by Ko Lin Wai Aung on Saturday, October 6, 2012 at 8:14pm ·
ဒီလိုနဲ့ ပါဂျောင်အကျဉ်းသား ဘ၀ကို ဖြတ်သန်းရင်း ညတာရှည် နေ့ရက်တွေ တစတစပိုခဲ့ရတယ်။
ဝါးခုတ်၊သစ်ခုတ်၊ထရံယက်၊အလုပ်တွေ လုပ်ရင်း တခါတရံ ရှေ့ရေးကိုစဉ်းစားမိတယ်…ဘာဆက်လုပ်မလဲ.. ဘယ်လို နိဂုံးချုပ်ကြမလဲပေါ့… ထွက်ပြေးမလားစဉ်းစားတော့ မပြေးချင်ဘူး…ဒီလိုဘ၀မျိုးတွေနဲ့ မပြန်ချင်ဘူး
ဆိုတာ စိတ်ထဲမှာကိုယ်စီရှိကြတယ်… ဘာမျှော်လင့်ချက်ရှိသလဲဆိုတော့လဲ ဘာမှမသေချာဘူး…..ဒါနဲ့ဘဲ
လုပ်စရာရှိတာလုပ်လိုက် အိပ်လိုက်စားလိုက် နဲ့ ဘ၀ဒုက္ခတွေကို ခါးဆီးခံပြီး ဆက်နေကြရတာပါဘဲ…
တစ်ရက်တော့ စခန်းမှူးတဲအတွက် ထင်းတွေထမ်းပြီး သွားပို့ကြတယ်…ကိုစိုးလေးရယ်ကျနော်ရယ်
နောက်ထပ်၎ ယောက်ရယ်ပေါ့…ထင်းတွေချပေးပြီးပြန်ဘို့တန်းစီနေကြတုံး… ရင်းမှူးအောင်သန်းနဲ့ ၃ဦး လိုင်စင်
ဘက်ကပြန်လာကြပြီး ကျနော်တို့ကိုတွေ့တော့ တဲအပေါ်လမ်းကနေ အောက်ဆင်းလာတယ်…မူးလဲမူးနေတယ်..
မျက်နှာတွေကို လိုက်ကြည့်ပြီး တစ်ချို့ကိုပါးရိုက်တယ်…ကျနော့်ကိုမြင်တော့ ထင်းခြမ်းကွဲ တစ်ခု ကောက်ယူပြီး
နားထင်ကိုရိုက်ချလိုက်တယ်…ထိရင်မသက်သာဘူးလို့ စဉ်းစားမိတော့ သတိစွဲခိုင်းထားတာကို ဖျက်ပြီး ဘယ်လက်နဲ့ ကာလိုက်တယ်…ဘယ်လက်ကောက်ဝတ် ကိုထိတယ်…ကျိုးသွားပြီလို့ ထင်မိတယ်…ကိုစိုးလေး ကို
ဆက်ရိုက်တယ်…နောက်ဘက်က ကမ်းပါးအနိမ့်ဘက် ကျသွားတယ်…
မူးပြီးရိုက်ချင်သလိုရိုက်နေတာ သိတော့ တယောက်ကလိုက်ထိမ်းတာတွေ့တယ်…အဲဒီနေ့ ကကိုယ့်ဘဝ
ကိုယ် ရင်နာသွားတယ်…လုပ်ချင်သလိုလုပ်တာခံနေရပါလားပေါ့…၃ရက်လောက် ဘယ်လက်က အလုပ်လုပ်မရဘူး…အရိုးကခုံးသွားပြီး ကျီးပေါင်းတက်သလိုဖေါင်းနေတာဒီနေ့အထိပါဘဲ…
တဖြေးဖြေး ဒီဇင်္ဘာ၊ဇန္န၀ါရီ အအေးဆုံးလတွေကို အကျဉ်းသားတွေ ဆိုးဝါးစွာဖြတ်သန်းကြရတယ်…
ရေသေတဲ့နေရာတွေ…ရေခွက်တွေထဲကရေတွေ…ခဲတဲ့အချိန်ပေါ့…မနက်အစော အလုပ်ထွက်ကြရင် နှင်းခဲတွေ
ပေါ်ကသွားနေရတာပေါ့…အေးလွန်းလို့လက်ဖမိုးတွေကွဲပြီး သွေးတွေထွက်ကြတယ်…နှာခေါင်းထိပ်တွေ နားရွက်တွေ …လက်ထိပ်တွေက ထိလို့ထိမှန်းမသိရဘူး….အမြဲပွတ်သပ်ပြီး နွေးအောင်လုပ်ရတယ်…
ဝါးတောထဲဝါးခုတ်…၀ါးထမ်းရင်း ခြေကျင်းတွေနဲ့ ၀ါးငုတ်တွေနဲ့ညိလို့လဲတာတမျိုး…၀ါးညောင့်ပေါ်လဲမှာ
စိုးရတာတမျိုး ၊ကုန်းတက်ကုန်းဆင်း တန်းစီသွားရတာပေါ့…အေးစက်နေတဲ့ ဖြတ်ပြီးထင်းတုံးကြီးတွေ(ဗုံတို) တွေကို ရေစပ်စပ်ကနေ ပုခုံးပေါ်မတင်ပြီး ထမ်းရတာ….ပုခုံးတွေရေစိုရွှဲပြီး မနက်စောစော ရေခဲတုံးထမ်းရသလို
တွေ ကအမှတ်ရစရာတွေဖြစ်ခဲ့ပါတယ်…
နောက်ပိုင်းတော့ ထရံယက်တာကျွမ်းကျွမ်းကျင်ကျင်ဖြစ်လာတော့ တနေရာမှာဘဲထိုင်အလုပ်လုပ်ရသလို
ဖြစ်လာပါတယ်…ထရံယက်ခြင်းလက်ဦးဆရာကတော့ ပန်းချီကိုထိန်လင်းပါ…ကျနော်ခေါင်းအရိုက်ခံရပြီးအလုပ်
ကြမ်းသိပ်မလုပ်နိုင်လို့ ကိုထိန်…ကိုစိုးလေး…ဘိုဘို တို့ကခေါ်ထားပြီး တွဲခေါ်ပေးထားတာပါ….
မျိုးဝင်း၊သံချောင်း၊အောင်နိုင်တို့ ရက်စက်ကြပြီ
ဇန္န၀ါရီလကုန်ရဲ့တစ်ရက် မှာတော့ ကိုထိန်လင်း နဲ့ကျနော်နဲ့အာဆံကုန်းဘက်မျက်နှာပေးပြီး နှီးဖြာထရံယက် လုပ်နေကြတယ်…ကုန်းထိပ်မှာ လူစုစုမြင်နေရတယ်… အစောပိုင်းကတည်းက အချုပ်ဆောင်
ထဲကနေ ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ကိုကျော်ဝေ တို့ကို စခန်းဘက်ကိုခေါ်ထုတ်သွားကြတာပါ….
နောက် ၂နာရီလောက်ကြာတော့ ကုန်းပေါ်ကနေလူတစ်ချို့ ပြန်ဆင်းလာတယ်…ရေချောင်းလေးကိုကျော်လာပြီး
ကျနော်တို့ဘေးကနေဖြတ်သွားကြတယ်…ထလရသန်းဇော်….သက်လင်း(တာတီးပိုး) ၊ကိုထွန်းအောင်ကျော်၊
ကိုချိုကြီးပါတယ်…ကိုထွန်းအောင်ကျော်မျက်နှာမကောင်းဘူး….အနိဋ္ဌာရုံတစ်ခုတွေ့ခဲ့သလိုဘဲ…ကိုချိုကြီးပါလာ တယ်… ညာဘက်လက်ကောက်ဝတ်မှာပတ်တီးအဖြူစည်းထားတယ်…သွေးစို့နေတယ်…ကျနော်သိလိုက်ပါပြီ…
ကိုချိုကြီးညာဘက်လက်ဆုံးရှုံးခဲ့ရပြီ….တရွေ့ရွေ့နဲ့ ဘားတိုက်အချုပ်ဆောင်ထဲရောက်သွားတယ်…အဲဒီမှာ ကျနော်တို့ပြန်စဉ်းစားလိုက်မိတာက… ဟာ….ကိုကျော်ဝေပြန်မပါလာဘူးဆိုတာပါဘဲ….နောက်မှသိရတာကတော့
ကိုကျော်ဝေကို မျိုးဝင်း က ရက်ရက်စက်စက် ခေါင်းဖြတ်သတ်လိုက်တယ်ဆိုတာပါဘဲ….
ကိုချိုကြီးရဲ့လက်ကိုလဲ မျိုးဝင်းက လက်ကောက်ဝတ်ကနေဒါးနဲ့ခုတ်ဖြတ်ခဲ့တာလို့သိရပါတယ်…
ဒီတုံးက ကုန်းပေါ်မှာအတူစစ်ဆေးခံရတဲ့ ကိုအုန်းကြိုင်( ခ )OK ရဲ့ပြန်လည်ပြောပြချက်တွေအရ…ဘယ်လို
ရက်ရက်စက်စက်လုပ်ခဲ့ကြတယ်ဆိုတာ သိခဲ့ရပါတယ်…သူတို့ကပေးစရာမရှိတဲ့ အဆိပ်တွေ… လက်နက်တွေတောင်းပြီး ရက်စက်စွာစစ်ဆေးခဲ့ကြတာပါ…အသေးစိတ်ကိုတော့ ကျနော်
တို့ ၃၁.၈.၂၀၁၂ နေ့ တော်ဝင်နှင်းဆီမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုအုန်းကြိုင်ကပြောပြခဲ့ပါတယ်…အဲဒီ
ပြောကြားချက်တွေကိုလဲ Youtube WebSite မှာတင်ထားတာ တွေ့ရပါတယ်…
၁၉၉၂ ဖေဖေါ်ဝါရီလဆန်းမှာ ကျနော့ကို သံချောင်းက ၀ါဒဖြန့်ချီရေးတဲမှာခေါ်တွေ့ပါတယ်…အခြား
ကိုကျော်နိုင်ဦး၊တို့လဲ ခေါ်တွေ့တယ်လို့သိရပါတယ်…သူပြောတာက ငါတို့ကတော့လုပ်စရာရှိတာကိုလုပ်မှာဘဲ… လို့ပြောပါတယ်….သူ့အနေနဲ့ ၀ဏ္ဏဇော်…ညီညီအောင်တို့ကိုအာမခံကြောင်းပြောပါတယ်…. မင်းကတော့ငါနဲ့မဆိုင်ဘူးလို့ပြောပါတယ်…သူတို့တခုခုလုပ်တော့မယ်ဆိုတဲ့ သဘောတွေ တွေ့နေရပါတယ်…
ကျနော်က ကျော်ဝင်းဆွေ(ဖိုးကျော်)…စည်သူတို့ကို လဲ အာမခံပေးဘို့ပြောပါတယ်…သူက
အဲတာတော့မရဘူးပြောပါတယ်…သူတို့အနေနဲ့အစီအစဉ်တစ်ခုခု လုပ်နေတာလို့ခန့်မှန်းမိပါတယ်…
ဘာလုပ်မယ်ဆိုတာတော့ သေချာပြောတာမရှိပါဘူး….
ဖေဖေါ်ဝါရီ ( ၁၂ ) ရက်နေ့ လူသတ်ပွဲ
ဒီလိုနဲ့ ၁၉၉၂ ခုဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ညနေ၃နာရီခွဲလောက်မှာ ကျနော်တို့ကို အလုပ်စော သိမ်းခိုင်းလိုက်ပါတယ်…အချုပ်ဆောင်ရှေ့ ကွက်လပ် (မီးဖိုကြီးရှေ့) မှာ ကိုကျော်နိုင်ဦး၊ကျနော်၊ကိုဘိုဘို၊နဲ့
နောက်၂ဦး တန်းစီရပ်နေတုံး ကိုတောက်ပြောင်(နမ္မား)နဲ့နောက်၂ဦး ကပေါက်တူးတွေ၊ဂေါ်ပြားတွေ လာရှာတာ
တွေ့ရပါတယ်…၃ခုဘဲရလို့ ကင်းတပ်စိပ်ရှိတဲ့ ဆီကိုသွားရှာတာတွေ့ရပါပြီ….စိတ်ထဲမှာထင့်ကနဲဖြစ်ပြီး စိုးရိမ်စိတ်
ဝင်လာပါပြီ…ကိုကျော်နိုင်ဦးက သက်ပြင်းချတဲ့အသံကြားရတယ်…သူလဲရိပ်မိပြီထင်ပါတယ်…..
ကျနော်တို့တွေကိုအချုပ်ဆောင်ထဲဝင်ခိုင်းလိုက်တယ်…အလုပ်သွားသူတခြား အကျဉ်းသားတွေလဲ ပြန်ရောက်လာကြပါပြီ….ညနေ၄နာရီကျော်လောက်မှာ အားလုံးကိုနောက်ဘက်နံရံတွေဘက်လှည့်ထိုင်ခိုင်း
ထားပြီး ပုံမှန်ထက်အများကြီးတင်းကြပ်စွာ လက်ပြန်ကြိုးတုတ်ပါတယ်…မျက်စေ့တွေကိုလည်း အ၀တ်စ
နဲ့ တင်းကြပ်စွာစည်းပြီး ထိုင်ခိုင်းထားပါတယ်….သိပ်မကြာဘူး အလံတိုင်ကုန်းအောက်ဘက်က ၀ီစီမှုတ်ပြီး
လူစုသံတွေကြားရပါတယ်…
နောက်တော့ လူ၁၀ယောက်လောက် အချုပ်ဆောင်ဆီကို ၀င်လာတဲ့ခြေသံတွေကြားတယ်…
တွဲဘက်အထွေထွေအတွင်းရေးမှူး၁ လှဆိုင်း ရဲ့ ထောင်ပြောင်းမယ်ဟေ့ဆိုပြီး အော်ဝင်လာတဲ့အသံကြားတယ်..
နာမည်ခေါ်တဲ့သူတွေထဆိုပြီးပြောသံကြားနေရတယ်…မတ်တပ်ထရပ်လို့ မြည်သွားတဲ့သံခြေချင်းသံကြားတယ်..
ခဏနေတော့ ကျနော့လက်ကိုရဲဘော်တစ်ယောက်က ကြိုးလာဖြည်ပေးတယ်…ကြိုးပြေသွားတယ်…အဲဒီအချိန်
မှာ ကြိုးကိုအရမ်းချည်ထားတော့ လက်တွေကအရမ်းနာနေတာ…မခံနိုင်တော့ဘူး….ကြိုးပြေသွားတော့ နဲနဲဝမ်း
သာသွားတယ်….နာတာသက်သာသွားတာကိုး….တဆက်တည်း ထောင်ပြောင်းမယ်ဆိုလဲ ကောင်းတာပါဘဲ
လို့တွေးနေမိသေးတယ်…ဒီထက်တော့မဆိုးလောက်ဘူးလို့တွေးနေမိတာ….
အဲမှာ ကိုစောမြအောင်က သူမပါဘူး…သူမပါဘူး ဆိုပြီးပြောတာကြားလိုက်တယ်….ပြန်ချည်ထားလိုက်
လို့ပြောတယ်….နောက်တော့ကြိုးပြန်တုတ်ထားတော့တာပေါ့…..ခဏနေတော့ ကိုထွန်းအောင်ကျော်ပါ တစ်ချို့
ကိုအပြင်ခေါ်ထုတ်သွားတဲ့ အသံတွေကြားတယ်…ကျနော့်စိတ်ထင် ထောင်အပြင်ဘက်အဆင်းနားမှာ သံခြေကျင်း
ပါတဲ့သူတွေကို သံခြေကျင်းတွေဖြုတ်ခဲ့တယ်လို့ ထင်ပါတယ်…
အားလုံးလဲကျနော့်လိုဘဲ အတွေးကိုယ်စီနဲ့ ငြိမ်သက်စွာ စဉ်းစားနားစွင့်နေကြတယ်လို့ ထင်ပါတယ်..
တထိတ်ထိတ်နဲ့ စောင့်စားနေကြတာပေါ့…လက်တွေကနာကျင်တဲ့ ဝေဒနာတွေခံစားနေရတယ်….၆နာရီခွဲ
လောက်ကျတော့ သေနတ်သံ၂ချက် အာဆံကုန်းဘက်ကနေကြားလိုက်ကြရတယ်… ဘာတွေဖြစ်နေတယ်ဆိုတာတော အတွေးတွေနဲ့ပါဘဲ…သို့လောသို့လောပေါ့…..
ည၇နာရီလောက်ကျတော့ လူ၅ယောက်လောက် လာကြည့်သံကြားပါတယ်…ဟာ…အများကြီး ကျန်သေး
တာဘဲဆိုပြီး လှဆိုင်းပြောသွားတဲ့အသံလဲကြားတယ်…ဆက်ထွက်သွားကြတယ်…
သိပ်မကြာဘူး အားလုံးကို လက်တွေရှေ့ဘက်ပြန်ထား ကြိုးချည်ပြီး အိပ်ချိန်ပေးလိုက်ပါတော့တယ်…
နောက်နေ့မနက်ကျတော့ ကင်းသမားတွေပြောဆိုချက်အရ ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ ယောက်ကို
အာဆံကုန်းမှာ ခေါင်းဖြတ်သတ်လိုက်ကြပြီဆိုတာ တစတစသိလာကြရပါတယ်…နောက်ရက်တွေကျလာတော့
မခင်ချိုဦးနဲ့ကိုဋ္ဌေးမြင့်ဝင်းက တောင်းဆိုလို့ သံချောင်းကသေနတ်နဲ့ပစ်သတ်ပေးတယ်ဆိုတာသိလိုက်ရတယ်…
သေနတ်သံ၂ချက်ကြားခဲ့ရတဲ့အဖြေကို နောက်မှရှင်းသွားကြတော့တယ်…
နောက်ရက်တွေမှာ တောထဲကိုသစ်ခုတ်ဝါးခုတ်သွားရင်ရေချောင်းလေးကိုကျော်လိုက်ပြီး အပေါ်ဘက်ဆက်တက်သွားရင် အာဆံကုန်း(လူသတ်ကုန်း)ပေါ်ရောက်တယ်….လမ်းလေးအတိုင်း ယာဘက်ဆက်လိုက်သွားရင် သစ်၊၀ါးခုတ်တဲ့တောအုပ်လေးဆီရောက်တယ်…အားလုံးရဲ့အာရုံတွေက အာဆန်ကုန်းပေါ်ကိုရောက်နေကြတယ်…တွေးမိနေကြတယ်…အတွေးတွေပြန့်ကြတယ်…အနိဋ္ဌာရုံ အတွေး
တွေပေါ့…ငါတို့အလှည့်တွေ ဘယ်တော့ရောက်လာမလဲဆိုတဲ့ အတွေးတွေပေါ့….
ဖေဖေါ်ဝါရီလ ၁၉ရက်နေ့ ညနေမှာတော့ ကျနော်ကိုညီညီ၊ကိုကျော်နိုင်ဦး၊မနန်းအောင်ထွေးကြည်၊ကိုဘိုဘို၊
ကိုညီညီအောင်(ပဲခူး)၊ကိုဝဏ္ဏဇော်တို့ကို ကိုမျိုးဝင်းက သူ့တဲကိုခေါ်ပြီး အိမ်တွေကိုစာရေးဘို့ပြောတယ်…
မိဘတွေကလာပြီးအာမခံရင် ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ပေါ့…ဘယ်လိုစိတ်ကူးရသွားတယ်လို့ မပြောတတ်
တော့ပါဘူး…မျှော်လင့်ချက်လေးနဲနဲပေါ်လာတယ်ဆိုတော့ အိမ်ကိုစာရေးပေးခဲ့ပါတယ်…လိပ်စာလဲအတိအကျ
ရေးထည့်ပေးလိုက်ရတယ်…အရမ်းတော့မမျှော်လင့်ခဲ့ပါဘူး…
ခဏနေတော့ဘဏ္ဏာရေးမှူးတဲက တရုပ်ကြီး(ကို )ကသတင်းပို့လာတယ်….KIAဆေးရုံကဖုန်း
ဆက်တယ်တဲ့...စိုးဝင်းသန်းပျောက်သွားပြီလို့ပြောတယ်တဲ့…စိုးဝင်းသန်းက KIA ဆေးရုံတက်နေတာပါ…
ကိုမျိုးဝင်းကသူ့အနီးကပ်လက်ရုံးဖြစ်တဲ့ဦးနင်ဂျာ(ခ)ဦးကျော်ရွှေကိုခေါ်ပြီး…လိုက်ရှာပြီးဖမ်း…မိရင်တခါ
တည်းရှင်းပစ်လိုက်ဆိုပြီးမှာလိုက်တယ်…နာရီဝက်လောက်နေတော့ဦနင်ဂျာနဲ့အဖွဲ့ပြန်ရောက်လာပြီးကိုမျိုးဝင်းကို
ပြောတယ်…ဆေးရုံကရောဂါပျောက်သွားပြီမို့လို့လာခေါ်ဘို.ဖုန်းဆက်တာတဲ့….ပြန်ခေါ်လာပါပြီလို့သတင်းပို့
တယ်….ကိုမျိုးဝင်းက“ ထွက်ပြီးတဲ့ဆင်စွယ်ပြန်ဝင်ရိုးထုံးစံမရှိဘူး” လို့ပြောပြီး(၁၂.၀၂.၁၉၉၂)နေ့ကသုံးခဲ့တဲ့
ငွေရောင်ဓားရှည် (ဓားအိမ်ပါ) ကိုအခန်းထဲကနေယူပြီးဦးနင်ဂျာလက်ထဲထည့်ပေးလိုက်ပါတယ်...
“ ရှင်းပစ်လိုက်တော့တဲ့ ”
အဲဒီနေ့က အိမ်တွေကိုစာရေးပြီးခဏနေတော့ ကိုကျော်ကျော်ရောက်လာပါတယ်…မျက်ရည်
တွေကျပြီးအားလုံးကိုလက်ဆွဲနှုတ်ဆက်သွားပါတယ်…ဒေါက်တာနိုင်အောင်လဲရောက်နေတယ်လို့ကြားသိရပါ တယ်…. ၁၂.၀၂.၁၉၉၂မတိုင်ခင် ကတည်းက ရောက်နေကြတာလို့ကြားသိရပါတယ်…
ကျနော်တို့လည်း အချုပ်ဆောင်ကိုပြန်ခဲ့ကြပြီး အလုပ်တွေပုံမှန်ပြန်လုပ်ကြရပါတယ်....အိမ်တွေ ကို စာရေးထားတယ်ဆိုတော့လဲ လာကြရင်တော့ ကောင်းမယ်ဆိုပြီး မျှော်လင့်ခဲ့ပေမဲ့….သိပ်ပြီးတော့ မထင်ထားခဲ့တာအမှန်ပါ….
တချိန်တည်းမှာဘဲ အချုပ်ထောင်ဘေးက ကပ်လျှက်ကုန်းပေါ်မှာ အလျှားပေ၂၅ အနံပေ၁၀ အနက်၁၂ပေလောက်ရှိတဲ့ တွင်းကြီးတစ်ခုကိုလည်း အလှည့်ကျတူးပေးနေရပါသေးတယ်…ဘာအတွက်
တူးခိုင်းတယ်ဆိုတာ သေချာမသိရပေမဲ့ ဗုံးခိုကျင်းလို့တော့ အရိပ်အမြွက်ကြားနေပါတယ်…ကျနော်တို့
အကျဉ်းသားတွေကတော့ အပ်ချမတ်ချမယုံခဲ့တာတော့သေချာပါတယ်…တွင်းထဲကိုတောက်လျှောက်
ရောက်အောင် အချုပ်ဆောင်ကနေ ကုန်းအောက်ခြေကို သွားပြီး လိုက်ကျင်းကနေတဆင့်တက်သွား
နိုင်အောင် တူးထားကြရတာမှတ်မိပါတယ်….မိဘတွေရောက်လာတဲ့အချိန်မှာတော့ အကျဉ်းသားတွေက
တွင်းအပေါ်ကို OVERHEAD လုပ်ဘို့ သစ်လုံးတွေ ဆွဲတင်နေရတဲ့အချိန်ရောက်နေပါပြီ….ကျနော်တို့
နောက်ဆုံးလုပ်ခဲ့ကြရတဲ့ အလုပ်တွေပေါ့…..
မိဘများ လိုက်လာကြပြီ
၂၀.၃.၁၉၉၂ နေ့မှာ ကျနော်တို့စာရေးပေးလိုက်တဲ့ မိဘတွေ ရောက်လာကြတာကို ကုန်းပေါ်ကနေ
လှမ်းမြင်ကြရပါတယ်…မိဘတွေရောက်လာတယ်ဆိုတော့ မျှော်လင့်ချက်တွေ ပြန်ပေါ်လာကြတယ်…ကျန်အကျဉ်း
သားတွေကလဲ အကောင်းတစ်ခုအတွက် မျှော်လင့်ပြီး ၀မ်းသာနေကြတာပေါ့….
ညပိုင်းကျတော့ ကိုကျော်နိုင်ဦးနဲ့ကျနော်နဲ့ကို မိဘတွေနဲ့ပေးတွေ့တယ်…ကျနော့အမေနဲ့ ကိုကျော်နိုင်ဦး
အဖေကို တွေ့ရတယ်…တွေ့တွေ့ချင်းအမေအဖေကိုအရင်ကန်တော့ကြတယ်….ဒီအထိတောင်လိုက်လာခဲ့ကြ
တာဆိုတော့ အမေအဖေတွေရဲ့ကျေးဇူးတွေ ဆပ်မကုန်အောင် ကြီးမားခဲ့ပါတယ်…
နေဒွန်းတို့သက်ထွန်းတို့က မင်းတို့လုပ်ခဲ့တာတွေပြောပြလိုက်ဆိုပြီး ပြောတယ်…ထွက်ချက်တွေပေး တုံး
ကအတိုင်း ထောက်လှမ်းရေးဖြစ်စဉ်တွေ ပြောပြလိုက်တယ်…မိဘတွေကဘယ်ယုံကြမှာလဲ…သူတို့လက်ပေါ်ကြီး
လာတာသူတို့သိကြတာပေါ့…သန်းဇော်နဲ့ တစ်ယောက်က မှတ်တမ်းလိုက်ယူကြတယ်….မိဘတွေ ကိုအမူအရာနဲ့ ဘဲလက္ခံဘို့ပြောရတာပေါ့…မိဘတွေကလဲရိပ်မိကြပါတယ်… အခြေအနေကြည့် ပြောနေကြတယ်ဆိုတာကိုပေါ့…
နောက်ရက်တွေမှာ ကျနော်၊ကိုညီညီ၊မနန်းအောင်ထွေးကြည်၊ကိုကျော်နိုင်ဦး တို့ကိုပြန်မလွှတ်ပေးနိုင်ဘူးလို့ မိဘတွေကို အောင်ကြီး၊နေဒွန်းတို့ကပြောခဲ့ကြတယ်…အဲဒီအချိန်က မျိုးဝင်းက ရှေ့တန်းထွက်သွားတာ….ဗဟိုမှာက ဥက္ကဋ္ဌအောင်နိုင်ဘဲရှိတယ်….ကျနော်တို့က ထလရ ကအရာရှိတွေမို့ပါတဲ့..
သူတို့ပြောတဲ့ဂတိသူတို့ဖျက်လိုက်ကြတာပါ…
ကျနော်ကလဲအောင်နိုင်တို့ ပြန်မထည့်ချင်တဲ့အမူအရာတွေ အရိပ်အယောင်တွေ တွေ့နေလို့ မိဘတွေ အတင်းမတောင်းဆိုအောင် ပြန်မလိုက်တော့ဘူးလို့ပြောခဲ့ပါတယ်…ထိပ်တိုက်တွေဖြစ်လာရင် မလိုလားအပ်တဲ့
ပြသနာတွေဖြစ်မှာစိုးပါတယ်….
၂၄.၃.၁၉၉၂ မနက်ပိုင်းမှာတော့ ကျနော်တို့မိဘလာတဲ့၇ဦးကို အချုပ်ထောင်ကလွှတ်ပေးလိုက်ပါတယ်…
အိမ်တော့ပြန်မထည့်ဘူး…လွှတ်ပေးတယ်ပေါ့….အချုပ်ဆောင်ကနေ ခေါ်ထုတ်ပြီး သံခြေကျင်းဖြုတ်လိုက်တာနဲ့
တော်တော်ပေါ့သွားပါတယ်…ဘာဘဲဖြစ်ဖြစ် အချုပ်ကလွတ်တယ်ဆိုတော့ တော်တော်လေးတော့ ၀မ်းသာခဲ့ပါတယ်…ဒီနေ့အထိလဲ ခြေကျင်းကိုခတ်ထားတဲ့ သော့နံပါတ် ၂၄ ကိုသတိတရရှိနေပါတယ်….
LUCKY NO လို့စိတ်ထဲအခုထိစွဲနေခဲ့ပါတယ်…သော့နံပါတ်ဆိုတာက ဖွင့်ရမဲ့သော့တံတွေကအများကြီးဆိုတော့
နံပါတ်ရေးမှတ်ထားတာပါ…မမေ့အောင်အကျဉ်းသားကကိုယ်ဟာကိုယ်မှတ်ထားရပါတယ်…
ဘိုဘိုက ၀ါဒဖြန့်ချီရေးမှာနေရတယ်…မငယ်ကရဲမေဆောင်မှာ…ကျနော်..ကိုညီညီ…ကိုကျော်နိုင်ဦး၊
ဝဏ္ဏဇော်၊ညီညီအောင်တို့က ကော်မတီရုံးဟောင်းမှာနေရတယ်…
၃၀.၃.၁၉၉၂ မှာတော့ မိဘတွေရယ်…အရာရှိလို့သပ်မှတ်ထားတဲ့ ကျနော်တို့၎ယောက်ရယ်…. ဥက္ကဋ္ဌအောင်နိုင်နဲ့ကော်မတီဝင်တွေနဲ့တွေ့ရတယ်….အရာရှိတွေမို့ပြန်မလွှတ် ကြောင်း ၊ ထောက်လှမ်းရေးအလုပ်ထပ်မလုပ်ရန်၊ထွက်မပြေးရန်၊သူတို့ကလဲ နောက်ထပ်အပြစ်မလုပ်မချင်း အရေးမယူပါဘူးဆိုတာရယ်၊ကြက်ခြေနီလိုအဖွဲ့အစည်းတွေလာရင်တော့ ထည့်ပေးမယ်ဆိုတဲ့အကြောင်း နှစ်ဦးနှစ်ဘက်လက်မှတ်ထိုးကြရတယ်…
၁.၄.၁၉၉၂ မှာတော့ ကျနော်တို့၎ယောက်ကို တပ်သားအဆင့်နဲ့ တာဝန်ပေးအပ်ပွဲလုပ်တယ်…
သစ္စာအဓိဋ္ဌာန်ဆိုကြရတယ်….ABSDF မှာ ဒုတိယအကြိမ်သစ္စာပြန်ဆိုကြရတာပါ….စိတ်တော့မကောင်းပါဘူး..
ကျန်တဲ့ ဘိုဘို၊၀ဏ္ဏဇော်၊ညီညီအောင်တို့ကိုလဲ အခုပြန်မထည့်နိုင်သေးကြောင်း၊ ဗဟိုကအမိန့်ကိုစောင့်ရမှာဖြစ်ကြောင်း၊ပြောတယ်….နောက်၂လလောက်နေမှပြန်လာဘို့ပြောတယ်…
ကျနော်တို့ကလဲ အားလုံးကိုပြန်ဘို့တိုက်တွန်းခဲ့ပါတယ်…နောက်၂လလောက်ကြာမှ ၃ယောက်ကို
ပြန်လာခေါ်ဘို့ပေါ့….
၅.၄.၁၉၉၂ မှာတော့ မိဘတွေစိတ်မကောင်းစွာနဲ့ပြန်ကြပါတယ်… အားလုံးက မိဘတွေကို လမ်းပေါ်
ကနေဘဲထိုင်ကန်တော့ ခဲ့ကြပါတယ်…..
ပါဂျောင် အကျဉ်းသားများ စွန့်စားကြပြီ…..
နောက်ရက်တွေမှာ သင်္ကြန်ရက်လဲနီးတော့ ပဋ္ဌာန်းရွတ်ဘို့စီစဉ်နေတာတွေ့လို့ ကျနော၊်ညီညီအောင်၊၀ဏ္ဏဇော်တို့လဲဘုန်းကြီးကျောင်းသွားပြီး ဆရာတော်ဦးအိန္ဒြာစာရဆီမှာ ပဋ္ဌာန်းတိုက်တာတွေ လုပ်ကြပါတယ်…နှစ်ဆန်းတစ်ရက် ထိပဋ္ဌာန်း ၃ရက်ဆက်ရွတ်ပြီး ကုသိုလ်ယူပါတယ်….
နောက်ပိုင်းကျနော်တို့နေဘို့ ကိုယ်ဟာကိုယ်တဲဆောက်ကြရပါတယ်…သင်္ချိုင်းကိုကျောပေးပြီး သတင်းပြန်ကြားတဲ ဘေးမှာတဲသစ်ဆောက်ပါတယ်… ဘယ်ဋ္ဌာနမှာမှတာဝန်ပေးအလုပ်ခိုင်းတာမရှိသေးပါဘူး..
မေလအလယ်ထိရောက်လာပါပြီ….မေ၂၀ရက်လောက်မှာ ကိုကျော်နိုင်ဦး နဲ့တောထဲဝင်ဝါးခုတ်တော့ ကိုမြင့်သိန်း
တို့အကျဉ်းသားအဖွဲ့နဲ့ ဆုံပါတယ်…
ကိုမြင့်သိန်းက လမ်းမလျှောက်နိုင်တဲ့သူတွေပါ အပါခေါ်သွားမှာဖြစ်ကြောင်း အသိပေးလာပါတယ်…
စကားဆုံးအောင်မပြောရခင် အစောင့်ကိုထွန်းဦး နီးလာတာနဲ့ စကားဖြတ်လိုက်ရပါတယ်…
ညကျတော့ ကိုကျော်နိုင်ဦးနဲ့ တိုင်ပင်ကြပြီး ကိုမြင့်သိန်းတို့နဲ့ နောက်တခါထပ်တွေ့နိုင်အောင် မနက်
ဝါးခုတ်သွားကြဘို့တိုင်ပင်ထားကြတယ်….အဲဒီညအိပ်နေကြတုံး မနက်၅နာရီလောက် လူသံတွေကြားရပြီး ကျော်ထင်ဦးကအားလုံးထကြဘို့နှိုးပါတယ်….အကျဉ်းသားတွေ မရှိကြတော့ဘူးလို့ပြောနေကြပါတယ်…
အားလုံးကို ထောက်လှမ်းရေးတဲကိုခေါ်သွားပါတယ်…ဥက္ကဋ္ဌအောင်နိုင်လဲ အရေးတကြီး အိပ်မှုံစုတ်ဖွားဆင်း
လာတာတွေ့ရပါတယ်…လက်ထဲမှာ M20 ပစ္စတိုကိုင်ထားပြီး အမှောင်ရိပ်တွေဘက်ကို စိုးရိမ်တကြီးကြည့်နေ
တာသတိထားမိပါတယ်….ကျနော်တို့ ထလရတဲကိုရောက်တော့ မနန်းအောင်ထွေးကြည်၊ဘိုဘိုတို့ကိုပါခေါ်
လာပြီး အားလုံးပေါင်းထားလိုက်ပါတယ်…တဆက်တည်း အစောပိုင်းကတည်းကလွတ်ထားတဲ့ ကိုခင်မောင်ဇော်(ခိုဖြူလေး)၊ကိုမိုးဇော်ထွန်း(မိုးကြီး)၊တို့ပါခေါ်လာတော့ အားလုံး( ၉ ) ယောက်ဖြစ်သွားပါပြီ…
ဥက္ကဋ္ဌအောင်နိုင်ကစက်နဲ့ ဘွန်ရွန်း(ဆက်သွယ်ရေးအထိုင်)ကိုလှမ်းမေးနေတယ်…ဘွန်ရွန်းမှာက သန်းဇော်ရောက်နေတယ်ထင်ပါတယ်….သူကဘာပြန်ပြောလဲဆိုတော့ ဟိုဘက်တောင်ကြောကနေ မီးရောင်တွေ
ဆင်းလာတာမြင်တယ်တဲ့…သူတို့လူတွေကိုလာကြိုတာလားမသိဘူးလို့ပြောတယ်…ကျနော်ခေါင်းကြိမ်းသွားပါ တယ်…အဲလိုသာယူဆရင်အဆက်အသွယ် အချိတ်အဆက်နဲ့ပြေးတယ်ဆိုပြီး ကျနော်တို့နေရတော့မှာမဟုတ်
ဘူး….သေချာပါတယ်…ဒုက္ခတော့ဝင်ပြီပေါ့….ဥက္ကဋ္ဌအောင်နိုင်နဲ့ ကိုသံချောင်းတို့က တရုပ်ပြည်လမ်းကြောင်းကလိုက်ဘို့ လူတစ်ချို့ကိုစီစဉ်ပါတယ်..
M22 ကိုဒင်ဖြတ်ပြီး ယူသွားခိုင်းပါတယ်….လက်ပစ်ဗုံးတွေယူသွားခိုင်းပါတယ်…တွေ့တဲ့နေရာအကုန်ရှင်းဘို့
ညွှန်ကြားပါတယ်….နောက်တခါ KIA ကိုအကူအညီတောင်းပြီး ဗျူဟာ၂ (ဗန်းမော်ခရိုင်)ဘက်ကပိတ်ထားဘို့
လုပ်ကြတယ်…တရုပ်ရဲကိုပြောပြီး တွေ့ရင်ဖမ်း ပို့ပေးအောင်လုပ်ဘို့စီစဉ်နေကြတယ်….
ကျနော်တို့က စိုးရိမ်မှုတွေအပြည့်နဲ့နေနေရတာပါ…သူတို့လုပ်နေတာမြင်နေသိနေရပါတယ်…လွတ်ပါစေ
လို့ဆုတောင်းနေရတာ…လွတ်သွားမှဖြစ်မှာပါ….မိခဲ့ရင်သူတို့လဲနေရမှာမဟုတ်သလို ကျနော်တို့ထဲကတစ်ချို့လဲနေရမှာမဟုတ်ဘူးလို့တွက်မိတယ်….အားလုံးလွတ်သွားခဲ့ရင်ကောလို့စဉ်းစားမိတော့
အမှန်တရားတွေပြောနိုင်ပြီပေါ့….ကျနော်တို့အတွက်ကျတော့ကော…စဉ်းစားမိတော့ ဘာမှမသေချာတော့ဘူး…
အကောင်းဆုံးအဖြေက လွတ်ဘို့ပါဘဲ….လွတ်ပါစေပေါ့….
မနက်၁၁နာရီလောက်ကျတော့ ဖုန်းဝင်လာတယ်တဲ့…မိလာပြီ…ကားနဲ့တင်ခေါ်လာတယ်တဲ့…
ကျော်ထင်ဦးတို့ ထလရ အဖွဲ့တွေ ကြိုးတွေရှာကြတယ်..လိုင်စင်ဘက်က KIA ဂိတ်ဘက်ကိုသွားကြတယ်…
နောက်တော့ စိတ်ပျက်လက်ပျက်နဲ့ပြန်လာကြတယ်….တရုပ်ရဲက ဒီဘက်ကလိုက်သွားတဲ့ ဘဏ္ဏာရေးမှူး
အောင်ကြီးနဲ့အဖွဲ့တွေ…ကျောင်းသားအဖွဲ့ကတစ်ချို့ကိုဖမ်းခေါ်လာပြီး နယ်စပ်မျဉ်း KIA ဂိတ်နားထိလာပို့
သွားကြတာ…VEDIO တောင်ရိုက်ယူပြီး ပြန်သွားကြတယ်တဲ့….ကျနော်တို့လဲအဲဒီတော့မှသက်မချနိုင်တော့တယ်။
ညနေလောက်အထိဘာသံမှထပ်မကြားတော့ အခြေအနေကောင်းတယ်လို့ ထင်ရတယ်….ကျနော်တို့
အားလုံးကိုတော့ ထလရတဲမှာဘဲ အကျယ်ချုပ်နဲ့ပြန်ထားလိုက်ပါပြီ….တပ်ဝင်းထဲသွားခွင့်မရှိတော့ပါ…အပြင်ဘက်
ကကင်းတဲလေးမှာ နေ့ကင်းညကင်းနဲ့စောင့်ပါတော့တယ်….ရိက္ခာထုတ်တဲ့အချိန်ဘဲ တပ်ဝင်းထဲဆင်း လို့ရပါတော့တယ်….ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာတော့မခန့်မှန်းနိုင်ကြတော့ပါဘူး….
နောက်တစ်ပတ်လောက်အကြာ သတင်းပြန်ကြားတဲဆီကနေ သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ သတင်း
တွေကြားနေရတယ်….အကျဉ်းသားတွေလွတ်မြောက်သွားကြတာသေချာသွားပါပြီ…ဘယ်သူတွေဘယ်လိုပြော နေတာကအစ အသေးစိတ်ကြားနေရပါတယ်…
လွတ်သွားတဲ့သူတွေအတွက် ၀မ်းသာရသလို….ကျနော်တို့ကျန်သူတွေအတွက် စဉ်းစားလာရပါပြီ…
ရက်ပိုင်းအတွင်းမှာဘဲ တာဝန်ပေါ့လျှော့မှုတွေနဲ့ ထောင်မှူးလှမျိုးအောင်၊ထလရတာဝန်ခံသန်းဇော်၊ ကင်းသမား
တွေဖြစ်တဲ့ ယော်စောက်၊ကိုထွန်းဦး၊နဲ့အဲဒီနေ့က ကြိုးတုပ်ခံထားရတဲ့တာဝန်ကျကင်းသမား…နာဂအောင်နိုင်
တို့ကို အပြစ်ဒဏ်ချမှတ်ပါတယ်…..
ရဲဘော်ရဲမေတွေတန်းစီခိုင်းပြီး စခန်းမှူးကအမိန့်ပြန်တမ်းဖမ်းပါတယ်… ကျနော်တို့အကျယ်ချုပ်နေရတဲ့တဲကနေမနီးမဝေးမို့မြင်နေရပါတယ်… ပြတင်းပေါက်မရှိတော့ ထရံကြားတွေကဘဲ ခြောင်းကြည့်ရတယ်….သန်းဇော်၊ယော်စောက်၊ကိုထွန်းဦးတို့ကို ကြိမ်ဒဏ်အချက်၃၀စီနဲ့ ထောင်မှူးလှမျိုးအောင်၊ တာဝန်ကျကင်းသမားအောင်နိုင်( နာဂ ) တို့ကို သေဒဏ်အမိန့်ချမှတ်တာကြားနေရပါတယ်…..
ပထမဆုံး သန်းဇော်၊ယော်စောက်၊ကိုထွန်းဦးတို့ကို ကြိမ်ဒဏ်ပေးပါတယ်….ပေးပုံပေးနည်းက အရိုက်ခံ
မယ့်သူကို ရဲဘော်တစ်ယောက်က မပ်တပ်အနေအထားနဲ့လက်ကိုကိုင်ပြီးဆွဲထားရပါတယ်…အရိုက်ခံမဲ့သူရဲ့ ဗိုက်နေရာမှာ သစ်သားတန်းတစ်ခုကို ကန့်လန့်ခံထားပေးပါတယ်…တန်းကို လူ၂ယောက်ကဟိုဘက်ဒီဘက်
ကိုင်ထားပေးပါတယ်….ရှေ့ကတယောက်ကဆွဲထားတော့ အရိုက်ခံဘို့ကုန်းပေးထားတဲ့ပုံစံပါ…
အချက်၃၀ရိုက်မှာဖြစ်တဲ့အတွက် လက်မလောက်တုတ်တဲ့ဝါးချောင်း ၃၀ ကိုမြေမှာပုံထားရတယ်…
ရိုက်တဲ့သူက တုတ်တခုယူပြီးတင်ပါးကို ရိုက်လိုက် ပြီးရင်တုတ်ကိုခပ်လှမ်းလှမ်းကိုပစ်လိုက် နောက်တစ်ချောင်း
ကောင်ပြီးရိုက်လိုက်နဲ့ တုတ်ကုန်အောင်ရိုက်သွားတာပါ…
အဲလိုနဲ့ သန်းဇော်တို့ကိုကြိမ်ဒဏ်ပေးတာကြည့်ခဲ့ရပါတယ်…ကိုထွန်းဦး၊ယော်စောက်တို့ကိုရိုက်နေတော့
စိတ်မကောင်းဖြစ်ရပါတယ်….ရိုက်ပြီးတာနဲ့လမ်းကောင်းကောင်းမလျှောက်နိုင်ကြတော့ဘူး…ဆေးခန်းထဲခေါ်
သွားပြီး မှေက်ခုံကြီးတွေထားပြီး ဆေးလိမ်းပေးရတယ်….
ပြီးတော့သေဒဏ်ပေးခံရမဲ့ ထောင်မှူးလှမျိုးအောင်နဲ့ အောင်နိုင်တို့ကို သံချောင်းကနောက်ဆုံးအနေနဲ့
ဘာလုပ်ချင်လဲမေးပါတယ်….သူတို့က အရက်သောက်ချင်တယ်ပြောလို့ ကွင်းထဲမှာဘဲ နာရီဝက်လောက်အရက်
သောက်ခွင့်ပေးတယ်….ဆရာတော်ဦးအိန္ဒြာစာရ ကိုပင့်ပြီး သီလဆောက်တည်ခိုင်းတော့ ဆရာတော်က အရက်သောက်ပြီးမှ သီလပေးတာလုပ်ခိုင်းလို့ သံချောင်းတို့ကိုအပြစ်တင်ပါတယ်….
ဆရာတော်ပြန်ကြွပြီးတာနဲ့ နာဂအောင်နိုင်ကို ရဲဘော်၂ယောက်က တွဲခေါ်ပါတယ်…ရေချောင်းလေးကို
ဖြတ်ပြီး အာဆံကုန်း(လူသတ်ကုန်း)ပေါ်ကိုတရွေ့ရွေ့ခေါ်သွားတာမြင်နေရတယ်…ကုန်းထိပ်ကိုရောက်ပြီး မြင်ကွင်း
ကပျောက်သွားပါတယ်….သေနတ်သံမကြားခဲ့ရပါဘူး….
ခဏနေတော့ ထောင်မှူးလှမျိုးအောင်ကိုတွဲခေါ်သွားကြပါပြီ…သူကလမ်းမလျှောက်နိုင်တော့ပါဘူး…
အမူးလွန်သွားသလား…အကြောက်လွန်ပြီး လမ်းလျှောက်မရတော့တာလား…..တခုခုပါဘဲ……
ကုန်းထိပ်ကအပင်လေးတွေနောက်ကိုရောက်သွားကြပြီး ခဏနေတော့ သေနတ်သံတစ်ချက် ကြားလိုက်ရပါတော့တယ်…..
အကျယ်ချုပ်ဘ၀တွေ ကိုဖြတ်သန်းရင်းမြင်တွေ့ခဲ့ရတဲ့ အနိဋ္ဌာရုံတွေပါဘဲ…..
No comments:
Post a Comment