Thursday, October 4, 2012

ပါဂျောင်စခန်းမှ ဤသို့ ထွက်ပြေး လွတ်မြောက်ခဲ့ ကြလေသည် (၂)


သတင်းဆောင်းပါး— စက်တင်ဘာလ ၂၉၊ ၂၀၁၂
ABSDF (မြောက်ပိုင်းဗဟို) မှ ကိုမိုးဇော်ထွန်း (ကိုမိုးကြီး) ၏ ပြောကြားချက်
အဲဒီနေရာမှာ ကျွန်တော် မရောက်ခင်ကတည်းက အခုပြဿနာကြီး မပေါ်ခင်မှာ အရင်ကတည်းက သတ်ဖြတ်မှု တွေ ရှိတယ်။ အဲဒီမှာ ဘာဖြစ်သလဲ ဆိုတော့ သတင်းပေး ဆိုပြီးတော့ လူ ၄ ယောက်ကို ဖမ်းပြီး ခေါ်လာတယ် လို့ သိရတယ်။ ခေါ်လာသူတွေထဲမှာ မိန်းမ ၂ ယောက်၊ ယောကျာ်း ၂ ယောက် သူတို့က လင်မယားတွေ မဟုတ်ပေမယ့် အတူတူ နေကြတဲ့သူတွေ ဖြစ်တယ်။ ဈေးရောင်းတဲ့ သူတွေကတော့ ၁၄ ယောက်  လောက် ရှိတယ်။ မြေပေါ်ယူဂျီတွေ အဖြစ် မိုးညှင်းနမ်းပါးရွာက ယူဂျီတွေက အဲဒီ ၄ ယောက်ဟာ သတင်းပေးတွေ ဖြစ်တယ် ဆိုပြီး ဖမ်းပို့လိုက်တယ်။ စစ်တပ်နဲ့ အဆက်အဆံရှိတယ် ဆိုပြီး သတင်းပေးတယ်။ အဲဒီလို ပေးလိုက် တဲ့ အတွက် အဲဒီ ၄ ယောက်ကို ခေါ်ပြီး မေးတယ်။ တပ်ရင်း ၅ မှာ အဓိက တာဝန်ယူတာတွေက မျိုးဝင်း၊ သူက အတွင်းရေးမှူး တာဝန်ကို ယူထားတယ်။ ကျွန်တော်က သူတို့ကို ဖမ်းပြီးတော့ ၃ ရက်မြောက်တဲ့နေ့မှာ ညကင်း စောင့်ရတဲ့ တာဝန်ကျတယ်။ ကင်းတာဝန်က ရုံးဆူးပင် ဆူးချုံတောကြီးထဲမှာ ကျွန်တော်ရောက်တော့ ဖမ်းထားတဲ့ ၄ ယောက်ထဲက ယောကျာ်း ၂ ယောက်ရဲ့ နားရွက်တွေကို ရုံးဆူးချုံတွေနဲ့ထိုးတားတယ်။ အဲဒီမှာ အေဘီ အက်စ်ဒီအက်ဖ် ထောက်လှမ်းရေး ယူဂျီတွေက ထပ်စစ်လိုက် တဲ့အခါ ကျတော့ သူတို့တစ်တွေက ဘာပြော လဲဆိုတော့ ရွာကနေပြီးတော့ ဒီတပ်ရင်း ၅ ကို လာတဲ့အခါမှာ သစ်ပင်တွေကို ဓားတွေနဲ့ ခုတ်ထစ်ပြီးတော့ လမ်းကြောင်းတွေ ပြလာခဲ့တယ် ဆိုတဲ့ထွက်ချက်တွေ ပေးတယ်။  ဘယ်လိုခုတ်ထစ်ပြီး ပြသလဲ ဆိုတော့ ကြက်ခြေခတ်တွေ ခုတ်တယ်။ မြားပုံစံတွေ ခုတ်တယ်။ ဘယ်အပင်တွေမှာကျရင် လေးထောင့်ပုံတွေ ပြခဲ့တယ် လို့ ထွက်ချက်ပေးတော့ အဲဒီနေရာတွေကို သွားစစ်ဆေး ကြည့်တော့လည်း သူတို့ပြောတဲ့အတိုင်း ဖြစ်နေတယ်။ အဲဒီအခြေအနေအတိုင်း ဖမ်းထားတဲ့သူတွေဟာ ငါတို့ရဲ့စခန်းကို ပြတဲ့သူတွေပဲဆို ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်။
သင်တန်းကွင်းကြီးထဲမှာ သတင်းပေးလို့ ဖမ်းထားတဲ့ လူ ၄ ယောက်ကို လက်ဝါးကပ်တိုင်ကြီးတွေ လုပ်ပြီး တစ်ယောက်စီ ချည်ထားတယ်။ သူတို့ကို သတ်မယ့်နေ့ ညနေစောင်း မှာတော့ သင်တန်းသား အသစ်၊ ရဲဘော် အသစ်၊ ရဲဘော် အဟောင်း၊ ကေအိုင်အေ အကုန်လုံးကို လာကြည့် ခိုင်းတယ်။ အဲဒီကာလကတော့ ၈၈၈၈ (ရှစ်လေးလုံး) ၃ နှစ်ပြည့် နှစ်ပတ် လည် ၉၁ မေ၊ ဇွန်လလောက်က ဖြစ်မယ် ထင်တယ်။ ပြည်ထောင်စုနေ့ လူသတ်ပွဲကြီး မဖြစ်ခင်ကပေါ့။ အဲဒီ လူသတ်ပွဲကြီး ရဲ့ အစ လို့လည်း ပြောလို့ရမယ်။ ကြိုးချည်ထားတဲ့ တစ်ယောက်ချင်းစီရဲ့ ရှေ့ မှာ ပုံးကြီးတွေ ချထားတယ်။ပြီးတော့  ချည်ထားတဲ့သူ ၄ ယောက်ကို တစ်ယောက် ချင်းစီ ဗိုက်ခွဲပြီးတော့ သတ်ပစ် လိုက်တယ်။ ထွက်ကျလာတဲ့ အူတွေ က ရှေ့ကခံထားတဲ့ ပုံး ကြီးထဲကို ကျသွားတယ်။
အဲဒီသတ်တဲ့သူတွေကို မေးမြန်းစစ်ဆေးတဲ့သူက ဇော်ဇော်မင်းပေါ့။ သူက မိထားတဲ့သူတွေကို သတင်းပေး ဟုတ် မဟုတ် မေးပြီး မှတ်တမ်းတင်တဲ့သူပေါ့။ သတ်ခါနီးမှာ ခင်ဗျားသတင်းပေး ဟုတ်လား။ မဟုတ်လား။ သူက မေးတော့ အင်း…ဟုတ်တယ် လို့ပဲ အဲဒီလူတွေက ပြောနိုင်တော့တယ်။ အဲဒီလိုဗိုက်ကို ခွဲပြီး သတ်တဲ့အချိန်မှာ လာကြည့်နေတဲ့သူတွေ အားလုံးက တွေ့ရတယ်။ စွပ်စွဲခံရတဲ့သူ ၄ ယောက်ထဲက မိန်းမတစ် ယောက်က မသေခင်မှာ အကျယ်ကြီး အော်ပြော သွားတယ်။ “ငါတို့ မတရားစွပ်စွဲခံရတာ။ အဲဒီတော့ ငါတို့ မတရား စွပ်စွဲခံရသလို နင်တို့လည်း အဲဒီလိုဖြစ်ပါစေ” ဆိုပြီး ကျိန်ဆိုခဲ့တယ်။ သူတို့ဗိုက်ကို ခွဲလိုက်လို့ ထွက်ကျ လာတဲ့ အူတွေကိုတော့ အဲဒီကွင်းထဲမှာပဲ မြှုပ်လိုက်တယ်။ အဲဒီမြင်ကွင်း ကတော့ ကျွန်တော်တို့ တပ်ရင်း ၅ မှာ ထောက်လှမ်းရေးလို့ မတရား စွပ်စွဲပြီး ပထမဆုံး သတ်ဖြတ်ခဲ့တဲ့ မြင်ကွင်းပဲ ။ သေသွားတဲ့လူ ၄ ယောက် စလုံးက အဲဒီနယ်က ရွာသားတွေပဲ။ အဲဒီလို သူတို့ကို သတ်ပြီးနောက် ၄၊ ၅ ရက် အကြာမှာတော့ စစ်တပ်က ထိုးစစ်ဆင်ပြီး လာတဲ့အတွက် ကျွန်တော်တို့ တပ်ရင်း ၅ အဲဒီမှာ ကျသွားတယ်။ အဲဒီ အခြေအနေတွေဟာ တိုက်ဆိုင်မှုပဲ ပြောမလားတော့ မပြောတတ်ဘူး။ ကျွန်တော် ပြောချင်တာကတော့ ထောက်လှမ်းရေးပါ။ သတင်းပေးပါလို့ စွပ်စွဲပြီး ကျွန်တော်တို့ (အေဘီအက်ဖ်ဒီအက်ဖ်)က အပြစ်ပေးတဲ့ မြင်ကွင်းကို စပြီးတွေ့ ခဲ့ရတာပဲ။ တပ်ရင်း ၅ က ကျောင်းသားတပ်ကော၊ ကေအိုင်အေတပ်ကော ပူးတွဲပြီး ထိုင်ထားတဲ့တပ် ကျယ်ကျယ် ပြန့်ပြန့် ပြောရရင် ဖားကန့်ဒေသမှာ ထိုင်ထားတဲ့ တပ်ရင်း ၆ ကို လက်နက်အင်အား၊ လူအင်အား ထောက်ပံ့ပေးရတဲ့ တပ်ပါ။
ကျွန်တော်တို့ တပ်ရင်း  ၅ မှာ အကြီးဆုံးကတော့ ကိုမျိုးဝင်းပဲ။ ကေအိုင်အေ တပ်ရင်းမှူးကတော့ ထူးဂျန်ပေါ့။ ထိုးစစ်ဆင်ပြီး ကျွန်တော်တို့ တပ်ရင်း ၅ ကျတဲ့အချိန်က မိုးတွင်းကြီး ဆိုတော့ ကျောက်ကွေ့ကွင်းလို့ ခေါ်တဲ့ ရထားလမ်းနဲ့ ဧရာဝတီမြစ်ကြား အဲဒီပတ်ဝန်းကျင်မှာ လှည့်ပတ်ပြီး ပြေးနေရ တာပဲ။ စစ်တပ်က ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ကို စစ် သင်္ဘောတွေနဲ့ ပိတ်ထားလိုက်တယ်။ ဟိုဘက်ကမ်း ကို ဖြတ်ပြေးလို့ မရဘူး။ အဲဒီတော့ ကျောက်ကွေ့မှာ ရှိတဲ့ရွာတွေမှာ ရွာပုန်း ရွာရှောင်တွေမှာ နေပြီးတော့ ပုန်းနေရတယ်။ ကျွန်တော်တို့က ပြောက်ကျားစစ် ဆိုတော့ ပုန်းတဲတွေ ထားတယ်။ အဲဒီမှာ ဆန်ထုတ်ပြီး စားပေါ့။ အဲဒီကာလမှာလည်း ပြေးရင်းလွှားရင်းနဲ့ တော်တော်များများ သေပါတယ်။ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ဗဟိုက ကိုအောင်နိုင်(ဒေါက်တာအောင်နိုင်) တို့ဆင်းလာတယ်။ အဲဒီမှာ သူ့ကို ကျွန်တော် စပြီးတွေ့ဖူးတယ်။ အဲဒီမှာ လူက နည်းနည်းပဲ ကျန်တယ်။ လူ ၃၀/၄၀ လောက်ပဲကျန်တယ်။ အဲဒီ ကိုထိန်လင်း တို့ တပ်စု ထွက်ပြေး လွတ်မြောက် သွားကြတဲ့နေ့ မနက် ၆ နာရီ လည်း ကျရော ကျွန်တော်တို့ အဆောင်ကို တံခါးလာခေါက်တယ်။ ပြီးတော့ အားလုံးကို ထောက်လှမ်းရေး ရုံးခန်းထဲကို ခေါ်လွှတ်လိုက်တယ်။ မင်းတို့လူတွေ ထွက်ပြေးသွားကြပြီ မရှိတော့ဘူးလို့ ပြောတော့ ကျွန်တော်တို့လည်း အံ့ဩသွားတယ်။ ပြဿနာ  တော့ တက်ပြီလို့ စိတ်ထဲမှာ ထင်နေကြတယ်။ ထွက်ပြေးသွားတဲ့သူတွေ နောက်ကို သေနတ်ဒင်တွေဖြတ်ပြီး လိုက်သွားတဲ့သူတွေကလည်း လိုက် သွားကြတယ်။ တစ်နာရီခွဲ၊ နှစ်နာရီ လောက်ကြာတော့ ကေအိုင်အေက နေပြီး ဖုန်းဆက်အကြောင်းကြား တယ်။ မင်းတို့လူတွေ လာခေါ်လို့ ပြောတဲ့အခါကျတော့ အဲဒီမှာ သံချောင်းက တော်တော်ဝမ်းသာသွား  တယ်။ ကဲမိလာပြီ။ သတ်ဖို့ပဲရှိတော့ တယ်။ သွားခေါ်ဆိုပြီး သူ့လူတွေကို လွှတ်လိုက်တယ်။
ကျွန်တော်တို့ လည်း အရမ်းစိတ်ပူသွားတာပေါ့။ ကိုယ့်လူတွေတော့ အသတ်ခံရတော့ မယ်ဆိုပြီး စိတ်မကောင်းဖြစ်နေကြ တယ်။ နောက်တော့ စခန်းကို ပြန် ရောက်လာ တဲ့အခါ ကြည့်လိုက်တော့  စောစောက သေနတ်ဒင်ဖြတ်ပြီး လိုက်သွားတဲ့ သူတွေ ဖြစ်နေတော့တာပေါ့။ ထွက်ပြေးသွားတဲ့ သူတွေကို အဲဒီညက စောင့်နေရတဲ့ ကင်းသမား  အောင်နိုင်ကိုတော့ သေဒဏ်ပေးပြီး သတ်ပစ်လိုက်တယ်။ ကျွန်တော်တို့ လည်း ဝမ်းနည်းပြီး ဘယ်လိုနေရမှန်း မသိတော့ဘူး။ ကင်းသမား အောင်နိုင်ကို တာဝန်ဝတ္တရား ပျက်ကွက်မှုလို့ စွပ်စွဲတယ်။ မသတ်ခင်မှာ မင်းစားချင်ရာစား ဆိုပြီး ခွင့်ပေးထားတယ်။ အဲဒီ ကင်းသမားလည်း တစ်ချိန်လုံး လူမှန်း မသိအောင် အရက်တွေ သောက်ပြီး လူသတ်ကုန်း ဖြစ်တဲ့ အာဇာန်ကုန်းကို ခေါ်သွားတဲ့ အချိန်အထိ သူ့မှာ လူမှန်း သူမှန်း မသိဘူး။ နောက်တော့ သေနတ်သံကြားလိုက်ရတယ်။ အသတ်ခံရတဲ့အခါမှာ ကင်းသမား တင် မဟုတ်ဘူး။ ထောင်မှူး လှမျိုးနောင်ပါ ပါတယ်။ သူတို့နှစ်ယောက်ကို သတ်ပစ် လိုက်တာ။ ထောင်မှူး လှမျိုးနောင် ကလည်း ကျောင်းသားတပ်မှာ ခေါင်းဆောင်ပဲ။ အဲဒီသေသွားတဲ့ ထောင်မှူးက သူလည်း ဝဋ်ခံရ တာပဲ။ ဘာကြောင့်လည်းဆိုတော့ သီချင်းဆို မှားသွားတဲ့ အချုပ်သား တစ်ယောက်ကို သူက နန်ချပ်ကူ စမ်းတယ် ဆိုပြီး ရိုက်သတ်ပစ်လိုက်တယ်။ အခုကျတော့ သူလည်း ပြန်သေရတာပဲ။ သူ သေခါနီးကျတော့ ဘာတောင်းသလဲ ဆိုတော့ အရက်တောင်းတယ် လို့တော့ သိရတယ်။ နောက်တော့ ကျွန်တော်တို့လည်း ကိုထိန်လင်းတို့ ထွက်ပြေးတဲ့ လမ်းကြောင်း အတိုင်းပဲ ထွက်ပြေးလာခဲ့တယ်။ အားလုံးပေါင်း ၃ ယောက်ပေါ့၊ ကျွန်တော်ရယ်၊ ကိုရဲလေးရယ်၊ မန္တလေးက ခင်မောင်ဇော်ရယ် ထွက်ပြေးကြတာ ဒီကို ရောက်တော့ အလင်းဝင် လို့ မရဘူး။ ထောင်ချတော့မယ်၊ ဗန်းမော်ထောင် မှာပေါ့။ နောက်တော့ အိမ်က သိတာနဲ့ ချက်ချင်း လိုက်လာ တယ်။ ကိုထိန်လင်းတို့နဲ့ အမှုအတူတူပါဆိုပြီး ပြောပြတော့မှ အဆင်ပြေသွားတယ်။
ABSDF (မြောက်ပိုင်း)မှ ကျောင်းသား ရဲဘော်များ အချင်းချင်းကြား ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်များတွင် ကိုယ်တိုင် ပါဝင်ခဲ့ သည့် ကျောင်းသားများ၏ ထုတ်ဖော် ပြောကြားချက်များ ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ ၌ တွေ့ဆုံမေးမြန်း ချက်များမှ အချို့ကို ကောက်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။
ဝ၃၂

No comments:

Post a Comment