ဒီတပတ်လဲအရင်ပတ်လိုပဲ အလုပ်နည်းနည်းများသွားတယ်ဖိုးခွားလေးရေ။ မင်းပါးပါးက မင်းအတွက်ပုံပြင် ရေးရင်း နောက်ထပ်အောက်ဆိုဒ်တခုထပ်တိုးလာတယ်။ ဒါပေမယ့် ပါးပါးပိုက်ဆံရတဲ့အောက်ဆိုဒ်တော့မ ဟုတ်ဘူးကွ။ ကိုယ့်အိပ်ကစိုက်ရမယ့်ဟာတွေချည်းပဲ။ အဲဒီအောက်ဆိုဒ်ကြီးအတွက်စာမျက်နာပေါင်း ၇၀၀ လောက် ပါးပါးဖတ်နေရပြီကွာ။ ဒီနေ့ ပါးပါးရေးချတော့မယ့် ဖိုးခွားအတွက်ပုံပြင်ထဲမှာတော့ ပါးပါးဘ၀မှာ ပထမဦးဆုံး ဗမာတွေမှာနံတဲ့ အနံ့ ရှိတဲ့အကြောင်းစတင်သိရှိလိုက်ရတဲ့အချိန်လေးပေါ့ကွာ။
ခုနစ်အားဖြင့်တော့ ၁၉၈၉ခုနစ် နေခြစ်ခြစ်တောက်ပူနေတဲ့ မတ်လထဲမှာပေါ့။ ပါးပါး အပတ်စဉ်(၂)သင်တန်း ကိုပေးပြီးမကြာခင်ပဲ တပ်ကပေးလိုက်တဲ့ ရိက္ခာငွေ လေးဆယ့်ငါးကျပ်တန်ကိုးရွက်ကိုပိုက်ပြီး အခြားရဲဘော် ကိုးယောက်နဲ့ သုံးညလေးရက်လောက်သွားရတဲ့ ကေအိုင်အေတပ်မဟာသုံးဌာနချုပ်ရှိရာ နန်ငွန်ပါစခန်းကို ထွက်ခွာခဲ့ကြတယ်။ လက်နက်ကိုင်ဘ၀ရဲ့ ပထမဆုံးရှေ့ တန်းထွက်ခြင်းပဲပေါ့။ သွားရခြင်းအဓိကအကြောင်း က တပ်မဟာကိုလွတ်လိုက်တဲ့ တပ်စုရဲဘော်တွေဟာ မုံးကိုးအခြေစိုက်ကွန်မြူနစ်ပါတီကိုကူးပြောင်းသွားလို့ သွားရောက်ရခြင်းဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။ အဲဒီနစ်ထဲမှာပဲ ကွန်မြူနစ်ပါတီပြိုကွဲတဲ့အခါ သင်တန်း ဆင်းရဲဘော်တွေလည်း သူတို့ အခေါ်အရ တန်းဖြုတ်ခဲ့ကြရတယ်။
“ဗမာနံ့ နံတယ်၊ ဗမာနံ့ ရတယ်ဟေ့” အော်လိုက်တဲ့အသံကြောင့် တပ်မဟာစခန်းမှူးတဲထဲမှာ အနားယူနေတဲ့ ပါးပါးတို့ ဆယ်ယောက်စလုံး အသံလာရာဖက်ကိုလှည့်ကြည့်မိလိုက်တာပေါ့။ အဲ့ဒီလူကလဲ အဲဒါကို တခါထဲ အော်တာမဟုတ်ဘူးကွ။ တဲထဲမ၀င်ခင် ကိုက်၂၀လောက်ကစလို့ အော်လာတာ စခန်းရုံးထဲရောက်တဲ့အထိ ပဲ။ ကြားကြားချင်းတော့ ပါးပါးလည်း အံ့သြတယ်။ ပြီးတော့ဒေါသထွက်တာပေါ့ကွာ။ တဆက်တည်းမှာပဲ အဲဒီလူကိုပြေးပြီး လက်သီးနဲ့ ဒင်းကနဲပိတ်ထိုးချင်မိလောက်အောင်ဖြစ်သွားတယ်။
သူကဘာသဘောနဲ့ အော်တာလဲမသိဘူး။ ပါးပါးကလည်း ပြေးထိုးချင်မိလောက်အောင် ဘာစိတ်ရိုင်းချက် ချင်းဝင်ခဲ့သလဲမသိ။ သူအော်တာက ဗမာနံ့ နံတယ်လို့ အော်တာလေ။ မင်းပါးပါးက ကရင်။ ကရင်နံ့ နံတယ် လို့ အော်တယ်ဆိုရင်တော့ထားအုံး။ ပါးပါးဒေါသထွက်သင့်ရုံမကဘူး..ဘေးနားက ဂျီသရီးကိုဆွဲပြီး တပေါက် ကုန်အောင်ပစ်လိုက်သင့်တယ်။ ပါးပါးတို့ တပ်စိတ်ထဲက ကျန်ကိုးယောက်ကရော ဗမာတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ သူတို့ လည်းခေါင်းထူကြည့်ကြပြီး တင်းကုန်ကြတယ်။ သူတို့ လည်းပါးပါးလိုပဲ။
အဲ့ဒီလူရဲ့ အော်သံကလည်း တကယ့်မနစ်မြို့ စရာအသံစူးရှရှကြီးကွ။ နောက်ပြီးပါးပါးတို့ အခန်းဖက်ကိုကြည့် ပြီလှမ်းအော်နေတဲ့ သူ့ မျက်နာကိုတွေ့ ရမှ ပါးပါးတို့ ကို့ တမင်ရည်ရွယ်အော်နေတာကိုသိလိုက်ရတယ်။ သူကသာ ပါးပါးတို့ ဖက်လှည့်ပြီး ဗမာနံ့ နံတယ်လို့ အော်နေတာ။ ပါးပါးတို့ ဆယ်ယောက်စလုံးမှာ ဗမာ စစ်စစ် တွေတယောက်မှာမပါဘူးကွ။ ပါးပါးကရင်။ ကချင်နဲ့ တရုတ်ကတယောက်စီ။ ကျန်ခုနစ်ယောက်က လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှတ်ပုံတင်မှာ စတန့် ထွင်ခဲ့တဲ့လူမျိုးတွေလားလို့ ထင်ရတဲ့ မြန် မာမူဆလင် တစ်ယောက်နဲ့ ကချင်မြေဖွား ရှမ်းလည်းမဟုတ် ဗမာလည်းမဟုတ်တဲ့ မှတ်ပုံတင်အရ ရှမ်းမြန် မာလို့ ခေါ်သူ တွေ။ ကိုင်း….ဖိုးခွားရေ ပါးပါးတို့ ဘာနံ့ နံသင့်သလဲ။
နောက်နည်းနည်းကြာတော့မှ အော်တဲ့လူကိုမှတ်မိတယ်။ ပါးပါးတို့ အဲ့ဒီနေ့ လည်လောက်က ပလောင် ကောင်ဆိုတဲ့ရွာကိုဖြတ်တဲ့အခါ ပါးပါးတို့ တပ်စိတ်ကိုကွက်ကြည့်ကွက်ကြည့်နဲ့ လုပ်သွားတဲ့ အ၀တ်နွမ်းနွမ်း လွယ်အိတ်စုတ်နဲ့ လူဖြစ်နေပါရောလား။ စခန်းကကချင်ရဲဘော်တယောက်ကိုမေးကြည့်မှ သူက တပ်ကြပ်အ ဆင့်ရှိ စစ်မြေပြင်ထောက်လှမ်းရေးတဲ့။ အဲ့ဒီတပ်ကြပ်ဟာ နောက်ပိုင်းမှာ ပါးပါးတို့ နဲ့ တော်တော်ခင်တဲ့သူတ ယောက်ဖြစ်ခဲ့တယ်။
ကဲ…ပါးပါးကဖိုးခွားလေးကို ဗမာအနံ့ ဆိုတဲ့အကြောင်းထပ်ပြောမယ်ကွာ။ ပါးပါးတောတွင်းကိုရောက်ဖူးတဲ့ ဆယ်နစ်တာကာလအတွင်းမှာ အကုန်မဟုတ်ပေမယ့် တိုင်းရင်းသားလူမျိုးစုလက်နက်ကိုင်တွေနဲ့ ထိတွေ့ ဆက်ဆံဖူးခဲ့သလို နယ်မြေခံရွာသူရွာသားတွေနဲ့ လည်း လက်ပွန်းတတီးနေခဲ့ဘူးတယ်။ သူတို့ မှာတူညီတဲ့ အချက်တခုကိုတခုထားမိတာရှိခဲ့တယ်။ အဲဒါကဘာလဲဆိုတော့ ဗမာလူမျိုးဟာသူတို့ ရန်သူ။ သူတို့ ကိုနှိပ် စက်ကလူပြုသူများ။ ယုတ်မာရိုင်းစိုင်းပြီး ကလိမ်အကျစ်ကျသူများ။ လူသတ်မုဒိန်းကောင်များဆိုပြီးတော့ မြင်ကြတာပါပဲ။ သူတို့ အဲလိုဘာလို့ မြင်နေကြတာလည်းဆိုတာတော့ သူတို့ ရဲ့ သမိုင်းနဲ့ ဘ၀ဖြတ် သန်းမှုပေါ်မူတည်ပြီး သန္ဓေတည်လာခဲ့ကြတာပဲလို့ မြင်မိတယ်ဖိုးခွားလေး။
ပါးပါးဖြတ်သန်းခဲ့တဲ့ လက်နက်ကိုင်တောတွင်းကာလမှာနေတော့ အရင်နဲ့ မတူတဲ့ ဒေသခံတွေအပေါ်နား လည်စိတ်ပေါ်လာတာရယ်၊ သူတို့ ရဲ စိတ်ခံစားချက်တွေဖြစ်ပေါ်စေလာတဲ့ အခြေခံအကြောင်းရင်းတွေပေါ်ပို ပြီး ကိုယ်တိုင်မြင်တွေ့ သိရှိခဲ့ရတယ်။ သူတို့ ကို ကိုယ်ချင်းစာစိတ်ဝင်မိသလိုပဲ ကွဲပြားစွာမခွဲခြားတတ်မှု တချို့ အရာလေးတွေကိုလည်း မြင်မိတယ်ဖိုးခွားရေ။ တချို့ က ဟိုးအရင်ကနဦးက စတင်ဖြစ်တည်လာမှု ကိုထဲထဲဝင်ဝင်သိခဲ့လို့ ခံစားချက်နဲ့ စိတ်နာသလို လက်ရှိလည်းခံနေရတုန်းမို့ မုန်းတီးမှုတွေဆက်လက်ဖြစ် ပေါ်တယ်။ တချို့ ကလည်းအဲလိုဃဃနနမသိပေမယ့် လက်ရှိကာလလောလောလတ်လတ်ကြုံတွေ့ ရတဲ့ အပေါ် အခြေခံလို့ နာကျည်းကြတယ်။
ဟိုးအရင်ကနဦးကတည်းကစလို့ ဆိုတဲ့စကားကို ဖိုးခွားလေးကသဘောပေါက်နိုင်အုံးမှာတော့မဟုတ်ဘူး။ ဒါပေမယ့် တခုတော့ သဲလွန်စပေးထားမယ်။ အဲဒီသဲလွန်စကိုဆွဲပြီး ဖိုးခွားကြီးလာတဲ့အခါ ပြန်လေ့လာပေါ့ သားရယ်။ မှတ်ထားနော်…ပင်လုံစာချုပ်နဲ့ ဗိုလ်ချုပ်ပေးတဲ့ ကတိတဲ့ ။ ပေးထားတဲ့ကတိအတိုင်းမခံစားရတဲ့ အပြင် ရန်သူအသွင်နဲ့ နှိပ်စက်ညင်းပန်း၊ ခွဲခြားနှိမ့်ချခံရတဲ့လူတိုင်းဘယ်သူမဆို ခံစားရတာ အဆန်းတော့ မဟုတ်ပေမယ့် တကယ်လက်တွေ့ ခံရတဲ့သူတွေအတွက် အိပ်မက်ဆိုးရှည်ရှည်ကြီးတွေပေါ့ကွာ။ နယ်ဒေသ တွေက တိုင်းရင်းသားအများစုရဲ့ ခံစားချက်က သူတို့ ဟာ ကတိဖျက်ခြင်းခံခဲ့ရသူများပေါ့။
နောက်ပြီး ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေရဲ့ ဘာသာစကားဝေါဟာသုံးနှုန်းမှုပေါ့။ ကချင်စကားနဲ့ ဗမာလူ မျိုးကို မြင်န် Myan လို့ ခေါ်ပြီး..ရှမ်းတွေကတော့ မန် manတဲ့။ ကရင်ကတော့ ပရောလို့ ဆိုပြန်တယ်။ ဒါက ဘာသာစကားအရခေါ်ဝေါ်တာလေ။ အဲ….သူတို့ နဲ့ စစ်ခင်းကြတဲ့ သူတို့ ရဲ့ ရန်သူတွေကိုလည်း ဝေါဟာရ သီးသန့် မထားပဲ ဗမာဆိုတဲ့ဟာကိုပဲသုံးနှုန်းခေါ်ဆိုကြပြန်တယ်။
ပါးပါးတို့ ကချင်လူမျိုးစုတွေနဲ့ အတူတိုက်ပွဲ ၀င်တဲ့အခါ မြင်န်..မြင်န် ဆိုပြီး ရန်သူတွေကိုခေါ်ဆိုတယ်။ ဒါပေမယ့် သူတို့ မှာ ရန်သူစစ်တပ်ကို ဖျန်ဖုန် phyen phung လို့ အခေါ်အဝေါ်ရှိတာတော့တွေ့ ရတယ်။ အဲဒီတော့ မြင်န်၊ မန်နဲ့ ပရောလို့ ခေါ်တဲ့ အဲဒီလူဗမာများဟာ သူတို့ ရဲ့ မဟာရန်သူတွေပဲပေါ့။
ကချင်ပဲလားဆိုတော့လည်းမဟုတ်ဘူး။
ပါးပါး၂၀၀၂ခုနစ်လောက်က ထိုင်းမြန်မာနယ်စပ်က SSA လို့ ခေါ် တဲ့ ရှမ်းပြည်တပ်မတော်နယ်မြေကိုရောက်နေတဲ့ ပါးပါးတို့ ရဲဘော်သူငယ်ချင်းတွေဆီသွားလည်တယ်။ အဲဒီ အခါပါးပါးကြားရတာက ရှမ်းတွေကလည် ရန်သူကို မန်….လို့ ခေါ်ကြတာပဲ။ ပါးပါးရဲ့ သူငယ်ချင်းတွေပြော တဲ့ စကားတွေမှာတောင် မန်စစ် ဆိုတဲ့ အသုံးအနှုန်းတွေပလူပျံဝဲနေတာကို ကြားခဲ့ရဘူးတယ်။ ဟော ဟိုးတောင်ဘက်ပိုင်းက KNU လို့ ခေါ်တဲ့ ကရင်အမျိုးသားအစည်းအရုံးဘက်မှာလည်း သူတို့ သုံးတဲ့ဝေါဟာ ရက ဗမာနဲ့ ရန်သူက ထပ်တူကျလို့ ပရောလို့ ပဲခေါ်ပြန်သကွဲ့ ။ လက်နက်ကိုင်အဖွဲ့ အစည်းတွေပဲလားဆို တော့ မဟုတ်ပြန်ဘူး။ ဒေသခံလူထုကပါ ဒီလိုပဲခေါ်ဆိုသုံးနှုန်းကြတာပါပဲဖိုးခွားရေ။
ပါးပါးပြောချင်တာက ပြည်နယ်တိုင်းရင်းသားတွေက ပြည်မဗမာတွေကို သိစိတ်ရော မသိစိတ်ပါတွေကပါ ရန်သူလို့ စွဲထင်နေတဲ့အချက်ပါ။ သူတို့ က စစ်ပွဲတွေထဲမှာကြီးပြင်းရတယ်။ သူတို့ မျက်စေ့ရှေ့ မှာပဲ သူတို့ သွေးသားညီအကိုမောင်နမနဲ့ မိဘတွေကို နှိပ်စက်ညင်းပန်း၊ မုဒိမ်းကျင့်ပြီးသတ်ဖြတ်တာကိုတွေ့ ရသလို့ ရိတ်သိမ်းခါနီးမှာ မီးရှို့ ခံလိုက်ရတဲ့  မီးခိုးငွေ့ တလူလူကြားက သူတို့ တောင်ယာတွေ၊ စိုက်ခင်းတွေ။ ပျာပုံဖြစ် သွားတဲ့ နစ်ပေါင်းများစွာကတည်းက နေထိုင်လာတဲ့  ကျေးရွာထဲက တဲအိမ်လေးတွေ။ ဒါတွေကို ပါးပြင်မှာ မျက်ရည်စိုတွဲလွဲနဲ့  ရင်ကွဲစွာမြင်ခဲ့ရသူတွေပေါ့ ဖိုးခွားရေ။
ပါးပါးအခုပြောနေတာထက် သူတို့ တွေကိုယ်တိုင်က အဆပေါင်းများစွာ ကြေကွဲနာကျည်းစရာတွေကို ပြော ပြပေးနိုင်တယ်ဖိုးခွား။ ဒါကြောင့်သူတို့ နယ်ထဲဝင်လာပြီး မတရားမှုတွေလုပ်တဲ့ အစိုးရစစ်သားတွေကို သူတို့ ကဗမာရန်သူအဖြစ်ရှုမြင်တယ်။ ဗမာဟာ သူတို့ ရဲ့ အသွေးအသားကိုဖျက်ဆီးတယ်။ မိရိုးဖလာယဉ်ကျေးမှု တွေကိုလည်း ပျက်သုန်းအောင်လုပ်တယ်။ ဓလေ့ထုံးတမ်းတွေကိုလည်းစော်ကားကြတယ်ပေါ့။ ဒါတွေ ကြောင့်ပဲ ဗမာဆိုတဲ့ မြန်မာပြည်လူသားတမျိုးဟာ ပြည်နယ်ဒေသက တိုင်းရင်းသားလူနည်းစုတွေအတွက် တော့ မခံနိုင်တဲ့ အနံ့ ဆိုးဆိုးတွေနဲ့  သတ္တ၀ါတွေပဲပေါ့။ အထက်ကတပ်ကြပ်ပြောသလို အနံ့ ဆိုးနဲ့ ဗမာပေါ့။
ဒါကြောင့်လဲ ရှမ်းအမျိုးသမီးတွေပြုစုတဲ့ License to Rape လိုစာတမ်း၊ ကရင်အမျိုးသမီးတွေဖော်ထုတ်တဲ့ Shattering the Silences ဆိုတဲ့ အစီရင်ခံစာ တွေပေါ်ထွက်လာခဲ့တယ်ဖိုးခွား။ အဲဒီထဲမှာဗမာလူမျိုး ကြီးစိုး တဲ့စစ်တပ်ရဲ့ ကျူးလွန်စော်ကားမှုတွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တွေ့ ရတယ်။ ဒါတောင်လက် လှမ်းမီသလောက်ပဲပြုစုထားတာတဲ့ ။ ဖိုးခွားကြီးလာရင်ဖတ်ကြည့်ပေါ့ကွာ။ ပြီးရင် သူတို့ တွေဘာကြောင့် ဗမာနံ့ ဟာနံတယ်လို့ ပြောရသလဲဆိုတာကို စဉ်းစားဝေဖန် သုံးသတ်လို့ ဆုံးဖြတ်ပေတော့။
ပါးပါးအနေနဲ့ ဖိုးခွားကိုမှာချင်တာကတော့ အစွန်းရောက်မှုဆိုတာဘယ်အရာမှမကောင်းဘူး။ ဘာသာရေးကို အစွန်ရောက်သူပဲဖြစ်ဖြစ်၊ လူမျိုးရေးကိုအစွန်းရောက်သူပဲဖြစ်ဖြစ်၊ အစွန်းကိုရောက်လွန်းနေတဲ့သူတယောက် ဟာ ပကတိအခြေအနေမှန်ကို မြင်ရဖို့ အလွန်ခက်နေတတ်တယ်။ အစွန်းရောက်နေတဲ့ကာလပတ်လုံး ရောက်နေတဲ့ အစွန်းတဖက်ကိုလွဲလို့ ကျန်တဲ့ဘက်ကိုမြင်တွေ့ နိုင်စွမ်းနည်းလိမ့်မယ်ဖိုးခွား။ ကိုယ်ယုံကြည် သက်ဝင်ရာကို အကောင်အထည်ဖော်နိုင်တဲ့ အခွင့်အရေးတွေရှိပေမယ့် အစွန်းရောက်အောင်မလုပ်နဲ့ နော်။ ခြေချော်လက်ချော်ဖြစ်လိမ့်မယ်ဖိုးခွား။
မှတ်ချက်။ ပြည်နယ်ဒေသတွင်းမှ လူမျိုးနည်းစု လူမျိုးစုငယ်များရဲ့ ခံစားများကိုကိုယ်တိုင်လက်တွေ့ သိမြင်ခံ စားဘူးသူတယောက်ရဲ့ ရင်ထဲကစာနာစိတ်ကို ကျနော်သိသလောက် မြူမှုန်တမှုန်စာမျသာ ပြန်လည်ဝေငှရ ခြင်းသာ…….
No comments:
Post a Comment