Monday, September 24, 2012

ABSDF- ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၄)



by May Thingyan Hein on Sunday, September 23, 2012 at 9:46am ·
မေသင်္ကြန်ဟိန်(မြစ်မခ)
စက်တင်ဘာ ၂၃၊ ရန်ကုန်မြို့။

အပိုင်း(၇)

ပထမဆုံး သူတို့က အရင်စစ်တယ်။ စစ်တော့ လုံခြုံရေး ယူတာ ကွန်မန်ဒိုက ယူထားတယ်။ ပြီးတော့မှ ကျနော်တို့ကိုပြန်စစ်ခိုင်း။ သူတို့ ထွက်ချက်တွေကို ကျနော်တို့ ယူရတာ..ပြီးတော့ အဲဒီအပိုင်းတွေကို ကျနော် မပြောချင်ဘူး။

အဲဒါတွေကို ကျော်ခဲ့မယ်။ ဘယ်လိုစစ်တာလဲ ဘယ်လို ထွက်ချက်ရအောင် လုပ်သလဲ ဆိုတာတွေကို ကျနော် မပြောချင်တော့ဘူး။ ကျော်ခဲ့မယ်။ အဲဒီအပိုင်းတွေ အားလုံးမှာ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့မှာ ရှင်းစရာရှိနေလို့။

အမှန်တော့ လူတွေက ရှော့ရနေတာ။ နင်းကန်ပြီး ရိုက်ထားတာတွေ စစ်ထားတာတွေ ရှိတော့ လူတွေက ရှော့ရနေကြပြီ။ ကျနော်တို့ ရီပို့ပြန်တင်တော့လည်း ဒါတွေက မဖြစ်နိုင်ပါဘူးဆိုပြီး တင်ခဲ့တယ်။ ကိုရဲတို့လည်း တင်ခဲ့ပါတယ်။ မဖြစ်နိုင်တဲ့ အကြောင်းကိုပါ။

ဒါပေမဲ့ အဲဒီရီပို့တွေကို အပေါ်က မျိုးဝင်းကပြန် ကိုင်ထားပြီးနောက်ပိုင်းကျတော့ စစ်ကြောရေး စစ်နေတဲ့ လူတွေအကုန်လုံးကို ပြန်ဖမ်းလိုက်တယ်။ ပြန်ဖမ်းလိုက်တော့ ကျနော်တို့ ထောင်ထဲ ရောက်သွားတယ်။

ကိုထွန်းအောင်ကျော်တို့ကို မဖမ်းခင်မှာ ကျနော်တို့ကို မပြောဘူးလားဆိုတဲ့ မေးခွန်းရှိတယ်။ ကျနော် ပြောမယ်ဗျာ၊ ပြောခဲ့တယ်။ ကျနော်တို့ကို ဖမ်းပြီးတော့ပြီးတော့ ဆက်တိုက်ပဲ ကိုရဲတို့ ကိုထွန်းအောင်ကျော်တို့ကို ဆက်ဖမ်းတယ်။စိတ်မကောင်းစရာတွေ ပြန်ပြောရရင်တော့ …အဲဒီမှာကို စစ်တာနဲ့ကို သေနေကြပြီ၊ စစ်ကြောရေးခန်းထဲမှာကို သေနေကြပြီ။
စစ်ကြောရေးခန်းထဲမှာတော့  စစ်တာကတော့တော်တော်လေးကိုပက်ပက်စက်စက် စစ်ခဲ့ကြတာပါ။အဲဒါတွေ သိပြီးသားတွေ ဖြစ်မယ်ထင်တယ်။ ကျနော်လည်း ပြန်မပြောချင်တော့ဘူး။

စစ်ကြောရေးစခန်းထဲမှာတင် စစ်ရင်းနဲ့ သေကုန်တဲ့ သူတွေလည်း ရှိတယ်။  အဲလို သေနေကြတော့ ပြီးတဲ့အခါမှာ ဘာသွားဖြစ်သလဲ ဆိုတော့ ကျနော့်ကို ခေါ်ပြောတယ်၊ ကိုကျော်နိုင်ဦးကို ခေါ်ပြောတယ်။ ကိုရဲတို့ကို ခေါ်ပြောတယ်။ ကျနော့်ကို ကိုမျိုးဝင်းခေါ်ပြောတုန်းက ကိုကျော်ကျော်ရှိတယ်။ ကျနော်တို့ propagator တဲလေးထဲမှာ ကျနော့်ကို ခေါ်ပြောတာ။

သူက “ဘိုဘိုတဲ့…မင်းကိုငါ အခွင့်ရေးတခုပေးမယ်တဲ့…အဲဒါဘာလဲဆိုတော့မင်းက ငါနဲ့အတူတူ စစ်ဆင်ရေးထွက်ခဲ့တာ ဆိုတော့ စစ်ဆင်ရေး ထွက်တုန်းက မင်းငါ့ကို ဘာလို့မသတ်တာလဲ…`“ တဲ့…သူက ကျနော့်ကို သေချာကြည့်ပြီးတော့ ပြောတာ။

“မင်းသတ်ပြီး ပြေးရင် ရသားပဲ“ တဲ့..သူက အဲလို ပြောတော့ ကျနော်က “ဟာ ကျနော် မသတ်ပါဘူး ၊ ဘာလို့ သတ်ရမှာလဲ“လို့“ ကျနော်လည်း ဒီကျောင်းသားတပ်ကို စေတနာထားတာ VCS သိသားပဲလို့'' လို့ြ့ပန်ပြောတယ်။

တကယ်လည်းကျနော်က ကျောင်းသားတပ်ထဲမှာတကယ်ပျော်ခဲ့တာ။ ကျနော့်ကို ထောက်လှမ်းရေးအနေနဲ့ စပြီး စွပ်စွဲပြီး ဖမ်းတော့ ထောက်လှမ်းက ဗိုလ်ကြီးလို့ ကျနော့်ကို စပြီး ပြောတာကိုး။ ရယ်တော့ ရယ်စရာအကောင်းသားပဲ၊ ကျနော့်လို ကလေးသာသာအရွယ်ကထောက်လှမ်းရေး ဗိုလ်ကြီးဆိုတော့လေ၊ အဲဒါနဲ့ …“ဟာ…မဟုတ်ဘူး၊မဟုတ်ဘူး…ထောက်လှမ်းရေးက ဗိုလ်ကြီးမဟုတ်ဘူး“လို့ ငြင်းတော့တာပဲ၊ ငြင်းလို့လည်း မရဘူး၊ “ဒါဆို ဗိုလ်…“၊ “ဗိုလ်လည်း မဟုတ်ပါဘူး ဗျာ“ ဆိုတော့ “ဒါဆို…ဒုဗိုလ်…'" တဲ့…ကဲ။

အဲဒီမှာ ကျနော့်ကို နောက်ဆုံးစွပ်စွဲတာ ဒုအရာခံဗိုလ်တဲ့…။ မဟုတ်ပါဘူးဗျာ ပေါ့၊ ကျနော့်စိတ်ထဲမှာလည်း အရာရှိဆိုရင် ပိုနှိပ်စက်ခံရတော့မယ်ဆိုတာသိနေပြီ။ လုံးဝ မရဘူး …ကျနော်လည်း နောက်ဆုံး နာတာနဲ့ ဘယ်လိုမှ မခံစားနိုင်တော့ဘူး… ရာထူးကြီးလေ ပိုခံစားရလေဖြစ်မှာပဲ။  ကျနော်က တပ်သားပဲဖြစ်ချင်တာ၊ တပ်သားဆိုရင် ကျနော့်အတွက်ပိုကောင်းတယ်လို့ ကျနော်တွေးတော့ နောက်ဆုံး ထောက်လှမ်းရေးက တပ်ကြပ်ကြီး ဆိုတာနဲ့ ဈေးတည့်သွားတော့တာပဲဗျာ။

အဲတော့ စစ်နေတဲ့ သူက သက် ၁၅ နှစ်နဲ့ မင်းတပ်ကြပ်ကြီးလုပ်ပြီး တောထဲကို လာတာလားလို့ မေးတော့ ကျနော်လည်း ဆက်အနာမခံနိုင်တော့တာနဲ့ ဟုတ်တယ်…ဟုတ်တယ်ဗျ လို့ ဖြေရတယ်ဗျာ…ဟား ဟား။

ဟား…ဟား…ထားပါတော့နော်… ကျနော်လည်း အသက် ၁၅ နှစ်နဲ့ ထောက်လှမ်းရေးက တပ်ကြပ်ကြီးဖြစ်တယ်။ အဲလိုမှ ကျနော့်ကို အခွင့်အရေးရလို့ ကိုမျိုးဝင်းက ပြောတယ်။ အဲဒီမှာထပ်ပြီးတော့ မင်းခုလို ထောက်လှမ်းရေးဖြစ်နေတာကို မင်းအိမ်က သို့တည်းမဟုတ် မင်းသင်တန်းက အပြင်လူ မသိဘူးဆိုရင် မင်းကို သတ်မယ်၊ သိတယ်ဆိုရင် မသတ်ဘူး ဒါက မင်းကိုငါ နောက်ဆုံးပေးနိုင်တဲ့ အခွင့်အရေးပဲလို့  ကိုမျိုးဝင်းက ပြောတယ်။

“ဘာကြောင့်လဲ ဆိုတော့ ဘာကြောင့် အဲဒီအခွင့်အရေးပေးလဲ ဆိုတော့ မင်းက တပ်အပေါ်မှာ စေတနာထားခဲ့တာ ရှိတယ်၊ပြီးတော့ မင်း စိတ်ထဲမှာ ရောယှက်နေတာ ရှိတယ်တဲ့၊ဘာကြောင့်လဲ ဆိုတော့ မင်းက ထောက်လှမ်းရေး၊ တဖက်မှာမင်းက ကျောင်းသား ဆိုတဲ့ စိတ်ကလေး ရှိနေတယ်။ အဲဒါကြောင့် မင်းကို Chance ပေးတယ်“လို့ ပြောတယ်။

တကယ်လို့ကျနော် ထောက်လှမ်းရေးဖြစ်နေတယ်ဆိုတာကိုကျနော့် အိမ်က မသိဘူး ဆိုရင် မင်းကိုသတ်မယ်တဲ့… သိပါတယ်ဆိုရင်တော့ မင်းကို မသတ်ဘူး …အဲလိုမေးတယ်။ အဲတော့ ကျနော်က သိပါတယ် လို့ ဖြေတယ်။ ဘာကြောင့်လဲ ဆိုတော့…ကျနော်လည်း သေမှာကို ကြောက်တာကိုး။

သေမှာကို ကြောက်လို့ သိတယ်လို့ ကျနော် ပြောခဲ့ရတာလေ။ တကယ်တော့ ကျနော်တို့ကလည်း ထောက်လှမ်းရေး ဘယ်ဖြစ်ချင်ပါ့မလဲ ထောက်လှမ်းရေးလို့မဟုတ်ဘူးလေ။ ကိုယ်က ကျောင်းသားပဲ ဟာကို။

ဒါပေမဲ့ ကိုထွန်းအောင်ကျော်က  ကျနော့်ကို ပြောခဲ့တယ်။ ဘိုဘိုတဲ့ …မင်း ၀န်ခံလိုက်ပါတဲ့။ဘာကြောင့်လဲ အကိုလို့ ကျနော်ကမေးတော့ သူက ပြောတယ်၊ ငါက သေမှာတဲ့။ ငါသေလို့ရှိရင် …ဒီသမိုင်းတွေကို ပြန်ဖော်ဖို့အတွက် အသက်ရှင်ဖို့ လူလိုအပ်တယ်…တဲ့။ အဲတော့…မင်း ၀န်ခံလိုက်ပါတဲ့။

ကျနော်ကလည်း နဂိုကတည်းကမှ ကြောက်တတ်တဲ့ သေရမှာ ကြောက်တယ်ဆိုတော့ ကိုထွန်းအောင်ကျော်က အဲလို ပြောလိုက်တော့ ကျနော့်အတွက်တော့ ပိုအဆင်ပြေသွားတာပေါ့ဗျာ၊ ကျနော် ထောက်လှမ်းရေး ဟုတ်ပါတယ်လို့ ၀န်ခံ လိုက်တယ်ပေါ့။

ထောက်လှမ်းရေးပါလို့ ၀န်ခံလိုက်ကြတာတွေက တကယ့်ကို ထောက်လှမ်းဖြစ်လို့ မဟုတ်ဘူး။အားလုံးက ကျောင်းသားတွေချည်းပဲ၊ ၀န်မခံလို့မရလို့ကို ၀န်ခံကြရတာ။ စစ်ကြောရေးမှာ ထောက်လှမ်းရေးဆိုရင် သေချာ စစ်ဆိုတဲ့ အမိန့်ကလည်း ရှိထားတော့ ဘယ်သူကမှ မညှာကြဘူး။ ညှာရင် သူတို့လည်း ထောက်လှမ်းရေး ဖြစ်မှာကိုကြောက်ကြတော့ သူတို့ ထောက်လှမ်းရေး မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လိုတယ်။

အဲဒီမှာ ကျနော်ပြောချင်တာ တခုတော့ ရှိတယ်၊ ကျနော်တို့ကိုသတ်ခဲ့တဲ့ သူတွေ ရိုက်ခဲ့တဲ့ သူတွေလည်းပါတယ်။ ကျနော်တို့ကို တကယ်ကို ထောက်လှမ်းရေးလို့ ယုံစားပြီး သတ်တဲ့ သူတွေလည်း ရှိတယ်။ ရိုက်ခဲ့တဲ့ သူတွေလည်း ရှိတယ်။

အဲဒီကြားထဲမှာ ရှေ့တန်းပြန်တွေ ပြန်လာပြီလို့ ကြားရင် ကျနော်တို့ တော်တော်လေးကို ပြာတောက်နေပြီ။ အဲဒီ ရှေ့တန်းမှာတယောက်ယောက် ကျခဲ့ရင် အဲဒီဒေါသက ကျနော်တို့ ဆီမှာ လာပေါက်ကွဲတာ။

ကျနော်တို့မှာ ရှေ့တန်းပြန်ရှိတယ်ဟေ့ဆိုရင်…ဘယ်သူတော့ ဘယ်လိုဖြစ်ဦးမယ် မသိသေးဘူး ဆိုပြီး အားလုံး မျက်စိပျက်မျက်နှာပျက်နဲ့ ကြောက်နေကြပြီ။ ဘယ်လောက်ထိ ကျနော်တို့ ဖြစ်သွားကြသလဲ ဆိုရင် ရှေ့တန်းပြန်ရှိတဲ့ နေ့ ဆိုရင် ကျနော်တို့တွေက ကိုယ့်ဟာကိုယ် သွေးထွက်အောင် လုပ်ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ အခု ဒီမှာသွေးထွက်မှ ဟိုမှာ အဲဒီညမှာသွေး ပိုထွက်မယ် အရိုက်ခံရလို့၊ အဲဒါကြောင့် နှီးဖြာရင်းနဲ့ ဓါးရှသွားရင် ကျနော်တို့ ပျော်သွားကြတယ်၊ ဘာလို့ ပျော်သွားလဲ ဆိုတော့ ကျိန်းကျေးသွားတယ်ပေါ့ဗျာ…။ ကိုယ့်ဟာကိုယ်လုပ်တာက  သက်သာမယ်ပေါ့၊ ကျိန်းကျေမယ် ဆိုပြီး ကလေးတွေးနဲ့။

အပိုင်း(၈)

ထောင်ကျတုန်း ကျနော်မှတ်မိတာလေးတွေပြောချင်တယ်။ ဘာလဲ ဆိုတော့ကျနော်တို့ ထောင်ကျနေတဲ့အချိန်မှာ ကျနော်တို့ကို တပ်မှာရှိတဲ့
အဆောင်တွေက ခေါ်ခေါ်ခိုင်းတယ်။ ထင်းခွေတာတို့၊ ထရံယက်ခိုင်းတာတို့ တိုလီမိုလီ ဝေယျာဝစ္စလုပ်ခိုင်းတာတို့ပေါ့။အဲလို လုပ်ခိုင်းတယ်ဆိုတဲ့ သူတွေက ကျနော်တို့ သူငယ်ချင်းတွေပဲ။ သူတို့တွေက ကျနော်တို့ကို ခိုင်းကြတဲ့အခါမှာ ထောက်လှမ်းရေး မို့လို့ဆိုတာနဲ့ ကျောပြီး လုပ်ခိုင်းတဲ့ သူတွေလည်း ရှိသလို၊ အချို့လည်း ကျနော်တို့ကို သူတို့ရထားတဲ့ အခြေအနေလေးတခုကနေ ကူညီချင်လို့ ခေါ်ခိုင်းကြတာလည်း ရှိတယ်။

အဲလိုအလုပ်လုပ်ခိုင်းပြီးအချိုမှုန့်လေး ပေးလိုက်တာ၊ ထမင်းကျွေးလိုက်တာ အဲဒါမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ကို ကူညီချင်တဲ့အတွက်ခေါ် ခိုင်းတာ၊ ဟင်းလေးတွေ ကျွေးတာ ဆေးလိပ်ပေးတာ စသဖြင့်ပေါ့။

နောက် ကျနော်တို့ကို ရိုက်တဲ့ ထဲမှာ တကယ့်ကို ပုဂ္ဂိုလ်ရေး အငြိုးတွေနဲ့ ရိုက်တာမျိုးတွေလည်း ရှိတယ်။ ကျနော်တို့ဆိုရင် ၀ါဒဖြန့်ချီရေး section ဆိုတော့ ပြဇာတ်တွေ ဘာတွေကရတာ ရှိတယ်။အခန်းလေးတွေက နောက်မှာ ကျဉ်းကျဉ်းလေးလေ၊ထားပါတော့ မငယ်တို့၊သင်းသင်းတို့ကြတော့ ကျနော်တို့နဲ့က မောင်နှမလိုဖြစ်နေတော့ပြဇာတ်အတွက် အ၀တ်အစားလဲရတာ ရှိတယ်၊ ရှိတော့လိုက်ကာလေးချပြီးနောက်မှာ အ၀တ်လဲတာမျိုး ရှိတယ်၊ ကျနော်တို့ကတော့ အမ…မပြီးသေးဘူးလား…ဆိုပြီး မောင်းရတာမျိုးလည်း ရှိတယ်။

ကျနော်ကတော့ ဒါကိုယ့်အမတွေပဲလို့ သဘောထားတော့ …သူတို့တွေကို ကိုယ့်အမတွေလိုပဲ ခံစားပြီး ဆက်ဆံပြောဆိုတယ်၊ဒါပေမဲ့ ရှေ့တန်းပြန်တာရှိတဲ့အခါကျတော့ သူတို့က ဇာတ်နောက်ထိ ရောက်လာတယ်၊ ကျနော်တို့က သူတို့ကို တားရတာမျိုးတွေလည်း ရှိတယ်၊ တချို့က မူးနေတာတွလည်း ရှိတော့အဲလိုမျိုး ပြောမရတဲ့အခါမျိုးမှာ ကျနော်ကတော့ MP ခေါ်ပြီးတော့ MPသူတို့ ၀င်နေတယ် ဘယ်လိုလဲဆိုတော့ MPက အဲဒီမှာ ခေါ်ပြီး အချုပ်ခန်းထဲ ထည့်လိုက်တာလည်း ရှိတယ်။ အဲလို အချုပ်ကျခဲ့တဲ့သူတွေကလည်း အငြိုးနဲ့လာရိုက်တာမျိုးလည်း ရှိတယ်။

“မင်း ဘာတတ်နိုင်သေးလဲ…အခုတော့ ..သေစမ်းကွာ“ ဆိုပြီး လာရိုက်တာမျိုးတွေလည်း ရှိတယ်။ ဟား ဟား အဲဒီလို အငြိုးနဲ့ရိုက်ကြတာလည်း မနည်းဘူး။ ပြီးတော့ အချို့ကျတော့လည်း သူတို့က ထောက်လှမ်းရေး မဟုတ်ပါဘူးဆိုတာကို ပြချင်လို့  ကျနော်တို့ကို ပိုပြီး နှိပ်စက်ပြတာလည်း ရှိတယ်။

ကျနော်တို့ ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းထားတဲ့ သူတွေကို ညှာတာထောက်ထားနေရင် သူတို့လည်း အလိုလို ထောက်လှမ်းရေးပါလို့ စွပ်စွဲခံရမှာ ကြောက်လို့ ပိုပြီး တော့ ထောက်လှမ်းရေး မဟုတ်ဘူး။ ထောက်လှမ်းရေးကို မုန်းတယ်ဆိုပြီးတော့ ရိုက်ပြတာလည်း ရှိတယ်။ ဆိုလိုချင်တာက ရိုက်ပုံ ရိုက်နည်းပဲ ကွဲတယ်။ ရိုက်တာတော့ ရိုက်ကြတာပဲ ။ ခံရတာ ကျနော်တို့အားလုံး ခံရတာ။

  ၁၂ . ၂ . ၁၉၉၂  မှာ ကိုထွန်းအောင်ကျော် အပါအ၀င် ၁၅ ဦးကို သတ်လိုက်ကြတယ်။ ခေါင်းဖြတ်ပြီး သတ်တာပါ၊သတ်ပုံသတ်နည်းကတော့ ကျနော်လည်း မပြောချင်တော့ဘူး။
၁၉.၂.၁၉၉၂ ခုရက်နေ့ ညမှာ ကျနော်၊ ကိုညီ၊ မငယ်(နန်းအောင်ထွေးကြည်)၊ ကိုကျော်နိုင်ဦး၊ ကိုရဲလင်း၊ ကိုဝဏ …စတဲ့  ၇ ယောက်ကို ကိုမျိုးဝင်းက ခေါ်လိုက်တယ်။ ခေါ်ပြီး သူ့ရဲ့ တဲမှာ စကားပြောတယ်။

“မင်းတို့ကို ပြောထားတာက မင်းတို့ ထောက်လှမ်းရေး ဖြစ်နေတဲ့ ဖြစ်စဉ်ကို အိမ်ကသိတယ်လို့ ပြောတယ်၊ အဲတော့ မင်းတို့ မိဘကို စာရေးပါ၊ ဒီကို လာခဲ့ဖို့ စာရေးပါ“ အဲလို ပြောတယ်။

ဒီမှာ ကျနော် ဖြတ်ပြီး သတိရတုန်းပြောချင်တာ တခုရှိတယ်၊ ကိုမောင်မောင်ရေးထားတဲ့ ခေတ်သစ် ဟင်္သာကိုးသောင်းစာအုပ်မှာ ရေးထားတယ်။

သူနဲ့ တွေ့စဉ်ကာလမှာ ကျောင်းသားတွေက ပြောတယ်ပေါ့နော်။ ဒီကကျောင်းသားတွေ အစိုးရဆီမှာ အလင်းပြန်မ၀င်ရဲဘူး ဒီမှာပဲ နေနေတယ်ဆိုပြီး ကိုမောင်မောင်က ရေးထားတယ်။ အဲဒါ မဟုတ်ဘူး၊ မှားတယ်။ ဘာကြောင့်မဟုတ်ဘူးလဲဆိုတာက ကျနော်တို့က  ပြေးမယ်ဆိုရင် ပြေးရတယ်။ ကျနော်က တောက်လျှောက် ဗဟိုမှာ နေခဲ့တဲ့ကောင်။ဒါ ကိုယ်ရည်သွေးပြီး ပြောနေတာ မဟုတ်ဘူး။

အသတ်ခံရတဲ့ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကိုယ်က ပြေးရင် ပြေးလို့ရနိုင်ရဲ့သားနဲ့ “ငါ မပြေးချင်တော့ဘူး၊ ငါတို့ဒီအခြေအနေကို ရန်သူ့ဆီမှာသွားပြောရမလားကွာ… ငါ..ဒီမှာပဲ အသေခံလိုက်တော့မယ်“တဲ့.. ဒါ ကိုထွန်းအောင်ကျော် ပြောခဲ့တဲ့ စကားကို ပြောပြတာ။ ဒါ သူ ကျနော့်ကို ပြောခဲ့တာပေါ့နော်။

နောက် ကျနော် ထွက်မပြေးတဲ့ အချက်ရှိသေးတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဗျူဟာ ၂ မှာက ဒီဟာက နံရံပေါ့။ အဲဒါ သက်ထွန်းလား မသိဘူး၊ သူ့ဘေးက ဦးအောင်ကိုး၊ဒီဘက်ဘေးက လူတွေပေါ့လေ၊ အဲဒီမှာ အစွန်ဆုံးတယောက်က ထွက်ပြေးသွားတာ။ အဲလို ထွက်ပြေးသွားတော့ ကိုဘဂျမ်းက သူ့ဘေးနားကလူ ဦးအောင်ကိုးကို မင်းဘေးနားက လူထွက်ပြေးသွားတာ မင်းသိလားလို့မေးတယ်။ မသိဘူး ဆိုတော့ တခါတည်း ပစ်ချလိုက်တာ။ အဲတော့ ကျနော် ထွက်ပြေးသွားရင် ကျနော့်ဘေး နှစ်ဘက်က လူတွေ အသတ်ခံရမှာ။ အဲဒါကို ကျနော့် သူငယ်ချင်း နှစ်ယောက်ကို ကျနော် ပြန်ပြီးတော့ သတ်ခဲ့ရသလို ဖြစ်သွားမှာ။

နောက်တခုက ကျနော်တို့ စိတ်ထဲမှာ AB ဆိုတာ ရှိတယ်၊ ကျောင်းသား တပ်မတော် ဆိုတာ ရှိတယ်။ သူတို့ ကျနော်တို့ကို ဘယ်လောက် စွပ်စွဲပြီး နှိပ်စက် နှိပ်စက်တာက တပိုင်း ကျနော်တို့ စိတ်ထဲမှာ ကျောင်းသားဆိုတာ ရှိတယ်။ တော်လှန်ရေးရှိတယ်။ အဲဒါ ကျနော်တို့ စိတ်ထဲမှာအရမ်း စွဲစွဲမြဲမြဲ ရှိတယ်။

တကယ်ကို စွဲစွဲမြဲမြဲ ရှိခဲ့ပါတယ်။ ခုချိန်ထိလည်း စိတ်ထဲမှာ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ မပြေးခဲ့ကြတာ၊ သူပြောသလို မပြေးတာ မဟုတ်ဘူး။  အဲလို သွားနေရင်းနဲ့ ကျနော်တို့ အရမ်းမျှော်လင့်ထားတာ။

အဲဒီအချိန်မှာ ကျနော်တို့ကို ကယ်တင်မဲ့ ကယ်တင်ရှင်အနေနဲ့ မျှော်လင့်ထားတာ ဒေါက်တာ နိုင်အောင်ကိုပဲ။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)
Unlike ·  · Share
  • Waimar Nyunt အမက ကောင်းခန်းမှာ ရပ်ထားတယ် :)
  • Yin Aye Yin ပြောစရာ စကားမထွက်နိုင်တော့ ဘူး။စစ်အစိုးရထက် ပိုပြီးရက်စက်နိုင်ကြတယ်။
  • Myo Aung Khaing ရှယ်သွားပါတယ်။ တင်ပေးတဲ့အတွက် ကျေးဇူးပါ။
  • Shwe Zin Mon Aung "ဒါပေမဲ့ ကိုထွန်းအောင်ကျော်က ကျနော့်ကို ပြောခဲ့တယ်။ ဘိုဘိုတဲ့ …မင်း ၀န်ခံလိုက်ပါတဲ့။ဘာကြောင့်လဲ အကိုလို့ ကျနော်ကမေးတော့ သူက ပြောတယ်၊ ငါက သေမှာတဲ့။ ငါသေလို့ရှိရင် …ဒီသမိုင်းတွေကို ပြန်ဖော်ဖို့အတွက် အသက်ရှင်ဖို့ လူလိုအပ်တယ်…တဲ့။ အဲတော့…မင်း ၀န်ခံလိုက်ပါတဲ့။ .. .........................အသတ်ခံရတဲ့ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကိုယ်က ပြေးရင် ပြေးလို့ရနိုင်ရဲ့သားနဲ့ “ငါ မပြေးချင်တော့ဘူး၊ ငါတို့ဒီအခြေအနေကို ရန်သူ့ဆီမှာသွားပြောရမလားကွာ… ငါ..ဒီမှာပဲ အသေခံလိုက်တော့မယ်“တဲ့.. ဒါ ကိုထွန်းအောင်ကျော် ပြောခဲ့တဲ့ စကားကို ပြောပြတာ။ ဒါ သူ ကျနော့်ကို ပြောခဲ့တာပေါ့နော်။"... I really wish all the responsible criminals could be punished soon which is what they deserve .. loath them all !!
    20 hours ago · Like · 3
  • ကြယ် နီ ဦးဘိုကိုအဲလိုဗျူးတာ စိတချမ်းသာတယ်
  • Zaw Zaw Soe pls let me share n thanks
  • Kophone Naing အသတ်ခံရတဲ့ကိုထွန်းအောင်ကျော် ကိုယ်တိုင်ကိုယ်က ပြေးရင် ပြေးလို့ရနိုင်ရဲ့သားနဲ့ “ငါ မပြေးချင်တော့ဘူး၊ ငါတို့ဒီအခြေအနေကို ရန်သူ့ဆီမှာသွားပြောရမလားကွာ… ငါ..ဒီမှာပဲ အသေခံလိုက်တော့မယ်“တဲ့.. ဒါ ကိုထွန်းအောင်ကျော် ပြောခဲ့တဲ့ စကားကို ပြောပြတာ။ ဒါ သူ ကျနော့်ကို ပြောခဲ့တာပေါ့နော်။
  • Aung Ko ကောင်းခန်းရောက်မှကွာ အမ ရာ မြန်မြန်တင်ပါဗျာ ဖတ်ချင်လှပြီ

No comments:

Post a Comment