Monday, October 1, 2012

ABSDF-ကျောင်းသားရဲဘော်ဟောင်း စိုးလင်းရဲ့ မြောက်ပိုင်းနှင့် တောင်ပိုင်း ခရီး(၄)



by May Thingyan Hein on Monday, October 1, 2012 at 7:38am ·
ကျနော်က ၁၉၉၀ ခုနှစ်ကုန်ပိုင်းလောက်မှာ မြောက်ပိုင်းကနေ စထွက်ခဲ့တယ်။ကျနော်တို့ အဖွဲ့မှာ ဦးစီးလှဌေး၊ ကိန်းမြင့် နဲ့ဆိုတော့ အားလုံးသုံးဦးပေါ့။

ပထမဆုံးရွှေလီ အဲဒီကမှ မန်ရှီမြို့ကိုသွားတယ်။ အဲဒီမှာက ဝသပ(ဝပြည်သွေးစီးညီညွှတ်ရေးပါတီ)က ဗိုလ်မှူးခွန်အိုက်နဲ့တွေ့တယ်။ မုန်းကိုးကို ဆက်သွားကြတယ်။ မုန်းကိုးက တစ်ဆင့် တောလမ်းအတိုင်း ခရီးဆက်တယ်ပေါ့နော။ အဲဒီမှာ ကိုးကန့်ရဲဘော်တစ်ချို့လိုက်ပို့တယ်။ လမ်းမှာ ကချင်ရွာတစ်ချို့ဖြတ်ခဲ့ရတယ်။ အဲဒီတော့မှ ရှမ်းပြည်နယ်ထဲမှာ ကချင်ရွာတွေရှိတာကို သိတာ။

ညနေစောင်းလောက်မှာ မုန်းယား(မှတ်မိသလောက်)ဆိုတဲ့ ရှမ်းရွာကို ရောက်တယ်။ ဘုန်းကြီးကျောင်းဘေးက ချောင်းထဲမှာ(မင်းဘူးကျောင်းတော်ရာကလိုမျိုး) ငါးကြီးတွေ ရှိတာကို ထူးထူးခြားခြား မှတ်မိခဲ့တယ်။

နှစ်ရက်လောက်ဆက်လျှောက်ပြီး သံလွင်မြစ်ကို ရောက်တယ်။ ခရီးစဉ်တစ်လျှောက်လုံး သံလွင်ကို သုံးခါလောက်ဖြတ်ခဲ့ရတယ်။ ပထမဆုံးဖြတ်တာက ကိုးကန့်နယ်ထဲမှာ စက်တပ်ထားတဲ့ ဝါးဖောင်နဲ့ ကူးခဲ့ရတာ။ နောက် တာ့ရွှေထန်ကိုရောက်တယ်။ ညအိပ်ပြီး မနက်ဆက်လျှောက်တော့ လောက်ကိုင်၊ လောက်ကိုင်ကနေ ဂျစ်ကားနဲ့ ခရီးဆက်တာ ညနေစောင်းလောက်မှာ ချင်းရွှေဟော်ကို ရောက်တယ်။

အဲဒီအချိန်က ကိုးကန့်ဒေသက အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အချိန် ကျနော်တို့က ကိုးကန့်ရဲဘော်တွေအဖြစ် ခရီးသွားရတာ ချင်းရွှေဟော်ကမှ တရုတ်ပြည်ထဲဝင်ပြီး ကားနဲ့ခရီးဆက်တယ်။ မှတ်မိသလောက်တော့ ဝနယ်စပ်ရောက်တဲ့အထိပါပဲ။ ဆောင်ဖာဆိုတဲ့ မြို့သေးသေးလေး မှတ်မှတ်ရရ ဝသပပါတီရဲ့ အတွင်းရေးမှူး ဦးကျောက်ညီလိုင်းအိမ်မှာတည်းရတယ်။ သူကဗမာစကားမတတ် ကျနော်က တရုတ်စကားမတတ်တော့ ဦးကျောက်ညီလိုင်းနဲ့ စကားမပြောခဲ့ရပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင် ယုံသားဟင်းချက်ကျွေးတာလည်း မှတ်မိနေပါသေးတယ်။

ဆောင်ဖာကတစ်ဆင့် ဦးကျောက်ညီလိုင်း သမက်ကားကြုံနဲ့ ဝမ်လင်းဆိုတဲ့ ဝမြို့လေးကို သွားတယ်။ ဝလူမျိုးတွေက စကားပြောသံသာ မကြားရရင် တကယ့်အညာသားရုပ်တွေပဲ။ မုန့်ညှင်းနဲ့ ဘိန်းက လွဲပြီး တစ်ခြားသီးနှံစိုက်မရဘူးလို့ သူတို့ပြောကြတယ်။ ဝနယ်တစ်လျှောက်လုံး လမ်းဘေးမှာ အတွေ့များတာကတော့ ရောင်စုံပန်းတွေနဲ့ လှပနေတဲ့ ဘိန်းခင်းတွေပါပဲ။ (အခုတော့ မရှိလောက်တော့ပါဘူး) ဝမ်လင်းကမှ ဝမြို့တော်ပန်ဆန်းကို ခရီးဆက်တယ်။

မှတ်မှတ်ရရ ထုံးကားကြီးနဲ့ လိုက်ခဲ့ရတာ။ ပန်ဆန်းရောက်တော့ ဝသပကော်မတီဝင် ဦးဇော်မိုင်နဲ့ တွေ့တယ်။ သူစီစဉ်ပေးလို့ ဦးကရိန်နော်အိမ်မှာ တည်းရတယ်။ ဝလူမျိုးအများစုကတော့ ဆင်းရဲကြပါတယ်။ ထူးခြားချက်အနေနဲ့ အဲ့ဒီအချိန်က ဝဒေသမှာ အစိုးရပိုက်ဆံသုံးလို့ မရဘူး။ တရုတ်ငွေနဲ့ အင်္ဂလိပ်ဂျော့ဘုရင် ဒင်္ဂါးပြားတွေပဲ လက်ခံတယ်။ အဲ့ဒီဒေသတွေမှာကတော့ ငါးရက် တစ်ဈေးပုံစံနဲ့ အရောင်းအဝယ်လုပ်ကြတယ်။ ဈေးနေ့ကျတဲ့ရွာမှာ လူစည်ကားတယ်။

ပန်ဆန်းရောက်တော့မှပဲ ကွန်မြူနစ်စာအုပ်တွေ အများကြီးဖတ်ရတယ်။ လက်တွေ့ကျမ်း၊ ပဋိပက္ခကျမ်း၊ ရေသောက်မြစ်သုံးသွယ်၊နိုင်ငံတော်အာဏာ-စသဖြင့် အစုံပါပဲ။ ပန်ဆန်းဆိုတာက တောင်ကုန်းတွေကြားထဲက ချိုင့်ထဲမှာရှိတဲ့ မြို့တစ်ခု။ နေကို ၁၂-နာရီကျော်မှ စမြင်ရပြီး ၃-နာရီကျော်ရင် ပျောက်သွားရော။ ပန်ဆန်းမှာ ဒီပီအေ(ဒီမိုကရေစီ ပြည်ချစ်တပ်မတော်)က ရဲဘော်တွေနဲ့လည်း တွေ့ရတယ်။

အဲဒီမှာ ကျနော်နဲ့ တစ်နယ်ထည်းသား(တံတားဦး) မန္တလေးတက္ကသိုလ် ရူပဗေဒ-က ဆရာကိုကျော်စိုးကိုတွေ့တယ်ဗျ။ ကျန်ရဲဘော်တွေက မိုးကုတ်က များတယ်။ ပြုံးချို၊ စိုးနိုင်၊ မြင့်အောင်၊ ထင်ကျော်၊ ဝက်လက်က ဇော်ထွန်း၊ တစ်ချို့တော့ မမှတ်မိတော့ဘူး။ ပန်ဆန်းကနေ ဝစစ်ကြောင်းတစ်ခုနဲ့ ၉၁-ဖေဖဝါရီလောက်မှာ ခရီးဆက်ထွက်တယ်။ ဒီတစ်ခါ သံလွင်ကို ကူးရတာ အသည်းထိတ် ရင်ဖို။ ဝါးပိုးဝါး နှစ်လုံးကို တွဲချည်ပြီး တစ်ခါကူး နှစ်ယောက် ဖြတ်ရတာကိုး။

 အနောက်ဖက်ကမ်းရောက်တော့ ရှမ်းရွာတွေ တွေ့တယ်။ ခရီးသွားရင်း ဟန်းငိုင်းလမ်း(ရှမ်းပြည်တောင်မြောက်ဆက်သွယ်သောလမ်း)ကို ဖြတ်ရတာလည်း သတိရမိပါသေးတယ်။ ပလောင်ရွာတစ်ချို့ကိုလည်း ဖြတ်ရတယ်။ ပလောင်တွေက ဆွေစဉ် မျိုးဆက် တဲရှည်ကြီးတွေ ဆက်နေကြတာများတယ်။ တိရိစ္ဆာန်မျိုးစုံလည်း မွေးကြတယ်။ တစ်ချို့ပလောင်ရွာတွေက တောင်ထိပ်တွေမှာ သူတို့ပြောစကားအရ ရန်သူတွေ လာမတိုက်နိုင်အောင် အမြင့်ဆုံးကို တက်နေကြတာပြောတယ်။ မိုင်းကိုင်မြို့နဲ့ မလှမ်းမကန်းက ဖြတ်ပြီး ခရီးဆက်တယ်။ ကျိုင်းတုံ-တောင်ကြီးကားလမ်းကို ဖြတ်ပြီး မိုင်းပွန်မြို့နဲ့ မဝေးတဲ့ တောင်ကုန်းပေါ်က ရွာလေးအရောက်မှာတော့ ဝသပစစ်ကြောင်းနဲ့ လမ်းခွဲပြီး ရလလဖ(ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့)နဲ့ ခရီးဆက်ရတယ်။ မဲနယ်တောင်ရောက်တော့ ရလလဖ-ဥက္ကဋ္ဌ ဦးတာကလယ်တို့ အဖွဲ့နဲ့ ဆုံတယ်။ ရလလဖ-ကို ပအို့အနီအဖွဲ့လို့လည်း ခေါ်ကြတယ်။

ပအို့လူမျိုးတွေကတော့ ဘာသာရေးကို အထူးရိုသေလေးစားကြတယ်။ ရွာတစ်ရွာရောက်လို့ သွပ်မိုးပျဉ်ကာ အဆောက်အအုံကြီးကြီးတွေ့ရင် ဘုန်းကြီးကျောင်းသာမှတ်လိုက်။ အဲ့ဒီရွာတွေမှာ ဘုန်းကြီးကျောင်းပညာရေးဟာ ခေတ်စားနေဆဲ။ ပအို့လူမျိုးတွေက ဝတ်စားဆင်ယင်မှု သပ်ရပ်တယ်။ ရလလဖ-အဖွဲ့ကပဲ ကျွန်တော်တို့ကို ထိုင်းနိုင်ငံထဲထိ ဗိုလ်မှူးချစ်မောင်ကိုယ်တိုင် လိုက်ပို့တယ်။ တိုင်းရင်းသားဒေသတွေကို ဖြတ်သွားတော့မှ သူတို့ရဲ့ ဓလေ့စရိုက်တွေကို ပိုသိလာတယ်။

တိုင်းရင်းသားတွေက အရမ်းရိုးသားတယ်။ ရောင့်ရဲတင်းတိမ်တတ်ကြတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေကြောင့် ဗမာရော စစ်တပ်ရော မုန်းကြတယ်။ ဒါကတော့ စိတ်မကောင်းစရာပေါ့ဗျာ။

လမ်းခရီးအသေးစိပ်ရေးဖို့ တစ်ချို့နေရာတွေ မမှတ်မိတော့ဘူး။ လမ်းမှာတွေ့ခဲ့ရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ရလလဖ-က ဗိုလ်မှူးကြီးစိန်ရွှေ၊ ဗိုလ်မှူးချစ်သာ၊ ဗိုလ်ကြီးမြင့်ဦး၊ ကလလတ(ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး)ဥက္ကဋ္ဌ ဦးညာမောင်မဲ၊ ဗိုလ်မှူးသက်ဖော-စသဖြင့်ပါပဲ။ ရှမ်း၊ ကချင်၊ဝ၊ ပလောင်၊ ပအို့၊ လားဟူ၊ အခါ၊ ကယန်း(ပဒေါင်)၊ကရင်နီ(ကယား)စတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ပဲ ၁၉၉၁-အေပြီလမှာ မာနယ်ပလောမှာရှိတဲ့ ကျောင်းသားတပ်မတော်ဗဟိုဌာနချုပ်ကို ရောက်ပါတယ်။

ကျွန်တော်ဗဟိုကိုရောက်တော့ အေဘီဗဟိုကော်မတီအများစုနှင့် တွေ့ရတယ်။ အေဘီဗဟိုက မာနယ်ပလော လောခွါးလူ ကုန်းပေါ်မှာရှိတယ်။ အောက်မှာက သောင်ရင်းမြစ်တောင်ကနေ မြောက်ကို စီးနေတယ်။

အဲဒီမှာ အာအိုင်တီက သူငယ်ချင်းတွေလည်း တွေ့ရတယ်။ ကျော်ထင်၊(မင်းသမီး)၊ နေမျိုးအောင်(ပြောင်ကြီး-မြစ်ကြီးနား)၊ သိန်းထိုက်ဦး(ကျောက်ပန်းတောင်း-ယခု ဗွီအိုအေ) ဗဟိုကော်မတီတွေကတော့ အားလုံးဖော်ဖော်ရွေရွေပါပဲ။ ထူးထူးခြားခြား ကိုမွန်းအောင်ကိုလည်း တွေ့တာမှတ်မိတယ်။

အဲ့ဒီအချိန်က အဘဦးအေးမြင့်(ဒုဗိုလ်မှူးကြီး)လည်း အေဘီဗဟိုမှာ ရှိနေတယ်။ ဗဟိုမှာ ဆရာဝန်တွေ ရှေ့နေတွေ အခြားပညာတတ်တွေ အများကြီးတွေ့ရတော့ အဖွဲ့အတွက် အရမ်းအားတက်မိတယ်။ ကျွန်တော်တို့လို ကျောင်းတက်နေဆဲ လူငယ်တွေအတွက် တကယ်အားကိုးစရာ နောင်တော်ကြီးတွေလို့လည်း ယုံကြည်တယ်။ ညီလာခံက သြဂုတ်လမှာ စမှာမို့ ကြားထဲမှာ အောက်ဘက်က တစ်ခြားစခန်းတွေကို လေ့လာရေးသွားဖြစ်တယ်။ ဗဟိုဆေးရုံက ဒေါက်တာမြင့်ချိုနဲ့ ဝါးခစခန်းက ဆရာဦးယုနွယ်တို့ဟာ တကယ်လေးစားစရာကောင်းတဲ့ သူတွေပါ။


အပိုင်း(၈)

မာနယ်ပလောကို ရောက်တော့ နဂိုကြားတာက ဇွန်လလောက်မှာ တတိယအကြိမ်ညီလာခံစမယ်လို့ ကြားထားခဲ့တာ။ ဒါပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သြဂုတ်မှာ စမယ်တဲ့။ အဲတော့  ကျနော်က အချိန်ရပြီး အားသွားတယ်။ အားသွားတော့ တောင်ပိုင်းမှာ ရှိတဲ့ စခန်းတွေရဲ့ တည်ဆောက်ပုံတွေကို လေ့လာမယ်ပေါ့၊

ကျနော်တို့မြောက်ပိုင်းမှာအတွက်လည်း အကျိုးရှိအောင် လေ့လာမယ်လို့ စိတ်ကူးတယ်။ အဲဒါနဲ့ စခန်းတွေ တော်တော်များများကိုသွားဖြစ်ခဲ့တယ်။
ကျနော် မင်းသမီးစခန်းရောက်တယ်၊ နောက် ၁၀၁ ဖုရားသုံးဆူစခန်းရောက်တယ်။ ၀မ်ခါးကိုရောက်တယ်။ နောက် ၂၀၈ ကိုလည်း ကျနော်သွားတယ်။ ၂၀၇ ရေကျော်ကိုလည်း သွားတယ်။ နောက် ၂၁၀၊ ၂၀၉  ကိုလည်း ကျနော် သွားတယ်။

၂၀၉ ကတော့ ကျနော့်ရင်ထဲမှာ ယနေ့ထိ မနေ့နိုင်တဲ့ တပ်ရင်းတခုပါပဲ၊ မြောက်ပိုင်းပြီးရင်တော့ ကျနော့်အတွက် မိသားစုတပ်ရင်းတခုလို နွေးထွေးတဲ့ တပ်ရင်းပါ။အဲဒီမှာ သူငယ်ချင်းတွေလည်း ရှိတယ်။ ညီလာခံမစခင် သံလွင်စခန်းမှာနေဖြစ်တယ်။ စခန်း ကော်မတီနဲ့ ရဲဘော်အားလုံးကလည်း အရမ်းရိုသားကြတယ်။ အိုးသားလေး၊ ပလဲနေတာပဲဆိုတဲ့ ဒေသသုံးစကားလုံးလေးတွေကလည်း မမေ့နိုင်စရာ။ စခန်းဥက္ကဋ္ဌ စိုင်းမြင့်သူကလည်း ကျနော်တို့ စက်မှုတက္ကသိုလ်က။ ပြီးတော့ ကျောင်းက ကျော်မိုးရှိတယ်။ အတွင်းရေးမှူးမြင့်ဦး၊ အောင်နိုင်၊ မနှဲ၊ မည်းကြီး၊ စဖိုဆောင်က ကိုမင်းသိမ်း၊ ကိုငွေထွန်း၊ နောက်ပြီး ၊ တပ်ရင်းမှူးမောင်မောင်ဦး၊ သိန်းဆန်း၊ ကိုဒီ၊ ကိုတိတ်၊ ခင်ကျော်၊ ကျွန်တော့ကြောင့် အဖမ်းခံရတဲ့ ဆရာနေဝင်းအောင်၊ သေသွားရတဲ့ အောင်သူအားလုံးဟာ မမေ့နိုင်စရာပါပဲ။

အဲလိုဆိုတော့ ၂၀၉ တပ်ရင်းမှာပဲ ကျနော်က အားတဲ့အချိန်တွေမှာ နေဖြစ်တာ များတယ်။ သူငယ်ချင်းတွေရှိလို့ ဒီတပ်ရင်းကို ရွေးချယ်တဲ့အပြင် တတိယအကြိမ်ညီလာခံကလည်း သံလွင်စခန်းမှာလုပ်မှာ အဲဒါကြောင့်လည်း နေတာပေါ့နော။


တတိယအကြိမ် ညီလာခံက သြဂုတ် ၁၁ ရက်နေ့လောက်မှာစတယ်။ အဲဒီမှ ဘာကိုသွားတွေ့လဲဆိုတော့ အုပ်စု ၂ စု တိုက်ပွဲကိုသွားတွေ့တယ်။

ကိုမိုးသီးဇွန်တို့ အုပ်စုနဲ့ ဒေါက်တာနိုင်အောင်တို့ အုပ်စုရဲ့ တိုက်ပွဲကိုသွားတွေ့တယ်။ အဲဒီတုန်းက ကိုမိုးသီးဇွန်တို့ဘက်က အမာခံတွေကဘယ်သူတွေလည်း ဆိုတော့အခု ဗဟုမှာရောက်နေတဲ့ ကိုအောင်သူငြိမ်း၊ နောက်တခါ အခုကယန်းပြည်သူ့ပါတီမှာ လုပ်နေတဲ့ ဗိုလ်မှူးစောလွင်ပေါ့၊ နောက် ဘီဘီစီကိုရင်မောင် အဲဒီတုန်းကတော့ကိုဝင်းနိုင်ဦးပေါ့…သူတို့တွေက မိုးသီးဇွန်ရဲ့ အမာခံတွေပေါ့။

ကိုအောင်နိုင်(ဒေါက်တာအောင်နိုင်)ဘက်က အမာခံဘယ်သူတွေလည်း ဆိုတော့ ခု ဒီဗီဘီက ကိုခင်မောင်ဝင်း၊ နောက် ဒေါက်တာသောင်းထွန်း၊ နောက် ဒေါက်တာ ကျော်သက်ဦး၊ အဲဒီလူတွေက ဒေါက်တာနိုင်အောင်၇ဲ့ အမာခံတွေပေါ့။

အဲဒီအုပ်စု ၂ စုကဗျ စခန်းတွေထဲမှာ သူတို့လူဖြစ်အောင်တော့ လိုက်စည်းရုံးနေကြတာပဲ များတယ်ဗျ။ အဲဒီထဲမှာ ကြားလိုမျိုး ဘယ်ဘက်မှ မပါဘဲ လွတ်နေတာက မင်းသမီးရယ်၊ ကျနော်တို့ မြောက်ပိုင်းရယ်က အဲဒီအချိန်မှာ ဘယ်ဘက်မှ မပါဘဲ ရှိနေခဲ့တာ။ ဒေါက်တာနိုင်အောင်လူလည်း မဟုတ်ဘူး၊ မိုးသီးဇွန်ရဲ့ လူလည်း မဟုတ်ဘူး။ အဲလိုသဘောမျိုးဖြစ်နေတာပေါ့။

ကျနော်တို့မြောက်ပိုင်းက လူတွေကို ဟိုဘက် အုပ်စုကလည်း လာစည်းရုံး၊ ဒီဘက်အုပ်စုကလည်း လာစည်းရုံးနဲ့ပေါ့ ကျနော်တို့လည်း စည်းရုံးတာ ခံရတာပေါ့ဗျနော်။အဲလိုနေရင်း နေရင်းနဲ့ဗျ တော်လှန်ကော်မတီပြဿနာတွေ ဖြေရှင်းတယ်ဗျ။ ပြီးတော့ အောက်ပိုင်းမှ သေဒဏ်ပေးတဲ့ ကိစ္စတွေပြောကြတယ်ဗျ။အောက်ပိုင်းမှာကျတော့ ဒီလိုဗျ သေဒဏ်က ပေးချင်တိုင်း ပေးလို့မရဘူး။ သေဒဏ်ပေးမယ်ဆိုရင် ဆိုင်းငံ့ပြီးမှ ညီလာခံကိုတင်ရတာ။ ညီလာခံက သဘောတူပြီးမှ သေဒဏ်ပေးရတာ။

အဲဒီမှာ ကျနော်ပြောချင်တာ တခု ရှိတယ်ဗျ ဒေါက်တာနိုင်အောင်တို့ ပြောနေတာက မြောက်ပိုင်းက သူ့ဖွဲ့စည်းပုံနဲ့ သူပါ၊ သူတို့ တားလို့မရပါဘူး ဆိုတာကိုလေ  အဲဒါက မဟုတ်ဘူးဗျ၊ တတိယအကြိမ်ညီလာခံမှာ ကျနော်တို့ တောင်းခဲ့တယ်ဗျ။ ကျနော်တို့က ဗဟိုရဲ့ အုပ်ချုပ်မှုအောက်မှာ မို့လို့သာ ဒုတိယအကြိမ်ညီလာခံတွေ ကိုလည်း ကျနော်တို့ ဆီက လွှတ်တယ်။ တတိယအကြိမ်ကိုလည်း ကျနော်တို့ လာတယ်။ ကျနော်တို့က ဗဟိုရဲ့ ဦးဆောင်မှု အောက်မှာပဲ အမြဲ ရှိနေခဲ့တယ်။ ဗဟိုရဲ့ ဆုံးဖြတ်မှု ဦးဆောင်မှုကို ဘယ်တုန်းကမှမကျော်ဘူး။

အဲဒီမှာ ကျနော်တို့က ဘာကိုတောင်းခဲ့လဲဆိုတော့ မြောက်ပိုင်းက သီးခြားအုပ်ချုပ်မှုဆိုရင် ဗဟိုက ခွင့်ပြုပေးဖို့ပေါ့။ဘာကြောင့်လဲဆိုတော့ မြောက်ပိုင်းက တောင်ပိုင်းထက် စာရင် စစ်တပ်ပုံစံအုပ်ချုပ်မှုပိုင်းက ကဲတယ်။ တပ်တွင်း ဒီမိုကရေစီနည်တော့ အဲဒါကို ပြေလည်စေချင်တဲ့အတွက်ကျနော်တို့က တောင်းဆိုခဲ့ကြတယ်။လူတွေကို လက်လွတ်စပါယ်ခုတ်သတ်ဖို့ တောင်းတာမဟုတ်ဘူးနော်၊ သဘောတရားက။

အဲဒီညီလာခံမှာပဲဗျ ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်နဲ့ တဖက်တိုက်ကြရင်း တိုက်ကြရင်းနဲ့ ကိုမိုးသီးဇွန်က အခြေအနေမကောင်းတော့ဘူး။

အဲဒီမှာကိုမိုးသီးရဲ့ အကျင့်ရှိတယ်ဗျ၊ သူမြို့ပေါ်မှာတုန်းကလည်း လူ့ဘောင်သစ်ပါတီမှာလည်း ဒီလို အကျင့်ပေါ့ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဖောက်ခွဲပစ်လိုက်တာမျိုး လုပ်တယ်၊ စတန့်တအားထွင်တာ။ အဲဒီမှာ ပြဿနာက စတော့တာပဲ။

ကေအိုင်အေက ပို့လိုက်တဲ့ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ ဖမ်းမိတယ်ဆိုတဲ့ ကြေးနန်းကို  မိုးသီးဇွန်က သူကိုင်ပြီးတော့ စဖောက်တော့တာပဲ။ သူက ဥက္ကဋ္ဌဟောင်းတယောက်မို့ကေအိုင်အေက ပေးလိုက်တာပေါ့ဗျ။ တကယ်တမ်းမှာ သူလုပ်သင့်တာက  မြောက်ပိုင်းက ကိုယ်စားလှယ်တွေကိုခေါ်ပြီးတော့ ဒီလိုကြေးနန်းရထားတယ်၊ ဘယ်လိုလဲဆိုပြီး တိုင်ပင်သင့်တာပေါ့ဗျ။

မိုးသီးဇွန်က အဲလိုမဟုတ်ဘူး။ သူက ညီလာခံထဲကို ဒီကြေးနန်းကြီး ကိုင်ပြီး ၀င်လာတယ်။ အဲဒီနေ့က တာဝန်ကျတဲ့ သဘာပတိကို သူက ကြော်ငြာစရာရှိတဲ့အကြောင်းပြောပြီး ကြေးနန်းကြီးကိုင်ပြီး သူက ပြောလိုက်တယ်။.

“မြောက်ပိုင်းမှာ ရန်သူ့လူတွေ ဖမ်းမိနေပြီ…ဆိုတော့ ဒီညီလာခံထဲမှာလည်း ရန်သူ့လူ ဘယ်နှစ်ယောက်ရှိနေပြီလဲ မသိဘူး“ ဆိုပြီး စတော့တာ။ဆိုလိုချင်တာက အခုဒီညီလာခံမှာ သူ့ကိုတိုက်နေတဲ့ အဖွဲ့က ရန်သူ့လူတွေလို့ သူက ဆိုလိုချင်တာပဲ။

သူအဲလို လုပ်တာ မကောင်းဘူး၊ ကျနော့်တအား စိတ်ဆိုးတာ။ အသားကို တုန်နေတာ။ ကျနော်တုန်လှုပ်နေတာ မဟုတ်ဘူးနော်၊ ဒေါသဖြစ်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေတာ။မလုပ်သင့်တာကို လုပ်တယ်ဗျာ၊ မပြောသင့်တာကို ပြောတယ်။ အဲဒီကနေပြဿနာက စသွားတာ။

အဲဒီမှာ ကျနော်က ချက်ခြင်းထတာ။

“ကိုမိုးသီး ခင်ဗျား…စကားကို အရမ်းမပြောပါနဲ့၊ ကျနော် မြောက်ပိုင်းက လာတဲ့ ရဲဘော်၊ မြောက်ပိုင်းအကြောင်းကို ခင်ဗျားထက် ကျနော်ပိုသိတယ်၊ ခင်ဗျား ဘာမှ မသိဘဲနဲ့ ရန်သူ့လူတို့ ဘာတို့ မစွပ်စွဲပါနဲ့“…

အဲဒီတုန်းက မြောက်ပိုင်းမှာ တခုခုဖြစ်ပြီဆိုတာတော့ အတွေးထဲမှာ ကျနော်သိလိုက်ပြီ မျိုးဝင်းတခုခုတော့ လုပ်ပြီပေါ့။ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ကို ဖမ်းထားတာလား ဘာလားဆိုတာတော့ ကျနော်မသိသေးဘူပေါ့ဗျာ။

“ကိုမိုးသီးအဲလို မလုပ်ပါနဲ့ မြောက်ပိုင်းမှာ ရန်သူ့လူလို့ စွပ်စွဲတယ်ဆိုတာ တခုခု မှားနေတာ၊ အဲဒီပြဿနာက ဖြေရှင်းလို့ရတဲ့ ပြဿနာပါ၊ ခင်ဗျား ဒီလို မလုပ်သင့်ဘူး“လို့ အဲလိုပြောတုန်းမှာပဲ ဗျာ၊ မြောက်ပိုင်းက ကိုလှဋ္ဌေးက ကျနော့်ကို ဇွတ်ဆွဲပြီး ထိုင်စေတာ။ ကျနော် မတပ်ရပ်ပြီး ပြောနေတာကို ဇွတ်ထိုင်ခိုင်းတာ။ ဆွဲထိုင်တာ။

ပြီးတော့ သူထပြောတ။

“မြောက်ပိုင်း ပြဿနာ ညီလာခံမှာ မရှင်းနဲ့ ကျနော်တို့ ဟာ ကျနော်တို့ ရှင်းမယ်၊ ခင်ဗျားတို့ နှစ်ယောက် ကိုယ့်ပြဿနာသာကိုယ်ရှင်း “ ဆိုပြီး သူထ ပြောတာ။
အဲလိုတွေဖြစ်ကုန်တော့ မြောက်ပိုင်း ပြဿနာက ညီလာခံမှာ မတင်ခဲ့ရဘူးဗျ၊ ပြန်စဉ်းစားကြည့်ရင်တော့ အဲဒါ အမှားတခုဗျ။ အဲဒီတုန်းကသာ မြောက်ပိုင်း ပြဿနာကို ညီလာခံမှာ တင်ပြဆွေးနွေးခွင့်ရခဲ့ရင် ခုလို လူသတ်မှုမျိုးတွေ ဖြစ်ချင်မှ ဖြစ်ခဲ့မှာပါ။ ဒါ…ကျနော် ပြန်တွေးမိတဲ့ အတွေးပေါ့လေ။

အဲဒီအချိန်မှာ မဟာမိတ်ကလည်း မင်းတို့စိတ်ပူနေတယ်ပေါ့ စစ်ရေး စိတ်ပူတာတွေရော ဘာတွေရောနဲ့ဆိုတော့ ညီလာခံကို သံလွင်စခန်းမှာ မလုပ်တော့ လုံခြုံရေး စိတ်မချရဘူ့း  မာနယ်ပလောကို ပြောင်းခဲ့ဆိုလို့ အဲဒီအချိန်မှာ ညီလာခံဥက္ကဋ္ဌက ကိုကိုဦး၊ ကိုကိုဦးကလည်း ဒါဆို မာနယ်ပလောကို ပြောင်းကြမယ်ဆိုပြီးတော့ မာနယ်ပလောကို ပြောင်းတာပေါ့နော်။

အဲဒီမှာ ဗိုလ်ချုပ်မြကိုယ်တိုင်လာတယ်။ ကျောင်းသားတွေ ပြေလည်အောင်ညှိုကြပေါ့။  ပေါင်းကြပါ ပေါ့နော်။ အဲလိုလည်းပြောခဲ့တယ်။ ပြောမယ်ဆိုရင်တော့ဗျာ ကျနော်တို့ရဲ့ စည်းရုံးရေးလမ်းစဉ်၊ နိုင်ငံရေးလမ်းစဉ် အကုန်လုံးပြေလည်တယ်ဗျ။ ပြဿနာက ဗဟိုကော်မတီခွဲတဲ့ နေရာမှာ ပြဿနာပဲ။ လုကြတာပေါ့ဗျ ပြီးတော့ သူ့လူ ဘယ်နှစ်ယောက်၊ ငါ့လူဘယ်နှစ်ယောက်နဲ့ ကိုမိုးသီးဇွန်နဲ့  ကိုနိုင်အောင်နဲ့ ပြဿနာ။

အဲဒီမှာ သူတို့ နှစ်ယောက်က ဘယ်လိုမှ ညှို မရဘူး။ အဲတော့ မဟာမိတ်ကလည်း စိတ်တိုလာတယ်။ မင်းတို့ ငါတို့လုပ်ပေးလို့တောင် ညှိုလို့မရရင်တော့ ငါတို့မာနယ်ပလောမှာ ကျောင်းသားကွဲတဲ့ သမိုင်းအဖြစ်မခံနိုင်ဘူး မင်းတို့ စခန်းတွေ ပြန်ကြတော့  ငါတို့ မာနယ်ပလောမှာ မလုပ်တော့နဲ့ ဆိုပြီး ကျနော်တို့ကို ပြောတာ။

အဲဒီမှာ ကျနော်တို့ ပြောင်းကြတာပေါ့ဗျာ အလာတုန်းကတော့ သံလွင်စခန်းကနေ လာတော့ စက်လှေအတူတူစီးကြတယ်။နှစ်ဖွဲ့လုံးက အလာတုန်းကတော့ စက်လှေအတူတူစီးလာနိုင်သေးတယ်။ အပြန်ကြတော့ ကွဲသွားပြီ။

ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့က ကိုအောင်သူငြိမ်းတို့ရဲ့ တပ်ရင်း ၂၁၂ မှာ သွားပြီးတော့မှ ညီလာခံတခု ထပ်လုပ်တယ် ဗဟိုကော်မတီဖွဲ့တယ်။
ကိုနိုင်အောင်တို့နဲ့ အတူ ကျနော်တို့လည်း ပါလာတယ် သံလွင်စခန်းကို ပြန်ကြတယ်၊ အဲဒီမှာ ညီလာခံလုပ်ပြီးတော့ ဗဟိုကော်မတီဖွဲ့တယ်။

အဲဒီမှာ ABSDF နှစ်ခြမ်းကွဲတာပဲ။

ရှေ့ဆက်ဖော်ပြပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ

မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share

No comments:

Post a Comment