Friday, October 5, 2012

ABSDF-ကျောင်းသားရဲဘော်ဟောင်း စိုးလင်းရဲ့ မြောက်ပိုင်းနှင့် တောင်ပိုင်း ခရီး(၇)



by May Thingyan Hein on Friday, October 5, 2012 at 8:15am ·
  
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၅၊ ရန်ကုန်မြို့။

အပိုင်း (၁၃)

ထိုင်းနိုင်ငံရဲ့ ဆီးဂိမ်းဖွင့်ပွဲနေ့မှာ မှတ်မှတ်ရရ ထိုင်းနိုင်ငံမှာကျနော် ထောင်ကျတယ်။  ထောင်ကျတော့ စားဝတ်နေရေးကတော့ အဆင်ပြေသွားတာပေါ့ဗျ၊ အဲဒီမှာ။

၂၈ ရက်ထောင်ကျပြီးတော့ ထိုင်းရဲတွေက အနီးဆုံးနယ်စပ်မြို့ကို ပို့တယ်။ နောင်အို့ဆိုတဲ့ မြို့ကို ပို့တယ်ဗျ။ ကျန်တဲ့ သူတွေကဗျာ သူတို့ကို နယ်စပ်ပြန်ပို့ရင်လည်း ကွေ့ပတ်ပြီးတော့ ထိုင်းထဲ ပြန်ဝင်ပြီး လုပ်တာပဲ၊ ကျနော်တို့ကျတော့ ဘာလုပ်ရမှန်းမသိဘူး။ သူတို့ကတော့ သူတို့နဲ့ လိုက်ခဲ့ လိုက်ခဲ့လို့ ခေါ်ပါတယ်။ 

သူတို့ကတော့ ပြောတယ်ကျနော်တို့ကတော့ ထိုင်းထဲ ပြန်ဝင်ပြီး အလုပ်လုပ်မှာ ကျနော်တို့ အတွက် ဒီလို လုပ်နေတာက ရိုးနေပြီလို့ ပြောတယ်။
အဲဒီမှာ ကိုထင်ကျော်က ကိုစိုးလင်း ဘာလုပ်မလဲလို့မေးတယ်။ ကျနော်ကတော့ အိမ်ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပြီ။

အဲဒီမှာ ကိုထင်ကျော်က ဘာပြောလဲဆိုတော့“ ကျနော်တို့ ခင်ဗျားတို့ ထွက်လာတုန်းက စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေး အတွက် ထွက်လာခဲ့တာပဲ၊ ခုလည်း မလွတ်မြောက်သေးဘူး၊ အဲဒါဘာကြောင့် အိမ်ပြန်မှာလဲ“ တဲ့…။ သူက အဲလိုပြောတယ်။

အဲဒီမှာ သူ့ကိုလည်း ကျနော်က ပြောတယ်။ “ကိုထင်ကျော်…ကျနော်တို့က ထောက်လှမ်းရေးဆိုပြီးတော့ စွပ်စွဲပြီးတော့ ခံထားရတာ၊ ဒီအရိပ်ကြီးက ကျနော်တို့နောက်ကို ဘယ်လောက်လိုက်နေမလဲ မသိဘူး။ ကျနော်တို့ ဘယ်လောက် လုပ်နိုင်မလဲ၊ တဦးချင်းလွတ်မြောက်ရေးအတွက် နိုင်ငံတွေ ထွက်လို့တော့ရတယ်။ ဒါပေမဲ့ တဦးချင်းလွတ်မြောက်ရေး လုပ်တာက ကိုယ့်ဘ၀အတွက်ပဲ၊ ကျနော်ကတော့ မြန်မာပြည် ပြန်မယ် ပြည်သူနဲ့အတူတူ နေရင်းနဲ့ ကိုယ့်ဘ၀ကိုယ်ပြန်တည်ဆောက်ယူမယ်၊ ပြည်သူကို လွတ်မြောက်အောင် မလုပ်နိုင်မှတော့ဗျ ပြည်သူနဲ့အတူတူ သွားပြီး အဖိနှိပ်ခံဦးမယ်“ လို့ စကာနာပြောခဲ့ပြီးတော့ ပြည်သူနဲ့အတူတူ ဖိနှိပ်ခံဦးမယ်ဆိုတဲ့ စိတ်နဲ့ ၀င်မှာပဲဆိုပြီး ၀င်ခဲ့တာပေါ့နော။

ကျနော် အိမ်ကို ၁၉၉၆-မတ်လမှာ ပြန်ရောက်တယ်။

အစ်မတွေ နှမတွေ ဝိုင်းဖက်ပြီး ငိုလိုက်ကြတာ အမေကတော့ တစ်နေ့နေ့ ငါ့ဆီကို ငါ့သားအရောက်ပြန်လာမှာလို့ အမေယုံတယ်။ ဒါကြောင့် အမေ နေ့တိုင်းစောင့်နေတာတဲ့။ ဒီတစ်ခါ ငိုရတာက ကျနော်ပါ။

အဲဒီမှာ အိမ်ပြန်ရောက်တော့ ထောက်လှမ်းရေးက မေးမြန်းတာရှိတယ်၊ နောက် ခရီးမထွက်ဖို့ ပြောတယ်၊ ကျနော်လည်း အမေလည်း စိတ်ချမ်းသာအောင် ဘယ်မှလည်း မသွားပါဘူး။ အေးအေးဆေးဆေးပဲ နေတယ်။ အိမ်မှာပဲနေတယ်။ သူငယ်ချင်းတွေကပဲ လာကြတယ်ဗျ။

အဲဒီမှာ ကျနော်ပြန်ရောက်တယ်ကြားတာနဲ့ လေးလေးဦးမင်းအောင်လည်း အိမ်ရောက်လာတယ်။ သူငယ်ချင်းတစ်ချို့လည်း လာကြတယ်။ လူရှင်းတော့ စက်ဘီးလေးထုတ်ပြီး ကျနော်မစိုးရိမ်တိုက်ဟောင်းကို ပြေးတယ်။ ဆရာတော်ဦးကဝိန္ဒဆီကိုပေါ့။ (ဆရာတော်ကို မစိုးရိမ်မှာနေခွင့်မပေးတာ ရွှေကျင်ကိုရောက်နေတာ မသိဘူး) တိုက်ဟောင်းမြောက်ပေါက်ရောက်ရင်ပဲ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာတဲ့ ဆရာတော်နဲ့ တိုးပါရော။ ဆရာတော်ကလည်း သတင်းစာကနေ ကျနော်ပြန်လာပြီဆိုတာ ဖတ်ရပြီး လာစောင့်နေတာတဲ့။ နှစ်ယောက်စလုံး မျက်ရည်တွေ ဝဲလို့ပေါ့။ လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး စကားတွေ ဖောင်ဖွဲ့ကြတယ်။ ဆရာတော်က ကျောင်းပြန်တက်လို့ရရင် ပြန်တက်ဖို့နဲ့ ဘွဲ့ရအောင် အရင်လုပ်ဖို့ပြောတယ်။ ၁၉၉၈-ကြတော့လည်း အိမ်ကို ဆရာတော်တစ်ခေါက်ကြွလာသေးတယ်။ လက်ထဲမှာ ကျွဲကောသီးလေး ဆွဲလို့။

အဲဒီမှာ အိမ်ရဲ့ အခြေအနေကို ပြောပြဦးမယ်။ ကျနော် တောခိုတဲ့အချိန်တုန်းက အိမ်က လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်အဲဒီတုန်းကတော့ အဆင်ပြေတယ်၊ ကျနော်လည်း တောခိုရော အိမ်မှာကလည်း မိန်းမသားတွေပဲ ရှိတော့ နောက်ဆုံး အဆင်မပြေဖြစ်ပြီး ဆိုင်ပိတ်လိုက်ရတယ်။ ကျနော်ပြန်ရောက်တဲ့အချိန်ကျတော့ ညီမတွေကလည်း အိမ်ထောင်တွေ ကျနေကြပြီ။ ကျနော်နဲ့ ကပ်ရပ်အမကလည်း အိမ်ထောင်ကျနဲ့ စီးပွားရေးကလည်း တော်တော်ပျက်တယ်ဗျ။

အဲဒီတုန်းက ကျနော့်မှာ မနက်လက်ဖက်ရည်ဖိုးတောင်မရှိပါဘူး။ သူငယ်ချင်းတွေ လာခေါ်တာစောင့်ပြီး သောက်ရတာ ဘ၀တွေတော်တော်ပျက်ခဲ့တယ်။ အဲလိုနေရင်းနေရင်းနဲ့မြင့်ကျော်က မြင့်ကျော်ဆိုတာက အာအိုင်တီကပါ မြောက်ပိုင်း ဗဟိုကော်မတီထဲမှာပါတယ် မြင့်ကျော်က အိမ်ရောက်လာပြီး အကို ကျောင်းပြန်တက်လို့ရတယ်၊ ကျနော်တောင် တက်နေပြီလို့ ပြောတယ်။ မြင့်ကျော်က တတိယနှစ်နဲ့ တောခိုတာ။အဲဒါနဲ့ ကျနော်လည်း ကျောင်းပြန်တက်ဖို့ လုပ်တာပေါ့နော်။ ကျောင်းတက်နေတုန်း နိုင်ငံရေးမလုပ်ပါဘူး ဆိုတဲ့ ခံဝန်တော့ထိုးရတယ်ဗျ။ ကျနော် မထိုးခဲ့ဘူး။

ကျနော် ကျောင်းတက်နေသရွေ့ တက်နိုင်သမျှ နိုင်ငံရေးနဲ့ ကင်းအောင်နေပါ့မယ် ဆိုတဲ့ နှုတ်ကတိတော့ ပေးခဲ့ရတယ်ပေါ့ဗျ။ အဲဒါနဲ့ ကျနော် ကျောင်းပြန်တက်ခဲ့တယ်၊ အဆောင်လည်း နေခွင့်ရခဲ့တယ်ပေါ့ဗျ။ အဲဒါနဲ့ ၁၉၉၆ မှာ အောင်မိုးဝင်းတို့ရဲ့ ၉၆ ကိစ္စဖြစ်တာပါပဲ။

ပြောရရင်တော့ အောင်မိုးဝင်းဆိုရင်ဗျာ ကျနော့အခန်းဖော်ပါပဲ။ သူ ဘာလုပ်တယ်ဆိုတာကျနော် အကုန်မြင်အကုန်သိနေတယ်ဗျာ ဒါပေမဲ့ ကျနော်က ဘာမှ ၀င်မပါခဲ့ဖူး။ သူ သိပါတယ် နောက်ဆုံး သူပြေးတဲ့အချိန်ထိကို။

အဲလိုဖြစ်ပြီး ကျောင်းပြန်ပိတ်တော့ကျနော်က ဘွဲ့မရသေးဘူးဗျ၊ အဲလိုနဲ့ နောက်ဆုံးနှစ်ကို ပြည်မှာသွားတက်ခဲ့ရပြီး ၂၀၀၀ ခုနှစ်ကြမှပဲ ဘွဲ့ရတယ်။ အဲဒီနောက်မှာတော့အိမ်မှာကလည်း စီးပွားရေးအဆင်မပြေ၊ ၂၀၀၀-ခုနှစ်မှာ ဒေဝန်းအိမ်ကိုရောင်းပြီး မာလကာခြံကို ပြောင်းဖြစ်တယ်။ ခုလို အဆက်အသွယ်မကောင်းတော့ ဆရာတော် ဆရာတော်ဦးကဝိန္ဒ ရန်ကုန်မှာ ပျံတော်မူသွားတာတောင်မှ သူများပြန်ပြောလို့ သိရတယ်။ ရန်ကုန်က ဆရာတော်ရုပ်ကလာပ်ကို သယ်ပြီး ရွှေကျင်မှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ဆရာတော် ဦးကောသလ္လ(ဗားကရာ၊ အမရပူရ)က ပြန်ပြောပြတယ်။


အပိုင်း(၁၄)

တကယ်တော့ ကျနော်တို့တွေကို ထောက်လှမ်းရေးလို့ သတ်သတ်မဲ့ စွပ်စွဲကြတာဗျ၊ ကျနော်တို့တွေက ထောက်လှမ်းရေးတွေ မဟုတ်ပါဘူး။ ဘယ်သူမှလည်း မဟုတ်ကြပါဘူးဗျာ။

ကျနော်တို့တွေကို စဖမ်းတုန်းက ပြေးလို့ရတယ်၊ ဒါပေမဲ့ ကျနော်တို့တွေ မပြေးခဲ့ကြဘူး၊ ငါတို့မှ မဟုတ်တာဆိုပြီး နေခဲ့ကြတာပဲ။ နောက် သူတို့ ခုလောက်ကြီး ရိုက်နှက်လိမ့်မယ်လို့လည်း မထင်ဘူးဗျ။ ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီးတော့ ကျနော် ကြားတာကတော့ဗျ၊ ဒါကလည်းကြားတာပါ၊ သူတို့က  ကိုဋ္ဌေးနိုင်ကို သူ့အရပ်ကြီးနဲ့ မြေကြီးထဲမြှုပ်ပြီးတော့ စစ်တယ်ပြောတယ်။နောက်ဆုံး ရိုက်တဲ့ နှက်တဲ့ဒဏ်မခံနိုင်တဲ့အဆုံးမှာ ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ရတာပေါ့ဗျာ။

အဲလို ၀န်ခံပြီးလို့တော့မှ မာနယ်ပလောစစ်ပူလို့ စခန်းပြောင်းတဲ့အချိန်မှာ ကိုဋ္ဌေးနိုင်ကို ခေါ်မသွားချင်တော့လို့ ရှင်းခဲ့တာလို့ ပေါ့၊ တချို့ကလည်း သေနပ်နဲ့ပစ်သတ်တယ်လို့ ပြောတယ်၊ တချို့ကလည်း ၀င်းနိုင်ဦးပေါ့ ဘီဘီစီက မောင်ရင်မောင်က ဆေးထိုးသတ်ပေးတယ် လို့ပြောတယ်။ အဲလို အမျိုးမျိုးဗျ။

အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင်ကလည်း အဖမ်းခံနေရတော့ ဘယ်သူ သတ်တယ်ဆိုတာ မသိနိုင်တာပေါ့နော်။ အဲဒီမှာ နှစ်ယောက်ဖြစ်နေတယ် တယောက်က မိုးသီးဇွန်ဗျ၊ နောက်တယောက်က ကိုဝင်းနိုင်ဦးဗျ။ မိုးသီးဇွန်က အမိန့်ပေးလိုက်တာကို ၀င်းနိုင်ဦးက မလှန်ရဲဘူးလို့ပြောနေတာပေါ့ အဲဒါကိုလည်း ပြတ်ပြတ်သားသား မသိရဘူးဗျ။ ဖြစ်နေတာက။

နောက်တချက်က ကျနော်တို့ သိရသလောက်အဲဒီတုန်းက စစ်ကြောရေးမှာ ရောက်လာတာတွေထဲက မြောက်ပိုင်းက ထောက်လှမ်းရေးလို့စွပ်စွဲတာနဲ့ပတ်သက်တဲ့ အမှုတွဲက ကျနော်ပြီးရင် ကိုနေ၀င်းအောင်၊ ကိုအောင်သူ၊ ကိုဋ္ဌေးနိုင်ပါတယ် အဲဒါက ကျနော်တို့နဲ့ပတ်သက်တဲ့အမှုတွဲတွေပေါ့။

နောက်တခါ ရွာသားကိုမြင့်ဦးရှိတယ်၊ နောက်တပ်ရင်း ၂၁၀ ကိုထင်ကျော်၊ နောက် အန်အယ်ဒီကနေပြီးတော့ ကျောင်းသားအလွဲအပြောင်းတွေ လုပ်ပေးတဲ့ ကောင်မလေး မီမီခိုင် ဆိုတာရှိတယ်။ အဲဒါလည်း ကျနော်တို့ စခန်းပြောင်းေ၇ွ့တော့မှ သိရတာပါ မိန်းကလေးတယောက်ပါတယ်ဆိုတာလေ။ မီမီခိုင်နဲ့ပတ်သက်ပြီး ဘာတွေ ဘယ်လိုလုပ်ကြတာဆိုတာကို ပြောလည်း မပြောချင်ဘူးဗျာ လူတယောက်ဂုဏ်သိက္ခာဗျာ၊ စစ်ဆေးကြတယ် အဲလောက်ပဲ ပြောချင်ပါတယ်။

တကယ်တော့ဗျာ ကျနော်ကလည်း ခုလေးဆယ်ကျော်နောက်ပိုင်းမေ့တာများလာ တယ်။ ဒဏ်ရာဒဏ်ချက်တွေကြောင့်လည်းပါမှာပေါ့ဗျာ။


နောက်အခုအချိန်မှာတော့ဗျာ မြောက်ပိုင်း ကိစ္စတွေ၊ တောင်ပိုင်းကိစ္စတွေမှာ တရားစွဲဆိုရေးနဲ့ ပက်သက်ရင်တဦးချင်းလုပ်ဖို့ မရှိပါဘူး။ မြောက်ပိုင်းပြန်အားလုံးကသဘောထားကြေညာချက်၂/၂၀၁၂အတိုင်းရပ်တည်မယ်။

ကျဆုံးမိသားစုတွေအတွက်အပြည့်အ၀ရှိနေမယ်။ လိုအပ်တဲ့အချိန်သက်သေလိုက်ပေးမယ်။ တရားစွဲဆိုတာကရှိနေမှာပဲ။ ဥပဒေဆိုတာအပြစ်ရှိသူကိုအပြစ်ပေးဖို့ ။တနည်း မကောင်းမှု လုပ်သူကိုမကောင်းတဲ့အလျောက်ဆုံးမတာ။ ဘုရားဟောထားတာ ရှိပါတယ်။(ရွှံ့ ညွှန်သည်ရေကြောင့်ဖြစ်ရ၏။ထိုရေဖြင့်ပင်ဆေးကြောရာ၏။)

အဲလိုပါပဲ၊ မကောင်းတဲ့အပြစ်လုပ်သူကိုမကောင်းတဲ့အလျှောက်မကောင်းဘူး ဆိုတဲ့အပြစ်ပေးခြင်းနဲ့ ဆေးကြော ပေးရတာ။ ဒီထက်ပိုတွေးလိုက်ရင် ဥပဒေဆိုတာအပြစ်ရှိသူကိုအပြစ်ပေးခြင်းဖြင့်အပြစ်မရှိသူတွေကိုလွတ် လွတ်လပ်လပ်အေးအေးချမ်းချမ်းနေနိုင်အောင်အကာအကွယ်ပေးထားတာ။  နောက်နောင်အပြစ်တွေ ထပ်မကျူးလွန်ဖြစ်အောင်ဥပဒေကဆုံးမပေးတာ။

ကျဆုံးမိသားစုတွေကတရားစွဲဆိုတာကတော့ တရားပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share

No comments:

Post a Comment