Tuesday, September 25, 2012

သူငယ်ချင်း နေ၀င်းအောင်၊ မင်း ဘယ်တုန်းက ထောက်လှမ်းရေး ဖြစ်သွားခဲ့တာလဲ

PDFPrintE-mail
User Rating: / 1 
PoorBest 
မဂ္ဂဇင်း - ဆောင်းပါး
Written by ဌေးသိန်း(နောင်ကျော်)   
Tuesday, 25 September 2012 17:38


picture

(ဒီစာဟာ ကိုနေ၀င်းအောင် (မြန်မာစာနည်းပြဟောင်း)နဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ကြ၊ နိုင်ငံရေးကိစ္စတွေ တွဲလုပ်ခဲ့ကြတဲ့အကြောင်းကို ရေးပြမယ့်စာပါ။ ကျွန်တော့်မိတ်ဆွေ (သူငယ်ချင်းလို့ ပြောလည်း ရတယ်)ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာအတွက် ကျွန်တော် ရေးဖို့လိုအပ်မယ်ထင်လို့ ရှေးဟောင်းနှောင်းဖြစ် ပြန်ပြောလိုက်တာပါပဲ။)
၁၉၈၈ အရေးတော်ပုံကြီး ဖြစ်လာတော့ ကျွန်တော်က ရန်ကုန်တကသိုလ် မြန်မာစာဌာနမှာ နည်းပြ၊ ကိုနေ၀င်းအောင်က လုပ်သားများကောလိပ်၊ မြန်မာစာဌာနမှာ နည်းပြ လုပ်နေကြတယ်။ စက်တင်ဘာ (၁၈)မှာ စစ်တပ်က အာဏာသိမ်းတယ်။ မဆလ ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေကို မဆလ ကိုယ်စား လက်စားချေတဲ့အနေနဲ့ အကြမ်းတမ်းဆုံး ပစ်ခတ်သတ်ဖြတ်ပြီး နှိပ်ကွပ်ခဲ့တယ်။
 စစ်တပ်အာဏာသိမ်းပြီး ရက်ပိုင်းတွေမှာပဲ သပိတ်ကော်မတီတွေ အပါအ၀င်ခေါင်းဆောင်အတော် များများလည်း ရှောင်ကြ၊ ပြေးကြ၊ ပုန်းကြရတယ်။ ဖမ်းဆီးတာတွေ စဖြစ်နေတာကိုး။
အဲဒီကာလမှာ ကိုနေ၀င်းအောင်နဲ့ သူ့အစ်မကြီး (ယခုအမေရိကန်နိုင်ငံ) အကူအညီနဲ့ ကိုမြင့်လှိုင် (သတ္တဗေဒသရုပ်ပြ၊ တက္ကသိုလ်ဆရာအသင်း အတွင်းရေးမှူး၊ အထွေထွေသပိတ်ကော်မတီ(ရန်ကုန်) တွဲဖက်အတွင်းရေးမှူး၊ ယခုအမေရိက)၊ ကိုစိုးသိန်း (RIT-ဗကသ) နဲ့ ကျွန်တော်တို့ဟာ ခရမ်းဘက်က ရွာကလေးတစ်ရွာကို ရှောင်သွားကြတယ်။ ကိုနေ၀င်းအောင် အစီအစဉ်နဲ့။ (အသေးစိတ် မပြော တော့ပါ။) အဲဒီရွာအထိ လိုက်ပို့ပြီး သူ ပြန်သွားတယ်။

အဲဒီတုန်းက လုပ်သားများ ကောလိပ်ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနဲ့ လုပ်ငန်းကိစ္စတွေကို ကူညီပေးနေတဲ့ ဆရာတွေထဲမှာ ကိုအောင်မြင့်စိုး (ဒသနိကဗေဒနည်းပြ၊ ကဗျာဆရာမောင်စိုးချိန်)၊ ဦးမောင်မောင် (ဒသနိကဗေဒနည်းပြ၊ စာရေးဆရာမောင်မောင်ဇေယျ)နဲ့ ကိုနေ၀င်းအောင်တို့ သုံးယောက်ဟာ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်ခဲ့ကြတယ်။
အဲဒီ ၁၉၈၈ စက်တင်ဘာလကုန်လောက်မှာပဲ ကိုနေ၀င်းအောင်နေတဲ့ ပုဇွန်တောင် ညောင်တန်းက သူ့သူငယ်ချင်းအိမ်မှာ ကျွန်တော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီ (ယူဂျီ) ရဲဘော်တစ်ယောက်ရဲ့ နှုတ် မစောင့်စည်းမှုကြောင့် ကိုနေ၀င်းအောင်နဲ့ သူ့သူငယ်ချင်း(နာမည်မပြောတော့ပါ)လည်း ကျွန်တော်တို့ ယူဂျီတွေမှန်း သိသွားခဲ့တယ်။ အဲဒီကိစ္စဖြစ်ပြီးတော့ ကိုနေ၀င်းအောင်က မှတ်ချက်တစ်ခုပေးတယ်။ အဲဒီရဲဘော်နဲ့လည်း သူက ရင်းနှီးတယ်။
အဲဒီလူက အတော်ရမ်းတာပဲဗျ၊ ဒီလိုစကားတွေကို ကျွန်တော်တို့ရှေ့မှာ မပြောသင့်ဘူး …တဲ့။
ကျွန်တော် အဖမ်းခံရတဲ့ ၁၉၈၉၊ ဇူလိုင် (၁၂) ရက်အထိ သူနဲ့ သူ့သူငယ်ချင်းဟာ ကျွန်တော့်ယူဂျီ ကိစ္စကို ရေငုံနှုတ်ပိတ်ပြီး မသိချင်ယောင်ဆောင်ပေးခဲ့ကြတယ်။ ဒါဟာ အရေးကြီးတဲ့ကိစ္စပါ။ ထောက်လှမ်းရေးက ဗကပ ယူဂျီတွေကို အသည်းအသန် ရှာနေတဲ့ အချိန်လေ။

(၂)

အဲဒီကာလနောက်ပိုင်းမှာ ကျွန်တော်တို့က နိုင်ငံရေးလှုပ်ရှားမှု အဖွဲ့တစ်ခုဖွဲ့ဖို့ ညှိကြတယ်။ အပြင်က လူတွေနဲ့ ချိတ်ဆက်လှုပ်ရှားဖို့ အစီအစဉ်လည်း ပါတယ်။ အဲဒီအစီအစဉ်အတွက် ကိုနေ၀င်းအောင်နဲ့ ဦးမောင်မောင်တို့နှစ်ယောက်ဟာ ထိုင်းနိုင်ငံဘက် ထွက်သွားတယ်။ CRDB က ဦးတင်မောင်ဝင်း၊ ဦးရဲကျော်သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြည်တွင်းကို ပြန်ဝင်ခဲ့ကြတယ်။ အဲဒီကာလမှာ လမ်းကြောင်း သိနေသူတွေကတော့ ၀င်လိုက်၊ ထွက်လိုက် လုပ်နေကြတဲ့ အချိန်ပါ။ အခု USCB က ကိုအောင်ဒင် ဆိုရင် ကောင်းကောင်း သိပါတယ်။ ကိုနေ၀င်းအောင်တို့နှစ်ယောက် CRDB အဖွဲ့နဲ့ သွားတွေ့ချိန်မှာ ကိုအောင်ဒင်က ထိုင်းဘက်ကမ်းမှာ ရှိနေလို့ပါ။ ကျွန်တော့်ဌာနက ဆရာကြီးတစ်ယောက် (ယခုကွယ် လွန်) တောင် အဲဒီအချိန်တုန်းက ဆေးတက္ကသိုလ်တက်နေတဲ့ သူ့သားကို ထိုင်းဘက်မှာ သွားရှာတာ လှမ်းတွေ့လိုက်လို့ ကိုနေ၀င်းအောင်တို့ မမြင်ချင်ယောင်ဆောင်ပြီး ရှောင်ခဲ့ရပါသေးသတဲ့။
ကိုနေ၀င်းအောင်တို့ ရန်ကုန်ပြန်ရောက်ပြီး ရက်ပိုင်းမှာပဲ လူ့ဘောင်သစ်ဥက္ကဋ္ဌလုပ်နေတဲ့ ကိုမိုးသီးဇွန် နဲ့ တွေ့ချင်တယ်ဆိုလို့ လူ့ဘောင်သစ်ပါတီရုံး (၁၁ လမ်းထိပ် ထင်တယ်)ကို ခေါ်သွားပြီး ကိုနေ၀င်း အောင်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ သူတို့နှစ်ယောက် စကားပြောကြတော့ ကျွန်တော် ရှောင်ပေးခဲ့တယ်။ ကိုမိုးသီးဇွန် မှတ်မိလိမ့်မယ် ထင်တယ်။
အဲဒီတုန်းက CRDB နဲ့ ညှိပြီး လုပ်မယ့် ကျွန်တော်တို့အဖွဲ့ဝင်တွေထဲက ပြည်တွင်း CRDB တာဝန်ခံကို (ကိုနေ၀င်းအောင်နဲ့ ကျွန်တော်) တွေ့တော့ လွှဲပေးတဲ့ ငွေကြေးကိစ္စကို ဝေ့လည်ကြောင်ပတ် လုပ်နေ တာကြောင့် နှစ်ခါတွေ့ပြီးချိန်မှာ အဆက်ဖြတ်ပစ်လိုက်ဖို့ ကျွန်တော်က အကြံပေးခဲ့တယ်။ ဒါကြောင့်လည်း အဲဒီပုဂ္ဂိုလ်နဲ့ အဆက်ဖြတ်ပြီး အဖွဲ့ကိုပါ ဖျက်ပစ်လိုက်တယ်။ ညှိနှိုင်းဆဲအဆင့်ဆို တော့ အလုပ်ကိစ္စတွေ ထိခိုက်မှု မဖြစ်ခဲ့ပါဘူး။
(၃)
အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့ ကျောင်းဆရာအုပ်စုက ဆရာသမဂ္ဂတစ်ခု ဖွဲ့ဖို့ ညှိကြတယ်။ ဒါနဲ့ပဲ ဗဆသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများသမဂ္ဂများ အဖွဲ့ချုပ်)ကို ဖွဲ့ဖို့ သဘောတူခဲ့ကြတယ်။ ၁၉၈၉ နှစ်ဆန်းပိုင်း ကာလတွေထဲမှာပါ။
ရှစ်လေးလုံးအရေးတော်ပုံကာလတုန်းက ကျွန်တော်နဲ့ ကိုဌေးလွင် (ဒသနိကဗေဒနည်းပြ)တို့ နှစ်ယောက်က တက္ကသိုလ်ဆရာများအသင်း (UTA) နာမည်နဲ့ “ဒေါက်တာမောင်မောင်သို့ အိတ်ဖွင့် ပေးစာ (၁)နဲ့ (၂)” ရေးပြီး ဆော်သြခဲ့တဲ့ တက္ကသိုလ်ဆရာသမဂ္ဂဆိုတာလည်း စစ်တပ်က အာဏာ သိမ်းလိုက်တော့ မလှုပ်ရှားနိုင်တော့ဘူး။ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးစံတင်(မြန်မာစာ) အပါအ၀င် ခေါင်း ဆောင်ပိုင်းကို အလုပ်ထုတ်ပစ်ချိန်မှာ ကိုဌေးလွင် (တွဲဖက်အတွင်းရေးမှူး)လည်း အငြိမ်းစားပေး (အလုပ်ထုတ်) ခံရတဲ့အထဲ ပါသွားခဲ့တယ်။ ဒါကြောင့်လည်း ဆရာအဖွဲ့တစ်ခု ဖွဲ့ဖို့ ညှိနှိုင်းခဲ့ကြတာပါ။
ဗဆသက ကြေညာချက်(၃)စောင် ထွက်ခဲ့တယ်လို့ ကျွန်တော် မှတ်မိတယ်။ (၂)စောင်ကို ကျွန်တော် ရေးပြီး (၁)စောင်ကိုတော့ ကိုနေ၀င်းအောင် ရေးခဲ့တာပါ။ ကြေညာချက်မူကြမ်းကို ၀ိုင်းဖတ်ပြီး သဘောတူချက် ရမှ ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကြေညာချက် ထွက်လာအောင် တာဝန်ယူခဲ့သူ ကတော့ ကိုနေ၀င်းအောင်ပါပဲ။ အဲဒီတုန်းက ကြေညာချက်အစောင်ငါးရာ (၅၀၀) ရိုက်တယ်။ ဒီချုပ်၊ ဒီငြိမ်းနဲ့ လူ့ဘောင်သစ်ပါတီတွေကို ကိုနေ၀င်းအောင်ကိုယ်တိုင် သွားပို့တယ်။ ကျွန်တော့်ဆီကို အစောင် (၅၀) ပို့ပေးပြီး ကျွန်တော်က ဖြန့်ဖို့လိုတဲ့လူတွေ (ရန်ကုန်တက္ကသိုလ်ထဲမှာ) ဖြန့်တယ်။ ကျွန်တော် အဖမ်းမခံရခင် နောက်ဆုံးထုတ်ခဲ့တဲ့ ကြေညာချက်က ဇူလိုင် (၇)ရက် ၀န်းကျင်မှာပါ။ ဗဆသကို အမှုဆောင်တွေနဲ့ တိုးချဲ့ဖွဲ့ဖို့ အခြေခံပညာကျောင်းတချို့က ဆရာတွေနဲ့ တွေ့ဆုံညှိနှိုင်း တာကို ကိုနေ၀င်းအောင်က တာဝန်ခံပြီး လုပ်ခဲ့တာပါ။ အတော်များများနဲ့တွေ့ပြီး (ညှိနှိုင်းပြီး)ချိန်မှာ အမှုဆောင်အဖွဲ့ဖို့ ကိုနေ၀င်းအောင်က ကျွန်တော့်ကို တိုင်ပင်တယ်။ ကျွန်တော်က လူနာမည်တွေ ထုတ်သုံးပြီး လုပ်ရတာ အန္တရာယ် ရှိတယ်။ လတ်တလောမှာ သဘောထား ပြောနေဖို့က ပိုအရေးကြီး တာမို့ Body မဖွဲ့ဘဲနဲ့ အဖွဲ့နာမည်နဲ့ပဲ အလုပ်လုပ်နေတာ အန္တရာယ်ပိုကင်းပါတယ်ဆိုပြီး ပြောတော့ သူသဘောတူပါတယ်။ အမှုဆောင်အဖွဲ့ မဖွဲ့ဖြစ်တော့ပါဘူး။
ဗဆသအနေနဲ့ စာစောင်တစ်ခု ထုတ်ဖို့ တခြားဆရာတွေနဲ့ ညှိတယ်။ သဘောတူလို့ စာမူစုကြတယ်။ အဲဒီကာလက မန္တလေးမှာ လုပ်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကို ဗဆသနာမည်နဲ့ သ၀ဏ်လွှာပို့ခဲ့တယ်။ ၁၉၈၉ မေလနှောင်းပိုင်းမှာပါ။ အဲဒီကာလမှာပဲ ဗဆသရဲ့ ဒုတိယကြေညာချက်ကို အစိုးရသတင်းစာက ဆောင်းပါးတစ်ပုဒ်ရေးပြီး အကြီးအကျယ် တိုက်ခိုက်ပါတယ်။ ကျောင်းပြန်ဖွင့်ရေး ကိစ္စနဲ့ ပတ်သက်တဲ့ ကြေညာချက်ပါ။ ဒါကြောင့်လည်း စာစောင်ထုတ်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရတယ်။
ဇူလိုင်လလယ်လောက်မှာ မြစ်ဝကျွန်းပေါ် (ဧရာဝတီတိုင်း)က ဆရာသမဂ္ဂနဲ့ ပူးတွဲကြေညာချက်ထုတ် ပြန်ဖို့အတွက် အဲဒီက ဆရာတွေနဲ့ တွေ့ဖို့ သူ့ကို ပြောထားတယ်။ ကျွန်တော်နဲ့ သူနဲ့ သွားတွေ့မှာပါ။ အဲဒီရက်မတိုင်ခင် ကျွန်တော် အဖမ်းခံရတယ်။ ဘယ်နေရာမှာ၊ ဘယ်သူတွေ (ဘယ်လိုင်းက)လဲဆို တာ သူ မသိပါဘူး။ ဗဆသ တာဝန်ခံအနေနဲ့ သူက တွေ့ဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗကပယူဂျီပေါက် သွားခဲ့ပြီး ကျွန်တော်ပါ အဖမ်းခံလိုက်ရတယ်။
(၄)
ABSDF မှာ ကိုမိုးသီးဇွန် ဥက္ကဋ္ဌဖြစ်နေတဲ့ ၁၉၈၉၊ ဇူလိုင်လ (၁၀) ရက်ဝန်းကျင်တုန်းက ကိုနေ၀င်း အောင်အိမ် (ညောင်တန်း) အပေါ်ထပ်မှာ ကျွန်တော်တို့ တွေ့ကြတယ်။ ကျွန်တော် မှတ်မိသလောက် ပြောရရင် ကိုမိုးသီးဇွန် လွှတ်လိုက်တဲ့ ဆက်သားရယ်၊ ကိုအောင်မြင့်စိုး (မောင်စိုးချိန်)၊ ကိုဌေးအောင် (ရှဥ့်)၊ ကိုတင်သန်းဦး၊ ကိုနေ၀င်းအောင်နဲ့ ကျွန်တော်တို့ တွေ့ကြတယ်။ (ကိုငွေလင်း ပါမပါကိုတော့ မမှတ်မိတော့ပါ။) ကျွန်တော်နဲ့ ကိုနေ၀င်းအောင်တို့ တွေ့ကြတဲ့သူတွေက လူ့ဘောင်သစ်ပါတီက ပုဂ္ဂိုလ်တွေပါ။ ဆက်သားက သူနဲ့အတူပါလာတဲ့စာ (ကိုမြင့်လှိုင် ရေးလိုက်တဲ့စာနဲ့ ဓာတ်ပုံ)ကို ကိုနေ ၀င်းအောင်ဆီ ပေးတယ်။ အဲဒီအချိန်တုန်းက ကိုမြင့်လှိုင်ဟာ ကိုဇော်ထွန်း (ဆေး-၂ ကျောင်းသား၊ ရှစ်လေးလုံးကာလ ရန်ကုန်ဂျီအက်စီရဲ့ အထွေထွေ အတွင်းရေးမှူး)နဲ့အတူ ABSDF ကို ရောက်နေ ချိန်ပါ။
ပြီးတော့ ကိုမိုးသီးဇွန်က ကျွန်တော်နဲ့ နောက်တစ်ယောက်ဆီ မှာလိုက်တဲ့ကိစ္စကို ဆက်သားက ပါးစပ် နဲ့ ပြောပါတယ်။ (တွေ့ဖို့ကိစ္စလို့ပဲ ထားလိုက်ပါတော့)။ အဲဒီကိစ္စကို လူ့ဘောင်သစ်က လူတွေနဲ့ ကျွန်တော်၊ ကိုနေ၀င်းအောင်တို့ ဆွေးနွေးပြီး သဘောတူညီချက်တစ်ခု ချကြတယ်။ တစ်နေရာရာမှာ စီစဉ်ပြီး တွေ့မယ်ပေါ့။ အဲဒီတုန်းက ပါဝင်ခဲ့သူတွေက ဘာမှာလို့ ဘာဆွေးနွေးပြီး ဘယ်လိုဆုံးဖြတ်ခဲ့ တယ်ဆိုတာ မှတ်မိလိမ့်ဦးမယ် ထင်ပါတယ်။ ကျွန်တော့်တစ်ဦးချင်းနဲ့ တိုက်ရိုက်ပတ်သက်နေလို့ အတိ အကျ မပြောတော့ပါ။
နောက်(၂)ရက်နေတော့ CP (ယူဂျီ)ပေါက်ပြီး ကျွန်တော် အဖမ်းခံရတယ်။ စပြီး အဖမ်းခံရတာ ကျွန် တော် မဟုတ်ဘူး။ ဇူလိုင် (၁၂) ရက်မှာ ကျွန်တော့်ကို လာဖမ်းတော့ CP ယူဂျီတချို့ကို ဖမ်းပြီးနေပါပြီ။
အဲဒီနောက်ပိုင်းမှာ ကိုနေ၀င်းအောင်က ရန်ကုန်မှာပဲ ရှိတယ်။ ကျွန်တော် အင်းစိန်ထောင်မှာ ထောင် ကျပြီး ထောင်ဝင်စာတွေ့တော့ သူ့သတင်းတချို့ ကြားတယ်။ ကျွန်တော် နိုင်ငံရေးလုပ်တာ လူမသိ ပေမယ့် သူ လုပ်တာကို လူတချို့ သိတယ်။ အဲဒီလူတွေက သူ့ကို သံသယ ဖြစ်နေကြတယ်ဆိုတာကို ကြားရတယ်။ ကျွန်တော့်အိမ်က ထောင်ဝင်စာလာတွေ့တော့ စားစရာပို့ပေးတာနဲ့ အတူ သူ မှာတာ တချို့ ရှိတယ်။ ထောင်ဝင်စာကနေ အပြင်ကလူတွေကို ဘာမှပြန်ပြီး မမှာနိုင်ခဲ့ဘူး။ ပြသနာကလည်း ကြီး လိမ့်မယ် မထင်ခဲ့ဘူး။ ကျွန်တော်နဲ့ ဆက်စပ်ခဲ့သူ အများစုဟာ ကျွန်တော်သာ “ဖော်ခဲ့ရင် ထောင် (၁၀)နှစ်လောက် ကျမယ့်သူတွေချည်းပဲ။ အဲဒီထဲမှာ ကိုနေ၀င်းအောင်လည်း ပါတယ်။
(၅)
၁၉၉၀ မှာ မန္တလေးထောင် ပြောင်းခံရပြီး အဲဒီနှစ်ကုန် ၀န်းကျင်ပိုင်းမှာ ထောက်လှမ်းရေးက (၂)ခေါက် လာမေးတယ်။ ပထမတစ်ခေါက်က “ဗဆသကိစ။ အဲဒီကိစမပေါ်ခဲ့တော့ အဲဒီငြင်းခဲ့တဲ့ အရှိန်နဲ့ ဆက် ငြင်းခဲ့တယ်။ (၄)ခါလောက် လာမေးတာ။ ညဘက် (၉)နာရီလောက်အထိ ထောင်ထဲက ရုံးခန်းမှာ အမေးခံရတယ်။
ဒုတိယအကြိမ်ကတော့ ဗိုလ်ကြီးတစ်ယောက် လာမေးတယ်။ ကိုနေ၀င်းအောင်ကိစ္စက အဓိက။ ဘယ်သူတွေနဲ့ တွဲသလဲ အပါအ၀င် ကျွန်တော်နဲ့ ရင်းနှီးတဲ့ တပ်ထဲက မိတ်ဆွေ(ကျောင်းသားဘ၀က လက်ဖက်ရည်ဆိုင် အတူထိုင်ဖူးသူ)ကိစ္စလည်း ပါတယ်။ ၁၉၈၈ မှာ ဗိုလ်ကြီးဖြစ်နေတဲ့ အဲဒီလူနဲ့ ကိုနေ၀င်းအောင်ဟာ ကျောင်းသားဘ၀တည်းက ဆက်ဆံရေး အဆင်မပြေကြဘူး။ (ဒါတွေကို ထားတော့။) ကျွန်တော် နောက်မှ သိရတာက ကိုနေ၀င်းအောင်ရဲ့ သူငယ်ချင်း ကိုမြင့်အောင်နဲ့ ကိုခိုင်ဆန်းတို့်ကို ဖမ်းပြီး ထောင်ချလိုက်တယ်ဆိုတာပါ။ ထောင်ထဲမှာ ဆုံရတဲ့ မန္တလေး ဗကသ ကျောင်းသားတစ်ယောက်ကလည်း ကိုနေ၀င်းအောင် ထွက်ပြေးသွားတယ်ဆိုတာ ပြောပြတယ်။ (အဲဒီကျောင်းသားနဲ့ သူနဲ့ သိကြပုံရတယ်။) ကျွန်တော် ထောင်က လွတ်တဲ့ ၂၀၀၃ နောက်ပိုင်း ၂၀၀၄ မှာ သူ့ညီမနဲ့ ပြန်တွေ့တော့မှ ကိုနေ၀င်းအောင်ကို ဖမ်းမမိလို့ သူ့ကို ဖမ်းပြီး စစ်ဆေးတာ အပါအ၀င် လူတချို့ ခေါ်စစ်မေးခံရတာ၊ သူ ရှောင်ခဲ့တုန်းက ပတ်သက်ခဲ့တဲ့ အိမ်ရှင်တချို့ (သူ့မိတ်ဆွေတွေ) စစ်မေးခံရတာ၊ သူနဲ့ တွဲလုပ်ခဲ့တဲ့သူတွေ (သူငယ်ချင်းမိတ်ဆွေတွေ) ထောင်ကျခဲ့တာ သိရတယ်။ အဲဒီတုန်းက ပြည်တွင်းမှာ ရှိနေတဲ့ ကိုမြင့်အောင် (မြန်မာစာနည်းပြ၊ ထောင်ကျ၊ ယခု အမေရိကမှာ ကိုနေ၀င်းအောင်နဲ့ အတူရှိသူ)နဲ့ တွေ့တော့လည်း ကိုနေ၀င်းအောင်ကို အပြစ်ပြောသံ မကြားခဲ့ပါဘူး။ ဗဆသ (ဆရာသမဂ္ဂ)ကိစ္စမှာ ကိုမြင့်အောင်က ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တာ ကျွန်တော် အသိဆုံး။
ကိုနေ၀င်းအောင် ညီမ(နာမည်မပြောတော့ပါ)နဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ကြတော့ သူက သူ့အစ်ကိုနေ၀င်းအောင် (ညီမတွေက ကိုကိုလို့ ခေါ်ကြတယ်) အကြောင်း စကားတစ်ခွန်းမေးတယ်။ အဲဒီမေးခွန်းက အရေးကြီးတယ်။
အစ်ကို ၊ ကိုကိုက သူတို့စွပ်စွဲသလို ထောက်လှမ်းရေး လုပ်ခဲ့တာလား …တဲ့။
သူ့မေးခွန်းကြောင့် ကျွန်တော် လန့်သွားတယ်။ စစ်ထောက်လှမ်းရေး၊ ရဲထောက်လှမ်းရေးတိုင်းရဲ့ မိသားစုဝင်တွေက သိနေတတ်ကြတဲ့ အဲဒီလို ကိစ္စမျိုးကို သူ့မိသားစုတွေ မသိခဲ့ကြတာဟာ ထောက်လှမ်းရေးမဟုတ်လို့ ဆိုတာ ရှင်းမနေဘူးလား။ ကိုနေ၀င်းအောင်ရဲ့ ယောက်ဖ (အစ်မ တစ်ယောက်ရဲ့ ယောက်ျား)က ရဲထောက်လှမ်းရေး လုပ်နေတာ ရှိတယ်။ သူတို့အိမ် အ၀င်အထွက် ပုံမှန်ရှိတယ်။ အဲဒီလူ ရဲထောက်လှမ်းဆိုတာ သူတို့မိသားစုတင်မကဘူး။ ပတ်ဝန်းကျင်ကလည်း သိတယ်။ ကိုနေ၀င်းအောင်ကိုတော့ သူထောက်လှမ်းရေးဆိုတာ အမေကလည်း မသိ၊ အစ်မကလည်း မသိ၊ ညီမတွေလည်း မသိ၊ သူငယ်ချင်းတွေလည်း မသိ၊ သူ့ရဲ့နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေလည်း မသိ၊ စစ်ထောက်လှမ်းရေးတွေလည်း မသိ(မသိလို့ လိုက်ဖမ်းကြတာ)၊ သူ့ယောက်ဖ ရဲထောက်လှမ်းရေး လည်း မသိ၊ သူနဲ့ ABSDF မှာ အတူ နှိပ်စက်ခံရပြီး ဒုက္ခရောက်ခဲ့တဲ့ ကိုစိုးလင်း (မန္တလေး၊ မြောက်ပိုင်း AB ဥကဋ္ဌ ကိုထွန်းအောင်ကျော်ရဲ့ သူငယ်ချင်း)လည်း မသိ။ ကိုနေ၀င်းအောင် ထောက်လှမ်းရေးလို့ သိတဲ့လူတွေဆိုလို့ အဲဒီကာလက သူ့ကို ထောက်လှမ်းရေးစွပ်စွဲပြီး နှိပ်စက်ဝန်ခံခိုင်းတဲ့ “လူတော်ကြီး တချို့ပဲ သိတာ ထင်တယ်။ ကိုနေ၀င်းအောင် ဘာကြောင့် ထောက်လှမ်းရေးဖြစ်သွားခဲ့ရသလဲဆိုတာ အဲဒီအချိန်တုန်းက AB ရဲ့ တာဝန်ရှိသူတချို့ပဲ ကောင်းကောင်းကြီး သိမယ် ထင်ပါရဲ့။ ဟုတ်တယ် ဟုတ်။
(၆)
၁၉၉၄-၉၅ ကာလ မန္တလေးထောင်သစ်မှာ ရှိနေတုန်း အိမ်က ကျွန်တော့်ညီမ ထောင်ဝင်စာလာတော့ “ကိုနေ၀င်းအောင်ကို ထောက်လှမ်းရေးဆိုပြီး တောထဲမှာ သတ်ပစ်လိုက်ကြတယ်ဆိုတဲ့ သတင်းကို ပြောတယ်။ ကိုနေ၀င်းအောင်က ကျွန်တော့်အိမ်ကို လာလည်ဖူးတော့ ညီမက သိတယ်။ ကျွန်တော် ထောင်ကျပြီးခါစမှာလည်း သူနဲ့အဆက်အစပ် ရှိပုံရတယ်။ ကိုနေ၀င်းအောင် ညီမတွေနဲ့ ကျွန်တော့် ညီမက ရင်းနှီးနေကြပုံရတယ်။ ဒီသတင်းကို သူ ဘယ်က ကြားသလဲဆိုတာ ကျွန်တော် မမေးခဲ့ဘူး။ ဒီသတင်းကြောင့် ဒေါသဖြစ်ခဲ့ရတယ်။ အဲဒီကာလမှာ အပြင်လောကအကြောင်း ကျွန်တော် ဘာမှမသိ တော့ဘူး။ စာမဖတ်ရ၊ ရေဒီယိုနားမထောင်ရလို့ ဘာသတင်းမှ မသိရဘူး။ ABSDF ရဲ့ ဥက္ကဋ္ဌက ကိုမိုးသီးဇွန်လို့ပဲ ထင်နေတုန်း။ ကိုမိုးသီးဇွန်နဲ့ ကိုနေ၀င်းအောင်ကို ကျွန်တော် မိတ်ဆက်ပေးခဲ့တာ။ ပြီးတော့ သူနဲ့ ရင်းနှီးတဲ့၊ သိတဲ့ ကိုအောင်မြင့်စိုး (မောင်စိုးချိန်)၊ ကိုဌေးအောင်၊ ကိုမြင့်လှိုင် (သတ္တဗေဒ သရုပ်ပြဆရာ)၊ ကိုဇော်ထွန်း (ဆေး-၂)တို့လို လူတွေ ABSDF ရှိနေပါလျက်နဲ့ နေ၀င်းအောင်ကို ထောက်လှမ်းရေးဆို ပြီး သတ်ပစ်တယ်ဆိုတော့။ ကျွန်တော် အတော်ဒေါသဖြစ်ခဲ့၊ စိတ်မကောင်း ဖြစ်ခဲ့တယ်။ ဒီကိစ္စကို နောင်တစ်ချိန်မှာ ရှင်းရမယ်လို့တောင် အတူနေတဲ့ ကိုတင်အေး(ယခု-ထိုင်း)နဲ့ တခြားလူတွေကို ပြော ခဲ့သေးတယ်။ အပြင်လောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိသေးဘူး။ မြောက်ပိုင်း AB မှာ ဖြစ် တဲ့ကိစ္စတချို့ပဲ ကြားဖူးတယ်။ ရေရေရာရာ မဟုတ်သေးဘူး။ အဲဒီတုန်းက ကိုထိန်လင်းတို့၊ ကိုရာပြည့် တို့၊ ကိုရဲလင်းတို့၊ ကိုဘိုဘိုတို့နဲ့လည်း မန္တလေးထောင်မှာ မဆုံမိသေးဘူး။
ကျွန်တော်တောင် ဒီလောက် စိတ်မကောင်းဖြစ်၊ ဒေါသဖြစ်ရရင် ကာယကံရှင်ကိုနေ၀င်းအောင် ဘယ်လိုခံစားသွားရမလဲ။ သူ့မိသားစု (အမေ၊ အမ၊ ညီမတွေ) ဘယ်လို ခံစားရမလဲ။ သူ့လုပ်ဖော် ကိုင်ဖက်တွေ ဘယ်လိုခံစားကြရမလဲ။ (စစ်ထောက်လှမ်းရေးတွေလည်း ဘယ်လောက်ပျော်လိုက်ကြ မလဲ။)
နောက်ခြောက်လလောက် ကြာတဲ့အခါ အိမ်က ထောင်ဝင်စာလာတော့ ညီမက “ကိုနေ၀င်းအောင် ဘန်ကောက် ရောက်သွားပြီလို့ ကြားတယ်ဆိုပြီး ပြောတယ်။ ညီမက အဲဒီအခြေအနေတွေကို ဘာမှ သိတာမဟုတ်ဘူး။ သူနဲ့ခင်တဲ့ ကိုနေ၀င်းအောင်ဟာ ကျွန်တော့်သူငယ်ချင်းဆိုတဲ့အသိနဲ့ပဲ အဲဒီသတင်း ကို သယ်လာခဲ့တာပါ။
ကျွန်တော် ထောင်က လွတ်ပြီး နောက်ပိုင်း ကိုနေ၀င်းအောင် ညီမတွေနဲ့တွေ့၊ လူတချို့နဲ့ တွေ့ပြီး တော့မှ ကိုမိုးသီးဇွန် ဥက္ကဋ္ဌ မဟုတ်တဲ့ ဘက်ခြမ်းမှာ ဖြစ်ခဲ့တယ်ဆိုတာနဲ့ တချို့ကိစ္စတွေကို ထပ်ပြီး သိခဲ့ရတာပါ။
ဘယ်လိုသဘောထားတွေနဲ့ ဘာတွေဖြစ်ခဲ့ကြတာလဲဗျာ။
(၇)
ကျွန်တော်နဲ့ မဟာဝိဇ္ဇာတန်း အတူတက်ပြီး တရင်းတနှီးပေါင်းခဲ့တဲ့၊ နိုင်ငံရေးစကားတွေ ပြောဖြစ်ခဲ့တဲ့၊ ၈၈ နဲ့နောက်ပိုင်း (ကျွန်တော် အဖမ်းမခံရင်အထိ) နိုင်ငံရေးကိစ္စတွေ အတူပြော၊ အတူလုပ်ခဲ့တဲ့ သူ့မိသားတစ်စုလုံး ကျွန်တော်နဲ့ ရင်းနှီးဖူးတဲ့ ကိုနေ၀င်းအောင်ကို အဲဒီ ABSDF မှာ ထောက်လှမ်းရေး ဆိုပြီး စွပ်စွဲနှိပ်ကွပ်မယ်ဆိုတာမှန်း သိခဲ့ရင် ကျွန်တော် အဖမ်းခံရတုန်းက ဖော်ခဲ့ပါတယ်။ ရေကြည်အိုင် (ဗထလ)မှာ ကျွန်တော်နဲ့ ရင်းနှီးသူတွေတစ်ယောက်ချင်း အကြောင်းကို စစ်ထောက်လှမ်းရေးက မေး တော့ သူတို့ နာမည်တွေ ပြောပြီး မေးခံရတဲ့လူတွေထဲမှာ ကိုနေ၀င်းအောင် နာမည်လည်း ပါခဲ့တယ်။ ကျွန်တော်နဲ့ နိုင်ငံရေးအရ ပတ်သက်နေခဲ့သူ (စီပီယူဂျီမဟုတ်သူ)တွေ ဆိုတာကို သူတို့ မသိဘူး။ အဲဒီ တုန်းက ကိုနေ၀င်းအောင်အကြောင်းကို ဗဆသ (ဆရာသမဂ္ဂ)တစ်ခုတည်းလောက်ပဲ ထုတ်ပြောလိုက် ရင် အဖမ်းခံရဖို့ လုံးဝသေချာတယ်။ ကျွန်တော် ထောင်ကျပြီး မန္တလေးထောင်ရောက်တဲ့အထိ အဲဒီ အကြောင်းကို ထောက်လှမ်းရေးက စစ်ကြောရေးလုပ်ခဲ့တာ ရှေ့ပိုင်းမှာ ရေးခဲ့ပြီးပါပြီ။ အဲဒီ “ဗဆသ တစ်ခုတည်းနဲ့တင် ကျွန်တော်နဲ့ အမှုတွဲလို့ ရပြီး အနည်းဆုံး ထောင်(၁၀)နှစ်ကျမှာ သေချာတယ်။ (အခု ဒီအကြောင်းကို ဗိုလ်ခင်ညွန့်ရဲ့ ထောက်လှမ်းရေးတွေ အခု ဖတ်ရရင် ကျွန်တော့်ကို ဆဲနေကြမှာ သေချာတယ်။ သူတို့ခံရတာတောင် နောင်တမရကြသေးရင်ပေါ့။)
ကျွန်တော်သာ သူ့အကြောင်း အမေးခံရချိန်က ဖော်ပြောခဲ့ရင် ကျွန်တော့်သူငယ်ချင်း နေ၀င်းအောင် ဟာ တောထဲအထိတောင် ရောက်မှာ မဟုတ်ဘူး။ တောထဲမှာ ထောက်လှမ်းရေးဆိုပြီး နှိပ်စက်ခံရ၊ ထောင်ချခံရမှာ မဟုတ်ဘူး။ အခုလို အနှစ်(၂၀)ကျော် နိုင်ငံရေးဂုဏ်သိက္ခာ အသတ်ခံရမှာ မဟုတ် ဘူး။ စစ်အစိုးရရဲ့ ထောင်ကလွတ်လာပြီး နိုင်ငံရေးလောကထဲ ဆက်ရှိနေရင် လူရိုသေရှင်ရိုသေ၊ စစ် အစိုးရမုန်းတဲ့ နိုင်ငံရေးသမားတစ်ယောက်ဘ၀မှာ ရှိနေမှာပါ။ အခုတော့ နိုင်ငံရေးအသတ်ခံလိုက်ရပြီး နိုင်ငံရေးဘ၀၊ လူမှုရေးဘ၀ ဖျက်ဆီးခံလိုက်ရတဲ့ သားကောင်တစ်ကောင် ဖြစ်နေတုန်း။ နှိပ်စက်ခံရတဲ့ ဒဏ်တွေနဲ့ ကျန်းမာရေးထိခိုက်နေတုန်း။ တော်လှန်ရေးလုပ်ခဲ့သူ အချင်းချင်းကြားမှာ ခေါင်းမမော့ ရင်မကော့နိုင်ဘဲ နိုင်ငံရေးသိမ်ငယ်စိတ်ရဲ့ အနှိပ်စက်ခံဘ၀မှာ ရှိနေတုန်း။ နိုင်ငံရေးကို ရိုးသားစွာ ယုံကြည်ပြီး တော်လှန်ရေးကို ပြတ်သားစွာ လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိုနေ၀င်းအောင်ဟာ မြောက်ပိုင်း AB က ကိုထိန်လင်းတို့နဲ့ ရဲဘော်တချို့တွေလိုပဲ တောင်ပိုင်း AB ဗဟိုမှာ ခံခဲ့ရတာပါ။ ကိုထွန်းအောင်ကျော် (မြောက်ပိုင်းဥက္ကဋ္ဌ၊ အသတ်ခံရသူ)ရဲ့ သူငယ်ချင်းကိုစိုးလင်း (မြောက်ပိုင်း AB ကိုယ်စားလှယ်)ကပဲ ကိုနေ၀င်းအောင်ကို ဘယ်လိုကြောင့် ထောက်လှမ်းရေးစွပ်စွဲခံရတယ်ဆိုတာ အပြည့်စုံဆုံး ပြောပြနိုင်ပါ လိမ့်မယ်။
ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင် ထောက်လှမ်းရေး မဟုတ်တာ သေချာနေပြီဆိုရင် ဒေါက်တာနိုင်အောင် ဘယ်လိုတာဝန်ယူပြီး ဖြေရှင်းပေးမလဲ။ ခင်ဗျား ဥက္ကဋ္ဌဘ၀မှာ တောင်ပိုင်းဗဟိုမှာ ဖြစ်ခဲ့တာအတွက် နိုင်ငံရေးအရ ဘယ်လိုတာဝန်ခံပြီး ရှင်းလင်းပေးမှာလဲ။  အတိတ်က အမှားကို ဘယ်လိုသင်ခန်းစာ ယူပြီး ခင်ဗျားရဲ့ ခေတ်ပြိုင်တော်လှန်ရေးရဲဘော်တွေနဲ့ နောင်လာမယ့် မျိုးဆက်တွေကို အကောင်းဆုံး နိုင်ငံရေးဝန်ခံချက်ပေးဖို့ ဘယ်လိုစဉ်းစားထားပါသလဲ။
ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူဝန်ခံပြီး နောက်မမှားအောင် ဆင်ခြင်နိုင်တာဟာ သတ္တိရှိသူတွေရဲ့ အလုပ်လို့ ဆိုကြပါတယ်။ လူတိုင်းကတော့ မှားတတ်တာပါပဲ။ ဟုတ်တယ်ဟုတ်။
ကုန်ထမ်းသမားတစ်ယောက်ရဲ့ အမှားနဲ့ သမ္မတတစ်ယောက်ရဲ့အမှားမှာ အကျိုးသက်ရောက်မှုက ကွာခြား တတ်တယ် မဟုတ်လား။
ကျွန်တော်တို့ရဲ့ အတိတ်တွေကို ပြန်ကြည့်တဲ့အခါမှာ အစွဲကင်းကင်း၊ ဓမ္မဓိဋ္ဌာန်ကျကျနဲ့ အမှန်တရားနဲ့ အနီးကပ်ဆုံး ရှိအောင် ကြည့်သင့်ကြတယ် မဟုတ်လား။ တချို့အတိတ်တွေဟာ ပစ္စုပ္ပန်ရော၊ အနာဂတ်အတွက်ပါ အရိပ်လို တကောက်ကောက်လိုက်နေတတ်တယ် မဟုတ်လား။
အတိတ်က အမှားကို အတိတ်ဆီ ပြန်လှည့်ပြီး ပြင်လို့ မရတော့ပေမယ့် ပစ္စုပ္ပန်မှာတော့ ထပ်မမှား အောင် ဆင်ခြင်ပြင်ဆင်လို့ ရပါတယ်။
ဖြစ်ခဲ့ပြီးတဲ့ မှားယွင်းတဲ့အတိတ်ကို မှန်မှန်ကန်ကန် မြင်ပြီး တာဝန်ယူရဲ၊ ပြင်ဆင်ရဲသူတွေပဲ နိုင်ငံရေး လောကမှာ ထွန်းကားတိုးပွား နေရာယူနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ဌေးသိန်း(နောင်ကျော်)
၂၁-၉-၂၀၁၂
(ကမ္ဘာ့ငြိမ်းချမ်းရေးနေ့)
စာကြွင်း
အဲဒီလို အမှားမျိုးတွေ ကိုမိုးသီးဇွန်ဘက်မှာ ကျူးလွန်ခဲ့တာရှိရင်လည်း တာဝန်ယူဖြေရှင်းသင့်ပါတယ်။ ကျွန်တော် ဒီစာကို ရေးနေချိန်မှာ အာဃာတမပါဘူးဆိုတာ သေချာပါတယ်။ ကိုယ်တိုင်မခံရတာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ မြောက်ပိုင်းရဲဘော်တွေ အောင့်အည်းမျိုသိပ်ထားခဲ့ရတဲ့ နှစ်(၂၀)ကျော်က ဒဏ်ရာကို ပြပြီး ရင်ဖွင့်အော်ငိုနေကြတာပါ။
ရန်သူအားရဖို့ မဟုတ်။ လူစိတ်ရှိသူတွေ ကြားကြဖို့ပါ။ နားမထောင်ချင်ရင် ပါးစပ်ပိတ်နေပေးပါ။ လေကြီးဖင်ကျယ် ပုဒ်ထီးပုဒ်မတွေနဲ့ ဒီပဲယင်းကို ဖွင့်ချပါလားဆိုပြီး လေမထွားပါနဲ့၊ မရှုတ်ချပါနဲ့၊ အပုပ်မချပါနဲ့။
သင်ခန်းစာယူကြရမယ့် သမိုင်းမှာ ကြေးစားတွေ ၀င်မရိုင်းပါနဲ့၊ သူတို့လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်တော် လှန်ရေးဆိုတာ ဟန်းနီးမွန်းမဟုတ်၊ အပန်းဖြေခရီးက ရမ္မက်မီးတောက်အနမ်းမဟုတ်၊ နိုင်ငံရေးဗန်းပြ ပြီး လုပ်စားတာ မဟုတ်။
အဓမ္မသုတ်သင်ရေး လမ်းကြောင်းမှာပဲ  အဓမ္မကျင့်ခံရသူတွေ ရှိခဲ့တယ်ဆိုတာ ရိုးသားစွာ မှတ်တမ်း တင်ပါစို့လား။
ခင်ဗျားတို့သာ အစိုးရနဲ့ ပေါင်းစားသူ၊ အင်ဖော်မာလို့ စွပ်စွဲခံရရင် ဘယ်လိုနေကြမလဲ။ ရိုက်နှက်နှိပ်စက်တာ မပါသေးဘူးနော်။ သိချင်လို့ပါ။
ဌေးသိန်း(နောင်ကျော်)



Add this page to your favorite Social Bookmarking websites

No comments:

Post a Comment