Wednesday, October 3, 2012

ဒီလိုလေးတွေးကြည့်ရအောင်



by Min Thit Lwin on Wednesday, October 3, 2012 at 5:33am ·
“ ဒီလိုလေးတွေးကြည့်ရအောင်  

ယခုတလော အင်တာနက်မှာရော၊ ပြည်တွင်းထုတ်ဂျာနယ်တွေမှာရော ABSDF (မြောက်ပိုင်း)မှာ ဖြစ်ပွား သွားခဲ့တဲကိစ္စနှင့်ပတ်သက်ပြီး တော်တော်လေးထည့်သွင်း ဖော်ပြလာ ကြတာ တွေ့ရှိဖတ်ရှုရပါ တယ်။ဒီလိုပါလာတဲ့ ဆောင်းပါး၊ အင်တာဗျူးတွေမှာ သမိုင်းတစ်ခုရဲ့ဖြစ်ရပ်(event)ကို မှတ်တမ်းတင်ဖို့ ကြိုးစား နေတဲ့သူရော၊ ဒီဖြစ်ရပ်ကနေ သင်ခန်းစာယူဖို့၊ ခွင့်လွှတ်သင်ပုန်းချေဖို့၊ အာဏာရှင်စနစ်ဆိုး အောက်ကလွတ် မြောက်ဖို့ ကြိုးစားရင်း ရေတိမ်နစ်ခဲ့ရသူတွေရဲ့ မိသားစုဝင်တွေရဲ့ ခံစားမှုစသဖြင့် အကြောင်းအရာရှုထောင့်မျိုးစုံက ဖေါ်ပြနေတာတွေကို ဖတ်ရပါတယ်။တစ်ခုပဲဒီလိုလေးတွေးစေချင်ပါတယ်။ အကယ်၍များ အသတ်ခံရသူတွေဟာ ပြန်လည်ရှင်သန်လာပြီး အခုလို ပြောရေးဆိုခွင့်ရှိမယ်ဆိုရင် သူတို့တွေဘာပြောမလဲဆိုတာပါပဲ။စာရေးသူကတော့ သူတို့ပြောမယ့်စကား(၂)ခွန်းအပြင် ပိုမရှိလောက်ဘူးလို့ ထင်ပါတယ်။ပထမတစ်ခွန်းက သူတို့တွေဟာမတရားနှိပ်စက်မှုကြောင့် ဝန်မခံလိုတဲ့၊ မဟုတ်တဲ့စွပ်စွဲမှုတွေကို ဝန်ခံခဲ့ရပါ တယ်လို့ပြောမှာ အသေချာဆုံးပါပဲ။ဒုတိယတစ်ခွန်းကတော့ တရားမျှတမှုမရှိ၊ လူ့အခွင့်အရေးချိုးဖောက်ပြီး အာဏာရှင်စနစ်ကိုမကြိုက်လို့ တော်လှန်ရေးလုပ်မယ်ဆိုသူတွေက ဘာဖြစ်လို့အာဏာရှင်ဆန်ဆန် တရားမျှတသယောင်ယောင် လီဆယ်ပြီး လူ့အခွင့်အရေးကို ချိုးဖောက်တာပါလဲဆိုတဲ့ မေးခွန်းပုံစံပြောလိုမယ်ဆိုတာ တစ်ထစ်ချ ယုံကြည်ပါတယ်။

ဖြစ်ရပ်တိုင်းမှာ အကြောင်းတရားဆိုတာရှိစမြဲပါ။ ဖြစ်ရပ်တစ်ခုကို စုံစမ်းလေ့လာတယ်ဆိုတာလဲ အကြောင်းတရားကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ အကြောင်းတရားမှန်မှ ဖြစ်ရပ်မှန်ပါတယ်။ အကြောင်းတရား မှားရင်ဖြစ်ရပ်မှားတယ်လို့ ကောက်ချက်ချတတ်ကြပါတယ်။ ဒါကတော့ အငြင်ပွားစရာမရှိဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်လဲ အကြောင်းတရားတစ်ခုဟာ မှန်သလား (သို့မဟုတ်) မှားသလားဆိုတာကို ဘယ်လိုပုံစံနဲ့၊ ဘယ်ပေတံနဲ့ တိုင်းတာကြည့်ပြီး မည်သည့်ဘက်ကနေဆုံးဖြတ်ပါသလဲ။ ဒါက အရေးကြီးပါတယ်။ သူ့ဘက်၊ ကိုယ့်ဘက် ယူဆချက်တွေမတူရင် အဓိပ္ပါယ်ဖော်ခြင်းလဲ မတူနိုင်ကြလို့ပါဘဲ။ဒါကြောင့်စာရေးသူက ဘက်နှစ်ဘက်ရဲ့အပြင်က တတိယဘက်ကနေ ကောက်ချက်ချပြောလိုခြင်း ဖြစ်ပါတယ်။ တွေ့ရှိချက်ကရှင်းရှင်းလေးပါ။

နဝတ အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေးနှင့်တိုင်းပြည်ကို အုပ်ချုပ်ပါတယ်။ စစ်အာဏာရှင်စတင် အသက်မဝင်ခင်တုံးက အကယ်၍များဆန္ဒပြုသူတွေအားလုံး ဖမ်းဆီး သတ်ဖြတ်မယ်ဆိုရင် မြန်မာပြည်မြေပုံ အတိုင်း အနားစပ်တွေ ထောင်နံရံလို ဘောင်ခတ် ပစ်ရမှာပဲတဲ့။ အဲဒီတုန်းက ထင်မြင် ပြောဆိုချက်တွေပေါ့။

တစ်ကယ်တမ်း စစ်အုပ်ချုပ်ရေးဖြစ်လာတော့ တစ်စစီဖြိုခွဲတာပါပဲ။ လူ့အခွင့်အရေးတွေဆုံးရှုံး၊ မတရားမှုနှင့် အနိုင်ကျင့်မှုတွေကိုသုံး၊ ကာယကံရှင်တင်မက မိသားစုတွေကိုပါခြိမ်းခြောက်၊ အာဏာရှင်စနစ်ကို အပီအပြင် အသုံးပြုလာလို့ မခံရပ်နိုင်တဲ့အဆုံး တောထဲဝင်၊ လက်နက်ကိုင်တိုက်မယ်။ မိမိတို့ရဲ့ဘဝတွေကို မည်သို့ဖြစ်မည် မှန်း မသိနိုင်၊ခန့်မှန်းလို့မရတဲ့ လက်ရှိအခြေအနေကနေ စွန့်လွှတ်ခဲ့ကြသူတွေ ဒုနှင့်ဒေးပါ။ ဒီယုံကြည်ချက်ခံယူ ချက်တွေနှင့်လက်နက်ကိုင်အဖွဲ့အစည်းတွေဖွဲ့စည်းပြီး မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ရယ်လို့ပေါ်လာပါတယ်။

ဒီနေရာမှာ တစ်ခုပြောချင်တာက အထက်ပါယုံကြည်ချက်နှင့် စွန့်လွှတ်ခဲ့သူတွေဟာ ဒီ ABSDF ရဲ့ ခေါင်းဆောင်ပိုင်းကသူတွေတင်မက အောက်ခြေရဲဘော်တွေလဲ ပါဝင်တယ်ဆိုတာကိုသိစေချင်ပါတယ်။ ရဲဘော် တွေ မပါဝင်ဘဲနဲ့ ABSDF ကိုဖွဲ့စည်းလို့မရပါဘူး။ မရနိုင်ပါဘူး။(EC အယောက်(၂၀)နဲ့ ဖွဲ့လည်း အမည်ခံ အဖွဲ့ ပဲဖြစ်မှာပါ။)

အထက်ပါ ဖေါ်ပြခဲ့တဲ့ ယုံကြည်ချက်ရှိတဲ့သူတွေဟာ တစ်နေရာတည်းမှာ တစ်ခုတည်းသော မျှော်လင့်ချက် နဲ့ ဆောင်ရွက်လုပ်ကိုင်ခဲ့တာကိုတော့ ငြင်းပယ်လို့ရမယ် မထင်ပါဘူး။ဒီလိုဆိုရင် တစ်ဖွဲ့တည်းဝင်၊ တစ်ရေထဲသောက်၊ တပ်ဖွဲ့ဝင် အချင်းချင်းနားလည်(သို့မဟုတ်) အတွင်းသိ အစင်းသိ ဆိုးတူကောင်းဘက်တွေ မဟုတ်ကြဘူးလား။ ဆိုလိုတာက ဒီလိုအတွင်းသိအစင်းသိ ဖြစ်ကြတဲ့ သူအချင်းချင်း စတင်စွတ်စွဲလာတာဟာ သွေးရိုးသားရိုးမဟုတ်နိုင်ဆိုတာကို ဖေါ်ပြနေပါတယ်။ အာဏာရှင်စနစ် ဆိုးကြောင့် ဒီလိုဖြစ်ရတာပါ လို့ ကောက်ချက်ချလို့မရပါဘူး။ စနစ်ဆိုးကိုမကြိုက်လို့တော်လှန်ပါတယ် ဆိုတဲ့သူ တွေက စနစ်ကောင်းကိုတော့သိထားရမှာဖြစ်ပြီး လိုက်နာကျင့်သုံးရမှာ မဟုတ်လား။

မိမိတို့ကျောင်းသားတွေကိုယ်တိုင်က လူ့အခွင့်အရေးချိုးဖေါက်တဲ့ လုပ်ရပ်မှန်သမျှ စက်ဆုပ်ရွံရှာလွန်းလို့ စစ်ရေးနဲ့ တိုက်မယ် ဆိုပြီး တောခိုလာတာပါ။ဘာဖြစ်လို့ သံသယရှိသူတွေကို လူ့အခွင့်အရေးချိုးဖေါက်ပြီး နှိပ်စက်ညှင်းပန်းခဲ့ရတာလဲ။ ဒါကတော့ သိသာထင်ရှားတဲ့ အချက်မို့ လွတ်မြောက်လာသူများရဲ့စကားသံတွေကို နားထောင်ရင် သိနိုင်ပါတယ်။ဒီလို လူ့အခွင့်အရေးကိုချိုးဖေါက်ပြီး စစ်ဆေးချက်ယူတာကိုတော့ လက်ခံနိုင်စရာမရှိပါဘူး။

စစ်ချက်ယူပြီး ဆုံးဖြတ်ရတယ်ဆိုတဲ့စကားမှာ အများကြီး ပြောစရာရှိပါတယ်။ စစ်ချက်ကိုမည်ကဲ့သို့ ယူသ လဲ၊ ချေပခွင့်ပေးရဲ့လား၊ တပ်တွင်းရှေ့နေရှေ့ရပ်များ ပါရဲ့ လား။ ဒီအခွင့်အရေးမရှိရင် မည်သည့်လက်စွဲ စာအုပ် (သို့မဟုတ်) အဖွဲ့အစည်းရဲ့ဖွဲ့စည်းပုံဥပဒေ၊ ဘာအမှုနဲ့ ဘယ်လိုစွဲချက်တင်ပြီး ဘယ်ဥပဒေ ပုဒ်မအရ အရေးယူလိုက် သည်ဟုပြောပြ၊ ရှင်းလင်းဘို့လိုမည်ထင်ပါသည်။မိမိပါးစပ်က ထွက်တဲ့အမိန့်နဲ့ ပြစ်ဒဏ်ချလိုက်သလိုပါပဲ။

စာရေးသူဆိုလိုသည်မှာ အမှားအမှန်အတွက်၊ စနစ်တကျကိုင်တွယ် ဖြေရှင်းနည်းကိုဆိုလိုပါတယ်။ တစ်စုံ တစ်ယောက်ရဲ့ဆန္ဒအရ၊ စိတ်ခံစားမှုအရ လုပ်ဆောင်တယ်ဆိုရင်တော့ ဒါဟာ နည်းလမ်းကျရဲ့လား (သို့မဟုတ်) တရားရဲ့ လားဆိုတာရဲ့ အဖြေပါပဲ။ကောင်းပြီ စစ်ကျောရေးနည်းလမ်းအရ သူလျှိုဟုယူဆစရာ ရှိတယ်ဆိုပါတော့ (ဒါလဲအခြေအမြစ် ရှိမှပါ)။ ဒီသူလျှိုကိုဘာလုပ်မှာလဲ? သတ်မှာလား?  ဘယ်စည်းမျဉ်းနဲ့လုပ်မှာလဲ? ဘယ်သူတွေရဲ့ ဆုံးဖြတ် အတည်ပြုမှု လိုအပ်နေသေးလဲ?စပိုင်တွေ့ရင် သတ်ရမယ်လို့စည်းမျဉ်းရောရှိရဲ့လား? လက်နက်ကိုင်ပြီးတစ်ဖက်ရန်သူနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ သုံ့ပန်း အဖြစ်နဲ့အဖမ်းခံရတဲ့ သူတွေကိုတောင် ဘယ်လိုထားရှိရမယ်ဆိုတာ နိုင်ငံတကာမှာ အတိအလင်းသတ်မှတ်ထားတာပဲ။ ဒါတောင် သူဦးသူသတ် ကိုယ်ဦးကိုယ်သတ်မယ်ဆိုတဲ့ အသက်ကိုရန်ရှာတဲ့သူတွေနော်။

ဟုတ်ပြီ၊ စပိုင်ဆိုသူတွေကိုသတ်ဖို့ တရားဝင်ဆုံးဖြတ်ကြတယ် ဆိုပါတော့၊ တရားခံကိုရော အယူခံဝင် ခွင့်မပေးတော့ဘူးလား ဒါမှမဟုတ် ဖြေရှင်းခွင့်တစ်စုံတစ်ရာ၊ ကြားနာခွင့်တစ်စုံတစ်ရာ မပေးတော့ဘူးလား၊ အဲဒီလို အခွင့်အရေးတွေ မပေး ခဲ့ရင်တော့ စစ်အာဏာရှင်ဆန်တာပဲလို့ ယူဆရမှာပါပဲ။စစ်အာဏာရှင်ကို မနှစ်သက်လို့ တော်လှန်ကာမှ စစ်အာဏာရှင်ဆန်ဆန်ပြုမူဆက်ဆံ ခံနေရတာကို ဘယ်သူက ကျေနပ်လက်ခံမှာလဲ။ ကိုယ်ချင်းစာတရားလေးနဲ့ တွေးကြည့်စေ လိုပါတယ်။

လူ့အခွင့်အရေးကိုတောင်းဆိုနေသူကိုယ်တိုင် ချိုးဖေါက်နေတာကို ဘယ်အပြင်လူကအပြစ်ပြောနိုင်ကြသ လဲ၊ ခါးစည်းခံခဲ့ရတဲ့ ကာယကံရှင်တွေကပဲပြောနိုင်ကြမှာပေါ့။ ခရစေ့တွင်းကျ အကြောင်းမသိကြသူတွေကိုတော့ လူ့အခွင့်အရေး၊ တော်လှန်ရေးဆိုတဲ့ ပုံရိပ်နဲ့ဖုံးလွှမ်းပြီး ထောက်ခံမှုကိုရယူနေကြရတယ်လေ။ခေါင်းဆောင်တွေက စကားပြောကောင်းကြတော့ တော်ရုံတန်ရုံရဲဘော်အတွက် ဟုတ်မှန်သလိုလို ထင်ကြ ရတယ်။ အမှားကိုအမှန်လို့ပြောတတ်သူတွေရဲ့အောက်မှာ တစ်ခါတစ်လေရဲဘော်တွေဟာ တွေဝေပြီးနေတတ် ကြတယ်။ သူတို့မှ မြင်တွေ့ရတဲ့ အရာတွေမဟုတ်တာကိုး။ ဘယ်လိုကောက်ချက်ချမှာလဲ။ ခေါင်းဆောင် ပြောတာ ယုံနေလိုက်တာပဲပေါ့။

ဒါကြောင့်မို့ ဒီလိုလေးတွေးကြည့်ရအောင်။ စနစ်ဆိုးကြောင့် ဒီလိုဖြစ်ခဲ့ရပါတယ်ဆိုရင် ဒီစနစ်ဆိုးရဲ့  ပြုလုပ်ပုံ၊ ပြုလုပ်နည်းကို မိမိရဲ့အဖွဲ့အစည်းတွင်းမှာ ဘာဖြစ်လို့ ကျင့်သုံးရတာလဲဆိုတာပါ။ ဒီစနစ်ဆိုးဆိုတာမရှိရင် ABSDF လဲ ပေါ်စရာအကြောင်းမရှိပါ။ အာဏာရှင်စနစ်ဆိုးကြောင့် တောခိုရပါတယ်ဆိုတဲ့သူကအာဏာရှင်စနစ် ဆိုးရဲ့  အမူအကျင့်၊ အပြုအမူ၊ ဆောင်ရွက်ချက်တွေကိုဘာလို့လက်ခံကျင့်သုံးနေရတာလဲဆိုတာပါပဲ။တွေးကြည့်ရင်တော့ အဖြေပေါ်လာမယ်ထင်ပါတယ်။
Share

No comments:

Post a Comment