မေသင်္ကြန်ဟိန်(မြစ်မခ)
by Myit Makha Mediagroup on 13 Oct, 2012
(အဖွင့်)
အသားဖြူဖြူ၊ ကိုယ်ဟန် ပိန်ပိန်ပါးပါး နဲ့ စကားပြောရင် ပြုံးပြီး ရယ်မောပြီး ပြောတတ်တဲ့ ကိုရဲလင်းက ခင်မင်ဖွယ်ကောင်းသူ တယောက်ပါ။
စိတ်ထားကောင်းသူတွေမှာတွေ့ရတတ်တဲ့ မျက်လုံးနဲ့ မျက်နှာ ကြည်လင်မှုမျိုးရှိပါတယ်။ စကားကိုလည်း လေးလေးနက်နက်နဲ့ တလုံးချင်း ပြောပါတယ်။
တောင်ဒဂုံ၊ တောင်မြောက်လမ်းဆုံနားက အောင်ဇေယျ အိမ်ရာမှာ အထက်တန်းပြ ကျောင်းဆရာမ ဇနီးသည်နဲ့ ၄ နှစ်အရွယ် သားလေးတို့နဲ့ အတူ နေထိုင်ပါတယ်။အနေအထိုင် ရိုးရှင်းတယ်လို့ ပြောလို့ရသလို စကားပြောရာမှာ လည်း ရိုးရိုး ရှင်းရှင်းပဲ ပြောတတ်ပုံရတယ်။
အခြား ကျောင်းသားရဲဘော်တွေဆီကနေ မကြားခဲ့ရတဲ့ အချစ်ဇာတ်လမ်းနဲ့ သစ္စာ တရားကိုလည်း ကိုရဲလင်း ဆီကနေ စိတ်ဝင်စားဖွယ် ကြားခဲ့ရပါတယ်။
(၁)
ကျနော်က သုဝဏ သား။
နာမည်ရင်းက ရဲလင်း၊ နိုင်ငံရေး လောကထဲရောက်မှ ကိုရဲလို့ဖြစ်သွားတာ။
ဝန်ထမ်း မိသားစုဘ၀ကတည်း ကြီးပြင်းလာတာဖြစ်တဲ့အတွက် အစစအရာရာ ချို့ချို့တဲ့တဲ့နဲ့ ဖြတ်သန်းခဲ့ရတာပါပဲ။ မောင်နှမကတော့ ဆယ်ယောက်ပေါ့။
ကိုးတန်း ဆယ်တန်းရောက်လာတော့ စာတွေ ဘာတွေ ဖတ်လာတာပေါ့ ငြိမ်းကျော်တို့ မောင်စိန်ဝင်း ပုတီးကုန်းတို့ တက္ကသိုလ်ဘုန်းနိုင်တို့၊ စစ်ဝတ္ထုတွေဆိုရင်တော့ တင်သန်းဦးတို့ပေါ့။ နောက် ဘာသာပြန်ကောင်းကောင်းလေးတွေ ရှာဖတ်တယ်။
ဆယ်တန်းကို ၂ နှစ်ဖြေပြီးတော့ အောင်တယ်။ ၁၉၈၅-၈၆ မှာ ပထမနှစ်သင်္ချာကို ဗိုလ်တထောင်နယ်မြေမှာ တက်တယ်။ အဲဒီတုန်းက အာစီ 1 ခေါ်တယ်။ အာစီတူးက လှိုင်ပေါ့နော်။
ကျောင်းတက်တဲ့အချိန်မှာပဲ ကျနော်က အလုပ်လုပ်ရတယ်။ ကြေးမုံသတင်းစာတိုက်မှာ ညဘက်အလုပ်လုပ်ပြီးတော့နေ့ဘက်ကို ကျောင်းတက်ရတာ။
အဲလို ကျောင်းတက်ရင်း အလုပ်လုပ်နေတော့ အဖေက မင်း ပင်ပန်းလိုက်တာကွာဆိုပြီးတော့ အလုပ်ပြောင်းတော့ ဘဏ်တွင်း စာရင်း စစ်ဋ္ဌာနကို ရောက်သွားတယ်။
ဘဏ်တွင်း စာရင်း စစ်ဋ္ဌာနမှာ အငယ်တန်း စာရေးဝင်လုပ်တယ်။ ဒုတိယနှစ်အတန်းကို ဗိုလ်တထောင်မှာပဲ လုပ်သားများကောလိပ်ဆိုတာ ရှိတယ်၊ အဲဒီမှာ ကျနော် ဒုတိယနှစ်တက်တယ်။ အဲဒါက၈၆-၈၇ လောက်ဖြစ်သွားပြီပေါ့။
သာမာန်လူငယ်အနေနဲ့ ဘ၀ကိုဖြတ်သန်းတာပဲ နိုင်ငံရေးဆိုတာကိုလည်း ထဲထဲဝင်ဝင် မသိပါဘူး။ ဒါပေမဲ့ အဖေ့ဆီမှာ စွယ်စုံကျမ်းတွေက အတွဲလိုက်အစုံရှိတယ်။ စာအုပ်အထူကြီးတွေပဲ သိကြမှာပါ။ အဲဒီစာအုပ်က ဗဟုသုတအရမ်း စုံတယ်။ ကမ္ဘာ့နိုင်ငံရေး။ မြန်မာ့နိုင်ငံရေး အစုံပါပဲ။ အဲဒါတွေ ဖတ်ခဲ့ရတော့ နိုင်ငံရေးကို သိမြင်တာမဟုတ်ပေမဲ့ အစိမ်းဖူးပေါ့။
အဲလိုကနေ လုပ်သားကောလိပ်တက်နေရင်းနဲ့ ရည်စားလည်းရပြီ မှတ်မှတ်ရရကတော့ ၁၉၈၇ လောက်မှာ ငွေစက္ကူသိမ်းတယ်။
အဲဒီမှာ ကျနော့်အတွက် ပြဿနာစတက်တာပဲ။ ပြောရရင် မှတ်မှတ်ရရလည်း ဖြစ်တယ်၊ ရယ်ဖို့လည်း ကောင်းတယ်ပေါ့လေ။
ငွေစက္ကူသိမ်းတဲ့ နေ့က ကျနော်က အိမ်မှာ အိပ်နေတာ၊ ငွေ ၂၅ကျပ်တန် လေးကိုင်ပြီး နေ့လည်ပိုင်းမှာ ကောင်မလေး(ရည်းစား)နဲ့ ချိန်းထားတယ်ပေါ့၊ ငွေ၂၅ကျပ်လောက်ရှိတော့ ကောင်းကောင်းသွားလည်မယ်ဆိုပြီး အိမ်မှာအိပ်နေတာတရေးနိုးရင်ပေါ့။တရေးနိုးလည်း နိုးလာရော ငွေစက္ကူတွေက သိမ်းပြီးသွားပြီ။
အိမ်က အမကပြောရော ၇၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၂၅ ကျပ်တန်တွေ သိမ်းလိုက်ပြီလို့ ကြေငြာသွားတယ်တဲ့။…ဟာ …သွားပါပြီ။
ငါ ဘယ်လိုလုပ်ရတော့မလဲ ပေါ့လေ။ ဒီ အစိတ်တန် တရွက်နဲ့သွားလည်မယ်လို့စဉ်းစားထားတာ ဒုက္ခတော့ ရောက်ပြီပေါ့။ အဲဒီမှာ ငွေအကြွေနဲ့ပဲ သွားရတော့တယ်ပေါ့ဗျာ။ ငွေစက္ကူသိမ်းတော့ အဲလိုကျနော်လည်း ဒုက္ခရောက်ခဲ့တာပေါ့။…ဒါမှတ်မှတ်ရရ ပေါ့နော်။
အဲဒါတခုပေါ့ ကျောင်းသားတွေကတော့ စာမေးပွဲဖြေတုန်း ပိုက်ဆံသိမ်းလို့ မကျေမနပ်ဖြစ်ကြတယ်ပေါ့။ အင်းစိန်ဘက်မှာ ပြဿနာတွေ ဖြစ်ကြတာလည်း ကြားတယ်ပေါ့။ ကိုယ်လည်း ကျောင်းသားဆိုတော့စိတ်ထဲမှာတမျိုးဖြစ်ခဲ့တာပေါ့။
အဲဒီတုန်းက ကျနော်ကလည်း ၀န်ထမ်းဆိုတော့ ပုံမှန်တော့ အလုပ်လုပ်နေရတာပေါ့လေ မနက်ပိုင်းမှာ အလုပ်လုပ် ညပိုင်းမှာလုပ်သားကောလိပ်တက်ပေါ့ အဲလိုပါပဲ။
နောက်တခု မှတ်မှတ်ရရက ၁၉၈၈ မတ်လမှာ ဖြစ်တာပေါ့နော်။ အဲဒီတုန်းကလည်း သတင်းတွေကြားရတယ်၊ ကျောင်းထဲမှာ ဆန္ဒပြတယ်ပေါ့၊ မတ်လ ၁၆ ရက်နေ့တံတားဖြူမှာလည်း ကျောင်းသားတွေ ရိုက်နှက်ခံရတယ်ပေါ့ အဲလိုကြားရတော့ စိတ်ထဲမှာ ကျောင်းသားစိတ်ပေါ့ ငါတို့ကျောင်းသားတွေ ဒီလိုခံရတယ်ပေါ့။
မတ်လ ၁၆ ရက်နေ့ပြီးတော့ ကျောင်းပိတ်လိုက်တယ်ဗျ မတ်လ ၁၇ ရက်နေ့မှာ ကျောင်းသားတွေက မြို့ထဲကို ၀င်လာကြတယ်၊ကျောင်းသားတွေနဲ့ အရပ်သားတွေ ရောသွား ပြီပေါ့နော်။
ကျနော်တို့ရုံးက ဘဏ်လမ်းမှာ ရှိတော့ ကျောင်းသားတွေမြို့ထဲရောက်ပြီဆိုတာနဲ့ ကျနော်လည်း ဆင်းကြည့်တာပေါ့ဗျာ။ ကျောင်းသားတွေပါတဲ့ လူအုပ်က ပန်းဆိုးတန်းပွိုင့်နဲ့ ကုန်သည်လမ်းပေါ်မှာ ဒီဘက်မှာက အမေရိကန် သံရုံး၊ ဟိုဘက်က အိန္ဒယ သံရုံး၊ ကျနော်က အဲဒီနားက ထမင်းပေါင်းဆိုင်တွေ ရှိတဲ့ လမ်းကြားလေးထဲကနေ ကြည့်နေတာ။
ဒီဘက်က လုံထိန်းတွေကလည်း နှစ်တန်း သုံးတန်းတွေ စီပြီး အသင့်စောင့်နေတယ်။ ရာဘာတုတ် မကိုင်ဘူး သစ်သားတုတ်တွေနဲ့။ သူတို့နောက်မှာ သူတို့ကို လုံခြုံရေးထပ်ပေးထားတဲ့ M-16 ကိုင်ထားတာတွေကလည်း နောက်မှာ ရှိနေတယ်။
အဲတော့ လူအုပ်နဲ့ သူတို့နဲ့ကလည်း ထိပ်တိုက်တွေ ဖြစ်နေတယ်။ ကျနော်ကလည်း လမ်းကြားထဲကနေ ထွက်ကြည့်တာဆိုတော့ ကြားထဲရောက်နေတာပေါ့။
အဲဒီအချိန်မှာ ကျောင်းသားနဲ့ စစ်တပ်ကို ပထမဆုံး မြင်ရတဲ့ မြင်ကွင်းပဲ။
ကျောင်းသားဘက်မှာ ကျောင်းသားနဲ့ လူထုတွေ ရှိနေတယ်၊ ဒီဘက်ကမှာ လူစုခွဲဖို့ ဖြိုခွဲဖို့အတွက် အသင့်ရှိနေတယ်ပေါ့။
အဲလိုအချိန်မှာ ပန်းဆိုးတန်းလူအုပ်ထဲကနေ အကျီာင်္အဖြူရောင်ဝတ် ထားတဲ့ အမျိုးသားတယောက်က ရှေ့ကို ထပ်ပြီး တက်လာတယ်၊ ကျနော့်နားကို ရောက်လာတယ်။
သူက ရုပ်ကတော့ ကုလားဆင်၊ လည်ကုတုံးအကျီာင်္အဖြူရောင်ဝတ်ထားတယ်၊ ညာဘက်လက်က လက်ညှိုးလေးကို တရမ်းရမ်း နဲ့ရှေ့ကို တက်တက်လာပြီး လုံထိန်းတွေဆီကို တည့်တည့်လျှောက်သွားတယ်။
အသင့်အနေအထားစောင့်နေတဲ့ လုံထိန်းတွေနဲ့ ခြေလှမ်း လေးငါး လှမ်းလောက်လည်း ရောက်ရော လုံထိန်းထဲက တယောက် အမိန့်ပေးလိုက်တော့လုံထိန်းတယောက်ကရှေ့ကို ခြေလှမ်း နှစ်လမ်းလောက် တက်ပြီး သစ်သားတုတ်နဲ့ အဲဒီလူကို ရိုက်ချလိုက်တယ်။
ခွပ်…ကနဲပဲ….သူ ထိုင်လျက် ပြုတ်ကျသွားတယ်။
အဲဒါကို မြင်တော့ လူအုပ်ထဲက တယောက်ထပ်ထွက်လာတယ်၊ ထွက်လာတဲ့သူကိုလည်း ခုနလိုပဲ ထပ်ရိုက်ချလိုက်တယ်။
သူလည်းပဲ ခွေကနဲ ကျသွားပြန်တယ်။
အဲလိုဖြစ်နေတာ မြင်ရတော့ ကျနော်စိတ်ထဲမှာ မခံနိုင်လည်း ဖြစ်တယ်၊ စိတ်လည်း တိုတယ်ပြီးတော့ ၀မ်းလည်း ၀မ်းနည်းလာတယ်။ ပန်းဆိုးတန်း ဘက်က လူအုပ်ကြီးကလည်း လုံထိန်းတွေ ဘက်ကို အုတ်ခဲတွေ တုတ်တွေနဲ့ လှမ်းပစ်ကြတယ်။
လုံထိန်းတွေက ရှေ့တက်ပြီး လူတွေနောက်ကို လိုက်တော့ ၀ရုန်းသုန်းကားတွေဖြစ်ပေါ့ ကျနော်လည်း နီးရာအုတ်ခဲပေါ့။ အဲဒီမှာ ပါလာတဲ့ သူငယ်ချင်းက စိတ်ပူပြီး အတင်းဆွဲခေါ်လာတာနဲ့ ရုံးပေါ်ပြန်ရောက်ခဲ့တယ်။
ရုံးကလည်း ခုလို ပြဿနာတွေဖြစ်နေပြီ ဆိုတော့ ရုံးစောစော ဆင်းပေးလိုက်တယ်ပေါ့ ကျနော်တို့ကို။ ကျနော်လည်း ရုံး ဆင်းပြီး ကျောင်းသားတွေသွားတယ်လို့ ကြားတဲ့ ဘက်တွေလိုက်ကြည့်တာပေါ့နော်။ မတွေ့ဘူး။ နောက်တော့ မတွေ့တာနဲ့ ဆက်မလိုက်တော့ဘဲ ကျနော်လည်းကိုယ့်အိမ်ပဲ ကိုယ်ပြန်ခဲ့တာပေါ့နော်။ ခြေချင်ပဲ ပြန်ခဲ့တာပေါ့။
အဲဒီမြင်ကွင်းက ကျနော့်စိတ်ထဲ တနုံ့နုံ့နဲ့ဗျ ဒါက လူတယောက် မတရားလုပ်ခံရတာလို့ ပဲမြင်နေတယ် အဲဒီတုန်းကလေ၊ အဲဒီတုန်းက ကိုယ်မြင်တာက ဒါက ပထမဆုံး ကျနော့်အတွက်မြင်ကွင်းပေါ့ဗျာ။
နောက် နေ့ကျောင်းတက်နေတဲ့ သူငယ်ချင်း သုံးလေး ဦးလောက်လည်း ပါသွားကြတယ်လို့ ကြားတော့  စိတ်ထဲ မခံချင်ဘူးပေါ့ဗျာ။ နိုင်ငံရေးတွေဘာတွေလည်း နားလည်သေးတာမဟုတ်ဘူး။ ကျောင်းသားစိတ်ရှိရုံသပ်သပ်ပါပဲ။
အဲလိုနဲ့ သိတဲ့အတိုင်းပဲ ကျောင်းတွေကလည်း ပိတ်သွားရောပေါ၊ ကျနော်တို့ကတော့ အလုပ်တွေပြန်ဆင်းရတယ်။
နောက် ဇွန်မှာ ကျောင်းတွေပြန်ဖွင့်တယ်။
ကျောင်းဖွင့်ဖွင့်ချင်းမှာပဲ ကျောင်းသားတွေ ပြန်စုနေကြပြီ ဆိုတာတွေလည်း ဖြစ်နေကြပြီလေ။ ကျနော်တို့ကလည်း စနေ၊ တနင်္ဂနွေမှ ပရယ်တီကယ်သွားလုပ်ရတယ်။
အဲဒီအချိန်တုန်းကကျနော်ကရည်းစားနဲ့အဆင်မပြေ ဖြစ်နေတာ၊ ကျောင်းလည်း မသွားဘူး၊ပရယ်တီကယ်တွေလည်းမလုပ်တော့ကျနော့်ရည်စားက ကျောင်းကိုပုံမှန်လာပြီး ပရယ်တီကယ်လုပ်ပါဦးလို့ ပြောတယ်။
အဲဒါနဲ့ ဇွန် ၁၈ ရက်လား ၁၉ ရက်လားတော့ မမှတ်မိဘူးကျောင်းကို ရည်းစားစကားနားထောင်ပြီး ပရယ်တီကယ်လုပ်ဖို့သွားတယ်။ အဲဒီနေ့က ကျောင်းကိုDay ကျောင်းသားတွေကလာပြီးစည်းရုံးကြတယ်ပေါ့။
မှတ်မှတ်ရရ အဲဒီနေ့က ကျောင်းကိုလာတဲ့ ကျောင်းသားတွေက ဒဂုံဆောင်က ကျောင်းသားတွေပေါ့။ အဲဒီမှာသူတို့က ကျနော်တို့ လုပ်သားကောလိပ်က ကျောင်းသားတွေကိုလာပြီးတော့ မင်းတို့ ဘာမှ မလုပ်ကြဘူးလားဆိုတာကို လာပြောကြတာလေ။
သူတို့က ဘယ်လိုတွေ ပြောလဲ ဆိုတော့ မင်းတို့ လုပ်သားကောလိပ်က ကောင်တွေ ထမီဝတ်ထားတို့ ဘာတို့ အဲလိုတွေ ပြောတာ။ အဲလိုတွေပဲ လိုက်အော်နေတယ်ဗျာ။
ပွင့်ပွင့်လင်းလင်း အရိုးခံအတိုင်းပြောရမယ်ဆိုရင်တော့ သူတို့ စည်းရုံးရေး ဆင်းလာတာက အဲလို ပုံဆန်မျိုးတွေ ပြောဆိုတာတွေ မလုပ်သင့်ဘူးလို့ ပြောတော့သူနဲ့ကျနော်နဲ့ကစကားအခြေအတင်ဖြစ်ကြရော။
အဲဒီမှာ ခင်ဗျားတို့ရော ဘာလုပ်လို့လဲ ခင်ဗျားတို့ လုပ်သလောက်တော့ ကျနော်တို့လည်းလုပ်နိုင်တယ်ပေါ့..အဲလိုတွေတကယ်ဖြစ်ခဲ့ ပြောခဲ့တာပဲ။
အဲဒီနေ့ကတော့ စကားများနေတာနဲ့ ဘာမှ မလုပ်ဖြစ်လိုက်ဘူး၊ နောက်နေ့ ပြန်ချိန်းကြတယ်ပေါ့လေ…အဲဒီကစပြီး ဒီကျောင်းသားတွေနဲ့ပဲ ကျနော် ပေါင်းမိသွားတယ်။
ဆက်လျက်ဖော်ပြပေးပါမည်။
No comments:
Post a Comment