by May Thingyan Hein on Tuesday, October 16, 2012 at 8:46am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၁၆၊ ရန်ကုန်မြို့။
အပိုင်း(၃)
အဲဒီအချိန်မှာ မန္တလေးကနေ ကိုရော်နိုင်အောင်နိုင်ကလည်း ABSDF ကျောင်းသား တပ်ရင်း(၄၀၁)နဲ့ ချိတ်ဆက်ပြီး လုပ်နေတာ ကိုစိုးလင်းတို့နဲ့ အတူတူပဲ လုပ်နေကြတာ။ ကျနော်ကလည်း သူတို့နဲ့အတူတူလုပ်နေတာပဲ၊ ကျောင်းသားတပ်ရင်း (၄၀၁) ကိုလည်း လူငယ် လေး ငါးယောက်လောက် ရောက်သွားခဲ့ပြီးပြီ။
ကျနော်ကိုယ်တိုင်ကလည်း လက်နက်ကိုင်ဖို့ တောထဲ သွားချင်တယ်။ အဲဒီလိုအချိန်မှာ န၀တကလည်း လာမေးတာ လာ စစ်တာတွေကို သည်းမခံချင်တော့ဘူး။ အဲဒီလို အချိန်ကာလမှာပဲ အာဇာနည်နေ့ ပန်းခွေချတဲ့ ကိစ္စတွေကလည်း ဖြစ်လာတယ်၊ နောက် ထောက်လှမ်းရေးလို့ ယူဆလို့ရတဲ့ သူအချို့ကလည်း ကျနော့်နောက်ကို လိုက်ပြီး ဖမ်းဆီးဖို့ ကြိုးစားတယ်လို့ ယူဆမိတယ်။
အဲဒါနဲ့ ကျနော် အချုပ်အနှောင်မခံချင်တာလည်း ပါတယ်၊ တောခိုဖို့ စဉ်းစားလိုက်တယ်။
ကျနော့်မှာ ရည်းစားရှိတယ်၊ ချစ်သူ ရှိပေမဲ့ အဲဒီအချိန်တုန်းကတော့ ကျနော့်အတွက် အရေးကြီးဆုံးက နိုင်ငံရေး ဖြစ်သွားတယ်။
နိုင်ငံရေးကို မသိခင်တုန်းက ပတ်သက်မှု မရှိခင်တုန်းကတော့ ကျနော့်အတွက် သူက အရေးကြီးဆုံးပဲ၊ နောက်တော့ နိုင်ငံရေးလှုပ်ရှားမှုတွေလုပ်လာတော့ ကျနော့်အတွက်က သူ့ကို သတိမရဘူး မဟုတ်ဘူး၊ သတိရတယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်ရမယ်ဆိုတဲ့ အသိက ဦးစားပေးဖြစ်နေတယ်။
အဲဒါကြောင့် ကျနော် ထွက်လာတော့ သူ့အတွက် စာတစောင်ရေးပေးခဲ့တယ်။ သွားပြီပေါ့လေ တချိန်ချိန် ပြန်ဆုံကြမယ်ဆိုပြီး စာရေးပေးခဲ့တယ်။ အဲဒီစာက ကိုတိတ်ဆီမှာ ထားခဲ့တယ် သွားပေးပေးပါပေါ့။
အဲဒီမှာ တကယ်တော့ ကျနော်က တကယ်သွားချင်တာက ရှမ်းပြည်ဘက်ကို သွားချင်တာဗျ၊ ဒေသခံလက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ တွဲနေတဲ့ ၄၀၁ ကိုသွားချင်တာ၊ အဲဒီဘက်မှာက လူအင်အားလည်း နည်းတယ်ပေါ့။ ကျောင်းသား အင်အားလည်း နည်းတော့ ကျနော် ဦးတည်တာက ၄၀၁ ကိုပါ၊ ဒါပေမဲ့ အဲဒီအချိန်တုန်းက ၄၀၁ က အခြေအနေမကောင်းဘူး။ အဲဒါနဲ့တကယ်တမ်း ထွက်ဖြစ်တော့ မြောက်ပိုင်းဖြစ်သွားတာပေါ့။
ကျနော်နဲ့ ဘိုဘိုနဲ့ အတူတူ ထွက်ဖြစ်ကြတယ်။ ကျနော်တို့ လားရှိုးကို ရောက်တယ်။ မူဆယ်- တရုတ်ပြည်- ရွှေလီပေါ့။ရွှေလီကနေ ရင်ကျန်မြို့လေးကို ရောက်တယ်၊ အဲဒီကမှာ တညအိပ်ပြီးတော့မှ ဆက်ထွက်ဖြစ်တယ်။ တရုတ်ပြည်အပိုင်ထဲမှာ KIA မိသားစုတွေ နေကြတဲ့ ရွာလေးတွေကို ဖြတ်ရတယ်။
နောက် KIA ဆေးရုံရှိတဲ့ နေရာကိုဖြတ်တယ်၊ အဲဒီတုန်းက အဲဒီမှာ ကျောင်းသားတယောက်ဆေးရုံတက်နေရတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပေါင်မှာ ဆေးထိုးမှားပြီး ဆေးက ခဲသွားတာ။ ခဲပြီးတော့ ပြည်တည်လှိုက်စားပြီး ၄ ရက်လောက်ကြာတော့ ဆုံးသွားတယ်လို့ ကြားတယ်။
အဲဒီကနေ ဆက်တက်တော့ နယ်ခြားကျောက်တိုင်လေး ကျော်လိုက်တာနဲ့ KIA ဂိတ်ကို စတွေ့ရတယ်။ ဆက်သွားတော့ ကျောင်းသားတပ်ကို ရောက်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကျောင်းသားတပ်ကို ရောက်တယ်ဆိုတော့ ပျော်တာပေါ့။ အဲဒါက ၁၉၈၉ ခုနှစ် ဇူလိုင်လထဲမှာပါ။
အဲလိုရောက်သွားတဲ့အချိန်တုန်းက ကျောင်သားတပ် ABSDF ရဲ့ ဥက္ကဋ္ဌ က ကျော်ကျော်၊ အတွင်းရေးမှူးက မျိုးဝင်း၊ ဘဏ္ဍာရေးမှူးက ကိုအောင်ကြီး၊ ဦးစီးလွှမ်းမိုး၊ ဦးစီး လှဋ္ဌေး၊ နောက် ဦးစီးနေဒွန်းပေါ့။
ရောက်ရောက်ချင်း တွေ့ရတာက ကိုမျိုးဝင်းပဲ။ သူက မြို့ပေါ်က အခြေအနေတွေကိုမေးကြတယ်ပေါ့လေ။
ကိုမျိုးဝင်းက ဆံပင်ထူထူ ခေါင်းကြီးကြီးနဲ့ မျက်နှာပေါက်ကလည်း ရှုသိုးသိုးမှိန်တေတေနဲ့ နားထင်ချိုင့်ချိုင့်ပေါ့။
လူတယောက်ကို ဟက်ဟက်ပက်ပက်ပြောတာ ဆိုတာမျိုးလည်း မရှိဘူး။ သူ သိချင်တာကို သူမေးမယ်၊
သူပြောချင်တာကို ပြောမယ်၊ အဲလောက်ပဲ စကားလည့်း သိပ်အများကြီး မပြောဘူး။
အင်း …ကိုထွန်းအောင်ကျော်နဲ့တော့ မတူတာ အမှန်ပဲ။ ကိုထွန်းအောင်ကျော်က ကျနော် တောထဲမသွင်းခင် ရန်ကုန်လာသေးတယ်။ ကိုထွန်းအောင်ကျော်က ပြုံးပြုံးနဲ့ အေးအေးဆေးဆေးပဲ၊ စကားကိုလည်း လေးလေးနက်နက်ပြောတယ်၊ လေးလးနက်နက် နားထောင်ပေးတယ်။
ပြောရရင်တော့ဗျာ မြင်မြင်ချင်း အကိုတယောက်ကို အားကိုးချင်တဲ့စိတ်ဝင်လာတတ်တဲ့ ပုံမျိုးပါ။
ကျနော်တို့က ကိုထွန်းအောင်ကျော်တို့ ကိုရော်နယ်အောင်နိုင်တို့ကိုစိုးလင်းတို့ထက် အရင်တောထဲ ထွက်ခဲ့တာကို၊ကိုထွန်းအောင်ကျော်ကို အရင်မြင်ခဲဖူးပြီးမှ ကိုမျိုးဝင်းကို မြင်ခဲ့ရတာ။
အဲတော့ ရောက်ရောက်ချင်းတော့ ဗဟိုကော်မတီကုန်းမှာပဲ တရက် နှစ်ရက်လောက် နေရသေးတယ်၊ စားတာသောက်တာလည်း သူတို့နဲ့ အတူ ရောစားခဲ့ရသေးတယ်။
ကျနော် စရောက်တဲ့အချိန်တုန်းက ဗဟိုမှာ လူသိပ်မရှိဘူး၊ ရှေ့တန်းတွေ ရောက်နေကြလို့ ရဲမေတွေလည်း သိပ်မရှိဘူး။ အကုန်လုံးလိုလိုက ရှေ့တန်းရောက်နေကြတယ်။
ဗဟိုမှာက ကော်မတီရုံးရှိမယ်၊ အတွင်းရေးမှူးတဲတို့ စစ်ရုံးတို့၊ စခန်းမှူးတဲတို့ မိန်းကလေးဆောင်တို့ ရိက္ခာထုတ်ရတဲ့ နေရာတို့…ဒါတွေပဲ ရှိတယ်။ အဲတုန်းက ဗဟိုမှာက အဲလောက်ပဲ။
ကျနော်တို့ကလည်း သင်တန်းတက်ဖို့ရှိတော့စခန်းမှူးတဲနားက ဘားတိုက်ကြီးနား ဆင်းနေကြရတယ်။ လေးငါးရက်လောက် ထိနောက်လူတွေကို စောင့်ရတယ်။ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်းဘက်က တက်လာတဲ့ လူတွေကို စောင့်ရတာပေါ့။
အဲဒီမှာ ကျနော်တို့နဲ့ အပတ်စဉ် (၅) သင်တန်းတက်ဖို့ အတူရှိနေတာက ကိုညီညီကျော်၊ကိုမြင့်ကျော်၊ ကိုရန်ရှင်း၊ ကိုအောင်ကျော်၊ ကိုသန်းထွန်းစိုး တို့ပေါ့ အဲဒီမှာ သင်တန်းတက်ဖို့ စောင့်ရင်းနဲ့ လူကလည်း ၂၀ လောက်ဖြစ်လာတယ်။
အဲလို စောင့်ရင်းနဲ့မှ တပ်အကြောင်းကိုနည်းနည်း သိလာရတယ်၊ စားစရာမရှိဘူးပေါ့၊ မျှင်ငါးပိလေးနဲ့ ဟိုအရွက် ဒီအရွက်လေးတွေ ရှာပြီးတော့ စားရတာမျိုးပေါ့ ၊ ရဲဘော်၊ ရဲမေတွေက အစားဆင်းရဲတယ်။ သေချာ ကျကျနန ရိက္ခာဖြည့်ဝေတယ်ဆိုတဲ့ စနစ် မတွေ့ရဘူး။
ရဲဘော်၊ ရဲမေတွေနဲ့ ကိုမျိုးဝင်းတို့လို တာဝန်ခံတွေ အစားအသောက်တွေကလည်း ကွာတယ်။ အနေအထားတွေလည်း ကွာတယ်။ ခရိုင်မှူးတွေဘာတွေလည်း
တရုတ်ပြည်ထဲသွားပြီး ပိုက်ဆံသုံးကြတာ သုံးနိုင်တာမျိုးတွေ ရှိတယ်၊ ရဲဘော်ရဲမေတွေလက်ထဲမှာ တပြားမှ မရှိဘူး၊ စားစရာလည်း တကယ်ကို မရှိခဲ့ဘူး။
ဒါမျိုးတွေအပြင် ရန်ကုန်မန္တလေးကလာတဲ့ သူတွေအနေနဲ့ ဒီထဲမှာ အရမ်းကြီး တပ်ပုံစံ ဖိစီးတာကို မကြိုက်ကြဘူး။ ဒီမိုကရေစီ ကျောင်းသားတပ်လို့ ပြောတဲ့အတိုင်း လွပ်လပ်ခွင့်ရှိစေချငတယ်။ ပြောခွင့်ရှိစေချင်တယ်။
လက်နက်ကိုင်တော်လှန်ရေးလုပ်နေတော့ တပ်ပုံစံသွားရမှာ မှန်ပေမဲ့ တကယ့်တသွေးတသံတမိန့်ပုံဆံမျိုးတွေ သွားနေတယ်လို့မြင်တယ်။
အဲဒီကတည်းက သင်တန်းဆရာတယောက်က သူ တက်လာတာကို သတိမဆွဲလို့ ဆိုပြီး ပဲခူးကိုတင်ဋ္ဌေးဆိုတဲ့ တယောက်ကို ပါးရိုက်ပစ်လိုက်တယ်။ ကျနော်တို့ အားလုံး…မြင်နေရတော့ စိတ်မကောင်းဘူး၊ စိတ်လည်း တိုကြတယ်။ ဒါမျိုးတွေပေါ့။
နောက် ကျနော်တို့ မရောက်ခင်မှာပဲ မြတ်ကိုကို ဆိုတဲ့ ကျောင်းသားတယောက်ကို အာသံကုန်းမှာ သတ်ပစ်လိုက်တယ်။ အဲဒီ အာသံကုန်းကို အချို့ရဲမေတွေက အာသံကုန်းလို့ မခေါ်ကြတော့ဘူး မြတ်ကို ကုန်းလို့ ခေါ်ကြတယ်။
ကျနော်က ဘာဖြစ်လို့လဲလို့ တိုးတိုးတိတ်တိတ်မေးကြည့်တော့…ကျနော်တို့ မရောက်ခင် လပိုင်းတုန်းကပဲ ထောက်လှမ်းရေးဆိုပြီးတော့ ကျောင်းသားတယောက်ကို သတ်ပစ်လိုက်တယ်တဲ့။မြတ်ကိုကိုက ရေဆင်းတက္ကသိုလ်က ကျောင်းသားတဲ့။
အဲဒါမျိုးတွေလည်း ကြားရတော့ စိတ်မကောင်းဘူး။ စိတ်ထဲမှာလည်း တမျိုးချည်းဖြစ်တယ်။
တသွေးတသံတမိန့်သွားတယ်၊ လွတ်လပ်မှု မရှိဘူး၊ ဒီမိုကရေစီ မရှိဘူး၊ အထက်နဲ့အောက် အစားအသောက်တွေ အနေအထားတွေ ကွာကြတယ်။ ဒါတွေက ဒီမိုကရေစီတပ်လို့ ပြောရင် မဖြစ်သင့်ဘူးလို့ ကျနော်မြင်တယ်လေ။
ကျောင်းသားတယောက်ကို ဒီလို လက်လွတ်စပယ်သတ်လိုက်တယ်ဆိုတာကိုလည်း လက်ခံလို့ မရကြဘူး။
အဲဒီမှာ အပတ်စဉ်(၅) သင်တန်းက ၁၉၈၉ခုနှစ်အောက်တိုဘာလထဲမှာစဖွင့်ပြီ။ သင်တန်း ဆိုတာကလည်း ထုံးစံအတိုင်းပေါ့ မနက် ပီတီပြေးပေါ့။ အစားဆင်းရဲ အနေဆင်းရဲနဲ့ အရမ်းအေးတဲ့ အချိန်တွေရောက်လာတော့လည်း တော်လှန်ရေးဆိုတဲ့ စိတ်နဲ့ လုပ်ခဲ့ကြတာပါပဲ။
သင်တန်းတက်လို့ လပိုင်းလောက်ပဲ ကြာတယ်၊ အဲဒီသင်တန်းမှာလည်း ဘာဖြစ်လဲဆိုတော့ ကိုမျိုးဝင်းတို့ဘာတို့က လူမွေးတယ်ဗျ။ သန်းဇော်တို့ ဘာတို့ကို ခေါ်ခေါ်တွေ့တယ် လူမွေးတယ်။အဲဒါတွေကိုလည်း သင်တန်းသားတွေက မကြိုက်ခဲ့ကြဘူး။
အဲဒီတုန်းက ကျနော်တို့တွေက လူငယ်တွေပါပဲ၊ ကျနော့်အသက် ၂၁ နှစ်လောက်နဲ့ တောထဲရောက်သွားတာကို၊ အဲဒီအရွယ်ဆိုတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း မတွေးနိုင်ဘူး၊ နိုင်ငံရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်မသိဘူး၊ဒါပေမဲ့ ကျနော်တို့ အားလုံးက တိုင်းပြည်အတွက် ဒီမိုကရေစီအတွက်ဆိုပြီး တောထဲကို ထွက်ခဲ့ကြတာတော့ အမှန်ဘဲလေ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment