Saturday, September 29, 2012

သူပုန်ကျောင်းသားဘဝ - ၁

ှုI was a rebel (1)

by Ko Oo on Friday, September 28, 2012 at 8:00pm ·
သူပုန်ကျောင်းသားဘ၀(၁)
ခြေလှမ်းတွေနှေးခဲ့ရတယ်
ကိုကိုဦး(တပ်ရင်း-၁၀၂)၊ စက်တင်ဘာလ(၂၈)ရက်၊ ၂၀၁၂ ခုနှစ်

ကျနော်တို့ ဘာကြောင့်လက်နက်ကိုင်ခဲ့ကြပါသလဲ မိမိကိုယ်မိမိပြန်မေးကြည့်တယ်၊ လူငယ်တို့ သဘာဝ လဘက်ရည်ဆိုင်ထိုင်ပြီး ကြိုက်နှစ်သက်ရာသီချင်းလေးကို နားထောင်ချင်သူတွေ၊ အချစ်အကြောင်းတွေကို အပေါင်းအသင်းများနဲ့ ထပ်ကာတလဲလဲပြောပြီး ဘ၀ကိုငြိမ်းချမ်း စွာကျော်ဖြတ်လိုသူတွေပါ၊ ခုတော့ တခါမျှမစဉ်းစားမိခဲ့တဲ့ သူပုန်ဘ၀ကိုရောက်ခဲ့ကြရတယ်၊ တကယ်ဆိုရင် ကျနော်တို့ရဲ့ဘ၀တွေဟာ ကဗျာလှလှတွေကိုသီ စာလှလှတွေကိုစီပြီး နူးနူးညံ့ညံှ့မြူးမြူးကြွကြွ သီချင်းတွေနဲ့အတူ အချစ်ကိုစဉ်းစားရင်း ရင်ခုန်နေရမဲ့အရွယ်တွေပါ၊ နောက်ဆုံးတော့ စနစ်ဆိုးကြီးရဲ့ ကံကြမ္မာမုန်တိုင်းအောက်မှာ လက်နက်ကိုမကိုင်ချင်သော် လည်းကိုင်ခဲ့ရတဲ့ စနစ်ရဲ့သားကောင်များဖြစ်ခဲ့ရတယ်၊

ကျနော်နောက်ဆုံးတောခိုဖို့ ဆုံးဖြတ်ခဲ့ချိန်ကတော့ ဗကသဖွဲ့စည်းပြီးကာစ စစ်အာဏာမသိမ်းမှီ
ကာလဖြစ်ပါတယ်၊ ရန်ကုန်တက္ကသိုလ်ဓမ္မာရုံတွင် ကျောင်းအသီးသီးက ကျောင်းသားလှုပ်ရှားမှု များတွင်ပါဝင်ကြသူများစုစည်းပြီး ရှေ့လုပ်ငန်းစဉ်များအတွက် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်တဲ့ အတွက် ကျောင်းအသီးသီးမှ ကျောင်းသားများအင်တိုက်အားတိုက် ရောက်လာကြတာတယ်၊

မင်းကိုနိုင်အပါအ၀င် ကျောင်းသားခေါင်းဆောင်တော်တော်များများ တက်ရောက်လာကြတယ်၊ ကျနော်နဲ့ ဖွဲ့စည်းပြီးခါစ NIDF အဖွဲ့ဝင် များလည်းတော်တော်များများတက်ရောက်ခဲ့ကြပါတယ်၊ ကျောင်းသားတို့သဘာဝ တက်တက်ကြွကြွနဲ့ ကိုယ်သန်ရာသန်ရာကို ဆွေးနွေးကြသော်လည်း အားလုံးကမူ ဗကသဥက္ကဌဖြစ်ပြီးခါစ ကိုမင်းကိုနိုင်ကို ဦးတည်ပြီး ဆွေးနွေးခဲ့ကြတာကို တွေ့ခဲ့ ရတယ်၊ နောက်ဆုံး ကျနော်အကြားတွင် အမြင်သုံးမျိုး အသွင်သုံးမျိုးနဲ့ ရှေ့ဆက်သွားကြဖို့ကို နားလည်မှုရခဲ့ကြတယ်၊ စစ်တပ်က အာဏာသိမ်းတော့မယ် ဆိုတာကိုလည်း အားလုံးကချွင်း ချက်မရှိ သဘောပေါက်ခဲ့ကြတယ်၊

မည်သည့်နည်းနဲ့မဆို ကျနော်တို့သည် လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေလုပ်ကိုလုပ် ရတော့မည်၊ အလားတူစွာ ဗကသကို မြေပေါ်မှာမားမားမတ်မတ် ဆက်လက်ရပ်တည်နိုင် အောင်ကိုလည်း ကြိုးစားရမည့်အပြင်၊ ဥပဒေတွင်း နိုင်ငံရေး(ပါတီအသင်းအဖွဲ့များ)တွင်လည်း ၀င်ရောက်လှုပ်ရှားရတော့မည်၊ ဤသုံးချက်အပေါ် ကျနော်တို့အားလုံး ညီညွတ်ခဲ့ကြတယ်၊
ကျနော်ကိုယ်ကျနော် သူပုန်ဖြစ်တော့မဲ့ အတွေးစိတ်နဲ့အတူ လူကြမ်းမင်းသား ကိုအံ့ကျော်၊ ကိုစံတင်ပုံရိပ် စိတ်ထဲမှာပေါ်လာလို့ ကိုယ်ဖါသာကိုယ်ပြုံးလိုက်မိသေးတယ်၊

ကျနော်နဲ့ဝင်းမိုးကတော့ အတော်တွဲမိခဲ့တယ်၊ ဘာဖြစ်လဲဆိုတော့ ဗကသဖွဲ့စည်းပြီးကာစ ကာလတွေမှာ ကျောင်းသားထုအတွင်း ဖြစ်ပေါ်လာခဲ့တဲ့ အထွေထွေမကျေနပ်များကို သူနဲ့ အတူ အတော်များများကို အတူတကွညှိနှိုင်း ဖြေရှင်းခဲ့ကြလို့ဖြစ်ပါတယ်၊ အများစုကတော့ တောခိုဖို့ဆုံးဖြတ်ချက်ခဲ့ သည့်ဘက်မှာ အလေးသာခဲ့ကြတယ်၊ နောက်နေ့မှာ ပြန်ဆုံကြမဲ့ နေရာကို အချိန်းအချက်လုပ်ပြီး လှည်းတန်းဘက်က ဈေးပေါပေါထမင်းဆိုင်ဘက်ကို ခြေဦး လှည့်ခဲ့ကြတယ်၊ တော်ရိယော်ရိ နှစ်ကျပ်ခွဲထမင်းဆိုင် ပိုင်ရှင်တွေကတော့ ကျနော်တို့အတွက် အလွန်ကိုစေတနာရှိသော အလွန်ကိုတာဝန်ကျေခဲ့သော အခြေခံပြည်သူတွေဖြစ်ခဲ့ပါတယ်၊

တခါတလေ ရယ်စရာလေးတွေလည်း ပါလာခဲ့ကြတယ်၊ အစည်းအဝေးခန်းမထဲက ထွက်လာ တုန်း ကျနော်လုပ်ဖေါ်ကိုင်ဖက် ကိုဘိုဟိန်း(ပဲခူးဖက်မှာ လက်နက်နဲ့အတူအဖမ်း ခံခဲ့ရသူ)က မျက်နှာထားကသိပ်မကောင်းတော့ ဒီကောင်တခုခု ဖြစ်နေပြီဆိုတာသိလိုက်တယ်၊ ကျနော်က သူငယ်ချင်း မင်းဘာများမကျေမနပ်ဖြစ်နေတာလားကွာ လို့ မေးကြည့်လိုက်ပါတယ်၊ ဟိုးဟိုး တက်တက်စင်အောင် လွဲတော့တာပါပဲ၊ ဘယ်ဟုတ်လိမ့်မလဲ၊ အစည်းအဝေးလုပ်တုန်းက ကိုမင်းကိုနိုင်ဘေးမှာ လက်ရေးတိုမှတ်စုရေးပေးနေတဲ့ ကောင်မလေးချောချောလှလှလေးက ဒီကောင့်ညီမ၀မ်းကွဲဖြစ်နေပါရောလား၊ ဖြစ်နိုင်ရန်ကောသူငယ်ချင်းရယ်၊ ကျနော်ကသူ့ကို ထပ်ပြီးစလိုက်တယ်၊ နောက်တခါဆို မင်းညီမလေးကို ပိုပြီးစိတ်ချလက်ချဖြစ်အောင် မင်းအနား ခေါ်ထားလိုက်လေကွာ တို့အတွက်လည်း ပိုပြီးအဆင်ပြေတာပေါ့ စရင်းပြောင်ရင်း တ၀ါးဝါး ရယ်မောရင်းနဲ့ ကျနော်တို့ရဲ့ ရန်ကုန်သားဘ၀ရဲ့နောက်ဆုံးနေ့ကို ကျော်ဖြတ်ခဲ့ကြတယ်၊

အာဏာသိမ်းတော့မည်မှာ မြေကြီးလက်ခတ်မလွဲပေ၊ မည်သူကမှ အထူးအထွေ စောဒက မတက်ကြ၊ ရှစ်လေးလုံးနေ့က အဖြစ်အပျက်တွေက အားလုံးရင်မှာ မှတ်မှတ်ရရထိမိရှိမိပြီး တနင့်နင့်ရှိနေကြ ဆဲပါ၊ တပ်မတော်သားတွေ ပြည်သူတွေနဲ့လက်တွဲဖို့ ကတ္တရာလမ်းမကြီး အပေါ် ရှစ်ခိုးဦးချခဲ့ကြတဲ့ ကျောင်းသားတွေ ပြည်သူတွေကိုမြင်ခဲ့ရသူတွေပါ၊ စစ်တပ်က လူထု ဘက်ကိုမပါသည့်အပြင် ရက်ရက်စက်စက် ပြစ်သတ်ခဲ့တဲ့အတွက် ဒီစစ်တပ်ကို လက်နက်ကိုင် တိုက်မှရတော့မယ်လို့ ထိုစဉ်အခါဆုံးဖြတ်ချခဲ့တဲ့ ကျောင်းသားလူငယ်တွေအပေါ် မည်သူ တစ်ဦးတစ်ယောက်ကမှ အပြစ်ပြောခဲ့သည်ကို ထိုစဉ်ကကျနော်မကြားမိခဲ့ပါ၊

ဝင်းမိုး၊ အောင်နိုင်၊ ကျနော်အပါအ၀င် အယောက်နှစ်ဆယ်လောက်ရှိတဲ့ ကျနော်တို့အုပ်စုက ရန်ကုန်မြို့ကနေ စက်တင်ဘာ(၇)ရက်နေ့က စထွက်လာခဲ့ကြတယ်၊ လမ်းမှာအဆင့်ဆင့်သော စစ်ဆေးရေးဂိတ်တွေကို ကျော်ဖြတ်ပြီး မော်လမြိုင်ကိုရောက်ခဲ့ကြတယ်၊ ကျနော်ကမော်လမြိုင် မှာမွေးခဲ့တဲ့ မော်လမြိုင်သားဆိုတော့ အတော်ပျော်သလိုခံစားရပါတယ်၊ မုတ္တမရောက်တော့ (ရ)မိုင်မျှသာဝေးတဲ့ ကျနော်ကြီးပြင်းခဲ့ရာ ကျနော်အထက်တန်းပညာကိုသင်ကြားခဲ့ရာ ကျနော် ဇာတိဖြစ်တဲ့ ကတိုး၊ ကော့နှပ် ရွာဖက်ကိုမျှော်ကြည့်ရုံမျှသာ မျှော်ကြည့် နိုင်ခဲ့ပါတယ်၊ ငယ်စဉ် ဘ၀က ပျော်ရွှင်ကြီးပျင်းခဲ့ရာ ကျနော်၏ချစ်လှစွာသော မွေးရပ်မြေလေးကို လွမ်းတသသဖြစ်ခဲ့ ရင်း အဝေးမှအမေနဲ့အဖေကို ဦးခိုက်ခဲ့ပါတယ်၊ ကျနော် ဘ၀တစ်ဆစ်ချိုးကွေ့ရတော့မယ်ဆို တာကို ကောင်းကောင်းသိလိုက်ပါပြီ၊

မုတ္တမကနေ မော်လမြိုင်ဘက်ကို ဇက်သင်းဘောဖြစ်ကူးတော့ အရင်တုန်းကမြင်တွေ့နေကျ ခေါင်းဆေးကျွန်းနဲ့ ကျိုက်သံလံတောင်တန်းတွေကို နောက်ဆုံးအနေနဲ့ကြည့်နေမိတယ်၊ စိတ်ထဲကတော့ ပြန်လာခဲ့မယ် မွေးရပ်မြေရယ်လို့သာ တမ်းတနောက်ဆုံးဖြစ်ခဲ့ရတယ်၊
မော်လမြိုင်ကိုရောက်တော့ ဦးမျိုးချစ်(သီပေါဘိုး) နဲ့အဖွဲ့က လာရောက်ကြိုဆိုပြီး ကျိုက်ဖနဲ ဘက်က သူ့မိတ်ဆွေတွေအိမ်မှာ နေရာချထားပေးတယ်၊ မနက်ကျတော့ လူသိပ်များနေလို့ (၂)စုခွဲပြီးသွားဖို့စီစဉ်ကြတော့ ကိုဝင်းမိုး၊ကိုအောင်နိုင်တို့ ကော့ဘိန်းဘက်ကနေတဆင့်သွားဖို့ ကျနော်ကနေ ထားဝယ်ဖက်က လာခေါ်တဲ့ကျောင်းသားတွေနဲ့အတူ မုဒုံ၊ သံဖြူဇရပ်ဘက်က နေ့ သွားဖို့စီစဉ်လိုက်ကြတယ်၊ အခုသြစတေးလျှမှာ နေထိုင်တဲ့ကိုကျော်စွာဟာ ထားဝယ်ဘက် ကနေလာခေါ် တဲ့အထဲကတစ်ဦးဖြစ်ပါတယ်၊ မွန်နယ်မြေဖြတ်တော့ စစ်ဆေးရေးဂိတ်တွေက အတော်ကိုစီစစ်လာကြတယ်၊ မဆလစစ်ဆေးရေးခေတ်မဟုတ်တော့ပါ၊ သပိတ်ခေါင်းဆောင် များ ဦးဆောင်သော စစ်ဆေးရေးဂိတ်များသာဖြစ်ပါတယ်၊ ကျနော်က မွန်စကားကိုတော်တော် များများ ပြောနိုင်သေးတာမို့ အတော်အဆင်ပြေခဲ့ပါတယ်၊

နောက်တနေ့ကျတော့ သံဖြူဇရပ်ကသပိတ်ခေါင်းဆောင်တွေက ကျနော်တို့ကိုလှေတစ်စီးနဲ့ တင်ပေးဖို့စီစဉ်ပေးခဲ့ကြတယ်၊ လှေပေါ်မှာ ကျနော်တို့ရန်ကုန်ကလာသော ကျောင်းသားများ ပါသလို မုဒုံသံဖြူဇရပ်မှတောခိုကြမည့်သူအများစုကလည်း ပါလာခဲ့ကြတယ်၊ ထိုစဉ်အခါက တစ်ယောက်ကိုတစ်ယောက် မသိကြသေးပါ၊ နောက်အခါတွင်ပြန်စဉ်းစားရင်းသိလာခဲ့ရတာ ကတော့ မုဒုံကထွက်လာသည့်အုပ်စုမှာ ဒေါက်တာနိုင်အောင်နဲ့ကိုတင်စိုးနောင်တို့ ပါလာခြင်း ပင်ဖြစ်တယ်၊ ထိုစဉ်အခါက မှတ်မှတ်ရရရှိနေတာကတော့ ၄င်းတို့၏ရင်ဘတ်တွင်ထိုးထားတဲ့ အသေခံတံဆိပ်လေးပဲဖြစ်ပါတယ်၊ ၄င်းအပြင် မုဒုံသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့တဲ့ ကိုတင် စိုးနောင်က မွန်စကားနဲ့ပင် ကျနော်ကိုမိတ်ဆက်ပြီး လှေပေါ်မှာစကားဖေါင်ဖွဲ့လာခဲ့ကြတယ်၊ ဘေးကလူကဆရာဝန်တယောက်ပါလို့ စကားစပ်ရင်း ပြောပြလာလို့မှတ်မိနေခဲ့တာဖြစ်ပါတယ်၊

အများစုကတော့ မွန်တော်လှန်ရေးနယ်မြေကို သွားဖို့အတွက် ကဗျာဝမှာ ဆင်းကြတယ်၊ ကျန်တဲ့သူတွေကတော့ နောက်ဆုံး လောင်းလုံပင်လယ်ကမ်းခြေမှာ ဆင်းကြရတယ်၊
လောင်းလုံမှာ သပိတ်ခေါင်းဆောင် ကျောင်းဆရာတွေနဲ့တွေ့ခဲ့ကြပြီး ထားဝယ်ကိုစီစဉ်ပို့ ပေးခဲ့ကြတယ်၊ သူတို့ဟာ ကျနော်တို့ကိုအားတက်သရော ကူညီကြသူများဖြစ်သလို တကယ်ကို တော်လှန်လိုသူများအဖြစ် တွေ့ခဲ့ရတယ်၊ ထားဝယ်ကိုရောက်တော့ ကိုတင်လေး(မင်းသမီး-ကျဆုံး-အသတ်ခံရ)က ကျနော်တို့ကို နေရေးထိုင်ရေးအစအစ အရာရာကိုစီစဉ်ပေးပါတယ်၊

ဆရာမတင်ထွေးမူ(သခင်ဗသိန်းတင်သမီး)နဲ့ ကိုထိန်လင်း မိသားစုက ကျနော်တို့အတွက် အစစအရာရာလိုလေသေးမရှိအောင် အကူအညီပေးခဲ့ပါတယ်၊ ထိုစဉ်အခါ ထားဝယ်မြို့ဟာ သပိတ်ခေါင်းဆောင်တွေကြီးဆိုးထားတဲ့ကာလမို့ အတော်လေးကိုလွတ်လွတ်လပ်လပ်ရှိခဲ့ပါ တယ်၊ စစ်အာဏာတွေ့ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်လည်း ပြိုလဲနေချိန်ဆိုတော့ အားလုံးက ကိုယ့် ဖက်မှာရှိနေသလိုပါပဲ၊ တကယ်ဆိုရင် ထိုအချိန်က စစ်အစိုးရက အာဏာသိမ်းဖို့ စီစဉ်နေတဲ့ ကာလပဲမဟုတ်လား၊ ဒါပေမဲ့အခြေအနေကတော့ ဒီမိုအင်အားစုတွေကို အလေးပေးနေတုန်းပဲ၊
ယုတ်အစွဆုံး ထားဝယ်မြို့ရဲမှုးလားမသိပါ၊ သူ့သမီးချောချောလေးနှစ်ဦးက ဖိတ်ကြားတဲ့ လက်လက်ရည်ဝိုင်းလေးကိုပင် မိုးဇော်အောင်(မင်းသမီးစခန်း)ကဦးဆောင်ပြီး ထားဝယ် ကျောင်းသားအချို့နဲ့အတူ သွားရောက်စားသောက်ပြီး လူငယ်ပီပီ ဖွန်ကြောင်ခဲ့ကြသေးတယ်၊
ပျော်စရာလည်းအကောင်းသား ကြည်နူးစရာလည်းအကောင်းသားပါ၊ မြန်မာပြည်မှာ နေရမဲ့
နောက်ဆုံးနေ့မို့လည်း အားလုံးကရင်ထဲက ဘာမှန်းမသိတဲ့ ခံစားမှုတွေနဲ့ နင့်နေခဲ့တယ်၊
ညကျတော့ ကိုတင်လေးက ကျနော်တို့ကိုလာခေါ်ပြီး အခြေအနေအတော်ကိုဆိုးနေပြီဖြစ်လို့ သူကကျနော်တို့ကိုနေရာပြောင်းပြီး လက်ပစ်ဗုံးတလုံးပေးထားကာ အသင့်ရှိနေကြဖို့ပြောခဲ့ တယ်၊ ကျနော်တို့ ဆောက်လက်စတိုက်တခုရဲ့ အပေါ်ထပ်မှာနေခဲ့ရတယ်၊

နောက်နဲ့ ကျနော်နဲ့ကိုတင်လေးကနေပြီး တောခိုမည့်လမ်းကြောင်းအတွက် ကေအင်ယူကို အရင်ဆုံးဆက်သွယ်ဖို့အတွက် တောင်သုံးလုံးဖက်ကိုထွက်လာခဲ့ကြတယ်၊ ဦးဆောင်လမ်းပြ အနေဖြင့် လေဘေး(ကိုသောင်းညွန့်-မင်းသမီးစခန်း) က ကျနော်တို့နဲ့အတူ ကေအင်ယူရှေ့ တန်းစခန်းတစ်ခုကိုရောက်ခဲ့ကြတယ်၊ အဲဒီမှာ ကေအင်ယူကဗိုလ်မှုးဒါးကျော်နဲ့ဗိုလ်ရစ်ချတ် အေအယ်ပီက ဗိုလ်မှုးခိုင်ရာဇာ(အိန္ဒိယစစ်တပ်ရဲ့သတ်ဖြတ်ခြင်းခံခဲ့ရသူ) တို့နဲ့ တွေ့ဆုံဆွေး နွေးခဲ့ကြတယ်၊ ကျနော်ဘ၀မှာ ပထမဦးဆုံးမြင်ဖူးသော တော်လှန်ရေးသမားတွေဆိုရင်လည်း မမှားပါဘူး၊ ကျနော်တို့ဆွေးနွေးပြီးအပြန်မှာ ကေအင်ယူကတပ်စုတပ်စုက ပြန်လိုက်ပို့ပါတယ်၊ သူတို့ပိုင်နက်ကျော်တာနဲ့ကျနော်တို့ကို ကိုယ့်ဟာကိုယ်သွားတော့လို့ပြောတော့ ကျနော်တို့ရှေ့ ဆက်လျှောက်ပြီး ၁၀ မိနစ်မျှအကြာမှာ သေနတ်ကိုယ်စီနဲ့မဆလစစ်သားတွေကို စစ်ဆင်ရေး အနေအထားနဲ့တွေ့လိုက်ရတယ်၊ ဖြစ်ပုံက ကေအင်ယူစစ်သားတွေကို ဖြတ်တိုက်ဖို့ထွက်လာ ဖို့ဖြစ်မှာပါ၊ ကျနော်တို့အားလုံးကို ထိုင်ခိုင်လိုက်ပြီး လက်ကိုခေါင်းပေါ်တင်ထားခိုင်းပြီး ဆဲရေး တိုင်းထွာမှုအနည်းငယ်လုပ်ပြီး မင်းတို့ဘယ်ကလာသလဲ၊ ဘာသွားလုပ်သလဲ စစ်မေးပါတော့ တယ်၊ ကိုသောင်းညွန့်က ဂန်သားဖြစ်တဲ့ကျနော်ကို ဘာမှာအသံမထွက်မပြောဖို့ တိုးတိုးလေး ပြောလာတယ်၊ သူကပဲဦးဆောင်ပြီး မိမိတို့ဟာကွမ်းသီးကုန်ရောင်းပြီးပြန်လာကြတဲ့သူတွေဖြစ် တယ်၊ အခုရောင်းပြီးပြန်လာတဲ့လို့ပြောလို့ အဆင်ပြေသွားပါတယ်၊ အဲဒီအချိန်မှာ ကျနော်တို့ သူငယ်ချင်း ကိုလေဘေးသာမပါရင်တော့ တစ်ခုခုတော့ကံဆိုးသွားနိုင်ပါတယ်၊ အခုတော့ ကံကောင်းစွာပဲ ကျနော်တို့ထားဝယ်မြို့ကိုပြန်ရောက်လာခဲ့ကြပါတယ်၊

နောက်နေ့ ကျနော်တို့သွားခဲ့တဲ့ တောင်သုံးလုံးမှာ တိုက်ပွဲတွေဖြစ်ပြီး မဆလစစ်တပ်ဖက်က
(၆)ဦးလောက်ကျတဲ့သတင်းကြားရတော့ ကျနော်တို့မူလကရင်နယ်မြေဖက် တောခိုဖို့အစီ အစဉ်ကို ဖျက်လိုက်ရပြီး အစီအစဉ်သစ်ကိုချက်ခြင်း အကောင်အထည်ဖေါ်ရပါတယ်၊ ကိုတင်လေး အစီအစဉ်နဲ့ တောင်ပိုင်းဗကပနယ်မြေဘက်က ထွက်ဖို့ဖြစ်လာတယ်၊ အာဏာ မသိမ်းခင်မူလကထွက်ဖို့ လူအများကြီးမဟုတ်သေးပါဘူး၊ ဒါပေမဲ့(၁၉)ရက်နေ့မှာ ကျနော်တို့ သရက်ချောင်းကိုရောက်တော့ တောခိုလိုသူရော မလိုသူရော သုံးရာလောက်ကိုဖြစ်နေတယ်၊
စားရေးသောက်ရေးကိုတော့ ဘုန်းကြီးကျောင်းမှာပဲ အဆင်ပြေပြေဖြစ်ခဲ့ပါတယ်၊

စားရေးသောက်ရေးပြီးတော့ ကျနော်တို့စက်လှေလေးတွေနဲ့ အုပ်လိုက်အုပ်လိုက်ထွက်လာ ခဲ့ကြတယ်၊ တောခိုလာတာနဲ့မတူပဲ ရွာဘုရားပွဲအလယ်လာကြသလိုဖြစ်နေတယ်၊ ထားဝယ် မှာလည်း သေတဲ့လူဒဏ်ရာရသူတွေကျန်ခဲ့ သွေးသံရဲရဲမြင်ပြီးကာစမို့ အားလုံးစိတ်ထဲမှာ မခံချင်ခြင်းကြောက်လန့်ခြင်းများရောပြွန်းနေပေမဲ့ အပြုံးမပျက်ရှေ့ဆက်လာခဲ့ကြတယ်၊ အမည်မမှတ်မိတော့ပါ၊ ရွာတရွာကိုရောက်တော့နည်းနည်းနေစောင်းလာပြီ၊ နောက်ထပ် ခရီးအဆက်ဖို့အလုပ်မှာ ထားဝယ်ဖက်မှကျောင်းသားများလိုက်လာပြီး သူတို့သားသမီးတွေ လာခေါ်ကြောင်းကြားရပါတယ်၊ အဲဒီမှာ ကျနော်တို့ရဲ့ဇတ်လိုက်ကျော်ကြီး- ဒီဗွီဘီသတင်း ထောက်ဟောင်း ကိုထက်အောင်ကျော်ရဲ့ ချစ်ဒုက္ခဦးဘညွန့်ဇတ်လမ်းတိုလေးဖြစ်ခဲ့ရတယ်၊

မိဘတွေပြန်လာခေါ်တော့ ထားဝယ်ကကျောင်းသူတော်တော်များများ မိဘတွေနဲ့ပြန်ပါသွား တယ်၊ လူငယ်ပီပီ အားလုံးဟာ ဒီလိုမဟေသီလေးတွေကို အတူပါလာစေချင်တာပေါ့လေ၊ ဒါပေမဲ့ မိဘကိုယ်တိုင်ပြန်ခေါ်တော့ အားလုံးကနားလည်ပေးကြရပေမဲ့ ရင်ထဲမှာ ဟာတာ တာဖြစ်သွားသူတွေ အချစ်အတွက်မျှော်လင့်ချက် ရောင်ချည်ညိုးမှိန်ခဲ့သူတွေ ပါခဲ့ကြမှာပါ၊ ကျနော်ချစ်ဘော်ဒါကြီး ကိုထက်အောင်ကျော်အတွက်ကိုတော့ ကျနော်အတော်မှတ်မှတ်ရရ ရှိခဲ့တယ်၊ ဆေးကျောင်းသူလေး စန်းစန်းမူဟာ တော်တော်လေးလှပမွန်ရည်သူလေးဖြစ်ပါလိမ့် မယ်၊ ကျနော်ပင်မြင်မြင်ခြင်းပင် အတော်လှတဲ့မိန်းကလေးပဲလို့ စိတ်ထဲကအသိအမှတ်ပြုခဲ့မိ တယ်၊ ထားဝယ်မှာတုန်းက လက်ဘက်ရည်ဝိုင်း အတူထိုင်ခဲ့ ခနတာရင်နှီးကြည်နူးခွင့်ရခဲ့တဲ့တဲ့ မေသူတို့ညီအမထက်ပင် လှနေပါတယ်၊ ကျနော်တို့ဇတ်လိုက်ကျော်ကြီး စွဲလည်းစွဲလောက်ပါ ပေတယ်။
မိဘများခေါ်ဆောင်ရာနောက်ကိုပါသွားတဲ့ စန်းစန်းမူကိုကြည့်ရင်း ဇတ်လိုက်ကျော်ကြီးခြေ လှမ်းတွေကလည်းနှေးခဲ့ရတယ်၊ သူလိုပဲကျနော်တို့အထဲမှာခြေလှမ်းတွေ နှေးခဲ့ရသူတွေ အများကြီးပါမှာပါ၊ အမှန်အတိုင်းပြောရရင် ကျနော်စိတ်ထဲမှာ မေသူလည်းကျနော်နဲ့အတူပါခဲ့ ပါတယ်၊ စိတ်ကူးယဉ်ခြင်း၌ကြည်နူးတတ်သူပီပီ ကျနော်လဲ ခြေလှမ်းနှေးခဲ့သူဖြစ်ခဲ့ရတယ်၊
ယုဇနပင်နဲ့ဖဲကြိုးဝါသီချင်းစာသားလေးကို ညီးတွားရင်းနဲ့ပေါ့၊
အိမ်ပြန်လတပေါင်းချစ်စရာနွေ…ခြေလှမ်းတွေနှေးခဲ့ရတယ်..တကယ်ပဲကွယ်…..
Unlike ·  · Share

  • Ko Oo အပိုင်း(၂)ကိုဆက်ရေးနေပါတယ်၊
  • Ye Myint စစ်တပ်က အာဏာသိမ်းတော့မယ် ဆိုတာကိုလည်း အားလုံးကချွင်း ချက်မရှိ သဘောပေါက်ခဲ့ကြတယ်၊မည်သည့်နည်းနဲ့မဆို ကျနော်တို့သည် လက်နက်ကိုင်တော်လှန်ရေးကို မဖြစ်မနေလုပ်ကိုလုပ် ရတော့မည်
  • Ye Myint ဘဘဦး ကျနော်တောထဲထွက်တာ စက်တင်ဘာ ၂၅ မှ။ မထွက်ခင် လှည့် ပတ် လျှောင်နေရတယ်။ မော်လမြိုင် မြို့ ကနေ ၁၀ မိုင်လောက်ကို မြင်းလှည်းနဲ့ ထွက်ခဲ့ ကြပြီး မော်လမြိုင်က အကသ ကျောင်းသားတွေ စီစဉ်သလိုဘဲ မှောင်ခိုကုန်သည်တွေလမ်းကြောင်းကနေ လုံ့ခြုံလို့ ခေါ်တဲ့  KNU ရှေ့တန်းစခန်းကို ဖြတ် ၊ သခွါးသီးတောင်ကြီး (ဒေါနတောင်တန်းမှာ အမြင့် ဆုံးနေရာတွေထဲမှာပါတယ်) ကို ဖြတ်ပြီး နောက်ဆုံး သေဘော့ဘိုးကို ရောက်တာဘဲ။ လမ်းမှာ ဗိုလ်မှူးသုမူဟဲ (KNU တပ်မဟာ ၆) ရဲ့ တပ်တွေနဲ့ တွေ့ တော့ ကျနော့ကို သူကမေးတယ်။ "မင်း ကျောင်းသားခေါင်းဆောင် ကိုကိုဦးကို သိသလားတဲ့ "။ ကျနော် က ဘယ် ကိုကိုဦးလဲ ကျောင်းသားတွေ ကျောင်းသားခေါင်းဆောင်တွေမှာ ကိုကိုဦး တွေ မောင်မောင်ဦးတွေ မောင်မောင်ကျော်တွေ မောင်မောင်သန်းတွေ စသည်ဖြင့်  ကိုကို မောင်မောင် တွေဖြစ်နေတာအများကြီးလို့  ပြန်ပြောလိုက်တယ်။ ဒီတော့ သူလည်းသဘော ပေါက်သွားပြီး ကျနော်တို့ အဖွဲ့ ကို ကြက်သားဟင်း နဲနဲ ပေးစားတယ်။ ခုတော့ ဗိုလ်မှူးသုမူဟဲ လည်း KNU ကခွဲထွက်ပြီး ဟောင်သရောငြိမ်းချမ်းရေး အဖွဲ့ ဆိုလား ဖွဲ့ ပြီး ငွေနောက်ပါသွားပြီလို့ ကြားတယ်။
  • Ko Oo ရဲမြင့်ရေ ကိုနိုင်အောင် အဲဒီတုန်းက သူရင်ဘတ်မှာ ထိုးထားတဲ့ မုဒုံသပိတ်ကထုတ်တဲ့ အသေခံတံဆိပ် ရှိသေးလားမသိဘူး၊ မင်းစပ်စုကြည့်ပါလားကွ၊
    23 hours ago · Like · 1
  • Min Zaw I eagerly await your episodes of rebel life. Carry on....
  • Min Thitsar ကိုဦးရေ ဆက်ရေးပါ သိပ်ကောင်းတယ်။ သမိုင်းတွေကို ဒို့ တွေ အခုလို မရေးခဲ့ရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။ နောက်ဆုံးတော့ အစိုးရ ရဲ့ ၀ါဒဖြန့် တိုက်ခိုက်မှုအောက်မှာ ဘ၀တွေ ပေးဆပ်ခဲ့ကြရတာ တန်ဖိုးမဲ့ရတယ်။ ပြည်ပရောက်နေတဲ့သူတွေက စပြီး ကိုယ်ပါဝင်ခဲ့တဲ့ ဖြတ်သန်းခဲ့တာတွေကို မှတ်မိသလောက်စရေးခဲ့မယ်ဆိုရင် သမိုင်းအမှန်တွေ ကျန်ခဲ့ပါမှာ။ ပြည်သူတွေကလဲ အမှန်တရားကို သိမယ်။ အနည်းဆုံးတော့ မျှော်နေတဲ့အမေများ သူတို့ သား ဘယ်ရောက်ခဲ့ပြီ။ ဘယ်နေရာမှာ ပါခဲ့တယ်။ အသက်ရှင်ရက် ရှိနေတယ် ဂုဏ်သိကာနဲ့  တိုင်းပြည်ဒီမိုကရေစီအတွက် တိုက်ပွဲမှာ ကျဆုံးခဲပြီ စသည်ဖြင်ပေါ့လေ. ပြည်သူတွေအများစုကလဲ ပြန်လာကြမဲ့ ၈၈၈၈ ပြည်ပရောက်များ။ တော်လှန်ရေးနယ်မြေက ဆက်လက်ရှိနေသူများ ပြည်တွင်းက ခေါ်င်းဆောင်များ အတွင်းကနေ သူတို့ ရဲ့  နိုင်ငံရေးအာဏာတွေအပ်နှင်းဖို့  ရွေးချယ်နိုင်တာပေါ့။
    22 hours ago · Like · 1
  • Nyunt Nyunt Wai Thank you for writing this ko Oo. I am waiting for part 2.
  • Ye Myint အံ့သြဘွယ် ကောင်းပေစွတကား။ နိုင်အောင်က ရင်ဘတ်မှာ အသေခံရင်ထိုး တံဆိပ်တောင် တတ်ခဲ့ တယ် ?????? ဒါဆို G-3 ကျည်ဆံတွေကို အာခံ ၊ သမဂ္ဂအလံ ကို ဝှေ့ ရမ်း၊ သမဂ္ဂကြွေးကျော်သံတွေအော် ပြီး ၈.၈.၈၈ အရေးတော်ပုံကြီးမှာ ဘယ်နှစ်ပွဲတိုးဘူးလဲ လို့  မေးရမယ်။ ဒီကောင်ကို။ ခုမှ ဒီကောင် စမ်းချောင်းဘက်က ဆိုတာ သိရတော့  ကြည့် မြင်တိုင် စမ်းချောင်းက ကျနော်တို့  လှုပ်ရှားခဲ့ တဲ့ ခွင်ဘဲ။ အတူလှုပ်ရှားခဲ့ သူတွေ ကျနော်တို့ တအုပ်စု လုံးကြီးထဲ မှာ ကျနော်ရယ်၊ စိုးနိုင်ရဲ့ (ဗကသမှာ CEC ကျော်သိုက်) ညီ ၀င်းနိုင်ရယ် ၊ နောက် တယောက်ရယ် ဘဲ အသက်ရှင်ကျန်ခဲ့ တာ။ ကျန်တဲ့ သူငယ် ချင်းတွေ "အားလုံး" အသက်ပေးခဲ့ ရပြီ။ ဒီကောင်ကို မေးကို မေးရမယ်။
    21 hours ago · Like · 1
  • San Dar Wah yae let me share naw. I am waiting for part 2 and on..
    20 hours ago · Like · 1
  • Tawwat Wat ဒါမျိုးဖြစ်ရမှာ...ကိုဦး။ အပိုင်းနှစ်ကို မျှော်နေသည်။
  • Aye Min thank you ko ko oo.i am waiting for part 2.
  • မိုး စဲ ၈၈ ထွက်တွေ တော်လှန်ရေးထဲ ရောက်သူရော ထောင်ထဲ ကျန်ခဲ့သူတွေရော အတွေ့အကြုံတွေ စာပြန်ရေးကြတာ အလွန်ပဲဝမ်းမြောက်ဖွယ်ဖြစ်ရပါတယ် အပိုင်း ၂ ကို မျှော်နေပါတယ်
    13 hours ago · Like · 1
  • Johnny Lynn တော်လှန်ရေးသမားတွေမှာလည်း အလွမ်းတွေရစ်သန်းနေပါတယ်၊ လူသားတွေပဲမို့လား၊ ကျေးဖူးပဲ ဒီလိုဖြစ်ရပ်မှန်ဆောင်းပါးတွေကို ဖတ်ရလို့၊ ကျနော်တို့ ကျနော်ရွာကိုလွမ်းလာပြီ၊ (၂၄)နှစ်တိုင်ခဲ့ပြီ၊ အမေနဲ့လည်းဆုံချင်ပြီ
    4 hours ago · Like · 1
  • Ye Myint ကျနော်ရွာကိုလွမ်းလာပြီ၊ အမေနဲ့လည်းဆုံချင်ပြီ

No comments:

Post a Comment