by Kayin Lay on Monday, October 22, 2012 at 8:29pm ·
ဖိုးခွားလေးရေး မင်းအဖို့ ပုံပြင်တွေထပ်ရေးဖို့ လုပ်နေရင်းက ပါးပါးကရေဒီယိုလေးတလုံကို အောက်ဆိုဒ် ဆွဲမိလိုက်လို့  နည်းနည်း နောက်ကျသွားတယ်။ သားအဖချင်း ပဲကွာ..ဒီလောက်တော့နားလည်ပေးပေါ့။ ဟုတ်ဘူးလား။ အရင်ပုံပြင် တပုဒ်က ဘာပဲလုပ်လုပ်အစွန်းမရောက်ဖို့  ပါးပါးမင်းအတွက်ရေးခဲ့တယ်နော်။ ဒီတပတ်ဘာပြောရင်ကောင်းမလဲလို့ ပါးပါးတွေးနေရင်း ချက်ချင်းတခုသတိရလိုက်တယ်ကွ။ အဲဒါကဒီ လို……….။
လူတယောက်ရဲ့ ဘ၀ကို သုံးသပ်ပြီး ဆုံးဖြတ်ပေးဖို့ ဆိုတာ တကယ်တော့မလွယ်လှဘူး။ ပါးပါးအပါအ၀င် လူတိုင်းမှာ ကောင်းတာနဲ့ ဆိုးတာ ဒွန်တွဲပြီးရောနေတာပဲလေ။ ပါးပါးတို့ ဘ၀လို့ ခေါ်တဲ့ လူ့ ဖြစ်စဉ်မှာ အဆင့်သုံးဆင့်ပဲရှိပါတယ်။ မွေးတယ်...ဖြစ်ပြီရုန်းကန်တယ်…ပြီးတော့ သေဆုံးတယ်။ ဒါပါပဲ။ အဲဒီသုံးကာ လရဲ့ အလယ်သို့ မဟုတ် ကြားကကာလဖြစ်စဉ်ဟာအရှည်ဆုံးပဲဖိုးခွားရဲ့ ။ အဲဒီအလယ်ကဖြစ်စဉ်မှာပဲ ပါးပါး တို့ က ကောင်းတာတွေလုပ်တာရှိသလို မကောင်းတာတွေကိုလည်း ကျူးလွန်ကြတယ်။
ဒီတခါပါးပါးပြောချင်တာက လူတယောက်ကို ကြည့်ပုံကြည့်နည်းပါသားလေးရဲ့ ။
ဒီအကြောင်းကိုပြောရင် မင်းပါးပါးကိုအစိမ်းလိုက်စားချင်သူတွေ၊ ဒေါသအမျက်ချောင်းချောင်းနဲ့ ဆွမ်းကြီးလောင်းမယ့်သူတွေရှိနေ တယ်ဆိုတာသိပေမယ့် ပါးပါးမမှုပါဘူး။ သိသိကြီးနဲ့ ကိုရေးမှာပါ။ မင်းပါးပါးကလည်း တောသား အသဲမာတဲ့ ကောင်လေ။ မကြားချင်ဘူးဆိုရင် နားနားမှာလာကပ်အော်နေရင်တောင် မသိသလို နေနိုင်တဲ့ကောင်။ လေနဲ့ အော်နေတာပဲလေ။ အသားလာထိတာမှမဟုတ်တာ။ ဘာနာစရာရှိတာမှတ်လို့  နော်။
ကဲပါးပါး လူတွေမုန်းတဲ့  လူတယောက်အကြောင်းစပြောတော့မယ်။ သူကတော့တခြားသူမဟုတ်ဘူး ပါးပါး တို့ ကျောင်းသားတပ်မှာ ပါးပါတို့ ရဲ့ စစ်ဦးစီးတာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပဲ။ သူ့ ကိုပါးပါးစသိတာ ဖိုးခွားလေး ကိုပြောခဲ့တဲ့ ဟိုးရှစ်ရှစ်ကတည်းကပေါ့ကွာ။ ပါးပါးတို့ က စစ်သင်တန်းအတူယူခဲ့ကြတယ်။ သူကတော့ ပိန်ပိန်ပါးပါနဲ့ နွဲ့ နွဲ့ လေးပါပဲ။ ဒါပေမယ့် သဘောကောင်းတဲ့ရုပ်ရှိပြီး မျက်နာထားချိုတယ်။ ပါးပါးတို့ က သင် တန်းဆင်းဖက်ဆိုပေမယ့် တပ်ဖွဲ့ တဲ့အခါ အများစုရဲ့ ရွေးချုယ်မှုကြောင့် ခေါင်းဆောင်မှုပေးမယ့်နေရာကို ယူ ခဲ့ရတယ်။
ဒီလိုနဲ့ ပြီးခဲ့တဲ့အပတ်က ပုံပြင်ထဲမှာပြောခဲ့တဲ့အတိုင်း တရုတ်မြန်မာနယ်စပ်က နန်ငွန်ပါရွာလေးမှာ ပါးပါးတို့  တပ်စိတ်အခြေချနေခဲ့ကြတယ်။ ဖိုးခွားရေ..ရောက်ဖူးတဲ့အရပ်ထဲမှာ အဲဒီရွာပတ်ဝန်းကျင်လောက် စားစရာ ခေါင်ပါးတာမ ပါးပါးတော်လှန်ရေးဘ၀မှာမကြုံဖူးဘူးကွာ။ နွေရာသီကလည်းဖြစ်ဆိုတော့ လယ်ကွင်းထဲက အလကားကောက်လို့ ရတဲ့ မြင်းခွာရွက်တောင် မြေကြီးနဲ့ ကပ်နေပြီး အရွက်တွေတောင်ဝါကြန့် နေတာတွေ ပဲရှိတယ်တယ်။ ချောင်းနားကပ်နေပေမဲ့ ငါးကမရှိ။ ဗုံးစာတွေမိထားတာကြားပြီကိုး။
ပါးပါးတို့ ဆိုရင် မရရတာရှာစားမယ်ဆိုပြီး လိုက်ရှာတာ ချောင်းဘေးနားက ကျိုးတိုးကျဲတဲ ပန်းစောက်ထိုး တချို့ နဲ့  နေအရှိုန်ကြောင့်ရေးခန်းခြောက်နေတဲ့ ချောင်းချောက်ကလေးထဲက တင်ကောက်ပဲရှိတယ်။ ဓရင် ကောက်လို့ လည်းခေါ်တယ်။ အဲဒီအပင်ကလည်း ဈေးထဲမှာရောင်းသလို စိမ်းစိုစိုလေးမဟုတ်ဘူးကွ။ ရိုးတံ ခူကောင်လို ညိုညိုရောင်ရှိပြီး အပင်ကြီးကြီးတွေ။ ပါးပါးက နည်းနည်းနုတဲ့အညွန့် ရှိတာလေးတွေကို ရွေးယူ ရတာပေါ့။ ရေနွေးဖျော်ပြီးသုတ်စားတာတောင့်ချွဲကျိကျိနဲ့ ။ ဒါပေမယ့် ပါးပါးတို့ ကံကောင်းချင်တော့ရိက္ခာ ၀ယ်စားလို့ ရမယ့် လမ်းပေါက်တခုရလိုက်တယ်။ အဲဒါကတော့ ပါးပါးတို့ နေတဲ့ဖက်ကမ်းမှာပုံထားတဲ့ ဇလီဖားတုံးအရွယ် ရာနဲ့ ချီတဲ့သစ်ချောင်းပုံကို ကိုက်၁၀၀နီးပါးလောက်ဝေးတဲ့ ဟိုဖက်ကမ်းကို ပြောင်းရွှေ့  ဘို့ အလုပ်ရလိုက်တာပဲ။
အဲဒီသစ်တတုံးဟိုဘက်ကိုပို့ ပေးရင် တရုပ်ငွေလေးဂျော့ရတယ်။ မြန်မာလိုပြောရင် လေးပြားပေါ့ကွ။ ပုံထား တဲ့သစ်ပုံက တရာကျော်လောက်ရှိတယ်။ အဲဒါအားလုံးကိုဟိုဖက်ပို့ လိုက်မယ်ဆိုရင် ပါးပါးတို့ ရိက္ခာဝယ်စား နိုင်လောက်တဲ့ငွေလောက်တော့ရမှာပေါ့။ ပျော်လိုက်တဲ့ဖြစ်ခြင်း။ ပါးပါးတို့ လည်း ချက်ချင်းကူလီတွေဖြစ် သွားခဲ့ရတယ်။ သစ်ပုံလည်းဟိုဘက်ကမ်းရောက်အပြီး ပါးပါးတို့ အားလုံးလည်း ကျွှဲပုခုံးထသွားခဲ့တာပေါ့။ ဒါပေမယ့်လက်ထဲရောက်လာတဲ့ တရုပ်ငွေဆယ်ဂဏန်းဟာ အဲဒီနာကျဉ်မှုကိုသက်သာသွားစေခဲ့တယ်။
ဒီသစ်ပုံကြီးသယ်တာကို ငါ့ပါးပါးကဘာလို့ အထူးအဆန်းလုပ်ပြီးပြောနေတာလဲလို့ ဖိုးခွားထင်ကောင်းထင်မိ လိမ့်မယ်။ ပါးပါးမင်းကိုတခုပြောပြချင်လို့ ကိုပြောနေတာပါသားရယ်။ အဲဒီသစ်ပုံထမ်းတုံးက ပါးပါးတို့ ဆယ် ယောက်တည်းမဟုတ်ခဲ့ဘူး။ နောက်ထပ်နစ်ယောက်ထပ်ပါသေးတယ်။ သူတို့ နစ်ယောက်ကတော့ ပါးပါးတို့ ရောက်ပြီး မကြာခင် ပါးပါးတို့ အခြေအနေကိုလာကြည့်ဖို့ ဗဟိုကနေဆင်းလာတဲ့  ပါးပါးတို့ ရဲ့ စစ်ဦးစီးလုပ် သူနဲ့  ရဲဘော်တယောက်ပဲ။ တတုံးကိုလေးပြားပဲရတဲ့ သစ်ပုံကိုထမ်းတဲ့အချိန်မှာ သူလည်းပါးပါးတို့ နဲ့ ဝင် ထမ်းခဲ့တယ်လေ။
ပါးပါးတို့ မှာ တာဝန်သိမှုနဲ့ အသိအမှတ်ပြုမှုဆိုတာရှိတယ်။ အဲဒါ အခြေခံစစ်သင်တန်းကတည်းက ဆရာ တွေကသင်ကြားပေးခဲ့တာ။ အဲ့ဒီပုဂ္ဂိုလ်က ပါးပါးတို့ နဲ့ သင်တန်းဆင်းဖက်ပေမယ့် နောက်ပိုင်းမှာ သူယူရတဲ့  တာဝန်အနေအထားအရ ပါးပါးတို့ သူ့ ကိုအသိအမှတ်ပြု လေးစားကြတယ်။ သူကပါးပါးတို့ ခေါင်းဆောင် လေ။ ပါးပါးတို့ သစ်တုံးတွေထမ်းမယ်ဆိုတော့ သူ့ ကိုမထမ်းဖို့ ဝိုင်းတားကြတယ်။ မဟာမိတ်တွေမြင်ရင် အထင်သေးခံရမှာစိုးလို့ လေ။ ကိုယ့်ခေါင်းဆောင်တယောက်ကို သူများနှိမ်မှာစိုးလို့ ။ ဒါပေမယ့် ရဲဘော်စိတ် ဓာတ်ပြည့်တဲ့သူက တားမရဘူး ၀င်ထမ်းတယ်။ ဒီလိုကိုယ့်လူကြီးတွေကို လေးစားမှုပေးတာ သူ့ တယောက်တည်းကို မဟုတ်ခဲ့ပါဘူး။ တာဝန်ယူခဲ့သူတွေအားလုံးကိုပါ။ သူအဲလိုဝင်ထမ်းရင်း မဟာမိတ်တပ်ဖွဲ့ ကဘဲဖြစ်ဖြစ်၊ ရွာသားပဲဖြစ်ဖြစ်တယောက်ယောက်ဖြတ်လာရင် အချက်ပေးပြီး သူထမ်းနေတာကိုရပ်ခိုင်းရတယ်။ မထင်အောင်ပေါ့။ ဒါကသူ့ ကို အရုးဘုံမြောက်ပေးနေတာ မဟုတ်ဘူး။ ပါးပါးခုနကပြောသလို ယူရတဲ့တာဝန်အလိုက် အသိအမှတ်ပြုပေးတာ။ နောက်ပြီးလူမသိတဲ့သူ့  ရဲ့ ရဲဘော်တွေနဲ့ တသားတည်းနေတဲ့စိတ်ဓာတ်ကို ပါးပါးကပြောပြတာ။ ဒီအဖြစ်အပျက်က ပါးပါးတို့ တပ်ဖွဲ့ ရဲ့ ကနီးကာလစောစောပိုင်းမှာ သူနဲ့ ပတ်သက်လို့ ကြုံခဲ့ရတာလေးပါ။
အင်းပြောတာပြောနေရတယ်။ ပါးပါးလိုပဲ သူ့ ရဲ့ ကောင်းကြောင်းလေးတချို့ ဖွင့်ပြောမိတဲ့ ပါပါးတို့ ရဲ့ ရဲမေ တယောက်ဖြစ်အင်ကို ပြေးမြင်မြင်နေတယ်။ သူလည်းဒီလိုပြောလို့ ရစရာမရှိအောင် နုတ်သီးထက်ထက် တွေနဲ့ လှမ်းဆိတ်ခံလိုက်ရတယ်လေ။ ဒါပေမယ့် အရိုပကတိအတိုင်း အမှန်မြင်သိကြည့်တတ်သူဖြစ်ခဲ့ရင် မြင်တတ်မှာပါ။ လူတယောက်ကိုကြည့်ရင် ရန်လိုစိတ်ကြောင့်အမှောင်ဖုံးပြီး အပြစ်ကိုတွေသာမြင်ရပြီး ကောင်းကွက်တွေ ကိုတေမိဇာတ်ခင်း နုတ်တွင်းကမထွက်နိုင်တော့ဘူးပေါ့သားရယ်။ အဲလိုမဖြစ်ရအောင် ဖိုးခွားလည်း ကြည့်တတ်ဖို့ လိုတယ်နော်။ တဖက်တည်းစောင်းမမြင်ရဘူးသား။ လူသားတော့လူသားပေါ့ ကွာ။ ဘုန်းကြီးလိုတော့ ဘယ်ကျင့်နိုင်ပါ့မလဲဆိုတဲ့ ပေါ့ပေါ့တန်တန်စကား သူများပြောသလိုလိုက် မပြောနဲ့ ။ ဘုန်းကြီးလိုကျင့်စရာမလိုဘူး။ လူကောင်းလိုကျင့်ဖို့ ၊ တွေးခေါ်ဖို့ နဲ့ ပကတိကို အရှိအတိုင်းသိ မြင်တတ်ဖို့ ပဲလိုတယ်လို့ ပါးပါးပြောချင်တယ်။
အဲဒီလူမုန်းများတဲ့ပုဂ္ဂိုလ်ဟာ သူယူတဲ့တာဝန်တွေကိုထမ်းဆောင်ရင်းက တိုက်ပွဲထဲမှာမျက်လုံးတဖက်ဆုံးခဲ့ ရတယ်။ နောက်ထပ် လက်တဖက်လည်းပေးဆပ်ခဲ့တယ်။ လက်ကောင်းဖို့ အရေး တင်ပါးအသွေးအသား တွေပါလှီးထုတ်ခဲ့ရတယ်။ ရန်သူလက်ထဲရောက်ပြီးခါမှ သူ့ ရဲ့ ဖြတ်ထိုးညဏ်ကြောင့်ပြန်လွတ်ခဲ့ဘူးတယ်။
နောက်တခုက တအားချန်းအေးတဲ့ ၁၉၉၀ခုနစ်ဒီဇင်ဘာလထဲမှာပေါ့။ ပါးပါးတို့ က မဟာမိတ်စစ်ကြောင်းနဲ့  လွယ်ဂျယ်နဲ့ ယောယုံကြားထဲက မဒါးဘွမ်ဆိုတဲ့ ရန်သူထိုင်တဲ့စခန်းကို သွားပစ်တဲ့အခါတုံးကပေါ့။ ပါးပါးတို့  သတင်းရထားတာက အဲဒီတပ်ကုန်းကရန်သူဟာ မကြာခနဆိုသိလိုပဲ အောက်ရွာတွေထဲဆင်းဆင်းပြီး အ တင်းခြိမ်းခြောက်ပြီး တောင်းရမ်းစားသောက်ကြတယ်တဲ့။ သူတို့ ကိုပညာပေးဖို့ သွားခဲ့ကြတာပေါ့။ ပါးပါးတို့  သူတို့ ကိုလာပစ်တယ်ဆိုတာ သိနေသလားအောက့်မေ့ရတယ် သူတို့ ကလည်းလေးငါးရက်လောက် ဆင်း မလာတော့ဘူးကွ။
ဒီဇင်ဘာလဆိုတော့အရမ်းအေးတဲ့အတွက် ပါးပါးတို့ တော်တော်များများ အအေးမိနာစေးတာခံစားကြရ တယ်။ ရိက္ခာကလည်းသုံးရက်စာပဲသယ်လာတော့ ဘာမှမှရှိတော့ဘူး။ အနောက်ကပို့ တဲ့ထမင်းထုတ်ကို ဆားနဲ့ ဖြူးစားရတယ်။ ကံကောင်းချင်တော့ ပါးပါးတို့ စောင့်နေတဲ့တောင်ကုန်းတခုလုံးက တောင်ဂွေးသီးပင် တွေချည်းပဲ။ ထမင်း၊ တောင်ဂွေးသီးကို ဆားနဲ့ တို့ စားကြတယ်။ ရဲဘော်တွေကလည်း အအေးမိလို့ ချောင်း ဆိုးတာတွေပိုဆိုးလာကြတယ်။ အဲဒီအချိန်မှာ ပါးပါးတို့ စစ်ကြောင်းမှူးဖြစ်သူစစ်ဦးစီးက ပါးပါးနားရောက် လာတယ်။ သူဘေးနားအိပ်တဲ့ရဲဘော်က အိပ်တာအရမ်းဟောက်လို့ တဲ့။
သူကပါးပါးနားလာတော့ ပါးပါးအတွက်လုပ်ထားတဲ့ ပလပ်စတတ်မိုးယာယီတဲလေးထဲမှာ နေရာပေးအိပ် စေတယ်။ အဲဒီအချိန်မှာ ရဲဘော်အားလုံးအတွက်ထုတ်ပေးထားတဲ့ ခါချဉ်ပေါင်လို့ ခေါ်တဲ့  လိပ်သောက်တဲ့ ဆေးရွက်ကြီးခြောက်ကလည်းမရှိတော့ ရဲဘော်တွေအတွက် ပိုနေရခက်နေတယ်။ တောထဲမှာ ရဲဘော် တွေရဲ့ တခုတည်းသောသောက်စရာဆေးလိပ်ပေါ့။ အဲဒါကိုသိတဲ့ စစ်ကြောင်းမှူးက စစ်ကြောင်းမထွက်ခင် မဟာမိတ်တပ်မဟာမှူးသူ့ ကိုလက်ဆောင်ပေးလိုက်တဲ့  တရုပ်စီးကရက်လက်ကျန် လေးကိုထုတ်ပြီး ပါးပါးတို့ ကိုမျှဝေပြီးသောက်စေတယ်။ တယောက်တရှိုက်ဆိုတဲ့ မီးခိုးငွေ့ ဟာ အရမ်းချမ်းနေတဲ့ပါးပါးတို့  ရဲဘော်တွေအားလုံးအတွက် မဟာအနွေးဓာတ်ကြီးကိုရရှိစေခဲ့တယ်။
နောက်ပြီးတော့ သူ့ ဗူးထဲမှာအချမ်းပြေသောက်ဖို့ ဆောင်ထားတဲ့ မီးတောက်ကချင်အရက်ကိုလည်း ပါးပါး တို့ ရဲဘော်တွေကို နည်းနည်းစီမော့စေခဲ့တယ်။ ပါးပါးတခုကောင်းကောင်းမှတ်မိတာတခုက တမနက်မှာ ပါးပါးတို့ က အနောက်ကပို့ တဲ့ ထမင်းထုတ်ကို တောင်ဂွေးသီးနဲ့ မြိန်ရည်ရှက်ရည်စားတဲ့အခါ ခွဲတမ်းရတဲ့ထ မင်းထုတ်လည်းကုန်ရော သူကပြောတယ်။ အား..ကောင်းလိုက်တာ ၀တောင်မ၀သေးဘူးတဲ့။ တကယ်တမ်း ဆိုသူက အစားနည်းတယ်။ အသောက်လည်းစည်းကမ်းရှိတယ်။ ဘယ့်နယ် ထမင်းကိုဆားဖြူးပြီး တောင် ဂွေးသီးနဲ့ စားမှာ သူကမ၀လောက်အောင်ဖြစ်ရတာလဲလို့ ။
ဒါက လူတော်တော်များများက လိုက်မိုက်ကြီးဘွဲ့ ပေးထားခြင်းခံရတဲ့ လူထဲကလူတယောက်ရဲ့  တခြားတ ဖက်မှာရှိတဲ့ဖြစ်စဉ်ပါ။ သူ့ မိုက်ခဲ့သလို သူတိုက်ခိုက်တဲ့တိုက်ပွဲတွေလည်းမနည်းဘူး။ သူမှားခဲ့သလို သူက စားခဲ့တဲ့ တော်လှန်ရေးပွဲစဉ်တွေလည်းရှိတယ်။ သူမှားတာရှိခဲ့သလို မှန်တာတွေလည်းရှိခဲ့တယ်။ သူ့ ရဲ့ လုပ် ရပ်တချို့ က အမှားအယွင်းဖြစ်ခဲ့လို့ သူလုပ်ခဲ့တဲ့ ကောင်းမှုတွေအားလုံး အရောင်ဆိုးခြင်းခံရပြီး ပျောက်သွား ကုန်တယ်။ ဖိုးခွားလေးရေ….တကယ်တော့ အဲတာတွေဟာ ကြည့်တတ်..မြင်တတ် ခွဲခြားတတ်ခြင်းအသိနဲ့  ပကတိကိုလက်မခံတတ်လို့ ကွယ်သွားတဲ့မျက်စိတွေပဲကွာ။
ပါးပါးတို့ ငယ်ငယ်တုံးကဖတ်ခဲ့ရတဲ့ ဆရာချစ်ဦးညိုရဲ့  ၀တ္ထုတပုဒ်လိုပေါ့။ လူတကာက အသားစားဘီလူးကြီး သူများအချစ်ကိုအတင်းအဓမ္မရယူတဲ့ မကောင်းဆိုးဝါးကြီးလို့ မြင်နေတာကို ဆရာကတခြားလူတွေမမြင် ပေးနိုင်၊ မမြင်တတ်တဲ့ ဒသဂီရိရဲ့  အချစ်ကြီးတဲ့ နလုံးသားကို တဖက်ကမြင်ပေးလိုက်တယ်။ မြန်မာ့ စာဖတ်သူလောကမှာ ဝေဖန်ကြ၊ ပြစ်တင်ကြ အငြင်းပွားခဲ့ကြတာခုထိမှတ်မိတယ်။ အဲ့ဒီဖြစ်စဉ်အတွက် ပါး ပါးမြင်မိတာက မြင်ကြည့်တဲ့ ရှု ထောင့်ကွာဟခြင်းပြသနာပဲ။
အဲ့ဒီတော့ ဖိုးခွားလေးရေ..လူတယောက်ရယ်လို့ ဖြစ်လာရင် ကောင်းတာလည်းလုပ်တယ်။ မကောင်းတာ လည်းလုပ်တယ်။ ဘယ်ဟာပဲပိုလုပ်လုပ် သူလုပ်တဲ့အကျိုးကို သူခံစားရတာဟာ ဓမ္မတာပဲ။ လူမှန်တာကို မမြင်ဟန်ဆောင်တတ်ကြပေမယ့် အမှားတခုကျူးလွန်မိပြီဆိုရင် ပိုပေါ်လွင်လေ့ရှိတယ်။ ဘာပဲဖြစ်ဖြစ် မှားခြင်းမှန်ခြင်းကို ပါးပါးတို့ က ပါးစပ်နဲ့ ပဲလေဟပ်လို့ ရတယ်။ တကယ်တန်းအဆုံးအဖြတ်ပေးနိုင်တာက ဥပဒေလို့ ခေါ်ဆိုတဲ့ ပြုပြင်ထိန်းသိမ်း အရေးယူဆောင်ရွက်ပေးနိုင်တဲ့ ပါးပါးတို့ အားလုံးလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေပေါ့ကွာ။
မှတ်ချက်။.......။ ကျနော်အက္ဈမ်းတ၀င်နေထိုင်ပြီး တိုက်ပွဲဝင်ဘူးခဲ့တဲ့ ထောင်ထဲကလူမိုက်ကြီးသို့ အမှတ်တရ။
No comments:
Post a Comment