by May Thingyan Hein on Monday, October 8, 2012 at 10:58pm ·
မေသင်္ကြန်ဟိန်(မြစ်မခ)
အောက်တိုဘာ ၉၊ ရန်ကုန်မြို့။
အပိုင်း(၄)
ကျနော် မိုးသီးဇွန်ကို ယုံကြည်မိခဲ့တယ် ။
အဲဒါဟာကျနော့်ကိုယ် ကျနော် တသက်လုံး မိကိုယ်ကို နောင်တရစေမဲ့  ယုံကြည်မှု အမှားတွေကို အချိန်ကာလာတာနဲ့ အမျှ သိလာရတယ် ။ ကျွန်တော်ခံစားရတဲ့ နောင်တ ဆိုတဲ့ အတွေးမျိုးကို မိုးသီးဇွန်ကို ယုံကြည်ခဲ့သူတွေ ခံစားရမယ်ဆိုတာ နားလည်ပါတယ် ။
ဒီနေရာမှ ကျနော် တခုလောက် ဖြတ်ပြီး ပြောချင်တယ်။ ကျနော်တို့ ညီအကို တောခိုခဲ့ကြတာက မြန်မာပြည် ဒီမိုကရေစီရေးအတွက် ခဏ ရှောင်နေခဲ့ကြတာပါ။ ခဏရှောင်နေပြီးရင် အိမ်ပြန်မယ်ဆိုတဲ့ စိတ်နဲ့ရည်ရွယ်ချက် ရှိခဲ့ကြတယ်။
မှတ်မှတ်ရရ ရန်ကုန်မှာ အာဏာသိမ်းပြီး နောက်တနေ့ လည်လောက်မှာ လှိုင်မြို့ နယ်လမ်းမကြီး တလျှောက် လူသေအလောင်းတွေကို ကျော်ဖြတ်ပြီး တက္ကသိုလ်ရိပ်သာလမ်းကို ဆင်ရေတွင်းနောက်ဖက်က ပတ်ပြီးသွားလိုက်ကြတယ် ။
အမေစုကို ခြံဝနားမှာ တွေ့ လိုက်ရတယ် ။ အမေစုက မြို့ ထဲက အခြေအနေတွေ မေးတော့ ပြောပြလိုက်တယ် ။
အခြေအနေမကောင်းရင် ထိုင်းနိုင်ငံကို ရှောင်မယ်လို့  အသိပေးလိုက်တယ် ။
အမေစုက ဘန်ကောက်အထိရောက်အောင်သွားပါ ။ ကိုမျိုးသိမ်းကိုတွေ့ အောင်ရှာပြီး အကူအညီတောင်းပါလို့  မှာလိုက်တယ် ။ အပြန်လမ်းမှာ ကျောင်းသားတွေ စုနေတဲ့ ၁၃ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းကို တစ်ချက်ဝင်လိုက်တော့ နယ်စပ်ကိုသွားဖို့  အမာခံကျောင်းသားတွေ ပြင်ဆင်ပြီးပြီ ။ ထောက်လှမ်းရေးတွေ လိုက်ဖမ်းနေကြပြီလို့ ပြောကြတယ် ။အဲဒါနဲ့ အိမ်နားဝန်းကျင် အခြေအနေကို ကြည့်ပြီး အိမ်ထဲဝင်ပြီး အဝတ်အစားအပိုယူလိုက်တယ် ။ အမေ့ကို ရှောင်နေမှ ဖြစ်တော့မယ် အမေ ခဏဘဲလို့ ပြောလိုက်တယ် ။
ကျနော် ထင်ထားတာက ၃ လ လောက်ဘဲကြာမယ်ထင်ထားတာ ။ တကယ်တော့ ၃ လလောက်ဆိုတာ နှစ် ၂၀ ကျော် ကြာတာတောင် အိမ်မပြန်နိုင်သေးတဲ့ ဘဝရောက်သွားတယ်။
အမေက သားကြီးတယောက်ထဲ မသွားနဲ့  သားငယ်ကို အဖေါ်ခေါ်သွားဆိုပြီး အိပ်ယာထဲက အိပ်ပျော်နေတဲ့ ဌေးနိုင်ကို သွားနိုးလိုက်တယ် ။
အဲဒီနေ့က အိပ်ရာထဲကနေ နိုးထလာတဲ့ ဌေးနိုင်က ကိုကြီးက တက္ကသိုလ်ကျောင်းသားမဟုတ်ဘူး ။ အန္တရာယ်ရှိတယ် ။ ကျွန်တော့ သူငယ်ချင်း မောင်မောင်ကျော် သွားနှင့်နေပြီ။ ကျွန်တော်လိုက်မယ်ဆိုပြီး အဝတ်တထည် ကိုယ်တခုနဲ့  လိုက်လာခဲ့ရှာတယ်။
ကျနော်တို့ပဲခူး အထိကတော့  တစုတည်းသွားကြတာပေါ့ ။ ပဲခူးကနေ ဖားအံကို တက်ကြတဲ့အခါကြတော့ ကား၂ စီးကွဲသွားတယ် ။စုံရပ်က မောင်မောင်ကျော်တို့ နဲ့  ချိန်းထားတဲ့ ထိုင်းနိုင်ငံ မယ်တော်ဘုန်းကြီးကျောင်း ပေါ့ ။ ကျနော်နဲ့  ဌေးနိုင်တို့ က တအုပ်စု ။ ငြိမ်းချမ်းတို့ က တအုပ်စု ကွဲသွားကြတယ် ။
ဖားအံက အထွက် စစ်ဆေးရေးဂိတ်အဝင်မှာ ကားသမားက ရပ်ပြီး တောလမ်းနဲ့ လမ်းလျှောက်ဖို့ 
ပြောတယ် ။ ကျနော်တို့ ရင်စို့ တောင်တွေ တက်ကြရတာပေါ့ .။ မြင်မြင့်စန်းဆို မောပန်းလွန်းလို့  သတိပါလစ်တယ် ။ ကိုဌေးနိုင်က အားကစား သမားဆိုတော့ ထမ်းရတာပေါ့ ။
တောင်တက်ထားကြ ရှေ့ မှာ အဆင်းရှိတယ် ဆိုပြီး တက်လိုက်ရတာ ၂ ရက်လောက်ကြာသွားတာလဲရှိတယ် ။ ရွာတွေက ကျိုးဖိုးလေးတွေဆိုပြီး ( ကျောင်းသား) ကျနော်တို့ကို ထမင်းကျွေးတယ် ။ ခရီးတလျှောက်လုံး ကိုဌေးနိုင်က စိတ်ဓါတ်ခွန်အားပေးပြီး ဦးဆောင်ခဲ့တာပါ။
KNU နယ်မြေထဲဝင်တော့ ဒေါက်တာ စင်သီယာတို့ အုပ်စုနဲ့ တွေ့ ပြီး မကြာခင် ဗိုလ်ေ၈ျာ်နီတို့ လာကြိုတယ် ။
တပတ်လောက်ကြာတော့ KNU စခန်းက ဝမ်ခကို စရောက်တယ် ။
နောက်တော့ KNU က ဗိုလ်လှဝေက ကျောင်းသားတွေ စုစည်းပေးထားတဲ့  သီဘောပိုး စခန်းကိုပို့ ပေးလိုက်တယ် ။
သီဘောပိုးဆိုတာ ထိုင်းနိုင်ငံ နယ်စပ်ရွာကြီးတခုပါ ။ မှောင်ခိုကုန်သည်တွေ ခတ္တတည်းခိုရာ အရပ်ဖြစ်တယ် ။ အိမ်ငယ်လေးတွေ မှာ ပြည်တွင်းက လာကြတဲ့ ကျောင်းသားလူငယ်တွေ အုပ်စုလိုက် ပြွတ်ပြီးနေကြရတယ် ။
ကျနော်နဲ့ ပါလာတာက တက္ကသိုလ်ကျောင်းသားငယ်တွေများတယ် ။ လူငယ်တွေ ဘယ်လောက်များလဲဆိုရင်မနက် ၈ နာရီက တန်းစီတာ နေ့ လည် ၁ နာရီလောက်မှ ထမင်းစားဖို့  အလှည့်ရောက်တယ် ။
အဲဒီမှာ ကျနော်တို့ အဖွဲ့ တွေ ဆုံးဖြတ်ချက် တခုချတယ် ။ မယ်တော် ဖုန်းကြီးကျောင်းကို ဖြစ်တဲ့နည်းနဲ့  သွားဖို့  ။
တော်တော်ခက်ခဲတဲ့ အလုပ်ပါလား ။ ကရင်ဂိတ်ကိုဖြတ်ဖို့  KNU ထောက်ခံစာ လိုတယ် ။ ထိုင်းဂိတ်က စစ်ဆေးရင်ပြဖို့  KNU လက်မှတ်လိုတယ် ။ လူတိုင်းကို မပေးဖူး ။
ဈေးဝယ်သွားတဲ့လူတွေကတော့လွယ်တယ် ။ ကျွန်တော်တို့ အုပ်စု ခရီးလမ်း အခြေအနေ ထိုင်းစကား တလုံး နှစ်လုံးလေ့လာရတယ် ။ နောက်ဆုံး ရတဲ့ အချက်အလက်တွေ စုဆောင်းပြီး ကျနော့်ကို ထိုင်းနိုင်ငံထဲဝင်ဖို့ တာဝန်ပေးလိုက်တယ် ။ တိုင်းပြည်အတွက်ဘဲဗျာ ။ ဗိုလ်ချုပ်တောင် တရုပ်ပြည်ကတဆင့် ၈ျပန်ရောက်သေးတာဘဲ ။
ထိုင်းနိုင်ငံထဲ ဈေးဝယ်ပြီး ပြန်လာတဲ့ လူတယောက်ဆီက KNU လက်မှတ်ကို မမြင်ဖူးလို့ ကြည့်ပါရစေဆိုပြီး တောင်းထားလိုက်တယ် ။
မဆလခေတ် တက္ကသိုလ်ကျောင်းသားဆိုတာ ဥာဏ်နီ ဥာဏ်နက် အလွန်များသားဘဲ ။ ရလာတဲ့ လက်မှတ်ကို မနက်စောစော နှင်းရည်နဲ့ ဖျက်တယ် ။ ပန်းချီဆရာသား ရဲမင်းက လက်ရေးတုနဲ့ ရက်စွဲပြင်တယ် ။ ငါးသေတ္တာ တဘူးကို လူတအုပ် ၂ ရက် မျှဝေစားသောက်ရတဲ့  အခြေအနေပါ ။ ကျနော့်ရဲ့ ရွေလက်စွပ်ကို ဌေးနိုင်ကို ချွတ်ပေးလိုက်တယ် ။ ကျနော်တို့အဖွဲ့ ကို ဌေးနိုင်လက်ထဲ အပ်ပေးလိုက်တယ်ပေါ့။
အဲဒီနောက်တော့ရ မယ်တော်ဘုန်းကြီးကျောင်းကို ဘတ်စကားနဲ့ လမ်းညွန် အသံအတိုင်း ရောက်သွားတယ် ။ ငြိမ်းချမ်းတို့ အုပ်စုနဲ့ ပြန်တွေ့ တယ် ။ မောင်မောင်ကျော်ရောက်လာတယ် ။ ရှေ့ ရေး အတွက် တိုင်ပင်ကြတာပေါ့ ။ ၂ ညဘဲအိပ်ရသေးတယ် ။
ထိုင်းပုလိပ်တပ်ဖွဲ့ က နံနက် ၇နာရီလောက် မြန်မာဘုန်းကြီးကျောင်းကို ဝိုင်းပြီး လူတွေ ဖမ်းပါတော့တယ် ။ ကျနော်က အိမ်သာထဲမှာ ဆိုတော့ လွတ်သွားတာပေါ့ ။ ဘာလုပ်ရမှန်း မသိလို့  ကြောင်ပြီး ရပ်ကြည့်နေတုံး ဖမ်းထားတဲ့ကျောင်းသားတွေကို အချုပ်ကားတွေပေါ်တင်ပြီး မောင်းထွက်သွားပါလေရောဗျာ ။ ထိုင်းစကားလဲ မတတ် ။ ဘယ်မှလဲမသွားတတ်တာနဲ့  လာတဲ့ လမ်းအတိုင်း မြန်မာပြည်နယ်စပ်ဖက်ကို လမ်းလျှောက်ပြန်ပေါ့ဗျာ ။
အဲဒီမှာ နေကလည်းပူ ။ ရေကလည်းဆာ ။စိတ်ညစ်ပြီး စိတ်ဓါတ်တွေကျနဲ့ ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့  သွားနေတုန်းမှာ ကျနော့်နောက်ကနေ ဟိုင်းလက်နောက်ပွင့် အနီးတစီး ထိုးရပ်လိုက်တယ် ။
ကားပေါ်က လူကြီးတယောက်က “ဘုန်းကြီးကျောင်းထဲက ပုလိပ်ကားတွေ တွေ့ တယ် ။ ဘာဖြစ်တာလဲ“ တဲ့ မြန်မာလို ပီပီသသကြီးနဲ့  မေးလာတယ်။
ကျောင်းသားတွေကို ထိုင်းပုလိပ်ဝင်ဖမ်းသွားတယ် လို့ ကျနော်က ပြန်ဖြေတော့ အဲဒီလူကြီးက မင်းကကောလို့ ရှာရှည်ပြီးလာမေးပြန်တယ် ။
စိတ်ညစ်နေတုန်း ဒေါသထွက်ထွက်နဲ့  တော်လှန်ရေး လုပ်မလို့ ဗျ လို့ ဘုဂလန့် ဖြေလိုက်တယ် ။
သူက …ဟာ ဒါဆို အတော်ဘဲဆိုပြီး ငါတို့ လဲတော်လှန်ရေး လုပ်မလို့  လိုက်မလားဆိုတော့ ။ လိုက်မယ် ဆိုပြီး ကားပေါ်တက်လိုက်သွားလိုက်တာ ။
တညလုံးလုံး မောင်းလိုက်တာ မဲ့အောင်ဆောင် ရောက်သွားတယ် ။ နောက်တော့ ကရင်နီလို ခေါ်တဲ့ ဟွေစေတီကျောင်းသား စခန်းကိုရောက်သွားတယ် ။ စောင်းဆရာ ကိုနေဝါတို့ အုပ်စုဖြစ်နေတာကိုး ။
အပိုင်း(၅)
၁၉၈၈ နိုဝင်ဘာလမှာ KNPP ပါတီက ကျွန်တော့ကို ဟွေစေတီ ကျောင်းသား ကိုယ်စားလှယ် အဖြစ် KNU နယ်မြေက အစည်းအဝေးကို လွတ်လိုက်တယ် ။ အစည်းအဝေးပြီးတော့
ကျနော်ညီ ရှိတဲ့ သီဘောပိုးကို လိုက်စုံစမ်းတော့ တပ်ရင်း ၂၀၅ ဖြစ်လာမဲ့ ကျောင်းသားစခန်းမှာ သွားတွေ့ တယ် ။
ကိုဌေးနိုင်က တပ်ရေးဗိုလ်ကြီးဖြစ်နေပြီ ။ ညီအကို ၂ယောက် ဆုံကြတော့ ဝမ်းသာအားရပေါ့ဗျာ ။ ကျနော် ထိုင်းထဲကို ဝင်သွားပြီး တခြားကျောင်းသားတွေ အဖမ်းခံရပြီး ပြန်ပို့ တဲ့ အထဲမှာ ကျနော်ပြန်ပါမလာဖူးလေ ။ တခြား အဖွဲ့ ဝင်တွေက ဘုရားသုံးဆူ စခန်းပြောင်းတာ လိုက်သွားကြတယ် ။ ဌေးနိုင် ဝင်းဦး အေးသိန်းထွေး ရဲမင်း တို့ ကကျွန်တော့ကို စောင့်နေကြတယ် ။
ကျနော်က ကရင်နီ ကျောင်းသားကိုယ်စားလှယ် အဖြစ်လာတာဆို စခန်းပြန်ရတာပေါ့ ။
ကျောင်းသားတပ်တော် ၃၀၃ အဖြစ် ပြန်လည်ဖွဲ့ စည်းရတာပေါ့ ။ တော်လှန်ရေး လုပ်နေကြတာဘဲ ။ ကျနော်တို့ရ ညီအကိုလည်း အခြေအနေပေးရင် တွေ့ ကြမယ်ပေါ့ ။
၁၉၈၉ ဧပြီလမှာ KNU ဌာချုပ်ကို သင်တန်းတက်ဖို့  ရှေ့ တန်းကို ကြေးနန်းဝင်လာတယ် ။ ကျနော်လည်း ရှေ့ တန်းက ၃၀၃ ကျောင်းသား တပ်တွေ စစ်ဆေးပြီး KNU ဌါနချုပ်ကို သတင်းပို့ ပြီး ( ပြည်တွင်း ခြင်္သေ့ စစ်ဆင်ရေး ) အထူးသင်တန်းတက်ရတယ် ။
သင်တန်းမှာ စီမံချက်ရေးဆွဲရေး ဘာသာရပ်အတွက် ဆုရတယ် ။ဒီအတွက် ကျောင်းသားတပ်မတော် ဌာနချုပ်ရှိတဲ့ (ဝလေ စခန်း) ကို တာဝန်ထမ်းဆောင်ဖို့ အမိန့် ကျတယ် ။
ကိုဌေးနိုင်ကို အတွင်းရေးမှုး စည်းကမ်း ထိမ်းသိမ်းရေး အဖြစ် ပြန်ဆုံကြတယ် ။ နောက်တော့ ဝလေ စခန်းကျသွားတယ် ။ဗဟိုကော်မီတီက မဲဆောက်မှာ ရုံးဖွင့်တော့ ညီအကို ၂ ယောက် အတူတူပြန်ဆုံကြတယ် ။ ကျနော်က ဖလူးဝင်လိုက် ဝမ်ခ ဝင်လိုက်နဲ ပေါ့ ။့  ညီအကို ၂ယောက် ဒုတိယ အကြိမ် ညီလာခံ ကိုယ်စားလှယ်တွေ ရွေးကြတော့ ကျနော် ကရင်နီမပြန်တော့ဖူး ။
သန်းဝင်း ၊ဌေးနိုင် နဲ့  ကျနော်တို့ အုပ်စုတွေကလည်း လူ့ ဘောင်သစ် ဥက္ကဌ အရှိန်နဲ့  မိုးသီးကို ဥက္ကဌတင်ပေးလိုက်တယ် ။
ညီအကို ၂ယောက် အတူတူနေဖြစ်အောင် သန်းဝင်း အခြေစိုက်တဲ့ မိုးကဲစခန်း ၂၀၆ ကို အတူတူ စာရင်းရွေ့ ကြတယ် ။ အဲဒီတုံးက တပ်ရင်းမှုး သန်းနိုင်နဲ့  ဦးမျိုးချစ်တို့ ပေါ့ .။
ဖလူးစခန်းလဲ ဆက်ကြသွားတော့ ၂၀၆ တပ်ရင်း တခုလုံး ကျောက်ခက်စခန်းကိုရွေ့ ကြရတာပေါ့ ။ ကျွန်တော်က လိုအပ်တဲ့ အကူအညီတွေ ရှာဖို့ မဲဆောက် မှာ ကျန်ခဲ့ရတယ် ။နောက်တော့ ဌေးနိုင်တို့ သန်းဝင်းတို့ က ဝင်းကရှေ့ တန်း စခန်းကို သွားကြပြီ ။
မိုးကဲစခန်းနားက သစ်စက်မှာ ဗကသ က ကိုသူရိန်နဲ့ တွေ့ တယ် ။ ပြည်တွင်းပြန်ဝင်ဖို့  ကိုဌေးတင့် အကူအညီလိုတယ် ။ ဘန်ကောက်ကို ငွေတက်ယူရမယ် ။
ဦးတင်မြင့်ဦးတို့ အုပ်စုဆီမှာတဲ့ ။ ။ အရက်ဖြူတပိုင်းသောက် ။ ကျန်တဲ့ တပိုင်းကို ခေါင်းပေါ်က လောင်းချပြီး ဘန်ကောက် မဲဆောက် ကားပေါ်က မူးပြီးလိုက်သွားလိုက်တယ် ။ ကိုသူရိန်က ထောက်လှမ်းရေးက လက်မှတ်ရှိတော့ ရဲမကြောက်ရဖူးလေ ။
ကိုသောင်းဝင်းတို့ အိမ်ရောက်သွားတယ် ။ ဥိးတင်မြင့်ဦးတို့ ဆီက အကူအညီ ငွေကြေး ပလုံဖြစ်သွားတယ် ။ ဘာဆက်လုပ်ရမှန်းမသိဖြစ်လို့ ဘုရားကျောင်းတွေလိုက်ပြီး အကူအညီတောင်းရတယ် ။ ၄ ရက်ကျော် အိမ်အပြန် ဘယ်သူမှ မရှိတော့ဖူး ။ အနှစ် ၂၀ ကျော်ကြာမှ သိရတာ အဲဒီအိမ်ကို နေ့ ခင်းက ရဲဝင်ဖမ်းသွားလို့  အားလုံးပါသွားတယ်တဲ့ ။
စနန်းမလွမ်ကွင်း မှာ ထမင်းငတ်ပြီး ၂ ရက်လောက် တော်တော် ဒုက္ခရောက်သွားတယ် ။
နောက်တော့ ဝရဇိမ်စာစောင်ဖြစ်လာမဲ့  အသကကျောင်းသားငယ်တွေ နေတဲ့ အေပက်နောက်က အိမ်ကိုရောက်သွားတယ် ။ ထိုင်းစကားသင် ။ ယူအန်လျောက်ရင်း ရဲမင်းနဲ့ ပြန်တွေ့ တယ် ။ နောက်တော့ KNU အဖွဲ့ နဲ့ ပြန်ချိတ်မိပြီး ခါးပတ်ခေါင်း ဆွဲကြိုး ရွေရည်စိမ်လုပ်ငန်း သင်ကြတယ် ။
စာရေးဆရာ မောင်စင်ကြယ် အိမ်မှာ ABSDF ရုံး ဘန်ကောက် မှာ လာဖွင့်တယ် ။ ဌေးနိုင်နဲ့ ပြန်တွေ့ တယ် ။ ဌေးနိုင် ဘန်ကောက်ကို ၂ ကြိမ်တက်လာတယ် ။
အမှန်တရားကို ဦးဆောင်နေတဲ့ တရားသူကြီးက အချိန် အတိအကျ နဲ့ စီရင်ချက်ချဖို့  သက်သေလုပ်ဖို့  ကျွန်တော့ အသက်ကို လွတ်ထားပေးလားအသိပါဖူးဗျာ။
ကျနော် ဆိုတဲ့ ကောင်က တောထဲမှာ တိုက်ပွဲတွေမှာ ကျည်ဆံက ဗုံးဒဏ်က လွတ်လာခဲ့တယ် ။
ဌေးနိုင် အဖမ်းခံရစဉ်ကလည်း ထ္မင်းငတ်နေတဲ့ မြန်မာပြည်သားတွေ မျက်နှာနဲ့  ကိုကိုဦး စကားယုံခဲ့တယ် ။ကျနော် တောထဲပြန်ဆင်းရင်လဲ အသတ်ခံရမှာဘဲ ။
ဌေးနိုင်ကို ကယ်ဖို့ ဆင်းသွားတဲ့ လှဝင်းလဲ အသတ်ခံလိုက်ရတယ်လေ ။
မဟာချိုင် အဝေးပြေးကားလမ်းမကြီး မှာ ၁၀ ဘီးကား ၂ ခါ အတိုက်ခံရတယ် ။မောင်းနေတဲ့ ဆိုင်ကယ်တွေ ကြေမွ စုတ်ပြတ်သွားတယ် ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment