Tuesday, September 25, 2012

သို့ ဖိုးခွားလေး….မှ ဖိုးခွားငယ် (၂)



  • ဖိုးခွားလေးရေ...
    ပါးပါးမင်းကိုပြောဖို့ ပုံပြောလေးတွေကိုဆက်တွေးနေမိခဲ့တယ်။ အရင်အပတ်တုံးကပုံပြင်ထဲမှာ သီချင်းဆို ကောင်းသလို အနှိပ်လဲကောင်းတဲ့ဆိုင်းရာအကြောင်းကိုပြောပြဖို့ ရေးပြီးသွားပြီနော်။ ဒီတပတ်တော့ သူများ အကြောင်းမပါတဲ့ ကိုယ့်အကြောင်းပုံတွေထပ်ရိုက်ချမိတယ်ကွ။ အခုပြောပြမယ့် ဒုတိယပုံပြင်ကို ဖိုခွားကြီး လာတဲ့ အထိမှတ်သားဖို့ စကားတွေပါလာလိမ့်မယ်။ သေသေချာချာမှတ်ဖို့ လိုတယ်နော်။…….ဒီလိုကွ…
    ပါးပါးတို့ ကတောထဲဝင်လာကြကတည်းက တိုင်းပြည်ကိုလက်နက်နဲ့ အုပ်ချုပ်သူလူတစုရဲ့ နိုင်ကျင့်မှုကို ဓားကိုဓားချင်း၊ လှံကိုလှံချင်းပြန်လည်ခုခံတော်လှန်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့  လက်နက်ကိုင်တိုက်ပွဲ ၀င် ဖို့ တောထဲကို ဘယ်သူမှမဲမဆွယ်ပဲရောက်ခဲ့ကြတယ်။ ပါးပါးတို့ တောထဲရောက်နေတဲ့အခါ အရင်နစ် ပေါင်းများစွာကတည်းက ပြည်နယ်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ က ပါးပါးတို့ ကိုစား ရေး၊သောက်ရေး နေရေးထိုင်ရေးတင်မကဘူး ပါးပါးတို့ ရည်မှန်းချက်မြောက်အောင် အခြေ ခံစစ်သင် တန်းကိုပါပေးခဲ့တယ်။
    သင်တန်းတက်ခါစက ပါးပါးတို့ အတွေးသေးသေးလေးတွေနဲ့ ပြောခဲ့ကြတယ်…သေနတ်ကိုင်တိုက်ဖို့ လာခဲ့ တာပါဆိုနေမှ ဘယ်ညာဘယ်ညာလာလုပ်နေရတယ်လို့ ပေါ။ ပါးပါးတို့ ရဲ့ ညဏ်တထွာလောက်ပဲရှိတာကိုး။ အဲ့ဒါအပြင် မဆင်မချင်နဲ့ ကိုယ့်သင်တန်းဆရာတွေကို စာမတ်ပေမတတ်တွေက တို့ ကိုပညာပေးနေတယ် ဆိုပြီးလည်း ပြောတတ်ကြတယ်။ ဒါပေမယ့် ဆရာတွေက ပြုံးပြုံးပဲ။ ပါးပါးတို့ တို့ ကိုဘာမှမတုန့် ပြန်ခဲ့ပါဘူး။ အဲလိုနဲ့ သင်တန်းကို ရှေ့ ကြည့်.သတိ.သက်သာ..အေးစေ ဆိုတဲ့အနေအထားကနေစတင်ပြီး စိတ်မပါတပါ သင်ယူခဲ့ကြရတာပေါ့..ပြီးတော့ဘယ်ညာဘယ်ညာဆိုပြီး ညီညီလည်းလျှောက်ခိုင်းတယ်။ ပါးပါးတို့ ပါးစပ်က တော့ အရင်လိုပဲ တပြစ်တောက်တောက် ပေါက်ကရတွေအပြောမရပ်ကြဘူး။
    ပါးပါးတို့ သင်တန်းတက်တုံးက အဲ့ဒီဒေသရဲ့ အအေးဆုံးအချိန်ဆိုတော့ နှင်းတွေခဲတယ်လေ။ မနက်ဆိုရင် ပီတီထပြေးတဲ့အခါ မြေကြီးထဲကထောင်ထွက်နေတဲ့ ရေခဲမှိုတွေကို ဂျောက်ဂျက်ဂျောက်ဂျက်ဆိုပြီး နင်းချိုး ပြေးလွားကြတယ်။ အဲလို အေးအေးကြီးထဲမှာ မနက်အစောကြီးထပြီးအပြေးလေ့ကျင့်ခန်းလုပ်ရတာ အရမ်း ပင်ပန်းတယ်ကွ..အဲဒီနေရာမျာ ဒုက္ခထဲက ရယ်စရာတခုပြောပြရမယ်..ပါးပါးတို့ သင်တန်းဘားတိုက်ကနေ ပြေးရမယ့်လမ်းကြောင်းပေါ်ကိုအတက်မှာ စခန်းမှူးရုံးကိုဖြတ်တက်ရတယ်လေ။ အဲဒီအခါတိုင်း ပါးပါးတို့ သင်တန်းသားရဲဘော်တွေကစကားတခွန်းနောက်ပြောလေ့ရှိတယ်။အဲဒါက …ကဲ ပြန်ကြပါစို့ ငါသားရယ်. လူနေတဲ့အရပ်လည်းမဟုတ်ပါဘူး..အဖေပဲမင်းကိုဆိုက်ကားနင်းကျွေးပါမယ့်လို့ ပေါ့ကွာ၊
    အဲ့ ဒီလိုပြောတာကလည်းပြောချင်စရာပဲလေ..ရေကလည်းခဲအောင်အေး…ခြေထိပ်လက်ထိပ်တွေကလည်း ခံစားမှုမရှိပဲ Numb ဖြစ်နေကုန်တယ်။ အဲဒီလိုပြောတာကိုမနက်တိုင်း ကြားနေရတဲ့ ကချင်ဗိုလ်မှူး လမိုင် ဘောက်နော်က မင်းတို့ အဲလိုပြောတော့ငါတို့ ဒီမှာနေတဲ့သူတွေက ဘာတွေလဲ၊ လူမဟုတ်ကြတော့ဘူး လားလို့  ကချင်သံဝဲ၀ဲနဲ့ ပြောတော့ ပါးပါးတို့ ကတခစ်ခစ်နဲ့ ကြိတ်ရယ် ခဲ့ကြတာပေါ့၊

    အေးလွန်းလို့ လက်ချောင်းလေးတွေက ခွဲမရအောင်ကပ်နေ တော့ ယူနီဖောင်းကြယ်သီး တောင်တပ် မရဘူး။ ကြယ်သီးစုံအောင်မတတ်တာကို သင်တန်းဆရာတွေ့ ရင် ဒဏ်ပေးခံရတယ်လေ။ အဲဒီအချိန်မှာ ဆေးတွေက ပါးပါးတို့ ကျေးဇူးရှင်..ဆေးလိပ်ကိုပြင်းပြင်းဖွာပြီး လက်ချောင်းလေးတွေ လှုပ်ရှားလို့ ရအောင် အပူပေးပြီး တယောက်တလှည့်ကြယ်သီးတပ်ပေးကြရတယ်။ နုတ်ခမ်းတွေကလည်းကွဲ ပါးတွေက လည်း အက်လာတယ်။ အဲလောက်ထိကိုအေးတယ်ဖိုးခွားရယ်။ ဒါပေ မယ့် ဘယ်လောက်ပဲ အေးခဲအေးခဲ ပါးပါးတို့ ရည်မှန်းချက်အတွက်ဇွဲမလျှော့ခဲ့ပါဘူး။ 
    တဖြေးဖြေးနဲ့ သင်တန်းကကြာလာတော့ ခုနစောစောက ရှေ့ ကြည့်သတိ..ဘယ်ညာဘယ်ညကနေတဆင့် တက်လို့  တန်းညှိ..တန်းထိုင်..တန်းထ..တန်းခွဲ..တန်းကပ်ထိတက်လာပြီပေါ့ကွာ။ သင်တန်းဆရာပေးတဲ့အ မိန့် အတိုင်းတညီတညာတည်း လုပ်တတ်လာခဲ့ကြတယ်။ တခါတခါမှားလုပ်တတ်တယ်။ အဲဒီအခါ တယောက်မှားလုပ်ရင်လည်း တပ်ခွဲတခွဲလုံးအပြစ်ပေးခံရတယ်။ မှားလုပ်တဲ့သူကြောင့်ခံရတဲ့အတွက် သူ့ ကိုအပြစ်တင်စောကြတယ်။ နောက်ပိုင်းမှာ ဒါဟာအဖွဲ့ အစည်းစိတ်ဓာတ်ဆိုတာကိုနားလည်ခဲ့တယ်။ တယောက်မှားရင် တယောက်တည်းနဲ့ မပြီးဘူးကွ။ အဖွဲ့ အစည်းလိုက် ကောင်းခြင်းဆိုးခြင်းဆိုတာကို ခံယူရ တယ်။
    နောက်တခုရှိသေးတယ်..ပါးပါးတို့ မှာ အလုပ်ချိန်ဆိုတာရှိတယ်။ ညနေပိုင်းစစ်ရေးပြသင်တန်းချန်ပြီးရင် အ လုပ်ချိန်ရှိတယ်။ ပါးပါးတို စားဖိုဆောင်အတွက် ထင်းခွေရတယ်။ အဆောက်အဦးတွေအတွက်လိုအပ်တဲ့  ၀ါးတွေတိုင်တွေခုတ်ရသယ်ရတယ်။ချည်နှောင်တုတ်ဖို့ နှီးဖြာကြရတယ်။ အဲ့ဒီမှာပွဲခံတာပဲဖိုးခွားရေ။ ပါးပါးတို့  ကတနယ်ထဲကလာတဲ့သူတွေပေမယ့် ဖြတ်သန်းလာတဲ့ဝန်းကျင်းမတူကြဘူးလေ။ တချို့ က အဲ့ ဒါတွေရင်း နီးတဲ့မိသားစုကလာခဲ့ကြတော့ သူတို့ က ၀ါးခုတ်လည်းမြန်တယ်။ နှီးဖြာလည်းသွက်သလို ထင်းခွေရင်လဲ အေးဆေးပဲ။ ပါးပါးတို့ တော့ ၀ါးတစည်းရအောင်မနည်းခုတ်နေစည်းနေရတဲ့အချိန်မှာ သူတို့ ကဘားတိုက် ကိုပြန်ရောင်နှင့်နေပြီ၊
    ဒီနေရာမှာဖိုးခွားကိုပါးပါလေးလေးနက်နက်ပြောချင်တယ်။ သူများလုပ်တတ်လို့ မြန်တာသွက်တာကိုကြည့် ပြီး ကိုမလုပ်တတ်မကိုင်တတ်တာကို အားငယ်ပြီး မသိမ်ငယ်ဖို့ ပဲ။ ကိုယ်လုပ်ရမှာက သူ့ လိုလုပ်တတ် အောင်ကြိုးစားချင်စိတ်ရှိရတယ်။ ဒါမတတ်လို့ ဘာဖြစ်မှမဖြစ်ဘူးကွာဆိုတဲ့ ပေါ့ဆဆစိတ်ဓာတ်ကိုလည်း ဘယ်တော့မှမတွေးနဲ့ ။ မိမိရည်မှန်းချက်အောင်မြင်ဖို့ ရောက်တဲ့နေရာမှာ လိုက်လျောညီထွေအောင် ကြိုး စား ပြီး ရှင်သန်ဖြတ်သန်းတတ်ဖို့ လိုတယ်ဖိုးခွား။ မင်းကဘယ်ကမို့  ငါကဒီကမို့ လို သိမ်းသေးတဲ့အယူအဆ ဟာ ရည်ရွယ်ချက်နဲ့ ခံယူချက်မပြင်းထန်ပဲ မကြိုးစားချင်စိတ်ရှိသူတွေမှာဖြစ်လေ့ဖြစ်ထရှိတတ်ကြတယ်။ ဖိုးခွား မင်းကြီးလာရင် ပါးပေါးပြောတာကိုသတိရပါ။ မင်းဖြစ်ချင်ရင် မင်းကြိုးစားမှရမယ်။ ထိုင်မငြီးနဲ့  လက်မလျော့ နဲ့ ငါ့သားဖိုးခွား။
    ပါးပါးတို့ သင်တန်းကလည်း လက်နက်မဲ့ အခြေခံကနေ လက်နက်ကိုင်အခြေခံကိုရောက်တော့ ပါးပါးတို့ ဟာ သင်တန်းဆရာတွေပေးတဲ့ အမိန့် တွေထဲမှာ နေသားကျနေပြီပေါ့ကွာ။ သတိဆိုရင် နားရွက်တောင်မ လှုပ်ရဲတော့ဘူး..မျက်စိလည်းစွေမကြည့်တော့ဘူး။ ဘယ်ဆိုရင်ညာမလှည့်တော့ဘူး..ရှေ့ တလှမ်းတက်ဆို ရင်လည်း အတိအကျပဲ။ အမိန့် အောက်မှာတသားတည်းကျနေပြီ။ အရင်က ပါးပါးတို့ မသိခဲ့တဲ့ ဘယ်ညာ ဘယ်ညာလိုအပ်လို့ လားဆိုတာ နောင်အခါမှ အဖွဲ့ အစည်းရဲ့ စည်းမျဉ်းစည်းးကမ်းအောက်မှာ တသွေး တသံ တမိန့် နဲ့ လိုက်နာဆောင်ရွက်တတ်အောင် လေ့ကျင့်ပျိုးထောင်ခဲ့တယ်ဆိုတာသိလာခဲ့တယ်။
    သင်တန်းကွင်းထဲ..ဘားတိုက်ထဲ..တပ်နယ်မြေထဲမှာနေထိုင်ရင်းနဲ့ သင်တန်းဆင်းပြီးသားအရာရှိအရာခံ အကြပ်တပ်သား..ရဲဘော်ရဲမေမခွဲခြားပဲ လေးစားသမှုပြုရတယ်။ သူတို့ ကိုယ့်ရှေ့ ကဖြတ်ရှောက်ရင် ကိုယ် က သတိဆွဲပြီးရပ်နေပေးရတယ်။ ကိုယ်ကထိုင်နေလို့  သူတို့ ဖြတ်သွားရင်လည်း တန်းထိုင်အနေအ ထားနဲ့ သတိဆွဲတယ်။ တန်းထပြီးသတိဆွဲရင်လည်းဆွဲလိုက်တယ်။ အထူးသဖြင့် ကေအိုင်အေကထမင်း ချက် ကျွေးတဲ့ရဲမေလေးတွေကို အဲ့လိုအရိုအသေပေးလေးစားသမှုလုပ်ရတဲ့အခါ ပါးပါးတို့ က ရှက်တတ်ကြ တယ်။ တချို့ ကမိန်းခလေးကိုသတိဆွဲပေးရတာလည်းမခံချင်ဘူးပေါ့ကွာ။စိတ်ရိုင်းလေးတွေ။ 
    အမှန်တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ လုပ်မယ့်ပါးပါးတို့ ကို တာဝန်ယူမှုအပိုင်းအခြား လိုက် လေးစားလိုက်နာ အသိအမှတ်ပြုအောင် အခြေခံသင်တန်းမှာ လေ့ကျင့်ပျိုးထောင်ပေး နေတယ် ဆိုတာ သင်တန်းတဲ့ ရဲဘော်တိုင်းကတော့ သဘောမပေါက်ခဲ့ကြဘူး။ ရဲဘော်ဖြစ်လာတဲ့အခါတချို့ ဆိုပြီဆိုး တယ။် ဒီကောင်ကဘာမို့ လို သတိဆွဲရမှာလည်းတောင် ပြောတတ်ကြတယ်။ ကျောင်းတုံးကစကားနဲ့ ပြော ရ ရင် စာမကြေခဲ့ဘူးလို့ ပဲ ပြောရမယ်ထင်တယ်ဖိုးခွားလေး။
    ပါးပါးတို့ က လက်နက်ကိုင်တိုက်ပွဲဝင်မယ့် လက်နက်ကိုင်တော်လှန်ရေးသမားတွေအဖြစ်ခံယူခဲ့တယ်။ အဲသ လိုခံယူတဲ့အခါ လက်နက်လက်ထဲရောက်လာယုံမရဘူးဖိုးခွားရဲ့ ။ လက်နက်ဆိုတာ တန်ခိုးကြီးတယ်။ ပါဝါရှိ တယ်။ ခေါင်းဆောင်ကြီတယောက်ကပြောတယ်..သေနတ်ပြောင်းဝမှာ အာဏာရှိတယ်တဲ့..အဲ့ဒါသူ့ နေရာနဲ့ သူမှန်တယ်။ လက်နက်ကို မှန်ကန်အောင် ကိုယ်တွယ်သုံးစွဲမှ တလွဲဖြစ်မှုတွေကဝေးမယ်။ အဲ့ဒီလိုပဲ ပါးပါး တို့ ဖွဲ့ စည်းခဲ့တာ့ ကျောင်းသားတပ်မတော်တခုဖြစ်ဖို့ ဆိုတာ လူလက်ထဲလက်နက်ရောက်ယုံမပြီးဘူး။ လူနဲ့ လက်နက်ကို သဟဇတရှိအောင် တလွဲအသုံးမပြုအောင် စည်းကမ်းဆိုတာလိုလာတယ်။ 
    အခြေခံစစ်သင်တန်းမှာ ပါးပါးတို့ ကဒါတွေရအောင် လေ့ကျင့်ပျိုးထောင်ခြင်းခံခဲ့ရတာပဲ။ မှတ်ထား ဖိုးခွား လေး လူ၊လက်နက်နဲ့ စည်းကမ်းသုံးရပ်ပေါင်းမှ တပ်မတော်ဖြစ်တာ။ လူနဲ့ လက်နက် နစ်ခုတည်း ဆိုရင် အဲ့ဒီ အဖွဲ့ ဟာ တပ်မတော်မဟုတ်ဘူး။ ဓားပြအဆင့်ပဲ။ ပါးပါးတို့ က ကျောင်းသားတပ်မတော်ဖြစ်ချင်ခဲ့ တာ။ အဲလို တပ်မတော်သားဖြစ်လာပြီဆိုကတည်းကလည်း မိမိလိုရင်းဖြစ်တဲ့ ရည်းမှန်းချက် ဦးတည်ချက်ကိုမပျောက်အောင်သွားဖို့ လိုတယ်။ ကိုယ်ယုံကြည်ချက်နဲ့  ရပ်တည်ချက်ကိုခိုင်မြဲမှန်ကန်မှ ပန်းတိုင် ဆိုတာရောက်နိုင်မယ်ဖိုးခွား။
    ဒီအပိုင်းရဲ့ နောက်ဆုံးအဖြစ် ရပ်တည်ချက်မှန်ကန်မှုနဲ့ ပတ်သက်ပြီး ဥပမာတခုပေးခဲ့မယ်ကွာ..ငါ့သားမင်း မှတ်ထားတော့။ ပါးပါးကလက်နက်ကိုင်တော်လှန်ရေးစစ်သားဖြစ်ခဲ့တော့ စစ်ထဲကဥပမာပဲပေးမယ်ကွာ။ ပါးပါးတို့ တပ်တွေမှာ လက်နက်ကြီးဆိုတဲ့ အဝေးပစ်လက်နက်တွေသုံးတယ်ကွ။ အဲဒီလက်နက်ကြီးကိုအသုံး ပြုပြီး အဝေးကြီးက..တောင်တွေကျော်ပြီးမမြင်ရတဲ့  ပစ်မှတ်ကိုပစ်ဖို့ ဆိုရင် မိမိလက်ရှိနေတဲ့ရပ်တည် မှတ်ကို တိတိကျကျသိဖို့ မြေပုံထဲမှာအရင်ရှာရတယ်။ပြီးရင် သံလိုက်အိမ်မြောင်နဲ့ ပစ်မှတ်ရှိတဲ့ နေရာကို ရှာပြီး အကွာအဝေးတိုင်းရတယ်။အဲ့ ဒီနောက်တော့ ပစ်လွတ်မယ့်ဗုံးဆံကိုလိုရာအဝေးရောက်အောင် ပို့ ကျည်လို့ ခေါ်တဲ့ ချပ်ယမ်းထည့်..ပြောင်းချိန်တဲ့ ဒီဂရီကိုရေချိန်ကိုက်ပြီးမှ ပစ်လွတ်လိုက်ရတယ်။
    ဒီနေရာမှဖိုးခွားလေးကိုပါးပါးပြောချင်တာရိပ်မိပြီလား။အပေါ်ကလက်နက်ကြီးဗုံးဆန်ကိုထိရောက်အောင်ပစ်ဖို့ ပထမဆုံးအရေးကြီးဆုံးဟာ မိမိရဲ့ ရပ်တည်မှတ်ပဲ။ ရပ်တည်ချက်မှားရင် ပစ်လွတ်တာဟာ အလကားပဲ။ တခါတခါ ကိုယ့်လူကိုယ်ပြန်ပစ်သလိုဖြစ်တတ်တယ်။ ကဲဖိုးခွားရေ..ငါ့သားကြီးရင် ရပ်တည်မှတ်မှန်ကန်စေ။ အသိမှတ်ပြုလေးစားရမယ့်သူ ကို သူတို့ တာဝန်ယူတဲ့တာဝန်ပိုင်းအလိုက် သိမှတ်လေးစားမှုရှိစေကွာ။

    ဖိုးခွားငယ် (၂၅၊ စက်တင်ဘာလ၊ ၂၀၁၂)

    မှတ်ချက်…ကျနော့်အားရင့်ကျက်အောင်စစ်ပညာသင်ပေးခဲ့ကြသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ မှနည်းပြ ဆရာများနှင့် ရဲဘော်ရဲဖက်..လုပ်ဖော်ကိုင်ဖက်အခြေခံစစ်သင်တန်းနည်းပြများအားအမှတ်တရ……
    1Unlike ·  · 
    • You, Kyawnaing Oo and Nweni Tun like this.
    • Nweni Tun ရေခဲအောင်အေးတဲ့ဒေသမှာဒီလိုဇွဲကောင်းကောင်းနဲ့  စစ်သင်တန်းတွေတက်ခဲ့တဲ့  မကဒတ မပ ကရဲဘော်တိုင်းကို အလေးပြုတယ်ဗျို့  .. ဒီစာသားလေးကိုလဲမှတ်သွားတယ်...အပေါ်ကလက်နက်ကြီးဗုံးဆန်ကိုထိရောက်အောင်ပစ်ဖို့ ပထမဆုံးအရေးကြီးဆုံးဟာ မိမိရဲ့ ရပ်တည်မှတ်ပဲ။ ရပ်တည်ချက်မှားရင် ပစ်လွတ်တာဟာ အလကားပဲ။ တခါတခါ ကိုယ့်လူကိုယ်ပြန်ပစ်သလိုဖြစ်တတ်တယ်။ ကဲဖိုးခွားရေ..ငါ့သားကြီးရင် ရပ်တည်မှတ်မှန်ကန်စေ။ ....။

No comments:

Post a Comment