by Nang Aung Htwe Kyi on Sunday, October 21, 2012 at 5:13am ·
အခုရေးမဲ့ ခရီးစဉ်မှာ ကျမရဲ့ မှတ်စုတို တချို့ ပျောက်ဆုံးသွားပါသဖြင့် ဖြတ်သန်းခဲ့ရတဲ့ ရွာအမည်အားလုံးကို
မမှတ်မိတော့ပါ.. ထို့အတွက်တောင်းပန်ပါသည် ။မြို့ရွာအမည်များကိုလည်း မြန်မာအသံထွက်ဖြင့်ရေးသားရ
မည်ဖြစ်သဖြင့်အနည်းငယ်တိမ်းစောင်းမှု့ရှိနိုင်ပါသည်။
( နန်းအောင်ထွေးကြည်)။
ကျမက KIA မှ ဗိုလ်ချုပ်ဇော်မိုင်ကို အကိုတော်စပ်သူပီစိုင်းထွန်း ဆီသွားဘို့ဆုံးဖြတ်ချက်ကို
အသိပေးပြောကြားခဲ့တယ်။ပီထွန်းကို အကြောင်းကြားပေးမဲ့အကြောင်းပြောခဲ့တယ် ။ ကျမအနေနဲ့
KIA တပ်မတော်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုပေမဲ့ကျမအတွက်မနေသင့်တဲ့အကြောင်းတရားကရှိ
လာပြီလေ။ မိအေးနှစ်ခါနာဘဝမျိုးတော့အဖြစ်မခံနိုင်တော့ပါ ။ တိုင်းပြည်နဲ့လူမျိုးအတွက်ဘဝကိုစွန့်လွှတ်
မယ်ဆိုတဲ့ ကျမကို သတ္တိနည်းသူ၊ ရည်မှန်းချက်ခိုင်မာမှု့မရှိသူလို့အပြစ်တင်ဝေဖန်ရှုပ်ချရင်လည်းကျမ
ကျေကျေနပ်နပ်ဘဲခံယူပါ့မယ်။
ဘာလို့ဆိုတော့ ကျမဖြတ်သန်းခဲ့ရတဲ့ တော်လှန်ရေးသက်တမ်းဟာ အင်မတန်တိုတောင်းခဲ့တယ်လေ။
တိုင်းပြည်နဲ့လူမျိုးအတွက်သူသူငါငါပါဝင်ခဲ့ကြတဲ့တပါတီတစနစ် စစ်အာဏာရှင်တွေကိုတန်ပြန်တဲ့တော်လှန်
ရေးကြီးမှာသဲပွင့်လေးတပွင့်အနေနဲ့ပေးအပ်တဲ့တာဝန်ထမ်းဆောင်ဖို့အတွက်အရာရာကိုပေးဆပ်စွန့်လွှတ်ခဲ့
ရပေမဲ့ စွန့်လွှတ်ခဲ့မှု့တွေဟာဘာတခုမှအရာမရောက်ခဲ့ပါဘူး။ အောင်မြင်မှု့ရောင်ခြည်လေးမသန်းခင် တိုတောင်းတဲ့တော်လှန်ရေးသက်တမ်းကာလမှာဘဲအရာရာကိုအရှုံးများစွာနဲ့သိက္ခာအချခံ သမိုင်းအဖျက်ခံခဲ့
ရပြီး အဖေကယ်ပါ အမေကယ်ပါ ဘဝကိုရင်နင့်စွာရင်ဆိုင်ခဲ့ရတယ်။နောက်ဆုံးတော့လည်း ဆုံးရှုံးမှု့များစွာနဲ့
တော်လှန်ရေးနယ်မြေမှခေါင်းငုံ့ထွက်ခွာလာခဲ့ရတယ်။ကိုယ့်ကိုကိုယ်လည်းရှက်မိပါတယ်။
ဗိုလ်ချုပ်ဇော်မိုင်က ပီထွန်းဆီအကြောင်းကြားပါတယ်။ပီထွန်းမှကျမကိုတလအတွင်းလာခေါ်မယ်လို့ပြောပါ
တယ်။KIA မှရဲမေလေးတွေကကျမအိမ်ပြန်ခွင့်ရတာကိုဝမ်းသာဝမ်းနည်း ပြောဆိုကြပါတယ်။သူတို့တတွေလည်း
ပြန်ခြင်ကြမှာပေါ့။ အဲ့ဒီတုန်းက KIA မှာကတာဝန်ထမ်းဆောင်ရတဲ့ သက်တမ်းရှိပါတယ်။နှစ်ပြည့်ရင်အိမ်ပြန်ခွင့်
ရှိပါတယ်။ကျမကိုတော့ KIA မှာနှစ်ပြည့်လို့အိမ်ပြန်ခွင့်ပြုခဲ့တာမဟုတ်ပါဘူး။
KIAကိုတရားဝင်လွှဲပြောင်းခဲ့ပြီးတာတောင်ယခင်ကျမတာဝန်ထမ်းဆောင်ခဲ့တဲ့ ABSDF-NB စစ်ရေးတာဝန်ခံ
သံချောင်းမှဗိုလ်ချုပ်ဇော်မိုင်ဆီလာပြီးကျမကိုကျောင်းသားတပ်မတော်ကိုပြန်လည်လွှဲပြောင်းပေးဖို့လာ
ရောက်ပြောဆိုခဲ့တယ်ဆိုတော့ကျမရင်ဆိုင်ရပ်တည်နေရတဲ့အခြေအနေကြောင့်တပ်မှထွက်ခွာခွင့်ကိုလူမှု့
ရေးရှု့ဒေါင့်မှကြည့်ပြီးပေးခဲ့ခြင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ပြောထားသလိုဘဲ တလအချိန်အတောအတွင်းမှာ ဘန်ကောက်မြို့မှာနေထိုင်တဲ့ ကျမရဲ့
အကိုတော်စပ်သူ ဦးစိုင်းထွန်းဒုတိယအကြိမ် ပါဂျောင်ဒေသ ကိုရောက်ရှိလာခဲ့ပါတယ်။ ပါဂျောင်ဒေသ KIA
တပ်မှာပီထွန်း ၂ ရက်ခန့်သာနေထိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ပါဂျောင်ဒေသလိုင်စင်တောင်တန်းလို့ဘဲဆိုဆို
သောကတောင်တန်းလို့ဘဲဆိုဆို ကျမအတွက်တိုတောင်းတဲ့အချိန်ကာလလေးမှာ ပျော်ရွှင်ကြည်နူးမှု့များစွာ၊
ရင်နင့်နာကျင်မှု့များစွာတွေကြုံတွေ့ပေးဆပ်ခဲ့ရတဲ့ မနောမြေမှကျမထာဝရထွက်ခွာရပါတော့မယ်။
၁၉၉၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ( စနေနေ့) ။
ဒီရက်တွေ လတွေဟာကျမဘဝအတွက် ဘာလို့များထူးခြားမှု့တွေ တိုက်ဆိုင်မှု့တွေနဲ့ပြည့်နှက်နေရပါသလဲ
လို့ကျမ မကြာခဏတွေးတောမိခဲ့တယ်။၁၂.၂.၁၉၉၂ ခုနှစ် မှာ ကိုထွန်းအောင်ကျော် အပါအဝင်ကျောင်းသား
၁၅ ဦးကို ABSDF-NB မြောက်ပိုင်းမှကျောင်းသားခေါင်းဆောင်တွေက ရက်စက်စွာ ၊ လူမဆန်စွာခေါင်းဖြတ်
သတ်ခဲ့ကြတယ်။ တနှစ်တိတိပြည့်ခဲ့တဲ့နေ့ ၁၂.၂.၁၉၉၃ ခုနှစ်မှာကျမက ပါဂျောင်ဒေသ နယူးကင့် KIA တပ်
မတော်မှာ နောက်ဆုံးညအဖြစ်ဖြတ်သန်းခဲ့ရတယ်။၁၃.၂.၁၉၉၂ ခုနှစ်မှာ ယိုးဒယား သတင်းထောက် ယင်ဒီအ
ပါအဝင် မလေးရှား ၊ ဂျပန် တို့မှသတင်းမှတ်တမ်းတင်သူတို့နဲ့ကျမအပါအဝင် ၅ ဦး ကိုကျော်နိုင်ဦး(ကြောင်)။
ကိုတိုးကြည်။ ကိုညီညီ(စမား)။ ဂျိုးဖြူ(အမည်အရင်းမမှတ်မိတော့ပါ..သိသူများဖြည့်စွက်ပေးပါ) တို့ကိုတွေ့
ဆုံစေခဲ့ပါတယ်။ တနှစ်တိတိပြည့်ခဲ့တဲ့ ၁၃.၂.၁၉၉၃ ခုနှစ် မှာတော့ကျမပါဂျောင်ဒေသလိုင်စင်စခန်းမှ ထာ
ဝရထွက်ခွာလာခဲ့ပါတယ်။အရှုံးများစွာနဲ့ပါ။မနောမြေမှမထွက်ခွာခင်နောက်ဆုံးအချိန်လေးမှာ ကျမနေထိုင်
တဲ့ KIA စစ်ရုံးချုပ်ရဲမေဆောင်ကနေ ၁၅ ဦး အသတ်ခံခဲ့ရတဲ့ကျောင်းသားတပ်နယ်မြေအတွင်းရှိ အာဆံကုန်း
ဘဲခေါ်ခေါ် ဆိုင်းရော်ကုန်းဘဲဆိုဆို ၁၅ ဦးကုန်းလို့အမည်သစ်တွင်ခဲ့တဲ့ လူသတ်ကုန်းရှိရာကိုမှန်းပြီး ပေးထား
ခဲ့တဲ့ဂတိကိုတည်စေပါ့မယ်လို့ သစ္စာဆိုခဲ့ သစ္စာပြုခဲ့ပြီး ဝမ်းနည်းမှု့များစွာနဲ့စွန့်ခွာခဲ့ရပါတယ်။ကိုညီညီ(စမား) ကိုတော့လူခြင်းတွေ့ဆုံနှုတ်ဆက်ခွင့်ရခဲ့ပေမဲ့ကျောင်းသားတပ်အတွင်းမှာကျန်ရှိနေသေးတဲ့ကျမနဲ့ဘဝတူ
တွေဖြစ်တဲ့ကိုရဲလင်း(ရန်ကုန်)။ကိုဘိုဘို(ရန်ကုန်)။ကိုဝဏ္ဏဇော်(ရန်ကုန်)။ကိုမိုးဇော်ထွန်းခေါ်မိုးကြီး(ရန်ကုန်)။
ကိုညီညီအောင်(ဒိုဇာ-ပဲခူး)။ကိုခင်မောင်ဇော်(ခို -မန္တလေး)တို့ကိုတော့လူခြင်းတွေ့ဆုံနှုတ်ဆက်နိုင်ခြင်းမရှိခဲ့
ပါဘူး။သူတို့နားလည်မှု့တွေနဲ့ကျမကိုခွင့်လွှတ်နိုင်ကြပါစေ။
ဖေဖော်ဝါရီလ ၁၃ ရက် ၁၉၉၃ ခုနှစ်မနက်ခင်းမှာကျေးဇူးရှင်ဗိုလ်ချုပ်ဇော်မိုင်ရယ် ပီထွန်းရယ်နဲ့ကျမနောက်
ဆုံးအကြိမ်မနက်စာစားဖြစ်ခဲ့ပါတယ်။အချိန်တန်တော့သွားရတော့မှာမို့ဗိုလ်ချုပ်ဇော်မိုင်ကို ဘာသာရေး
ကွဲပြားပေမဲ့လည်း ဂါရဝပြုခြင်လို့ ပဆစ်တုတ်ထိုင်ပြီးထိခြင်း ၅ ပါးနဲ့ရှိခိုးဦးချကံတော့ခဲ့ပါတယ်။
ကျေးဇူးရှင်ရဲ့ရိုးသားတည်ကြည်တဲ့မျက်နှာကိုကျမမော်ကြည့်ခဲ့ပြီးသူ့ရဲ့ဆုံးမသြဝါဒရယ် သူကကောင်းမယ်
လို့ထင်တဲ့ ယူဆချက် အကြံပေးချက်တွေရယ်ကိုလိုက်နာခံယူသွားဖို့ကျမဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဒါကတော့တခြားမဟုတ်ပါဘူး။အသတ်ခံခဲ့ရသူတွေကိုပေးခဲ့တဲ့ကျမ ကတိနဲ့ကျမတို့အယောက် ၁ဝဝ ရဲ့
သမိုင်းအမှန်ကိုပြန်လည်ဖော်ဆောင်နိုင်ဘို့အတွက် အချိန်ဆိုတဲ့ ကာလတခုကိုစောင့်ပါဆိုတဲ့ စကားတခွန်း
ပါဘဲ။ရိုးသားစွာဝန်ခံရရင်ကျမအနေနဲ့လည်းဘယ်အချိန်ကာလအထိစောင့်ဆိုင်းရမယ်ဆိုတာမသိခဲ့ပါဘူး။
ဒီလိုနဲ့ဘဲမနက် ၉ နာရီခန့်မှာဘဲ KIA မှကားနဲ့ ပါဂျောင်မြေမှ စတင်ထွက်ခွာခဲ့ပါတယ်။နယူးကင့်မှထွက်
လာပြီး လိုင်စင်ဂိတ်လမ်းဆုံရောက်တော့ကားခဏရပ်ပါတယ်။
ပါဂျောင်ဒေသ ။ ထိုလိုင်စင်စခန်းအဝင်ဂိတ်မှဖြတ်ကျော်လျှင် ABSDF-NB စခန်းသို့ရောက်ရှိသည်။
ကျမရဲ့ညာဘက်ကကျောင်းသားတပ်တည်ရာလမ်းကိုငေးကြည့်မိပြီးဘာမှန်းမသိတဲ့စူးရှတဲ့ဝေဒနာတခုရင်တွင်းမှာ
နင့်နေအောင်ခံစားခဲ့ရပါတယ်။နောက်တော့ ကားမောင်းသူပြန်ရောက်လာပြီး တရုပ်ပြည်ဘက်ဦးတည်တဲ့ ဘယ်
ဘက်လမ်းပေါ်ကိုချိုးကွေ့မောင်းနှင်ခဲ့ရာမှာတော့ .. အော် .. ဝေးခဲ့ကြရပါပြီကော မနောမြေရေ...။သောကတွေ
တလှေကြီးသောင်ထွန်းခဲ့ရတဲ့ ၊တန်ဘိုးမဖြတ်နိုင်တဲ့နုပျိုတဲ့အသက်တွေမတရားသဖြင့်ပေးဆပ်ခဲ့ရတဲ့ ၊ လူမဆန်
တဲ့နှိပ်စက်မှု့တွေကြောင့်ကျမတို့ရဲ့သွေးတွေမြေခခဲ့ရတဲ့ ပါဂျောင်ဒေသ လိုင်စင်စခန်းက ABSDF-NB ကျောင်းသားတပ်မတော်မြောက်ပိုင်းကိုနောက်ချန်ထားခဲ့ပေမဲ့ဖြစ်ခဲ့တဲ့အတိတ်ဟာအရိပ်လိုကျမနဲ့အတူထပ်ချပ်
မခွာရှိနေမှာကို ကျမသိရှိနေမိတယ်။ပေးခဲ့တဲ့ကတိပြုခဲ့တဲ့သစ္စာကိုတနေ့အကောင်အထည်ဖော်ဆောင်ရမယ်
ဆိုတာကိုအသွေးအသားထဲမှာနစ်နေအောင်ကိုသိမ်းဆည်းထားခဲ့ပါတယ်။ အချင်းချင်းသတ်လို့သေခဲ့ကြ
ရတဲ့ABSDF-NB ကျောင်းသားတပ်မတော်ရဲ့ သမိုင်းကိုပြန်လည်ဖော်ဆောင်ရေးဟာခက်ခဲမှု့ရှိနေမယ်လို့
ဒီကတည်းကျမယုံကြည်ခဲ့ပါတယ်။
တရုပ်ရွာ ရှာဟော့ပါ ။
ကျမတို့မိနစ်ပိုင်းအတွင်းမှာဘဲတရုပ်ပြည်အတွင်းရှိရှားဟော့ပါဆိုတဲ့ရွာအရောက်မှာတော့ပီထွန်းဆီခွင့်တောင်းပါ
တယ်။ကျမတို့ချစ်ခင်လေးစားခဲ့တဲ့အမနှင်းမေကိုနှုတ်ဆက်ကံတော့ခြင်လို့ပါ။ကားမောင်းသူက အမနှင်းမေအိမ်
ရှေ့မှာကားရပ်ပေးခဲ့ပါတယ်။ မိနစ်အနည်းငယ်ခန့်မနှင်းမေကိုနှုတ်ဆက်ခွင့်ရခဲ့ပါတယ်။မနှင်းမေကတော့မျက်ရည်
တွေဝဲနေတဲ့မျက်ဝန်းအစုံနဲ့မင်းတို့ဘာတွေဖြစ်ကုန်ကြတာလဲ မအောင်.. ငါနားမလည်နိုင်တော့ဘူးလို့ကျမလက်
အစုံကိုလှုပ်ကိုင်ပြီးတတွတ်တွတ်နဲ့မေးနေလို့ကျမ မျက်ရည်ကျခဲ့ရပါတယ်။အားလုံးအတွက်ငါစိတ်မကောင်းဘူး..တဲ့။
မချိုအတွက်ငါဝမ်းနည်းတယ်..တဲ့ ။အဲ့ဒီအချိန်ကာလမှာကျမဘာပြောနိုင်မှာလဲ။ကျမငိုကြွေးမိပြီးတနေ့တော့အမနား
လည်လာမှာပါအမရယ်ဆိုတာထက်ပိုလို့မပြောသာတော့ဘဲကံတော့ခဲ့ပါတယ်။ကျမကို မအောင် လို့ခေါ်တာအမနှင်း
မေတဦးဘဲရှိတယ်။အရင်ကဆိုကျမကို မအောင်လို့ခေါ်ပြီးတိုင်း အားမောင်ရေ..မင်းကို မအောင် ခေါ်တိုင်းငါတော့
ဆင်ကြီးဘဲပြေးမြင်ပြီကောညယ် .. လို့စတတ်နောက်တတ်တာလေးကျမတွေးမိတိုင်းခုထိပြုံးမိတယ်။
နောက်တော့ကျမ အမနှင်းမေကိုနှုတ်ဆက်ခဲ့ပြီးခရီးဆက်ခဲ့တယ်။မိနစ်ပိုင်းအတွင်းမှာဘဲ ဆီမားခေါ်တဲ့တရုပ်မြို့လေး
ရောက်ပါတယ်။နောက်ကျမအတွက်ဖြတ်သန်းခွင့်လက်မှတ်ကလေးလုပ်ပြီးခရီးဆက်ခဲ့ပါတယ်။ KIA မှကားမောင်းတဲ့
ရဲဘော်မှကားကိုမြန်မြန်မောင်းတော့ ၂နာရီခန့်အကြာမှာ ယင်ကျန်းကိုရောက်ရှိခဲ့ပါတယ်။ပီထွန်းမှ သူ့ရဲ့စီးပွားရေး
လုပ်ငန်းအတွက်ဒေသခံတရုပ်လောပန်းအချို့နဲ့တွေ့ဆုံဖို့ရှိတာရယ် ၊ အဲ့ဒီအချိန်ကယင်ကျန်းမှာ KIA မှပွဲအကြီးအ
ကျယ်ကျင်းပနေတာရယ်တွေကြောင့် တပတ်လောက်နေခဲ့ကြပါတယ်။
၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ (သောကြာနေ့)။
လွန်ခဲ့တဲ့ တနှစ်တိတိဖြစ်တဲ့ ၁၉.၂.၁၉၉၂ က ကျမတို့ကို ABSDF-NB မှတာဝန်ရှိကျောင်းသားခေါင်းဆောင်များ
မှမိဘတွေထံစာေ၇းခေါ်ခိုင်းတယ်။ ကိုစိုးဝင်းသန်း ကိုညကြီးဆေးရုံကနေလူသတ်ကုန်းခေါ်သွားပြီးမျိုးဝင်းအမိန့်
နဲ့လည်ပင်းခုတ်သတ်ခဲ့တယ်။အဲ့ဒီအချိန်ကအောင်နိုင်ခေါ်ရော်နယ်အောင်နိုင်ဟာဘာလို့မသတ်ဘို့မတားဆီး
မပိတ်ပင်ခဲ့တာလဲ။ဘောင်းဘီအိတ်ထဲလက်နှိုက်ပြီးပြုံးပြုံးဘဲကြည့်နေတယ်။ကောက်ကျစ်တဲ့သရော်ပြုံးမျိုးနဲ့ရင်
နာရပါတယ်။
၁၉.၂.၁၉၉၃ ခုနှစ် မနက်ပိုင်း ၈ နာရီခန့်မှာ ကျမနဲ့ပီထွန်းနဲ့ကားတစီးငှားပြီးယင်ကျန်းမြို့လေးမှထွက်ခွာခဲ့ကြ
ပါတယ်။နေ့လည်ခင်းပိုင်းအချိန်လောက်မှာ ရွှေလီမြို့ကိုရောက်ရှိခဲ့ပါတယ်။ရွှေလီမြို့မှာကျမ SSPP မှဗိုလ်မှူး
ကြီးစိုင်းလိတ် နေထိုင်ရာမှာဘဲ တည်းခိုခဲ့ပါတယ်။ရွေလီမြို့မှာ ကျမတလနီးပါးခန့်ကြန့်ကြာခဲ့ပါတယ်။ရှေ့ခရီး
ဆက်ဖို့ကျမအတွက်ဘေးအန္တရာယ်အကင်းဆုံးနဲ့အလုံခြုံဆုံးလမ်းကြောင်းအတွက်ဗိုလ်မှူးကြီးစိုင်းလိတ်၊
ပီထွန်း နဲ့ KIA အဆက်အသွယ် ကချင်အမျိုးသားတဦး(အမည်မမှတ်မိတော့ပါ) တို့ဆွေးနွေးတိုင်ပင်ကြပါတယ်။
ကျမအတွက်ယုံကြည်စိတ်ချရမဲ့ လမ်းပြအတွက်အလွန်အရေးကြီးပါတယ်။ပီထွန်းနှင့်ရှမ်းအမျိုးသားတဦး မန်စီမြို့
သို့ခရီးထွက်ခွာသွားပါတယ်။ ၁ဝ ရက်ခန့်အကြာရွှေလီမြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ယုံကြည်ရတဲ့
လမ်းပြတဦးတွေ့ရှိခဲ့ကြောင်း ။ လမ်းပြမှာဆစ်ဆောင်ပန်းနားမှာနေသဖြင့်ထိုဒေသသို့သွားရမည်ဖြစ်ကြောင်း
နှင့်ယူနန်နယ်မြေအတွင်း တလအချိန်ကြာသွားလာခွင့်လက်မှတ်အရင်ဆုံးပြုလုပ်ရပါတယ်။ဒါနဲ့ကျမရှေ့ခရီး
ဆက်ဖို့ပြင်ဆင်ရပါတယ်။
၁၉၉၃ ခုနှစ် မတ်လ ၁၈ ရက် (ကြာသာပတေးနေ့)။
ကားတစင်းငှားပြီးတရုပ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့မှ မနက်စာစားပြီး ခရီးဆက်ခဲ့ကြပါတယ်။လမ်းခရီး
တဝက်မှာကားစက်ချို့ယွင်းမှု့ရှိသဖြင့် တောင်ပေါ်ရွာလေးတရွာမှာတညအိပ်တည်းခိုခဲ့ရပါသေးတယ်။
နောက်တနေ့ နေ့လည်စာစားအပြီး ကားမောင်းသမားပြန်ရောက်လာသဖြင့်ရှေ့ခရီးဆက်ဖို့ပြင်ရတယ်။
ညနက်တော့မြို့ငယ်လေးတမြို့မှာ တညအိပ်ကြရတယ်။ပြီးမနက်စောစောခရီးဆက်ထွက်ကြတယ်။
၂ဝ.၃.၁၉၉၃ (စနေနေ့) မွန်းလွဲပိုင်း ၃ နာရီခန့်မှာ ဆစ်ဆောင်ပန်းနားကိုရောက်ရှိခဲ့ပါတယ်။တည်းခို
ခန်းတခုမှာတည်းပြီး ကျမကို ယိုးဒယားနိုင်ငံခေါ်ဆောင်သွားပေးမဲ့လမ်းပြအိမ်ကိုလိုက်ရှာကြပါတယ်။
ငယ်စဉ်ကကျမကရှမ်းပြည်မှာအနေများပြီး အဖွားကကျမကိုရှမ်းလိုဘဲပြောဆိုခဲ့တဲ့အတွက်ရှမ်းစကား
ပြောဆိုနိုင်တာခုအချိန်အရမ်းအရေးပါသွားပါတယ်။ဒီဆစ်ဆောင်ပန်းနားမြို့ကလေးမှာ ကျမတို့ရှမ်း
နွယ်ဘွားတွေနေထိုင်တဲ့အတွက်အတော်များများဟာရှမ်းစကားပြောဆိုကြပါတယ်။ကျမလမ်းပြဟာ
လည်းရှမ်းလူမျိုးဖြစ်လို့ရှမ်းစကားပြောတော့ကျမအတွက်အတော်ဘဲဆက်ဆံရေးလွယ်ကူခဲ့ပါတယ်။
သူ့ရှမ်းအမည်ကိုစိုင်းခမ်းပမ်းအနေနဲ့သိရပြီးတရုပ်အမည်တော့မမှတ်မိတော့ပါ။ဆစ်ဆောင်ပန်းနား
ကနေအနီးဆုံးနဲ့အမြန်ဆုံးခရီးတခုကကျိုင်းတုံ-တာချီလိတ်လမ်းကတဆင့်ယိုးဒယားနယ်စပ်မယ်ဆိုင်ကိုဝင်
ဖို့ပါဘဲ။ ဒါပေမဲ့ဒီလမ်းအတွက် အဲ့ဒီအချိန်ကစစ်အစိုးရနဲ့အပစ်အခတ်ရပ်စဲရေးယူထားတဲ့ ဝတပ်ကိုဖြတ်ရ
မှာဖြစ်ပါတယ် ။ဆိုတော့ ပီထွန်းနဲ့သိကျွမ်းတဲ့ ဆစ်ဆောင်ပန်းနားမှာနေ နေတဲ့ ဝတပ်မှဗိုလ်ကြီးတဦးနဲ့(အ
မည်မမှတ်မိတော့ပါ။)ကျမတို့ ဝတပ်စခန်းကိုရောက်ရှိခဲ့ကြပါတယ်။ဝတပ်ကိုရောက်တော့တပ်စခန်းဟာရွာကြီး
တခုလိုဖြစ်နေပါတယ် ။ကျမတို့ KIA ဗဟိုဌာနချုပ်ထက်ပိုမိုကြီးမားတာတွေ့ရတယ်။ နှစ်ထပ်ပြင်ထောင်အိမ်တွေ ၊
ဈေးဆိုင်လေးတွေနဲ့တော်လှန်ရေးတပ်နဲ့တောင်သိပ်မတူဘဲရွာအကြီးစားကြီးတခုလိုဖြစ်နေပါတယ် ။ကျမကိုယိုး
ဒယားနယ်စပ်ရောက်ရှိရေးအတွက်တာချီလိတ်လမ်းမှဝင်နိုင်ဖို့လမ်းကြောင်းကိုအနီးကပ်သွားရောက်ကြည့်ရှု့ခဲ့ကြ
ပါတယ်။ထိုလမ်းကြောင်းဖြတ်သန်းနိုင်ဘို့ရာ ကျမအနေနဲ့စစ်အစိုးရဂိတ်နှစ်ခုကိုဖြတ်သန်းရမှာဖြစ်ပါတယ်။ပြီးသူ
တို့ပိုင်နက်ထဲမှာ ၅ နာရီခန့်မော်တော်ဆိုင်ကယ်ဖြင့်ဖြတ်သန်းရမှာဖြစ်လို့ကျမသွေးလန့်တာအမှန်ပါဘဲ။ကျမလို
ဘဲပီထွန်းလည်းအတွေးရှိဟန်တူပါတယ်။ပီထွန်းကတော့အလျင်စလိုမဆုံးဖြတ်နဲ့။တည နှစ်ညစဉ်းစားဦးလို့ဆို
ပါတယ်။ဒါနဲ့ကျမတို့ဆစ်ဆောင်ပန်းနားကိုပြန်ခဲ့ကြပါတယ်။နောက်အဲ့ဒီည စိုင်းခမ်းပမ်းနဲ့ခရီးစဉ်မေးမြန်းကြည့်
တော့ တရုပ်နယ်စပ်ဖြတ် လောနိင်ငံထဲဝင် တဲ့လမ်းကြောင်းတခုကိုပြပါတယ်။
ကျမအတွက်စဉ်းစားစရာပါ။စစ်တပ်ဂိတ်နှစ်ခုကိုဖြတ်မလား ၊လမ်းပြရဲ့လမ်းကိုသုံးမလား ။
ပီထွန်းကိုပြောလိုက်ပါတယ်။လောနိုင်ငံလမ်းကိုရွေးချယ်မိပါတယ်။တခုကလမ်းပြကအခြားကိစ္စရှိနေသေးလို့ကျမ
ကို၂ပတ်လောက်စောင့်စေခြင်တဲ့အတွက်စောင့်ရပါတယ်။ပီထွန်းအနေနဲ့တော့ကျမအခုဖြတ်သန်းမဲ့လမ်းဟာစိတ်
ချနိုင်ဘွယ်ဖြစ်တာရယ် တရုပ်ပြည်ဝင်ခွင့်ဗီဇာရက်ကုန်ဆုံးကာနီး၇ယ်ဖြစ်လို့ကျမကိုဆစ်ဆောင်ပန်းနားမှာဘဲထား
ရစ်ခဲ့ပါတယ်။ဆိုတော့ကျမလည်းလမ်းပြအိမ်ကိုမှာဘဲတည်းခိုဘို့ရွှေ့ပြောင်းခဲ့ပါတယ်။စိုင်းခမ်းပမ်းရဲ့ဇနီးနဲ့သူ့သား
သမီးတွေသိပ်ဖော်ရွေပါတယ်။စိုင်းခမ်းပမ်းရဲ့၂ပတ်က လက်တွေ့မှာ၃ပတ်ဖြစ်သွားပါတယ်။ဒီလိုနဲ့ကျမလမ်းပြ
စိုင်းခမ်းပမ်းနဲ့ခရီးထွက်ခွာဖို့ပြင်ဆင်ရပါတော့တယ်။
၁၂.၄.၁၉၉၃ (တနင်္လာနေ့)
ဆစ်ဆောင်ပန်းနားမှကားဖြင့်ထွက်ခွာခဲ့ကြရာတရုပ်နယ်စပ်မုန်းမန်းသို့ရောက်ရှိတယ်။မုန်းမန်းမှာ ၂ ညနေခဲ့
ရတယ်။လောနိုင်ငံဝင်ခွင့်လက်မှတ်ပြုလုပ်ရပါတယ်။
မနောမြေမှကျောင်းသားတပ်မတော် အပိုင်း(၇) ဆက်ရေးပါမည် ။
ကျေးဇူးအများကြီးတင်ပါသည်။
နန်းအောင်ထွေးကြည် ။
No comments:
Post a Comment