Wednesday, September 26, 2012

ABSDF- ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်းခရီး(၇)


by May Thingyan Hein on Wednesday, September 26, 2012 at 8:16am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၆၊ ရန်ကုန်မြို့။

အပိုင်း(၁၃)

အဲဒီမှာ နောက်တချက်က ကျနော်တို့ကို တောက်လျှောက် ထောက်လှမ်းရေးလို့ စွပ်စွဲနေတာ၊ ဘာကြောင့်စွတ်စွဲတာလဲ ဆိုတော့…ကိုမျိုးဝင်းရဲ့ ပုဂ္ဂိုလ်ရေးပါတယ်။

ကိုထွန်းအောင်ကျော်က နိုင်ငံရေးလည်း ရေချိန်မြင့်တယ်၊ လူကြိုက်လည်း များနိုင်တယ်၊ နောက်တချက်က ကိုထွန်းအောင်ကျော်က ရဲဘော်တွေ ၀ါးခုတ်ရင် သူလည်း ဆင်းခုတ်တယ်။ အဲဒါတွေက မျိုးဝင်းကို ဖြုတ်သလိုဖြစ်နေတာ။

နောက်သူက ကိုထွန်းအောင်ကျော်နဲ့ ယှဉ်တယ်၊ ဘယ်လိုလဲ ဆိုတော့ ကိုထွန်းအောင်ကျော်က ရဲဘော်တွေနဲ့ ၀ါးတွေ ဘာတွေ ခုတ်တယ်ဆိုရင် သူက သစ်ရွက်တွေဘာတွေကို လိုက်ကောက်ပြတာ။ အဲဒါမျိုးတွေလည်းသူက လုပ်တယ်။ပြီးတော့ ကိုထွန်းအောင်ကျော်အပေါ်မှာ ထားတဲ့ မီးက သူ့ကိုယ်တွင်းထဲမှာ တောက်လျှောက်လောင်နေခဲ့တာ။

နောက် မျိုးဝင်းက ဗဟိုကော်မတီလေ အဲဒီတော့ သူ့ရဲ့ စိတ်ထဲမှာတကယ့်ကို အရာရှိကြီးလို တထီးတနန်းနဲ့ နေနေတာမျိုးတွေ ရှိတယ်။ စစ်ဆင်ရေး ထွက်တာကစ လားနဲ့ ထွက်တာ။ လားကြီး စီးပြီးတော့ ထွက်တာ။ ကေအိုင်အေက စစ်ကြောင်းမှူးတွေ လားစီးပြီး ထွက်သလို သူလည်း လားစီးပြီး ထွက်တာ။

ကေအိုင်အေ စစ်ကြောင်းမှူးတွေက အသက် ၅၀ ၀န်းကျင်လောက်တွေ လူကြီးတွေဖြစ်နေတယ် အချို့ကလည်း ကျန်းမာရေးအရ ထွက်တာ။ အမြင်လည်းကောင်းတယ်။ သူက အဲလိုလိုက်လုပ်တော့ ကေအိုင်အေကလည်း ပြောတယ် မင်းတို့ ကျောင်းသားတပ်ကကွာဘာလဲ လူငယ်တွေဖြစ်နေပြီးတော့ … ဘာလုပ်တာလဲ တဲ့။
အဲလို ကေအိုင်အေကလည်း ပြောတယ်။

ကျနော်တို့ကလည်း ကျောင်းသားလူငယ်တွေဆိုတော့ စတတ် နောက်တတ်တာလည်း ရှိတယ်။ ဆိုပါတော့ ကိုမျိုးဝင်း လားစီးတာကို ရှေ့က ကိုသိန်းထွန်းက ဆွဲပြီးလာရတယ်။ အဲဒီဟာ ပြောရင် ကိုပြန်ရယ်ချင်တယ်…။ သူအဲလို လားစီးပြီး ရှေ့က တယောက်က ဆွဲပေးရရင် ကျနော်တို့ကလည်း လေဒီယိုသီချင်းကို အကျယ်ကြီး ဖွင့်ပြီး
“…အရှေ့ကိုလျှောက်ပါလို့… ၊ အနောက်ကိုတဲ့ …မျှော်လိုက်ရင်…တခွန်တိုင်..ရွှေကုက္ကိုားနဲ့ ဘုရားကိုမြင်…“ ဆိုပြီး  သူ့ကို ရှင်လောင်း ဆိုပြီး နောက်နေတာ၊ တကယ်ကို ကျနော်တို့က လူငယ်စိတ်နဲ့ စခဲ့တာ၊ နောက်ခဲ့တာ။

အဲဒီလို လုပ်တာကို သူက လုပ်နေတဲ့ အချိန်မှာ မသိဘူး၊ နောက်မှ ကျနော်တို့က ငါတို့ က စစ်ဆင်ရေး ထွက်တာမဟုတ်ဘူး။ ဟိုမှာ ..မောင်ရှင်လောင်းရှိတယ်၊ ငါတို့ မောင်ရှင်လောင်း ထွက်တာ ဆိုပြီး နောက်ကျတာ။ အဲလို နောက်တာကို သူက ရှက်တယ်။ နောက်ကျနော်တို့က စာချိုးပေ ချိုးတွေနဲ့ လုပ်ပြီးပြောရင်သူက တော်တော် ခီးတယ်။ ကျောင်သား စိတ်ဆိုတာ သိတဲ့အတိုင်းပဲ နောက်ကျတာပဲ။

အဲဒါ သူ့ကို ဒေါက်ဖြုတ်တာလို့ သူက ထင်တယ်။ အဲလို သူက ခီးလေ နဲ့ နောက်တော့သူ့ နာမည်က မှုန်ကြီးဆိုပြီး ဖြစ်သွားတာ။ အဲဒါမျိုး လိုင်းကျသွားတာမျိုး ထိ ရှိတယ်။ တကယ်တော့ သူက သူဖြစ်ချင်တာက တမျိုး၊ သူ ဖြစ်နေတာက တမျိုးတွေ။သူက အများအမြင်မှာတော့လေးစားဖို့ ကောင်းတဲ့ ခေါင်းဆောင်တယောက်ဆိုတဲ့ အမြင်မျိုး ဖြစ်ချင်တယ်။

 သူက အများအမြင်မှာ လေးစားခံချင်တယ်။  ရဲဘော်တွေကြည့်မှာတော့ သူက အရွက်တွေ ကောက်ပြတယ် ပြီးတော့ “ဒီ ကျည်ဆံက ပြည်သူတွေရဲ့ဘဏ္ဍာငွေနဲ့ လုပ်တဲ့ ကျည်ဆံပဲ၊ ငါတို့ တော်လှန်ရေးမှာ ခြိုးခြံ ချွေတာရမယ်၊ ဘာညာပေါ့… သူက ရှေ့မှာ အဲလိုတွေ ပြောတယ်။ စားရင် နောက်မှာအသားဘူးနဲ့ စားတယ်။ သူက ရှေ့မှာတော့ တကယ့်ကို ဟန်ဆောင်နေတာ၊ နောက်မှာတော့ သူ့အတွက်ကို ဖယ်ထားပေးရတာ ရှိတယ်။

ကျနော်လည်း အသားဘူးနဲ့ စားရပါတယ်။ သူစားတော့လည်း ကျနော်လည်း စားရတာပေါ့။ သူက ကျနော့်ကို ချစ်တယ်ဗျာ၊ ဟိတ်ကောင် …လာ ဆိုပြီးတော့ ကျွေးတယ်။ အဲလိုမျိုး။ နောက် ရှေ့တန်းမှာ ဆိုရင်လည်း သူ့တဲရဲ့ ဘေးမှာ ကျနော့်တဲပဲ။ အဲလို အနီးကပ်။ ကိုယ်ရံတော်လည်းဖြစ်တော့ သူ့ရဲ့ အကျင့်ကို ကျနော် သိတယ်။

အဲလိုစစ်ဆင်ရေး ထွက်တော့ မန်ချိယန်မှာ ကျနော်အရိုက်ခံရတယ်။ အဲဒီတုန်းက ပါတဲ့ လူတွေ သိလိမ့်မယ် ကျနော်အရိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သိတဲ့အတိုင်းပဲ စစ်ဆင်ရေးထွက်တော့ ပြတ်ရော၊ ပစ္စည်းတွေက ပြတ်ပြီ၊ အဲဒီနေ့က သူက အစည်းဝေးသွားတယ်။ မသွားခင်မှာသူက  ကျနော့်ကို သေချာ မှာခဲ့တယ် ဘိုဘို မင်း ဂရုစိုက်နော် ဘာညာပေါ့။ ကျနော်ကလည်း ထုံးစံအတိုင်း ဟုတ်ကဲ့ပေါ့ စိတ်ချ Vcs ပေါ့။

နောက် ကျနော်က ယူနစ်ထဲ ဆင်းတာ …ယူနစ်ထဲ ဆင်းတော့ စုတ်ပြတ်သတ်နေတာ ဗျာ။  အဲဒီတပ်စိတ်က လွင်ကိုလတ်ရဲ့ တပ်စိတ် အဲဒီမှာ ငှက်ဖျားတွေ ဖြစ်ပြီးတော့မှ အကုန်လုံး စုတ်ပြတ်သတ်နေတာ။ တော်တော်ကို ဂိနေတာ။ စားစရာလည်း မရှိဘူး။ အဲဒီမှာက ရှေ့တန်းလည်း ရှေ့တန်းဆိုတော့  ငတ်ပြီဟေ့ဆိုရင် နင်းကန်ပြီး ငတ်တာ။ အဲလို စုတ်ပြတ်ပြီး ငတ်နေတာ တွေ့တော့ ကျနော်က သူ့ပစ္စည်းတွေကို ယူပြီး ပေးပစ်လိုက်ရော။

အဲဒီမှာ နောက် ဒု-အရာခံဗိုလ်ကလည်း ကျနော့်ဆီကိုလာတောင်းတယ် ဘိုဘိုတဲ့ အရက်သောက်ချင်တယ်တဲ့။ သူက ဖျားတာလည်း ပါတယ်။ ကျနော်က အရက်မပေးရဲဘူး၊ ဒါပေမဲ့ ဒီမှာ ငှက်ဖျားဖြစ်နေတဲ့ ဟာကို စဉ်းစားမနေတော့ဘဲ ပေးလိုက်တာပေါ့…ရော့ယူသွားဆိုပြီးတော့။

အဲလို ပေးလိုက်တော့ နောက် ဖျားနေတဲ့ သူကလည်း လာတောင်းတော့ ကျနော်က ရှေ့က လူတွေကိုတော့ ပေးပြီး နောက်လာတောင်းတယ် မပေးရင် ဘယ်လိုဖြစ်မလဲဆိုပြီး အဲဒါနဲ့ ပေးရင်း ပေးရင်း ပေးရင်းနဲ့ အဲဒီသူ သိမ်းထားတဲ့ အရက်က ပေးတာများသွားတယ်။ အဲလို များသွားတော့ ကျနော်ကလည်း ကြောက်ကြောက်နဲ့ ရေပြန်ရော  ဖြစ်လိုက်တယ်။ ဟီး…ဟီး …ကြောက်တာကိုး။

အဲလို ပေးတုန်းက ကျနော့်ကို မအေးတို့က ပြောတယ်။ ဘိုဘို မလုပ်နဲ့နော် အဲဒါ Vcsဟာ။ ကျနော်ကလည်းဟာ…နောက်မှ ရှင်းဟာဒီမှာ ဖျားနေတာ…ဆိုပြီး လုပ်ချလိုက်တာ။
အဲဒီမှာ သူက သူ့အရက်တွေက ရေတွေရောထားတော့ အရက် ကလည်း မရတော့ဘူး၊ဟင်းတွေကလည်း မရှိတော့ဘူး။ အဲဒီတုန်းက ဟင်းဆိုတာလည်း ဟင်း ဘာမှ မရှိပါဘူး။ ကုလားပဲတွေပဲ ပေးလိုက်တာပါ။ အသားဘူးတွေဘာတွေလည်း ပြတ်ကုန်ကြတော့ ဖျားနေတဲ့ သူတွေလည်းရှိတော့ ကုလားပဲတွေပေးလိုက်တာ။

အဲဒီမှာ သူ့အတွက် အရက်လည်း မရှိတော့ဘူး၊ ဟင်းလည်း ပေးလိုက်တယ် ဆိုတော့ တော်တော်ပေါက်ကွဲတာ။အဲဒီမှာ ဘိုဘို မင်းမှာ အပြစ်ရှိလား ဆိုတော့ ကျနော်အပြစ်ရှိပါတယ်ဆိုတော့။ ဒါဆို ဟိုဘက်လှည့်ဆိုပြီး ကျနော့်ကို ရိုက်တာပဲ တီးတော့တာပဲ။

ပြောချင်တာက အဲဒီအချိန်မှာတော့ သူက ကျနော့်ကို ကျနော်ရှိရင် သူ့အတွက် မကောင်းနိုင်ဘူး၊ အန္တရာယ်ရှိတယ်လို့ တွက်ပြီး စစ်ကြောရေးမှာ တယောက်က ကျနော့်နာမည်လည်း ပြောရော ကျနော့်ကို  ဖြုတ်ချင်တာ။ 

နောက် ကိုထွန်းအောင်ကျော်ကို ဖြုတ်ချင်ရင် သူက ကျန်တဲ့ သူတွေ သူ့အတွက် အန္တရာယ်ရှိနိုင်မဲ့ သူတွေကို ထားလို့မရဘူး။ ဖြုတ်ရင်အားလုံးကို အကုန်အပြတ်သွားရမှာလေ။

ပြီးတော့ သူတို့ စစ်ကြောရေး လုပ်တုန်းက အကုန်အားလုံးက ထောက်လှမ်းရေးလို့ ၀န်မခံလို့မရဘူး ဗျ။ အကုန်အားလုံး ၀န်ခံခိုင်းတာ။ စပြီး ဖမ်းလိုက်ပြီ ဆိုကတည်းက စစ်တဲ့အချိန်မှာ အရမ်းရိုက်နှက်ပြီး စစ်ကြတော့ လောလောဆယ် အသက်ရှင်ဖို့အတွက် ထောက်လှမ်းရေးလို့ကို ၀န်ခံမှ ရမယ်။

ထောက်လှမ်းရေးလို့ ၀န်ခံလိုက်ရင် အသက်ရှည်မလားလို့ မေးရင် အဲဒါကလည်း မသေချာဘူး။ ဒါပေမဲ့ ရိုက်တာနှိက်တာကတော့ ခဏ ရပ်သွားမယ်။  အရမ်း ရိုက်နှက် စစ်ကြတော့ လူတွေက ရှော့တွေ ရနေကြပြီ၊ နောက် စစ်တော့လည်း သူတို့က မင်းကိုယ်ပိုင် နံပတ်ပြော အဲလို စတာ။ အဲဒီလို ပါးစပ်ထဲ တွေ့မိတွေ့ရ ပြောတဲ့ သူတွေက နောက်တခါပြန်စစ်တော့ ရှေ့က ပြောခဲ့တဲ့ နံပတ်တွေနဲ့ မညီတော့ဘူး။ အဲဒီမှာ သူတို့က ရှေ့နောက်တွေ မညီတော့ဘူး။ ပိုနာတယ်။

အဲတော့ ကျနော့်အလှည့်ကြတော့ ကျနော့်ကို တပ်ကြပ်ကြီးလို့ သူတို့က ၀န်ခံခိုင်းပြီး ဈေးတည့်သွားကြတာ ရှေ့မှာ ပြောပြီးပြီနော်။ ကိုယ်ပိုင်နံပတ်ကြတော့လည်း ကျနော်က မယ၊ ၀၀၁၂/၈၉ ပြီးသွားပြီ။ မယက ဘာလဲ ဆိုတော့ မူးယစ်ထောက်လှမ်းရေး…ဟီးဟီး..။ ၁၂ ကလည်း လွယ်လွယ်လေးဗျာနောက်က ၈၉ ကလည်း လွယ်လွယ်လေး။

နောက်ကိုကျော်နိုင်ဦး ကိုယ်ပိုင်နံပတ်ကို မေးတော့ ကိုကျော်နိုင်ဦးက သူ့ရဲ့ ဆယ်တန်းတုန်းက ခုံနံပတ်တဲ့ အဲလိုဟာတွေ။ပြီးတော့ ကျနော်ရဲ့ ထွက်ချက်မှာ့ ရှိနေတာတွေကို ကျနော်က ဒီနေ့ထိပြန်ပြောနိုင်တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းသိင်္ခ၀တ္ထုထဲက ဇာတ်ကောင်တွေ၊လက်ဝါးကိုကိုကြီးတို့ အိုင်ပီအောင်သင်းတို့ဗျာ။ ဟာ..ဟာ..ဟာ။

နောက်ပြီးတော့ဗျာ ကျော်စွာဝင်းမောင်ကို စစ်တော့ သူကလည်း မခံနိုင်လွန်းတော့ ဟုတ်တယ် ကျနော်လည်း ထောက်လှမ်းရေးပါ၊ ကျနော်ရဲ့ အထက်အရာရှိက ဘိုဘိုပါလို့ ပြောလိုက်တယ်တဲ့ ဗျာ… အဲဒီမှာ ကျနော်ကလည်း ရယ်လည်း ရယ်စရာကောင်းတယ်။ သူက ကျနော့်ကို အထက်အရာရှိပြောတော့…ကျနော့်မှာ တပ်သားလုပ်လို့မရပဲ တပ်ကြပ်ကြီး လုပ်လိုက်ရတာ။

နောက်တချို့က စစ်ကြောရေးမှာ ဖြေကြတာက မီးသတ်ထောက်လှမ်းရေးတဲ့ ကျနော်ဖြင့် တခါမှတောင် မကြားဘူးဖူး၊ ကြောက်အားလန့်အားနဲ့ ပါးစပ်ထဲ တွေ့တာတွေ အကုန်လျှောက်ပြောရတာ။ အဲတော့ မင်းက မီးသတ်က ထောက်လှမ်းရေးဘာလုပ်တာလဲ ဆိုတော့…ဘယ်အချိန်မီးရှို့မှာလဲဆိုတာ သိချင်လို့ ဒီမှာ လာနေနေရတာလို့ ဖြေတယ်။ ဟား…။

အဲတော့ နည်းနည်းလေး သတိရှိတဲ့ သူက ရှေ့နဲ့နောက်နဲ့ညီအောင်ဖြေတယ်။ ဥပမာကိုကျော်နိုင်ဦးတို့ ဆိုရင် ဗိုလ်လို့ ဖြေတယ်။ လစာ ဘယ်လောက်ရလဲဆိုတော့…အရာရှိဆိုတော့ ကြားဖူးနားဝရှိတာ ၄၅၀ စကေး ဆိုတော့ ၄၅၀ လို့ဖြေတယ်။

အဲဒီမှာနောက်တယောက်က လစာကို မေးတော့ တသိန်းတဲ့။ အင်ဖော်မာက လစာ ၁သိန်းတဲ့ အရာရှိက ၄၅၀ တဲ့…ဟား ။ အဲဒါမျိုးတွေ ဖြေတာကို။

အဲဒါကြောင့် ကျနော်တို့က ကြေငြာချက် ၁/ ၂၀၁၂ မှာ ပြောပြတာက မပ (မြောက်ပိုင်း ကိစ္စ) နဲ့ပတ်သက်ပြီး တာဝန်ရှိ ဆက်နွယ်တဲ့ သူတွေအားလုံးက သူတို့မှာ
ဒီလူတွေက ထောက်လှမ်းရေး ဖြစ်ကြောင်း ခိုင်လုံသော အထောက်အထားရှိတယ် ဆိုတာကို …အဲဒီအထောက်အထားကို အမြန် ကမ္ဘာနှင့် မြန်မာပြည်သူတို့ သိရှိစေရန်အတွက် ထုတ်ပြပေးရန် တောင်းဆိုသည် ဆိုတာကို တောင်းဆိုတာ။ ဘာကြောင့်လဲ ဆိုတော့ အဲဒါကဟာသ ကားကြီး။

အဲဒါက ဟာသကားကြီး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ထွက်ချက်တွေက တခုမှ အမှန်မဟုတ်ဘူး။ သူတို့ရဲ့ စစ်ကြောရေးကို ကြောက်လို့ ထွက်ကြတယ်ဆိုတာ အကုန်သိတယ်။
နောက်ပြောတာရှိတယ်။အဆိပ်တွေ မိတယ်ဆိုတာ…အဲဒီအဆိပ်တွေ ကိုသူတို့ အဆိပ်ဟုတ်မဟုတ် စမ်းသပ်ခဲ့လား။ ကိုထိန်ဆိုလို့ရှိရင် ဟသူ့ကို ဖမ်းတော့မယ်ဆိုတာ သိတော့ အဆိပ်လို့ လာတောင်းတဲ့အခါအမှာ မင်အိုးတွေ ပေးလိုက်တာ။ သူက သတင်းနဲ့ ပြန်ကြားရေးက ဆိုတော့ သူ့မှာ မင်အိုးတွေ ရှိတယ်။ အဆိပ်လို့ လာတောင်းတော့ သူ့မှာ ရှိတဲ့ မင်အိုးတွေပေးလိုက်တာ။

ပြောရဦးမယ် ပိပိဆိုလို့ရှိရင် သူက ဂျီတီအိုင် ကျောင်းသား အီးပီလား မသိဘူး သူ့မေဂျာကိုတော့ သေချာ မမှတ်မိတော့ဘူး။ သူ့ကိုစစ်ပြီးတော့ သူ့ဆီကနေ ဆက်သွယ်ရေးစက်လို့ တောင်းတော့ သူက သူ့ကို လာပြင်ခိုင်းထားတဲ့ လေဒီယိုတွေကို ထိုးအပ်လိုက်တာ။

တကယ်တော့ ကျနော်တို့တွေကလည်း ထောက်လှမ်းရေးတွေ တယောက်မှ မဟုတ်ကြသလို၊ ကျနော်တို့ ဆီမှာလည်း ဘာမှ မရှိဘူုး။ ဘာမှလည်း မမိဘူး။ သူတို့ တောင်းတဲ့အခါမှာ ရှိတာ ရှိတာ ထိုးအပ်လိုက်ကြတာ။

အဲဒါကို သူတို့က ထောက်လှမ်းရေး ဆီက ဒါတွေဘာတွေ မိတယ်ဆိုပြီးတော့ လုပ်တာ။ အဲဒါတွေကိုသူတို့ဟာ သူတို့ လုပ်ဇာတ်နဲ့ ထိုးပြီး တင်ထားတဲ့ ဟာတွေ။ တကယ်တော့ ကျနော်တို့ ဆီက ဘာမှ ကို မမိတာပါ။

အပိုင်း (၁၄)

ကိုထွန်းအောင်ကျော်အပါအ၀င် ၁၅ဦးကို ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါ၇ီလ ၁၂ ရက်နေ့မှာ သတ်တာက ဗဟိုကော်မတီဝင် ဆုံးဖြတ်ချက်နဲ့ သတ်ခဲ့တာ။ 

အဲဒီမတိုင်ခင် လူခွဲတော့မယ်ဆိုတာ သိတယ်။ ဖမ်းထားတဲ့ သူတွေအများကြီးထဲကနေ လူခွဲပြီး သတ်ဖို့ လုပ်တာ။ ဘာကြောင့် ပြည်ထောင်စုနေ့ကို ရွေးတာလဲ ဆိုတာကတော့ ကျနော်သေချာ မသိတဲ့အတွက် မဖြေနိုင်ဘူး။

သေချာတာကတော့ ကိုမျိုးဝင်းက သူမုန်းတီးတဲ့ သူ့ကို ဖြုတ်တယ်လို့ သူ ယူဆတဲ့ ၁၅ဦးကို သေချာရွေးထုတ်ပြီး သတ်သွားတာပဲ။

 ၁၉၉၂ တုန်းက မြောက်ပိုင်းမှာကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ခဲ့တာတွေ၊ ဖမ်းဆီးနှိပ်စက်ခဲ့တာတွေကို ခုကျမှ ဘာကြောင့်ပြောနေရသလဲ ဆိုတာကို ကျနော် ပြောမယ်နော်။

ကျနော်တို့ ပြည်တွင်းထဲကို ပြန်ဝင်လာတော့ ဘယ်သူပဲ ၀င်ဝင် အဲဒီတုန်းက ထောက်လှမ်းရေး ကဘာပြောသလဲ ဆိုတော့ စာအုပ်ထုတ်ဖို့။ ဒီကိစ္စကို စာအုပ်ထုတ်ဖို့ ပြောတယ်နော်၊ ကျနော်တို့တွေ တောက်လျှောက်ငြင်းခဲ့တယ် အဲဒါကို။ နောက် ပြည်တွင်းထဲကို ပြန်ဝင်လာကြတဲ့ အချင်းချင်းမှာလည်း ဒီကိစ္စကို စာအုပ်ထုတ်ရဲတဲ့ ကောင် ထုတ်ကြည့်လို့ ပြောခဲ့တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီတုန်းက အခု ဒီလို အခြေအနေမျိုးမဟုတ်သေးဘူး။ မီဒီယာကလည်း မလွတ်လပ်သေးဘူး၊ ၁၉၉၃ ခုနှစ်လောက်တုန်းက အခြေအနေကိုသိပါတယ်။ အဲဒီအခြေအနေနဲ့ ယနေ့အခြေအနေ မတူတာလဲပါတယ်။ နောက် အကောင်းအဆိုး ပြန်ချိန်စကြည့်တဲ့အခါမှာ ကျနော်တို့ရဲ့ တော်လှန်ရေး အကျိုးစီးပွားကို ထိခိုက်လာမှာ ပိုပြီးတော့မှ များတဲ့အတွက် ကျနော်တို့က မထုတ်ခဲ့တာ။

သို့သော် မြက်ခင်းသစ်မှာ ပါခဲ့တဲ့ ဟာတွေ ရှိတယ်၊ အဲဒီမြက်ခင်းသစ်မှာ ပါခဲ့တာတွေက ကျနော်တို့ ကာယကံရှင်တွေရဲ့ ထွက်ချက်တွေကို ကျနော်တို့ နာမည်သုံးပြီး ရေးသွားခဲ့တာ။

 ပြောရရင်တော့ ကျနော်တို့ရဲ့ ရှေ့က ၀င်လာတဲ့ ၅၅ ဦးက သတင်းစာရှင်းလင်းပွဲ လုပ်သွားတယ်။ အဲဒီမှာသူတို့ ပြောသွားတာကလည်း သူတို့ အကုန်ပြောမသွားဘူး၊ အချက် ၁၀ ချက်ရှိရင် ၃ ချက်လောက်ပဲ သူတို့ကလည်း ပြောသွားတယ်။ဘာကြောင့် သူတို့ ၃ လေး ချက်လောက်ပဲ ပြောရသလဲ ဆိုရင် ဟိုမှာကျန်ခဲ့တဲ့ ကျနော်တို့ ၉ ယောက်ကို ကာဗာလုပ်ချင်တယ်။ အဲဒီတုန်းက ကျနော်တို့က မလွတ်သေးဘူးကိုး။

နောက် နအဖရဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောတဲ့ သူတွေက နအဖ လူတွေပဲလို့ စွပ်စွဲကြတယ်။ ကျနော်တို့က ဒါကို မဟုတ်ကြောင်း ပြောတယ်။

သူတို့တွေကလည်း ကျောင်းသားတွေပဲ။ ခုချိန်ထိ နအဖ လူတွေ တယောက်မှ မဟုတ်ဘူး၊ ထောက်လှမ်းရေးလည်း မဟုတ်ဘူး။ ဒါက သူတို့က ကျနော်တို့ကို နိုင်ငံရေးပါ သတ်ပစ်တာ။

ဒါပေမဲ့ ကျနော်တို့တွေက ကိုယ့်တူရာတူရာ စုပြီး လုပ်ကြတယ်၊  နောက် ကျနော်က ၁၉၉၈ မှာ အဖမ်းခံရပြီး ထောင်ကျခဲ့တယ်။ ၂၀၀၉ မှာ ပြန်လွတ်လာခဲ့တယ်။ ဒါတွေက တကယ်တော့ ကျနော်တို့ ထောက်လှမ်းရေး ဟုတ်မဟုတ်ဆိုတာ ဒါက သက်သေတခုပဲ။

နောက်တချက်က ဒီကိစ္စက ကျောင်းသား သမိုင်းပါ၊ AB ကို ကျနော်တို့တွေ သွားခဲ့တာ လခရလို့ ပိုက်ဆံရလို့ သွားခဲ့တာ မဟုတ်ဘူး။ တကယ်ကို စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်ပြီး တိုင်းပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တောထဲကို သွားခဲ့ကြတာ။

အခု ဒီကျောင်းသား ကိစ္စ၊ ABSDF ကျောင်းသား ကိစ္စတွေမှာ မိုးသီးဇွန်းကလည်း တာဝန်မရှိဘူးလို့ ပြောလို့မရဘူး။ သူလည်း တာဝန်ရှိတယ်၊ ABSDF ခေါင်းဆောင်တိုင်းမှာ … တာဝန်ရှိတယ်။ သူတို့ မှားခဲ့တာကို သူတို့ တာဝန်ယူရမယ်။

ဒီနေ့ဒီအချိန်ထိ ကျနော်တို့မှာ ABSD ကျောင်းသားတပ်ကို ချစ်တဲ့စိတ်ရှိတယ်။ တော်လှန်ရေးကို မထိခိုက်စေချင်ဘူး။ အဲဒါကြောင့်လည်း သမိုင်းမှန်ပေါ်စေချင်တယ်။ သူတို့အနေနဲ့ သမိုင်းမှန်ဖော်ထုတ်ပေးဖို့လိုတယ် ပြန်ရှင်းပေးစေချင်တယ်။

နောက်အခု ကျနော်တို့ မပ ကျောင်းသားဟောင်းတွေအနေနဲ့က တရားစွဲဖို့ အစီစဉ်မရှိဘူး။ သို့သော်အသတ်ခံခဲ့ရတဲ့ ၃၈ ဦးရဲ့ မိသားစုဝင်တွေက စွဲတာတော့ မတတ်နိုင်ဘူး။
ဒါက ကျနော်တို့နဲ့ မဆိုင်ဘူး။

ကျနော်တို့အနေနဲ့ ဖြစ်စေချင်တာက သူတို့ကို သမိုင်းမှန်ဖော်ထုတ်ပေးဖို့အတွက်ပဲ တောင်းဆိုချင်တာ။ နောက် ကိုထွန်းအောင်ကျော် မှာခဲ့တာက လက်စားချေဖို့မဟုတ်ဘူး၊ သမိုင်းမှန်ဖော်ထုတ်ပေးဖို့ကို တောင်းဆိုခဲ့တာ အဲဒါလေးကိုလည်း ရှင်းရှင်းလင်းလင်း သိစေချင်တယ်။

ဒါက ကျနော်ရဲ့ တဦးချင်း ပြောတာပါ။

ကျနော် သူ့တိုကို ခွင့်လွှတ်တယ်ဗျာ…ဒါပေမဲ့… လက်ဆွဲတော့ မနှုတ်ဆက်နိုင်ဘူး။

..........

မှတ်ချက်။ ။ မနန်းအောင်ထွေးကြည်ထံမှသိရတဲ့ စာရင်းအရ  မြောက်ပိုင်းတွင်  (ရက်ရက်စက်စက် ခုတ်သတ်တာ ၁၈ ဦး ။ လူမဆန်တဲ့ ညှင်းပမ်း နှိပ်စက်မှု့ဒဏ်တွေနဲ့ ကျဆုံးခဲ့တာ ၁၄ ဦး ။မျိုးဝင်းသဘောနဲ့ ထောင်က လွှတ်ပေးလိုက်တာ ၂ ဦး ။စစ်ကြောရေး ကာလမှာ ထွက်ပြေးလွတ်မြောက် သွားတာ စုစုပေါင်း ၄ ဦး ။မိဘတွေ တောထဲလာပြီး ငိုပြီး တောင်းပန်ကြလို့ လွတ်ခဲ့တာ ၇ ဦး ။ထောင်ဖောက် ထွက်ပြေး လွတ်မြောက် ခဲ့တာ ၅၅ ဦး ၊ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် လမ်းမှာ ၁ ဦး သေခဲ့တယ် ။ဆိုတော့စုစုပေါင်း ဖမ်းတာ ၁၀၀ ဦး ) ရှိခဲ့ကြောင်း သိရှိရသည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share

  • You, Nang Aung Htwe Kyi, Zaw Moe, Wai Yan Zaw and 32 others like this.
  • De Mo ကိုဘိုဘို ရဲ့ ဇာတ်လမ်းက ပြီးသွားပြီလား.ခင်ဗျာ .တခြားသူတွေ ကိုရော ဆက်လက်မေးမြန်း ဖော်ပြပေးရန် တိုက်တွန်းလိုက်ပါသည်ခင်ဗျား
  • Ko KoNyo သမိုင်းမှာ အကြီးအကျယ်မှားယွင်းမူ့ဆိုရမယ် မှတ်တမ်းအနေနဲ့ စာအုပ်ထုတ်သင့်တယ် ကျွန်တော့်တို့မြန်မာတွေမှာ မှတ်တမ်းတင်တဲ့ အလေ့အကျင့်မရှိကြဘူး ဒီဟာတော့ လုပ်ဖြစ်အောင်လုပ်ကြပါလို့ သက်ဆိုင်သူများကိုတောင်းဆိုပါတယ် နောင်လာနောက်သားတွေအတွက် တစုံတခု အကျိုးရှိနိင်တယ်
    4 hours ago · Like · 3
  • A Shin Kawlay ဖတ်ရှုခံစားသွားပါတယ်။
  • Kyi Zin ကိုထွန်းအောင်ကျော်၏ အနေအထိုင်၊ ခံယူချက် စိတ်နေသဘောထား၊ ခေါင်းဆောင်ပီသမှုများကို နှိုင်းယှဉ်ဖေါ်ပြချက်များဖြင့် အဖြူ အမဲ သဲကွဲစွာ သိမြင်ရပါတယ်။ မျိုးဝင်း လားစီးနေပုံကိုလဲ ဟာသဆန်စွာ မြင်တွေ့ခဲ့ရပါတယ်။ ကျောင်းသားတို့၏ သဘာဝ အမူအကျင့်တို့ဖြင့် ပျော်ရွင်နေပုံများကို ဒီနိဂုံးဆောင်းပါးမှာ လျပ်တပြက် တွေ့ခဲ့ရပါတယ်။ စစ်ဆေးခံရသူများ၏ ဖြစ်ပျက်သမျှ အလွဲ များအား နာကျင်စွာ ပြုံးမိစေပြီး၊ မြန်မာ နဲ့ ကမ္ဘာ ကို ဖွင့်ချပြမဲ့ သက်သေ အထောက်အထား ဟာသကား ကိုလဲ ကြည့်မြင်လိုစိတ်ဖြစ်စေခဲ့ပါတယ်။ ဆောင်းပါး(၁) အစမှာ မမေသင်္ကြန် ပြောခဲ့သလိုပဲ ကိုဘိုဘို အစအဆုံးပြောဆိုသမျှ သူနဲ့ထပ်ထူ စီးမျောနေစေခဲ့ပါတယ်။ ခံစားချက်ရောင်စုံကို ပေးစွမ်းစေခဲ့ပါတယ်။ ပြည်သူအများ မတွေ့ မမြင် မကြုံဆုံဘူးသေးတဲ့ လောက၊ အသိုင်းအဝန်း အဖြစ်အပျက် တို့ကို သိရှိလေ့လာခွင့် နဲ့ သမိုင်းတစိတ်တပိုင်းအား သိမြင် ထိန်းသိမ်းခွင့်ရခဲ့လို့ ကိုဘိုဘို နဲ့ မမေသင်္ကြန်ကို အထူးကျေးဇူးတင်ပါတယ်။
    3 hours ago · Like · 1
  • Nang Aung Htwe Kyi ကျေးဇူးပါညီမရေ .. အမှန်တွေပါ ။
  • Aye Aye Mon Doe sa pin tawe po po phyu lar tal
    2 hours ago via mobile · Like

No comments:

Post a Comment