Saturday, August 11, 2012

မန္တလေးမြို့နယ်လုံးဆိုင်ရာ သပိတ်တပ်ပေါင်းစုအဖွဲ့ချုပ် သမိုင်း(၄)


by Soe Lynn on Monday, August 6, 2012 at 10:47am ·

မဆလအစိုးရမှ သပိတ်မှောက်အင်အားစုများအကြား ရှုပ်ထွေးမှုများဖြစ်ပေါ်လာစေရန် နိုင်ငံတစ်ဝှမ်းအကျဉ်းထောင် အသီးသီးမှ အကျဉ်းသားများကို လွှတ်ပေးခြင်း၊ တန်ပြန်သပိတ်များ ဖန်တီးခြင်းတို့ ပြုလုပ်လာပါသည်။ တပ်ပေါင်းစုမှ ၈/၈၈-အစည်းဝေးကို ၂၉-၈-၁၉၈၈-နေ့တွင် ခေါ်ယူ၍ မန္တလေးနန်းတွင်းထောင်မှ အကျဉ်းသားများလွှတ်ပေးသည့် ကိစ္စအတွက် အကျဉ်းသားများကူညီစောင့်ရှောက်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ဝန်ထမ်းများ ပင်စင်နှင့်လစာထုတ်ပေးရေး ကိစ္စအတွက်လည်း ညွှန်ကြားလွှာများထုတ်ပြန်ခဲ့သည်။ ၉/၈၈-အစည်းဝေးကို ၃၀-၈-၁၉၈၈-နေ့တွင်ကျင်းပ၍ သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်၏ တံဆိပ်နှင့် တံဆိပ်ပါအမှတ်သားများအကြောင်းကို ရှင်းလင်းထုတ်ပြန်ကြေညာခဲ့သည်။ အထက(၂)အမျိုးသား ကျောင်းတွင် ဖွင့်လှစ်ထားသော ဗကသ(အထက်ဗမာပြည်)၏ ပန်ကြားချက်အရ ကျောင်းသားသမဂ္ဂများအားလုံးသို့  တိုက်တွန်း နှိုးဆော် ခြင်းများ ပြုလုပ်ခဲ့သည်။

၃၁-၈-၁၉၈၈-နေ့တွင် သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်မှ ခွန်းဆင့်သံ စာစောင်ကို စတင်ထုတ်ဝေခဲ့သည်။ တာဝန်ခံအယ်ဒီတာ အဖြစ် ကိုသိန်းသန်းဦး(ရှေ့နေများအသင်း)မှ ဆောင်ရွက်ပြီး၊ တပ်ပေါင်းစုလုံခြုံရေး ကျောင်းသားများမှ ဝိုင်းဝန်းကူညီခဲ့သည်။ မြို့ပြဆိုင်ရာ ဒီမိုကရေးစီ အုပ်ချုပ်ရေးအဖွဲ့နှင့် ဒီမိုကရေစီတရားရုံးများကို အမိန့်ကြော်ငြာစာများထုတ်ပြန် ဆောင်ရွက်ခဲ့သည်။ မြို့ပြဆိုင်ရာ ဒီမိုကရေစီအုပ်ချုပ်ရေးအဖွဲ့တွင် အောက်ပါပုဂ္ဂိုလ်များကို ပါဝင်ဖွဲ့စည်းစေခဲ့သည်။

(က) သံဃာ့စစ်ကြောင်းကြီးများမှ ကိုယ်စားလှယ်ငါးပါး။

(ခ) မြို့မိမြို့ဖ လူထုကိုယ်စားလှယ်သုံးဦး။

(ဂ) ရှေ့နေတစ်ဦး

(ဃ) ဆရာဝန်တစ်ဦး

(င) ပညာရေးဝန်ထမ်းနှစ်ဦး

(စ) ကုန်သည်ပွဲစားတစ်ဦး

(ဆ) ယခင်တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ နယ်ပိုင်၊ မြို့ပိုင်ဟောင်းများမှ နှစ်ဦးပါဝင်ရမည်။ ၄င်းအဖွဲ့တွင် မဆလပါတီဝင်များနှင့် ကောင်စီဝင်များ လုံးဝမပါဝင်စေရ။ ဒီိမိုကရေစီ တရားရုံးများကိုလည်း နယ်မြေအလိုက် သတ်မှတ်ဖွင့်လှစ်ခဲ့သည်။

နယ်မြေ(၁) တည်နေရာ ဓမ္မဗိမာန် (ဦးထွန်းဝေ၊ ဦးလှမင်းသိန်း၊ ဦးမျိုးဆွေ၊ ဦးထွန်းလင်း)

နယ်မြေ(၂) ၃၅လမ်းအလုပ်သမားရိပ်သာ (ဦးတင်အောင်၊ ဦးခင်မောင်ကျော်၊ ဦးမောင်မောင်၊ ဦးခင်မောင်သန်း၊)

နယ်မြေ(၃) သာသနာ၂၅၀၀အဆောက်အဦ(ဦးတင်မောင်၊ ဦးစိန်ဝင်း၊ ဦးမြသိန်း၊ ဦးဝင်းမြင့်အောင်)

နယ်မြေ(၄) ၈၄လမ်းဓမ္မသာလာ (ဦးကျော်ကျော်ဝင်း၊ ဦးလွန်းမောင်၊ ဦးထွန်းအောင်ကျော်၊ ဒေါ်မြင့်မြင့်သိန်း)

အာဏာရှင်အစိုးရသည် ၄င်း၏အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံသုံး အကာကွယ်ပြုနေခဲ့ပါသည်။ ထို့ကြောင့် သပိတ်တပ်ပေါင်းစု အဖွဲ့ကြီးအနေဖြင့် ၈-၉-၁၉၈၈-နေ့တွင် အထွေထွေ သပိတ်ကြီးကို တစ်ခဲနက်ဆင်နွှဲကာ သပိတ်တိုက်စစ်အရှိန်အဟုန်ကို မြှင့်တင်ခဲ့ပါသည်။

၁။ တစ်ပါတီ အာဏာရှင်စနစ်ဖျက်သိမ်းရေး.. ဒို့အရေး ..ဒို့အရေး..

၂။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး … ။

၃။ ယာယီအစိုးရ ဖွဲ့စည်းရေး.. ။

၎။ သပိတ်သပိတ် မှောက်မှောက်..

၅။ အရေးတော်ပုံ အောင်ရမည်ဟူသော အဓိကကျသည့် ကြွေးကြော်သံများနှင့် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါသည်။ တစ်ပါတီ အာဏာရှင်တို့သည် ၄င်းတို့၏ တစ်ပါတီစနစ်ကို ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီ စနစ်အတွက် ရွေးကောက်ပွဲ ပြုလုပ်ပေးပါမည်ဟု ကြေညာလာသည်။ ၄င်းတို့၏ အုပ်ချုပ်မှုအောက်တွင် တရားမျှတမှုလုးံဝမရှိနိုင်သော ရွေးကောက်ပွဲကို ပြုလုပ်ပေးမည် ဆိုခြင်းသည် သဘာဝမကျသော ကြေညာခြင်းမျိုးသာ ဖြစ်ကြောင်း ဒီမိုကရေစီတိုက်ပွဲဝင် ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူအပေါင်းက သဘောပေါက်နားလည်ခဲ့ကြသည်။ ထို့ကြောင့် သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်မှ ၁၃-၉-၁၉၈၈-နေ့တွင် အစည်းအဝေးအမှတ် ၁၂/၈၈ကိုခေါ်ယူ၍ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။

၁။ (က) လက်ရှိအစိုးရ အမြန်ဆုံးဖျက်သိမ်းရေး

(ခ) ယာယီအစိုးရ အမြန်ဆုံးဖွဲ့စည်းပေးရေး

၂။ သပိတ်တပ်ပေါင်းစု၏ ရှေ့လုပ်ငန်းစဉ်အဖြစ် အထက်မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်ညီလာခံကျင်းပရေး ။

၃။ ညီလာခံအတွက် ဆပ်ကော်မတီများ ဖွဲ့စည်း၍ တာဝန်ပေးအပ်ခြင်း

(က) စည်းရုံးရေးအဖွဲ့

(ခ) ဧည့်ခံကြိုဆိုရေးအဖွဲ့

(ဂ) အခမ်းအနားပြင်ဆင်ရေးအဖွဲ့

(ဃ) ဘဏ္ဍာငွေရှာကြံရေးအဖွဲ့

(င) လုံခြုံရေး ဆပ်ကော်မတီ

(စ) ကျန်းမာရေး ဆပ်ကော်မတီ

(ဆ) ပြန်ကြားရေး ဆပ်ကော်မတီ

၎။ ညီလာခံကို မန္တလေးတက္ကသိုလ်ဘွဲ့နှင်းသဘင်အခန်းမတွင် ကျင်းပရန်။ ကျင်းပမည့်ရက်မှာ ၂၆-၉-၁၉၈၈-ဖြစ်သည်။

၅။ ညီလာခံတက်ရောက်ရန်အတွက် တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးကျ ရွေးချယ်စေလွှတ်ရန်။ ကိုယ်စားလှယ်များကို မန္တလေးတက္ကသိုလ်အဆောင်များတွင် တည်းခိုစေရန်။

၆။ နာယကဆရာတော်ကြီးငါးပါး ရွေးချယ်ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ်များကို ကြီးကြပ်လမ်းညွှန်ပေးရန် စသည်တို့ ဖြစ်ပါသည်။

ညီလာခံတက်ရောက်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့ဝင်များကို ခေါ်ယူရန် သပိတ်တပ်ပေါင်းစု အဖွဲ့ချုပ်မှ စည်းရုံးရေး အဖွဲ့ဝင်များကို အထက်မြန်မာပြည်နယ်မြေအသီးသီးသို့ ၁၅-၉-၁၉၈၈-မှစ၍ စေလွှတ်နေဆဲ အချိန် ၁၈-၉-၁၉၈၈-တွင် စစ်တပ်မှ အာဏာသိမ်းခဲ့သည်။

(စကားချပ်= စစ်တပ်မှ အာဏာသိမ်းပြီနောက် သပိတ်တပ်ပေါင်းစုတွင် ပါဝင်သော သံဃာတော်များမှ သံဃာ့သမဂ္ဂီ၊ လူကြီးအများစုက အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီ၊ကျောင်းသားများမှ ဗကသ (အထက်ဗမာပြည်) နှင့် အမျိုးသားနိုင်ငံရေး ကျောင်းသားလူငယ်အဖွဲ့ စသည်ဖြင့် အသီးသီး ဆက်လက်တိုက်ပွဲ ဝင်ခဲ့ကြပါသည်။) တပ်ပေါင်းစုလုံခြုံရေး တာဝန်ယူခဲ့သော ကျောင်းသားများမှာ ကိုဇာနည်အောင်၊ ကိုသိန်းသန်းဦး(ကစ်)၊ ကိုကျော်မြင့်ဦး၊ ကိုမျိုးမြင့်၊ ကိုညီညီအောင်၊ ကိုမင်းလွင်၊ ကိုကိုနိုင်၊ ကိုမောင်မောင်အေး၊ ကိုမျိုးထွန်း၊ ကိုမောင်မောင်လွင်၊ ကိုမိုးကျော်ဦး၊ ကိုမြင့်နိုင်၊ ကိုလှမင်း၊ ကိုစိုးလင်း၊ ကိုဇော်ဝင်းထွဋ်၊ ကိုမင်းမင်းဦးတို့ ဖြစ်ကြပါသည်။

· · Share

No comments:

Post a Comment