by May Thingyan Hein on Wednesday, November 7, 2012 at 6:42am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၇၊ ၂၀၁၂၊ ရန်ကုန်မြို့။
(အစ)
ကိုဘိုဘိုရဲ့ မြောက်ပိုင်းခရီး အပိုင်း(၁) နဲ့ (၂)ကို facebook မှာ တင်ပြီးချိန်မှာတော့ ကျမရဲ့ noteကို share တဲ့ သူတွေထဲမှာ Nang Aung Htwe Kyi ဆိုတဲ့ နာမည်ပါလာတာ တွေ့ရပါတယ်။နန်းအောင်ထွေးကြည်ဆိုတဲ့ နာမည်ကို တွေ့တွေ့ချင်းပဲ ကျမ စိတ်ဝင်စားလှစွာနဲ့ ကပျာကယာပဲ အကောင့်ထဲကို ၀င်ဖတ်လိုက်မိတယ်။
အဲဒီအချိန်မှာ မနန်းအောင်ထွေးကြည်ရဲ့ wall မှာ ကျမရဲ့ note ကိုရှယ်ထားတာ တွေ့ရပါတယ်၊ comment လည်း ၀င်ပေးထားတယ်။ အမရဲ့ wall မှာလျှောက်ဖတ်ရင်း အမတင်ထားတဲ့ note တွေ တွေ့ရပါတယ်။ အမက စာရေးကောင်းတယ်၊ ပြတ်ပြတ်သားသားရေးထားတာ တွေ့ရသလို အားလုံးကို ရိုးရိုးရှင်းရှင်းပဲ ရေးတယ်၊ ဖုံးထားတာ ဖိထားတာတွေ သိပ်မတွေ့ရဘူး။
အမရဲ့ စာတွေကို ဖတ်ပြီးတော့လည်း ထုံးစံအတိုင်း စိတ်မကောင်းဖြစ်ရတယ်။
မနန်းအောင်ထွေးကြည်ကို မေးမြန်းခွင့်ရရင်သိပ်ကောင်းမှာပဲ လို့ ကျမ မျှော်လင့်ခဲ့ပေမဲ့ တော်တော်နဲ့တော့ အမကို ပြောမထွက်ခဲ့ပါဘူး။ နောက်ပိုင်း အမနဲ့ MESSAGE တွေ ပို့ရင်း ကျမ မေးချင်ကြောင်း ပြောမိပါတယ်။ အမ က message ပြန်ပို့လာတယ်။
`ညီမ တကယ်စိတ်ဝင်စားသလား ၊ အတိုက်အခိုက်ခံနိုင်ရည်ရှိသလား´ တဲ့။
အဲဒီ စကားဟာ ကျမကို ရှေ့ဆက်ဖို့ တွန်းအားပေးလိုက်တဲ့ စကားပါပဲ။ မိတ်ဆွေတယောက်ကတော့ ကျမကို တားခဲ့သေးတယ်၊ သူတားခဲ့တာက စိုးရိမ်စိတ်နဲ့ပါ၊ သူက ကျမကို မြောက်ပိုင်းကိစ္စတွေ ခုလို ဆက်ပြီး မရေးစေချင်ဘူး။ ပြဿနာများလွန်းတယ်၊ ဖိအားများလွန်းတယ်၊ ပြီးတော့ ဒီကိစ္စကို မပေါ်စေချင်တဲ့သူတွေက အများကြီး ရှိတယ်လို့ ပြောတယ်။
ကျမကတော့ ဆက်ရေးဖို့ပဲ စိတ်ပြင်းထန်ခဲ့တယ်။ ကျမကို ဒေါက်တာနိုင်အောင်ဆီကနေ ငွေ ၁၀ သိန်း ယူတယ်လို့ မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာကျဆင်းအောင် တမင်ပြောဆိုစွပ်စွဲခံရတယ်။ ကျမအနေနဲ့ သတင်းရေးသားရန်အတွက် လက်ဆောင်၊ ငွေကြေး တစုံတရာ မယူခဲ့ဖူးပါဘူး။
ဒါပေမဲ့ ကျမကို နည်းမျိုးစုံနဲ့ စွပ်စွဲခံရ တိုက်ခိုက်ခံရပါတယ်။ နောက် ABSDF မြောက်ပိုင်းကိစ္စတွေကို မရေးဖို့ ပေါ်တင် တားမြစ်လာကြတဲ့ သူတွေရှိသလို၊ လက်သီးပုန်း ထိုးကြတဲ့ သူတွေနဲ့ နောက်ဆုံး ဆဲဆို တိုက်ခိုက်ခြင်းတွေကိုပါ ကြုံလာရတယ်။
အမ နန်းအောင်ထွေးကြည်ကိုလည်း ကျမကို အင်တာဗျူးပေးလို့ ဆိုပြီး ပြောဆိုကြတဲ့ သူတွေလည်း ရှိတဲ့အကြောင်း သတင်းစကားတွေကနေ ပြန်ကြားရတော့ အံ့သြမိပါသေးတယ်။ကျမက မေးမဲ့သူ၊ အမ မနန်းအောင်ထွေးကြည်က ဖြေပေးမဲ့သူ၊ အဲလို ကျမတို့ နှစ်ယောက် အင်တာဗျူး ကြမှာကို ဘာကြောင့် မလိုလားကြတာလဲ ။ ဒါကိုလည် နားမလည်နိုင်ခဲ့ပါဘူး။
ဘာကြောင့်ပဲဖြစ်ဖြစ် အမကတော့ သူ့ရဲ့ မြောက်ပိုင်းခရီးနဲ့ပတ်သက်ပြီး ကျမကို ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးရှင်းရှင်းနဲ့ နာရီပေါင်းများစွာ ကြာအောင် ပြောပြခဲ့ပါတယ်။ မိုင်ပေါင်းများစွာ ဝေးကွာလှတဲ့ နိုင်ငံ နှစ်ခုကနေ မေးလိုက် ဖြေလိုက်၊ အသံတွေ ပြတ်တောက်လိုက်၊ အချို့ဖိုင်တွေဆိုရင် အသံတိုးတိုးလေးပဲ ကြားရလိုက်နဲ့ ကျမတို့ရဲ့ အင်တာဗျူးဟာ မျက်နှာချင်းဆိုင်တွေ့ပြီး မေးကြရတာလောက်တော့ အဆင်မပြေပါဘူး။
ဒါပေမဲ့ အသံမာပေမဲ့ ကြည်လင်တဲ့ မနန်းအောင်ထွေးကြည်ရဲ့ အသံကို နားထောင်ရင်း အမနဲ့ အတူမြောက်ပိုင်းကို ကျမ ရောက်ခဲ့ရပါတယ်။ မိတ်ဆွေများကိုလည်း မနန်းအောင်ထွေးကြည်နဲ့အတူ မြောက်ပိုင်းကို လိုက်ကြည့်ကြရအောင်ပါ။
အပိုင်း (၁)
ကောင်းပြီ…။ မျိုးရိုးကနေ စပြောမယ်။
အဖေနာမည်က ဦးခင်မောင်ကြည်၊ အမေနာမည်က ဒေါ်ခင်နှင်းကြည်(နန်းမွေ)။ အဖေက ၁၉၆၉ ခုနှစ်မှာ အမှတ် (၂) ထောက်လှမ်းရေး တပ်မှူးဖြစ်ခဲ့တယ်။ ၁၉၇၂-၇၃ ခုနှစ်လောက်မှာ အဖမ်းခံခဲ့ရတယ်။ အဖမ်းခံရတယ်ဆိုတာကလည်း အိမ်ကနေ လာခေါ်သွားတာ။ အဖေက ပျောက်သွားတယ်။ အိမ်က သေလား ရှင်လားတောင် မသိရဘဲနဲ့ ပျောက်သွားခဲ့တာ။
အဖေဟာ အသက်ရှင်နေသလား၊ အဖေ ဟာ သေပြီလား။ အဖေ့ကို ဘာလုပ်လိုက်ကြသလဲ၊ အဖေ ဘယ်ရောက်နေသလဲ ဆိုတာ အဖေ ဘယ်မှာလဲ ဆိုတာကို တမိသားစုလုံးက ဘာမှကို မသိရတော့ဘူး။ အဲဒီအချိန်မှာ အမေဟာ သားသမီး၆ယောက်နဲ့ အမေက လောကဓံကို ခါးစည်းပြီး ခံရတယ်။
အဲဒီလိုနဲ့ ၁၉၇၄ ဦးသန့်် အရေးအခင်းတွေ ဘာတွေဖြစ်တဲ့အချိန်မှာ ကျမက ၅ တန်းရောက်နေပြီ။ အထက(၂) ကမာရွတ်မှာ တက်နေတယ်။ အဲလို ဦးသန့်အရေးအခင်း ကာလမှာ ညညတွေမှာ ဟောပြောတဲ့ နေရာတွေကို အမေက သားသမီးတွေကို ခေါ်ခေါ်သွားတယ်။ အမေက တက်ကြွတယ်။
အဲဒီအချိန်တုန်းက အမအကြီးဆုံးက တက္ကသိုလ်တက်နေပြီ၊ chemistry မေဂျာ၊ အဲဒီတုန်းက စော်ဘွားမျိုးနွယ် သားသမီးတွေကလည်း ဦးသန့်အရေးအခင်းတွေဘာတွေမှာပါပြီးတော့ တပြုံကြီး အဖမ်းခံကြရတာတွေ ဘာတွေလည်းကြားရတယ်။
ဘာကြောင့် နိုင်ငံရေးကို စိတ်ဝင်စားသလဲဆိုတာက ကိုယ်မြင်ခဲ့ကြားခဲ့ရတာတွေကြောင့်လည်း ပါတယ်။ မတရားတာတွေကိုလည်း သိလာတယ်။
အဲဒီလိုနဲ့ ၁၉၇၇ခုနှစ်မှာ အဖေ အိမ်ပြန်ပို့ပေးတယ်။ အဖေ ပြန်ရောက်လာမှ အဖေ့ကို ရေကြည်အိုင်ထဲမှာ သွားချုပ်ထားကြတယ် ဆိုတာ သိရတာ။ သိတဲ့အတိုင်းပဲ ထောက်လှမ်းရေး အသိုင်းအ၀ိုင်းတွေမှာ လုပ်နေကြအတိုင်းပဲ အဖေ့ကိုလည်း အမှု မရှိဘဲနဲ့ အဖမ်းခံလိုက်ရတယ်။ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတဲ့အတိုင်းပဲ အဖေလည်း အဖမ်းခံလိုက်ရတယ်။
အဲလိုနဲ့ ဖမ်းထားလိုက်တာ ၁၉၇၇ မှာ ပြန်လွှတ်ပေးခဲ့တယ်။
ပြန်လွှတ်ပေးလိုက်တော့လည်း အလုပ်မပြုတ်ခဲ့ဖူး။ ဖမ်းပြီး သူ့ကို ထောင်ချလို့လည်း မရတော့ ဖေဖေ့ကို ဒီအတိုင်း အကျယ်ချုပ်အနေနဲ့ ထိန်းသိမ်းပြီး ခေါ်ထားကြတာ။ ပြန်လွှတ်လိုက်တော့ အဖေ့ကို ထောက်လှမ်းရေး တပ်မှူးရာထူးမှာ မထားတော့ဘဲနဲ့ ခလရ ၃၅ ကို ပြောင်းလိုက်တယ်။
အဲလိုပြောင်းလိုက်ြ့ပီးတော့ အဖေက တပ်မတော်ကနေ နှုတ်ထွက်ပစ်လိုက်တယ်။ဘာကြောင့်လဲ ဆိုတော့ သူ စိတ်နာသွားတယ်၊ ဆက်ပြီး မလုပ်ချင်တော့ဘူး။ အဖေအငြိမ်းစားဖြစ်သွားပြီ။
အဲဒီအချိန်မှာ ၇ တန်းကျောင်းသူ ဆိုတော့ အဖေတို့ စကားပြောရင် နားလည်လာပြီ။ အစိုးရနဲ့ပတ်သက်ပြီး သုံးသပ်တတ်လာတယ်။ မြင်လာတယ်။ ဒါပေမဲ့ အိမ်မှာ မိသားစုထဲမှာတော့ နိုင်ငံရေးနဲ့ပတ်သက်ပြီး သိတ်လည်း မပြောခဲ့ဖူး၊ နိုင်ငံရေး စကားလည်း မပြောခဲ့ဖူး။
ပြောရရင်တော့ မောင်နှမ ၆ ယောက် မှာက အငယ်ဆုံး။ အဲဒီမှာ ဂုဏ်ယူစရာ ပြောရရင်တော့ ၉ တန်း ၂ခါဖြေ ၁၀ တန်း ၄ ခါဖြေ ပေါ့။ ဆယ်တန်းကို ၄ ကြိမ်ဖြေပြီးတော့မှ အောင်ခဲ့တာ။
ဆိုးတယ်။ ကောင်းကွက် မရှိ။ တာတေအောင်ဆိုးတယ်ထင်တယ်။ ပေပေတေတေ နေတယ်။ အနုပညာဝါသနာပါတယ်။ အရမ်းကို ၀ါသနာပါတာ။ ဘဝမှာအဖြစ်ချင်ဆုံး က ဂီတ အနုပညာသမားတယောက်ပဲ။ သီချင်းဆိုတာထက်ကို ဂီတ ပညာရှင်ဖြစ်ချင်တာ။
အမတို့က အရမ်းစာတော်ကြတော့ သူတို့က ကျောင်းမှာ ထိတ်တွေချည်းပဲ ဆယ်တန်းအောင်တော့လည်း ဂုဏ်ထူး လေးဘာသာ ငါးဘာသာတွေပဲ ဆိုတော့ ဒီက ဆယ်တန်းတဘုန်းဘုန်းကျဆိုတော့ အမေကလည်း ကြိုးစားစေချင်တယ်။
ရှစ်တန်းကျောင်းသူလောက်ထိ စာကြိုးစားခဲ့တယ်။ ကိုးတန်းဆယ်တန်းလောက်ကြတော့ လူက ထုံပေပေ ဖြစ်လာတယ်။ ဂစ်တာ တီးချင်ရင် သူငယ်ချင်းတွေ အိမ်မှာသွားတီးရတာတို့၊ လမ်းဘေးမှာ ဂစ်တာ တီးတာတို့ဘာတို့တွေလည်း လုပ်တော့ အမေက လုံးဝ မကြိုက်ဘူး။ ဆိုးခဲ့တာက တခြား ရည်းစားတွေဘာတွေ ထားပြီး ဆိုးခဲ့တာ မဟုတ်ဘူး။ နောက် မိန်းမလည်း သိပ်မဆန်တော့ အမေက အမြဲပြောတယ်၊ ဆိုတယ်။ အမေ မကြိုက်တာလုပ်ခဲ့တာ၊ ဘုကလန့်တွေ ပြောခဲ့တာ အဲဒါမျိုးတွေနဲ့ ဆိုးခဲ့တာ။
နောက် ငယ်ငယ်လေးကတည်းက ဂျင်းဘောင်းဘီဝတ်တယ်၊ မင်းမင်းလတ် သီချင်းတွေ နားထောင်တယ်။ စိုင်းထီးဆိုင်သီချင်းတွေကို ကြိုက်တယ်။ သူ့သီချင်းတွေနဲ့ ဂစ်တာ တီးတယ်။ ဂစ်တာနဲ့ပတ်သက်လာရင် တခါမှ မသင်ဘူးဖူး၊ စာအုပ်ဖတ်တယ်၊ စာအုပ်ဖတ်ပြီး တီးတယ်၊ပြီးတော့ အကြားနဲ့လည်း တီးတယ်။ ဘယ်သွားသွား ဂစ်တာ တလုံးနဲ့ပဲ။ ဂစ်တာမပါရင် ဂစ်တာ မကိုင်ရရင် မနေနိုင်ဘူး အဲလိုထိဖြစ်လာတာ။
ဒါပေမဲ့ အမေက မရဘူး၊ ဂစ်တာ လှမ်းကိုင်လိုက်ရင်ကို ရာဇ၀တ်မှု ကျူးလွန်လိုက်သလိုပဲ။ အမေကတော့ ပညာရေးပဲ လုပ်စေချင်တယ်။ ပညာပဲ ကြိုးစားစေချင်တာလေ။
နောက်ပြီး ပညာရေးမှာလည်း သင်ရတာတွေကလည်း ဘောဂဗေဒတွေဘာတွေ အရမ်း စိတ်ညစ်ဖို့ကောင်းတယ်။ အဲဒါမျိုးတွေကျတော့ မကြိုက်ဘူး။ စိတ်လည်း ၀င်စားလို့မရဘူး။
အဲဒါနဲ့ ကိုးတန်းကိုတောင် ၂ ခါဖြေယူရတယ်။ ဆယ်တန်းလည်းကျတယ်။ ဆယ်တန်းကျတော့ အိမ်က ရှမ်းပြည်ကို ပို့တယ်။ အမျိုးတွေကုန်လုံးက ရှမ်းပြည်မှာ ရောက်နေကြပြီ ၊ အဲတော့ ရှမ်းပြည်ကိုပို့တော့ ရှမ်းပြည်မှာ ထပ်ဖြေတယ်။ အဲဒီမှာလည်း မောင်နှမ ၀မ်းကွဲတွေကလည်း ယောင်္ကျားလေးတွေချည်းပဲ။ အဲဒီမှာလည်း ဆယ်တန်းဖြေပေမဲ့ထပ်ကျတယ်။ မအောင်နိုင်ဘူး သမိုင်းတို့ ဘောဂဗေဒတို့နဲ့ထပ်ကျတာပဲ။ တဒိုင်းဒိုင်းကို ကျတာ။
အဲလိုနဲ့ ဆယ်တန်းကို လေးကြိမ်လောက်ဖြေပြီးမှ ၁၉၈၄-၈၅ မှာ ၁ဝတန်းအောင်ခဲ့တယ်။ ဘယ်လိုပဲပြောပြောပေါ့လေ ဆယ်တန်းတော့ အောင်သွားပါတယ်။ ဆယ်တန်းအောင်တဲ့ နှစ်မှာ သူငယ်ချင်းတွေက ဘွဲ့တောင် ရနေကြပြီ။ ငယ်ငယ်လေးကတည်းက ပေါင်းခဲ့တဲ့ သူငယ်ချင်းတွေ ဘွဲ့ရတော့မှ ဆယ်တန်းအောင်ခဲ့တာ။
ဆယ်တန်းအောင်ပြီးတော့လည်း စိတ်ပညာ အဓိက ယူခဲ့တယ် ။ ကျောင်းတက် ပျင်းလို့ စာပေးစာယူလိုက်တာကို အမေတို့ မသိဘူး။ စာပေစာယူယူရင်းနဲ့ အိမ်မှာဘဲနေ တယ် ။ ရှုပ်ရှုပ်ပွေပွေတော့ မနေခဲ့ပါဘူး။ ဂစ်တာပဲ တီးနေတာ၊ ဆယ်တန်းအောင်ပြီးသွားတော့ ဂစ်တာတီးတာကို အမေက သိပ်မပြောတော့ဘူး။
၁၉၈၈ခုနှစ် အရေးအခင်းဖြစ်တော့ စာပေစာယူနောက်ဆုံးနှစ်ရောက်နေပြီ၊ အရေးအခင်းဖြစ်တဲ့အချိန်မှာ လှည်းတန်းမှာ ရှိနေတယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment