by May Thingyan Hein on Sunday, October 28, 2012 at 8:24am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၂၈၊ ရန်ကုန်မြို့။
အပိုင်း(၈)
စက်တင်ဘာ ၁၀ ရက်နေ့၊ ၁၉၉၁
ကျနော့်ကို စဖမ်းတဲ့ နေ့က ဖမ်းမယ်လို့လည်း မသိဘူး၊ ဖမ်းလိမ့်မယ်လို့လည်း ထင်မထား။
ညကလည်း အပေါ့်ကုန်းပေါ်မှာတော့ ကျနော်နဲ့ကိုညီညီကျော်နဲ့ တကုတင်တည်းမှာ နှစ်ယောက် အိပ်နေကြတာ။ ညဘက်ကြီး လူသံကြားလို့ ထကြည့်တော့မှ ထောက်လှမ်းရေး အဖွဲ့က ကျော်ထင်ဦးဖြစ်နေတယ်။ သူ့နောက်မှာ ရဲဘော် နှစ်ယောက်ပါတယ်။ ရဲဘော် နှစ်ယောက်ကတော့ M 21 G 3 ကိုင်ထားတာပေါ့ ကျော်ထင်ဦးကတော့ M 20 နဲ့ ကျနော့် မျက်နှာကို ချိန်းထားတယ်။
ကျနော့်ကို ဖမ်းပြီ ဆိုတာကို အဲဒီအချိန်မှ ကျနော် သိလိုက်ပြီ၊ ဖမ်းမယ်ဆိုတော့လည်း ဖမ်းပေါ့ ဘာတတ်နိုင်မှာလည်း သူတို့က ကျနော့်ကို လက်နောက်ပြန်ကြိုးတုပ်နေတုန်း ကိုညီညီကျော်ကလည်း ငါရော ပါလားလို့ ထမေးတယ်။ အဲတော့ ကျော်ထင်ဦးက ခင်ဗျားလည်း ပါတယ်ဆိုပြီး သူ့ကိုပါ ဖမ်းလိုက်တာပဲ။တဲအပေါက်ဝမှာတော့ လှဆိုင်းရှိနေတယ်၊ သူက ဦးဆောင်ပြီးတော့ကျနော်တို့ကို ဖမ်းတဲ့ သဘောပါပဲ။
ကျနော်တို့တဲကနေ ဆင်းဆိုပြီး အပေါ်ကုန်းကနေ အောက်ကို ဆင်းရတာပေါ့ အဲလို ဆင်းနေတုန်း ဥက္ကဋ္ဌ တဲဘက်ကနေ ကိုထွန်းအောင်ကျော် အပါအ၀င် မန္တလေးက ရောက်နေတဲ့ ယူဂျီတွေကိုပါ ကြိုးတွေတုပ်ပြီး ဖမ်းပြီး ဆင်းလာကြတာ တွေ့လိုက်ရတယ်။ ဟာ ဒီကောင်တွေ ဥက္ကဋ္ဌကိုပါ ဖမ်းလိုက်ကြတာ။
နောက်ပိုင်းမှ ပြန်သိရတာက အဲဒီ ကျနော်တို့ကို ဖမ်းတဲ့ နေ့မှာပဲ လူ ၂၂ ဦးကို တခါတည်း ဖမ်းလိုက်တာလို့ သိရတယ်။ ကိုထွန်းအောင်ကျော်ကိုလည်း အဲဒီနေ့မှာပဲ တခါတည်း ဖမ်းလိုက်တာပြီးတော့ လူ ၂၀ ကျော်ကို တခါတည်း ဖမ်းတာဆိုတော့ ကျနော့်အနေနဲ့ကတော့ ဒါဟာ ကြံစည်မှု တခုပဲလို့ ကောက်ချက်ချပါတယ်။
သူတို့ ဒါတွေကို ကြိုတင်ကြံစည်မှုနဲ့ လုပ်တယ်လို့ ကျနော် သတ်မှတ်ပါတယ်။
အောက်ရောက်တော့ ကျနော်တို့ကို စစ်ရုံးထဲမှာပဲ ထည့်လိုက်တယ်၊ ကိုထွန်းအောင်ကျော်ကိုလည်း ညာဘက်က အခန်းလေးထဲမှာပဲ ထားတယ်။ အဲဒီမှာ ကျနော်တို့ကို လှဆိုင်းလာကြည့်တယ်။ ကြည့်တော့ ကျနော်က ပေါက်ကွဲနေပြီ ဟေ့ကောင်မင်း သတ်ချင်လည်း သတ်ပစ်လိုက်ပေါ့။ အဲလိုတွေ ပြောနေပြီ။
သူက ဘာမှ မပြောဘူး ခေါင်းတညိမ့်ညိမ့်နဲ့ပဲ ပြန်ထွက်သွားတယ်။ နောက် ၅ မိနစ်လောက်ကြာတော့ အောင်နိုင်လာကြည့်တယ်။ သူက လာကြည့်ပြီးတော့ မင်း လည်ပင်းက
ကျနော့်ကို မင်းလည်ပင်းမှာ ဆွဲထားတဲ့ အဆိပ်ထုတ်လေးက ဘယ်မှာလဲ လို့ မေးတယ်။ အဲလို မေးတော့ ကျနော်ကပိုပြီး ဒေါသထွက်တယ်။
ဘာကြောင့်လဲ ဆိုတော့ ရော်နယ်အောင်နိုင်တို့ ကျနော်တို့က မြို့ပေါ်မှာကတည်းက နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်တွေလေ။ အလုပ်အတူတူလုပ်ခဲ့ကြတဲ့ သူတွေ အရေးအခင်းတုန်းက အာဏာသိမ်းပြီးခါစ တုန်းက အဆောင်လေးတွေ အသီးသီး ဆွဲကြတာပေါ့လေ။ အဲဒီ အဆောင်လေးက ကိုအောင်ဇော်မင်းက ပေးခဲ့တာလေး ဘာရယ်လို့ မဟုတ်ဘူး အန္တရာယ်ကင်းတယ်ဆိုလို့ ဆွဲခဲ့ကြတာပါ။
အဲဒါလေးက ကျနော်နဲ့အတူ တောထဲထိ ပါလာတာ။ ဒါကို သူက အဆိပ်ထုတ်ပါ၊ ဘာညာ ဆိုပြီးတော့လုပ်ပြီးတော့ တောင်းတယ်။ သူတောင်းတဲ့ အချိန်မှာ မရှိတော့ဘူး ကျနော်ရှေ့တန်းမှာ ပြုတ်ကျန်ခဲ့ပြီ၊ သူက တောင်းတော့စိတ်တိုတာနဲ့ ပျောက်သွားပြီလို့ ပြောလိုက်တယ်။ သူကလည်း ခေါင်းတညိမ့်ညိမ့်နဲ့ ပြန်ထွက်သွားတာပေါ့လေ။ အဲလိုမျိုး။
နောက်ကိုမျိုးဝင်းလည်း လာကြည့်တယ် ပြီးတော့ြ့ပန်ထွက်သွားတယ်။ အဲလိုနဲ့ နောက်နေ့ကျတော့ကျနော့်ကို ခေါ်စစ်တယ်။ ထောက်လှမ်းရေး တဲထဲမှာပဲ စစ်တယ်၊ ထုံးစံအတိုင်းပဲ ခင်ဗျား ထောက်လှမ်းရေး ဟုတ်တယ် မဟုတ်လားပဲ မေးတယ်၊ ကျန်တာ ဘာမှ မမေးဘူး။
ကျော်ထင်ဦးရယ်၊ လှဆိုင်းရယ် နောက် လက်သီးပါမယ်၊ နောက် ကျော်ကျော်မင်း ပါတယ် ထင်တယ်။ စစ်တာကတော့ မဟုတ်ဘူး မဟုတ်ပါဘူး လို့ ဖြေရင် ကောင်းကောင်း ရိုက်တော့တာပဲ။ ရိုက်တယ် ပြီးတော့ ကျနော့်ရဲ့ ညှို့သဂျီးပေါ်ကို ဘီးလုံးနဲ့ လှိမ့်တယ်။ အဲဒါကိုတောင် တောင့်ခံနိုင်တယ်ဆိုရင် လူပါ တပ်ရပ်ပြီးတော့ လှိမ့်တယ်ဗျာ။ နှိပ်စက်ပြီး စစ်ပုံကတော့ တော်တော်ကို နည်းလမ်း စုံပါတယ်။ ခေါင်းကို ကြွပ်ကြွပ်အိတ် စွပ်တယ်။ နောက် ခေါင်းတွေ ခြေထောက်တွေကို ဘက်ထရီ ရှော့တိုက်တယ်။
အဲဒီမှာ သူတို့ ဘယ်လို စစ်သလဲ ဆိုတာကို ကျနော်သိတော့တာပဲ၊ အရင်တုန်းက လူတွေကိုလည်း သူတို့ ဒီလိုပဲ စစ်ခဲ့မှာပဲလို့ တွေးမိတယ်။
ကျနော်လည်း ထောက်လှမ်းေ၇း မဟုတ်တော့ မဟုတ်ပါဘူး လို့ချည်း ဖြေတာပဲ အဲတာ မရဘူး ပိုပိုပြီး တိုးပြီး နှိပ်စက်လာတယ်၊ ပိုရိုက်လာတယ်။ ခေါင်းကို ကြွပ်ကြွ့ပ်အိတ် စွပ်ထားတဲ့အပြင် ဘက်ထရီကလည်း ရှော့တိုက်သေးတယ်၊ အဲလို နှစ်မျိုးသုံးမျိုးလုပ်ပြီး စစ်တာဆိုတော့ လူကလည်း သိပ်မခံနိုင်တော့ဘူး။ တော်တော်လေးလည်း နာကျင်နေတဲ့အပြင် မခံနိုင်တော့ဘူး။
ကျနော်က တမျိုးချင်း လုပ်တုန်းက တောင့်ခံထားသေးတယ်၊ တောင့်ခံပြီး မဟုတ်ဘူးပေါ့ အဲလိုတွေဖြစ်နေတော့ နှစ်မျိုးသုံးမျိုးတွဲလုပ်တော့တာပဲ အဲလိုစစ်ရင်း ၂နာရီလောက်လည်း ကြာတော့ကျနော် ဘယ်လိုမှ မခံနိုင်တော့ဘူး၊ နောက်ဆုံး အသက်မသေအောင် လည်း ပါတယ်ပေါ့ ဒီပုံအတိုင်းဆို သေတော့မှာကိုး အဲဒါနဲ့ ဟုတ်တယ်ကွာ လို့ပဲ ဖြေလိုက်ရတော့တာပဲ။
အဲလို ဖြေရသွားတော့  ကျေနပ်သွားတယ်၊ နှိပ်စက်တာ ရပ်သွားတယ်၊ ပြီးတော့ ထောက်လှမ်းရေး ဖြစ်စဉ်တွေ မေးတယ်။
အဲဒီမှာ ကျနော်ပိုပြီး သဘောပေါက်သွားတယ်၊ တကယ်တော့ ဒီလိုလုပ်တယ်ဆိုတာ ဘာကြောင့်မှ မဟုတ်ဘူး သူတို့ လုပ်ချင်လို့ လုပ်တဲ့ ကိစ္စပဲ ဆိုတာ ကျနော် မြင်သွားတယ်။
အဲဒီမှာ ကျနော်ကလည်း ပါးစပ်ကနေ မပြောတတ်တော့ ဖြစ်စဉ်တွေအကုန်ရေးပေးမယ်ဆိုပြီး စောရွက်တောင်းပြီး ဖတ်ခဲ့ဖူးတဲ့ ၀တ္ထုတွေထဲက အတိုင်း ဇာတ်လမ်းတပုဒ်ရေးရတော့တာပဲ။ ဒါကတော့ စာဖတ်ခဲ့ခြင်းရဲ့ အကျိုးကျေးဇူးပါပဲ။
အဲဒီတုန်းက ကျနော်ရေးပေးခဲ့တာကို ပြောရရင်တော့ဗျာ ကျနော်က ဆယ်တန်းအောင်ပြီးတော့ ဗိုလ်သင်တန်းသွားတက်တယ်ပေါ့ဗျာ။ လုပ်သားကောလိပ်တက်တော့လည်း အထက်က တာဝန်ပေးလို့ပေါ့လေ။ လုပ်သားကောလိပ်မှာ ကွန်မြူနစ်တွေ ရှိတယ်၊ အဲဒါကြောင့် စုံစမ်းရအောင် ကျောင်းသားသွားလုပ်ရတာပေါ့ အဲလိုတွေ ရေးရတယ်။ပြီးတော့ ပါတီလုပ်တော့လည်း နိုင်ငံရေးပါတီတွေ ဘာတွေ လုပ်တယ်ဆိုတာသိရအောင် စုံစမ်းဖို့အတွက် လုပ်ရတာပါပေါ့လေ၊ အဲလိုတွေ ဇာတ်လမ်းတွေ ရေးပေးလိုက်တယ်။ပြောတာနဲ့ ရေးတာမှာလည်း သဘာဝကျအောင်လုပ်ရတယ် နို့မို့ရင် လွဲနေရင် ပြန်မေးပြန်စစ်နဲ့ ဒုက္ခရောက်တယ်။
နောက် absf ကို မြောက်ပိုင်းကိုေ၇ာက်အောင် သွားနေရရအောင်လုပ်ပေါ့ ပြီးတော့ ကျောင်းသားလေးတွေကို စည်းရုံးပြီး ခေါ်သွားပေါ့ အဲလိုလုပ်လိုက်တော့ ကိုယ်နဲ့အတူ တောခိုလာကြတဲ့ ကျောင်းသားတွေကိုလည်းထိခိုက်မှာ စိုးတော့ အဲဒီ ကလေးတွေကတော့ ဘာမှ မသိပါဘူးပေါ့၊ သူတို့ကို ကျနော်က စည်းရုံး ရတာပေါ့ တကယ့်ကျောင်းသားတွေပါပေါ့ အဲလိုတွေလည်း လုပ်ရသေးတယ်။
ရှောင်ပြောရတာတွေလည်း ရှိတယ်၊ကိုယ့်ကိုလည်း ပြန်ပြီး ဆက်ပြီး ဒုက္ခမရောက်အောင်လည်း လုပ်နေရတယ်။ အဓိကကတော့ အဲဒီအချိန်မှာ ကိုယ့်အသက်ကိုယ်မွေးဖို့ စဉ်းစားရတာပဲ ။ ကိုယ့်အသက်ကိုယ်မွေးရမယ်ဆိုပြီး လုပ်ပေမဲ့ အချင်းချင်းတွေအပေါ်မှာသစ္စာ မဖောက်ခဲ့ဖူး။ပြီးတော့ ကိုယ့်ကြောင့် တခြားလူတွေ ထိခိုက်အောင်လည်း မပြောခဲ့ဘူး မလုပ်ခဲ့ဖူး။ ဘယ်သူ့ကိုမှလည်း စွဲ မထည့်ခဲ့ဘူး၊ အဲဒါ ကျနော့် သမိုင်းပဲ။ ကိုယ်တယောက်တည်းပဲ လမ်းကြောင်း တခုကို ရှာပြီးတော့ ဖောက်ပြီးတော့ သွားခဲ့ရတာပေါ့လေ။ကျနော့်ထွက်ချက်တွေ သူတို့ ဆီမှာ ရှိတယ်။
အဲဒီမှာ သူတို့က ဘာဆက်ပြီး လုပ်လာလဲ ဆိုတော့ ကျနော်တို့က သူတို့ဆိမှာ ထွက်ချက်အရ ထောက်လှမ်းရေး အရာရှိတွေ ပေါ့လေ၊ ထောက်လှမ်းရေး အရာရှိတွေဆိုတော့ ကျနော်တို့နဲ့အတူ ဆက်သွယ်ရေး ဆက်တွေ ဘာတွေပါလာမယ် အဲဒါတွေကို အချင်းချင်းတိုင်ပင်ပြီးတော့ ဖော်ထုတ်ကြဆြို့ပီး လုပ်လာပြန်ရော။
အဲဒီမှာ ကျနော်တို့ကလည်း တကယ့်ထောက်လှမ်းရေးတွေ မဟုတ်ဘူး၊ ကျနော်တို့ ဆီမှာလည်း ဘာစက်မှ မရှိဘူးဆိုတော့ အချင်းချင်းလက်တို့ပြီးတော့ ဟိုပြော ဒီပြောပေါ့နော် လျှောက်ပြောရပြန်ရော။
ကိုထွန်းအောင်ကျော်ကိုလည်း ဆက်သွယ်ရေး စက်တွေဘာတွေတောင်းတော့ သူကလည်း ဟုတ်မှ မဟုတ်တာ သူ့မှာလည်း ပေးစရာမရှိဘူး။ ဒါပေမဲ့ သူကလည်း KIA ကလည်း မြင်အောင်ဆိုပြီးတော့ သူက KIA စခန်းဘက်မှာ ဖွက်ထားပါတယ်ဆိုပြီးတော့ အဲဒီဘက်ကို လှည့်ခေါ်ခဲ့သေးတယ်။ အဓိကကတော့ မျိုးဝင်းတို့ ဒီလိုလုပ်နေတာတွေကို KIA ကို မြင်စေ သိစေချင်တာလည်း ပါတာပေါ့၊ သူလည်း ကြိုးစားပမ်းစားလုပ်ခဲ့ကြသေးတယ်။
KIAက ထိပ်ပိုင်းက လူကြီးတွေ သိမသိတော့ ကျနော်လည်း မသိဘူး။ ဗိုလ်မှူးပန်းအောင် အဆင့်ထိတော့ သိတယ်ဗျ။ ခြေဖြတ် လက်ဖြတ် လုပ်နေတာတွေကိုတောင် ဗိုလ်မှူးပန်းအောင်လာပြီး တားသေးတာပဲ။
ကျနော်တို့အနေနဲ့ကလည်း သံခြေကျင်းတွေနဲ့ မျက်နှာကိုလည်း အ၀တ်တွေစည်းထားတော့ ဘာတွေ ဘယ်လိုဆိုတာ သေချာ မသိရပေမဲ့ နားကတော့ ကြားရတာပေါ့ဗျာ။
ကိုသက်နိုင်ကို စစ်တာ ဆေးတာကို ကြားခဲ့ရတာတွေလည်း ရှိတယ်။ ကိုသက်နိုင်က ရန်ကုန်ကလေ။ သူကို့ ချောင်းထဲမှာ ရေနှစ်ပြီးတော့ စစ်တာ။ ၀န်မခံ မချင်းကို ရေထဲ နှစ်လိုက် ဆယ်လိုက် လုပ်ပြီး စစ်နေတာ ကြားနေရတာပဲ။ နောက်ပြီးတော့ ကိုထိန်လင်း ကိုလည်း စစ်နေတဲ့ အသံတွေ ကြားနေရတာပဲ ကိုထိန်လင်းကလည်း အော်ဟစ်နေရတာ။ သူ့ကိုလည်း မတရားကြီး နှိပ်စက်နေကြတာကိုး။
အော်သံတွေကလည်း တကယ့်ကို မချိမဆန့်အော်သံတွေပါ။ သာမန်ကြောက်လို့ အော်တဲ့ အသံမျိုး မဟုတ်ဘူး။ ခံစားရလို့ မချိမဆန့်ထွက်လာတဲ့ အသံမျိုးတွေ။
အဲလိုတွေ နှိပ်စက်ရုံနဲ့ မပြီးသေးဘူး ဆက်ပြီးတော့ ထပ်တိုးလာကြတယ်၊ တရက်ကျတော့ ကျနော်အပါအ၀င် လူ ၂၀ ကျော်လောက်ကို သံချောင်းတို့မျိုးဝင်းတို့က အပေါ်ကုန်းဘက်ကို ခေါ်ပြီးတော့မှ လက်တွေကို မိုင်းမှာသုံးတဲ့ ဒစ်တိုနီတာတွေ ချည်ထားပြီးတော့ လုပ်တယ်။ဒီဒစ်တိုနီတာဆိုတာက ၀ါယာရှော့ဝင်သွားရင် ထကွဲတာကို ထကွဲတော့မှ မိုင်းက ကွဲတာလေ၊ အဲလို ဒစ်တိုနီတာမျိုးပေါ့။
အဲဒါတွေကို ၀ါယာကြိုးနဲ့ ကျနော်တို့ အယောက် ၂၀ ကျော်လောက်ရဲ့ လက်တွေမှာပတ်ထားတယ်။ ပထမဆုံးကတော့ ကိုကျော်ဝေ ဆိုတဲ့ သူရဲ့ ညာဘက်လက်ကို ချီထားတယ် နာရီ တလုံးလည်း ချထားတယ်။
ပြီးတော့ ၅ မိနစ် အချိန်ပေးမယ် လို့ ကိုကျော်ဝေကို ပြောတယ်။ ကျနော်တို့ကလည်း အကုန်လုံး ကြည့်နေရတာ။ ကိုကျော်ဝေကို ကျနော်တို့ရဲ့ အလယ်ခေါင်မှာ ထိုင်ခိုင်းထားပြီးတော့ စက်တွေပေးပေါ့။ သူ့ဘေးမှာ စဉ့်နီတုံးတွေ ဓါးမတွေလည်း ချထားတယ်။ ၅ မိနစ်အတွင်း ဖော်ပေါ့ မဖော်ရင် ခုတ်မယ်ပေါ့။
အဲလိုလုပ်တော့ ကျနော်တို့ အားလုံးလည်း စိတ်ချောက်ခြားနေပြီ။ မြင်နေရတယ် အားလုံးရဲ့ လက်တွေမှာလည်း ၀ါယာကြိုးတွေပတ်ထားပြီးပြီ။
ကိုကျော်ဝေ ခမျာ ပေးစရာလည်း မရှိဘူးဖြေစရာ အဖြေလည်း မရှိရှာဘူး အဲတော့ ခွဲချလိုက်တယ်။ ချက်ခြင်းပဲ သွေးတွေ ဖြာကနည်း ထွက်သွားတယ်၊လက်က အရိုးရော ဘာရော ပါသွားတာ လက်မရှိတော့ဘူး။ အဲလိုတွေ လုပ်တာ၊။ ကျနော်တို့ကိုလည်း အဲလို နှိပ်စက်တာကို ဒီအတိုင်း ထိုင်ကြည့်ခိုင်းထားတာ။
ကျနော်တို့မှာ စိတ်ကလည်း မကောင်းဘူး၊ စိတ်တွေလည်း ခြောက်ခြားတယ်။ ကိုကျော်ဝေကိုလုပ်ပြီးတော့ နောက် ၅ ရက် တပတ်လောက်ကြာတော့ အဲလိုပဲ ကိုအောင်ဖိုးကို ဆက်လုပ်တာ။ အဲလို ကိုအောင်ဖိုးကို မလုပ်ခင် သက်နိုင်ကိုလည်း သူဖြေတာ သံချောင်းက အလိုမကျလို့ ဆိုပြီး နားနားကို သေနပ်နဲ့ ပစ်ထည့်လိုက်တာ နားရွက်ကို ဖောက်ထွက်သွားတယ်။ နားမှာ အပေါက်ဖြစ်သွားတယ်။ အဲဒီအပေါက်ကို သစ်ကိုင်းခြောက်လား ဘာလား ထိုးထည့်တာလေး မှတ်မိပါသေးတယ်။ အဲဒါလည်း ကျနော်တို့ရှေ့ လူ ၂၀ ကျော်ရှေ့မှာပဲ လုပ်တာ။
ကိုအောင်ဖိုးကိုလည်း ၅ မိန်အချိန်ပေးမယ် ပစ္စည်းတွေပေးဆိုပြီး လုပ်တာ၊ ကိုအောင်ဖိုးကလည်း ပေးစရာလည်း မရှိဘူး နောက်ဆုံး အံကြိတ်ခံတယ်။ နောက်ဆုံး ပေးစရာမရှိဘူးဆိုတော့ ခွဲချပစ်လိုက်တယ်။ ခွဲတော့ သွေးတွေ ဖြာဆင်းသွားတာပဲ။ ကျနော့် မျက်စိရှေ့တင် မြင်ရတာတွေပဲ။ အသေးစိတ်ပြောရရင် စိတ်မကောင်းစရာတွေချည်းပဲ။အော့နှလုံး နာစရာတွေ ချည်းပဲ။
ရက်စက်တယ်။
တော်တော်ကို ရက်စက်လွန်းအားကြီးတယ်၊ အဲလောက်ထိ ရက်စက်တာက မကောင်းတော့ဘူး။ ကျနော်တို့က ကျောင်းသား တပ်မတော်ကို တိုက်ခိုက်တာ မဟုတ်ဘူး။ လူတစုရဲ့ လုပ်ဆောင်ချက်တွေကို ထုတ်ပြောတာ။ ဒါဟာ သမိုင်းပါပဲ။
နောက် ခုလို ရက်ရက်စက်စက်လုပ်ကြ ကိုင်ကြတဲ့ နေရာတွေမှာ လုပ်ကြတာလည်း ရှိသလို ချုပ်ထားတုန်းမှာလည်း ၀င်လုပ်ကြတာတွေလည်း ရှိတယ်၊ ရိုက်ကြ နှိပ်ကြတယ်၊ ခေါင်းကို သေနပ်ဒင်နဲ့ ထုတယ်၊ မေးစေ့ကို သေနပ်ပြောင်းတွေနဲ့ ထိုးတယ်။ နည်းမျိုးစုံပေါ့လေ ပါးစပ်ကလည်း မင်းငါ့ကို ကြောက်လား ဆိုတာမျိုးတွေလည်း မေးကြတယ်။
ကျနော်တို့မှာက မျက်နှာကို အ၀တ်စည်းထားတယ်၊ လက်ပြန်ကြိုးတုပ်ထားတဲ့ ကြားက အဆော်ခံကြရတာ။ ထောက်လှမ်းရေးတွေလို့ ပြောတာ ဆဲတာက တမျိုး အရင်တုန်းက ခရိုင်မှူးလုပ်ခဲ့တုန်းကတော့ ဒီလို မဟုတ်ပါဘူးဆိုတာမျိုးတွေနဲ့ ပြောကြဆိုကြတာလည်း တမျိုး၊ အမြင်ကတ်လို့ ကြုံလို့ ၀င်ဆော်တာတွေလည်း ရှိတယ်။ အဲလို လက်လွတ်စပယ် ၀င်လုပ်ကြတာလည်း ရှိတော့ရ တခါဆိုရင် ခေါင်းတွေရော မေးစေ့တွေရော လက်တွေရော ခြေထောက်တွေရော ရိုက်တာ ၁၀ နေရာလောက်ထိ နာပြီး ကွဲတယ်။ ၆ နေရာလောက် ချုပ်ရတယ်။ တခါတုန်းကဆိုရင် ၃ချက်လောက် ချုပ်ရတယ်။ အဲလိုပဲ ကွဲကြတာပဲ။
တခါတုန်းက ကျနော်ကြုံရတာက မှတ်မှတ်ရရပဲ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ကို လက်ဝါးကပ်တိုင်ပေါ်တင်ပြီး သံနဲ့ ရိုက်ခဲ့ကြတုန်းက ကျနော်တို့ကို ထမ်းပို့ရမယ် ထမ်းပို့ရမယ်ဆိုပြီး လိုက်သွားကြတယ်။
ကိုထွန်းအောင်ကျော်ကို ပစ္စည်းတွေ တောင်းတော့ ပေးစရာမရှိဘူးဆိုတော့ သံနဲ့ ရိုက်ကွာဆိုလို့ ကိုထွန်းအောင်ကျော်ကို လက်ဝါးကပ်တိုင်ပေါ် တင်ပြီး လက်ဖ၀ါးထဲကို လေးလက်မ သံ ရိုက်ထည့်တယ်၊ အဲဒါတွေကိုလည်း ကျနော်တို့က ထိုင်ကြည့်ရတယ်။ ကျနော်တို့ ရှေ့မှာတင် ရက်ရက်စက်စက် လုပ်ခဲ့ကြတယ်။
လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ကြတယ်။ ရက်စက်ကြမ်းကြုတ်တာတွေ ရှိခဲ့တယ်။ ဒါတွေအားလုံး ဟာ မှတ်မှတ်ရရ တွေချည်းပဲ ကျနော်တယောက်တည်း မြင်ခဲ့ တွေ့ခဲ့ရတာတွေ မဟုတ်ဘူး။ ကျနော်အပြင် ဘိုဘိုနဲ့ အခြား ၂ယောက် ၃ ယောက်လည်း ကိုထွန်းအောင်ကျော်တို့ကို လုပ်ခဲ့တာတွေကို မြင်ခဲ့ရတယ်။
အဲဒါထက် ဆိုးတာကိုလည်း သူတို့ ဆက်လုပ်ခဲ့ကြတာပဲ။ ကိုထွန်းအောင်ကျော်ကို နှိပ်စက်တာလဲ အဲလောက်နဲ့တင် ပြီး မသွားသေးဘူး။
ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများ အားလုံး အိပ်မက်ဆိုးများကနေ လွတ်မြောက်ကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment