by May Thingyan Hein on Thursday, October 4, 2012 at 7:18am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၄၊ ရန်ကုန်မြို့။
အပိုင်း (၁၁)
ကျနော်အရင်နားလည်ထာတာကကျနော့ထွက်ချက်နဲ့ ဆရာ့ကိုဖမ်းတာ။ ဆရာရေးတာပြန်ဖတ်မှ လွဲနေတာတွေ့ ရတယ်။ ကျနော်မပြောခင်(မထွက်ခင်)ဖမ်းထားတာပဲ။ ကျနော့ကို ရိုက်နှက်စစ်ချိန်ဆရာ့ကိုဆွဲပြီးပြီ။ ကျနော့ကို ဗဟိုက မင်းလူပြောဆိုတော့မခံနိုင်တဲ့အဆုံးတကယ်မရှိတဲ့ မဲဆောက်က ကိုဘအေးဆိုတာပြောတယ်။ နောက်မရဘူး အတွင်းလူပြောလုပ်လာတော့မခံနိုင်ပါဘူး။ ဆရာ့ကို ပြောမိတယ်။ ဆရာနေ၀င်းအောင်ရဲ့နာမည်ကို ပြောမိတာပါ။
နောက်သူက ထပ်မေးလာတာက မိုးသီးဇွန်ထောက်လှမ်းရေးလားတဲ့။ မဟုတ်ဘူးဆိုတော့
မိုးသီးဇွန်ဖက်မှာလည်း မင်းတို့ လူရှိမယ်ဆိုပြီတီိးပြန်ရော။ အဲဒီမှာကိုဌေးနိုင်ကိုပြောမိတာ။ ကိုဋ္ဌေးနိုင်ကိုပြောမိတာကလည်း ကိုဋ္ဌေးနိုင်နဲ့ ဗိုလ်ချုပ်မြရဲ့ အချစ်တော် သန်းဝင်းနဲ့က တော်တော်တွဲတာဗျ၊ ဋ္ဌေးနိုင်ကို ပြောလိုက်ရင် သန်းဝင်းကတော့ ကယ်မှာပဲဆိုတဲ့ အထင်နဲ့ကျနော်က ဋ္ဌေးနိုင်ကိုတော့ ကယ်မဲ့ သူ ရှိတယ်ဆိုပြီး ပြောလိုက်မိတယ်။
စစ်ကြောရေးမှာ ကျော်ကျော်(ကချင်)တို့ ဘာတို့ဆို လက်သံတော်တော်ပြောင်တာ ဟေ့ကောင်စိုးလင်း မင်းလို ကောင်မပြောနဲ့ ထွန်းအောင်ကျော်လို့ ဆင်ကြီးတောင်ငါတို့က ခုတ်လာတာလို့ ပြောပြောပြီး ချတာ။ အဲလို ပြောတာ ဆိုတာတွေလည်း အမြဲကြားရတယ်။
နောက်တခါ ကျနော့်ကိုချုပ်တဲ့ ခွေးအိမ်လေးပေါ့။ အဲဒီအိမ်က ခွေးတကောင်လိုပဲ အိပ်ရင် ခြေထောက်ကို ခေါက်ပြီး အိပ်ရတာ ကျဉ်းကျဉ်း ကြပ်ကြပ်နဲ့ နေရတယ်။ အဲဒီ ခွေးအိမ်လေးထဲမှာ အပေါ့အပါးစွန့်တဲ့ ဟာတွေရော အစားအသောက်ထည့်ကျွေးတဲ့ ပန်းကန်တွေရော ဘာတွေရော အဲလို ကပ်ပြီး နေရတာ။
အဲဒီ ကျနော့်ကို ထားတဲ့ အိမ်နဲ့ သူတို့ ထမင်းစားတဲ့ အဆောင်နဲ့က မလှမ်းမကန်းဆိုတော့ သူတို့ထမင်းစားဆောင်က အချို့အသံတွေကို ကျနော်ကြားရတယ်။
ဘာတွေကြားရလဲဆိုတော့ ကိုနေ၀င်းအောင်ကို ဖမ်းပြီးတော့ ပြောတာတွေ၊ ကိုဋ္ဌေးနိုင်ကိုဟိုဘက်မှာ ဖမ်းတဲ့အကြောင်းတွေ သူတို့ချင်းပြောတာတွေ ကျနော်ကြားရတယ်။
သူတို့ကလည်းဗျာ တယောက်ဆိုရင်လည်း မကျေနပ်တယောက်ဆိုရင်လည်း မကျေနပ် ထပ်ဖော်ခိုင်းတာ။အဲဒီမှာ ကျနော်ဘာစဉ်းစားမိလဲဆိုတော့ ခုလိုပဲ ဆိုရင် ငါတယောက်ပြော တယောက်ဖမ်း တယော က်ပြော တယောက်ဖမ်းနဲ့ မကောင်းတော့ဘူးဖြစ်ချင်ရာ ဖြစ်တော့ကွာ မထူးတော့ဘူး လူအများကြီး ငါပြောလိုက်တော့မယ်ဆိုပြီးတော့ အမှန်တော့ သူတို့ လူဒီလောက်များရင် မဖမ်းနိုင်တော့အောင်လည်းပါတယ်။ အဲဒီမှာ ကျနော်က ဒု-ဥက္ကဌကျော်ကျော်(မင်းသမီး)ကစပြီး ကိုဒီ။ အောင်သူစသည်ဖြင့်ထပ်မဖမ်းတော့အောင် နာမည်တွေလျှောက်ပြောပစ်တာ။ ဘယ်သူတွေကို ပြောမိတယ်ဆိုတာမှတ်ထားတယ်။
ဂလိုဗယ်ပို့စ်မှာ ဒေါက်တာနိုင်အောင် ပြောခဲ့သလို မြောက်ပိုင်းထက်များတယ်ဆိုတာမဟုတ်ပါဘူး။ ဘယ်သူတွေကို ကျနော်ပြောခဲ့တယ်ဆိုတာ ကျနော်မှတ်မိပါတယ်။ အထူးသဖြင့် ပြည်တွင်းက လူတွေကိုပိုပြောခဲ့တယ်။ချိုတူးဇော်ဆိုရင် ကျနော်ထောက်လှမ်းရေးလို့ ပြောခဲ့တာ သူ့ကို ကျနော်က မင်းကိုငါ ထောက်လှမ်းရေးလို့ ပြောခဲ့တာ ဆိုတော့ ဒီကောင်က ရယ်နေတယ်။နောက် ကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသား) ဆိုရင်လည်း မြောက်ပိုင်းရော တောင်ပိုင်းမှာရော ထောက်လှမ်းရေး နာမည်ထွက်ပြီးသား။ ဒါကို ကိုကိုကြီး မသိဘူး။ ကျနော်တို့မှာ အဲလို ထွက်ခဲ့ရတာတွေ အများကြီးပဲ။
တခါတလေကျစဉ်းစားမိတယ်။ လုပ်တဲ့လူတွေထဲမှာ ထောက်လှမ်းရေးများပါသလားလို့ အဲလိုကို တွေးမိတော့တာ။ဆရာ့ဆိုအပိုင်ကြိုဖမ်းထားတာ။
မြောက်ပိုင်းဗီဒီယိုခွေဆို တမင်ကိုကြားအောင်ဖွင့်ပြသလားတွေး မိတာ။နောက်ဆုံးအဲလိုမတွေးသင့်ဘူး
သံသယတွေထားလို့ မှားကြတာ။ဒါဟာ တိုက်ဆိုင်မှုတွေလို့ ထားလိုက်တယ်။
နောက် ကျနော်တို့ကို ထောက်လှမ်းရေးလို့ ၀န်ခံခိုင်းပြီးမှ ကြားထဲမှာ ဒေါက်တာနိုင်အောင်က နိုင်ငံခြားသူတယောကို ခေါ်လာခဲ့သေးတယ်။ ဟိုလိုပေါ့ဗျာ၊ ကျနော်တို့ကို ဗီဒီယိုဖိုင်ရိုက်တယ်ဗျ။ အဲဒီလို ရိုက်ပြီးတော့ ဟိုဟာမေး ဒီဟာမေးပေါ့ဗျာ။ အဲဒီမှာ ကျန်တဲ့သူ သုံးလေးယောက်ကိုတော့ မေးပြီးရင် ပြန်ပို့တယ်ဗျ၊ ကျနော့်ကိုတော့ မေးပြီး ပေမဲ့ ပြန်မပို့တော့ဘူး။
ပြီးတော့ မုန့်တွေဘာတွေ ချကျွေးပြီး ညီလေးရာ…တဲ့ …မင်းရင်ထဲမှာ တခုခုတော့ ရှိလိမ့်မယ်..တဲ့ရ အဲလို ဆိုပြီး ကျနော့်ကို စကားတွေဘာတွေပြောတယ်။ ကျနော့်မှာလည်း မုန့်လည်း စားတာပေါ့၊ ပြီးတော့ ဥက္ကဋ္ဌ ကိုခုမှ ပြန်တွေ့ရတာဆိုတော့ ကျနော်ကလည်း ဒါအခွင့်ရေးပဲလို့ မှတ်တာပေါ့။
“ဟုတ်တယ် ကျနော့်ရင်ထဲမှာ ရှိတယ်ဗျာ … ကျနော် မဟုတ်ဘဲနဲ့ ခံရတာ၊ ကျနော် ရိုက်နှက်တဲ့ ဒဏ်မခံနိုင်လို့ ၀န်ခံလိုက်ရတာ တကယ်ထောက်လှမ်းရေး မဟုတ်ပါဘူး ဗျာ“…လို့ ကျနော်က ပြောတယ်။ အဲတော့ သူက ထွန်းအောင်ကျော်ကော တဲ့…ကျနော်ကလည်း ကိုထွန်းအောင်ကျော်ကလည်း ထောက်လှမ်းရေး မဟုတ်ပါ ဘူးဗျာ လို့ ပြောတယ်၊ အဲတော့ သူက ကိုချိုကြီါ်ရောတဲ့….အဲလို အများကြီးပဲမေးတော့ ကျနော်က မပြောနိုင်တော့ဘူး လို့ ကျနော်က ပြောတော့ သူက လက်ဖျောက်တီးတာ သူ့ပုံဆန်ကို ကျနော်မှတ်မိနေသေးတယ်။
အဲဒီလို လက်ဖျောက်လည်း တီးလိုက်ရော ဒုတ်တွေ ၀င်လာတာ တန်းစီးပြီးတော့ စစ်ကြောရေးမှာ လက်သံပြောင်တဲ့ ရဲဘော်တွေပေါ့၊ လက်ထိပ်နဲ့ တန်းလန်းကိုတညလုံး ရိုက်တာဗျာ။ တညလုံးကို ရိုက်တာ။
အဲဒီနောက်တော့ ကျနော့်ကို အပြင် သိတ်မထုတ်တော့ဘူးဗျာ၊ တိုက်ပိတ်သလို ဒဏ်ပေးတာပေါ့၊ အဲလိုပေးပြီး သိပ်မကြာဘူး ကျနော်တို့ကို လာပြောတယ် မင်းတို့ကို တရားရုံးထုတ်တော့မယ် ရီးတီးရားတား သိပ်မလုပ်နဲ့ ရုံးထုတ်မယ်ဆိုတော့လိုက်သွားရတာပဲ။
အဲဒီမှာ မှတ်မှတ်ရရ ပြောစရာရှိသေးတယ်။ ကျနော်တို့ကို ရုံးထုတ်တဲ့ နေရာနဲ့ ထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတယ် ဒါးဂွင်ကိုသွားတာ စက်လှေပေါါ်တက်တက်ခြင်း စစ်ရေးလေ့လာသူ ကိုဋ္ဌေးအောင် ကျနော့်နား ကပ်ပြီး ခွေးမသားတဲ့ ရီးတီးယားတားတော့ မလုပ်နဲ့တဲ့ …ကောင်းကောင်းဖြေတဲ့ ဒီတခါ မဟုတ်ဘူးပြောရင် မင်းပြန်လာရင် အသက်မပါစေရဘူးတဲ့…သူ ကျနော့်ကို ကပ်ပြောတဲ့ စကား မှတ်မိနေပါသေးတယ်။
တရားရုံးရောက်တော့ဗျာ မှန်ကန်စွာထွက်ဆိုပါမယ် ဘာညာဆိုခိုင်းတယ်။ ဘာမှကို ချေပခွင့်မရဘူး။ ဟုတ်သလား ဆိုရင် ဟုတ်ပါတယ် ခင်ဗျာ့ပဲ ဖြေရတယ်။
တကယ်တော့ ကျနော်အပါအဝင် စွပ်စွဲအဖမ်းခံရသူအားလုံးဟာ မျှတတဲ့တရားစီရင်မှုကို မရခဲ့ကြပါဘူး။ အတင်းရိုက်နှက်ဝန်ခံခိုင်း အတင်းဗွီဒိယိုရိုက်၊ အတင်းထောင်ချ၊ ပြောရမယ်ဆိုရင် ပြည်တွင်းက စစ်အစိုးရလက်ထပ်မှာ မတရားစွပ်စွဲပြီး အပြစ်ပေးခံခဲ့ရတဲ့ ကိုသန်းဇော်(သံလျင်)ကိုမြင့်အေး၊ ကိုဖြိုးဝေအောင်တို့နဲ့ ဘဝတူတွေပါ။ ဘာရှင်းပြခွင့် ဘာချေပခွင့်မှ မရခဲ့ကြပါဘူး။
အဲဒီမှာ ကျနော့်ကို ထောင် ၁၀ နှစ် ချလိုက်တယ်ပေါ့ဗျာ။
အပိုင်း(၁၂)
ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီအဖြစ်ပျက်တွေဟာ ဦးဆောင်သူ တစ်ချို့ရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်ခဲ့ရတာ။ အဖွဲ့အစည်းနဲ့ လုံးဝမဆိုင်ဘူး။ အေဘီဆိုတာ ကျောင်းသားသမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့တဲ့ အဖွဲ့အစည်း၊ ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့တဲ့ အဖွဲ့အစည်း၊ မော်ကွန်းသစ်ရေးထိုးခဲ့တဲ့ အဖွဲ့အစည်းပါ။ အဲဒါကိုတော့ ခွဲခြားပြီး မြင်ဖို့ ကျနော်ပြောချင်ပါတယ်။
အဲဒီမှာ ကျနော့်ကို ထောင် ၁၀ နှစ်ချလိုက်ပြီးတော့ပေါ့ဗျ …အဲဒီ ဒါးဝန်ကနေ စစ်ထပ်ပူတယ်ဗျ။ မာနယ်ပလောကျသွားတော့ စစ်ပူပြီးတော့ ကျနော်တို့ ဘယ်ကိုပြောင်းရလဲ ဆိုတော့ ကရင်နီနယ်ကို ပြောင်းရတာပေါ့။ ပြောင်းရတော့ ကျနော်တို့ရက်တွေ လတွေတော့ မမှတ်မိတော့ဘူးဗျ။ ကျနော်တို့က ထောင်ကျနေတော့ အကုန်လုပ်ရတာဗျ။
အိမ်တွေဘာတွေ ဆောက်တာတို့ ဆရာနေ၀င်းအောင်ကတော့ ထမင်းဟင်း ချက်ပေးရတယ် သူတို့ကို ကျနော်ကျတော့ သူတို့ရဲ့အကျီာင်္ဘောင်းဘီ…ဒိုင်ခံပြီးတော့ အကုန်လျှော်ပေးရတယ်။ ကိုမြင့်ဦးတို့ ကိုထင်ကျော်တို့ကိုလည်း သူတို့အဲလိုပဲ ဟိုခိုင်း ဒီခိုင်း ခိုင်းတာပေါ့ဗျာ။
အဲဒီမှာ သစ်ပင်လှဲတာ၊ လွှဆွဲတာ၊ မြေပေါက်တာ တော်တော်များများ ကျနော် လုပ်တတ်သွားတယ်။ အဲလို လုပ်ရင်းနဲ့ အသားကျသွားတော့ သူတို့က ကျနော်တို့ကို မပြေးလောက်ဘူးလို့ ထင်ပုံရပါတယ်။ သိပ်မကြပ်တော့ဘူး နေရတာ။ အရင်တုန်းကတော့ သူတို့က အဆောက်အဦးတွေကို အခိုင်အခန့်ဆောက်တာဗျ၊ ကရင်နီနယ်ကို ပြောင်းရတော့ သူတို့က ကိုယ်နေမဲ့ အဆောက်အဦး ကိုယ်ဆောက်ဆိုပြီး ကျနော်တို့အတွက် အချုပ်ခန်းကို ကိုယ့်ဟာကိုယ်ဆောက်ရတယ်။
အဲဒီမှာ ကျနော်က ဘုရားတရားရှိတာတောင်မှ ဒီလောက် ပရိတ်ရွတ်တာတောင်မှ ငါ ဒီလို ခံရတာ၊ ဒါဟာ ၀ဋ်ပဲ၊ အဲတော့ သူတို့ လွှတ်တဲ့နေ့ ငါပြန်မယ်ဆိုပြီး ပြေးဖို့ကို မကြိုးစားခဲ့တာ။ သူတို့ ခိုင်းရင် လုပ်ပေးတယ်၊ ဒေါသလည်း မဖြစ်ဘူး။ ကိုထင်ကျော်တို့ ဆရာတို့တခါတလေ ဒေါသဖြစ်တယ်၊ ကျနော် မဖြစ်ဘူး။ အဲလို ဆိုတော့ သူတို့ ပြေးဖို့ကြံတော့ ကျနော့်ကို မတိုင်ပင်ဘူး။ သူတို့ကလည်း ကျနော့်ကို ဒီကောင်က အဖွဲ့အစည်းကို စိတ်မနာဘူး ပြေးဖို့ တိုင်ပင်ရင် ပေါက်သွားလိမ့်မယ်ဆိုပြီး မတိုင်ပင်ခဲ့ကြဘူး။
ဆရာနေ၀င်းအောင်ကိုတော့ သူတို့က ချွင်းချက်အနေနဲ့ ၂ လတခါ ဆရာကတော် ဆရာမနဲ့ တွေ့ခွင့်ပေးတယ်။ပြေးဖို့ ဆရာမကလည်း ကြံစည်တာပေါ့နော်။ ဘယ်ရောက်ဘယ်နေ့ ဘယ်နေရာက စောင့်မယ်ဆိုပြီးတော့ပေါ့နော။
ပြေးမဲ့ နေ့မှာ ဆရာက ထမင်းချက်တော့ အဲဒီနေ့က ငါးသလောက်ဟင်းချက်တယ်။
ဆရာက ကျနော့်ကို ပြောတာ ကျနော်တို့ ပြေးတော့မယ်တဲ့…ခင်ဗျားကို ကြိုမတိုင်ပင်မိတာတောင်းပန်တယ်တဲ့…ဘာကြောင့်လဲဆိုတော့ ခင်ဗျားဆီကနေ ပွင့်မှာကြောက်တယ်၊ ခင်ဗျားက အဖွဲ့ကိုသွားပြောမှာလည်း ကြောက်တယ်တဲ့။ ခုကျတော့လည်း မထားခဲ့ရက်ဘူးတဲ့။ အဲတော့ခင်ဗျားလိုက်မှာလားတဲ့…။ လိုက်မှာလား မလိုက်ဘူးလား ဆိုတာ တထိုင်တည်း ဆုံးဖြတ်တဲ့…။
၎ ယောက်ချုပ်ထားတာ ၃ ယောက်ထွက်ပြေးရင် ကျန်တဲ့ တယောက်က သေမှာ ဆိုတော့ ကျနော်လည်း လိုက်မယ်ဆိုပြီးတော့ အကျီာင်္အ၀တ်အစားလေး ကောက်ယူပြီးတော့ လိုက်တာပေါ့နော်။
ကျနော်တို့မှာ ပြဿနာက ဘာလဲဆိုတော့ ကရင်နယ်မြေဆိုရင်လည်း ကိုမြင့်ဦးတို့ ကိုထင်ကျော်တို့က ကျွမ်းတယ်ဗျ။ ပြဿနာမရှိဘူး။ ခုဟာက ကရင်နီ နယ်မြေဖြစ်နေတော့ ကျနော်တို့ အကုန်လုံးအတွက် အသစ်ဖြစ်နေတာ။ကံကောင်းတာက မြင့်ဦးက ရွာသားလေးဗျ။ မြန်မာစာကို မရေးတတ်ဘူး။
သူက လမှောင်ရင်လည်း သူသွားတတ်တယ်ဗျ။ အဲတော့ သူ ဦးဆောင်တာပါပဲ။ သူက ရှေ့က သူ့နောက်က ဆရာနေ၀င်းအောင် ပြီးတော့ကိုထင်ကျော်၊
ကိုထင်ကျော်က ခြေထောက်မသန်ဘူး။ ကျနော်က ကိုထင်ကျော်ကို ခဏခဏ စောင့်စောင့်ခေါ်ရတယ် သူက ခဏခဏလဲတယ်။
အဲဒီမှာ ပြေးရင်းပြေးရင်း သွားရင်းနဲ့ပဲ ဆရာ့အမျိုးသမီးနဲ့ ချိန်းထားတဲ့ နေရာကို ကျော်ပြီးတော့မှ ကျနော်တို့က ထိုင်းနိုင်ငံအတွင်းပိုင်းထဲအထိ ရောက်သွားတာ။ ရောက်သွားတော့ ကျနော်တို့မှာ ပိုက်ဆံလည်း ပါမလာကြဘူး၊ ဆရာမပေးသွားတဲ့ ၁၀ ဘတ်ကျော်ကျော်လောက်ပဲ ဆရာ့မှာပါလာတယ်။ အဲတော့ကျနော်တို့ကားလမ်းကြီးတခုရဲ့ အောက်ကရေမြောင်းလေးနားမှာ ပုန်းပြီးတော့ မုန့်စားပြီးတော့ တိုင်ပင်ကြတာပေါ့ဗျာ။
နောက်အဲဒီချောင်းလေးထဲ ရေချိုးပြီးတော့ ကားတကားတွေ့တာနဲ့တက်စီးလာကြတာ မယ်ဟောင်ဆောင်သွားတဲ့ ကားဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကမယ်ဟောင်ဆောင်မြို့ပေါ်ထိ မလိုက်ရဲဘူး။ ကျောင်းသားက မဲဆောက်တို့ မယ်ဟောင်ဆောင်တို့ထိ လက်တံရှည်တယ်လေ။ အဲတော့ မြို့ပေါ်မရောက်ခင်မှာ ဘုန်းကြီးကျောင်းလေးတကျောင်းနားမှာ ဆင်းနေခဲ့ကြတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ တည တည်းခိုခဲ့ကြပြီးတော့ ဘုန်းကြီးကလည်း အလုပ်ရှာချင်ရင် ဒီအချိန်ကစပါးရိတ်ချိန်တဲ့ အလုပ်လိုချင်ရင် ဒီရှေ့ကနေဆက်သွားရင် ထိုင်းလယ်ကွင်းတွေ ရှိတယ်။ အဲဒီမှာ အလုပ်သွားတောင်း အလုပ်သွားရှာဆိုလို့ ကျနော်တို့ကလည်း အဲဒီကို သွားကြတာပေါ့နော။
အဲဒီမှာ မျက်စိတဆုံး လယ်ကွင်းတွေ ချည်းပါပဲ ရင်ခေါင်းလောက်ရှိတဲ့ ချောင်းကို ဖြတ်ပြီးတော့မှ ကရင်အဖိုးကြီး အဖွားကြီး လင်မယားနဲ့ တွေ့ပြီး အလုပ်ပေးတယ်။ အဲဒီမှာ ကျနော်တို့ ၄ ယောက် စပါးချွေရတာပေါ့။ တထုံးကို တစ်ဘတ်ရတာပေါ့။ အဲလို စပါးချွေရင်းနဲ့ပိုက်ဆံရတော့ နောက်တဆင့်တိုးမယ်ပေါ့ဗျာ။ ဒီကနေ အနီးဆုံးမြို့ ချင်းမိုင်ကိုသွားမယ်ပေါ့။ ချင်းမိုင်မှာ ဆရာမ(ဆရာနေ၀င်းအောင်ရဲ့ ဇနီး)ပေးထားတဲ့ ဖုန်းနံပတ်လည်းရှိတယ်။
ဆရာက ကိုစိုးလင်း ဒီဖုန်းနံပတ်ကို ခင်ဗျားလည်း အလွတ်ကျက်၊ ကျနော်လည်း အလွတ်ကျက်မယ်၊ ခင်ဗျားနဲ့ ကိုထင်ကျော်က တတွဲ၊ ကျနော်နဲ့ မြင့်ဦးက တတွဲ့ ကားလည်း ခွဲစီးမယ်ဆို တကယ်လို့ အဖမ်းခံရရင်လည်း ဘယ်သူ့ကို ဖမ်းဖမ်း မသိချင်ယောင်ဆောင် ချင်းမိုင်ကိုရောက်အောင်သွား ချင်းမိုင်ကိုရောက်ရင် ဖုန်းဆက် ဆိုပြီးတော့ အဲလိုနဲ့ ကျနော်တို့ လူစုခွဲပြီးတော့ ကားတက်စီးတာပေါ့။
အဲဒီမှာ ကားခွဲစီးပြီး လူခွဲလိုက်ပေမဲ့ ပိုက်ဆံ မခွဲလိုက်မိဘူး ဆရာ့ထဲမှာပိုက်ဆံပါသွားတာ။ ကျနော်နဲ့ ကိုထင်ကျော်မှာ ၁၀ ဘတ်လားမသိဘူး အဲလောက်ပဲ ပါတယ်။ အဲဒါနဲ့ စွန့်ပြီးတော့ ဖုန်းဆက်မယ်ဗျာ ဆိုပြီးတော့ ဖုန်းဆက်ပေမဲ့ ဆရာမလည်း လွဲတယ်ဆိုတော့ စိတ်ပူပြီး ပြာနေလားမသိဘူး။ ဖုန်းမကိုင်ဘူး။ အဲဒါနဲ့ ကျန်တဲ့ ပိုက်ဆံနဲ့ ကျနော်နဲ့ကိုထင်ကျော် ကောက်ညင်းပေါင်းနဲ့ အကြော်ဝယ်စား ပြီးတော့ လမ်းဘေးကတဲထဲမှာ ရေသောက်နေကြတယ်။အဲဒီတဲမှာပဲ ဒီညအိပ်မယ် မနက်ဖြန်တော့ အလုပ်လိုက်ရှာမယ်ဆိုပြီး အဲဒီတဲမှာပဲ အိပ်ကြတယ်။
ကျနော်တို့ အလုပ်လိုက်တောင်းတယ်ဗျ။ လိုက်တောင်းပေမဲ့ မောင်းထုတ်တယ် ကျနော်တို့ကို။ ကျနော်တို့က သူများသာ ပြောနေတာ ကိုယ့်ကိုယ်ကို ပြန်မကြည့်မိကြဘူး။ မှန်လည်း မရှိဘူးလေ။ ဘယ်မှာမှ ကိုယ့်အခြေအနေကိုယ်သိလဲဆိုတော့ ဘုန်းကြီးကျောင်းတကျောင်းဝင်တော့ ကိုရင်လေးတွေက တံမြက်စည်းနဲ့ လိုက်ရိုက်တယ်။ အဲဒီအချိန်ကျမှ ကျနော်တို့ ရုပ်တွေ တော်တော်စုတ်ပြတ်နေပြီဗျာ၊ ဘယ်ကမှလည်း အလုပ်မရနိုင်တော့ဘူး။ နောက်ဆုံး စားဖို့အတွက် ကျနော်တို့ ထိုင်းရဲ ဖမ်းတာ ခံလိုက်တော့မယ်ဗျာလို့ ကိုထင်ကျော်ကို့ညည်းမိတယ်။
အဲဒါနဲ့ ထိုင်းလ၀က မှာ ဥပဒေရှိတယ် လူဝင်မှုနဲ့ ဖမ်းလို့ရှိရင် ၂၈ ရက်ထောင်ချတယ်။ ဘတ် ၂ ထောင်ပေးရင် လွတ်တယ်။ ကျနော်တို့က စားစရာလည်း မရှိနေစရာလည်း မရှိတော့ ထောင်ကျခံလိုက်တယ်။
မှတ်မှတ်ရရ ကျနော်တို့ ချင်းမိုင်ထောင်မှာပဲ ထောင်အကျခံတဲ့နေ့က တမြို့လုံးမီးရူးမီးပန်းတွေနဲ့ တဒိုင်းဒိုင်းနဲ့ လွှင့်နေတာ ဘာလဲ…လို့ ကျနော်တို့က မေးတော့၊ ရှေ့မှာ ထောင်ကျတဲ့ သူတွေက ပြောတယ်။
ဆီးဂိမ်း…တဲ့ဗျ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment