Wednesday, October 24, 2012
လူတယောက်..ရေဒီယိုတလုံးနဲ့ နားပေါင်းများစွာ… (၄)
by Kayin Lay on Friday, October 19, 2012 at 6:56pm ·
မရည်ရွယ်သောလက်စောင်းချက်…။
မြန်မာ့စကားပုံမှာ ဆရာထက်တပည့်လက်စောင်းထက်ဆိုတာကို ကြားဘူးပြီးသားဖြစ်မှာပါ။ ဒါပေမယ့်အဲ့ဒီစ ကားရဲ့ အခြားတဖက်ကပြန်သတိပေးထားတဲ့ ဆရာကာပြန် အာခေါင်လှံစူးဆိုတာကိုလည်း တဆက်တည်း သတိထားမိပါတယ်။ ကျနော်ဘ၀ရဲ့ဖြတ်သန်းမှုတကွေ့ မှာ လှံစူးတတ်တာကိုသိနေပေမယ့် ကျနော်တကယ် မရည်ရွယ်ပဲ ကိုယ့်ဆရာကိုပြန် ရိုက်မိသလိုဖြစ်ခဲ့ရတဲ့ လက်စောင်းချက်ထက်ထက်လေးတခုကိုအခုလိုကြုံဖူး ခဲ့ပါတယ်။
ကျနော်အရင်အပိုင်းမှာပြောခဲ့ဘူးပါတယ်။ ကျနော်ဟာအဖွဲ့ အစည်းကပံ့ပိုးထားတဲ့စားရိတ်နဲ့ မလုံမလောက် စားသောက်ပြီး အလုပ်ကိုအပတ်တကုတ်ကြိုးစားလို့ လို့ လုပ်နေတဲ့အချိန်မှာ ကျနော့်အမျိုးသမီးက သူတတ် တာနဲ့ တဖက်တလှမ်းက မိသားစုဖူလုံရေးအတွက် အားစိုက်ထုတ်ခဲ့ပါတယ်။ အဲဒီလိုရုန်းကန်နေရင်းနဲ့  အဖွဲ့  အစည်းထဲက အပြင်ဆိုင်တခုမှာအလုပ်လုပ်ကိုင်ရာက ငွေစအနည်းငယ်ပိုလျှံတဲ့ ရဲဘော်ရဲမေလင်မယားရဲ့ ကျေးဇူးကြောင့် ကျနော့်အမျိုးသမီးက စက်ချုပ်ဆိုင်လေးတခုကိုဖွင့်ဖြစ်တယ်။
ကျနော်တို့ ဆိုင်ဖွင့်ပြီးတော့ အတော်လေးကိုဟန်ကျတယ်ဗျ။ စက်ချုပ်သမားတွေရဲ့ တွက်ချေကိုက်မှုကို ကျနော်သိခွင့်ရလိုက်တယ်။ ပါတိတ်တစုံကိုချုပ်လို့ ကုန်တဲ့အပ်ချည်ဖိုးဟာ ဘာမှမပြောပြလောက်ပါဘူး။ တကယ်တန်းချုပ်ခရဲ့ အပုံ၂၀ပုံရင်တပုံဘိုးတောင်မရှိပါဘူး။ နောက်ထပ်စိုက်ထုတ်ရင်းနှီးမှုက အဓိကပါ။ အဲဒါကတော့ စိတ်ကူးနဲ့ ကပ်ညှပ်ခြင်းပညာပါ။ သူမအစွမ်းအံ့မခန်းမြင်ခဲ့ရတယ်။ ကိုယ့်မိန်းမကိုယ်မြောက်သ လိုတောင်ဖြစ်သွားပြီ။ အသိမှတ်ပြုစိတ်ကလေး သူမအတွက်ပေးလိုက်ခြင်းပါ။
ဆိုင်ကိုအထည်လာအပ်တဲ့ထဲမှာ မမျှော်လင့်ပဲ ကျနော့်ဆရာဖြစ်ခဲ့ဘူးသူရဲ့ အမျိုးသမီးဖြစ်သူ ကျနော်တို့ ရဲ မေဟောင်းအမကြီးတယောက်လည်းပါခဲ့ပါတယ်။ ထိုအမကြီးက တပ်ထဲမှာတည်းက ဇနီးသည်နဲ့ ရင်းနီးလို့  လည်း လာအားပေးတဲ့သဘောပါ။ ကျနော်တို့ ကလည်း ၀မ်းသာတာပေါ့။ ကိုယ့်လူအချင်းချင်းပြန်လည်ချုပ် ပေးရမယ်ဆိုတော့ ဈေးတွေဘာတွေလျော့ပေါ့ပေးရတာပေါ့။ သူတို့ လင်မယားနေတဲ့ နယ်စပ်ကျယ်ကောင် ကနေ ရွှေလီထဲပြောင်းတော့ ကျနော်ကိုယ်တိုင်အားရပါးရ ကူညီပေးခဲ့ပါတယ်။ အော်ဒါနဲ့ ..အဲဒီလိုသူတို့ လင်မယားနယ်စပ်ကိုပြန်ရောက်လာတဲ့အချိန်က နစ်ယောက်စလုံးဟာ ရန်သူ့ ဆီမှာလက်နက်ချပြီးမှပြန်လာ ခဲ့တဲ့အချိန်ပါ။
ထိုအမကြီးအထည်လာအပ်ပြီး နစ်ပတ်လောက်အကြာမှာ ကျနော်တို့ ဆိုင်ပိတ်လိုက်ရပါတယ်။ မပိတ်လို့ ရတဲ့ အနေအထားတခုပေါ်လာခဲ့လို့ ပါ။ ကျနော်တို့ စားရေးသောက်ရေးပြေလည်ယုံမကဘူး အပိုစွန်းလေးပါ ရလောက်တဲ့ အခြေအနေမှာ ဆိုင်ကိုပိတ်လိုက်ရတဲ့အတွက် တကယ်စိတ်မကောင်းဘူး။ ဆိုင်ကိုမပိတ်ပြန် ရင်လည်း ကျနော်အရောင်ဆိုးခြင်းခံရတော့မယ်လေ။ တကယ်ပါဗျာ။ ကျနော်ကိုယ်တိုင်လက်နဲ့ ရေးတဲ့ ဟန်သစ်ဆိုင်းဘုတ်လေးကို ကျနော်ရင်လေးလေးနဲ့ သက်ပြင်းကြမ်းကြမ်းချလို့ ဖြုတ်ခဲ့ရတယ်။
အဲ့ဒီအချိန်ကတည်းက ကျနော့်ခွဲမှူးဟာ တဖက်ရန်သူရဲ့ ဖဲ့သွင်းစည်းရုံးခြင်းကိုခံနေရပြီးသားဆိုတာ သိသင့် သလောက်တော့သိပြီးသားပါ။ သူကိုယ်တိုင်ကဘာမှမပြောပေမယ့် သူ့ အမျိုးသမီးဟာ စီးပွားရေးလုပ်သူပီပီ ထောက်လှမ်းရေးစေခိုင်းချက်အရထင်ပါတယ် ကျနော်တို့ လင်မယားကို ခနခနမဲဆွယ်ပါတယ်။ နောက်ဆုံး သူတို့ ကိုယ်တိုင်ကျနော့်ကိုမဲဆွယ်လို့ မရတော့ မြန်မာပြည်ဖက်ကမ်းမူဆယ်က ထောက်လှမ်းရေးကိုယ်တိုင် ကျနော့်ကိုဖုန်းဆက်ပါတယ်။ ပြန်ခဲ့ပါ။ ထောင်မကျစေရဘူး။ တာဝန်ယူပါတယ်ပေါ့။
ကျနော်ကတော့ ဖုန်းလာရင်သွားမပြောဘူး။ ဇနီးသည်ကိုပဲသွားကိုင်ခိုင်းလိုက်တယ်။ ရှင်းရှင်းပြောရင် အဖက်မလုပ်ချင်တာကော အဖွဲ့ အစည်းရဲ့ အထင်လွှဲတာမခံချင်တာလည်းပါပါတယ်။ တခါတော့ထောက် လှမ်းရေးကစိတ်မရှည်ဘူးနဲ့ တူပါတယ်။ ယောကျာင်္းချင်းစကားပြောချင်တယ်လို့ ဆိုပါတယ်။ တခေါက်ဆို တပ်ရင်းမှူးဒုဗိုလ်မှူးကြီးဆိုသူကိုယ်တိုင်က ပြန်လာခဲ့ဖို့ နဲ့  သူတာဝန်ယူကြောင်းကို ခွဲမှုးကိုယ်တိုင်လာပြော တာကို အံ့သြမဆုံးနိုင်အောင်ကြားခဲ့ရသေးတယ်။
အဲ့ဒီလိုကျနော်ဘေးကျပ်နံကျပ်နဲ့ မဲဆွယ်မှုတွေဖြစ်နေချိန်မှာ ကျနော်အလုပ်တွဲလုပ်နေတဲ့  မဟာမိတ်အဖွဲ့ အစည်းတခုရယ် တရုတ်ထောက်လှမ်းရေးကလည်း ကျနော့်ကိုစတင်စောင့်ကြည့်နေပါပြီ။ သိပ်မကြာခင် ကျနော့်ခွဲမှူးက လက်နက်ချသွားပြီး ရန်သူဆီဒူးထောက်သွားပါတယ်။ သူအဲလိုဝင်သွားတာကြောင့် ကျနော့် အတွက်ပိုအနေခက်ခဲ့ရတယ်။ ကျနော်လည်း သူ့ လိုများလက်နက်ချသွားမလားလို့ ပေါ့။ ဒါကြောင့် ကျနော် အလုပ်နဲ့ တစုံတရာပတ်သက်နေတဲ့ တရုပ်ထောက်လှမ်းရေးနဲ့ မဟာမိတ်အဖွဲ့ ကလူတွေက ကျနော့ကိုအ ရိပ်တကြည့်ကြည့် စောင့်ကြည့်နေခဲ့ကြပါတယ်။
ဒီလိုအခြေအနေမျိုးတွေကြောင့် ကျနော်တို့ ဇနီးမောင်နံတိုင်ပင်ပြီးဆိုင်ပိတ်လိုက်ကြတယ်။ စက်ဆိုင်ကို နေတဲ့ အခန်းပြောင်းဖွင့်ခဲ့ကြရတယ်။ ၀င်ငွေသုံးပုံနစ်ပုံလျော့ကျသွားခဲ့တယ်။ မတတ်နိုင်ဘူး။ တော်လှန်ရေး သိက္ခာဟာ အဲဒီငွေထက်တာဘိုးရှိတယ်လို့ ကျနော်ယူဆခဲ့တယ်။ ကျနော်အရောင်အဆိုးမခံနိုင်ဘူး။ ပညာ ရေးကိုစွန့် လွတ်။ မိခင်အိုနဲ့ မောင်နမတွေကို ကျောခိုင်း။ တောထဲတောထဲဆင်းဆင်းရဲရဲနေထိုင်ခဲ့ပြီးပြီ။ မသေယုံတမယ် တိုက်ပွဲတွေထဲကလည်းထွက်ခဲ့ပြီးပြီး။ ခုလိုမြို့ ပေါ်ရောက်မှာ ကျုပ်အတွက်ဘာကြောင့် အရောင်ဆိုးခံလိုက်ရမလဲ။ ဒါကျနော့်ရပ်တည်ချက်။
အဲဒီအချိန်မှာ ကျနော်တို့ နေရာကိုအထည်ရွေးဖို့ လိုက်ရှာနေတာကတော့ ကျနော့်ဆရာသမားတို့ ဇနီးမောင် နှံပါ။ ကျနော်ရဲ့ နေရာကို တခြားရဲဘော်တွေကိုမေးတော့လည်း ဘယ်သူကမှ ကိုကျနော့်နေရာကို မပြောကြ ပါဘူး။ သူတို့ လည်းတကယ်မသိကြလို့ ပါ။ ကျနော့်ရဲ့ အလုပ်ကိုနားလည်လေးစားတဲ့အနေနဲ့ ဘယ်ရဲ ဘော်ကမှ ကျနော့်ဆီလာမလည်ပါဘူး။ ကျနော်နေတဲ့နေရာကိုလည်း ကျနော်ကိုယ်တိုင်ကပြောပြမထားပါ ဘူး။ အဲဒါဟာ ကျနော့်ဆရာသမားရဲ့ ဒေါသမီးတောက်ကို တောက်လောင်စေတဲ့အစပါပဲ။
တရက်တော့ မဟာမိတ်အဖွဲ့ အစည်းက ပုဂ္ဂိုလ်တဦးဖွင့်တဲ့ လဘက်ရည်ဆိုင်မှာ ဆရာသမားနဲ့ ကျနော်မ မမျှော်လင့်ပဲတွေ့ ကြပါတယ်။ ကျနော်ကတော့အရမ်းဝမ်းသာတာပေါ့။ သူ့ အမျိုးသမီးဝတ်စုံကိုပေးလို့ ရပြီ ဆိုပြီး။ ဆရာသမားကကျနော့်လည်း တွေ့ ရော မီးသွေးကျင်းထဲလှိမ့်ကျထားတဲ့ ကိုပီချေးမျက်နာနဲ့ ဒေါသ ဗျောက်အိုးကို စတင်ဖေါက်ခွဲတော့တာပါပဲ။ နကိုကတည်းက သပိတ်ရောင်အသားရောင်ပိုင်ရှင် ဆရာသမား ရဲ့ မျက်နာဟာ အဲ့ဒီနေ့ သပိတ်ကို ပေါလစ်တင်ထားသလိုပါပဲ။ ဒေါသအရှိန်ကြောင့်ထင်ပါရဲ့ ။
ဆရာသမားကကျနော့်ကို ဟေ့ကောင်မင်းကဘာကောင်မို့ လို့ လဲ။ မင်းရဲ့ နေရာကိုမေးတော့လည်း မင်းတို့ ရဲ့ ကောင်တွေက ဘယ်သူမှမသိဘူးပဲပြောတယ်။ သောက်ကြီးသောက်ကျယ်ကွာတဲ့။ ဒါ့ထက်ဆိုးတဲ့စကား ဟေ့ကောင်မှတ်ထားကွ….ငါကရန်သူ့ အလုပ်လုပ်နေတဲ့ကောင်မဟုတ်ဘူး။ ..မင်းရဲ့ နေရာသိတော့ကော ဘာဖြစ်မှာမိုလို့ လဲတဲ့။ ခက်ရပါလားအာစရိယာယ်ဆိုတဲ့ မျက်လုံးလေးနဲ့ ပဲ ကျနော်ကြည့်မိပါတယ်။ ကျနော် တောင်းပန်လိုက်ပါတယ်။ နေရာပြောင်းတာမပြောနိုင်ခဲ့လိုပေါ့။ သူကျနော့်ကို အဲလို ဆဲရေးတိုင်းထွာ ကမ္ဘာ လောက်ကြီးတဲ့ ဒေါသတွေနဲ့ မဟာမိတ်များရှေ့ မှာ လက်ညိုးငေါက်ငေါက်ထိုးပြီးပြောသွားခဲ့တယ်ဗျာ။
အာစရိကျနော့်ကို ဒေါသတွေနဲ့ ပစ်ပေါက်ဟောက်ငမ်းပြီးတပတ်ကျော်ကျော်လောက်မှာတော့ မထင်မှတ် လောက်တဲ့ ကြေးနန်းတခုကို ကျနော်ကြားဖြတ်ရခဲ့ပါတယ်။ ကြေးနန်းကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)နေ ကက(ကြည်း)၊ ကက (လှမ်း)၊ ကက(စည်း)နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်(ရကတ) တို့ ကိုလိပ်မူ ပေးပို့ တဲ့ သူတို့ လင်မယားအတွက် အလင်းဝင်လက်မှတ်ထုတ်ပေးဖို့  ထောက်ခံတင်ပြတဲ့ကြေးနန်းစာဖြစ် နေပါတယ်။
ကြေးနန်းစာသားလေးကို ဂျေမောင်မောင်လိုပြောရရင် မျက်စိထဲကထွက်ကိုမထွက်ဘူး..နလုံးသားထဲ တည့်တည့်ဝင်လာတယ်..ဆိုသလိုမျိုးပေါ့ဗျာ။ ကျနော့်လက်ရေးနဲ့ ဖမ်းထားတဲ့အဲဒီကြေးနန်းဟာ ကျနော့် လက်ထဲမှာအခုမရှိပေမယ့် ခုထိမှတ်မိနေဆဲပါ။ စာသားပါအကြောင်းအရာကို ဆီလျော်သလိုပြောပြရမယ်ဆို ရင် …..၊
ကေအိုင်အေအလင်းဝင် ကိုယ်ပိုင်အမှတ် A/- - - - - ဗိုလ်ကြီးအဆင့်ရှိ (နံမည်)နှင့် အေဘီအက်စ်ဒီ အက်ဖ်အလင်းဝင် ကိုယ်ပိုင်အမှတ် မ/- - - - -  (နံမည်) တို့ သည် မိမိတပ်ဖွဲ့ ၏စေခိုင်းချက်များအား စိတ် ကြေနပ်ဖွယ်ဆောင်ရွက်ခဲ့ပါသဖြင့် ထောက်လှမ်းရေးလုပ်ထုံးလုပ်နည်းနှင့်အညီ အလင်းဝင်လက်မှတ်ထုတ် ပေးသွားပါရန် ထောက်ခံတင်ပြအပ်….
ကဲ..ရပ်ကွက်ကတို့ ရေ…။ ၀မ်းသာရမှာလားဝမ်းနည်းရမှာလားရုပ်ရှင်ထဲက ဦးကျောက်လုံးလို ငါးခူပြုံးကြီး  ထိုင်ပြီးပြုံးနေမိလိုက်တယ်။
ကျနော့်အာစရိကိုအငြိုးမရှိပါ။ အတေးမထားပါ။ ငါကရန်သူ့ အလုပ်လုပ်နေတဲ့ကောင်မဟုတ်ဘူးဆိုပြီး လက် ညိုးငေါက်ငေါက်ထိုး ပြောတဲ့သူ့ က  အထက်ကကြေးနန်းကိုကသက်သေထူလိုက်တာပဲ။ အမိုးပြောဘူးတဲ့ တောင်ပတ်တာကကြာသေးတယ်။ လူပတ်တာမကြာဘူးတဲ့။ အဲ့ဒါ ၀ဋ်ပဲလား။ ကျနော်ကြေးနန်းစာကို တ ခြားဟာတွေထက်ထူးအောင် မင်နီနဲ့ ရေး၊ စာအိပ်ပိတ်ပြီး မဟာမိတ်ကိုလည်းပေးခဲ့ပါတယ်။ ဘာသဘော ရယ်ကြောင့်မဟုတ်ပေမယ့် သူဒီလိုလုပ်ဆောင်နေတာဆိုတာကို သတိထားကြရအောင်လို့ ပါ။
ကျနော့်အာစရိဟာ တခြားအဖွဲ့ အစည်းတခုကနေ convert လုပ်လာတဲ့ ကေအိုင်အေအရာရှိပါ။ ဒါကတော့ ကျနော့်ဘ၀မှတ်တမ်းထဲက ဇာတ်လမ်းတပုဒ်ပဲဆိုပါတော့။ ရည်ရွယ်ချက်မရှိပဲ ချက်ကောင်းမိခဲ့ တဲ့ တပည့်ရဲ့ လက်စောင်းချက်လေးတကွက်ပါ။ တရုတ်စကားပုံတခုကိုနောက်ဆုံးပြောရရင် ရေခဲဆိုတာ ရေကလာပေ မယ့် ရေထက်တော့အေးတယ်တဲ့။ ကဲဘယ်သူကန့် ကွက်နိုင်လဲ။
စောငွေလရောင် (၂၀ အောက်တိုဘာ ၂၀၁၂)
ယခင်အပိုင်း(၃)အတွက်အမှားပြင်ဆင်ချက်..။ အပိုင်းသုံး ဒုတိယနောက်ဆုံးပိုဒ်တွင်ဖော်ပြခဲ့သော………….  လေထီးမာလာမာလာလွမ်းမိုးလို့ ဟလိုက်တာနဲ ဆိုတဲ့စာသားကို လေထီးမာလာမာလာချိုပြုံးဟု ပြင်ဆင် ဖတ်ရှုပေးပါရန်။
Unlike ·  · Share
No comments:
Post a Comment