by May Thingyan Hein on Monday, September 24, 2012 at 9:27am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၄၊ ရန်ကုန်မြို့။
အပိုင်း(၉)
ABကနေပြီးတော့ ဆင်းလာမယ်လို့ ကြားတော့ ကျနော်တို့မှာ တကယ်ကို ကယ်တင်ရှင်လာမယ်လို့ ထင်တာ။ ကျနော်တို့ အရမ်းမျှော်လင့်ထားတာ၊ ဒေါက်တာ နိုင်အောင်ပဲ။
ဘာဖြစ်လို့ မျှော်လင့်ထားလဲ ဆိုတော့ နံပတ်တစ်က သူက ဆရာဝန်တစ်ယောက်ဖြစ်နေတယ်။ ကျနော်တို့ရဲ့ လူ ၃၀၀ကျော်ရှိတဲ့ အဖွဲ့မှာ လူ ၁၀၀ ကျော် ထောက်လှမ်းရေးဖြစ်နေတဲ့ကိစ္စကို သူ ဆင်ခြင် စဉ်းစားပိုင်းဖြတ်နိုင်လိမ့်မယ်၊ ဒါကို သူ အလွယ်တကူ သိနိုင်မှာပဲလို့ ထင်ထားတာ။ မျှော်လင့်ထားကြတာ။
နံပတ် ၂ ကတော့ တောင်ပိုင်းရဲ့ အခြေအနေဟာ မြောက်ပိုင်းအခြေအနေလို မဟုတ်ဘူး။ တောင်ပိုင်းက နိုင်ငံတကာနဲ့ ထိစပ်မှု ပိုများတယ်။ တောင်ပိုင်းအခြေအနေက စည်းမျဉ်းစည်းကမ်းဥပဒေက မြောက်ပိုင်းထက် ပိုအားကောင်းမယ်ပေါ့။ ကျနော်တို့က တကယ့်ကို ကယ်တင်ရှင်လာမယ်လို့ကို ထင်တာ။ သူလာရင်တော့ ဒီပြဿနာတွေ ရှင်းသွားမယ်လို့ကို မျှော်လင့်ထားကြတာ။
အဲဒီအချိန်မှာ ကျနော်တို့ရဲ့ ကယ်တင်ရှင်က ဒေါက်တာနိုင်အောင်။
တရက်တရက်ထောင်ထဲကနေ ဖြတ်သန်းနေရတာ ကျနော်တို့အတွက် အရမ်းခက်တယ်။ ဒီကြားထဲမှာ မျက်စိတည်း မြင်အောင် တကွက်လောက်ထည့်ပြောချင်တယ်။ စဉ်းစားကြည့် ကိုလှမျိုးအောင် လုပ်သွားတာဆိုရင် အရမ်းရက်စက်တယ်။ အဲဒီကောင် ရူးနေတာ၊ သူ နံကြပ်ကူ လုပ်ခိုင်းတယ်တဲ့။ နံကြပ်ကူ ကို လမိုင်းတင်တာဆိုပြီးတော့ ဟေ့အောင် ထိန်လင်း၊ သူ့နာမည်က ထိန်လင်းခေါ် အောင်မင်း။ သူက ထိပ်တုံးထဲမှာ ကျန်ခဲ့တာကို။
အဲဒါကို နံကြပ်ကူကို လမိုင်းတင်တာဆိုပြီးတော့ ထိပ်တုံးထဲမှာ ကျန်ခဲ့တဲ့ ကိုအောင်မင်းကို ကျောကုံးခိုင်းတယ်။ အဲဒီကျောကုံးကို နံကြပ်ကူနဲ့ ရိုက်တာ ဗျာ… ဟိုလူ အဆုတ်ကွာသွားတယ်။ နောက်တနေ့ ကျနော့်လက်ပေါ်မှာပဲ သေသုံးတယ်။ အဲဒါ ကိုအောင်မင်းမှာ ဘာအပြစ်မှ မရှိဘူးနော် အဲဒါသူတို့ နံကြပ်ကူ ကောင်းမကောင်း စမ်းတာ၊ လမိုင်းတင်တာတဲ့ ဗျာ…။
အဲဒီလိုတွေ ဆိုတော့ကျနော်တို့မှာ တယောက်နဲ့တယောက်ဖြတ်သန်းရတာ ဘယ်လောက် ခက်သလဲ။ ဒုက္ခများသလဲ၊ ဘယ်နေ့ကိုယ့်အလှည့်လဲဆိုတာ အချိန်တိုင်းတွေးနေရတာ၊ အဲဒီအချိန်မှာ ကျနော်တို့ရဲ့ ကယ်တင်ရှင်ကို မျှောင်လင့်တယ်။ အဲဒီအချိန်မှာ AB ကလာမဲ့ ဒေါက်တာနိုင်အောင်ကို ကျနော်တို့ မျှော်တယ်။
သူလာရင်တော့ ဒီကိစ္စကြီးက ပြီးသွားမှာပါ လို့ထင်ကြတာ၊ လူတိုင်းတော့ မဟုတ်ဘူး၊ အများစုရဲ့ စိတ်ထဲမှာတော့ AB ဆိုတာ ရှိတယ်။ AB ဆိုတာရှိတဲ့အတွက် တော်လှန်ရေးဆိုတာ ရှိတယ်လေ။
အဲဒီမှာ ဒေါက်တာ နိုင်အောင် ရောက်လာတယ်။ အရမ်းပျော်တယ်၊ အရမ်းမျှော်လင့်ကြတယ်။
ဒါပေမဲ့…။
ဒါပေမဲ့ ...ဗျာ။
ဒါပေမဲ့… ကျနော်တို့ ထင်သလို ဖြစ်မလားဘူး။
အဲဒီနေ့က …အဖြစ်အပျက်ကို အကုန်ပြန်မှတ်မိနေတယ်… ။ စွဲစွဲမြဲမြဲကို မှတ်မိနေတာ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က သူ့ကို ကယ်တင်ရှင်အနေနဲ့ လာမယ်လို့ မျှော်လင့်ထားကြလို့။
အဲဒီမှာ လာပြီးတော့မှ သူက ကိုသိန်းထွန်းကို သူစီးတဲ့ ဖိနပ်နဲ့ ချွတ်ပြီး ပါးရိုက်တယ်။ ကိုသိန်းထွန်း နားထဲက သွေးထွက်လာပြီး နားကန်းသွားတယ်။
ပြီးတော့ အဲဒီတုန်းက ကျနော်တို့နဲ့ တွေ့စဉ်မှာကျနော်တိုရဲ့ မျက်လုံးတွေက ဘာဆိုတာ သိကိုသိတယ်။ ကျနော်တို့က သေတော့မှာ သေနေတာ၊ ကျနော်တို့က သူလာပြီ ဆိုကတည်းက ကျနော်တို့သူ့ကို ကြည့်တဲ့ မျက်လုံးတွေက အားကိုးတကြီးနဲ့ ကြည့်နေတာ။ ကျနော် ပြောရဲတယ်။
အားလုံး သူ့ကို ကြည့်တဲ့ အကြည့်က…ဘယ်လို ပြောမလဲ သိသာတယ် အားကိုးတကြီးနဲ့ ကြည့်နေတာ။ ဘာကြောင့်လဲ ဆိုတော့  အသက်သခင်ကို ၊ ကယ်တင်ရှင်ကိုး။
ဒီမျက်လုံး ဒဏ်ကို သူ မှတ်မိနေပါလိမ့်မယ်။
အဲဒါကို ဘာကြောင့်မျက်နှာလွဲခဲ့တာလဲ ဆိုတော့ သူ့ရဲ့ အတ္တအကျိုးစီးပွားအတွက်ပဲ။ ကျနော် သုံးသပ်ချက်ကတော့ သူက အဲဒီအချိန်တုန်းက မြောက်ပိုင်းက မဲ ရပြီးသွားပြီ။ သူ ကိုမိုးသီးနဲ့ faces လုပ်နေတာ ဒီမဲတွေက သူ့အတွက် အရမ်းအရေးပါတယ်။ အဲဒါကြောင့်သူက ဒါတွေကို ထောက်ခံပြီး လက်မှတ်ထိုးပေးခဲ့တာ။
ကျနော်တို့ တကယ်ပဲ မျှော်လင့်ချက်တွေ ပျောက်ကုန်တယ်၊ အရုပ်ကြိုးပျက်ပဲ၊ တကယ့်ကို အရုပ်ကြိုးပျက်ပါ။
တကယ်တော့ ဒေါက်တာနိုင်အောင်ဟာ အကျိုးစီးပွားတခုကိုကြည့်ပြီးတော့ ဆုံးဖြတ်ချက်ကို ချခဲ့တယ်။ သူက မရိုးသားဘူး။ သူ့ရဲ့ အတ္တအကျိုးစီးပွားအတွက်ဆိုရင် ပိုမှန်ပါတယ်။
အဲဒီမှာ ကျနော်တို့တွေ အရုပ်ကြိုးပြတ်ပဲ။ သွားပြီ…မျှော်လင့်ချက် မရှိတော့ဘူး။ ကျနော်တို့ ဘ၀က တော်တော်ကို စုတ်ပြတ်သတ်တယ်ဗျာ။ ကျနော်တို့ အနေနဲ့ မဟုတ်ဘူးဆိုတာ
သူကောင်းကောင်း သိတယ်။ ဒါကိုသူက သူ့အကျိုးစီးပွားနဲ့ လဲသွားတယ်။
အဲဒီမှာ...
တကယ်တော့ကျနော်တို့ အသက်တွေအားလုံးကို ကယ်သွားတာက ကိုကျော်နိုင်ဦးပဲ။ သူက သာယာဝတီက ။
ဘယ်လိုကယ်သွားသလဲ ဆိုတော့ ကိုမျိုးဝင်းက ကျနော်တို့၇ ယောက်၇ဲ့ မိဘတွေကို ကိုမောင်မောင်ကတဆင့် စာရေးခိုင်းတယ်။
“မင်းတို့ ထောက်လှမ်းရေးလို့ ၀န်ခံခဲ့ကြတယ်၊ ပြီးတော့မင်းတို့ထောက်လှမ်းရေး ဖြစ်နေတယ်ဆိုတဲ့ ကိစ္စကို သိတဲ့ သူ ရှိတယ်လို့ပြောခဲ့ကြတယ်ဆိုတော့။ အဲတော့ သိတဲ့ သူကို ခေါ်ပေး၊ ငါ အာမခံနိုင်တာ ငါ တာဝန်ခံနိုင်တာက မင်းတို့ ရေးတဲ့ စာကို မင်းတို့ မိသားစု ဆီရောက်မယ်၊ ပြီးတော့ တလအတွင်းကို အဲဒီလူက ဒီကို တက်လာရမယ်“လို့ ကိုမျိုးဝင်းက ပြောတယ်။
ပြီးတော့သူက ဆက်ပြောတယ်။ “တလ ကျော်သွားရင် သတ်မယ်“…တဲ့။
အဲမှာ ကျနော်တို့တွေ ပြာတောက်ကုန်ကြတာ။ ကိုညီလည်းပြာတောက်နေတာပဲ။
အဲဒီမှာ ကျနော်တို့က အသက်ရှင်ချင်လို့သာ ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ကြရတာကိုး။ ဒါပေမဲ့ တကယ်ထောက်လှမ်းရေးလည်း မဟုတ်တော့၊ အိမ်ကလည်း ဘယ်သိနိုင်မလဲ။ ကိုမျိုးဝင်းက စာရေးဆိုတော့ ခက်တာပေါ့။
အဲဒီမှာ ကျနော်က ဘာစဉ်းစားလဲ ဆိုတော့ ကျနော် နောက်တလ အသက်ရှင်ဖို့ အိမ်က လူတယောက်ကို ခေါ်ပြီး အသက်ခံရမလား၊ ခု ဒီမှာ အသက်ခံရရင် ကျနော်တယောက်ပဲ သေမယ်၊ နောက်တလဆိုလို့ အိမ်က လူရောက်လာရင် လည်း အသတ်ခံရမယ် ၂ယောက်သေမယ်လို့ ကျနော် စဉ်းစားနေပြီ။ တော်တော်လေးလည်း အကြပ်အတည့်းဖြစ်တယ်။ တယောက်ပဲ အသေခံမလား၊ နှစ်ယောက်သေမလား ဘယ်လို ရွေးရမလဲ ဆိုတာကို မီးဖိုမှာ ထိုင်ပြီး မီးလှုံနေရင်း စဉ်းစားတာ။
ခုချိန်မှာ ပြန်ပြောရင်တော့ အဲဒါဟာ ဇာတ်လမ်း ဆန်တယ်။ မီးလှုံရင်းနဲ့ ကျနော်လည်း စဉ်းစားရင်း ဘာအိုင်ဒီယာမှ မရဘူး။ အဲဒီမှာကိုကျော်က…ကိုမျိုးဝင်းကို ပြောလိုက်တာ။
“ဒီလိုလုပ် ကိုမျိုးဝင်း…ကျနော်က NIB က ဆိုတော့ အကြီးဆုံးပဲ တဲ့ ထောက်လှမ်းရေး ဆိုတာလည်း ခင်ဗျားသိတဲ့အတိုင်းပဲ ထောက်လှမ်းရေး ဆိုပြီးတော့လည်း ရပ်ကွက်ထဲမှာ ယူနီဖောင်းကြီးဝတ်ပြီးသွားလာကြတာ မှ မဟုတ်တာ၊ လျှို့ဝှက်ကြတာပဲ။နောက် ဒီဖြစ်တဲ့ ကိစ္စမှာ ကျနော်ဟာ လူကြီးဖြစ်တဲ့ အတွက် ကျနော့်မှာ တာဝန်ရှိတယ်“ လို့ ကိုကျော်က ပြောတာ။
ပြီးတော့ကိုကျော်က ကိုမျိုးဝင်းကို ပြောတယ် “ကျနော်က တာဝန်ခံပြီး ကျနော်ပြောလိုက်မယ်။ တက်လာတဲ့ သူက ဒီက လူတွေရဲ့ အဆင့်နဲ့ကိုယ်ပိုင်နံပတ်ကို ပြောမယ်။ တခုတော့ ရှိတယ်ဗျာ ကျနော်တို့ တပ်ကိုသွားပြောလာပါလို့ ပြောရင် သူတို့လည်း လာမှာမဟုတ်ဘူး။ အဲတော့ ကျနော်ရဲ့ အဆင့်ဋ္ဌာနကိုသိချင်တယ်ဆိုရင် ကျနော်တို့ မိဘတွေက ဋ္ဌာနကိုသွားမေးမှ သိလိမ့်မယ်။ ဒါတော့ခင်ဗျား ကျနော်တို့ကို chance ပေးရလိမ့်မယ်“ တဲ့။
အဲလိုပြောတော့ ကိုမျိုးဝင်းက အိုကေ တဲ့။
ကျနော်တို့ကတော့ ပြာတောက်နေတာပဲ ဘာမှလည်း စဉ်းစားလို့မရဘူး၊ကိုကြောင် ဘာလုပ်နေတာလဲ ဆိုတာလည်း မစဉ်းစားတတ်ဘူးဘူး။ ကိုကြောင်က ကျနော့်ဘေးနားမှာ ပဲသူက ကျနော့်ကို မိသားစုအကြောင်း များများသာရေး လို့ ပြောတယ်။
မိသားစုအကြောင်း ညီအကိုမောင်နှမ နာမည်တွေ များများသာချရေးတဲ့ ကိုကြောင်က ပြောတယ်။ ဒါပေမဲ့ ကျနော်တို့ ဟိုးရှေ့မှာ ရေးထားတဲ့ရ Personal record နဲ့တော့ သိပ်ကွာလို့မရဘူး။
(အဲဒီစာ ခုချိန်ထိ အိမ်မှာ ရှိသေးတယ်…ဟီး…ဟီး…)
ကျနော်လည်း အခုတပ်ထဲမှာ အဖမ်းခံထားရတယ်ပေါ့၊ ဘယ်သူ နေကောင်းလား၊ ဘယ်သူ့ကိုသတိရတယ်၊ ဘာညာ ပေါ့ဗျာ မောင်နှမတွေရော…အကုန်လုံးရဲ နာမည်လည်းပါအောင် ရေးတာပေါ့ ကိုကြောင်(ကိုကျော်နိုင်ဦး)ကလည်း ပေးလိုက်တယ်။
အဲဒီစာတွေကို မျိုးဝင်းက အကုန်ဖတ်ကြည့်တယ်။ မျိုးဝင်းတဲကနေ အဆင်းမှာကိုကြောင်က ပြောတယ်။
“ငါတို့ တလတော့ အသက်ရှင်သွားပြီ“ တဲ့…အဲလို ပြောတယ်။
အပိုင်း(၁၀)
အဲဒီမှာ ကျနော်တခု ပြောပြချင်တာက ကျနော်တို့ မျက်နှာတွေက သိပ်ညှိုးလို့မရဘူး။ ဘာကြောင့်လဲ ဆိုတော့ အထဲထဲမှာ ရှိနေတဲ့သူငယ်ချင်းတွေက မျှော်လင့်တာကို အဲဒီထဲမှာ စိတ်ကသိပ်အရေးကြီးတယ်လေ။ တယောက်က ညှိုးပြီး အဲလို သွားရင် ကျန်တဲ့ သူတွေကပါ ခေါင်းငိုက်စိုက်တွေ ကျပြီး အဲလိုတွေ ခွေကျကုန်ကြတာကိုး။
အဲတော့ကျနော်တို့ ပြန်လာရင် သူတို့က သိချင်တယ်လေ၊ အခြေအနေက ဘယ်လိုတုန်းပေါ့။ ကျနော်တို့ကလည်း ပြောပြတာပေါ့၊ သူတို့က ခေါ်တွေ့တယ်။ အခြေအနေကောင်းတယ်ပေါ့လေ…အဲလိုလေး ပြောတယ်ပေါ့။ သူတို့လည်း မျှော်လင့်ချက်ကလေး ရှိတယ်။
အဲလို ပြောရင်းနဲ့ ရက်ကတဖြည်းဖြည်းကုန်လာရော ကျနော့်စိတ်ထဲမှာလည်း စိတ်က ပူနေတယ်။ ကိုကြောင်ကိုလည်း မေးတယ်။ ကိုကြောင် ဘယ်လိုလဲ ဆိုတော့ ကိုကြောင်က ငါတော့ အကောင်းဆုံးလုပ်လိုက်တာပဲတဲ့။ ကျန်တာတော့ မသိတော့ဘူးပေါ့နော်။ ငါတော့ အကောင်းဆုံးလုပ်လိုက်တယ်တဲ့။ သူက အဲဒါပဲ ပြောတယ် ကျနော့်ကို။
ကျနော်တို့ အဲဒီတလလုံး ဟာ တရေးမှ အိပ်မရဘူး။ ကျနော်က မေမေ့ဆီ စာရေးလိုက်တာကိုး။ အမေရောက်လာမှာဆိုတော့ သေမှာလား။ ဘယ်လိုဖြစ်လာမလဲ …စိတ်ကလည်း ပူတာပေါ့။ တလနီးလာလေ ပိုပြီးတော့ အိပ်မရလေ။ အဲဒီမှာ ၁၉ ရက်နေ့လောက်မှာ ကျနော်တို့က သတင်းလေး သဲ့သဲ့လေး စကြားရပြီ။
၁၉ ရက်နေ့ညမှာ ရင်းမှူးသိုက်ထွန်းက ကျနော်တို့ဆီကိုလာပြီး အဲဒီ message ကိုလာပေးတာ။လာပေးတာက ဧည့်သည်တွေ ရောက်နေတယ် ဘာညာပေါ့။ အောက်မှာ ကားသံကြားရတယ်။ မေမေတို့ရောက်တဲ့ကားသံကို။
မေမေတို့ရောက်လာတာ ကျနော်ထင်တယ်ဗျ မနက်ခင်းစောကြီး ရောက်လာတာ၊ မနက်ခင်း ဆိုတာ သုံးလေး နာရီထိုးလောက်ပေါ့။နေဦး ည ၂ နာရီလောက်ဖြစ်လိမ့်မယ် ထင်တယ်။ ကားသံကြားရတယ်။
ကျနော်တို့ကလည်း အဲဒီအချိန်တုန်းက အကုန် နားစွင့်နေတာ။ ဘာလေးပဲ ကြားရ ကြားရ ဗျာ ။ သိတယ် မဟုတ်လား။ ဘီဘီစီက လာတယ် ကြားရ ကြားရ။ အကုန်နားစွင့်နေကြတာ။
မေမေတို့ ရောက်လာပြီး နောက်တနေ့ မှတ်မှတ်ရရ ၂၀. ၃.၁၉၉၂ ခုနှစ် ပေါ့။ အဲဒီနေ့မှာ တွေ့ခွင့်ရတာ။
ကျနော်တို့နဲ့ မေမေတို့ကို ပေးတွေ့တော့ အဲလိုပဲ ဒီလို ကင်မရာတွေ ထောင်ထားတာ ရှိတယ်၊ တွေ့တွေ့ချင်း မေမေက ကျနနော့်ကို မမှတ်မိဘူး။ မမှတ်မိဘူးဆိုတာကလည်း အဲဒီအချိန်တုန်းက ကျနော်တို့အားလုံးက စားတာသောက်တာမှာလည်း အာဟာရ မရှိဘူး ထမင်းပဲစားရသလိုပေါ့ ဟင်းချို ဆိုရင်လည်း ထားပါတော့ အဲဒါတွေတော့ ကျနော်မပြောချင်တော့ဘူး။
မေမေက ကျနော့်ကို မမှတ်မိဘူး။
နောက်ဆုံး ကျနော်က မေမေ့ကို ရီပြလိုက်တော့မှ မေမေက မှတ်မိသွားတယ်။
မေမေနဲ့ကျနော်နဲ့ တွေ့တော့ ကျနော်က မေမေ့ရဲ့ လက်ဖ၀ါးကို ကိုင်ထားရင်းနဲ့ ကျနော်ရဲ့ လက်ခလယ်နဲ့ မေမေ့ရဲ့ လက်ဖ၀ါးကို ကုတ်၊ ကုတ်ပြတယ်။ အဲလိုလည်း လုပ်ရင်း ပါးစပ်ကလည်း မေမေ သားက ထောက်လှမ်းရေး ဘယ်မှာ တာဝန်ထမ်းဆောင်ထားရတယ် ဆိုတော့ မေမေကလည်း အေးအေ…သိတယ် သိတယ်ပေါ့.. အဲလိုလေးတွေ လိုက်ပြောပေးတယ်။
ကျနော့်အမေနဲ့ ကျနော်နဲ့ eye connect က ရတယ်။ တောက်လျှောက်။ ကျနော် ပြောနေတဲ့ ဟာကို မေမေသိတယ်ပေါ့နော်။
နောက်ပိုင်း မေမေတို့နဲ့ အဲဒီမှာ ကျနော်တို့ မပါသွားဘူး။
မျိုးဝင်း မရှိလို့ ကျန်ခဲ့တယ်။ ကျနော်တို့ကိုယ်တိုင်ကလည်း မလိုက်ချင်တာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့က ကိုယ်လွှတ်ရုန်းလို့ရတယ်။ ဒီနေရာက ကျနော်
စရောက်ပြီးကတည်းက နေခဲ့တဲ့ နေရာ၊ ဘယ်ကနေ ဘယ်လိုသွားရင် ဘယ်ကိုရောက်တယ်ဆိုတာကျနော် သိတယ်။ ပြေးလို့ရတယ်။ဒါပေမဲ့ ကျနော်တို့ စိတ်ထဲမှာ ရှိနေတာ ဘာရှိနေလဲဆိုတော့ ထောင်ထဲမှာ ဆက်ဖမ်းထားတဲ့ ၅၅ ယောက်ရှိသေးတယ်။
ကျနော့်ဘ၀ကလည်း ပြောမယ်ဆိုရင် ဇောက်ထိုးကြီးဗျ၊ အချိုးအကွေ့တွေက အရမ်းများတယ်၊ အရမ်းမြန်တယ်။
မေမေတို့လာပြီးတော့ ကျနော်တို့က ထောင်ထဲမှာ မနေရတော့ဘူး၊ အကျယ်ချုပ်သဘောဖြစ်သွားတယ်။ အဲဒီမှာ ဘယ်ကိုရောက်လဲဆိုတော့ propagator ကို ပြန်ရောက်တယ်။ propagatorမှာရောက်နေရင်းနဲ့ကျနော်က MP ။တပ်ထဲ Mp ဆိုတာက ဂိတ် slip ပြားကို ကျနော်က လက်မှတ်ထိုးပေးရတာ ရှိတယ်။
ကျနော်က လူဟောင်းဖြစ်ခဲ့တဲ့အတွက် သူတို့က ကျနော့်ကို Mp ပြန်ထားတယ်။ MP ဖြစ်တဲ့အတွက် ထောင်လုံခြုံရေးနဲ့ keep in toch လုပ်လို့ရတယ်။ ကျနော်တို့ မိဘနဲ့တွေ့ခွင့်ရတဲ့အတွက်နဲ့ အပြင်မှာ ရှိနေတဲ့အတွက် ထောင်ထဲမှာ ရှိတဲ့ ၅၅ ဦးရဲ့ အနေအထားက ချောင်လည်တယ်။
နောက်တခုက မေမေ့ဆီကနေ ကျနော် ပိုက်ဆံယူထားလိုက်တယ်။ မေမေ့ဆီက ယူထားတဲ့ ပိုက်ဆံ ကို ကျနော် အဲဒီမှာ ပိုက်ဆံ သုံးတယ်။ ထောင်လုံခြုံရေး တပ်စိတ် လှမျိုးအောင်တို့ တပ်စိတ်တွေ ရှိတယ်။ သူတို့နဲ့ပတ်သက်ရင် ကျနော် ပိုက်ဆံသုံးတယ်။ အဲဒီမှာ ကျနော်တို့က အခြေမဲ့ အနေမဲ့မဟုတ်ဘူးဆိုတာကို ဒီကောင်တွေ သဘောပေါက်သွားတယ်။
ဟီးဟီး…မိသားစုတွေ လာတော့ ရေတွေ ပါလာတာပေါ့ ရေပါလာတော့ ကျနော် ပိုက်ဆံသုံးတယ် အဲဒီမှာ။ ဒီကောင်တွေနဲ့ သွားတယ် အရက်ဝိုင်းတွေမှာဆိုရင် သူတို့နဲ့ ထိုင်တယ်၊ သူတို့ အတွက် ပိုက်ဆံရှင်းပေးတယ်၊ ဒီဘက်မှာကျနော်က ဒီလိုပေးနေခြင်းအားဖြင့် အထဲက ကျနော့်သူငယ်ချင်းတွေအတွက် အနေအထား တခုထိတော့ အဆင်ပြေတယ်။
အဲဒီတုန်းက ကျနော်တို့ကို ပြောထားတာက မင်းတို့ ၉ ယောက်ပြေးရင် ၅၅ ယောက်ကို သတ်မယ်၊ ၅၅ ယောက်ပြေးရင် မင်းတို့ ၉ ယောက်ကို သတ်မယ်လို့ ပြောထားတာကိုး။
ကိုမောင်မောင် ရေးထားသလို ကျနော်တို့ ပြေးဖို့ အဆင်မပြေတာမဟုတ်ဘူုး၊ ကျနော်တို့မှာ လုပ်ချင်သေးတာတွေ ရှိလို့ နေခဲ့ကြတာ။
အဲဒီမှာ ၅၅ ယောက် မပြေးခင်က ကိုမြင့်သိန်းက ကျနော့်ကို ပြောတယ်။ ဆိတ် တဲလေးမှာ ပြောတာဗျ။ ဘိုဘိုတဲ့…။ ငါတို့ သွားတော့မယ်တဲ့…။ သူတို့ ၅၅ ဦး ထွက်ပြေးဖို့ ဆင်နေပြီ ဆိုတာကျနော်တို့ သိတယ်။
သူတို့ စိတ်ထဲမှာ ထင်ထားတာကလည်း သူတို့ ပြေးရင် ကျနော်တို့ ၉ ယောက်ကို သတ်မယ်လို့ပဲ ထင်ထားတာ။ ကျနော်တို့ကလည်း အဲလိုပဲ ထင်ထားတာ။ ၉ ယောက်နဲ့ ၅၅ ယောက်လဲမယ်ပေါ့။ အဲလိုပဲ စဉ်းစားထားကြတာ။
အဲတော့ကိုမြင့်သိန်းက ကျနော့်ကို ဘိုဘို…တဲ့ မင်းငါ့ကို အမှတ်တရ တခုတော့ ပေးလိုက်တဲ့။ ဘာလိုချင်လဲ လို့ကျနော်က မေးတော့ ဘာပဲဖြစ်ဖြစ်ကွာ၊ အမှတ်တရတဲ့…။
အဲဒီမှာ ကျနော်က စွတ်ကျယ်အနီလေးဗျ ယူနီဖောင်းကနေ ပေးမရဘူးလေ၊ အဲဒါကြောင့် စွတ်ကျယ်အဲဒါကို ချွတ်ပြီး သူ့ကို ပေးလိုက်တာ။(သူ သိမ်းထားတုန်းပြောတယ် အဲဒီ စွတ်ကျယ်အနီလေးကို)
“ရော့…အဲဒါ အမှတ်တရပဲ…“လို့ “လွတ်အောင်သာ ပြေးတော့လို့ “ပြောပြီး ပေးလိုက်တာ။
အဲဒီနေ့ ညမှာကျနော်နဲ့ ဖက်အိပ်နေတာက ကျော်ထင်ဦး။ သူနဲ့ကျနော်နဲ့ က ဟိုးအရင်ကတည်းက ဘော်ဒါဗျာ။ နောက် ကျနော်တို့ section က AB မှာ သူဋ္ဌေး section ဗျာ။ဘာကြောင့်လဲ ဆိုတော့ကိုမျိုးဝင်းရဲ့ faver ရတယ်လေ။ ဒီရက်ပိုင်းမှာပဲ သူတို့ပြေးတော့မယ်ဆိုတာ ကျနော် သိတယ်။ အဲဒီညက ကျော်ထင်ဦးက ကျနော်နဲ့ လာအိပ်တာ။
ညဘက်မှာ စက်သံက နိုးလာတာ။ နိုးလာပြီးတော့မှ ..အဲဒီမှာ အချုပ်ထဲက ကောင်တွေ တယောက်မှ မရှိတော့ဘူးတဲ့… အဲလို စကြားတာ။
အဲဒီအချိန်မှာ ကျနော်တို့ကို ဆက်ဆံပုံက ချက်ခြင်းပဲ ပြောင်းသွားပြီ၊ ကျော်ထင်ဦးရော အခြား ကျောင်းသားတပ်ကလူတွေရော ပြောင်းသွားပြီ။ ပြောရရင်တော့ဗျာ ကုတင်ပေါ်ကနေ မြေပြင်ပေါ် ပြန်ရောက်သွားတာပေါ့။
အဲဒီအချိန်မှာ ကျနော်တို့ကို ခေါ်ပြီးတော့ ထိုင်ခိုင်းထားပြီ ထိုင်ခိုင်းထားတဲ့ ရှေ့မှာပဲ ကိုသံချောင်းက အမိန့်ပေးတယ်။
“အဲဒီ ကောင်တွေအားလုံးကို တွေ့တဲ့ နေရာမှာ သတ်ပစ်လိုက်“…အဲလို အမိန့်ပေးတယ်။ ပြီးတော့ ဖရီးဂျက်ကက်တွေ ပေးလိုက်တယ်၊ ပြီးတော့ သံပုရာသီးလို့ ခေါ်တဲ့ ဗုံးတွေ ပေးလိုက်တယ်။ တွေ့တဲ့ နေရာ သတ်ဖို့။
အဲဒီမှာ မြို့ပေါ်တွေ့ရင် မြို့ပေါ် သတ်ပဲ။ သံချောင်းပေးတဲ့ အမိန့်က ပြတ်တယ်။ အကုန်သတ်ဆိုပြီး ပေးလိုက်တာ။
အဲဒီအချိန်မှာဦးစီးနေဒွန်းတို့ ရှိတယ်။ ကျနော်တို့ကို လာပြီးတော့မှ သတ်တော့မှာ။ ကျနော်တို့ကို ညနေခင်းမှာ သတ်မယ်လို့ သိရတယ်။ မနက်ပိုင်းမှာ လာကြည့်တယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment