန်းကျင်က အဖြစ်အပျက် တစ်ခုကိုတော့ အကြီးအကျယ် မီးမောင်းထိုးပြပြီး မြန်မာနိုင်ငံရဲ့ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှု တစ်ခု အသွင် ပြောဆို နေကြပါတယ်။

ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲ။ တောခို ကျောင်းသားတွေ ဘက်က အခြေအနေမှန် တွေကို အချိန်မီ အသေအချာ မရှင်းပြနိုင်ခဲ့လို့လား။ သတင်း အမှောင်ချ ခံခဲ့ရလို့လား။ ဒါမှမဟုတ် သမိုင်းဆိုတာ က စစ်နိုင်သူတွေဘက်က ရေးတဲ့ မှတ်တမ်းဆိုတဲ့ စကားလို တောခို ကျောင်းသားတွေ အောင်ပွဲ မရသေးလို့ ဒီလို စော်ကားခံလိုက်ရတာ လား။

တကယ်ကတော့ ၁၉၉၂ မှာ ဖြစ်ပွားခဲ့တဲ့ မြောက်ပိုင်းကိစ္စဟာ အဲဒီကာလက ဗဟိုကော်မတီနဲ့ မြောက်ပိုင်း ကော်မတီ တာဝန်ရှိသူ တစ်စုနဲ့သာ သက်ဆိုင်ပြီး ကျန်တဲ့ ရဲဘော် အများစုကြီးနဲ့ မသက်ဆိုင် ပါ။ သိလည်း မသိကြပါ။ ဒီတော့ ဖြစ်သင့်တာက အဲဒီ တာဝန်ရှိသူတွေ ကိုသာ ဖော်ထုတ် အရေးယူသင့်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ABSDF တစ်ခုလုံးကို ခြုံငုံ အပြစ်ပြောနေခြင်း ဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခု အဖြစ် မြင်မိပါတယ်။ ဒီလို ဝါးလုံးရှည်နဲ့ ရိုက်ခတ် ပြောဆိုနေခြင်းဟာ ဘဝတစ်ခုလုံးကို စွန့်လွှတ်ပြီး ရိုးသား စွာ တော်လှန် တိုက်ပွဲဝင်ခဲ့သူတွေ၊ ဝင်နေဆဲ ဖြစ်သူတွေ၊ အထူးသဖြင့် ၂၄ နှစ်တာ လက်နက်ကိုင် တိုက်ပွဲ တော်လှန်ရေး ခရီးရှည် အတွင်း လူမသိ သူမသိနဲ့ ကျဆုံးသွားရတဲ့ ကျွန်တော်တို့ရဲ့ ‘ရဲဘော်သူငယ်ချင်း’ ၆၂၅ ဦးနဲ့ ခြေပြတ်လက်ပြတ် အပါအဝင် ဒုက္ခိတ ဖြစ်သွားကြတဲ့ ရဲဘော် ၃၉၉ ဦးအပေါ် စော်ကား ပြောဆိုနေကြသလို ကျွန်တော့် စိတ်ထဲ ခံစားနေရပါတယ်။
တောထဲမှာ ဘာတွေဖြစ်ခဲ့သလဲ။ ဘာကြောင့်လဲ။

ရှေ့မှာ စကားခံခဲ့တဲ့ အတိုင်း ဗိုလ်ချုပ်အောင်ဆန်းတို့၊ ရဲဘော် သုံးကျိပ်လိုမျိုး တိုင်းပြည်ကို စစ်အာဏာရှင် လက်အောက်ကနေ လွတ်မြောက်အောင် လက်နက်ကိုင် တိုက်ပွဲဝင်မယ် ဆိုတဲ့ စိတ်ကူး ယဉ်မှုနဲ့ တောခိုခဲ့တဲ့ ကျွန်တော်တို့ မျိုးဆက်ဟာ ကြိုတင် စဉ်းစားမထား တဲ့ ဖြစ်စဉ် အများကြီးကို တောထဲမှာ ကြုံခဲ့ရပါတယ်။

ပထမဆုံး ကြုံရတာကတော့ စားဝတ်နေရေး အခက်အခဲနဲ့ ငှက်ဖျားပါပဲ။ ရှေ့မှာဖော်ပြခဲ့တဲ့ ကျဆုံးစာရင်း ၆၀၀ ကျော်ထဲမှာ ငှက်ဖျားနဲ့ ကျဆုံးသွားသူ စာရင်း သိပ်မနည်းလှပါဘူး။ ဒုတိယ ကြုံရတာကတော့ လူမျိုးရေး အမြင်မကြည်မှုနဲ့ အချင်းချင်းကြား သံသယကြီးမှုပါပဲ။

တောခိုလာတဲ့ ကျောင်းသား အများစုဟာ မြို့ပြ ဒေသက ဗမာ မျိုးနွယ်စုတွေ ဖြစ်တဲ့အတွက် ဌာနေ တိုင်းရင်းသားမဟုတ်ဘူး။ ‘ဗမာ တွေ’ သာ ဖြစ်တယ်လို့ ကျွန်တော်တို့ထက် အရင်စောပြီး နယ်စပ်မှာ အခြေစိုက် စခန်း ဆောက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေက မြင်ကြပါတယ်။

"ကျွန်တော်တို့ထဲမှာ ဗမာလည်း ပါရင်ပါမယ်၊ ကရင်လည်း ပါရင်ပါမယ်၊ ကချင်လည်း ပါရင်ပါမယ်၊ မွန်လည်း ပါရင်ပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ လူမျိုးစု အခွင့်အရေးအတွက်၊ နယ်မြေရရှိ ဖို့အတွက် တိုက်ပွဲဝင်မယ့် လူတွေ မဟုတ်ဘူး။ တစ်နိုင်ငံလုံးက အဖိနှိပ်ခံ ပြည်သူ တစ်ရပ်လုံး လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်မယ့် ကျောင်းသားတွေ သာ ဖြစ်တယ်။ စစ်အစိုးရ ပြုတ်ကျပြီးရင် ကျွန်တော် တို့ တာဝန်ကျေပြီ။ ကျန်တာ နိုင်ငံရေးသမားတွေ ဆက်လုပ်ပါလိမ့် မယ်" ဆိုပြီး တောခို ကျောင်းသားတွေက အကြိမ်ကြိမ် ရှင်းပြခဲ့ပါတယ်။

ဒီရှင်းပြချက်အပေါ် လူမျိုးစု ခေါင်းဆောင်ပိုင်း တချို့က နားလည် သဘောပေါက်ခဲ့ပေမယ့် သူတို့အုပ်ချုပ်ရေး ဒေသ တွင်းရှိ ပြည်သူတစ်ရပ်လုံး သူတို့ နားလည်သလို နားလည်လာအောင် မဆောင်ရွက် ပေးခဲ့ပါဘူး။

တစ်နည်းအားဖြင့် ပြောမယ်ဆိုရင်တော့ နှစ်ပေါင်းများစွာ ဗမာ မုန်းတီးရေး အခြေခံပေါ်မှာ တည်ဆောက်ထားတဲ့ သူတို့ရဲ့ အမျိုးသားရေး အမြင်ကို ဖယ်ရှားဖို့ လူမျိုးစု ခေါင်းဆောင်တွေ က လုံလောက်စွာ မကြိုးစားခဲ့ပါဘူး။
ဒီအတွက် တော်လှန်ရေး အစောပိုင်း ကာလမှာ ကျွန်တော်တို့ရဲ့ ရဲဘော် သူငယ်ချင်းတချို့ လူပျောက်စာရင်း ဝင်သွားခဲ့ရပါတယ်။ တချို့က စောစောစီးစီး ပြည်တွင်းပြန်ဝင်သွားကြပါတယ်။ တချို့က စောစောစီးစီး နိုင်ငံခြား ထွက်သွားကြပါတယ်။ စစ်အစိုးရနဲ့ တကယ် မတိုက်ရသေးခင်မှာ ‘စစ်မဖြစ်ခင် ကုန်ဆုံးသွားတဲ့မြား’ တွေပါပဲ။

တတိယ ကြုံရတဲ့ အခက်အခဲကတော့ လက်နက်ခဲယမ်း မလုံ လောက်မှုပါ။ မလုံလောက်ဘူး ဆိုတာ သံတမန်ဆန်တဲ့ စကားလုံးဖြစ် နေနိုင်ပါတယ်။ အတိအကျ ပြောရမယ်ဆိုရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရကမှ ကျွန်တော်တို့ကို လက်နက် အကူအညီ မပေးကြပါ ဘူး။

စိတ်ကူးယဉ်ပြီး တောခိုခဲ့သူတွေ ပီပီ နယ်စပ် ရောက်တာနဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက M16 သေနတ်တွေ၊ လောင်ချာ တွေ၊ မော်တာတွေ လာပေးလိမ့်မယ်။ နယ်စပ်မှာ အခြေခံစစ် သင်တန်း နှစ်ပတ်၊ သုံးပတ် တက်ပြီးတာနဲ့ ပြည်တွင်းကို ပြန်ဝင်ပြီး စစ်တပ်ကို ပြန်တိုက်လို့ရပြီ ဆိုတဲ့ စိတ်ကူးယဉ်မှုတွေဟာ နယ်စပ် ရောက်ပြီး မကြာခင်မှာ ပျက်စီး သွားပါတယ်။

နိုင်ငံတကာဘက်က မကူညီတဲ့ အပြင် မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကလည်း လိုအပ်သလောက် အကူအညီ မပေး ခဲ့ပါဘူး။ သူတို့မှာလည်း မပြည့်မစုံ မို့လို့ မကူညီနိုင်တာပါလို့ အစောပိုင်း ကာလတွေက ဆင်ခြေပေးကြပေမယ့် နောက်ပိုင်း KNU စခန်းတွေ ကျတဲ့အခါ မသုံးရသေးဘဲ ဂိုဒေါင်ထဲ သိမ်းထားတဲ့ လက်နက် တွေ အများကြီးကို တွေ့ရခြင်းက ဒါဟာ ကျောင်းသားတွေနဲ့ လူမျိုးစု မဟာမိတ် တွေကြား တစ်ခုခု လွဲနေခဲ့တယ် ဆိုတာကို သိနိုင်ပါတယ်။

ဒါပေမဲ့ ဒီလို ကွာဟမှုတွေကို မေ့ထားပြီး အားလုံးနဲ့ လက်တွဲ ဆောင်ရွက်နိုင်ဖို့ တပ်ပေါင်းစုတွေ ဖြစ်တဲ့ DAB (၁၉၈၈ မှာ ဖွဲ့စည်း ခဲ့တဲ့ ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်) ကနေ NCUB (အခုအချိန် အထိ ရှိနေဆဲ တပ်ပေါင်းစု) အထိ ကျောင်းသားတွေက ပါဝင် လက်တွဲ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီထဲက အဓိက အောင်မြင်မှုကတော့ ခွဲထွက်ရေးကို မပြောတော့ဘဲ ဖက်ဒရယ်မူကို အားလုံး လက်ခံလာ အောင် စည်းရုံးနိုင်ခဲ့ခြင်းနဲ့ ဗမာနဲ့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ အကြား နားလည်မှု တစ်စုံတစ်ရာ ရအောင် ဆောင်ရွက် နိုင်ခဲ့ခြင်း ဖြစ်ပါ တယ်။ အဲဒီနှစ်ချက်မှ အပ တခြားနေရာ တွေမှာတော့ ထင်သလောက် ခရီး မပေါက်ခဲ့ပါဘူး။

တစ်နည်းအားဖြင့် ပြောမယ် ဆိုရင်တော့ တပ်ပေါင်းစုတွေဟာ စုပေါင်း တပ်တွေ ဖြစ်မလာခဲ့ပါဘူး။ အခြေအနေ အရ တပ်ပေါင်းစု ဖွဲ့ထားပေးမယ့် သူ့နယ်မြေနဲ့သူ၊ ကိုယ့်နယ်မြေနဲ့ ကိုယ်၊ သူ့နယ် ကိုယ့်နယ် အထိမခံ ခဲ့ကြပါဘူး။ ၁၉၉၂ က ဖြစ်ပွားခဲ့တဲ့ မာနယ်ပလော စခန်း ခုခံ စစ်ပွဲက လွဲရင် တပ်ပေါင်းစုက တပ်တွေ အားလုံးပေါင်းပြီး စုပေါင်း ခုခံ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမျိုး မတွေ့ မိသေးပါ။

စစ်ရေးဘက်မှာ ဒီလို တပ်ပေါင်းစု ကနေ စုပေါင်း တပ်မလုပ်နိုင် ခဲ့သလို နိုင်ငံရေးဘက်မှာလည်း အမြင်တွေက မတူကြပြန်ပါဘူး။ တိုင်းရင်းသား အဖွဲ့တွေ အားလုံးကြားမှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်အတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာချင်း တူပေမယ့် ဘယ်လို အဆင့်အတန်းမျိုး ရှိတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လဲ၊ အားလုံး လက်ခံနိုင်တဲ့ ဘုံရပ်တည်ချက်က ဘာတွေလဲ ဆိုတဲ့အပေါ် မတူညီကြပါဘူး။

ဒီလို မတူညီတဲ့အတွက်ကြောင့် ၁၉၉၂ မာနယ်ပလော ခုခံစစ်ပွဲ အပြီးမှာပဲ KNU မှအပ ကချင်၊ မွန်၊ ပအိုဝ့်၊ ပလောင် စသဖြင့် အဖွဲ့ အတော်များများ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ကြပါ တယ်။ အဲဒီအချိန်မှာ ကိုယ်ပိုင်နယ်မြေ မရှိတဲ့ ရောက်တဲ့အရပ်မှာ အခြေစိုက်ပြီး မဟာမိတ်တွေနဲ့ လက်တွဲ တိုက်ပွဲဝင်နေတဲ့ ABSDF တပ်တွေ ဒုက္ခရောက်တော့တာပါပဲ။

တချို့ ABSDF တပ်တွေက ကျောင်းသား တပ်မတော် ဘက် တံဆိပ်ကိုဖြုတ်ပြီး သက်ဆိုင်ရာ ဒေသ မဟာမိတ်တပ်တွေရဲ့ ဘက် တံဆိပ်ကိုတပ်ကာ လိုက်လျောညီထွေ နေလိုက်ကြရပါတယ်။ ဒါပေမဲ့ တချို့ဒေသ တွေမှာတော့ သူတို့နယ်မြေကနေ ကျောင်းသားတပ်တွေ ထွက်သွားကြဖို့ အပစ်ရပ် တိုင်းရင်းသား အဖွဲ့တွေက မောင်းထုတ် ခဲ့ကြ ပါတယ်။

ဒီအတောအတွင်းမှာပဲ အပစ်အခတ် ရပ်စဲရေး မလုပ်ဘဲ တင်းခံ နေတဲ့ KNU ကို တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် ကျောင်းသား တပ်ဖွဲ့တွေ အများဆုံးအခြေစိုက်ထားတဲ့၊ ကျောင်းသားတွေရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ KNU နယ်မြေကို အစိုးရက အကြီးအကျယ် ထိုးစစ် ဆင်လာခဲ့ပါတယ်။ ၁၉၉၅ ကနေ ၁၉၉၇ ခုနှစ်အထိ နှစ်နှစ်ကျော် ထိုးစစ် အတွင်း မာနယ်ပလောဌာနချုပ် အပါအဝင် KNU ရဲ့ အရေးကြီး စခန်းတွေ၊ တပ်မဟာ၊ ခရိုင်ဌာနချုပ် စခန်းတွေ အားလုံးနီးပါး ကျဆုံးသွားခဲ့ပါတယ်။

အဲဒီ နှစ်နှစ်တာကာလ ခုခံစစ်အတွင်း ကျောင်းသားတွေလည်း အတော်များများ ကျဆုံးခဲ့ပြီး ထိုင်းနယ်စပ်ရှိ ဒုက္ခသည် စခန်းတွေဆီ ဆုတ်ခွာ လာခဲ့ကြရပါတယ်။ နယ်စပ်ရှိ ယာယီ စစ်ပြေး ဒုက္ခသည် စခန်းတွေမှာ ခေတ္တဆိုပြီး ခိုလှုံလိုက်ရာကနေ အခု ၂၄ နှစ် ကြာပြီးတဲ့ အခါမှာတော့ တကယ့် ဒုက္ခသည်တွေ ဖြစ်သွားလို့ တတိယနိုင်ငံ ဆီ ရောက်နေသူ ဦးရေက ABSDF ရဲ့ မူလအင်အား ငါးထောင်ကျော် ရဲ့ ၈၀ ရာခိုင်နှုန်းခန့် ရှိသွားပြီဖြစ်ပါတယ်။
အဲဒီလူတွေ အခုဘာလုပ်နေလဲ၊ ပြည်တော်ပြန်တဲ့ အထဲ သူတို့ မပါဘူးလား။

နိုင်ငံရေး အပြောင်းအလဲ ဆိုတာ ခန့်မှန်းဖို့ ခက်တယ်ဆိုတဲ့ အတိုင်း အသက်ပေါင်းများစွာ စတေးခံပြီး နှစ် ၂၀ ကျော်လုံးလုံး တိုက်ပွဲ ဝင်ခဲ့စဉ်က ဘာမှ မပြောင်းလဲခဲ့တဲ့ နိုင်ငံရေးဟာ ဟော ... အခုတော့ နေ့ချင်းညချင်း ပြောင်းလဲ သွားပါပြီ။

"မင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ် ပေးပါ" ဆိုတဲ့ နှစ် ၂၀ ကျော်လုံးလုံး အော်ခဲ့ တဲ့ကြွေးကြော်သံ အခု မလိုတော့ပါဘူး။ ၈၈ မျိုးဆက် ကျောင်းသားတွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး နီးပါး လွတ်ပြီးလို့ နယ်ပယ် အသီးသီး မှာ တာဝန် ထမ်းနေကြပါပြီ။

"ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး ညှိနှိုင်းပါ" ဆိုတဲ့ နှစ် ၂၀ ကျော် ကြွေးကြော်သံ ကိုလည်း ကျွန်တော်တို့ ဆက်အော်ဖို့ မလို တော့ပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပါလီမန်ထဲ ရောက်နေ ပါပြီ။

‘တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး’ ဆိုတဲ့ နှစ် ၂၀ ကျော် ကြွေးကြော်သံကိုလည်း အရင်လောက် အော်စရာ မလိုတော့ပါဘူး။ တောခို ကျောင်းသားတွေရဲ့ အဓိကမဟာမိတ် KNU တောင် အစိုးရသစ်နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပြီးသွားပါပြီ။

ဒါပေမဲ့ တစ်ချိန်က သူ့နယ်မြေထဲ ကနေ ကျောင်းသားတွေ ကို မောင်းထုတ်ခဲ့ဖူးတဲ့ KIA ကချင်လွတ်လပ်ရေး တပ်မတော်က တော့ မောင်းထုတ်ခံ ကျောင်းသားတွေနဲ့ ပြန်လည် မဟာမိတ်ဖွဲ့ပြီး အစိုးရ တပ်တွေကို အကြီးအကျယ် ခုခံ တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံတကာ မျက်နှာစာဘက်မှာ ဆိုရင်လည်း တစ်ကမ္ဘာလုံးက ရှုတ်ချထားတဲ့ မြန်မာ အစိုးရဟာ အခုတော့ အမေရိကန်နဲ့တောင် ရွှေလမ်းငွေလမ်း ပေါက်နေပါပြီ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာ နေပါပြီ။ စီးပွားရေး ပိတ်ဆို့မှု လုပ်ရေး၊ စစ်အစိုးရ ရှုတ်ချရေး ကြွေးကြော်သံတွေ အော်ပြီး နိုင်ငံတကာရှိ မြန်မာသံရုံးတွေရှေ့ ဆန္ဒပြကြ တဲ့ အသံတွေလည်း မကြားရတော့ပါဘူး။

သံရုံးရှေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူတွေ ကိုယ်တိုင်က စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ ပြောင်းပြန်လှန် ပြောဆို လိုက်ပြီး အစိုးရသစ် ရဲ့ ဖိတ်ခေါ်ချက် အရ နေပြည်တော်ဆီ ရောက်နေခဲ့ပါပြီ။ ၁၉၉၀ ရွေး ကောက်ပွဲ ရလဒ်အပေါ် အခြေခံ ဖွဲ့စည်းထားတဲ့ အမျိုးသား ညွန့်ပေါင်း အစိုးရ(စင်ပြိုင်အစိုးရ)ကို ဖျက်သိမ်း လိုက်ပါပြီ။ လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ ဖူးတဲ့ ခေါင်းဆောင်တချို့ နေပြည်တော်ကို ရောက်နေ ကြပါပြီ။

ဒီလို ပြည်တော်ပြန် သွားကြတဲ့ အထဲမှာ တောခိုကျောင်းသား ဟောင်းတွေ ဖြစ်တဲ့ ဒေါက်တာဇော်ဦး၊ ကိုအောင်နိုင်ဦး၊ ကိုအောင်သူ ငြိမ်းတို့လို ပညာရှင် ခေါင်းစဉ်နဲ့ ပြန်သွားသူတွေ။ ကိုအောင်ဇော်၊ ကိုစိုးမြင့်၊ ကိုအေးချမ်းနိုင်၊ ကိုခင်မောင်ဝင်း တို့လို မီဒီယာခေါင်းစဉ် နဲ့ ပြန်သွားသူတွေ။ အခုနောက်ဆုံး တစ်သီးပုဂ္ဂလဆိုတဲ့ ခေါင်းစဉ်နဲ့ ပြန်သွားတဲ့ ABSDF ဥက္ကဋ္ဌဟောင်း သုံးဦးဖြစ်သူ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ ပါဝင်ပါတယ်။
ပညာရှင်နဲ့ မီဒီယာသမားတွေပြန်စဉ်က သိပ်လှုပ်လှုပ်ရှားရှား မဖြစ်ပေမယ့် တစ်သီးပုဂ္ဂလဆိုတဲ့ ဥက္ကဋ္ဌဟောင်း သုံးဦး ပြန်ချိန်မှာ တော့ အခြေအနေက အတော် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။ သူတို့ဟာ တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် အဖွဲ့အစည်းနဲ့ ဆိုင်တာတွေ မပြောနိုင်ဘူးလို့ အစောပိုင်းမှာ သတင်းထုတ်ပြန် ခဲ့ပေမယ့် မြောက် ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အမှုကိုတော့ အတော်ကြီးကို သူတို့ ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ရှေ့မှာ ကျွန်တော်တင်ပြခဲ့တဲ့ ABSDF တစ်ဖွဲ့လုံး ရဲ့ ထိခိုက်ကျဆုံး စာရင်း လူ ၁၀၀၀ ကျော် ကိစ္စကိုတော့ တစ်လုံးမှ ပြောဆို ရှင်းပြခြင်း မရှိခဲ့ပါဘူး။ နောက်တစ်ခါ သူတို့နဲ့အတူ တောခို လာခဲ့တဲ့ ထောင်သောင်းချီ ရှိတဲ့ ကျောင်းသားတွေ အခု ဘယ်ရောက် နေကြလဲ။ ဘာတွေ လုပ်နေကြသလဲ ဆိုတာကိုလည်း ဒီဥက္ကဋ္ဌဟောင်း သုံးဦးက ရှင်းပြတာမျိုး ကျွန်တော် မကြားမိပါဘူး။

ပြည်တွင်း ဂျာနယ်တွေနဲ့ ဆိုရှယ် မီဒီယာတွေရဲ့ ရေးသားမှုတွေ ကို ကြည့်မယ်ဆိုရင် သူတို့ရှင်းပြလိုက်မှ မြောက်ပိုင်း ကိစ္စက ပိုရှုပ် ထွေးလာပြီး ABSDF တစ်ဖွဲ့လုံးအပေါ် မကောင်းမြင် ရေးသားမှုတွေ ပိုတိုး လာသလိုတောင် ကျွန်တော် ခံစားမိပါတယ်။ ရှင်းပြပုံ ရှင်းပြနည်း ကျွန်တော်တို့ ဘာတွေ အားနည်း ခဲ့သလဲ။

မေ့ပျောက်ခံ မျိုးဆက်ကနေ အပယ်ခံ မျိုးဆက်တောင် ဖြစ်သွားတော့ မလား။

ဥက္ကဋ္ဌဟောင်း သုံးဦးရဲ့ ခရီးစဉ် အပေါ် တုံ့ပြန်ချက် တွေကို ဆိုရှယ် မီဒီယာတွေ ပေါ်မှာ ဖတ်ကြည့်တဲ့အခါ အကောင်းပြောသူ အတော်နည်းလှပြီး အပြစ်ပြောသူတွေက များလွန်းလှပါတယ်။ နည်းနည်းထပ်ပြီး လေ့လာကြည့်တဲ့ အခါမှာတော့ ဒီနေ့ ဆိုရှယ်မီဒီယာ သုံးနေသူ အများစုဟာ ရှစ်လေးလုံး အရေးတော်ပုံ ကာလ နောက်ပိုင်းမှ မွေးဖွားကြတဲ့ မျိုးဆက်သစ် လူငယ်တွေက အများစုဖြစ်ပြီး သမိုင်း နောက်ခံတစ်စုံလုံးကို မမီလိုက်သူတွေက များနေပါတယ်။

ဆိုလိုတာကတော့ ရှစ်လေးလုံး အရေးတော်ပုံနဲ့ ABSDF နောက်ခံ သမိုင်းကြောင်းကို တစ်နိုင်ငံလုံး သိပါတယ်ဆိုပြီး ပေါ့ပေါ့ ဆဆ တွက်ဆထားလို့ မရ။ မျိုးဆက်သစ် လူငယ်တွေ အားလုံး တစ်စုံ လုံးရဲ့အခြေအနေကို သိအောင် ရှင်းပြပေးဖို့ ကျွန်တော်တို့ မျိုးဆက်မှာ တာဝန် ရှိနေပါတယ်။ အဲဒီလို အသေအချာ မရှင်းပြတတ်ရင်၊ မရှင်း ပြနိုင်ရင် ကျွန်တော်တို့ အခြေအနေဟာ မေ့ပျောက်ခံ မျိုးဆက်ကနေ အပယ်ခံ မျိုးဆက် ဘဝကိုတောင် ရောက်သွား နိုင်ပါတယ်။

ဘာကြောင့်လဲ ဆိုရင် ဆိုရှယ် မီဒီယာ အပေါ်မှာ ရေးနေသူအများစု ဟာ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ နှစ် ၂၀ လုံးလုံး တောတောင် တွေထဲ အသေခံ တိုက်ပွဲ ဝင်ခဲ့ကြတာတွေကို သိပ်မသိကြ။ နိုင်ငံခြား မှာ နေသူတွေ၊ ဒေါ်လာစားတွေ၊ ပရိုပိုဆယ် သမားတွေ၊ မျိုးချစ်စိတ် မရှိဘဲ နိုင်ငံခြားသား ခံယူထားသူတွေ စသဖြင့် အကောင်းတစ်စက်မှ မမြင်ဘဲ အဆိုးချည်း မြင်နေတာကိုသာ တွေ့နေရပါတယ်။

"နှစ် ၂၀ ကျော်လုံးလုံး ကျွန်တော်တို့ မျိုးဆက်တွေ အသေခံ တိုက်ပွဲဝင် ခဲ့တာ ဒီလို အပြောခံ ရဖို့လားဗျာ"လို့ တတိယ နိုင်ငံရောက် ကျွန်တော့် သူငယ်ချင်း တစ်ဦးက ဝမ်းနည်းပက်လက်နဲ့ ပြောပါတယ်။ "တကယ်ကတော့ ကျွန်တော်တို့ဟာ နိုင်ငံခြားကို ထွက်လာတာ မဟုတ်ဘူးဗျ။ စစ်အစိုးရကိုတော်လှန်ဖို့ တောခိုလာတာ၊ တောထဲ မှာ ဘယ်လိုမှ နေမရတော့လို့ ဒီကို ရောက်လာကြတယ်ဆိုတာ ဒီလူတွေ မသိကြဘူးလားဗျာ"လို့ နောက်တစ်ဦးက ထပ်ပြောပါတယ်။

"တက္ကသိုလ် ကျောင်းသားတွေပဲဗျာ။ ကိုယ်နိုင်ငံမှာ ကိုယ်နေခွင့် ရမယ်ဆိုရင် ဒီထက်သာတဲ့ အလုပ်တစ်ခုတော့ ကောင်းကောင်း ရနိုင် တာပေါ့"လို့ ဘွဲ့ရ သန့်ရှင်းရေး လုပ်သားဖြစ်နေတဲ့ နောက်တစ်ဦးက ဝင်ပြောပါတယ်။

ဆိုလို တာကတော့ ဆိုရှယ်မီဒီယာ ပေါ်က မျိုးဆက်သစ်လူငယ် တချို့မြင်နေကြသလို တတိယနိုင်ငံရောက် တောခိုကျောင်းသားဟောင်း တွေဟာ ပရိုပိုဆယ် စားနေသူတွေ မဟုတ်ပါဘူး။ အိမ်သာဆေးရင်း ကြမ်းတိုက်ရင်း၊ ကူလီထမ်းရင်း၊ သတင်းစာပို့ရင်းနဲ့ ထမင်းတစ်လုတ် အတွက် ဘဝကို ခက်ခဲစွာ ရုန်းကန် နေရသူတွေပါ။ အသက်တွေက လည်း ၄၀ ကျော် ၅၀ နား နီးလာပြီဆိုတော့ ဘာသာစကား အသစ်တစ်ခု ကို တော်ရုံနဲ့ မတတ်တော့ပါ။ စကားကလည်းမတတ်၊ အသက်က လည်း ကြီးလာဆိုတော့ မိဝေးဖဝေး တတိယနိုင်ငံမှာ ရှင်သန်ရေး ဆိုတာဟာ ဆိုရှယ် မီဒီယာပေါ်က လူငယ်တွေ မြင်သလို ဇိမ်ခံနေတယ် ဆိုတဲ့ဘဝနဲ့ တကယ့်ကို တခြားစီပါ။

နောက် နိုင်ငံခြားသား ခံယူထားတာနဲ့ မျိုးချစ်စိတ် ပြဿနာ၊ တကယ်ကတော့ ဘယ်သူကမှ နိုင်ငံခြားသား အဖြစ် မခံယူချင်ပါဘူး။ နိုင်ငံကို ချစ်လွန်းလို့ အသက်စွန့် လက်နက်ကိုင် တိုက်ပွဲ ဝင်ခဲ့သူတွေ ပါ။ ဒါပေမဲ့ အခြေအနေ အရ ခရီးသွား နိုင်ဖို့အတွက် သက်ဆိုင်ရာ နိုင်ငံရဲ့ အမြဲတမ်း နေထိုင်ခွင့်တွေ၊ နိုင်ငံသား လက်မှတ်တွေ လိုပါ တယ်။ အခု မြန်မာနိုင်ငံကို ပြန်လည်ရင်တောင် အဲဒီ နိုင်ငံခြားသား ခံယူထားတဲ့ လက်မှတ် မရှိရင် ပြန်လို့ မရပါဘူး။
မြန်မာအစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ဥပဒေထုတ်ပြီး ခေါ် တာမျိုးမဟုတ်သေးတဲ့အတွက် ABSDF သာမန် ရဲဘော်တွေ အိမ် မပြန်ရဲသေးပါ။ နိုင်ငံခြားသား လက်မှတ် ကိုင်ထားတဲ့ ခေါင်းဆောင် ဟောင်းတချို့နဲ့ တခြား ခေါင်းစဉ် တပ်နိုင်တဲ့ လူနည်းစုလောက် သာ ပြန်လည်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

ဒီလို ဒီလို အခြေအနေတွေကို ကျွန်တော်တို့ အမေ့ခံ မျိုးဆက် တွေက အသေအချာ ရှင်းပြဖို့ လိုသလို ဆိုရှယ် မီဒီယာနဲ့ ပြည်တွင်း ဂျာနယ်တချို့က မျိုးဆက်သစ် လူငယ်တွေလည်း အသေအချာ လေ့လာသင့်တယ်လို့ မြင်မိပါတယ်။
တစ်ဆက်တည်းမှာပဲ လက်ရှိ နိုင်ငံရေး အခင်းအကျင်းသစ်မှာ နေရာ ရနေတဲ့ နိုင်ငံရေး သမားတွေ၊ ရှစ်လေးလုံး ကာလတုန်းက လက်တွဲ တိုက်ပွဲ ဝင်ခဲ့တဲ့ ပြည်တွင်းရှိ ၈၈ မျိုးဆက် တွေကလည်း အခြေအနေမှန် တွေကို ကူညီ ရှင်းပြသင့်တယ်လို့ မြင်မိပါတယ်။

နောက်တစ်ခါ တစ်သီး ပုဂ္ဂလ ခေါင်းစဉ်တွေနဲ့ နေပြည်တော်ဆီ ထွက်လိုက် ဝင်လိုက် လုပ်ခွင့် ရနေတဲ့ ခေါင်းစဉ် ပြောင်းထားတဲ့ တောခို ကျောင်းသားဟောင်းတွေ အနေနဲ့လည်း ကိုယ့်ရဲ့ပရောဂျက် အလုပ်ဖြစ်ရေး တစ်ခုတည်းကို မကြည့်ဘဲ မေ့ပျောက်ခံ မျိုးဆက်တစ်ခုလုံးနဲ့ ဆိုင်တဲ့ အခြေအနေ မှန်တွေကို အခွင့်အရေး ရရင် ရသလို ရှင်းပြပေးစေ ချင်ပါတယ်။

အားမနာတမ်း ပြောရမယ် ဆိုရင် ကျွန်တော်တို့ ရှေ့မှာ တောခို ခဲ့တဲ့ မျိုးဆက် နှစ်ခု ရှိခဲ့ဖူးပါတယ်။ ၁၉၄၈ ကတည်းက တောခိုခဲ့တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီဆီ ၁၉၆၂ နဲ့ ၁၉၇၄ တွေမှာ တက္ကသိုလ် ကျောင်းသား အတော်များများ ထပ်မံ ဝင်ရောက် ခဲ့ပါတယ်။ ၁၉၇၀ ဝန်းကျင်မှာ တောခိုခဲ့တဲ့ ဦးနုရဲ့ပါတီ သို့မဟုတ် ပြည်သြူ့ပည်ချစ် ပါတီမှာလည်း တက္ကသိုလ် ကျောင်းသား အများအပြား ပါဝင်ခဲ့ပါ တယ်။ အဲဒီ မျိုးဆက်နှစ်ခုကို ဒီနေ့ နိုင်ငံရေး သမားတွေ၊ ဒီနေ့ လူငယ် တွေ ဘယ်လောက် သိသလဲ၊ ဘယ်လို မှတ်မိနေသလဲ ကျွန်တော်တို့ လေ့လာသင့်တယ်လို့ ထင်ပါတယ်။
ကျွန်တော်တို့ မျိုးဆက်ကိုကော ဒီနေ့ နိုင်ငံရေး သမားတွေ၊ ဒီနေ့ လူငယ်တွေ ဘယ်လောက်သိသလဲ၊ ဘယ်လို သိထားသလဲ။ အခြေ အနေမှန်တွေကို ကျွန်တော်တို့ အသေအချာ လေ့လာပြီး တောထဲက ဖြစ်စဉ်တွေ၊ တတိယ နိုင်ငံက ဖြစ်စဉ်တွေကို အဖြစ်မှန် အတိုင်း အားလုံး သိရှိနိုင်အောင် ကြိုးစားဖို့ ၈၈ တောခို ကျောင်းသားအားလုံး မှာရော၊ တစ်ဦးချင်း စီမှာရော တာဝန် ရှိပါတယ်။

ဒီတာဝန် အတွက် သက်ဆိုင်ရာ ဒေသ အလိုက်ဖြစ်စေ၊ မြို့အလိုက် ဖြစ်စေ၊ ကျောင်း အလိုက်ဖြစ်စေ၊ မိသားစု အသိုင်းအဝိုင်း အလိုက် ဖြစ်စေ ရတဲ့ နည်းလမ်းတွေနဲ့ ရှင်းလင်း တင်ပြကြဖို့ ABSDF (၂၄) နှစ် ပြည့်နေ့မှာ တိုက်တွန်း တင်ပြအပ်ပါတယ်။

ထက်အောင်ကျော်
The Voice weekly

No comments:

Post a Comment