Friday, October 5, 2012
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၇၊ ရန်ကုန်မြို့။
ကိုစိုးလင်းရဲ့ ထူးခြားချက်ကတော့ ဆံပင်တိုတို၊ မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနဲ့ စကားကို ရိုးရိုးရှင်းရှင်းပြောတတ်ပြီး၊ စကားပြောရင် ပေါ့နော…နော.. လို့ ထည့်ပြောတတ်တာပါပဲ။
အညာသားပုံပေါက်ပေမဲ့ ကိုစိုးလင်းက အသားမညိုပါဘူး။ အသားအရည်လတ်ပြီး ပြုံးပြုံးနဲ့ စကားပြောကောင်းတဲ့သူပါ။
သူက ABSDF-မြောက်ပိုင်းက ဗဟိုကော်မတီဝင်လည်း ဖြစ်ခဲ့သလို၊ မြောက်ပိုင်းက VCs ကိုမျိုးဝင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ ရော်နယ်အောင်နိုင်ရဲ့ သူငယ်ချင်းလည်းဖြစ်တယ်၊ ပြီးတော့ သူက မြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ကို လေးစား ချစ်ခင်ခဲ့သူလည်း ဖြစ်တယ်။
သူ့ရဲ့ လက္ခဏာကို ကိုထွန်းအောင်ကျော်က ကြည့်ပေးခဲ့ပြီး သူများသတ်လို့ သေတဲ့ ကံမျိုးမင်းမှာ မပါပါဘူးကွာလို့ ပြောခဲ့ဖူးကြောင်း တခုတ်ရ ပြောတတ်သူလည်း ဖြစ်တယ်။
အကိုကြီး အကိုကြီးနဲ့ လေးစားရင်း ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲ ဖမ်းဆီးပြီး သတ်ခဲ့စဉ်တုန်းက သူ မြောက်ပိုင်းမှာ ရှိမနေခဲ့တဲ့အတွက် စိတ်ထိခိုက်၊ နာကျင်ရကြောင်းလည်း သူက ပြောတယ်။တောင်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး အသတ်ခံလိုက်ရတဲ့ ဋ္ဌေးနိုင်ကိစ္စကလည်း သူ့ကို ပိုပြီးစိတ်ထိခိုက်စေခဲ့တယ်။
အဲဒီလို သူ့ဘ၀ရဲ့ ခြောက်အိပ်မက်နေ့ရက်တွေအကြောင်းကို ပြောရင်း အချို့ နေရာတွေမှာ ဟားတိုက်ရယ်မောနိုင်ခဲ့ပေမဲ့၊ အချို့နေရာတွေမှာတော့ စကားသံတွေ ဆက်မထွက်နိုင်တော့လောက်အောင်အထိ တိတ်ဆိတ်သွားတတ်ပါတယ်။
သူ အဖမ်းခံစဉ်၊ နှိပ်စက်ခံရစဉ်က အဖြစ်အပျက်တွေကို ညအတော်များများမှာ ခြောက်အိမ်မက်အဖြစ် ပြန်ပြန်မက်ခဲ့ပေမဲ့ ဇနီးသည်နဲ့ အမေ့ကိုတောင် မသိစေခဲ့ဘူး။ အိပ်ဆက်ဆိုး မက်တာပါလို့ ဖြေသိမ့်ရင်း …ဒီအကြောင်းတွေကို သူလည်း မေ့ချင်ခဲ့လိမ့်မယ်။
ခုတော့ သမိုင်းမှန် ပေါ်ပေါက်လာဖို့အတွက် ပြန်ပြောရတဲ့အချိန်မှာတော့ သူဟာ အဖြစ်အပျက်တွေ နေ့ရက်တွေနဲ့ မျက်နှာတွေကိုတောင် အလွတ်ရနေတတ်တာ၊ ပြီးတော့ သူက… ရယ်ရင်း… မောရင်း…၀မ်းနည်းရင်း နဲ့ နားထောင်သူတွေကို ရသမျိုးစုံအောင် ပြောပြနိုင်ခဲ့ပါတယ်။
တကယ်ပဲ သူဟာ သမိုင်းမှန်ကို ပေါ်လွင်စေဖို့အတွက် မည်သူ့အပေါ်မှာ အငြိုးအတေးမထားကြောင်း ပြောရင်း မြောက်ပိုင်းနဲ့ တောင်ပိုင်းက ကျောင်းသားတွေရဲ့ အကြောင်းကို ခုလို သူ့ဘ၀ဖြစ်စဉ်က စပြီး ပြောပြခဲ့တယ်။
(၁)
မတ်လ ၂၃ ရက်နေ့ရဲ့ နံနက်အစောကြီး ဝေလီဝေလင်းမှာ ကျနော့်ကို မွေးခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းနဲ့ မွေးရက်တူ မွေးခဲ့တာ။ ၁၉၆၆ ခုနှစ်၊ မတ်လ ၂၃ ရက်ပေါ့။
အဲဒီနေ့က ထူးထူးကြားကြား မတ်လကြီးမှာ မိုးတွေရွာတယ်တဲ့…မိုးလည်း စဲရော အဖေက ရွာထဲကို လှည့်ပြီးတော့မှ ထီပေါက်ပြီ ထီပေါက်ပြီလို့ တရွာလုံးကို လှည့်အော်တာ။ ကျနော့်ကို မွေးတော့ အဖေက သိတ်ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အထက်မှာ မိန်းကလေးချည်း ငါးယောက်မွေးခဲ့တာကိုး။
ကျနော်တယောက်ကို ယောက်ျားလေး စမွေးတာ၊ အဲဒီမှာ အဖေက ထီပေါက်ပြီ ထီပေါကပြီ ဆိုပြီး အော်တာ၊ အမေက ပြောပြခဲ့တယ်။ ကျနော့်အဖေနာမည်က ဦးကျုံးတဲ့ အမေက ဒေါ်ထွေးလှ။
တကယ်လည်း ထီပေါက်သလိုပါပဲ နောက်ထပ် ဆက်မွေးတော့လည်း မိန်းကလေး ချည်းပါပဲ ၅ယောက်၊ ကျနော်တို့ မောင်နှမ ၁၁ ယောက်မှာ ကျနော်တယောက်တည်း ယောက်ျားလေး ပါခဲ့တာ။
အဖေအမေက တော်သူတောင်သားဗျ၊ ပညာကလည်း သုံးလေးတန်းစာပဲ တတ်ခဲ့တာ။ ကျနော်တို့ မိသားစု အသိုင်းအ၀ိုင်းမှာကိုက ပညာတတ်မရှိဘူး။ ကျနော့်ကို မွေးပြီးမှ မန္တလေးပြောင်းတယ်၊ ယောက်ျားလေးလည်း ဖြစ်တတ် အိမ်က ပညာတတ်စေချင်တယ်။
ကျနော်ကလည်း ကျောင်းမနေရသေးဘူး ၄ နှစ်လောက်ကတည်းက စာဆိုရင် အရမ်းဖတ်ချင်တယ်၊ လိုက်လျှောက်ဖတ်တယ်။ ကျနော်က သူငယ်တန်း တက်ခဲ့တဲ့ အချိန်ကတည်း ကသတင်းစာ ဖတ်နေခဲ့ပြီတဲ့ လို့ အမေက ပြောပြာပြခဲ့တယ်။
အမေတို့ ပြောပြောတာကတော့ ကျနော်က မနက်လင်းရင်တဲ့ သတင်းစာ ကောက်ကိုင်တာပဲတဲ့…။ဘာတွေလျှောက်ဖတ်လဲဆိုတော့ပထမ အားကစားသတင်းတွေကို လှန်ဖတ်တယ်တဲ့၊ ပြီးတော့ နိုင်ငံတကာ ရေးရာတွေ လျှောက်ဖတ်ခဲ့တယ်။
ကျနော် မှတ်မိတာ တခုရှိတယ်၊ အားကစားသတင်းမှာပဲ သတင်းစာမှာ ရေးထားတာက မန္တလေး တိုင်းနဲ့ ပဲခူးတိုင်း အဲလို ရေးထားတာ၊ ညနေ လေဒီယိုထဲမှာတော့ ပဲခူး တိုင်းကို ပခိုး ပခိုး လို့ အော်တာဗျ။ အဲလို ကြားတော့ ကျနော်က ဟာ ငါဖတ်တာက ပဲခူးတိုင်ပါ၊ ပခိုးပခိုးနဲ့ အော်နေတာက ဘာလဲပေါ့။ ဘာမှားလဲပေါ့။ပဲခူးတိုင်းနဲ့ ပခိုးတိုင်းနဲ့ တူလား ဆိုတာ ကျနော်က အရမ်းသိချင်တာ။
အဲတော့ ကျနော်တို့ အမထဲမှာ အလည်ဆုံး လို့ ကျနော် ယူဆတဲ့ နံပတ်၂ အမကို ကျနော်က မေးတယ်။ အမရေ လို့ …ငါဖတ်တော့ ပဲခူးတိုင်းလို့ ဖတ်ရတယ်လို့..။ လေဒီယို ထဲမှာတော့ ပခိုးတိုင်း ပခိုင်းတိုင်းလို့ ပြောနေတယ်။ အဲဒါ နှစ်ခုက တူတူပဲလားလို့ မေးမိတယ်။
အဲဒီတော့ အမက ငါ့မောင်…တဲ့ အဝေးကြီး၊ တခြားဆီပဲ…တဲ့။…
အဲဒါ ကျနော်ကြီးပြင်းခဲ့ရတဲ့ ကျနော့်ရဲ့ ပတ်ဝန်းကျင်နဲ့ မိသားစု။
အဲတော့ ကျနော့်အဖေက ပညာမတတ်ပေမဲ့ တံတားဦးနို့ချက် စက်ရုံမှာ တာဝန်ခံလုပ်ရတယ်။ နို့ဆီပညာတော်တော်ကို တော်တယ်။ အဲ… ကျနော့်အဖေရဲ့ အကြောင်းကို ကျနော့်ထက် ကိုလေး (အင်းဝ ဂုဏ်ရည်) ကပိုသိတယ်။ ကျနော့်အဖေက နို့ဆီပညာမှာတော်တော်ကို တော်ပါတယ်။
ကျနော်တို့ အိမ်မှာက ပညာတတ်မရှိ၊ နိုင်ငံရေး လုပ်တဲ့ သူ မရှိတော့ အဖေ သင်တန်း တက်တုန်းက ရခဲ့တဲ့ မဆလ ခေတ်က စာအုပ်အပြာတွေပဲ ရှိတယ်။ ကျနော်က အဲဒါတွေနဲ့ ကြားရတာ၊ ပြောမယ်ဆိုရင် အဲဒီတုန်းက အစိုးရက ကောင်းတယ်ပဲ ကျနော်က ထင်တာ။သတင်းစာထဲမှာလည်း သောင်းကျန်သူဆိုရင် သူပုန်တွေ မကောင်းဘူးလို့ပဲ ကျနော်က ထင်တာ။
အဲဒီလိုပတ်ဝန်းကျင်ကနေ လာခဲ့တာပေါ့ဗျာ။ ကျနော် ဆယ်တန်း နှစ်မှာ အဖေဆုံးတယ်။ ဆယ်တန်းအောင်တော့ ကျနော်က စက်မှုတက္ကသိုလ်ရောက်သွားတယ်။
တကယ်တော့ စက်မှုတက္ကသိုလ်ဆိုတာကို ကျနော်က တက်သာတက်နေရတယ်။ စာလည်း သိပ်မလုပ်ခဲ့ဘူး။ သူငယ်ချင်းအများစုက ကျနော့်ကို လူပျော်လူနောက်အဖြစ်သာ သိတာ။
ဒီနေရာမှာပဲ မခြွင်းမချန်ဝန်ခံပါတယ်…ကျနော်က ဖဲသမားပါ ခင်ဗျာ။
…ဟီး… အဆောင်မှာ ဖဲသမားလို့ နာမည်ကြီး အောင်ကို ရိုက်ခဲ့တာပါ။အဲလိုမျိုး ပါ။ အဲလိုမျိုး။
အဲလိုမျိုး ဖဲ ကိုပဲ စိတ်ဝင်စားတယ်၊ ဖဲရိုက်ဖို့ပဲ သိတယ်။ ဖဲပဲ ရိုက်ချင်တယ်။ စာကိုလည်း မှန်မှန်မလုပ်ဘူး။ ဒါပေမဲ့ ကံကောင်းတာက စာတော်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ စာမေးပွဲနားနီးရင် ငါ့ သင်ပေးဦး ဆိုပြီး စာတော်တဲ့ သူငယ်ချင်းတွေကို လိုက်လိုက် အပူကပ်တာ..အဲလို နည်းနဲ့ပဲ စာမေးပွဲတွေ အောင်အောင်လာတာ။
အဲလို ဖဲတခုပဲ သိတာ နိုင်ငံရေး ဆိုတာလည်း မသိဘူး။ ဗကသ ဆိုတာဝေးရော၊ ဆဲလ်ဗင်း ဂျူလိုင်ဆိုတာကလည်း ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။
အဲဒီလို ပုံစံနဲ့ ဘ၀ကနေ ဘယ်မှစပြီး ပြောင်းလဲ သလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ ဘ၀ရဲ့ အပြောင်းအလဲက အဲဒီမှာပဲ စတော့တာ။ မတ်လ ၁၃ ရက်နေ့ပေါ့နော။
မတ်လ ၁၃ ရက်နေ့၊အစိုးရက ကျောင်းသားတွေကို ပစ်တဲ့နေ့ ဖုန်းမော်အရေးအခင်းနေ့ပေါ့၊ အဲဒီမှာ ကျောင်းသားတွေကို ပစ်တယ်ဆိုတော့…ကျနော်က စဉ်းစားတာပေါ့နော။
ကျနော်ဖတ်ခဲ့ဖူးတဲ့စာအုပ်အပြာရောင် မဆလထုတ်တွေထဲမှာတော့ အစိုးရနဲ့ ပြည်သူဆိုတာ မိတ်ဖက်ပေါ့၊ မိတ်ဖက်ပဋိပက္ခကို မိတ်ဖက်နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို ကျနော်က ဖတ်ခဲ့ဖူးတယ်။ အဲတော့ ခုလို ပစ်သတ်နေတော့ဒါ ရန်ဘက် နည်းနဲ့ ဖြေရှင်းတာပေါ့။
အဲဒီမှာ ကျနော်က ငါဖတ်ခဲ့တဲ့ စာတွေ မှားပြီ လားဆိုတာကို စတွေးမိတာပဲ၊ ကျနော့်ရင်ထဲမှာ ဆူးတစ်ချောင်း စပြီး ၀င်သွားတာပဲနော။ တကယ်ကို လူပျော် လူနောက် ဘာမှ မသိတဲ့ လူတယောက်ကနေ ဒီဖုန်းမော်အရေးအခင်းနေ့ကစပြီး ပြောင်းသွားတာ။
ငါ ဖတ်ခဲ့တဲ့ စာတွေက မှားနေပြီ၊ ငါ ကျက်ခဲ့တဲ့ စာတွေကလည်း မှားနေပြီ ပေါ့ အဲလိုတွေးမိတော့ စိတ်ပူလာခဲ့တယ်။ တကယ်ကို ပူလာတာ။ ဘယ်သူ့အမှန်မေးရမှန်းလည်း မသိဘူး၊ အဲဒီအချိန်တုန်းက ကျနော့်ပတ်ဝန်းကျင်မှာက ကျနော့်လိုပဲ နိုင်ငံရေး သိပ်စိတ်မ၀င်စားတဲ့ ကျောင်းသားတွေက များနေတော့ ကျနော့်မှာ ဘယ်သူ့ကိုမှ သိပ်မေးလို့မရဘူးပေါ့နော။
အဲလိုနဲ့ ကျောင်းပိတ်လို့ အိမ်ပြန်လာကြရတယ်။
နောက်တော့ ကျနော်ကို တော်လှန်ရေးထဲ ပါဝင်လာအောင် လုပ်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျနော် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာမှ မလုပ်ဘဲနဲ့ ကို ကျောင်းထုတ်ခံလိုက်ရတာ။ ပြန်ကြားတာတော့ဗျ အဲဒီမှာ အရေးအခင်းထဲပါခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ နာမည်က စိုးလင်းတဲ့ …အဲဒါ ဘယ်စိုးလင်းမှန်းမသိလို့ စိုးလင်း နာမည်တူတွေ ထုတ်လိုက်တယ်လို့ ကြားတာပဲ ဟုတ်မဟုတ်တော့ ကျနော်လည်း သေချာမသိဘူးနော။ ကြားတာ ပြောရတာ။
အဲတော့ သူများတွေ ဇွန်မှာ ကျောင်းပြန်တက်ရပေမဲ့ ကျနော် မတက်ရတော့ဘူးနော၊ အိမ်မှာပဲ နေရတာပေါ့နော။အဲဒီမှာပဲ ကျနော့်ရဲ့ နိုင်ငံရေး ဘ၀ စတော့တာပဲ။
(၂)
ကျနော်အိမ်မှာပဲ နေနေတော့ ကျနော်ဆီကို ဦးမင်းအောင်က ရောက်ရောက်လာတယ်။ သူက အရင်ကွန်မြူနစ်ဟောင်းပါ၊ မြောင်က။ ကျနော်တို့နဲ့ အိမ်ချင်းကပ်ရောက်ပေါ့နော။
အဲဒီမှာ သူက ကျနော့်ကို စပြီး စိတ်ဝင်စားတာပေါ့၊ ဒီကောင်ဘာများလုပ်ခဲ့လို့ ကျောင်းတောင်ထုတ်ခံခဲ့ရသလဲပေါ့။နိုင်ငံရေးတော်တော်လေး လုပ်လို့ ထုတ်ခံရသလားပေါ့နော။
အဲဒီမှာ ကျနော့်ကို လာလာမေးပြီး စကားပြောကြည့်တော့မှ ကျနော် ဘာမှ မသိဘူးဆိုတာသိတာ ဘာမှ မသိဘူး ၊ဘာမှ မလုပ်ဘဲနဲ့ကို ကျောင်းထုတ်ခံရတယ်ဆိုတာ သိတာ။
သူ့ဆီက ကျနော် ဘာတွေရလဲ ဆိုတော့ ကျနော် မသိခဲ့တဲ့ မြန်မာနိုင်ငံရေး သမိုင်းတွေ၊ပြီးတော့ ဖဆပလ သမိုင်းတွေ၊ ကွန်မြူနစ်သမိုင်းတွေ အဲဒါတွေအားလုံး သူ ကျနော့်ကို ပြောပြတယ်။ အဲဒါနဲ့ကျနော်ရဲ့ လက်ဦးဆရာက ဦးမင်းအောင်ဖြစ်လာတယ်။ သူ့ကြောင့် ကျနော်က နိုင်ငံရေးကို နည်းနည်းသိလာတာပေါ့။
နောက်တခုကံကောင်းတာက ကျနော့်ဘေးမှာ စာဖတ်တဲ့ သူငယ်ချင်းတယောက်ရှိတယ် ကိုကိုနိုင်ဆိုတာက။ ခုတော့ သူက ၀န်ထမ်းဖြစ်နေတယ်။ သူက နိုင်ငံရေးစာ တအားဖတ်ခဲ့တော့ ကျနော့်ကို ပြောပြောပြတယ်။ အဲဒီအချိန်မှာ ဦးမင်းအောင်နဲ့ ကိုကိုနိုင်တို့ရဲ့ ကျေးဇူးနဲ့ ကျနော် နိုင်ငံရေးကို ဖြည်းဖြည်းခြင်းသိလာတယ်။
ဒါပေမဲ့ ၈၈ အရေးအခင်းဖြစ်တဲ့အချိန်မှာ စဖြစ်တော့ ကျနော် မပါသေးဘူး။ မန္တလေးမှာ ၈ရက် ၈လ ၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီး သူများတွေ ထွက်တဲ့အချိန်မှာ ကျနော် မပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က စဉ်းစားတာပေါ့နော။ ငါ့မှာ အဖေလည်း မရှိတော့ဘူးအမေ မုဆိုးမကြီးအတွက် အားကိုးစရာသားဆိုရင်လည်း ငါ့ ပဲ ရှိတယ်။ ကျန်တာ မိန်းခလေးတွေ ချည်းပဲ ငါက သူများလို လုပ်လို့မရဘူးဆိုပြီး အဲဒီအတွေးနဲ့ ကျနော် အိမ်ထဲမှာပဲ အောင်းနေတာ။နည်းနည်းတော့ သိနေပြီ မတရားဘူး လိုက်ရမယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ မထွက်ဘူး နေတယ်။
အဲဒီမှာ သြဂုတ်လ ၂၅ ရက်နေ့ဗျ။ ကျနော် သေသေချာချာမှတ်မိတယ်။. ဘာဖြစ်လို့လဲ ဆိုတော့ သြဂုတ်လ ၂၆ ရက်နေ့မှာ မန်းလေး တမြို့လုံး မြို့လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မှာ။
အဲဒီညမှာ ကျနော့်ရဲ့ အာအိုင်တီက သူငယ်ချင်းတွေ အိမ်ကိုရောက်လာတယ်။ ရောက်လာပြီးတော့ မင်း အိမ်ထဲ အောင်းမနေနဲ့ ဒီတရက်တော့ လိုက်ခဲ့ဦး ဆိုပြီးတော့ ညကြီး မှာ ကျနော့်ကို အိမ်လာခေါ်ကြတာပဲ။
အမေ့ကိုလည်း အမေ ကျနော် ခဏ လိုက်သွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ… အဲဒီနေ့ကစပြီး တောခိုပြီး ပြန်လာတဲ့ နေ့ထိ အိမ်ပြန် မအိပ်ဖြစ်တော့ဘူး။
အဲဒီညက စပြီးကျနော်က ဘယ်ကို စရောက်လဲဆိုတော့ မန်းတလေးမြို့ရဲ့ သပိတ်တပ်ပေါင်းစုကို ရောက်တယ်။ သပိတ်ဥက္ကဋ္ဌ ဦးက၀ိန္ဒဘေးမှာ ကျနော်သွားနေရတယ်။ နိုင်ငံရေးကို တကယ့်ကို နည်းနည်းလေးပဲ သိထားတဲ့ လူတယောက်အနေနဲ့ ခုလို ဆရာတော်ဘေးနားမှာ နေလိုက်ရတဲ့အခါမှာ တနိုင်ငံလုံးကို မြင်လိုက်ရသလို ဖြစ်သွားတာဗျ။
ပြဿနာပေါင်းစုံကို ဆရာတော် ကိုင်တွယ်ဖြေရှင်းပုံတွေ၊ ရန်ကုန်မှာ သပိတ်တွေ ဘာဖြစ်နေတယ်၊ မန္တလေးမှာ ဘယ်လိုဖြစ်တယ် အဲဒါတွေကို အပေါ်စီးကနေ မြင်ရတာ။ ပြောမယ်ဆိုရင်တော့ ဦးမင်းအောင်တို့ ကိုကိုနိုင်တို့ ဆီက ရလိုက်တဲ့ နိုင်ငံရေးအခံလေးကို ဆရာတော်ဆီကနေ ရလိုက်တဲ့ အမြင်နဲ့ဆိုတော့ အရင်ကထက်ပိုသိသွားတယ်။ နိုင်ငံရေးအမြင်ကျယ်သွားတယ်။ဆရာတော်ကိုလည်း ကျနော်တအားလေးစားတာ။
အဲဒီမှာ အာဏာသိမ်းတော့လည်း ကျနော်ရယ် ဆရာတော်ရယ် အခု NLD က ပြင်ဦးလွင် လွှတ်တော်ကိုယ်စားလှယ် ကိုကျော်သီဟရယ်၊ ပြီးတော့ အခု Eleven မှာ ဆောင်းပါး ရေးတဲ့ မင်းလွင်ရယ် ကျနော်တို့ လေးယောက် အိမ်လေး တအိမ်မှာ နေကြတာ။
အပိုင်း(၃)
တကယ်တော့ ဘဝဆိုတာ သင်ယူစရာတွေချည်းပဲလေ နော။
ကျနော့်အနေနဲ့ အနကလ(အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့)မှာ လုပ်တော့လည်း မင်းလွင်(စက်မှု)နဲ့ ဇော်လင်းဦး(ဒေသ-မန်း)တို့ဆီကနေ နိုင်ငံရေးနဲ့ပတ်သက်ပြီး အယူအဆတွေ ပြောဆိုပုံတွေကို သင်ယူရတယ်။
သူတို့ နှစ်ဦးစလုံးက တကယ်တော်တဲ့ ကျောင်းသားတွေ။ ပါတီကျောင်းသားဘဝမှာ မှတ်မှတ်ရရပြန်ပြောစရာ အချက်လေးခုရှိတယ်။ ပထမဆုံးအချက်ကတော့ ရန်ကုန်စက်မှုတက္ကသိုလ်မှာကျင်းပမယ့် ဖုန်းမော်နှစ်ပတ်လည်နေ့အတွက် အောင်ဇော်မင်း(ဒါရိုက်တာ ချိုတူးဇော်)က လှမ်းခေါ်လို့ ရန်ကုန်ဆင်းဖြစ်တယ်။
ပထမတော့ဗျ၊ ကျနော်က သူတို့ရုံး(ဗမာ့မျိုးချစ်လူငယ် အစည်းအရုံး)မှာ နောက်တော့မှ ဒီ/ချုပ်ရုံးကို ရောက်သွားတာ။ အဲဒီမှာ ကိုမင်းကိုနိုင်၊ ကိုအောင်ဒင်၊ ကိုကိုကြီး၊ ကိုစိုးသိန်းနှင့် ကိုမြတ်စံ(ဒီ/ချုပ်) အဲလို ကျောင်းသားခေါင်းဆောင်တွေနဲ့ စပြီးသိကျွမ်းခွင့်ရလိုက်တာပေါ့နော။
အဲဒီမှာ ကျနော် နဲ့ဇော်ကြီး(ချိုတူးဇော်)က ညဘက်မှာ သူတို့နှင့်အိပ်၊ နေ့ဘက်ကျ ရန်ကုန်မှာ ရှိတဲ့ ဒီ/ချုပ်ရုံးတွေကို သူတို့လှည့်ဟောပြောတာကို လိုက်နားထောင်ကြပေါ့။ သူတို့နဲ့ အနီးကပ်နေတော့မှ သူတို့ရဲ့ ထူးခြားမှုတွေကို ပိုသိလာရတယ်ပေါ့နော။
ဒါတွေအားလုံးကတော့ တကယ့်ကို ကျနော့်အတွက်တော့ တကယ့်နိုင်ငံရေးသင်တန်းကြီး တစ်ခုလိုပဲဗျ။
ကိုမင်းကိုနိုင်က သိတဲ့အတိုင်း လေအေးအေးလေးနဲ့ လူထုကိုပြောတတ်တယ်။ အဲဒီတုန်းက သူ အများဆုံးသူပြောလေ့ရှိတဲ့ အကြောင်းအရာကတော့ ငွေစက္ကူသိမ်းလို့ ဆင်းရဲသားတွေနစ်နာတဲ့ အကြောင်းတွေကို အများဆုံး ပြောတာပဲ။
ကိုအောင်ဒင်ကနော့ ကဗျာ ဆရာ၊ သူက ကဗျာဆရာ ဒတ္တ ဆိုတော့ ကတော့ဗျာ။ ကဗျာတွေရွတ်တာပဲများပါတယ်။ သူရွတ်တဲ့ ကဗျာတွေထဲက အပိုဒ်လေးတစ်ပိုဒ်ကို ကျွန်တော်ဒီနေ့ထိ မှတ်မိနေတယ်။
''အိပ်မက်ဆိုးတွေ မက်တဲ့ည
လေမုန်းတိုင်းတွေ တိုက်တဲ့ည
ငါသိပ်သတိရတယ် သူငယ်ချင်းရယ်.....'' တဲ့။ အဲဒါကို အသံနေအသံထားနဲ့ ရွတ်တယ်။
အဲ …အဲဒီထဲမှာ ကိုစိုးသိန်း(စစ်ကိုနိုင်)ကတော့ မာန်ပါပါနဲ့ ဟောပြောတာများပါတယ်။
ကျနော် သဘောအကျဆုံးကတော့ ကိုကိုကြီးပါ။ သူ့စကားတွေက ဥပဒေကြောင်းတွေပါပြီး မှတ်သားစရာလည်း ကောင်းတယ်။ အဲဒီတုန်းက သူက ပြောတယ် ၈၈-ဟာအရေးခင်းမဟုတ်ဘူးတဲ့…။ …အရေးတော်ပုံတစ်ခုဖြစ်တယ်…တဲ့။
အဲဒီလို ၈၈ ဟာ အရေးတော်ပုံဖြစ်တယ်ဆိုတာကို ကိုကိုကြီးပြောမှ ကျွန်တော်စကြားဖူးတာပါ။ အဲဒီတုန်းက ကိုကိုကြီးပြောတဲ့"ကလိမ်စေ့ ငြမ်းဆင်တဲ့ ငြိမ်ပိလမ်းစဉ်" ဆိုတာကိုလည်း အခုထိမှတ်မိနေ တုန်းပဲ။ သူတို့နဲ့ အတူနေတော့ ပညာရတယ်ပေါ့နော။ ချိုတူးဇော်ကတော့ နဂိုကတည်းက စာသမားသူက ၊ သမိုင်းလည်းကျေတော့ သူ့ကို ကျနော့်ထက် အသက်ငယ်ပေမဲ့ ကျနော်က လေးစားတယ်ဗျ။
နောက် ကျနော် ပြောချင်တဲ့ အထဲမှာ မန္တလေးပါတီတွေဖြစ်တဲ့ မနတ(အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု) အနကလရုံးတွေကို စစ်တပ်က လာဝိုင်းတဲ့ ကိစ္စပါတယ်။
အဲဒီအဖြစ်ပျက်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာအကာကွယ်မှမရခဲ့ဘူး။ ဒါကြောင့် ရန်ကုန်နဲ့မန္တလေးက ကျောင်းသားလူငယ်အဖွဲ့အစည်းတွေက စုပေါင်းလက်မှတ်ရေးထိုးကြတယ်။ ပြီးတော့ နဝတကို နိုင်ငံရေးပါတီများ ကာကွယ်တဲ့ ဥပဒေ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ တယ်။
အဲဒီမှာ ဥပဒေထုတ်မပေးရင် ပါတီတွေအနေနဲ့ မြို့ပေါ်မှာလုံခြုံမှု မရှိလို့ တောထဲကို သာ သွားရန်ရှိတယ် ဆိုတဲ့ စကားနဲ့တောင်းဆိုခဲ့တာ။အဲဒီတောင်းဆိုချက်ကို နဝတအနေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ပြီး ပြန်ကြားရတဲ့အထိ ဖြစ်ခဲ့တယ်ပေါ့နော်။
အဲဒီတုန်းက မှတ်မှတ်ရရ ကျနော် မှတ်မိနေတာ ရှိတယ် အဲဒီတောင်းဆိုချက်မှာ ကိုမင်းကိုနိုင်က လက်မှတ်ရေးထိုးခဲ့ပေမယ့် ကိုမိုးသီးဇွန် လက်မှတ် မထိုးခဲ့တာကိုလည်း ကျွန်တော်မှတ်မိတယ်။
နောက် မန္တလေးမှာရှိတဲ့ နိုင်ငံရေးပါတီတွေက ကျောင်းသားလူငယ်တွေ စုပေါင်ြး့ပီး Joint Action-လုပ်ကြတာပါပဲ။ ဒီ/ချုပ်လူငယ်က ဒေါက်တာသန်းထွဋ်အောင်(ယခု-Eleven) မနတလူငယ်က ကိုဇာနည်အောင်၊ ကိုကျော်ဇံ၊ YSUA-က ညီညီနိုင် တစ်ချို့တော့ မမှတ်မိတော့ဘူး။ စုပေါင်းပြီး မန္တလေးမှာ အတတ်နိုင်ဆုံး အလုပ်လုပ်ကြတယ်ပေါ့နော။
၁၉၈၉-မေ(၁၉-၂၀)မှာ မန္တလေးမှာ ဗကည(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ)ကို ကျင်းပခဲ့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မှာက ကျောင်းသားခေါင်းဆောင်အများစု အဖမ်းခံရပြီးတော့ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးလုပ်ရတာ တော်တော်ကြပ်တည်းဖြစ်လာတယ်။
အဲဒီအချိန်တုန်းက ကိုမင်းကိုနိုင်တို့ အဖမ်းခံရပြီး ကိုညိုထွန်းတစ်ယောက်သာ ရှောင်တိမ်းလုပ်နေရတဲ့အချိန်။ မန္တလေးမှာလည်း ကိုသန့်ဇင်၊ ကိုထွန်းအောင်ကျော်တို့ သတိထားသွားလာနေရတဲ့အချိန်ပေါ့။
တစ်နိုင်ငံလုံးအတိုင်းတာနှင့် ကျောင်းသားတွေစုစည်းဖို့ လိုအပ်တာကြောင့် ဗကညကို ကျင်းပခဲ့တာ။ ညီလာခံကို မန္တလေးတက္ကသိုလ် အင်းဝခန်းမမှာ ကျင်းပခဲ့ပြီး နယ်ကိုယ်စားလှယ်တွေကို ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးခဲ့တယ်။ ဆရာတော်ဦးကဝိန္ဒရဲ့ ဦးဆောင်မှုနဲ့ မန္တလေးမှာရှိတဲ့ ကျောင်းသားလူငယ်တွေ စုပြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကျင်းပခဲ့တဲ့ သမိုင်းဝင်ညီလာခံတစ်ခုပေါ့နော။
အဲဒီ ညီလာခံကို အထက်အောက်ကျောင်းသားအများစု တက်ရောက်ကြတယ်။ ဗကညကနေပြီး ဗကသမူငါးချက်ကို ဆက်လက်ကိုင်စွဲတိုက်ပွဲဝင်ဖို့ ချမှတ်နိုင်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တွေကိုလည်း ရွေးချယ်ကြတယ်။
ကျွန်တော်မှတ်မိနေတာက ညီလာခံပထမနေု့ သဘာပတိချုပ်အဖြစ် ကိုညိုထွန်း(ဗကသ)ကဆောင်ရွက်ခဲ့ပြီး။ ဒုတိယနေ့ သဘာပတိချုပ်အဖြစ် ကျွန်တော်က ဆောင်ရွက်ခဲ့ရတယ်ပေါ့။
အဲဒီလိုတွေလည်း ကြုံတွေ့ခဲ့ရတဲ့ သမိုင်းတွေ ရှိတယ်။ ကျနော့်အနေနဲ့လည်း ပါတီမှာ စလုပ်တုန်းက ရိုးရိုးအမှုဆောင်ပဲ နောက်ပိုင်းမှာ ကျနော်က ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရတာပါ။
အဲလို လုပ်နေတုန်းမှာပဲ ကျနော်တို့ ရုံးကိုပဲ စစ်တပ်က လာဝိုင်းနေတာ၊ ဘုတ်တွေကိုလည်း သိမ်းခိုင်းတာ ဘာတို့ လုပ်နေတာနဲ့ တိုင်းပြည်ကိုလည်း အဲလို လက်နက်အားကိုးနဲ့ လုပ်နေတာတွေကို မြင်ရတော့ ကျနော့်စိတ်ထဲမှာ အစိုးရက လက်နက်ရှိလို့ ဒီလိုလုပ်နေတာ၊ အဲဒါကို တော်လှန်ဖို့ ဆိုရင် ငါတို့မှာ လက်နက်ရှိမှ ရမယ်ဆိုတဲ့ အတွေးအခေါ် ကျနော့်မှာ စပြီး ၀င်လာတယ်။
တချိန်တည်းမှာပဲ ABSDF မြောက်ပိုင်းကိုရောက်နေတဲ့ သူငယ်ချင်း ကိုမျိုးဝင်းဆီကလည်း ကျနော့်ဆီကို လူတွေ လွတ်တယ်။ အဲဒီ ကျောင်းသားတွေကိုသတ်တဲ့ကိုမျိုးဝင်းက ကျနော့်ရဲ သူငယ်ချင်းအရင်းကြီးပါ။ သူနဲ့ကျနော်နဲ့က အာအိုင်တီကျောင်းမှာ တော်တော်လေး ရင်းတဲ့ သူငယ်ချင်းပါ။
အဲလိုနဲ့ ကျနော်တို့ ဆက်သွယ်မိတာပေါ့ဗျာ။
အပိုင်း(၄)
မြေပေါ်မှာ ငါးဦး ကော်မတီလေးဖွဲ့ပြီး စပြီး အလုပ်လုပ်တယ်ဗျ။
အဲဒီ ၅ ဦးကော်မတီက ဘယ်သူတွေလည်း ဆိုတော့ အသတ်ခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်( ရော်နယ်အောင်နိုင်) ၊ ကျနော်၊ နောက် ကိုမောင်မောင်လွင်၊ နောက် သိန်းဆွေမြင့် ဆိုတဲ့ သီပေါက ကျောင်းသားတယောက်ပဲ အဲဒီ ၅ ဦးက လုပ်တယ်ပေါ့။
သိန်းဆွေမြင့်တို့ ကိုအောင်နိုင်တို့ကတော့ ရှမ်းပြည် ၄၀၁ တပ်နဲ့ ပတ်သက်ပြီးတော့ လုပ်တယ်။ ကျနော်နဲ့ ကိုမောင်မောင်လွင်ကတော့ ၇၀၁ နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ UG လုပ်ကြတာပေါ့။ကိုထွန်းအောင်ကျော်နဲ့ ဆရာတော် ဦးရေ၀တကတော့ ကျနော်တို့ကို စီမံခန့်ခွဲပေးတာပေါ့နော။
အဲလို လုပ်ရင်း လုပ်ရင်းနဲ့ ဘယ်လိုမှ မြို့ပေါ်မှာ ဆက်နေလို့ မရတော့လို့ကျနော် တောထဲကို ရောက်သွားခဲ့တာ။
တောမခိုခင် ကြားမှာကျနော် UG ကိစ္စတခုနဲ့ မြောက်ပိုင်းကို တက်ဖူးတယ်။ ကချင်ပေါ့လေ။ ABSDF မှာ အဲဒီကတည်းက ကျနော် သတိထားမိသွားတာလေးတွေ ရှိတယ်ဗျ။ ဒါပေမဲ့ ဆက်မစဉ်းစားဖြစ်ခဲ့ဘူးပေါ့။
ABSDF ကချင်မှာ ကိုမျိုးဝင်းက အတွင်းရေးမှူးဆိုတော့ သူက ရောက်တဲ့ နေရာမှာ အကုန်လုံးကို ချုပ်ကိုင်ထားချင်တယ်။
အဲဒီမှာသူ့ထက် ကြီးတဲ့ ဦးစီး ၃ ဦးရှိတယ်၊ ဥက္ကဋ္ဌက ကျော်ကျော်ရှိတယ်။ အဲတော့ သူက ဘာလုပ်လဲ ဆိုတော့ ဒီဦးစီး ၃ယောက်ကိုလည်း ဗဟိုမှာ မရှိအောင် ကိုနေဒွန်း ဦးစီး ဘယ်ကိုသွား၊ ကိုလွှမ်းမိုး ဦးစီး ဘယ်ကိုသွား .. ဦးစီးလှဋ္ဌေးနဲ့ ကိုကျော်ကျော်ကိုလည်း ခင်ဗျားတို့ ၂ ဦးက တော်တယ်ပေါ့။ သွား မာနယ်ပလောကို ညီလာခံတွေ သွားတက်ဆိုပြီး လွှတ်တာပေါ့ဗျာ။ ဆိုလိုချင်တာက သူ့ထက် ရာထူးကြီးတဲ့ သူတွေ မရှိရင် သူက အဲဒီမှာ အမြင့်ဆုံးပဲ။ အဲလိုနဲ့ သူကစားခဲ့တာ ချယ်လှယ်ခဲ့တာပေါ့နော်။ အဲလို လုပ်နေတာကို ကျနော်က သတိတော့ထားမိခဲ့တယ်။အဲလို သူကစားနေတာပေါ့ဗျာ။
ကျနော်တို့က ၁၉၈၉ အကုန်လောက်မှာ တောခိုကြတာ။
ကျနော်ရယ်၊ ကိုထွန်းအောင်ကျော်ရယ်၊ ကိုအောင်နိုင်ရယ် တချိန်တည်းပြေးကြတာ။ လိုက်ဖမ်းတဲ့အချိန်မှာပေါ့ဗျာ။
အဲဒီမှာ ကိုထွန်းအောင်ကျော်နဲ့ ကိုရော်နယ်အောင်နိုင်က ကျနော့်ထက် တလလောက် စောသွားခဲ့တယ်။ အဲလိုပဲ ခွဲသွားကြတာပေါ့ဗျာနော။ ကျနော်က နောက်မှ လိုက်သွားတယ်။
ကျနော် မြောက်ပိုင်း ABSDF –(ပါဂျောင်)ကို ရောက်တဲ့ အချိန်မှာ ဟိုမှာ ပြဿနာက ဖြစ်နေပြီ ဗျ။ ကြီးနေပြီ။ ဘာကြီးနေတာလဲ ဆိုတော့ ကိုမျိုးဝင်းရဲ့ အာဏာရှင် ဆန်မှုတွေကို အပတ်စဉ်(၅) သင်တန်း သားတွေက လက်မခံတဲ့အကြောင်းပေါ့ဗျာ။သင်တန်းတက်ခဲ့ရတဲ့ ကိုဘိုဘိုတို့ကတော့ပိုသိမှာပေါ့။
အဲဒီမှာ ကချင်ကော်မတီကို ဖျက်ခိုင်းတာတွေ ရန်ကုန်နဲ့ မန္တလေးက ရောက်လာတဲ့ ကျောင်းသားတွေပိုများလာတဲ့ အတွက် ကချင်ကော်မတီကို ဖျက်ပေါ့နော် ဒီထက် ကြီးကျယ်တဲ့ အဖွဲ့အစည်းဖွဲ့ ဆိုပြီးတော့ဗျာ အဲလို တောင်းဆိုတာတွေဖြစ်နေတယ်။အဲဒီမှာ ရွေးကောက်ပွဲ ကော်မရှင်တွေဘာတွေ ဖွဲ့ပြီးတော့ ကိုရဲလင်းတို့ ကိုညီညီကျော်တို့ ဦးစိန်တို့အဲလို ပေါ့။
ကျနော်က အဲဒီအချိန်မှာ အတူတူတက်ခဲ့တဲ့ တပ်စိတ်က ဆရာရွှေကျီးရဲ့ တပ်စိတ်၊ ဘာလို့ အဲဒါကို ပြောရသလဲ ဆိုတော့ အဲဒီမှာပါတဲ့ ရဲဘော်အားလုံးက နောက်ပိုင်းမှာ မြောက်ပိုင်းရဲ့ လက်သံပြောင်တဲ့ စစ်ကြောရေး သမားတွေဖြစ်ကုန်လို့ပဲ။
ကျနော် ရောက်တဲ့အချိန်မှာ အဲဒီတပ်စိတ်က ပြောနေကြတာက မျိုးဝင်းမကောင်းကြောင်းချည်းပဲ ပြောကြတယ်။
အဲဒါကို ကျနော်ကြားတော့ ကျနော်စဉ်းစားတယ်။ မျိုးဝင်းမှာ အားနည်းချက်တော့ ရှိတယ်၊ ဒါပေမဲ့ ခေါင်းဆောင်တယောက်ကို ရဲဘော်တွေ ဒီလိုမြင်တာ မဖြစ်သင့်ဘူးဆိုပြီးတော့ ရဲဘော်တွေကို မျိုးဝင်းရွှေပြည်အေး တရားတွေ ကျနော် ဟောခဲ့တယ်။ ခေါင်းဆောင်တွေကို အဲလို မမြင်နဲ့ သူတို့မှာလည်း အကြပ်အတည်းအခက်အခဲတွေ ရှိတယ်။ အဲလိုမျိုးတွေပြောပြီးတော့ ရဲဘော်တွေ မျိုးဝင်းကို လက်ခံလာအောင် ကျနော် ပြောခဲ့တယ်။
နောက် ဗဟိုကော်မတီရွေးကြတော့ အဲဒီအချိန်မှာ မဲအများဆုံးရတာကတော့ ကိုသံချောင်းနဲ့ ကိုလှဆိုင်းဗျ။ဒါ သမိုင်းပါပဲနော်။ စစ်ရေးတာဝန်ခံ ကိုသံချောင်းနဲ့ ကိုလှဆိုင်းက အဲဒီအချိန် အဲဒီမှာ မဲအများဆုံးရတာ။ ကျနော်က တတိယလား၊ စတုတ္ထလား မသိဘူး၊ ကျနော်လည်း မဲတော့များတယ်ဗျ။ အဲဒီမှာ ကိုမျိုးဝင်းက မဲမရဘူး။
ဗဟိုကော်မတီဖြစ်လောက်တဲ့ မဲ သူ မရဘူးဗျ။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ ကျနော်တို့ကျန်တဲ့လူတွေက စဉ်းစားတာပေါ့ဗျာနော။
သူက အရင်လုပ်ခဲ့တဲ့ သူ၊ သူတယောက်ကို ပါလည်း ပါစေချင်တယ်။ အားလုံး ၀ိုင်းပြီး ညှိုလိုက်ကြတာပေါ့ဗျာ။
အဲဒီမှာ ကိုမျိုးဝင်းထက် မဲများတဲ့ ကိုအောင်သန်းဆိုတာ ရှိတယ်။ သူက တိုက်ခိုက်ရေးဘက် အားသန်တော့ သူက ဗဟိုကော်မတီ ကနေ ဖယ်ပေးတယ်။ ကျနော်တို့က ကိုမျိုးဝင်းကို စွဲတင်လိုက်ကြတာပေါ့။
ရန်ကုန်အတွက်မဲရွေးကြတော့ ကိုသန်းထွန်းစိုးနဲ့ ဦးစိန်နဲ့ ရတာဗျ၊ အဲဒီမှာ ကိုမျိုးဝင်းက ဘာထပြောလဲ ဆိုတော့ ကိုသန်းထွန်းစိုးကို သူက တိုက်ပိတ်ကို ကျနောတို့ လက်မခံနိုင်ဘူးဆိုပြီး ဒဲ့ ပြောတာ။ အဲဒီမှာ ကျနော်က ၀င်ညှိုပေးရတယ်။
ကိုသန်းထွန်းစိုးကို တိုက်ပိတ်မို့ လက်မခံနိုင်ရင် ကိုရဲလင်း ဆိုရင် ဘယ်လိုလဲပေါ့။ ကိုရဲလင်းကို ကျနော် အဆိုပြုတော့ အားလုံးကလည်း ကိုရဲလင်းကို လက်ခံပြီး ဖြစ်သွားတယ်။ အမှန်တော့ ကိုရဲလင်းက မဲရွေးတဲ့ ထဲ မပါဘူး။
အဲလိုနဲ့ ဖွဲ့လာခဲ့ကြတာ။ ကျနော်တို့က ဗဟိုကော်မတီသာ ဖြစ်တာ သင်တန်းမတက်ရသေးဘူး။ ABSDF မှာက ရဲဘော်ဆိုရင် သင်တန်းတက်ရမယ်။ ဗဟိုကော်မတီဝင်ဆိုရင် သင်တန်းမတက်လို့ကို မဖြစ်ဘူး ပိုတောင် တက်ရဦးမယ်ဆိုတော့ ကျနော် သင်တန်းသွားတက်တယ်။
တက်တဲ့အခါမှာ ဗဟိုနဲ့ တရက်ခရီးသွားတက်ရတယ်။ အပတ်စဉ် ၆ သင်တန်းပေါ့ဗျ။ တက်ရင်း တညနေပဲ ကျနော်ရယ်၊
ကိုရော်နယ်အောင်နိုင်ရယ်…လမ်းလျှောက်နေကြတယ်။ ပြောရရင် အောင်နိုင်နဲ့ ကျနော် တအားခင်တာပါ။လမ်းလျှောက်နေရင်းနဲ့ ဘာဖြစ်လဲ ဆိုတော့ အဲဒီမှာ ရဲဘော်တွေ ထိုင်နေတဲ့ ၀ိုင်းတ၀ိုင်းပေါ့။
ခေါင်ရည်ထိုင်သောက်နေကြတာ ရဲဘော်တွေ အဲဒီမှာ စကားသံတခုကို ကြားလိုက်ရတယ်။
ကျနော်ရော ကိုအောင်နိုင်ရော ကြားတယ်။ ကျနော်တို့ ဘေးမှာ ဇော်ဇော်မင်း ဆိုတာ ရှိတယ်။
အဲဒီဝိုင်းက ရဲဘော်တစ်ယောက်က ဘာပြောလဲ ဆိုတော့ အခု ဥက္ကဋ္ဌ လုပ်နေတဲ့ ထွန်းအောင်ကျော်က ထောက်လှမ်းရေး ကွတဲ့…။ အဲဒါ ၁၉၉၀ ကတည်းက စပြောနေတာနော်။
အဲတော့ ကျနော်ကနေ …ဟာ…တဲ့။ ဒီရဲဘော် ဘယ်လို ပြောသလဲပေါ့…။ အဲဒီရဲဘော်ကို ကျနော်က ဘယ်သူမှန်းမသိဘူး။ အဲဒါနဲ့ ဇော်ဇော်မင်းကို မေးတယ်၊ မင်းသူ့ကို သိလား ဆိုတော့ ဇော်ဇော်မင်းက သိတယ်အကိုတဲ့။
သိတယ်အကို..အဲဒါ..ကိုအောင်ဘို …တန့်ဆည်က တဲ့…။
ကျနော်ကလည်း …ဟာ …ဒါမျိုးက မပြောသင့်ဘူး၊ ဥက္ကဋ္ဌ တယောက်ကို ဒါမျိုးတွေ နေတာ မဖြစ်သင့်ဘူးပေါ့။ ဒါအဖွဲ့အစည်းရဲ့ အက်ကွဲကြောင်းကြီးပေါ့။ မဖြစ်သင့်ဘူး ဆိုပြီး ကျနော်က ဘယ်ဋ္ဌာနကလည်း မေးတယ်။
သူက သင်တန်းဋ္ဌာနက ရဲဘော်လို့ပြောတော့ သူတို့သင်တန်းမှူး လှဆိုင်းကို ကျနော် သွားတွေ့ပြီး ပြောမယ်လို့ ကိုအောင်နိုင့်ကို ပြောတယ်။
ကျနော်တို့က ကိုထွန်းအောင်ကျော်ကို အကိုကြီးလို့ ခေါ်ကြတာ။ အောင်နိုင့်ကို ကျနော်က ပြောတယ်။
“အောင်နိုင်…ဒီကိစ္စကို မင်းအကိုကြီးကိုတော့ သွားပြောမနေနဲ့တော့ သူ စိတ်ဆင်းရဲလိမ့်မယ်၊ ငါတို့ လှဆိုင်းဆီသွားပြောမယ်“ ဆိုပြီး အောင်နိုင့်ကို ခေါ်ပြီးတော့ လှဆိုင်းဆီသွားပြောတာ။
အပိုင်း(၅)
ဒူဝါ လှဆိုင်းဆီကိုရောက်တော့ ကျနော်က ပြောတယ်။ သင်တန်းမှူး၊ သင်တန်းသားအနေနဲ့ ပြောမှာမဟုတ်ဘူး၊ ကျနော်က ဗဟိုကော်မတီဝင်တယောက်အနေနဲ့ ပြောမှာလို့ ခင်ဗျား ယုံကြည်စိတ်ချရတဲ့ သူတွေ ခေါ်လိုက်ပါလို့။ ပြောတော့ သူက ခေါ်လိုက်တယ်။အဲဒီမှာ ကျနော်ကလည်း ပြောပြလိုက်တယ်။
“ခင်ဗျား ရဲဘော်ကဗျာ အကိုကြီး(ကိုထွန်းအောင်ကျော်)ကို ထောက်လှမ်းရေးလို့ ပြောတယ်လို့…အဲဒါ ကျနော်တို့အဖွဲ့ရဲ့ အမြင့်ဆုံးလူ ကျနော်တို့ရဲ့ ခေါင်းဆောင်လို့…ဒါမျိုးတွေပြောနေတာ မဖြစ်သင့်ဘူး၊ မပြောရဘူးလို့ …အဲဒါကြောင့် ခင်ဗျားရဲဘော်ကို ခင်ဗျားထိန်း “လို့ ကျနော် က ကိုလှဆိုင်းကို အဲလို ပြောခဲ့တာ။
အဲလိုပြောပြီးတော့ ကျနော်က စိတ်ထဲမှာ မအောင့်တတ်ဘူးအဲဒါနဲ့ ကျနော်က မျိုးဝင်း ဆီကို ချက်ခြင်း စာလှမ်းရေးတယ်။ မျိုးဝင် အမြန်ဆင်းခဲ့ ငါမင်းကို ပြောစရာရှိတယ်ဆိုပြီးတော့။ ရဲမေ ဂျူးဂျူး (ကိုသဲချောင်းရဲ့ ဇနှီး) နဲ့ ထည့်လိုက်တယ်။
အဲဒီမှာ မျိုးဝင်းဆင်းလာတယ်။ မျိုးဝင်းကို ကျနော်က ပြောပြတယ်။ လှဆိုင်းကိုလည်း ငါပြောပြီးပြီ၊ ဒီပြဿနာ မကြီးထွားရအောင် ကိုင်တွယ်ပါလို့ ကျနော်ပြောခဲ့တယ်။
ကျနော်ပြောချင်တာလေး တခုရှိတယ်။ ကျနော်တို့ ဗဟိုကော်မတီဖြစ်ရင် ရဲဘော်တယော်ကို runner အနေနဲ့ ခေါ်ခွင့်ရှိတာပေါ့ဗျာ။ ၁၉၉၀ မှာ ကျနော်တို့ သင်တန်းကိစ္စတွေပြီးလို့ ပြန်တက်ကြတဲ့အချိန်မှာ ကျနော်က runner (ကိုယ်ရံတော်)ခေါ်ဖို့ပေါ့ဗျာ၊ အဲဒီမှာ ကျနော်ကြည့်တယ်ဗျ အများစုကတော့ ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာကို ခေါ်လေ့ရှိတယ်။ ကိုယ့်ရဲဘော်ကိုခေါ်တယ်၊ ကိုယ့်၇ွာက လူကို ခေါ်တယ်၊ အဲလိုပေါ့ဗျာ ခေါ်ကြတယ်။
ကျနော်က အရမ်းစဉ်းစားတယ်၊ငါ့ရဲ့ runner ခေါ်ရင် ကိုယ့်မြို့ကလူ မခေါ်ဘူး၊ မန်းလေးက ရဲဘော်တွေလည်း ရှိတာပဲ၊ ကျနော်မခေါ်ဘူး။အဲဒါနဲ့ သဘောကျတဲ့ ရဲဘော်လိုက်ကြည့်တော့ စောသက်ထွန်းကို တွေ့တယ်။ သူက ကရင်လေး ဒါနဲ့ ကျနော်သူ့ကို ခေါ်လိုက်တယ်ပေါ့နော။
ကျနော်က နိုင်ငံရေးတာဝန်ယူရတော့ နိုင်ငံရေးစည်းရုံးရေးကာလတွေမှာ အလုပ်လုပ်ရင်းနဲ့ ပြဿနာတခုနဲ့ ကြုံတယ်ပေါ့နော။ အဲဒါက ဘာလဲဆိုတော့ တိုက်ပိတ်ကို ကျနော်ကယ်တဲ့ကိစ္စ။အဲဒါ ဘယ်လိုဖြစ်လဲဆိုတော့ တညနေ စောင်းဗျ ကိုမျိုးဝင်းတဲရှေ့မှာ ထိုင်နေကြတုန်း ကိုမျိုးဝင်းက ပြောတာဗျ။
“ဒီကောင့်ကို ငါခုတ်ချင်နေပြီ“…တဲ့။
သူက အဲလိုပြောတော့ ကျနော်က မျိုးဝင်း မင်းဘယ်သူ့ကို ပြောနေတာလဲ။ ဘာကြောင့်လဲ ဆိုတော့ တိုက်ပိတ်က စကားပြောကောင်းတယ် သူက ရဲဘော်တွေနဲ့ရော ရဲမေတွေနဲ့ရော အရမ်းအဆင်ပြေတယ်ပေါ့။
“တိုက်ပိတ်ကွာ…“လို့ မျိုးဝင်းက ပြောတယ်။
ကျနော်က မင်းကလဲကွာ လူတယောက်ကို ခုတ်ချင်တယ် ခုတ်ချင်တယ်လို့ လွယ်လွယ်လေး မပြောနဲ့ လွယ်လွယ်လေး မလုပ်နဲ့ လို့ ပြောတော့ မျိုးဝင်းက “ ဒီကောင်က ထောက်လှမ်းရေး“ တဲ့။
ကျနော်က “ မင်းသေချာလား။ အချက်အလက်ရှိလား အချက်အလက်ရှိရင် ငါ့ကို ပေး“လို့ ပြောတယ်။
အဲဒီမှာ သူ ဘာမှ ဆက်မပြောဘဲနဲ့ နောက်ဆုတ်သွားတယ်။ စကားကို လျှောချသွားတာ။
ကျနော်ကလည်း “အေး …မင်း စိတ်ပူရင် တိုက်ပိတ်(သန်းထွန်းစိုး)ကို ငါ့နားမှာ ခေါ်ထားမယ်၊ နောက်ဆုံးကွာ ငါစောင့်ကြည့်ပေးမယ်ကွာ၊ “ ကျနော်က အမှန်တော့ လူ့အသတ်တချောင်းကိုကယ်လိုက်တာပါပဲ၊ သူ စိတ်ပြေအောင်သာ ကျနော်က ပြောလိုက်တာ။
အဲဒီအချိန်မှာဗျာ အဓိက ပြဿနာက ကျနော်တို့က ဒီမိုကရေစီလူ့အခွင့်အရေးဆိုပြီး လာတယ်။ မြောက်ပိုင်းမှာက ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ပျောက်ပြီး စစ်တပ်ပုံဆန်ပေါက်နေတယ်။ စစ်တပ်ပုံဆန်ကို ကျနော်တို့က ကိုင်နေတယ်။
စစ်အစိုးရရဲ့တပ်ကို တိုက်ဖို့ဆိုရင်တော့ ကျနော်တို့မှာလည်း စစ်တပ်ရှိရမယ်လို့ ယူဆတဲ့အယူအဆလည်း ကျနော့်မှာ ရှိတယ် တချက်၊ ဒါပေမဲ့ ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်တွင်း ဒီမိုကရေစီလည်း ရှိသင့်တယ်လို့ မြင်တယ်။ နောက် ကျနော်တို့ ရောက်နေတဲ့ အခြေအနေအရ မဟာမိတ်ရဲ့ လွှမ်းမိုးမှုအချို့လည်း ရှိတဲ့အတွက် အဲဒါကိုလည်း ကျနော်တို့က ပါယ်လို့မရဘူး။ အဲတော့ ကိုထွန်းအောင်ကျော်နဲ့ ကျနော်တို့ ဘာပြောဖြစ်လဲဆိုတော့ တပ်ကိုတော့ တဖြည်းဖြည်းချင်းနဲ့ ဒီမိုကရေစီဘက်ကို ဆွဲသွားမှပဲ ဆိုတဲ့ အစီစဉ်လည်း စဉ်းစားမိကြတယ်။
အဲတော့ မျိုးဝင်းကိုလည်း ကျနော်က အချိန်ရတိုင်းပြောတယ်။ အမိန့်နဲ့ အုပ်ချုပ်တာ မကောင်းဘူး မဟုတ်ဘူး ကောင်းတယ်။ ဒါပေမဲ့ တပ်တွင်းဒီမိုကရေစီက လိုကိုလိုတယ်ပေါ့နော။
အဲဒီမှာ ပြဿနာက ဘာလဲဆိုတော့ ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က စာမဖတ်ဘူးဗျ။ အဲဒါက …ပြဿနာဗျ။
ကိုထွန်းအောင်ကျော်က စာဖတ်တယ်။ ကျနော်က ကိုထွန်းအောင်ကျော်တို့လောက် စာမဖတ်ပေမဲ့ ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ခဲ့၊ စာဖတ်တဲ့ သူတွေ သမိုင်းကျေတဲ့ သူတွေနဲ့လည်း တွေ့ခဲ့သူတို့ဆီကလည်း ပညာရတာတွေ ရှိခဲ့တော့ ကိုထွန်းအောင်ကျော်နဲ့ ပြောဆိုလို့ တိုင်ပင်လို့ရတယ်ဗျ။
အဲဒီမှာ ကျနော်တို့ တွေးတာက စစ်တပ်တတပ်ဟာ အတွေးအခေါ် မပြည့်ဝရင် မတည်မြဲဘူး၊ အတွေးအခေါ်ပြည့်ဝအောင် တပ်ဆင်ပေးရမယ်ပေါ့နော်။ ကျနော်က အပတ်စဉ် ၆ ဆိုတော့ ရှေ့က သင်တန်းတက်ခဲ့တဲ့ရဲဘော်တွေကိုတော့ အတွေးအခေါ်နဲ့ပတ်သက်ပြီး မဆောင်ရွက်နိုင်တော့ဘူး။ အဲဒီတော့ ကျနော်စဉ်းစားတာက ဗဟိုကိုတက်တက်နေတော့ တက်မှူးတွေကိုများ နိုင်ငံရေးသဘောတရားတွေ ပေးနိုင်ရင် ရဲဘော်တွေလည်း နိုင်ငံရေးသဘောတရားတွေအတွေးအခေါ်တွေ ရလိမ့်မယ်ဆိုပြီး စဉ်းစားတယ်။
အဲဒီစိတ်ကူးတွေနဲ့ ကျနော်က တပ်မှူးတွေကို ဗဟိုတက်တဲ့ အချိန်တိုင်း ရင်းရင်းနှီးနှီးပေါင်းတယ်။
ကျနော်နဲ့ရင်းနှီးတဲ့ တပ်မှူး ကိုအောင်ဆွေဦး၊ ကိုသာဓု တို့နဲ့ တော်တော်ရင်းနှီးတယ် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်၊ နိုင်ငံရေးသဘောတရားလေးတွေလည်းပြောဖြစ်တယ်။ အဲဒါကို ဘယ်သူက မျက်စိစပါးမွှေးစူးလဲ ဆိုတော့ ကိုသံချောင်း။
“ဒီနိုင်ငံရေးမှူးက ဘာလဲ…တပ်ကို ဘာလာလာ ရှုပ်တာလဲ“…တဲ့ အဲဒါ သူပြောခဲ့တဲ့ စကား။
နောက်သူက ကျနော့်ကို ငြိုးနေတာ..တဲ့။ ဒါက နောက်မှ စောသက်ထွန်း သာယာဝတီထောင်ကနေ လွတ်မှ သိရတဲ့ စကားတွေနော။အဲလို ငြိုးကြတာတွေကလည်း ဒီကိစ္စတွေကို ဖြစ်စေခဲ့တာပဲ။
တကယ်တော့ မျိုးဝင်းက ထွန်းအောင်ကျော်ကို ငြိုးခဲ့တာ၊ သံချောင်းက ကျနော့်ကို ငြိုးခဲ့တာတွေက သူတို့အနေနဲ့ သူတို့လူ မဖြစ်နိုင်ဘူးလို့လည်း တွေးပုံရတယ်ပေါ့နော။
အဲဒါကြောင့် ကျနော့်ကို မျိုးဝင်းရယ်၊ သံချောင်းရယ်ပေါင်းပြီးတော့ ပထုတ်တာပေါ့ဗျာနော။
တတိယအကြိမ် ညီလာခံက မာနယ်ပလောမှာ ကျင်းပမှာ အဲဒီမှာ ကျနော့်ကို မျိုးဝင်းက သွားတက်ဖို့ ပြောတယ်ပေါ့နော။ အဲဒီမှာ ဒီလောက်လူတွေအများကြီးမှ ငါ့ကိုရွေးလွှတ်တယ်ဆိုပြီး ကျနော်က နည်းနည်းမြှောက်သွားတာပေါ့ဗျ။
အမှန်တကယ်တမ်းပြန်စဉ်းစားကြည့်ရင်တော့ ကျနော့်တာဝန်နဲ့ ကျနော့် နေရာက ခရီးမထွက်ရဘူးဗျာ။ နိုင်ငံရေး သင်တန်းတွေ ဆက်တိုက်ပေးပြီး နေရမဲ့ သူဗျ။ တကယ်တမ်း သွားရမှာက ကိုအောင်နိုင်ဗျ (ရော်နယ်အောင်နိုင်) သူက အဲဒီတုန်းက တကယ်သွားသင့်တာ၊ ဒါပေမဲ့ မသွားဘဲ ဘာကြောင့် ကျနော့်ကို လွှတ်တယ်ဆိုတာကို နောက်မှ ကျနော် သိရတော့တာပေါ့ဗျာနော။
အပိုင်း(၆)
တကယ်ဆို သူတို့ လွှတ်တဲ့ ခရီးကို ကျနော်မသွားဘနဲ့ မျိုးဝင်းဘေးမှာ ကျနော်အမြဲရှိနေ သင့်ခဲ့တာ။ အဲလိုဆိုရင်လည်း သူ့ကိုတားနိုင်ဖို့ ထက်ခေါင်းပြတ်ဖို့ ကပိုများပါတယ်။
တကယ်တော့ မျိုးဝင်းက ထောက်လှမ်းရေးဖြစ်လိမ့်မယ်လို့ သံသယရှိနေတယ်လို့ တယောက်ပြီး တယောက် သူ ပြောတဲ့ အခါအတိုင်း ကျနော်ကတော့ အထင်နဲ့ လျှောက် မလုပ်တာအကောင်းဆုံးပဲလို့ အမြဲပြောခဲ့တယ် ။ ခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ သူလာတိုင်ပင်တိုင်း ကျနော်အကြံပေးတာကတစ်မျိုး၊
ဖြစ်ဖြစ်နေတော့ ကျနော်မရှိအောင်သူလုပ်ရတော့မှာပေါ့။ အဲဒါကြောင့်လည်း ကျနော့်ကို မာနယ်ပလောကို လွှတ်ခဲ့တာ။
နောက်တချက်က ကျောင်းသားစစ်ကြောရေးအဖွဲ့ ကရဲဘော်တွေက ကျနော်နဲ့ ရင်းနေတယ်။ ဗဟိုကော်မတီ
ကုန်းပေါ်တက်မနေတာလဲပြောမရလို့ သာ။ မျိုးဝင်းမကြိုက်ဘူး။အမှန်က အဲလိုကြီး ကော်မတီသက်သက်ကုန်းကြီး ပေါ်နေကြတာ ကျနော်သဘောမကျဘူး။
ဒါကြောင့်အောက်ဆင်းနေတာ။ကိုယ့်တဲနဲ့ ကိုယ်ပေါ့။နိုင်/စည်းတဲလေ။ အဲဒီမှာကျနော်။ သန်းထွန်းစိုး(တိုက်ပိတ်)။ ကျော်နိုင်ဦး(ကြောင်) စောသက်ထွန်း၊ ခင်မောင်စိုး(အင်းတော်)(သူကခဏနေပြီးရှေ့ တန်းပါသွား) ပြန်တွေးတော့ သက်ထွန်းကလွဲပြီး အားလုံးထောက်လှမ်းရေးဖြစ်ကုန်ရော။ သက်ထွန်းတောင်ယူဂျီလုပ်ရင်းအဖမ်းခံရလို့ သာ။
တကယ်တော့ မြောက်ပိုင်းပြဿနာအားလုံးဟာ မျိုးဝင်းရဲ့ သံသယကြီးလွန်းပြီး လုပ်ပိုင်ခွင့် ချုပ်ကိုင်ချင်လွန်းလို့ ဖြစ်ရတယ်လ်ု့ ကျနော် မြင်တယ်။
အဲဒီအချိန်တုန်းက တိုက်ပိတ်ကိုသံသယဖြစ်ပြီး နောက်ဆက်တွဲ ဌေးမြင့်ဝင်း၊နန်းအောင်ထွေးကြည်၊ခင်ချိုဦးတို့ ကို
မသင်္ကာတဲ့ စကားတွေ မျိုးဝင်းကျနော့ကိုပြောပြတယ်ဗျ။
မျိုးဝင်းက မောင်မောင်ကြွယ်ကိုလည်း ဒီကောင်လေးက အပတ်စဉ်၅တုန်းက ငါ့ကိုရေရေလည်လည် ဝေဖန်တာလို့ ပြောပြီး ငြိုးထားခဲ့တယ်။ သူပြောတာက မောင်မောင်ကြွယ်ကို မသင်္ကာဘူး၊ ထောက်လှမ်းရေးပေါ့။
ဒီစကားကိုမျိုးဝင်းပြောတော့ ကျနော် ချက်ချင်းကန့် ကွက်ခဲ့တယ်။ မင်းကွာ ဒီလောက်အရွယ်လေး သံသယ၀င်စရာလားလို့ ။တကယ်တော့ဗျာ သီဟ၊မင်းဇင်၊မောင်မောင်ကြွယ်ဆိုတာ အကသ (အခြေခံပညာကျောင်းသားများသမဂ္ဂ)မှာနံမည်ကြီးတယ်။ ။ တကယ်တော်တဲ့ ချာတိတ်တွေ။ မင်းဇင်နဲ့ သီဟကမြို့ ပေါ်မှာတွေ့ ဖူးပြီးသား။မောင်မေင်ကြွယ်ကိုတော့ ကျနော်က ခုမှ တွေ့ရတာ။
ဒီကလေးကို စကားပြောကြည့်တော့လည်း ရည်ရည်မွန် မွန်လေးပါ။
မျိုးဝင်းက ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်တဲ့အထဲပါသွားတာတိုင်းပြည်အတွက်ဘယ်လောက်နှမျော
ဖို့ ကောင်းသလဲလို့ လည်း ကျနော်အမြဲတွေးမိတယ်။
အဲဒီကလေးက မျိုးဝင်းက ဓါးနဲ့ ခုတ်ကာနီးမှာတောင် တချက်မမဲ့ဘဲနဲ့ ဟားတိုက်ရယ်မောသွားတာတဲ့…တကယ့်သတ္တိခဲဗျ။
တကယ်တော့ဗျာ သူတို့ အကိုကြီး(ကိုထွန်းအောင်ကျော်)ကို ငြိုးလို့သာ ငြိုးတယ်။ တကယ်ဆို အကိုကြီးက ဘာမှ အပြစ်ပြောစရာမရှိတဲ့ သူပါ။ ဘုရားတရားလည်း လုပ်တယ်။ ဘာသာရေးကိုလည်း တော်တော်လေး လုပ်ခဲ့တာဗျ၊အကိုကြီးက ဘာရေးအပေါ်မှာ သာမန်ယုံကြည်တာမျိုးမဟုတ်ဘူး၊ မိရိုးဖလာယုံကြည်မှုမျိုးလည်း မဟုတ်ဘူး။ နှစ်နှစ်ကာကာ နကနက်နည်းနည်းကို ယုံကြည်ခဲ့တာဗျ ကျနော်သိခဲ့တယ်။ ပြီးတော့ အကိုကြီးက အနုပညာဆိုရင်လည်း သူက ရတယ်။ စိတ်ဓါတ်ကလည်း တော်တော်ကောင်းတဲ့ စိတ်ဓါတ်မျိုး ရဲဘော်တွေနဲ့လည်း တသားတည်းပဲ။
ကိုထွန်းအောင်ကျော်က တကယ့် လူတော်တစ်ယောက်ပါဗျာ။ လေးစိန်နဲ့ သူ့ မှာ ကျနော်တို့ ယူစရာတွေအများကြိး။ မြောက်ပိုင်းမှာသူရေးခဲ့တဲ့သီချင်းတွေရှိတယ်။ ကျနော်မှတ်မိနေတာ(ခေတ်သစ်ဆီ)ဆို တဲ့တစ်ပုဒ်။ ဖျော်ဖြေရေးကလူတွေ အကိုကြီးသီချင်းတွေကိုပြန် ဖော်ထုတ်နိုင်ရင်ကောင်းမယ်။
အကိုကြီးအကြောင်းပြောတော့ ကျနော် ခုချိန်ထိ နင့်နင့်နည်းနည်းခံစားနေရတာလည်း တခုရှိတယ်။
တောင်ပိုင်းသွားခါနီးတရက်မှာ အကိုကြိး ခေါ်တယ်ဆိုလို့ ကော်မတီကုန်းပေါ်က ဥက္ကဋ္ဌတဲကို ကျန်ာတက်သွားတယ်။ တဲထဲမှာ အကိုကြီးတစ်ယောက်တည်း မီးလုံနေတယ်။
ကျနော် ထိုင်ထိုင်ခြင်း မင်းကိုတောင်ပိုင်းမသွားစေချင်ဘူးကွာ။ လို့အကိုကြီးပြောတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ မင်းက လူဟောင်း(ကချင်ကော်မတီ)တစ်ချို့နဲ့လည်း ရင်းနီးတယ်။ လူသစ်(မြောက်ပိုင်းကော်မတီ) အများစုနဲ့လည်း ရင်းနှီးတယ်။ မင်းမရှိရင် တစ်ခုခု အဆင်မပြေဖြစ်မှာ ငါစိုးရိမ်တယ်လို့ အကိုကြီးက ပြောတယ်။
ကျနော်ကလည်း သွားချင်နေတဲ့ သူဆိုတော့ အောင်နိုင်လည်း ရှိနေတာပဲ အကိုကြီးရာ လိုအပ်ရင် သူ့ကိုတိုင်ပင်လို့ရတာပဲ။ အဲဒီမှာ သူဆက်ပြောတာက …။
''မျိုးဝင်းနဲ့သံချောင်းက တစ်ခုခုကြံစည်နေသလိုပဲ။ ငါ့စိတ်ထဲတစ်မျိုးကြီးကွာ'' တဲ့ သူက ပြောသေးတယ်။ အဲလို။
ကျနော်ကလည်း စိတ်သိပ်မပူပါနဲ့ အကိုကြီးရာ မျိုးဝင်းကိုလည်း ကျနော် သေချာပြောပြီးပါပြီ။ အောင်နိုင်ကိုလည်း မသွားခင် သေချာမှာခဲ့ပါမယ်လို့ ပြောခဲ့တယ်။
မှတ်မှတ်ရရ အဲဒီနေ့က အကိုကြီးမျက်နှာ ညှိုးနေတာကျွန်တော် ခုထိမြင်ယောင်တုန်းပဲ။
အောင်နိုင်က အဲဒီအချိန်က ဗန်းမော်ရင်းမှာ ကျနော်နဲ့်အတူ ခရီးသွားမဲ့ တရုတ်စကားပြောတက်တဲ့ ရဲဘော်ကိန်းမြင့် ကလည်းအဲဒီမှာ။ ဒါကြောင့် ကိန်းမြင့်ကို ရွှေလီလာဖို့ ကြေးနန်းလှမ်းရိုက်ရင်း အောင်နိုင်(ရော်နယ်အောင်နိုင်)ကိုပါ တစ်ခါတည်းလာဖို့ ပြောဖြစ်တယ်။
ဒါပေမယ့် အောင်နိုင် ရွှေလီကို ရောက်မလာခဲ့ဘူး။ ကျနော်လည်း အောင်နိုင်ကိုဘာမှ ပြောမပြနိုင်ခဲ့ဘူး။ အဲဒီတုန်းကတော့ အမှတ်တမဲ့ပါပဲ။ ခုတော့ ........အဲလိုမှန်းသာ သိရင် ကျနော်…။
အပိုင်း(၇)
ကျနော်က ၁၉၉၀ ခုနှစ်ကုန်ပိုင်းလောက်မှာ မြောက်ပိုင်းကနေ စထွက်ခဲ့တယ်။ကျနော်တို့ အဖွဲ့မှာ ဦးစီးလှဌေး၊ ကိန်းမြင့် နဲ့ဆိုတော့ အားလုံးသုံးဦးပေါ့။
ပထမဆုံးရွှေလီ အဲဒီကမှ မန်ရှီမြို့ကိုသွားတယ်။ အဲဒီမှာက ဝသပ(ဝပြည်သွေးစီးညီညွှတ်ရေးပါတီ)က ဗိုလ်မှူးခွန်အိုက်နဲ့တွေ့တယ်။ မုန်းကိုးကို ဆက်သွားကြတယ်။ မုန်းကိုးက တစ်ဆင့် တောလမ်းအတိုင်း ခရီးဆက်တယ်ပေါ့နော။ အဲဒီမှာ ကိုးကန့်ရဲဘော်တစ်ချို့လိုက်ပို့တယ်။ လမ်းမှာ ကချင်ရွာတစ်ချို့ဖြတ်ခဲ့ရတယ်။ အဲဒီတော့မှ ရှမ်းပြည်နယ်ထဲမှာ ကချင်ရွာတွေရှိတာကို သိတာ။
ညနေစောင်းလောက်မှာ မုန်းယား(မှတ်မိသလောက်)ဆိုတဲ့ ရှမ်းရွာကို ရောက်တယ်။ ဘုန်းကြီးကျောင်းဘေးက ချောင်းထဲမှာ(မင်းဘူးကျောင်းတော်ရာကလိုမျိုး) ငါးကြီးတွေ ရှိတာကို ထူးထူးခြားခြား မှတ်မိခဲ့တယ်။
နှစ်ရက်လောက်ဆက်လျှောက်ပြီး သံလွင်မြစ်ကို ရောက်တယ်။ ခရီးစဉ်တစ်လျှောက်လုံး သံလွင်ကို သုံးခါလောက်ဖြတ်ခဲ့ရတယ်။ ပထမဆုံးဖြတ်တာက ကိုးကန့်နယ်ထဲမှာ စက်တပ်ထားတဲ့ ဝါးဖောင်နဲ့ ကူးခဲ့ရတာ။ နောက် တာ့ရွှေထန်ကိုရောက်တယ်။ ညအိပ်ပြီး မနက်ဆက်လျှောက်တော့ လောက်ကိုင်၊ လောက်ကိုင်ကနေ ဂျစ်ကားနဲ့ ခရီးဆက်တာ ညနေစောင်းလောက်မှာ ချင်းရွှေဟော်ကို ရောက်တယ်။
အဲဒီအချိန်က ကိုးကန့်ဒေသက အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အချိန် ကျနော်တို့က ကိုးကန့်ရဲဘော်တွေအဖြစ် ခရီးသွားရတာ ချင်းရွှေဟော်ကမှ တရုတ်ပြည်ထဲဝင်ပြီး ကားနဲ့ခရီးဆက်တယ်။ မှတ်မိသလောက်တော့ ဝနယ်စပ်ရောက်တဲ့အထိပါပဲ။ ဆောင်ဖာဆိုတဲ့ မြို့သေးသေးလေး မှတ်မှတ်ရရ ဝသပပါတီရဲ့ အတွင်းရေးမှူး ဦးကျောက်ညီလိုင်းအိမ်မှာတည်းရတယ်။ သူကဗမာစကားမတတ် ကျနော်က တရုတ်စကားမတတ်တော့ ဦးကျောက်ညီလိုင်းနဲ့ စကားမပြောခဲ့ရပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင် ယုံသားဟင်းချက်ကျွေးတာလည်း မှတ်မိနေပါသေးတယ်။
ဆောင်ဖာကတစ်ဆင့် ဦးကျောက်ညီလိုင်း သမက်ကားကြုံနဲ့ ဝမ်လင်းဆိုတဲ့ ဝမြို့လေးကို သွားတယ်။ ဝလူမျိုးတွေက စကားပြောသံသာ မကြားရရင် တကယ့်အညာသားရုပ်တွေပဲ။ မုန့်ညှင်းနဲ့ ဘိန်းက လွဲပြီး တစ်ခြားသီးနှံစိုက်မရဘူးလို့ သူတို့ပြောကြတယ်။ ဝနယ်တစ်လျှောက်လုံး လမ်းဘေးမှာ အတွေ့များတာကတော့ ရောင်စုံပန်းတွေနဲ့ လှပနေတဲ့ ဘိန်းခင်းတွေပါပဲ။ (အခုတော့ မရှိလောက်တော့ပါဘူး) ဝမ်လင်းကမှ ဝမြို့တော်ပန်ဆန်းကို ခရီးဆက်တယ်။
မှတ်မှတ်ရရ ထုံးကားကြီးနဲ့ လိုက်ခဲ့ရတာ။ ပန်ဆန်းရောက်တော့ ဝသပကော်မတီဝင် ဦးဇော်မိုင်နဲ့ တွေ့တယ်။ သူစီစဉ်ပေးလို့ ဦးကရိန်နော်အိမ်မှာ တည်းရတယ်။ ဝလူမျိုးအများစုကတော့ ဆင်းရဲကြပါတယ်။ ထူးခြားချက်အနေနဲ့ အဲ့ဒီအချိန်က ဝဒေသမှာ အစိုးရပိုက်ဆံသုံးလို့ မရဘူး။ တရုတ်ငွေနဲ့ အင်္ဂလိပ်ဂျော့ဘုရင် ဒင်္ဂါးပြားတွေပဲ လက်ခံတယ်။ အဲ့ဒီဒေသတွေမှာကတော့ ငါးရက် တစ်ဈေးပုံစံနဲ့ အရောင်းအဝယ်လုပ်ကြတယ်။ ဈေးနေ့ကျတဲ့ရွာမှာ လူစည်ကားတယ်။
ပန်ဆန်းရောက်တော့မှပဲ ကွန်မြူနစ်စာအုပ်တွေ အများကြီးဖတ်ရတယ်။ လက်တွေ့ကျမ်း၊ ပဋိပက္ခကျမ်း၊ ရေသောက်မြစ်သုံးသွယ်၊နိုင်ငံတော်အာဏာ-စသဖြင့် အစုံပါပဲ။ ပန်ဆန်းဆိုတာက တောင်ကုန်းတွေကြားထဲက ချိုင့်ထဲမှာရှိတဲ့ မြို့တစ်ခု။ နေကို ၁၂-နာရီကျော်မှ စမြင်ရပြီး ၃-နာရီကျော်ရင် ပျောက်သွားရော။ ပန်ဆန်းမှာ ဒီပီအေ(ဒီမိုကရေစီ ပြည်ချစ်တပ်မတော်)က ရဲဘော်တွေနဲ့လည်း တွေ့ရတယ်။
အဲဒီမှာ ကျနော်နဲ့ တစ်နယ်ထည်းသား(တံတားဦး) မန္တလေးတက္ကသိုလ် ရူပဗေဒ-က ဆရာကိုကျော်စိုးကိုတွေ့တယ်ဗျ။ ကျန်ရဲဘော်တွေက မိုးကုတ်က များတယ်။ ပြုံးချို၊ စိုးနိုင်၊ မြင့်အောင်၊ ထင်ကျော်၊ ဝက်လက်က ဇော်ထွန်း၊ တစ်ချို့တော့ မမှတ်မိတော့ဘူး။ ပန်ဆန်းကနေ ဝစစ်ကြောင်းတစ်ခုနဲ့ ၉၁-ဖေဖဝါရီလောက်မှာ ခရီးဆက်ထွက်တယ်။ ဒီတစ်ခါ သံလွင်ကို ကူးရတာ အသည်းထိတ် ရင်ဖို။ ဝါးပိုးဝါး နှစ်လုံးကို တွဲချည်ပြီး တစ်ခါကူး နှစ်ယောက် ဖြတ်ရတာကိုး။
အနောက်ဖက်ကမ်းရောက်တော့ ရှမ်းရွာတွေ တွေ့တယ်။ ခရီးသွားရင်း ဟန်းငိုင်းလမ်း(ရှမ်းပြည်တောင်မြောက်ဆက်သွယ်သောလမ်း)ကို ဖြတ်ရတာလည်း သတိရမိပါသေးတယ်။ ပလောင်ရွာတစ်ချို့ကိုလည်း ဖြတ်ရတယ်။ ပလောင်တွေက ဆွေစဉ် မျိုးဆက် တဲရှည်ကြီးတွေ ဆက်နေကြတာများတယ်။ တိရိစ္ဆာန်မျိုးစုံလည်း မွေးကြတယ်။ တစ်ချို့ပလောင်ရွာတွေက တောင်ထိပ်တွေမှာ သူတို့ပြောစကားအရ ရန်သူတွေ လာမတိုက်နိုင်အောင် အမြင့်ဆုံးကို တက်နေကြတာပြောတယ်။ မိုင်းကိုင်မြို့နဲ့ မလှမ်းမကန်းက ဖြတ်ပြီး ခရီးဆက်တယ်။ ကျိုင်းတုံ-တောင်ကြီးကားလမ်းကို ဖြတ်ပြီး မိုင်းပွန်မြို့နဲ့ မဝေးတဲ့ တောင်ကုန်းပေါ်က ရွာလေးအရောက်မှာတော့ ဝသပစစ်ကြောင်းနဲ့ လမ်းခွဲပြီး ရလလဖ(ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့)နဲ့ ခရီးဆက်ရတယ်။ မဲနယ်တောင်ရောက်တော့ ရလလဖ-ဥက္ကဋ္ဌ ဦးတာကလယ်တို့ အဖွဲ့နဲ့ ဆုံတယ်။ ရလလဖ-ကို ပအို့အနီအဖွဲ့လို့လည်း ခေါ်ကြတယ်။
ပအို့လူမျိုးတွေကတော့ ဘာသာရေးကို အထူးရိုသေလေးစားကြတယ်။ ရွာတစ်ရွာရောက်လို့ သွပ်မိုးပျဉ်ကာ အဆောက်အအုံကြီးကြီးတွေ့ရင် ဘုန်းကြီးကျောင်းသာမှတ်လိုက်။ အဲ့ဒီရွာတွေမှာ ဘုန်းကြီးကျောင်းပညာရေးဟာ ခေတ်စားနေဆဲ။ ပအို့လူမျိုးတွေက ဝတ်စားဆင်ယင်မှု သပ်ရပ်တယ်။ ရလလဖ-အဖွဲ့ကပဲ ကျွန်တော်တို့ကို ထိုင်းနိုင်ငံထဲထိ ဗိုလ်မှူးချစ်မောင်ကိုယ်တိုင် လိုက်ပို့တယ်။ တိုင်းရင်းသားဒေသတွေကို ဖြတ်သွားတော့မှ သူတို့ရဲ့ ဓလေ့စရိုက်တွေကို ပိုသိလာတယ်။
တိုင်းရင်းသားတွေက အရမ်းရိုးသားတယ်။ ရောင့်ရဲတင်းတိမ်တတ်ကြတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေကြောင့် ဗမာရော စစ်တပ်ရော မုန်းကြတယ်။ ဒါကတော့ စိတ်မကောင်းစရာပေါ့ဗျာ။
လမ်းခရီးအသေးစိပ်ရေးဖို့ တစ်ချို့နေရာတွေ မမှတ်မိတော့ဘူး။ လမ်းမှာတွေ့ခဲ့ရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ရလလဖ-က ဗိုလ်မှူးကြီးစိန်ရွှေ၊ ဗိုလ်မှူးချစ်သာ၊ ဗိုလ်ကြီးမြင့်ဦး၊ ကလလတ(ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး)ဥက္ကဋ္ဌ ဦးညာမောင်မဲ၊ ဗိုလ်မှူးသက်ဖော-စသဖြင့်ပါပဲ။ ရှမ်း၊ ကချင်၊ဝ၊ ပလောင်၊ ပအို့၊ လားဟူ၊ အခါ၊ ကယန်း(ပဒေါင်)၊ကရင်နီ(ကယား)စတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ပဲ ၁၉၉၁-အေပြီလမှာ မာနယ်ပလောမှာရှိတဲ့ ကျောင်းသားတပ်မတော်ဗဟိုဌာနချုပ်ကို ရောက်ပါတယ်။
ကျွန်တော်ဗဟိုကိုရောက်တော့ အေဘီဗဟိုကော်မတီအများစုနှင့် တွေ့ရတယ်။ အေဘီဗဟိုက မာနယ်ပလော လောခွါးလူ ကုန်းပေါ်မှာရှိတယ်။ အောက်မှာက သောင်ရင်းမြစ်တောင်ကနေ မြောက်ကို စီးနေတယ်။
အဲဒီမှာ အာအိုင်တီက သူငယ်ချင်းတွေလည်း တွေ့ရတယ်။ ကျော်ထင်၊(မင်းသမီး)၊ နေမျိုးအောင်(ပြောင်ကြီး-မြစ်ကြီးနား)၊ သိန်းထိုက်ဦး(ကျောက်ပန်းတောင်း-ယခု ဗွီအိုအေ) ဗဟိုကော်မတီတွေကတော့ အားလုံးဖော်ဖော်ရွေရွေပါပဲ။ ထူးထူးခြားခြား ကိုမွန်းအောင်ကိုလည်း တွေ့တာမှတ်မိတယ်။
အဲ့ဒီအချိန်က အဘဦးအေးမြင့်(ဒုဗိုလ်မှူးကြီး)လည်း အေဘီဗဟိုမှာ ရှိနေတယ်။ ဗဟိုမှာ ဆရာဝန်တွေ ရှေ့နေတွေ အခြားပညာတတ်တွေ အများကြီးတွေ့ရတော့ အဖွဲ့အတွက် အရမ်းအားတက်မိတယ်။ ကျွန်တော်တို့လို ကျောင်းတက်နေဆဲ လူငယ်တွေအတွက် တကယ်အားကိုးစရာ နောင်တော်ကြီးတွေလို့လည်း ယုံကြည်တယ်။ ညီလာခံက သြဂုတ်လမှာ စမှာမို့ ကြားထဲမှာ အောက်ဘက်က တစ်ခြားစခန်းတွေကို လေ့လာရေးသွားဖြစ်တယ်။ ဗဟိုဆေးရုံက ဒေါက်တာမြင့်ချိုနဲ့ ဝါးခစခန်းက ဆရာဦးယုနွယ်တို့ဟာ တကယ်လေးစားစရာကောင်းတဲ့ သူတွေပါ။
အပိုင်း(၈)
မာနယ်ပလောကို ရောက်တော့ နဂိုကြားတာက ဇွန်လလောက်မှာ တတိယအကြိမ်ညီလာခံစမယ်လို့ ကြားထားခဲ့တာ။ ဒါပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သြဂုတ်မှာ စမယ်တဲ့။ အဲတော့ ကျနော်က အချိန်ရပြီး အားသွားတယ်။ အားသွားတော့ တောင်ပိုင်းမှာ ရှိတဲ့ စခန်းတွေရဲ့ တည်ဆောက်ပုံတွေကို လေ့လာမယ်ပေါ့၊
ကျနော်တို့မြောက်ပိုင်းမှာအတွက်လည်း အကျိုးရှိအောင် လေ့လာမယ်လို့ စိတ်ကူးတယ်။ အဲဒါနဲ့ စခန်းတွေ တော်တော်များများကိုသွားဖြစ်ခဲ့တယ်။
ကျနော် မင်းသမီးစခန်းရောက်တယ်၊ နောက် ၁၀၁ ဖုရားသုံးဆူစခန်းရောက်တယ်။ ၀မ်ခါးကိုရောက်တယ်။ နောက် ၂၀၈ ကိုလည်း ကျနော်သွားတယ်။ ၂၀၇ ရေကျော်ကိုလည်း သွားတယ်။ နောက် ၂၁၀၊ ၂၀၉ ကိုလည်း ကျနော် သွားတယ်။
၂၀၉ ကတော့ ကျနော့်ရင်ထဲမှာ ယနေ့ထိ မနေ့နိုင်တဲ့ တပ်ရင်းတခုပါပဲ၊ မြောက်ပိုင်းပြီးရင်တော့ ကျနော့်အတွက် မိသားစုတပ်ရင်းတခုလို နွေးထွေးတဲ့ တပ်ရင်းပါ။အဲဒီမှာ သူငယ်ချင်းတွေလည်း ရှိတယ်။ ညီလာခံမစခင် သံလွင်စခန်းမှာနေဖြစ်တယ်။ စခန်း ကော်မတီနဲ့ ရဲဘော်အားလုံးကလည်း အရမ်းရိုသားကြတယ်။ အိုးသားလေး၊ ပလဲနေတာပဲဆိုတဲ့ ဒေသသုံးစကားလုံးလေးတွေကလည်း မမေ့နိုင်စရာ။ စခန်းဥက္ကဋ္ဌ စိုင်းမြင့်သူကလည်း ကျနော်တို့ စက်မှုတက္ကသိုလ်က။ ပြီးတော့ ကျောင်းက ကျော်မိုးရှိတယ်။ အတွင်းရေးမှူးမြင့်ဦး၊ အောင်နိုင်၊ မနှဲ၊ မည်းကြီး၊ စဖိုဆောင်က ကိုမင်းသိမ်း၊ ကိုငွေထွန်း၊ နောက်ပြီး ၊ တပ်ရင်းမှူးမောင်မောင်ဦး၊ သိန်းဆန်း၊ ကိုဒီ၊ ကိုတိတ်၊ ခင်ကျော်၊ ကျွန်တော့ကြောင့် အဖမ်းခံရတဲ့ ဆရာနေဝင်းအောင်၊ သေသွားရတဲ့ အောင်သူအားလုံးဟာ မမေ့နိုင်စရာပါပဲ။
အဲလိုဆိုတော့ ၂၀၉ တပ်ရင်းမှာပဲ ကျနော်က အားတဲ့အချိန်တွေမှာ နေဖြစ်တာ များတယ်။ သူငယ်ချင်းတွေရှိလို့ ဒီတပ်ရင်းကို ရွေးချယ်တဲ့အပြင် တတိယအကြိမ်ညီလာခံကလည်း သံလွင်စခန်းမှာလုပ်မှာ အဲဒါကြောင့်လည်း နေတာပေါ့နော။
တတိယအကြိမ် ညီလာခံက သြဂုတ် ၁၁ ရက်နေ့လောက်မှာစတယ်။ အဲဒီမှ ဘာကိုသွားတွေ့လဲဆိုတော့ အုပ်စု ၂ စု တိုက်ပွဲကိုသွားတွေ့တယ်။
ကိုမိုးသီးဇွန်တို့ အုပ်စုနဲ့ ဒေါက်တာနိုင်အောင်တို့ အုပ်စုရဲ့ တိုက်ပွဲကိုသွားတွေ့တယ်။ အဲဒီတုန်းက ကိုမိုးသီးဇွန်တို့ဘက်က အမာခံတွေကဘယ်သူတွေလည်း ဆိုတော့အခု ဗဟုမှာရောက်နေတဲ့ ကိုအောင်သူငြိမ်း၊ နောက်တခါ အခုကယန်းပြည်သူ့ပါတီမှာ လုပ်နေတဲ့ ဗိုလ်မှူးစောလွင်ပေါ့၊ နောက် ဘီဘီစီကိုရင်မောင် အဲဒီတုန်းကတော့ကိုဝင်းနိုင်ဦးပေါ့…သူတို့တွေက မိုးသီးဇွန်ရဲ့ အမာခံတွေပေါ့။
ကိုအောင်နိုင်(ဒေါက်တာအောင်နိုင်)ဘက်က အမာခံဘယ်သူတွေလည်း ဆိုတော့ ခု ဒီဗီဘီက ကိုခင်မောင်ဝင်း၊ နောက် ဒေါက်တာသောင်းထွန်း၊ နောက် ဒေါက်တာ ကျော်သက်ဦး၊ အဲဒီလူတွေက ဒေါက်တာနိုင်အောင်၇ဲ့ အမာခံတွေပေါ့။
အဲဒီအုပ်စု ၂ စုကဗျ စခန်းတွေထဲမှာ သူတို့လူဖြစ်အောင်တော့ လိုက်စည်းရုံးနေကြတာပဲ များတယ်ဗျ။ အဲဒီထဲမှာ ကြားလိုမျိုး ဘယ်ဘက်မှ မပါဘဲ လွတ်နေတာက မင်းသမီးရယ်၊ ကျနော်တို့ မြောက်ပိုင်းရယ်က အဲဒီအချိန်မှာ ဘယ်ဘက်မှ မပါဘဲ ရှိနေခဲ့တာ။ ဒေါက်တာနိုင်အောင်လူလည်း မဟုတ်ဘူး၊ မိုးသီးဇွန်ရဲ့ လူလည်း မဟုတ်ဘူး။ အဲလိုသဘောမျိုးဖြစ်နေတာပေါ့။
ကျနော်တို့မြောက်ပိုင်းက လူတွေကို ဟိုဘက် အုပ်စုကလည်း လာစည်းရုံး၊ ဒီဘက်အုပ်စုကလည်း လာစည်းရုံးနဲ့ပေါ့ ကျနော်တို့လည်း စည်းရုံးတာ ခံရတာပေါ့ဗျနော်။အဲလိုနေရင်း နေရင်းနဲ့ဗျ တော်လှန်ကော်မတီပြဿနာတွေ ဖြေရှင်းတယ်ဗျ။ ပြီးတော့ အောက်ပိုင်းမှ သေဒဏ်ပေးတဲ့ ကိစ္စတွေပြောကြတယ်ဗျ။အောက်ပိုင်းမှာကျတော့ ဒီလိုဗျ သေဒဏ်က ပေးချင်တိုင်း ပေးလို့မရဘူး။ သေဒဏ်ပေးမယ်ဆိုရင် ဆိုင်းငံ့ပြီးမှ ညီလာခံကိုတင်ရတာ။ ညီလာခံက သဘောတူပြီးမှ သေဒဏ်ပေးရတာ။
အဲဒီမှာ ကျနော်ပြောချင်တာ တခု ရှိတယ်ဗျ ဒေါက်တာနိုင်အောင်တို့ ပြောနေတာက မြောက်ပိုင်းက သူ့ဖွဲ့စည်းပုံနဲ့ သူပါ၊ သူတို့ တားလို့မရပါဘူး ဆိုတာကိုလေ အဲဒါက မဟုတ်ဘူးဗျ၊ တတိယအကြိမ်ညီလာခံမှာ ကျနော်တို့ တောင်းခဲ့တယ်ဗျ။ ကျနော်တို့က ဗဟိုရဲ့ အုပ်ချုပ်မှုအောက်မှာ မို့လို့သာ ဒုတိယအကြိမ်ညီလာခံတွေ ကိုလည်း ကျနော်တို့ ဆီက လွှတ်တယ်။ တတိယအကြိမ်ကိုလည်း ကျနော်တို့ လာတယ်။ ကျနော်တို့က ဗဟိုရဲ့ ဦးဆောင်မှု အောက်မှာပဲ အမြဲ ရှိနေခဲ့တယ်။ ဗဟိုရဲ့ ဆုံးဖြတ်မှု ဦးဆောင်မှုကို ဘယ်တုန်းကမှမကျော်ဘူး။
အဲဒီမှာ ကျနော်တို့က ဘာကိုတောင်းခဲ့လဲဆိုတော့ မြောက်ပိုင်းက သီးခြားအုပ်ချုပ်မှုဆိုရင် ဗဟိုက ခွင့်ပြုပေးဖို့ပေါ့။ဘာကြောင့်လဲဆိုတော့ မြောက်ပိုင်းက တောင်ပိုင်းထက် စာရင် စစ်တပ်ပုံစံအုပ်ချုပ်မှုပိုင်းက ကဲတယ်။ တပ်တွင်း ဒီမိုကရေစီနည်တော့ အဲဒါကို ပြေလည်စေချင်တဲ့အတွက်ကျနော်တို့က တောင်းဆိုခဲ့ကြတယ်။လူတွေကို လက်လွတ်စပါယ်ခုတ်သတ်ဖို့ တောင်းတာမဟုတ်ဘူးနော်၊ သဘောတရားက။
အဲဒီညီလာခံမှာပဲဗျ ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်နဲ့ တဖက်တိုက်ကြရင်း တိုက်ကြရင်းနဲ့ ကိုမိုးသီးဇွန်က အခြေအနေမကောင်းတော့ဘူး။
အဲဒီမှာကိုမိုးသီးရဲ့ အကျင့်ရှိတယ်ဗျ၊ သူမြို့ပေါ်မှာတုန်းကလည်း လူ့ဘောင်သစ်ပါတီမှာလည်း ဒီလို အကျင့်ပေါ့ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဖောက်ခွဲပစ်လိုက်တာမျိုး လုပ်တယ်၊ စတန့်တအားထွင်တာ။ အဲဒီမှာ ပြဿနာက စတော့တာပဲ။
ကေအိုင်အေက ပို့လိုက်တဲ့ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ ဖမ်းမိတယ်ဆိုတဲ့ ကြေးနန်းကို မိုးသီးဇွန်က သူကိုင်ပြီးတော့ စဖောက်တော့တာပဲ။ သူက ဥက္ကဋ္ဌဟောင်းတယောက်မို့ကေအိုင်အေက ပေးလိုက်တာပေါ့ဗျ။ တကယ်တမ်းမှာ သူလုပ်သင့်တာက မြောက်ပိုင်းက ကိုယ်စားလှယ်တွေကိုခေါ်ပြီးတော့ ဒီလိုကြေးနန်းရထားတယ်၊ ဘယ်လိုလဲဆိုပြီး တိုင်ပင်သင့်တာပေါ့ဗျ။
မိုးသီးဇွန်က အဲလိုမဟုတ်ဘူး။ သူက ညီလာခံထဲကို ဒီကြေးနန်းကြီး ကိုင်ပြီး ၀င်လာတယ်။ အဲဒီနေ့က တာဝန်ကျတဲ့ သဘာပတိကို သူက ကြော်ငြာစရာရှိတဲ့အကြောင်းပြောပြီး ကြေးနန်းကြီးကိုင်ပြီး သူက ပြောလိုက်တယ်။.
“မြောက်ပိုင်းမှာ ရန်သူ့လူတွေ ဖမ်းမိနေပြီ…ဆိုတော့ ဒီညီလာခံထဲမှာလည်း ရန်သူ့လူ ဘယ်နှစ်ယောက်ရှိနေပြီလဲ မသိဘူး“ ဆိုပြီး စတော့တာ။ဆိုလိုချင်တာက အခုဒီညီလာခံမှာ သူ့ကိုတိုက်နေတဲ့ အဖွဲ့က ရန်သူ့လူတွေလို့ သူက ဆိုလိုချင်တာပဲ။
သူအဲလို လုပ်တာ မကောင်းဘူး၊ ကျနော့်တအား စိတ်ဆိုးတာ။ အသားကို တုန်နေတာ။ ကျနော်တုန်လှုပ်နေတာ မဟုတ်ဘူးနော်၊ ဒေါသဖြစ်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေတာ။မလုပ်သင့်တာကို လုပ်တယ်ဗျာ၊ မပြောသင့်တာကို ပြောတယ်။ အဲဒီကနေပြဿနာက စသွားတာ။
အဲဒီမှာ ကျနော်က ချက်ခြင်းထတာ။
“ကိုမိုးသီး ခင်ဗျား…စကားကို အရမ်းမပြောပါနဲ့၊ ကျနော် မြောက်ပိုင်းက လာတဲ့ ရဲဘော်၊ မြောက်ပိုင်းအကြောင်းကို ခင်ဗျားထက် ကျနော်ပိုသိတယ်၊ ခင်ဗျား ဘာမှ မသိဘဲနဲ့ ရန်သူ့လူတို့ ဘာတို့ မစွပ်စွဲပါနဲ့“…
အဲဒီတုန်းက မြောက်ပိုင်းမှာ တခုခုဖြစ်ပြီဆိုတာတော့ အတွေးထဲမှာ ကျနော်သိလိုက်ပြီ မျိုးဝင်းတခုခုတော့ လုပ်ပြီပေါ့။ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ကို ဖမ်းထားတာလား ဘာလားဆိုတာတော့ ကျနော်မသိသေးဘူပေါ့ဗျာ။
“ကိုမိုးသီးအဲလို မလုပ်ပါနဲ့ မြောက်ပိုင်းမှာ ရန်သူ့လူလို့ စွပ်စွဲတယ်ဆိုတာ တခုခု မှားနေတာ၊ အဲဒီပြဿနာက ဖြေရှင်းလို့ရတဲ့ ပြဿနာပါ၊ ခင်ဗျား ဒီလို မလုပ်သင့်ဘူး“လို့ အဲလိုပြောတုန်းမှာပဲ ဗျာ၊ မြောက်ပိုင်းက ကိုလှဋ္ဌေးက ကျနော့်ကို ဇွတ်ဆွဲပြီး ထိုင်စေတာ။ ကျနော် မတပ်ရပ်ပြီး ပြောနေတာကို ဇွတ်ထိုင်ခိုင်းတာ။ ဆွဲထိုင်တာ။
ပြီးတော့ သူထပြောတ။
“မြောက်ပိုင်း ပြဿနာ ညီလာခံမှာ မရှင်းနဲ့ ကျနော်တို့ ဟာ ကျနော်တို့ ရှင်းမယ်၊ ခင်ဗျားတို့ နှစ်ယောက် ကိုယ့်ပြဿနာသာကိုယ်ရှင်း “ ဆိုပြီး သူထ ပြောတာ။
အဲလိုတွေဖြစ်ကုန်တော့ မြောက်ပိုင်း ပြဿနာက ညီလာခံမှာ မတင်ခဲ့ရဘူးဗျ၊ ပြန်စဉ်းစားကြည့်ရင်တော့ အဲဒါ အမှားတခုဗျ။ အဲဒီတုန်းကသာ မြောက်ပိုင်း ပြဿနာကို ညီလာခံမှာ တင်ပြဆွေးနွေးခွင့်ရခဲ့ရင် ခုလို လူသတ်မှုမျိုးတွေ ဖြစ်ချင်မှ ဖြစ်ခဲ့မှာပါ။ ဒါ…ကျနော် ပြန်တွေးမိတဲ့ အတွေးပေါ့လေ။
အဲဒီအချိန်မှာ မဟာမိတ်ကလည်း မင်းတို့စိတ်ပူနေတယ်ပေါ့ စစ်ရေး စိတ်ပူတာတွေရော ဘာတွေရောနဲ့ဆိုတော့ ညီလာခံကို သံလွင်စခန်းမှာ မလုပ်တော့ လုံခြုံရေး စိတ်မချရဘူ့း  မာနယ်ပလောကို ပြောင်းခဲ့ဆိုလို့ အဲဒီအချိန်မှာ ညီလာခံဥက္ကဋ္ဌက ကိုကိုဦး၊ ကိုကိုဦးကလည်း ဒါဆို မာနယ်ပလောကို ပြောင်းကြမယ်ဆိုပြီးတော့ မာနယ်ပလောကို ပြောင်းတာပေါ့နော်။
အဲဒီမှာ ဗိုလ်ချုပ်မြကိုယ်တိုင်လာတယ်။ ကျောင်းသားတွေ ပြေလည်အောင်ညှိုကြပေါ့။ ပေါင်းကြပါ ပေါ့နော်။ အဲလိုလည်းပြောခဲ့တယ်။ ပြောမယ်ဆိုရင်တော့ဗျာ ကျနော်တို့ရဲ့ စည်းရုံးရေးလမ်းစဉ်၊ နိုင်ငံရေးလမ်းစဉ် အကုန်လုံးပြေလည်တယ်ဗျ။ ပြဿနာက ဗဟိုကော်မတီခွဲတဲ့ နေရာမှာ ပြဿနာပဲ။ လုကြတာပေါ့ဗျ ပြီးတော့ သူ့လူ ဘယ်နှစ်ယောက်၊ ငါ့လူဘယ်နှစ်ယောက်နဲ့ ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်နဲ့ ပြဿနာ။
အဲဒီမှာ သူတို့ နှစ်ယောက်က ဘယ်လိုမှ ညှို မရဘူး။ အဲတော့ မဟာမိတ်ကလည်း စိတ်တိုလာတယ်။ မင်းတို့ ငါတို့လုပ်ပေးလို့တောင် ညှိုလို့မရရင်တော့ ငါတို့မာနယ်ပလောမှာ ကျောင်းသားကွဲတဲ့ သမိုင်းအဖြစ်မခံနိုင်ဘူး မင်းတို့ စခန်းတွေ ပြန်ကြတော့ ငါတို့ မာနယ်ပလောမှာ မလုပ်တော့နဲ့ ဆိုပြီး ကျနော်တို့ကို ပြောတာ။
အဲဒီမှာ ကျနော်တို့ ပြောင်းကြတာပေါ့ဗျာ အလာတုန်းကတော့ သံလွင်စခန်းကနေ လာတော့ စက်လှေအတူတူစီးကြတယ်။နှစ်ဖွဲ့လုံးက အလာတုန်းကတော့ စက်လှေအတူတူစီးလာနိုင်သေးတယ်။ အပြန်ကြတော့ ကွဲသွားပြီ။
ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့က ကိုအောင်သူငြိမ်းတို့ရဲ့ တပ်ရင်း ၂၁၂ မှာ သွားပြီးတော့မှ ညီလာခံတခု ထပ်လုပ်တယ် ဗဟိုကော်မတီဖွဲ့တယ်။
ကိုနိုင်အောင်တို့နဲ့ အတူ ကျနော်တို့လည်း ပါလာတယ် သံလွင်စခန်းကို ပြန်ကြတယ်၊ အဲဒီမှာ ညီလာခံလုပ်ပြီးတော့ ဗဟိုကော်မတီဖွဲ့တယ်။
အဲဒီမှာ ABSDF နှစ်ခြမ်းကွဲတာပဲ။
အပိုင်း(၉)
တကယ်ပဲ ABSDF က ဘာကြောင့်မှ မဟုတ်ဘူး၊ အဲဒီလူ လူနှစ်ယောက် မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ အားပြိုင်မှုကြောင့် ကွဲတာနော်။ အဲလိုကြောင့် ကွဲခဲ့တာ။
ညီလာခံလည်း ပြီးတဲ့အချိန်မှာ ကျနော်က မြောက်ပိုင်းပြန်ဖို့ပဲ စဉ်းစားနေတာ။ ကျနော်တို့ လာတုန်းကလည်း မဟာမိတ်တွေက အဆင့်ဆင့်ပို့ဆောင်ပေးပြီး လာရတာဆိုတော့ ပြန်ရင်လည်း ကျနော်တို့က ခရီးကြုံစောင့်ရတာပေါ့နော်။
အဲလို စောင့်တုန်းကာလ အောက်တိုဘာလကုန်လောက်မှာပဲဗျ မှတ်မှတ်ရရပေါ့၊ ကျနော်က တောထဲရောက်ပေမဲ့ ဘုရားဝတ်တက်တာအမြဲလုပ်တယ်ကျနော်။ ဘုရားရှစ်ခိုးတယ်၊ ပုတီးစိတ်တယ် အမျှဝေတယ် အဲဒါတော့ အမြဲလုပ်တယ်၊ နေ့တိုင်းလုပ်တယ်။
တရက်တော့ ကျနော်ဘုရားရှစ်ခိုး အမျှဝေပြီးတော့တည်းတဲ့နေရာကို ပြန်တဲ့အချိန်မှာပဲ ကိုနေ၀င်းအောင်ခေါင်းဆောင်တဲ့အဖွဲ့က နေပြီးတော့ သံလွင်စခန်းက ရဲဘော်တွေက ကျနော့်ကို သေနတ်တွေနဲ့ ၀ိုင်းချိန်လိုက်ကြတယ်။
“ကိုစိုးလင်း ကျနော်တို့ ခင်ဗျားကို ဖမ်းမယ်၊ ဘာမှ မလှုပ်ရှားပါနဲ့“ ဆိုပြီးတော့ ပြောလည်းပြောတယ် သေနတ်တွေနဲ့လည်း ချိန်ထားတယ်ပေါ့။
ကျနော့် ကအံ့သြသွားတယ်၊ ပြီးတော့ စိတ်ထဲမှာလည်း ဘာမှလည်း အမှားမရှိဘူး ဘယ်လိုဖြစ်တာလဲပေါ့ အဲဒါကိုလည်း စဉ်းစားလို့မရဘူးဖြစ်နေတယ်။
အဲဒီမှာ ကျနော့်ကို အချုပ်ခန်းထဲကို ပို့တုန်း ကျော်ကျော်က ကျနော့်လက်မောင်းက ABSDF တံဆိပ်ကို ဆွဲဖြုတ်တယ်။
အဲဒါကတော့ တော်တော်ကို နာတယ် ရင်ထဲမှာ…။ ဘယ်တုန်းကမှ ထည့်မပြောခဲ့ပါဘူး အဲဒါကိုနော။ တကယ့်ကို ရင်ထဲနာရတယ် အဲလိုဆွဲဖြုတ်ခံရတာကို။
အဲဒီအချိန်မှာ ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်) လမ်းလျှောက်လာတယ်။ ကျနော်က ကိုနိုင်အောင်ကိုတွေ့တော့ အားတက်သွားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်နဲ့ ကိုနိုင်အောင်နဲ့ကလည်း တော်တော်ခင်တယ်၊ ရင်းနှီးတယ်ပေါ့ အကိုကြီး ညီလေး ခေါ်နေကြ။
ကျနော်ကလည်း သူ့ကိုတွေ့တော့ “အကိုကြီး ကျနော့်ကို ဘာဖြစ်လို့ ဖမ်းတာလဲ၊ ရှင်းပြပါဦး“လို့ လှမ်းပြောလိုက်တယ် သူ့ကို။အဲဒီမှာ သူက သူ့လက်ထဲက ကြေးနန်းကို ကျနော့်လက်ထဲထည့်ပြီး ဒါလေး ဖတ်ကြည့်လိုက်ပါကွာလို့ ပြောတယ်။
ကျနော်ဖတ်ကြည့်လိုက်တယ်။ ကိုစိုးလင်းကတဲ့….န၀တ ထောက်လှမ်းရေး သူလျှိုဖြစ်ပါသည်တဲ့… လိုအပ်သလို အရေးယူ ဆောင်ရွက်ပါရန်တဲ့…အောက်က အောင်နိုင်တဲ့…။
ကျနော် မျက်လုံးကိုတော်တော်ကို ပြာဝေသွားတာ။ အောင်နိုင်ဆိုတာက ကျနော့်သူငယ်ချင်း ရော်နယ်အောင်နိုင် သေဖော်သေဖက်၊ ပြေးဖော်ပြေးဖက်ပေါ့။ မန္တလေးမှာလည်း ကျနော့်အိမ် ဘယ်လောက် ဆင်းရဲသလဲ ဆိုတာ သူသိတယ်။ ကျနော့်အကြောင်းလဲ သူသိတယ်။ ကျနော်နဲ့လည်း တလျှောက်လုံးအလုပ်အတူတူ လုပ်ခဲ့ကြတယ်။ UG လုပ်တော့လည်း အတူတူ၊ တောခိုလည်း အတူတူ။
အဲလို သူငယ်ချင်းတယောက်က ဒီလို ကြေးနန်းမျိုး ရိုက်ရက်တယ်ဆိုတော့ ကျနော် တော်တော့်ကို ခံစားရတယ်ဗျ။မယုံနိုင်အောင်ပါပဲ။ ကျနော် ၀မ်းလည်း နည်းတယ်။ ဒေါသလည်း ထွက်တယ်။ ဒါပေမဲ့ ကျနော် အသံမတုန်အောင် စိတ်ထိန်းပြီးတော့ ဂရုစိုက်ပြီးတော့ ဒေါသသံတွေ မပါအောင် ကျနော် ကိုနိုင်အောင့်ကို ပြောတယ်။
“ဥက္ကဌ ဒါ ကျနော်တို့အဖွဲ့ မှားတော့မယ်။ သမိုင်းမှာလည်း အမှားတွေကို သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်။ အဲတော့ ဒီအဖွဲ့အစည်းမှာ ခင်ဗျားက တာဝန်အရှိဆုံး အကြီးဆုံးပါ။ ဒီပြဿနာကို သေချာဖြေရှင်းပါ“ လို့ ကျနော် ဒေါက်တာ နိုင်အောင်ကို ပြောခဲ့တယ်။
အဲလို ပြောတော့ သူက ကျနော့် ပုခုံးကို လက်လေးနဲ့ ပုတ်ပြီးတော့ “ညီလေး…အမှန်အတိုင်းဖြစ်စေရမယ်၊ အကို မြောက်ပိုင်း သွားမယ်၊ မင်းခေါင်းအေးအေးနေပါကွာ…ငါပြန်လာရင် မင်းကို တရားမျှတအောင် စီစဉ်ပေးပါမယ်“ လို့ပြောတယ်။
အဲဒီအချိန်ကစပြီး ကျနော့်ကို အကျယ်ခုပ်ထားကြတယ်။ ၅ လလောက်ပေါ့ သူနဲ့လည်း မတွေ့ရတော့ဘူးပေါ့။
အဲဒီ ၅ လလောက်အတွင်းမှာ ဘာတွေကြားရလဲ ဆိုတော့ မြောက်ပိုင်းကို လူလွှတ်တယ်ဆိုတာလည်း ကြားရတယ်၊နောက် ကိုထွန်းအောင်ကျော်တို့အပါအ၀င် ၁၅ ဦးကို ခုတ်သတ်တယ်ဆိုတာတွေလည်းကြားရတယ်။ အဲဒါတွေကြားရတယ်ဆိုတာကလည်း ကျနော့်ကို သံလွင်စခန်းကနေ အရှေ့ဖက်ကမ်းက စခန်းကို ပြောင်းနေရတယ်။
ကျနော့်ကို ထားတဲ့ စခန်းရဲ့ တောင်ဘက်ပိုင်းမှာ တပ် ၂၀၉ တပ်ရင်းရှိတယ်၊ နောက် ဗဟိုရုံးရှိတယ်၊ ဗဟိုရုံးက သတင်းပြန်ကြားက လေဒီယိုအကျယ်ကြီးဖွင့်တယ်၊ အဲဒီတုန်းက ဘီဘီစီ ဖွင့်တာများတယ်။
မြောက်ပိုင်း သတင်းတွေလည်း ကြားတော့ ကျနော့် စိတ်ထဲ ဟာ…သွားပြီပေါ့…။ အဲဒီမှာ လေဒီယိုကလည်း ကျနော်ရှိမှန်းသိတော့ အသံတိုးသွားတယ်ဗျ။
အဲဒီသတင်းတွေကြားပြီးတော့နောက် သင်္ကြန်ပြီးလောက်မှာပဲ ကျနော့်ကို အရှေ့ဘက်တပ်ရင်းကနေ အနောက်ဖက်ကမ်းပေါ့နော အမှတ် ၂၁၀ တပ်ရင်းရဲ့ အပေါ်က ကုန်းလေးကို ပြောင်းတာ။ ကျောင်းသား စစ်ကြောရေးစခန်းပေါ့နော်။
စစ်ကြောရေးစခန်းကို ဦးဆောင်တာကတော့ ကိုလှဋ္ဌေးပေါ့ဗျာနော်။ အဲဒီမှာပါတာက ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေဆိုတာပါတယ်။
ပထမတော့ ကျနော့်ကို ထောက်လှမ်းရေး ဟုတ်မဟုတ်ပေးတာပေါ့ဗျာ။ ကျနော်ကလည်း မဟုတ်ဘူးပေါ့နော်။ အဲလိုဖြေရင်းနဲ့ မင်းတို့က အသားမနာရင် မရဘူး ဆိုတဲ့ အသံမျိုးထွက်လာတယ်။ အဲဒီမာ ကျနော်က သူတို့ ကို တောင်းပန်တယ် ပြောပြတယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က မိန်းကလေး ၁၁ ဦးမှာတဦးတည်း ယောက်ျားလေးဆိုတော့ အလုပ်ကြမ်းလည်း မလုပ်ခဲ့ရဘူး။ အသားလည်း အနာအခံနိုင်ဘူး။ ခံနိုင်ရည်လည်း ရှိမှာ မဟုတ်ဘူး။ မလုပ်ပါနဲ့လို့ ပြောရင်း တောင်းပန်တယ်။
မရဘူးဗျ။ ရိုက်တာပဲ နှက်တာပဲ။ ဘယ်လို ရိုက်တယ် ဘယ်လိုနှက်တယ်ဆိုတာမျိုးကိုတော့ ကျနော် အသးစိတ် မပြောချင်တော့ဘူးဗျာ။
ကျောင်းသားစစ်ကြောရေး(တောင်ပိုင်း-ဗဟို)ကိုစစ်ကော်မရှင်ကလုပ်ခိုင်းတာ။ စစ်ကော်မရှင်မှာ ကိုနိုင်အောင်က ဥက္ကဌ၊ကျော်ကျော်(ဒုဥက္ကဌ-မင်းသမီး)ရယ်၊ မျိုးဝင်း(G-S မင်းသမိး)ရယ်၊စစ်ရေးတာဝန်ခံတွေ၇ယ်ကအဖွဲ့ ဝင်။
ကိုလှဌေး(တွင်း/၂-မြောက်ပိုင်း)ကစစ်ကော်မရှင်ရဲ့ အတွင်းရေးမှုး။ စစ်ကြောရေးကိုသူခေါင်းဆောင်တာ။သူ့ အောက်မှာကျော်ကျော်(ကချင်) ၊ခင်မောင်ဆွေ(တပ်ရင်း ၂၁၆)နဲ့ ဖိုးထောင်ဦးဆောင်တဲ့တပ်ရင်း-၃၀၃က ရဲဘော်တွေရှိတယ်။လက်သံအရမ်းပြောင်တဲ့အဖွဲ့ ပေါ့။
ကျနော့်ကိုလည်း အဲလိုရိုက်နှက်စစ်တော့ မခံနိုင်တဲ့ အဆုံးမှာ ကျနော် ၀န်ခံလိုက်ရတယ်ပေါ့နော်။ ၀န်ခံတဲ့အခါမှာလည်း စဉ်းစားရတာပေါ့ဗျာ။ ဒီမှာတခု ဖြတ်ပြောချင်တာက ကျနော်က ဟိုးတုန်းက အိမ်မှာနေရင် ၀တ္ထုတွေဘာတွေ အကုန်ဖတ်ခဲ့တဲ့ သူဆိုတော့ရ ၈ တန်း ၉ တန်းလောက်ကတည်းက ဖတ်ခဲ့တာ ထောက်လှမ်းရေး ၀တ္ထုတွေ သည်းထိတ်ရင်ဖို ၀တ္ထုတွေဆိုရင် အကုန်ဖတ်ခဲ့တာ။
ဆားပုလင်းနှင်းမောင်၊ ဦးစံရှား၊ ရှားလော့ဟုန်းတို့လို ဘာသာပြန်တွေကစ ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ မျိုးအောင်ထက်တို့လို ၀တ္ထုတွေအကုန်ဖတ်တယ်။
ထောက်လှမ်းရေးလို့ ၀န်ခံပြီး အစစ်ခံရတဲ့ ကာလမှာ အဲဒီလို စာအုပ်ထဲက ဟာတွေကိုပြန်စဉ်းစားရတော့တာပေါ့နော်။ မစဉ်းစားလို့လည်း မရဘူးလေ။ ကျနော်တို့မှာ သဘာဝကျအောင် ပြောရတာ၊ မပြောနိုင်ရင် ရိုက်နှက်တာတွေ သတ်ပစ်တာတွေ ရှိဦးမှာဆိုတော့ သဘာဝကျအောင် စဉ်းစားပြီး ပြောရတယ်။
အဲဒီတော့ ကျနော့်ကို ကိုယ်ပိုင်နံပတ်မေးတော့ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကားနံပတ်ကို စိတ်ထဲ စွဲနေတာနဲ့ ပြောလိုက်တယ်။ RC -2874 ပေါ့နော။
အင်း ဒီနေရာမှာ ရယ်စရာအနေနဲ့ ပြောရရင် ဒီနံပတ်ကို ထူးထူးခြားခြားမှတ်မိတာကလည်း ကျနော်က ဖဲသမားဗျ။ RIT တုန်းက ဖဲသိပ်ရိုက်တယ်ဆိုတာလည်း ရှေ့မှာ ပြောခဲ့ပြီးပြီနော်။ကျောင်းတုန်းက ၂၁ ဆွဲတော့ ကျနော်က ၁၇ ကျတယ်။ ပြောရရင် ၂၈၇ ကျနော်က ကျနေတာ။ ကျနော့်အခန်းဖော်က ဒိုင်ရဲ့ နောက်မှာ ရပ်ပြီး ကျနော့်ကို ဒိုင်က ၂၀ ကျနေတဲ့အကြောင်း အချက်ပြနေတာ။ အဲဒီမှာ ကျနော်ကလည်း စားခံရမှာကြောက်တာနဲ့ ဆက်ဆွဲတော့ ၄ တက်လာရော။
၂၈၇၄ ပေါ့။ အဲဒါကိုလည်း ကျနော်က သွားပြီး မှတ်မိနေတာ။နောက်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကားနံပတ်လည်း ဖြစ်တော့ အဲဒီ ၂၈၇၄ ကိုပဲ ကျနော့်ရဲ့ ကိုယ်ပိုင်နံပတ်ဆိုပြီး ပြောလိုက်တော့တာ။
ရှေ့က RC ကိုတော့ ဘယ်လို ပြောရမလဲ ဆိုတာ စဉ်းစားတယ်။ ရိုမန်ကက်သလစ်တွေရော ဘာတွေရောပေါ့ အဲလို စဉ်းစားရင်းနဲ့ပဲ အဲဒီမှာ second year မှာ ရူပဗေဒ သင်တုန်းက ပါတီကူလာ ဆဲလ်ဆိုတာကို သင်ရတာကို သွားသတိရတယ်။ PC ပေါ့နော။
အဲဒီမှာ PC -2874 ဆိုပြီး ပေးလိုက်ရော။ 2/87 က သင်တန်းသား ၄ ပေါ့။ ဟား …ဟား… အဲလိုတွေ လျှောက်ပြောရရော၊ အတူတူတက်ခဲ့တဲ့ သင်တန်းသားတွေက ဘယ်သူလဲ့ ဆိုတော့ စဉ်းစားရပြန်ရော
ဆယ်တန်းတုန်းက သူငယ်ချင်းတွေရော အာအိုင်တီက သူငယ်ချင်းတွေရော ရှိတဲ့ သူငယ်ချင်းနာမည်တွေအကုန်ထည့်ပြောလိုက်ရတယ်။ အကုန်လုံးရဲ့ နာမည်တွေ စွဲထည့်လိုက်ရတာနော်။
မှတ်မှတ်ရရ ငြိမ်းဆေးခန်းက ဒေါက်တာဇော်မြင့်တို့၊ စက်မှု အတူတူတက်ခဲ့တဲ့ မြင့်ဟန်တို့၊ ၀မ်းတွင်းက ဇော်မိုးတို့ အဲလိုမျိုး မှတ်မိနေတဲ့ နာမည်တွေ လျှောက်ထည့်ရတာပေါ့။
အဲဒီမှာတင် ပြဿနာက ရပ်မသွားဘူး။ သူုတို့က ဆက်စစ်ရော ဒီမှာ မင်းတို့အဖွဲ့အစည်းက မင်းတယောက်တည်းကိုတော့ လွှတ်မှာ မဟုတ်ဘူးတဲ့…တခြား လူလည်း ရှိလိမ့်မယ်တဲ့… သူ့ရဲ့ နာမည်ပြောပါဆိုပြီး စစ်တော့ မရှိပါဘူးလို့လည်း ပြော လို့မရဘူး အတင်းရိုက်နှက် ပြီး စစ်ကြတယ်၊ စစ်တိုင်း ကျနော့်မှာ ငိုရတာပဲ။
ကျနော့် ဘ၀မှာဗျာ ကျောင်းသား ဘ၀တုန်းက စဖူးနောက်ဖူးတာပဲ ရှိတယ်။ ဒါပေမဲ့ ကျနော် သူများဘ၀ကို ထိခိုက်နစ်နာအောင်တခါမှ မစခဲ့ဖူးဘူး။ ပျော်ရုံ ရွင်ရုံလောက်ပဲ စတာ၊ ပြီးရင်လည်း ကျနော် တောင်းပန်တယ်။
ဒီလိုအချိန်မှာ ဆက်ဖော်လို့ပြောတော့ ကျနော် ဒုက္ခရောက်တော့တာပဲ။ ငါ့ကြောင့် လူတယောက်ထိခိုက်တော့မယ်လို့ စဉ်းစားကြည့်တော့ ကျနော် ဘယ်လိုမှ မနေပျော်တော့ဘူး။ နောက် တခုပြဿနာကဗျ မြောက်ပိုင်းနဲ့ ဆက်စပ်လို့သာကျနော့်ကို ဖော်တယ်ပြောတာ ဘယ်သူက ဘယ်လို ဖော်သလဲ ဆိုတာလည်း ကျနော်မသိရဘူး။ ဆိုတော့ အဲဒီဟာတွေကို ဘယ်လိုဖြေရမှန်းလဲ မသိတော့ဘူး။
ကျနော့်ကို ချုပ်ထားတဲ့အောက်က ၂၁၀ တပ်ရင်းမှဗျ မြောက်ပိုင်းက အခွေကို ထိုးပြတယ်။ ကိုချိုကြီးတို့ ကိုထွန်းအောင်ကျော်တို့ နန်းအောင်ထွေးကြည်တို့ရဲ့ ထွက်ချက်အခွေကို ထိုးပြတယ်။ ကျနော် ကောင်းကောင်းကို ကြားခဲ့ရတယ်။
ဥပမာဗျာ ကိုချိုကြီးဆိုရင် ဗိုလ်မှူးအဆင့်တို့ပေါ့နော၊ နောက် နန်းအောင်ထွေးကြည်က ဒု- ဗိုလ်တဲ့ သူက ကျနော့်ကို ပြောတယ်တဲ့ ပေါ့နော်။ ပြီးတော့ ရေလှိုင်းစစ်ဆင်ရေးတဲက…အဲဒါတွေ ကျနော်အကုန်ကြားရတာ။
ကျနော် ကဗျာစပ်ဖြစ်တယ်၊ ကဗျာနာမည်က လှိုင်းမူးခြင်းတဲ့။
ခါးသီးလိုက်တာ
အသံလှိုင်းတွေမှာ
မျက်နှာဖုံးတွေ စွပ်လို့ ....
သကြားလုံးတွေ
သကြားလုံးတွေ
သကာရည်အပြည့်နဲ့သကြားလုံးတွေ
ခါးသီးလိုက်တာ။
ဒါဟာ
သဘာဝကျကျမှားယွင်းမှုတစ်ခု
လက်မှတ်တန်းစီစရာမလို
နေရာဦးစရာမလို
မိတ်ကပ်ဆရာမလို
သဘာဝကျတတ်ဖို့ပဲလိုတယ်။
ခါးနာတယ်
ခေါင်းမူးတယ်
ကိုယ်လက်ကိုက်ခဲတယ်
အန်ချင်လာတယ်
ကျွန်တော်ရဲ့ ညံ့ဖျင်းမှုအတွက်
အားလုံးကို တောင်းပန်ပါတယ်။
(၂၀.၁.၉၇...
........................
အပိုင်း(၁၀)
အဲဒီမှာ ကျနော်စဉ်းစားတယ်။ မြောက်ပိုင်းပြဿနာအားလုံးဟာလူတစ်ယောက်(မျိုးဝင်း)ရဲ့ သံသယကြီးလွန်း
လုပ်ပိုင်ခွင့်ချုပ်ကိုင်ချင်လွန်းအားကြီးလွန်းတာကစတာပဲ။ တိုက်ပိတ်ကိုသံသယဖြစ်ပြီး နောက်ဆက်တွဲ ဌေးမြင့်ဝင်း၊နန်းအောင်ထွေးကြည်၊ခင်ချိုဦးတို့ ကိုမသင်္ကာတဲ့စကားတွေ မျိုးဝင်း ကျနော့ကို ပြောလာခဲ့တယ် ။အဲဒီတုန်းက မြို့ ပေါ်မှာရှိတဲ့UG တွေကိုသေချာစုံစမ်းခိုင်း။ဒါငါတို့ အရင်လုပ်ရမယ်။အထင်နဲ့ လျှောက်
မလုပ်တာအကောင်းဆုံးပဲလို့လည်း ကျနော်က မျိုးဝင်းကို သေချာပြောခဲ့သေးတယ်။
အဲဒီမှာ နန်းအောင်ထွေးကြည်တို့ဘာတို့ရဲ့ ထွက်ချက်တွေကိုလည်း ကြားပြီးတော့ ကျနော်တို့အနေနဲ့လည်း ပြန်စဉ်းစားရတယ်။ အဲဒီမှာ သူတို့ရဲ့ ရိုက်နှက်စစ်ဆေးမှုရဲ့ အထာတခုကို ကျနော်သတိထားမိတယ်။ သူတို့က ကျနော်တို့တွေကို စစ်လိုက်တယ်၊ ရိုးရိုးစစ်တုန်း ပြောတဲ့ ထွက်ချက်ကို သူတို့မယုံဘူးဗျ။ ရိုက်နှက်စစ်လို့ ပြောလာတဲ့ ထွက်ချက်ကိုပဲ သူတို့က အမှန်လို့ ထင်တာ ယုံတာလေ။
အဲဒီတော့ ကျနော်က ကျနော်ပြောမယ်လို့ စဉ်းစားထားတဲ့ ဟာတွေကို ဒီအတိုင်း စစ်ရင် မပြောရဲဘူး၊ ရိုက်ရင်းနဲ့မှ ရိုက်စစ်တော့မှ ထွက်ရတယ်။ အမှန်ကို ၀န်ခံသလိုဖြစ်အောင်လို့ပေါ့ဗျာ။ ကျနော်က မသေချင်တဲ့ သူ မသေချင်တဲ့ လမ်းကို ရွေးမှတော့ မသေအောင် ကြံဖန်စဉ်းစားပြီး နေရတော့တယ်ပေါ့ဗျာ။
ရိုက်နှက်လိုက် ကျနော်က ရေလှိုင်း စစ်ဆင်ရေးလို့ ပြောလိုက်။နောက်တခါ ရိုက်နှက်လိုက် ဗိုလ်လို့ ပြောလိုက်နဲ့။ အဲလို ဖြေနေရတယ်။
အဲဒီတုန်းက သင်တန်းဆရာတွေက ဘယ်သူတွေလဲ ဆိုတော့ ကျနော်တို့ ကျောင်းသားလောကတုန်းက နာမည်ကြီးတဲ့ ထောက်လှမ်းရေးတွေ နာမည်တွေထည့်ပြောတာပေါ့ မန္တလေ့းထောက်လှမ်းရေး ၁ က ဗိုလ်မှူး သန်းညွှန့်တို့ ဗိုလ်ကြီး မြင့်ဦးတို့ ပြီးတော့ တပြည်လုံးအတိုင်းအတာနဲ့ ဆိုရင် ဥပမာဗျာကျနော်က ဗိုလ်ချုပ်ခင်ညွှန့်နာမည်ကိုသိတယ်ဗျာ၊ ဗိုလ်မှူး သန်းထွန်း သိတယ်၊ နောက် မကသ ကိစ္စနဲ့ နာမည်ကြီးတဲ့ ဗိုလ်မှူး လှသန်း သိတယ်ပေါ့ အဲဒီလူတွေရဲ့ နာမည်တွေကို လှည့်သုံးပြီး ပြောခဲ့ရတယ်။ အဲဒီလူတွေရဲ့ နာမည်တွေကို ဘယ်သင်တန်းတွေမှာ ဘယ်လို သုံးခဲ့သလဲ ဆိုတာတော့ ကျနောလည်း မမှတ်မိတော့ဘူး၊ ဒါပေမဲ့ အဲဒီလူတွေရဲ့ အဆက်အသွယ်နဲ့ သင်တန်းပေးတယ်ပေါ့ဗျာ အဲလိုတွေတော့ လှည့်သုံးခဲ့ရတယ်။
အဲဒီမှာ သူတို့ ကျနော့်ကို ရေးခိုင်းသေးတယ် မှတ်မှတ်ရရပဲ။ ထောက်လှမ်းရေးမှာ မှတ်ဥာဏ်ကောင်းအောင် ဘယ်လိုကျင့်သလဲပေါ့။
တကယ်တော့ ကျနော်မှတ်ဥာဏ်ကောင်းတာ ဗီဇဗျ။ သူတို့ ပြောတော့လည်း မယုံဘူး၊ နောက်တော့ ကျနော်က တရားထိုင်တော့ ပြောစရာရသွားတယ်။
အဲဒီမှာ ဘာလုပ်ရလဲဆိုတော့ တရားထိုင်တုန်းက အတွေ့အကြုံလေးတွေရယ်၊ ပြီးတော့ ဆရာနန္ဒသိန်းဇံရဲ့ ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့ စိတ်အဆင့်မြင့်ခရီးစဉ် ဆိုတဲ့ ထဲက အော်တိုစဂျက်ရှင်း လုပ်တာတို့ ဘာတို့ ဖတ်ဖူး မှတ်ဖူးတော့ ကျနော့်မှာ အဲဒါလေးတွေကို သုံးပြီး ဒါတွေကတော့ ထောက်လှမ်းရေး သင်တန်းဆိုပြီး ချရေးပေးခဲ့ရတယ်။ အဲဒါမျိုးတွေပေါ့ဗျာ။
နောက်တခု ကျန်သွားတာက ကျနော့်ကို မဖမ်းခင်မှာ ထောက်လှမ်းရေးတွေ တကယ်ရှိတယ်လို့ ပြောနေတဲ့အချိန်တုန်းက ကျနော်တွေးတယ်ဗျ။ မြောက်ပိုင်းမှာ မျိုးဝင်း သောင်းကျန်းနေပြီလားဆိုတဲ့အတွေးကို ကျနော် တွေးတယ်။ ကျနော်တွေးမိတဲ့အတွေးပေါ့နော်။ မျိုးဝင်း သောင်းကျန်ပြီဆိုရင် မဟာမိတ်တွေဘာဖြစ်လို့ မ၀င်သလဲ။
မဟာမိတ် KIA ၀င်လို့မရလောက်အောင် ခက်ခဲနေပြီလား။ တွေးမိခဲ့တယ်။ နောက် မဟာမိတ်တွေရဲ့ အားနဲ့သာ သွားရှင်းရင် ဒီပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့ အတွေးမျိုး ကျနော်တွေးမိတယ်။
တွေးတဲ့အတိုင်းပဲ ကျနော် စာတစောင်ရေးခဲ့တယ်၊ ဘယ်သူ့ဆီကိုရေးလဲဆိုတော့ အဲဒီတုန်းက KNU မှာ ဒုက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့ ဖဒိုစောသန်းအောင်ဆီကို ရေးခဲ့တယ်။ အဲဒီစာကိုပို့ပေးတဲ့ ရဲဘော်က ရဲဘော် ထွန်းထွန်းအောင်တဲ့။ အဲဒီစာကတော့ဗျာ မြောက်ပိုင်းပြဿနာကို DAB အားနဲ့ ၀င်လို့ရအောင် ကျနော် ကြိုးစားရေးခဲ့တာပဲ။
ကျနော့်ကို ဖမ်းတဲ့အချိန်မှာ အဲဒီစာတွေကပါ ပြဿနာဖြစ်တာ။မင်းဘာဖြစ်လို့ ဒီလိုစာ ရေးသလဲလို့ စစ်တော့ ကျနော့်မှာကိုယ့်ထောက်လှမ်းရေးတွေကိုပါ ကယ်လို့ရအောင်လို့ ဖြေရတယ်။
နောက်တခုက ကျနော်က ညီလာခံတောင်မစသေးပါဘူး၊ ကျနော့်ကိုလည်း ထောက်လှမ်းရေးလို့ မစွပ်စွဲသေးဘူး။ အဲဒီအချိန်တုန်းက ကျနော်က ကိုထွန်းအောင်ကျော်ဆီကို ပို့လိုက်တဲ့ ကြေးနန်းပါ။
အဲဒီတုန်းက ကျနော့် ကို ကိုမောင်မောင်ကြီးရယ် လမ်းခရီးမှာပြောခဲ့တာ၊ ကိုစိုးလင်းတဲ့ ဦးဘရန်ဆိုင်းက တရုတ်ပြည်သွားမှာတဲ့။ န၀တက အဲဒီတုန်းက ဗိုလ်ချုပ်မောင်အေး လား ဘယ်သူလား ကျနော် သေချာမမှတ်မိတော့ဘူး။ သူတို့ကလည်း မူဆယ်ခရီးစဉ်ရှိတယ်လို့ ကြားတော့ သူတို့ချင်း တွေ့မယ်ထင်တယ်၊
ခင်ဗျားတို့ မြောက်ပိုင်း ကျောင်းသားတွေအနေနဲ့ တခုခု ပြင်ဆင်သင့်တယ်၊ ခင်ဗျားတို့ ကြိုးစားကြည့်ပါလားလို့ ကိုမောင်မောင်ကြီးက ကျနော့်ကို ပြောလိုက်တယ်။
အဲတော့ ကျနော်က စဉ်းစားတာပေါ့၊ ဒီသတင်းလေးတော့ ငါတို့ ကျောင်းသားတပ်ဆီကို ရောက်အောင်ပို့မယ်ဆိုပြီးတော့ ကျနော်က ပို့ဖို့လုပ်တယ်။ ပို့မယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ရဲ့ ကြေးနန်းက KIA ကုန်းကနေ သွားရတာဗျ။ ပထတုန်းကတော့ ကျနော်က မျိုးဝင်းဆီကိုပဲပို့မလို့။ မျိုးဝင်းနဲ့ ကျနော်နဲ့မှာ စကားဝှက်ရှိတယ်၊ ဦးအေးပျော်ဆိုရင် ကျောင်သားဘ၀ကတည်းက သူနဲ့ ကျနော်သိတယ်။ သူ့ကို အဲလိုပဲ ခေါ်တာ။
ကိုထွန်းအောင်ကျော်နဲ့ ကျနော်တို့ ယူဂျီလုပ်တုန်းက ကိုထွန်းအောင်ကျော်နာမည်ကို စောရန်နိုင် သုံးတယ်။ ကျနော်က စိုးအောင်သုံးတယ်။ နာမည်ဝှက်တွေရှိတယ်။ ကျနော်က မျိုးဝင်းနာမည်နဲ့ မရေးဘဲနဲ့ အကိုကြီး(ကိုထွန်းအောင်ကျော်) ကိုပဲ လိပ်မူပြီးတော့ ကြေးနန်းပို့လိုက်တာ။
နံပတ် ၁က ဘာရေးလဲဆိုတော့ ဦးဘရန်ဆိုင်း တရုတ်ပြည် ခရီးစဉ်သွား၊ နံပတ် ၂က တော့ န၀တက နာမည်ကိုတော့ မမှတ်မိတော့ဘူးဗျာ တာဝန်ရှိသူတယောက်ပဲပေါ့ သူလည်း မူဆယ်ခရီးစဉ်ရှိ…။ စိုးအောင်မှ စောရန်နိုင်သို့ မွေးမေလေ့ ဆိုတဲ့ message လေးထည့်ပေးလိုက်တာ။ မွေးမေလေ့ဆိုတာက ကျနော်တို့မှာ မြို့တွင်းမှာ ယူဂျီလုပ်တုန်းက အခြေအနေမကောင်းဘူး ပြေးတော့လို့ ပြောရင် မွေးမေလေ့ဆိုပြီး ပြောလိုက်တာ။ အဲဒီ စကားလုံးက အခြေအနေမကောင်းဘူးဆိုတဲ့ စကားလုံး။
ကျနော် ဆိုလိုချင်တာက အကိုကြီး ဒီလိုအခြေအနေကို စဉ်းစားမိရင် ကျနော်တို့ ကျောင်းသားတပ်မတော်အတွက် တစုံတခုခု စဉ်းစားလို့ရအောင် ပြင်ဆင်လို့ရအောင်ထည့်ပေးလိုက်တာ ဒါကို ကိုထွန်းအောင်ကျော်က သဘောပေါက်မယ်လို့လည်း ကျနော်က ယူဆတယ်။
ကျနော့်ကို ဖမ်းတဲ့အချိန်မှာ အဲဒီကြေးနန်းတွေကလည်း ပါလာရော.. ကျနော်ကလည်း ဟုတ်ပါတယ်၊ ကိုယ့်ထောက်လှမ်းရေးမို့ သတိပေးရပါတယ်လို့ပဲ ဖြေရတယ်။ တကယ်တမ်းကြတော့ဗျာ ကျနော်တို့သာ ထောက်လှမ်းရေး ဖြစ်တယ်ဆိုရင် …အဲလိုမျိုး သူ့ကိုသတိပေးပါ့မလား ကိုယ်လွတ်ရုန်းတော့မှာပေါ့။ ရှင်းရှင်းလေးပဲ တကယ်လည်း ထောက်လှမ်းရေး မဟုတ်ကြလို့သာ၊ ထွက်ချက်တွေကလည်း ကြံမိကြံရာတွေ လျှောက်ပြောကြတာလေ။
ရိုက်နှက်စစ်တော့ ကြောက်ကြတာလည်း ပါတယ်၊ မသေအောင်လည်း ကြံစည်ကြရတာလည်း ပါတော့ စစ်ကြောရေးမှာ ထွက်ခဲ့တာတွေက သေချာစဉ်းစားကြည့်လေ ရယ်စရာကောင်းလေပဲ။
အဲလိုတွေဖြစ်ကြတော့ ကျနော်က တဆင့်ကိုနေ၀င်းအောင်ပေါ့နော်၊ ကိုနေ၀င်းအောင်ကို ကျနော့်ကို စစ်တဲ့အချိန်မှာလည်း ဖမ်းထားတယ်ဗျ၊ ကျနော့်ကို သင်္ကြန်အပြီးမှာ စစ်ကြောရေး စ၀င်တယ်။ ဆရာကိုနေ၀င်းအောင်ကို ဖမ်းတာ ဧပြီ ၂၀ ဆိုတော့ …။
အပိုင်း (၁၁)
ကျနော်အရင်နားလည်ထာတာကကျနော့ထွက်ချက်နဲ့ ဆရာ့ကိုဖမ်းတာ။ ဆရာရေးတာပြန်ဖတ်မှ လွဲနေတာတွေ့ ရတယ်။ ကျနော်မပြောခင်(မထွက်ခင်)ဖမ်းထားတာပဲ။ ကျနော့ကို ရိုက်နှက်စစ်ချိန်ဆရာ့ကိုဆွဲပြီးပြီ။ ကျနော့ကို ဗဟိုက မင်းလူပြောဆိုတော့မခံနိုင်တဲ့အဆုံးတကယ်မရှိတဲ့ မဲဆောက်က ကိုဘအေးဆိုတာပြောတယ်။ နောက်မရဘူး အတွင်းလူပြောလုပ်လာတော့မခံနိုင်ပါဘူး။ ဆရာ့ကို ပြောမိတယ်။ ဆရာနေ၀င်းအောင်ရဲ့နာမည်ကို ပြောမိတာပါ။
နောက်သူက ထပ်မေးလာတာက မိုးသီးဇွန်ထောက်လှမ်းရေးလားတဲ့။ မဟုတ်ဘူးဆိုတော့
မိုးသီးဇွန်ဖက်မှာလည်း မင်းတို့ လူရှိမယ်ဆိုပြီတီိးပြန်ရော။ အဲဒီမှာကိုဌေးနိုင်ကိုပြောမိတာ။ ကိုဋ္ဌေးနိုင်ကိုပြောမိတာကလည်း ကိုဋ္ဌေးနိုင်နဲ့ ဗိုလ်ချုပ်မြရဲ့ အချစ်တော် သန်းဝင်းနဲ့က တော်တော်တွဲတာဗျ၊ ဋ္ဌေးနိုင်ကို ပြောလိုက်ရင် သန်းဝင်းကတော့ ကယ်မှာပဲဆိုတဲ့ အထင်နဲ့ကျနော်က ဋ္ဌေးနိုင်ကိုတော့ ကယ်မဲ့ သူ ရှိတယ်ဆိုပြီး ပြောလိုက်မိတယ်။
စစ်ကြောရေးမှာ ကျော်ကျော်(ကချင်)တို့ ဘာတို့ဆို လက်သံတော်တော်ပြောင်တာ ဟေ့ကောင်စိုးလင်း မင်းလို ကောင်မပြောနဲ့ ထွန်းအောင်ကျော်လို့ ဆင်ကြီးတောင်ငါတို့က ခုတ်လာတာလို့ ပြောပြောပြီး ချတာ။ အဲလို ပြောတာ ဆိုတာတွေလည်း အမြဲကြားရတယ်။
နောက်တခါ ကျနော့်ကိုချုပ်တဲ့ ခွေးအိမ်လေးပေါ့။ အဲဒီအိမ်က ခွေးတကောင်လိုပဲ အိပ်ရင် ခြေထောက်ကို ခေါက်ပြီး အိပ်ရတာ ကျဉ်းကျဉ်း ကြပ်ကြပ်နဲ့ နေရတယ်။ အဲဒီ ခွေးအိမ်လေးထဲမှာ အပေါ့အပါးစွန့်တဲ့ ဟာတွေရော အစားအသောက်ထည့်ကျွေးတဲ့ ပန်းကန်တွေရော ဘာတွေရော အဲလို ကပ်ပြီး နေရတာ။
အဲဒီ ကျနော့်ကို ထားတဲ့ အိမ်နဲ့ သူတို့ ထမင်းစားတဲ့ အဆောင်နဲ့က မလှမ်းမကန်းဆိုတော့ သူတို့ထမင်းစားဆောင်က အချို့အသံတွေကို ကျနော်ကြားရတယ်။
ဘာတွေကြားရလဲဆိုတော့ ကိုနေ၀င်းအောင်ကို ဖမ်းပြီးတော့ ပြောတာတွေ၊ ကိုဋ္ဌေးနိုင်ကိုဟိုဘက်မှာ ဖမ်းတဲ့အကြောင်းတွေ သူတို့ချင်းပြောတာတွေ ကျနော်ကြားရတယ်။
သူတို့ကလည်းဗျာ တယောက်ဆိုရင်လည်း မကျေနပ်တယောက်ဆိုရင်လည်း မကျေနပ် ထပ်ဖော်ခိုင်းတာ။အဲဒီမှာ ကျနော်ဘာစဉ်းစားမိလဲဆိုတော့ ခုလိုပဲ ဆိုရင် ငါတယောက်ပြော တယောက်ဖမ်း တယော က်ပြော တယောက်ဖမ်းနဲ့ မကောင်းတော့ဘူးဖြစ်ချင်ရာ ဖြစ်တော့ကွာ မထူးတော့ဘူး လူအများကြီး ငါပြောလိုက်တော့မယ်ဆိုပြီးတော့ အမှန်တော့ သူတို့ လူဒီလောက်များရင် မဖမ်းနိုင်တော့အောင်လည်းပါတယ်။ အဲဒီမှာ ကျနော်က ဒု-ဥက္ကဌကျော်ကျော်(မင်းသမီး)ကစပြီး ကိုဒီ။ အောင်သူစသည်ဖြင့်ထပ်မဖမ်းတော့အောင် နာမည်တွေလျှောက်ပြောပစ်တာ။ ဘယ်သူတွေကို ပြောမိတယ်ဆိုတာမှတ်ထားတယ်။
ဂလိုဗယ်ပို့စ်မှာ ဒေါက်တာနိုင်အောင် ပြောခဲ့သလို မြောက်ပိုင်းထက်များတယ်ဆိုတာမဟုတ်ပါဘူး။ ဘယ်သူတွေကို ကျနော်ပြောခဲ့တယ်ဆိုတာ ကျနော်မှတ်မိပါတယ်။ အထူးသဖြင့် ပြည်တွင်းက လူတွေကိုပိုပြောခဲ့တယ်။ချိုတူးဇော်ဆိုရင် ကျနော်ထောက်လှမ်းရေးလို့ ပြောခဲ့တာ သူ့ကို ကျနော်က မင်းကိုငါ ထောက်လှမ်းရေးလို့ ပြောခဲ့တာ ဆိုတော့ ဒီကောင်က ရယ်နေတယ်။နောက် ကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသား) ဆိုရင်လည်း မြောက်ပိုင်းရော တောင်ပိုင်းမှာရော ထောက်လှမ်းရေး နာမည်ထွက်ပြီးသား။ ဒါကို ကိုကိုကြီး မသိဘူး။ ကျနော်တို့မှာ အဲလို ထွက်ခဲ့ရတာတွေ အများကြီးပဲ။
တခါတလေကျစဉ်းစားမိတယ်။ လုပ်တဲ့လူတွေထဲမှာ ထောက်လှမ်းရေးများပါသလားလို့ အဲလိုကို တွေးမိတော့တာ။ဆရာ့ဆိုအပိုင်ကြိုဖမ်းထားတာ။
မြောက်ပိုင်းဗီဒီယိုခွေဆို တမင်ကိုကြားအောင်ဖွင့်ပြသလားတွေး မိတာ။နောက်ဆုံးအဲလိုမတွေးသင့်ဘူး
သံသယတွေထားလို့ မှားကြတာ။ဒါဟာ တိုက်ဆိုင်မှုတွေလို့ ထားလိုက်တယ်။
နောက် ကျနော်တို့ကို ထောက်လှမ်းရေးလို့ ၀န်ခံခိုင်းပြီးမှ ကြားထဲမှာ ဒေါက်တာနိုင်အောင်က နိုင်ငံခြားသူတယောကို ခေါ်လာခဲ့သေးတယ်။ ဟိုလိုပေါ့ဗျာ၊ ကျနော်တို့ကို ဗီဒီယိုဖိုင်ရိုက်တယ်ဗျ။ အဲဒီလို ရိုက်ပြီးတော့ ဟိုဟာမေး ဒီဟာမေးပေါ့ဗျာ။ အဲဒီမှာ ကျန်တဲ့သူ သုံးလေးယောက်ကိုတော့ မေးပြီးရင် ပြန်ပို့တယ်ဗျ၊ ကျနော့်ကိုတော့ မေးပြီး ပေမဲ့ ပြန်မပို့တော့ဘူး။
ပြီးတော့ မုန့်တွေဘာတွေ ချကျွေးပြီး ညီလေးရာ…တဲ့ …မင်းရင်ထဲမှာ တခုခုတော့ ရှိလိမ့်မယ်..တဲ့ရ အဲလို ဆိုပြီး ကျနော့်ကို စကားတွေဘာတွေပြောတယ်။ ကျနော့်မှာလည်း မုန့်လည်း စားတာပေါ့၊ ပြီးတော့ ဥက္ကဋ္ဌ ကိုခုမှ ပြန်တွေ့ရတာဆိုတော့ ကျနော်ကလည်း ဒါအခွင့်ရေးပဲလို့ မှတ်တာပေါ့။
“ဟုတ်တယ် ကျနော့်ရင်ထဲမှာ ရှိတယ်ဗျာ … ကျနော် မဟုတ်ဘဲနဲ့ ခံရတာ၊ ကျနော် ရိုက်နှက်တဲ့ ဒဏ်မခံနိုင်လို့ ၀န်ခံလိုက်ရတာ တကယ်ထောက်လှမ်းရေး မဟုတ်ပါဘူး ဗျာ“…လို့ ကျနော်က ပြောတယ်။ အဲတော့ သူက ထွန်းအောင်ကျော်ကော တဲ့…ကျနော်ကလည်း ကိုထွန်းအောင်ကျော်ကလည်း ထောက်လှမ်းရေး မဟုတ်ပါ ဘူးဗျာ လို့ ပြောတယ်၊ အဲတော့ သူက ကိုချိုကြီါ်ရောတဲ့….အဲလို အများကြီးပဲမေးတော့ ကျနော်က မပြောနိုင်တော့ဘူး လို့ ကျနော်က ပြောတော့ သူက လက်ဖျောက်တီးတာ သူ့ပုံဆန်ကို ကျနော်မှတ်မိနေသေးတယ်။
အဲဒီလို လက်ဖျောက်လည်း တီးလိုက်ရော ဒုတ်တွေ ၀င်လာတာ တန်းစီးပြီးတော့ စစ်ကြောရေးမှာ လက်သံပြောင်တဲ့ ရဲဘော်တွေပေါ့၊ လက်ထိပ်နဲ့ တန်းလန်းကိုတညလုံး ရိုက်တာဗျာ။ တညလုံးကို ရိုက်တာ။
အဲဒီနောက်တော့ ကျနော့်ကို အပြင် သိတ်မထုတ်တော့ဘူးဗျာ၊ တိုက်ပိတ်သလို ဒဏ်ပေးတာပေါ့၊ အဲလိုပေးပြီး သိပ်မကြာဘူး ကျနော်တို့ကို လာပြောတယ် မင်းတို့ကို တရားရုံးထုတ်တော့မယ် ရီးတီးရားတား သိပ်မလုပ်နဲ့ ရုံးထုတ်မယ်ဆိုတော့လိုက်သွားရတာပဲ။
အဲဒီမှာ မှတ်မှတ်ရရ ပြောစရာရှိသေးတယ်။ ကျနော်တို့ကို ရုံးထုတ်တဲ့ နေရာနဲ့ ထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတယ် ဒါးဂွင်ကိုသွားတာ စက်လှေပေါါ်တက်တက်ခြင်း စစ်ရေးလေ့လာသူ ကိုဋ္ဌေးအောင် ကျနော့်နား ကပ်ပြီး ခွေးမသားတဲ့ ရီးတီးယားတားတော့ မလုပ်နဲ့တဲ့ …ကောင်းကောင်းဖြေတဲ့ ဒီတခါ မဟုတ်ဘူးပြောရင် မင်းပြန်လာရင် အသက်မပါစေရဘူးတဲ့…သူ ကျနော့်ကို ကပ်ပြောတဲ့ စကား မှတ်မိနေပါသေးတယ်။
တရားရုံးရောက်တော့ဗျာ မှန်ကန်စွာထွက်ဆိုပါမယ် ဘာညာဆိုခိုင်းတယ်။ ဘာမှကို ချေပခွင့်မရဘူး။ ဟုတ်သလား ဆိုရင် ဟုတ်ပါတယ် ခင်ဗျာ့ပဲ ဖြေရတယ်။
တကယ်တော့ ကျနော်အပါအဝင် စွပ်စွဲအဖမ်းခံရသူအားလုံးဟာ မျှတတဲ့တရားစီရင်မှုကို မရခဲ့ကြပါဘူး။ အတင်းရိုက်နှက်ဝန်ခံခိုင်း အတင်းဗွီဒိယိုရိုက်၊ အတင်းထောင်ချ၊ ပြောရမယ်ဆိုရင် ပြည်တွင်းက စစ်အစိုးရလက်ထပ်မှာ မတရားစွပ်စွဲပြီး အပြစ်ပေးခံခဲ့ရတဲ့ ကိုသန်းဇော်(သံလျင်)ကိုမြင့်အေး၊ ကိုဖြိုးဝေအောင်တို့နဲ့ ဘဝတူတွေပါ။ ဘာရှင်းပြခွင့် ဘာချေပခွင့်မှ မရခဲ့ကြပါဘူး။
အဲဒီမှာ ကျနော့်ကို ထောင် ၁၀ နှစ် ချလိုက်တယ်ပေါ့ဗျာ။
အပိုင်း(၁၂)
ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီအဖြစ်ပျက်တွေဟာ ဦးဆောင်သူ တစ်ချို့ရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်ခဲ့ရတာ။ အဖွဲ့အစည်းနဲ့ လုံးဝမဆိုင်ဘူး။ အေဘီဆိုတာ ကျောင်းသားသမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့တဲ့ အဖွဲ့အစည်း၊ ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့တဲ့ အဖွဲ့အစည်း၊ မော်ကွန်းသစ်ရေးထိုးခဲ့တဲ့ အဖွဲ့အစည်းပါ။ အဲဒါကိုတော့ ခွဲခြားပြီး မြင်ဖို့ ကျနော်ပြောချင်ပါတယ်။
အဲဒီမှာ ကျနော့်ကို ထောင် ၁၀ နှစ်ချလိုက်ပြီးတော့ပေါ့ဗျ …အဲဒီ ဒါးဝန်ကနေ စစ်ထပ်ပူတယ်ဗျ။ မာနယ်ပလောကျသွားတော့ စစ်ပူပြီးတော့ ကျနော်တို့ ဘယ်ကိုပြောင်းရလဲ ဆိုတော့ ကရင်နီနယ်ကို ပြောင်းရတာပေါ့။ ပြောင်းရတော့ ကျနော်တို့ရက်တွေ လတွေတော့ မမှတ်မိတော့ဘူးဗျ။ ကျနော်တို့က ထောင်ကျနေတော့ အကုန်လုပ်ရတာဗျ။
အိမ်တွေဘာတွေ ဆောက်တာတို့ ဆရာနေ၀င်းအောင်ကတော့ ထမင်းဟင်း ချက်ပေးရတယ် သူတို့ကို ကျနော်ကျတော့ သူတို့ရဲ့အကျီာင်္ဘောင်းဘီ…ဒိုင်ခံပြီးတော့ အကုန်လျှော်ပေးရတယ်။ ကိုမြင့်ဦးတို့ ကိုထင်ကျော်တို့ကိုလည်း သူတို့အဲလိုပဲ ဟိုခိုင်း ဒီခိုင်း ခိုင်းတာပေါ့ဗျာ။
အဲဒီမှာ သစ်ပင်လှဲတာ၊ လွှဆွဲတာ၊ မြေပေါက်တာ တော်တော်များများ ကျနော် လုပ်တတ်သွားတယ်။ အဲလို လုပ်ရင်းနဲ့ အသားကျသွားတော့ သူတို့က ကျနော်တို့ကို မပြေးလောက်ဘူးလို့ ထင်ပုံရပါတယ်။ သိပ်မကြပ်တော့ဘူး နေရတာ။ အရင်တုန်းကတော့ သူတို့က အဆောက်အဦးတွေကို အခိုင်အခန့်ဆောက်တာဗျ၊ ကရင်နီနယ်ကို ပြောင်းရတော့ သူတို့က ကိုယ်နေမဲ့ အဆောက်အဦး ကိုယ်ဆောက်ဆိုပြီး ကျနော်တို့အတွက် အချုပ်ခန်းကို ကိုယ့်ဟာကိုယ်ဆောက်ရတယ်။
အဲဒီမှာ ကျနော်က ဘုရားတရားရှိတာတောင်မှ ဒီလောက် ပရိတ်ရွတ်တာတောင်မှ ငါ ဒီလို ခံရတာ၊ ဒါဟာ ၀ဋ်ပဲ၊ အဲတော့ သူတို့ လွှတ်တဲ့နေ့ ငါပြန်မယ်ဆိုပြီး ပြေးဖို့ကို မကြိုးစားခဲ့တာ။ သူတို့ ခိုင်းရင် လုပ်ပေးတယ်၊ ဒေါသလည်း မဖြစ်ဘူး။ ကိုထင်ကျော်တို့ ဆရာတို့တခါတလေ ဒေါသဖြစ်တယ်၊ ကျနော် မဖြစ်ဘူး။ အဲလို ဆိုတော့ သူတို့ ပြေးဖို့ကြံတော့ ကျနော့်ကို မတိုင်ပင်ဘူး။ သူတို့ကလည်း ကျနော့်ကို ဒီကောင်က အဖွဲ့အစည်းကို စိတ်မနာဘူး ပြေးဖို့ တိုင်ပင်ရင် ပေါက်သွားလိမ့်မယ်ဆိုပြီး မတိုင်ပင်ခဲ့ကြဘူး။
ဆရာနေ၀င်းအောင်ကိုတော့ သူတို့က ချွင်းချက်အနေနဲ့ ၂ လတခါ ဆရာကတော် ဆရာမနဲ့ တွေ့ခွင့်ပေးတယ်။ပြေးဖို့ ဆရာမကလည်း ကြံစည်တာပေါ့နော်။ ဘယ်ရောက်ဘယ်နေ့ ဘယ်နေရာက စောင့်မယ်ဆိုပြီးတော့ပေါ့နော။
ပြေးမဲ့ နေ့မှာ ဆရာက ထမင်းချက်တော့ အဲဒီနေ့က ငါးသလောက်ဟင်းချက်တယ်။
ဆရာက ကျနော့်ကို ပြောတာ ကျနော်တို့ ပြေးတော့မယ်တဲ့…ခင်ဗျားကို ကြိုမတိုင်ပင်မိတာတောင်းပန်တယ်တဲ့…ဘာကြောင့်လဲဆိုတော့ ခင်ဗျားဆီကနေ ပွင့်မှာကြောက်တယ်၊ ခင်ဗျားက အဖွဲ့ကိုသွားပြောမှာလည်း ကြောက်တယ်တဲ့။ ခုကျတော့လည်း မထားခဲ့ရက်ဘူးတဲ့။ အဲတော့ခင်ဗျားလိုက်မှာလားတဲ့…။ လိုက်မှာလား မလိုက်ဘူးလား ဆိုတာ တထိုင်တည်း ဆုံးဖြတ်တဲ့…။
၎ ယောက်ချုပ်ထားတာ ၃ ယောက်ထွက်ပြေးရင် ကျန်တဲ့ တယောက်က သေမှာ ဆိုတော့ ကျနော်လည်း လိုက်မယ်ဆိုပြီးတော့ အကျီာင်္အ၀တ်အစားလေး ကောက်ယူပြီးတော့ လိုက်တာပေါ့နော်။
ကျနော်တို့မှာ ပြဿနာက ဘာလဲဆိုတော့ ကရင်နယ်မြေဆိုရင်လည်း ကိုမြင့်ဦးတို့ ကိုထင်ကျော်တို့က ကျွမ်းတယ်ဗျ။ ပြဿနာမရှိဘူး။ ခုဟာက ကရင်နီ နယ်မြေဖြစ်နေတော့ ကျနော်တို့ အကုန်လုံးအတွက် အသစ်ဖြစ်နေတာ။ကံကောင်းတာက မြင့်ဦးက ရွာသားလေးဗျ။ မြန်မာစာကို မရေးတတ်ဘူး။
သူက လမှောင်ရင်လည်း သူသွားတတ်တယ်ဗျ။ အဲတော့ သူ ဦးဆောင်တာပါပဲ။ သူက ရှေ့က သူ့နောက်က ဆရာနေ၀င်းအောင် ပြီးတော့ကိုထင်ကျော်၊
ကိုထင်ကျော်က ခြေထောက်မသန်ဘူး။ ကျနော်က ကိုထင်ကျော်ကို ခဏခဏ စောင့်စောင့်ခေါ်ရတယ် သူက ခဏခဏလဲတယ်။
အဲဒီမှာ ပြေးရင်းပြေးရင်း သွားရင်းနဲ့ပဲ ဆရာ့အမျိုးသမီးနဲ့ ချိန်းထားတဲ့ နေရာကို ကျော်ပြီးတော့မှ ကျနော်တို့က ထိုင်းနိုင်ငံအတွင်းပိုင်းထဲအထိ ရောက်သွားတာ။ ရောက်သွားတော့ ကျနော်တို့မှာ ပိုက်ဆံလည်း ပါမလာကြဘူး၊ ဆရာမပေးသွားတဲ့ ၁၀ ဘတ်ကျော်ကျော်လောက်ပဲ ဆရာ့မှာပါလာတယ်။ အဲတော့ကျနော်တို့ကားလမ်းကြီးတခုရဲ့ အောက်ကရေမြောင်းလေးနားမှာ ပုန်းပြီးတော့ မုန့်စားပြီးတော့ တိုင်ပင်ကြတာပေါ့ဗျာ။
နောက်အဲဒီချောင်းလေးထဲ ရေချိုးပြီးတော့ ကားတကားတွေ့တာနဲ့တက်စီးလာကြတာ မယ်ဟောင်ဆောင်သွားတဲ့ ကားဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကမယ်ဟောင်ဆောင်မြို့ပေါ်ထိ မလိုက်ရဲဘူး။ ကျောင်းသားက မဲဆောက်တို့ မယ်ဟောင်ဆောင်တို့ထိ လက်တံရှည်တယ်လေ။ အဲတော့ မြို့ပေါ်မရောက်ခင်မှာ ဘုန်းကြီးကျောင်းလေးတကျောင်းနားမှာ ဆင်းနေခဲ့ကြတယ်။
အဲဒီဘုန်းကြီးကျောင်းမှာ တည တည်းခိုခဲ့ကြပြီးတော့ ဘုန်းကြီးကလည်း အလုပ်ရှာချင်ရင် ဒီအချိန်ကစပါးရိတ်ချိန်တဲ့ အလုပ်လိုချင်ရင် ဒီရှေ့ကနေဆက်သွားရင် ထိုင်းလယ်ကွင်းတွေ ရှိတယ်။ အဲဒီမှာ အလုပ်သွားတောင်း အလုပ်သွားရှာဆိုလို့ ကျနော်တို့ကလည်း အဲဒီကို သွားကြတာပေါ့နော။
အဲဒီမှာ မျက်စိတဆုံး လယ်ကွင်းတွေ ချည်းပါပဲ ရင်ခေါင်းလောက်ရှိတဲ့ ချောင်းကို ဖြတ်ပြီးတော့မှ ကရင်အဖိုးကြီး အဖွားကြီး လင်မယားနဲ့ တွေ့ပြီး အလုပ်ပေးတယ်။ အဲဒီမှာ ကျနော်တို့ ၄ ယောက် စပါးချွေရတာပေါ့။ တထုံးကို တစ်ဘတ်ရတာပေါ့။ အဲလို စပါးချွေရင်းနဲ့ပိုက်ဆံရတော့ နောက်တဆင့်တိုးမယ်ပေါ့ဗျာ။ ဒီကနေ အနီးဆုံးမြို့ ချင်းမိုင်ကိုသွားမယ်ပေါ့။ ချင်းမိုင်မှာ ဆရာမ(ဆရာနေ၀င်းအောင်ရဲ့ ဇနီး)ပေးထားတဲ့ ဖုန်းနံပတ်လည်းရှိတယ်။
ဆရာက ကိုစိုးလင်း ဒီဖုန်းနံပတ်ကို ခင်ဗျားလည်း အလွတ်ကျက်၊ ကျနော်လည်း အလွတ်ကျက်မယ်၊ ခင်ဗျားနဲ့ ကိုထင်ကျော်က တတွဲ၊ ကျနော်နဲ့ မြင့်ဦးက တတွဲ့ ကားလည်း ခွဲစီးမယ်ဆို တကယ်လို့ အဖမ်းခံရရင်လည်း ဘယ်သူ့ကို ဖမ်းဖမ်း မသိချင်ယောင်ဆောင် ချင်းမိုင်ကိုရောက်အောင်သွား ချင်းမိုင်ကိုရောက်ရင် ဖုန်းဆက် ဆိုပြီးတော့ အဲလိုနဲ့ ကျနော်တို့ လူစုခွဲပြီးတော့ ကားတက်စီးတာပေါ့။
အဲဒီမှာ ကားခွဲစီးပြီး လူခွဲလိုက်ပေမဲ့ ပိုက်ဆံ မခွဲလိုက်မိဘူး ဆရာ့ထဲမှာပိုက်ဆံပါသွားတာ။ ကျနော်နဲ့ ကိုထင်ကျော်မှာ ၁၀ ဘတ်လားမသိဘူး အဲလောက်ပဲ ပါတယ်။ အဲဒါနဲ့ စွန့်ပြီးတော့ ဖုန်းဆက်မယ်ဗျာ ဆိုပြီးတော့ ဖုန်းဆက်ပေမဲ့ ဆရာမလည်း လွဲတယ်ဆိုတော့ စိတ်ပူပြီး ပြာနေလားမသိဘူး။ ဖုန်းမကိုင်ဘူး။ အဲဒါနဲ့ ကျန်တဲ့ ပိုက်ဆံနဲ့ ကျနော်နဲ့ကိုထင်ကျော် ကောက်ညင်းပေါင်းနဲ့ အကြော်ဝယ်စား ပြီးတော့ လမ်းဘေးကတဲထဲမှာ ရေသောက်နေကြတယ်။အဲဒီတဲမှာပဲ ဒီညအိပ်မယ် မနက်ဖြန်တော့ အလုပ်လိုက်ရှာမယ်ဆိုပြီး အဲဒီတဲမှာပဲ အိပ်ကြတယ်။
ကျနော်တို့ အလုပ်လိုက်တောင်းတယ်ဗျ။ လိုက်တောင်းပေမဲ့ မောင်းထုတ်တယ် ကျနော်တို့ကို။ ကျနော်တို့က သူများသာ ပြောနေတာ ကိုယ့်ကိုယ်ကို ပြန်မကြည့်မိကြဘူး။ မှန်လည်း မရှိဘူးလေ။ ဘယ်မှာမှ ကိုယ့်အခြေအနေကိုယ်သိလဲဆိုတော့ ဘုန်းကြီးကျောင်းတကျောင်းဝင်တော့ ကိုရင်လေးတွေက တံမြက်စည်းနဲ့ လိုက်ရိုက်တယ်။ အဲဒီအချိန်ကျမှ ကျနော်တို့ ရုပ်တွေ တော်တော်စုတ်ပြတ်နေပြီဗျာ၊ ဘယ်ကမှလည်း အလုပ်မရနိုင်တော့ဘူး။ နောက်ဆုံး စားဖို့အတွက် ကျနော်တို့ ထိုင်းရဲ ဖမ်းတာ ခံလိုက်တော့မယ်ဗျာလို့ ကိုထင်ကျော်ကို့ညည်းမိတယ်။
အဲဒါနဲ့ ထိုင်းလ၀က မှာ ဥပဒေရှိတယ် လူဝင်မှုနဲ့ ဖမ်းလို့ရှိရင် ၂၈ ရက်ထောင်ချတယ်။ ဘတ် ၂ ထောင်ပေးရင် လွတ်တယ်။ ကျနော်တို့က စားစရာလည်း မရှိနေစရာလည်း မရှိတော့ ထောင်ကျခံလိုက်တယ်။
မှတ်မှတ်ရရ ကျနော်တို့ ချင်းမိုင်ထောင်မှာပဲ ထောင်အကျခံတဲ့နေ့က တမြို့လုံးမီးရူးမီးပန်းတွေနဲ့ တဒိုင်းဒိုင်းနဲ့ လွှင့်နေတာ ဘာလဲ…လို့ ကျနော်တို့က မေးတော့၊ ရှေ့မှာ ထောင်ကျတဲ့ သူတွေက ပြောတယ်။
ဆီးဂိမ်း…တဲ့ဗျ။
အပိုင်း (၁၃)
ထိုင်းနိုင်ငံရဲ့ ဆီးဂိမ်းဖွင့်ပွဲနေ့မှာ မှတ်မှတ်ရရ ထိုင်းနိုင်ငံမှာကျနော် ထောင်ကျတယ်။ ထောင်ကျတော့ စားဝတ်နေရေးကတော့ အဆင်ပြေသွားတာပေါ့ဗျ၊ အဲဒီမှာ။
၂၈ ရက်ထောင်ကျပြီးတော့ ထိုင်းရဲတွေက အနီးဆုံးနယ်စပ်မြို့ကို ပို့တယ်။ နောင်အို့ဆိုတဲ့ မြို့ကို ပို့တယ်ဗျ။ ကျန်တဲ့ သူတွေကဗျာ သူတို့ကို နယ်စပ်ပြန်ပို့ရင်လည်း ကွေ့ပတ်ပြီးတော့ ထိုင်းထဲ ပြန်ဝင်ပြီး လုပ်တာပဲ၊ ကျနော်တို့ကျတော့ ဘာလုပ်ရမှန်းမသိဘူး။ သူတို့ကတော့ သူတို့နဲ့ လိုက်ခဲ့ လိုက်ခဲ့လို့ ခေါ်ပါတယ်။
သူတို့ကတော့ ပြောတယ်ကျနော်တို့ကတော့ ထိုင်းထဲ ပြန်ဝင်ပြီး အလုပ်လုပ်မှာ ကျနော်တို့ အတွက် ဒီလို လုပ်နေတာက ရိုးနေပြီလို့ ပြောတယ်။
အဲဒီမှာ ကိုထင်ကျော်က ကိုစိုးလင်း ဘာလုပ်မလဲလို့မေးတယ်။ ကျနော်ကတော့ အိမ်ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပြီ။
အဲဒီမှာ ကိုထင်ကျော်က ဘာပြောလဲဆိုတော့“ ကျနော်တို့ ခင်ဗျားတို့ ထွက်လာတုန်းက စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေး အတွက် ထွက်လာခဲ့တာပဲ၊ ခုလည်း မလွတ်မြောက်သေးဘူး၊ အဲဒါဘာကြောင့် အိမ်ပြန်မှာလဲ“ တဲ့…။ သူက အဲလိုပြောတယ်။
အဲဒီမှာ သူ့ကိုလည်း ကျနော်က ပြောတယ်။ “ကိုထင်ကျော်…ကျနော်တို့က ထောက်လှမ်းရေးဆိုပြီးတော့ စွပ်စွဲပြီးတော့ ခံထားရတာ၊ ဒီအရိပ်ကြီးက ကျနော်တို့နောက်ကို ဘယ်လောက်လိုက်နေမလဲ မသိဘူး။ ကျနော်တို့ ဘယ်လောက် လုပ်နိုင်မလဲ၊ တဦးချင်းလွတ်မြောက်ရေးအတွက် နိုင်ငံတွေ ထွက်လို့တော့ရတယ်။ ဒါပေမဲ့ တဦးချင်းလွတ်မြောက်ရေး လုပ်တာက ကိုယ့်ဘ၀အတွက်ပဲ၊ ကျနော်ကတော့ မြန်မာပြည် ပြန်မယ် ပြည်သူနဲ့အတူတူ နေရင်းနဲ့ ကိုယ့်ဘ၀ကိုယ်ပြန်တည်ဆောက်ယူမယ်၊ ပြည်သူကို လွတ်မြောက်အောင် မလုပ်နိုင်မှတော့ဗျ ပြည်သူနဲ့အတူတူ သွားပြီး အဖိနှိပ်ခံဦးမယ်“ လို့ စကာနာပြောခဲ့ပြီးတော့ ပြည်သူနဲ့အတူတူ ဖိနှိပ်ခံဦးမယ်ဆိုတဲ့ စိတ်နဲ့ ၀င်မှာပဲဆိုပြီး ၀င်ခဲ့တာပေါ့နော။
ကျနော် အိမ်ကို ၁၉၉၆-မတ်လမှာ ပြန်ရောက်တယ်။
အစ်မတွေ နှမတွေ ဝိုင်းဖက်ပြီး ငိုလိုက်ကြတာ အမေကတော့ တစ်နေ့နေ့ ငါ့ဆီကို ငါ့သားအရောက်ပြန်လာမှာလို့ အမေယုံတယ်။ ဒါကြောင့် အမေ နေ့တိုင်းစောင့်နေတာတဲ့။ ဒီတစ်ခါ ငိုရတာက ကျနော်ပါ။
အဲဒီမှာ အိမ်ပြန်ရောက်တော့ ထောက်လှမ်းရေးက မေးမြန်းတာရှိတယ်၊ နောက် ခရီးမထွက်ဖို့ ပြောတယ်၊ ကျနော်လည်း အမေလည်း စိတ်ချမ်းသာအောင် ဘယ်မှလည်း မသွားပါဘူး။ အေးအေးဆေးဆေးပဲ နေတယ်။ အိမ်မှာပဲနေတယ်။ သူငယ်ချင်းတွေကပဲ လာကြတယ်ဗျ။
အဲဒီမှာ ကျနော်ပြန်ရောက်တယ်ကြားတာနဲ့ လေးလေးဦးမင်းအောင်လည်း အိမ်ရောက်လာတယ်။ သူငယ်ချင်းတစ်ချို့လည်း လာကြတယ်။ လူရှင်းတော့ စက်ဘီးလေးထုတ်ပြီး ကျနော်မစိုးရိမ်တိုက်ဟောင်းကို ပြေးတယ်။ ဆရာတော်ဦးကဝိန္ဒဆီကိုပေါ့။ (ဆရာတော်ကို မစိုးရိမ်မှာနေခွင့်မပေးတာ ရွှေကျင်ကိုရောက်နေတာ မသိဘူး) တိုက်ဟောင်းမြောက်ပေါက်ရောက်ရင်ပဲ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာတဲ့ ဆရာတော်နဲ့ တိုးပါရော။ ဆရာတော်ကလည်း သတင်းစာကနေ ကျနော်ပြန်လာပြီဆိုတာ ဖတ်ရပြီး လာစောင့်နေတာတဲ့။ နှစ်ယောက်စလုံး မျက်ရည်တွေ ဝဲလို့ပေါ့။ လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး စကားတွေ ဖောင်ဖွဲ့ကြတယ်။ ဆရာတော်က ကျောင်းပြန်တက်လို့ရရင် ပြန်တက်ဖို့နဲ့ ဘွဲ့ရအောင် အရင်လုပ်ဖို့ပြောတယ်။ ၁၉၉၈-ကြတော့လည်း အိမ်ကို ဆရာတော်တစ်ခေါက်ကြွလာသေးတယ်။ လက်ထဲမှာ ကျွဲကောသီးလေး ဆွဲလို့။
အဲဒီမှာ အိမ်ရဲ့ အခြေအနေကို ပြောပြဦးမယ်။ ကျနော် တောခိုတဲ့အချိန်တုန်းက အိမ်က လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်အဲဒီတုန်းကတော့ အဆင်ပြေတယ်၊ ကျနော်လည်း တောခိုရော အိမ်မှာကလည်း မိန်းမသားတွေပဲ ရှိတော့ နောက်ဆုံး အဆင်မပြေဖြစ်ပြီး ဆိုင်ပိတ်လိုက်ရတယ်။ ကျနော်ပြန်ရောက်တဲ့အချိန်ကျတော့ ညီမတွေကလည်း အိမ်ထောင်တွေ ကျနေကြပြီ။ ကျနော်နဲ့ ကပ်ရပ်အမကလည်း အိမ်ထောင်ကျနဲ့ စီးပွားရေးကလည်း တော်တော်ပျက်တယ်ဗျ။
အဲဒီတုန်းက ကျနော့်မှာ မနက်လက်ဖက်ရည်ဖိုးတောင်မရှိပါဘူး။ သူငယ်ချင်းတွေ လာခေါ်တာစောင့်ပြီး သောက်ရတာ ဘ၀တွေတော်တော်ပျက်ခဲ့တယ်။ အဲလိုနေရင်းနေရင်းနဲ့မြင့်ကျော်က မြင့်ကျော်ဆိုတာက အာအိုင်တီကပါ မြောက်ပိုင်း ဗဟိုကော်မတီထဲမှာပါတယ် မြင့်ကျော်က အိမ်ရောက်လာပြီး အကို ကျောင်းပြန်တက်လို့ရတယ်၊ ကျနော်တောင် တက်နေပြီလို့ ပြောတယ်။ မြင့်ကျော်က တတိယနှစ်နဲ့ တောခိုတာ။အဲဒါနဲ့ ကျနော်လည်း ကျောင်းပြန်တက်ဖို့ လုပ်တာပေါ့နော်။ ကျောင်းတက်နေတုန်း နိုင်ငံရေးမလုပ်ပါဘူး ဆိုတဲ့ ခံဝန်တော့ထိုးရတယ်ဗျ။ ကျနော် မထိုးခဲ့ဘူး။
ကျနော် ကျောင်းတက်နေသရွေ့ တက်နိုင်သမျှ နိုင်ငံရေးနဲ့ ကင်းအောင်နေပါ့မယ် ဆိုတဲ့ နှုတ်ကတိတော့ ပေးခဲ့ရတယ်ပေါ့ဗျ။ အဲဒါနဲ့ ကျနော် ကျောင်းပြန်တက်ခဲ့တယ်၊ အဆောင်လည်း နေခွင့်ရခဲ့တယ်ပေါ့ဗျ။ အဲဒါနဲ့ ၁၉၉၆ မှာ အောင်မိုးဝင်းတို့ရဲ့ ၉၆ ကိစ္စဖြစ်တာပါပဲ။
ပြောရရင်တော့ အောင်မိုးဝင်းဆိုရင်ဗျာ ကျနော့အခန်းဖော်ပါပဲ။ သူ ဘာလုပ်တယ်ဆိုတာကျနော် အကုန်မြင်အကုန်သိနေတယ်ဗျာ ဒါပေမဲ့ ကျနော်က ဘာမှ ၀င်မပါခဲ့ဖူး။ သူ သိပါတယ် နောက်ဆုံး သူပြေးတဲ့အချိန်ထိကို။
အဲလိုဖြစ်ပြီး ကျောင်းပြန်ပိတ်တော့ကျနော်က ဘွဲ့မရသေးဘူးဗျ၊ အဲလိုနဲ့ နောက်ဆုံးနှစ်ကို ပြည်မှာသွားတက်ခဲ့ရပြီး ၂၀၀၀ ခုနှစ်ကြမှပဲ ဘွဲ့ရတယ်။ အဲဒီနောက်မှာတော့အိမ်မှာကလည်း စီးပွားရေးအဆင်မပြေ၊ ၂၀၀၀-ခုနှစ်မှာ ဒေဝန်းအိမ်ကိုရောင်းပြီး မာလကာခြံကို ပြောင်းဖြစ်တယ်။ ခုလို အဆက်အသွယ်မကောင်းတော့ ဆရာတော် ဆရာတော်ဦးကဝိန္ဒ ရန်ကုန်မှာ ပျံတော်မူသွားတာတောင်မှ သူများပြန်ပြောလို့ သိရတယ်။ ရန်ကုန်က ဆရာတော်ရုပ်ကလာပ်ကို သယ်ပြီး ရွှေကျင်မှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ဆရာတော် ဦးကောသလ္လ(ဗားကရာ၊ အမရပူရ)က ပြန်ပြောပြတယ်။
အပိုင်း(၁၄)
အပိုင်း(၁၄)
ခုဆိုဆရာတော်ဦးက၀ိန္ဒ၊ဦးရေ၀တတို့ လည်းပျံလွန်တော်မူသွားကြပြီ။ အမေရော၊လေးလေးဦးမင်းအောင်ရောမရှိကြတော့ဘူး။ လူ့ ဘ၀ကတိုတောင်း
လွန်းပါတယ်။လူဆိုတာမှားတတ်ပါတယ်။ကျနော်ကိုယ်တိုင်လည်းအမှားကင်းသူတစ်ယောက်တော့မဟုတ်ပါဘူး။တတ်နိုင်သမျှအမှားမဖြစ်အောင်ကြိုး စားနေရ၊ခက်ခက်ခဲခဲဖြတ်ကျော်နေရတဲ့ဘ၀ပါ။
စက်မှုတက္ကသိုလ်ကျောင်းသားဘ၀မှာဖဲရိုက်၊အရက်သောက်၊ဆေးချ(ကျောင်းပတ်ဝန်းကျင်မှာအကုန်၇တယ်။)ဖြတ်သန်းခဲ့ပြီးဘုန်းမော်နေ့ သာမဖြစ်ခဲ့ရင်ဒီလိုအပြောင်းအလဲမျိုး
ကျနော်မရနိုင်ပါဘူး။အဲဒိနေ့ ကကျနော့ဘ၀ကို၁၈၀ဒီဂရိပြောင်းလဲပေးလိုက်တာပါ။ကျနော်အရမ်းတန်ဖိုးထားပါတယ်။
ကျနော့ကိုကျနော်အရင်ဆုံး(ခက် ခက်ခဲခဲ)တော်လှန်ခဲ့ရပါတယ်။ပျော်စရာနေ့ တွေကို(သင်္ကြန်၊သီတင်းကျွတ်၊ တန်ဆောင်တိုင်။
New yearစသည်ဖြင့်)မပျော်ပဲ၊အပျော်မလွန်ပဲဒီနေ့ အထိဖြတ်သန်းနေဆဲပါ။ ဘ၀မှာစက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့တာ။မကဒတ(ABSDF)တပ်ဖွဲ့ 
ဝင်ဖြစ်ခဲ့တာကျနော်တစ်သက်လုံးဂုဏ်ယူသွားမှာပါ။ မှားတတ်တာ လူ့ သဘာဝပါ။ အမှားနည်းတာ လူ့ အရည်အချင်းပါ။ အမှားကိုအမှားမှန်းသိပြီးဝန်ခံရဲတာက လူ့ တန်ဖိုးပါ။
တကယ်တော့ ကျနော်တို့တွေကို ထောက်လှမ်းရေးလို့ သတ်သတ်မဲ့ စွပ်စွဲကြတာဗျ၊ ကျနော်တို့တွေက ထောက်လှမ်းရေးတွေ မဟုတ်ပါဘူး။ ဘယ်သူမှလည်း မဟုတ်ကြပါဘူးဗျာ။
ကျနော်တို့တွေကို စဖမ်းတုန်းက ပြေးလို့ရတယ်၊ ဒါပေမဲ့ ကျနော်တို့တွေ မပြေးခဲ့ကြဘူး၊ ငါတို့မှ မဟုတ်တာဆိုပြီး နေခဲ့ကြတာပဲ။ နောက် သူတို့ ခုလောက်ကြီး ရိုက်နှက်လိမ့်မယ်လို့လည်း မထင်ဘူးဗျ။ ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီးတော့ ကျနော် ကြားတာကတော့ဗျ၊ ဒါကလည်းကြားတာပါ၊ သူတို့က ကိုဋ္ဌေးနိုင်ကို သူ့အရပ်ကြီးနဲ့ မြေကြီးထဲမြှုပ်ပြီးတော့ စစ်တယ်ပြောတယ်။နောက်ဆုံး ရိုက်တဲ့ နှက်တဲ့ဒဏ်မခံနိုင်တဲ့အဆုံးမှာ ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ရတာပေါ့ဗျာ။
အဲလို ၀န်ခံပြီးလို့တော့မှ မာနယ်ပလောစစ်ပူလို့ စခန်းပြောင်းတဲ့အချိန်မှာ ကိုဋ္ဌေးနိုင်ကို ခေါ်မသွားချင်တော့လို့ ရှင်းခဲ့တာလို့ ပေါ့၊ တချို့ကလည်း သေနပ်နဲ့ပစ်သတ်တယ်လို့ ပြောတယ်၊ တချို့ကလည်း ၀င်းနိုင်ဦးပေါ့ ဘီဘီစီက မောင်ရင်မောင်က ဆေးထိုးသတ်ပေးတယ် လို့ပြောတယ်။ အဲလို အမျိုးမျိုးဗျ။
အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင်ကလည်း အဖမ်းခံနေရတော့ ဘယ်သူ သတ်တယ်ဆိုတာ မသိနိုင်တာပေါ့နော်။ အဲဒီမှာ နှစ်ယောက်ဖြစ်နေတယ် တယောက်က မိုးသီးဇွန်ဗျ၊ နောက်တယောက်က ကိုဝင်းနိုင်ဦးဗျ။ မိုးသီးဇွန်က အမိန့်ပေးလိုက်တာကို ၀င်းနိုင်ဦးက မလှန်ရဲဘူးလို့ပြောနေတာပေါ့ အဲဒါကိုလည်း ပြတ်ပြတ်သားသား မသိရဘူးဗျ။ ဖြစ်နေတာက။
နောက်တချက်က ကျနော်တို့ သိရသလောက်အဲဒီတုန်းက စစ်ကြောရေးမှာ ရောက်လာတာတွေထဲက မြောက်ပိုင်းက ထောက်လှမ်းရေးလို့စွပ်စွဲတာနဲ့ပတ်သက်တဲ့ အမှုတွဲက ကျနော်ပြီးရင် ကိုနေ၀င်းအောင်၊ ကိုအောင်သူ၊ ကိုဋ္ဌေးနိုင်ပါတယ် အဲဒါက ကျနော်တို့နဲ့ပတ်သက်တဲ့အမှုတွဲတွေပေါ့။
နောက်တခါ ရွာသားကိုမြင့်ဦးရှိတယ်၊ နောက်တပ်ရင်း ၂၁၀ ကိုထင်ကျော်၊ နောက် အန်အယ်ဒီကနေပြီးတော့ ကျောင်းသားအလွဲအပြောင်းတွေ လုပ်ပေးတဲ့ ကောင်မလေး မီမီခိုင် ဆိုတာရှိတယ်။ အဲဒါလည်း ကျနော်တို့ စခန်းပြောင်းေ၇ွ့တော့မှ သိရတာပါ မိန်းကလေးတယောက်ပါတယ်ဆိုတာလေ။ မီမီခိုင်နဲ့ပတ်သက်ပြီး ဘာတွေ ဘယ်လိုလုပ်ကြတာဆိုတာကို ပြောလည်း မပြောချင်ဘူးဗျာ လူတယောက်ဂုဏ်သိက္ခာဗျာ၊ စစ်ဆေးကြတယ် အဲလောက်ပဲ ပြောချင်ပါတယ်။
တကယ်တော့ဗျာ ကျနော်ကလည်း ခုလေးဆယ်ကျော်နောက်ပိုင်းမေ့တာများလာ တယ်။ ဒဏ်ရာဒဏ်ချက်တွေကြောင့်လည်းပါမှာပေါ့ဗျာ။
နောက်အခုအချိန်မှာတော့ဗျာ မြောက်ပိုင်း ကိစ္စတွေ၊ တောင်ပိုင်းကိစ္စတွေမှာ တရားစွဲဆိုရေးနဲ့ ပက်သက်ရင်တဦးချင်းလုပ်ဖို့ မရှိပါဘူး။ မြောက်ပိုင်းပြန်အားလုံးကသဘောထားကြေညာချက်၂/၂၀၁၂အတိုင်းရပ်တည်မယ်။
ကျဆုံးမိသားစုတွေအတွက်အပြည့်အ၀ရှိနေမယ်။ လိုအပ်တဲ့အချိန်သက်သေလိုက်ပေးမယ်။ တရားစွဲဆိုတာကရှိနေမှာပဲ။ ဥပဒေဆိုတာအပြစ်ရှိသူကိုအပြစ်ပေးဖို့ ။တနည်း မကောင်းမှု လုပ်သူကိုမကောင်းတဲ့အလျောက်ဆုံးမတာ။ ဘုရားဟောထားတာ ရှိပါတယ်။(ရွှံ့ ညွှန်သည်ရေကြောင့်ဖြစ်ရ၏။ထိုရေဖြင့်ပင်ဆေးကြောရာ၏။)
အဲလိုပါပဲ၊ မကောင်းတဲ့အပြစ်လုပ်သူကိုမကောင်းတဲ့အလျှောက်မကောင်းဘူး ဆိုတဲ့အပြစ်ပေးခြင်းနဲ့ ဆေးကြော ပေးရတာ။ ဒီထက်ပိုတွေးလိုက်ရင် ဥပဒေဆိုတာအပြစ်ရှိသူကိုအပြစ်ပေးခြင်းဖြင့်အပြစ်မရှိသူတွေကိုလွတ် လွတ်လပ်လပ်အေးအေးချမ်းချမ်းနေနိုင်အောင်အကာအကွယ်ပေးထားတာ။ နောက်နောင်အပြစ်တွေ ထပ်မကျူးလွန်ဖြစ်အောင်ဥပဒေကဆုံးမပေးတာ။
ကျဆုံးမိသားစုတွေကတရားစွဲဆိုတာကတော့ တရားပါတယ်ဗျာ။
ကျေးဇူးတင်ပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment