မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၇၊ ရန်ကုန်မြို့။
ကိုစိုးလင်းရဲ့ ထူးခြားချက်ကတော့ ဆံပင်တိုတို၊ မျက်ခုံးထူထူ မျက်လုံးဝိုင်းဝိုင်းနဲ့ စကားကို ရိုးရိုးရှင်းရှင်းပြောတတ်ပြီး၊ စကားပြောရင် နော…နော.. လို့ ထည့်ပြောတတ်တာပါပဲ။
အညာသားပုံပေါက်ပေမဲ့ ကိုစိုးလင်းက အသားမညိုပါဘူး။ အသားအရည်လတ်ပြီး ပြုံးပြုံးနဲ့ စကားပြောကောင်းတဲ့သူပါ။
သူက ABSDF-မြောက်ပိုင်းက ဗဟိုကော်မတီဝင်လည်း ဖြစ်ခဲ့သလို၊ မြောက်ပိုင်းက VCs ကိုမျိုးဝင်းရဲ့ ကျောင်းနေဖက် သူငယ်ချင်း၊ ရော်နယ်အောင်နိုင်ရဲ့ သူငယ်ချင်းလည်းဖြစ်တယ်၊ ပြီးတော့ သူက မြောက်ပိုင်းမှာအသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော်ကို လေးစား ချစ်ခင်ခဲ့သူလည်း ဖြစ်တယ်။
သူ့ရဲ့ လက္ခဏာကို ကိုထွန်းအောင်ကျော်က ကြည့်ပေးခဲ့ပြီး သူများသတ်လို့ သေတဲ့ ကံမျိုးမင်းမှာ မပါပါဘူးကွာလို့ ပြောခဲ့ဖူးကြောင်း တခုတ်ရ ပြောတတ်သူလည်း ဖြစ်တယ်။
အကိုကြီး အကိုကြီးနဲ့ လေးစားရင်း ကိုထွန်းအောင်ကျော်နဲ့ ကျောင်းသားတွေကို ထောက်လှမ်းရေးလို့ စွပ်စွဲ ဖမ်းဆီးပြီး သတ်ခဲ့စဉ်တုန်းက သူ မြောက်ပိုင်းမှာ ရှိမနေခဲ့တဲ့အတွက် စိတ်ထိခိုက်၊ နာကျင်ရကြောင်းလည်း သူက ပြောတယ်။တောင်ပိုင်းမှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံရပြီး အသတ်ခံလိုက်ရတဲ့ ဋ္ဌေးနိုင်ကိစ္စကလည်း သူ့ကို ပိုပြီးစိတ်ထိခိုက်စေခဲ့တယ်။
အဲဒီလို သူ့ဘ၀ရဲ့ ခြောက်အိပ်မက်နေ့ရက်တွေအကြောင်းကို ပြောရင်း အချို့ နေရာတွေမှာ ဟားတိုက်ရယ်မောနိုင်ခဲ့ပေမဲ့၊ အချို့နေရာတွေမှာတော့ စကားသံတွေ ဆက်မထွက်နိုင်တော့လောက်အောင်အထိ တိတ်ဆိတ်သွားတတ်ပါတယ်။
သူ အဖမ်းခံစဉ်၊ နှိပ်စက်ခံရစဉ်က အဖြစ်အပျက်တွေကို ညအတော်များများမှာ ခြောက်အိမ်မက်အဖြစ် ပြန်ပြန်မက်ခဲ့ပေမဲ့ ဇနီးသည်နဲ့ အမေ့ကိုတောင် မသိစေခဲ့ဘူး။ အိပ်ဆက်ဆိုး မက်တာပါလို့ ဖြေသိမ့်ရင်း …ဒီအကြောင်းတွေကို သူလည်း မေ့ချင်ခဲ့လိမ့်မယ်။
ခုတော့ သမိုင်းမှန် ပေါ်ပေါက်လာဖို့အတွက် ပြန်ပြောရတဲ့အချိန်မှာတော့ သူဟာ အဖြစ်အပျက်တွေ နေ့ရက်တွေနဲ့ မျက်နှာတွေကိုတောင် အလွတ်ရနေတတ်တာ၊ ပြီးတော့ သူက… ရယ်ရင်း… မောရင်း…၀မ်းနည်းရင်း နဲ့ နားထောင်သူတွေကို ရသမျိုးစုံအောင် ပြောပြနိုင်ခဲ့ပါတယ်။
တကယ်ပဲ သူဟာ သမိုင်းမှန်ကို ပေါ်လွင်စေဖို့အတွက် မည်သူ့အပေါ်မှာ အငြိုးအတေးမထားကြောင်း ပြောရင်း မြောက်ပိုင်းနဲ့ တောင်ပိုင်းက ကျောင်းသားတွေရဲ့ အကြောင်းကို ခုလို သူ့ဘ၀ဖြစ်စဉ်က စပြီး ပြောပြခဲ့တယ်။
(၁)
မတ်လ ၂၃ ရက်နေ့ရဲ့ နံနက်အစောကြီး ဝေလီဝေလင်းမှာ ကျနော့်ကို မွေးခဲ့တယ်။ သခင်ကိုယ်တော်မှိုင်းနဲ့ မွေးရက်တူ မွေးခဲ့တာ။ ၁၉၆၆ ခုနှစ်၊ မတ်လ ၂၃ ရက်ပေါ့။
အဲဒီနေ့က ထူးထူးကြားကြား မတ်လကြီးမှာ မိုးတွေရွာတယ်တဲ့…မိုးလည်း စဲရော အဖေက ရွာထဲကို လှည့်ပြီးတော့မှ ထီပေါက်ပြီ ထီပေါက်ပြီလို့ တရွာလုံးကို လှည့်အော်တာ။ ကျနော့်ကို မွေးတော့ အဖေက သိတ်ပျော်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော့်အထက်မှာ မိန်းကလေးချည်း ငါးယောက်မွေးခဲ့တာကိုး။
ကျနော်တယောက်ကို ယောက်ျားလေး စမွေးတာ၊ အဲဒီမှာ အဖေက ထီပေါက်ပြီ ထီပေါကပြီ ဆိုပြီး အော်တာ၊ အမေက ပြောပြခဲ့တယ်။ ကျနော့်အဖေနာမည်က ဦးကျုံးတဲ့ အမေက ဒေါ်ထွေးလှ။
တကယ်လည်း ထီပေါက်သလိုပါပဲ နောက်ထပ် ဆက်မွေးတော့လည်း မိန်းကလေး ချည်းပါပဲ ၅ယောက်၊ ကျနော်တို့ မောင်နှမ ၁၁ ယောက်မှာ ကျနော်တယောက်တည်း ယောက်ျားလေး ပါခဲ့တာ။
အဖေအမေက တော်သူတောင်သားဗျ၊ ပညာကလည်း သုံးလေးတန်းစာပဲ တတ်ခဲ့တာ။ ကျနော်တို့ မိသားစု အသိုင်းအ၀ိုင်းမှာကိုက ပညာတတ်မရှိဘူး။ ကျနော့်ကို မွေးပြီးမှ မန္တလေးပြောင်းတယ်၊ ယောက်ျားလေးလည်း ဖြစ်တတ် အိမ်က ပညာတတ်စေချင်တယ်။
ကျနော်ကလည်း ကျောင်းမနေရသေးဘူး ၄ နှစ်လောက်ကတည်းက စာဆိုရင် အရမ်းဖတ်ချင်တယ်၊ လိုက်လျှောက်ဖတ်တယ်။ ကျနော်က သူငယ်တန်း တက်ခဲ့တဲ့ အချိန်ကတည်း ကသတင်းစာ ဖတ်နေခဲ့ပြီတဲ့ လို့ အမေက ပြောပြာပြခဲ့တယ်။
အမေတို့ ပြောပြောတာကတော့ ကျနော်က မနက်လင်းရင်တဲ့ သတင်းစာ ကောက်ကိုင်တာပဲတဲ့…။ဘာတွေလျှောက်ဖတ်လဲဆိုတော့ပထမ အားကစားသတင်းတွေကို လှန်ဖတ်တယ်တဲ့၊ ပြီးတော့ နိုင်ငံတကာ ရေးရာတွေ လျှောက်ဖတ်ခဲ့တယ်။
ကျနော် မှတ်မိတာ တခုရှိတယ်၊ အားကစားသတင်းမှာပဲ သတင်းစာမှာ ရေးထားတာက မန္တလေး တိုင်းနဲ့ ပဲခူးတိုင်း အဲလို ရေးထားတာ၊ ညနေ လေဒီယိုထဲမှာတော့ ပဲခူး တိုင်းကို ပခိုး ပခိုး လို့ အော်တာဗျ။ အဲလို ကြားတော့ ကျနော်က ဟာ ငါဖတ်တာက ပဲခူးတိုင်ပါ၊ ပခိုးပခိုးနဲ့ အော်နေတာက ဘာလဲပေါ့။ ဘာမှားလဲပေါ့။ပဲခူးတိုင်းနဲ့ ပခိုးတိုင်းနဲ့ တူလား ဆိုတာ ကျနော်က အရမ်းသိချင်တာ။
အဲတော့ ကျနော်တို့ အမထဲမှာ အလည်ဆုံး လို့ ကျနော် ယူဆတဲ့ နံပတ်၂ အမကို ကျနော်က မေးတယ်။ အမရေ လို့ …ငါဖတ်တော့ ပဲခူးတိုင်းလို့ ဖတ်ရတယ်လို့..။ လေဒီယို ထဲမှာတော့ ပခိုးတိုင်း ပခိုင်းတိုင်းလို့ ပြောနေတယ်။ အဲဒါ နှစ်ခုက တူတူပဲလားလို့ မေးမိတယ်။
အဲဒီတော့ အမက ငါ့မောင်…တဲ့ အဝေးကြီး၊ တခြားဆီပဲ…တဲ့။…
အဲဒါ ကျနော်ကြီးပြင်းခဲ့ရတဲ့ ကျနော့်ရဲ့ ပတ်ဝန်းကျင်နဲ့ မိသားစု။
အဲတော့ ကျနော့်အဖေက ပညာမတတ်ပေမဲ့ တံတားဦးနို့ချက် စက်ရုံမှာ တာဝန်ခံလုပ်ရတယ်။ နို့ဆီပညာတော်တော်ကို တော်တယ်။ အဲ… ကျနော့်အဖေရဲ့ အကြောင်းကို ကျနော့်ထက် ကိုလေး (အင်းဝ ဂုဏ်ရည်) ကပိုသိတယ်။ ကျနော့်အဖေက နို့ဆီပညာမှာတော်တော်ကို တော်ပါတယ်။
ကျနော်တို့ အိမ်မှာက ပညာတတ်မရှိ၊ နိုင်ငံရေး လုပ်တဲ့ သူ မရှိတော့ အဖေ သင်တန်း တက်တုန်းက ရခဲ့တဲ့ မဆလ ခေတ်က စာအုပ်အပြာတွေပဲ ရှိတယ်။ ကျနော်က အဲဒါတွေနဲ့ ကြားရတာ၊ ပြောမယ်ဆိုရင် အဲဒီတုန်းက အစိုးရက ကောင်းတယ်ပဲ ကျနော်က ထင်တာ။သတင်းစာထဲမှာလည်း သောင်းကျန်သူဆိုရင် သူပုန်တွေ မကောင်းဘူးလို့ပဲ ကျနော်က ထင်တာ။
အဲဒီလိုပတ်ဝန်းကျင်ကနေ လာခဲ့တာပေါ့ဗျာ။ ကျနော် ဆယ်တန်း နှစ်မှာ အဖေဆုံးတယ်။ ဆယ်တန်းအောင်တော့ ကျနော်က စက်မှုတက္ကသိုလ်ရောက်သွားတယ်။
တကယ်တော့ စက်မှုတက္ကသိုလ်ဆိုတာကို ကျနော်က တက်သာတက်နေရတယ်။ စာလည်း သိပ်မလုပ်ခဲ့ဘူး။ သူငယ်ချင်းအများစုက ကျနော့်ကို လူပျော်လူနောက်အဖြစ်သာ သိတာ။
ဒီနေရာမှာပဲ မခြွင်းမချန်ဝန်ခံပါတယ်…ကျနော်က ဖဲသမားပါ ခင်ဗျာ။
…ဟီး… အဆောင်မှာ ဖဲသမားလို့ နာမည်ကြီး အောင်ကို ရိုက်ခဲ့တာပါ။အဲလိုမျိုး ပါ။ အဲလိုမျိုး။
အဲလိုမျိုး ဖဲ ကိုပဲ စိတ်ဝင်စားတယ်၊ ဖဲရိုက်ဖို့ပဲ သိတယ်။ ဖဲပဲ ရိုက်ချင်တယ်။ စာကိုလည်း မှန်မှန်မလုပ်ဘူး။ ဒါပေမဲ့ ကံကောင်းတာက စာတော်တဲ့ သူငယ်ချင်းတွေ ရှိတယ်။ စာမေးပွဲနားနီးရင် ငါ့ သင်ပေးဦး ဆိုပြီး စာတော်တဲ့ သူငယ်ချင်းတွေကို လိုက်လိုက် အပူကပ်တာ..အဲလို နည်းနဲ့ပဲ စာမေးပွဲတွေ အောင်အောင်လာတာ။
အဲလို ဖဲတခုပဲ သိတာ နိုင်ငံရေး ဆိုတာလည်း မသိဘူး။ ဗကသ ဆိုတာဝေးရော၊ ဆဲလ်ဗင်း ဂျူလိုင်ဆိုတာကလည်း ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။
အဲဒီလို ပုံစံနဲ့ ဘ၀ကနေ ဘယ်မှစပြီး ပြောင်းလဲ သလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီ ဘ၀ရဲ့ အပြောင်းအလဲက အဲဒီမှာပဲ စတော့တာ။ မတ်လ ၁၃ ရက်နေ့ပေါ့နော။
မတ်လ ၁၃ ရက်နေ့၊အစိုးရက ကျောင်းသားတွေကို ပစ်တဲ့နေ့ ဖုန်းမော်အရေးအခင်းနေ့ပေါ့၊ အဲဒီမှာ ကျောင်းသားတွေကို ပစ်တယ်ဆိုတော့…ကျနော်က စဉ်းစားတာပေါ့နော။
ကျနော်ဖတ်ခဲ့ဖူးတဲ့စာအုပ်အပြာရောင် မဆလထုတ်တွေထဲမှာတော့ အစိုးရနဲ့ ပြည်သူဆိုတာ မိတ်ဖက်ပေါ့၊ မိတ်ဖက်ပဋိပက္ခကို မိတ်ဖက်နည်းနဲ့ ဖြေရှင်းရမယ်ဆိုတာကို ကျနော်က ဖတ်ခဲ့ဖူးတယ်။ အဲတော့ ခုလို ပစ်သတ်နေတော့ဒါ ရန်ဘက် နည်းနဲ့ ဖြေရှင်းတာပေါ့။
အဲဒီမှာ ကျနော်က ငါဖတ်ခဲ့တဲ့ စာတွေ မှားပြီ လားဆိုတာကို စတွေးမိတာပဲ၊ ကျနော့်ရင်ထဲမှာ ဆူးတစ်ချောင်း စပြီး ၀င်သွားတာပဲနော။ တကယ်ကို လူပျော် လူနောက် ဘာမှ မသိတဲ့ လူတယောက်ကနေ ဒီဖုန်းမော်အရေးအခင်းနေ့ကစပြီး ပြောင်းသွားတာ။
ငါ ဖတ်ခဲ့တဲ့ စာတွေက မှားနေပြီ၊ ငါ ကျက်ခဲ့တဲ့ စာတွေကလည်း မှားနေပြီ ပေါ့ အဲလိုတွေးမိတော့ စိတ်ပူလာခဲ့တယ်။ တကယ်ကို ပူလာတာ။ ဘယ်သူ့အမှန်မေးရမှန်းလည်း မသိဘူး၊ အဲဒီအချိန်တုန်းက ကျနော့်ပတ်ဝန်းကျင်မှာက ကျနော့်လိုပဲ နိုင်ငံရေး သိပ်စိတ်မ၀င်စားတဲ့ ကျောင်းသားတွေက များနေတော့ ကျနော့်မှာ ဘယ်သူ့ကိုမှ သိပ်မေးလို့မရဘူးပေါ့နော။
အဲလိုနဲ့ ကျောင်းပိတ်လို့ အိမ်ပြန်လာကြရတယ်။
နောက်တော့ ကျနော်ကို တော်လှန်ရေးထဲ ပါဝင်လာအောင် လုပ်ခဲ့တဲ့ အကြောင်းရင်းကတော့ ကျနော် ကျောင်းထုတ်ခံလိုက်ရတယ်။ ဘာမှ မလုပ်ဘဲနဲ့ ကို ကျောင်းထုတ်ခံလိုက်ရတာ။ ပြန်ကြားတာတော့ဗျ အဲဒီမှာ အရေးအခင်းထဲပါခဲ့တဲ့ ကျောင်းသားတယောက်ရဲ့ နာမည်က စိုးလင်းတဲ့ …အဲဒါ ဘယ်စိုးလင်းမှန်းမသိလို့ စိုးလင်း နာမည်တူတွေ ထုတ်လိုက်တယ်လို့ ကြားတာပဲ ဟုတ်မဟုတ်တော့ ကျနော်လည်း သေချာမသိဘူးနော။ ကြားတာ ပြောရတာ။
အဲတော့ သူများတွေ ဇွန်မှာ ကျောင်းပြန်တက်ရပေမဲ့ ကျနော် မတက်ရတော့ဘူးနော၊ အိမ်မှာပဲ နေရတာပေါ့နော။အဲဒီမှာပဲ ကျနော့်ရဲ့ နိုင်ငံရေး ဘ၀ စတော့တာပဲ။
(၂)
ကျနော်အိမ်မှာပဲ နေနေတော့ ကျနော်ဆီကို ဦးမင်းအောင်က ရောက်ရောက်လာတယ်။ သူက အရင်ကွန်မြူနစ်ဟောင်းပါ၊ မြောင်က။ ကျနော်တို့နဲ့ အိမ်ချင်းကပ်ရောက်ပေါ့နော။
အဲဒီမှာ သူက ကျနော့်ကို စပြီး စိတ်ဝင်စားတာပေါ့၊ ဒီကောင်ဘာများလုပ်ခဲ့လို့ ကျောင်းတောင်ထုတ်ခံခဲ့ရသလဲပေါ့။နိုင်ငံရေးတော်တော်လေး လုပ်လို့ ထုတ်ခံရသလားပေါ့နော။
အဲဒီမှာ ကျနော့်ကို လာလာမေးပြီး စကားပြောကြည့်တော့မှ ကျနော် ဘာမှ မသိဘူးဆိုတာသိတာ ဘာမှ မသိဘူး ၊ဘာမှ မလုပ်ဘဲနဲ့ကို ကျောင်းထုတ်ခံရတယ်ဆိုတာ သိတာ။
သူ့ဆီက ကျနော် ဘာတွေရလဲ ဆိုတော့ ကျနော် မသိခဲ့တဲ့ မြန်မာနိုင်ငံရေး သမိုင်းတွေ၊ပြီးတော့ ဖဆပလ သမိုင်းတွေ၊ ကွန်မြူနစ်သမိုင်းတွေ အဲဒါတွေအားလုံး သူ ကျနော့်ကို ပြောပြတယ်။ အဲဒါနဲ့ကျနော်ရဲ့ လက်ဦးဆရာက ဦးမင်းအောင်ဖြစ်လာတယ်။ သူ့ကြောင့် ကျနော်က နိုင်ငံရေးကို နည်းနည်းသိလာတာပေါ့။
နောက်တခုကံကောင်းတာက ကျနော့်ဘေးမှာ စာဖတ်တဲ့ သူငယ်ချင်းတယောက်ရှိတယ် ကိုကိုနိုင်ဆိုတာက။ ခုတော့ သူက ၀န်ထမ်းဖြစ်နေတယ်။ သူက နိုင်ငံရေးစာ တအားဖတ်ခဲ့တော့ ကျနော့်ကို ပြောပြောပြတယ်။ အဲဒီအချိန်မှာ ဦးမင်းအောင်နဲ့ ကိုကိုနိုင်တို့ရဲ့ ကျေးဇူးနဲ့ ကျနော် နိုင်ငံရေးကို ဖြည်းဖြည်းခြင်းသိလာတယ်။
ဒါပေမဲ့ ၈၈ အရေးအခင်းဖြစ်တဲ့အချိန်မှာ စဖြစ်တော့ ကျနော် မပါသေးဘူး။ မန္တလေးမှာ ၈ရက် ၈လ ၈၈ ခုနှစ် အရေးအခင်းဖြစ်ပြီး သူများတွေ ထွက်တဲ့အချိန်မှာ ကျနော် မပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်က စဉ်းစားတာပေါ့နော။ ငါ့မှာ အဖေလည်း မရှိတော့ဘူးအမေ မုဆိုးမကြီးအတွက် အားကိုးစရာသားဆိုရင်လည်း ငါ့ ပဲ ရှိတယ်။ ကျန်တာ မိန်းခလေးတွေ ချည်းပဲ ငါက သူများလို လုပ်လို့မရဘူးဆိုပြီး အဲဒီအတွေးနဲ့ ကျနော် အိမ်ထဲမှာပဲ အောင်းနေတာ။နည်းနည်းတော့ သိနေပြီ မတရားဘူး လိုက်ရမယ်ဆိုတာ သိတယ်၊ ဒါပေမဲ့ မထွက်ဘူး နေတယ်။
အဲဒီမှာ သြဂုတ်လ ၂၅ ရက်နေ့ဗျ။ ကျနော် သေသေချာချာမှတ်မိတယ်။. ဘာဖြစ်လို့လဲ ဆိုတော့ သြဂုတ်လ ၂၆ ရက်နေ့မှာ မန်းလေး တမြို့လုံး မြို့လုံးကျွတ်ဆန္ဒခံယူပွဲလုပ်မှာ။
အဲဒီညမှာ ကျနော့်ရဲ့ အာအိုင်တီက သူငယ်ချင်းတွေ အိမ်ကိုရောက်လာတယ်။ ရောက်လာပြီးတော့ မင်း အိမ်ထဲ အောင်းမနေနဲ့ ဒီတရက်တော့ လိုက်ခဲ့ဦး ဆိုပြီးတော့ ညကြီး မှာ ကျနော့်ကို အိမ်လာခေါ်ကြတာပဲ။
အမေ့ကိုလည်း အမေ ကျနော် ခဏ လိုက်သွားဦးမယ်ဆိုပြီး ထွက်သွားလိုက်တာ… အဲဒီနေ့ကစပြီး တောခိုပြီး ပြန်လာတဲ့ နေ့ထိ အိမ်ပြန် မအိပ်ဖြစ်တော့ဘူး။
အဲဒီညက စပြီးကျနော်က ဘယ်ကို စရောက်လဲဆိုတော့ မန်းတလေးမြို့ရဲ့ သပိတ်တပ်ပေါင်းစုကို ရောက်တယ်။ သပိတ်ဥက္ကဋ္ဌ ဦးက၀ိန္ဒဘေးမှာ ကျနော်သွားနေရတယ်။ နိုင်ငံရေးကို တကယ့်ကို နည်းနည်းလေးပဲ သိထားတဲ့ လူတယောက်အနေနဲ့ ခုလို ဆရာတော်ဘေးနားမှာ နေလိုက်ရတဲ့အခါမှာ တနိုင်ငံလုံးကို မြင်လိုက်ရသလို ဖြစ်သွားတာဗျ။
ပြဿနာပေါင်းစုံကို ဆရာတော် ကိုင်တွယ်ဖြေရှင်းပုံတွေ၊ ရန်ကုန်မှာ သပိတ်တွေ ဘာဖြစ်နေတယ်၊ မန္တလေးမှာ ဘယ်လိုဖြစ်တယ် အဲဒါတွေကို အပေါ်စီးကနေ မြင်ရတာ။ ပြောမယ်ဆိုရင်တော့ ဦးမင်းအောင်တို့ ကိုကိုနိုင်တို့ ဆီက ရလိုက်တဲ့ နိုင်ငံရေးအခံလေးကို ဆရာတော်ဆီကနေ ရလိုက်တဲ့ အမြင်နဲ့ဆိုတော့ အရင်ကထက်ပိုသိသွားတယ်။ နိုင်ငံရေးအမြင်ကျယ်သွားတယ်။ဆရာတော်ကိုလည်း ကျနော်တအားလေးစားတာ။
အဲဒီမှာ အာဏာသိမ်းတော့လည်း ကျနော်ရယ် ဆရာတော်ရယ် အခု NLD က ပြင်ဦးလွင် လွှတ်တော်ကိုယ်စားလှယ် ကိုကျော်သီဟရယ်၊ ပြီးတော့ အခု Eleven မှာ ဆောင်းပါး ရေးတဲ့ မင်းလွင်ရယ် ကျနော်တို့ လေးယောက် အိမ်လေး တအိမ်မှာ နေကြတာ။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment