Friday, October 12, 2012

ကိုဘိုဘို၊ ကိုစိုးလင်း၊ ကိုဌေးနိုင်တို့ ဇာတ်လမ်းများ

ABSDF - မြောက်ပိုင်း ကျောင်းသားရဲဘော် ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး
ABSDF- မြောက်ပိုင်း ကျောင်းသားရဲဘော် စိုးလင်းရဲ့ မြောက်ပိုင်းနှင့် တောင်ပိုင်းခရီး
ABSDF- တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ဋ္ဌေးနိုင်တို့ နှင့်ပတ်သက်ပြီး စိတ်ဝင်စားသူများ...

တောင်ပိုင်းမှာ သေဆုံးခဲ့ရတဲ့ ABSDF ကျောင်းသားရဲဘော် ဋ္ဌေးနိုင် မိသားစုရဲ့…

မေသင်္ကြန်ဟိန်
အောက်တိုဘာ ၆၊ ရန်ကုန်မြို့။

မိသားစုတိုင်း မိသားစုတိုင်းမှာ ရှိနေကြတဲ့ ချစ်မြတ်နိုးခြင်း၊ တန်ဖိုးထားခြင်း၊ မျှော်လင့်ခြင်း…စတာတွေရဲ့ လေးနက်မှုနဲ့ တန်ဖိုးဆိုတာကို လူတိုင်း နားလည်ခံစားနိုင်ကြပါတယ်။

အဲဒီခံစားချက်တွေကိုအခြေတည်ပြီး ဖြစ်တည်ရှင်သန်နေကြရင်း ကိုယ့်မိသားစုထဲက  တစ်ဦး ဦးကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးရချိန်မှာ  လူတိုင်းဟာ ၀မ်းနည်းခြင်း၊ ကြေကွဲခြင်းနဲ့အတူ နှမျောတသဖြစ်ခြင်း ဆိုတဲ့ စိတ်ထိခိုက်ဖွယ်ရာ ခံစားချက်တွေကို တသီကြီး ခံစားကြရတာပါ

ကိုဋ္ဌေးနိုင်ရဲ့ မိခင်နဲ့နှမသားချင်းတွေကို တွေ့ဆုံလိုက်ရချိန်မှာတော့ သူတို့တွေမှာ အဲဒီလို ခံစားချက်တွေထက်ပိုတဲ့ ခံစားချက်တွေနဲ့ ထိခိုက်နာကျင်ခံစားနေကြရတာကို တွေ့မြင်ရသလို  နာကျင်တဲ့နှလုံးသားနဲ့ မိခင်အိုတယောက်ကိုလည်း စိတ်မကောင်းဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။

 “မသေခင်မှာ ရက်ရက် စက်စက် စွပ်စွဲခံရပြီး ရိုက်နှက်စစ်ဆေးတာတွေရှိတယ် သိသိချင်း ဘယ်လိုမှ မခံနိုင်တော့ဘူး… သူ မသေခင် ဘယ်လောက်ခံစားလိုက်ရရှာမလဲ ဆိုတဲ့…စိတ်နဲ့.. အိမ်ရာထဲ ဘုန်းဘုန်းလဲတော့တာပဲ“

မိခင်တယောက်အနေနဲ့ သားဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့အတွက် ၀မ်းနည်းခြင်း၊ နှမျောတသဖြစ်ခြင်း၊ ကြေကွဲခြင်းတို့အပြင် … ရက်ရက်စက်စက် ကြုံတွေ့ခဲ့ရှာရပါလား ဆိုတဲ့ သားအပေါ် မိခင်တယောက်ရဲ့ကြင်နာသနားခြင်းတို့ကြောင့်ဖြစ်ပေါ်လာတဲ့ နာကြင်ခြင်းနဲ့ မဖြေသိမ့်နိုင်ခြင်းတို့ကိုလည်း  တွေ့တွေ့ခြင်းနားလည် ခံစားစေခဲ့ရပါတယ်။

ဒီလို မျက်ရည်စိုနေတဲ့ မျက်ဝန်းတွေနဲ့ သွေ့သွေ့ခြောက်ခြောက် မိခင်အိုတယောက်၊ သား သေဆုံးမှုအတွက် နာကြင်ခံစားနေရတဲ့ မိခင်အိုတယောက်၊ ဖြစ်မှ ဖြစ်ရလေလို့ မဖြေသိမ့်နိုင်လောက်အောင် ကြေကွဲနေတဲ့ မိခင်အိုတယောက်…ကို ဘယ်လိုမေးခွန်းတွေနဲ့ စရမလဲ။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ကိုဋ္ဌေးနိုင်ရဲ့ ရုပ်လုံးပေါ်လာအောင် ဘယ်လိုမေးရပါ့လို့ စဉ်းစားရင်း ကျမအတွက်လည်း ပင်ပန်းခက်ခဲလွန်းလှပါတယ်။

 (၁) မအေးအေးမာ

ကျမက ကိုဋ္ဌေးနိုင်ရဲ့ ညီမ အေးအေးမာပါ။ ကိုဋ္ဌေးနိုင်ကို အမေတို့က ၁၉၆၂ ခုနှစ်မှာ မွေးခဲ့ပါတယ်။

ကျမတို့ အဖေက ၁၉၅၈က စက်မှုအင်ဂျင်နီယာ ဘွဲ့ရပြီး၊ တရုပ်ကျူးကျော်ရန်ကို ကာကွယ်ဖို့အတွက် တပ်မတော်ထဲ ၀င်သွားပြီး တပ်မတော်အမှုထမ်းခဲ့သူတဦးပါ။

ကျမတို့ မောင်နှမတွေက အဖေတာဝန်ကျတဲ့ ဒေသတွေကိုလိုက်ပြီး ပြောင်းရွေ့နေထိုင်ခဲ့ရပါတယ်။ အဲလို နေထိုင်ရင်းနဲ့ ၁၉၇၈ မှာ တပ်မတော်ထောက်လှမ်းရေးရဲ့ မယုံကြည်ရတဲ့ အရာရှိ ၉၆ ဦး စာရင်းထဲမှာ ပါခဲ့တဲ့အတွက် အဖေ တပ်မတော်ကနေ ထုတ်ပါယ်ခြင်း ခံခဲ့ရတယ်။

ကျမအနေနဲ့ အကိုဖြစ်သူ ဋ္ဌေးနိုင်ရဲ့ ဘောလီဘောကစားရင်း အောင်မြင်ခဲ့တာကို ကောင်းကောင်းမှတ်မိနေသေးတယ်။

အကိုငယ်( ကိုဋ္ဌေးနိုင်)က ကျမတို့ငယ်ငယ်လေးကတည်းက အားကစားကို ၀ါသနာပါတယ်။ ဘောလီဘော ကစားတာကောင်းတယ်။

သူက ကျမရဲ့ အကိုကြီး ကိုဋ္ဌေးတင့်လို စကားသိပ်မပြောဘူး။ သူက တည်တည်တန့်တန့်နေတတ်တယ်။ ဒါပေမဲ့ ညီမတွေအပေါ်ကိုတော့ ဂရုစိုက်တယ်၊ မိသားစုအပေါ်မှာလည်း သံယောဇဉ်ကြီးတယ်။ ပုံမှန်အားဖြင့်ခပ်အေးအေးနေတတ်ပြီး စကားကိုလိုရင်းပဲ ပြောတတ်တယ်။ ပြီးတော့ သူက လုပ်မယ်ဆိုရင်လည်း လုပ်တယ် မလုပ်ဘူး ဆိုရင်လည်း လုံးဝ မလုပ်ဘူး ရှင်းရှင်းပြတ်ပြတ် နေတတ်တဲ့ သူမျိုး။

သူက ဆယ်တန်းတက်တော့လည်း အားကစားချည်းလုပ်နေတာနဲ့ တော်တော်နဲ့ မအောင်ဘူး ၅ နှစ်လောက်နေပြီး ဖြေရတယ်။ အဲဒီ ၅ နှစ်လုံး ဘောလီဘောပဲကစားနေတော့ ဘောလီဘောမှာတော့ ထူးချွန်တယ်ပေါ့နော်။

ကျနော် ရှစ်တန်းလား ကိုးတန်းလား ရောက်တဲ့ နှစ်မှာ အကိုက တက္ကသိုလ်တက်နေပြီ။ သူက လှိုင်ဒေသကောလိပ်မှာ သချာင်္အဓိကနဲ့ ၁၉၈၄ မှာ ၀င်ခွင့်ရပြီးကျောင်းတက်တယ်။ ကျောင်းမှာ ဘောလီဘောကစားတာ ထူးချွန်လို့ နာမည်ကြီးတယ်ပေါ့။

ဘောလီဘောကစားတဲ့ သူ့နံပတ်က 4 ဆိုတော့ သူ့ကို No.4 ဆိုရင် လူတိုင်း သိတယ်။ သူက ပထမနှစ်ကနေ နောက်ဆုံးနှစ်ထိ ဒီနံပတ်ကိုပဲ ယူသွားတာဆိုတော့ သူ့ကို ကျောင်းကတွဲသိတာက No.4 လို့ တွဲသိတာပေါ့။

ဘောလီဘောကစားတဲ့အခါမှာလည်း သူက လူကြိုက်များတဲ့ ထဲမှာပါတယ်၊ ကျမတို့ စတိတ်ကျောင်းသူ ဘ၀ကတည်းက အကို ဘောလီဘောစကားတဲ့ နေရာတွေကို လိုက်လိုက်ပြီး အားပေးခဲ့တာ။ သူက RC-2 ပေါ့ ဆရာကြီး ဦးကောင်းညွှန့်လက်ထပ်မှာ ဆရာကြီးနဲ့ တွဲပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေလည်း သူ့မှာ ရှိတယ်။
မှတ်မှတ်ရရပဲ သူက သူငယ်ချင်းတွေနဲ့ အဆောင်မှာ ဖဲရိုက်တယ်၊ ဖဲရိုက်တော့ သူတို့ကျောင်းက ပါချုပ်က အမေ့ကို ခေါ်တယ်ပေါ့။ ကိုဋ္ဌေးနိုင်ကိစ္စကို လာရှင်းဖို့ပေါ့။ အမေက သွားရှင်းတဲ့အချိန်မှာ အမေ ထွက်လာတဲ့အချိန်မှာ အကိုငယ်က ရှင်းပြီးပြီ။ ပါချုပ်အခန်းရှေ့မှာပဲ အမေ သွားရှင်းဖို့ မလိုတော့ဘူး ဆိုပြီးတော့ သူက ပြောတယ်။

ဘာကြောင့်လဲဆိုတော့ သူက အဲဒီလို မဖြစ်ခင် ၂ ရက် ၃ ရက်လောက်အလိုမှာပဲ ကျောင်းမှာ အကောင်းဆုံး အားကစားသမားဆု ရထားတယ်၊ ရထားတော့ သူ့ကို ပါချုပ်က မှတ်မိနေတယ်။ အဲဒါတွေလည်း ပါမှာပေါ့။ ကျမအတွက်ကတော့ လူကြိုက်များတဲ့ နာမည်ကြီးတဲ့ ခပ်တည်တည်ခပ်အေးအေးနေတတ်တဲ့ အကိုအတွက် ဂုဏ်ယူမိတာပေါ့။  ၁၉၈၆ မှာ မြန်မာ့လက်ရွေးစင် ပဏာမထိ အရွေးခံခဲ့ရတယ်။

နောက် ၁၉၈၈ မှာ ကျနော်က ဒုတိယနှစ်တက်ပြီ အကိုက နောက်ဆုံးနှစ်ပေါ့နော်။ တံတားနီ အရေးအခင်းဖြစ်တဲ့ နေ့ကို မှတ်မိနေသေးတယ်။

အဲဒီနေ့က ကျနော့်အကိုက စိတ်တွေ တိုပြီး အိမ်ပြန်လာတာ ကျနော်မှတ်မိတယ်။ သူက ပါးစပ်ကလည်း ကျောင်းသူလေးတွေကို …ဘာဖြစ်တယ် ညာဖြစ်တယ်ပေါ့…အဲလိုလည်း ပြောပြီး စိတ်တွေအရမ်းတိုပြီး အိမ်ပြန်လာတယ်။ အဲဒီလို သူ စိတ်တိုလာတာကိုလည်း ထူးခြားလို့ မှတ်မိနေခဲ့တယ်။

နောက် မြေနီကုန်းအရေးအခင်းပေါ့။ အဲဒီမြေနီကုန်းအရေးအခင်းမှာတော့ သူကိုယ်တိုင်ပါနေခဲ့ပြီ။  သူကိုယ်တိုင် ပါဝင်နေတော့ မျက်ရည်ဗုံးအကွဲခံရတာတွေလည်း သူပြောပြတယ်။ မျက်ရည်ဗုံးထိတဲ့ ကျောင်းသားတွေကို လိုက်ရှာပြီး ဖမ်းတာတို့ ဘာတို့လည်း ရှိတော့ အဲဒီမြေနီကုန်းက စာပေဗိမာန်ဆိုလား…ဘယ်ဋ္ဌာနကလည်းတော့ သေချာမသိဘူး သူတို့က မျက်ရည်ယိုဗုံးထိတဲ့ကျောင်သားတွေကို မျက်နှာတွေ ကယ်ပြီး သစ်ပေးပြီးမှ စိတ်ချရတဲ့အချိန်မှ အပြင်ထွက်ခွင့်ပေးတာပေါ့ အဲဒီအကြောင်းတွေလည်း သူပြောပြလို့ သိရတာပါ။

အဲဒီနေ့ကလည်း အိမ်ပြန်ရောက်တဲ့အချိန်မှာပေါ့ အမေရယ် …သေကုန်ပြီ …ကျောင်းသားတွေ သေကုန်ပြီ ဆိုပြီးတော့…ငိုပြီး ပြောတာ။ သူ မျက်ရည်ကျတာပေါ့နော်..အဲဒီကနေ သူက နိုင်ငံရေးဘက်ကို ရောက်သွားတော့တာ။

မိန်းထဲမှာလည်း ကိုမောင်မောင်ကျော်တို့နဲ့ နိုင်ငံရေးလုပ်တယ် အဲလို လည်း တစွန်းတစ  ကြားရတယ်။ သူ နိုင်ငံရေးကို စိတ်ဝင်စားတယ်ပေါ့ အိမ်ကတော့ အဲလိုပဲ နေလိုက်တာပေါ့။

အဲဒီမှာ ၁၉၈၈လောက်မှာပဲ့ တအားအုံကြွလာတဲ့အချိန်မှာ သူ အပြင်တွေ ဘာတွေ သိပ်မထွက်တော့ဘူး။သူ အိမ်ထဲမှာပဲ နေတာ များတယ်။ အဲဒီတုန်းက တကယ်လုပ်တာက ကိုကြီး သူက လှိုင်မြို့နယ်ကျောင်းသား သမဂ္ဂတွေ ဘာတွေလုပ်တယ်။

ကျနော်တို့အဲဒီတုန်းက နေတာ လှိုင်မှာဆိုတော့ လှိုင်မြို့နယ်မှာ အဲဒီတုန်းက ပြဿဖြစ်သေးတယ်။ တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တပ်နဲ့ ပြည်သူတွေကြားထဲမှာ ရပ်ပေးပြီး လုပ်ပေးတာတွေဘာတွေ ရှိသေးတယ်။ သူက တကယ်တော့ြ့ပဿနာ မဖြစ်အောင်ရှင်းပေးတာ၊ အဲလို ရှင်းပေးတာကို ဥက္ကဋ္ဌက တပ်နဲ့ ပေါင်းတာလား ဆိုပြီး အထင်လွဲတာတွေ ဘာတွေလည်း ရှိတယ် ကျနော်တို့ရဲ့ အကို…ကို။

အဲဒီလိုပဲ နိုင်ငံရေးလုပ်နေကြရင်းနဲ့ နောက်ကျတော့ တော်တော်များများလည်း ထွက်ကုန်ကြတယ်၊ အကိုတို့လည်း ဆက်နေလို့မရတော့ဘူး။ ဒါနဲ့ ကိုကြီးက ကျနော်ရှောင်နေလိုက်မယ် အမေ ဆိုပြီး အမေ့ကို ခွင့်တောင်းတော့ ကိုငယ်ကလည်း ကိုကြီးကို စိတ်မချဘူးတဲ့ …သူလည်း လိုက်သွားမယ်ပေါ့၊ သူငယ်ချင်းတွေလည်း ထွက်ကုန်ကြပြီဆိုတော့ သူလည်း ညီအကိုနှစ်ယောက်အတူတူ ထွက်မယ်လို့ ခွင့်တောင်းပြီး ထွက်သွားခဲ့ကြတာ။

အဲဒီကတည်းက ညီအကို နှစ်ယောက် ထွက်သွားလိုက်ကြတာ…ဒီနေ့ထိ အိမ်ပြန်ရောက်မလာကြတော့ဘူး။

၁၉၉၄ လောက်မှာတုန်းကတော့ ကိုဋ္ဌေးနိုင် သတင်းသဲ့ သဲ့ကို ကြားရသေးတယ်၊ နယ်စပ်ဘက်သွားတဲ့  ကုန်သည်တယောက်ဆီကလား  ဘယ်ကလဲတော့ သေချာမသိတော့ဘူး။ ကိုဋ္ဌေးနိုင် ကို ဆေးထိုးသတ်လိုက်တယ်…တဲ့။ ကိုဋ္ဌေးနိုင် အချုပ်ခန်းထဲမှာ ၀ဲတွေပေါက်တယ်တို့…အဲလိုမျိုး ကြားရတာ တခုမှလည်း မကောင်းဘူး၊ ကြားတော့ သေချာမေးတော့လည်း ဘယ်သူကမှ သေသေ ချာချာ မပြောနိုင်ဘူး ဆိုတော့ ကျနော်တို့က မယုံဘူး။ ဘာမှလည်း တိတိကျကျ မသိရဘူး၊ အစိုးရကပဲ တောခိုသွားတဲ့ ကျောင်းသားတွေ ဒီလိုဖြစ်တယ်ဆိုတာကိုပဲ သတင်းလွှင့်သလား ဆိုပြီးတော့ မယုံခဲ့ဘူး။ လာပြောလို့ကြားရင်လည်း အရေးမလုပ်ဘဲနဲ့ အမှန်လို့ကို မယူဆခဲ့ဘူး။ အဲလိုနဲ့ပဲ နေလာတာ။

အဲလိုနဲ့ နေလာတုန်းမှာ ၁၉၉၅ မှာ ကိုကြီး ကိုဋ္ဌေးတင့်က စပြီး ဖုန်းဆက်တယ်။ ဖုန်းဆက်တော့ ကိုငယ်ရောလို့ မေးတယ်၊ မေးတော့ သူက ဋ္ဌေးနိုင် မြောင်းထဲ ရောက်သွားပြီလို့ သူကလည်း အဲဒါပဲ ပြောတယ်။

အကိုကြီးကတော့ ဖုန်းနဲ့ အသံလေး ဘာလေး ကြားရသေးတယ်။ အကိုငယ်ကိုတော့…အဲဒီနေ့ကတည်းက စပြီး အသံလည်း မကြားရ လူလည်း မမြင်ရ တော့တာ၊ ပြီးတော့ သတင်းလည်း မကြားရဘူး။ အကိုကြီးကလည်း ပါးစပ်ကနေ ပြောမထွက်လို့ ထင်ပါရဲ့ အကိုငယ်အကြောင်း မေးရင်လည်း မပြောဘူး။

သူက မြောင်းထဲရောက်သွားပြီလို့ ပြောတာက  သေတယ်လို့လည်း ယူဆမယ်ဆိုရင် ယူဆလို့ရတယ်၊ ဒါမှမဟုတ် မကောင်းတဲ့ နေရာ တခုခုကို ရောက်သွားတယ်လို့လည်း ယူဆလို့ရတယ်ပေါ့..ကျနော်တို့လည်း ဇဝေဇ၀ါနဲ့ပဲ နေလာတာ။ သူက မပြောပေမဲ့ အိမ်က သိချင်တာပေါ့နော်။ တခုခုတော့ တခုခုပဲပေါ့၊ ဘာမှန်းလည်း မသိဘူးပေါ့။

စိတ်ပူတာတော့ ပူတာပေါ့။နောက်တော့ ခုလို …သူများတွေ အိမ်ပြန်ချိန်ရောက်လာပြီး ကိုယ့်အကိုတွေ ပြန်မရောက်လာတော့မှ အကိုကြီးက အကိုငယ်အကြောင်း ကိုပြောပြတယ်။

ကြားကြားခြင်း ကျနော်တို့ မိသားစုတော်တော်လေး ခံစားရပါတယ်။ သူ့ကို ဘယ်လိုနှက်စက်တယ်တို့ ဘာတို့ ကြားရတော့ ….

.................ဆက်တောင် ပြောလို့မရတော့ဘူး။

သူ မသေခင်…ဘယ်လောက် ခံစားလိုက်ရမလဲ…ဆိုတဲ့ စိတ် နဲ့…ကျနော်တို့ အရမ်း စိတ်ထိခိုက်တယ်။

-------------------အမေလည်း အိပ်ရာထဲ လဲ…။

ကျနော်တို့တောင် ဒီလောက်ခံစားရတာ အမေဆိုရင်… အိပ်ယာထဲ လဲတော့တာပဲ။

အဲဒီအချိန်မှာ မိုးသီးဇွန်တို့ကလည်း မြန်မာပြည် ပြန်လာတာတွေကို ဂျာနယ်တွေစာစောင်တွေထဲမှာ ပါတာ ဖတ်ရတယ်၊ ဂျာနယ်တစောင်ထဲမှာ သူက ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီး မဟုတ်တာတွေ ပြောထားတာ ရေးထားတာလည်း တွေ့ရတယ်။

ကျနော်တို့ အကို ကိုဋ္ဌေးနိုင်က ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာ ကျနော်တို့က သိတာပေါ့။ အဲဒါကို မဟုတ်တာကို စွပ်စွဲပြီး နှိပ်စက်တာ သေတဲ့အထိတောင် ဖြစ်ရတယ်ဆိုတော့ ဒေါသလည်း ထွက်တယ်၊ အရမ်းလည်း ခံပြင်းတယ်။


 (၂)ဒေါ်ခင်မေမြင့်( ကိုဋ္ဌေးနိုင်ရဲ့ မိခင်)

ကျမ သား ထောက်လှမ်းရေး မဟုတ်ဘူး ဆိုတာ အမေ တယောက်အနေနဲ့ ကျမ သိတယ်။ လုံးဝလည်း အာမခံတယ်။

အမေတယောက်အနေနဲ့ သူ့ကို ထောက်လှမ်းရေးလို့ စွပ်စွဲတာကိုလည်း လုံးဝ ငြင်းပါယ်တယ်။ သေချာ အာမခံပြီးတော့လည်း သူ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ကိုပြောနိုင်တယ်။

အမေကတော့ကိုယ့်သား အတွက် အမှန်တရားဖော်ထုတ်ချင်တယ်၊ မိုးသီးဇွန် သူ့ဟာသူ နိုင်ငံရေးလုပ်တာ မလုပ်တာကိုလည်း ကိုယ်နဲ့ မဆိုင်တော့ စိတ်မ၀င်စားဘူး။ အမေကတော့ အမေ့သား ဒီလိုဖြစ်ခဲ့ရတဲ့အတွက် အမှန်တရားကိုတော့ ဖော်ထုတ်ရမယ်။ ဖော်ထုတ်ချင်တယ်။ ခံထားရတာ ရက်ရက်စက်စက် နှိပ်စက်ခဲ့တာဆိုတော့လေ။
သာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်းကို အမေက ရဲရဲအာမခံနိုင်တယ်။ ဒါကိုအမေ ကောင်းကောင်း သိတာပေါ့။

အမေ့မှာက သားနှစ်ယောက်တောခိုသွားပြီးတဲ့နောက်မှာ အမျိုးသားကလည်း ဋ္ဌာန ဆိုင်ရာကဆိုတော့ ရှင်းရတာတွေလည်းရှိတယ်။ သားနှစ်ယောက် တောခိုသွားတော့ အန်ကယ်က ဖြေရှင်းချက်တင်ရတယ်။ သားတွေ ထွက်သွားလို့ ဋ္ဌာနက အလုပ်ကို ထိခိုက်တာမျိုးတွေ ဘာတွေတော့ မရှိပါဘူး။

သူကတော့ “ဒီအရွယ်ကြီးတွေကို ဘယ်လိုလုပ်ပြီး လိုက်အုပ်ချုပ်လို့ရမှာလဲ၊ သူတို့ ရည်ရွယ်ချက် သူတို့ ခံယူချက်နဲ့ လုပ်ကြတာ ကျနော်လည်း မတတ်နိုင်ဘူး“ လို့ အဲလိုပဲ ပြောတယ်။

အန်တီတို့ အိမ်က သားသမီးကို ဖိနှိပ်ထားတဲ့ အိမ်မျိုး မဟုတ်ဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ဟိုတုန်းကလည်း အန်တီ သားသမီးကို အဲလိုပဲ ပြောတယ် သူတို့ယုံကြည်ချက် သူတို့ ခံယူချက်ပေါ့ မိဘနဲ့ အမြင်မတူတာလည်းရှိမှာပေါ့။


တကယ်တမ်း သူတို့ နိုင်ငံရေးလုပ်တော့လည်း မေမေ ကျနော်တို့ နေလို့မရတော့ဘူး ဆိုတဲ့ နေ့မှပဲ သိရတော့တယ်။ များသောအားဖြင့် သားကြီးက ခ၀ဲခြံမှာနေတယ်။ သားက အဆောင်မှာနေတယ်။အဲလို နေရင်းနဲ့ ၈၈ ခုနှစ်မှာ အရေးအခင်းကြုံပြီး  နိုင်ငံရေးဘက်ကို ရောက်သွားကြတာ။

အဲဒီတုန်းကလည်း သူတို့ ယုံကြည်ချက်နဲ့ သူတို့လုပ်နေတဲ့အတွက် အမေတယောက်အနေနဲ့ ဘာမှ ပြောခဲ့တာမျိုး ဆိုခဲ့တာမျိုးလည်း မလုပ်ခဲ့ဘူး။ ရှောင်နေဦးမယ်လို့ ပြောတော့လည်း မတားခဲ့ပါဘူး၊ အဲဒီနေ့ကစပြီး ဒီနေ့ထိ အိမ်ပြန်မလာတော့တာပါပဲ။

တောခိုသွားတော့လည်း သားတွေနဲ့ပတ်သက်ပြီး  သတင်းတွေဘာတွေက တော်တော်နဲ့ မကြားရဘူး။ တစွန်းတစလောက်ကြားရတာ နယ်စပ်သွားတဲ့ သူတွေဘာတွေက ပြောကြတာ နယ်စပ်မှာ အန်တီ့ သားကြီးကိုတွေ့တယ်ပေါ့၊ အန်တီ့လိုပဲ မှဲ့နဲ့ပေါ့ ပြီးတော့ အဲဒီလမ်းက ပန်းခင်းလမ်း မဟုတ်ဘူး ဘာဘူးပေါ့အဲလို ခက်ခဲတဲ့ လမ်းမျိုး ဆိုတာလောက် ပြောကြတယ်။

နောက် အန်တီ့ကို လှိုင်မြို့နယ် ရဲစခန်းက ခေါ်စစ်တယ်၊ အန်တီ့သားတွေနဲ့ အဆက်အသွယ်ရှိလားတဲ့ မရှိပါဘူး လို့ပြောတော့ ရှိရင် ကျနော်တို့ ဆီကို အကြောင်းကြားပါတဲ့ အဲလို ပြောတော့ အန်တီက ပိုတောင် သိချင်သေးတယ်လို့ အန်တီက မွေးမိခင်ပဲ ပိုသိချင်တာပေါ့ ခုလို ဘာမှ မသိလို့တောင် စိတ်ပူနေရတယ် ပိုသိချင်သေးတယ်လို့ တကယ်လို့ ဆရာတို့ သိရင်လည်း အန်တီကို ပြန်ပြောပါလို့ ပြောလိုက်တယ်။ အဲဒါက တခါ ရဲစခန်းက ခေါ်မေးတာခံရတာ။

နောက် အန်တီ့အမျိုးသားက ရွှေတောင်မှာ တာဝန်ကျတယ်၊ တာဝန်ကျတော့ကျောင်းပိတ်တော့ အန်တီတို့ အဲဒီကို လိုက်သွားကြတာ။ အဲဒီလို လိုက်သွားတော့ ထောက်လှမ်းရေးက လာတယ်ပေါ့ အန်ကယ့်ကို မေးတာ သားနှစ်ယောက်တောခိုတာ ရောက်နေတယ် ကြားလို့တဲ့..။ အဲဒါနဲ့ပတ်သက်ပြီး တိုင်လို့တဲ့ အဲလိုပြောတော့ အန်ကယ်က ကျနော့်သားတွေရှိပါတယ် ဆိုပြီး အိမ်မှာ ရှိတဲ့ ဋ္ဌေးဝင်းတို့ ဋ္ဌေးမြင့်တို့ကို ထုတ်ပြတယ်။ အဲဒါ ကျနော့်သားတွေပဲ့ ဆိုတော့…လာမေးတဲ့ ထောက်လှမ်းရေးက  ဟာ စိတ်မရှိပါနဲ့ ဗိုလ်ကြီးရယ်တဲ့…ကျနော်တို့ကို တိုင်တဲ့ သူ ရှိလို့ပါ ဆိုပြီး ပြန်သွားကြတယ်။

အဲလိုတွေပြီးတော့ဋ္ဌေးနိုင်နဲ့ပတ်သက်ပြီး သတင်းကြားရလာရတာ ပိုများလာတယ်။ အဖမ်းခံရတယ်လို့လည်း ကြားတယ်၊ ၀ဲတွေပေါက်နေတယ် ကျန်းမာရေး မကောင်းဘူးလို့လည်း ကြားရတယ်။ မယုံဘူးပေါ့။ မဟုတ်နိုင်ပါဘူးလို့ပဲ ထင်နေခဲ့တာ။

အဲဒီမှာ အန်တီသူ့ကို အိပ်မက် မက်လိုက်သေးတယ်။ သားနှစ်ယောက်တောခိုသွားတယ် အိမ်ကနေ ထွက်သွားတယ်ပေါ့ သားအကြီး ကိုဋ္ဌေးတင့်ကို ဘယ်တော့မှ အိမ်မက် မမက်ဘူး။ သူ့ကိုပဲ့ မက်တယ်။ သူ သေပြီဆိုတာကို မသိရခင်ကတည်းက အိမ်မက် မက်မက်နေတာ။

အဲဒါကို အိမ်က သားတွေနဲ့ သမီးတွေကို ပြောရတယ်၊ ထူးဆန်းတယ်လို့ ငါဋ္ဌေးတင့်ကို ဘယ်တော့မှ မမက်ဘူးလို့ ဋ္ဌေးနိုင်ကိုပဲ အိမ်မက် မက်နေတာ ဆန်းတယ်လို့။ အိမ်မက်ထဲမှာ အိမ်ပြန်လာတယ် ပြီးရင် ဘယ်တော့မှလည်း အိမ်ထဲ မ၀င်ဘူးလို့ ဒီအတိုင်းပဲ ပြန်ပြန်ထွက်သွားတယ်လို့။ ဆိုက်ကယ်လေး စီးပြီး ပြန်ထွက်သွားတယ်လို့ အဲလိုပဲ သားငယ်ကို အမြဲမက်တယ်။တောက်လျှောက်ကို မက်နေတာ။

နောက် မှတ်မှတ်ရရ ဘာလဲဆိုတော့ သားတယောက်က အိမ်ရှေ့ကနေ မ၀င်ဘဲနဲ့ အိမ်နောက်ဘေး မီးဖိုချောင်အပေါက်ကနေ ပြေးပြီးတော့ အိမ်ထဲကို ၀င်သွားတာ။ အဲဒီမှာ ချွေးမကလည်း အိမ်မှာ အန်တီက ချွေးမကို မိုးမိုးကျော်ရေ..နင့်ယောင်္ကျားနင့်ကို ပုန်းနေတယ်လို့ ပြောလိုက်သေးတယ်။ မီးဖိုချောင်ထဲမှာ ဆိုတော့ မိုးမိုးကျော်က ဟုတ်လားဆိုပြီး ထွက်လာတော့ ဟဲ့..ဟဲ့… မဟုတ်ဘူး မဟုတ်ဘူး အဲဒါ ဋ္ဌေးနိုင် ဋ္ဌေးနိုင်လို့ ပြောလိုက်တယ်…အဲဒီမှာ သားကပြန်ထွက်မသွားဘူး။ အန်တီက အမြဲတမ်း သူ ပြန်ပြန် ထွက်သွားတာကိုပဲ့ တွေ့ရတော့ ဒီတခါ ပြန်ထွက်သွားတာ မတွေ့ရဘူးဆိုပြီး အံ့သြသွားတယ်။

အဲဒါနောက်ဆုံး မက်ပြီး ခုထိ ပြန်မမက်တော့ဘူး။

အမေတယောက်အနေနဲ့ကတော့ သူများတွေ ပြန်လာတဲ့အချိန်ရရင် ငါ့သားတွေလည်း ပြန်လာမှာပဲလို့ မျှော်လင့်တာပဲ။ အဲလို အချိန်မှာ ခုလို သားတယောက် ရက်ရက်စက်စက် အလုပ်ခံရပြီး သေရတယ်ဆိုတာကို အမေတယောက်အနေနဲ့ မကျေနပ်ဘူး။

သူတို့က ရန်သူလို့ သတ်မှတ်ရင် တခါတည်း ပစ်သတ်လိုက်…အဲလို သေတယ်ဆိုတာက ခုလိုမျိုးဖြည်းဖြည်းခြင်း ညင်းဆဲပြီး ဝေဒနာတွေခံစားရ၊ ၀ဲတွေပေါက်၊ ရောဂါဝေဒနာရော …အဲလိုမျိုးတွေ ခံစားရပြီး မှ သတ်ပြစ်တာမျိုးကို မခံနိုင်ဘူး။

လူတယောက်ရဲ့ ခံစားမှုထက်ကျော်လွန်ပြီး  ခံစားလို့မရဘူးပေါ့ အမေတယောက်အနေနဲ့။

ထောက်လှမ်းရေးလို့ စွပ်စွဲမယ်ဆိုရင် ဟုတ်နိုင် မဟုတ်နိုင် ဖြစ်နိုင်မဖြစ်နိုင် မစဉ်းစားဘဲနဲ့ လုပ်ရသလား၊ ထောက်လှမ်းရေးတယောက်ဖြစ်ဖို့ ဆိုတာ လွယ်တာ မှ မဟုတ်တာ၊ အန်တီတို့သားက လုံးဝ ထောက်လှမ်းရေး မဟုတ်ကြောင်း အန်တီကိုယ်တိုင် အသက်နဲ့ လဲပြီး အာမခံတယ်။ တာဝန်ယူတယ်။ သူတို့ရော ထောက်လှမ်းရေးလို့ စွပ်စွဲပြီး လုပ်ခဲ့တဲ့အပေါ်မှာ ဘယ်လို တာဝန်ယူမလဲ။

ထောက်လှမ်းရေးလို့ ၀န်ခံခိုင်းခဲ့တာကလည်း ဘယ်လိုနှက်စက်ခဲ့သလဲ …နှိပ်စက်တဲ့ ဒဏ်ကို မခံနိုင်တဲ့အဆုံး ၀န်ခံကြမှာပဲ ၊မတရားနှိပ်စက် ငြင်းပမ်းတာကို ခံလိုက်ရလို့သာ ၀န်ခံခဲ့ကြတာလေ။ အဲဒါကို အမှန်လို့ ယူဆလို့ မဖြစ်ဘူးဆိုတာ သူတို့ သိရမှာပေါ့။

အမေတို့ သိနေတာပဲ မြောက်ပိုင်း ကျောင်းသားတွေလည်း ညှင်းပန်းနှိပ်စက်ခံရတယ်၊ သူတို့လည်း ကိုယ့်အသားနာလွန်းလို့ မခံနိုင်ဘူး ပြောမိပြောရာ ပြောကြတာပဲ။ အဲဒီသဘောတွေ။

နောက် အန်တီက ဒီရက်ပိုင်းတွေမှာ တအားခံစားလိုက်ရတယ် သား ဒီလို ဆုံးတာ ပြီးတော့ ဂျာနယ်တွေမှာလည်း မိုးသီးဇွန်တို့က ဋ္ဌေးနိုင်နဲ့ ပတ်သက်ပြီး လုပ်ကြံပြောကြတာနဲ့ပတ်သက်ပြီး ခံစားရတယ်။


ဖြစ်နိုင်ရင် မိုးသီးဇွန်ကို မေးချင်တယ် မျက်နှာချင်းဆိုင်ပြီး လက်ညှိုးထိုးပြီးတော့ပေါ့။ ငါ့သားကို ငါက ထောက်လှမ်းရေး မဟုတ်ကြောင်း တာဝန်ခံတယ် တာဝန်ယူတယ် နင်ကရော ဘယ်လိုတာဝန်ယူသလဲပေါ့၊ မေးလိုက်ချင်တယ်။ လက်ညှိုးထိုးပြီးတော့ပေါ့။တကယ့်လို မေးချင်ပါတယ်။

(၃)ဋ္ဌေးတင့်( ဋ္ဌေးနိုင်ရဲ့ အကို)

(ကိုဋ္ဌေးတင့်က ပြည်ပ နိုင်ငံတခုမှာ နေထိုင်နေတဲ့ သူဖြစ်ပါတယ်။ အဲဒါကြောင့် ကိုဋ္ဌေးတင့်ကိုတော့ face to  face အင်တာဗျူးခွင့်မရခဲ့ပါဘူး။

 ကျမ မေးချင်တဲ့ မေးခွန်းတွေကို Facebook ရဲ့ message ကနေတဆင့်ရေးသားပေးပို့ပြီး မေးမြန်းခဲ့ပါတယ်)


၁၉၉၉ ခုနှစ်က ထိုင်းနိုင်ငံ International Care မဟာချိုင်ဒေသ မှာလုပ်စဉ်က ဖုန်းအလကားရလို့  တကြိမ်ဆက်ဖူးပါတယ် ။ အဖေလေဖြတ်နေတဲ့ ကာလဆိုတော့ ဌေးနိုင်ကို ပျောက်နေတယ်လို့ ပြောခဲ့ပါတယ် ။ တကယ်လည်း သူ့ရဲ့ သတင်းက စုံစမ်းလို့ မရလောက်အောင်ကို ပျောက်နေခဲ့တာပါ။

ဒါနဲ့ ၂၀၀၅ နယ်သာလန်ကို ရောက်တော့ သမိုင်းချည်စက်က လုံခြုံရေးမှုး ဦးကျော်ခင်သား ကိုကျော်လွင်စိုးကတဆင့် ပြောင်းသွားတဲ့ အိမ်ကိုဆက်သွယ်ပေးလို့  အမေတို့ နဲ့  အဆက်အသွယ်ပြန်ရပါတယ် ။အဲဒီတုန်းကလည်း သေသေချာချာ မပြောဖြစ်ခဲ့ဘူး။

ကိုကျော်လွင်စိုးဆိုတာ ABSDF မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး  တိုက်ပွဲတခုမှာ ကျည်ဖူးက ပုခုံးညှပ်ရိုးက ဝင်သွားပြီး လည်ပင်ရိုးအားရုံကြောဘေးမှာ ကပ်နေလို့   လက်တဖက် မသန်တော့တဲ့ လှိုင်မြို့ နယ်က ၈၈ ကျောင်းသား တယောက်ပါ။

ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေ ကျွန်တော့ကို ကိုဌေးနိုင်ရဲ့  တောတွင်းသမိုင်း လုပ်ကြံ ဇတ်လမ်းပေါင်းစုံ ပြန်ပြောကြပါတယ် ။  ကိုဌေးနိုင် ကောင်းတာလုပ်ခဲ့တာ တခုမှ မရှိပါဖူး ။ နိုင်ငံတကာရောက် အချို့ တပ်ဖွဲ့ ဝင်တွေ အားလုံးက ကိုဌေးနိုင်လို လူတွေ သေတာက ကောင်းတယ်ဆိုပြီး ဝါဒဖြန့် ချီနေခဲ့ကြပါတယ် ။

ကျနော် နားမလည်ခဲ့ဖူး ။ ၂၀၁၂ ရောက်မှ ကျနော်တို့ ညီအကို ၂ ယောက်ကို ယုတ်မာပက်စက်တဲ့ အုပ်စုကြီးက အကောက်ကြံခဲ့တာသိရတယ် ။

တိုင်းပြည်အတွက် ဗိုလ်ချုပ်အောင်ဆန်းနဲ့  ရဲဘော်သုံးချိတ်တို့ ကို နမူနာယူပြီး အသက်စွန့် ဖို့ သွားတဲ့ မြန်မာပြည်ထဲက ၈၈ ကျောင်းသား မိသားစုတွေရဲ့ အတွင်းပီတိ စိတ်ခွန်အားတွေကို ကို မဖျက်စီးချင်ဖူးလေ ။

ဒီအတွင်းမှာ နောက်ဆုံး မိုးသီးဇွန် ဘန်ကောက်ရုံးမှာ တာဝန်ယူတယ်ပြောခဲ့တဲ့ ကိုကိုဦး ( အထွေထွေ အတွင်းရေးမှုး ) နဲ့ ကိုသန်းဝင်း ( အတွင်းရေးမှုး ) ကို အမေရိကန်မှာ လိုက်လံစုံစမ်း နေရင်း  ၁၀ နှစ်လောက် အချိန်ယူရတယ် ။ ။

အမေ့ကိုတော့ တောထဲမှာ သေဆုံးပြီ ။လူမှားပြီး အသတ်ခံရတယ် ။ မြောင်းထဲရောက်သွားပြီလို့  အဖြေပေးခဲ့ပါတယ် ။
မိဘ မောင်နှမတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ သူတွေဆိုတဲ့ပီတိ စိတ်ခွန်အား မျှော်လင့်ချက်ကို အဲဒီတုံးက မပျက်စီးစေချင်ဖူး ။


အဲဒီကိစ္စကို ပြန်ပြောရရင်တော့ ၁၉၉၂ ရောက်တော့ ဗိုလိချုပ်မြ အမျိုးလို့ ပြောတဲ့ ကိုတော်မီ ကိုစမစ် ဆီမှာ သင်ကြားလာခဲ့တဲ့ ရွေရည်စိမ် ခါးပတ်ခေါင်း ကြယ်သီး နားဆွဲ ထုတ်လုပ်တဲ့ ပညာကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်နေပါပြီ ။ချွန်ဖုံး စခန်းပျက်ပြီး ဒုက္ခရောက်လာတဲ့ ဘန်ကောက် မြန်မာကျောင်းသား အစုလေးကို အကူအညီပေးနေတဲ့  ချင်းမိုင်သူ ဖီးလတ်ဆိုသူ ရဲ့  ရာဘာရောင်စုံ ဖိနပ်လုပ်ငန်းက ရှုံးသွားပါတယ် ။ မြန်မာအလုပ်သမားတွေနဲ့  ကျောင်းသားတွေ ကစင့်ကလျှား ဖြစ်မှာစိုးလို့  ခဲကြို ပြီး ပစ္စည်းအချောထုတ်တဲ့စက်တွေ အကြွေးနဲ့ ဝယ်ပေးပြီး စက်ရုံဆောက် ဈေးကွက်ရှာ နေပါတယ် ။

လွတ်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကျင့်သုံးတဲ့ ထိုင်းနိုင်ငံမှာ စက်ရုံအသစ်တည်တယ်ဆိုတော့ အင်မတန်ခက်ခဲ့ပါတယ် ။ နေ့ ရော ညရော မအိပ်ရပါဖူး
တရက်က ကျွန်တော် စက်ရုံထွက်ပစ္စည်းတွေ သွားပို့ပြီး အပြန် အနူစာဝါရီ အဝိုင်းဘေးက မလေးရှား ဒန်ပေါက်ဆိုင်မှာ ကိုကျော်ကျော်(မြောက်ပိုင်းကိုယ်စားလှယ်) ကို NCGUB က ဝန်ကြီးတယောက်နဲ့ တွေ့ လို့  စကားစအြည်ပြောဖြစ်ခဲ့ကြသေးတယ် ။ နောက်သိပ် မကြာပါဖူး ။ သူငယ်ချင်းတယောက်က လာပြောပါတယ် ။ ကိုဌေးနိုင် အဖမ်းခံနေရပြီတဲ့ ။


ကျနော့် နားကို ကျွန်တော် မယုံနိုင်အောင်ဖြစ်သွားတယ် ။

ဌေးနိုင် ပင်လယ်ပြင် စစ်ဆင်ရေးက အပြန် ဘန်ကောက်ကို လာတော့ ကျွန်တော်က တရုပ် စက်ရုံမှာ မန်နေဂျာ လုပ်နေတာပါ ။ ကျွန်တော် စုထားတဲ့ ဘတ်ငွေတွေ အားလုံးပေးလိုက်ပါတယ် ကိုဌေးနိုင်က ကိုကြီး ကျွန်တော်ပြန်ထက်လာခဲ့မယ် ။ ထောက်လှမ်းရေး လက်မှတ် အသစ်လုပ်နေတာ မပြီးသေးဖူး ပြီးရင် ဘန်ကောက်မှာ အကိုကြီးနဲ့  အကြာကြီးလာနေမယ်လို့ ပြောသွားပါတယ် ။ ဦးစင်ကြယ် ဘန်ကောက်မှာ နေတုံးက ယာယီ ကျောင်းသားတွေ အတွက် အပေါ်ထပ်မှာ ကျွန်တော်ရယ် သန်းဝင်းရယ် မိုးသီးရယ် အတူတူ အိပ်ခဲ့ကြတာပါ ။ မိုးသီးခိုင်းတဲ့  ကျောင်းသားတပ်အတွက် အလုပ်တွေ အများကြီး လုပ်ပေးခဲ့ဖူးပါတယ် ။မိုးသီးဇွန်က ရုပ်ရှင်ကြည့်တာ ဝါသနာပါလို့  ရုပ်ရှင်ရုံလိုက်ပို့ ပေးခဲ့ဖူးတယ် ။

သတင်းကြားရတော့ ကျနော်ချက်ခြင်းဘဲ ဘန်ကောက်က ABSDF ရုံး သစ်ကို လိုက်သွားတယ် ။ မိုးသီးဇွန် သတင်းပျောက်နေတယ် ။ ကိုသန်းဝင်း ကိုကိုဦးတို့ နဲ့ တွေ့ ပါတယ် ။ ခဏ ခဏ သွားမေးပါတယ် ။

ကိုကိုဦးက ကိုဌေးနိုင်ကို အစည်းဝေးဆုံးဖြတ်ချက်နဲ့  လွတ်ပေးဖို့  ကြေးနန်းရိုက်လိုက်ပြီတဲ့ ။

အဲဒီအချိန်က KNU ဘန်ကောက်ရုံးကို ဖုန်းဆက်ပြီး ပြောရပါတယ် ။ KNU အစီအစဉ်နဲ့  ကျောင်းသားတပ်ကို ကြေးနန်းပို့ ရပါတယ် ။ ကျွန်တော်ရှေ့ မှာ ကိုကိုဦးက KNU ကို ဖုန်းဆက်ပြီးကြေးနန်းရောက်မရောက် ကျွန်တော်ရှေ့ မှာ ဖုန်းဆက်ပြီး မေးပြပါတယ် ။

ကျနော်တို့ စုပေါင်းတည်ဆောက်ခဲ့တဲ့ ကျောင်းသားတပ်မတော်ကို ကျွန်တော်တို့  မှ မယုံကြည်ရင် ဘယ်သူယုံကြမလဲဗျာ ။ နောက်မှ သိရတာက ဝင်းနိုင်ဦး ( ရင်မောင် BBC ) က ကြေးနန်းကို ဆက်သွယ်ရေး တပ်စုဆီမရောက်အောင် ဖြတ်ပြီး ယူသွားတယ်တဲ့ ။ အဲဒီအချိန်မှာ မိုးသီးဇွန်နဲ့ ကျောင်းသားအချို့ ကို ဗိုလ်ချုပ်မြ အမိန့် နဲ့ ဖမ်းထားပြီလေ ။ ကရင်ဌါနချုပ်က အောက်ခြေ ကျောင်းသားတပ်ဖွဲ့ တွေ မိုးသီးဇွန်အဖမ်းခံရတာ ဘယ်အချိန်မှာ ဘယ်လို လွတ်ခဲ့တယ်ဆိုတာ မသိကြပါဖူး။
အပိုင်း(၄)
ကျနော် မိုးသီးဇွန်ကို ယုံကြည်မိခဲ့တယ် ။

အဲဒါဟာကျနော့်ကိုယ် ကျနော် တသက်လုံး မိကိုယ်ကို နောင်တရစေမဲ့  ယုံကြည်မှု အမှားတွေကို အချိန်ကာလာတာနဲ့ အမျှ သိလာရတယ် ။ ကျွန်တော်ခံစားရတဲ့ နောင်တ ဆိုတဲ့ အတွေးမျိုးကို မိုးသီးဇွန်ကို ယုံကြည်ခဲ့သူတွေ ခံစားရမယ်ဆိုတာ နားလည်ပါတယ် ။

ဒီနေရာမှ ကျနော် တခုလောက် ဖြတ်ပြီး ပြောချင်တယ်။ ကျနော်တို့ ညီအကို တောခိုခဲ့ကြတာက မြန်မာပြည် ဒီမိုကရေစီရေးအတွက် ခဏ ရှောင်နေခဲ့ကြတာပါ။ ခဏရှောင်နေပြီးရင် အိမ်ပြန်မယ်ဆိုတဲ့ စိတ်နဲ့ရည်ရွယ်ချက် ရှိခဲ့ကြတယ်။

မှတ်မှတ်ရရ ရန်ကုန်မှာ အာဏာသိမ်းပြီး နောက်တနေ့ လည်လောက်မှာ   လှိုင်မြို့ နယ်လမ်းမကြီး တလျှောက် လူသေအလောင်းတွေကို ကျော်ဖြတ်ပြီး တက္ကသိုလ်ရိပ်သာလမ်းကို ဆင်ရေတွင်းနောက်ဖက်က ပတ်ပြီးသွားလိုက်ကြတယ် ။


အမေစုကို ခြံဝနားမှာ တွေ့ လိုက်ရတယ် ။ အမေစုက မြို့ ထဲက အခြေအနေတွေ မေးတော့ ပြောပြလိုက်တယ် ။

အခြေအနေမကောင်းရင် ထိုင်းနိုင်ငံကို ရှောင်မယ်လို့  အသိပေးလိုက်တယ် ။
အမေစုက ဘန်ကောက်အထိရောက်အောင်သွားပါ ။ ကိုမျိုးသိမ်းကိုတွေ့ အောင်ရှာပြီး အကူအညီတောင်းပါလို့  မှာလိုက်တယ် ။ အပြန်လမ်းမှာ ကျောင်းသားတွေ စုနေတဲ့ ၁၃ ရပ်ကွက်ထဲက ဘုန်းကြီးကျောင်းကို တစ်ချက်ဝင်လိုက်တော့ နယ်စပ်ကိုသွားဖို့  အမာခံကျောင်းသားတွေ ပြင်ဆင်ပြီးပြီ ။ ထောက်လှမ်းရေးတွေ လိုက်ဖမ်းနေကြပြီလို့ ပြောကြတယ် ။အဲဒါနဲ့  အိမ်နားဝန်းကျင် အခြေအနေကို ကြည့်ပြီး အိမ်ထဲဝင်ပြီး အဝတ်အစားအပိုယူလိုက်တယ် ။ အမေ့ကို ရှောင်နေမှ ဖြစ်တော့မယ် အမေ ခဏဘဲလို့ ပြောလိုက်တယ် ။


ကျနော် ထင်ထားတာက ၃ လ လောက်ဘဲကြာမယ်ထင်ထားတာ ။ တကယ်တော့ ၃ လလောက်ဆိုတာ နှစ် ၂၀ ကျော် ကြာတာတောင် အိမ်မပြန်နိုင်သေးတဲ့ ဘဝရောက်သွားတယ်။
အမေက သားကြီးတယောက်ထဲ မသွားနဲ့  သားငယ်ကို အဖေါ်ခေါ်သွားဆိုပြီး အိပ်ယာထဲက အိပ်ပျော်နေတဲ့ ဌေးနိုင်ကို သွားနိုးလိုက်တယ် ။

အဲဒီနေ့က အိပ်ရာထဲကနေ နိုးထလာတဲ့ ဌေးနိုင်က ကိုကြီးက တက္ကသိုလ်ကျောင်းသားမဟုတ်ဘူး ။ အန္တရာယ်ရှိတယ် ။ ကျွန်တော့ သူငယ်ချင်း မောင်မောင်ကျော် သွားနှင့်နေပြီ။ ကျွန်တော်လိုက်မယ်ဆိုပြီး အဝတ်တထည် ကိုယ်တခုနဲ့  လိုက်လာခဲ့ရှာတယ်။

ကျနော်တို့ပဲခူး အထိကတော့  တစုတည်းသွားကြတာပေါ့ ။ ပဲခူးကနေ ဖားအံကို တက်ကြတဲ့အခါကြတော့ ကား၂ စီးကွဲသွားတယ် ။စုံရပ်က မောင်မောင်ကျော်တို့ နဲ့  ချိန်းထားတဲ့ ထိုင်းနိုင်ငံ မယ်တော်ဘုန်းကြီးကျောင်း ပေါ့ ။ ကျနော်နဲ့  ဌေးနိုင်တို့ က တအုပ်စု ။ ငြိမ်းချမ်းတို့ က တအုပ်စု ကွဲသွားကြတယ် ။


ဖားအံက အထွက် စစ်ဆေးရေးဂိတ်အဝင်မှာ ကားသမားက ရပ်ပြီး တောလမ်းနဲ့ လမ်းလျှောက်ဖို့ 
ပြောတယ် ။ ကျနော်တို့ ရင်စို့ တောင်တွေ တက်ကြရတာပေါ့ .။ မြင်မြင့်စန်းဆို မောပန်းလွန်းလို့  သတိပါလစ်တယ် ။ ကိုဌေးနိုင်က အားကစား သမားဆိုတော့ ထမ်းရတာပေါ့ ။
တောင်တက်ထားကြ ရှေ့ မှာ အဆင်းရှိတယ် ဆိုပြီး တက်လိုက်ရတာ ၂ ရက်လောက်ကြာသွားတာလဲရှိတယ် ။ ရွာတွေက ကျိုးဖိုးလေးတွေဆိုပြီး ( ကျောင်းသား) ကျနော်တို့ကို ထမင်းကျွေးတယ် ။ ခရီးတလျှောက်လုံး ကိုဌေးနိုင်က စိတ်ဓါတ်ခွန်အားပေးပြီး ဦးဆောင်ခဲ့တာပါ။

KNU နယ်မြေထဲဝင်တော့ ဒေါက်တာ စင်သီယာတို့ အုပ်စုနဲ့ တွေ့ ပြီး မကြာခင် ဗိုလ်ေ၈ျာ်နီတို့ လာကြိုတယ် ။
တပတ်လောက်ကြာတော့ KNU စခန်းက ဝမ်ခကို စရောက်တယ် ။

နောက်တော့ KNU က ဗိုလ်လှဝေက ကျောင်းသားတွေ စုစည်းပေးထားတဲ့  သီဘောပိုး စခန်းကိုပို့ ပေးလိုက်တယ် ။
သီဘောပိုးဆိုတာ ထိုင်းနိုင်ငံ နယ်စပ်ရွာကြီးတခုပါ ။ မှောင်ခိုကုန်သည်တွေ ခတ္တတည်းခိုရာ အရပ်ဖြစ်တယ် ။ အိမ်ငယ်လေးတွေ မှာ ပြည်တွင်းက လာကြတဲ့ ကျောင်းသားလူငယ်တွေ အုပ်စုလိုက် ပြွတ်ပြီးနေကြရတယ် ။

ကျနော်နဲ့ ပါလာတာက တက္ကသိုလ်ကျောင်းသားငယ်တွေများတယ် ။ လူငယ်တွေ ဘယ်လောက်များလဲဆိုရင်မနက် ၈ နာရီက တန်းစီတာ နေ့ လည် ၁ နာရီလောက်မှ ထမင်းစားဖို့  အလှည့်ရောက်တယ် ။


အဲဒီမှာ  ကျနော်တို့ အဖွဲ့ တွေ ဆုံးဖြတ်ချက် တခုချတယ် ။ မယ်တော် ဖုန်းကြီးကျောင်းကို ဖြစ်တဲ့နည်းနဲ့  သွားဖို့  ။

တော်တော်ခက်ခဲတဲ့ အလုပ်ပါလား ။ ကရင်ဂိတ်ကိုဖြတ်ဖို့  KNU ထောက်ခံစာ လိုတယ် ။  ထိုင်းဂိတ်က စစ်ဆေးရင်ပြဖို့  KNU လက်မှတ်လိုတယ် ။ လူတိုင်းကို မပေးဖူး ။

ဈေးဝယ်သွားတဲ့လူတွေကတော့လွယ်တယ် ။ ကျွန်တော်တို့ အုပ်စု ခရီးလမ်း အခြေအနေ ထိုင်းစကား တလုံး နှစ်လုံးလေ့လာရတယ် ။ နောက်ဆုံး ရတဲ့ အချက်အလက်တွေ စုဆောင်းပြီး ကျနော့်ကို ထိုင်းနိုင်ငံထဲဝင်ဖို့ တာဝန်ပေးလိုက်တယ် ။ တိုင်းပြည်အတွက်ဘဲဗျာ ။ ဗိုလ်ချုပ်တောင် တရုပ်ပြည်ကတဆင့် ၈ျပန်ရောက်သေးတာဘဲ ။

ထိုင်းနိုင်ငံထဲ ဈေးဝယ်ပြီး ပြန်လာတဲ့ လူတယောက်ဆီက KNU လက်မှတ်ကို မမြင်ဖူးလို့ ကြည့်ပါရစေဆိုပြီး တောင်းထားလိုက်တယ် ။

မဆလခေတ် တက္ကသိုလ်ကျောင်းသားဆိုတာ ဥာဏ်နီ ဥာဏ်နက် အလွန်များသားဘဲ ။ ရလာတဲ့ လက်မှတ်ကို မနက်စောစော နှင်းရည်နဲ့ ဖျက်တယ် ။ ပန်းချီဆရာသား ရဲမင်းက လက်ရေးတုနဲ့ ရက်စွဲပြင်တယ် ။ ငါးသေတ္တာ တဘူးကို လူတအုပ် ၂ ရက် မျှဝေစားသောက်ရတဲ့  အခြေအနေပါ ။ ကျနော့်ရဲ့ ရွေလက်စွပ်ကို ဌေးနိုင်ကို ချွတ်ပေးလိုက်တယ် ။ ကျနော်တို့အဖွဲ့ ကို ဌေးနိုင်လက်ထဲ အပ်ပေးလိုက်တယ်ပေါ့။


အဲဒီနောက်တော့ရ မယ်တော်ဘုန်းကြီးကျောင်းကို ဘတ်စကားနဲ့ လမ်းညွန် အသံအတိုင်း ရောက်သွားတယ် ။ ငြိမ်းချမ်းတို့ အုပ်စုနဲ့ ပြန်တွေ့ တယ် ။ မောင်မောင်ကျော်ရောက်လာတယ် ။ ရှေ့ ရေး အတွက် တိုင်ပင်ကြတာပေါ့ ။ ၂ ညဘဲအိပ်ရသေးတယ် ။

ထိုင်းပုလိပ်တပ်ဖွဲ့ က နံနက် ၇နာရီလောက် မြန်မာဘုန်းကြီးကျောင်းကို ဝိုင်းပြီး လူတွေ ဖမ်းပါတော့တယ် ။ ကျနော်က အိမ်သာထဲမှာ ဆိုတော့ လွတ်သွားတာပေါ့ ။ ဘာလုပ်ရမှန်း မသိလို့  ကြောင်ပြီး ရပ်ကြည့်နေတုံး ဖမ်းထားတဲ့ကျောင်းသားတွေကို အချုပ်ကားတွေပေါ်တင်ပြီး မောင်းထွက်သွားပါလေရောဗျာ ။ ထိုင်းစကားလဲ မတတ် ။ ဘယ်မှလဲမသွားတတ်တာနဲ့  လာတဲ့ လမ်းအတိုင်း မြန်မာပြည်နယ်စပ်ဖက်ကို လမ်းလျှောက်ပြန်ပေါ့ဗျာ ။

အဲဒီမှာ နေကလည်းပူ ။ ရေကလည်းဆာ ။စိတ်ညစ်ပြီး စိတ်ဓါတ်တွေကျနဲ့ ခေါင်းငိုက်စိုက် ငိုက်စိုက်နဲ့  သွားနေတုန်းမှာ ကျနော့်နောက်ကနေ ဟိုင်းလက်နောက်ပွင့် အနီးတစီး  ထိုးရပ်လိုက်တယ် ။

ကားပေါ်က လူကြီးတယောက်က “ဘုန်းကြီးကျောင်းထဲက ပုလိပ်ကားတွေ တွေ့ တယ် ။ ဘာဖြစ်တာလဲ“ တဲ့  မြန်မာလို ပီပီသသကြီးနဲ့  မေးလာတယ်။

ကျောင်းသားတွေကို ထိုင်းပုလိပ်ဝင်ဖမ်းသွားတယ် လို့ ကျနော်က ပြန်ဖြေတော့  အဲဒီလူကြီးက မင်းကကောလို့ ရှာရှည်ပြီးလာမေးပြန်တယ် ။

စိတ်ညစ်နေတုန်း ဒေါသထွက်ထွက်နဲ့  တော်လှန်ရေး လုပ်မလို့ ဗျ လို့ ဘုဂလန့် ဖြေလိုက်တယ် ။


သူက …ဟာ ဒါဆို အတော်ဘဲဆိုပြီး ငါတို့ လဲတော်လှန်ရေး လုပ်မလို့  လိုက်မလားဆိုတော့ ။ လိုက်မယ် ဆိုပြီး ကားပေါ်တက်လိုက်သွားလိုက်တာ ။

တညလုံးလုံး မောင်းလိုက်တာ မဲ့အောင်ဆောင် ရောက်သွားတယ် ။ နောက်တော့ ကရင်နီလို ခေါ်တဲ့ ဟွေစေတီကျောင်းသား စခန်းကိုရောက်သွားတယ် ။ စောင်းဆရာ ကိုနေဝါတို့ အုပ်စုဖြစ်နေတာကိုး ။

အပိုင်း(၅)

၁၉၈၈ နိုဝင်ဘာလမှာ KNPP ပါတီက ကျွန်တော့ကို ဟွေစေတီ ကျောင်းသား ကိုယ်စားလှယ် အဖြစ် KNU နယ်မြေက အစည်းအဝေးကို လွတ်လိုက်တယ် ။ အစည်းအဝေးပြီးတော့
ကျနော်ညီ ရှိတဲ့ သီဘောပိုးကို လိုက်စုံစမ်းတော့ တပ်ရင်း ၂၀၅ ဖြစ်လာမဲ့ ကျောင်းသားစခန်းမှာ သွားတွေ့ တယ် ။

ကိုဌေးနိုင်က တပ်ရေးဗိုလ်ကြီးဖြစ်နေပြီ ။ ညီအကို ၂ယောက် ဆုံကြတော့ ဝမ်းသာအားရပေါ့ဗျာ ။ ကျနော် ထိုင်းထဲကို ဝင်သွားပြီး တခြားကျောင်းသားတွေ အဖမ်းခံရပြီး ပြန်ပို့ တဲ့ အထဲမှာ ကျနော်ပြန်ပါမလာဖူးလေ ။ တခြား အဖွဲ့ ဝင်တွေက ဘုရားသုံးဆူ စခန်းပြောင်းတာ လိုက်သွားကြတယ် ။ ဌေးနိုင် ဝင်းဦး အေးသိန်းထွေး ရဲမင်း တို့ ကကျွန်တော့ကို စောင့်နေကြတယ် ။

ကျနော်က ကရင်နီ ကျောင်းသားကိုယ်စားလှယ် အဖြစ်လာတာဆို စခန်းပြန်ရတာပေါ့ ။

ကျောင်းသားတပ်တော် ၃၀၃ အဖြစ် ပြန်လည်ဖွဲ့ စည်းရတာပေါ့ ။ တော်လှန်ရေး လုပ်နေကြတာဘဲ ။ ကျနော်တို့ရ ညီအကိုလည်း အခြေအနေပေးရင် တွေ့ ကြမယ်ပေါ့ ။

၁၉၈၉ ဧပြီလမှာ KNU ဌာချုပ်ကို သင်တန်းတက်ဖို့  ရှေ့ တန်းကို ကြေးနန်းဝင်လာတယ် ။ ကျနော်လည်း ရှေ့ တန်းက ၃၀၃ ကျောင်းသား တပ်တွေ စစ်ဆေးပြီး KNU ဌါနချုပ်ကို သတင်းပို့ ပြီး ( ပြည်တွင်း ခြင်္သေ့ စစ်ဆင်ရေး ) အထူးသင်တန်းတက်ရတယ် ။

သင်တန်းမှာ စီမံချက်ရေးဆွဲရေး ဘာသာရပ်အတွက် ဆုရတယ် ။ဒီအတွက် ကျောင်းသားတပ်မတော် ဌာနချုပ်ရှိတဲ့ (ဝလေ စခန်း) ကို တာဝန်ထမ်းဆောင်ဖို့ အမိန့် ကျတယ် ။

ကိုဌေးနိုင်ကို အတွင်းရေးမှုး စည်းကမ်း ထိမ်းသိမ်းရေး အဖြစ် ပြန်ဆုံကြတယ် ။ နောက်တော့ ဝလေ စခန်းကျသွားတယ် ။ဗဟိုကော်မီတီက မဲဆောက်မှာ ရုံးဖွင့်တော့ ညီအကို ၂ ယောက် အတူတူပြန်ဆုံကြတယ် ။ ကျနော်က ဖလူးဝင်လိုက် ဝမ်ခ ဝင်လိုက်နဲ ပေါ့ ။့  ညီအကို ၂ယောက်  ဒုတိယ အကြိမ် ညီလာခံ ကိုယ်စားလှယ်တွေ ရွေးကြတော့ ကျနော် ကရင်နီမပြန်တော့ဖူး ။


သန်းဝင်း ၊ဌေးနိုင် နဲ့  ကျနော်တို့ အုပ်စုတွေကလည်း လူ့ ဘောင်သစ် ဥက္ကဌ အရှိန်နဲ့  မိုးသီးကို ဥက္ကဌတင်ပေးလိုက်တယ် ။

ညီအကို ၂ယောက် အတူတူနေဖြစ်အောင် သန်းဝင်း အခြေစိုက်တဲ့ မိုးကဲစခန်း ၂၀၆ ကို အတူတူ စာရင်းရွေ့ ကြတယ် ။ အဲဒီတုံးက တပ်ရင်းမှုး သန်းနိုင်နဲ့  ဦးမျိုးချစ်တို့ ပေါ့ .။

ဖလူးစခန်းလဲ ဆက်ကြသွားတော့ ၂၀၆ တပ်ရင်း တခုလုံး ကျောက်ခက်စခန်းကိုရွေ့ ကြရတာပေါ့ ။ ကျွန်တော်က လိုအပ်တဲ့ အကူအညီတွေ ရှာဖို့ မဲဆောက် မှာ ကျန်ခဲ့ရတယ် ။နောက်တော့ ဌေးနိုင်တို့ သန်းဝင်းတို့ က ဝင်းကရှေ့ တန်း စခန်းကို သွားကြပြီ ။


မိုးကဲစခန်းနားက သစ်စက်မှာ ဗကသ က ကိုသူရိန်နဲ့ တွေ့ တယ် ။ ပြည်တွင်းပြန်ဝင်ဖို့  ကိုဌေးတင့် အကူအညီလိုတယ် ။ ဘန်ကောက်ကို ငွေတက်ယူရမယ် ။
ဦးတင်မြင့်ဦးတို့ အုပ်စုဆီမှာတဲ့ ။ ။ အရက်ဖြူတပိုင်းသောက် ။ ကျန်တဲ့ တပိုင်းကို ခေါင်းပေါ်က လောင်းချပြီး ဘန်ကောက် မဲဆောက် ကားပေါ်က မူးပြီးလိုက်သွားလိုက်တယ် ။ ကိုသူရိန်က ထောက်လှမ်းရေးက လက်မှတ်ရှိတော့ ရဲမကြောက်ရဖူးလေ ။

ကိုသောင်းဝင်းတို့ အိမ်ရောက်သွားတယ် ။ ဥိးတင်မြင့်ဦးတို့ ဆီက အကူအညီ ငွေကြေး ပလုံဖြစ်သွားတယ် ။ ဘာဆက်လုပ်ရမှန်းမသိဖြစ်လို့ ဘုရားကျောင်းတွေလိုက်ပြီး အကူအညီတောင်းရတယ် ။ ၄ ရက်ကျော် အိမ်အပြန် ဘယ်သူမှ မရှိတော့ဖူး ။ အနှစ် ၂၀ ကျော်ကြာမှ သိရတာ အဲဒီအိမ်ကို နေ့ ခင်းက ရဲဝင်ဖမ်းသွားလို့  အားလုံးပါသွားတယ်တဲ့ ။
စနန်းမလွမ်ကွင်း မှာ ထမင်းငတ်ပြီး ၂ ရက်လောက် တော်တော် ဒုက္ခရောက်သွားတယ် ။

နောက်တော့ ဝရဇိမ်စာစောင်ဖြစ်လာမဲ့  အသကကျောင်းသားငယ်တွေ နေတဲ့ အေပက်နောက်က အိမ်ကိုရောက်သွားတယ် ။ ထိုင်းစကားသင် ။ ယူအန်လျောက်ရင်း ရဲမင်းနဲ့ ပြန်တွေ့ တယ် ။ နောက်တော့ KNU အဖွဲ့ နဲ့ ပြန်ချိတ်မိပြီး ခါးပတ်ခေါင်း ဆွဲကြိုး ရွေရည်စိမ်လုပ်ငန်း သင်ကြတယ် ။

စာရေးဆရာ မောင်စင်ကြယ် အိမ်မှာ ABSDF ရုံး ဘန်ကောက် မှာ လာဖွင့်တယ် ။ ဌေးနိုင်နဲ့ ပြန်တွေ့ တယ် ။ ဌေးနိုင် ဘန်ကောက်ကို ၂ ကြိမ်တက်လာတယ် ။


အမှန်တရားကို ဦးဆောင်နေတဲ့ တရားသူကြီးက အချိန် အတိအကျ နဲ့ စီရင်ချက်ချဖို့  သက်သေလုပ်ဖို့  ကျွန်တော့ အသက်ကို လွတ်ထားပေးလားအသိပါဖူးဗျာ။
ကျနော် ဆိုတဲ့ ကောင်က တောထဲမှာ တိုက်ပွဲတွေမှာ ကျည်ဆံက ဗုံးဒဏ်က လွတ်လာခဲ့တယ် ။

ဌေးနိုင် အဖမ်းခံရစဉ်ကလည်း ထ္မင်းငတ်နေတဲ့ မြန်မာပြည်သားတွေ မျက်နှာနဲ့  ကိုကိုဦး စကားယုံခဲ့တယ် ။ကျနော် တောထဲပြန်ဆင်းရင်လဲ အသတ်ခံရမှာဘဲ ။

ဌေးနိုင်ကို ကယ်ဖို့ ဆင်းသွားတဲ့ လှဝင်းလဲ အသတ်ခံလိုက်ရတယ်လေ ။

မဟာချိုင် အဝေးပြေးကားလမ်းမကြီး မှာ ၁၀ ဘီးကား ၂ ခါ အတိုက်ခံရတယ်။မောင်းနေတဲ့ ဆိုင်ကယ်တွေ ကြေမွ စုတ်ပြတ်သွားတယ် ။


အပိုင်း(၆)

ကျနော်ပြောဖို့ကျန်ခဲ့တာက ထိုင်းဖက်ကမ်းက မယ်တော်ဘုန်းကြီးကျောင်းကို သွားတော့ ကိုဌေးနိုင်တို့  ကရင်နယ်မြေ သေဘောဘိုးရွာ မှာကျန်ခဲ့တယ်လေ ။ အဲဒီမှာ အစအဆုံး သမိုင်းအတိအကျသိတဲ့လူရှိတယ် ။ ကျနော်သိသလောက် KNU က ကရင်ရွာထဲကနေပြီး ကျောင်းသားတွေ အတွက် စခန်းနယ်မြေပေးတယ်
ဆက်လက်နေထိုင်ဖို့ ဆန္ဒမရှိတော့တဲ့သူတွေကို မွန်နယ်မြေက ဘုရားသုံးဆူ ကျောင်းသားစခန်းကို ပို့ ပေးတယ် ။

နောက်တခုက ၁၉၈၈ မယ်တော် ဘုန်းကြီးကျောင်းမှာ မောင်မောင်ကျော် အဖေ ဂန္တဝင် မောင်ဝိုင်းပါလာတယ် ။ မောင်မောင်ကျော်ကို ထိုင်းဝန်ကြီးချုပ်ချာပလစ်အဖွဲ့ က ကူညီတယ်ဆိုတာ အကျယ်ချုပ်လိုဖြစ်နေခဲ့တယ်ဆိုတာ နှစ် ၂၀ ကျော်မှ သုံးသပ်မိတယ် ။ မယ်တော် အစည်းအဝေးမှာ အားလုံးဆုံးဖြတ်တာ အလုပ်သမား ။ လယ်သမား ကျောင်းသား ဆိုတဲ့ အခြေခံ ၃ ဖွဲ့ နဲ့  တည်ဆောက်ဖို့ သဘောတူခဲ့ကြတာ ။ KNU ကလုံခြုံရေး အတွက် မြန်မာ တစုထဲ နေခွင့်ပေးလိုက်တယ် ။
အတွေးအခေါ်မတူတဲ့ လူတွေ စုလိုက်တော့ ပြဿနာက စတော့တာပေါ့ ။

ပြီးတော့ကိုဋ္ဌေးနိုင်ကို ကယ်ဖို့ ထွက်သွားတဲ့ကိုလှဝင်း ဘာကြောင့် ဘယ်လို သေဆုံးသွားရတာလဲ။ သူ့ကို ဘယ်သူ သတ်လိုက်တာလဲဆိုတာကတော့  ဘန်ကောက်ရောက်နေတဲ့ ၁၉၈၈ မြန်မာကျောင်းသားတွေ သမိုင်းကိုပါ သိဖို့ လိုပါတယ် ။

၁၉၈၉ မှာ ဒညတ ( ဦးနုသား ဦးအောင် ထောက်ပံ့တဲ့တပ်ဖွဲ့ ) ဗိုလိမှုးကြီးစိန်မြ ဦးစီးတယ် )။ မြန်မာပြည်အတွက် ။ ၈၈မှာ ဘဘ ဦးနုက ဒီမိုကရေစီနဲ့  ငြိမ်းချမ်းရေး ပါတီပြန်ထောင်တယ် ။ နေဝင်း ဆင်းရင် ၁၉၆၂က ဝန်ကြီးချုပ်ဦးနုက ယာယီအုပ်ချုပ်မယ်ပေါ့ ။ ပညာတတ်လူငယ်တွေနဲ့ ပြန်လည်ဖွဲ့ စည်းကြတယ် ဆေးတက္ကသိုလ်မှာ ကြီး ၅ ကြီးစေ့စပ်နေတဲ့ အချိန်ပေါ့ ။ အာဏာသိမ်းလိုက်တော့ ဒီငြိမ်းက တောထဲကိုရောကိတော့ ဒီငြိမ်းတပ် ဖြစ်သွားတာပေါ့ ။ ။ ကုသိုလ်ကံပေါ့လေ ။

လေမုန်းတိုင်း ကျပြီး ကျောင်းသားလူငယ်တွေ ဒုက္ခရောက်ကုန်တယ် ။ ဦးအောင်က ဘန်ကောက်မှာ ရှိနေတော့ သူ့ လူတွေကို ဆွဲတင်ရတာပေါဗျာ ။ ABSDF စဖွဲ့ ကာစမှာ လူငယ်လေးတွေ အချို့ က အဖွဲ့ အစည်းနဲ့ မနေတတ် . စားစရာမရှိ ဆိုတော့ နယ်စပ်မြို့ တွေက တဆင့် ဘန်ကောက်သို့ ဘဲပေါ့ ။ နောက်တခါ နယ်စပ်စခန်းတွေကနေပြီး ကုန်သည်တွေနဲ့ ထိုင်းကိုဝင်လာတယ် ။ ထိုင်းက တက္ကသိုလ်ဆရာတွေက ငယ်တဲ့ကျောင်းသားတွေ ခေါ်လာတယ် ။

UNHCR မြန်မာဌါနကိုလည်း ဆောင်ဆစ်ဆိုတဲ့ ထိုင်းလူမျိုးနဲ့ စတင်ဖွဲ့ စည်းပေးပြီး နယ်စပ်တွေကို တောက်လျှောက် ကူညီပြီး ဘန်ကောက်ကို ပို့ ပေးခဲ့တယ် ။
အဲဒီမှာ ၈၈ ကျောင်းသားတွေ ONSOB ကို စတင်ဖွဲ့ စည်းဖို့  လုပ်ကြရတာပေါ့ ။ ကျနော်လည်းပါခဲ့တယ် ။ ပထမ ဥက္ကဌ မဲရသူက ဒေါက်တာသီဟာ ( USA က လပြည့်ဝန်း တီဗီ ဦးစီးနေသူ ကာတွန်းဆရာ ဦးဘဂျမ်းသား) ရသွားတယ် ။ နောက်တော့ အကသ ထပ်ဖွဲ့ တယ် ။ အဲဒီတုန်းက တက်ကြွသူတွေထဲမှာ တင်မောင်ထူး ( ကနေဒါ) တိုးကြည် (ကနေဒါ) မိုးဇော်အောင် ( USA ) အောင်အောင် ( နော်ဝေ) မောင်မောင်မော် ( BC နယ်သာလန်) စတဲ့ အုပ်စုတွေပေါ့ ။ အကသတွေက ထိုင်းဘုရင်ကြီးကို ပန်းစီးဆက်ပြီး ထိုင်းမှာ နေခွင့်ရဖို့  တောင်းကြတာပေါ့ ။

ဋ္ဌေးနိုင် အဖမ်းခံနေရပြီ ဆိုတော့ ကျနော်က ဘန်ကောက်မှာ လူငယ်လေးတွေကို ကူညီနေသူ ဖီးလတ်ရဲ့  စားဝတ်နေရေး ဦးဆောင်နေတော့ လှဝင်းက တောထဲဆင်းပြီး ကိုဌေးနိုင်ကို အကသ အတွင်းရေးမှုး အနေနဲ့ အာမခံပြီး ဆင်းခေါ်မယ်လို့ လာပြောတယ် ။ နောက်ပိုင်း သတင်းပျောက်သွားတယ် ။

ဘန်ကောက်ရောက် မြန်မာကျောင်းသားအဖွဲ့ အစည်းတွေက ထောက်လှမ်းရေးလို့စွပ်စွဲခံနေရတဲ့ ကိုနေဝင်းအောင် ဌေးနိုင် အပါအဝင် အဖမ်းခံရတဲ့ ကျောင်းသားတွေကို ကယ်ထုတ်ဖို့ ကြိုးစားကြသေးတယ် ။ မိုးသီးရုံးကို သွားကြသေးတယ် ။ မိုးသီးတပည့်တွေက ထိုးကြိတ်လွတ်ကြတာပါ။ ၂၀၁၀ မှ ဌေးနိုင်နဲ့ တွဲပြီး အသတ်ခံရတာ လှဝင်းဖြစ်နေတယ်ဗျာ ။ အဲဒီအကြောင်း ပြောရင် မျက်ရည်ကျတယ်။

တကယ်ပဲ အဲဒီအချိန်မှာ ကျနော်က ထိုင်းနိုင်ငံမှာ စားစရာမရှိ နေစရာမကောင်း မွဲတေ စုပြတ်သတ်နေတဲ့ ဘဝမှာဒုက္ခရောက်နေတဲ့  မြန်မာပြည်သားတွေ ကူညီနေတာ ယားလို့ တောင် မကုတ်အားပါဖူး ။ကျောင်းသားမိဘတွေ ပေးနေတဲ့  ကျောင်းသားတယောက် တဘတ်နှုံး နဲ့ ကျွန်တော် မိသားစု အသက်ဆက်တာ ၄ နှစ်နီးပါးပါ ။

အဲဒီနောက်မှာတော့ မဟာချိုင်းမှာ အိမ်ထောင်ကျနေတဲ့ ကိုရဲမင်း နဲ့ ကိုအေးသိန်းထွေး အိမ်ကို သွားလည်ရင်း
အိမ်ထောင်ကျသွားပါတယ် ။ တိုတိုပြောရရင် တစစနဲ့  မဟာချိုင်ဒေကို သိန်းနဲ့ ချီပြီး ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့  ပြသနာတွေကို လက်တွေ့ နေ့ စဉ်ဖြေရှင်းနေရတယ် ။ နောက်ဆုံး ABSDFမှာတုံးကခင်ခဲ့တဲ့ ကိုသန်းကျော်ဌေး ( ၆၀၁) ကိုမြင့်လှိုင် ( ၂၀၆ ) တို့ နဲ့ ပေါင်းပြီး မြန်မာပြည်က ကလေးတွေ အတွက် စာသင်ကျောင်းဖွင့်  ကျန်းမာရေး ပညာပေးတွေ လုပ်ပြီး ဇတ်မြုတ်သလိုနေလိုက်တယ် ။

မဟာချိုင်မှာ ကျွန်တော့ကို စုထီး လို့ခေါ်ကြတယ် ။ စုဆိုတာ တိုက်ခိုက်တာ ။ ထီးဆိုတာ အသက်ရှင်ရပ်တည်ဖို့ နေရာဒေသပေါ့ ။
အသက်ရှင်ဖို့  ဘဝတွေ ရပ်တည်ဖို့  ဖို့  နေ့ စဉ်နဲ့ အမျှ တိုက်ပွဲဝင်ရတဲ့  သူပေါ့ဗျာ။

၉၉ လပ်ဘူရီ ဆေးရုံမှာ ဆေးဝင်တောင်းတဲ့ ၈၈ကျောင်းသားတွေ အသတ်ခံရတာကို ဒေါသထွက်ပြီး
ခရိုင် ဆရာဝန်ကြီးတွေကို ကလန်ကဆန်လုပ်လို့  ထောက်လှမ်းရေးကို သတင်းပို့ လိုက်တာ လာဖမ်းပြီး စာရင်းစစ်တာ ၁၉၉၂ လောက်က နိုင်ငံရေးသမား စာရင်းဝင်တာနဲ့  အဖမ်းခံရပြီး နယ်သာလန်ရောက်သွားတာပါဘဲ ။

ကျနော့်လို ပြည်ပမသွားချင်ဘဲ ဖမ်းပို့ လို့ သွားရတာ ၈၈တွေ ၂၀၀၀ ကျော်ရှိပါတယ် ။
ထက်ဆင်စီးပွားရေး အုပ်စု အစိုးရနေရာဝင်ဖို့  မီဒီယာတွေသုံးနေတာ နိုင်ငံတကာက နားလည်တော့ အားလုံးကို ထိုင်းမှာမနေခိုင်းတော့ဖူးလေ ။ သူ့ လက်ထက်မှာ မူးယစ်ဆေးဝါးကိစ္စနဲ့ လူတွေ ပစ်သတ်ခံရတာ မနဲပါဘဲ ။

ကျနော် မဟာချိုင်မှာ HIV ရောဂါ ကာကွယ်ရေး အစီအစဉ်တွေကို ခရိုင်အဆင့် ကျန်းမာရေးဌါနနဲ့ ပူးပေါင်းပြီး မြန်မာပြည်က လာတဲ့ လူထုပညာပေး အစီအစဉ်တွေကို လုပ်ခဲ့ပါတယ် ။ နောက်ဆုံး ၁၉၉၉ မှာ UN AIDS ညီလာခံမှာ ကုလားထိုင်တလုံးနဲ့ စင်ပေါ်မှာ ထိုင်ပြီး မြန်မာပြည်မှာ AIDS ရောဂါဝင်နေပြီလို့  နိုင်ငံတကာနဲ့ မြန်မာစစ်အစိုးးရ လက္ခံလာအောင် တရားဝင်ပြောနိုင်ခဲ့ပါတယ် ။ အဲဒီမှာ ရိုက်လာခဲ့တဲ့ ကျွန်တော့ ဓါတ်ပုံတွေ အခိုးခံရပါတယ် ။ နောက်တော့ နယ်စပ်က တပ်ဖွဲ့ ဝင်တွေ အဆက်မပြတ် မဟာချိုင်ကို လာပြီး လေ့လာကြပါတယ် ။ ထိုင်းနိုင်ငံထဲက မြန်မာအတိုက်အခံ ရှင်းလင်းရေးစီမံချက်နဲ့  နောက်တော့ အဖမ်းခံရပြီး မနီလွိုင်ကျောင်းသားစခန်းထဲရောက်သွားပါတယ် ။

မြန်မာနိုင်ငံရေးသမားတွေ ထိုင်းအစိုးရ ပြည်ထဲရေးမှာ မှတ်ပုံတင်တော့ ကျွန်တော့ကို ဘာသာပြန်ဖို့  သူငယ်ချင်းတွေက ပြောလို့ ၂ နှစ်နီးပါး ဘာသာပြန်ရသေး တယ်လေ။ပြေးလို့ ဘယ်လွတ်မလဲ ။

ထိုင်းပြည်ထဲရေးက ကျနော့်ကို လုံခြုံရေးအရ မနက်တကြိမ် ။ ညနေတချိန် ရုံးမှာ လက်မှတ်ထိုးခိုင်းပါတယ်။
အဲဒီလို ကျနော့်ဘဝက စဉ်းစားရည်ရွယ်ထားတာတွေ တခုမှဖြစ်မလာဖူး ။ဘာဖြစ်မှန်းကို မသိခဲ့တာပါ ။
အဲဒီတုန်းက ထောင်ကျသလို ဖြစ်နေတော့ အရမ်းကို ရှုပ်ထွေးနေတယ် ။


စခန်းထဲမှာ ဆရာကျော်ဆွေက ဦးစီးပြီး ABSDF က ကျဆုံးသွားတဲ့ ကျောင်းသားတပ်ဖွဲ့ တွေကို ဆွမ်းသွတ်အမျှဝေပါတယ် ။ ကျွန်တော် မသွားပါဖူး ။ ကိုဌေးနိုင် အဖမ်းခံရစဉ်က ရှိနေတဲ့ တပ်ထဲက ရဲဘော်လေးတွေ တပ်ခွဲမှုးတွေ နဲ့ ပြန်ဆုံပါတယ် ။ သူတို့ ကလည်း တခုခု ပြောချင်နေကြပါတယ် ။ အဲဒီအချိန်က ကျွန်တော် UNHCR မှာ ဘာသာပြန်လုပ်နေတော့ လူတဦးတယောက်နဲ့  ရင်းရင်းနှီးနှီး မနေချင်တာလဲပါတာပေါ့ ။

မျှော်လင့်ချက် ပျောက်သွားလုလုဆဲဆဲ လူတွေရဲ့ ပူပင်မှုကို ကျွန်တော် အားပေးခဲ့တယ် ။
စိတ်ထဲမှာတော့ ကိုဌေးနိုင် ဖြစ်မှန်ကို တတိယနိုင်ငံရောက်မှ စုံစမ်းမယ်လို့  တေးထားလိုက်တယ် ။

အပိုင်း(၇)

အိမ်ကိုဖုန်းဆက်တော့ အမေ့ကိုတော့ တောထဲမှာ သေဆုံးပြီ ။ လူမှားပြီး အသတ်ခံရတယ် ။
မြောင်းထဲရောက်သွားပြီလို့  အဖြေပေးခဲ့ပါတယ် ။မိဘ မောင်နှမတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေကြတဲ့ သူတွေဆိုတဲ့ပီတိ စိတ်ခွန်အား မျှော်လင့်ချက်ကို အဲဒီတုံးက မပျက်စီးစေချင်ဖူး ။ အဲဒီစိတ်နဲ့ပါ။

ပြည်တွင်းက လူတွေအားလုံး ထောက်လှမ်းရေး သံကွန်ချာ စနစ်အောက်မှာ ချောင်းတောင် ကျယ်ကျယ် မဆိုးရဲကြဖူးလေဗျာ ။ သူတို့ စိတ်ထဲမှာ ဘုရားရှစ်ခိုးတဲ့ အချိန်မှာတောင် စိတ်ချမ်းသာတာမှ မဟုတ်ကြတာ ။ ပြည်ပ မြန်မာတွေ တိုင်းပြည်အတွက် ကြိုးစားနေကြတယ်ဆိုတဲ့  စိတ်ကလေးက သူတို့ အတွက် နေ့ စဉ်ခွန်အားဘဲလေ ။ အဲဒီတုံးက ၈၈ကျောင်းသားတွေနဲ့  NLD ဆိုရင် ထောင်ထဲမှာလေ။

ရန်ကုန်မှာ နေတုံးက ထောက်လှမ်းရေးနဲ့ ပေါင်းပြီး မြေနီကုန်းမှာ နိုင်ငံခြားဖြစ် အရက်တွေရောင်းပြီး ဒေါ်လာတွေ က ကိုဌေးနိုင်ဆိုသူက အိမ်ကို အမြဲတန်းလာလည်တတ်ပါတယ် ။ အရပ်ရှည်တာလဲတူတယ် ။နာမည်ချင်းလဲ ဆင်တူတယ် ။ ကျနော်တို့  တောထဲက ထွက်လာပြီးနောက် ၁၉၄၅ ဂျနှီဗာ သဘောတူညီချက်တို့ 
၁၉၈၈ နိုင်ဝင်ဘာလ ပထမ ညီလာခံက ကြုံတွေ့ လာနိုင်တဲ့ သူလျှို အမှုတွေ အတွက်
ကျောင်းသားတပ်မတော်မှာ ဖွဲ့ စည်းပုံဥပဒေ ထဲမှာ အတိအလင်းရေးထားတယ်။

တပ်ဖွဲ့ ဝင်မည်သူ တဦးတယောက်ကို မှ ညင်းပန်း နှိက်စက်ခြင်းမပြုရ။ ၇န်သူ့  သူလျှို၊သုံ့ ပန်းကိုရမိက လူ့ အခွင့်အရေးအပြည့်အဝပေးပြီး စစ်ဆေးရမည်။
တရားဥပဒေ အရဆုံးဖြတ်ပြီး၊နိုင်ငံတကာ အဖွဲ့ အစည်းများသို့ လွှဲအပ်ရမည်။တပ်ရင်းများမှသေဒဏ်ဆုံးဖြတ်ခွင့်မရှိ။ဗဟိုကော်မတီမှသာ သေဒဏ်ကို စီရင်ခွင့်ရှိသည်။
သေဒဏ်ကျခံရမည့်သူသည် အနီးကပ်ဆုံး ညီလာခံတွင် အယူခံပိုင်ခွင့်ရှိရမည်။

ညီလာခံမှ ပယ်ဖျက်ခြင်း။အတည်ပြုခြင်း ပြုရမည်။။ဒါတွေကိုကျော်လွားပြီး သတ်ဖြတ်၊ရက်စက်
ခဲ့သူတွေရဲ့ လုပ်ရပ် က ကျောင်းသားတပ်မတော်ကို လာရောက်လွှမ်းခဲ့တာဘဲ။
ထိုသူတို့ ကလည်း ၊ထို အချိန်က အာဏာရှိနေကြတယ်။

လိုက်နာမှု မရှိတော့ဘဲ လူမှားပြီး သတ်တယ်လို့  ထင်နေခဲ့တာလေ ။

နယ်သာလန်ကိုရောက်ပြီး အခြေနေထိုင်ရေး အတွက် အင်္ဂလိပ်စာ မကျွမ်းကျင်သူတွေကို လိုက်လံကူညီနေခဲ့တယ် ။ ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေကို မသိမသာနဲ့ တောထဲက အကြောင်းတွေ ပြောဆိုရင်းနဲ့  ကိုဌေးနိုင်က အကြောင်းမေးမိရင် စကားဖြတ်တာနဲ့ ကြုံနေရတယ် ။ ကျွှန်တော် သိလာတာက တောထဲမှ ကိုဌေးနိုင်နဲ့ ပါတ်သက်ပြီး တခုခုဖြစ်လာတယ်ဆိုတာ သိလာရတယ် ။ ဘာဖြစ်မှန်းမသိသေးဖူး ။

ဒီကိစ္စဟာ မိုးသီးဇွန်နဲ့ တိုက်ရိုက်ပတ်သက်တယ်ဆိုတာဘဲ မှတ်ချက်ချလို့ ရသေးတယ် ။

၂၀၀၅ ဂျာမဏီမှာ ဥရောပရောက် မြန်မာတွေ တွေ့ ဆုံကြတော့ ဘစောထွန်းနဲ့ တွေ့ တယ် ။ ABSDF တပ်ဖွဲ့ ဝင်ဟောင်းဆိုတော့ ရင်းရင်းနှီးနှီး စကားပြောဖို့ ကြိုးစားတာကို ခပ်တည်တည်ကြီးနဲ့ ပြန်ဆက်ဆံတာ ခံရတယ် ။ ကျနော် ဘာမှ မသိသေးတာကိုး ။ နယ်သာလန်လာလည်ရင်လည်း ရဲဘော်လေးတွေ အိမ်မှာ နေရင် ဘီယာတွေ ဆေးခြောက်တွေပါ ဝယ်ပေးရလို့  ညဉ်းသံတွေ ကြားလာရတယ် ။

မိုးသီးဇွန် လုပ်နေတဲ့ အဖွဲ့ အစည်းတွေနောက်က တောက်ရှောက် လိုက်ပြီး ဆက်သွယ်ပြီး သတင်းယူနေတယ် ။ ၂၀၀၇ လောက်မှာ မိုးသီးဇွန် မဲဆောက်က ညီငယ်လိုခင်တဲ့ လူငယ်တဦး အိမ်မှာ စပြီး ဆက်သွယ်မိတယ် ။ မန်းဝင်းမောင်ရဲ့ မြေးဖြစ်သူ စတင်းလေ အိမ်မှာ ။ သူက မိုးသီးနဲ့ တိုက်ရိုက်ချိတ်ပေးဖို့ ကြိုးစားတယ် ။ မိုးသီးဇွန် ရှောင်သွားတယ် ။ နောက် ဂျပန်က မိုးသောက်ကြယ် စာပေအဖွဲ့ က ချိတ်ပေးတယ် ။ မိုးသီးဇွန်ရှောင်သွားတယ် ။
ဆင်ဖြူ့ မျက်နှာ ဆင်မဲ မကြည့်ဝန့် ဖူးဆိုတာ နားလည်လာတယ် ။

၂၀၁၀ မှာတော့ ဒေါက်တာနိုင်အောင် ။ မိုးသီးဇွန် ။ မောင်မောင်ကျော်တို့  ပုံကြီး အင်တာနက်မှ တက်လာတယ် ။ ကျောင်းသားခေါင်းဆောင်တွေ မဲဆောက်မှာ ပြန်လာတွေ့ ဆုံကြတယ် ဆိုပြီး စာသားက အေးေးအး ဆေးဆေးနေတတ်တဲ့  ကိုကိုဦးနဲ့ ကိုသန်းဝင်းဆီကို ရောက်သွားတယ် ။ မောင်မောင်ကျော်က ရန်ကုန် တက္ကသိုလ်ကျောင်းသား တဲမှာ တကယ်လုပ်ခဲ့တဲ့လူ ။ နိုင်အောင်က ၈၈ သမိုင်းမရှိဖူး ။ မိုးသီးက လူသတ်တယ်ဆိုပြီး ကိုသန်းဝင်းက စာထုတ်လိုက်တယ် ။

အဲဒီတော့မှ ကျွန်တော်လဲ အဖြစ်မှန်ကို သိလိုက်ရတယ် ။ သေချာအောင် လိုက်စုံစမ်းတယ် ။
၂၀၁၀ ဆွီဒင်မှာ ဥရောပရောက် မြန်မာတွေ အစည်းအဝေးလုပ်ကြတယ် ။ ABSDFက ခေါင်းဆောင်ငယ်တွေ ပြန်ဆုံကြတယ်ပြောတယ် ။ နယ်သာလန်က သွားတဲ့ ကိုနိုင်ဝင်း( သုတေသန) က ကျွန်တော့ကို နားချတယ် ။ တောတွင်း တိုက်ပွဲတွေမှာ ကျောင်းသားတွေ ကျဆုံးသွားတာ ၇၀၀ ကျော်ရှိတယ် ။ ကိုဌေးနိုင်ကို တော်လှန်ရေး အတွက်ပေးလိုက်ပါတဲ့ ။ တိုက်ပွဲကျတာနဲ့  သူလျိုလို့ စွပ်စွံပြီး အသတ်ခံရတာ မတူဖူးထင်တယ် ။ခင်ဗျားဘယ်လို ခံစားရမလဲ ။ ကျနော် အောင့်သက်သက်နဲ့  ဟုတ်ကဲ့လို့ ပြောလိုက်ရတယ် ။

သူလဲ သေသေချာချာသိပုံမပေါ်ပါဖူး ။ သူလဲ တခြားတပ်ဖွဲ့ ဝင်တွေလို အနှစ် ၂၀ ကျော် အလိမ်ခဲရတဲ့ စာရင်းထဲကလူလေ ။
အဲဒီတုန်းက ဒေါက်တာနိုင်အောင် အဖွဲ့ က ( စစ်ကော်မရှင် ၄ ဦး နိုင်အောင် ကျော်ကျော်( မျက်နှာက လေးထောင့်နဲ့ မို့  ဆယ်ပြားစေ့ ) လှဌေး ( မပ) ကျော်ကျော် (မပ) တို့ က ဆရာနေဝင်းအောင်နဲ့  ကိုစိုးလင်းကို ရိုက်နှက်ပြီး ကိုဌေးနိုင်နဲ့ ကိုအောင်သူ ဟာ ထောက်လှမ်းရေးဖြစ်ကြောင်းအသံထွက်ဝန်ခံခိုင်းတယ် ။

တချိန်ထဲမှာဘဲ ကိုဌေးနိုင်ကို လင်ရှိမယားနဲ့ ဖေါက်ပြန်တဲ့ စွပ်စွဲချက်တွေ ထွက်လာတယ် ။ နိုင်အောင် လက်အောက်က ကျောင်းသားရဲဘော်တွေ နဲ့ မိုးသီးလက်အောက် ကျောင်းသားရဲဘော်တွေ အချို့ လျို့ ဝှက် အဆက်အသွယ်ရှိတယ်ဆိုတာ နှစ် ၂၀ ကျော်မှ သိရတယ် ။ တို့ မီးရှို့ မီးတွေပေါ့ ။

အဲဒီအချိန်က ဌေးနိုင်မှာ ဘန်ကောက်လာတုံးက ထိုင်းနိုက်ကလပ်ပို့ ပေးတယ် ။ ပြည့်တန်ဆာရုံပို့ ပေးတဲ့
ကျွန်တော့ကိုတောင် တော်တော် စိတ်ဆိုးခဲ့ပါတယ် ။ တော်လှန်ရေး လုပ်နေတာတဲ့ ။ အဲဒါတွေ ကင်းမှ ရမယ် ။ ကျည်ဆံ နောက်က ဝင်သွားမယ်တဲ့ ။
 တောထဲမှာ ရန်သူဆိုရင် တခုခုပြောမှားဆိုမှား သွားမှားတာနဲ့ သေတတ်ပါတယ် ။ ဋ္ဌေးနိုင်က အဲလို လူမျိုးပါ။

မိုးသီးဇွန် အောင်သူငြိမ်း ( အောင်နိုင်ဦးနဲ့ ပြည်တွင်းမှာပါ ) တို့ ကဌေးနိုင်ကို ဖမ်းမိန့် ပေးခဲ့တယ် ။
ရန်သူလို့ သတင်းရထားတယ် ။ ပေါ်အောင်စစ်ပါလို့  ဝန်ခံအောင်လုပ်ပါလို အမိန့် ပေးခဲ့တယ် ။့ 

တချိန်ထဲမှာဘဲ ရကသဥက္ကဌဟောင်း ကိုသန်းဝင်းနဲ့ မိုးသီး အယူအဆကွဲတာ ကိုဌေးနိုင်ကြားက ခံရတယ်လို့ လို့ လဲပြောကြတယ် ။
ကျန်းမာပြီး သန်စွမ်းတဲ့ ကိုဌေးနိုင်ကို ကျွန်တော် ထောက်လှမ်းရေးတပ်က ဗိုလ်ကြီးပါ လို့  နည်းမျိုးစုံနဲ့  နှိက်စက်ခဲ့တဲ့ စစ်ကြောရေး အဖွဲ့ မှာ ဝင်းနိုင်ဦး(ရင်မောင် BBC ) ကျော်ကိုကိုဝင်း ( လက်ရှိ ABSDF) ဘစောထွန်း။ (ဂျာမဏီ) အောင်လွန်း (အမေရိကန်) ၊ ရဲလင်း (မြန်မာပြည်) ။ တို့ ပါဝင်ပြီး တပ်ရင်း ၂၀၈ မှ လူငယ်ကျောင်းသားတွေက အစောင့်လုပ်ရပါတယ် ။

အဲဒီထဲက ရာဇာလေး ဆိုသူက မြန်မာပြည် ခတ္တပြန်သွားတယ်လို့ သိရပါတယ် ။တိကျစွာ သိတဲ့သူများ ရှိရင်လည်း သတင်းပေးကြဖို့  မေတ္တာရပ်ခံပါတယ် ။
ကိုဌေးနိုင် က ထောက်လှမ်းရေးဖြစ်တယ်လို့  ဝန်ခံတဲ့ ဗီဒီယို ရှိနေတယ်လို့  ကိုမျိုးဝင်းနဲ့  ကိုကျော်ကိုကိုဝင်း ( လက်ရှိ ABSDF) ကကိုဌေးနိုင်နဲ့  ပါတ်သက်ပြီး မေးလာသမျှကို လိမ်လည်နေဆဲပါ ။ နောင်လဲ မိုးသီးဇွန်ကို ထောက်ခံတဲ့အုပ်စုတွေ လိမ်ကြအုံးမှာပါ ။

၂၀၁၂မှ ရတဲ့စာအရ မိုးသီးဇွန်ရေးလိုက်တဲ့ ကိုဌေးနိုင် ကိုဌေးတင့် ညီအကို ၂ယောက် ထောက်လှမ်းရေးဖြစ်တာ သေသေချာချာ အာမခံတဲ့ စာတွေက သံရုံးတွေကိုပါ ပလူပျံသွားတယ်လေ ။ကျွန်တော် ဘာသာတရားတွေ အဆုံးအမ လူ့ ကျင့်ဝတ်သိက္ခာတွေ နဲ့  လူတွေကို ဆက်ဆံခဲ့တယ် ။ အကူအညီပေးခဲ့တယ်။ မေတ္တာဆိုတာ ရောင်ပြန်ဟတ်ပါတယ် ။

ဋ္ဌေးနိုင် အသတ်ခံရတဲ့ နေ့ရဲ့ သတင်းမှာ ၂ ပိုင်းဖြစ်နေတယ် ။ စစ်ရုံးထဲမှာ ည၉နာရီကျော်ထိ ဌေးနိုင် အကောင်းပကတိရှိနေသေးတယ်။ဝင်းနိုင်ဦး ( ခ ) ကိုရင်မောင်၊ဘစောထွန်း။့  အောင်လွန်း၊ရဲလင်း ။စိန်ရွှေ၊ မက်ဒေါတို့ ဌေးနိုင်ကိုချုပ်ထားတဲ့ နေရာကို ၁၀နာရီလောက်မှာစဝင်တယ်။
စစ်ရေးချုပ် ဝင်းချို ( ယခု မဲဆောက် ) စစ်ရုံးအုပ် စိုးလွင် ( ကြီးမိုက် )တို့ ကို စစ်ရုံးဝန်းထဲက ထွက်ပေးဘို့  ဝင်းနိုင်ဦးပြောတယ်။၁နာရီလောက်ကြာတော့ ပြန်ဝင်လို့ ရပြီးလို့ ဝင်းနိုင်ဦးပြောတယ်။ အချုပ်ထဲမှာ ဌေးနိုင်မရှိတော့ဘူး။

စစ်ရုံးဝန်းထဲက ကျင်းအဟောင်းထဲမှာ ထိုင်လျှက်ထည့်လိုက်တယ်။ ဒီနေ့ မိုးသီးဇွန် ရန်ကုန်မှာ အမှိုက်ပုံရှင်းနေတယ် ။ စိတ္တဇဖြစ်တယ်ထင်ပါတယ် ။ ဌေးနိုင်ကို သူသတ်ပြီး ထားခဲ့တာ ပလပ်စတစ် အမှိုက်ပုံလေ။ အိမ်မက်ထဲမှာ မက်နေမှာပေါ့ ။

နောက် သတင်းက မိုးသီး နဲ့  နိုင်အောင် ဘယ်လိုတွေ့ ကြလဲမသိဖူး ။ ဘန်ကောက်က အပြန် နိုင်အောင်နဲ့ မိုးသီး ဘတ်စကားပေါ်မှာ တွေ့ ကြရင်း နိုင်အောင်က ဌေးနိုင် ရန်သူ့ လူလို့ ပြောလိုက်တယ် ။ မိုးသီးဇွန်ယုံတယ် ။ ဌေးနိုင်ကို ဖမ်းချုပ်လိုက်တယ် ။ အောင်သူငြိမ်းလဲရှိနေတယ် ။ မိုးသီး အုပ်စု ဝိုင်းပြီးနှိပ်စက်ကြတယ် ။နောက်တော့ မိုးသီးနဲ့ လူအချို့ ကို ကွန်မြူနစ် ယူဂျီလုပ်မှု လက်နက်ခိုးမှုနဲ့  ဗိုလ်ချုပ်မြ ဖမ်းလိုက်တယ် ။ DAB ကလူတွေ ထုတ်လို့ လွတ်လာတယ် ။ အားလုံးထင်တာက မိုးသီးဇွန် ဘန်ကောက်ကို တခါတည်းတက်သွားတယ်လို့  ထင်နေကြတယ် ။ ပြသနာက ငွေ နဲ့  လက်မှတ်မရှိဖူး ။

မိုးသီး နဲ့ အတူ ကရင်အချုပ်ခန်းထဲက လွတ်လာသူတွေက ABSDF နဲ့ စစ်ရုံးထဲ မသွားဖူး ။ သီးသန့် နေရာမှာ ရေချိုး မိုးချိုးနေကြတယ် ။စတင်ပေါင်းစည်းရေး လုပ်ချိန်ဆိုတော့ ဒေါက်တာ နိုင်အောင် လည်းရောက်နေတယ် ။ မိုးသီးဇွန် ဝင်းနိုင်ဦး ( ရင်မောင် ဘီဘီစီ ) ဘစောထွန်း လွမ်းဏီ ဇော်ရဲ ရဲလင်း တို့ အုပ်စုလိုက် ဌေးနိုင်ရှိတဲ့နေရာ တိုက်ရိုက်သွားပြီး သတ်ဖို့ ဆုံးဖြတ်ကြတယ်လို့ ပြောတယ် ။

ပြန်ပြောပြတဲ့ လူက ကျွန်တော့ကို မျက်ရည်တွေ ကျပြီး ပြောပြနေတာ ။ မှန်လား မမှန်လားမသိဖူး ။ဌေးနိုင် ကိစ္စကိုလည်း လိုက်ပြီး အမျိုးမျိုးနှောက်ယှက်နေတာ ဖတ်နေရတယ်လေ ။

ဒေါက်နိုင်အောင်နဲ့  မိုးသီးဇွန် လူသတ်ပြီး လိမ်လည်ခဲ့တာ အခုဆိုင် အနှစ် ၂၀ကျော်ခဲ့ပါပြီ . အရင်က တော်လှန်ရေး အဖွဲ့ အစည်းတွေကို
လိမ်ခဲ့ရတယ်။ နောက်  ပြည်ပရောက် မြန်မာ့အဖွဲ့ အစည်းတွေကို လိမ်ခဲ့ရတယ် ။ လက်ရှိ မြန်မာပြည် အစိုးရကို လိမ်နေရတယ် ။
နောက်ဆုံး အတင့်ရဲလာတာကတော့ မီဒီယာတွေကတဆင့် ပြည်တွင်းက လူထုကို လိမ်ညာနေတာပါဘဲ ။

တကယ်တော့ ပြည်တွင်းက အများစု ထင်နေကြသလို ပြည်ပ ၈၈တွေ အားလုံးက နိုင်ငံရေး လုပ်စားနေကြတဲ့သူတွေ မဟုတ်ပါဖူး။ လုပ်စားနိုငိလောက်တဲ့ ဘာသာစကားမတတ်ကြပါဖူး ။ ၈၈တွေရဲ့ ရည်မှန်းချက်တွေကို အနှစ် ၂၀ ကျော် အတွင်း ဖျက်ဆီးခဲ့သုကို ပြန်ကြည့်ရင် ပြည်ပက တရားခံ စာရင်းက ၂၀ ကျော်လောက်ဘဲရှိပါတယ် ။

ABSDF တပ်ဖွဲ့ ကို လက်ကိုင်တုတ်လုပ်ပြီး နာမည်ကြီးအောင် ချမ်းသာအောင် လုပ်နေတဲ့ သူတွေ မြန်မာပြည်ဝင်နေကြပြီဘဲဗျာ ။ပြည်ပမှ ကျန်နေခဲ့တဲ့ အများစုက ခြေတွေ ပြတ် လက်တွေပြတ် ဘဝတွေပျက်နေဆဲ့ပါ ။ မြန်မာ့တပ်မတော်ကြီးက အားလုံးမကောင်းတာမှ မဟုတ်သလို ABSDF ကျောင်းသားတပ်မတော်ကလည်း အားလုံးမကောင်းတာ မဟုတ်ပါဖူး။

အောင်နိုင်သူတွေရေးတဲ့ သမိုင်းဟာ အချိန်တခုကို ကျော်လွန်ရင် အဖြစ်မှန် သမိုင်းက နောက်က ထပ်ချပ်မကွာ လိုက်လာတတ်ပါတယ် ။ မိမိ ပြုမူ စဉ်းစား လုပ်ခဲ့တဲ့ အကြောင်းတရားကြောင့် ဖြစ်လာတဲ့ ကောင်းကျိုးတွေ ဆိုးကျိုးတွေကို ခံစားရပါတယ် ။ စိုက်တဲ့ အတိုင်း ရိပ်သိမ်းရပါတယ် ။ လောကကြီးရဲ့  နိယာမပါ။ဝိုင်းဝန်း လိမ်လည်နေသူတွေကို ပြောပြချင်ပါတယ် ။ ဖြစ်ရပ်မှန် ပျောက်ပျက်သွားအောင် လောကကြီးကို လိမ်တယ်ဆိုရင် ပထမဆုံး ခံစားရသူက မိမိရဲ့  ဝိဥာဏ် ဖြစ်ပါလိမ့်မယ် ။

၂၀၁၀ ရွေးကောက်ပွဲကို လူထုတိုက်ပွဲဝင်ကော်မီတီနဲ့  တိုက်ဖျက်မယ်လို့  မိုးသီးဇွန် ဦးဆောင်ပြီး ၂၀၁၀ ဧပြီလလောက်က မဲဆောက်မှာ အစည်းအဝေးကြီးလုပ်ပြီး လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ပါတယ်။ နောက်တော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး လက်ရှိ အစိုးရနဲ့  ဆွေးနွေးပွဲက တစထက်တစ အောင်မြင်လာပါတယ် ။ ပြည်ပက ၈၈ ကျောင်းသားတွေ အားလုံးကို မိုးသီးဇွန် သစ္စာဖေါက်လိုက်တယ် ။ ရရာနည်းနဲ့  ပြည်တွင်းကို ဝင်လိုက်တယ် ။ ဒီလိုလူမျိုးတွေကို တိုင်းပြည်ထဲက လူတွေ သိစေချင်ပါတယ် ။ ကျွန်တော့် ညီ အသက်ပေးခဲ့ရတယ် ။ အလိမ်ခံရတယ် ။ ခင်ဗျားတို့ လည်း ကျွန်တော့လို ဆွေမျိုးတွေ အသက်ပေးတဲ့အထိ အလိမ်မခံရဖို့ ပြောပြလိုက်ပါတယ် ။

ပြည်ပရောက် ၈၈ အများစုက တိုင်းပြည်အတွက် တကယ် အပြောင်းအလဲ ဖြစ်ရင် လက်ရှိ အစိုးရနဲ့ ဆွေးနွေးပြီး ၈၈တွေ ပြန်လည်တွေ့ ဆုံပွဲ လုပ်ကြမယ်လို့  စီစဉ် သူတွေလည်း ရှိနေပါပြီ ။ ပြန်လို့ ရတဲ့သူတွေလည်း ပြန်နေကြပါပြီ ။ကျွန်တော် ကိုယ်တိုင်လည်း အခြေအနေ အတိုင်းအတာ တခုရောက်ရင် တိုင်းပြည်ထဲက လူထု အကျိုးရှိစေမဲ့  လုပ်ငန်းမျိုးတွေ အတွေ့ အကြုံတွေကို လမ်းကြောင်းတွေကို သွားရောက် လည်ပတ်ပြီး ပြောပြချင်ပါတယ် ။

ကျွန်တော်တို့ မှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သွေးသားဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတိုင်းပြည် အနာဂါတ်အတွက် လမ်းညွန်နေပါပြီ ။
မြန်မာပြည်ထဲမှာ တရားဥပဒေကို လူတိုင်းလိုက်နာဖို့ လိုပါတယ် ။

စစ်အစိုးရ လက်ထက်က အုပ်ချုပ်သူတွေ ထားခဲ့တဲ့ စာချုပ်တွေ သဘောတူညီချက်တွေ လွတ်တော်ထဲမှာ အသစ်ပြန်လုပ်ဖို့ အချိန်ပါပြီ ။လူထု အကျိုးမဲ့ စာချုပ်တွေ စီစစ်ဖို့ လိုနေပါပြီ
လူသတ်သမားတွေကို အချက်အလက်တွေနဲ့ တရားရုံးတင်ဖို့  အချိန်ရောက်ပါပြီ။

အမေမေးလာမဲ့  သူ့ သားငယ် အခြေအနေကို ဘယ်လိုဖြေကြမလဲ ။
ကိုဌေးနိုင် သူငယ်ချင်းတွေကို တောထဲမှာ ဘာဖြစ်ခဲ့ကြတာလဲ ဘယ်လို အဖြေတွေ ပေးမလဲ ။
မြောက်ပိုင်း ကျောင်းသားတွေရဲ့  အမှန်တရားဖေါ်ထုတ်မှု အသံက
ကျနော့်တံခါးကို လာခေါက်နေပြီ ။

ခင်ဗျားတို့ တံခါးကိုလည်း ခင်ဗျားတို့  ရင်သွေးငယ် အနာဂါတ်အတွက်
မကြာခင် အမှန်တရားတွေက လာခေါက်တော့မှာပါ ။

ကျေးဇူးတင်ပါတယ်။
ဋ္ဌေးတင့်

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ
မေသင်္ကြန်ဟိန်(မြစ်မခ)


Friday, October 5, 2012

ABSDF-ကျောင်းသားရဲဘော်ဟောင်း စိုးလင်းရဲ့ မြောက်ပိုင်းနှင့် တောင်ပိုင်း ခရီး


မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၇၊ ရန်ကုန်မြို့။

ကိုစိုးလင်းရဲ့ ထူးခြားချက်ကတော့ ဆံပင်တိုတို၊ မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနဲ့ စကားကို ရိုးရိုးရှင်းရှင်းပြောတတ်ပြီး၊ စကားပြောရင် ပေါ့နော…နော.. လို့ ထည့်ပြောတတ်တာပါပဲ။

အညာသားပုံပေါက်ပေမဲ့  ကိုစိုးလင်းက  အသားမညိုပါဘူး။ အသားအရည်လတ်ပြီး ပြုံးပြုံးနဲ့ စကားပြောကောင်းတဲ့သူပါ။

သူက ABSDF-မြောက်ပိုင်းက ဗဟိုကော်မတီဝင်လည်း ဖြစ်ခဲ့သလို၊ မြောက်ပိုင်းက VCs ကိုမျိုးဝင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ ရော်နယ်အောင်နိုင်ရဲ့ သူငယ်ချင်းလည်းဖြစ်တယ်၊ ပြီးတော့ သူက  မြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ကို လေးစား ချစ်ခင်ခဲ့သူလည်း ဖြစ်တယ်။

သူ့ရဲ့ လက္ခဏာကို ကိုထွန်းအောင်ကျော်က ကြည့်ပေးခဲ့ပြီး သူများသတ်လို့ သေတဲ့ ကံမျိုးမင်းမှာ မပါပါဘူးကွာလို့ ပြောခဲ့ဖူးကြောင်း တခုတ်ရ ပြောတတ်သူလည်း ဖြစ်တယ်။

အကိုကြီး အကိုကြီးနဲ့ လေးစားရင်း ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲ ဖမ်းဆီးပြီး သတ်ခဲ့စဉ်တုန်းက သူ မြောက်ပိုင်းမှာ ရှိမနေခဲ့တဲ့အတွက် စိတ်ထိခိုက်၊ နာကျင်ရကြောင်းလည်း သူက ပြောတယ်။တောင်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး အသတ်ခံလိုက်ရတဲ့ ဋ္ဌေးနိုင်ကိစ္စကလည်း သူ့ကို ပိုပြီးစိတ်ထိခိုက်စေခဲ့တယ်။

အဲဒီလို သူ့ဘ၀ရဲ့ ခြောက်အိပ်မက်နေ့ရက်တွေအကြောင်းကို ပြောရင်း အချို့ နေရာတွေမှာ ဟားတိုက်ရယ်မောနိုင်ခဲ့ပေမဲ့၊ အချို့နေရာတွေမှာတော့ စကားသံတွေ ဆက်မထွက်နိုင်တော့လောက်အောင်အထိ တိတ်ဆိတ်သွားတတ်ပါတယ်။

သူ အဖမ်းခံစဉ်၊ နှိပ်စက်ခံရစဉ်က အဖြစ်အပျက်တွေကို ညအတော်များများမှာ ခြောက်အိမ်မက်အဖြစ် ပြန်ပြန်မက်ခဲ့ပေမဲ့ ဇနီးသည်နဲ့ အမေ့ကိုတောင် မသိစေခဲ့ဘူး။ အိပ်ဆက်ဆိုး မက်တာပါလို့ ဖြေသိမ့်ရင်း …ဒီအကြောင်းတွေကို သူလည်း မေ့ချင်ခဲ့လိမ့်မယ်။

ခုတော့ သမိုင်းမှန် ပေါ်ပေါက်လာဖို့အတွက် ပြန်ပြောရတဲ့အချိန်မှာတော့ သူဟာ အဖြစ်အပျက်တွေ နေ့ရက်တွေနဲ့ မျက်နှာတွေကိုတောင် အလွတ်ရနေတတ်တာ၊ ပြီးတော့ သူက… ရယ်ရင်း… မောရင်း…၀မ်းနည်းရင်း နဲ့ နားထောင်သူတွေကို ရသမျိုးစုံအောင် ပြောပြနိုင်ခဲ့ပါတယ်။

တကယ်ပဲ သူဟာ သမိုင်းမှန်ကို ပေါ်လွင်စေဖို့အတွက် မည်သူ့အပေါ်မှာ အငြိုးအတေးမထားကြောင်း ပြောရင်း မြောက်ပိုင်းနဲ့ တောင်ပိုင်းက ကျောင်းသားတွေရဲ့ အကြောင်းကို ခုလို သူ့ဘ၀ဖြစ်စဉ်က စပြီး ပြောပြခဲ့တယ်။

(၁)

မတ်လ ၂၃ ရက်နေ့ရဲ့ နံနက်အစောကြီး ဝေလီဝေလင်းမှာ ကျနော့်ကို မွေးခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းနဲ့ မွေးရက်တူ မွေးခဲ့တာ။ ၁၉၆၆ ခုနှစ်၊ မတ်လ ၂၃ ရက်ပေါ့။

အဲဒီနေ့က ထူးထူးကြားကြား မတ်လကြီးမှာ မိုးတွေရွာတယ်တဲ့…မိုးလည်း စဲရော အဖေက ရွာထဲကို လှည့်ပြီးတော့မှ  ထီပေါက်ပြီ ထီပေါက်ပြီလို့ တရွာလုံးကို လှည့်အော်တာ။ ကျနော့်ကို မွေးတော့ အဖေက သိတ်ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အထက်မှာ မိန်းကလေးချည်း ငါးယောက်မွေးခဲ့တာကိုး။

ကျနော်တယောက်ကို ယောက်ျားလေး စမွေးတာ၊ အဲဒီမှာ အဖေက ထီပေါက်ပြီ ထီပေါကပြီ ဆိုပြီး အော်တာ၊ အမေက ပြောပြခဲ့တယ်။ ကျနော့်အဖေနာမည်က ဦးကျုံးတဲ့ အမေက ဒေါ်ထွေးလှ။

တကယ်လည်း ထီပေါက်သလိုပါပဲ  နောက်ထပ် ဆက်မွေးတော့လည်း မိန်းကလေး ချည်းပါပဲ ၅ယောက်၊ ကျနော်တို့ မောင်နှမ ၁၁ ယောက်မှာ ကျနော်တယောက်တည်း ယောက်ျားလေး ပါခဲ့တာ။

အဖေအမေက တော်သူတောင်သားဗျ၊ ပညာကလည်း သုံးလေးတန်းစာပဲ တတ်ခဲ့တာ။ ကျနော်တို့ မိသားစု အသိုင်းအ၀ိုင်းမှာကိုက ပညာတတ်မရှိဘူး။ ကျနော့်ကို မွေးပြီးမှ မန္တလေးပြောင်းတယ်၊ ယောက်ျားလေးလည်း ဖြစ်တတ် အိမ်က ပညာတတ်စေချင်တယ်။

ကျနော်ကလည်း ကျောင်းမနေရသေးဘူး ၄ နှစ်လောက်ကတည်းက စာဆိုရင် အရမ်းဖတ်ချင်တယ်၊ လိုက်လျှောက်ဖတ်တယ်။ ကျနော်က သူငယ်တန်း တက်ခဲ့တဲ့ အချိန်ကတည်း ကသတင်းစာ ဖတ်နေခဲ့ပြီတဲ့ လို့ အမေက ပြောပြာပြခဲ့တယ်။

အမေတို့ ပြောပြောတာကတော့ ကျနော်က မနက်လင်းရင်တဲ့ သတင်းစာ ကောက်ကိုင်တာပဲတဲ့…။ဘာတွေလျှောက်ဖတ်လဲဆိုတော့ပထမ အားကစားသတင်းတွေကို လှန်ဖတ်တယ်တဲ့၊ ပြီးတော့ နိုင်ငံတကာ ရေးရာတွေ လျှောက်ဖတ်ခဲ့တယ်။

ကျနော် မှတ်မိတာ တခုရှိတယ်၊ အားကစားသတင်းမှာပဲ သတင်းစာမှာ ရေးထားတာက မန္တလေး တိုင်းနဲ့ ပဲခူးတိုင်း အဲလို ရေးထားတာ၊ ညနေ လေဒီယိုထဲမှာတော့ ပဲခူး တိုင်းကို ပခိုး ပခိုး လို့ အော်တာဗျ။ အဲလို ကြားတော့ ကျနော်က ဟာ ငါဖတ်တာက ပဲခူးတိုင်ပါ၊ ပခိုးပခိုးနဲ့ အော်နေတာက ဘာလဲပေါ့။ ဘာမှားလဲပေါ့။ပဲခူးတိုင်းနဲ့ ပခိုးတိုင်းနဲ့ တူလား ဆိုတာ ကျနော်က အရမ်းသိချင်တာ။

အဲတော့ ကျနော်တို့ အမထဲမှာ အလည်ဆုံး လို့ ကျနော် ယူဆတဲ့ နံပတ်၂ အမကို ကျနော်က မေးတယ်။ အမရေ လို့ …ငါဖတ်တော့ ပဲခူးတိုင်းလို့ ဖတ်ရတယ်လို့..။ လေဒီယို ထဲမှာတော့ ပခိုးတိုင်း ပခိုင်းတိုင်းလို့ ပြောနေတယ်။  အဲဒါ နှစ်ခုက တူတူပဲလားလို့ မေးမိတယ်။

အဲဒီတော့ အမက ငါ့မောင်…တဲ့ အဝေးကြီး၊ တခြားဆီပဲ…တဲ့။…
အဲဒါ ကျနော်ကြီးပြင်းခဲ့ရတဲ့ ကျနော့်ရဲ့ ပတ်ဝန်းကျင်နဲ့ မိသားစု။

အဲတော့ ကျနော့်အဖေက ပညာမတတ်ပေမဲ့ တံတားဦးနို့ချက် စက်ရုံမှာ တာဝန်ခံလုပ်ရတယ်။ နို့ဆီပညာတော်တော်ကို တော်တယ်။ အဲ… ကျနော့်အဖေရဲ့ အကြောင်းကို ကျနော့်ထက် ကိုလေး (အင်းဝ ဂုဏ်ရည်) ကပိုသိတယ်။ ကျနော့်အဖေက နို့ဆီပညာမှာတော်တော်ကို တော်ပါတယ်။

ကျနော်တို့ အိမ်မှာက ပညာတတ်မရှိ၊ နိုင်ငံရေး လုပ်တဲ့ သူ မရှိတော့ အဖေ သင်တန်း တက်တုန်းက ရခဲ့တဲ့ မဆလ ခေတ်က စာအုပ်အပြာတွေပဲ ရှိတယ်။ ကျနော်က အဲဒါတွေနဲ့ ကြားရတာ၊ ပြောမယ်ဆိုရင် အဲဒီတုန်းက အစိုးရက ကောင်းတယ်ပဲ ကျနော်က ထင်တာ။သတင်းစာထဲမှာလည်း သောင်းကျန်သူဆိုရင် သူပုန်တွေ မကောင်းဘူးလို့ပဲ ကျနော်က ထင်တာ။

အဲဒီလိုပတ်ဝန်းကျင်ကနေ လာခဲ့တာပေါ့ဗျာ။ ကျနော် ဆယ်တန်း နှစ်မှာ အဖေဆုံးတယ်။ ဆယ်တန်းအောင်တော့ ကျနော်က စက်မှုတက္ကသိုလ်ရောက်သွားတယ်။
တကယ်တော့ စက်မှုတက္ကသိုလ်ဆိုတာကို ကျနော်က တက်သာတက်နေရတယ်။ စာလည်း သိပ်မလုပ်ခဲ့ဘူး။ သူငယ်ချင်းအများစုက ကျနော့်ကို လူပျော်လူနောက်အဖြစ်သာ သိတာ။

ဒီနေရာမှာပဲ မခြွင်းမချန်ဝန်ခံပါတယ်…ကျနော်က ဖဲသမားပါ ခင်ဗျာ။
…ဟီး… အဆောင်မှာ ဖဲသမားလို့ နာမည်ကြီး အောင်ကို ရိုက်ခဲ့တာပါ။အဲလိုမျိုး ပါ။ အဲလိုမျိုး။

အဲလိုမျိုး ဖဲ ကိုပဲ စိတ်ဝင်စားတယ်၊ ဖဲရိုက်ဖို့ပဲ သိတယ်။ ဖဲပဲ ရိုက်ချင်တယ်။ စာကိုလည်း မှန်မှန်မလုပ်ဘူး။ ဒါပေမဲ့ ကံကောင်းတာက စာတော်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ စာမေးပွဲနားနီးရင် ငါ့ သင်ပေးဦး ဆိုပြီး စာတော်တဲ့ သူငယ်ချင်းတွေကို လိုက်လိုက် အပူကပ်တာ..အဲလို နည်းနဲ့ပဲ စာမေးပွဲတွေ အောင်အောင်လာတာ။

အဲလို ဖဲတခုပဲ သိတာ နိုင်ငံရေး ဆိုတာလည်း မသိဘူး။ ဗကသ ဆိုတာဝေးရော၊ ဆဲလ်ဗင်း ဂျူလိုင်ဆိုတာကလည်း ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။

အဲဒီလို ပုံစံနဲ့ ဘ၀ကနေ ဘယ်မှစပြီး ပြောင်းလဲ သလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ ဘ၀ရဲ့ အပြောင်းအလဲက အဲဒီမှာပဲ စတော့တာ။ မတ်လ ၁၃ ရက်နေ့ပေါ့နော။

မတ်လ ၁၃ ရက်နေ့၊အစိုးရက ကျောင်းသားတွေကို ပစ်တဲ့နေ့ ဖုန်းမော်အရေးအခင်းနေ့ပေါ့၊ အဲဒီမှာ ကျောင်းသားတွေကို ပစ်တယ်ဆိုတော့…ကျနော်က စဉ်းစားတာပေါ့နော။

ကျနော်ဖတ်ခဲ့ဖူးတဲ့စာအုပ်အပြာရောင် မဆလထုတ်တွေထဲမှာတော့ အစိုးရနဲ့ ပြည်သူဆိုတာ မိတ်ဖက်ပေါ့၊ မိတ်ဖက်ပဋိပက္ခကို မိတ်ဖက်နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို ကျနော်က ဖတ်ခဲ့ဖူးတယ်။ အဲတော့ ခုလို ပစ်သတ်နေတော့ဒါ ရန်ဘက် နည်းနဲ့ ဖြေရှင်းတာပေါ့။

အဲဒီမှာ ကျနော်က  ငါဖတ်ခဲ့တဲ့ စာတွေ မှားပြီ လားဆိုတာကို စတွေးမိတာပဲ၊ ကျနော့်ရင်ထဲမှာ ဆူးတစ်ချောင်း စပြီး ၀င်သွားတာပဲနော။ တကယ်ကို လူပျော် လူနောက် ဘာမှ မသိတဲ့ လူတယောက်ကနေ ဒီဖုန်းမော်အရေးအခင်းနေ့ကစပြီး ပြောင်းသွားတာ။

ငါ ဖတ်ခဲ့တဲ့ စာတွေက မှားနေပြီ၊ ငါ ကျက်ခဲ့တဲ့ စာတွေကလည်း မှားနေပြီ ပေါ့ အဲလိုတွေးမိတော့ စိတ်ပူလာခဲ့တယ်။ တကယ်ကို ပူလာတာ။ ဘယ်သူ့အမှန်မေးရမှန်းလည်း မသိဘူး၊ အဲဒီအချိန်တုန်းက ကျနော့်ပတ်ဝန်းကျင်မှာက ကျနော့်လိုပဲ နိုင်ငံရေး သိပ်စိတ်မ၀င်စားတဲ့ ကျောင်းသားတွေက များနေတော့ ကျနော့်မှာ ဘယ်သူ့ကိုမှ သိပ်မေးလို့မရဘူးပေါ့နော။

အဲလိုနဲ့  ကျောင်းပိတ်လို့ အိမ်ပြန်လာကြရတယ်။

နောက်တော့ ကျနော်ကို တော်လှန်ရေးထဲ ပါဝင်လာအောင် လုပ်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျနော် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာမှ မလုပ်ဘဲနဲ့ ကို ကျောင်းထုတ်ခံလိုက်ရတာ။ ပြန်ကြားတာတော့ဗျ အဲဒီမှာ အရေးအခင်းထဲပါခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ နာမည်က စိုးလင်းတဲ့ …အဲဒါ ဘယ်စိုးလင်းမှန်းမသိလို့ စိုးလင်း နာမည်တူတွေ ထုတ်လိုက်တယ်လို့ ကြားတာပဲ ဟုတ်မဟုတ်တော့ ကျနော်လည်း သေချာမသိဘူးနော။ ကြားတာ ပြောရတာ။

အဲတော့ သူများတွေ ဇွန်မှာ ကျောင်းပြန်တက်ရပေမဲ့ ကျနော် မတက်ရတော့ဘူးနော၊ အိမ်မှာပဲ နေရတာပေါ့နော။အဲဒီမှာပဲ ကျနော့်ရဲ့ နိုင်ငံရေး ဘ၀ စတော့တာပဲ။


(၂)

ကျနော်အိမ်မှာပဲ နေနေတော့ ကျနော်ဆီကို  ဦးမင်းအောင်က ရောက်ရောက်လာတယ်။ သူက အရင်ကွန်မြူနစ်ဟောင်းပါ၊ မြောင်က။ ကျနော်တို့နဲ့ အိမ်ချင်းကပ်ရောက်ပေါ့နော။
အဲဒီမှာ သူက ကျနော့်ကို စပြီး စိတ်ဝင်စားတာပေါ့၊ ဒီကောင်ဘာများလုပ်ခဲ့လို့ ကျောင်းတောင်ထုတ်ခံခဲ့ရသလဲပေါ့။နိုင်ငံရေးတော်တော်လေး လုပ်လို့ ထုတ်ခံရသလားပေါ့နော။

အဲဒီမှာ ကျနော့်ကို လာလာမေးပြီး စကားပြောကြည့်တော့မှ ကျနော် ဘာမှ မသိဘူးဆိုတာသိတာ ဘာမှ မသိဘူး ၊ဘာမှ မလုပ်ဘဲနဲ့ကို ကျောင်းထုတ်ခံရတယ်ဆိုတာ သိတာ။
သူ့ဆီက ကျနော် ဘာတွေရလဲ ဆိုတော့ ကျနော် မသိခဲ့တဲ့ မြန်မာနိုင်ငံရေး သမိုင်းတွေ၊ပြီးတော့ ဖဆပလ သမိုင်းတွေ၊ ကွန်မြူနစ်သမိုင်းတွေ အဲဒါတွေအားလုံး သူ ကျနော့်ကို ပြောပြတယ်။ အဲဒါနဲ့ကျနော်ရဲ့ လက်ဦးဆရာက ဦးမင်းအောင်ဖြစ်လာတယ်။ သူ့ကြောင့် ကျနော်က နိုင်ငံရေးကို နည်းနည်းသိလာတာပေါ့။

နောက်တခုကံကောင်းတာက ကျနော့်ဘေးမှာ စာဖတ်တဲ့ သူငယ်ချင်းတယောက်ရှိတယ် ကိုကိုနိုင်ဆိုတာက။ ခုတော့ သူက ၀န်ထမ်းဖြစ်နေတယ်။ သူက နိုင်ငံရေးစာ တအားဖတ်ခဲ့တော့ ကျနော့်ကို ပြောပြောပြတယ်။ အဲဒီအချိန်မှာ ဦးမင်းအောင်နဲ့ ကိုကိုနိုင်တို့ရဲ့ ကျေးဇူးနဲ့ ကျနော် နိုင်ငံရေးကို ဖြည်းဖြည်းခြင်းသိလာတယ်။

ဒါပေမဲ့ ၈၈ အရေးအခင်းဖြစ်တဲ့အချိန်မှာ စဖြစ်တော့ ကျနော် မပါသေးဘူး။ မန္တလေးမှာ ၈ရက် ၈လ ၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီး သူများတွေ ထွက်တဲ့အချိန်မှာ ကျနော် မပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က စဉ်းစားတာပေါ့နော။ ငါ့မှာ အဖေလည်း မရှိတော့ဘူးအမေ မုဆိုးမကြီးအတွက် အားကိုးစရာသားဆိုရင်လည်း ငါ့ ပဲ ရှိတယ်။ ကျန်တာ မိန်းခလေးတွေ ချည်းပဲ ငါက သူများလို လုပ်လို့မရဘူးဆိုပြီး အဲဒီအတွေးနဲ့ ကျနော် အိမ်ထဲမှာပဲ အောင်းနေတာ။နည်းနည်းတော့ သိနေပြီ မတရားဘူး လိုက်ရမယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ မထွက်ဘူး နေတယ်။

အဲဒီမှာ သြဂုတ်လ ၂၅ ရက်နေ့ဗျ။ ကျနော် သေသေချာချာမှတ်မိတယ်။. ဘာဖြစ်လို့လဲ ဆိုတော့ သြဂုတ်လ ၂၆ ရက်နေ့မှာ မန်းလေး တမြို့လုံး မြို့လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မှာ။
အဲဒီညမှာ ကျနော့်ရဲ့ အာအိုင်တီက သူငယ်ချင်းတွေ အိမ်ကိုရောက်လာတယ်။ ရောက်လာပြီးတော့ မင်း အိမ်ထဲ အောင်းမနေနဲ့ ဒီတရက်တော့ လိုက်ခဲ့ဦး ဆိုပြီးတော့ ညကြီး မှာ ကျနော့်ကို အိမ်လာခေါ်ကြတာပဲ။

အမေ့ကိုလည်း အမေ ကျနော် ခဏ လိုက်သွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ… အဲဒီနေ့ကစပြီး တောခိုပြီး ပြန်လာတဲ့ နေ့ထိ အိမ်ပြန် မအိပ်ဖြစ်တော့ဘူး။

အဲဒီညက စပြီးကျနော်က ဘယ်ကို စရောက်လဲဆိုတော့ မန်းတလေးမြို့ရဲ့ သပိတ်တပ်ပေါင်းစုကို ရောက်တယ်။ သပိတ်ဥက္ကဋ္ဌ ဦးက၀ိန္ဒဘေးမှာ ကျနော်သွားနေရတယ်။ နိုင်ငံရေးကို တကယ့်ကို နည်းနည်းလေးပဲ သိထားတဲ့ လူတယောက်အနေနဲ့ ခုလို ဆရာတော်ဘေးနားမှာ နေလိုက်ရတဲ့အခါမှာ တနိုင်ငံလုံးကို မြင်လိုက်ရသလို ဖြစ်သွားတာဗျ။

ပြဿနာပေါင်းစုံကို ဆရာတော် ကိုင်တွယ်ဖြေရှင်းပုံတွေ၊ ရန်ကုန်မှာ သပိတ်တွေ ဘာဖြစ်နေတယ်၊ မန္တလေးမှာ ဘယ်လိုဖြစ်တယ် အဲဒါတွေကို အပေါ်စီးကနေ မြင်ရတာ။ ပြောမယ်ဆိုရင်တော့ ဦးမင်းအောင်တို့ ကိုကိုနိုင်တို့ ဆီက ရလိုက်တဲ့ နိုင်ငံရေးအခံလေးကို ဆရာတော်ဆီကနေ ရလိုက်တဲ့ အမြင်နဲ့ဆိုတော့ အရင်ကထက်ပိုသိသွားတယ်။ နိုင်ငံရေးအမြင်ကျယ်သွားတယ်။ဆရာတော်ကိုလည်း ကျနော်တအားလေးစားတာ။

အဲဒီမှာ အာဏာသိမ်းတော့လည်း ကျနော်ရယ် ဆရာတော်ရယ် အခု NLD က ပြင်ဦးလွင် လွှတ်တော်ကိုယ်စားလှယ် ကိုကျော်သီဟရယ်၊ ပြီးတော့ အခု Eleven မှာ ဆောင်းပါး ရေးတဲ့ မင်းလွင်ရယ် ကျနော်တို့ လေးယောက် အိမ်လေး တအိမ်မှာ နေကြတာ။


အပိုင်း(၃)

တကယ်တော့ ဘဝဆိုတာ သင်ယူစရာတွေချည်းပဲလေ နော။

ကျနော့်အနေနဲ့ အနကလ(အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့)မှာ လုပ်တော့လည်း မင်းလွင်(စက်မှု)နဲ့ ဇော်လင်းဦး(ဒေသ-မန်း)တို့ဆီကနေ နိုင်ငံရေးနဲ့ပတ်သက်ပြီး အယူအဆတွေ ပြောဆိုပုံတွေကို သင်ယူရတယ်။

သူတို့ နှစ်ဦးစလုံးက တကယ်တော်တဲ့ ကျောင်းသားတွေ။ ပါတီကျောင်းသားဘဝမှာ မှတ်မှတ်ရရပြန်ပြောစရာ အချက်လေးခုရှိတယ်။ ပထမဆုံးအချက်ကတော့ ရန်ကုန်စက်မှုတက္ကသိုလ်မှာကျင်းပမယ့် ဖုန်းမော်နှစ်ပတ်လည်နေ့အတွက် အောင်ဇော်မင်း(ဒါရိုက်တာ ချိုတူးဇော်)က လှမ်းခေါ်လို့ ရန်ကုန်ဆင်းဖြစ်တယ်။

ပထမတော့ဗျ၊ ကျနော်က  သူတို့ရုံး(ဗမာ့မျိုးချစ်လူငယ် အစည်းအရုံး)မှာ နောက်တော့မှ  ဒီ/ချုပ်ရုံးကို ရောက်သွားတာ။ အဲဒီမှာ ကိုမင်းကိုနိုင်၊ ကိုအောင်ဒင်၊ ကိုကိုကြီး၊ ကိုစိုးသိန်းနှင့် ကိုမြတ်စံ(ဒီ/ချုပ်) အဲလို ကျောင်းသားခေါင်းဆောင်တွေနဲ့ စပြီးသိကျွမ်းခွင့်ရလိုက်တာပေါ့နော။

အဲဒီမှာ ကျနော် နဲ့ဇော်ကြီး(ချိုတူးဇော်)က ညဘက်မှာ သူတို့နှင့်အိပ်၊ နေ့ဘက်ကျ ရန်ကုန်မှာ ရှိတဲ့ ဒီ/ချုပ်ရုံးတွေကို သူတို့လှည့်ဟောပြောတာကို လိုက်နားထောင်ကြပေါ့။ သူတို့နဲ့ အနီးကပ်နေတော့မှ သူတို့ရဲ့ ထူးခြားမှုတွေကို ပိုသိလာရတယ်ပေါ့နော။

ဒါတွေအားလုံးကတော့ တကယ့်ကို ကျနော့်အတွက်တော့ တကယ့်နိုင်ငံရေးသင်တန်းကြီး တစ်ခုလိုပဲဗျ။
ကိုမင်းကိုနိုင်က သိတဲ့အတိုင်း လေအေးအေးလေးနဲ့ လူထုကိုပြောတတ်တယ်။ အဲဒီတုန်းက သူ အများဆုံးသူပြောလေ့ရှိတဲ့ အကြောင်းအရာကတော့ ငွေစက္ကူသိမ်းလို့ ဆင်းရဲသားတွေနစ်နာတဲ့ အကြောင်းတွေကို အများဆုံး ပြောတာပဲ။


ကိုအောင်ဒင်ကနော့ ကဗျာ ဆရာ၊ သူက ကဗျာဆရာ ဒတ္တ ဆိုတော့ ကတော့ဗျာ။  ကဗျာတွေရွတ်တာပဲများပါတယ်။ သူရွတ်တဲ့ ကဗျာတွေထဲက အပိုဒ်လေးတစ်ပိုဒ်ကို ကျွန်တော်ဒီနေ့ထိ မှတ်မိနေတယ်။

''အိပ်မက်ဆိုးတွေ မက်တဲ့ည
လေမုန်းတိုင်းတွေ တိုက်တဲ့ည
ငါသိပ်သတိရတယ် သူငယ်ချင်းရယ်.....'' တဲ့။ အဲဒါကို အသံနေအသံထားနဲ့ ရွတ်တယ်။

အဲ …အဲဒီထဲမှာ ကိုစိုးသိန်း(စစ်ကိုနိုင်)ကတော့ မာန်ပါပါနဲ့ ဟောပြောတာများပါတယ်။

ကျနော် သဘောအကျဆုံးကတော့ ကိုကိုကြီးပါ။ သူ့စကားတွေက ဥပဒေကြောင်းတွေပါပြီး မှတ်သားစရာလည်း ကောင်းတယ်။ အဲဒီတုန်းက သူက ပြောတယ်  ၈၈-ဟာအရေးခင်းမဟုတ်ဘူးတဲ့…။ …အရေးတော်ပုံတစ်ခုဖြစ်တယ်…တဲ့။

အဲဒီလို ၈၈  ဟာ အရေးတော်ပုံဖြစ်တယ်ဆိုတာကို ကိုကိုကြီးပြောမှ ကျွန်တော်စကြားဖူးတာပါ။ အဲဒီတုန်းက ကိုကိုကြီးပြောတဲ့"ကလိမ်စေ့ ငြမ်းဆင်တဲ့ ငြိမ်ပိလမ်းစဉ်" ဆိုတာကိုလည်း  အခုထိမှတ်မိနေ တုန်းပဲ။ သူတို့နဲ့ အတူနေတော့  ပညာရတယ်ပေါ့နော။  ချိုတူးဇော်ကတော့ နဂိုကတည်းက စာသမားသူက ၊ သမိုင်းလည်းကျေတော့ သူ့ကို ကျနော့်ထက် အသက်ငယ်ပေမဲ့ ကျနော်က လေးစားတယ်ဗျ။

နောက် ကျနော် ပြောချင်တဲ့ အထဲမှာ  မန္တလေးပါတီတွေဖြစ်တဲ့ မနတ(အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု) အနကလရုံးတွေကို စစ်တပ်က လာဝိုင်းတဲ့ ကိစ္စပါတယ်။
 အဲဒီအဖြစ်ပျက်မှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဘာအကာကွယ်မှမရခဲ့ဘူး။ ဒါကြောင့် ရန်ကုန်နဲ့မန္တလေးက ကျောင်းသားလူငယ်အဖွဲ့အစည်းတွေက  စုပေါင်းလက်မှတ်ရေးထိုးကြတယ်။ ပြီးတော့ နဝတကို နိုင်ငံရေးပါတီများ ကာကွယ်တဲ့ ဥပဒေ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ တယ်။

အဲဒီမှာ  ဥပဒေထုတ်မပေးရင် ပါတီတွေအနေနဲ့ မြို့ပေါ်မှာလုံခြုံမှု မရှိလို့ တောထဲကို သာ သွားရန်ရှိတယ် ဆိုတဲ့ စကားနဲ့တောင်းဆိုခဲ့တာ။အဲဒီတောင်းဆိုချက်ကို နဝတအနေနဲ့ သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ပြီး ပြန်ကြားရတဲ့အထိ ဖြစ်ခဲ့တယ်ပေါ့နော်။

အဲဒီတုန်းက မှတ်မှတ်ရရ ကျနော် မှတ်မိနေတာ ရှိတယ် အဲဒီတောင်းဆိုချက်မှာ ကိုမင်းကိုနိုင်က  လက်မှတ်ရေးထိုးခဲ့ပေမယ့် ကိုမိုးသီးဇွန် လက်မှတ် မထိုးခဲ့တာကိုလည်း ကျွန်တော်မှတ်မိတယ်။

နောက် မန္တလေးမှာရှိတဲ့ နိုင်ငံရေးပါတီတွေက ကျောင်းသားလူငယ်တွေ စုပေါင်ြး့ပီး Joint Action-လုပ်ကြတာပါပဲ။ ဒီ/ချုပ်လူငယ်က ဒေါက်တာသန်းထွဋ်အောင်(ယခု-Eleven) မနတလူငယ်က ကိုဇာနည်အောင်၊ ကိုကျော်ဇံ၊ YSUA-က ညီညီနိုင် တစ်ချို့တော့ မမှတ်မိတော့ဘူး။ စုပေါင်းပြီး မန္တလေးမှာ အတတ်နိုင်ဆုံး အလုပ်လုပ်ကြတယ်ပေါ့နော။
၁၉၈၉-မေ(၁၉-၂၀)မှာ မန္တလေးမှာ ဗကည(ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများညီလာခံ)ကို ကျင်းပခဲ့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်မှာက ကျောင်းသားခေါင်းဆောင်အများစု အဖမ်းခံရပြီးတော့ ကျောင်းသားတွေအနေနဲ့ နိုင်ငံရေးလုပ်ရတာ တော်တော်ကြပ်တည်းဖြစ်လာတယ်။

အဲဒီအချိန်တုန်းက ကိုမင်းကိုနိုင်တို့ အဖမ်းခံရပြီး ကိုညိုထွန်းတစ်ယောက်သာ ရှောင်တိမ်းလုပ်နေရတဲ့အချိန်။  မန္တလေးမှာလည်း ကိုသန့်ဇင်၊ ကိုထွန်းအောင်ကျော်တို့ သတိထားသွားလာနေရတဲ့အချိန်ပေါ့။

တစ်နိုင်ငံလုံးအတိုင်းတာနှင့် ကျောင်းသားတွေစုစည်းဖို့ လိုအပ်တာကြောင့် ဗကညကို ကျင်းပခဲ့တာ။ ညီလာခံကို မန္တလေးတက္ကသိုလ် အင်းဝခန်းမမှာ ကျင်းပခဲ့ပြီး နယ်ကိုယ်စားလှယ်တွေကို ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးခဲ့တယ်။ ဆရာတော်ဦးကဝိန္ဒရဲ့ ဦးဆောင်မှုနဲ့ မန္တလေးမှာရှိတဲ့ ကျောင်းသားလူငယ်တွေ စုပြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ကျင်းပခဲ့တဲ့ သမိုင်းဝင်ညီလာခံတစ်ခုပေါ့နော။

အဲဒီ ညီလာခံကို အထက်အောက်ကျောင်းသားအများစု တက်ရောက်ကြတယ်။ ဗကညကနေပြီး ဗကသမူငါးချက်ကို ဆက်လက်ကိုင်စွဲတိုက်ပွဲဝင်ဖို့ ချမှတ်နိုင်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တွေကိုလည်း ရွေးချယ်ကြတယ်။

ကျွန်တော်မှတ်မိနေတာက ညီလာခံပထမနေု့ သဘာပတိချုပ်အဖြစ် ကိုညိုထွန်း(ဗကသ)ကဆောင်ရွက်ခဲ့ပြီး။ ဒုတိယနေ့ သဘာပတိချုပ်အဖြစ် ကျွန်တော်က ဆောင်ရွက်ခဲ့ရတယ်ပေါ့။
အဲဒီလိုတွေလည်း ကြုံတွေ့ခဲ့ရတဲ့ သမိုင်းတွေ ရှိတယ်။ ကျနော့်အနေနဲ့လည်း ပါတီမှာ စလုပ်တုန်းက ရိုးရိုးအမှုဆောင်ပဲ နောက်ပိုင်းမှာ ကျနော်က ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရတာပါ။

အဲလို လုပ်နေတုန်းမှာပဲ ကျနော်တို့ ရုံးကိုပဲ စစ်တပ်က လာဝိုင်းနေတာ၊ ဘုတ်တွေကိုလည်း သိမ်းခိုင်းတာ ဘာတို့ လုပ်နေတာနဲ့ တိုင်းပြည်ကိုလည်း  အဲလို လက်နက်အားကိုးနဲ့ လုပ်နေတာတွေကို မြင်ရတော့ ကျနော့်စိတ်ထဲမှာ အစိုးရက လက်နက်ရှိလို့ ဒီလိုလုပ်နေတာ၊ အဲဒါကို တော်လှန်ဖို့ ဆိုရင် ငါတို့မှာ လက်နက်ရှိမှ ရမယ်ဆိုတဲ့ အတွေးအခေါ် ကျနော့်မှာ စပြီး ၀င်လာတယ်။

တချိန်တည်းမှာပဲ ABSDF မြောက်ပိုင်းကိုရောက်နေတဲ့ သူငယ်ချင်း ကိုမျိုးဝင်းဆီကလည်း ကျနော့်ဆီကို လူတွေ လွတ်တယ်။ အဲဒီ ကျောင်းသားတွေကိုသတ်တဲ့ကိုမျိုးဝင်းက ကျနော့်ရဲ သူငယ်ချင်းအရင်းကြီးပါ။ သူနဲ့ကျနော်နဲ့က အာအိုင်တီကျောင်းမှာ တော်တော်လေး ရင်းတဲ့ သူငယ်ချင်းပါ။
အဲလိုနဲ့ ကျနော်တို့ ဆက်သွယ်မိတာပေါ့ဗျာ။

အပိုင်း(၄)

မြေပေါ်မှာ ငါးဦး ကော်မတီလေးဖွဲ့ပြီး စပြီး အလုပ်လုပ်တယ်ဗျ။

အဲဒီ ၅ ဦးကော်မတီက ဘယ်သူတွေလည်း ဆိုတော့ အသတ်ခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်( ရော်နယ်အောင်နိုင်) ၊ ကျနော်၊ နောက် ကိုမောင်မောင်လွင်၊ နောက် သိန်းဆွေမြင့် ဆိုတဲ့ သီပေါက ကျောင်းသားတယောက်ပဲ အဲဒီ ၅ ဦးက လုပ်တယ်ပေါ့။

သိန်းဆွေမြင့်တို့ ကိုအောင်နိုင်တို့ကတော့ ရှမ်းပြည် ၄၀၁ တပ်နဲ့ ပတ်သက်ပြီးတော့ လုပ်တယ်။ ကျနော်နဲ့ ကိုမောင်မောင်လွင်ကတော့ ၇၀၁ နဲ့ပတ်သက်ပြီးတော့ ကျနော်တို့ UG လုပ်ကြတာပေါ့။ကိုထွန်းအောင်ကျော်နဲ့ ဆရာတော် ဦးရေ၀တကတော့ ကျနော်တို့ကို စီမံခန့်ခွဲပေးတာပေါ့နော။

အဲလို လုပ်ရင်း လုပ်ရင်းနဲ့ ဘယ်လိုမှ မြို့ပေါ်မှာ ဆက်နေလို့ မရတော့လို့ကျနော် တောထဲကို ရောက်သွားခဲ့တာ။

တောမခိုခင် ကြားမှာကျနော် UG ကိစ္စတခုနဲ့ မြောက်ပိုင်းကို တက်ဖူးတယ်။ ကချင်ပေါ့လေ။ ABSDF မှာ အဲဒီကတည်းက ကျနော် သတိထားမိသွားတာလေးတွေ ရှိတယ်ဗျ။ ဒါပေမဲ့ ဆက်မစဉ်းစားဖြစ်ခဲ့ဘူးပေါ့။

ABSDF ကချင်မှာ ကိုမျိုးဝင်းက အတွင်းရေးမှူးဆိုတော့ သူက ရောက်တဲ့ နေရာမှာ အကုန်လုံးကို ချုပ်ကိုင်ထားချင်တယ်။
အဲဒီမှာသူ့ထက် ကြီးတဲ့ ဦးစီး ၃ ဦးရှိတယ်၊ ဥက္ကဋ္ဌက ကျော်ကျော်ရှိတယ်။ အဲတော့ သူက ဘာလုပ်လဲ ဆိုတော့ ဒီဦးစီး ၃ယောက်ကိုလည်း ဗဟိုမှာ မရှိအောင် ကိုနေဒွန်း ဦးစီး ဘယ်ကိုသွား၊ ကိုလွှမ်းမိုး ဦးစီး ဘယ်ကိုသွား .. ဦးစီးလှဋ္ဌေးနဲ့ ကိုကျော်ကျော်ကိုလည်း ခင်ဗျားတို့ ၂ ဦးက တော်တယ်ပေါ့။ သွား မာနယ်ပလောကို ညီလာခံတွေ သွားတက်ဆိုပြီး လွှတ်တာပေါ့ဗျာ။ ဆိုလိုချင်တာက သူ့ထက် ရာထူးကြီးတဲ့ သူတွေ မရှိရင် သူက အဲဒီမှာ အမြင့်ဆုံးပဲ။ အဲလိုနဲ့ သူကစားခဲ့တာ ချယ်လှယ်ခဲ့တာပေါ့နော်။ အဲလို လုပ်နေတာကို ကျနော်က သတိတော့ထားမိခဲ့တယ်။အဲလို  သူကစားနေတာပေါ့ဗျာ။

ကျနော်တို့က ၁၉၈၉ အကုန်လောက်မှာ တောခိုကြတာ။

ကျနော်ရယ်၊ ကိုထွန်းအောင်ကျော်ရယ်၊ ကိုအောင်နိုင်ရယ် တချိန်တည်းပြေးကြတာ။ လိုက်ဖမ်းတဲ့အချိန်မှာပေါ့ဗျာ။

အဲဒီမှာ ကိုထွန်းအောင်ကျော်နဲ့ ကိုရော်နယ်အောင်နိုင်က ကျနော့်ထက် တလလောက် စောသွားခဲ့တယ်။ အဲလိုပဲ ခွဲသွားကြတာပေါ့ဗျာနော။ ကျနော်က နောက်မှ လိုက်သွားတယ်။
ကျနော် မြောက်ပိုင်း ABSDF –(ပါဂျောင်)ကို ရောက်တဲ့ အချိန်မှာ ဟိုမှာ ပြဿနာက ဖြစ်နေပြီ ဗျ။ ကြီးနေပြီ။ ဘာကြီးနေတာလဲ ဆိုတော့ ကိုမျိုးဝင်းရဲ့ အာဏာရှင် ဆန်မှုတွေကို အပတ်စဉ်(၅) သင်တန်း သားတွေက လက်မခံတဲ့အကြောင်းပေါ့ဗျာ။သင်တန်းတက်ခဲ့ရတဲ့ ကိုဘိုဘိုတို့ကတော့ပိုသိမှာပေါ့။

အဲဒီမှာ ကချင်ကော်မတီကို ဖျက်ခိုင်းတာတွေ ရန်ကုန်နဲ့ မန္တလေးက ရောက်လာတဲ့ ကျောင်းသားတွေပိုများလာတဲ့ အတွက် ကချင်ကော်မတီကို ဖျက်ပေါ့နော် ဒီထက် ကြီးကျယ်တဲ့ အဖွဲ့အစည်းဖွဲ့ ဆိုပြီးတော့ဗျာ အဲလို တောင်းဆိုတာတွေဖြစ်နေတယ်။အဲဒီမှာ ရွေးကောက်ပွဲ ကော်မရှင်တွေဘာတွေ ဖွဲ့ပြီးတော့ ကိုရဲလင်းတို့ ကိုညီညီကျော်တို့ ဦးစိန်တို့အဲလို ပေါ့။
ကျနော်က အဲဒီအချိန်မှာ အတူတူတက်ခဲ့တဲ့ တပ်စိတ်က ဆရာရွှေကျီးရဲ့ တပ်စိတ်၊ ဘာလို့ အဲဒါကို ပြောရသလဲ ဆိုတော့ အဲဒီမှာပါတဲ့ ရဲဘော်အားလုံးက နောက်ပိုင်းမှာ မြောက်ပိုင်းရဲ့ လက်သံပြောင်တဲ့ စစ်ကြောရေး သမားတွေဖြစ်ကုန်လို့ပဲ။

ကျနော် ရောက်တဲ့အချိန်မှာ အဲဒီတပ်စိတ်က ပြောနေကြတာက မျိုးဝင်းမကောင်းကြောင်းချည်းပဲ ပြောကြတယ်။
အဲဒါကို ကျနော်ကြားတော့ ကျနော်စဉ်းစားတယ်။ မျိုးဝင်းမှာ အားနည်းချက်တော့ ရှိတယ်၊ ဒါပေမဲ့ ခေါင်းဆောင်တယောက်ကို ရဲဘော်တွေ ဒီလိုမြင်တာ မဖြစ်သင့်ဘူးဆိုပြီးတော့ ရဲဘော်တွေကို မျိုးဝင်းရွှေပြည်အေး တရားတွေ ကျနော် ဟောခဲ့တယ်။ ခေါင်းဆောင်တွေကို အဲလို မမြင်နဲ့ သူတို့မှာလည်း အကြပ်အတည်းအခက်အခဲတွေ ရှိတယ်။ အဲလိုမျိုးတွေပြောပြီးတော့ ရဲဘော်တွေ မျိုးဝင်းကို လက်ခံလာအောင် ကျနော် ပြောခဲ့တယ်။

နောက် ဗဟိုကော်မတီရွေးကြတော့ အဲဒီအချိန်မှာ မဲအများဆုံးရတာကတော့ ကိုသံချောင်းနဲ့ ကိုလှဆိုင်းဗျ။ဒါ သမိုင်းပါပဲနော်။ စစ်ရေးတာဝန်ခံ ကိုသံချောင်းနဲ့ ကိုလှဆိုင်းက အဲဒီအချိန် အဲဒီမှာ မဲအများဆုံးရတာ။ ကျနော်က တတိယလား၊ စတုတ္ထလား မသိဘူး၊ ကျနော်လည်း မဲတော့များတယ်ဗျ။ အဲဒီမှာ ကိုမျိုးဝင်းက မဲမရဘူး။

ဗဟိုကော်မတီဖြစ်လောက်တဲ့ မဲ  သူ မရဘူးဗျ။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ ကျနော်တို့ကျန်တဲ့လူတွေက စဉ်းစားတာပေါ့ဗျာနော။
သူက အရင်လုပ်ခဲ့တဲ့ သူ၊ သူတယောက်ကို ပါလည်း ပါစေချင်တယ်။ အားလုံး ၀ိုင်းပြီး ညှိုလိုက်ကြတာပေါ့ဗျာ။

အဲဒီမှာ ကိုမျိုးဝင်းထက် မဲများတဲ့ ကိုအောင်သန်းဆိုတာ ရှိတယ်။ သူက တိုက်ခိုက်ရေးဘက် အားသန်တော့ သူက ဗဟိုကော်မတီ ကနေ ဖယ်ပေးတယ်။ ကျနော်တို့က ကိုမျိုးဝင်းကို စွဲတင်လိုက်ကြတာပေါ့။

ရန်ကုန်အတွက်မဲရွေးကြတော့ ကိုသန်းထွန်းစိုးနဲ့ ဦးစိန်နဲ့ ရတာဗျ၊ အဲဒီမှာ ကိုမျိုးဝင်းက ဘာထပြောလဲ ဆိုတော့ ကိုသန်းထွန်းစိုးကို သူက တိုက်ပိတ်ကို ကျနောတို့ လက်မခံနိုင်ဘူးဆိုပြီး ဒဲ့ ပြောတာ။ အဲဒီမှာ ကျနော်က ၀င်ညှိုပေးရတယ်။

ကိုသန်းထွန်းစိုးကို တိုက်ပိတ်မို့ လက်မခံနိုင်ရင် ကိုရဲလင်း ဆိုရင် ဘယ်လိုလဲပေါ့။ ကိုရဲလင်းကို ကျနော် အဆိုပြုတော့ အားလုံးကလည်း ကိုရဲလင်းကို လက်ခံပြီး ဖြစ်သွားတယ်။ အမှန်တော့ ကိုရဲလင်းက မဲရွေးတဲ့ ထဲ မပါဘူး။

အဲလိုနဲ့ ဖွဲ့လာခဲ့ကြတာ။ ကျနော်တို့က ဗဟိုကော်မတီသာ ဖြစ်တာ သင်တန်းမတက်ရသေးဘူး။ ABSDF မှာက ရဲဘော်ဆိုရင် သင်တန်းတက်ရမယ်။ ဗဟိုကော်မတီဝင်ဆိုရင် သင်တန်းမတက်လို့ကို မဖြစ်ဘူး ပိုတောင် တက်ရဦးမယ်ဆိုတော့ ကျနော် သင်တန်းသွားတက်တယ်။
တက်တဲ့အခါမှာ ဗဟိုနဲ့ တရက်ခရီးသွားတက်ရတယ်။ အပတ်စဉ် ၆ သင်တန်းပေါ့ဗျ။ တက်ရင်း တညနေပဲ ကျနော်ရယ်၊

ကိုရော်နယ်အောင်နိုင်ရယ်…လမ်းလျှောက်နေကြတယ်။ ပြောရရင် အောင်နိုင်နဲ့ ကျနော် တအားခင်တာပါ။လမ်းလျှောက်နေရင်းနဲ့ ဘာဖြစ်လဲ ဆိုတော့ အဲဒီမှာ ရဲဘော်တွေ ထိုင်နေတဲ့ ၀ိုင်းတ၀ိုင်းပေါ့။

ခေါင်ရည်ထိုင်သောက်နေကြတာ ရဲဘော်တွေ အဲဒီမှာ စကားသံတခုကို ကြားလိုက်ရတယ်။
ကျနော်ရော ကိုအောင်နိုင်ရော ကြားတယ်။ ကျနော်တို့ ဘေးမှာ ဇော်ဇော်မင်း ဆိုတာ ရှိတယ်။

အဲဒီဝိုင်းက ရဲဘော်တစ်ယောက်က  ဘာပြောလဲ ဆိုတော့ အခု ဥက္ကဋ္ဌ လုပ်နေတဲ့ ထွန်းအောင်ကျော်က ထောက်လှမ်းရေး ကွတဲ့…။ အဲဒါ ၁၉၉၀ ကတည်းက စပြောနေတာနော်။
အဲတော့ ကျနော်ကနေ …ဟာ…တဲ့။ ဒီရဲဘော် ဘယ်လို ပြောသလဲပေါ့…။ အဲဒီရဲဘော်ကို ကျနော်က ဘယ်သူမှန်းမသိဘူး။ အဲဒါနဲ့ ဇော်ဇော်မင်းကို မေးတယ်၊ မင်းသူ့ကို သိလား ဆိုတော့ ဇော်ဇော်မင်းက သိတယ်အကိုတဲ့။

သိတယ်အကို..အဲဒါ..ကိုအောင်ဘို …တန့်ဆည်က တဲ့…။

ကျနော်ကလည်း …ဟာ …ဒါမျိုးက မပြောသင့်ဘူး၊ ဥက္ကဋ္ဌ တယောက်ကို ဒါမျိုးတွေ နေတာ မဖြစ်သင့်ဘူးပေါ့။ ဒါအဖွဲ့အစည်းရဲ့ အက်ကွဲကြောင်းကြီးပေါ့။ မဖြစ်သင့်ဘူး ဆိုပြီး ကျနော်က ဘယ်ဋ္ဌာနကလည်း မေးတယ်။

သူက သင်တန်းဋ္ဌာနက ရဲဘော်လို့ပြောတော့ သူတို့သင်တန်းမှူး လှဆိုင်းကို ကျနော် သွားတွေ့ပြီး ပြောမယ်လို့ ကိုအောင်နိုင့်ကို ပြောတယ်။
ကျနော်တို့က ကိုထွန်းအောင်ကျော်ကို အကိုကြီးလို့ ခေါ်ကြတာ။ အောင်နိုင့်ကို ကျနော်က ပြောတယ်။

“အောင်နိုင်…ဒီကိစ္စကို မင်းအကိုကြီးကိုတော့ သွားပြောမနေနဲ့တော့ သူ စိတ်ဆင်းရဲလိမ့်မယ်၊ ငါတို့ လှဆိုင်းဆီသွားပြောမယ်“ ဆိုပြီး အောင်နိုင့်ကို ခေါ်ပြီးတော့ လှဆိုင်းဆီသွားပြောတာ။

အပိုင်း(၅)
ဒူဝါ လှဆိုင်းဆီကိုရောက်တော့ ကျနော်က ပြောတယ်။ သင်တန်းမှူး၊ သင်တန်းသားအနေနဲ့ ပြောမှာမဟုတ်ဘူး၊ ကျနော်က ဗဟိုကော်မတီဝင်တယောက်အနေနဲ့ ပြောမှာလို့ ခင်ဗျား ယုံကြည်စိတ်ချရတဲ့ သူတွေ ခေါ်လိုက်ပါလို့။ ပြောတော့ သူက ခေါ်လိုက်တယ်။အဲဒီမှာ ကျနော်ကလည်း ပြောပြလိုက်တယ်။

“ခင်ဗျား ရဲဘော်ကဗျာ အကိုကြီး(ကိုထွန်းအောင်ကျော်)ကို ထောက်လှမ်းရေးလို့ ပြောတယ်လို့…အဲဒါ ကျနော်တို့အဖွဲ့ရဲ့ အမြင့်ဆုံးလူ ကျနော်တို့ရဲ့ ခေါင်းဆောင်လို့…ဒါမျိုးတွေပြောနေတာ မဖြစ်သင့်ဘူး၊ မပြောရဘူးလို့ …အဲဒါကြောင့် ခင်ဗျားရဲဘော်ကို ခင်ဗျားထိန်း “လို့ ကျနော် က ကိုလှဆိုင်းကို အဲလို ပြောခဲ့တာ။

အဲလိုပြောပြီးတော့ ကျနော်က စိတ်ထဲမှာ မအောင့်တတ်ဘူးအဲဒါနဲ့ ကျနော်က မျိုးဝင်း ဆီကို ချက်ခြင်း စာလှမ်းရေးတယ်။ မျိုးဝင် အမြန်ဆင်းခဲ့ ငါမင်းကို ပြောစရာရှိတယ်ဆိုပြီးတော့။ ရဲမေ ဂျူးဂျူး (ကိုသဲချောင်းရဲ့ ဇနှီး) နဲ့ ထည့်လိုက်တယ်။

အဲဒီမှာ မျိုးဝင်းဆင်းလာတယ်။ မျိုးဝင်းကို ကျနော်က ပြောပြတယ်။ လှဆိုင်းကိုလည်း ငါပြောပြီးပြီ၊ ဒီပြဿနာ မကြီးထွားရအောင် ကိုင်တွယ်ပါလို့ ကျနော်ပြောခဲ့တယ်။

ကျနော်ပြောချင်တာလေး တခုရှိတယ်။ ကျနော်တို့ ဗဟိုကော်မတီဖြစ်ရင် ရဲဘော်တယော်ကို runner အနေနဲ့ ခေါ်ခွင့်ရှိတာပေါ့ဗျာ။   ၁၉၉၀ မှာ ကျနော်တို့ သင်တန်းကိစ္စတွေပြီးလို့ ပြန်တက်ကြတဲ့အချိန်မှာ ကျနော်က runner (ကိုယ်ရံတော်)ခေါ်ဖို့ပေါ့ဗျာ၊ အဲဒီမှာ ကျနော်ကြည့်တယ်ဗျ အများစုကတော့ ကိုယ်နဲ့ နီးစပ်ရာ နီးစပ်ရာကို ခေါ်လေ့ရှိတယ်။ ကိုယ့်ရဲဘော်ကိုခေါ်တယ်၊ ကိုယ့်၇ွာက လူကို ခေါ်တယ်၊ အဲလိုပေါ့ဗျာ ခေါ်ကြတယ်။

ကျနော်က အရမ်းစဉ်းစားတယ်၊ငါ့ရဲ့ runner ခေါ်ရင် ကိုယ့်မြို့ကလူ မခေါ်ဘူး၊ မန်းလေးက ရဲဘော်တွေလည်း ရှိတာပဲ၊ ကျနော်မခေါ်ဘူး။အဲဒါနဲ့ သဘောကျတဲ့ ရဲဘော်လိုက်ကြည့်တော့ စောသက်ထွန်းကို တွေ့တယ်။ သူက ကရင်လေး ဒါနဲ့ ကျနော်သူ့ကို ခေါ်လိုက်တယ်ပေါ့နော။

ကျနော်က နိုင်ငံရေးတာဝန်ယူရတော့ နိုင်ငံရေးစည်းရုံးရေးကာလတွေမှာ အလုပ်လုပ်ရင်းနဲ့ ပြဿနာတခုနဲ့ ကြုံတယ်ပေါ့နော။ အဲဒါက ဘာလဲဆိုတော့ တိုက်ပိတ်ကို ကျနော်ကယ်တဲ့ကိစ္စ။အဲဒါ ဘယ်လိုဖြစ်လဲဆိုတော့ တညနေ စောင်းဗျ ကိုမျိုးဝင်းတဲရှေ့မှာ ထိုင်နေကြတုန်း  ကိုမျိုးဝင်းက ပြောတာဗျ။

“ဒီကောင့်ကို ငါခုတ်ချင်နေပြီ“…တဲ့။

သူက အဲလိုပြောတော့ ကျနော်က မျိုးဝင်း မင်းဘယ်သူ့ကို ပြောနေတာလဲ။ ဘာကြောင့်လဲ ဆိုတော့ တိုက်ပိတ်က စကားပြောကောင်းတယ် သူက ရဲဘော်တွေနဲ့ရော ရဲမေတွေနဲ့ရော အရမ်းအဆင်ပြေတယ်ပေါ့။

“တိုက်ပိတ်ကွာ…“လို့ မျိုးဝင်းက ပြောတယ်။

ကျနော်က မင်းကလဲကွာ လူတယောက်ကို ခုတ်ချင်တယ် ခုတ်ချင်တယ်လို့ လွယ်လွယ်လေး မပြောနဲ့ လွယ်လွယ်လေး မလုပ်နဲ့ လို့ ပြောတော့ မျိုးဝင်းက “ ဒီကောင်က ထောက်လှမ်းရေး“ တဲ့။

ကျနော်က “ မင်းသေချာလား။ အချက်အလက်ရှိလား အချက်အလက်ရှိရင် ငါ့ကို ပေး“လို့ ပြောတယ်။

အဲဒီမှာ သူ ဘာမှ ဆက်မပြောဘဲနဲ့ နောက်ဆုတ်သွားတယ်။ စကားကို လျှောချသွားတာ။

ကျနော်ကလည်း “အေး …မင်း စိတ်ပူရင် တိုက်ပိတ်(သန်းထွန်းစိုး)ကို ငါ့နားမှာ ခေါ်ထားမယ်၊ နောက်ဆုံးကွာ ငါစောင့်ကြည့်ပေးမယ်ကွာ၊ “ ကျနော်က အမှန်တော့ လူ့အသတ်တချောင်းကိုကယ်လိုက်တာပါပဲ၊ သူ စိတ်ပြေအောင်သာ ကျနော်က ပြောလိုက်တာ။

အဲဒီအချိန်မှာဗျာ အဓိက ပြဿနာက ကျနော်တို့က ဒီမိုကရေစီလူ့အခွင့်အရေးဆိုပြီး လာတယ်။ မြောက်ပိုင်းမှာက ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ပျောက်ပြီး စစ်တပ်ပုံဆန်ပေါက်နေတယ်။ စစ်တပ်ပုံဆန်ကို ကျနော်တို့က ကိုင်နေတယ်။

စစ်အစိုးရရဲ့တပ်ကို တိုက်ဖို့ဆိုရင်တော့ ကျနော်တို့မှာလည်း စစ်တပ်ရှိရမယ်လို့ ယူဆတဲ့အယူအဆလည်း ကျနော့်မှာ ရှိတယ် တချက်၊ ဒါပေမဲ့ ကျနော်တို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဖော်ဆောင်တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် တပ်တွင်း ဒီမိုကရေစီလည်း ရှိသင့်တယ်လို့ မြင်တယ်။ နောက် ကျနော်တို့ ရောက်နေတဲ့ အခြေအနေအရ မဟာမိတ်ရဲ့ လွှမ်းမိုးမှုအချို့လည်း ရှိတဲ့အတွက် အဲဒါကိုလည်း ကျနော်တို့က ပါယ်လို့မရဘူး။ အဲတော့ ကိုထွန်းအောင်ကျော်နဲ့ ကျနော်တို့ ဘာပြောဖြစ်လဲဆိုတော့ တပ်ကိုတော့ တဖြည်းဖြည်းချင်းနဲ့ ဒီမိုကရေစီဘက်ကို ဆွဲသွားမှပဲ ဆိုတဲ့ အစီစဉ်လည်း စဉ်းစားမိကြတယ်။

အဲတော့ မျိုးဝင်းကိုလည်း ကျနော်က အချိန်ရတိုင်းပြောတယ်။ အမိန့်နဲ့ အုပ်ချုပ်တာ မကောင်းဘူး မဟုတ်ဘူး ကောင်းတယ်။ ဒါပေမဲ့ တပ်တွင်းဒီမိုကရေစီက လိုကိုလိုတယ်ပေါ့နော။

အဲဒီမှာ ပြဿနာက ဘာလဲဆိုတော့ ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က စာမဖတ်ဘူးဗျ။ အဲဒါက …ပြဿနာဗျ။

ကိုထွန်းအောင်ကျော်က စာဖတ်တယ်။ ကျနော်က ကိုထွန်းအောင်ကျော်တို့လောက် စာမဖတ်ပေမဲ့ ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ခဲ့၊ စာဖတ်တဲ့ သူတွေ သမိုင်းကျေတဲ့ သူတွေနဲ့လည်း တွေ့ခဲ့သူတို့ဆီကလည်း ပညာရတာတွေ ရှိခဲ့တော့ ကိုထွန်းအောင်ကျော်နဲ့ ပြောဆိုလို့ တိုင်ပင်လို့ရတယ်ဗျ။

အဲဒီမှာ ကျနော်တို့ တွေးတာက စစ်တပ်တတပ်ဟာ အတွေးအခေါ် မပြည့်ဝရင် မတည်မြဲဘူး၊ အတွေးအခေါ်ပြည့်ဝအောင် တပ်ဆင်ပေးရမယ်ပေါ့နော်။ ကျနော်က အပတ်စဉ် ၆ ဆိုတော့ ရှေ့က သင်တန်းတက်ခဲ့တဲ့ရဲဘော်တွေကိုတော့ အတွေးအခေါ်နဲ့ပတ်သက်ပြီး မဆောင်ရွက်နိုင်တော့ဘူး။ အဲဒီတော့ ကျနော်စဉ်းစားတာက ဗဟိုကိုတက်တက်နေတော့ တက်မှူးတွေကိုများ နိုင်ငံရေးသဘောတရားတွေ ပေးနိုင်ရင် ရဲဘော်တွေလည်း နိုင်ငံရေးသဘောတရားတွေအတွေးအခေါ်တွေ ရလိမ့်မယ်ဆိုပြီး စဉ်းစားတယ်။

အဲဒီစိတ်ကူးတွေနဲ့ ကျနော်က တပ်မှူးတွေကို ဗဟိုတက်တဲ့ အချိန်တိုင်း ရင်းရင်းနှီးနှီးပေါင်းတယ်။

ကျနော်နဲ့ရင်းနှီးတဲ့ တပ်မှူး ကိုအောင်ဆွေဦး၊ ကိုသာဓု တို့နဲ့ တော်တော်ရင်းနှီးတယ် လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်၊ နိုင်ငံရေးသဘောတရားလေးတွေလည်းပြောဖြစ်တယ်။ အဲဒါကို ဘယ်သူက မျက်စိစပါးမွှေးစူးလဲ ဆိုတော့ ကိုသံချောင်း။

“ဒီနိုင်ငံရေးမှူးက ဘာလဲ…တပ်ကို ဘာလာလာ ရှုပ်တာလဲ“…တဲ့ အဲဒါ သူပြောခဲ့တဲ့ စကား။

နောက်သူက ကျနော့်ကို ငြိုးနေတာ..တဲ့။ ဒါက နောက်မှ စောသက်ထွန်း သာယာဝတီထောင်ကနေ လွတ်မှ သိရတဲ့ စကားတွေနော။အဲလို ငြိုးကြတာတွေကလည်း ဒီကိစ္စတွေကို ဖြစ်စေခဲ့တာပဲ။

တကယ်တော့ မျိုးဝင်းက ထွန်းအောင်ကျော်ကို ငြိုးခဲ့တာ၊ သံချောင်းက  ကျနော့်ကို ငြိုးခဲ့တာတွေက သူတို့အနေနဲ့ သူတို့လူ မဖြစ်နိုင်ဘူးလို့လည်း တွေးပုံရတယ်ပေါ့နော။
အဲဒါကြောင့် ကျနော့်ကို မျိုးဝင်းရယ်၊ သံချောင်းရယ်ပေါင်းပြီးတော့ ပထုတ်တာပေါ့ဗျာနော။

တတိယအကြိမ် ညီလာခံက မာနယ်ပလောမှာ ကျင်းပမှာ အဲဒီမှာ ကျနော့်ကို မျိုးဝင်းက သွားတက်ဖို့ ပြောတယ်ပေါ့နော။ အဲဒီမှာ ဒီလောက်လူတွေအများကြီးမှ ငါ့ကိုရွေးလွှတ်တယ်ဆိုပြီး  ကျနော်က နည်းနည်းမြှောက်သွားတာပေါ့ဗျ။

အမှန်တကယ်တမ်းပြန်စဉ်းစားကြည့်ရင်တော့ ကျနော့်တာဝန်နဲ့ ကျနော့် နေရာက ခရီးမထွက်ရဘူးဗျာ။ နိုင်ငံရေး သင်တန်းတွေ ဆက်တိုက်ပေးပြီး နေရမဲ့ သူဗျ။ တကယ်တမ်း သွားရမှာက ကိုအောင်နိုင်ဗျ (ရော်နယ်အောင်နိုင်) သူက အဲဒီတုန်းက တကယ်သွားသင့်တာ၊ ဒါပေမဲ့ မသွားဘဲ ဘာကြောင့် ကျနော့်ကို လွှတ်တယ်ဆိုတာကို နောက်မှ ကျနော် သိရတော့တာပေါ့ဗျာနော။

အပိုင်း(၆)

တကယ်ဆို  သူတို့ လွှတ်တဲ့ ခရီးကို ကျနော်မသွားဘနဲ့ မျိုးဝင်းဘေးမှာ ကျနော်အမြဲရှိနေ သင့်ခဲ့တာ။ အဲလိုဆိုရင်လည်း  သူ့ကိုတားနိုင်ဖို့ ထက်ခေါင်းပြတ်ဖို့ ကပိုများပါတယ်။


တကယ်တော့ မျိုးဝင်းက ထောက်လှမ်းရေးဖြစ်လိမ့်မယ်လို့ သံသယရှိနေတယ်လို့ တယောက်ပြီး တယောက် သူ ပြောတဲ့ အခါအတိုင်း ကျနော်ကတော့ အထင်နဲ့ လျှောက်  မလုပ်တာအကောင်းဆုံးပဲလို့ အမြဲပြောခဲ့တယ် ။ ခုချိန်မှာ ပြန်စဉ်းစားကြည့်တော့ သူလာတိုင်ပင်တိုင်း ကျနော်အကြံပေးတာကတစ်မျိုး၊
ဖြစ်ဖြစ်နေတော့ ကျနော်မရှိအောင်သူလုပ်ရတော့မှာပေါ့။ အဲဒါကြောင့်လည်း ကျနော့်ကို မာနယ်ပလောကို လွှတ်ခဲ့တာ။


နောက်တချက်က ကျောင်းသားစစ်ကြောရေးအဖွဲ့ ကရဲဘော်တွေက ကျနော်နဲ့ ရင်းနေတယ်။ ဗဟိုကော်မတီ
ကုန်းပေါ်တက်မနေတာလဲပြောမရလို့ သာ။ မျိုးဝင်းမကြိုက်ဘူး။အမှန်က အဲလိုကြီး ကော်မတီသက်သက်ကုန်းကြီး ပေါ်နေကြတာ ကျနော်သဘောမကျဘူး။

ဒါကြောင့်အောက်ဆင်းနေတာ။ကိုယ့်တဲနဲ့ ကိုယ်ပေါ့။နိုင်/စည်းတဲလေ။ အဲဒီမှာကျနော်။ သန်းထွန်းစိုး(တိုက်ပိတ်)။ ကျော်နိုင်ဦး(ကြောင်) စောသက်ထွန်း၊ ခင်မောင်စိုး(အင်းတော်)(သူကခဏနေပြီးရှေ့ တန်းပါသွား) ပြန်တွေးတော့ သက်ထွန်းကလွဲပြီး အားလုံးထောက်လှမ်းရေးဖြစ်ကုန်ရော။ သက်ထွန်းတောင်ယူဂျီလုပ်ရင်းအဖမ်းခံရလို့ သာ။
တကယ်တော့ မြောက်ပိုင်းပြဿနာအားလုံးဟာ မျိုးဝင်းရဲ့ သံသယကြီးလွန်းပြီး လုပ်ပိုင်ခွင့် ချုပ်ကိုင်ချင်လွန်းလို့ ဖြစ်ရတယ်လ်ု့ ကျနော် မြင်တယ်။

အဲဒီအချိန်တုန်းက တိုက်ပိတ်ကိုသံသယဖြစ်ပြီး နောက်ဆက်တွဲ ဌေးမြင့်ဝင်း၊နန်းအောင်ထွေးကြည်၊ခင်ချိုဦးတို့ ကို
မသင်္ကာတဲ့ စကားတွေ မျိုးဝင်းကျနော့ကိုပြောပြတယ်ဗျ။

မျိုးဝင်းက မောင်မောင်ကြွယ်ကိုလည်း ဒီကောင်လေးက အပတ်စဉ်၅တုန်းက ငါ့ကိုရေရေလည်လည် ဝေဖန်တာလို့ ပြောပြီး ငြိုးထားခဲ့တယ်။ သူပြောတာက မောင်မောင်ကြွယ်ကို မသင်္ကာဘူး၊ ထောက်လှမ်းရေးပေါ့။


ဒီစကားကိုမျိုးဝင်းပြောတော့ ကျနော် ချက်ချင်းကန့် ကွက်ခဲ့တယ်။ မင်းကွာ ဒီလောက်အရွယ်လေး သံသယ၀င်စရာလားလို့ ။တကယ်တော့ဗျာ သီဟ၊မင်းဇင်၊မောင်မောင်ကြွယ်ဆိုတာ အကသ (အခြေခံပညာကျောင်းသားများသမဂ္ဂ)မှာနံမည်ကြီးတယ်။ ။ တကယ်တော်တဲ့ ချာတိတ်တွေ။  မင်းဇင်နဲ့ သီဟကမြို့ ပေါ်မှာတွေ့ ဖူးပြီးသား။မောင်မေင်ကြွယ်ကိုတော့ ကျနော်က ခုမှ တွေ့ရတာ။

ဒီကလေးကို စကားပြောကြည့်တော့လည်း ရည်ရည်မွန် မွန်လေးပါ။


မျိုးဝင်းက ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်တဲ့အထဲပါသွားတာတိုင်းပြည်အတွက်ဘယ်လောက်နှမျော
ဖို့ ကောင်းသလဲလို့ လည်း ကျနော်အမြဲတွေးမိတယ်။

အဲဒီကလေးက မျိုးဝင်းက ဓါးနဲ့ ခုတ်ကာနီးမှာတောင် တချက်မမဲ့ဘဲနဲ့ ဟားတိုက်ရယ်မောသွားတာတဲ့…တကယ့်သတ္တိခဲဗျ။

တကယ်တော့ဗျာ သူတို့ အကိုကြီး(ကိုထွန်းအောင်ကျော်)ကို ငြိုးလို့သာ ငြိုးတယ်။ တကယ်ဆို အကိုကြီးက ဘာမှ အပြစ်ပြောစရာမရှိတဲ့ သူပါ။ ဘုရားတရားလည်း လုပ်တယ်။ ဘာသာရေးကိုလည်း တော်တော်လေး လုပ်ခဲ့တာဗျ၊အကိုကြီးက ဘာရေးအပေါ်မှာ သာမန်ယုံကြည်တာမျိုးမဟုတ်ဘူး၊ မိရိုးဖလာယုံကြည်မှုမျိုးလည်း မဟုတ်ဘူး။ နှစ်နှစ်ကာကာ နကနက်နည်းနည်းကို ယုံကြည်ခဲ့တာဗျ ကျနော်သိခဲ့တယ်။ ပြီးတော့ အကိုကြီးက အနုပညာဆိုရင်လည်း သူက ရတယ်။  စိတ်ဓါတ်ကလည်း တော်တော်ကောင်းတဲ့ စိတ်ဓါတ်မျိုး ရဲဘော်တွေနဲ့လည်း တသားတည်းပဲ။

ကိုထွန်းအောင်ကျော်က တကယ့် လူတော်တစ်ယောက်ပါဗျာ။ လေးစိန်နဲ့ သူ့ မှာ ကျနော်တို့ ယူစရာတွေအများကြိး။ မြောက်ပိုင်းမှာသူရေးခဲ့တဲ့သီချင်းတွေရှိတယ်။ ကျနော်မှတ်မိနေတာ(ခေတ်သစ်ဆီ)ဆို တဲ့တစ်ပုဒ်။ ဖျော်ဖြေရေးကလူတွေ အကိုကြီးသီချင်းတွေကိုပြန် ဖော်ထုတ်နိုင်ရင်ကောင်းမယ်။

အကိုကြီးအကြောင်းပြောတော့ ကျနော် ခုချိန်ထိ နင့်နင့်နည်းနည်းခံစားနေရတာလည်း တခုရှိတယ်။

တောင်ပိုင်းသွားခါနီးတရက်မှာ အကိုကြိး ခေါ်တယ်ဆိုလို့ ကော်မတီကုန်းပေါ်က ဥက္ကဋ္ဌတဲကို ကျန်ာတက်သွားတယ်။ တဲထဲမှာ အကိုကြီးတစ်ယောက်တည်း မီးလုံနေတယ်။

ကျနော် ထိုင်ထိုင်ခြင်း မင်းကိုတောင်ပိုင်းမသွားစေချင်ဘူးကွာ။ လို့အကိုကြီးပြောတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ မင်းက လူဟောင်း(ကချင်ကော်မတီ)တစ်ချို့နဲ့လည်း ရင်းနီးတယ်။ လူသစ်(မြောက်ပိုင်းကော်မတီ) အများစုနဲ့လည်း ရင်းနှီးတယ်။ မင်းမရှိရင် တစ်ခုခု အဆင်မပြေဖြစ်မှာ ငါစိုးရိမ်တယ်လို့ အကိုကြီးက ပြောတယ်။

ကျနော်ကလည်း သွားချင်နေတဲ့ သူဆိုတော့ အောင်နိုင်လည်း ရှိနေတာပဲ အကိုကြီးရာ လိုအပ်ရင် သူ့ကိုတိုင်ပင်လို့ရတာပဲ။ အဲဒီမှာ သူဆက်ပြောတာက …။

''မျိုးဝင်းနဲ့သံချောင်းက တစ်ခုခုကြံစည်နေသလိုပဲ။ ငါ့စိတ်ထဲတစ်မျိုးကြီးကွာ'' တဲ့ သူက ပြောသေးတယ်။ အဲလို။

ကျနော်ကလည်း  စိတ်သိပ်မပူပါနဲ့ အကိုကြီးရာ မျိုးဝင်းကိုလည်း ကျနော် သေချာပြောပြီးပါပြီ။ အောင်နိုင်ကိုလည်း မသွားခင် သေချာမှာခဲ့ပါမယ်လို့ ပြောခဲ့တယ်။

မှတ်မှတ်ရရ အဲဒီနေ့က အကိုကြီးမျက်နှာ ညှိုးနေတာကျွန်တော် ခုထိမြင်ယောင်တုန်းပဲ။

အောင်နိုင်က အဲဒီအချိန်က ဗန်းမော်ရင်းမှာ ကျနော်နဲ့်အတူ ခရီးသွားမဲ့ တရုတ်စကားပြောတက်တဲ့ ရဲဘော်ကိန်းမြင့် ကလည်းအဲဒီမှာ။  ဒါကြောင့် ကိန်းမြင့်ကို ရွှေလီလာဖို့ ကြေးနန်းလှမ်းရိုက်ရင်း အောင်နိုင်(ရော်နယ်အောင်နိုင်)ကိုပါ တစ်ခါတည်းလာဖို့ ပြောဖြစ်တယ်။

ဒါပေမယ့် အောင်နိုင် ရွှေလီကို ရောက်မလာခဲ့ဘူး။ ကျနော်လည်း အောင်နိုင်ကိုဘာမှ ပြောမပြနိုင်ခဲ့ဘူး။ အဲဒီတုန်းကတော့ အမှတ်တမဲ့ပါပဲ။ ခုတော့ ........အဲလိုမှန်းသာ သိရင်  ကျနော်…။

အပိုင်း(၇)


ကျနော်က ၁၉၉၀ ခုနှစ်ကုန်ပိုင်းလောက်မှာ မြောက်ပိုင်းကနေ စထွက်ခဲ့တယ်။ကျနော်တို့ အဖွဲ့မှာ ဦးစီးလှဌေး၊ ကိန်းမြင့် နဲ့ဆိုတော့ အားလုံးသုံးဦးပေါ့။

ပထမဆုံးရွှေလီ အဲဒီကမှ မန်ရှီမြို့ကိုသွားတယ်။ အဲဒီမှာက ဝသပ(ဝပြည်သွေးစီးညီညွှတ်ရေးပါတီ)က ဗိုလ်မှူးခွန်အိုက်နဲ့တွေ့တယ်။ မုန်းကိုးကို ဆက်သွားကြတယ်။ မုန်းကိုးက တစ်ဆင့် တောလမ်းအတိုင်း ခရီးဆက်တယ်ပေါ့နော။ အဲဒီမှာ ကိုးကန့်ရဲဘော်တစ်ချို့လိုက်ပို့တယ်။ လမ်းမှာ ကချင်ရွာတစ်ချို့ဖြတ်ခဲ့ရတယ်။ အဲဒီတော့မှ ရှမ်းပြည်နယ်ထဲမှာ ကချင်ရွာတွေရှိတာကို သိတာ။

ညနေစောင်းလောက်မှာ မုန်းယား(မှတ်မိသလောက်)ဆိုတဲ့ ရှမ်းရွာကို ရောက်တယ်။ ဘုန်းကြီးကျောင်းဘေးက ချောင်းထဲမှာ(မင်းဘူးကျောင်းတော်ရာကလိုမျိုး) ငါးကြီးတွေ ရှိတာကို ထူးထူးခြားခြား မှတ်မိခဲ့တယ်။

နှစ်ရက်လောက်ဆက်လျှောက်ပြီး သံလွင်မြစ်ကို ရောက်တယ်။ ခရီးစဉ်တစ်လျှောက်လုံး သံလွင်ကို သုံးခါလောက်ဖြတ်ခဲ့ရတယ်။ ပထမဆုံးဖြတ်တာက ကိုးကန့်နယ်ထဲမှာ စက်တပ်ထားတဲ့ ဝါးဖောင်နဲ့ ကူးခဲ့ရတာ။ နောက် တာ့ရွှေထန်ကိုရောက်တယ်။ ညအိပ်ပြီး မနက်ဆက်လျှောက်တော့ လောက်ကိုင်၊ လောက်ကိုင်ကနေ ဂျစ်ကားနဲ့ ခရီးဆက်တာ ညနေစောင်းလောက်မှာ ချင်းရွှေဟော်ကို ရောက်တယ်။

အဲဒီအချိန်က ကိုးကန့်ဒေသက အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အချိန် ကျနော်တို့က ကိုးကန့်ရဲဘော်တွေအဖြစ် ခရီးသွားရတာ ချင်းရွှေဟော်ကမှ တရုတ်ပြည်ထဲဝင်ပြီး ကားနဲ့ခရီးဆက်တယ်။ မှတ်မိသလောက်တော့ ဝနယ်စပ်ရောက်တဲ့အထိပါပဲ။ ဆောင်ဖာဆိုတဲ့ မြို့သေးသေးလေး မှတ်မှတ်ရရ ဝသပပါတီရဲ့ အတွင်းရေးမှူး ဦးကျောက်ညီလိုင်းအိမ်မှာတည်းရတယ်။ သူကဗမာစကားမတတ် ကျနော်က တရုတ်စကားမတတ်တော့ ဦးကျောက်ညီလိုင်းနဲ့ စကားမပြောခဲ့ရပါဘူး။ ဒါပေမဲ့ သူကိုယ်တိုင် ယုံသားဟင်းချက်ကျွေးတာလည်း မှတ်မိနေပါသေးတယ်။

ဆောင်ဖာကတစ်ဆင့် ဦးကျောက်ညီလိုင်း သမက်ကားကြုံနဲ့ ဝမ်လင်းဆိုတဲ့ ဝမြို့လေးကို သွားတယ်။ ဝလူမျိုးတွေက စကားပြောသံသာ မကြားရရင် တကယ့်အညာသားရုပ်တွေပဲ။ မုန့်ညှင်းနဲ့ ဘိန်းက လွဲပြီး တစ်ခြားသီးနှံစိုက်မရဘူးလို့ သူတို့ပြောကြတယ်။ ဝနယ်တစ်လျှောက်လုံး လမ်းဘေးမှာ အတွေ့များတာကတော့ ရောင်စုံပန်းတွေနဲ့ လှပနေတဲ့ ဘိန်းခင်းတွေပါပဲ။ (အခုတော့ မရှိလောက်တော့ပါဘူး) ဝမ်လင်းကမှ ဝမြို့တော်ပန်ဆန်းကို ခရီးဆက်တယ်။

မှတ်မှတ်ရရ ထုံးကားကြီးနဲ့ လိုက်ခဲ့ရတာ။ ပန်ဆန်းရောက်တော့ ဝသပကော်မတီဝင် ဦးဇော်မိုင်နဲ့ တွေ့တယ်။ သူစီစဉ်ပေးလို့ ဦးကရိန်နော်အိမ်မှာ တည်းရတယ်။ ဝလူမျိုးအများစုကတော့ ဆင်းရဲကြပါတယ်။ ထူးခြားချက်အနေနဲ့ အဲ့ဒီအချိန်က ဝဒေသမှာ အစိုးရပိုက်ဆံသုံးလို့ မရဘူး။ တရုတ်ငွေနဲ့ အင်္ဂလိပ်ဂျော့ဘုရင် ဒင်္ဂါးပြားတွေပဲ လက်ခံတယ်။ အဲ့ဒီဒေသတွေမှာကတော့ ငါးရက် တစ်ဈေးပုံစံနဲ့ အရောင်းအဝယ်လုပ်ကြတယ်။ ဈေးနေ့ကျတဲ့ရွာမှာ လူစည်ကားတယ်။

ပန်ဆန်းရောက်တော့မှပဲ ကွန်မြူနစ်စာအုပ်တွေ အများကြီးဖတ်ရတယ်။ လက်တွေ့ကျမ်း၊ ပဋိပက္ခကျမ်း၊ ရေသောက်မြစ်သုံးသွယ်၊နိုင်ငံတော်အာဏာ-စသဖြင့် အစုံပါပဲ။ ပန်ဆန်းဆိုတာက တောင်ကုန်းတွေကြားထဲက ချိုင့်ထဲမှာရှိတဲ့ မြို့တစ်ခု။ နေကို ၁၂-နာရီကျော်မှ စမြင်ရပြီး ၃-နာရီကျော်ရင် ပျောက်သွားရော။ ပန်ဆန်းမှာ ဒီပီအေ(ဒီမိုကရေစီ ပြည်ချစ်တပ်မတော်)က ရဲဘော်တွေနဲ့လည်း တွေ့ရတယ်။

အဲဒီမှာ ကျနော်နဲ့ တစ်နယ်ထည်းသား(တံတားဦး) မန္တလေးတက္ကသိုလ် ရူပဗေဒ-က ဆရာကိုကျော်စိုးကိုတွေ့တယ်ဗျ။ ကျန်ရဲဘော်တွေက မိုးကုတ်က များတယ်။ ပြုံးချို၊ စိုးနိုင်၊ မြင့်အောင်၊ ထင်ကျော်၊ ဝက်လက်က ဇော်ထွန်း၊ တစ်ချို့တော့ မမှတ်မိတော့ဘူး။ ပန်ဆန်းကနေ ဝစစ်ကြောင်းတစ်ခုနဲ့ ၉၁-ဖေဖဝါရီလောက်မှာ ခရီးဆက်ထွက်တယ်။ ဒီတစ်ခါ သံလွင်ကို ကူးရတာ အသည်းထိတ် ရင်ဖို။ ဝါးပိုးဝါး နှစ်လုံးကို တွဲချည်ပြီး တစ်ခါကူး နှစ်ယောက် ဖြတ်ရတာကိုး။

 အနောက်ဖက်ကမ်းရောက်တော့ ရှမ်းရွာတွေ တွေ့တယ်။ ခရီးသွားရင်း ဟန်းငိုင်းလမ်း(ရှမ်းပြည်တောင်မြောက်ဆက်သွယ်သောလမ်း)ကို ဖြတ်ရတာလည်း သတိရမိပါသေးတယ်။ ပလောင်ရွာတစ်ချို့ကိုလည်း ဖြတ်ရတယ်။ ပလောင်တွေက ဆွေစဉ် မျိုးဆက် တဲရှည်ကြီးတွေ ဆက်နေကြတာများတယ်။ တိရိစ္ဆာန်မျိုးစုံလည်း မွေးကြတယ်။ တစ်ချို့ပလောင်ရွာတွေက တောင်ထိပ်တွေမှာ သူတို့ပြောစကားအရ ရန်သူတွေ လာမတိုက်နိုင်အောင် အမြင့်ဆုံးကို တက်နေကြတာပြောတယ်။ မိုင်းကိုင်မြို့နဲ့ မလှမ်းမကန်းက ဖြတ်ပြီး ခရီးဆက်တယ်။ ကျိုင်းတုံ-တောင်ကြီးကားလမ်းကို ဖြတ်ပြီး မိုင်းပွန်မြို့နဲ့ မဝေးတဲ့ တောင်ကုန်းပေါ်က ရွာလေးအရောက်မှာတော့ ဝသပစစ်ကြောင်းနဲ့ လမ်းခွဲပြီး ရလလဖ(ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့)နဲ့ ခရီးဆက်ရတယ်။ မဲနယ်တောင်ရောက်တော့ ရလလဖ-ဥက္ကဋ္ဌ ဦးတာကလယ်တို့ အဖွဲ့နဲ့ ဆုံတယ်။ ရလလဖ-ကို ပအို့အနီအဖွဲ့လို့လည်း ခေါ်ကြတယ်။

ပအို့လူမျိုးတွေကတော့ ဘာသာရေးကို အထူးရိုသေလေးစားကြတယ်။ ရွာတစ်ရွာရောက်လို့ သွပ်မိုးပျဉ်ကာ အဆောက်အအုံကြီးကြီးတွေ့ရင် ဘုန်းကြီးကျောင်းသာမှတ်လိုက်။ အဲ့ဒီရွာတွေမှာ ဘုန်းကြီးကျောင်းပညာရေးဟာ ခေတ်စားနေဆဲ။ ပအို့လူမျိုးတွေက ဝတ်စားဆင်ယင်မှု သပ်ရပ်တယ်။ ရလလဖ-အဖွဲ့ကပဲ ကျွန်တော်တို့ကို ထိုင်းနိုင်ငံထဲထိ ဗိုလ်မှူးချစ်မောင်ကိုယ်တိုင် လိုက်ပို့တယ်။ တိုင်းရင်းသားဒေသတွေကို ဖြတ်သွားတော့မှ သူတို့ရဲ့ ဓလေ့စရိုက်တွေကို ပိုသိလာတယ်။

တိုင်းရင်းသားတွေက အရမ်းရိုးသားတယ်။ ရောင့်ရဲတင်းတိမ်တတ်ကြတယ်။ ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေကြောင့် ဗမာရော စစ်တပ်ရော မုန်းကြတယ်။ ဒါကတော့ စိတ်မကောင်းစရာပေါ့ဗျာ။

လမ်းခရီးအသေးစိပ်ရေးဖို့ တစ်ချို့နေရာတွေ မမှတ်မိတော့ဘူး။ လမ်းမှာတွေ့ခဲ့ရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကတော့ ရလလဖ-က ဗိုလ်မှူးကြီးစိန်ရွှေ၊ ဗိုလ်မှူးချစ်သာ၊ ဗိုလ်ကြီးမြင့်ဦး၊ ကလလတ(ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး)ဥက္ကဋ္ဌ ဦးညာမောင်မဲ၊ ဗိုလ်မှူးသက်ဖော-စသဖြင့်ပါပဲ။ ရှမ်း၊ ကချင်၊ဝ၊ ပလောင်၊ ပအို့၊ လားဟူ၊ အခါ၊ ကယန်း(ပဒေါင်)၊ကရင်နီ(ကယား)စတဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ခဲ့ရတယ်။ ဒီလိုနဲ့ပဲ ၁၉၉၁-အေပြီလမှာ မာနယ်ပလောမှာရှိတဲ့ ကျောင်းသားတပ်မတော်ဗဟိုဌာနချုပ်ကို ရောက်ပါတယ်။

ကျွန်တော်ဗဟိုကိုရောက်တော့ အေဘီဗဟိုကော်မတီအများစုနှင့် တွေ့ရတယ်။ အေဘီဗဟိုက မာနယ်ပလော လောခွါးလူ ကုန်းပေါ်မှာရှိတယ်။ အောက်မှာက သောင်ရင်းမြစ်တောင်ကနေ မြောက်ကို စီးနေတယ်။

အဲဒီမှာ အာအိုင်တီက သူငယ်ချင်းတွေလည်း တွေ့ရတယ်။ ကျော်ထင်၊(မင်းသမီး)၊ နေမျိုးအောင်(ပြောင်ကြီး-မြစ်ကြီးနား)၊ သိန်းထိုက်ဦး(ကျောက်ပန်းတောင်း-ယခု ဗွီအိုအေ) ဗဟိုကော်မတီတွေကတော့ အားလုံးဖော်ဖော်ရွေရွေပါပဲ။ ထူးထူးခြားခြား ကိုမွန်းအောင်ကိုလည်း တွေ့တာမှတ်မိတယ်။

အဲ့ဒီအချိန်က အဘဦးအေးမြင့်(ဒုဗိုလ်မှူးကြီး)လည်း အေဘီဗဟိုမှာ ရှိနေတယ်။ ဗဟိုမှာ ဆရာဝန်တွေ ရှေ့နေတွေ အခြားပညာတတ်တွေ အများကြီးတွေ့ရတော့ အဖွဲ့အတွက် အရမ်းအားတက်မိတယ်။ ကျွန်တော်တို့လို ကျောင်းတက်နေဆဲ လူငယ်တွေအတွက် တကယ်အားကိုးစရာ နောင်တော်ကြီးတွေလို့လည်း ယုံကြည်တယ်။ ညီလာခံက သြဂုတ်လမှာ စမှာမို့ ကြားထဲမှာ အောက်ဘက်က တစ်ခြားစခန်းတွေကို လေ့လာရေးသွားဖြစ်တယ်။ ဗဟိုဆေးရုံက ဒေါက်တာမြင့်ချိုနဲ့ ဝါးခစခန်းက ဆရာဦးယုနွယ်တို့ဟာ တကယ်လေးစားစရာကောင်းတဲ့ သူတွေပါ။


အပိုင်း(၈)

မာနယ်ပလောကို ရောက်တော့ နဂိုကြားတာက ဇွန်လလောက်မှာ တတိယအကြိမ်ညီလာခံစမယ်လို့ ကြားထားခဲ့တာ။ ဒါပေမဲ့ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သြဂုတ်မှာ စမယ်တဲ့။ အဲတော့  ကျနော်က အချိန်ရပြီး အားသွားတယ်။ အားသွားတော့ တောင်ပိုင်းမှာ ရှိတဲ့ စခန်းတွေရဲ့ တည်ဆောက်ပုံတွေကို လေ့လာမယ်ပေါ့၊

ကျနော်တို့မြောက်ပိုင်းမှာအတွက်လည်း အကျိုးရှိအောင် လေ့လာမယ်လို့ စိတ်ကူးတယ်။ အဲဒါနဲ့ စခန်းတွေ တော်တော်များများကိုသွားဖြစ်ခဲ့တယ်။
ကျနော် မင်းသမီးစခန်းရောက်တယ်၊ နောက် ၁၀၁ ဖုရားသုံးဆူစခန်းရောက်တယ်။ ၀မ်ခါးကိုရောက်တယ်။ နောက် ၂၀၈ ကိုလည်း ကျနော်သွားတယ်။ ၂၀၇ ရေကျော်ကိုလည်း သွားတယ်။ နောက် ၂၁၀၊ ၂၀၉  ကိုလည်း ကျနော် သွားတယ်။

၂၀၉ ကတော့ ကျနော့်ရင်ထဲမှာ ယနေ့ထိ မနေ့နိုင်တဲ့ တပ်ရင်းတခုပါပဲ၊ မြောက်ပိုင်းပြီးရင်တော့ ကျနော့်အတွက် မိသားစုတပ်ရင်းတခုလို နွေးထွေးတဲ့ တပ်ရင်းပါ။အဲဒီမှာ သူငယ်ချင်းတွေလည်း ရှိတယ်။ ညီလာခံမစခင် သံလွင်စခန်းမှာနေဖြစ်တယ်။ စခန်း ကော်မတီနဲ့ ရဲဘော်အားလုံးကလည်း အရမ်းရိုသားကြတယ်။ အိုးသားလေး၊ ပလဲနေတာပဲဆိုတဲ့ ဒေသသုံးစကားလုံးလေးတွေကလည်း မမေ့နိုင်စရာ။ စခန်းဥက္ကဋ္ဌ စိုင်းမြင့်သူကလည်း ကျနော်တို့ စက်မှုတက္ကသိုလ်က။ ပြီးတော့ ကျောင်းက ကျော်မိုးရှိတယ်။ အတွင်းရေးမှူးမြင့်ဦး၊ အောင်နိုင်၊ မနှဲ၊ မည်းကြီး၊ စဖိုဆောင်က ကိုမင်းသိမ်း၊ ကိုငွေထွန်း၊ နောက်ပြီး ၊ တပ်ရင်းမှူးမောင်မောင်ဦး၊ သိန်းဆန်း၊ ကိုဒီ၊ ကိုတိတ်၊ ခင်ကျော်၊ ကျွန်တော့ကြောင့် အဖမ်းခံရတဲ့ ဆရာနေဝင်းအောင်၊ သေသွားရတဲ့ အောင်သူအားလုံးဟာ မမေ့နိုင်စရာပါပဲ။

အဲလိုဆိုတော့ ၂၀၉ တပ်ရင်းမှာပဲ ကျနော်က အားတဲ့အချိန်တွေမှာ နေဖြစ်တာ များတယ်။ သူငယ်ချင်းတွေရှိလို့ ဒီတပ်ရင်းကို ရွေးချယ်တဲ့အပြင် တတိယအကြိမ်ညီလာခံကလည်း သံလွင်စခန်းမှာလုပ်မှာ အဲဒါကြောင့်လည်း နေတာပေါ့နော။


တတိယအကြိမ် ညီလာခံက သြဂုတ် ၁၁ ရက်နေ့လောက်မှာစတယ်။ အဲဒီမှ ဘာကိုသွားတွေ့လဲဆိုတော့ အုပ်စု ၂ စု တိုက်ပွဲကိုသွားတွေ့တယ်။

ကိုမိုးသီးဇွန်တို့ အုပ်စုနဲ့ ဒေါက်တာနိုင်အောင်တို့ အုပ်စုရဲ့ တိုက်ပွဲကိုသွားတွေ့တယ်။ အဲဒီတုန်းက ကိုမိုးသီးဇွန်တို့ဘက်က အမာခံတွေကဘယ်သူတွေလည်း ဆိုတော့အခု ဗဟုမှာရောက်နေတဲ့ ကိုအောင်သူငြိမ်း၊ နောက်တခါ အခုကယန်းပြည်သူ့ပါတီမှာ လုပ်နေတဲ့ ဗိုလ်မှူးစောလွင်ပေါ့၊ နောက် ဘီဘီစီကိုရင်မောင် အဲဒီတုန်းကတော့ကိုဝင်းနိုင်ဦးပေါ့…သူတို့တွေက မိုးသီးဇွန်ရဲ့ အမာခံတွေပေါ့။

ကိုအောင်နိုင်(ဒေါက်တာအောင်နိုင်)ဘက်က အမာခံဘယ်သူတွေလည်း ဆိုတော့ ခု ဒီဗီဘီက ကိုခင်မောင်ဝင်း၊ နောက် ဒေါက်တာသောင်းထွန်း၊ နောက် ဒေါက်တာ ကျော်သက်ဦး၊ အဲဒီလူတွေက ဒေါက်တာနိုင်အောင်၇ဲ့ အမာခံတွေပေါ့။

အဲဒီအုပ်စု ၂ စုကဗျ စခန်းတွေထဲမှာ သူတို့လူဖြစ်အောင်တော့ လိုက်စည်းရုံးနေကြတာပဲ များတယ်ဗျ။ အဲဒီထဲမှာ ကြားလိုမျိုး ဘယ်ဘက်မှ မပါဘဲ လွတ်နေတာက မင်းသမီးရယ်၊ ကျနော်တို့ မြောက်ပိုင်းရယ်က အဲဒီအချိန်မှာ ဘယ်ဘက်မှ မပါဘဲ ရှိနေခဲ့တာ။ ဒေါက်တာနိုင်အောင်လူလည်း မဟုတ်ဘူး၊ မိုးသီးဇွန်ရဲ့ လူလည်း မဟုတ်ဘူး။ အဲလိုသဘောမျိုးဖြစ်နေတာပေါ့။

ကျနော်တို့မြောက်ပိုင်းက လူတွေကို ဟိုဘက် အုပ်စုကလည်း လာစည်းရုံး၊ ဒီဘက်အုပ်စုကလည်း လာစည်းရုံးနဲ့ပေါ့ ကျနော်တို့လည်း စည်းရုံးတာ ခံရတာပေါ့ဗျနော်။အဲလိုနေရင်း နေရင်းနဲ့ဗျ တော်လှန်ကော်မတီပြဿနာတွေ ဖြေရှင်းတယ်ဗျ။ ပြီးတော့ အောက်ပိုင်းမှ သေဒဏ်ပေးတဲ့ ကိစ္စတွေပြောကြတယ်ဗျ။အောက်ပိုင်းမှာကျတော့ ဒီလိုဗျ သေဒဏ်က ပေးချင်တိုင်း ပေးလို့မရဘူး။ သေဒဏ်ပေးမယ်ဆိုရင် ဆိုင်းငံ့ပြီးမှ ညီလာခံကိုတင်ရတာ။ ညီလာခံက သဘောတူပြီးမှ သေဒဏ်ပေးရတာ။

အဲဒီမှာ ကျနော်ပြောချင်တာ တခု ရှိတယ်ဗျ ဒေါက်တာနိုင်အောင်တို့ ပြောနေတာက မြောက်ပိုင်းက သူ့ဖွဲ့စည်းပုံနဲ့ သူပါ၊ သူတို့ တားလို့မရပါဘူး ဆိုတာကိုလေ  အဲဒါက မဟုတ်ဘူးဗျ၊ တတိယအကြိမ်ညီလာခံမှာ ကျနော်တို့ တောင်းခဲ့တယ်ဗျ။ ကျနော်တို့က ဗဟိုရဲ့ အုပ်ချုပ်မှုအောက်မှာ မို့လို့သာ ဒုတိယအကြိမ်ညီလာခံတွေ ကိုလည်း ကျနော်တို့ ဆီက လွှတ်တယ်။ တတိယအကြိမ်ကိုလည်း ကျနော်တို့ လာတယ်။ ကျနော်တို့က ဗဟိုရဲ့ ဦးဆောင်မှု အောက်မှာပဲ အမြဲ ရှိနေခဲ့တယ်။ ဗဟိုရဲ့ ဆုံးဖြတ်မှု ဦးဆောင်မှုကို ဘယ်တုန်းကမှမကျော်ဘူး။

အဲဒီမှာ ကျနော်တို့က ဘာကိုတောင်းခဲ့လဲဆိုတော့ မြောက်ပိုင်းက သီးခြားအုပ်ချုပ်မှုဆိုရင် ဗဟိုက ခွင့်ပြုပေးဖို့ပေါ့။ဘာကြောင့်လဲဆိုတော့ မြောက်ပိုင်းက တောင်ပိုင်းထက် စာရင် စစ်တပ်ပုံစံအုပ်ချုပ်မှုပိုင်းက ကဲတယ်။ တပ်တွင်း ဒီမိုကရေစီနည်တော့ အဲဒါကို ပြေလည်စေချင်တဲ့အတွက်ကျနော်တို့က တောင်းဆိုခဲ့ကြတယ်။လူတွေကို လက်လွတ်စပါယ်ခုတ်သတ်ဖို့ တောင်းတာမဟုတ်ဘူးနော်၊ သဘောတရားက။

အဲဒီညီလာခံမှာပဲဗျ ကိုမိုးသီးဇွန်နဲ့ ကိုနိုင်အောင်နဲ့ တဖက်တိုက်ကြရင်း တိုက်ကြရင်းနဲ့ ကိုမိုးသီးဇွန်က အခြေအနေမကောင်းတော့ဘူး။

အဲဒီမှာကိုမိုးသီးရဲ့ အကျင့်ရှိတယ်ဗျ၊ သူမြို့ပေါ်မှာတုန်းကလည်း လူ့ဘောင်သစ်ပါတီမှာလည်း ဒီလို အကျင့်ပေါ့ နိုင်ငံရေးနဲ့ ပတ်သက်ရင် ဖောက်ခွဲပစ်လိုက်တာမျိုး လုပ်တယ်၊ စတန့်တအားထွင်တာ။ အဲဒီမှာ ပြဿနာက စတော့တာပဲ။

ကေအိုင်အေက ပို့လိုက်တဲ့ မြောက်ပိုင်းမှာ ထောက်လှမ်းရေးတွေ ဖမ်းမိတယ်ဆိုတဲ့ ကြေးနန်းကို  မိုးသီးဇွန်က သူကိုင်ပြီးတော့ စဖောက်တော့တာပဲ။ သူက ဥက္ကဋ္ဌဟောင်းတယောက်မို့ကေအိုင်အေက ပေးလိုက်တာပေါ့ဗျ။ တကယ်တမ်းမှာ သူလုပ်သင့်တာက  မြောက်ပိုင်းက ကိုယ်စားလှယ်တွေကိုခေါ်ပြီးတော့ ဒီလိုကြေးနန်းရထားတယ်၊ ဘယ်လိုလဲဆိုပြီး တိုင်ပင်သင့်တာပေါ့ဗျ။

မိုးသီးဇွန်က အဲလိုမဟုတ်ဘူး။ သူက ညီလာခံထဲကို ဒီကြေးနန်းကြီး ကိုင်ပြီး ၀င်လာတယ်။ အဲဒီနေ့က တာဝန်ကျတဲ့ သဘာပတိကို သူက ကြော်ငြာစရာရှိတဲ့အကြောင်းပြောပြီး ကြေးနန်းကြီးကိုင်ပြီး သူက ပြောလိုက်တယ်။.

“မြောက်ပိုင်းမှာ ရန်သူ့လူတွေ ဖမ်းမိနေပြီ…ဆိုတော့ ဒီညီလာခံထဲမှာလည်း ရန်သူ့လူ ဘယ်နှစ်ယောက်ရှိနေပြီလဲ မသိဘူး“ ဆိုပြီး စတော့တာ။ဆိုလိုချင်တာက အခုဒီညီလာခံမှာ သူ့ကိုတိုက်နေတဲ့ အဖွဲ့က ရန်သူ့လူတွေလို့ သူက ဆိုလိုချင်တာပဲ။

သူအဲလို လုပ်တာ မကောင်းဘူး၊ ကျနော့်တအား စိတ်ဆိုးတာ။ အသားကို တုန်နေတာ။ ကျနော်တုန်လှုပ်နေတာ မဟုတ်ဘူးနော်၊ ဒေါသဖြစ်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေတာ။မလုပ်သင့်တာကို လုပ်တယ်ဗျာ၊ မပြောသင့်တာကို ပြောတယ်။ အဲဒီကနေပြဿနာက စသွားတာ။

အဲဒီမှာ ကျနော်က ချက်ခြင်းထတာ။

“ကိုမိုးသီး ခင်ဗျား…စကားကို အရမ်းမပြောပါနဲ့၊ ကျနော် မြောက်ပိုင်းက လာတဲ့ ရဲဘော်၊ မြောက်ပိုင်းအကြောင်းကို ခင်ဗျားထက် ကျနော်ပိုသိတယ်၊ ခင်ဗျား ဘာမှ မသိဘဲနဲ့ ရန်သူ့လူတို့ ဘာတို့ မစွပ်စွဲပါနဲ့“…

အဲဒီတုန်းက မြောက်ပိုင်းမှာ တခုခုဖြစ်ပြီဆိုတာတော့ အတွေးထဲမှာ ကျနော်သိလိုက်ပြီ မျိုးဝင်းတခုခုတော့ လုပ်ပြီပေါ့။ဒါပေမဲ့ ကိုထွန်းအောင်ကျော်တို့ကို ဖမ်းထားတာလား ဘာလားဆိုတာတော့ ကျနော်မသိသေးဘူပေါ့ဗျာ။

“ကိုမိုးသီးအဲလို မလုပ်ပါနဲ့ မြောက်ပိုင်းမှာ ရန်သူ့လူလို့ စွပ်စွဲတယ်ဆိုတာ တခုခု မှားနေတာ၊ အဲဒီပြဿနာက ဖြေရှင်းလို့ရတဲ့ ပြဿနာပါ၊ ခင်ဗျား ဒီလို မလုပ်သင့်ဘူး“လို့ အဲလိုပြောတုန်းမှာပဲ ဗျာ၊ မြောက်ပိုင်းက ကိုလှဋ္ဌေးက ကျနော့်ကို ဇွတ်ဆွဲပြီး ထိုင်စေတာ။ ကျနော် မတပ်ရပ်ပြီး ပြောနေတာကို ဇွတ်ထိုင်ခိုင်းတာ။ ဆွဲထိုင်တာ။

ပြီးတော့ သူထပြောတ။

“မြောက်ပိုင်း ပြဿနာ ညီလာခံမှာ မရှင်းနဲ့ ကျနော်တို့ ဟာ ကျနော်တို့ ရှင်းမယ်၊ ခင်ဗျားတို့ နှစ်ယောက် ကိုယ့်ပြဿနာသာကိုယ်ရှင်း “ ဆိုပြီး သူထ ပြောတာ။
အဲလိုတွေဖြစ်ကုန်တော့ မြောက်ပိုင်း ပြဿနာက ညီလာခံမှာ မတင်ခဲ့ရဘူးဗျ၊ ပြန်စဉ်းစားကြည့်ရင်တော့ အဲဒါ အမှားတခုဗျ။ အဲဒီတုန်းကသာ မြောက်ပိုင်း ပြဿနာကို ညီလာခံမှာ တင်ပြဆွေးနွေးခွင့်ရခဲ့ရင် ခုလို လူသတ်မှုမျိုးတွေ ဖြစ်ချင်မှ ဖြစ်ခဲ့မှာပါ။ ဒါ…ကျနော် ပြန်တွေးမိတဲ့ အတွေးပေါ့လေ။

အဲဒီအချိန်မှာ မဟာမိတ်ကလည်း မင်းတို့စိတ်ပူနေတယ်ပေါ့ စစ်ရေး စိတ်ပူတာတွေရော ဘာတွေရောနဲ့ဆိုတော့ ညီလာခံကို သံလွင်စခန်းမှာ မလုပ်တော့ လုံခြုံရေး စိတ်မချရဘူ့း  မာနယ်ပလောကို ပြောင်းခဲ့ဆိုလို့ အဲဒီအချိန်မှာ ညီလာခံဥက္ကဋ္ဌက ကိုကိုဦး၊ ကိုကိုဦးကလည်း ဒါဆို မာနယ်ပလောကို ပြောင်းကြမယ်ဆိုပြီးတော့ မာနယ်ပလောကို ပြောင်းတာပေါ့နော်။

အဲဒီမှာ ဗိုလ်ချုပ်မြကိုယ်တိုင်လာတယ်။ ကျောင်းသားတွေ ပြေလည်အောင်ညှိုကြပေါ့။  ပေါင်းကြပါ ပေါ့နော်။ အဲလိုလည်းပြောခဲ့တယ်။ ပြောမယ်ဆိုရင်တော့ဗျာ ကျနော်တို့ရဲ့ စည်းရုံးရေးလမ်းစဉ်၊ နိုင်ငံရေးလမ်းစဉ် အကုန်လုံးပြေလည်တယ်ဗျ။ ပြဿနာက ဗဟိုကော်မတီခွဲတဲ့ နေရာမှာ ပြဿနာပဲ။ လုကြတာပေါ့ဗျ ပြီးတော့ သူ့လူ ဘယ်နှစ်ယောက်၊ ငါ့လူဘယ်နှစ်ယောက်နဲ့ ကိုမိုးသီးဇွန်နဲ့  ကိုနိုင်အောင်နဲ့ ပြဿနာ။

အဲဒီမှာ သူတို့ နှစ်ယောက်က ဘယ်လိုမှ ညှို မရဘူး။ အဲတော့ မဟာမိတ်ကလည်း စိတ်တိုလာတယ်။ မင်းတို့ ငါတို့လုပ်ပေးလို့တောင် ညှိုလို့မရရင်တော့ ငါတို့မာနယ်ပလောမှာ ကျောင်းသားကွဲတဲ့ သမိုင်းအဖြစ်မခံနိုင်ဘူး မင်းတို့ စခန်းတွေ ပြန်ကြတော့  ငါတို့ မာနယ်ပလောမှာ မလုပ်တော့နဲ့ ဆိုပြီး ကျနော်တို့ကို ပြောတာ။

အဲဒီမှာ ကျနော်တို့ ပြောင်းကြတာပေါ့ဗျာ အလာတုန်းကတော့ သံလွင်စခန်းကနေ လာတော့ စက်လှေအတူတူစီးကြတယ်။နှစ်ဖွဲ့လုံးက အလာတုန်းကတော့ စက်လှေအတူတူစီးလာနိုင်သေးတယ်။ အပြန်ကြတော့ ကွဲသွားပြီ။

ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့က ကိုအောင်သူငြိမ်းတို့ရဲ့ တပ်ရင်း ၂၁၂ မှာ သွားပြီးတော့မှ ညီလာခံတခု ထပ်လုပ်တယ် ဗဟိုကော်မတီဖွဲ့တယ်။
ကိုနိုင်အောင်တို့နဲ့ အတူ ကျနော်တို့လည်း ပါလာတယ် သံလွင်စခန်းကို ပြန်ကြတယ်၊ အဲဒီမှာ ညီလာခံလုပ်ပြီးတော့ ဗဟိုကော်မတီဖွဲ့တယ်။

အဲဒီမှာ ABSDF နှစ်ခြမ်းကွဲတာပဲ။


အပိုင်း(၉)

တကယ်ပဲ ABSDF က ဘာကြောင့်မှ မဟုတ်ဘူး၊ အဲဒီလူ လူနှစ်ယောက် မိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင်တို့ အားပြိုင်မှုကြောင့် ကွဲတာနော်။ အဲလိုကြောင့် ကွဲခဲ့တာ။
ညီလာခံလည်း ပြီးတဲ့အချိန်မှာ ကျနော်က မြောက်ပိုင်းပြန်ဖို့ပဲ စဉ်းစားနေတာ။ ကျနော်တို့ လာတုန်းကလည်း မဟာမိတ်တွေက အဆင့်ဆင့်ပို့ဆောင်ပေးပြီး လာရတာဆိုတော့ ပြန်ရင်လည်း ကျနော်တို့က  ခရီးကြုံစောင့်ရတာပေါ့နော်။

အဲလို စောင့်တုန်းကာလ အောက်တိုဘာလကုန်လောက်မှာပဲဗျ မှတ်မှတ်ရရပေါ့၊ ကျနော်က တောထဲရောက်ပေမဲ့ ဘုရားဝတ်တက်တာအမြဲလုပ်တယ်ကျနော်။ ဘုရားရှစ်ခိုးတယ်၊ ပုတီးစိတ်တယ် အမျှဝေတယ် အဲဒါတော့ အမြဲလုပ်တယ်၊ နေ့တိုင်းလုပ်တယ်။

တရက်တော့ ကျနော်ဘုရားရှစ်ခိုး အမျှဝေပြီးတော့တည်းတဲ့နေရာကို ပြန်တဲ့အချိန်မှာပဲ ကိုနေ၀င်းအောင်ခေါင်းဆောင်တဲ့အဖွဲ့က နေပြီးတော့ သံလွင်စခန်းက ရဲဘော်တွေက ကျနော့်ကို သေနတ်တွေနဲ့ ၀ိုင်းချိန်လိုက်ကြတယ်။

“ကိုစိုးလင်း ကျနော်တို့ ခင်ဗျားကို ဖမ်းမယ်၊ ဘာမှ မလှုပ်ရှားပါနဲ့“ ဆိုပြီးတော့ ပြောလည်းပြောတယ် သေနတ်တွေနဲ့လည်း ချိန်ထားတယ်ပေါ့။

ကျနော့် ကအံ့သြသွားတယ်၊ ပြီးတော့ စိတ်ထဲမှာလည်း ဘာမှလည်း အမှားမရှိဘူး ဘယ်လိုဖြစ်တာလဲပေါ့ အဲဒါကိုလည်း စဉ်းစားလို့မရဘူးဖြစ်နေတယ်။
အဲဒီမှာ ကျနော့်ကို အချုပ်ခန်းထဲကို ပို့တုန်း ကျော်ကျော်က ကျနော့်လက်မောင်းက ABSDF တံဆိပ်ကို ဆွဲဖြုတ်တယ်။

အဲဒါကတော့ တော်တော်ကို နာတယ် ရင်ထဲမှာ…။ ဘယ်တုန်းကမှ ထည့်မပြောခဲ့ပါဘူး အဲဒါကိုနော။ တကယ့်ကို ရင်ထဲနာရတယ် အဲလိုဆွဲဖြုတ်ခံရတာကို။
အဲဒီအချိန်မှာ ကိုနိုင်အောင်(ဒေါက်တာနိုင်အောင်) လမ်းလျှောက်လာတယ်။ ကျနော်က ကိုနိုင်အောင်ကိုတွေ့တော့ အားတက်သွားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်နဲ့ ကိုနိုင်အောင်နဲ့ကလည်း တော်တော်ခင်တယ်၊ ရင်းနှီးတယ်ပေါ့ အကိုကြီး ညီလေး ခေါ်နေကြ။

ကျနော်ကလည်း သူ့ကိုတွေ့တော့ “အကိုကြီး ကျနော့်ကို ဘာဖြစ်လို့ ဖမ်းတာလဲ၊ ရှင်းပြပါဦး“လို့ လှမ်းပြောလိုက်တယ် သူ့ကို။အဲဒီမှာ သူက သူ့လက်ထဲက ကြေးနန်းကို ကျနော့်လက်ထဲထည့်ပြီး ဒါလေး ဖတ်ကြည့်လိုက်ပါကွာလို့ ပြောတယ်။

ကျနော်ဖတ်ကြည့်လိုက်တယ်။ ကိုစိုးလင်းကတဲ့….န၀တ ထောက်လှမ်းရေး သူလျှိုဖြစ်ပါသည်တဲ့… လိုအပ်သလို အရေးယူ ဆောင်ရွက်ပါရန်တဲ့…အောက်က အောင်နိုင်တဲ့…။

ကျနော် မျက်လုံးကိုတော်တော်ကို ပြာဝေသွားတာ။ အောင်နိုင်ဆိုတာက ကျနော့်သူငယ်ချင်း ရော်နယ်အောင်နိုင် သေဖော်သေဖက်၊ ပြေးဖော်ပြေးဖက်ပေါ့။ မန္တလေးမှာလည်း ကျနော့်အိမ် ဘယ်လောက် ဆင်းရဲသလဲ ဆိုတာ သူသိတယ်။ ကျနော့်အကြောင်းလဲ သူသိတယ်။ ကျနော်နဲ့လည်း တလျှောက်လုံးအလုပ်အတူတူ လုပ်ခဲ့ကြတယ်။  UG လုပ်တော့လည်း အတူတူ၊ တောခိုလည်း အတူတူ။

အဲလို သူငယ်ချင်းတယောက်က ဒီလို ကြေးနန်းမျိုး ရိုက်ရက်တယ်ဆိုတော့ ကျနော် တော်တော့်ကို ခံစားရတယ်ဗျ။မယုံနိုင်အောင်ပါပဲ။ ကျနော် ၀မ်းလည်း နည်းတယ်။ ဒေါသလည်း ထွက်တယ်။ ဒါပေမဲ့ ကျနော် အသံမတုန်အောင် စိတ်ထိန်းပြီးတော့ ဂရုစိုက်ပြီးတော့ ဒေါသသံတွေ မပါအောင် ကျနော် ကိုနိုင်အောင့်ကို ပြောတယ်။

“ဥက္ကဌ ဒါ ကျနော်တို့အဖွဲ့ မှားတော့မယ်။ သမိုင်းမှာလည်း အမှားတွေကို သင်ခန်းစာယူစရာတွေ အများကြီး ရှိပါတယ်။ အဲတော့ ဒီအဖွဲ့အစည်းမှာ ခင်ဗျားက တာဝန်အရှိဆုံး အကြီးဆုံးပါ။ ဒီပြဿနာကို သေချာဖြေရှင်းပါ“ လို့ ကျနော် ဒေါက်တာ နိုင်အောင်ကို ပြောခဲ့တယ်။

အဲလို ပြောတော့ သူက ကျနော့် ပုခုံးကို လက်လေးနဲ့ ပုတ်ပြီးတော့ “ညီလေး…အမှန်အတိုင်းဖြစ်စေရမယ်၊ အကို မြောက်ပိုင်း သွားမယ်၊ မင်းခေါင်းအေးအေးနေပါကွာ…ငါပြန်လာရင် မင်းကို တရားမျှတအောင် စီစဉ်ပေးပါမယ်“ လို့ပြောတယ်။

အဲဒီအချိန်ကစပြီး ကျနော့်ကို အကျယ်ခုပ်ထားကြတယ်။  ၅ လလောက်ပေါ့ သူနဲ့လည်း မတွေ့ရတော့ဘူးပေါ့။
အဲဒီ ၅ လလောက်အတွင်းမှာ ဘာတွေကြားရလဲ ဆိုတော့ မြောက်ပိုင်းကို လူလွှတ်တယ်ဆိုတာလည်း ကြားရတယ်၊နောက် ကိုထွန်းအောင်ကျော်တို့အပါအ၀င် ၁၅ ဦးကို ခုတ်သတ်တယ်ဆိုတာတွေလည်းကြားရတယ်။ အဲဒါတွေကြားရတယ်ဆိုတာကလည်း ကျနော့်ကို သံလွင်စခန်းကနေ အရှေ့ဖက်ကမ်းက စခန်းကို ပြောင်းနေရတယ်။

ကျနော့်ကို ထားတဲ့ စခန်းရဲ့ တောင်ဘက်ပိုင်းမှာ တပ် ၂၀၉ တပ်ရင်းရှိတယ်၊ နောက် ဗဟိုရုံးရှိတယ်၊ ဗဟိုရုံးက သတင်းပြန်ကြားက လေဒီယိုအကျယ်ကြီးဖွင့်တယ်၊ အဲဒီတုန်းက ဘီဘီစီ ဖွင့်တာများတယ်။

 မြောက်ပိုင်း သတင်းတွေလည်း ကြားတော့ ကျနော့် စိတ်ထဲ ဟာ…သွားပြီပေါ့…။ အဲဒီမှာ လေဒီယိုကလည်း ကျနော်ရှိမှန်းသိတော့ အသံတိုးသွားတယ်ဗျ။
အဲဒီသတင်းတွေကြားပြီးတော့နောက် သင်္ကြန်ပြီးလောက်မှာပဲ ကျနော့်ကို အရှေ့ဘက်တပ်ရင်းကနေ အနောက်ဖက်ကမ်းပေါ့နော အမှတ် ၂၁၀ တပ်ရင်းရဲ့ အပေါ်က ကုန်းလေးကို ပြောင်းတာ။ ကျောင်းသား စစ်ကြောရေးစခန်းပေါ့နော်။

စစ်ကြောရေးစခန်းကို ဦးဆောင်တာကတော့ ကိုလှဋ္ဌေးပေါ့ဗျာနော်။ အဲဒီမှာပါတာက ကျော်ကျော်(ကချင်)၊ ခင်မောင်ဆွေဆိုတာပါတယ်။
ပထမတော့ ကျနော့်ကို ထောက်လှမ်းရေး ဟုတ်မဟုတ်ပေးတာပေါ့ဗျာ။ ကျနော်ကလည်း မဟုတ်ဘူးပေါ့နော်။ အဲလိုဖြေရင်းနဲ့ မင်းတို့က အသားမနာရင် မရဘူး ဆိုတဲ့ အသံမျိုးထွက်လာတယ်။ အဲဒီမာ ကျနော်က သူတို့ ကို တောင်းပန်တယ် ပြောပြတယ် ကျနော့်ကို မရိုက်ပါနဲ့ ကျနော်က မိန်းကလေး ၁၁ ဦးမှာတဦးတည်း ယောက်ျားလေးဆိုတော့ အလုပ်ကြမ်းလည်း မလုပ်ခဲ့ရဘူး။ အသားလည်း အနာအခံနိုင်ဘူး။ ခံနိုင်ရည်လည်း ရှိမှာ မဟုတ်ဘူး။ မလုပ်ပါနဲ့လို့ ပြောရင်း တောင်းပန်တယ်။

မရဘူးဗျ။ ရိုက်တာပဲ နှက်တာပဲ။ ဘယ်လို ရိုက်တယ် ဘယ်လိုနှက်တယ်ဆိုတာမျိုးကိုတော့ ကျနော် အသးစိတ် မပြောချင်တော့ဘူးဗျာ။

ကျောင်းသားစစ်ကြောရေး(တောင်ပိုင်း-ဗဟို)ကိုစစ်ကော်မရှင်ကလုပ်ခိုင်းတာ။ စစ်ကော်မရှင်မှာ ကိုနိုင်အောင်က ဥက္ကဌ၊ကျော်ကျော်(ဒုဥက္ကဌ-မင်းသမီး)ရယ်၊ မျိုးဝင်း(G-S မင်းသမိး)ရယ်၊စစ်ရေးတာဝန်ခံတွေ၇ယ်ကအဖွဲ့ ဝင်။

ကိုလှဌေး(တွင်း/၂-မြောက်ပိုင်း)ကစစ်ကော်မရှင်ရဲ့ အတွင်းရေးမှုး။ စစ်ကြောရေးကိုသူခေါင်းဆောင်တာ။သူ့ အောက်မှာကျော်ကျော်(ကချင်) ၊ခင်မောင်ဆွေ(တပ်ရင်း ၂၁၆)နဲ့ ဖိုးထောင်ဦးဆောင်တဲ့တပ်ရင်း-၃၀၃က ရဲဘော်တွေရှိတယ်။လက်သံအရမ်းပြောင်တဲ့အဖွဲ့ ပေါ့။

ကျနော့်ကိုလည်း အဲလိုရိုက်နှက်စစ်တော့ မခံနိုင်တဲ့ အဆုံးမှာ ကျနော် ၀န်ခံလိုက်ရတယ်ပေါ့နော်။ ၀န်ခံတဲ့အခါမှာလည်း စဉ်းစားရတာပေါ့ဗျာ။ ဒီမှာတခု ဖြတ်ပြောချင်တာက ကျနော်က ဟိုးတုန်းက အိမ်မှာနေရင် ၀တ္ထုတွေဘာတွေ အကုန်ဖတ်ခဲ့တဲ့ သူဆိုတော့ရ ၈ တန်း ၉ တန်းလောက်ကတည်းက ဖတ်ခဲ့တာ ထောက်လှမ်းရေး ၀တ္ထုတွေ သည်းထိတ်ရင်ဖို ၀တ္ထုတွေဆိုရင်  အကုန်ဖတ်ခဲ့တာ။

ဆားပုလင်းနှင်းမောင်၊ ဦးစံရှား၊ ရှားလော့ဟုန်းတို့လို ဘာသာပြန်တွေကစ ထောက်လှမ်းရေးနဲ့ ပတ်သက်တဲ့ မျိုးအောင်ထက်တို့လို ၀တ္ထုတွေအကုန်ဖတ်တယ်။
ထောက်လှမ်းရေးလို့ ၀န်ခံပြီး အစစ်ခံရတဲ့ ကာလမှာ အဲဒီလို စာအုပ်ထဲက ဟာတွေကိုပြန်စဉ်းစားရတော့တာပေါ့နော်။ မစဉ်းစားလို့လည်း မရဘူးလေ။ ကျနော်တို့မှာ သဘာဝကျအောင် ပြောရတာ၊ မပြောနိုင်ရင် ရိုက်နှက်တာတွေ သတ်ပစ်တာတွေ ရှိဦးမှာဆိုတော့ သဘာဝကျအောင် စဉ်းစားပြီး ပြောရတယ်။

အဲဒီတော့ ကျနော့်ကို ကိုယ်ပိုင်နံပတ်မေးတော့ ကျနော်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကားနံပတ်ကို စိတ်ထဲ စွဲနေတာနဲ့ ပြောလိုက်တယ်။ RC -2874 ပေါ့နော။
အင်း ဒီနေရာမှာ ရယ်စရာအနေနဲ့ ပြောရရင် ဒီနံပတ်ကို ထူးထူးခြားခြားမှတ်မိတာကလည်း ကျနော်က ဖဲသမားဗျ။ RIT တုန်းက ဖဲသိပ်ရိုက်တယ်ဆိုတာလည်း ရှေ့မှာ ပြောခဲ့ပြီးပြီနော်။ကျောင်းတုန်းက ၂၁ ဆွဲတော့ ကျနော်က ၁၇ ကျတယ်။ ပြောရရင် ၂၈၇ ကျနော်က ကျနေတာ။ ကျနော့်အခန်းဖော်က ဒိုင်ရဲ့ နောက်မှာ ရပ်ပြီး ကျနော့်ကို ဒိုင်က ၂၀ ကျနေတဲ့အကြောင်း အချက်ပြနေတာ။ အဲဒီမှာ ကျနော်ကလည်း စားခံရမှာကြောက်တာနဲ့ ဆက်ဆွဲတော့ ၄ တက်လာရော။

၂၈၇၄ ပေါ့။ အဲဒါကိုလည်း ကျနော်က သွားပြီး မှတ်မိနေတာ။နောက်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကားနံပတ်လည်း ဖြစ်တော့ အဲဒီ ၂၈၇၄ ကိုပဲ ကျနော့်ရဲ့ ကိုယ်ပိုင်နံပတ်ဆိုပြီး ပြောလိုက်တော့တာ။

ရှေ့က RC ကိုတော့ ဘယ်လို ပြောရမလဲ ဆိုတာ စဉ်းစားတယ်။ ရိုမန်ကက်သလစ်တွေရော ဘာတွေရောပေါ့ အဲလို စဉ်းစားရင်းနဲ့ပဲ အဲဒီမှာ second year မှာ  ရူပဗေဒ သင်တုန်းက ပါတီကူလာ ဆဲလ်ဆိုတာကို သင်ရတာကို သွားသတိရတယ်။  PC ပေါ့နော။

အဲဒီမှာ PC -2874 ဆိုပြီး ပေးလိုက်ရော။ 2/87 က သင်တန်းသား ၄ ပေါ့။ ဟား …ဟား… အဲလိုတွေ လျှောက်ပြောရရော၊ အတူတူတက်ခဲ့တဲ့ သင်တန်းသားတွေက ဘယ်သူလဲ့ ဆိုတော့ စဉ်းစားရပြန်ရော

ဆယ်တန်းတုန်းက သူငယ်ချင်းတွေရော အာအိုင်တီက သူငယ်ချင်းတွေရော ရှိတဲ့ သူငယ်ချင်းနာမည်တွေအကုန်ထည့်ပြောလိုက်ရတယ်။ အကုန်လုံးရဲ့ နာမည်တွေ စွဲထည့်လိုက်ရတာနော်။

မှတ်မှတ်ရရ ငြိမ်းဆေးခန်းက ဒေါက်တာဇော်မြင့်တို့၊ စက်မှု အတူတူတက်ခဲ့တဲ့ မြင့်ဟန်တို့၊ ၀မ်းတွင်းက ဇော်မိုးတို့ အဲလိုမျိုး မှတ်မိနေတဲ့ နာမည်တွေ လျှောက်ထည့်ရတာပေါ့။
အဲဒီမှာတင် ပြဿနာက ရပ်မသွားဘူး။ သူုတို့က ဆက်စစ်ရော ဒီမှာ မင်းတို့အဖွဲ့အစည်းက မင်းတယောက်တည်းကိုတော့ လွှတ်မှာ မဟုတ်ဘူးတဲ့…တခြား လူလည်း ရှိလိမ့်မယ်တဲ့… သူ့ရဲ့ နာမည်ပြောပါဆိုပြီး စစ်တော့ မရှိပါဘူးလို့လည်း ပြော လို့မရဘူး အတင်းရိုက်နှက် ပြီး စစ်ကြတယ်၊ စစ်တိုင်း ကျနော့်မှာ ငိုရတာပဲ။

ကျနော့် ဘ၀မှာဗျာ ကျောင်းသား ဘ၀တုန်းက စဖူးနောက်ဖူးတာပဲ ရှိတယ်။ ဒါပေမဲ့ ကျနော် သူများဘ၀ကို ထိခိုက်နစ်နာအောင်တခါမှ မစခဲ့ဖူးဘူး။ ပျော်ရုံ ရွင်ရုံလောက်ပဲ စတာ၊ ပြီးရင်လည်း ကျနော် တောင်းပန်တယ်။

ဒီလိုအချိန်မှာ ဆက်ဖော်လို့ပြောတော့ ကျနော် ဒုက္ခရောက်တော့တာပဲ။ ငါ့ကြောင့် လူတယောက်ထိခိုက်တော့မယ်လို့ စဉ်းစားကြည့်တော့ ကျနော် ဘယ်လိုမှ မနေပျော်တော့ဘူး။ နောက် တခုပြဿနာကဗျ မြောက်ပိုင်းနဲ့ ဆက်စပ်လို့သာကျနော့်ကို ဖော်တယ်ပြောတာ ဘယ်သူက ဘယ်လို ဖော်သလဲ ဆိုတာလည်း ကျနော်မသိရဘူး။ ဆိုတော့ အဲဒီဟာတွေကို ဘယ်လိုဖြေရမှန်းလဲ မသိတော့ဘူး။

ကျနော့်ကို ချုပ်ထားတဲ့အောက်က  ၂၁၀ တပ်ရင်းမှဗျ မြောက်ပိုင်းက အခွေကို ထိုးပြတယ်။ ကိုချိုကြီးတို့ ကိုထွန်းအောင်ကျော်တို့ နန်းအောင်ထွေးကြည်တို့ရဲ့ ထွက်ချက်အခွေကို ထိုးပြတယ်။ ကျနော် ကောင်းကောင်းကို ကြားခဲ့ရတယ်။

ဥပမာဗျာ ကိုချိုကြီးဆိုရင် ဗိုလ်မှူးအဆင့်တို့ပေါ့နော၊ နောက် နန်းအောင်ထွေးကြည်က ဒု- ဗိုလ်တဲ့ သူက ကျနော့်ကို ပြောတယ်တဲ့ ပေါ့နော်။ ပြီးတော့ ရေလှိုင်းစစ်ဆင်ရေးတဲက…အဲဒါတွေ ကျနော်အကုန်ကြားရတာ။

ကျနော် ကဗျာစပ်ဖြစ်တယ်၊ ကဗျာနာမည်က လှိုင်းမူးခြင်းတဲ့။

ခါးသီးလိုက်တာ

အသံလှိုင်းတွေမှာ

မျက်နှာဖုံးတွေ စွပ်လို့ ....

သကြားလုံးတွေ

သကြားလုံးတွေ

သကာရည်အပြည့်နဲ့သကြားလုံးတွေ

ခါးသီးလိုက်တာ။


ဒါဟာ

သဘာဝကျကျမှားယွင်းမှုတစ်ခု

လက်မှတ်တန်းစီစရာမလို

နေရာဦးစရာမလို

မိတ်ကပ်ဆရာမလို

သဘာဝကျတတ်ဖို့ပဲလိုတယ်။


ခါးနာတယ်

ခေါင်းမူးတယ်

ကိုယ်လက်ကိုက်ခဲတယ်

အန်ချင်လာတယ်

ကျွန်တော်ရဲ့ ညံ့ဖျင်းမှုအတွက်

အားလုံးကို တောင်းပန်ပါတယ်။

(၂၀.၁.၉၇...



........................

အပိုင်း(၁၀)

အဲဒီမှာ ကျနော်စဉ်းစားတယ်။ မြောက်ပိုင်းပြဿနာအားလုံးဟာလူတစ်ယောက်(မျိုးဝင်း)ရဲ့ သံသယကြီးလွန်း
လုပ်ပိုင်ခွင့်ချုပ်ကိုင်ချင်လွန်းအားကြီးလွန်းတာကစတာပဲ။ တိုက်ပိတ်ကိုသံသယဖြစ်ပြီး နောက်ဆက်တွဲ ဌေးမြင့်ဝင်း၊နန်းအောင်ထွေးကြည်၊ခင်ချိုဦးတို့ ကိုမသင်္ကာတဲ့စကားတွေ မျိုးဝင်း ကျနော့ကို ပြောလာခဲ့တယ် ။အဲဒီတုန်းက မြို့ ပေါ်မှာရှိတဲ့UG တွေကိုသေချာစုံစမ်းခိုင်း။ဒါငါတို့ အရင်လုပ်ရမယ်။အထင်နဲ့ လျှောက်
မလုပ်တာအကောင်းဆုံးပဲလို့လည်း ကျနော်က မျိုးဝင်းကို သေချာပြောခဲ့သေးတယ်။

အဲဒီမှာ နန်းအောင်ထွေးကြည်တို့ဘာတို့ရဲ့ ထွက်ချက်တွေကိုလည်း ကြားပြီးတော့ ကျနော်တို့အနေနဲ့လည်း ပြန်စဉ်းစားရတယ်။ အဲဒီမှာ သူတို့ရဲ့ ရိုက်နှက်စစ်ဆေးမှုရဲ့ အထာတခုကို ကျနော်သတိထားမိတယ်။ သူတို့က ကျနော်တို့တွေကို စစ်လိုက်တယ်၊ ရိုးရိုးစစ်တုန်း ပြောတဲ့ ထွက်ချက်ကို သူတို့မယုံဘူးဗျ။ ရိုက်နှက်စစ်လို့ ပြောလာတဲ့ ထွက်ချက်ကိုပဲ သူတို့က အမှန်လို့ ထင်တာ ယုံတာလေ။

အဲဒီတော့ ကျနော်က ကျနော်ပြောမယ်လို့ စဉ်းစားထားတဲ့ ဟာတွေကို ဒီအတိုင်း စစ်ရင် မပြောရဲဘူး၊ ရိုက်ရင်းနဲ့မှ ရိုက်စစ်တော့မှ ထွက်ရတယ်။ အမှန်ကို ၀န်ခံသလိုဖြစ်အောင်လို့ပေါ့ဗျာ။ ကျနော်က မသေချင်တဲ့ သူ မသေချင်တဲ့ လမ်းကို ရွေးမှတော့ မသေအောင် ကြံဖန်စဉ်းစားပြီး နေရတော့တယ်ပေါ့ဗျာ။
ရိုက်နှက်လိုက် ကျနော်က ရေလှိုင်း စစ်ဆင်ရေးလို့ ပြောလိုက်။နောက်တခါ ရိုက်နှက်လိုက် ဗိုလ်လို့ ပြောလိုက်နဲ့။ အဲလို ဖြေနေရတယ်။

အဲဒီတုန်းက သင်တန်းဆရာတွေက ဘယ်သူတွေလဲ ဆိုတော့ ကျနော်တို့ ကျောင်းသားလောကတုန်းက နာမည်ကြီးတဲ့ ထောက်လှမ်းရေးတွေ နာမည်တွေထည့်ပြောတာပေါ့ မန္တလေ့းထောက်လှမ်းရေး ၁ က ဗိုလ်မှူး သန်းညွှန့်တို့ ဗိုလ်ကြီး မြင့်ဦးတို့ ပြီးတော့ တပြည်လုံးအတိုင်းအတာနဲ့ ဆိုရင်  ဥပမာဗျာကျနော်က ဗိုလ်ချုပ်ခင်ညွှန့်နာမည်ကိုသိတယ်ဗျာ၊ ဗိုလ်မှူး သန်းထွန်း သိတယ်၊ နောက် မကသ ကိစ္စနဲ့ နာမည်ကြီးတဲ့ ဗိုလ်မှူး လှသန်း သိတယ်ပေါ့ အဲဒီလူတွေရဲ့ နာမည်တွေကို လှည့်သုံးပြီး ပြောခဲ့ရတယ်။ အဲဒီလူတွေရဲ့ နာမည်တွေကို ဘယ်သင်တန်းတွေမှာ ဘယ်လို သုံးခဲ့သလဲ ဆိုတာတော့ ကျနောလည်း မမှတ်မိတော့ဘူး၊ ဒါပေမဲ့ အဲဒီလူတွေရဲ့ အဆက်အသွယ်နဲ့ သင်တန်းပေးတယ်ပေါ့ဗျာ အဲလိုတွေတော့ လှည့်သုံးခဲ့ရတယ်။

အဲဒီမှာ သူတို့ ကျနော့်ကို ရေးခိုင်းသေးတယ် မှတ်မှတ်ရရပဲ။ ထောက်လှမ်းရေးမှာ မှတ်ဥာဏ်ကောင်းအောင် ဘယ်လိုကျင့်သလဲပေါ့။
တကယ်တော့ ကျနော်မှတ်ဥာဏ်ကောင်းတာ ဗီဇဗျ။ သူတို့ ပြောတော့လည်း မယုံဘူး၊ နောက်တော့ ကျနော်က တရားထိုင်တော့ ပြောစရာရသွားတယ်။

အဲဒီမှာ ဘာလုပ်ရလဲဆိုတော့ တရားထိုင်တုန်းက အတွေ့အကြုံလေးတွေရယ်၊ ပြီးတော့ ဆရာနန္ဒသိန်းဇံရဲ့ ကိုယ်ကျင့်တည်ကြည်ခြင်းနဲ့ စိတ်အဆင့်မြင့်ခရီးစဉ် ဆိုတဲ့ ထဲက အော်တိုစဂျက်ရှင်း လုပ်တာတို့ ဘာတို့ ဖတ်ဖူး မှတ်ဖူးတော့ ကျနော့်မှာ အဲဒါလေးတွေကို သုံးပြီး ဒါတွေကတော့ ထောက်လှမ်းရေး သင်တန်းဆိုပြီး ချရေးပေးခဲ့ရတယ်။ အဲဒါမျိုးတွေပေါ့ဗျာ။

နောက်တခု ကျန်သွားတာက ကျနော့်ကို မဖမ်းခင်မှာ ထောက်လှမ်းရေးတွေ တကယ်ရှိတယ်လို့ ပြောနေတဲ့အချိန်တုန်းက ကျနော်တွေးတယ်ဗျ။ မြောက်ပိုင်းမှာ မျိုးဝင်း သောင်းကျန်းနေပြီလားဆိုတဲ့အတွေးကို ကျနော် တွေးတယ်။ ကျနော်တွေးမိတဲ့အတွေးပေါ့နော်။ မျိုးဝင်း သောင်းကျန်ပြီဆိုရင် မဟာမိတ်တွေဘာဖြစ်လို့ မ၀င်သလဲ။
မဟာမိတ် KIA ၀င်လို့မရလောက်အောင် ခက်ခဲနေပြီလား။ တွေးမိခဲ့တယ်။ နောက် မဟာမိတ်တွေရဲ့ အားနဲ့သာ သွားရှင်းရင် ဒီပြဿနာကို ဖြေရှင်းနိုင်မလားဆိုတဲ့ အတွေးမျိုး ကျနော်တွေးမိတယ်။

တွေးတဲ့အတိုင်းပဲ ကျနော် စာတစောင်ရေးခဲ့တယ်၊ ဘယ်သူ့ဆီကိုရေးလဲဆိုတော့ အဲဒီတုန်းက KNU မှာ ဒုက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့ ဖဒိုစောသန်းအောင်ဆီကို ရေးခဲ့တယ်။ အဲဒီစာကိုပို့ပေးတဲ့ ရဲဘော်က ရဲဘော် ထွန်းထွန်းအောင်တဲ့။ အဲဒီစာကတော့ဗျာ မြောက်ပိုင်းပြဿနာကို DAB အားနဲ့ ၀င်လို့ရအောင် ကျနော် ကြိုးစားရေးခဲ့တာပဲ။
ကျနော့်ကို ဖမ်းတဲ့အချိန်မှာ အဲဒီစာတွေကပါ ပြဿနာဖြစ်တာ။မင်းဘာဖြစ်လို့ ဒီလိုစာ ရေးသလဲလို့ စစ်တော့ ကျနော့်မှာကိုယ့်ထောက်လှမ်းရေးတွေကိုပါ ကယ်လို့ရအောင်လို့ ဖြေရတယ်။

နောက်တခုက ကျနော်က ညီလာခံတောင်မစသေးပါဘူး၊ ကျနော့်ကိုလည်း ထောက်လှမ်းရေးလို့ မစွပ်စွဲသေးဘူး။ အဲဒီအချိန်တုန်းက ကျနော်က ကိုထွန်းအောင်ကျော်ဆီကို ပို့လိုက်တဲ့ ကြေးနန်းပါ။

အဲဒီတုန်းက ကျနော့် ကို ကိုမောင်မောင်ကြီးရယ် လမ်းခရီးမှာပြောခဲ့တာ၊ ကိုစိုးလင်းတဲ့ ဦးဘရန်ဆိုင်းက တရုတ်ပြည်သွားမှာတဲ့။ န၀တက အဲဒီတုန်းက  ဗိုလ်ချုပ်မောင်အေး လား ဘယ်သူလား ကျနော် သေချာမမှတ်မိတော့ဘူး။ သူတို့ကလည်း မူဆယ်ခရီးစဉ်ရှိတယ်လို့ ကြားတော့ သူတို့ချင်း တွေ့မယ်ထင်တယ်၊
ခင်ဗျားတို့ မြောက်ပိုင်း ကျောင်းသားတွေအနေနဲ့ တခုခု ပြင်ဆင်သင့်တယ်၊ ခင်ဗျားတို့ ကြိုးစားကြည့်ပါလားလို့ ကိုမောင်မောင်ကြီးက ကျနော့်ကို ပြောလိုက်တယ်။

အဲတော့ ကျနော်က စဉ်းစားတာပေါ့၊ ဒီသတင်းလေးတော့ ငါတို့ ကျောင်းသားတပ်ဆီကို ရောက်အောင်ပို့မယ်ဆိုပြီးတော့ ကျနော်က ပို့ဖို့လုပ်တယ်။ ပို့မယ်ဆိုတဲ့ နေရာမှာ ကျနော်တို့ရဲ့ ကြေးနန်းက KIA ကုန်းကနေ သွားရတာဗျ။ ပထတုန်းကတော့ ကျနော်က မျိုးဝင်းဆီကိုပဲပို့မလို့။ မျိုးဝင်းနဲ့ ကျနော်နဲ့မှာ စကားဝှက်ရှိတယ်၊ ဦးအေးပျော်ဆိုရင် ကျောင်သားဘ၀ကတည်းက သူနဲ့ ကျနော်သိတယ်။ သူ့ကို အဲလိုပဲ ခေါ်တာ။

ကိုထွန်းအောင်ကျော်နဲ့ ကျနော်တို့ ယူဂျီလုပ်တုန်းက ကိုထွန်းအောင်ကျော်နာမည်ကို စောရန်နိုင် သုံးတယ်။ ကျနော်က စိုးအောင်သုံးတယ်။ နာမည်ဝှက်တွေရှိတယ်။ ကျနော်က မျိုးဝင်းနာမည်နဲ့ မရေးဘဲနဲ့ အကိုကြီး(ကိုထွန်းအောင်ကျော်)  ကိုပဲ လိပ်မူပြီးတော့ ကြေးနန်းပို့လိုက်တာ။

နံပတ် ၁က ဘာရေးလဲဆိုတော့ ဦးဘရန်ဆိုင်း တရုတ်ပြည် ခရီးစဉ်သွား၊ နံပတ် ၂က တော့ န၀တက နာမည်ကိုတော့ မမှတ်မိတော့ဘူးဗျာ တာဝန်ရှိသူတယောက်ပဲပေါ့ သူလည်း မူဆယ်ခရီးစဉ်ရှိ…။  စိုးအောင်မှ စောရန်နိုင်သို့ မွေးမေလေ့ ဆိုတဲ့ message လေးထည့်ပေးလိုက်တာ။ မွေးမေလေ့ဆိုတာက ကျနော်တို့မှာ မြို့တွင်းမှာ ယူဂျီလုပ်တုန်းက အခြေအနေမကောင်းဘူး ပြေးတော့လို့ ပြောရင် မွေးမေလေ့ဆိုပြီး ပြောလိုက်တာ။ အဲဒီ စကားလုံးက အခြေအနေမကောင်းဘူးဆိုတဲ့ စကားလုံး။

ကျနော် ဆိုလိုချင်တာက အကိုကြီး ဒီလိုအခြေအနေကို စဉ်းစားမိရင် ကျနော်တို့ ကျောင်းသားတပ်မတော်အတွက် တစုံတခုခု စဉ်းစားလို့ရအောင် ပြင်ဆင်လို့ရအောင်ထည့်ပေးလိုက်တာ ဒါကို ကိုထွန်းအောင်ကျော်က သဘောပေါက်မယ်လို့လည်း ကျနော်က ယူဆတယ်။

ကျနော့်ကို ဖမ်းတဲ့အချိန်မှာ အဲဒီကြေးနန်းတွေကလည်း ပါလာရော.. ကျနော်ကလည်း ဟုတ်ပါတယ်၊ ကိုယ့်ထောက်လှမ်းရေးမို့ သတိပေးရပါတယ်လို့ပဲ ဖြေရတယ်။ တကယ်တမ်းကြတော့ဗျာ ကျနော်တို့သာ ထောက်လှမ်းရေး ဖြစ်တယ်ဆိုရင် …အဲလိုမျိုး သူ့ကိုသတိပေးပါ့မလား ကိုယ်လွတ်ရုန်းတော့မှာပေါ့။ ရှင်းရှင်းလေးပဲ တကယ်လည်း ထောက်လှမ်းရေး မဟုတ်ကြလို့သာ၊ ထွက်ချက်တွေကလည်း ကြံမိကြံရာတွေ လျှောက်ပြောကြတာလေ။

ရိုက်နှက်စစ်တော့ ကြောက်ကြတာလည်း ပါတယ်၊ မသေအောင်လည်း ကြံစည်ကြရတာလည်း ပါတော့ စစ်ကြောရေးမှာ ထွက်ခဲ့တာတွေက သေချာစဉ်းစားကြည့်လေ ရယ်စရာကောင်းလေပဲ။

အဲလိုတွေဖြစ်ကြတော့ ကျနော်က တဆင့်ကိုနေ၀င်းအောင်ပေါ့နော်၊ ကိုနေ၀င်းအောင်ကို ကျနော့်ကို စစ်တဲ့အချိန်မှာလည်း ဖမ်းထားတယ်ဗျ၊ ကျနော့်ကို သင်္ကြန်အပြီးမှာ စစ်ကြောရေး စ၀င်တယ်။ ဆရာကိုနေ၀င်းအောင်ကို ဖမ်းတာ ဧပြီ ၂၀ ဆိုတော့ …။


အပိုင်း (၁၁)


ကျနော်အရင်နားလည်ထာတာကကျနော့ထွက်ချက်နဲ့ ဆရာ့ကိုဖမ်းတာ။ ဆရာရေးတာပြန်ဖတ်မှ လွဲနေတာတွေ့ ရတယ်။ ကျနော်မပြောခင်(မထွက်ခင်)ဖမ်းထားတာပဲ။ ကျနော့ကို ရိုက်နှက်စစ်ချိန်ဆရာ့ကိုဆွဲပြီးပြီ။ ကျနော့ကို ဗဟိုက မင်းလူပြောဆိုတော့မခံနိုင်တဲ့အဆုံးတကယ်မရှိတဲ့ မဲဆောက်က ကိုဘအေးဆိုတာပြောတယ်။ နောက်မရဘူး အတွင်းလူပြောလုပ်လာတော့မခံနိုင်ပါဘူး။ ဆရာ့ကို ပြောမိတယ်။ ဆရာနေ၀င်းအောင်ရဲ့နာမည်ကို ပြောမိတာပါ။

နောက်သူက  ထပ်မေးလာတာက မိုးသီးဇွန်ထောက်လှမ်းရေးလားတဲ့။ မဟုတ်ဘူးဆိုတော့
မိုးသီးဇွန်ဖက်မှာလည်း မင်းတို့ လူရှိမယ်ဆိုပြီတီိးပြန်ရော။ အဲဒီမှာကိုဌေးနိုင်ကိုပြောမိတာ။ ကိုဋ္ဌေးနိုင်ကိုပြောမိတာကလည်း ကိုဋ္ဌေးနိုင်နဲ့ ဗိုလ်ချုပ်မြရဲ့ အချစ်တော် သန်းဝင်းနဲ့က တော်တော်တွဲတာဗျ၊ ဋ္ဌေးနိုင်ကို ပြောလိုက်ရင် သန်းဝင်းကတော့ ကယ်မှာပဲဆိုတဲ့ အထင်နဲ့ကျနော်က ဋ္ဌေးနိုင်ကိုတော့ ကယ်မဲ့ သူ ရှိတယ်ဆိုပြီး ပြောလိုက်မိတယ်။

စစ်ကြောရေးမှာ ကျော်ကျော်(ကချင်)တို့ ဘာတို့ဆို လက်သံတော်တော်ပြောင်တာ ဟေ့ကောင်စိုးလင်း မင်းလို ကောင်မပြောနဲ့ ထွန်းအောင်ကျော်လို့ ဆင်ကြီးတောင်ငါတို့က ခုတ်လာတာလို့ ပြောပြောပြီး ချတာ။ အဲလို ပြောတာ ဆိုတာတွေလည်း အမြဲကြားရတယ်။

နောက်တခါ ကျနော့်ကိုချုပ်တဲ့ ခွေးအိမ်လေးပေါ့။ အဲဒီအိမ်က ခွေးတကောင်လိုပဲ အိပ်ရင် ခြေထောက်ကို ခေါက်ပြီး အိပ်ရတာ ကျဉ်းကျဉ်း ကြပ်ကြပ်နဲ့ နေရတယ်။ အဲဒီ ခွေးအိမ်လေးထဲမှာ အပေါ့အပါးစွန့်တဲ့ ဟာတွေရော အစားအသောက်ထည့်ကျွေးတဲ့ ပန်းကန်တွေရော ဘာတွေရော အဲလို ကပ်ပြီး နေရတာ။

အဲဒီ ကျနော့်ကို ထားတဲ့ အိမ်နဲ့ သူတို့ ထမင်းစားတဲ့ အဆောင်နဲ့က မလှမ်းမကန်းဆိုတော့ သူတို့ထမင်းစားဆောင်က အချို့အသံတွေကို ကျနော်ကြားရတယ်။

ဘာတွေကြားရလဲဆိုတော့ ကိုနေ၀င်းအောင်ကို ဖမ်းပြီးတော့ ပြောတာတွေ၊ ကိုဋ္ဌေးနိုင်ကိုဟိုဘက်မှာ ဖမ်းတဲ့အကြောင်းတွေ သူတို့ချင်းပြောတာတွေ ကျနော်ကြားရတယ်။
သူတို့ကလည်းဗျာ တယောက်ဆိုရင်လည်း မကျေနပ်တယောက်ဆိုရင်လည်း မကျေနပ် ထပ်ဖော်ခိုင်းတာ။အဲဒီမှာ ကျနော်ဘာစဉ်းစားမိလဲဆိုတော့ ခုလိုပဲ ဆိုရင် ငါတယောက်ပြော တယောက်ဖမ်း တယော က်ပြော တယောက်ဖမ်းနဲ့ မကောင်းတော့ဘူးဖြစ်ချင်ရာ ဖြစ်တော့ကွာ မထူးတော့ဘူး လူအများကြီး ငါပြောလိုက်တော့မယ်ဆိုပြီးတော့ အမှန်တော့ သူတို့ လူဒီလောက်များရင် မဖမ်းနိုင်တော့အောင်လည်းပါတယ်။ အဲဒီမှာ ကျနော်က ဒု-ဥက္ကဌကျော်ကျော်(မင်းသမီး)ကစပြီး ကိုဒီ။ အောင်သူစသည်ဖြင့်ထပ်မဖမ်းတော့အောင် နာမည်တွေလျှောက်ပြောပစ်တာ။ ဘယ်သူတွေကို ပြောမိတယ်ဆိုတာမှတ်ထားတယ်။

ဂလိုဗယ်ပို့စ်မှာ ဒေါက်တာနိုင်အောင် ပြောခဲ့သလို မြောက်ပိုင်းထက်များတယ်ဆိုတာမဟုတ်ပါဘူး။ ဘယ်သူတွေကို ကျနော်ပြောခဲ့တယ်ဆိုတာ ကျနော်မှတ်မိပါတယ်။ အထူးသဖြင့် ပြည်တွင်းက လူတွေကိုပိုပြောခဲ့တယ်။ချိုတူးဇော်ဆိုရင် ကျနော်ထောက်လှမ်းရေးလို့ ပြောခဲ့တာ သူ့ကို ကျနော်က မင်းကိုငါ ထောက်လှမ်းရေးလို့ ပြောခဲ့တာ ဆိုတော့ ဒီကောင်က ရယ်နေတယ်။နောက် ကိုကိုကြီး(၈၈မျိုးဆက်ကျောင်းသား) ဆိုရင်လည်း မြောက်ပိုင်းရော တောင်ပိုင်းမှာရော ထောက်လှမ်းရေး နာမည်ထွက်ပြီးသား။  ဒါကို ကိုကိုကြီး မသိဘူး။ ကျနော်တို့မှာ အဲလို ထွက်ခဲ့ရတာတွေ အများကြီးပဲ။

တခါတလေကျစဉ်းစားမိတယ်။ လုပ်တဲ့လူတွေထဲမှာ ထောက်လှမ်းရေးများပါသလားလို့ အဲလိုကို တွေးမိတော့တာ။ဆရာ့ဆိုအပိုင်ကြိုဖမ်းထားတာ။

မြောက်ပိုင်းဗီဒီယိုခွေဆို တမင်ကိုကြားအောင်ဖွင့်ပြသလားတွေး မိတာ။နောက်ဆုံးအဲလိုမတွေးသင့်ဘူး
သံသယတွေထားလို့ မှားကြတာ။ဒါဟာ တိုက်ဆိုင်မှုတွေလို့ ထားလိုက်တယ်။

နောက် ကျနော်တို့ကို ထောက်လှမ်းရေးလို့ ၀န်ခံခိုင်းပြီးမှ ကြားထဲမှာ ဒေါက်တာနိုင်အောင်က နိုင်ငံခြားသူတယောကို ခေါ်လာခဲ့သေးတယ်။ ဟိုလိုပေါ့ဗျာ၊ ကျနော်တို့ကို ဗီဒီယိုဖိုင်ရိုက်တယ်ဗျ။ အဲဒီလို ရိုက်ပြီးတော့ ဟိုဟာမေး ဒီဟာမေးပေါ့ဗျာ။ အဲဒီမှာ ကျန်တဲ့သူ သုံးလေးယောက်ကိုတော့ မေးပြီးရင် ပြန်ပို့တယ်ဗျ၊ ကျနော့်ကိုတော့ မေးပြီး ပေမဲ့ ပြန်မပို့တော့ဘူး။

ပြီးတော့ မုန့်တွေဘာတွေ ချကျွေးပြီး ညီလေးရာ…တဲ့ …မင်းရင်ထဲမှာ တခုခုတော့ ရှိလိမ့်မယ်..တဲ့ရ အဲလို ဆိုပြီး ကျနော့်ကို စကားတွေဘာတွေပြောတယ်။ ကျနော့်မှာလည်း မုန့်လည်း စားတာပေါ့၊ ပြီးတော့ ဥက္ကဋ္ဌ ကိုခုမှ ပြန်တွေ့ရတာဆိုတော့ ကျနော်ကလည်း ဒါအခွင့်ရေးပဲလို့ မှတ်တာပေါ့။

“ဟုတ်တယ် ကျနော့်ရင်ထဲမှာ ရှိတယ်ဗျာ … ကျနော် မဟုတ်ဘဲနဲ့ ခံရတာ၊ ကျနော် ရိုက်နှက်တဲ့ ဒဏ်မခံနိုင်လို့ ၀န်ခံလိုက်ရတာ တကယ်ထောက်လှမ်းရေး မဟုတ်ပါဘူး ဗျာ“…လို့ ကျနော်က ပြောတယ်။ အဲတော့ သူက ထွန်းအောင်ကျော်ကော တဲ့…ကျနော်ကလည်း ကိုထွန်းအောင်ကျော်ကလည်း ထောက်လှမ်းရေး မဟုတ်ပါ ဘူးဗျာ လို့ ပြောတယ်၊ အဲတော့ သူက ကိုချိုကြီါ်ရောတဲ့….အဲလို အများကြီးပဲမေးတော့ ကျနော်က မပြောနိုင်တော့ဘူး လို့ ကျနော်က ပြောတော့ သူက လက်ဖျောက်တီးတာ သူ့ပုံဆန်ကို ကျနော်မှတ်မိနေသေးတယ်။

အဲဒီလို လက်ဖျောက်လည်း တီးလိုက်ရော ဒုတ်တွေ ၀င်လာတာ တန်းစီးပြီးတော့ စစ်ကြောရေးမှာ လက်သံပြောင်တဲ့ ရဲဘော်တွေပေါ့၊ လက်ထိပ်နဲ့ တန်းလန်းကိုတညလုံး ရိုက်တာဗျာ။  တညလုံးကို ရိုက်တာ။

အဲဒီနောက်တော့ ကျနော့်ကို အပြင် သိတ်မထုတ်တော့ဘူးဗျာ၊ တိုက်ပိတ်သလို ဒဏ်ပေးတာပေါ့၊ အဲလိုပေးပြီး သိပ်မကြာဘူး ကျနော်တို့ကို လာပြောတယ် မင်းတို့ကို တရားရုံးထုတ်တော့မယ် ရီးတီးရားတား သိပ်မလုပ်နဲ့ ရုံးထုတ်မယ်ဆိုတော့လိုက်သွားရတာပဲ။

အဲဒီမှာ မှတ်မှတ်ရရ ပြောစရာရှိသေးတယ်။ ကျနော်တို့ကို ရုံးထုတ်တဲ့ နေရာနဲ့ ထားတဲ့ နေရာနဲ့ နည်းနည်းလှမ်းတယ် ဒါးဂွင်ကိုသွားတာ စက်လှေပေါါ်တက်တက်ခြင်း စစ်ရေးလေ့လာသူ ကိုဋ္ဌေးအောင် ကျနော့်နား ကပ်ပြီး ခွေးမသားတဲ့  ရီးတီးယားတားတော့ မလုပ်နဲ့တဲ့ …ကောင်းကောင်းဖြေတဲ့ ဒီတခါ မဟုတ်ဘူးပြောရင် မင်းပြန်လာရင် အသက်မပါစေရဘူးတဲ့…သူ ကျနော့်ကို ကပ်ပြောတဲ့ စကား မှတ်မိနေပါသေးတယ်။

တရားရုံးရောက်တော့ဗျာ မှန်ကန်စွာထွက်ဆိုပါမယ် ဘာညာဆိုခိုင်းတယ်။ ဘာမှကို ချေပခွင့်မရဘူး။ ဟုတ်သလား ဆိုရင် ဟုတ်ပါတယ် ခင်ဗျာ့ပဲ ဖြေရတယ်။

တကယ်တော့ ကျနော်အပါအဝင် စွပ်စွဲအဖမ်းခံရသူအားလုံးဟာ မျှတတဲ့တရားစီရင်မှုကို မရခဲ့ကြပါဘူး။ အတင်းရိုက်နှက်ဝန်ခံခိုင်း အတင်းဗွီဒိယိုရိုက်၊ အတင်းထောင်ချ၊ ပြောရမယ်ဆိုရင် ပြည်တွင်းက စစ်အစိုးရလက်ထပ်မှာ မတရားစွပ်စွဲပြီး အပြစ်ပေးခံခဲ့ရတဲ့  ကိုသန်းဇော်(သံလျင်)ကိုမြင့်အေး၊ ကိုဖြိုးဝေအောင်တို့နဲ့ ဘဝတူတွေပါ။ ဘာရှင်းပြခွင့် ဘာချေပခွင့်မှ မရခဲ့ကြပါဘူး။

အဲဒီမှာ ကျနော့်ကို ထောင် ၁၀ နှစ် ချလိုက်တယ်ပေါ့ဗျာ။

အပိုင်း(၁၂)

ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီအဖြစ်ပျက်တွေဟာ ဦးဆောင်သူ တစ်ချို့ရဲ့ ညံ့ဖျင်းမှုကြောင့် ဖြစ်ခဲ့ရတာ။ အဖွဲ့အစည်းနဲ့ လုံးဝမဆိုင်ဘူး။ အေဘီဆိုတာ ကျောင်းသားသမိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့တဲ့ အဖွဲ့အစည်း၊ ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့တဲ့ အဖွဲ့အစည်း၊ မော်ကွန်းသစ်ရေးထိုးခဲ့တဲ့ အဖွဲ့အစည်းပါ။ အဲဒါကိုတော့ ခွဲခြားပြီး မြင်ဖို့ ကျနော်ပြောချင်ပါတယ်။

အဲဒီမှာ ကျနော့်ကို ထောင် ၁၀ နှစ်ချလိုက်ပြီးတော့ပေါ့ဗျ …အဲဒီ ဒါးဝန်ကနေ စစ်ထပ်ပူတယ်ဗျ။ မာနယ်ပလောကျသွားတော့ စစ်ပူပြီးတော့ ကျနော်တို့ ဘယ်ကိုပြောင်းရလဲ ဆိုတော့ ကရင်နီနယ်ကို ပြောင်းရတာပေါ့။ ပြောင်းရတော့ ကျနော်တို့ရက်တွေ လတွေတော့ မမှတ်မိတော့ဘူးဗျ။ ကျနော်တို့က ထောင်ကျနေတော့ အကုန်လုပ်ရတာဗျ။
အိမ်တွေဘာတွေ ဆောက်တာတို့ ဆရာနေ၀င်းအောင်ကတော့ ထမင်းဟင်း ချက်ပေးရတယ် သူတို့ကို ကျနော်ကျတော့ သူတို့ရဲ့အကျီာင်္ဘောင်းဘီ…ဒိုင်ခံပြီးတော့  အကုန်လျှော်ပေးရတယ်။ ကိုမြင့်ဦးတို့  ကိုထင်ကျော်တို့ကိုလည်း သူတို့အဲလိုပဲ ဟိုခိုင်း ဒီခိုင်း ခိုင်းတာပေါ့ဗျာ။

အဲဒီမှာ သစ်ပင်လှဲတာ၊ လွှဆွဲတာ၊ မြေပေါက်တာ တော်တော်များများ ကျနော် လုပ်တတ်သွားတယ်။ အဲလို လုပ်ရင်းနဲ့ အသားကျသွားတော့ သူတို့က ကျနော်တို့ကို မပြေးလောက်ဘူးလို့ ထင်ပုံရပါတယ်။ သိပ်မကြပ်တော့ဘူး နေရတာ။ အရင်တုန်းကတော့ သူတို့က အဆောက်အဦးတွေကို အခိုင်အခန့်ဆောက်တာဗျ၊ ကရင်နီနယ်ကို ပြောင်းရတော့ သူတို့က ကိုယ်နေမဲ့ အဆောက်အဦး ကိုယ်ဆောက်ဆိုပြီး ကျနော်တို့အတွက် အချုပ်ခန်းကို ကိုယ့်ဟာကိုယ်ဆောက်ရတယ်။

အဲဒီမှာ ကျနော်က ဘုရားတရားရှိတာတောင်မှ ဒီလောက် ပရိတ်ရွတ်တာတောင်မှ ငါ ဒီလို ခံရတာ၊ ဒါဟာ ၀ဋ်ပဲ၊ အဲတော့ သူတို့ လွှတ်တဲ့နေ့ ငါပြန်မယ်ဆိုပြီး ပြေးဖို့ကို မကြိုးစားခဲ့တာ။ သူတို့ ခိုင်းရင် လုပ်ပေးတယ်၊ ဒေါသလည်း မဖြစ်ဘူး။ ကိုထင်ကျော်တို့ ဆရာတို့တခါတလေ ဒေါသဖြစ်တယ်၊ ကျနော် မဖြစ်ဘူး။ အဲလို ဆိုတော့ သူတို့ ပြေးဖို့ကြံတော့ ကျနော့်ကို မတိုင်ပင်ဘူး။ သူတို့ကလည်း ကျနော့်ကို ဒီကောင်က အဖွဲ့အစည်းကို စိတ်မနာဘူး ပြေးဖို့ တိုင်ပင်ရင် ပေါက်သွားလိမ့်မယ်ဆိုပြီး မတိုင်ပင်ခဲ့ကြဘူး။

ဆရာနေ၀င်းအောင်ကိုတော့ သူတို့က ချွင်းချက်အနေနဲ့ ၂ လတခါ ဆရာကတော် ဆရာမနဲ့ တွေ့ခွင့်ပေးတယ်။ပြေးဖို့ ဆရာမကလည်း ကြံစည်တာပေါ့နော်။ ဘယ်ရောက်ဘယ်နေ့ ဘယ်နေရာက စောင့်မယ်ဆိုပြီးတော့ပေါ့နော။

ပြေးမဲ့ နေ့မှာ ဆရာက ထမင်းချက်တော့ အဲဒီနေ့က ငါးသလောက်ဟင်းချက်တယ်။
 ဆရာက ကျနော့်ကို ပြောတာ ကျနော်တို့ ပြေးတော့မယ်တဲ့…ခင်ဗျားကို ကြိုမတိုင်ပင်မိတာတောင်းပန်တယ်တဲ့…ဘာကြောင့်လဲဆိုတော့ ခင်ဗျားဆီကနေ ပွင့်မှာကြောက်တယ်၊ ခင်ဗျားက အဖွဲ့ကိုသွားပြောမှာလည်း ကြောက်တယ်တဲ့။ ခုကျတော့လည်း မထားခဲ့ရက်ဘူးတဲ့။ အဲတော့ခင်ဗျားလိုက်မှာလားတဲ့…။ လိုက်မှာလား မလိုက်ဘူးလား ဆိုတာ တထိုင်တည်း ဆုံးဖြတ်တဲ့…။

၎ ယောက်ချုပ်ထားတာ ၃ ယောက်ထွက်ပြေးရင် ကျန်တဲ့ တယောက်က သေမှာ ဆိုတော့ ကျနော်လည်း လိုက်မယ်ဆိုပြီးတော့ အကျီာင်္အ၀တ်အစားလေး ကောက်ယူပြီးတော့ လိုက်တာပေါ့နော်။

ကျနော်တို့မှာ ပြဿနာက ဘာလဲဆိုတော့ ကရင်နယ်မြေဆိုရင်လည်း ကိုမြင့်ဦးတို့  ကိုထင်ကျော်တို့က ကျွမ်းတယ်ဗျ။ ပြဿနာမရှိဘူး။ ခုဟာက ကရင်နီ နယ်မြေဖြစ်နေတော့ ကျနော်တို့ အကုန်လုံးအတွက် အသစ်ဖြစ်နေတာ။ကံကောင်းတာက မြင့်ဦးက ရွာသားလေးဗျ။ မြန်မာစာကို မရေးတတ်ဘူး။

သူက လမှောင်ရင်လည်း သူသွားတတ်တယ်ဗျ။ အဲတော့ သူ ဦးဆောင်တာပါပဲ။ သူက ရှေ့က သူ့နောက်က ဆရာနေ၀င်းအောင် ပြီးတော့ကိုထင်ကျော်၊
ကိုထင်ကျော်က ခြေထောက်မသန်ဘူး။ ကျနော်က ကိုထင်ကျော်ကို ခဏခဏ စောင့်စောင့်ခေါ်ရတယ် သူက ခဏခဏလဲတယ်။

အဲဒီမှာ ပြေးရင်းပြေးရင်း သွားရင်းနဲ့ပဲ ဆရာ့အမျိုးသမီးနဲ့ ချိန်းထားတဲ့ နေရာကို ကျော်ပြီးတော့မှ ကျနော်တို့က ထိုင်းနိုင်ငံအတွင်းပိုင်းထဲအထိ ရောက်သွားတာ။ ရောက်သွားတော့ ကျနော်တို့မှာ ပိုက်ဆံလည်း ပါမလာကြဘူး၊ ဆရာမပေးသွားတဲ့ ၁၀ ဘတ်ကျော်ကျော်လောက်ပဲ ဆရာ့မှာပါလာတယ်။ အဲတော့ကျနော်တို့ကားလမ်းကြီးတခုရဲ့ အောက်ကရေမြောင်းလေးနားမှာ ပုန်းပြီးတော့ မုန့်စားပြီးတော့ တိုင်ပင်ကြတာပေါ့ဗျာ။
နောက်အဲဒီချောင်းလေးထဲ ရေချိုးပြီးတော့ ကားတကားတွေ့တာနဲ့တက်စီးလာကြတာ မယ်ဟောင်ဆောင်သွားတဲ့ ကားဖြစ်နေတယ်။ အဲတော့ ကျနော်တို့ကမယ်ဟောင်ဆောင်မြို့ပေါ်ထိ မလိုက်ရဲဘူး။ ကျောင်းသားက မဲဆောက်တို့ မယ်ဟောင်ဆောင်တို့ထိ လက်တံရှည်တယ်လေ။ အဲတော့ မြို့ပေါ်မရောက်ခင်မှာ ဘုန်းကြီးကျောင်းလေးတကျောင်းနားမှာ ဆင်းနေခဲ့ကြတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ တည တည်းခိုခဲ့ကြပြီးတော့ ဘုန်းကြီးကလည်း အလုပ်ရှာချင်ရင် ဒီအချိန်ကစပါးရိတ်ချိန်တဲ့  အလုပ်လိုချင်ရင် ဒီရှေ့ကနေဆက်သွားရင် ထိုင်းလယ်ကွင်းတွေ ရှိတယ်။ အဲဒီမှာ အလုပ်သွားတောင်း အလုပ်သွားရှာဆိုလို့ ကျနော်တို့ကလည်း အဲဒီကို သွားကြတာပေါ့နော။

အဲဒီမှာ မျက်စိတဆုံး လယ်ကွင်းတွေ ချည်းပါပဲ ရင်ခေါင်းလောက်ရှိတဲ့ ချောင်းကို ဖြတ်ပြီးတော့မှ ကရင်အဖိုးကြီး အဖွားကြီး လင်မယားနဲ့ တွေ့ပြီး အလုပ်ပေးတယ်။ အဲဒီမှာ ကျနော်တို့ ၄ ယောက် စပါးချွေရတာပေါ့။ တထုံးကို တစ်ဘတ်ရတာပေါ့။ အဲလို စပါးချွေရင်းနဲ့ပိုက်ဆံရတော့ နောက်တဆင့်တိုးမယ်ပေါ့ဗျာ။ ဒီကနေ အနီးဆုံးမြို့ ချင်းမိုင်ကိုသွားမယ်ပေါ့။ ချင်းမိုင်မှာ ဆရာမ(ဆရာနေ၀င်းအောင်ရဲ့ ဇနီး)ပေးထားတဲ့ ဖုန်းနံပတ်လည်းရှိတယ်။

ဆရာက ကိုစိုးလင်း ဒီဖုန်းနံပတ်ကို ခင်ဗျားလည်း အလွတ်ကျက်၊ ကျနော်လည်း အလွတ်ကျက်မယ်၊ ခင်ဗျားနဲ့ ကိုထင်ကျော်က တတွဲ၊ ကျနော်နဲ့ မြင့်ဦးက တတွဲ့ ကားလည်း ခွဲစီးမယ်ဆို တကယ်လို့ အဖမ်းခံရရင်လည်း ဘယ်သူ့ကို ဖမ်းဖမ်း မသိချင်ယောင်ဆောင် ချင်းမိုင်ကိုရောက်အောင်သွား ချင်းမိုင်ကိုရောက်ရင် ဖုန်းဆက် ဆိုပြီးတော့ အဲလိုနဲ့ ကျနော်တို့ လူစုခွဲပြီးတော့ ကားတက်စီးတာပေါ့။

အဲဒီမှာ ကားခွဲစီးပြီး လူခွဲလိုက်ပေမဲ့ ပိုက်ဆံ မခွဲလိုက်မိဘူး ဆရာ့ထဲမှာပိုက်ဆံပါသွားတာ။ ကျနော်နဲ့  ကိုထင်ကျော်မှာ ၁၀ ဘတ်လားမသိဘူး အဲလောက်ပဲ ပါတယ်။ အဲဒါနဲ့ စွန့်ပြီးတော့ ဖုန်းဆက်မယ်ဗျာ ဆိုပြီးတော့ ဖုန်းဆက်ပေမဲ့ ဆရာမလည်း လွဲတယ်ဆိုတော့ စိတ်ပူပြီး ပြာနေလားမသိဘူး။ ဖုန်းမကိုင်ဘူး။ အဲဒါနဲ့ ကျန်တဲ့ ပိုက်ဆံနဲ့ ကျနော်နဲ့ကိုထင်ကျော် ကောက်ညင်းပေါင်းနဲ့ အကြော်ဝယ်စား ပြီးတော့ လမ်းဘေးကတဲထဲမှာ ရေသောက်နေကြတယ်။အဲဒီတဲမှာပဲ ဒီညအိပ်မယ် မနက်ဖြန်တော့ အလုပ်လိုက်ရှာမယ်ဆိုပြီး အဲဒီတဲမှာပဲ အိပ်ကြတယ်။

ကျနော်တို့ အလုပ်လိုက်တောင်းတယ်ဗျ။ လိုက်တောင်းပေမဲ့ မောင်းထုတ်တယ် ကျနော်တို့ကို။ ကျနော်တို့က သူများသာ ပြောနေတာ ကိုယ့်ကိုယ်ကို ပြန်မကြည့်မိကြဘူး။ မှန်လည်း မရှိဘူးလေ။ ဘယ်မှာမှ  ကိုယ့်အခြေအနေကိုယ်သိလဲဆိုတော့ ဘုန်းကြီးကျောင်းတကျောင်းဝင်တော့ ကိုရင်လေးတွေက တံမြက်စည်းနဲ့ လိုက်ရိုက်တယ်။ အဲဒီအချိန်ကျမှ ကျနော်တို့ ရုပ်တွေ တော်တော်စုတ်ပြတ်နေပြီဗျာ၊ ဘယ်ကမှလည်း အလုပ်မရနိုင်တော့ဘူး။ နောက်ဆုံး စားဖို့အတွက် ကျနော်တို့ ထိုင်းရဲ ဖမ်းတာ ခံလိုက်တော့မယ်ဗျာလို့ ကိုထင်ကျော်ကို့ညည်းမိတယ်။

အဲဒါနဲ့ ထိုင်းလ၀က မှာ ဥပဒေရှိတယ် လူဝင်မှုနဲ့ ဖမ်းလို့ရှိရင် ၂၈ ရက်ထောင်ချတယ်။ ဘတ် ၂ ထောင်ပေးရင် လွတ်တယ်။ ကျနော်တို့က စားစရာလည်း မရှိနေစရာလည်း မရှိတော့ ထောင်ကျခံလိုက်တယ်။

မှတ်မှတ်ရရ ကျနော်တို့ ချင်းမိုင်ထောင်မှာပဲ ထောင်အကျခံတဲ့နေ့က တမြို့လုံးမီးရူးမီးပန်းတွေနဲ့ တဒိုင်းဒိုင်းနဲ့ လွှင့်နေတာ ဘာလဲ…လို့ ကျနော်တို့က မေးတော့၊ ရှေ့မှာ ထောင်ကျတဲ့ သူတွေက ပြောတယ်။

ဆီးဂိမ်း…တဲ့ဗျ။


အပိုင်း (၁၃)

ထိုင်းနိုင်ငံရဲ့ ဆီးဂိမ်းဖွင့်ပွဲနေ့မှာ မှတ်မှတ်ရရ ထိုင်းနိုင်ငံမှာကျနော် ထောင်ကျတယ်။  ထောင်ကျတော့ စားဝတ်နေရေးကတော့ အဆင်ပြေသွားတာပေါ့ဗျ၊ အဲဒီမှာ။

၂၈ ရက်ထောင်ကျပြီးတော့ ထိုင်းရဲတွေက အနီးဆုံးနယ်စပ်မြို့ကို ပို့တယ်။ နောင်အို့ဆိုတဲ့ မြို့ကို ပို့တယ်ဗျ။ ကျန်တဲ့ သူတွေကဗျာ သူတို့ကို နယ်စပ်ပြန်ပို့ရင်လည်း ကွေ့ပတ်ပြီးတော့ ထိုင်းထဲ ပြန်ဝင်ပြီး လုပ်တာပဲ၊ ကျနော်တို့ကျတော့ ဘာလုပ်ရမှန်းမသိဘူး။ သူတို့ကတော့ သူတို့နဲ့ လိုက်ခဲ့ လိုက်ခဲ့လို့ ခေါ်ပါတယ်။

သူတို့ကတော့ ပြောတယ်ကျနော်တို့ကတော့ ထိုင်းထဲ ပြန်ဝင်ပြီး အလုပ်လုပ်မှာ ကျနော်တို့ အတွက် ဒီလို လုပ်နေတာက ရိုးနေပြီလို့ ပြောတယ်။
အဲဒီမှာ ကိုထင်ကျော်က ကိုစိုးလင်း ဘာလုပ်မလဲလို့မေးတယ်။ ကျနော်ကတော့ အိမ်ပြန်မယ်လို့ ဆုံးဖြတ်လိုက်ပြီ။

အဲဒီမှာ ကိုထင်ကျော်က ဘာပြောလဲဆိုတော့“ ကျနော်တို့ ခင်ဗျားတို့ ထွက်လာတုန်းက စစ်အာဏာရှင်စနစ်အောက်ကနေ လွတ်မြောက်ရေး အတွက် ထွက်လာခဲ့တာပဲ၊ ခုလည်း မလွတ်မြောက်သေးဘူး၊ အဲဒါဘာကြောင့် အိမ်ပြန်မှာလဲ“ တဲ့…။ သူက အဲလိုပြောတယ်။

အဲဒီမှာ သူ့ကိုလည်း ကျနော်က ပြောတယ်။ “ကိုထင်ကျော်…ကျနော်တို့က ထောက်လှမ်းရေးဆိုပြီးတော့ စွပ်စွဲပြီးတော့ ခံထားရတာ၊ ဒီအရိပ်ကြီးက ကျနော်တို့နောက်ကို ဘယ်လောက်လိုက်နေမလဲ မသိဘူး။ ကျနော်တို့ ဘယ်လောက် လုပ်နိုင်မလဲ၊ တဦးချင်းလွတ်မြောက်ရေးအတွက် နိုင်ငံတွေ ထွက်လို့တော့ရတယ်။ ဒါပေမဲ့ တဦးချင်းလွတ်မြောက်ရေး လုပ်တာက ကိုယ့်ဘ၀အတွက်ပဲ၊ ကျနော်ကတော့ မြန်မာပြည် ပြန်မယ် ပြည်သူနဲ့အတူတူ နေရင်းနဲ့ ကိုယ့်ဘ၀ကိုယ်ပြန်တည်ဆောက်ယူမယ်၊ ပြည်သူကို လွတ်မြောက်အောင် မလုပ်နိုင်မှတော့ဗျ ပြည်သူနဲ့အတူတူ သွားပြီး အဖိနှိပ်ခံဦးမယ်“ လို့ စကာနာပြောခဲ့ပြီးတော့ ပြည်သူနဲ့အတူတူ ဖိနှိပ်ခံဦးမယ်ဆိုတဲ့ စိတ်နဲ့ ၀င်မှာပဲဆိုပြီး ၀င်ခဲ့တာပေါ့နော။

ကျနော် အိမ်ကို ၁၉၉၆-မတ်လမှာ ပြန်ရောက်တယ်။

အစ်မတွေ နှမတွေ ဝိုင်းဖက်ပြီး ငိုလိုက်ကြတာ အမေကတော့ တစ်နေ့နေ့ ငါ့ဆီကို ငါ့သားအရောက်ပြန်လာမှာလို့ အမေယုံတယ်။ ဒါကြောင့် အမေ နေ့တိုင်းစောင့်နေတာတဲ့။ ဒီတစ်ခါ ငိုရတာက ကျနော်ပါ။

အဲဒီမှာ အိမ်ပြန်ရောက်တော့ ထောက်လှမ်းရေးက မေးမြန်းတာရှိတယ်၊ နောက် ခရီးမထွက်ဖို့ ပြောတယ်၊ ကျနော်လည်း အမေလည်း စိတ်ချမ်းသာအောင် ဘယ်မှလည်း မသွားပါဘူး။ အေးအေးဆေးဆေးပဲ နေတယ်။ အိမ်မှာပဲနေတယ်။ သူငယ်ချင်းတွေကပဲ လာကြတယ်ဗျ။

အဲဒီမှာ ကျနော်ပြန်ရောက်တယ်ကြားတာနဲ့ လေးလေးဦးမင်းအောင်လည်း အိမ်ရောက်လာတယ်။ သူငယ်ချင်းတစ်ချို့လည်း လာကြတယ်။ လူရှင်းတော့ စက်ဘီးလေးထုတ်ပြီး ကျနော်မစိုးရိမ်တိုက်ဟောင်းကို ပြေးတယ်။ ဆရာတော်ဦးကဝိန္ဒဆီကိုပေါ့။ (ဆရာတော်ကို မစိုးရိမ်မှာနေခွင့်မပေးတာ ရွှေကျင်ကိုရောက်နေတာ မသိဘူး) တိုက်ဟောင်းမြောက်ပေါက်ရောက်ရင်ပဲ တိုက်တိုက်ဆိုင်ဆိုင် ထွက်လာတဲ့ ဆရာတော်နဲ့ တိုးပါရော။ ဆရာတော်ကလည်း သတင်းစာကနေ ကျနော်ပြန်လာပြီဆိုတာ ဖတ်ရပြီး လာစောင့်နေတာတဲ့။ နှစ်ယောက်စလုံး မျက်ရည်တွေ ဝဲလို့ပေါ့။ လက်ဘက်ရည်ဆိုင်မှာထိုင်ပြီး စကားတွေ ဖောင်ဖွဲ့ကြတယ်။ ဆရာတော်က ကျောင်းပြန်တက်လို့ရရင် ပြန်တက်ဖို့နဲ့ ဘွဲ့ရအောင် အရင်လုပ်ဖို့ပြောတယ်။ ၁၉၉၈-ကြတော့လည်း အိမ်ကို ဆရာတော်တစ်ခေါက်ကြွလာသေးတယ်။ လက်ထဲမှာ ကျွဲကောသီးလေး ဆွဲလို့။

အဲဒီမှာ အိမ်ရဲ့ အခြေအနေကို ပြောပြဦးမယ်။ ကျနော် တောခိုတဲ့အချိန်တုန်းက အိမ်က လက်ဖက်ရည်ဆိုင်လေးဖွင့်ထားတယ်အဲဒီတုန်းကတော့ အဆင်ပြေတယ်၊ ကျနော်လည်း တောခိုရော အိမ်မှာကလည်း မိန်းမသားတွေပဲ ရှိတော့ နောက်ဆုံး အဆင်မပြေဖြစ်ပြီး ဆိုင်ပိတ်လိုက်ရတယ်။ ကျနော်ပြန်ရောက်တဲ့အချိန်ကျတော့ ညီမတွေကလည်း အိမ်ထောင်တွေ ကျနေကြပြီ။ ကျနော်နဲ့ ကပ်ရပ်အမကလည်း အိမ်ထောင်ကျနဲ့ စီးပွားရေးကလည်း တော်တော်ပျက်တယ်ဗျ။

အဲဒီတုန်းက ကျနော့်မှာ မနက်လက်ဖက်ရည်ဖိုးတောင်မရှိပါဘူး။ သူငယ်ချင်းတွေ လာခေါ်တာစောင့်ပြီး သောက်ရတာ ဘ၀တွေတော်တော်ပျက်ခဲ့တယ်။ အဲလိုနေရင်းနေရင်းနဲ့မြင့်ကျော်က မြင့်ကျော်ဆိုတာက အာအိုင်တီကပါ မြောက်ပိုင်း ဗဟိုကော်မတီထဲမှာပါတယ် မြင့်ကျော်က အိမ်ရောက်လာပြီး အကို ကျောင်းပြန်တက်လို့ရတယ်၊ ကျနော်တောင် တက်နေပြီလို့ ပြောတယ်။ မြင့်ကျော်က တတိယနှစ်နဲ့ တောခိုတာ။အဲဒါနဲ့ ကျနော်လည်း ကျောင်းပြန်တက်ဖို့ လုပ်တာပေါ့နော်။ ကျောင်းတက်နေတုန်း နိုင်ငံရေးမလုပ်ပါဘူး ဆိုတဲ့ ခံဝန်တော့ထိုးရတယ်ဗျ။ ကျနော် မထိုးခဲ့ဘူး။

ကျနော် ကျောင်းတက်နေသရွေ့ တက်နိုင်သမျှ နိုင်ငံရေးနဲ့ ကင်းအောင်နေပါ့မယ် ဆိုတဲ့ နှုတ်ကတိတော့ ပေးခဲ့ရတယ်ပေါ့ဗျ။ အဲဒါနဲ့ ကျနော် ကျောင်းပြန်တက်ခဲ့တယ်၊ အဆောင်လည်း နေခွင့်ရခဲ့တယ်ပေါ့ဗျ။ အဲဒါနဲ့ ၁၉၉၆ မှာ အောင်မိုးဝင်းတို့ရဲ့ ၉၆ ကိစ္စဖြစ်တာပါပဲ။

ပြောရရင်တော့ အောင်မိုးဝင်းဆိုရင်ဗျာ ကျနော့အခန်းဖော်ပါပဲ။ သူ ဘာလုပ်တယ်ဆိုတာကျနော် အကုန်မြင်အကုန်သိနေတယ်ဗျာ ဒါပေမဲ့ ကျနော်က ဘာမှ ၀င်မပါခဲ့ဖူး။ သူ သိပါတယ် နောက်ဆုံး သူပြေးတဲ့အချိန်ထိကို။

အဲလိုဖြစ်ပြီး ကျောင်းပြန်ပိတ်တော့ကျနော်က ဘွဲ့မရသေးဘူးဗျ၊ အဲလိုနဲ့ နောက်ဆုံးနှစ်ကို ပြည်မှာသွားတက်ခဲ့ရပြီး ၂၀၀၀ ခုနှစ်ကြမှပဲ ဘွဲ့ရတယ်။ အဲဒီနောက်မှာတော့အိမ်မှာကလည်း စီးပွားရေးအဆင်မပြေ၊ ၂၀၀၀-ခုနှစ်မှာ ဒေဝန်းအိမ်ကိုရောင်းပြီး မာလကာခြံကို ပြောင်းဖြစ်တယ်။ ခုလို အဆက်အသွယ်မကောင်းတော့ ဆရာတော် ဆရာတော်ဦးကဝိန္ဒ ရန်ကုန်မှာ ပျံတော်မူသွားတာတောင်မှ သူများပြန်ပြောလို့ သိရတယ်။ ရန်ကုန်က ဆရာတော်ရုပ်ကလာပ်ကို သယ်ပြီး ရွှေကျင်မှာ မီးသင်္ဂြိုဟ်လိုက်တယ်လို့ ဆရာတော် ဦးကောသလ္လ(ဗားကရာ၊ အမရပူရ)က ပြန်ပြောပြတယ်။


အပိုင်း(၁၄)


အပိုင်း(၁၄)

ခုဆိုဆရာတော်ဦးက၀ိန္ဒ၊ဦးရေ၀တတို့ လည်းပျံလွန်တော်မူသွားကြပြီ။ အမေရော၊လေးလေးဦးမင်းအောင်ရောမရှိကြတော့ဘူး။ လူ့ ဘ၀ကတိုတောင်း
လွန်းပါတယ်။လူဆိုတာမှားတတ်ပါတယ်။ကျနော်ကိုယ်တိုင်လည်းအမှားကင်းသူတစ်ယောက်တော့မဟုတ်ပါဘူး။တတ်နိုင်သမျှအမှားမဖြစ်အောင်ကြိုး စားနေရ၊ခက်ခက်ခဲခဲဖြတ်ကျော်နေရတဲ့ဘ၀ပါ။

စက်မှုတက္ကသိုလ်ကျောင်းသားဘ၀မှာဖဲရိုက်၊အရက်သောက်၊ဆေးချ(ကျောင်းပတ်ဝန်းကျင်မှာအကုန်၇တယ်။)ဖြတ်သန်းခဲ့ပြီးဘုန်းမော်နေ့ သာမဖြစ်ခဲ့ရင်ဒီလိုအပြောင်းအလဲမျိုး
ကျနော်မရနိုင်ပါဘူး။အဲဒိနေ့ ကကျနော့ဘ၀ကို၁၈၀ဒီဂရိပြောင်းလဲပေးလိုက်တာပါ။ကျနော်အရမ်းတန်ဖိုးထားပါတယ်။

ကျနော့ကိုကျနော်အရင်ဆုံး(ခက် ခက်ခဲခဲ)တော်လှန်ခဲ့ရပါတယ်။ပျော်စရာနေ့ တွေကို(သင်္ကြန်၊သီတင်းကျွတ်၊ တန်ဆောင်တိုင်။

New yearစသည်ဖြင့်)မပျော်ပဲ၊အပျော်မလွန်ပဲဒီနေ့ အထိဖြတ်သန်းနေဆဲပါ။ ဘ၀မှာစက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ခဲ့တာ။မကဒတ(ABSDF)တပ်ဖွဲ့ 
ဝင်ဖြစ်ခဲ့တာကျနော်တစ်သက်လုံးဂုဏ်ယူသွားမှာပါ။ မှားတတ်တာ လူ့ သဘာဝပါ။ အမှားနည်းတာ လူ့ အရည်အချင်းပါ။ အမှားကိုအမှားမှန်းသိပြီးဝန်ခံရဲတာက လူ့ တန်ဖိုးပါ။

တကယ်တော့ ကျနော်တို့တွေကို ထောက်လှမ်းရေးလို့ သတ်သတ်မဲ့ စွပ်စွဲကြတာဗျ၊ ကျနော်တို့တွေက ထောက်လှမ်းရေးတွေ မဟုတ်ပါဘူး။ ဘယ်သူမှလည်း မဟုတ်ကြပါဘူးဗျာ။

ကျနော်တို့တွေကို စဖမ်းတုန်းက ပြေးလို့ရတယ်၊ ဒါပေမဲ့ ကျနော်တို့တွေ မပြေးခဲ့ကြဘူး၊ ငါတို့မှ မဟုတ်တာဆိုပြီး နေခဲ့ကြတာပဲ။ နောက် သူတို့ ခုလောက်ကြီး ရိုက်နှက်လိမ့်မယ်လို့လည်း မထင်ဘူးဗျ။ ကိုဋ္ဌေးနိုင်နဲ့ပတ်သက်ပြီးတော့ ကျနော် ကြားတာကတော့ဗျ၊ ဒါကလည်းကြားတာပါ၊ သူတို့က  ကိုဋ္ဌေးနိုင်ကို သူ့အရပ်ကြီးနဲ့ မြေကြီးထဲမြှုပ်ပြီးတော့ စစ်တယ်ပြောတယ်။နောက်ဆုံး ရိုက်တဲ့ နှက်တဲ့ဒဏ်မခံနိုင်တဲ့အဆုံးမှာ ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ရတာပေါ့ဗျာ။

အဲလို ၀န်ခံပြီးလို့တော့မှ မာနယ်ပလောစစ်ပူလို့ စခန်းပြောင်းတဲ့အချိန်မှာ ကိုဋ္ဌေးနိုင်ကို ခေါ်မသွားချင်တော့လို့ ရှင်းခဲ့တာလို့ ပေါ့၊ တချို့ကလည်း သေနပ်နဲ့ပစ်သတ်တယ်လို့ ပြောတယ်၊ တချို့ကလည်း ၀င်းနိုင်ဦးပေါ့ ဘီဘီစီက မောင်ရင်မောင်က ဆေးထိုးသတ်ပေးတယ် လို့ပြောတယ်။ အဲလို အမျိုးမျိုးဗျ။

အဲဒီအချိန်တုန်းက ကျနော်ကိုယ်တိုင်ကလည်း အဖမ်းခံနေရတော့ ဘယ်သူ သတ်တယ်ဆိုတာ မသိနိုင်တာပေါ့နော်။ အဲဒီမှာ နှစ်ယောက်ဖြစ်နေတယ် တယောက်က မိုးသီးဇွန်ဗျ၊ နောက်တယောက်က ကိုဝင်းနိုင်ဦးဗျ။ မိုးသီးဇွန်က အမိန့်ပေးလိုက်တာကို ၀င်းနိုင်ဦးက မလှန်ရဲဘူးလို့ပြောနေတာပေါ့ အဲဒါကိုလည်း ပြတ်ပြတ်သားသား မသိရဘူးဗျ။ ဖြစ်နေတာက။

နောက်တချက်က ကျနော်တို့ သိရသလောက်အဲဒီတုန်းက စစ်ကြောရေးမှာ ရောက်လာတာတွေထဲက မြောက်ပိုင်းက ထောက်လှမ်းရေးလို့စွပ်စွဲတာနဲ့ပတ်သက်တဲ့ အမှုတွဲက ကျနော်ပြီးရင် ကိုနေ၀င်းအောင်၊ ကိုအောင်သူ၊ ကိုဋ္ဌေးနိုင်ပါတယ် အဲဒါက ကျနော်တို့နဲ့ပတ်သက်တဲ့အမှုတွဲတွေပေါ့။

နောက်တခါ ရွာသားကိုမြင့်ဦးရှိတယ်၊ နောက်တပ်ရင်း ၂၁၀ ကိုထင်ကျော်၊ နောက် အန်အယ်ဒီကနေပြီးတော့ ကျောင်းသားအလွဲအပြောင်းတွေ လုပ်ပေးတဲ့ ကောင်မလေး မီမီခိုင် ဆိုတာရှိတယ်။ အဲဒါလည်း ကျနော်တို့ စခန်းပြောင်းေ၇ွ့တော့မှ သိရတာပါ မိန်းကလေးတယောက်ပါတယ်ဆိုတာလေ။ မီမီခိုင်နဲ့ပတ်သက်ပြီး ဘာတွေ ဘယ်လိုလုပ်ကြတာဆိုတာကို ပြောလည်း မပြောချင်ဘူးဗျာ လူတယောက်ဂုဏ်သိက္ခာဗျာ၊ စစ်ဆေးကြတယ် အဲလောက်ပဲ ပြောချင်ပါတယ်။

တကယ်တော့ဗျာ ကျနော်ကလည်း ခုလေးဆယ်ကျော်နောက်ပိုင်းမေ့တာများလာ တယ်။ ဒဏ်ရာဒဏ်ချက်တွေကြောင့်လည်းပါမှာပေါ့ဗျာ။


နောက်အခုအချိန်မှာတော့ဗျာ မြောက်ပိုင်း ကိစ္စတွေ၊ တောင်ပိုင်းကိစ္စတွေမှာ တရားစွဲဆိုရေးနဲ့ ပက်သက်ရင်တဦးချင်းလုပ်ဖို့ မရှိပါဘူး။ မြောက်ပိုင်းပြန်အားလုံးကသဘောထားကြေညာချက်၂/၂၀၁၂အတိုင်းရပ်တည်မယ်။

ကျဆုံးမိသားစုတွေအတွက်အပြည့်အ၀ရှိနေမယ်။ လိုအပ်တဲ့အချိန်သက်သေလိုက်ပေးမယ်။ တရားစွဲဆိုတာကရှိနေမှာပဲ။ ဥပဒေဆိုတာအပြစ်ရှိသူကိုအပြစ်ပေးဖို့ ။တနည်း မကောင်းမှု လုပ်သူကိုမကောင်းတဲ့အလျောက်ဆုံးမတာ။ ဘုရားဟောထားတာ ရှိပါတယ်။(ရွှံ့ ညွှန်သည်ရေကြောင့်ဖြစ်ရ၏။ထိုရေဖြင့်ပင်ဆေးကြောရာ၏။)

အဲလိုပါပဲ၊ မကောင်းတဲ့အပြစ်လုပ်သူကိုမကောင်းတဲ့အလျှောက်မကောင်းဘူး ဆိုတဲ့အပြစ်ပေးခြင်းနဲ့ ဆေးကြော ပေးရတာ။ ဒီထက်ပိုတွေးလိုက်ရင် ဥပဒေဆိုတာအပြစ်ရှိသူကိုအပြစ်ပေးခြင်းဖြင့်အပြစ်မရှိသူတွေကိုလွတ် လွတ်လပ်လပ်အေးအေးချမ်းချမ်းနေနိုင်အောင်အကာအကွယ်ပေးထားတာ။  နောက်နောင်အပြစ်တွေ ထပ်မကျူးလွန်ဖြစ်အောင်ဥပဒေကဆုံးမပေးတာ။

ကျဆုံးမိသားစုတွေကတရားစွဲဆိုတာကတော့ တရားပါတယ်ဗျာ။

ကျေးဇူးတင်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)

မေသင်္ကြန်ဟိန်(မြစ်မခ)













No comments:

Post a Comment